❝ ပန်းပုဆရာ ❞
( နေရီ )
( ၁ )
အပေါ်စီးမှ လှမ်းကြည့်လျှင် သည်မြို့လေးကို အသေးစား တောအုပ်ငယ်လေး ဟုသာ ထင်ရဖွယ် ရှိသည် ။ မြို့လည်းမကျ ၊ ရွာလည်းမက မြို့လေး ဖြစ်သည် ။ သည်မြို့လေးတွင် နေထိုင်ကြသောလူများ၏ အဓိက အသက်မွေးဝမ်းကျောင်းအလုပ်မှာ “ အနုပညာ ” လုပ်ငန်းသာ ဖြစ်သည် ။ ထိုလုပ်ငန်းကို ယောက်ျား ၊ မိန်းမ ၊ ကလေး စသည်ဖြင့် ဘိုးစဉ် ဘောင်ဆက် လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ကြသည် ။ သည်မြို့တွင် နေထိုင်သူတို့သည် “ အနုပညာ ” အယူသီး ဂိုဏ်းသားများ သဖွယ် ဖြစ်နေသည် ။ ထို့ကြောင့် သည်မြို့သူ ၊ သည်မြို့သား အချင်းချင်းသာ ထိမ်းမြား လက်ထပ်တတ်ကြသည် ။ အခြား မြို့သူ ၊ မြို့သားများကိုလည်း အဓိပ္ပာယ် မရှိသည့်လူများ ၊ ရယ်စရာကောင်းသော လူများအဖြစ် မြင်တတ်ကြသေးသည် ။ အကယ်၍ သည် မြို့သူ ၊ သည်မြို့သား တစ်ယောက်ယောက်သည် အခြား မြို့သူ ၊ မြို့သား တစ်ယောက်ယောက်နှင့် ချစ်ကြိုက် လက်ထပ်ထိမ်းမြားမိခဲ့လျှင်လည်း ထိုသူစိမ်းသည် သည်မြို့လေးတွင် သည်းခံနေနိုင်မည် မဟုတ် ။ သည်မြို့ခံကလည်း သူစိမ်းတို့ မြို့တွင် လိုက်ပါနေလိမ့်မည် မဟုတ် ။ ထို့ကြောင့် အကွဲ ၊ အပြဲများသာ ဖြစ်ခဲ့ရသည် ။
( ၂ )
အဲသည်မြို့လေး၏ အရှေ့ဘက် သိပ်မဝေးကွာ လှသည့်နေရာတွင် ရဲတိုက်ကြီး သဖွယ် တည်ဆောက်ထားသည့် “ အနုပညာ ” သင်ကျောင်းကြီး တစ်ခု ရှိသည် ။ ထိုကျောင်းကြီးတွင် အနုပညာရှင် အဘိုးအို “ ဒေးဗစ် ဂျိမ်း ” ဆိုသူ နေထိုင်၏ ။ အာဏာပိုင်များက အသိအမှတ်ပြု ဖွင့်လှစ်ထားခြင်း မဟုတ်သော်လည်း ရပ်ဝေး ၊ ရပ်နီးမှ အဘိုးအိုကို ကြည်ညိုလေးစားသူများက လာ ရောက်ကာ တပည့်ခံနေခြင်းဖြစ်သည် ။ နှစ်စဉ် ကျောင်းသားဦးရေ ကျား ၊ မ ၁ဝ ဦးမျှသာရှိသော်လည်း တကယ့် “ အနုပညာ ” ရှင် စစ်စစ်က ၁ဝ ဦးမှာ တစ်ဦးပင် နှစ်စဉ် မပေါ်ထွက်ခဲ့ ။ ပန်းချီ ၊ ပန်းပု ၊ ဂီတ စသည်ဖြင့် ပညာရပ် အသီးသီး သင်ယူခဲ့ကြသော တပည့်များ အပြန်တွင် ...
“ တပည့်တို့ မင်းတို့တွေဟာ ကိုယ့် ဘာသာရပ် အသီးသီးကို တတ်မြောက်ကျွမ်းကျင်ခဲ့ကြပြီ ။ ဒါပေမဲ့ ပန်းချီဆွဲ ကောင်းတိုင်း ၊ ပန်းပုထုကျွမ်းတိုင်း ၊ သီချင်း အဆို ကောင်းတိုင်းတော့ မင်းတို့ဟာ “ အနုပညာ ” သမား လို့ ခေါ်လို့ မရသေးဘူး ။ အနုစိတ် ဆိုတဲ့ “ အနုပညာ ” သမားတစ်ယောက်ရဲ့ စိတ်မျိုးမွေးမြူဖို့ မင်းတို့ နယ်ပယ်ကို မင်းတို့ ပြန်ကြပေတော့ ” ဟု ကျောင်းသားများကို အမြဲ ပြောဆို တတ်သေးသည် ။
( ၃ )
မည်သူမျှ လာရောက် လည်ပတ်လေ့ မရှိသည့် အခန်းငယ်လေး တစ်ခုထဲတွင် “ သီယို ” ရှိနေသည် ။ အားလုံးကို ရှောင်ဖယ်ကာ သည်အခန်း ထဲတွင် တစ်ယောက်တည်း နေထိုင်ခဲ့သည်မှာ နှစ်ပတ်ခန့် ရှိတော့ မည်ထင်သည် ။ အိမ်ရှေ့မင်းသားတစ်ယောက်၏ အခန်းလိုမျိုး သားနားမှု မရှိ ။ ရောင်စုံဆေးစက်တို့က နေရာ အနှံ့ ။ စုတ်တံနှင့် ဆေးခွက်များသည် ဆွဲလက်စ ပန်းချီ ကားတစ်ချပ် အနားတွင် ပိုးလိုးပက်လက် လဲနေ၏ ။ သို့သော် ထိုအရာများ အပေါ်တွင် သီယို၏ စိတ်တွေက မရှိ ။
ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း သူ သိပ်ချစ်ခဲ့ရသည့် ချစ်သူ အယ်လ်လီနာ့ ဓာတ်ပုံကို အသေအချာ စိုက်ကြည့်နေသည် ။ သူ့ရှေ့ တည့်တည့်တွင် အမြင့် ၆ ပေ ၊ လုံးပတ် ၃ ပေခန့် ရှိသော ပင်စည် တစ်ခုက ထောင်လျက် တည်ရှိနေသည် ။ ထိုပင်စည်၏ အပေါ် တည့်တည့်တွင် ၁၀၀ ဝပ် မီးသီး တစ်လုံးနှင့် ဘေးတွင် ပန်းပုထုရန် အတွက် ပြင်ဆင်ထားသော စူး ၊ ဆောက် တန်ဆာပလာများကို ကုလားထိုင် တစ်လုံးပေါ်တွင် အဝတ်စ အပြာရောင်လေး ခင်း၍ အသေအချာ တင်ထား၏ ။
ဓာတ်ပုံကို အသေအချာ စိုက်ကြည့်နေရင်း သူနှင့် “ အယ်လ်လီနာ ” တို့၏ အတိတ်က အရိပ်တို့ကို တရေးရေး ပြန် မြင်ယောင်လာနေမိသည် ။ တစ်ချိန်က “ အယ်လ်လီနာ ” ၏ ချိုမြသော နှုတ်ခမ်း ၊ နွေးထွေးသော အထိအတွေ့များနှင့် ချောမွေ့ခဲ့ရဖူးသည် ။ အခုတော့ အားလုံးက ပြောင်းလဲ သွားခဲ့ရပြီ ။ စတွေ့စဉ်က “ အယ်လ်လီနာ ” သည် သိပ်ကို ရိုးသားဖြူစင်သည်ဟု ထင်မိခဲ့သည် ။ ထို့ကြောင့်လည်း သူအသက်တမျှ ချစ်ခဲ့ရသည် ။ ဒါပေမဲ့ တစ်နေ့မှာ မထင်ရက်စရာ ကောင်းလောက်အောင် သူ့ကို “ အယ်လီနာ ” က သစ်စိမ်းချိုး ချိုးခဲ့ပြီ ။ သူ ပြန်စဉ်းစားမိရင်းက ဇာတ်ရှိန်တက်လာသည့် ပြကွက် တစ်နေရာ အရောက်တွင် လက်ထဲတွင် ကိုင်ထားသည့် “ အယ်လီနာ ” ဓာတ်ပုံလေးသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ရတော့လေသည် ။
( ၄ )
သူ့နဖူး ပေါ်တွင် ဝဲကျနေသည့် ရွှေရောင်ဆံစ များကြားမှ မျက်လုံးများက ထောင်ထားသော ပင်စည်ကို ပေါက်ထွက်သွားမတတ် စိုက်ကြည့်နေ၏ ။ မြင်ကွင်းထဲတွင် “ အယ်လ်လီနာ ” သည် သူ့ရှေ့မှာ လာရပ်နေသလို ထင်နေရသည် ။ ထို့နောက် ကုလားထိုင်ပေါ်တွင် တင်ထားသည့် ဆူး ၊ ဆောက်များကြားမှ ခဲတံကိုကောက် ကိုင်ရင်း သစ်တုံးပေါ်တွင် “ အယ်လ်လီနာ ” ပုံကြမ်းကို ဆွဲလေ၏ ။ ထို့နောက် “ တထောက်ထောက် ” နဲ့ ပင်စည်ကို ထွင်းလေတော့သည် ။
ပင်စည်သည် သီယို၏ လက်ထဲတွင် အလွှားလိုက် ၊ အလွှားလိုက် တဖြည်းဖြည်း ကွာကျကုန်သည် ။ ထို့နောက် အချိုးအစား ကျလှသော အမျိုးသမီးတစ်ဦး ၏ ကိုယ်ခန္ဓာသည် “ ဘွား ” ခနဲ ပေါ်လာတော့သည် ။ ပုံကြမ်းပြီးသွားပြီးနောက် “ သီယို ” သည် လက်ထဲမှ ဆောက်နှင့်တူကို လဲလှယ်ပြီး ပြန်ကိုင်လိုက်၏ ။ အနုစိတ် ဝင်ရန် ပင်စည်ကို ကြမ်းပြင်ပေါ်သို့ အသာလှဲချ လိုက်သည် ။ ပြီးနောက် “ တထောက်ထောက် ” နှင့် ဆက် ထွင်းနေပြန်၏ ။ သို့သော် အခု ထွင်းသံမှာ စထွင်းစဉ်က ကဲ့သို့ အသံ မကျယ်လောင်တော့ ။ ရှေ့ ၊ နောက် ၊ ဘေးဘီ ဝဲယာကို စိတ်တိုင်းကျ လှည့်ပတ်ထွင်းထုရင်း နောက်ဆုံး အဆုံးသတ် “ အယ်လ်လီနာ့ ” မျက်နှာလေးသာ ထွင်းရန် ကျန်တော့သည် ။
လိမ်ကောက်ကောက် ဆံနွယ်လေးများ ၊ မျက်လုံး ၊ မျက်ခုံး ၊ နှာတံနှင့် သူ့ကို “ I Love You. Theio ” ဟု ပြောခဲ့ဖူးသော နှုတ်ခမ်းဖူးဖူးလေး ။ သူ “ အယ်လ်လီနာ့ ” မျက်နှာလေးကို ပုံဖော်ရင်း မျက်ရည်တို့က တသွင်သွင် စီးကျလာနေ၏ ။ မျက်ရည်စက်တို့သည် “ အယ်လ်လီနာ့ ” မျက်နှာပေါ်တွင် စိုရွှဲနေ၏ ။ ပန်းပုထုခြင်း ပြီးဆုံးသွားသည့်အခါ “ အယ်လ်လီနာ့ ” ပုံ ရုပ်ထုလေးကို ပြန်ထောင်လိုက်၏ ။ ထို့နောက် ပတ်ပတ်လည် လှည့်ကြည့်ရင်း ပြုံးယောင်သန်း နေသော “ အယ်လ်လီနာ့ ” မျက်နှာသည် သူ့ကို မထိတရိ ပြုံးနေဟန် ။ “ အယ်လ်လီနာ့ ” ရုပ်တုကိုကြည့်ရင်း နံရံတွင် ချိတ်ထား သည့် “ မိတ်အင် အင်္ဂလန် ” ဟု တံဆိပ် တပ်ထားသော လွှစက်ကိုပါ မြင်နေရသည် ။ ရုတ်တရက် ဝင်ရောက် လာသော စိတ်ရိုင်း ၊ စိတ်မိုက်တွေကို ချိုးနှိမ်ရင်း လက်ထဲမှ ဆောက်နှင့် တူကို ကြမ်းပြင်ပေါ် ပစ်ချလိုက်လေသည် ။
သီယိုက “ အယ်လ်လီနာ့ ” ရုပ်တုကို အချော စကိုင်၏ ။ ကော်ပတ် ဝမ်း ၊ တူး ၊ သရီး အဆင့်ဆင့်ဖြင့် အမို့ ၊ အမောက် ၊ အချိုင့် ၊ အခွက် စသည်တို့ကို သေသေချာချာ တိုက်စားလေသည် ။ အားလုံး ချောမွေ့ သွားသည့်အခါ ဆေးစပ်ကာ ရုပ်တုကို အရောင်တင်လေသည် ။ နှစ်ရည် ၊ သုံးရည် တင်ပြီးသွားသည့်အခါ သူ့ ရှေ့တွင် “ အယ်လ်လီနာ ” တစ်ယောက် လာရပ်နေ သလိုပင် ထင်ရတော့သည် ။ စိတ်တိုင်းကျ “ အယ်လ်လီနာ့ ” ပုံ ပေါ်လာသည့် အခါမှ သူ့ကိုယ်ကိုယ် ပြန်သတိ ဝင်လာမိသည် ။ သွေးစို့နေသော လက်များ ၊ တောင့်တင်းနေသော ခြေထောက် ။ သည်ဝေဒနာတွေသည် သူ အောင်မြင်စွာ ထုလုပ်ပြီးစီးခဲ့သည့် “ အယ်လ်လီနာ့ ” ရုပ်တုကို တစ်ချက်ကြည့်မိရုံဖြင့် အရည်ပျော် ပျောက် ဆုံးသွားခဲ့ရလေပြီ ။
( ၅ )
တစ်နေ့ အိမ်ရှေ့ခန်းတွင် “ သီယို ” တစ်ယောက်တည်း ထိုင်နေမိစဉ် မရောက်စဖူး သူ့ ဆရာ “ ဒေးဗစ်ဂျိမ်း ” တစ်ယောက် ရောက်ရှိလာ၏ ။ အိမ်ရှေ့တွင် စကားစမြည် ပြောဆိုကြရင်း နံရံထောင့်တွင် ကပ်ထောင် ထားသော “ အယ်လ်လီနာ့ ” ရုပ်တုကို ဒေးဗစ်ဂျိမ်း မြင်သွားပြီ ။
“ ဒီရုပ်တုဟာ ဒဏ္ဍာရီထဲက သူရဲကောင်းမလည်း မဟုတ်ဘူး ။ ပုရိသတွေ မက်လောက်အောင် အထိ ကျကျနန ထွင်းထားပုံ ထောက်ရင် ဒါ မင်း အမေ ၊ မောင်နှမသားချင်း ပုံလည်း မဟုတ်ဘူး ”
“ ဟုတ်ပါတယ် ၊ ဒါ ကျွန်တော့်ချစ်သူ “ အယ်လ်လီနာ့ ” ရုပ်တုပါ ”
သူ့အကြောင်း ဖြစ်ကြောင်းကုန်စင်နှင့် ထွင်း ဖြစ်ခဲ့တဲ့ အကြောင်းများကို ဒေးဗစ်ဂျိမ်း အား ပြောပြလိုက်သည် ။ ထိုအခါ ဒေးဗစ်ဂျိမ်း က ..
“ ဟာ ... မင်းကို ဒီလောက် ရက်စက်သွားတာတောင် မင်းက ဒီရုပ်တုကို မဖျက်ဆီးပစ်နိုင်ဘူးလား ”
“ မစ္စတာဂျိမ်း ၊ မစ္စတာဂျိမ်း ပြောသလို ကျွန်တော် ဖျက်ဆီးပစ်ဖို့ စိတ်ဝင်ခဲ့မိပါသေးတယ် ။ ဒါပေမဲ့ ဒါ အယ်လီနာ ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ ဒါ အယ်လ်လီနာ မဟုတ်ပါဘူး ။ ကျွန်တော့် ခံစားချက်တွေ အားလုံး အန်ချပြီးမှ ဖြစ်ပေါ်လာခဲ့တဲ့ ကျွန်တော့် အယ်လ်လီနာ ပါ ”
ဒေးဗစ်ဂျိမ်းက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ...
“ အေး .. အနုပညာ ဆိုတာ အချစ်ကြောင့်ပဲ ဖြစ်ဖြစ် ၊ အမုန်းကြောင့်ပဲ ဖြစ်ဖြစ် ယိုစိမ့်ကျလာတဲ့ စိတ်ရဲ့ ခံစားချက်ကို ပုံဖော်ရယူခြင်းပဲ ။ အင်း .. မင်းဟာ အနုပညာသမားစစ်စစ် တစ်ယောက် ဖြစ်ခဲ့ပြီပေါ့ကွာ ”
သီယို၏ ဆရာ ဒေးဗစ်ဂျိမ်းက သူ့ဆီ လာမည် ဆိုတုန်းကလည်း အကြောင်းမကြား ၊ အခုပြန်မည် ဆိုတော့လည်း နှုတ်ပင် မဆက် ၊ ချက်ချင်း ကောက်ထွက်သွားသည် ။ သူက အခန်းထဲတွင် ထောင်ထားသော “ အယ်လ်လီနာ့ ” ရုပ်တုကို ကြည့်နေမိသည် ။ စိတ်ထဲတွင် “ အယ်လ်လီနာ့ ” ကို ချစ်သည့်စိတ် ၊ မုန်းသည့်စိတ် မရှိတော့ ။ ဒါပေမဲ့ “ အယ်လ်လီနာ့ ” ကို ချစ်သည် ။ မြတ်နိုးသည် ။
( မိမိ၏ ကိုယ်ပိုင် စိတ်ကူးမျှသာ ဖြစ်ပါသည် ။ )
⎕ နေရီ
📖လှိုင်းသစ် မဂ္ဂဇင်း
၂၀၁၂ ၊ ဖေဖော်ဝါရီလ

No comments:
Post a Comment