❝ မင်္ဂလာရှိတဲ့အချိန် ❞
( တင်မောင်သန်း )
ဟို ... လွန်ခဲ့တဲ့ အနှစ် လေးဆယ်လောက်က အထက်မြန်မာပြည် ရေစကြိုမြို့ မှာ မောင်ဘဂျမ်း ဆိုတဲ့ လူငယ်တစ်ယောက် ရှိသတဲ့ ။ သူ့ အသက်က နှစ်ဆယ်ကျော် ။ ကျောင်းပညာက ဆယ်တန်း ။ ကဗျာ စာ ဝါသနာ ပါတယ် ။ ရေးလည်း ရေးတယ် ။ တခြား မြို့ရွာက ကဗျာဆရာတွေနဲ့လည်း စာချင်း အဆက်အသွယ် ရှိတယ် ။
မောင်ဘဂျမ်း မွေးဖွားကြီးပြင်းခဲ့တာက ကန်မြဲ ဇဂျမ်း ဆိုတဲ့ ရွာကလေး ရယ် ၊ ရေစကြို ဆိုတဲ့ မြို့ကလေး ရယ် ဒါပါပဲ ။ မြင်းခြံ ကို တစ်ခါတစ်ရံ ရောက်ဖူးတယ် ။ မန္တလေး ရွှေရေးဆောင်တိုက်မှာ ကိုရင်ဝတ်နဲ့ နေဖူး တယ် ။ ရန်ကုန် ဆိုတဲ့ မြို့တော်ကြီး ဆိုရင် ရောက်ဖူးဖို့ မပြောပါနဲ့ အနားတောင် သီဖူးခဲ့တာ မဟုတ်ပါဘူး ။
မောင်ဘဂျမ်း ဆယ်တန်း ဖြေပြီး အောင်စာရင်း မထွက်မီမှာ လုပ်အားပေး ဆရာ အဖြစ်နဲ့ ကျောင်းမှာ စာသင်ပေးပါတယ် ။ မှတ်မှတ်ရရ အဲဒီ ရက်က နောက်တစ်နေ့ ( ၇ ) တန်းမှာ သင်ရမယ့် အင်္ဂလိပ်စာ နဲ့ သင်္ချာ အတွက် မောင်ဘဂျမ်း ပြင်ဆင်နေပါတယ် ။ အချိန်က ညဦးပိုင်း ။ ဆရာဦးသောင်းညွန့် က မောင်ဘဂျမ်း ဆီကို ရွာ ကား ချက်ပလက်ခေါင်းတို နဲ့ စာတစ်စောင် လူကြုံ ပါးလိုက်ပါတယ် ။
စာထဲ မှာ ရန်ကုန်တက္ကသိုလ်က မြန်မာစာပါမောက္ခ ဦးဧမောင် ကို မောင်ဘဂျမ်း သွား တွေ့ပါတဲ့ ။ ဆယ်တန်း စာမေးပွဲကြီးမှာ မောင်ဘဂျမ်း ဖြေခဲ့တဲ့ မြန်မာစာ အဖြေလွှာက ကောင်းလွန်းလို့တဲ့ ။
မောင်ဘဂျမ်း သူ့ မျက်စိ သူ မယုံချင်ဘူး ။ မဖြစ်နိုင်လိုက်တာ ။ သူ က သူ ဖြေခဲ့တဲ့ မြန်မာစာ အဖြေလွှာကို အားရ ကျေနပ်ခဲ့တာမှ မဟုတ်ဘဲ ။ သူ မယုံချင်ဘူး ။ ပြီးတော့ အခုလို ပြောတာဟာ သူ ဆယ်တန်း အောင်တယ်ဆိုတဲ့ သဘော မဟုတ်လား ။ အောင်စာရင်းမှ မထွက် သေးတာ ။ အောင်စာရင်း မထွက်သေးခင်မှာ ကြို သိတဲ့ လူဆိုတာ ကြားလည်း မကြားဖူး ။ ရှိလည်း မရှိဖူးဘူးလေ ။
ဒါ့ထက် ပိုပြီး မယုံချင်စရာ ကောင်းတာက ရှိသေးတယ် ။ မြန်မာစာပါမောက္ခ ကို သွား တွေ့ပါလို့ ပြောသွားတဲ့ ပုဂ္ဂိုလ်က ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ရဲ့ ပညာရေးဝန်ကြီး တဲ့ ။ မြန်မာပြည် အထက်ပိုင်း ကို ခရီးလှည့်မယ့် ဝန်ကြီး ကို မြန်မာစာပါမောက္ခ က မှာလိုက်တဲ့အတွက် ရေစကြို ရောက်လာတဲ့ ဝန်ကြီး က ထပ်ဆင့် မှာကြားလိုက်တာပါတဲ့ ။
ဘယ့်နှယ် ဖြစ်နိုင်ပါ့မလဲ ။
ပါမောက္ခကြီး တစ်ယောက် က ချင်းတွင်းမြစ်ကမ်း အညာ တောမြို့လေး တစ်မြို့က ဘယ်လို လူမျိုးမှန်း မသိ တဲ့ ကျောင်းသားလေး တစ်ယောက်ကို အာရုံထဲ ထည့်ထားခဲ့သတဲ့ ။
ဘယ်နှယ် ဖြစ်နိုင်ပါ့မလဲ ။
ပြီးတော့ ပညာရေးဝန်ကြီး လို ပုဂ္ဂိုလ်ကြီးတစ်ဦးက ဆယ်တန်းမျှသော ကျောင်းသားလေး တစ်ယောက် အတွက် ပါမောက္ခ မှာလိုက်တဲ့ အတိုင်း မမေ့မလျော့ စကားလက်ဆင့် ပါးပေး ပါသတဲ့ ။
မဖြစ်နိုင်လိုက်တာနော် ... ။ ဒါပေမဲ့ ဖြစ်ခဲ့ပါတယ် ။
အဲဒီအချိန်က အဲဒီအတိုင်း တကယ် ဖြစ်ခဲ့ပါတယ် ။
အောင်စာရင်းတွေ ထွက်တော့ ဝိုင်ဇက်ဂျီ - ၇၄ ဆိုတဲ့ ခုံနံပါတ် နောက်မှာ မောင်ဘဂျမ်း မြန်မာစာ ဂုဏ်ထူး ထွက်ပါတယ် ။
တကယ် ဖြစ်ခဲ့ပါတယ် ။
မောင်ဘဂျမ်း ရဲ့ အဖြေလွှာကို စစ်တော့ ဂုဏ်ထူး ပေးထိုက်တဲ့ အဖြေလွှာ ဖြစ်လို့ စာစစ်သူ က ဆရာ ဦးဧမောင် ကို တင်ပြသတဲ့ ဦးဧမောင် က စစ်ဆေးပြီး သိပ်ကောင်းလွန်းတယ်လို့ မှတ်ချက် ချသတဲ့လေ ။ ပြီးတော့ အဲဒီ ကျောင်းသားကို သူ တွေ့ချင်တဲ့ အကြောင်းလည်း သူ့ လက်အောက်က ဆရာတွေကို ပြောသတဲ့ ။
ဒါ ... တကယ် ဖြစ်ခဲ့တာပါ ။
သူ့ လက်အောက်က ဆရာတွေကို ပြောသလို သူ့ အထက် အထက်ဆုံး က ပညာရေးဝန်ကြီး ဦးသန်းအောင် ကိုလည်း နယ်လှည့်ကျောင်းသားတွေ စစ်ဆေးတဲ့ အခါ ရေစကြို ရောက်ရင် သူ့ ကို လာတွေ့ဖို့ ခုံအမှတ် ဝိုင်ဇက်ဂျီ - ၇၄ ကျောင်းသားကို ပြောပေးဖို့ ပါမောက္ခ က မှာခဲ့ပါတယ် ။
ဒါ ..... တကယ် ဖြစ်ခဲ့တာပါ ။
ဝန်ကြီး ကလည်း ရေစကြို ရောက်တော့ တာဝန်ရှိသူတွေကို ပြောသတဲ့လေ ။ ဒီလိုနဲ့ မောင်ဘဂျမ်း ဆီ သတင်းစကား ရောက်လာခဲ့တာကိုး ။
ဒါပေမဲ့ ပါမောက္ခ ကို မောင်ဘဂျမ်း သွား မတွေ့ခဲ့ပါဘူး ။ ရေစကြို ကနေ ရန်ကုန် သွားဖို့ ဆိုတာ မောင်ဘဂျမ်း အတွက် လွယ်တာမှ မဟုတ်ပေပဲ ။
သူ ဆယ်တန်း အောင်တယ် ကြားတော့ တောင်သာ ဖဆပလ ဦးထွန်းရှိန် က မောင်ဘဂျမ်း ကို သူ့ရွာမှာ ဆရာ လာလုပ်ဖို့ ကမ်းလှမ်းပါတယ် ။ အဲဒီခေတ်အခါက ခုနှစ်တန်း အောင်ရင်ကို ဆရာ အဖြစ် ခန့်တဲ့ အချိန်ပါ ။ ဆယ်တန်း အောင်တဲ့ ဆရာ ဆိုတာ တော်တော် ရှားတာကလား ။
မောင်ဘဂျမ်း က စာပြဖို့လည်း ဝါသနာပါတယ် ။ တက္ကသိုလ် တက်ဖို့ကလည်း စီးပွားရေး အခြေအနေက မပေးလေတော့ ဆရာ အလုပ်ကို လက်ခံလိုက်တော့တာပေါ့ ။ ဒီလိုနဲ့ တက္ကသိုလ်တွေ ဖွင့်ပါရော ။ ပါမောက္ခဦးဧမောင် ဟာ မောင်ဘဂျမ်း သူ့ ကို လာမတွေ့လို့ နေပစေလို့ သဘော မထားဘဲ ဝိုင်ဇက်ဂျီ - ၇၄ တက္ကသိုလ် တက် မတက် စောင့် ကြည့်ပါတယ် ။ ရောက်မလာဘူး ဆိုတော့ မန္တလေးတက္ကသိုလ် မြန်မာစာ ပါမောက္ခ ကို မောင်ဘဂျမ်း တက္ကသိုလ် တက်နိုင်အောင် တာဝန်ယူ စီစဉ်ပေးဖို့ မှာပါတယ် ။ မြန်မာစာ အတွက် အမြော်အမြင် ရှိရှိ မျိုးဆက်သစ် မွေးတဲ့ သဘောပါ ။ မောင်ဘဂျမ်း ရဲ့ သူငယ်ချင်း တက္ကသိုလ် ရောက်နေတဲ့ ကိုလှမောင် ကို အကျိုးအကြောင်း ပြောပြီး စာရေး ခေါ်ခိုင်း ပါတယ် ။
မောင်ဘဂျမ်း ကသာ မသိတာ မောင်ဘဂျမ်း ကို တက္ကသိုလ် ထဲမှာ သိနေကြပါပြီ ။ အဲဒီအချိန်အခါ မန်းတက္ကသိုလ် မှာ ပြောစမှတ်လေး ဖြစ်သွားတာပေါ့ ။ ‘ ဇ ’ ရှိတဲ့ လူငယ်တစ်ယောက် ကို ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ က အလွတ်မခံဘဲ ဆွဲထုတ် မြေ တောင်မြောက်ခဲ့ကြပုံလေး ကို ကြားရတာကဖြင့် စေတီဖြူဖြူ ရဲ့ ထီးတော် က ညောင်ရွက်ခတ် သံလေးတွေကို နွေဦး မှာ ကြားရသလိုပါပဲ ။ ရင်ထဲမှာ ကြည်နူးလိုက်တာလေ ။ ဆယ်စုနှစ် နှစ်ခု သုံးခုမှာ တစ်ခါသာ ပေါ်တဲ့ ကြည်နူးရပုံမျိုး ..... ။
အဲဒီနေ့က ဧပြီလ ( ၇ ) ရက် ။ ၁၉၉၅ ၊ နံနက်ခင်း ရှစ်နာရီခွဲ လောက် ထင်ပါရဲ့ ။ ဆရာဂျမ်း ကို ကျွန်တော် ငေးကြည့် နေမိတယ် ။ ကဗျာဆရာ ရဲ့ မျက်နှာမှာ miracle တစ်ခု ကျွန်တော် တွေ့နေရတယ် ။
အဲသည်လိုပဲ ကျွန်တော် ခံစားရသလို ပြောချင်တယ် ။ အင်္ဂလိပ်စာလုံးတွေကို မြန်မာစာ ရေးရာမှာ ထည့်သုံးတာ မသင့်ဘူး ဆိုပေမယ့် အဲဒီ တဒင်္ဂ ရင်ထဲ ဝင်လာတဲ့ စာလုံးက အဲဒီ စာလုံးပါပဲ ။ ( miracle ရဲ့ အဓိပ္ပာယ် က အံ့ဖွယ်ထူခြားတဲ့ အဖြစ်အပျက် ။ ဘယ်လောက် အံ့ဖွယ်ကောင်းလဲ ဆိုရင် မဖြစ်နိုင်တာတွေ က ဖြစ်လာလို့ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုမျိုးလို့ တောင် အဓိပ္ပာယ် ရတာမျိုး ။ )
နေရာက လူထုတိုက်မှာပါ ။ အစ်မ မတင်ဝင်း ရဲ့ စားပွဲရှေ့က ကုလားထိုင် နှစ်လုံးမှာ ထိုင်ကြလို့ ။ ကျွန်တော်တို့ နှစ်ယောက် စကားပြောနေကြတာ ။ ကျွန်တော်က ဆရာဂျမ်း ကို ဘယ်လိုလုပ် ' တင်မိုး ’ ဖြစ်လာတာလဲလို့ မေးခဲ့တာကိုး ။ ကဗျာဆရာ ဟာ ဆေးပေါ့လိပ် တစ်ချက် ရှိုက်ဖွာ လိုက်တယ် ။ ဆေးလိပ်ငွေ့ တွေ လွင့်ပါလာတော့ အလင်းပြပြတွေကို တစ်ချက်တစ်ချက် လက်ခနဲ ၊ လက်ခနဲ တွေ့ နေရတယ် ။ ကဗျာဆရာ ဟာ သူ့ မျက်လုံးထဲမှာ ဖန်မီးအိမ်လေးတွေ ချိတ်ထားသလား မသိဘူး ။
ရေစကြို မှာ ကတည်းက ကဗျာ ရေးခဲ့တဲ့ မောင်ဘဂျမ်း ဟာ မန္တလေးတက္ကသိုလ် ရောက်တော့လည်း ကဗျာ ဆက် ရေးပါတယ် ။ ဆယ်တန်း မအောင်မီ ကတည်းက လူထုဂျာနယ် မှာ ကဗျာ ရေးခဲ့တာ ။ ‘ ကန်မြဲ နန်းမြင့်နွယ် ’ ဆိုတဲ့ နာမည် နဲ့ ။ ဒါပေမဲ့ ‘ တင်မိုး ’ ရယ် လို့တော့ ဖြစ်မလာသေးဘူး ။ ရှုမဝ ၊ မြဝတီ ၊ သွေးသောက် မဂ္ဂဇင်းကြီးတွေ ပို့တာ အပယ်ချည်း ခံနေရတဲ့ အချိန် ။
ဒါနဲ့ ၁၉၅၆ မှာ ကဗျာလေးတွေ စုစည်းပြီး စာအုပ်လေး တစ်အုပ် ဖန်တီးပါတယ် ။ အဲဒီစာအုပ်လေး အတွက် အမှာစာကို အဲဒီခေတ် မန္တလေးတက္ကသိုလ် က မြန်မာစာဆရာကြီး တစ်ယောက်ဆီမှာ သွား မေတ္တာရပ်ခံတော့ “ မင်းက ကျောင်းသား ၊ ငါက ဆရာ ၊ မသင့်ဘူး ” တဲ့ ။ ပြီးတော့ “ မင်း ကဗျာတွေက ကဗျာစပ်နည်းလည်း မစုံဘူး ” ဆိုပြီး အမှာ ရေးမပေးပါဘူး ။ ဒါ့အပြင် “ စာအုပ်ကို ဘယ်လောက်နဲ့ ရောင်းမှာလဲ ” မေးတော့ တင်မိုး အမည်ခံ ကျောင်းသား မောင်ဘဂျမ်း က “ တစ်ကျပ်ခွဲ ” လို့် ဖြေပါတယ် ။ ဒီတော့ ဆရာကြီး က “ ငါးမူး လောက် ဆိုလည်း တော်သေးရဲ့ ။ သူငယ်ချင်းတွေက အားနာပြီး ဝယ်ကြဦးမှာ ။ ခု ဈေးနှုန်း ဆိုရင်တော့ မင်း ရောင်းရမှာ မဟုတ်ပေဘူး ” ရယ်လို့ တပည့်အတွက် ပူရှာ ပါသတဲ့ ။
ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာကြီးကို ကျေးဇူးတင်ကြောင်း ပြောဆိုပြီး လူထုတိုက်ကို မောင်ဘဂျမ်း တန်းသွားပါတယ် ။ ကဗျာစာအုပ်လေးရဲ့ ကြော်ငြာကို လူထုသတင်းစာမှာ ထည့်ဖို့ အပ်ထားတာကိုး ။ အဲသည် ကြော်ငြာမှာ တစ်ကျပ်ခွဲလို့ စာအုပ်တန်ဖိုးကို ရေးထားတာ ။ ဆရာကြီး က ငါးမူးဆို တော်သေးရဲ့လို့ ပြော လိုက်တာ မဟုတ်လား ။ မောင်ဘဂျမ်း လည်း လူထုတိုက်ကို သွား ၊ ကြော်ငြာထဲက ကဗျာစာအုပ်ရဲ့ တန်ဖိုးကို အချိန်မီ ပြင်ပစ်လိုက်ပါတယ် ။
“ နှစ်ကျပ် ”
အဲဒီ ကဗျာစာအုပ်လေး ကတော့ ‘ ဖန်မီးအိမ် ’ ပါပဲ ။ ၁၉၅၉ ခုနှစ် အတွက် စာပေဗိမာန်ဆု ( နောင်မှာ .. အမျိုးသားစာပေဆု ) ရပါတယ် ။
ဒီကတည်းက ကဗျာကောင်းကင် မှာ တင်မိုး ထွက်ပြူလာတာပါ ။
အဲသည် ဧပြီ ( ၇ ) ရက် ၊ နေ့ခင်းမှာပဲ ဆရာဂျမ်း နဲ့ ကျွန်တော် မန္တလေးတက္ကသိုလ်ထဲ သွားဖို့ ဆုံကြပြန်ပါတယ် ။ ကျွန်တော်က သုတေသနကိစ္စ တစ်ခု အတွက် ဆရာ ဦးခင်မောင်သန်း ( စိတ်ပညာ ) နဲ့ သွား တွေ့တာ ။ ဆရာဂျမ်း ကတော့ ( သူ့စကားအတိုင်း ဆိုရင် ) ဟိုးတုန်းက ကာလကို လွမ်းချင်တာ ။ ကျွန်တော့် ကိစ္စ ပြီးတော့ ဆရာ့ သူငယ်ချင်းတွေ ရှိနိုင်လောက်တဲ့ မြန်မာစာဌာနကို ကူးကြပါတယ် ။ စာပေသမားတွေဆိုတော့ ပုံစံက ခပ်ကုတ်ကုတ်နဲ့ပါ ။ ပခုံးမှာလည်း ကြံတိုင်းအောင် က လက်ဆောင်ပေးတဲ့ မီးခိုးရောင် လွယ်အိတ်တစ်လုံးစီ လွယ်ကြလို့ ။ ဘယ်လို လုပ်လို့မှ သားနားစရာ မရှိတဲ့ မျက်နှာတွေကလည်း မန္တလေး နေရောင်မှာ အဆီ တပြောင်ပြောင်နဲ့ ။
“ ဆရာ ဦးတင်မြင့် ရှိပါသလား ” လို့ ရုံးခန်းလေး မှာ မေးတော့ အစည်းအဝေး သွား နေတယ်တဲ့ ။ ဘာကိစ္စ ရှိလို့လဲတဲ့ ။ ကိစ္စမရှိပါဘူး ဆိုပြီး ဆရာဂျမ်း က ရှေ့ ၊ ကျွန်တော် က နောက်က ထွက်လာကြပါတယ် ။ ဒါနဲ့ ဆရာတွေ ရှိတတ်တဲ့ အခန်းကျယ်ကြီးထဲ ကုပ်ချောင်းချောင်း နဲ့ ကြည့်ပြန်ပါတယ် ။ ဆရာဂျမ်း ရဲ့ သူငယ်ချင်း တွေကို မတွေ့ပါဘူး ။ ဆရာငယ်တွေ ကသာ စားပွဲ အရှည်ကြီး တစ်လုံးမှာ ထိုင်ပြီး အဖြေလွှာတွေကို စစ်နေကြပါတယ် ။
ဒါနဲ့ ဆရာဂျမ်း က ရှေ့ပြန်ထွက် ၊ ကျွန်တော် က နောက်က လိုက်ပြန်ပေါ့လေ ။ ကျောင်းထိုင်ဘုန်းကြီး နဲ့ ဘုန်းကြီးကျောင်းသားလေး လို ။ ကျွန်တော်တို့ စင်္ကြန်အတိုင်း နည်းနည်း လျှောက်ကြပြန်တယ် ။
မြန်မာစာဌာနက စာသင်ခန်းမကျယ်ကြီးကို အခန်း ကန့်ထားတာပါ ။ အခန်း ကန့်တယ် ဆိုတာ အသေ ကန့် ထားတာမျိုး မဟုတ်ဘဲ စာအုပ်ဗီရိုကြီးတွေ နဲ့ ကန့်ထားတာ ။ အနောက်ဘက်ဆုံး မှာ ပါမောက္ခတွေရဲ့ အခန်း ရှိပါတယ် ။ ပြီးတော့ ဧည့်သည်ထိုင် ဆက်တီ တစ်စုံ ရှိတယ် ။ ပြီးတော့ စားပွဲတွေ ဆက်ထားတဲ့ စားပွဲရှည်ကြီး ။ အဲသည်မှာ ဆရာငယ်တွေ ထိုင်ပြီး စာစစ်နေကြတာ ။ ခန်းမရဲ့နေရာ အများဆုံး အလယ်ဧရိယာမှာ ဆက်တီ နဲ့ အဲဒီ ဆရာငယ်တွေစားပွဲ နေရာ ယူထားတာပေါ့ ။ အရှေ့ဘက်ဆုံး ရောက်သွားပြန်တော့ ဗီရိုတွေနဲ့ ကန့်ထားပြန်တဲ့ အခန်းတစ်ခန်း ဖြစ်သွားပြန်တယ် ။ အဲသည် အခန်းက လ / ထ ကထိက နဲ့ ကထိကတွေရဲ့ အခန်းပါ ။
ဆရာဂျမ်း က အဲဒီ ကထိကတွေရဲ့ အခန်းထဲကို ခေါင်းပြူ ကြည့်လိုက်တယ် ။ “ ဟောတော့ ကိုတင်မိုးကြီး ရယ် ” ဆရာမကြီး တစ်ယောက်ရဲ့ အံ့ဩဝမ်းသာ အသံတစ်သံကို ကြားလိုက်ရတယ် ။ ဆရာမကြီးတွေက ဆရာဂျမ်း ပိန်မသွားဘူး တဲ့ ။ ဆံပင်တွေ နက်သွားတယ်တဲ့ ။ အရင်လိုပဲတဲ့ ။ ကျမ်းမာပုံရတယ်တဲ့ ။ ဆေးလိပ်ကြောင့် တစ်ခါတစ်ရံ ချောင်းတဟွတ်ဟွတ် ဆိုးတာက လွဲပြီး ဆရာဂျမ်း ကျန်းမာပါတယ် ။
“ ကဲ ... ကဲ ... ဟိုမှာ သွား ထိုင်ရအောင် ” ဆိုပြီး ဆရာမကြီးက ဆက်တီခုံ ရှိရာကို လက်ညှိုး ညွန်ပြပါတယ် ။ ဆရာငယ် တစ်ယောက်က ဆရာဂျမ်း ကို တစ်ချက် လှမ်းမော့ကြည့်လိုက်ပြီး စာစစ်တဲ့ အလုပ် ဆက်လုပ်နေတယ် ။ အားလုံးဟာ ဆရာမကြီးတွေရဲ့ သာမန်ဧည့်သည် တစ်ယောက် လာသလိုပဲ ။
ဆရာမကြီး တစ်ယောက်က ဦးဆောင်ပြီး အဲသည် ဆရာငယ်တွေ စာစစ်နေတဲ့ အခန်းကျယ်ကြီးထဲကို ဝင်လိုက်ကြတယ် ။ ဆရာမကြီး နောက်က ဆရာဂျမ်း ၊ ဆရာဂျမ်း နောက်က ကျွန်တော် ... ပြီးတော့ ဆရာ ၊ ဆရာမကြီးတွေ ။ ဆရာငယ်တွေရဲ့ စားပွဲ ထိပ်နား အရောက်မှာ ဆရာမကြီး တစ်ယောက်က ဟောသလို ပြောလိုက်တယ် ။
“ ဒါ ကဗျာဆရာကြီး တင်မိုး ”
ငုံ့နေတဲ့ ဆရာတွေရဲ့ ခေါင်းတွေ ဆတ်ခနဲ မော့လာတယ် ။ ပိတ်နေတဲ့ ပါးစပ်တွေ ပွင့်သွား တယ် ။ “ ဪ ” ဆိုတဲ့ အံ့ဩတဲ့ ၊ လေးစားတဲ့ ၊ အနှစ်နှစ် အလလက ရင်းနှီးပြီး တွေ့ဖူးချင်တဲ့ ပုဂ္ဂိုလ်ကို ရုတ်ခြည်း တွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွားတဲ့ အသံ တိုးညှင်းညှင်းတွေ ကျွန်တော် ကြားလိုက်ရတယ် ။
ပြီးတော့ ဘယ်သူကမှ မခိုင်းစေ ၊ မမှာကြားရပါဘဲ အလိုအလျောက်ပါပဲ ဆရာငယ်တွေဟာ ထိုင်နေရာက မတ်တတ် ရပ်လိုက်ကြတယ် ။ ကဗျာဆရာကြီး တင်မိုး သူတို့ ရှေ့မှာ ဖြတ်လျှောက်နေပြီကိုး ။
ဆရာဂျမ်း က ခေါင်း တညိတ်ညိတ် ၊ အပြုံး နဲ့ ပြန် နှုတ်ဆက်လို့ ၊ ကျွန်တော် ကတော့ ဆရာငယ်တွေရဲ့ ကြိုဆိုပုံကို အံ့အားသင့် ၊ ဝမ်းသာ ၊ ကြည်နူး ။ ဒါ ... ကဗျာဆရာ ။ လူထု ကဗျာဆရာ ။ ရင်ထဲမှာ ရင့်ကျူး လိုက်မိ ။ ခေါင်းတွေ ဆတ်ခနဲမော့ ။ ပါးစပ်တွေ ပွင့် ။ ထိုင်ရာက ထကြ ။ ဒါ ... လူထု ကဗျာဆရာ ဖြစ်တယ် ။
ဆက်တီခုံမှာ ထိုင်ကြတော့ ကျွန်တော်တို့ကို ကော်ဖီတိုက်ပါတယ် ။ ပြီးတော့ ရှေးဟောင်းနှောင်းဖြစ်တွေချည်း သူတို့် ပြောကြတယ် ။ မိတ်ဆွေတွေ အကြောင်း ၊ အဆောက်အအုံတွေ အကြောင်း ၊ သူတို့ခေတ် က ဆရာတွေ အကြောင်း ၊ လက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင်တွေ အကြောင်း ။ ၅ဝ နှောင်းပိုင်း မန်းတက္ကသိုလ် ။
အတော်လေး ကြာတော့ တက္ကသိုလ်ထဲ လှည့်ကြည့်ဦးမယ် ဆိုပြီး ကျွန်တော်တို့ ထလိုက်ကြတယ် ။ ဝင်ခဲ့တဲ့ အတိုင်း ကျွန်တော်တို့ ပြန်ထွက်ကြတယ် ။
ဒီတစ်ခါတော့ ဆရာငယ်တွေ က တစ်ပြိုင်တည်း မရပ်ကြတော့ဘူး ။ ထိပ်ဆုံးမှာ ရှိတဲ့ ဆရာငယ်က သူ့ရှေ့ကို ကဗျာဆရာကြီး ဖြတ်တဲ့အခါ မတ်တတ် ရပ်လိုက်တယ် ။ ကျော် သွားတော့ သူ ပြန်ထိုင်တယ် ။ သူ ထိုင်ချိန်မှာ သူနဲ့ ကပ်လျက် ဆရာငယ်က မတ်တတ်ရပ်နေပြီ ။ ဒီလိုနဲ့ ကဗျာဆရာကြီးတင်မိုး ဖြတ်လျှောက်နေတဲ့ အချိန်တွေမှာ ဆရာ ၊ ဆရာမငယ်တွေက ထလိုက် ထိုင်လိုက်နဲ့ ။ လှိုင်းလုံးကြီး တစ်လုံးဟာ နိမ့်လိုက် မြင့်လိုက် ဖြတ်သွားနေသလိုပဲ ။
အဲသည် လှိုင်းကြီးဟာ ကျွန်တော့် ရင်ထဲမှာ လာရိုက်နေခဲ့တာ အခုထိ ။ ရင်ထဲမှာ အေးလို့ ။ လင်းလို့ ။ ကြည်လို့ ။ ဝင်းလက်လို့ ။
ဒါ့ထက် မင်္ဂလာရှိတဲ့ အချိန် ဘယ်အချိန် ရှိပါဦးမလဲ ။
◾တင်မောင်သန်း
📖 သင့်ဘဝ မဂ္ဂဇင်း
၁၉၉၅ ဩဂုတ်

No comments:
Post a Comment