Tuesday, September 2, 2025

မိမိ၏ ပထမဆုံးများ


 

❝ မိမိ၏ ပထမဆုံးများ ❞
  ▢  ဆွေမင်း ( ဓနုဖြူ )

( ၁ )

တစ်ခါတစ်ရံတော့ ရေစက်ဆုံခြင်းသည် အံ့ဩဖို့ကောင်းသား ။

( ၂ )

( ၁၉၇၅ ) ခုနှစ် ဝန်းကျင်လောက်ရှိမည် ။ ထိုစဉ်က မိမိက အသက် ( ၁၈ ) နှစ် ။ ဓနုဖြူ မှာ ရှိနေဆဲဖြစ်သည် ။ ကိုးတန်းကျောင်းသား ။ စာတိုပေစတွေ လက်ရောက်ရာ ရေးနေဆဲကာလ ။ ကာတွန်းစာအုပ်များ ဖတ်နေရာမှ မဂ္ဂဇင်းများ ၊ လုံးချင်းဝတ္ထုများကို မြတ်နိုးစွာ ဖတ်ဖြစ်နေခဲ့သည် ။

ကျောင်းစာနှင့် ဝတ္ထုများ ၊ မဂ္ဂဇင်းများ ၊ စွဲလန်းရသော ကာတွန်းစာအုပ်များ ထွေးရောယှက်တင် နေဆဲကာလ ။ ညနေတိုင်း ဓနုဖြူမြို့လယ်ရုံသစ် ( မြန်မာညွန့်ရုပ်ရှင်ရုံ ) သို့ ရောက်သည် ။ စာပေဝါသနာရှင် သူငယ်ချင်း တစ်ယောက်မဟုတ် တစ်ယောက်နှင့် သွားကြမြဲဖြစ်သည် ။ ရုံသစ်မှာ ချစ်သဲ စာပေရှိသည် ။ ယခုလည်း ကိုကျော်ကျော်၏ ချစ်သဲစာပေက ထိုနေရာတွင်ပင် ရှိနေဆဲဖြစ်သည် ။

ပြန်တွက်ကြည့်တော့ နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်နီးခဲ့ပြီ ။ ထိုစဉ်က မိမိဝတ္ထုတိုလေးတွေ ၊ ကဗျာလေးတွေ ဝါသနာအလျောက် ရေးကျင့်နေဖြစ်သည် ။

သောကြာစာစောင်သည် ထိုစဉ်က တစ်ကျပ်တန် ။ ၁၆ ချိုး ။

သောကြာစာစောင်ကိုလည်း လစဉ် မုန့်ဖိုးထဲမှ ဝယ်ဖတ်ဖြစ်ခဲ့သည် ။ စုသည် ။

ဟာသကဗျာလေးတွေ ၊ ဟာသဝတ္ထုတွေ ရေးပြီးပို့၏ ။

( ၃ )

တစ်နေ့ မိမိကျောင်း အရောက် သူငယ်ချင်းစောထွန်းနှင့် စကားပြောဖြစ်သည် ။ စောထွန်း ကား ( ဓနုဖြူ ) စောထွန်း အမည်နှင့် ထိုစဉ်က သောကြာတွင် ကဗျာများ ပါစပြုနေပြီ ။ မိမိတို့ နှစ်ယောက်လုံး ကိုးတန်းကျောင်းသားများ ။

ထိုရက်က လဆန်းရက်ဖြစ်သည် ။ မဂ္ဂဇင်းထွက်ရက် ။ သောကြာ စာစောင်တွင် ဓနုဖြူက တစ်ယောက်ပါသည် ဝတ္ထုတိုလေးဟု စောထွန်းက ပြောသည် ။ မိမိ ဒီလ သောကြာစာစောင် မတွေ့သေး ။ ဘယ်သူလဲဟု မိမိက မေးသည် ။

“ တရုတ်တန်းက တရုတ်မတစ်ယောက်လို့ ထင်တာပဲ ၊ ကလောင်အမည်က မင်းမင်းထွေး ( ဓနုဖြူ ) ” ဟု စောထွန်းက ပြောသည် ။

“ ဟင် မင်းမင်းထွေး ( ဓနုဖြူ ) တဲ့ ဟုတ်လား ”

မိမိက စိတ်လှုပ်ရှားစွာဖြင့် အလောတကြီး မေးလိုက်သည် ။ မိမိ၏ အလျင်စလိုဟန်ကြောင့် စောထွန်းအံ့သြသွားသည် ။

“ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ”

“ ဟာ အဲ့ဒီ မင်းမင်းထွေး ( ဓနုဖြူ ) ဆိုတာ ဘယ်ကလာ တရုတ်တန်းက မိန်းမကမှာလဲဗျာ ကျွန်တော် ကျွန်တော့်ကလောင်အမည် ကျွန်တော့်ဝတ္ထု ”

“ ဟာ ခင်ဗျား နာမည်က ဘယ်နှယ့် မင်းမင်းထွေးတဲ့ မိန်းမနာမည် ဖြစ်နေရတာလဲ ”

မိမိကား ရင်ထဲ၌ ဝမ်းသာပီတိ လှိုင်းကြီးများ ကြွလာသဖြင့် ရုတ်တရက် စကားမပြောနိုင်သေး ။

အနည်းငယ် ရှင်းပြချင်သည်မှာ ထိုစဉ်က မိမိ၌ ဆွေမင်း ( ဓနုဖြူ ) ဆိုသော ကလောင်နာမည် မရှိသေး ။

မိမိနာမည်ရင်းက မောင်ခင်မောင်မြင့် ။ စာတိုပေစလေးတွေ ဝါသနာအရ မနေနိုင်ဘဲ ရေးခြစ်နေသော်လည်း ကလောင်နာမည် ဟုတ်ဟုတ်ငြားငြား မရှိ ။

ထိုစဉ်က မိမိ ဖတ်ဖြစ်ခဲ့သော ဝတ္ထုရေးဆရာများ ထဲတွင် တက္ကသိုလ် မောင်အောင်ဆွေ သည်လည်း နှစ်သက်သည့်အထဲမှာပါ၏ ။ ဆရာတက္ကသိုလ်မောင်အောင်ဆွေ ၏ တတိယအသည်းနှလုံး ( တစ်ခါကတစ်ဘဝ ) မြန်မာကိုရုပ်ဆိုး ၊ ကျွန်တော်နှင့် လေးဖြူဖြူ ၊ အတက်ကားကို ဦးစားပေးပါ ။ အများကြီး ။ ဆရာတက္ကသိုလ်မောင်အောင်ဆွေ၏ ထိုစဉ်က ထွက်ခဲ့သော ဝတ္ထုတိုင်းကို မိမိ ဖတ်ဖြစ်ခဲ့သော်လည်း နာမည်အစုံ မမှတ်မိတော့ ။

ဆရာရေးသော “ ကျွန်တော်နှင့် လေးဖြူဖြူ ” ဝတ္ထုထဲတွင် ဇာတ်လိုက်မင်းသား အမည်က မင်းမင်းထွေး ။ စတီရီယိုတွင် မင်းမင်းလတ်တို့ ခေတ်စားနေသောကာလ ။

ဆရာ့ဇာတ်ကောင် မင်းမင်းထွေးသည် ထိုစဉ်က လှပသော ခေတ်မီသော နာမည်ကလေးဖြစ်၏ ။

မိမိက ထိုနာမည်ကလေးကို ကလောင်နာမည်အဖြစ် ရွေးချယ်လိုက်၏ ။ သောကြာသို့ ဝတ္ထုတိုလေး တစ်ပုဒ်ရေးပို့လိုက်သည် ။

ပါပြီတဲ့ ။ မိမိဝမ်းသာမှုမှာ ဖော်မပြနိုင်တော့ ။

ကျောင်းလစ်ပြီး ချစ်သဲသို့ သွား၏ ။ သောကြာစာအုပ် ဝယ်ပြီး ကမန်းကတန်း လှန်၏ ။ တွေ့ပြီ ။ မင်းမင်းထွေး ( ဓနုဖြူ ) “ ပင်မြင့်စံဂိုဏ်းကို ဖြိုခွဲခြင်း ” တဲ့ ။

ဟာသဝတ္ထုတိုလေး ။ မိမိ၏ ပထမဆုံးသော ပုံနှိပ်စာလုံး ။ ပထမဆုံး ပုံနှိပ်စာနှင့် ပထမဆုံး ဝတ္ထုတိုက သောကြာစာစောင်တွင် ပါရှိခဲ့ပါသည် ။

သောကြာကား မိမိကို စာပေမျိုးစေ့ ပြန့်ပွားပေးခဲ့ရာ ရေသောက်မြစ်သာ ။

( ၄ )

ထိုမှ ဓနုဖြူ သို့ အလည်ပြန်လာသော ဆရာအီကြာကွေး ကို ( ဓနုဖြူ ) စောထွန်းက မိတ်ဆက်ပေး၏ ။

ဆရာအီကြာကွေးနှင့် မိမိက တစ်မြို့တည်းသား ။ သို့သော် ဆရာအီကြာကွေး ရန်ကုန်စာပေလောကသို့ အခြေချသွားရောက် နေထိုင်သည့် အချိန်က မိမိက ( ၅ ) နှစ်သားလောက်သာ ရှိပါဦးမည် ။

မသိ ။ ဆရာအီကြာကွေး ကို မိမိ မြင်ဖူးတော့ ဆရာကွေးက အသက် ( ၄ဝ )ဝန်းကျင် ၊ မိမိက ( ၁၈ ) နှစ်ဝန်းကျင် ၊ ဆရာကွေးနှင့် စတင် တွေ့ဆုံပုံကလည်း အဆန်း ။

ဓနုဖြူဈေးထဲတွင် မိမိတစ်ယောက်တည်း လျှောက်လာစဉ် ( ဓနုဖြူ ) စောထွန်းကို တွေ့ရ၏ ။ သူ့ ဘေးတွင် လူစိမ်းတစ်ဦး ။

“ ဟေ့လူ ဒါဆရာကြီး အီကြာကွေး ”

“ ဟင် ”

မိမိ မင်သက်သွားသည် ။ ဘဝတွင် စာရေးဆရာ ဆိုသူကို နဖူးတွေ့ဒူးတွေ့ တွေ့ဖူးခြင်းပင် ။ ပြီးတော့ သူက မိမိနှင့် တစ်မြို့တည်းသား စာရေးဆရာ ။

“ ဆရာကွေး သူက ဆွေမင်း ( ဓနုဖြူ ) တဲ့ စာလည်း ရေးတယ် ကာတွန်းလည်း ဆွဲတယ် ”

“ ကောင်းတယ်ကွ ငါ့အိမ် လာလည်ဦး ”

ဆန်းသည်မှာ ဆရာကွေးသည် ထိုစဉ်က ပုဆိုးနှင့်ဖြစ်၏ ။ ဆရာကြီးကွေးကား အမြဲတန်း ဘောင်းဘီဝတ်သူဖြစ်သည် ။ ဘောင်းဘီ ၊ ရှူးဖိနပ် ၊ ဆေးပြင်းလိပ် ၊ လွယ်အိတ် ၊ ဦးထုပ် တို့သည် ဆရာကြီးကွေး၏ မူပိုင်ဟန် အမှတ်အသား ။

ဆရာကွေးနှင့် မိမိနှစ်ပေါင်း နှစ်ဆယ်ကျော် မပြတ်မလတ်ဘဲ တွေ့ ကြုံနေရသော်လည်း ဆရာကွေး ပုဆိုးဝတ်သည်ကို သူ့အိမ်တွင်သာ တွေ့ဖူးသည် ။ မြို့ထဲတွင် သူ့ကို ပုဆိုးနှင့် တစ်ခါမျှ မမြင်ဖူးခဲ့ ။

သို့သော် သူနှင့်မိမိ စတင်မိတ်ဆက်ပေးစဉ်က ဓနုဖြူမြို့ထဲတွင် သူက ထူးထူးဆန်းဆန်း ပုဆိုးနှင့် ။ ယင်းကား အဆန်း ။

သို့ဖြင့် မိမိ ရန်ကုန် လာလည်တိုင်း ဆရာကွေး ဆီ ရောက်၏ ။ သူက မဂ္ဂဇင်းတိုက်များသို့ ခေါ်သွားတတ်သည် ။ သောကြာစာစောင်တိုက်သို့လည်း ရောက်၏ ။ အယ်ဒီတာဆရာ ဦးမောင်ကလေး နှင့် မိတ်ဆက်ပေးသည် ။ ထိုလက တိုက်တိုက်ဆိုင်ဆိုင် ဆရာဦးမောင်ကလေး လက်ဆောင်ပေးသော အသစ်စက်စက် သောကြာတွင် မိမိ၏ ကဗျာတစ်ပုဒ် ပါနေသည် ။ မိမိက ဝမ်းသာအားရဖြင့် ထိုကဗျာလေးကို ဆရာကွေးနှင့် ဆရာဦးမောင်ကလေးကို ပြလိုက်၏ ။

ထိုအချိန်ကျတော့ မိမိကလောင်နာမည်သည် တရုတ်မအမည်ဆန်ဆန် ဆရာတက္ကသိုလ် မောင်အောင်ဆွေ၏ ဇာတ်လိုက်နာမည်ကို ကြိုက်၍ ထပ်တူမှည့်ထားသော မင်းမင်းထွေး ( ဓနုဖြူ ) မဟုတ်တော့ ။

မောင်မောင်ဆွေမင်း ( ဓနုဖြူ ) ဖြစ်နေပြီ ။

ယခုကလောင်အမည်နှင့်စာသော် မောင်မောင် နှစ်လုံး ပိုနေ၏ ။ မောင်မောင်မြင့်လွင် ဝတ္ထုတွေ လွှမ်းမိုးနေသော ကာလ မဟုတ်ပါလား ။

ပထမဆုံး စရောက်ဖူးသော စာစောင်တိုက်ကလည်း သောကြာစာစောင်တိုက် ဖြစ်နေပြန်သည် ။

( ၅ )

( ၁၉၇၇ ) ခုနှစ် ၊ သြဂုတ်လတွင် မိမိ ရန်ကုန် ရောက်၏ ။ အသက် ( ၂၀ ) ။ ရန်ကုန် ပန်းချီ ၊ ပန်းပုသင်တန်း တက်ခွင့်ရသည် ။ မိမိကို ကျောင်းလိုက်အပ်ပေးသူက စာရေးဆရာ အီကြာကွေး ၊ ပန်းချီဆရာ ကိုလှိုင်ဘွား ။

( ၁၉၇၇ ) ခုနှစ် ၊ သြဂုတ်လတွင် ရန်ကုန်ရောက်ပြီး မကြာမီ မိမိ သောကြာစာစောင်တိုက်သို့ သွားခဲ့၏ ။ ဆရာဦးမောင်ကလေးကို ယခင်က တွေ့ဖူးသည် ။ မိမိက မိမိနာမည် ပြောပြီး မိတ်ဆက်သည် ။ ဆရာ အီကြာကွေး တပည့် ဟုလည်း ဆရာ့အားကိုး ဝိတ်သုံးသည် ။

သောကြာ စာစောင်တွင် ဝတ္ထုသရုပ်ဖော် ကာတွန်းပုံများ ရေးဆွဲချင်ပါသည်ဟု တင်ပြသည် ။ မိမိ ရေးဆွဲထားသော ကာတွန်းပုံများကိုလည်း ပြသ၏ ။

ဆရာဦးမောင်ကလေးက ဝတ္ထုတစ်ပုဒ်ကို ပေးဖတ်သည် ။ “ ဒီဝတ္ထုကို ဖတ်ကြည့် ဘယ်လိုသရုပ်ဖော်မလဲ ပြော ” ဟု ပြောသည် ။

မိမိလည်း လက်ရေးစာမူစာရွက်များကို ယူလိုက်သည် ။ ဆရာအီကြာကွေး ဝတ္ထု ။ ဆရာဦးမောင်ကလေးကား မိမိသည် ဆရာအီကြာကွေး တပည့်ဟုဆိုသဖြင့် ဆရာအီကြာကွေး ဝတ္ထုပေးဖတ်ခြင်း ဖြစ်ပေမည် ။

သရုပ်ဖော်ရမည့်အကွက်ကို မိမိ က ပြောပြ၏ ။ လက်ဖက်ရည်ဆိုင်တွင် ဂုရုကွေး အပါအဝင် လူသုံးယောက် ထိုင်စကားပြောနေပုံသာ ဖြစ်သည် ။

ထိုပုံကို ဆွဲခဲ့ဖို့ ဆရာဦးမောင်ကလေးက မှာ၏ ။ မိမိနေထိုင်ရာ ပန်းချီပန်းပုဆောင်တွင် ထိုသရုပ်ဖော်ပုံကို ကြိုးစားပန်းစားဆွဲ ပြီး သွားပို့ခဲ့သည် ။

အောက်တိုဘာလ သောကြာစာစောင်တွင် မိမိ၏ ပထမဦးဆုံးသော ဝတ္ထုသရုပ်ဖော်ပုံ ပါခဲ့သည် ။ မိမိကား မိမိပုံပါသော သောကြာစာစောင်လေးကို ကိုင်ပြီး ပီတိဖြစ်မဆုံး ။

( ၆ )

( ၁၉၉ဝ ) ခုနှစ် ဝန်းကျင်ကျ မိမိက မြိုင်ရာဇာတွတ်ပီဖြင့် အောင်မြင်နေပြီ ။ ( ၁၉၉၇ ) ခုနှစ် သြဂုတ်မှ စ၍ မိမိ တွတ်ပီစာအုပ်တိုက်မှ တတိုင်းမွှေးကာတွန်းဂျာနယ် အပတ်စဉ်ကို စီစဉ်ထုတ်ဝေဖြစ်သည် ။ ထိုမှ ကိုဝေသာနှင့် မိမိ တပူးတွဲတွဲ ဂျာနယ်ထုတ်ဝေရေးကိစ္စ နေ့စဉ်နှင့်အမျှ လုံးပန်းရသည် ။

အပတ်စဉ်ဂျာနယ်နှင့် မိမိတို့ တင်းမတိမ် ။ လစဉ်မဂ္ဂဇင်း ထုတ်ဝေချင်သည့် ချဉ်ချင်းတပ်သည် ။ ထိုစဉ်က သောကြာစာစောင် မထွက်တော့ ။

မဂ္ဂဇင်းထုတ်ဖို့ စဉ်းစားကြတော့ မိမိတို့က ကာတွန်းဆရာများမို့ ဟာသဦးစားပေး မဂ္ဂဇင်းကို ပိုကြိုက်သည် ။

သို့ဖြင့် သောကြာစာစောင်ကို မိမိတို့ ထုတ်ဝေဖို့ ဆက်သွယ်ကြည့်သည် ။ ပထမကာလတွင် မောင်မောင်လေး မှ တစ်ဆင့် ပြောသည် ။ ထို့နောက် ဆရာအီကြာကွေး နှင့် တစ်ဆင့် ဆက်သွယ်သည် ။ ဆရာ ဦးမောင်ကလေး မှ မိမိတို့ကို ထုတ်ဝေခြင်း ပူးတွဲလုပ်ဖို့ စိတ်ဝင်စားကြောင်း သိရသည် ။ ( ၁၉၉၉ ) ခုနှစ် ၊ ဇူလိုင်ကျတော့ သောကြာစာစောင် ပြန်လည် ထုတ်ဝေခွင့်ရသည် ။

သို့ဖြင့် မိမိ ပထမဆုံးသော ထုတ်ဝေသည့် မဂ္ဂဇင်းကလည်း သောကြာမဂ္ဂဇင်း ဖြစ်နေပြန်သည် ။

( ၇ )

မိမိ ဖြတ်သန်းခဲ့သော ခရီးစဉ်ကို အစ ပြန်ကောက်သော် ပထမဆုံး ရေးသားခဲ့သည့် ဝတ္ထုတိုမှာ သောကြာစာစောင် ( ၁၉၇၅ ) ခုနှစ် ဝန်းကျင် ။

ပထမဆုံး တွေ့ဆုံခဲ့ဖူးသော အယ်ဒီတာမှာ သောကြာ ဦးမောင်ကလေး ( ၁၉၇၆ ) ခုနှစ် ။

ပထမဆုံးရေးခဲ့သာ ဝတ္ထုတို သရုပ်ဖော်ကာတွန်းပုံမှာ သောကြာ စာစောင်ပါ ဆရာအီကြာကွေး ဝတ္ထု ( ၁၉၇၇ ) ခုနှစ် အောက်တိုဘာလ ။

မိမိ ပထမဆုံးသော တာဝန်ယူစတင် ထုတ်ဝေသည့် မဂ္ဂဇင်းမှာ သောကြာစာစောင် ။

မိမိဘဝ၏ ပထမဆုံးများဖြစ်၏ ။

( ဂ )

တစ်ခါတစ်ရံတော့ ရေစက်ဆုံခြင်းသည် အံ့ဩဖို့ အကောင်းသား ။

▢  ဆွေမင်း ( ဓနုဖြူ )
📖 သောကြာမဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၂ဝဝဝ ခုနှစ်

No comments:

Post a Comment