❝ တိုးလေး ❞
( ကြပ်ကလေး )
ညွန့်ရှိန် နှင့် သိန်းမောင် တို့ သူငယ်ချင်း နှစ်ယောက် စကားပြောဆိုနေကြသော နေရာမှာ ရန်ကုန် နှင့် များစွာ မဝေးလှသော အရပ်ရှိ ဘူတာရုံ ဝင်းထဲတွင် ဖြစ်လေသည် ။ ယင်းဘူတာရုံ ထဲ တွင် စကားပြောဆိုနေကြ သော နေရာမှာ ရန်ကုန် နှင့် များ စွာမဝေးလှသော အရပ်ရှိ ဘူတာရုံဝင်း ထဲတွင် ဖြစ်လေသည် ။ ယင်းဘူတာရုံ ထဲတွင် စကားပြောနေကြသည် မှာ ညွန့်ရှိန် တို့ နှစ်ယောက်တည်းသာ မဟုတ်ပါ ။ လက်ဖက်ရည် ရောင်းသော ကာကာကု,လားနှစ်ယောက်သည် လည်းကောင်း ၊ လက်ဖက်ရည် စားပွဲမှာ ထိုင်နေကြသော လူနှစ်ယောက်သည် လည်းကောင်း ၊ နွားနို့ပုံးကြီးများ ဘေးချကာ သူ့ထက်ငါ လုပြောနေကြသော ဟိန္ဒူကု,လားလေးယောက်သည် လည်းကောင်း ၊ ဘူတာရုံ အစွန်း မြက်ခင်းစပ်တွင် တစ်ယောက်တည်း ထိုင်နေသော အရူးသည် လည်းကောင်း ၊ စကားပြော နေကြပါသည် ။ သို့သော် ညွန့်ရှိန် နှင့် သိန်းမောင် တို့၏ စကားပြောနေကြပုံကို ကျွန်တော်၏ ဝတ္တုထဲ၌ အရေးတယူ လုပ်၍ ရေးသားရခြင်း အကြောင်းမှာ ညွန့်ရှိန် မှာ ကျွန်တော်၏ ဝတ္တုထဲမှ ဇာတ်လိုက် ဖြစ်သောကြောင့် ပင် ဖြစ်ပါ၏ ။ မှန်ပါသည် ။ စာရှုသူမိတ်ဆွေ တွေးမိသည့် အတိုင်းပင် ညွန့်ရှိန် ပင် ဇာတ်လိုက်မကလေးနှင့် တွေ့ရမည်ဖြစ်ပါသည် ။
အချိန်ကား ညနေ ၅ နာရီခန့် ပင် ရှိပါသေး၏ ။ သူတို့ နှစ်ယောက် မှာ လူ ကြိုစရာ ရှိသောကြောင့် ဘူတာရုံသို့ လာရောက်ကြခြင်း မဟုတ် ။ သူ တို့ အရပ်တွင် လည်စရာ များများ မရှိသောကြောင့် ဘူတာရုံတွင် အပျင်း ပြေ လာရောက် စကားပြောနေကြခြင်းပင် ဖြစ်ကြလေသည် ။ နှစ်ယောက်စလုံး ရန်ကုန် တွင် အလုပ် လုပ်ကြသူများ ဖြစ်ကြ၏ ။
“ ငါ ပြောတာ ယုံပါက ညွန့်ရှိန် ၊ လောကမှာ ဘယ် လင်မယား မှ စိတ် တူ သဘောတူ မရှိကြဘူး ။ နေရာတိုင်းမှာ စိတ်တူ သဘောတူ ဖြစ်တဲ့ လင်မယား ငါ မတွေ့သေးပါဘူကွာ ... ”
“ ရှိနိုင်ပါတယ် ကိုသိန်းမောင် .. သိပ်ချစ်တဲ့ လင်မယားတွေ လောကမှာ မရှိနိုင်ဘူးလား ”
“ အဲ သိပ်ချစ်လေ ... စိတ်တူသဘောတူ မဖြစ်လေပဲကွ ”
“ ခင်ဗျား ပြောတာ ကျွန်တော် နားမလည်ဘူး ။ သဘောလည်း မတူဘူး ”
“ အေးလေ ... နားမလည် မှ တော့ ဘယ်မှာ သဘောတူမှာ တုန်းကွ ။ နားထောင် ... မင်းနားလည်အောင် ငါပြောပြမယ် ။ လောကမှာ လင်မယား နှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် သိပ်ချစ်ကြတယ်ဆိုပါတော့ ။ တစ်ယောက်က သူ့ထက် ပိုပြီး တစ်ယောက်ကို ချစ်မယ် ။ တစ်ယောက် ကလည်း သူ့ ကိုယ်သူထက် ပိုပြီး တစ်ယောက်ကို ချစ်မယ် ၊ တစ်ယောက်က တစ်ယောက်ကိုချစ်ပြီး နောက်တစ်ယောက် ကတည်း တစ်ယောက်ကို ချစ်တော့ တစ်ယောက် နဲ့ တစ်ယောက် ဘယ်မှာ သဘောတူနိုင်တော့မှာ လဲ ငါပြောတာ ရှင်းရဲ့လား ”
ညွန့်ရှိန် မှာ ဆေးပြင်းလိပ် တစ်လိပ်လုံး မျိုထားမိသော မျက်လုံးမျိုးကြီးများ ဖြင့် ခေါင်း ကို သွက်သွက်ကြီး ခါ လိုက်ရင်း ...
“ ခင်ဗျား ပြောတာ ကျွန်တော် တစ်လုံးမှ နားမလည်ဘူး ”
“ မဟုတ်ဘူး ... လင်မယား နှစ်ယောက်ရှိတယ် မဟုတ်လား ”
“ အင်း ... ရှိတယ်ဆိုပါတော့ ”
“ သူတို့က တစ်ယောက်ကို တစ်ယောက် သိပ်ချစ်တယ် ဆိုပါတော့ ”
“ အင်း ... ဆိုပါတော့“
“ အဲဒီတော့ တစ်ယောက်ဟာ တစ်ယောက်ကို ချစ်မယ် ။ နောက် တစ်ယောက်ဟာ ပထမ တစ်ယာက် ကို ချစ်မယ် ။ ဒါပေမဲ့ ပထမတစ်ယောက် ချစ်တာက နောက်တစ်ယောက်သာ ဖြစ်ပြီး နောက်တစ်ယောက် ချစ်တာ က ပထမတစ်ယောက် ဆိုတော့ ပထမ တစ်ယောက် ချစ်တာ နဲ့ နောက်တစ်ယောက် ချစ်တာဟာ ”
“ မူးလွန်းလို့ သေရတော့မှာ ပါပဲဗျာ .. ခင်ဗျား ဟာတွေက ဘယ့်နှာ တွေလဲဗျ ”
“ ကဲကွာ ... ငါ သေသေချာချာ ပြောမယ် ။ မင်းအမေ နဲ့ မင်းအဖေ ရှိတယ် ”
“ အဖေ မရှိဘူးဗျ ”
“ ရှိတုန်းက ဆိုပါတော့ကွာ ”
“ ကဲ ... ရှိတယ်ဆိုပါတော့ ... ဟုတ်ပြီ ... ရှိတော့ ဘာဖြစ်လဲ ”
“ မင်းအဖေ နဲ့ မင်းအမေ ဟာ သိပ်ချစ်ကြတယ် ဆိုပါတော့ ”
“ ဟာ ... တကျက်ကျက်ပေါ့ ”
“ ဟဲ့ကောင် ... ဒါ ဥပမာကွ .. တကယ် ဟုတ်ဟုတ် ... မဟုတ်ဟုတ် မင်းအမေနဲ့ မင်းအဖေဟာ သိပ်ချစ်ကြတယ် ဆိုတော့ မင်းအမေက သူ့ထက် ပိုပြီး မင်းအဖေကို မချစ်ပေဘူးလား ”
“ အင်း ... ချစ်မှာပေါ့ ”
“ မင်း အဖေကလည်း သူ့ ကိုယ် ထက် ပိုပြီး မင်းအမေ ကို ချစ်မယ် ... ”
“ ချစ်မယ်လေ .. အဲဒါဘာဖြစ်လဲ ”
“ အဲ ... မင်းအမေ ချစ်တာ မင်းအဖေကို - မင်းအဖေ ချစ်တာက မင်းအမေကို ။ အဲဒီတော့ တစ်ယောက် စိတ်ကြိုက်နဲ့ တစ်ယောက် တူပါဦးမလား ။ ဒီထဲက စိတ်တူ သဘောတူ မဖြစ်ကြတော့ဘူး ... မဟုတ်ဘူးလား ငါ ပြောတာ ”
“ အင်း ... ရေနံဆီကုန်လုလု မီးခွက်လိုဖြစ်တာပေါ့ ”
“ ဘယ်လိုဖြစ်တာလဲကွ“
“ ဪ .... ဟုတ် .. ဟုတ် ... ဟုတ် ... သိပ်ဟုတ်တာပေါ့ ”
ထိုခဏ၌ မီးရထားသည် ဒေါသတကြီး ရှူးရှူးရှဲရှဲ နှင့် ဝင် လာလေတော့သည် ။ မလှမ်းမကမ်းမှာ အရူးသည် လည်း သပြေညိုကဗျာ ထဲမှ အရူး မဟုတ်သဖြင့် “ ပေးပါ ပေးပါ ” နှင့် စာရေးနေသည် မဟုတ်ရကား တခြား ထွက်သွားလေပြီ ။ လက်ဖက်ရည်ဆိုင်က လူများလည်း ဘယ်ရောက်ကုန်ကြသည် မသိ ။ နို့ကု,လားများ သာ လှုပ်လှုပ်ရွရွနှင့် နို့ပုံးကြီး များကို မ ကာ ရထားပေါ် တက်ရန် ပြင်ဆင်ကြလေသည် ။ ညွန့်ရှိန် ၏ မျက်စိသည် ရထားပေါ် မှ ဆင်းလာကြသူ တစ်စု ဆီသို့ ရောက်သွားလေသ ည် ။ ခေါင်းစွပ်ကြီးနှင့် အဘိုးကြီး တစ်ယောက်သည် တစ်ခါက ခေတ်စားခဲ့သော လက်ကိုင်တုတ်ကောက်ကြီး ကို ကိုင်ရင်း ဆေးပေါ့လိပ် တစ်ဖက် ၊ လွယ်အိတ် တစ်ဖက် နှင့် အဒေါ်ကြီး ကို စကား တစ်ခွန်း နှစ်ခွန်း လှမ်း ပြောရင်း ဘူတာရုံ အထွက်ဝဆီသို့ လျှောက်လာကြသည် ။ သူတို့ နောက်တွင် လေးခွ တစ်ချောင်း နှင့် အသက် ၁၂ နှစ်ခန့် ဘောင်းဘီကလေးနှင့် ကောင်ကလေး တစ်ယောက် ဟိုကြည့် ဒီကြည့်နှင့် ပါလာလေသည် ။ ကောင်ကလေး ဘေးက သတ္တဝါကား ညွန့်ရှိန် ၏ မျက်စိ ကို ကြာခွက် ထဲ မှ ကြာစေ့များ ကဲ့သို့ ပြူးလာစေ၏ ။
သူကလေးကား နိုင်လွန်လက်ပြတ် ၊ နှုတ်ခမ်းနီ ပါးနီ နှင့် ရေခံပွဲ ၊ မီးထွန်းပွဲနှင့် ပျော်ပွဲမျိုးစုံမှ အစ မသာပို့ အဆုံးတွင် တွေ့မြင်နိုင်သော မိန်းကလေးထု ၏ အစိတ်အပိုင်း အစအနကလေး တစ်ခု ဖြစ်ပေသတည်း ။
မိန်းကလေးမှာ ခုံမြင့်ဖိနပ် ကြောင့်လား ၊ မွေးကတည်း က လမ်းလျှောက်ပုံကြောင့် လား မသိ ။ ခြေဖျားကလေး ပေါ် တွင်သာ အားပြုကာ ခုန်ဆွခုန်ဆွ နှင့် လျှောက်လာရာ က ညွန့်ရှိန် တို့ ထိုင်နေကြသော နေရာ အရှေ့သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ...
“ ဟယ် ...လုပ်ကြပါဦး ... တွဲ ထဲမှာ တိုးလေး ကျန်ရစ်ခဲ့ပြီ ။ လုပ်ကြပါဦး ... ခေါ်ပေးကြပါ ” ဟု သူ့ အဖေ နှင့်တူသူ အဘိုးကြီးကို လည်းကောင်း ၊ သူ့ အမေ နှင့်တူသူ အဒေါ်ကြီးကို လည်းကောင်း ၊ မောင်ကလေး နှင့် တူသူ ကောင်ကလေးကို လည်းကောင်း ၊ ဘာနှင့်မှ မတူသူ ညွန့်ရှိန် တို့ကို လည်းကောင်း ပြောသလိုလို နှင့် တစ်ကိုယ်တည်း ပြောလိုက်ရာ ညွန့်ရှိန် မှာ ရထားတွဲ ဆီသို့ လှမ်းကြည့်မိ၏ ။
ရထားကား အတော်ကလေးပင် ရွေ့နေပေပြီ ။
ကလေးမ သည်လည်း ရထားတွဲ ရွေ့နေသည်ကို သတိထားမိဟန် တူ၏ ။
“ လုပ်ကြပါ ... ပါသွားတော့မှာပဲ ၊ တိုးလေး ပါသွားတော့မှာပဲ ”
ဝတ္တုဇာတ်လိုက်များ ၏ ယေဘုယျ မျက်ခွက် ဖြစ်သော တော်တော်လှသည့် မိန်းကလေးကို ရွှင်ပြုံး၍ လှပသွားအောင် ညွန့်ရှိန် ကြံဆောင်တော့မည် ဟု စိတ်ပိုင်းဖြတ်လိုက်၏ ။ ချက်ချင်းပင် ထိုင်ရာမှ ပြေးသွားကာ ရုပ်ရှင်ဇာတ်လိုက်ပမာ သိပ် အရှိန် မပြင်းသေးသည့် ရထား ကို အသက်ဦးဆံဖျား ထားရသည့် ဟန်မျိုးဖြင့် ခုန်တက် လိုက်လေသည် ။ သို့ သော် သူ ခုန်တက်ပြီးသည့် နောက်၌ကား ရထားသည် အရှိန် ပြင်းသွားပေပြီ ။
ညွန့်ရှိန် သည် တွဲထဲသို့ မျက်စိကစား လိုက်မှ ချောက်တော်တော်ကြီးကြီး ထဲကို ကျနေမှန်း သိရလေ၏ ။ တစ်ယောက်တည်း တိုးတိုးတိုးတိုး နှင့် စကားပြောနေမိလေသည် ။
“ နေပါဦး ... တိုးလေး ဆိုတာ ဘာပါလိမ့် ၊ လူလား .... နတ်လား ... နဂါးလား ၊ အဲဒါမှ သောက်ခွပဲ ။ ဟာလဝါနာမည်များ ဖြစ်နေရော့သလား ။ ဒါမှ မဟုတ်ရင် နောက်ဆုံးပေါ် ထဘီဆန်းများ လား ... ဇာဘော်လီ လား .. ဟုတ်သေးပါဘူးလေ ... ခေါ်ကြပါဦးလို့ သူကလေး ပြောလိုက်ပုံ ထောက်တော့ သက်ရှိသတ္တဝါနဲ့ ပဲ တူတယ် ။ ဒီ တွဲထဲမှာ ဘယ်ဟာများ တိုးလေး ဖြစ်ပါလိမ့် ... ”
ညွန့်ရှိန် မျက်စိ ကစားလိုက်ပြန်၏ ။
“ ဟိုဘက် ထောင့်ထဲက ငိုက်နေတဲ့ မုတ်ဆိတ်မွေးဖွားဖွား ကု,လားကြီး ကတော့ တိုးလေး ဟုတ်မယ် မထင်ပါဘူး ။ ဒီဘက်နား က ဟောင်ဖွာဟောင်ဖွာ နဲ့ အဒေါ်ကြီး ဟာလည်း တိုးလေး ဖြစ်ရအောင် တွဲထဲ မှာ ကျန်မနေရစ်ခဲ့နိုင်ပါဘူး ။ ခွကျတာပဲ ... ”
မည်သို့မျှ မတတ်နိုင်တော့သည့် အဆုံးတွင် “ မေးပါများ စကားရ ” ဟူ သော စကားပုံကို လိုက်နာကျင့်သုံးမှ တော်ရော့မည် ဟု ကြံကာ စကား ကို ဟောင်ဖွာဟောင်ဖွာ နှင့် ပြောနေသော အဒေါ်ကြီး အနားသို့ ကပ် လိုက်လေ၏ ။
အဒေါ်ကြီး ကား သူ့ ကို သောက်ဂရုမစိုက်ဘဲ ဘေးနား မှ မိန်းမ ကိုသာ လက်တို့ ခြေတို့ နှင့် နင်းကန် မှုတ်နေလေသည် ။
“ ဒီမှာ အဒေါ်ကြီး ”
ညွန့်ရှိန် က ခေါ်လိုက်သော အခါ အဒေါ်ကြီးမှာ လှည့် မကြည့်ဘဲ ဘော်လီအိတ် ထဲသို့ လက်နှိုက်၍ ပြန်ထုတ်လိုက်ကာ ညွန့်ရှိန် ကို မကြည့်ဘဲ လက်မှတ် လှမ်းပေးနေလေ၏ ။
“ ဟာ ... ဒီမှာ ... အဒေါ်ကြီး ”
“ ဟဲ့ ... ဒီမှာ လက်မှတ် ပေးနေပြီ မဟုတ်လား ... ”
“ လက်မှတ် ပေးနေတာတော့ ဟုတ်တာပေါ့ .... ကျွန်တော် လက်မှတ်စစ် မဟုတ်ဘူး ”
“ နို့ .. မောင်ရင် က ဘာလဲ ”
“ ကျွန်တော်က ... ဟာ ကျွန်တော့် အကြောင်း ပြောမလို့ လာတာ မဟုတ်ဘူး ”
“ နို့ ... ဘယ်သူ့ အကြောင်း ပြောမလို့ တုန်း မောင်ရဲ့ ။ မောင် က ဘာရောင်းတဲ့ လူလဲ ”
“ ဘာမှ မရောင်းပါဘူး ... တိုးလေး ... တိုးလေး .. ဆိုတာ မသိဘူးလား ”
“ ဘယ်က တိုးလေးလဲ ... တိုးလေးတော့ မသိဘူး ၊ တိုးကြောင်ကလေးဘူတာရုံပဲ သိတယ် ”
အဒေါ်ကြီး ပြောလိုက်မှ ညွန့်ရှိန် တွင် သဘောတစ်ခု ပေါက်သွားလေတော့သည် ။ အဒေါ်ကြီး စကားထဲမှ ' ကြောင်ကလေး ' ဟူသော အပိုဒ်ကြောင့် နောက်တန်းခုံ တွင် ကွေးကွေးလေး အိပ်နေသော ကြောင်ကလေးကို ကြည့်လိုက်ကာ ...
“ ဟဲ့ ... တိုးလေး ... တိုးလေး ... မီ - မီ - မီ - မီ ”
ဟု ခေါ်လိုက်သည် တွင် ကြောင်အဝါကျားကလေး မှာ ဖျတ်ခနဲ နားရွက်နှစ်ဖက် ကို ထောင်လိုက်ပြီး ညွန့်ရှိန် ဆီ ပြေး လာလေ၏ ။ ဤတွင်မှ အဒေါ်ကြီး သည် သဘောပေါက် သွားသလို တဟားဟား ရယ်လိုက်ရာ တွဲ တစ်တွဲ လုံး ဝိုင်းရယ်ကြ သဖြင့် ညွန့်ရှိန် မှာ ကြောင်ကြောင် နှင့် ကြောင် ကို ပွေ့ချီလိုက်ပြီး တွဲအဆင်း အတက်အဝ၌ လာရပ်နေလေသည် ။ တွဲထောင့်မှ ကု,လားကြီး တစ်ယောက် သာ လျှင် ညွန့်ရှိန် ကို မရယ်ဘဲ ပုပ်သိုးသိုး မျက်နှာ နှင့် မျက်လုံးနှင့် ကြည့်ပြီး ပြန် ငိုက်သွားလေ၏ ။
နောက် ဘူတာ တစ်ခုတွင် ရထားသည် ထိုးဆိုက်လိုက်ပြန်လေသည် ။
ညွန့်ရှိန် မှာ သူနေသော အရပ် နှင့် ဤဘူတာ သိပ် မဝေးသဖြင့် နာရီဝက်လောက် ခရီး ကို ပြန်လျှောက်သွားမယ် ကြံလျက် ကြောင်ကလေး ကို ပို က်ကာ ရထားလမ်း အတိုင်း နောက်ပြန် လျှောက်သွားလေတော့သည် ။
အချိန်မှာ အမှောင်ပျိုးလာလေပြီ ။
ညွန့်ရှိန် များများ မလျှောက်ရသေးမီတွင် သူ့ လက်ထဲမှ ကြောင်ကလေး သည် သူ့ လက်ကို တစ်ချက် ကုတ်ခြစ်လိုက်ပြီး ခုန်ဆင်းပြေးလေတော့သည် ။ ညွန့်ရှိန် သည် သူ့ လက်၌ ခြစ်ရာတွေ ထင်ကုန်သည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးသွားသော ကြောင်ကလေးကိုပင် မျက်ခြည်မပြတ် လိုက်ကြည့်နေရှာလေသည် ။ ကြောင်ကလေး ကား ရထားလမ်း ဘေးရှိ အိမ် တစ်အိမ်၏ ဝင်းခြံထဲသို့ လှစ်လှစ် - လှစ်လှစ်နှင့် ဝင်ပြေးလေ၏ ။
ညွန့်ရှိန် သည် ကြောင်ကလေး နှင့် မရှေးမနှောင်းပင် ပြေးလာသည် ဖြစ်သော်လည်း ကြောင်ကလေး ကဲ့သို့ ကာရံထားသော ပုဏ္ဏရိတ်ပင်များ ကို တိုးဖြဲ ဝင်သွားနိုင်သည် မဟုတ်ရကား ၊ ကြောင်ကလေး နောက်သို့ မီ အောင် မလိုက်နိုင်တော့ပေ ။ ထို့ကြောင့် ဝင်းခြံ ရှေ့ဘက် က လှည့်၍ ဝင်လာကာ ဟိုကြည့် သည်ကြည့် နှင့် ကြည့်လိုက်ရာ ထိပ်ပြောင်ပြောင် ၊ ခပ်ဝဝ ၊ နှုတ်ခမ်းမွေး ကားကား နှင့် ( ကြောင် တော့ မဟုတ်ပါ ) လူကြီး တစ်ယောက်ကိုသာ တွေ့ရလေတော့၏ ။
လူကြီးက မေးခွန်းမေးတော့မည့် ဟန်မျိုးဖြင့် ညွန့်ရှိန် ကို ကြည့်ကာ မျက်ခုံးနှစ်ဖက်ကို မြှင့်၍ နှုတ်ခမ်း စူလိုက်၏ ။
ညွန့်ရှိန် ကလည်း ဖြေကြားရန် နှုတ်ခမ်းနှစ်ခုကို နည်းနည်း ဟ၍ ခပ်ထော်ထော် ပြုလိုက်လိုက်၏ ။
သို့သော် အဘိုးကြီးမှာ ဘာမျှ မမေးဘဲ မျက်မှောင်ကို ရုတ်တရက်ကုတ် လိုက်လေရာ ညွန့်ရှိန် မှာလည်း ဘာမှ မဖြေတော့ဘဲ မျက်လုံး ပြူးပြ လိုက်မိလေ၏ ။
အဘိုးကြီးသည် ပါးစပ် ရွဲ့ပြီး နှပ်ရှုံ့လိုက်၏ ။
ညွန့်ရှိန် သည် ခေါင်းနှင့် တင်ပါးကို လက်တစ်ဖက်စီ နှင့် ပြိုင်တူကုတ် လိုက်လေသည် ။
နောက်ဆုံးတွင် အသံထွက် ဇာတ်ကား ရိုက်ကူးနေကြသည် မဟုတ် ကား ညွန့်ရှိန် က ပင် စတင်၍ မမေးဘဲ နှင့် ဖြေလိုက်ရလေ၏ ။
“ ကျွန်တော့် ကြောင်ကလေး လာရှာတာ ”
“ ဒီ အိမ်မှာ ဘယ်သူ့ ကြောင်မှ မရှိဘူး ”
“ ရှိပါတယ် ”
“ မရှိဘူး ”
“ ရှိတယ် ”
“ မရှိပါဘူးဆို - ငါ နေနေတဲ့ အိမ်ကို မင်းက ငါ့ထက် ပိုပြီး သိမှာ လားကွ ”
“ ဪ ... ဝင်သွားပါတယ် ဆိုမှ ပဲ ”
“ ဪ ဝင်လာရင် ငါ ကြားရမှာ ပေါ့ ”
“ မအော်ဘူး .. တိတ်တိတ်ကလေး ဝင်လာတယ် ”
“ ငါ့ အိမ် ကို တိတ်တိတ်ကလေး ဝင်လာတာ ငါ မကြိုက်ဘူး ”
“ ဪ ... ခက်ပါပြီ ၊ ကြောင် ဗျ ... ကြောင် ... ကြောင် ... လူ မဟုတ်ဘူး ”
“ မင်းက ငါ့ကို ဆဲသလား ၊ ငါ လူကွ ”
“ ဟုတ်ကဲ့ ဦးလေး က တော့ လူပါပဲ ။ ဝင်လာတာ ကတော့ ကြောင် ခင်ဗျ ”
“ ဪ ... မင်းက ကြောင် ကိုး ”
“ ဟာ ... တလွဲတွေ ဖြစ်နေပါပြီ ... ကျွန်တော်လည်း ဝင်လာတာပါပဲ ။ ဒါပေမဲ့ ကျွန်တော်က ကြောင် မဟုတ်ဘူး ။ ကြောင် ဆိုတာ ခြေလေးချောင်း ၊ အမြီးရှည်ကလေး နဲ့ ညောင် ညောင် လို့ အော်တတ်တယ် ။ အဲဒါကို လာရှာတာ ”
“ ငါ့ အိမ်မှာ ငါ နေတာ ... ကြောင် ရှိရမယ် ဆိုတော့ ငါ ဟာ ကြောင်ကြီး ဖြစ်နေတာပေါ့ ”
“ ဟာ မဟုတ်ပါဘူး ။ ဟော .. ဟိုမှာ .. ဟဲ့ ... တိုးလေး ... တိုးလေး ... လာ မီ မီ ”
အဘိုးကြီးသည် ညွန့်ရှိန် ခေါ်ရာဘက်သို့ ကြည့်လိုက်ပြီး ကြောင်ကလေးကို မြင်သောအခါ မျက်လုံး ပြူး၍
“ ဟဲ့ကောင် ... ပေါင်ကို စေ့ရပ် ၊ ပေါင်ကို စေ့ရပ် ၊ အဲဒါ မှင်စာပဲကွ ။ ပေါင်နှစ်ခုကြား ဖြတ်သွားရင် လူသေတတ်တယ်တဲ့ ကွ - မှင်စာ ... မှင်စာ”
ပြောပြောဆိုဆိုပင် အဘိုးကြီးသည် အိမ်ထဲသို့ ဝင်ပြေးလေသည် ။
ဤအဘိုးကြီး ရူးသလား ၊ ကောင်းသလား ၊ ဘယ်လို အဘိုးကြီးစားလဲ ဟူသော ပြဿနာသည် ညွန့်ရှိန် နှင့် မည်သို့မျှ မပတ်သက်ပေ ။ ထို့ကြောင့် အဘိုးကြီး နောက်သို့ ပြေးလိုက် မသွားတော့ဘဲ တိုးလေး ကို သာ ကောက်ချီ လိုက်ပြီး ထွက်လာခဲ့လေသည် ။
ဤတစ်ခါတွင်မူ ပါးသွားပေပြီ ။ အထဲက ဘောင်းဘီခံ ဝတ်လာသည် ဖြစ်သဖြင့် အပြင်မှ လုံချည် ကို ချွတ်ကာ ကြောင် ကို ထုပ်၍ ပခုံးပေါ် ၌ ထ မ်းလာခဲ့လေ၏ ။ နည်းနည်းမှောင် လာပြီ ဖြစ်သဖြင့် မီးရထားလမ်းတွင် လမ်းလျှောက်ရသည်မှာ များစွာလွယ်ကူလှသည် မဟုတ် ။
ဤသို့ပင် ၇ နာရီခန့်တွင် သူတို့ အရပ်ရှိ ဘူတာရုံ သို့ ရောက် လာလေရာ သိန်းမောင် စောင့်နေသည်ကို တွေ့ရလေသည် ။ သိန်းမောင် သည် သူ့ကို မြင်မြင်ချင်း ပင် ...
“ ဟေ့ - မင်း ကောင်မကလေးတွေ က သူတို့ ဆွေမျိုးအိမ် လာလည်ကြ တာလေ - လေးငါးဆယ်ရက် နေမယ်ကွ ။ ငါ ပဲ လိုက်ပို့လိုက်ရသေးတယ် ။ သူ့ ဒယ်ဒီ ဆိုတာနဲ့ ဈေးနား က ဦးကြီးမောင် တို့ ဟာ ညီအစ်ကို ဆိုပဲကွ ။ အခု ဦးကြီးမောင် တို့ အိမ်မှာပဲ ။ ကဲ - ကိုရင့် ကြောင်ကိုသာ သွား ပို့ပေ တော့ - နွယ်ကလေး တော့ မင်း ကို ကျမှာ ပဲ ... ဟဲ - ဟဲ - ဟဲ ”
ညွန့်ရှိန် မှာ ရွှင်ပျလာ သော်လည်း စကားမ ပြောဘဲ ဦးကြီးမောင် တို့ အိမ်သို့ ခပ်သုတ်သုတ် ထွက်လာခဲ့လေ၏ ။ မိန်းကလေး နှင့် ပင် ရင်ဆိုင် တွေ့ ရလေသည် ။
“ ဒီမှာ လေ ကြောင် ... ”
“ ဪ ... ရထား ပေါ်ပြေးတက်တဲ့ အစ်ကိုကြီး ပဲ ။ အားနာလိုက်တာရှင် ။ တိုးလေး ကို မေမေက ဆင်းခါနီး လွယ်အိတ်ထဲ ထည့်လာခဲ့တယ် တဲ့ ။ မေမေက နားနည်းနည်းလေး နေလို့ ဘူတာရုံ မှာ နွယ် မေးတာကို မကြားလို့ - အားနာလိုက်တာ အစ်ကိုကြီးရာ စိတ်မဆိုးနဲ့ နော် ... ”
ဤအကြောင်းကို သိန်းမောင် သိရမည် ဖြစ်၏ ။ တမင် ချောက်ချချင်၍ ပင် “ ဟဲ - ဟဲ - ဟဲ ... ” ဟု ရယ်လိုက်သေး၏ ။ ညွန့်ရှိန် မှာ ရှက်ရှက်နှင့် ပင် “ သွားရော့ဟယ် - အဘိုးကြီး ပြောတဲ့ မှင်စာ ... ” ဟု ဆိုကာ ကြောင်ကို လွှင့်ပစ် လိုက်လေရာ ကြောင်ကလေးမှာ နီးရာ ပန်းချုံကွယ်တွင် ပျောက် သွားလေ၏ ။
သို့သော် ညွန့်ရှိန် နှင့် နွယ်နွယ် တို့ မှာ ...
မင်္ဂလာဆွေး ညတစ်ည တွင် ( မင်္ဂလာဦးည မဟုတ်ပါ ။ မင်္ဂလာဆောင်သော ရက်ကို ဆွေးမြေ့ခဲ့ပြီ ဖြစ်သော ' ဝါ ' မင်္ဂလာဆောင် ပြီး၍ တစ်နှစ်ခန့် အကြာတွင် ) ညွန့်ရှိန် သည် သိန်းမောင် ၏ စိန္တိတကထာ တွင် လက်တွေ့ကျင့်သုံးရန် နွယ့် အား မေးကြည့် လိုက်လေသည် ။
“ နွယ် ဟာ နွယ့် ကိုယ်ထက် ပိုပြီး မောင့်ကို ချစ်သလား ... ဟင် ”
“ အို ... မချစ်ပါဘူး ၊ ကိုယ့် ကိုယ်ကိုယ် ချစ်တာပေါ့ ”
“ ကဲ - ကဲ တို့ နိုင်ပြီ - တို့ နိုင်ပြီ ”
ညွန့်ရှိန် အော်လိုက်ရာ နွယ် မှာ မျက်လုံးဝိုင်းကြီးများ ဖြင့် ကြည့်ရင်း
“ ဘာဖြစ်တာလဲ ကိုညွန့် ရဲ့ ”
“ ဒါကြောင့် ပြောပါတယ် ။ လောကမှာ စိတ်တူသဘောတူ လင်မယား အနည်းဆုံး တစ်စုံလောက် ရှိရမယ်လို့ ”
“ နေပါဦး ဘာတွေ လျှောက်ပြောနေတာလဲ ”
“ လင်မယား နှစ်ယောက် ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတယ် ဆိုပါတော့ ။ တစ်ယောက် ဟာ သူ့ကိုယ်သူ ထက် ပိုပြီး တစ်ယောက် ကို ချစ်မယ် ။ နောက် တစ်ယောက် ကတည်း သူ့ထက် ပိုပြီး နောက် တစ်ယောက်ကို ချစ်မယ် ၊ တစ်ယောက်က တစ်ယောက်ကို ချစ်ပြီး နောက် တစ်ယောက်က လည်း တစ်ယောက်ကို ချစ်တော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်မှာ သဘောချင်း တူနိုင်မှာလဲတဲ့ ”
“ နေပါဦး အခု ကိုညွန့် ပြောနေတာ အားလုံးပေါင်း ဘယ်နှယောက်လဲ ”
“ ဒါကို သိန်းမောင်ကြီး ပြောတာလေ ။ အခု ကိုညွန့် လက်တွေ့ ပြချင်တာက လင်မယား နှစ်ယောက် ရှိတယ် ။ တစ်ယောက်က သူ့ ကိုယ်သူပဲ ချစ်တယ် ။ နောက် တစ်ယောက်က ပထမ တစ်ယောက်ကို ချစ်တယ် ။ အဲဒီတော့ ပထမတစ်ယောက် က ချစ်တာလည်း ပထမတစ်ယောက်ကိုပဲ နောက်တစ်ယောက်က ချစ်တာလည်း ပထမ တစ်ယောက် ကိုပဲ ဆိုတော့ တစ်ယောက် နဲ့ တစ်ယောက် ”
“ ဟာ ... တော်ပါတော့ ကိုညွန့် ရယ် ။ နွယ် မူးလို့ သေပါတော့မယ် ... လာ .. လာ .. တိုးလေး လာခဲ့ ... အောက် မဆင်းရဘူး ”
နွယ် သည် ညွန့်ရှိန် ကို အဖတ် မလုပ်တော့ပါ ။ တိုးလေး ကိုသာ ချီလိုက်ပါသည် ။ တိုးလေးကို မြင်သောအခါ ညွန့်ရှိန် ၏ မျက်စိနှစ်လုံးသည် ပြူးကျယ်သွားပါသေးသည် ။
⎕ ကြပ်ကလေး
📖သွေးသောက် မဂ္ဂဇင်း
သြဂုတ်လ ၊ ၁၉၅၂
No comments:
Post a Comment