❝ ကျွန်တော် မသွားချင်တဲ့နေရာက စာအုပ်ဆိုင် ကျွန်တော် ရောက်ရောက်နေတာက စာအုပ်ဆိုင် ❞
( စောနဒီ )
၁ ။ ခံစားမှု ၊ အချိတ်အဆက် သိစိတ်အလျဉ် ကျွန်တော် မသွားချင်တဲ့ နေရာက စာအုပ်ဆိုင် ။ ဒါပေမဲ့ ကျွန်တော် ရောက်ရောက် နေတာက စာအုပ်ဆိုင် ။
စာအုပ်တွေ့ ရင် ဝယ်ချင်လို့ ၊ ဝယ်မိမှာ စိုးလို့ စာအုပ်ဆိုင်ကို ကျွန်တော် မသွားချင်ဘူး ။ ဒါပေမဲ့ စာအုပ်ဆိုင်ကို ကျွန်တော် ရောက်ရောက်နေမိတယ် ။
၂ ။ အရေးအသား ၊ တစ်ကြောင်းရေး ၊ နှစ်ကြောင်းခြစ်စာအုပ် ။ အဲဒီစာအုပ်တွေကို ဘာကြောင့် များ မက်မက်စက်စက် ရှိနေရပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးနေမိတယ် ။ အဖြေတွေကို သိနေလျက်နဲ့ မေးနေမိတဲ့ မေးခွန်းတွေ ။
စာအုပ်ဆိုင် ရောက်တော့လည်း လက်ပစ်ဗုံး စနက်တံ ဖွင့်ဖြုတ်ရသလို ဈေးနှုန်းကို အထိတ်တလန့် အရင် ကြည့်ရတယ် ။ အဖြစ်က ။ အာပတ် ဖြေသလို စာအုပ်ဆိုင်ဘက် ဖြတ်လျှောက် ၊ ဂျာနယ် အချို့ကို လှန်လှောကြည့် ။ စိတ်ရောဂါ တစ်ခု စွဲကပ်နေသလို မဝယ်ဖြစ်တောင် ဝင်လိုက်ရမှ ထွက်လိုက်ရမှ ။ မဂ္ဂဇင်းတွေမှာ ဘယ်သူ့ စာတွေပါသလဲ ၊ ရေးဖော်ရေးဖက်တွေ ပါသလား ၊ ကိုယ့်စာမူ ပါသလား မဝယ်ဖြစ်လည်း ဝယ် မလိုလို မျက်နှာပေးနဲ့ ကောက်လှန်ကြည့် ။ တစ်ခါတလေတော့လည်း စာအုပ်တွေကို မဝယ်တော့ပါဘူး စိတ်နဲ့ မာန်တင်း ။ ကြာကြာမရဘူး ။ အချစ်နဲ့ စိတ်ကောက် စိတ်ဆိုးထားသလို အဆက်ဖြတ်ထားတဲ့ စာအုပ်ဆိုင်ဘက် ပွတ်သီးပွတ်သပ် ။ စာအုပ်တွေက ကျွန်တော် မလာလည်း ရောက်နေမှာပဲ ။ အချိုးမျိုးနဲ့ တစ်အုပ်ပြီး တစ်အုပ် ။ ရောင်စုံ ။ ဒီလိုနဲ့ စာအုပ်ဆိုင်ဘက် ကျွန်တော် ရောက်ရောက် နေမိတတ်တယ် ။ တကယ်တော့ စာအုပ်ဆိုင်တွေဘက် ကျွန်တော် မသွားချင်ဘူး ။
••••• ••••• •••••
ဟိုအရင် နှစ်ကာလများ ကလည်း မနှစ်ကလို နီးနီးကပ်ကပ် ပုံထင်လာတတ်ကြပြန်တယ် ။ လူငယ်ဘဝနဲ့ ရင်ခုန်ခန်းပွင့်ခဲ့တဲ့ နှလုံးသား အတွေ့အကြုံမှာ စာအုပ်တွေက စစ်ကူပေးခဲ့တယ် ။ ကိုယ် ကြိုက်တဲ့ စာသားတစ်ခု နှလုံးသားမှာ လာငြိရင် ချစ်သူကို ပေးတဲ့ လက်ဆောင် အဖြစ် မှတ်တမ်းတင်လိုက်တော့တာပဲ ။ အချစ်စိတ်နဲ့ တောက်ပနေတဲ့ အရွယ်ဆိုတော့ အသွေး အသားမှာ အနုအရွ အကြွအလှ စာသားတွေ အပေါ် ရင်ခုန်သွေးနိုးခဲ့တာ ဆန်းမယ် မထင်ဘူး ။ ဒီတော့ ဘဝ ဆန်တဲ့ ဝတ္ထုတွေ ထက် စာရင် “ သို့ …. အချစ် ” ရည်ရွယ်တဲ့ စာအုပ်တွေနဲ့ စာဖတ်တဲ့ အလေ့ သန္ဓေတည်ခဲ့တယ် ဆိုတာတော့ မကွယ်တမ်း ဖွင့်ဟချင်ပါတယ် ။ ပြီးတော့ ရသစာပေ ထက် စာရင် အောင်မြင်ရေး သော့ချက်တွေ ၊ ဘဝလှေကားထစ် တက်နည်းတွေ ၊ အချစ်ကို မွေးမြူနည်း တွေပါတဲ့ စာတွေကို အလေးပေး ဖတ်ခဲ့တာလည်း အသေအချာပဲ ။
ဆယ်တန်းစာမေးပွဲ ပြီးတော့ “ ဘဝတိုက်ပွဲ ” ခေါင်းစီးနဲ့ ဘဝထဲ ကိုယ်တိုင် တင်ဆက် သရုပ်ဖော်ရတယ် ။ အဲဒီမှာ ကျွန်တော့်ထက် အတန်းတစ်နှစ် ကြီးတဲ့ ကိုလင်းသော်ဝေ က ကျွန်တော့်ကို စာရေးဖို့ တိုက်တွန်းတာနဲ့ စာရေးဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ် ။ အဲဒီအချိန်တုန်းကတော့ ခံစားမှုကို ပွင့်အန်ထားတဲ့ ကဗျာတွေ ၊ စာတွေ ရေးပြီး စာရူးကဗျာရူး ဖြစ်ခဲ့တာပဲ ။ ပြီးတော့ စိတ်ကူးခဲ့တယ် ။ တွေးပျော်ခဲ့တယ် ။ စာရေးဆရာ တစ်ယောက် အဖြစ် ရပ်တည်သွားမယ်လို့ ။
ဘဝတိုက်ပွဲက ဝင်လာချင်းမှာပဲ ဇာတ်ကြမ်းပဲ ။ ဘဝတိုက်ပွဲ အတောင်ပံ ခတ်ခတ်ချင်းမှာပဲ တိုက်ပွဲမှာ ကျွန်တော် ဒဏ်ရာရတယ် ။ လူမှား ပေါင်းပြီး လူပေါင်း မှားမိလို့ အလုပ်လုပ်တုန်း ခိုးမှုကြံရာပါ ဆိုပြီး အချုပ်ခန်း ထဲမှာ သမ္ဗုဒ္ဓေ အကြိမ် တစ်ထောင်ပြည့်အောင် ရွတ်ဆိုခဲ့ပါတယ် ။ အဲဒီအခန်းထဲ နှစ်ဆယ့်ရှစ်ရက်တိတိ အစစ်အဆေး အမေးအမြန်းတွေနဲ့ သ,တ်သေချင်လောက်အောင် အရှက်ရ ၊ စိတ်အနာတရ ပွန်းပဲ့ရှနာရခဲ့ပြီးတဲ့ နောက် ကျွန်တော် အမှုတွဲက လွတ်ပါတယ် ။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ အထင်သေး ၊ အမြင်သေး ချုပ်နှောင် ခံရတဲ့ အခြေအနေကတော့ အရိပ်တွေလို လွှမ်းမိုး နေဆဲပါပဲ ။ အဲဒီလို ဘဝကို အရှုံးပေးဖို့ ဖြစ်ဖြစ် သွားတိုင်း ကျွန်တော့် စိတ်ကို ခိုင်ကျည်အောင် ရင်ရိုးတပ်ပေးခဲ့တာ ကတော့ ကျွန်တော့်ရဲ့ စာအုပ်တွေပါပဲ ။ ဒါပေမဲ့ စာအုပ်တွေဆီ မသွားချင်ဘူး ။
အဲဒီမှာ လူတွေကို နားလည်စ ပြုလာရတယ် ။ ပထမဆုံး သင်ခန်းစာက ဘဝမှာ မိတ်ဆွေစစ်ဆိုတာ ရွှေလိုရှားတယ် ဆိုတာပဲ ။ ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက် တချို့က ကျွန်တော့်ကို ခေါက်သွားကြတယ် ။ အေးအတူ ပူအမျှ လက်ချင်းချိတ်ခဲ့တဲ့ သံယောဇဉ်တွေ ကလည်း ရုတ်ခြည်း ပြတ်တောက်ကုန်ကြတယ် ။ သူငယ်ချင်းစစ်စစ် တစ်ယောက်စ ၊ နှစ်ယောက်စကသာ ကျွန်တော့်ကို အားပေးနှစ်သိမ့်ခဲ့ကြတယ် ။ အားပေးဖျစ်ညှစ်လိုက်တဲ့ ချစ်သူငယ်ချင်းတွေရဲ့ လက်အစုံဟာ နွေးထွေးစေခဲ့ပါတယ် ။ မိတ်ဆွေစစ် ဆိုတာကလည်း စာအုပ်စာပေတွေလိုပဲ အဖိုးတန်ခဲ့ကြတယ် ။ သူတို့ရဲ့လက်တွေက ခွေညွတ်ယိုင်လဲတော့မယ့် စိတ်တွေ ပြိုကျ မသွားအောင် ဖေးဖေးမမ ရှိခဲ့ကြတယ် ။ ဒါပေမဲ့ ကျွန်တော် ငိုခဲ့တယ် ။ အချုပ်ခန်းထဲက ထွက် လာတော့ လူက လေဟာနယ်မှာ ။ မြစ်ရေနဲ့ လျှော်ဖွပ် ဖို့ ကျွန်တော့်ကို ဧရာဝတီမြစ်ထဲ ခေါ်ခဲ့ကြ ။ ကျွန်တော့် အဝတ်အစားဟောင်းတွေကို မြစ်ထဲမျှောပစ် ၊ တရော် ကင်ပွန်းနဲ့ ခေါင်းလျှော် ။ ဧရာဝတီမြစ်ထဲ အညံ့တွေ သွန်ချပစ်လိုက် ။ လူသစ်စိတ်သစ်နဲ့ ဘဝသစ်စဖို့ မိသားစု အားပေးစကားတွေ ။ အဲဒီတစ်လျှောက်လုံး ကျွန်တော် ဆွံ့အ နေခဲ့ပါတယ် ။ ခံစားမှု ၊ နာကျင် နာကြည်းမှုတွေက မျက်ရည်တွေ အဖြစ်နဲ့ ရွာကျ ။ အိပ်မက်က ငူငူကြီးမက် နေသလို လူကလည်း ငူငူငေးငေး ၊ ငေးငေးငေါင်ငေါင် ။ မျက်ရည်တွေကတော့ အတိုးချပြီး ခုန်ထွက်လာနေတုန်း ပါပဲ ။
••••• ••••• •••••
အဲဒီနောက် ဒီမြို့လေးထဲ မှာပဲ ကျွန်တော့်ဘဝရဲ့ ရေကို ကြည် ။ မြက်ကို နုစေဖို့ ဘယ်မြို့ ဘယ်ရွာမှ ရွက်မလွှင့်ဘဲ ကျောက်ချနေထိုင်နိုင်အောင် အတော်လေး ( အတော်လေး ) ကြိုးစား ရပ်တည်ခဲ့ရပါတယ် ။ ကိုယ့် ကိုယ်ကိုယ်လည်း သိမ်ငယ်အားငယ်စိတ်တွေနဲ့ အသက်သွင်း နေရသူ တစ်ယောက် အဖြစ်နဲ့လေ ။ ခေါင်းကို မော့ ၊ လက်သီးကို ဆုပ် ၊ အကြိမ်ကြိမ် ကြုံးဝါး ၊ အကြိမ်ကြိမ် ပြိုကျ ။ အကြိမ်ကြိမ် ပြန်ထ ။ ကိုယ်တွေ့ကြုံမှ ဘဝ ။ ဘဝက နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ။ တစ်ကြောင်း ရေး နှစ်ကြောင်းခြစ် ။ အဲဒီလို အားတင်းဖို့ ဘေးနားမှာ ရှိနေခဲ့တာကလည်း စာအုပ်တွေပါပဲ ။ ဒါပေမဲ့ စာအုပ်ဆိုင်တွေဘက် ကျွန်တော် မသွားချင် ။
ချစ်သူလား ။ ဟုတ်လား ။ ချစ်သူကလည်း ရဲဝံ့ပြခဲ့ သလိုလို ။ တစ်ဘဝစာ မေတ္တာမပျက် သစ္စာခက်တွေ ပန်ဆင်ထား သလိုလို ။ ဒါပေမဲ့ အချစ်ဦးနဲ့ ညားခဲ့ရတဲ့ ဇာတ်လမ်းမျိုး မဖြစ်ခဲ့ပါဘူး ။ အသည်းကွဲတဲ့ ဒဏ်ရာလား ။ စာအုပ်တွေက ပေးတဲ့ သတ္တိခွန်အားလောက် ဘယ်သမားတော်မှ တစ်ဘဝလုံး ကုထုံး မပေးနိုင်ပါဘူး ။ စာအုပ်တွေက ဆရာဝန်ပဲ ။ အထူး စပါယ်ရှယ်နာ့စ်ပဲ ။ ပြီးတော့ ရဲဘော်ရဲဘက်ပေါ့ ။ ဒါကြောင့် စာအုပ်တွေကို ချစ်ရတာ ။ ဒါကြောင့် စာအုပ်ဆိုင်ဘက် ရောက်ဖြစ်နေတာ ။ ဒါပေမဲ့ ကျွန်တော် မသွားချင်တဲ့ နေရာက စာအုပ်ဆိုင်ပဲ ။
၃ ။ ဘဝသရုပ်ဖော် ၊ ဇာတ်ကွက်ဇာတ်လမ်း
အမေက ကျွန်တော့်ကို မကြာခဏ ပြောနေတတ်တဲ့ စကားတစ်ခွန်း ရှိတယ် ။ “ ပြန်မပြော နားမထောင် ” တဲ့ ။ အဲဒီလိုကောင်က ငါးတန်းကျောင်းသား ဘဝ ကတည်းနေ အခုချိန်အထိ မိဘတွေနဲ့ ခွဲခွာနေထိုင် ရုန်းကန်ခဲ့ရတာ ။ မင်္ဂလာဆောင်တုန်းက တစ်ခါ အမေ့ ရွာရောက်တယ် ။ မြို့မှာ အကြွေးတွေ ဝိုင်းနေတော့ အဖေ့ဆီ ပိုက်ဆံတောင်းဖို့ ရွာကို ရောက်တယ် ။ ဝါခေါင်လ ဘုရားပွဲတုန်းက တစ်ခါ ရောက်ဖြစ်တယ် ။ ၁၀ တန်း အောင်တဲ့နှစ်တုန်းက တစ်ခါရောက်တယ် ။ နှစ်နှစ်ဆယ် ကာလအတွင်းမှာ ရွာကို လေးကြိမ်ပဲရောက်ခဲ့တယ် ။ အဲဒီလို နှစ်နှစ်ဆယ် ကာလအတွင်းမှာ ကိုယ်ထူးကိုယ်ချွန် ရပ်တည်နိုင်ဖို့ အားတင်းပေးတဲ့ သံပတ်တွေက စာအုပ်တွေပဲ ။ ဒုက္ခတစ်ခု ကြုံတိုင်း ၊ စိတ်ပျက်အားငယ်မိတိုင်း စာအုပ်တွေက ခွန်အား ဖြစ်စေခဲ့တယ် ။ ဒါကြောင့် စာအုပ်တွေကို ကျွန်တော် ချစ်တယ် ။
နှလုံးသားက အသည်း ကွဲခဲ့တယ် ဆိုပေမယ့်လည်း အချစ်ဆိုတာက ကာလနဂါးမျိုး ။ အချိန်တန်တော့လည်း ပြန်နိုးလာတာပဲ ။ အချစ်နဲ့ ဘဝတစ်ခု ခေါင်းစီး တပ်ပြီး ဘဝခရီး နှင်ခဲ့ချိန်မှာလည်း ဒုက္ခက အဖော် အပေါင်းတွေ တစ်အုပ်တစ်ခဲနဲ့ပါပဲ ။ ကြွေးပူ ကြွေးအေး နေ့စွဲတွေမှာ မနက်လင်းရင် အကြွေးရှင် လာမှာ စိုးတာနဲ့ တံခါးပေါက်တွေ ပိတ် ။ ညနေ နေဝင်ရီတရော မတိုင်မီက တံခါးတွေ ပိတ် ။ အိမ်ထောင်ဦးရဲ့ မိုးဦးလေးဦး ခယောင်းလမ်းမှာ သောကဗရပွနဲ့ မျက်နှာသစ် ။ ကမ္ဘာကြီးထဲက ထွက်ပြေးဖို့ အနိမ့်ကျဆုံး အတွေးတွေကလည်း ဒေါင်လိုက် မြင့်တက်လာတယ် ။ အဲဒီလို အသက်ကို ရပ်တန့် ပစ်ဖို့ စိတ်ကူးစိတ်သန်း အရိုင်းတွေ ကိုလည်း စာအုပ်တွေက နှိမ်သတ်ပေးခဲ့ပြန်တယ် ။ ပြီးတော့ အဲဒီလို အခြေအနေမျိုးမှာ နှလုံးသားရဲ့ အပိုင်းအစတွေကို ဖဲ့ဖဲ့ ရောင်းနေရသလို စာအုပ်တွေကို ထုတ်ထုတ် ရောင်းခဲ့ရတယ် ။
ကျွန်တော့် စာအုပ်တွေကို ချစ်ပါတယ် ။ ဒါပေမဲ့ အသက်ဓာတ် အမျှင်အတန်းတွေအတွက် ရောင်းထုတ်ခဲ့ရတယ် ။ မရောင်းဘူး ၊ ရောင်းမယ် လွန်ဆွဲခဲ့တဲ့ စိတ်ဟာ ထမင်းအိုးလေးကို ငဲ့ကြည့်ခဲ့ရတယ် ။ မျက်တွင်း ဟောက်ပက်နဲ့ အာဟာရ မပြည့်ဝတဲ့ အိမ်သူရဲ့ အစာအိမ်ကို ငဲ့ကြည့်ခဲ့ရတယ် ။ အချစ်တွေသာ ချမ်းသာပြီး အချစ်တွေနဲ့သာ တည်ဆောက်ခဲ့တဲ့ အခန်းထဲ မသေထမင်း ၊ မသေဟင်းကို ချက်ပြုတ်နေထိုင် စားသောက် နိုင်ဖို့ ခွန်အားပေးခဲ့တာလည်း စာအုပ်တွေပါပဲ ။ ဒါ ကြောင့် ကျွန်တော် စာအုပ်တွေကို ချစ်တယ် ။
••••• ••••• •••••
ဘဝ တစ်လျှောက်လုံး အခါးတွေချည်း သောက်လာခဲ့တဲ့ကောင်ပါ ။ ဒီရေဟာ ဘယ်အချိန်မှာ ချိုလာလေမလဲ ။ အရှုံး မပေးနဲ့ ။ အရှုံး မပေးနဲ့ ။ စာအုပ်တွေက ကျွန်တော့်ကို ရေလောင်းပေါင်းသင်ပြန်တယ် ။
အဲဒီကာလတွေမှာ ကျွန်တော်တို့ ဘယ်လို ရှင်သန်ရုန်းကန်ခဲ့သလဲ ဟုတ်လား ။ သင်ကြား တတ်မြောက်ခဲ့တဲ့ သင်္ချာပညာရပ်တွေဟာ ထီရောင်းဖို့ မဟုတ်ပေမယ့် ကျွန်တော် ထီရောင်းတယ် ။ နှစ်လုံးရောင်းတယ် ။ ချဲရောင်းတယ် ။ ရယ်စားငိုစားသမားတွေနဲ့ စိန်ပြေးတမ်း ကစားတယ် ။ ဆိုင်ကယ်ပွဲစားလိုလို ၊ ကယ်ရီသမားလိုလို ၊ ရေနံချေးသုတ်သမားလိုလို ၊ လက်သမားလိုလို ၊ ဘုံပိုင်သမားလိုလိုဗျာ ။ စာရေးချိန်ရော ရှိလား ။ ဟုတ်လား ။ ရေးတာပေါ့ ။ အဆင်မပြေမှုနဲ့ ကြုံတိုင်း ပွင့်အန်ချဖို့ စာရေးတယ် ။ နာကြည်းဒေါသထွက်တိုင်း ၊ ဝမ်းနည်းပက်လက် ဖြစ်တိုင်း ၊ အိမ်သူနဲ့ စကားများမိတိုင်း စာရေးတယ် ။ ထားပါတော့ ။ အဲဒီ မိုးခါးရေထဲက အတိတ် နေ့ရက်တွေကို ကျွန်တော် ပြန်မလွမ်းချင်ဘူး ။
အခုတော့ အရင်လို ခပ်ပြင်းပြင်း ခပ်ရှရှ နေ့စွဲ အသေတွေချည်းပဲ မဟုတ်တော့ပါဘူး ။ စာအုပ်ဆိုင်တွေ ဘက်လည်း ရောက်ရောက်ဖြစ်မိတာပါပဲ ။ စာအုပ်တွေ ဝယ်ဖြစ်နေတုန်းပါပဲ ။ ဒါပေမဲ့ သတိနဲ့ ဝယ်ရ တယ် ။ ငှားသင့်တာ ငှားဖတ်တယ် ။ ဝယ်သင့်တာကို ကြိုးစားဝယ်တယ် ။ ချင့်ချိန်ဝယ်တယ် ။ လောကဓံတရား နဲ့လည်း ထုသားပေသား ရှိသွားခဲ့ပြီလို့ ဆိုရမယ် ။ ဒုက္ခကို စိန်ခေါ်ဖို့ အရေလည်းထူလာပြီ ။ ချစ်ခြင်းမေတ္တာက လွဲပြီး ငွေစကြေးစ အလျဉ်မီအောင် မထည့်နိုင်ခဲ့တဲ့ စလယ်ဝင်အိုးလေး ထဲမှာ ဘဝကို ချွန်ခဲ့ရတာ ဆိုတော့ ရှင်ဖော်ရှင်ဖက် အိမ်သူကို ငဲ့ခဲ့ရတယ် ။
အိမ်ထောင်သက် ငါးနှစ် အတွင်းမှာ ချမ်းသာလာတာ ကလည်း စာအုပ်တွေပဲ ။ ဒါကြောင့် ထင်ပါရဲ့ ။ အိမ်သူက ပြောဖူးတယ် ။
“ စာအုပ်တွေကို ချစ်သလို ၊ ဂရုစိုက်သလို ကျွန်မကို ချစ်ခဲ့ ၊ ဂရုစိုက်ခဲ့မယ်ဆိုရင် ကျွန်မတို့ အိမ်ထောင်ရေး သာယာနေတာ ကြာပြီ ” တဲ့ ။
ကဲ .. ဘယ်လောက် နားပန်ရိုက်ဖို့ ကောင်းလဲ ။ သိတယ် မဟုတ်လား ။ အဲဒီညက ကျွန်တော် အကြီးအကျယ် ပေါက်ကွဲ ပစ်လိုက်ပြီး သူ့ကို စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး ။ တစ်ညလုံး စာထိုင်ရေးပစ်လိုက်တယ် ။
••••• ••••• •••••
၄ ။ အဓိကဇာတ်ကောင် ၊ မက်ဆေ့ချ်
အခုတော့ အရင်လို မဟုတ်တော့ဘူး ။ စာအုပ်ဆိုင်ဘက်ကို မသွားချင်တဲ့ စိတ်က တစ်ဖက် ၊ သွားကို သွားရမယ်ဆိုတဲ့ စိတ်က တစ်ဖက် ။ စာအုပ်တွေကိုလည်း သိပ်မဝယ်ဖြစ်တော့ပါဘူး ။ ဈေးကြီးလို့လည်း မဟုတ်ပါဘူး ။ စလယ်ဝင်အိုးလေးကလည်း ဖင်မည်းလာပြီလေ ။ အိမ်မှာရှိတဲ့ ကြိုးတန်းတွေ အကုန်လုံး ကလည်း ကလေးအဝတ်တွေချည်းပဲ ။
ကိုယ်ဖတ်ချင်တဲ့ စာအုပ် တွေ့ ရင်တောင် တီတီတာတာ ပြောတတ်တဲ့ သားလေး ဝီရလင်းထင် အတွက် ဖြည့်စွက် အစာအာဟာရတွေနဲ့ အနာဂတ်တွေကို ဦးစားပေးရတော့မယ်လေ ။ ကလေး ကစားစရာလေးတွေ ဝယ်ပေးရတော့မယ် ။ အင်္ကျီလှလှလေးတွေ ဝယ်ရတော့မယ် ။ သားလေး မွေးနေ့ကိုလည်း လုပ်ပေးချင်သေးတယ် ။ ဒီတော့ စာအုပ်ဆိုင်ဘက်ကို ခြေဦးကို မလှည့်ရဲတာ ။ လှည့်လိုက်ရင် ဝယ်ဝယ်ဖြစ်နေလို့ ။ ဒါကြောင့် စာအုပ်ဆိုင် မသွားချင်တာ ။
ဒါပေမဲ့ စာအုပ်ဆိုင်ဘက် ကျွန်တော်ရောက် ရောက်ဖြစ်တယ် ။ ရွှေသွေးစာစောင်တွေ ဝယ်တယ် ။ ကလေးသုတ စာအုပ်တွေ ဝယ်တယ် ။ ကလေးပန်းချီ စာအုပ်တွေ ဝယ်တယ် ။ ကလေးသူငယ်တွေကို ဘယ်လို ပြုစုပျိုးထောင်မလဲ စာအုပ်တွေ ဝယ်တယ် ။ ပြီးတော့ သားလေးကို ပြောပြဖို့ ၊ သားလေး ကြီးလာရင်ဖတ်ဖို့ ပုံပြင်စာအုပ်တွေ ဝယ်တယ် ။ သားလေး ကြီးလာရင် သားလေး ကိုလည်း စာဖတ်ခိုင်းရမယ် ။ သားလေးရဲ့ စိတ် ၊ သားလေးရဲ့ အသွေးအသားထဲ စာအုပ်တွေထဲက အလင်းရောင်တွေ ကူးယူဖို့ သားလေးကို စာဖတ်ခိုင်းရမယ် ။ သိတယ် မဟုတ်လား ။ စာဖတ်တဲ့ အိမ်ကလေးကမှ ပိုပြီး အသံသာတာ ။
၅ ။ သရုပ်မှန်ဝတ္ထု ၊ အခန်းဆက်ဝတ္ထုရှည်
“ ရှင့်ကို နိုင်မယ့်သူ အခုမှပေါ်တာ ”
အိမ်သူက ထမင်းအိုး တန်းလန်းကနေ လှမ်းပြောနေတယ် ။ သားလေးက ကျွန်တော် ရေးလက်စ စာရွက်ပေါ်မှာ ဝလုံးကြီးတွေ ချရေးနေတယ် ။ ဝလုံးတွေ ၊ ၀လုံးတွေ အများကြီး ။ ပြီးတော့ သားလေးပါးစပ်ကလည်း မပီကလာ ၊ ပီကလာ စကားတွေ ပြောလို့ ။ လက်က ဝလုံးကြီးတွေ ဝိုင်းလို့ ။
“ ဘွားဘွား ၊ တားတားကြီးလာရင် ပေပေဂျီးနဲ့ လာခဲ့မယ် ”
⎕ စောနဒီ
📖ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း
၂၀၁၂ ၊ အောက်တိုဘာလ

No comments:
Post a Comment