Friday, September 26, 2025

ဖေ့ချစ်သမီး


 

❝ ဖေ့ချစ်သမီး ❞
      ( ဆုဂျေ )

[ ၁ ]

“ သမီး ကျောင်းသွားမလို့လား ... ၊ မိုးတွေက မည်းမှောင်နေတာပဲ ဖြစ်ပါ့မလား ”

ပြောင်းဖူး ခြွေနေရာမှ လှမ်းပြောလာတဲ့ အမေ့ စကားကြောင့် မိတာ မော့ကြည့်လိုက်မိတယ် ။ ဟုတ်ပါရဲ့ ၊ ကောင်းကင်ကြီး တစ်ခုလုံး မဟူရာရောင် တောက်လို့ ။ တစ်ချက် တစ်ချက် ဝှေ့ခနဲ တိုက်လာတဲ့ လေပြင်းတွေ ကလည်း သူတို့ပါ မိုးနဲ့ အတူ အလည်လိုက် လာမယ်လို့ သတိပေး နေသယောင် ။ မိတာ စိတ်ညစ်ညစ်နဲ့ နှာခေါင်း ရှုံ့လိုက်မိတယ် ။

“ မသွားလို့ မဖြစ်ဘူး အမေရ .. ၊ ဒီနေ့ ကျောင်းမှာ စာမေးပွဲ ဖြေမယ်လို့ ပြောထားတယ် ။ နောက်ပြီး ဆရာမလေး အချိန်ကို မိတာ မပျက်ချင်ဘူးလေ ”

မိတာ ပြောတဲ့ ဆရာမလေး ဆိုတာ ခု မိတာ သွားတက်မယ့် ကျောင်းက ဆရာကြီးရဲ့ သမီးလေ ။ ဆရာမလေးက အင်္ဂလိပ်စာ သင်တယ် ။ အသင်အပြ အရမ်းကောင်းတာပဲ ။ နောက်ပြီး ဆရာမလေးက မြို့မှာ နေတာလေ ။ အိမ်နားက ကျောင်းမှာ တာဝန်ကျတယ် ပြောတာပဲ ။ မိတာတို့ ဆီကို တစ်ပတ်မှ ကျောင်းပိတ်ရက် နှစ်ရက် တည်း လာသင်ပေးနိုင်တာလေ ။ ဒါကြောင့် ဆရာမလေး အချိန်ဆို မိတာ ကျောင်းမပျက်ချင်ဘူးလေ ။

“ ဪ ... အေးအေး ... ဒါဆိုလည်း ဂရုစိုက် သွားနော် သမီး ၊ လဲစရာ အဝတ်အစားလည်း ယူသွားဦး ၊ စာအုပ်တွေလည်း သေချာထုပ် ”

အမေက စိတ်ပူပန်စွာ မှာရှာတယ် ။ အမေတစ်ခု သမီးတစ်ခု ဘဝမို့ အမေ့ရဲ့ တွယ်တာစရာ တစ်ဦးတည်းသောသူမှာ မိတာ ဖြစ်ပြီး ၊ မိတာရဲ့ အားကိုးမှီတွယ်ရာကလည်း အမေပဲ မဟုတ်လား ။ မိတာ သူငယ်တန်းနှစ် ကတည်းက အဖေက ဆုံးသွားတာလေ ။ အဖေ ဆုံးတုန်းကဆို အမေက ငယ်ငယ်လေး ရှိသေးတာ ။ အရီးလှမေ တို့က အားကိုးဖော် ရှာခိုင်းသေးတယ် ပြောတယ် ။ ဒါပေမဲ့ အမေက “ ကျွန်မ မွေးထားတာ သမီးမိန်းကလေး ပထွေး နဲ့ မဖြစ်ပါဘူး ” ဆိုပြီး ခါးခါးသီးသီး ငြင်းခဲ့တယ် ဆိုပဲ ။ ဒါ့ကြောင့် မိတာ ကြည့်နေကျ ဗီဒီယိုကားတွေ ထဲကလို စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ပထွေးဆိုးဆိုးနဲ့ မိတာ မကြုံရတော့ဘူးပေါ့ ။

မိတာ သိတတ်တဲ့ အရွယ်ရောက်လေ အမေ မိတာ အပေါ် ဘယ်လောက်ထိ ချစ်တယ်ဆိုတာ သိလေပါပဲ ။ မိတာ ကလည်း အမေ့အတွက် သမီးကောင်း တစ်ယောက် ဖြစ်အောင် နေခဲ့တယ်လေ ။ အမေ ပင်ပင်ပန်းပန်းနဲ့ မိတာကို ကျောင်းထား နေရတာ မိတာ သိတာပေါ့ ။

အမေ့ အလုပ်က အတည်တကျရယ်တော့ မရှိဘူးပေါ့ ။ မိတာတို့ ရွာက ရွှေ ၄ ရွာ ထဲက တစ်ရွာပေါ့ ။ မိတာတို့ နေတဲ့ ရွှေပေးရွာ အပါအဝင် ရွှေသင်းဖြူး ၊ ရွှေပဟိုရ် ၊ ရွှေကန်သာ ဆိုပြီး ရွှေနာမည်နဲ့ စတဲ့ ရွာ ၄ ရွာ ရှိတယ် ။ အလှူအတန်း ရက်ရောတာ ၊ တစ်အိမ်နဲ့ တစ်အိမ် ၊ တစ်ရွာနဲ့ တစ်ရွာ ကူညီရိုင်းပင်းကြတာများ သွေးမတော်ပေမယ့် တကယ့် ဆွေမျိုးအရင်းတွေ အတိုင်း ပဲ ။

“ သမီး ဒယ်အိုးထဲမှာ အမေ ပြောင်းဖူးကြော် ထားတယ် ။ … နောက်ပြီး မကျည်းသီးလေး ထောင်းပေးထားတယ် ... ထမင်းချိုင့် ထည့်သွားနော် ။ ခဏခဏ သမီး ဆရာကြီးက ကျွေးနေရတာ အားနာဖို့ ကောင်းတယ် ။ နောက်ပြီး ဆရာကြီး ကိုလည်း အမေတို့က ဘာမှ ကန်တော့နိုင်တာ မဟုတ်ဘူး ”

အမေ့စကားကြောင့် မိတာ ဆရာကြီးနဲ့ ဆရာမလေးကို သတိရ သွားမိတယ် ။ ဒယ်အိုးထဲက ပြောင်းဖူးကြော်တွေကို ပိုပိုသာသာလေး ထမင်းချိုင့်ထဲ ခပ်ထည့် လိုက်တယ် ။ ဟိုတစ်နေ့က ဆရာကြီး ထမင်းစား နေတုန်း မိတာ ကြည့်မိတော့ ဟင်းက မည်မည်ရရ မရှိဘူးလေ ။ မိတာ လည်း ပါလာတဲ့ ပြောင်းဖူးကြော်လေးကို ဆရာကြီးက မိတာ ဘာသာ စားဆိုပြီး ငြင်းပါသေးတယ် ။ မိတာ က ဆရာကြီး စားစေချင်လို့ ယူလာတာ ဆိုပြီး ညာပြော လိုက်တော့မှ ယူထားတာလေ ။

ခဏနေတော့ ဆရာကြီး သမီး ဆရာမလေး ကလည်း မြို့ကနေ ရောက်လာတယ် ။ ဆရာကြီးက ပြောင်းဖူးကြော် ကျွေးနေသံ မိတာ ကြားခဲ့ရတယ် ။ ဆရာမလေး စာသင်ချိန် ရောက်တော့ “ မိတာ ယူလာတဲ့ ပြောင်းဖူးကြော်လေးက သိပ်ကောင်းတာပဲကွယ် … ခုလို ကျွေးရတဲ့ ကုသိုလ်ကြောင့် ငါ့တပည့်မလေး ဂုဏ်ထူးတွေ အများကြီးနဲ့ စာမေးပွဲ အောင်ပါစေ ” ဆိုပြီး ဆုတွေ ပေးလာတယ် ။ မိတာ ရင်ထဲ ဘယ်လို ဖြစ်သွားမှန်း မသိဘူး ။ ပျော်လည်း ပျော်သလို ဘယ်လိုကြီးမှန်း မသိပါဘူး ။ တစ်ခုခုလည်း ခံစားလိုက်ရတယ် ။ မိတာ ကျွေးတဲ့ ပြောင်းဖူးကြော်လေးကို နှစ်နှစ်ခြိုက်ခြိုက် စားတယ်ဆိုတာ သိရလို့လည်း မိတာ ကျေနပ်တယ် ။ နောက်နေ့ကျရင် ဆရာမလေးဖို့ ပြောင်းဖူးကြော် ယူခဲ့ဦးမှလို့ အဲ ကတည်းက မိတာ ဆုံးဖြတ်ခဲ့မိတာ ။

ဒီနေ့တော့ အတော်ပဲ ။ အမေက ပြောင်းဖူးကြော် ချက်တယ်တဲ့ ။ မိတာ ဆရာမလေးကို ကျွေးချင်နေတာ အံကိုက် ဖြစ်သွားတာပေါ့ ။ မိတာ ထမင်းချိုင့် ထည့်တိုင်း ပြီးစလွယ် ထည့်တတ်တာ အမေ သိလို့ထင်ရဲ့ ။ မိတာ ထမင်းချိုင့်ကို စူးစမ်းလာတယ် ။

“ ဟင် သမီး … ဒီနေ့ကျမှ ဟင်းတွေ များလှချည် လား ၊ ပြောင်းဖူးတွေ အရမ်းစားပြီး မိုးအေးအေးနဲ့ ဗိုက် လည်း နာနေဦးမယ် ”

“ ဆရာမလေးက ပြောင်းဖူးကြော် ကြိုက်တယ်ဆို လို့ မိတာ ပိုထည့်သွားတာပါ အမေ ”

“ ဩ ... အေးအေး ... ကြိုတော့ မပြောဘူးကွယ် ၊ အမေ အချပ်ကလေးတွေ လုပ်ပြီး ကြော်ပေးတာပေါ့ ”

အမေက စေတနာသန်စွာ ပြောရှာတယ် ။ မိတာ ကြိုမပြောဘူး ဆိုတာ အမေ့ကို သနားလို့ပါ ။ အမေ့ ခမျာ အလုပ်က အရမ်း ပင်ပန်းရှာတာ ။ ခုလို မိုးတွင်းကာလ ဆိုရင် အမေ့ အလုပ်က ပြောင်းဖူးကို နေ့စားနဲ့ ခြွေတာပေါ့ ။ အဖူး တစ်ရာလောက် ခြင်းကြီး တစ်ခြင်း ပြီးအောင် ခြွေနိုင်မှ ငွေလေး လေးရာပဲ ရတာမလား ။ တစ်ခါတစ်ခါ များဆို အမေ့ လက်မှာ အနာလေးတွေတောင် ဖြစ်လို့ ။ ထမင်းစားတိုင်း ငါးပိရည်ထဲက ငရုတ်သီးဖတ်တွေက အမေ့လက်ကို ကပ်ပြီး အမေ့ ခမျာ အရမ်း စပ်နေရှာတာ ။

“ အမေမှ မအားတာ အမေရယ် ... ၊ ဒီအတိုင်းလေး ကြော်တာလည်း ကောင်းပါတယ် ။ ဟိုနေ့ကဆို ဆရာမလေးက စားကောင်းလို့တဲ့ ချီးကျူးတာ အမေရ … ။ အတန်းထဲက သူများတွေဆို မိတာကို အားကျတဲ့ အကြည့်နဲ့ ကြည့်နေတာ အမေရ... ”

မိတာ အမေ့ကိုပါ ထပ် ကြွားမိတယ် ။ မိတာ ဆီက အပျော်တွေ အမေ့ဆီ ကူးကုန်တယ်ထင်ရဲ့ ။ အမေ့ မျက်ဝန်းမှာ အပျော်ရိပ်တွေ ဖြတ်ပြေး သွားတာကို မိတာ တွေ့လိုက်ရတယ် ။

“ အမေ မိတာ သွားပြီနော် ၊ နားနားနေနေ ခြွေနော် အမေ … ၊ အမေ့လက်က အနာတွေက ပျောက်သေးတာ မဟုတ်ဘူး ။ မိတာ ကျောင်းက ပြန်လာရင် ခြွေကူမယ်နော် ၊ မိတာ က အမေ့ထက် မြန်တယ် ”

မိတာ စကားကြောင့် အမေ တစ်ချက် ငိုင်သွားတယ် ။ မိတာ မှာမယ့်သာ မှာရတာ အမေ တွန်းလုပ်မယ် ဆိုတာ မိတာ ကောင်းကောင်း သိနေတယ် ။ ကျောင်းသွားတိုင်း ၊ ကျောင်းက ပြန်လာတိုင်း ကြွက်စုတ်ဖြစ် ပြန်လာတဲ့ မိတာကို အမေ သနားနေတာ ကြာပြီလေ ။ ဒါတောင် မိတာ ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေလို့ ။ အဲ … ဒေါင်ဒေါင်မြည်တယ် ဆိုမှ ပြီးခဲ့တဲ့ တစ်ပတ်က မိတာ ဖျားသေးတယ် ။ တုပ်ကွေး မိတာလေ ။ မိတာ ဖျားနေလို့ ကျောင်းမလာနိုင်လို့ ဆိုပြီး ဆရာမလေးက အေးမာ နဲ့ ဆေးပေးလိုက်သေးတယ် ။ မိတာလည်း ဆရာမလေး ပေးလိုက်တဲ့ ဆေးသောက်ပြီးမှ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတာ ။ အမေကတော့ ပြောတယ် ။ ဆရာ့စေတနာ စစ်မှန်လို့ ဆေးဖက်ဝင်တာတဲ့ ။

အဲဒီ ဖျားပြီး ကတည်းက အမေက မိတာဖို့ မိုးကာလေး ဝယ်ပေးချင်တယ် ခဏခဏ ပြောရှာတာ ။ မိုးကာ တစ်ထည်ဆို အနည်းဆုံး ခုနစ်ထောင် ၊ ရှစ်ထောင်တော့ ရှိမှာပေါ့ ။ မင်းသား ၊ မင်းသမီးတွေ ကြော်ငြာတဲ့ မိုးကာတွေဆို တစ်သောင်းကျော်တယ်ပြောတယ် ။ မိတာတို့ အခန်းထဲက စိုးစိုး ပြောပြတာလေ ။ စိုးစိုးအဖေက ရွာလူကြီး ဆိုတော့ စိုးစိုး လက်ညှိုးညွှန်ရာ လက်ထဲ ရောက်အောင် လုပ်ပေးနိုင်တာပေါ့ ။

အမေ ကတော့ ပြောတယ် ။ အရင်ဘဝက ကုသိုလ် ကံ အကျိုးပေးတွေပေါ့တဲ့ ။ “ ဒါဆို မိတာတို့ ခုဘဝ ဆင်းဆင်းရဲရဲ နေနေရတာ အရင်ဘဝက အကုသိုလ်တွေ လုပ်ခဲ့လို့ပေါ့နော် ” လို့ အမေ့ကို ပြန်မေးမိတော့ “ စိတ်ထားကောင်းရင် ကံကောင်းတတ်ပါတယ် သမီးရယ် စိတ်ကောင်းလေးသာ အမြဲ မွေးနော် ” တဲ့ ။ အမေ မနက်ခင်းတိုင်း ဖွင့်ထားတတ်တဲ့ ရွှေအက်ဖ်အမ် ရေဒီယိုလေး ကနေ ဆရာတော် အရှင်ဆေကိန္န ဟောတဲ့ တရားတွေကို နေ့တိုင်း မိတာ နာရတာပဲ ။ ကိုယ့်ဘဝကိုယ် စိတ်ပျက်မယ့် အစား လက်ရှိ အချိန်လေးကို အကောင်းဆုံး ဖြတ်သန်းရမယ် ဆိုတာ မိတာ ကောင်းကောင်း သိပါတယ် ။

ကျောင်းရောက်တော့လည်း ဆရာကြီးနဲ့ ဆရာမလေးက အမြဲ ဆုံးမတတ်တယ်လေ ။ စာသင်နေရင်းနဲ့ မိတာတို့ ကို ဘဝနဲ့ ဆက်စပ်ပြပြီး အမြဲ ဆုံးမတယ် ။ ဆရာမလေးက ဘွဲ့ တွေ ၃ ခုတောင် ရထားတယ် ဆိုပဲ ။ အသက်ငယ်ငယ်လေးနဲ့ ခုလို နေရာ ရောက်လာအောင် ကိုယ့်အစွမ်းအစနဲ့ ကြိုးစားခဲ့ရတာတဲ့ ။ ကျောင်းဆရာ တစ်ယောက်ရဲ့သမီးဘဝမို့ လက်ထဲလည်း ငွေမသီးနိုင်ခဲ့ဘူးတဲ့လေ ။ အရာရာကို ငွေနဲ့ တံတားခင်းရင် အဆင်ပြေနေတဲ့ ခေတ်မှာ ကိုယ့်ရဲ့ ကံ ၊ ဉာဏ် ၊ ဝီရိယ ကိုပဲ အားကိုးခဲ့ရတာတဲ့ ။

နောက်ပြီး ဆရာမလေးက ပြောသေးတယ် … “ အောင်မြင်သူတိုင်း အတွက် လောကကြီးက နေရာ တစ်နေရာ ချန်ထားပါတယ် ” တဲ့ ။ မိတာ ဆရာမလေးကို ချစ်ရတဲ့ အဓိကအချက်က အဲဒီလို မှတ်သားစရာလေးတွေ အမြဲ ပြောတတ်တာပဲ ။ ဆရာမလေးနဲ့ စာသင်ပြီးရင် မိတာရဲ့ ဟိုးအဝီစိ ထိ ကျနေတဲ့ စိတ်ဓာတ်တွေက ချက်ချင်းဆိုသလို ဟုန်းခနဲ ပြန်တက်လာတယ် ။

[ ၂ ]

“ ဟင် … ရေတွေ အရမ်း တက်နေပါလား ”

ဆရာမလေး အကြောင်း စဉ်းစားလိုက် ၊ အမေ့ အကြောင်း တွေးလိုက်နဲ့ တဝေါဝေါ ရွာချနေတဲ့ မိုးတွေကို မိတာ တစ်ခဏ မေ့သွားခဲ့တယ် ။ ချောင်းရေတွေ အရမ်း တက်နေတာကို တွေ့လိုက်တော့မှ မိတာ စိတ်က ပစ္စက္ခ ကို ပြန်ကပ်မိတယ် ။ ခပ်လှမ်းလှမ်းမှာ စာသင်ကျောင်းလေးကိုတောင် မြင်နေရပြီ ။ မိုးက အရမ်း သည်းတာမို့ ကျောင်းသွပ်မိုး နီနီတွေကို ဝိုးတဝါးပဲ မြင်ရတယ်လေ ။

ဒီကျောင်းမှာ မိတာတို့လို မရှိဆင်းရဲသား ကျောင်းသူ ကျောင်းသားလေးတွေ အယောက် ခုနစ်ဆယ်ကျော် ရှိတယ်လေ ။ အဲဒီ ကျောင်းလေးရဲ့ ပဲ့ကိုင်ရှင်က မိတာ သိပ်ချစ်တဲ့ ဆရာမလေးရဲ့ အဖေ ဆရာကြီးပေါ့ ။ ဆရာ ကြီးက ဒီကျောင်းလေးမှာ တာဝန်ကျလာတာ မိတာ တစ်သက် မပြောနဲ့ အမေတို့ ငယ်ငယ် ကတည်းက ဆိုပဲ ။ မိတာ အမေတောင် ဆရာကြီး တပည့် ဖြစ်ခဲ့သေးတယ်တဲ့ ။ ရှစ်တန်း အောင်ပြီးတော့ အမေက ကျောင်းဆက် မတက် နိုင်တော့လို့ ထွက်လိုက်ရတယ်တဲ့လေ ။ ဒါကြောင့် အမေက မိတာကို ဆယ်တန်း အရမ်း အောင်စေချင်တယ် ။

ဆရာကြီးက ဟိုးကတည်းက စေတနာ သိပ်ထက်သန်တာတဲ့ ။ အမေတို့ တုန်း ကတည်းက ကျောင်းမနေ နိုင်တဲ့ သူတွေဆို ကျောင်းထားပေး ၊ စာအုပ် ၊ ဘောလ်ပင်တွေ ဝယ်ပေးနဲ့ အမြဲပေးတာတဲ့ ။ လကုန်လို့ လစာ ထုတ်ရင် ဆရာကြီး လခလည်း အမြဲ ပြောင်တာပဲတဲ့ ။ ဒါကြောင့်မို့လည်း လူတိုင်း လိုလိုက ဆရာကြီး အတွက် ဆို ဘာပဲ လုပ်ပေးရ လုပ်ပေးရ အမြဲ အဆင်သင့် ရှိနေတာတဲ့လေ ။ ဒါပေမဲ့ ဆရာကြီး လက်က ပေးကမ်းဖို့ အတွက်ပဲ အဆင်သင့် ဖြစ်နေတတ်တာတဲ့ ။ ရယူဖို့ ဆိုရင် အင်မတန် ဝန်လေးတတ်တာတဲ့ ။ အဲဒီလို စိတ်ဓာတ်ကြောင့်ပဲ ကိုယ်ကျိုး မဖတ်တဲ့ ခုလို ပရဟိတစာသင်ကျောင်းလေးကို ဆရာကြီး ထူထောင်နိုင်ခဲ့တာပေါ့  ။

မိတာတို့ ဆိုလည်း ဆရာကြီးက အရမ်း စာနာတတ်တာ ။ ဆရာကြီးရဲ့ ကျောင်းမှာ မိတာတို့ ဆယ်တန်း တက်တယ်လေ ။ မိတာတို့ ကျောင်းက ထ ( ခွဲ ) ဖွင့်တာ မကြာသေးဘူး ။ ပြီးခဲ့တဲ့ နှစ်ကမှ ဖွင့်တာလေ ။ ဒီတော့ မိတာတို့ အဆင်ပြေ သွားတာပေါ့ ။ စိုးစိုး ဆို မြို့ကျောင်း သွားတက်တာ ။ တစ်လတစ်လ ကုန်လိုက်ရတဲ့ ကျူရှင်စရိတ် ၊ ကျောင်းစရိတ်နဲ့တင် စိုးစိုး အမေ သူကြီးကတော် လည်း မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေလေရဲ့ ။

မိတာတို့ ကတော့ ဆရာကြီး ကျေးဇူးနဲ့ ကျူရှင်ခ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ ဆယ်တန်းနေခွင့် ရတယ်လေ ။ ခုဆို ဆရာကြီးသမီး ဆရာမလေးကပါ မိတာ တို့ကို သိပ်ချစ်တာမလား ။ ကျောင်းပိတ်ရက်တိုင်း မိတာတို့ ကျောင်းလေးကို ရောက်လာပြီး မိတာတို့ကို အင်္ဂလိပ်စာ သင်ပေးတာလေ ။ မိတာတို့ ကျောင်းမှာဆို အင်္ဂလိပ်စာ နားမလည်ဘူးလေ ။ အင်္ဂလိပ်ဆရာ ကလည်း ဘိုလိုချည်း မှုတ်နေတာ ။ ဘယ်လိုလုပ် သိမှာလဲ နော့ ။ ဆရာမလေး သင်ပေးမှ မိတာတို့ နားလည်လာတာ ။ ဆရာမလေးနဲ့ မသင်ခင်ကဆို အင်္ဂလိပ်စာကို သရဲကြောက်သလိုကို ကြောက်တာ ။

“ ဆရာမလေး မွေးနေ့တောင် ရောက်တော့မယ်နော့ ။ ငါတို့ ဒီနှစ်လည်း ဘာရမလဲမသိဘူးနော့ မိတာ ”

တစ်နေ့က အေးမာ မေးလာတာလေ ။ မိတာ လည်း အေးမာ သိချင်သလို သိချင်မိတာ အမှန်ပဲ ။ မနှစ်က ဆရာမလေး မွေးနေ့တုန်းကဆို မိတာတို့ ဖို့ဆိုပြီး စာအုပ်တွေ ဘောလ်ပင်တွေ ဝယ်ပေးတာ အလှူ လုပ်တာတဲ့ ။ နောက်ပြီး မိတာတို့ တစ်ခါမှ မစားဖူးတဲ့ ကုန်းထက် ဆိုလား ၊ ကုန်းတက် ဆိုလား ကြက်သားတုံးတွေနဲ့ ဆီတွေ နယ်ထားတဲ့ ထမင်းဘူးတွေ ဝေတာလေ ။ စားလို့တော့ သိပ်ကောင်းသား ။ မိတာတို့လို အစားကြမ်း တောသူမတွေ အဖို့တော့ နံကြားတောင် ဘယ်ညှပ် မလဲလေ ။ ဆရာမလေး ကလည်း မိတာတို့ အစားပုပ်တာ သိတယ် ထင်ပါရဲ့ ။ ကြက်ဆီထမင်းဘူးတွေ အောတိုက် သယ်လာတာ ။ စားသောက်ပြီးတော့ ဆရာမလေးက စာအုပ်တွေ ဝေတယ်လေ ။ အားလုံး ပြီးစီးတော့မှ မိတာတို့ကို မွေးနေ့လက်ဆောင် တောင်းတယ် ။ သီချင်းဆိုတဲ့ သူက ဆို ကတဲ့ သူက ကခိုင်းတယ် ။ ရွာဘုရားပွဲဆို မိတာတို့က စင်ပေါ်က ဆင်းတဲ့သူမှ မဟုတ်ဘဲ ။ ဆရာမလေး မွေးနေ့ပွဲမှာ မိတာက ပင်တိုင်မင်းသမီးပေါ့  ။

နောက်ရက်ကျတော့ မိတာ နဲ့ အေးမာ တိုင်ပင်ပြီး ဆရာမလေးဖို့ ခေါင်းစီးကွင်းလေး ဝယ်လာခဲ့တယ် ။ တစ်ယောက် တစ်ဝက် စပ်ဝယ်တာပေါ့ ။ တစ်ယောက်တည်းကျတော့လည်း မတတ်နိုင်ဘူးလေ ။ ဒါတောင် ဆရာမလေး စီးနေကျ ကျောက်လှလှလေးတွေနဲ့ ဈေးကြီးတဲ့ဟာ မဟုတ်ဘူး ။ မိတာတို့ တကယ် ဝယ်ပေးချင်တာကတော့ စောနကလို ဟာမျိုးပေါ့ ။ မတတ်နိုင်တာနဲ့ အေးမာ နဲ့ ပေါင်းဝယ်ပေးရတာလေ ။ ဆရာမလေးက မယူဘူး ငြင်းတယ် ။ မိတာတို့ကို ဝယ်လာလို့ ဆိုပြီး ဆူချင်သလိုတောင် ပြောတယ် ။ မိတာတို့လည်း စိတ် မကောင်း ဖြစ်ပြီး မျက်ရည်လေးတွေ ဝိုင်းလာတာပေါ့ ။ ဒီတော့မှ ဆရာမလေးက ယူရှာတယ် ။ ဆရာမလေး ဘာကြောင့်ငြင်းတယ်ဆိုတာ မိတာတို့ သိတာပေါ့ ။ ဒါပေမဲ့ မိတာတို့လည်း တစ်ခါတလေလေး ဆယ်ခါရံ တစ်ရံလောက်တော့ ခုလိုလေး ပေးချင်တာပေါ့ ဆရာမလေးရယ် ။

“ ဒုက္ခပါပဲ … ရေတွေကလည်း အရှိန် ပြင်းလိုက်တာ လည်ပင်းတောင် ရောက်နေပြီ ။ ငါ့ကို စိုတာ စိုပါစေ ဟေ့ … ဆရာမလေး အတွက် ပြောင်းဖူးကြော်လေးကို တော့ နင်တို့ ချမ်းသာပေးနော် ”

ဆရာမလေး အကြောင်း တွေးရင်း မိတာ ချောင်းကူး လာခဲ့တာ လည်ပင်းနားက အေးလာမှ လက်ရှိ အခြေအနေကို သတိကပ် မိတယ် ။ မိတာ တစ်ယောက်တည်း ပွစိပွစိနဲ့ မျက်စိရှေ့က ရေတွေကို ပြောနေမိတယ် ။ ဒီချောင်းက မိတာတို့ ရွာတွေသာ မကဘူး အနီးအနားက ရွာတွေ အတွက်တော့ တကယ့် ကျေးဇူးရှင်ပဲလေ ။ ဆင်တွေ ချောင်းကို ကူးရင်း သေကြလို့ ဆင်သေချောင်းလို့ တွင်တယ် ပြောတာပဲ ။ ခုလို မိုးရာသီဆို ဟိုးအထက်က ရေဆင်းဆည်က ဆည် ဖောက်ချတယ်လေ ။ အဲက ရေတွေ ဒီချောင်းထဲ လာ ပေါင်းစီးတော့တာပေါ့ ။ မိတာတို့ ကတော့ ငယ်ငယ် ကတည်းက ချောင်းဘေး နေခဲ့ရလို့လား မသိဘူး ။ ရေဆို ငယ်ပေါင်းကြီးဖော်ပဲ ။ ရေကူးတာများ ကျွမ်းချက် ၊ မှောက်လျက် ကူးမလား ၊ ပက်လက် ကူးမလား ၊ ရေငုပ် ပြိုင်မလား လာခဲ့ ... ။ မိတာ အကျွမ်းကျင်ဆုံး အရာလို့တောင် ပြောလို့ ရတယ်လေ ။

လွယ်အိတ်ထုပ်လေးရယ် ၊ လဲဖို့ အဝတ်အစားထုပ် လေးရယ်ကို ခေါင်းပေါ် ရွက်ပြီး မိတာ ချောင်းရေကို ဖြတ်ကူးလာခဲ့တယ် ။ လေကပါ တိုက်နေတော့ သွားရတာ ခြေလှမ်းက မတွင်ဘူးပေါ့ ။ မိတာ စိတ်ထဲ ဒီနေ့ တော့ ခေါင်းပေါ်က စာအုပ်ထုပ်ထက် မိတာ ချိုင်းကြားမှာ ပိုက်ထားတဲ့ ထမင်းထုပ်လေး ဆီပဲ အာရုံ ရောက်နေမိတယ် ။ စိုမှာ စိုးလို့ အပေါ်အင်္ကျီ အတွင်းအိတ်ထဲ ပြွတ်သိပ် ထည့်ခဲ့တဲ့ ထမင်းထုပ်လေး ထဲမှာ ဆရာမလေးကို မိတာ အရမ်း ကျွေးချင်နေတဲ့ ပြောင်းဖူးကြော်လေး ပါလာတယ်လေ ။

“ အမေ့ ”

စိတ်က စောနေလို့လား မသိဘူး ။ မိတာ ခြေတစ်ဖက် ချိုင့်ထဲ ကျသွားတယ် ။ အမေသာ မြင်ရင် မိတာကို စိတ်ပူပြီး ပြောလို့ ဆုံးမှာကို မဟုတ်ဘူး ။ လည်ပင်းထိ ရောက်နေတဲ့ ရေတွေက မိတာ မျက်စိထဲ အလုံးအရင်း ဝင်လာတယ် ။ စပ်လိုက်တာ ၊ စပ်နေလို့ မဖြစ်ဘူး ။ မိတာ ကျောင်းကို မြန်မြန်ရောက်ဖို့ အရေးကြီးတယ်မလား ။ မိတာ အားတင်းပြီး ဆက်လျှောက်လာခဲ့တယ် ။ မိတာ ရဲ့ ကြိုးစားမှုကြောင့်လား မသိဘူး ။ မိတာ ခြေထောက်တွေ ပိုသွက်လာတယ် ။ ဒါကြောင့် ဆရာမလေးက ပြောတာ ကြိုးစားသူတိုင်းကို လောကကြီးက ပစ်မထားတတ်ဘူးတဲ့ ။ လျှောက်စမ်း မိတာရေ … ။ ညည်း ရောက်တော့မယ် ။ ညည်း အသွားချင်ဆုံး နေရာလေးကို ရောက်တော့မယ် ။ ညည်း သိပ်ကျွေးချင်တဲ့ ပြောင်းဖူးကြော်လေးကို ကျွေးရတော့မယ် ။

အတွေးများနဲ့တင် မိတာ ပျော်ရွှင်လာမိတယ် ။ ဒီတစ်ခါ မိတာ ကျွေးတဲ့ ပြောင်းဖူးကြော်လေး စားပြီးရင်ရော ဆရာမလေး အရင်လို ချီးကျူးဦးမှာပဲလား ။ သူငယ်ချင်းတွေကရော မိတာကို အားကျတဲ့ အကြည့်နဲ့ ကြည့်ကြဦးမလား မသိဘူး ။ မိတာ သိချင်စိတ်နဲ့ ရင်ခုန်သံတွေ မြန်လာမိတယ် ။ လေတွေ ကလည်း အရမ်း တိုက်လာတာပဲ ။ အား ... ချမ်းလိုက်တာ ... ။

[ ၃ ]

“ ဟင် ကျောင်းထဲမှာ လူတွေ ဘာလုပ်နေပါလိမ့် ”

မိတာ ကုပ်ချောင်းချောင်းနဲ့ ကျောင်းထဲ လှမ်းဝင်လာမိတယ် ။ မိုးကလည်း မိ ၊ ချောင်းရေ ကိုလည်း ကူးလာရတာမို့ မိတာ ခိုက်ခိုက်တုန်နေတာတော့ အမှန်ပဲ ။ ဒါပေမဲ့ ကျောင်းထဲ ရောက်ပြီ ဆိုတဲ့ အသိနဲ့ မိတာ ရင် တစ်ခုလုံး နွေးလာတယ် ။ ကျောင်းလေးရဲ့ အထူးသဖြင့် ဆရာကြီးနဲ့ ဆရာမလေးတို့ရဲ့ မေတ္တာဓာတ်လေးက မိတာကို လာခြုံပေးသလို ခံစားလိုက်ရတယ် ။ မိတာ စာသင်ခန်းလေး ရှိရာဆီ ခပ်သွက်သွက် လျှောက်လာခဲ့မိတယ် ။

ဆရာကြီး ထိုင်နေကျ နေရာနားလေးကနေ ကွေ့ ဝိုက်လျှောက်လာမိတယ် ။ ဆရာကြီး နေတဲ့ ရွာက ရွာလူကြီး ဦးလှမောင် နဲ့ လူကြီး လေးငါးယောက်ကို တွေ့လိုက်ရတယ် ။ သူတို့ အာရုံနဲ့ သူတို့ ဘာတွေ ပြောနေကြတယ် မသိဘူး ။ မိတာ လည်း အသာလေး ဖြတ်လျှောက်လာခဲ့တယ် ။ ဆရာကြီးလည်း ဘာတွေ အလုပ်ရှုပ်နေလဲ မသိဘူး ။ အရင်ကလို မိတာ မိုးမိလာတိုင်း စိတ်ပူပြီး မှာတာမျိုး မရှိလာဘူး ။

စာသင်ခန်းထဲ ရောက်တော့ အေးမာ တို့ ၊ နွေနှောင်း တို့ အုပ်စုကို တွေ့လိုက်ရတယ် ။ သူတို့တွေ ကျောင်းလာကြသားပဲ ။ ပြောမယ့်သာ ပြောတာ ဆရာမလေး အချိန်ဆို ဘယ်သူမှ မပျက်ချင်ကြဘူးလေ ။ တစ်ခါတလေ အိမ်တွေက တောထဲ ခိုင်းမှသာ မဖြစ်မနေ ပျက်ကြတာမလား ။ မိုးရွာပါစေ ၊ နေပူပါစေ မိတာတို့ ကတော့ မမှုကို မမှုတာ ။ အောင်ဘုတို့ ယောက်ျားလေးတွေ မိုးရေတွေ စိုနေတယ် ။ မိုးရွာထဲ ဘောလုံး ထွက်ကန်ထားကြ တယ်ထင်ရဲ့ ။ သေချာ ကြည့်တော့မှ သူတို့တွေ ငိုနေကြတယ် ။ ဟင် ဘာဖြစ်လို့ပါလိမ့် ။ ဪ သိပြီ ။ ဆရာကြီး မျက်နှာလည်း မကောင်းဘူး ။ မိုးရွာထဲ ဘောလုံး ထွက်ကန်လို့ ဆူခံထားရတယ် နေမှာပေါ့ ။ ကောင်းတယ် မှတ် ။ မျောက်လောင်းတွေ ဒါမှ ဆင်ခြင်မှာ ။

မိတာ ခုံမှာ ထမင်းချိုင့်လေး တင်ရင်း တစ်စုံတစ်ယောက်ကို လိုက်ရှာမိတယ် ။ ဆရာမလေး ။

မိတာ အတွေ့ချင်ဆုံး ဆရာမလေးကို လိုက်ရှာမိတယ် ။ အခန်းရှေ့ ထွက်ကြည့်မိတယ် ။ ဆရာမလေး ဆိုင်ကယ် မတွေ့ဘူး ။ မိတာ စိတ်ညစ်သွားတယ် ။ ဆရာမလေး မလာရင် ဘယ်လို လုပ်မလဲ ။ မိတာ ကြိုးစားပမ်းစား ယူလာခဲ့တဲ့ ပြောင်းဖူးကြော်လေး ဆရာမလေးကို မကျွေးရတော့ဘူးပေါ့ ။ လာပါတော့ ဆရာမလေးရယ် ... ။ မိတာ မျှော်ရလွန်းလို့ လည်ပင်း တွေ ရှည်နေရပါပြီ ။

“ ဟိုမှာ ဆရာမလေး လာပြီဟေ့ ”

အောင်ဘုက ထ အော်လာတယ် ။ ရုတ်တရက် မိတာလည်း လန့်သွားတယ် ။ သူတို့တွေ ဆရာမလေး ဆီ ပြေးသွားကြတယ် ။ မိတာ လည်း လိုက်သွားမိတယ် ။ ဩ ငါ့နှယ် ဒုက္ခ ၊ ပြောင်းဖူးကြော်ထုပ်လေး ယူဖို့ မေ့နေတယ် ။ ကိုယ့်ဘာသာ ကိုယ် အပြစ်တင်ရင်း မိတာ ယူလာခဲ့တဲ့ ပြောင်းဖူးကြော်ထုပ်လေးကို လှမ်းယူပြီး ဆရာမလေး ရှိရာ လှမ်းသွားခဲ့တယ် ။

“ ဖေကြီး မျက်နှာလည်း မကောင်းပါလား ၊ ဘာဖြစ် လို့လဲဟင် …. ၊ ကလေးတွေ လည်း ငိုထားကြပါလား ”

ဆရာမလေးက မိတာ အသိချင်ဆုံး မေးခွန်းကို ဆရာကြီးကို မေးလိုက်တယ် ။ ဆရာကြီးက ဆရာမလေးကို တွေတွေကြီး စိုက်ကြည့်ပြီး တစ်ခွန်းချင်း ပြောလာတယ် ။

“ သမီး မိတာ ရေနစ်လို့ ဆုံးပြီ ”

“ ဟင် … ဆရာကြီး ဘယ်လို ပြောလိုက်ပါလိမ့် ။ မိတာ မိတာ နားကြားများ လွဲတာလား ။ ဘာလို့ မိတာက ရေနစ်သေရမှာလဲ ။ ခု မိတာ ဆရာကြီးတို့ နားမှာ ရောက်နေတယ်လေ ။ ဆရာမလေး ဖို့တောင် ပြောင်းဖူးကြော် ယူလာခဲ့သေးတယ် ။ မိတာ လက်ထဲက ပြောင်းဖူးကြော်ထုပ်လေးကို ဆရာမလေးကို ကမ်းပေးလိုက်တယ် ။ ဆရာမလေး ဘာလို့ မယူတာပါလိမ့် ။ မိတာ ပေးနေတာကို မမြင်ဘူးလား ။

“ ဟုတ်တယ် ဆရာမလေးရဲ့ ၊ သား ဒီဘက်ကမ်း ရောက်တော့ မိတာ ချောင်းကို ကူးလာတာ တွေ့လို့ စောင့်နေတာ ၊ သူ့ကို ကြည့်ရတာ စိတ်နဲ့ လူနဲ့ မကပ်သလိုပဲ ။ ယိုင်တိုင်တိုင်နဲ့ ခဏခဏလည်း ခြေချော်ကျသေးတယ် ။ သား စိတ်ပူတာနဲ့ လက်လှမ်းပြသေးတယ် ။ သူက မမြင်ဘူးလေ ၊ သား ကြည့်နေတုန်း မိတာ ချောက်ထဲ နင်းမိတယ် ထင်တယ် ဆရာမလေးရယ် မြုပ်သွားတာ ပေါ် မလာတော့ဘူး အီး ဟီး ဟီး ...”

အောင်ဘု … နင် ဘာတွေ ပြောနေတာလဲ ။ ငါ ဒီမှာလေ …. နင့် သူငယ်ချင်း မိတာ နင့် ဘေးမှာလေ ။ ငါက ဘာလို့ ရေနစ် သေရမှာလဲဟ ။ ငါက ရေကူးချန်ပီယံ လေ ။ နင်တို့တောင် ပြောသေးတာကော … ။ မိတာက မိကျောင်း ဝင်စားတာဆို ။ ရေကူးပြိုင်တိုင်း ငါချည်း အနိုင်ရလို့ နင်တို့ ငါ့ကို ပေးခဲ့တဲ့ နာမည်လေ ။ နင် မေ့နေပြီလား ။

ဟင် … ဆရာမလေး .. ဘာလို့ ငိုနေတာလဲ ၊ မငိုပါနဲ့ ဆရာမလေးရယ် သူတို့တွေ လျှောက်ပြောနေတာပါ ။ မိတာလေ ... မိတာ ဆရာမလေး နားမှာ ရှိပါတယ် ။ ဆရာမလေးရဲ့ ။ ဟောဒီမှာ အမေ ကိုယ်တိုင် ကြော်ပေးလိုက်တဲ့ ပြောင်းဖူးကြော်လေးတွေလေ ။ ဆရာမလေးပဲ အရမ်းကြိုက်တယ်ဆို ။ မိတာ ကျွေးချင်လွန်းလို့ ယူလာတာပါ ဆရာမလေးရယ် ။ မိတာ ပြောင်းဖူးကြော်လေးကို အားပါးတရ စားပါနော် ။ အရင်တစ်ခါကလို မိတာကို အေးမာတို့ ရှေ့မှာ မချီးကျူးရင် နေပါ ။ မိတာ ပြောင်းဖူးကြော်လေးကို ဆရာမလေး စားရင် မိတာ ကျေနပ်ပါပြီနော် ။

အမေက ပြောတယ် ဆရာမလေးရဲ့ ။ နောက်တစ်ခါ ဆို ပြောင်းဖူးကို အချပ်လိုက်လေးတွေ ကြော်ပေးမယ်တဲ့ ။ မိတာလည်း ကြော်တတ်တယ် ။ နောက်ဆို မိတာ လက်ရာလေး ကြော်ကျွေးမယ်နော် ။ မငိုပါနဲ့ ဆရာမလေးရယ် ။ မိတာ ဆရာမလေး ငိုတော့ ငိုချင်တယ် ဆရာမလေးရဲ့ ။ မိတာ အယောင်ယောင်အကန်းကန်းနဲ့ ပြောင်းဖူးကြော်ထုပ်လေးကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ဆုတောင်းမိတယ် ။ 

“ အရှင်ဘုရား ဆရာမလေး မငိုအောင် နောက်ပြီး မိတာ ပြောင်းဖူးကြော်လေးတွေကို စားအောင် လုပ်ပေးပါ ဘုရား ”

⎕ ဆုဂျေ
📖စုံနံ့သာ ဝတ္ထုတို မဂ္ဂဇင်း
     ဧပြီ ၊ ၂၀၁၄

No comments:

Post a Comment