Friday, September 5, 2025

မဆန်သော ရေ


 

❝ မဆန်သော ရေ ❞ 
   ( မေ - လားရှိုး )

စင်ကာပူမှာ သာတဲ့လ လို့ ဝတ္ထုလား ၊ ဗီဒီယိုလား မမှတ်မိတော့ ။ ဝိုးတဝါး ကြားဖူးသလို ။ ကျွန်မ အတွက်တော့ စင်ကာပူမှာ သာတဲ့ လတွေလောက် ရန်ခုန်စရာ မကောင်းတာ မကြုံခဲ့ဖူး ။ ဒီမှာ သာသည့် လပြည့်ညပေါင်း များစွာကို ကြည်နူးစွာ မခံစားဖူးတာ ဘယ်နှနှစ်ပါလိမ့် ။ ကျွန်မ နေတာ မြေညီထပ်မို့ မွန်းတည့်ချိန် တိုင်အောင် လည်ပင်းပါ လိမ်ကာ ထွက်၍ စောင့်ကြည့်မှ မြင်ရသော ကိုရွှေလမင်းမှာ တိုက်ခေါင်မိုးတို့က ခေါင်းချင်းဆိုင် ခြံရံ ခစား နေတာကို ဘဝင်မြင့်နေသယောင် ။ မအိပ်ဘဲ စောင့်ကြည့်မှ မြင်ရသော လပြည့်ညပေါင်းစွာကို မက်မက်မောမော ငေးကြည့်ရင်း အလွမ်းတွေကို ဖြန့်ကြက်နေခဲ့သည်မှာ ကြာခဲ့ပြီပဲလေ ။ အလွမ်းဒဏ်ရာတွေဟာ အသည်းဖျားကို အပ်မြမြနှင့် ဆွနေသလို ။ မိုးကောင်းကင်ဆီ ပျံတက်သွားလို့ ရလျှင်ဖြင့် သားလေးမျက်နှာကို အပြေးသွားလို့ နမ်းလိုက်ချင်ပါသည် ။ သားအကြောင်းကို စိတ်ရောက်စဉ် ရင်မှာ နင့်ခနဲ ။ သားလေး ။

“ သား လက်မထပ်လို့ မဖြစ်တော့ဘူး မေမေ ” တဲ့ ။ အခုတော့ အတောင်အလက် စုံပါရော့လား ။ မအေ့ ရင်ငွေ့ နှင့် ထွေးအုပ်လို့မှ မဝသေးခင် ဖေးမ ပျံသန်းမည့် တောင်ပံ တစ်စုံ ရရှိသွားခဲ့ပြီ ။ သူမ ရင်ငွေ့သည် တောင်ပံလောက်တော့ အသုံးမဝင်မှာ သေချာ၏ ။ အမှန်ဆို နေကုန် မညှာမတာ ခိုင်းစေထားသော ခန္ဓာကိုယ်လေးကို အနားပေးဖို့ သင့်ပြီ ။ ပင်ပန်းနွမ်းရိနေသော ခန္ဓာကိုယ်ကို မသိကျိုးကျွန် ပြုရင်း အလွမ်းဒဏ်ရာတွေထဲ စီးမျောနေမိဆဲ ။

••••• ••••• •••••

သူမကကော မေမေ့ရင် ခွင်မှာ မပူပင် အေးချမ်းခဲ့တာ နှစ်နှစ်ဆယ်နီးပါးနှင့် မေမေ့ ရင်ငွေ့ မနွေးနိုင် ၊ မလုံလောက် နိုင်တော့ဘူးလား ဦးနှောက် မှတ်မဲ့ အတွေးဝင်ခဲ့စဉ် မောင့် ရင်ခွင်သို့ ပြောင်းရွှေ့ခိုလှုံခဲ့မိသည် ။ မေမေ့ခမျာ နှမြောတသ အလူးအလဲ ။ ငယ်ငယ်ရွယ်ရွယ်နဲ့ရယ်လို့ အပြစ်တင်တာက လွဲလျှင် သမက် ကိုပါ အိမ်ပေါ်ခေါ်တင် သားတစ်ယောက် အမြတ်ရပါတယ်လို့ ထင်မှတ်ရှာခဲ့သော မေမေ ။ သူမ ကံကောင်းခဲ့ပါသည် ။ မချမ်းသာပေမဲ့ မေမေ့အရိပ် ၊ မောင့်အရိပ်တွင် အေးဆေး သက်သာစွာ ဆိုးနွဲ့ဗိုလ်ကျရင်း နေ့ရက်တိုင်းတို့ ရွှေရောင် လွှမ်းခဲ့သလို ။ ကံကြမ္မာ ဆိုတာ သူနှင့် မဆိုင်သည့်အလား အနားပင်မသီခဲ့ ။ သားလေး ရလာတော့ အိမ့်ဆည်းလည်း ။ ကြည်နူးပီတိ တဝေဝေနှင့် မေမေ့မှာ သမီးငယ် လင်ယူ စောလေခြင်းဟု လေသံမျှ မဟတော့ ။ ချမ်းမြေ့လှသော ဘဝလေးမှာ သာယာလွန်းခဲ့ပါသည် ။

ကံကြမ္မာ မျက်နှာသာ မပေး ၊ ရက်ရာဇာ မရွေးဘဲ ရောက်လာသည့် နေ့မှာတော့ မောင်ဟာ အလုပ် တစ်နေရာ အမြင့်ပေါ်မှ ခြေချော်ကျပြီး ရုတ်တရက် နှုတ်မဆက် ထွက်သွားခဲ့စဉ် မတ်တတ်မေ့သွားခဲ့ရသည် ။ ထင်မှတ်မထားသော ထိုးနှက်ချက်သည် တစ်ချက်တည်းပင် ဖြစ်လင့်ကစား အလဲထိုး အနိုင်ယူသွား၏ ။

••••• ••••• •••••

“ သား အဝေးသင်ပဲ တက်ပါ့မယ် အမေရာ ”

သားအသံတို့က အဝေးတစ်နေရာမှ စီးမျောလာ သလို ။ သူ ပြောလိုက်မိရဲ့ လားလို့ သတိမထားမိ သယောင် ။ မျှော်လင့်ချက် ကင်းမဲ့နေသော မျက်ဝန်းတို့မှာ အဝေးကို ငေးလျက် ဘာကိုမှ ကြည့်မနေသလို ။ ဘာ ပြန်ပြောရမှန်း မသိအောင် ရင်မှာ ဆို့နင့် ကြေကွဲနေ၏ ။ သားလေး နောင်တတွေ ရနေပြီလား ။ မေမေ့ဆီ အားကိုးတကြီး ကြည့်မိစဉ် ကျိတ်၍ ရှိုက်ငိုကာ မျက်ရည်သိမ်းနေ၏ ။ သူမကတော့ မျက်ရည်လည်း မသိမ်းနိုင် ၊ ဘယ်လို နှစ်သိမ့်မှုမျိုးနှင့်မှ ရဲရဲတောက် အာမခံချက် မပေးနိုင်ဘဲ ဆို့နင့်ကြေကွဲနေမိသည် ။ သူမ သက်တမ်းတစ်လျှောက်တွင် လောကကြီးနှင့် တစ်ခါဖူးမှ ရင်မဆိုင်ခဲ့ဘူး ။ မောင့်အရိပ် ၊ မေမေ့အရိပ်တွင် ကလေးငယ် တစ်ဦးလို ပူပင်မဲ့ခဲ့သမျှ ယခုမှပဲ အရိပ်မိုး ပေးနိုင်စွမ်းသော အင်အားမရှိခဲ့မှန်းသိရပြီ ။ ကျောင်းဆက်တက်လိုလှသော သားလေးကို ကျောင်းဆက်ထားဖို့မှာ မီးပြင်းပြင်းနှင့်မြှိုက်ထားသလို ရင်မှာကျွမ်းလုပြီ ။

“ ဒီအိမ်လေး ရောင်းပြီး အိမ်ငှား နေကြတာပေါ့ ။ အတိုးလေး ဘာလေးပေး ။ အမေ့လက်သုပ်စုံလေးပဲ ဆက်ရောင်းရင်း ကျောင်းထားကြတာပေါ့ ။ တခြားလည်း ဘာမှ မလုပ်တတ် မကိုင်တတ်ကိုး ”

မေမေ၏ ခပ်တိုးတိုး အသံကြားမှာ မေမေ့ကို ဖက်ရင်း ရှိုက်ငိုမိသည် ။ လောကကြီးကို လှမ်းမျှော်ကြည့်စဉ် အိမ်က အရာရာသည် အစိမ်းသက်သက်နှင့် သူမအား လှောင်ပြောင်နေသယောင် ။ အိမ်ကလေးကိုလည်း မရောင်းရက်ပါ ။ အသက်ကြီးမှ အခြေယိုင် သွားရှာမည့် မေမေ့ကို ဒုက္ခ မပေးရက်တော့ပါ ။ ဖေဖေ ခေါင်းချသွားသော ဒီအိမ်လေးကို ဘယ်လောက် မြတ်နိုးတယ်ဆိုတာ သူမ အသိဆုံး သူမ ရင်ကွဲပက်လက် ဖြစ်နေတာ မကြည့်ရက်လို့သာ ဒီလို ဆုံးဖြတ်ရှာသော မေမေ့မေတ္တာတို့ အနှိုင်းမဲ့ ။

“ သူဖြစ်ချင်တဲ့ အင်ဂျင်နီယာလေး တက်ပါစေအေ ” 

ပင့်သက်လေးလေး စကားသံက သူမ ရင်ကို ဖြတ်စီးသွားခဲ့၏ ။ သူမ နည်းလမ်း တစ်စုံတစ်ရာ ရှာဖွေဖြစ်တော့မည် ။

“ ညည်းလည်း ပညာလေးထိုက်သလောက် တတ်တာပဲအေ ။ ဘာကြောက်စရာ ရှိလဲ ။ ညည်းလိုပဲ ဥဒဟို သွားနေကြတာ ။ ဟိုရောက်ရင် သူ့ဟာသူ ဖြစ်သွားလိမ့်မယ် ”

“ ဒီခေတ်ထဲ ဒီလိုဝင်ငွေ မျိုး ဘာအလုပ်သွားရှာလုပ် မှာလဲ ။ ဒီမှာ နေလို့ကတော့ မရဘူး ။ ငါက စေတနာ ပြောတာပါအေ .. ။ ညည်း သားလေးလည်း ကျောင်းဆက်ထားနိုင်အောင် ”

“ ညည်းအသက်နဲ့လား ရလောက်ပါတယ်အေ ။ မရတော့လဲ ရသလို ကုလားဖန် ထိုးကြတာပေါ့ ။ ပူမနေနဲ့ ငါ လုပ်ပေးမယ် ညည်းက နုနုလေးရယ် ”

ပွဲစားမ၏ နားဝင်အောင် တိုက်တွန်းသံရော ရေငတ်တုန်း တွင်းထဲကျ ဆိုသလို အမေ့အိမ်လေးလည်း ရောင်းစရာမလို ၊ သားလေးလည်း ကျောင်းဆက်တက် အဆင်ပြေလှသည်မို့ ဆုံးဖြတ်ချက် ပိုင်ပိုင် ချလိုက်ရသည် ။ အလွမ်းဒဏ်ရာတွေ ခံစားနိုင်ပါ့မလားနှင့် ဇဝေဇဝါ ။

••••• ••••• ••••• 

စင်ကာပူမြေသည် သူမ ကို နွေးထွေးစွာ မကြိုခဲ့ပါ ။ နားရည်မဝသော ဘာသာစကား ၊ လူမှုဆက်ဆံရေးများ ကြားတွင် အလူးလူးအလိမ့်လိမ့် ။ ဒေါင်းတို့ အလယ် ရောက်သော ကျီးသူငယ်လို အရာရာဟာ အသစ်အဆန်းများ ။ အမြဲတစေ နှိပ်စက်နေသော သိမ်ငယ်စိတ်များ ၊ ကိုယ့်ထက် ပညာတတ်တွေတောင် လုပ်နိုင်သေးတာပဲလို့ မျက်စိစုံမှိတ် အံကြိတ် အားတင်းခဲ့ရသော နေ့စွဲများ ။ အနှိမ်ခံ လူတန်းစားတစ်ရပ် အဖြစ် ရပ်တည်နေရသော သူမလို မိန်းကလေးများ ။ ကိုယ့်မိသားစုတစ်စု အဆင်ပြေရေး တစ်ခုတည်းနှင့် ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုး၏ သိက္ခာ ကိုများ ထိခိုက်စေပြီလား ဟူသော အတွေးမျိုးကလည်း ရင်ကိုနှိပ်စက်အခါခါ ။ ရံဖန်ရံခါ လူမျိုးနှင့် ချီ၍ ထိပါးလာသော စကားလုံးများကို မခံချင်သော မာနများနှင့် အားလုံးကို လက်ဆွဲလို့ ကိုယ့်ဌာနေဆီ ပြန်လာချင်လှသော ဆန္ဒများ ။ အားမတန် မာန်လျှော့၍ မျိုချခဲ့ရသော သက်ပြင်းများ ။ တိတ်တဆိတ် ငိုကြွေးခဲ့ရသော မျက်ရည်များ ။ အားလုံးသော ခံစားမှု၏ အစိတ်အပိုင်းတိုင်းသည် သားလေး အင်ဂျင်နီယာ ဖြစ်တည်လာခြင်းအပေါ် တစ်စစီ တပ်ဆင်ပေးနေသည်လား ။ ယခုတော့ သူမ၏ အလွမ်းများ ၊ နာကျင်မှုများ ၊ ခါးသီးမှုများ ၊ မျိုသိပ်မှုများ ၊ သိမ်ငယ်မှုများ အားလုံးတို့နှင့် ဖြည့်ဆည်းပုံဖော်ရေးဆွဲခဲ့သော ပန်းချီကားလေးသည် ပြီးလုပြီးခင်တွင် ရိုက်ချိုးဖျက်ဆီး ခံခဲ့ရပါရောလား ။

••••• ••••• ••••• 

“ သား လက်မထပ်လို့ မဖြစ်တော့ဘူး မေမေ ”

နားစည်သို့ ဗုံးတစ်လုံး ပေါက်ကွဲသွားသလို အံ့ဩမှင်တက်စွာ ငြိမ်သက်သွားခဲ့ရသည် ။ ပြန်ပြောစရာ စကားလုံးတို့ ရှာမတွေ့ ။ အပြစ်တင် ငြူစူလိုက်ဖို့ကို ဖုန်းထဲမှ စီးမျောလာသော သား၏ အားငယ် ကြေကွဲနေသံလေးကြောင့် ပြောမထွက်ခဲ့ ။

“ နောက်ပြီး ... ”

အတန်ကြာ တိတ်ဆိတ်သွားပြီး သက်ပြင်းချသံသဲ့သဲ့ နှင့်အတူ ...

“ မေမေ ဘာအလုပ်လုပ် နေတယ်ဆိုတာ သား မပြောရသေးဘူး ။ ဘယ်လိုပြောလိုက်ရမလဲ မေမေ ”

သူ လိုချင်တာကို တိုက်ရိုက် တောင်းဆိုရန် မဝံ့ရဲ၍သာ ဒီမေးခွန်းကို မေးခဲ့တာ ဖြစ်ပေမဲ့ တစ်စုံတစ်ရာအတွက် သူ့ဆန္ဒကို သိစေချင်နေကြောင်း သဘောပေါက်မိစဉ် ရင်မှာ ကျင်ခနဲနေအောင် ဆတ်ဆတ်ခါ နာသွားခဲ့ရသည် ။ မျက်ရည်တို့ ဝေ့ခနဲ ၊ အမြင်အာရုံ အားလုံး မှုန်ဝါးဝါးနှင့် လက်ဖဝါးအစုံကို ဖြန့်ကြည့်မိစဉ် မျက်ရည်စက်တို့ ပေါက်ခနဲ ။ အက်ကွဲကြမ်းရှနေသော လက်ဖဝါး ၊ အစွန်းချွတ်ဆေး ပြင်းပြင်းတွေ ၊ တစ်နေကုန် ရေနှင့် ထိတွေ့ရခြင်းတွေကြောင့် လက်သည်းခွံတို့မှာ ရှုံ့တွလျက် ငုတ်စိလေးတွေ ။ ဒီလက်ဖဝါး တစ်စုံဟာ သားတစ်ယောက်ကို အချိန်မတန်သေးခင် လွတ်ထွက် မသွားအောင် မဖမ်းဆုပ်နိုင်တော့ပြီလား ။

“ သားဖြေချင်သလို ဖြေလိုက်ပါ ။ ဒါပေမဲ့ သား တစ်သက်လုံး လက်တွဲသွားရမယ့် သူတစ်ယောက်အပေါ် လိပ်ပြာလုံမယ့် အဖြေမျိုး ဖြစ်ပါစေ ”

သားသည် သူမနှင့် အဝေးဆုံးသို့ လွင့်စဉ်သွားသလို ခံစားလိုက်ရ၏ ။ သူမ အမြတ်တနိုး ထုဆစ်ပုံဖော်ခဲ့သော အမြုတေလေးသည် သင့်တော်ရာ နေရာသို့ တက်လှမ်းသွားခဲ့ပြီ ။ သူမ တွန်းတင်လိုက်သော အမြင့် တစ်နေရာမှာ သူမအတွက် နေရာ မရှိနိုင်တာ စောစောက ဘာ လို့ မရိပ်မိပါလိမ့် ။ အင်ဂျင်နီယာ့ အမေရယ်လို့ ဂုဏ်တက် လိုက်မဟဲ့လို့ အားတင်းရင်း ဖြတ်ကျော်ခဲ့သော နှစ်များစွာသည် ခုတော့ သူမကို အပြီးသတ် အလဲထိုးခဲ့ပြီ ။ မျှော်လင့်ချက် မှန်သားပြင်တို့ တစ်စစီ မွမွကြေ ။

••••• ••••• •••••

ဆန်စေချင်သော စေတနာများနှင့် သူမ စုန်ဆင်းနေမိခဲ့သည်လား ။ မည်သည့်အခါမျှ ဆန်တက်လာလိမ့်မည် မဟုတ်သော ရေအလျဉ်ကို စုန်လာလိမ့်နိုးနိုးနှင့် ပေးဆပ်မိခဲ့၍ ကြေကွဲရခြင်းများလား ။ မဝေခွဲနိုင်တော့ပါ ။

“ သားတို့ သွားတော့မယ်နော် မေမေ ”

သူမ လက်ကို ဆွဲကိုင်ကာ အားပေးသလို ဖျစ်ညှစ်လိုက်သော်လည်း ကိုယ်တွင်းရှိ အင်အားများ ဆွဲယူစုပ်ထုတ်သွားသလို ။ ခွေယိုင်လဲ မကျသွားအောင် အားတင်းရင်း ပြုံးပြလိုက်မိသည် ။ ဒုတိယမ္ပိ စွန့်လွှတ်မှုသည် အလဲမထိုးနိုင်သေးသလို မလှုပ်မယှက် ရပ်နေမိဆဲ ။ မောင်းထွက်သွားသော ကားငယ်လေးသည် မြင်ကွင်းမှ ပျောက်သွားသည်လား ၊ မျက်ရည်တို့ကြောင့် ဝေဝါးသွားသည်လား ။ အားကိုးရာ မဲ့သွားသလို ရင်မှာ လှစ်ဟာသွား၏ ။

“ သမီး ”

တိုးဖွဖွ ခေါ်လိုက်တာ ဖြစ်ပေမဲ့ အားမာန်အပြည့်နှင့် ရင်ထဲမှလာသော အသံ ။ ဒီတစ်ကြိမ် သူမ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သော လက်တစ်စုံကတော့ အားအင်တွေ ပြည့်ဝနေသေးသည့်အဓိပ္ပာယ်နှင့် အကြောများ ပြိုင်းထနေသည့်တိုင် သန်မာဆဲ ။ ခပ်တင်းတင်း ဆုပ်ကိုင်ထားမှုမှ တစ်ဆင့် ၊ ရင်ထဲမှ တစ်ဆင့် သွေးကြောများသို့ စီးဝင်သွားသော အားအင်များ ။

“ အမေ့ သမီးလေးကို အမေ ရှာကြွေးနိုင်ပါသေးတယ် ။ ညည်း သူများနိုင်ငံမှာ ကျွန်သွားခံစရာ မလိုတော့ပါဘူးအေ ”

ဖျတ်ခနဲ နှလုံးသားတို့ ကွဲကြေသွားရင်း ဆန်ရိုးထုံးစံ မရှိသော ရေအလျဉ်တွင် သူမ စီးဝင် မျောပါသွားခဲ့သည် ။

▢ မေ  ၊ လားရှိုး ၊
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၅  ၊ အောက်တိုဘာလ

No comments:

Post a Comment