Monday, September 22, 2025

ကိုပီတိနှင့် ဈေးကွက်သစ်


 

❝ ကိုပီတိနှင့် ဈေးကွက်သစ် ❞ 
           ( ချစ်စရာ )

“ ဟေ့ကောင်ကြီး ”

“ ဟေ့ကောင်ကြီး ၊ ဟေ့ကောင်ကြီး ”  

“ မင်း ဘာကောင်တုံး ”

“ မင်း ဘာကောင်တုံး ၊ မင်း ဘာကောင်တုံး ”

အလို ဘယ့်နှာတွေပါလိမ့် ။ ငါ့အိမ်ထဲမှာ လက်ဝှေ့အထူး စိန်ခေါ်ပွဲများ ကျင်းပနေကြတာလား ။ ကိုပီတိ ခြေလှမ်းတွေ တုံ့သွားတ ယ် ။ မှန်း သေချာနားစွင့်ဦးမှ ။ အိမ်အပြင် တံးခါးဝကနေ အသာ ခေါင်းကလေးငဲ့ ၊ နားရွက်ကလေး ခပ်စွင့်စွင့် လုပ်ထားလိုက်တုန်း ...

“ ပီတိ ဖွတ်ကြား ”

“ ပီတိ ဖွတ်ကြား ၊ ပီတိ ဖွတ်ကြား ”

ဟိုက် နေရင်းထိုင်ရင်း ဂုဏ်ပြုခံလိုက်ရပါကောလားဟ ။ ငါ့ဘာသာ ပွဲ မရှိလို့ သူများ တိုက်တဲ့ လက်ဖက်ရည် လိုက်ပြီး ကပ်သောက်တာ ။ ဒင်းတို့ ပြောစရာလား ။ မရှိမဲ့ရှိမဲ့ ဒေါသတွေ အတင်း ဖျစ်ညှစ်ထုတ်ခါမှ ငွေ့ငွေ့ကလေး သန်းလာတယ် ။ ဝုန်းခနဲ တံးခါးဝကနေ အတွင်းကို ဝင်ရပ်လိုက်တော့ ...

“ ဟဲ့ သောက်ပလုတ်တုတ် ”

“ ဟဲ့ သောက်ပလုတ်တုတ် ၊ သောက်ပလုတ်တုတ် ”

ဟောဗျာ ၊ ဘယ်လိုတုံးဟ ။ ကိုပီတိ အတွေးအထင်တွေ ။ ဟာ ခွေးနှစ်ကောင် ကိုက်နေတဲ့ ကြား ချည်ဆွယ်တာ ပစ်ချလိုက်သလို တစ်စစီ ဖြစ်သွားတယ် ။ ဪ ... ပွဲကြည် ပွဲကြည် အရုပ်တစ်ရုပ်နဲ့ အလုပ်ရှုပ်နေတာကိုး ။

“ အသံမပေး ဘာမပေးနဲ့ တော် ”

“ အသံမပေး .... ဘာ .... ဂီး ..... ကစ် ”

မပွဲကြည် သူ့ရှေ့က ကြက်တူရွေးရုပ်ကို ခလုတ်ပိတ်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ရင်း ...

“ ဒါ ဟောင်ကောင်က လာတဲ့ ကြက်တူရွေးရုပ်တော့ ။ ဟိုဘက်တိုက်က သန်းစိန်မတို့ ဝယ်လာလို့ ခဏငှားပြီး လေ့လာနေတာ ”

“ လေ့လာပြီး နင်က ဘာလုပ်မှာ တုံး ”  

“ ကျုပ်လည်း ဒီလိုဖြစ်အောင် တီထွင်မှာပေါ့တော့ ”

ကြီးကျယ်လိုက်တဲ့ စကားနှယ်ကွာ ။ လူကဖြင့် ဝက်အူတောင် ဘယ်ရစ် ညာရစ် ခွဲမသိဘဲနဲ့ ။ ကိုပီတိ နှစ်နှစ်ကာကာ နားကြားပြင်းကပ်သွားတယ် ။ ပွဲကြည် နင်ဟာ လေးတန်းမအောင်ဘဲ ကျောင်းထွက်ခဲ့ရလို့သာ ။ ခုနှစ်တန်းလောက်များ နေခဲ့ရရင် ဂေါ်ဇီလာလုပ်မယ့် အကောင်မ ။ ခုလည်း ကြည့် ၊ သူများ နိုင်ငံက ကွန်ပျူတာ ဆိုတဲ့ ဥစ္စာတွေ ၊ ဘာဆားကစ် ၊ ညာဆားကစ်တွေနဲ့ တီထွင်လိုက်တဲ့ စက်မှုပစ္စည်း ကလေးကစားစရာ အရုပ်ကို သူ ထုတ်လုပ်ဦးမယ်တဲ့ ။ ထွီ ... နင်က ဆားကစ် ဝေးလို့ ငံပြာရည်ကစ် လောက်တောင် နားလည်ရဲ့လား ။

“ အင်း ... သက္ကရာဇ်သုံးထောင်လောက် ဆိုရင်တော့ အောင်မြင်ကောင်း အောင်မြင်မှာပေါ့လေ ”

မပွဲကြည်မျက်နှာဟာ ညှော်ပြင်းပြင်းမိလိုက်တဲ့ အနာဆိုးလို ရှုံ့တွတွ ညိုပုပ်ပုပ် ဖြစ်လာပြီး ...

“ တော့်လို အကြံတုံး ၊ ဉာဏ်တုံး ဆိုရင်တော့ ဟုတ်မှာပေါ့ ။ တော့်ပွဲ လုပ်ငန်းများ မှီခိုနေရလို့ကတော့ အစာအိမ်တောင် ပင်စင်ပေးရရဲ့ ။ ထွီ ကျုပ် လျှောက်ပြီး ဟိုစပ်ဒီစပ် ရှာနိုင်ဖွေနိုင်လွန်းလို့သာ ။ သူများ လုပ်ငန်း အောင်မြင်အောင် ကူညီပေးမယ် မရှိဘူး ။ ရှုံ့ချဖို့ ၊ ကဲ့ရဲ့ဖို့ပဲ နားလည်တယ် ။ ဘာမှ ကြံဆမယ် ကြိုးစားမယ် မရှိဘူး ”

ပသီပုံပြင်လို အမျှင်တန်းနေမယ့် မပွဲကြည်ရဲ့ စကားကြောကို သိထားပြီးသား ။ ကိုပီတိ အသာလစ်ပြီး စာကြည့်ခန်းထဲ ဝင်အထိုင်လိုက် အပြင်ဘက်က မပွဲကြည်နဲ့ သူ့အရုပ်ရဲ့ အဝေးပစ် လက်နက်အသံကို ကြားလိုက်ရတယ် ။

“ ဉာဏ်တုံးကြီး ”  

“ ဉာဏ်တုံးကြီး ”

••••• ••••• ••••• 

“ သားရေ ၊ လူကလေး ဂဲဂဲရေ ”

“ ကိ ကိ ကစ် ကစ် ကိ ”

“ ဂဲဂဲလေးက အမေကို ချစ်ရဲ့လား ”

“ ကစ်ကိ ကိ ကစ်ကိ ကစ် ကစ် ”

ဘာသာပြန်စာအုပ်ထဲမှာ စိတ်ရောက်နေတဲ့ ကိုပီတိ ၊ နောက်စေ့ကို ဆောင့်အကန်ခံလိုက်ရသလို အာရုံတွေ လွင့်ပါးကုန်တယ် ။ ဒင်းတို့ နှိပ်စက်နေတာ နှစ်ရက်ရှိပြီ ။ တောက် .. ပွဲကြည်ရယ် ၊ နင့်တီထွင်မှုကို ငါ ဘယ်လို မေတ္တာရပ်ခံတား မြစ်ရမလဲဆိုတာ နည်းလမ်းကို ရှာမရတော့ပါဘူး ။

“ သူများ တိုင်းပြည်က အရုပ်နဲ့ စက်ကိရိယာနဲ့ ထွင်ရင် ကျုပ်က ကယ့် သက်ရှိသတ္တဝါနဲ့ လူစကား ပြောတတ်အောင် သင်မယ်တော့ ။ ဈေးရောင်းဈေးဝယ် ၊ ဧည့်ကြိုဧည့်ခေါ် ၊ အို ... ကြက်တူရွေးဆိုတာ ဖော်ရွေလေ လူချစ်လေ ၊ လိုချင် မွေးချင်လေပဲ ။ သူတို့က တစ်ကောင် သုံး ထောင်ဆိုရင် ကျုပ် နှစ်ထောင်နဲ့ ကောင်ရေ များများ ရအောင် ဖြန့်မယ် ။ အမေရိကန် ၊ ဂျပန် ၊ စင်ကာပူ ၊ ဟောင်ကောင်ဆိုတော့ ... ”

ဘုရား ဘုရား ။ အဲဒီတိုင်းပြည်တွေ တင်ပို့နိုင်လောက်အောင် တို့တိုင်းပြည်မှာ ကြက်တူရွေး ရှိပါ့မလား ။ နည်းတဲ့ စီးပွားရေး မဟုတ်ပါပဲလား ။

“ အခု ဒီကောင်လေးကို ဈေးက သုံးဆယ့်ငါးကျပ်နဲ့ ဝယ်လာတာလေ ။ သူ့ကို အကုန် နားလည်အောင် ၊ တတ်အောင် သင်ပေးပြီးရင် ကျန်ကြက်တူရွေးတွေကို သူက သင်တန်းပေးလိမ့်မယ် ။ အဲဒီကျရင် ကျန်တဲ့ ကြက်တူရွေး ပိုင်ရှင်တွေက သူတို့ အကောင်တွေကို ယဉ်ပါးအောင် လာအပ်ကြ ။ ဒါက အိမ်တွင်း စီးပွားရေးလေ ။ ဝိုင်းကျူရှင်တွေလိုပေါ့ ။ တစ်ကောင်ကို အတတ်သင် ဘယ်လောက် နှုန်းပေါ့ ” 

အင်း နင် မအောင်မြင်ခင် ငါ့ငယ်ထိပ်ပေါ် မိုးကြိုးကျတော့မယ် ထင်တယ် ။ ပွဲကြည် ငါ ဘာမှ မပြောချင်တော့ဘူး ။ နင့်သတ္တဝါတွေ စကား မတတ်ခင်မှာ ငါ ဆွံ့အသွားပြီ ပွဲကြည်ရေ ။

ကိုပီတိ အတွေးတွေကို ဖြတ်တယ် ။ ခံစားမှုကို ဘာသာပြန်စာအုပ်ထဲမှာ ပြန်နှစ်မြှုပ်လိုက်တယ် ။ အီဖယ်မျှော်စင်ပေါ် ခရီးအစမှာ အလိုအပ်ဆုံးနဲ့ အချိုမြိန်ဆုံး ဖြစ်ခဲ့ပေမဲ့ အခုလို အိမ်ထောင်သည် ဘဝ သူတင် ကိုယ်တင် ရုန်းကန်နေရတဲ့ အချိန်မှာ ဟောဒီစကားလုံးတွေ ပြောဆိုသုံးနှုန်းဖို့ သတိ မရနိုင်အားကြသလို ပြောမိရင်လည်း မီးဖိုချောင်သုံး ပစ္စည်းတွေလောက် မချိုမြိန်နိုင်တော့မှန်း ကျွန်တော်တို့ နှစ်ယောက်စလုံး ကောင်းကောင်း သဘောပေါက် ထားပြီးလည်း ဖြစ်ကြပါသည် ။ ( ကျွန်တော့် အထင် ပြောရရင်တော့ ) ချစ်ခြင်း ၊ ချိုမြိန်စကား တွေဟာ အိမ်ထောင်သည် ဘဝမှာ ကြိုးကလေးတစ်မျှင်အဖြစ်များ ကူးပြောင်းသွားသလား အောက်မေ့ရပါသည် ။ အကြင်နာ အစရှိသော သမုဒယ အတွယ်အတာ များစွာ ရောစပ်ဖွဲ့ စည်းထားခြင်းကြောင့်လည်း နှစ်ရှည်ကြာ ညောင်းသည့် တိုင်အောင် ဆွေးမြည့်သွားမှာ မဟုတ်သလို အတင်းအဓမ္မ ခုတ်ထစ်ပိုင်းဖြတ်လို့လည်း မရနိုင်ဘူး ဆိုတာတွေ မြင်လာရပါသည် ။ သို့သော် ထိုကြိုးကလေးသည် ပူလောင်ကျွမ်းမြိုက်စေသော မီးနှင့် တွေ့လျှင် ပြတ်တောက်သွားတတ်ကြောင်း သို့တည်းမဟုတ် နှစ်ဦးနှစ်ဖက် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် စိတ်ကုန်ခန်းသွားသည့် အခါ သူ့အလိုလို ပြတ်တောက်သွားတတ်ကြောင်း ၊ ကျွန်တော်တို့ နှစ်ယောက်စလုံး သိထားကြသော်လည်း ထိုအကြောင်းကို ယောင်လို့တောင် မဆွေးနွေးကြပါ ။ ကျွန်တော်တို့ နှစ်ယောက်သည် မကြားဝံ့ ရင်ထိတ်ခုန်စရာစကားများကို ကြားရသည့် အခါမျိုးမှာ ကျွန်တော့် ပါးစပ်က ဖွဟဲ့လွဲပါစေ ၊ ဖယ်ပါစေဟူ၍ အလျင်အမြန် ထွက်သွားတတ် သလို သူ့ပါးစပ်ကလည်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ အစရှိသည် တို့ကို ရွတ်ပါလေတော့သည် ။

ကျွန်တော်တို့ နှစ်ယောက်သည် တစ်နေ့လျှင် အနည်းဆုံး လေးငါးကြိမ်လောက်တော့ စကားများလေ့ ရှိကြပါသည် ။ သူ တစ်ခွန်း ကိုယ် တစ်ခွန်း အချေအတင် ပြောကြရင်းက သူ့ဘက်မှာ ပြောစရာ စကား မရှိတော့သောအခါ ကျွန်တော့်ကို မျက်စောင်းထိုး၍ ပွဲသိမ်းလေ့ရှိပြီး ကျွန်တော့် ဘက်မှာ ခုခံချေပစရာ စကား မရှိခဲ့လျှင်တော့ သူ ရယ်စရာစကား အချို့ဖြင့်သာ ပွဲသိမ်းလိုက်ပါသည် ။ တစ်ခါတစ်ရံ ပြင်းထန်သော စကားစစ်ပွဲမျိုး ရင်ဆိုင်ကြရသည့် အခါ ပွဲပြီးသွားသည်နှင့် နှစ်ဦးစလုံး နှစ်နာရီလောက် စကားမပြောဖြစ်ဘဲ စာအုပ်ဆွဲပြီး တစ်ယောက်တစ်အုပ် ကောက်ဖတ် နေလိုက်ကြခြင်းဖြင့် ရပ်ဆိုင်းသွားတတ်ပါသည် ။ ကျွန်တော်ကတော့ ရပ်ဆိုင်းပြီ ဆိုတာနှင့် ငြိမ်းချမ်းရေး အဆင်သင့်ရှိသော်လည်း သူကတော့ နောက် တစ်ရက်ကျော်ကျော်ထိ သဘောထား တင်းမာနေဆဲ ရှိတတ်သည် ။ ထိုအခါမျိုးမှာ ကျွန်တော်က သူ ပြေလျော့စေခြင်းငှာ ...

“ ဘူထရို့စ်ဂါလီ ကို သိလား ”

ဟု မေးလိုက်သည် ။ ချက်ချင်းပဲ သူကလည်း စိတ်ကောက်စွမ်းအင် မလျော့တလျော့ဖြ င့်...

“ ဒီမှာ ဘာမှ လာမမေးနဲ့  ။ ဘာဂါလီမှ မသိဘူး ”

“ ဒါဆို ချယ်ဂါလီတော့ သိမှာပေါ့ ”

“ အဲဒီ ချယ်ဂါလီတော့ ကိုယ်ပဲသိ ၊ ကိုယ်ပဲသိ ”

တဖြည်းဖြည်းတော့ ဒေါသပြေလျော့သွားပုံရသည် ။ ထိုအချိန်ကို စောင့်ကြည့်နေရသော ကျွန်တော့်အဖို့ ကတော့ မျက်နှာထား နည်းနည်း လျော့သွားတာ ကို မြင်လေ ပြေရာပြေကြောင်း စကားများကို နင်းပြီး ပြောရလေပါပဲ ။ တိမ်တွေ လုံးဝ ကင်းစင်သွားတော့မှ ကျွန်တော့်ပါးစပ်ကို အနားပေးရပါတော့သည် ။ မည်သို့ပင်ဖြစ်စေ အရှုံးအမြတ် မရှိဘဲ နှစ်ဦးနှစ်ဖက် ကျေနပ်ပြီး ကျေနပ် နေခဲ့ကြတာကတော့ ငြင်းစရာအကြောင်း တစ်စုံတစ်ရာ မရှိခဲ့ပါ ။ သူက ကျွန်တော့်မျက်နှာကို အိပ်မက်ထဲမှာ ခဏခဏ မမြင်မက်ဖူးသလို ကျွန်တော့် အိပ်မက်တွေမှာလည်း သူ့ မျက်နှာကို တစ်ခါဖူးမျှ မမက်မမြင်ခဲ့ဖူးပါ ။ သည့်တိုင် ကြိမ်ဖန်များစွာ မြင်မက်နေခဲ့ကြသည့် အလား နားလည်ထားခဲ့ကြပါသည် ။

••••• ••••• ••••• 

ကျွန်တော်နှင့် သူ့ မှာ မတူသောအချက်တွေ အများကြီး ရှိပါသည် ။ ဥပမာ သူက လူတစ်ယောက်ကို အကြောင်းတစ်စုံတစ်ခုကြောင့် အားနာသည် ဆိုပါစို့ ။ ကျွန်တော်က ထိုကိစ္စကို ဒါ အားနာရမယ့် ကိစ္စ မဟုတ်ဘူးဟု မြင်သည် ။ တစ်ဖန် ကျွန်တော် လွှတ်အားနာနေသော ကိစ္စတစ်ခုကို သူက အောင်မယ်လေး ဒါများ အားနာစရာ မဟုတ်တာ အားနာရတယ်လို့ဟု မြင်ချင် မြင်နေတတ်သည်ကအစ တော်တော်များများ မတူကြတာ အမှန်ပင် ။ ကျွန်တော့် အယူအဆများကို ကျွန်တော်က အမြဲ မှန်တယ်ဟု မဆိုလိုသော်လည်း သူ့အယူအဆတချို့က မှန်နေရင်တော့ ပြိုင်မငြင်းတော့ဘဲ လက်ခံလိုက်ပါသည် ။ ဈေးဝယ်သွားလို့ သူက ဟင်းသီးဟင်းရွက်သည်တွေကို ဈေးဆစ်တာ ကျွန်တော် မကြိုက် ။

••••• ••••• ••••• 

မော့ဆက်အေးဂျင့်နဲ့ စီအိုင်အေအေးဂျင့်ကောင်မလေး ဆုံနေကြပြီ ။

“ ဒီမှာ ဆူဇန် ၊ တဲလ်အဗစ်မြို့က ကျုပ်မိသားစုရဲ့ ကြမ္မာဟာ မင်းရဲ့ ခေါင်းညိတ်ခေါင်းခါမှု အပေါ်မှာ မူတည်နေပါပြီကွယ် ”

“ အိုး ... ဒီလောက်တောင်ပဲလား ။ မစ္စတာဂျိုးဇက်စတိန်း ၊ အင်မတန် လျင်တဲ့ မော့ဆက်အေးဂျင့်ကြီးတစ်ယောက်က နှလုံးသားရေးရာနဲ့ ပတ်သက်ရင် ဒီလောက် အလျှော့ပေးလိမ့်မယ်လို့ ကျွန်မ တွက်မထားမိခဲ့တာ အမှားပဲလေ ။ ပင်လယ်ကွေ့ စစ်ပွဲကာလအတွင်းက ဆက်ဒမ်ဟူစိန် ဝှက်ထားတဲ့ ဒံပေါက်နှစ်ထုပ်နဲ့ ကွမ်းယာသုံးယာကို ရှင်ကိုယ်တိုင် သက်စွန့်ဆံဖျား ခိုးယူပေးခဲ့တဲ့ အဖြစ်ကို ပြန်ကြည့်ရင် ... ”

“ ကစ် ... ကိကိ .. ကစ်ကိကိ ”

“ မင်းလည်း ရုရှားဝန်ကြီးရဲ့ အတွင်းခံဘောင်းဘီကို ပင်တဂွန်ပို့ခဲ့တာ ”

“ ကိ ... ကိ ... ကစ်ကိ ”

“ တော် ၊ ရှင်ဟာ ဂျူးပီပီ ဂျူးတို့၏ မာယာနဲ့ လှည့်ဖြား ” 

“ ကိ ... ကိရောက် ... ကစ်ရော... ခွီး ... ကိကိ ”

“ ဆူဇန်ရယ် ၊ မင်းဟာ ကိုယ့်ဘဝအတွက် မရှိမဖြစ် ရှိလည်း ဘာမှ မဖြစ် ”

“ ဖလန်း ၊ ဖမ်း ... ဖမ်းကိ ... ကစ် ... ဝုန်း ”

ဘယ်လိုမှ စာဖတ်လို့ မရတော့ဘူး ။ ထွီ ကြက်တူရွေးစုတ် အမျိုးမျိုး ဒုက္ခပေး ၊ ဟိုက် သွားပဟ ။ ကိုပီတိ နောက်ဘက်မှာ ချိတ်ထားတဲ့ ကြက်တူရွေး လှောင်အိမ်ကို ကြည့်လိုက်တော့ အာစရိ ခေါင်းမရှိတော့ဘူး ။ ခါယမ်းနေတဲ့ လှောင်အိမ်ထဲမှာ ကိုယ်လုံးကလေးက ပုံပုံကလေး လည်ပင်းငုံးတိ ။ စာထဲမှာ အာရုံစိုက်နေတုန်း စားပွဲပေါ်ကနေ ကြောင် တက်ဆွဲ သွားတာနေမှာ ။ အကြောင်းသုံးပါး မရွေးတဲ့ မပွဲကြည် မျက်စောင်းကြီးကို မြင်ယောင်လာရင်း ကျောထဲစိမ့်သလိုလို ဝမ်းထဲက နာသလို ဖြစ်လာတယ် ။ မိုက်မဲလှတဲ့ ကြောင်ရာ ။ ကြက်တူရွေးအစား ပွဲကြည်ရဲ့ ဦးခေါင်းကို ဆွဲသွားပါတော့လားကွာ ။

••••• ••••• ••••• 

“ အမှန်ကတော့ ကြက်တူရွေး  ဆိုတာ မှတ်ဉာဏ် အတော်လေးတဲ့ သတ္တဝါတော် ။ ဒီလိုဖြစ်သွားတာ ခပ်ကောင်းကောင်း ပဲ ။ တစ်နည်းကြံဖို့ ကံကြမ္မာက အခွင့် ပေးတာပေါ့ ”

မလျှော့သေးပါလားဟ ။ ကြက်တူရွေး သေမှုသေခင်းက လွတ်မြောက်လို့ ဝမ်းသာမယ် ကြံကာရှိသေး ။ ဒင်းစကားကြီးက တစ်မျိုး ထွင်လာမယ့်သဘော ။

“ ဘာလဲ ၊ လိပ်နင်ဂျာကို အားကျလို့ လိပ်စူပါမင်းတို့ လိပ်စတီရီယို အဆို ကျော်တို့ ထွင်ဦးမလို့လား ”

မပွဲကြည် မျက်စောင်းထိုးလိုက်ရင်း ...

“ လူတော် ၊ ငှက် ဟာ ပျံရင်း သေသလို လူ လည်း ကြံရင်း သေမှာပဲ ။ နားလည်လား ”

စကားတပြောပြောနဲ့ ဈေးထောင့်လမ်းဆုံကို ရောက်အလာ ပလက်ဖောင်း တစ်နေရာက လူစုစုကို မြင်လိုက်ရတယ် ။ မပွဲကြည်က လက်ကုတ်ပြီး ရှေ့က ခပ်သုတ်သုတ် ထွက်သွားပြီး လူအုပ်နောက်နားမှာ ရပ်နေတယ် ။ ကိုပီတိကတော့ ခေါင်းကုတ်ရင်း ခပ်လေးလေးပဲ လျှောက်သွား ။ အနားရောက်လို့ လှမ်းကြည့်လိုက်တော့ ကြေးလှောင်အိမ်နဲ့ သာလိကာ တစ်ကောင် လူတစ်ယောက်က လက်ဆွဲပြရင်း ...

“ ကျွန်တော်တို့ ဈေးပြိုင်စံနစ်နဲ့ ရောင်းတဲ့ ပစ္စည်းတွေမှာ ဒါနောက်ဆုံး ကျန်တဲ့ ပစ္စည်းပါခင်ဗျာ ။ ကြေးလက်မှုပညာကို ဝေဖန်ပြီး သင့်ရာဈေး ပေးနိုင်ပါတယ် ”

ဘယ်သူမှ မလှုပ်ကြဘူး ။

“ ကျွန်တော်တို့ ကတော့ နှစ်ရာ သတ်မှတ်ပါတယ် ။ ဒါကလည်း ကြေးပိဿာချိန် ဈေးလောက်ပါပဲ ။ ကဲ ... ဘယ်သူက သုံးရာထက် ပိုပေးနိုင်ပါသလဲ ” 

အားလုံး ငြိမ်နေကြတယ် ။ အဲဒီတုန်းမှာ ...

“ လေးရာ ”

မပွဲကြည်ပါလား ။ ဒုက္ခပဲကွာ ။ ဒါကြီးကို ဘာလုပ်ဖို့တုံး ။

“ လေးရာ့ငါးဆယ် ”

အပြိုင်ပေါ်လာပြီ ။ မပွဲကြည် နှာတင်းသွားပြီး လူအုပ်နောက်ဆုံးက မမြင်မကမ်းနဲ့ ခြေဖျားထောက်ပြီး အော်တယ် ။

“ ငါးရာ ”

“ ငါးရာ့ငါးဆယ် ”

အံမာ ဝါသနာတူတွေ ဆုံနေကြတာပါလား ။ ကြိတ်လိုက်ကြစမ်းကွ ။

“ ခြောက်ရာ ၊ အို .. ခြောက်ရာ့ငါးဆယ်တော် ”

ပွဲကြည်နော် အပြိုင်ရှိလို့ကတော့ မလျှော့ရေးချ မလျှော့ဘဲ ။

“ ခုနစ်ရာ့ငါးဆယ် ”

“ ရှစ်ရာ ”

တစ်ဖက်က ငြိမ်သွားပြီ ။ ပွဲကြည် နိုင်သွားပြီ ။ ထုံးစံအတိုင်း ရှစ်ရာ သုံးကြိမ်ခေါ်ပြီး ပွဲကြည်ကို ပစ္စည်းအပ်တယ် ။ ငွေချေတယ် ။ မနိုင့်တနိုင် လှောင်အိမ်ကို ဆွဲပြီး ညွတ်ပဲ့ညွတ်ပဲ့နဲ့ လျှောက်လာရင်း ပွဲကြည်မာနရဲ့ အမှားကို သိလာတယ် ။ နောင်တတွေ ဖောဖောသီသီ ရလာတဲ့ လေသံနဲ့ ...

“ ကျုပ် မှားသွားတယ်တော် ။ မဟုတ်တာ သွားပြိုင်မိတယ် ။ ဟောဒီ လှောင်အိမ်က အရှေ့ပြင်က ကိုမြင့်စိန်ဆီ သွားရောင်းမှ တန်လှ သုံးရာ ပေါ့ ။ သာလိကာက ငါးရာ ဖြစ်နေပြီ ”

ကိုပီတိ ဘာမှ ပြန်မပြောတော့ဘူး ။ ဒင့်ထိုက်ဒင်းကံ ။ ခံစမ်းပစေ ။ မပွဲကြည် တုံ့ခနဲရပ်တယ် ။ လှောင်အိမ်ကိုမ ၊ အတွင်းက ငူတူတူကြီး လုပ်နေတဲ့ သာလိကာကို ကြည့်ပြီး ...

“ ဟဲ့ကောင်ကြီး နင်က ငါးရာတော့် သိရဲ့လား ။ ငေါင်စင်းစင်းနဲ့ နင့် ကြည့်ရတာလည်း တစ်နှစ်လုံး သင်လို့မှ စကားတစ်ခွန်း တတ်မယ့်ပုံ မဟုတ်ဘူး ” 

သာလိကာ ခေါင်းမော့တယ် ။ မျက်လုံး ပုတ်ခတ်ပုတ်ခတ်နဲ့ မပွဲကြည်ကို ကြည့်ပြီး အသံဝါကြီးနဲ့ လှမ်းပြောလိုက်တယ် ။

“ ဟကောင်မရဲ့ ခုန နင်နဲ့ လေလံပြိုင် ဆွဲနေတာ ငါဟဲ့ ။ ဂေါ့ဂေါ့ဂေါ်  ”

▢  ချစ်စရာ
📖ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း
     အမှတ် ၄၈
     အောက်တိုဘာလ ၊ ၁၉၉၃ ခုနှစ်

No comments:

Post a Comment