❝ စာပေ အချစ် နဲ့ ဘာသာပြန် ❞
( တက်တိုး နှင့် တွေ့ဆုံခြင်း )
ဩဂုတ်လထုတ် ပေဖူးလွှာမှာ တွေ့ဆုံပေးဖို့ စီစဉ်ထားတဲ့ သူကတော့ ဆရာ ( ဦး ) တက်တိုး ပဲဖြစ်ပါတယ် ။ သတင်းစာဆရာ ၊ စာရေးဆရာ အဖြစ်နဲ့ စာပေလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးတဲ့ ဆရာ့ အတွေ့အကြုံတွေထဲက စာချစ်သူများအတွက် ကောင်းနိုးရာရာ အချက်အလက်တချို့ကို ဆွေးနွေးခွင့် ရခဲ့ပါတယ် ။ အတွေ့အကြုံ များတဲ့သူပီပီ ဆရာနဲ့ ဆွေးနွေးရာမှာ ဗဟုသုတ အများကြီးရခဲ့ပါတယ် ။ တကယ် ပြောကြစတမ်း ဆိုရင် ဆရာ ပြောချင်တာရဲ့ အစိတ်အပိုင်း တစ်ခု လောက်သာ ကန့်သတ်ပေးထားတဲ့ စာမျက်နှာ အတွင်းမှာ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာ့ အယူအဆ တချို့ကို ဖော်ပြပေးနိုင်တာပင်လျှင် စာချစ်သူများ အတွက် အကျိုးရှိစေနိုင်မယ်လို့ ယူဆရပါတယ် ။
••••• ••••• •••••
“ ဟိုတုန်းကတော့ စာပေလောကရယ်လို့တော့ မဟုတ်ဘူးပေါ့ကွာ ၊ စာ စရေးတယ်ပဲ ဆိုကြပါစို့ ။ ကျောင်းသားဘဝက စရေးတာ ဆိုတော့ စာစရေးတာရယ်လို့တောင် မပြောနိုင်ပါဘူး ။ ဘယ်လိုလဲဆိုတော့ ဟိုး ... မတောက်တခေါက်ကလေးတွေပေါ့ ။
ဆရာ ကျောင်းသားဘဝ ၊ အသက် ၁၄ နှစ်သားလောက် ရှစ်တန်းမှာ သင်နေတုန်း ( အဲဒီတုန်းက မကွေးမှာ ) ၊ ဂန္ထလောကမဂ္ဂဇင်း က စခါစပေါ့ ။ အဲဒီတုန်းက ( မြန်မာစာပေ ပြန့်ပွားရေးအသင်း ၊ Burma Education Extension Association ) က မစစတာ ဖာနီဗယ်တို့ ၊ ဘယ်သူတို့ ဦးဆောင်ပြီးတော့ တစ်နှစ် တစ်ခါ ဘာသာပြန်ပြိုင်ပွဲတွေ လုပ်တယ် ။ အဲဒီမှာ ဆရာက The Lady or the Tiger ( အမေရိကန် စာရေးဆရာ စတော့ ( က ) တန် ” ရေးတာ ) ကို ဖတ်ဖူးတော့ အဲဒါကလေးကို ဘာသာပြန်ပြီး ပို့လိုက်တာ ဆရာ ဆုရတယ် ။ အသက် ဆယ့်လေးနှစ်ပဲ ရှိသေးတယ် ။ ဒီက စတယ်လို့ ဆိုချင်ရင်လည်း ဆိုနိုင်တယ် ။
၁၉၃၀ - ၃၁လောက် ဆရာ ရန်ကုန်တက္ကသိုလ် ရောက်သွားတယ် ။ အဲဒီတုန်းက “ ဖရက်ရှာ ” ဆိုရင် သိပ် လူရာ မသွင်းကြဘူး ၊ နှိမ်ကြတယ် ။ ဆရာလည်း ကြောက်ကြောက်နဲ့ အင်္ဂလိပ် လို ဆောင်းပါး တစ်ပုဒ် ရေးပြီး ပို့လိုက်တာ တက္ကသိုလ် မဂ္ဂဇင်းအတွက် အရွေးခံခဲ့ရတယ် ။ မကွေး က လာတဲ့ တောကျောင်းသား ဆိုတော့ စိန်ပေါ ကျောင်းသားတွေ ကြားမှာ မျက်နှာတော့ ငယ်တာပေါ့ကွာ ။ အိုင်အေ အောင်ပြီးတော့ မိဘတွေက ကျောင်းဆက် မထားနိုင်တာနဲ့ ကျောင်းထွက်ပြီး မကွေး မှာ စာရေး လုပ်ရတယ် ။ စာရေးလုပ်ရင်းကနေ ပဂျီငို ၊ ဦးစိန် တို့ ထုတ်တဲ့ “ ဘားမားဂျာနယ် ” ကို လှမ်းလှမ်းပြီး ဆောင်းပါးတွေ ပို့တယ် ။ ပါလာတယ် ။ နောက်တော့ သူတို့က မျက်စိကျ သွားပြီး ဆက်ရေးဖို့ ဆရာ့ကို လှမ်း တိုက်တွန်းတယ် ။ အပတ်စဉ် လိုလို ၊ တစ်ပတ်ခြား နှစ်ပတ်ခြားလောက် ဆရာ့ဆောင်းပါးတွေ ပါလာတယ် ။ အဲဒီတုန်းက ဘယ်လောက် မျက်နှာငယ်သလဲ ဆိုရင် စာမူခ ဆိုတာ တစ်ပြားမှ မရဘူး ၊ ဂျာနယ်လေး တစ်စောင် တစ်စောင်သာ စာတိုက်က လှမ်းပို့ပေးတယ် ။
နောက်တော့ ဆရာက သူတို့ဆီ လှမ်းစာရေးတယ် ။ ကျွန်တော် စာရေး လုပ်ရတာ ဝါသနာ မပါဘူး ။ ဘာသာပြန်တွေ ဘာတွေ ရေးနိုင်တာလည်း ဆရာတို့ အသိပဲ ။ အဲဒီတော့ ဆရာတို့ သတင်းစာမှာ အလုပ် လာလုပ် ပါရစေလို့ ၊ သူတို့ဆီ ကလည်း ချက်ချင်းပဲ စာပြန်လာတယ် ။ လာသာ လာခဲ့ပါတဲ့ ။ အဲဒီတော့ ၁၉၃၈ လောက် ရှိပြီ ။
“ တိုးတက်ရေး ” သတင်းစာ ထွက်ပြီး နှစ်ရက် ၊ သုံးရက်လောက် အတွင်းမှာပဲ ဆရာ ရန်ကုန် ရောက်လာတယ် ။ အခု ဘာသာပြန် အယ်ဒီတာ လို့ ခေါ်တဲ့ Translator အလုပ်ကို လုပ်ရတယ် ။ “ ရိုက်တာ ” သတင်း တွေ ဘာတွေ ဘာသာပြန်ရတာပေါ့ ။ အဲဒီတုန်းက ဆရာနဲ့ တွဲလုပ်တဲ့သူတွေက အရင် E.P.C မှာ လုပ်သွား တဲ့ ဗိုလ်မှူးထွန်းတင် နဲ့ မကြာသေးခင်ကမှ ကွယ်လွန်သွားတဲ့ တိုးတက်ရေး ဦးသိန်း တို့ပေါ့ ။ သူတို့တစ်တွေနဲ့ ဘာသာပြန်လေးတွေ ရေးကြတယ် ။ တိုးတက်ရေး မဂ္ဂဇင်း မှာလည်း ကလောင်နာမည် အမျိုးမျိုးနဲ့ ဟိုရေး ဒီရေး တော်တော်လေး ရေးပါတယ် ။ မထင်မရှားလေးပေါ့ ။ အဲဒီလိုနဲ့ စ ခဲ့တာပဲ ။
ဒီတော့ ဆရာ့ စာရေးဆရာ ဘဝဟာ သတင်းစာဆရာဘဝက စ ခဲ့တယ်လို့ ပြောရမှာပေါ့ ”
“ ဆရာ ဂန္ထလောကကို ရောက်သွားတာကကော ”
“ တိုးတက်ရေးမှာ သုံး လေးလလောက် လုပ်ပြီးတဲ့ အချိန်မှာ ဦးသန့် ညီ ဦးခန့် က ဂန္ထလောက က ထွက်လိုက်တယ် ။ ဦးသိန်းဟန် ( ဆရာဇော်ဂျီ ) တို့ကလည်း ဆရာ့ကို ခေါ်ဖို့ တိုက်တွန်းကြတယ် ။ ( အဲဒီတုန်းက ဦးထင်ဖက် က မြို့အုပ်ပဲ ရှိသေးတယ် ) အသင်း အတွင်းရေးမှူးက ( ကွယ်လွန်သူ ) ဦးမောင်မောင်ကျော်ဝင်း ပါ ။ အဲဒါနဲ့ပဲ ဂန္ထလောကမဂ္ဂဇင်း ထဲ ရောက်လာပြီး ရတဲ့ အယ်ဒီတာလခ နဲ့ တက္ကသိုလ် ဆက်တက်ဖြစ်သွားတာပဲ ”
“ ဂန္ထလောက ရောက်တော့ ဆရာ ဘယ်အရွယ်လောက် ရှိဦးမလဲ ”
“ ဘာရှိမှာလဲ အသက် ၂၃ - ၂၄ လောက်ပေါ့ ”
“ ဆရာ “ တက်တိုး ” ဆိုတဲ့ ကလောင်နာမည် ယူခဲ့ပုံကို ပြောပြပါဦး ဆရာ ”
“ တက်တိုး ဆိုတဲ့ ကလောင်နာမည် ကတော့ အမှတ်တမဲ့ ဖြစ်လာတာပါ ။ အဖေ နာမည်က ဦးမောင်ကလေး ဆိုတော့ ဟိုတုန်းက ဂျော်နီအုန်းကလေး ဆိုတဲ့ ကလောင်နာမည် နဲ့ အင်္ဂလိပ် ဆောင်းပါးတွေ ရေးဖူး ပါတယ် ။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေက ဆရာ့ကို ဂျော်နီ လို့ ခေါ်ကြတယ် ။
ဦးခန့် ညီ ဦးသောင်း က ဆရာ နဲ့ သူငယ်ချင်း ၊ သူက မင်း ဂန္ထလောကကို ဆောင်းပါးလေး ဘာလေး ပို့ပါလားလို့ တိုက်တွန်းတယ် ။ ဟိုတုန်းက ခုခေတ်လို တိုက်ရိုက်ဘာသာပြန်တာကို စာဖတ်သူတွေက လက်မခံဘူး ။ Charles Lamb ရဲ့ “ အက်ဆေး ” တစ်ပုဒ် ရှိတယ် ။ Beau Tibbs ဆိုတဲ့ အလုပ်အကိုင်မရှိ ၊ ယောင်ခြောက်ဆယ်သမား တစ်ယောက်အကြောင်း ရေးထားတာ ။ ဒီကောင်က ဘယ်မြို့စား နဲ့ သိတယ် ၊ ထမင်းစား ဖိတ်ထားတာ သွားရဦးမယ် ၊ ဘာညာနဲ့ ကြွားတတ်တယ် ။ စာရေးဆရာ က ပြောင်ရေးထားတာ ။ ဒါကို ဘာသာပြန်တော့ “ ဘိုးတစ် ( ဗ ) ” နေရာမှာ “ မောင်တိုး ” လို့ နာမည် ပေးလိုက်တယ် ။ ကိုသောင်း က “ မင့်ကွာ ... မောင်တိုး ဆိုတာ မကောင်းပါဘူး ။ တက်တိုးလို့ လုပ်ပါ ” လို့ ပြောတာနဲ့ “ ဘိုးတစ် ( ဗ ) ” နေရာမှာ “ တက်တိုး ” ဖြစ်သွားတယ် ။
ဒီလို မှီးထားတဲ့ဟာလေး ပါလာတော့ လူကြီးတွေ ကလည်း သဘောကျကြတယ် ။ အဲဒီကစပြီး ကိုသောင်း တို့က အစ ဆရာ့ နာမည်ရင်း ကို မခေါ်တော့ဘဲ “ မောင်တက်တိုး ” လို့ပဲ ခေါ်ကြတော့တယ် ။ နောက်တော့ ဦးခန့် ထုတ်တဲ့ “ စာဆိုတော် ” မဂ္ဂဇင်းမှာ ပီ - ဂျီဝုဒ်ဟောက် ( စ ) ရဲ့ The man who give up smoking ကို “ ဆေးလိပ်ဖြတ်တဲ့သူ ” ဆိုပြီး မှီးပြီးရေးတယ် ။ ကလောင်နာမည်ကို “ အုန်းကလေး ” လို့ တပ်လိုက်တာ ကို ကိုသောင်း က “ မင်း လုပ်မနေစမ်းပါနဲ့ကွာ တက်တိုး လို့ပဲ တပ်ပါ ” ဆိုပြီး ပြောင်းပေးသွားတယ် ။ အဲဒီကနေ စပြီး တောက်လျှောက် “ တက်တိုး ” ဖြစ်လာတော့တာပါပဲ ”
“ ကျေးဇူးတင်ပါတယ် ဆရာ ၊ ကျွန်တော် ဆရာ့ ဆောင်းပါးတွေ တော်တော်များများ လေ့လာခဲ့တဲ့ အထဲက တချို့ အချက်အလက်ကလေးတွေ ဆွေးနွေးချင်ပါတယ် ။ “ ... နှင့် စာပေ ” ဆိုတဲ့ စာအုပ်က ဆောင်းပါး တစ်ပုဒ်မှာ ဆရာက ပြောထားတယ် ။ ရသစာပေ ဖန်တီးတဲ့ နေရာမှာ ၊ အနုပညာပစ္စည်း ဖန်တီးတဲ့ နေရာမှာ “ အတ္တ ” ပါမှသာ ဒီအနုပညာဟာ အသက်ဝင်တယ်လို့ ၊ ဒီအချက်နဲ့ ပတ်သက်ပြီး ရှင်းပြစေချင် ပါတယ်ဆရာ ”
“ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဆရာ မဖြေခင်မှာ “ အတ္တ ” ဆိုတာကို အရင် ရှင်းပြချင်ပါတယ် ။ အတ္တ ဆိုတာဟာ အများပြောနေတဲ့ “ အတ္တစွဲ ” ကို ဆိုလိုတာ မဟုတ်ပါဘူး ။ ဆိုလိုတာက ကိုယ့်ရဲ့ နှလုံးသား တစ်ခုလုံး ၊ ကိုယ့်အသိ တစ်ခု လုံး ထည့်ပြီး ဖန်တီးမှသာ “ ရသစာပေ ” ဖြစ်တယ် ။ အင်္ဂလိပ် လို ပြောတော့ Emotion ပါမှပေါ့ ။ အတ္တ ဆိုတော့ တလွဲ အဓိပ္ပာယ် ထွက်စရာရှိတယ် ။ ဆရာ ဆိုလိုတာက Personality ပုဂ္ဂလသဘာဝပါ ။ ပုဂ္ဂလ သဘာဝ ဆိုတာ ပုဂ္ဂိုလ်ရဲ့ စွမ်းအားဖြင့် ရေးတာကို ပြောတာ ။ ကိုယ့်စာပေ ကို ဖန်တီးတဲ့ နေရာမှာ စိတ်ရော လူရော နှစ်ပြီး ဖန်တီးရမယ် ။
အနုပညာကို ဖန်တီးထုတ်လုပ်မယ် ဆိုရင် သာမန်ကာလျှံကာ လုပ်လို့ မရဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ ။ အင်မတန်ကို လေးလေးနက်နက် ကိုယ်ရော စိတ်ပါ အပ်နှင်းပြီး လုပ်မှ အသက်ဝင်မယ်လို့ ဆိုလိုတာပါ ”
“ ဒီစာအုပ်ထဲ မှာပဲ ရသစာပေနဲ့ ပတ်သက်ပြီး အချက် တစ်ချက်ကို ဆရာ ရေးထားခဲ့ပါတယ် ။ ရသစာပေ ဖန်တီးတဲ့ နေရာမှာ ကိုယ် တတ်ထားတဲ့ အတတ်ပညာကို အတုံးလိုက် အတစ်လိုက် ထည့်ပြီး ဖန်တီးရင် ဒီစာပေရဲ့ ရသ ပျက်တယ်လို့ ဆိုပါတယ် ”
“ ဟုတ်ပါတယ် ”
“ ဒီနေ့ ဝတ္ထုတွေ ရေးကြတဲ့ နေရာမှာ စာရေးဆရာတွေက စာဖတ်သူကို ဒေသန္တရ ဗဟုသုတ ပေးချင်ဇော နဲ့ သူ ရောက်ဖူးတဲ့ နေရာတွေနဲ့ ပတ်သက်တာတွေကို အချက်အလက်တွေနဲ့ ထည့်ရေး ကြပါတယ် ။ ဥပမာ - မြို့တစ်မြို့က ဘုရားကို ရောက်သွားတဲ့ ဇာတ်ဝင်ခန်းမှာ ဘုရားသမိုင်း ၊ ဉာဏ်တော် က ဘယ်လောက် စတဲ့ အချက်တွေ ။ ရေကာတာ တစ်ခု ရောက်သွားရင် ဘယ်နှခုနစ်က စတည်တယ် ၊ ဘယ်လောက် ကုန်ကျတယ် ... စသဖြင့် ရေးကြပါတယ် ။ ဆရာလည်း ဖတ်မိတယ် ”
“ ဒီလို ရေးရင်ကော ဝတ္ထုရဲ့ ရသ ပျက်စေတယ်လို့ ဆိုမလား ”
“ ဒီလိုရှိတယ်ကွဲ့ ၊ ဝတ္ထုဆိုတဲ့ အဓိပ္ပာယ်က “ ရသ ” စာပေ ၊ မင်းပြောတဲ့ “ ဒေသန္တရ ဗဟုသုတ ” ဆိုတာ တွေက “ သုတ ” စာပေ ၊ ရသစာပေ နဲ့ သုတစာပေ မပေါင်းရဘူးလို့တော့ မဆိုလိုဘူး ။ သို့သော်လည်း ပဲ ရသစာပေမှာ ဝတ္ထုဇာတ်လမ်းဟာ ရေအလျဉ်လို စီးနေရမယ် ။ ဒီလို စီးဆင်းနေတဲ့ နေရာမှာ “ သုတ ” ကို ထည့်လိုက်ရရင် ရေအလျဉ်စီးရာမှာ လျှောဆင်း မသွားတော့ဘဲ ကျောက်ဆောင်တွေနဲ့ တိုက်လို့ ရေစီးကြောင်း ကွေ့ကောက် သွားသလို ဖြစ်သွားမယ် ။ ဇာတ်လမ်း ထဲမှာ ဒီကိစ္စတွေ ပါဖို့ လိုအပ်လာရင်တောင် မဖော်ပြသင့်ဘူး ။ အလျဉ်းသင့်သလို ဖော်ပြရင် ဇာတ်လမ်း ရေအလျဉ်ဟာ အစီး မပျက်တော့ဘူးပေါ့ ။
ဝတ္ထုမှာ ဇာတ်လမ်း ဇာတ်ကွက် ကိုသာ အဓိက ထားရမယ် ။ “ သုတ ” ကို ပဓာန သွားထားရင် အာရုံ ပျက်သွားနိုင်တယ် ။ နိုင်ငံခြားက Best Seller တွေမှာလည်း သုတတွေ အများကြီး ပါပါတယ် ။ သို့ပေမဲ့ ရသကို ပျက်စေမယ့် သုတမျိုး ၊ ကျောက်ဆောင်လို ရေအလျဉ်ကို ရပ်တန့်စေမယ့် သုတမျိုး မပေးဘူး ။ အလျဉ်းသင့်သလို ဇာတ်လမ်းထဲမှာ ထည့်ထည့်သွားတော့ ဇာတ်လမ်းလည်း မပျက်တော့ဘူးပေါ့ ။ ဒါကြောင့် သုတ ကို ရသ ထဲ မှာ မရောရဘူး ၊ မဆိုလိုဘူး ။ ဒါပေမဲ့ မင်း ပြောသလို အလုံးလိုက် အရင်းလိုက် ထည့်လိုက်ရင် ဝတ္ထုလမ်းကြောင်း လွဲစေနိုင်တယ် ”
“ ဆရာ ဝတ္ထု တော်တော်များများ ရေးခဲ့ဖူးပါသလား ”
“ အတိုပဲ များပါတယ် ။ အရှည်ကတော့ “ မင်းမှုထမ်း ” တစ်ပုဒ်တည်းပဲ ။ မူလကတော့ ဆရာက ဝတ္ထုရေး ဆရာပဲ ဖြစ်မယ်လို့ ထင်ခဲ့တယ် ။ သို့ပေမဲ့ ဆရာ့ရဲ့ ကံအကြောင်းပဲလား ဘာလားတော့ မပြောတတ်ပါဘူး ။ လူတွေက ဆရာ့ဆီက ဆောင်းပါးပဲ တောင်းတယ် ။ မဂ္ဂဇင်း အယ်ဒီတာတွေကလည်း ဝတ္ထု ပေးရင် သိပ် မကြိုက်ချင်ကြဘူး ။
ဆိုလိုတာက သူတို့ ဆရာ့ဆီက လိုချင်တာက ဆောင်းပါးပဲ ။ ဆောင်းပါးကို သဘောကျပုံရတယ် ။ အဲဒါကြောင့် ဝတ္ထုရေးဖို့ အခွင့် မသာခဲ့ဘူး ။ နောက်ပြီးတော့ ဆရာက ဝတ္ထုရေးတဲ့ နေရာမှာ Concidence ( တိုက်ဆိုင်မှု ) တွေ များများကို မသုံးချင်ဘူး ။ ဝတ္ထုဇာတ်လမ်းကို ကိုယ် လုပ်ချင်တိုင်း လုပ်တယ် ဆိုတာမျိုး မဖြစ်ချင်ဘူး ။ ဇာတ်ကောင်သဘောက ဆွဲဆောင်သွားတာကိုပဲ ဖြစ်စေချင်တယ် ။
တချို့ကတော့ ဝတ္ထုကို အကွက်ချပြီး ရေးတယ် ။ ဒီနေရာမှာ ဒီလူ သေရမယ် ဆိုရင် မော်တော်ကား တိုက်ပြီး သေချင်သေ ၊ လေယာဉ်ပျံ ပျက်ကျပီး သေချင်သေ ၊ အဲဒါမျိုး ရေးရရင် ဆရာ့ ရင်ထဲမှာ ထိခိုက်တယ် ။ မဖြစ်နိုင်ဘူးလား ဆိုတော့ တိုက်ဆိုင်မှု ဆိုတာ ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ သဘာဝအရ ဖြစ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ရတဲ့ ဇာတ်ကွက် ဇာတ်လမ်းတွေကိုပဲ ရေးချင်တယ် ။
ဒါကြောင့်လည်း ဝတ္ထုတိုလေး တစ်ပုဒ် ရေးဖို့ရမှာတောင် အချိန် သိပ်ကြာတယ် ။ တစ်ခါတလေ သုံး လေးလ ကြာတယ် ။ ဒါကြောင့် ဆရာ့ အနေနဲ့ ဝတ္ထု သိပ်မထွက်တာလည်း ပါပါတယ် ။ ငယ်ငယ်တုန်းက ရေးဖြစ်သေးတယ် ။ ဝတ္ထုတိုပေါင်းချုပ်တွေ ဘာတွေတောင် ထွက်ပါသေးတယ် ။ အသက်ကြီးလာတော့ တောင်းကြတာ ကလည်း ဆောင်းပါးပဲ ဆိုတော့ သူတို့ လိုအပ်တာလေးတွေ ဖြည့်ဆည်းတဲ့ သဘောနဲ့ ဆောင်းပါးပဲ ရေးဖြစ် တော့တယ် ”
“ ဆောင်းပါးတွေ အများကြီး ရေးဖြစ်ခဲ့တဲ့ ဆရာနဲ့ တွေ့ခွင့်ရတုန်းမှာ “ ဆောင်းပါး ” ဆိုတဲ့ ဝေါဟာရရဲ့ ဇာစ်မြစ်ကို သိပါရစေ ဆရာ ။ ကျွန်တော်တို့လည်း ဆောင်းပါးသာ ရေးနေကြတာ ။ ဒီဝေါဟာရ ရဲ့ ဇစ်မြစ်ကို မသိလို့ပါ ”
“ ဆရာ ကိုယ်တိုင်လည်း ပညာရှင်တစ်ယောက် အနေနဲ့ ပြောတာမျိုး မဟုတ်ဘဲ ဆရာ တွေးလို့ရတာကိုပဲ ပြောပါရစေ ။ ဆောင်းပါး ဆိုတဲ့ ဝေါဟာရကို Article အနေနဲ့ သုံးတာ မဟုတ်ဘဲ ရခိုင်ပြည်နယ်မှာ သုံးတာ ကြားရဖူးတယ် ။ လူကြုံပါးတာကို “ ဆောင်းပါးကလေး တစ်ခု ယူသွားပါ ” လို့ ပြောကြတယ် ။ စာပဲ ဖြစ်ဖြစ် ၊ ပစ္စည်းပဲ ဖြစ်ဖြစ် “ ဆောင်းပါး ” လို့ပဲ သုံးကြတယ်လို့ သိရတယ် ။ ဒီတော့ “ ဆောင်းပါး ” ဆိုတာ လက်ဆောင် ပါးတဲ့ ပစ္စည်းလို့ ဆရာ ထင်တယ် ။
ပြီးတော့လည်း ဟိုအရင်တုန်းက ရှိတယ် ... ။
“ ရွှေဝသွား ပါးလိုက်တဲ့ ဆောင်ပါလေ
လွမ်းသူ့စာခွေ
ဒီစာခွေ အထွေထွေ ပေါ်လေရဲ့လေး
စီလို့သာ ကုံးရတယ်
စာလုံးပုံ ဟန်မရတယ်
မိန်းမလက်ရေး ... ” တဲ့ ။
ဒါ ဆရာတို့ ငယ်ငယ်တုန်းက ကြားဖူးလား ။ အဲဒီမှာ ဆောင်ပါး ဆိုတာ တော်တော် ထင်ရှားတယ် ။ “ ဆောင် ” တယ် ဆိုတာ ယူသွားတာ ။ “ ပါး ” တယ်ဆိုတာက ပေးလိုက်တာ ။ ပေးလိုက်တာကလည်း အများအားဖြင့် စာပဲ ပေးတာ ။ ဟိုတုန်းက စာတိုက်တွေ ဘာတွေ မရှိတော့ လူကြုံနဲ့ ပေးရတာပေါ့ ။ ဟိုတုန်း က ရေးတဲ့စာတွေ ကလည်း အကြောင်းကြားတဲ့စာ ၊ မေတ္တာစာ ၊ အမှာစာ ဆိုတဲ့ဟာတွေဟာ ဒီလိုပဲ မေတ္တာလက်ဆောင် ပါးသလို ပါးတဲ့ သဘော ရှိလို့ “ ဆောင်းပါး ” ဆိုတာ နောက်ပိုင်းမှာ ဖြစ်လာတာ ထင်တယ် ။ ဆရာလည်း သိပ်တော့ မြန်မာစာပေ မကျွမ်းပါဘူး ။ ဟိုဘက်ပိုင်းမှာတော့ ဆောင်းပါးဆိုတာ ရှိခဲ့မယ် မထင်ဘူး ။ အင်္ဂလိပ် ရောက်လာပြီး ဒီဘက်ပိုင်းမှာမှ မြန်မာပြည်မှာ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေ ပေါ်လာပြီး အင်္ဂလိပ် လို Article လို့ ခေါ်တာကို ဘယ်လို ခေါ်မလဲ လို့ ( ဒါ ဆရာ့ထင်ကြေး ပြောတာပါ ) တွေးကြတော့ မြန်မာပညာရှိကြီးတွေက “ ဆောင်းပါး ” ဆိုတဲ့ ဝေါဟာရကို သုံးခဲ့ဟန်တူပါတယ် ။ ဒါ ဆရာ တွေးလို့ရတာ ပြောတာပါ ။ မှန်ချင်မှလည်း မှန်လိမ့်မယ် ။
ဆောင်းပါး ဆိုတာ ဆရာတို့ မြန်မာစာပေလောကမှာ ဒီဘက်ခေတ်လောက်မှ ပေါ်လာတာပဲ ထင်ပါတယ် ။ ဟိုဘက်ခေတ်တွေတုန်းကတော့ စောစောက ပြောသလို မှာတမ်းတို့ ၊ မေတ္တာစာတို့ပဲ ရှိခဲ့ကြတာကိုး ။ စကားပြေ ဆိုတာကလည်း အရေးအသား နည်းတယ် ။ များသောအားဖြင့် ပျို့ ၊ ကဗျာ ၊ လင်္ကာ တွေပဲ ရေးကြတာကိုး ။ စကားပြေ က ကုန်းဘောင်ခေတ် နောက်ပိုင်းလောက်မှ သိသိသာသာ ဝင်လာတာပဲ ။ ဥပမာ - ဦးကုလား မှန်နန်းရာဇဝင်တို့ ၊ ဦးဩဘာသရဲ့ ဇာတ်ကြီးဆယ်ဘွဲ့တို့ ဘာတို့ စကားပြေတွေ ဝင်လာတယ် ။ “ ပါရဏ ” ဝတ္ထုတို့ဘာတို့ စကားပြေတွေ ဝင်လာတယ် ။ အဲဒီခေတ်မှာလည်း စကားပြေပဲ ရှိတယ် ။ ဆောင်းပါး ဆိုတာ ဆရာတော့ မတွေ့ဖူးဘူး ။ သူများတွေလည်း တွေ့တယ်လို့ မကြားမိပါဘူး ။
အင်္ဂလိပ်ခေတ် ရောက်တော့မှ ပုံနှိပ်စက်တွေ ဘာတွေလည်း များများရှိလာပြီး မဂ္ဂဇင်း ၊ ဂျာနယ်တွေလည်း ထုတ်လို့ပြုလို့ ရလာတယ် ။ သတင်းစာတွေ ထွက်လာတယ် ။ ခရစ်ယာန်သတင်းစာ ဖြစ်တဲ့ ဓမ္မသတင်းစာတို့ ဘာတို့ ထွက်လာတယ်လို့ သတင်းစာ သမိုင်းမှာ တွေ့ရတာပဲ ။ အဲဒီက စပြီးတော့ “ ဆောင်းပါး ” ဆိုတဲ့ ဝေါဟာရကို သုံးတယ်လို့ ဆရာတော့ တွက်မိတာပဲ ”
“ ဝတ္ထု ရေးနေကျ စာရေးဆရာကြီးတစ်ယောက် ဆီကို မဂ္ဂဇင်း တစ်ခုက ဆောင်းပါး တောင်းတော့ ဆရာကြီး က သူ့ဆောင်းပါးထဲမှာ ဝတ္ထု ရေးရတာထက် ဆောင်းပါး ရေးရတာ ခက်တယ်လို့ ထည့်ရေးတာ ဖတ်လိုက် ရဖူးပါတယ် ။ ဆရာက ဘယ်လို သဘောရပါသလဲ ”
“ မှန်ပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ ဝတ္ထု က ဖြစ်အောင် ရေးရတာ လွယ်ပါတယ် ၊ ဝတ္ထုကောင်းတာ မကောင်းတာကို ပြောတာ မဟုတ်ဘူးနော် ။ ဝတ္ထု ဖြစ်အောင် ရေးတာကို ပြောတာပါ ။ လွယ်တယ် ဆိုတာက အကြောင်းအရာ တစ်ခုကို တွေ့တယ် ။ ကိုယ့်စိတ်ကူးဉာဏ်နဲ့ ဒီဇာတ်လမ်းကို ရေးချလိုက်တာပဲ ။ ခေါင်းထဲမှာ စိတ်ကူးဉာဏ် ဇာတ်ကွက်တွေ ချပြီး ရေးတာပဲ ၊ အတတ်ပညာ သဘောနဲ့ လွယ်တယ်လို့ မဆိုပါဘူး ။
ဆောင်းပါးကျတော့ ဒီလို လုပ်လို့ မရဘူး ။ ဆောင်းပါးက သုတပိုင်း ဆိုတော့ အကြောင်းအရာတွေ ပြောစရာ ရှိရင်လည်း မှန်အောင် ပြောရတယ် ။ အချက်အလက်တွေပေါ့လေ ။ နောက်ပြီးတော့ ကိုယ်က တင်ပြချင်တဲ့ အချက်ကလေးတွေ ၊ ထင်မြင်ချက်တွေ ၊ တင်ပြချက်တွေ ဘာတွေကျတော့လည်း ယုတ္တိယုတ္တာ ရှိအောင် ၊ အကြောင်းအကျိုး ညီညွတ်အောင် ဖော်ပြရမယ် ။
နောက်တစ်ချက်က သူက ဝတ္ထုလို ဇာတ်လမ်းနဲ့ ဆွဲဆောင်မှု မရှိရတော့ ဆောင်းပါးကောင်းကောင်း ရေးချင်ရင် ဒီအကြောင်းအရာကို ဘယ်လို ချဉ်းကပ်မလဲ ဆိုတဲ့ ချဉ်းကပ်ပုံလည်း လိုတယ် ။ တင်ပြပုံ ကလည်း စိတ်ဝင်စားစရာ ဖြစ်ရမယ် ။ အစီရင်ခံစာကြီးလို ရေးထားရင် ဘယ်သူမှ မဖတ်ချင်ကြဘူး ။
သူတို့ တိုင်းပြည်မျာက Essay လို ဟာမျိုး ရှိတယ် ။ “ အက်ဆေး ” က သုတစာပေ ဆိုပေမယ့် ရသစာပေထဲ ဝင်တာပဲ ။ တချို့ အက်ဆေးဆရာကြီးတွေ ဆိုရင် မိုးရွာတဲ့ အခါမှာ မိုးပေါက်ကလေးတွေ ကျတဲ့ အသံဟာ တူရိယာ အသံနဲ့ ဘယ်လို တူတဲ့အကြောင်း တင်စားပြီး ရေးတာမျိုးတွေ ဖတ်ခဲ့ရဖူးတယ် ။ သူ့ချည်းပဲ သက်သက် ရေးရင် မင်းတို့ တက္ကသိုလ်တွေမှာ ပြုစုခဲ့ရတဲ့ စာတမ်း ( Term Paper ) တို့လို ၊ ရုံးမှာ ရေးတဲ့ အစီရင်ခံစာတို့လို ဟာမျိုးတွေလည်း ဆောင်းပါး သဘောပါပဲ ။ ဆောင်းပါးကောင်း တစ်ပုဒ် ဆိုတာ စာဖတ်တဲ့ သူရဲ့ အာရုံကို ဆွဲဆောင်နိုင်မှု ရှိရမယ် ။ ဦးတည်ချက်လည်း ရှိရမယ် ။ ဦးတည်ချက်ကို ရောက်အောင်လည်း ပို့တတ်ရမယ် ။ အဖုံးအပိတ်လည်း ညီရမယ် ။ တောင်မကျ မြောက်မကျ ဖြစ်နေရင် ဘယ်ကောင်းမလဲ ။
ဆောင်းပါးက ကိုယ် ရေးရမယ့် အကြောင်းအရာနဲ့ ဆွဲဆောင်နိုင်ဖို့ ကြိုးစားရတယ် ။ ဝတ္ထု ကတော့ ရေးတဲ့သူ ထွင်ချင်သလို ထွင်ထားတော့ အားလုံး အသစ်ချည်းပဲ ။ ဆောင်းပါးမှာ အကြောင်းအရာက အသစ် ဟုတ်ချင်မှ ဟုတ်မယ် ။ ဥပမာ - ရွှေတိဂုံအကြောင်း ရေးမယ် ဆိုကြပါစို့ ။ ရွှေတိဂုံအကြောင်း လူတွေ အများကြီး ရေးခဲ့ကြပြီးပြီပဲ ။ ဒါပေမဲ့ ရေးမယ့်သူက ဒီအကြောင်းအရာကို ဘယ်ဘက်က ချည်းကပ်မလဲ ဆိုတာ စဉ်းစားရမယ် ။ စာဖတ်သူရဲ့ အာရုံကို ဆွဲဆောင်ဖို့ အစမှာ ဘယ်လို ရေးမယ် ၊ အလယ်မှာလည်း ပီပီပြင်ပြင် ရှိရမယ် ၊ အဆုံး မှာလည်း သိပ်သိပ်သည်းသည်း ရှိရမယ် ။ လိပ်ပတ်လည်တယ် ဆိုတဲ့ သဘောပေါ့ ။ ဒါကြောင့် ဆောင်းပါး ရေးရတာ မလွယ်ဘူး ဆိုတာကို ဆရာက ထောက်ခံတာပါ ။
နောက် သူတို့ဆီမှာ ဝတ္ထုရေးကြတာက အကွက်ချပြီး ရေးတာ ။ ရေးတဲ့ နေရာမှာလည်း အစီအစဉ်အတိုင်း ရေးတာ မဟုတ်ဘဲ ခေါင်းထဲ ပေါ်လာတဲ့ အခန်းကို ကောက်ရေးပြီး ချိတ်ချိတ် ထားလိုက်တယ် ။ သူ့ခေါင်းထဲ မှာတော့ ဇာတ်တစ်ခုလုံး ရှိပြီးသားပဲ ။ ရုပ်ရှင်ရိုက်သလိုပေါ့ ၊ ဇာတ်ညွှန်းကို ကိုင်ပြီး အခန်းကျော်ပြီး ကြိုက်တာ ရေးတာပဲ ။ အားလုံး ပြီးတော့မှ ပြန်ဆက်ယူတယ် ။ ဒီရေးနည်းမျိုးကိုလည်း ဆရာ တွေ့ခဲ့ မြင်ခဲ့ ဖူးပါတယ် ။
ဆောင်းပါးက ဒီလို ရေးလို့မရဘူး ။ အဲဒါကြောင့် ဆောင်းပါးဟာ ဝတ္ထု ထက် ခက်တယ် ။ စာရေးတယ် ဆိုတာ ဘယ်ဟာမှ မလွယ်ပါဘူး ။ စာတတ်သူတိုင်းလည်း မရေးတတ်ပါဘူး ။ ခက်တာချည်းပါပဲ ”
“ ဆရာ ပြောသွားတဲ့ အထဲမှာ Article ကို ဆောင်းပါးလို့ ခေါ်တယ်လို့ ပြောသွားပါတယ် ။ Essay ကိုကော ဘာခေါ်မလဲ ဆရာ ”
“ အက်ဆေးကို ခုထက်ထိ မြန်မာလို ခေါ်လို့ မရသေးဘူး ။ ဟိုတုန်းကတော့ အဲ ... ဆရာတို့ ခပ်ငယ်ငယ် ၊ သိပ္ပံမောင်ဝတို့ ခေတ်တုန်းကတော့ “ အစမ်းစာ ” လို့ ခေါ်ကြဖူးတယ် ။ သိပ်ပြီး မတွင်ကျယ်ခဲ့ဘူး ထင်တယ် ။
အက်ဆေး ဆိုတာ Attempt လုပ်တာ ၊ စမ်းကြည့်တာပဲ ၊ အက်ဆေး ဆိုတဲ့ စကားက E.S.S.A.I အက်ဆေးဆိုတဲ့ ပြင်သစ်စကားလုံးက လာတာ ။ ဟိုတုန်းက “ မွန်တိန်း ” ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က ( စာရေးဆရာ မဟုတ်သေးဘူး ) အကြောင်းအရာတွေကို ဖတ်ချင်စဖွယ်ဖြစ်အောင် သူက ရေးတယ် ။ ဘာမှ မဟုတ်ဘူး ။ အသေးအနုပ် အကြောင်းအရာ ကလေးတွေကအစ ရေးတယ် ။ လမ်းလျှောက်သွားတဲ့ အကြောင်း လည်း ရေးတာပဲ ။ ခွေးကလေးတစ်ကောင် အကြောင်းလည်း ရေးတာပဲ ။ ဧရာမ ပုဂ္ဂိုလ်ကြီး အကြောင်းလည်း ရေးတာပဲ ။ အကြောင်းအရာ အနေနဲ့ အမျိုးစုံ ရေးလို့ ရပေမယ့် နှစ်သက်ဖွယ် ဖြစ်အောင် ရေးဖို့ မလွယ်ဘူး ။ ဒါကို သူက စမ်းစမ်းရေးတယ် ။ အက်ဆေး ရေးတဲ့သူက ပညာရှိတွေ ရေးတဲ့ Term Paper လို ၊ Thesis လို ရေးတာ မဟုတ်ဘူး ။ ဆောင်းပါး လိုလို ၊ ဝတ္ထု လိုလို ပုံစံမျိုး ရေးတာပဲ ။ ဒါကို အက်ဆေးလို့ ခေါ်တယ် ။ ဆရာ မှီးပြန်ခဲ့ဖူးတဲ့ Beau Tibbs ဟာ အက်ဆေးပဲပေါ့ ။
အက်ဆေးရဲ့ အဓိပ္ပာယ်ဟာ အစမ်း စမ်းသပ်ခြင်းလို့ ထွက်တာကြောင့် ဆရာတို့ မြန်မာစာပေမှာ “ အစမ်းစာပေ ” ဆိုပြီး သုံးခဲ့ကြသေးတယ် ။ နောက်တော့ “ စာမွန် ” ဆိုလား ဘာဆိုလား သုံးခဲ့ကြသေးတယ် ။ မရပါဘူး ။ ဆရာ့သဘော ပြောရရင်တော့ “ အက်ဆေး ” ကို “ အက်ဆေး ” လို့ပဲ သုံးချင်တယ် ။ ပြင်သစ်က အက်ဆေး ခေါ်တာကို အင်္ဂလိပ်ကလည်း အက်ဆေးလို့ပဲ ခေါ်တယ် ။ ဒီတော့ ဆရာတို့လည်း အက်ဆေး ဆိုတဲ့ စကားကိုပဲ မွေးစားလိုက်ရင် မကောင်းဘူးလား ။ အက်ဆေး ဆိုတာကို ကျောင်းသားတိုင်းလည်း သိကြတာပဲ မဟုတ်လား ”
“ စာညွန့်ကကော ဆရာ ”
“ စာညွန့်က အက်ဆေး မဟုတ်ဘူး ၊ သူက ကဗျာဆန်ဆန် ရေးတဲ့ စကားပြေပဲ ။ သူ့ကို ကျစ်ကျစ်လျစ်လျစ် ရေးရတယ် ။ စကားတွေရဲ့ အဓိပ္ပာယ် လေးနက်ရတယ် ။ အခု ဆရာ Guardian မဂ္ဂဇင်း ထဲမှာ ရေးတဲ့ Buddhist Vignette ဆိုတာ ရှိတယ် ။ အင်္ဂလိပ် မှာ သူတို့ ဘုန်းကြီးတွေက ပုံနှိပ်တဲ့စာအုပ် မပေါ်ခင်မှာ စာလုံးလှလှပပကလေးတွေ ပန်းစာလုံးတွေ ကျမ်းစာကို ရေးရတာ ရှိတယ် ။ အသွင်သဏ္ဍာန် အားဖြင့်လည်း လှတယ် ။ အဓိပ္ပာယ် အားဖြင့်လည်း ကောင်းတယ် ။ အဲဒါကို Vignetteလို့ ခေါ်တယ် ။ ဆရာတော့ စာညွန့် ဆိုတာ အဲဒါနဲ့ တူတယ်လို့ ထင်တယ် ”
“ ကျွန်တော်တို့ သိထားကြတဲ့ ခေတ်စမ်းစာပေဆရာ သိပ္ပံမောင်ဝ ကို ဆရာက “ ဒိုင်ယာရီရေးသမား ” အဖြစ်နဲ့ပဲ မြင်တယ်လို့ ရေးတာ ဖတ်ခဲ့ဖူးပါတယ် ။ ဘာဖြစ်လို့ပါလဲဆရာ ”
“ ဒီလို ... သိပ္ပံမောင်ဝ ရေးတာတွေက သူ သွားတာ ၊ လာတာ ၊ မြင်တာ ၊ တွေ့တာတွေကို ရေးတာပဲ ။ ရက်စွဲ မတပ်ရုံတစ်မည်ပဲ သူ ရေးခဲ့တယ် ။ ဒီနေ့ ဘယ်ရွာ သွားတယ် ၊ ဘယ်သူနဲ့ တွေ့တယ် ၊ ရုံးမှာ ဘာကိစ္စ လုပ်တယ် စသဖြင့် ရေးခဲ့တာပဲ ။ ဥပမာ - တပေကုလားရွာ ရောက်တော့ ကုလားလေးက တစ်ပေ ပဲ ရှိသလား ၊ ဘာလား စသဖြင့် သူ စိတ်ဝင်စားတာ ရေးခဲ့တာပဲ ။ သူ ရေးခဲ့တာတွေက အက်ဆေး သဘောပဲ ။
ဒါပေမဲ့ ဆရာက သူ့ကို ဒိုင်ယာရီ ရေးသမားလို့ သဘောထားတာဟာ အကြောင်းရှိတယ် ။ အင်္ဂလိပ်စာပေမှာ ရှေးခေတ်က “ ဝေါလ်တာပိတ်တား ” ဆိုတာ သိပ်နာမည်ကြီးတယ် ။ ဘာအဖြစ်နဲ့ နာမည်ကြီး သလဲဆိုတော့ ဒိုင်ယာရီ ရေးသမားအဖြစ် နာမည်ကြီးတာပဲ ၊ သူ့ခေတ်မှာ မြင်တာ ၊ တွေ့တာ ၊ ကြုံတာတွေ ကို ရေးသွားတယ် ။ ဥပမာအားဖြင့် ဒီနေ့ ရှင်ဘုရင် နန်းတက်တယ် ။ ဘယ်လို အခမ်းအနားကြီးတွေ လုပ်တယ် စသဖြင့် ရေးသွားတယ် ။ ဆရာက သိပ္ပံမောင်ဝကို “ ဒိုင်ယာရီရေးသမား ” အဖြစ် ရေးခဲ့တာက ဝေါလ်တာ ပိတ်တား လို ချီးမွမ်းချင်တဲ့ သဘောနဲ့ ရေးခဲ့တာပါ ။ နှိမ်ချတဲ့ သဘော မဟုတ်ပါဘူး ”
“ ဆရာ့ဆောင်းပါးတွေမှာ “ ဝတ္ထုရေးဆရာ ” နဲ့ “ စာရေးဆရာ ” ဟာ မတူဘူးလို့ ခွဲခြားရေးထားတာ တွေ့ရပါတယ် ။ ဘယ်လို ကွဲပြားပါသလဲ ဆရာ ”
“ ဒါက ဒီလိုရှိပါတယ် ။ အကြမ်းဖျင်းအားဖြင့်တော့ စာရေးတဲ့ သူတွေကို စာရေးဆရာလို့ ခေါ်ကြပါတယ် ။ ဒါပေမဲ့ သူတို့ဆီ မှာတော့ စာရေးဆရာ နဲ့ ဝတ္ထုရေးဆရာ ဟာ မတူဘူး ၊ ဝတ္ထုရေးဆရာတောင် နှစ်မျိုး ရှိတယ် ။ အများကြိုက် ဝတ္ထုရေးတဲ့ စာရေးဆရာက တစ်မျိုး ၊ အများကြိုက် မဟုတ်ဘဲ စာပေအရာ ဝင်တဲ့ ပညာသား ပါပါ ဝတ္ထုရေးတဲ့ သူက တစ်မျိုး ။
စာရေးဆရာ နဲ့ ဝတ္ထုရေးဆရာ ကွာပါတယ် ။ သူတို့ဆီမှာ ဝတ္ထုရေးဆရာ ဟာ ဝတ္ထုပဲ ရေးတယ် ။ ဒီ့ပြင်စာ မရေးဘူး ။ ဆရာတို့ ဆီမှာတော့ စာမျိုးစုံ ရေးကြတာပဲ ။ သူတို့ဆီမှာ ဝတ္ထုရေးဆရာတွေဟာ အသက်အရွယ် ကြီးလာတဲ့ အခါမှာ သူတို့ ရေးတဲ့ ဝတ္ထုတွေ ၊ တခြားသူတွေ ရေးတဲ့ ဝတ္ထုတွေနဲ့ ပတ်သက်ပြီး ဝေဖန်စာတွေ အကဲဖြတ်စာတွေ ရေးကြတယ် ။ စာအကြောင်း ပေအကြောင်းလည်း ဗဟုသုတ အဖြစ် ရေးကြတယ် ။
“ ဆန်းမားဆက်မော် ( မ ) ” ဆိုရင် ငယ်ငယ်က ဝတ္ထုတွေ ရေးတယ် ။ အသက် တော်တော် ရလာပြီး ၆၀ ၊ ၇ဝ လောက် ရောက်လာတော့ ဝေဖန်စာတွေ ရေးတယ် ။ Ten Best Novel and Their Authors ရယ် ၊ Summing Up ရယ် ဒီလိုစာတွေ ရေးတယ် ။ ဝတ္ထုရေးဆရာဟာ စာရေးဆရာ မဟုတ်ဘူးလို့တော့ မဆိုနိုင်ဘူး ။ သို့ပေမဲ့ ခွဲခြားလို့တော့ ရတယ် ။ စာရေးဆရာ ဆိုတာ စာမျိုးစုံ ရေးတဲ့သူ ဆိုပါတော့ကွယ် ။ ဝတ္ထုရေးဆရာက ဝတ္ထုပဲ ရေးတယ်ပေါ့ ။
တချို့ကျတော့ စာရေးရင်း ဝတ္ထုလိုလို ဘာလိုလို ဖြစ်သွားပေမယ့် သူ့ကိုယ်သူ စာရေးဆရာလို့ မခေါ်ဘူးကွ ။ ဆရာ သာဓက တစ်ခု ပြောပြမယ် ။ ဟိုအရင်တုန်းက Jade Snow Wong က Fifth Chinese Daughter ဆိုတဲ့ ဝတ္ထုဆန်တဲ့ အတ္ထုပ္ပတ္တိကို ရေးတယ် ။ သူက အမေရိကန် တရုတ်မ ။ သူ့အဖေရဲ့ အတ္ထုပ္ပတ္တိ ရေးတာ ပါပဲ ။ ဒီစာအုပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက စစ်သားတွေ တော်တော် သဘောကျလို့ ရှေ့တန်းစစ် မျက်နှာတွေကို စာအုပ်တွေ အများကြီး ပို့ခဲ့ရတယ်တဲ့ ။ ဆရာတို့ ဆီမှာတောင် ဆရာတင့်တယ် က “ မယင်းနှင်းဖြူ ” ဆိုတဲ့ နာမည်တပ်ပြီး ဘာသာပြန်ဖူးတယ် ။ အဲဒီ စာရေးဆရာမ က မြန်မာပြည် ကိုလည်း လာဖူးတယ် ။
ဆရာ အမေရိက ရောက်တော့ သူနဲ့ ဆန်ဖရန်စစ္စကို မှာ သွားတွေ့တယ် ။ စကားပြောရင်းနဲ့ ဆရာ ကပဲ အမှတ်တမဲ့နဲ့ ခင်ဗျား စာအုပ်တွေ ဘာတွေ နောက်ထပ် မရေးဘူးလားလို့ မေးလိုက်တော့ သူက “ I'm not a writter , I'm only a ceramic artist ” လို့ ပြန်ပြောတယ် ။ သူက ပန်းကန်ပြားပေါ်မှာ ပန်းချီဆွဲတဲ့ အလုပ် လုပ်တာကိုး ။ သူ့ကို စာရေးဆရာလို့ ပြောတာ ခံကို မခံဘူး ။ ကျွန်မ စာရေးဆရာ မဟုတ်ဘူးတဲ့ ။ စာအုပ် ရေးတာ ရေးလိုက်တာပဲ ။ ဒါပေမဲ့ စာရေးဆရာ မဟုတ်ပါဘူးတဲ့ ။ သူတို့ဆီမှာ အဲဒီလို သဘောထားရှိတယ် ”
“ ဘယ်လို စာရေးဆရာမျိုး ကိုမှ စာပေစိတ် ရှိတယ်လို့ သတ်မှတ်နိုင်မလဲ ဆရာ ”
“ စာပေစိတ် ရှိတယ် ဆိုတာက လူအများ ၊ လူသားပေါ့ကွယ် ။ အဲဒီ လူသားနဲ့ လူ့လောကရဲ့ အကျိုးကို ပြုဖို့ အမြဲလိုလားတဲ့ စေတနာနဲ့ ရေးတဲ့သူ ၊ ပြီးတော့ စာရေးတဲ့ နေရာမှာ ကိုယ်ရေးတဲ့ ဘာသာစကား ကိုပဲ လေးလေးနက်နက် ၊ လေးလေးစားစား လေ့လာပြီး တတ်ကျွမ်းအောင် လုပ်ပြီးမှ ရေးတဲ့သူ ၊ သူတစ်ပါး ရေးတဲ့ စာတွေကိုလည်း လေးလေးစားစား ဖတ်ရှုလေ့လာရမယ် ။
တခြားနိုင်ငံတွေမှာက စာရေးတော့မယ် ဆိုရင် ဝါကျမှန်အောင် ရေးတတ်ဖို့ကိုပဲ အရင် သင်သေးတယ် ။ စာရေးတာကို အနုပညာ အနေနဲ့ရော ၊ အတတ်ပညာ အနေနဲ့ပါ လေးလေးစားစား လုပ်ရမယ့် အလုပ်ပဲ ။ ဒီလို လူမျိုးတွေက စာမရေးဘဲကို မနေနိုင်ဘူး ။ ငွေကြေးရမှချည်း မဟုတ်ဘူး ။ ရရင်လည်း ယူတယ် ။ မရဘူး ဆိုလည်း စေတနာမပျက် ရေးတယ် ။ ဒီလိုလူမျိုးကို စာပေစိတ် ရှိတဲ့လူလို့ ဆရာတော့ဖြင့် ခေါ်ချင်တာပဲ ”
“ ဆရာ့ အတွေ့အကြုံအရ စာရေးဆရာ အပါအဝင် အနုပညာသမားတွေဟာ မေတ္တာဝါဒီတွေလို့ ဆိုနိုင်ပါ သလား ”
“ ဆရာ့ အတွေ့အကြုံအရ ကတော့ တကယ့် အနုပညာသမားတွေဟာ သိမ်မွေ့ကြပါတယ် ။ ဆိုရှယ်လစ် နိုင်ငံ သွားသွား ၊ ကွန်မြူနစ်နိုင်ငံ သွားသွား ၊ အရင်းရှင်နိုင်ငံပဲ သွားသွား စာရေးဆရာဟာ သူများထက် ပိုပြီး နူးညံ့သိမ်မွေ့တာချည်းပဲ တွေ့ရပါတယ် ။ ပြီးတော့ လူ မှန်သမျှကို ခင်တယ် ။ ဆရာ အရှေ့ရော အနောက်ကပါ စာရေးဆရာ တချို့နဲ့ တွေ့ဖူးပါတယ် ။ သူတို့ အနေနဲ့ ဝါဒ ကွာချင်ရင်သာ ကွာမယ် ။ မူအနေ နဲ့ ဝေဖန်ချင် ဝေဖန်မယ် ။ လူကိုတော့ လူအနေနဲ့ ခင်ကြတယ် ။ ဝါဒအရ လူတန်းစား ခွဲမြင်တာတော့ တခြားပေါ့ ။ ဒါကြောင့် အနုပညာသမားဟာ မေတ္တာဝါဒီလို့ ဆရာ ဆိုချင်ပါတယ် ။
ငွေရရင် ပြီးရော ဆိုပြီး ပရိသတ်ကို အညှီအဟောက်တွေ ၊ အဆိပ်တွေ ပေးပြီး ရေးတဲ့သူ ကတော့ အနုပညာသမားလည်း မဟုတ်ဘူး ။ စာပေစိတ် ရှိတဲ့သူလည်း မဟုတ်ဘူး ။ သူတို့မှာတော့ ဒါမျိုးကို Fictioneer လို့ ခေါ်တယ် ၊ Novelist လို့ မခေါ်ဘူး ၊ Best Sellet စာရင်းဝင်တဲ့ သူတွေတောင်မှ Novelist စာရင်း မဝင်ဘူး ။ သူတို့က ဝတ္ထု ရေးပြီး ရောင်းစားတဲ့ သူတွေ ၊ “ စာကုန်သည် ” တွေပေါ့ ။ ဒီလို ပြောလို့ သူတို့ကလည်း မမှုပါဘူး ။ ဟုတ်တယ် ၊ ကျုပ်တို့က စီးပွားရေး အတွက် စာရေးတဲ့ သူတွေပဲလို့ ပြောတယ် ။ ပြောင်ပြောင်ပဲ ။ “ လုဒ်လမ် ” တို့လို ရောင်းရတွင်ကျယ်တဲ့ ဝတ္ထုတွေ ရေးတဲ့ သူတွေက ဒီလိုပဲ ပြောတယ် ”
“ ကျေးဇူးတင်ပါတယ် ဆရာ ၊ ကျွန်တော် ဖတ်လာခဲ့တဲ့ အထဲမှာ ဆရာ ရေးခဲ့တဲ့ “ အချစ်နဲ့ စိတ်ပညာ ” ဆိုတဲ့ စာအုပ်လည်း ပါပါတယ် ။ ဒီစာအုပ်ကတော့ ဒီနေ့ လူငယ် စာဖတ်ပရိသတ်နဲ့ တော်တော် အလှမ်းကွာ နေလောက်ပါပြီ ။ ဒါကြောင့် ဒီစာအုပ်ထဲက တချို့ အချက်အလက် တချို့ကို လူငယ် စာဖတ်ပရိသတ် ကိုယ်စား မေးမြန်းခွင့်ပြုပါ ဆရာ ။
ဆရာ က “ အချစ် ” နဲ့ “ အကြိုက် ” မတူဘူးလို့ ရှင်းပြထားဖူးပါတယ် ။ အဲဒါကို ပြန်ပြောပြစေချင်ပါတယ် ဆရာ ”
“ အချစ်နဲ့ အကြိုက်က အပေါ်ယံ နဲ့ အတွင်းသား လိုပဲ ကွာခြားပါတယ် ။ အကြိုက် ဆိုတာက ကိုယ့်ရဲ့ လိုလားချက် ၊ မျှော်လင့်ချက် ၊ တောင့်တချက်နဲ့ ကိုက်ညီတာကို အကြိုက်ကျတယ်လို့ ဆိုတယ် မဟုတ်လား ။ အင်္ဂလိပ် လို ပြောရရင်တော့ Love နဲ့ Like ကွာသလိုပေါ့ ။
ယောက်ျားကလေး တစ်ယောက် ကပဲ ဖြစ်ဖြစ် ၊ မိန်းကလေး တစ်ယောက် ကပဲ ဖြစ်ဖြစ် ကြိုက်တယ် ဆိုတာ သူ့ အရည်အချင်း ၊ သူ့ရုပ်ရည် စသဖြင့် နှစ်သက်တာကို ကြိုက်တယ်လို့ ပြောတာပဲ ။ ကြိုက်တယ်ဆိုတာ အပေါ်ယံပဲ ။ သမီးရည်းစား ဖြစ်ဖို့ရယ်လို့လည်း မဟုတ်ဘူး ။ သူ့နေပုံထိုင်ပုံ ကြိုက်ချင် ကြိုက်မယ် ၊ ပြောပုံဆိုပုံ ကြိုက်တာ ဖြစ်ချင်လည်း ဖြစ်မယ် ။
ကြိုက်တယ် ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ဆရာဉာဏ က ဆောင်းပါး တစ်ပုဒ်မှာ ရေးဖူးတာ မှတ်မိနေသေးတယ် ။ သူ့ မိန်းမဟာ သူ့ အကြိုက်မှာ ရှိတယ်တဲ့ ။ ဘယ်လိုလဲ ဆိုရင် စာရေးဆရာ မိန်းမ ပီသတယ် ၊ ပိုက်ဆံရ လာရင် ယောက်ျားကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးတယ် ။ သားသမီးတွေနဲ့ ပျော်ပျော် ရွှင်ရွှင်နေတတ်တယ် ။ ပိုက်ဆံ ရမလာတဲ့ နေ့တွေကျတော့လည်း ယောက်ျားကို ဆူဆူပူပူ မလုပ်ဘူး ။ ရေသောက် ဗိုက်မှောက် အိပ်နေတတ်တယ် ။ ဒီလို စာရေးဆရာ ဇနီး ပီသမှုကြောင့် သူ့ဇနီးကို သူက ကြိုက်တယ်တဲ့ ။ ချစ်တယ် လို့တော့ မပြောဘူးနော် ။
ချစ်တယ် ဆိုတာကတော့ စိတ်ထဲကကို ဖြစ်ပေါ်လာတာ ။ စိတ်ပညာ ဆရာကြီး တစ်ယောက်က ပြောဖူးတယ် ။ သူတို့ နှစ်ယောက်ဟာတဲ့ ခွဲလို့လည်း မရ ၊ ဘယ်လိုပဲ တားတား ဒုက္ခတွေ ကျော်လွှားပြီး အတူတူနေချင်ကြတယ် ။ တစ်ယောက် အတွက် တစ်ယောက်က ဘယ်လောက် အနစ်နာ ခံရဦးတော့ မမှုဘူး ။ အဲဒါ ... အချစ် ဆိုတာများလားလို့ မပြောတတ်ဘူးလို့ ဆိုဖူးတယ် ။ ချစ်တယ် ဆိုတာမှာ မေတ္တာဆိုတဲ့ သဘော အများကြီးပါတယ် ။ အများကို ဖြန့်ဝေတဲ့ မေတ္တာမျိုးပဲ ။ ဒါပေမဲ့ တစ်ဦး တစ်ယောက်တည်းဆီမှာ ပိုပြီး စုပြီး သက်ဝင်နေတာ ဖြစ်တယ် ။
အချစ် အတွက် အသက်စွန့်သွားတာတွေ ရှိတယ် ။ အချစ် အတွက် အနစ်နာခံသွားကြတယ် ။ အချစ် အတွက် ကိုယ်က လက်လွှတ်လိုက်ပြီး အနစ်နာခံသွားကြတာတွေရှိတယ် ။ ဒါကြောင့် အချစ် ဆိုတာ အဓိပ္ပာယ်ဖော်ရ ခက်တဲ့ စကားပါ ”
“ မေတ္တာစကားဆိုမယ် ဆိုတဲ့ ဆောင်းပါးမှာ တစ်ဖက်သတ် အချစ်ဟာ သူချစ် ကိုယ်ချစ်ထက် အချစ် ပိုပြီး ပီသတယ်လို့ ဆိုထားပါတယ် ။ ရှင်းပြစေချင်ပါတယ် ဆရာ ”
“ အချစ် ပိုပြီး ပီသတယ် ၊ မပီသဘူး ဆိုတာကတော့ ပြောရခက်ပါတယ် ။ သို့ပေမဲ့ စိတ်စေတသိက် အရ ချစ်တယ် ဆိုတာက ချစ်တဲ့သူ ဆီမှာ ပေါ်တာ ၊ အချစ်ခံရတဲ့ သူက သိချင်မှတောင် သိမယ် ။ တချို့ဆိုရင် မသိလိုက်ဘူး ၊ ချစ်တဲ့သူ ကသာ ချစ်ကျန်ရစ်တာ အဲဒါမျိုးတွေရှိတယ် ။
နှစ်ယောက် အပြန်အလှန် ချစ်တာ မရှိဘူးလား ဆိုတော့ ရှိတော့ ရှိပါတယ် ။ သို့ပေမဲ့ လူမှာ မာန ရှိတယ် ။ ငါကတော့ ချစ်လိုက်ရတာ ၊ သူကတော့ ငါ ချစ်သလောက် မချစ်ဘူးဆိုတဲ့ ဟာလေးတွေ အတိုက်အခံ စိတ် ၊ အပြိုင်စိတ်တွေ ဝင်လာတယ် ။ ပဋိပက္ခ ဖြစ်လာတယ် ။ လင်မယား နှစ်ယောက် ချစ်တာပဲ ။ ချစ်တော့ အချစ် ချင်းပြိုင်လာကြတယ် ။ ဒါ သဘာဝကို ပြောတာ ။ ဒါမျိုးတွေ ဝတ္ထုတွေထဲမှာလည်း မင်းတို့ အများကြီး ဖတ်ဖူး မှာပါ ။ ဒီလို အချစ်ပြိုင်တဲ့ အခါမှာ ပဋိပက္ခ ဝင်လာတယ် ။ ပဋိပက္ခတိုင်းဟာ တိုးတက်မှုကို မဖြစ်စေနိုင်ဘူး ။ တစ်ခါတလေမှာ ဝုန်းဒိုင်းဝုန်းဒိုင်းတွေ ဖြစ်စေနိုင်တယ်ကွဲ့ ၊ ဟုတ်လား ။
တစ်ခါတုန်းက ပြောင်းထားတဲ့ ဝတ္ထုလေး တစ်ပုဒ် ရှိတယ် ။ ဆရာတောင် ဘာသာပြန်ထားပါသေးတယ် ။ ဝတ္ထုနာမည်တော့ ဆရာ မမှတ်မိတော့ဘူး ။ “ ချစ်လှချည်လား ဟရို့ ” လို့ ဆရာက ခေါင်းစဉ် တပ်လိုက်တယ် ။ လင်မယားနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အချစ်ချင်း ပြိုင်ရာကနေ ဝုန်းဒိုင်းဝုန်းဒိုင်း ထသတ်ကြ တာလေးပါ ။ အဲဒီဝတ္ထုလေးကို ရေဒီယို ( မြန်မာ့အသံ ) မှာ ထည့်ဖူးတယ် ။ ကြာတော့ ကြာပြီ ”
“ မြန်မာ စာရေးဆရာတွေဟာ အသက်ငယ်ရွယ်စဉ်မှာ အချစ်ဝတ္ထု ၊ အချစ်ကဗျာတွေ ရေးခဲ့ကြပြီး အသက်ကြီးလာတော့ ရေးရမှာ လက်ရှက်လို့ မရေးကြတော့ပါဘူး ။ အနောက်တိုင်းက စာရေးဆရာကြီးတွေ ကတော့ အသက်အရွယ် ကြီးလာချိန်မှာ အတွေ့အကြုံ ပြည့်ဝလာတဲ့ အတွက် အချစ်ဝတ္ထုတွေ ပိုပြီး ပီပီပြင်ပြင် ရေးနိုင်လာကြတယ်လို့ သိရပါတယ် ဆရာ ။ ဘာကြောင့် ဒီလို ကွာခြားတာပါလဲ ၊ ဆရာ့ အမြင် သိပါရစေ ”
“ လူတွေဟာ အချစ်ဆိုတဲ့ ဝေါဟာရကို အမှတ်တမဲ့ သဘောထားပြီး အလွဲသုံးစား နေကြတယ် ။ အချစ်ဆိုတာ ကာမရာဂကိစ္စ ကိုချည်း ဆိုလိုတာ မဟုတ်ဘူး ။ အချစ်ရဲ့ အဓိပ္ပာယ်ရင်း ကတော့ “ တွယ်တာ ခြင်း ” ပဲ ။ သံယောဇဉ်ပဲ ။ အခုတင်ပဲ ပြောခဲ့ပြီလေ ။ အချစ်အတွက် ကိုယ်ကျိုး မငဲ့ဘဲ အနစ်နာခံတာမျိုးတွေ အများကြီးရှိတယ် ။ ပုထုဇဉ်လူသားတွေဟာ အချစ်နဲ့ မကင်းကြဘူး ။ အရိယာ မဖြစ်သေးသမျှ တွယ်တာမှု ရှိနေဦးမှာပဲ ။ အဲဒီ တွယ်တာမှုဆိုတာ “ သမုဒယ ” ပဲ ။ အခြေခံ သစ္စာတရား တစ်ပါးပဲ ။ ဒီအကြောင်းကို စာရေး ဆရာတွေ အရွယ်မရွေး ရေးသင့်တယ် ။ ဘဝအတွေ့အကြုံ များပြီး အတွေးအခေါ် ကျယ်ပြန့်ရင့်ကျက်တဲ့ စာရေးဆရာတွေ ရေးရင် အချစ်ရဲ့ အဓိပ္ပာယ် ပိုပြီး လေးနက်မယ် ။ အဲဒါကိုမှ ရေးရမှာ ကလောင် ရှက်တယ် ဆိုတာ ကတော့ မဟုတ်သေးပါဘူး ။ မရေးချင်လို့ မရေးတာက တခြားပဲ ”
“ ကျေးဇူးတင်ပါတယ် ဆရာ ။ ဆရာနဲ့ ကြုံကြိုက်တုန်းမှာ ဘာသာပြန်ကိစ္စလေးတွေ ကျွန်တော် မေးချင်ပါတယ် ။ ဆရာ့ အနေနဲ့ ဆိုရင် ဆရာ့ စာပေသက်တမ်း တစ်လျှောက်လုံးမှာ ဘာသာပြန်တွေ ရေးခဲ့တာ တော် တော်များခဲ့တာပဲ ။ ဒီလိုပါ ဆရာ ... ။
ဒီနေ့ စာပေဈေးကွက်မှာ ပင်ကိုရေးတွေထက် ဘာသာပြန်စာအုပ်တွေက ပိုပြီး နေရာ ရနေပါတယ် ။ ပရိသတ် ကလည်း တော်တော်လေး အားပေးကြပါတယ် ။ ဒါပေမဲ့ တချို့ တချို့သော ဘာသာပြန် ဆရာတွေဟာ ( အားလုံးကို ကျွန်တော် မဆိုလိုပါဘူး ) ဘာသာပြန်တဲ့ နေရာမှာ မူရင်းအတိုင်း ဘာသာပြန်ရင် စာအုပ် ထူသွားမှာ စိုးရိမ်ပြီးတော့ ( ဒါ ကျွန်တော့် အထင် ပြောတာပါ ဆရာ ) မူရင်းအတိုင်း ဘာသာ မပြန်ဘဲ အကျဉ်းချုံး ဘာသာပြန်ကြတာ တွေ့ရပါတယ် ။ တချို့ကလည်း လိုတိုးပိုလျှော့ ကိုယ့်အာဘော် တွေ ဖြည့်ကြတယ် ။ ဒီလို ဘာသာပြန်တွေနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”
“ ဘာသာပြန်တဲ့ အလုပ်ဟာ ပင်ကို ရေးတာထက် ခက်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာသာပြန်သူက ဘာသာ စကားနှစ်ခု ကို ကူးပြောင်းပေးရတာကိုး ။ တချို့ ပညာရှင်တွေက ဘာသာပြန် အတတ်ပညာ ဆိုတာဟာ မဖြစ်နိုင်တဲ့ အလုပ်တစ်ခု လို့တောင် ဆိုကြတယ် ။ ဘာသာပြန်သမား က မူရင်းအာဘော်ကို ပျက်သွားအောင် လုပ်ရင် မူရင်းစာရေးဆရာ ကို စော်ကားရာကျတယ် ။ တစ်ခါ ... ကိုယ့်ရဲ့ ဘာဘော် ထည့်ဖို့ ဆိုတာက လုံးဝ မလုပ်သင့်တဲ့ ကိစ္စပါ ။
မူရင်း အာဘော်ကို မပျက်အောင် ဘာသာပြန်နိုင်ဖို့ ဆိုတာ ကိုယ့်မှာ ကိုယ်ခံအား ကောင်းဖို့ လိုတယ် ။ ဥပမာ ... အင်္ဂလိပ် ကနေ မြန်မာလို ပြန်မယ်ဆိုရင် နှစ်ဘာသာစလုံး ကောင်းကောင်း တတ်ရမယ် ။ ပြီးတော့ အင်္ဂလိပ်ရဲ့ ယဉ်ကျေးမှု နောက်ခံအကြောင်း သိရမယ် ။ မြန်မာလိုလည်း ပိုင်ပိုင်နိုင်နိုင် ရေးတတ်ရမယ် ။ ဘာသာစကား အနေနဲ့ မြန်မာစကားကို ပိုင်ရမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုဘာသာစကား ကို ကိုယ်က မြန်မာမှု ပြုရမှာကိုး ။ အဲဒီလိုပြုတဲ့ အကူးအပြောင်းမှာ သယ်ရင်း သယ်ရင်းနဲ့ လက်ကြားက ယိုကျသလို အများကြီး လျော့သွားနိုင်တယ် ။ မယိုရအောင် အကွက်စေ့အောင် သယ်နိုင်ဖို့ ဆိုတာ အင်မတန် ခဲယဉ်းပါ တယ် ။ ဟိုဘက်က ဟာကို ဒီဘက် ကူးပြောင်းရာမှာ အဓိပ္ပာယ် လျော့နည်းသွားရင် ဒါ ဘာသာပြန်သမားရဲ့ အားနည်းချက် ပဲ ။ သူ တာဝန် မကျေပွန်ဘူးပေါ့ ။
ဆရာ ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ဘာသာပြန်စာအုပ်တွေက ပေါ်ပင်တွေ များပါတယ် ။ ဆရာ မြင်ချင် တာကတော့ ကမ္ဘာ့ဂန္ထဝင်စာအုပ်ကြီးတွေ ရှိပါတယ် ။ ဒါတွေကို ဘာသာပြန်ကြစေချင်တယ် ။ ဒါတွေကို ဘာသာပြန်ရင်ကော စာဖတ်ပရိသတ်က ဖတ်မလား ။ ခုနက မောင်ရင် ပြောတဲ့ စာဖတ်ပရိသတ်က အားပေးတယ် ဆိုတာ ပြန်စိစစ်ဖို့ လိုလိမ့်မယ် ။ သူတို့ အားပေးနေကြတာတွေက ပေါ်ပင်တွေပဲ ။ ဒါတွေက ခဏပါပဲ ။ မကြာခင် ပျောက်သွားတဲ့ ကိစ္စတွေပဲ ။ ဂန္ထဝင်စာအုပ်တွေ ဆိုတာက အမြဲတမ်း ကျန်ရစ်မယ့် စာအုပ်တွေ ။ ဒါတွေကို ပြန်ကြည့်ပါ ။ ဒါတွေကို ဝယ်ကြတယ်ဆိုမှ အားပေးတယ်လို့ ဆိုနိုင်ပေမယ် ။
ဆရာ လည်း ဘာသာပြန်နဲ့ ပတ်သက်လို့ တစ်သက်လုံး လုပ်လာခဲ့တာပဲ ။ ဖြစ်စေချင်တယ် ။ ကမ္ဘာ့ဂန္ထဝင် စာပေတွေ ပြန်ကြစေချင်တယ် ။ လုပ်နိုင်တဲ့ သူတွေလည်း ရှိပါတယ် ။ အခု ဘာသာပြန်ကြတဲ့ သူတချို့က မြန်မာစာ ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မတတ်ဘူး ။ အင်္ဂလိပ်စာ ကိုလည်း လုံးဝနီးပါး မတတ်တဲ့ သူတွေရှိ တယ် ။ ဒါ ဆရာ ရှင်းရှင်းပြောတာ ။ စိတ်မဆိုးကြနဲ့ ။ အာဃာတနဲ့ ပြောတာ မဟုတ်ပါဘူး ။ ဒါကြောင့် ဒီနေ့ စာဖတ် ပရိသတ် ဖတ်နေကြတယ် ဆိုတာ ပေါ်ပင်အကြောင်းကလေးတွေကြောင့် ဖတ်ကြတာပါ ။ ဘာသာပြန်ကြောင့်တော့ မဟုတ်ဘူး ။ ဟိုက “ ဘက်စ်ဆဲလာ ” မို့ ဒီမှာ ရောင်းရတာ ။
ဒါမျိုးကို ဆရာ တန်ဖိုး အတည်အမြဲ မရှိဘဲ ခဏနဲ့ ပျောက်သွားမယ့် ဘာသာပြန်တွေကိုတော့ အားမပေး ချင် ဘူး ။ တိုးတက်တဲ့ နိုင်ငံတွေမှာ ( ဆိုပါတော့ ဂျပန် ) အဲဒီမှာ ရှိတ်စပီးယား ၊ ဘားနဒ်ရှော ၊ တော်လ်စတွိုင်း စတဲ့ ကမ္ဘာကျော် စာရေးဆရာကြီးတွေကို အင်္ဂလိပ်စာ မတတ်တဲ့ ဂျပန်တွေတောင်မှ သိကြတယ် ။ တို့ဆီမှာ ဘယ်လောက် သိသလဲ ။ ရှိတ်စပီးယား ဆိုတာ ဘယ်သူလဲ ဆိုတာ ဘွဲ့ရပြီးတဲ့ သူတွေ အားလုံးက သိကြရဲ့လား ။ သူတို့ဆီမှာက ဒီလို ဂန္ထဝင်တွေကို ပညာရဲ့ ထုထည်အောက်ခံ အနေနဲ့ ထားတယ် ။ ပေါ်ပင်တွေက ခဏပဲ ၊ ပျောက်သွားမှာပဲ ။ ဒါကြောင့် ဂန္ထဝင်စာပေတွေကို ဘာသာပြန်ကြပါ ။ စာဖတ်ပရိသတ်ကလည်း အားပေး စေချင်ပါတယ် ”
“ သူတို့ မဂ္ဂဇင်းတွေမှာ ပါတဲ့ အင်တာဗျူးတွေနဲ့ ကျွန်တော်တို့ ဆီက အင်တာဗျူးတွေ ဘယ်လို ကွာခြားပါသလဲဆရာ ”
“ ပင်ကို သဘာဝချင်း ကလည်း မတူ ၊ အကြောင်းအရာချင်း ကလည်း မတူတော့ ကွာခြားကြတာပေါ့ ။ ဥပမာ - အခု မောင်ရင် အင်တာဗျူး လုပ်သလို စာရေးဆရာကို အင်တာဗျူး လုပ်တယ် ဆိုပါတော့ ။ သူတို့ဆီမှာ မေးတာက “ ခင်ဗျား ဟိုစာအုပ်ကို ရေးတယ် ၊ အဲဒီအထဲမှာ ဘယ်ဇာတ်ကောင်ကိုဖြင့် ဘယ်စရိုက် နဲ့ဘာ ကြောင့် ဖန်တီးတာလဲ ” စသဖြင့် မေးကြတယ် ။ ဖြေတဲ့သူက သူ့ ဇာတ်ကောင်ကို ဘာကြောင့် ဖန်တီးတယ် ၊ ဘယ်သဘောတရားကို ကိုယ်စားပြုတယ် ၊ အဲဒါမျိုးတွေ ရှိတယ် ။ ဆိုပါတော့ နှိုက်နှိုက်နှဲနှဲ ရှိတယ်ပေါ့ ။ တို့ဆီ မှာတော့ နုသေးတာကိုး ။
ဒီလို အင်တာဗျူးတွေ လုပ်ဖို့ မဂ္ဂဇင်းတွေကို ဆရာ အကြံပေးတာ ကြာပါပြီ ။ ဘယ်သူကမှ စိတ်မဝင်စားခဲ့ကြဘူး ။ အခု ပေဖူးလွှာက ဒီကဏ္ဍ လုပ်လာတာ ကျေးဇူးတင်ပါတယ် ။ သူတို့ဆီမှာ လုပ်တာတွေ မောင်ရင် သိအောင် ဆရာ ပြမယ် ။ ဟောဒီ Paris Review ဆိုတာ သူတို့ ဆီမှာ စာပေအဆင့် အတော်မြင့်တဲ့ မဂ္ဂဇင်းပဲ ။ ပဲရစ်ရီဗျူး ဆိုပေမယ့် အမေရိက မှာ ထုတ်တာပါ ။ သူက စာပေအနုပညာနဲ့ ပတ်သက်ပြီး တော်တော် အဆင့် မြင့်တယ် ။ ပန်းချီ ၊ ပန်းပု ၊ စာပေနဲ့ ပတ်သက်တာတွေပေါ့ ။ အဲဒီမှာ အပတ်တိုင်း အင်တာဗျူး တစ်ခု ပါတယ် ။ အထူးသဖြင့်တော့ စာရေးဆရာ အင်တာဗျူး ပါတယ် ။
အဲဒီလို အပတ်တိုင်း ပါပြီးရင် အင်တာဗျူးတွေကို ပေါင်းပြီး စာအုပ် ထုတ်တယ် ။ ဆရာတို့ ဆီမှာလည်း အဲဒီလို ပေါင်းထုတ်တာမျိုး ရှိသင့်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာတို့ မောင်ရင်တို့ တစ်တွေ မရှိတော့တဲ့ နောက် တစ်ခေတ်မှာ စာပေ သုတေသနသမားတွေ အတွက် အသုံးဝင်နိုင်တယ် ။ မြန်မာပြည် ရဲ့ စာရေးဆရာ တွေ အကြောင်း ၊ စာရေးဆရာတွေရဲ့ အထင်အမြင် အယူအဆတွေကို တစ်စုတစ်ပေါင်း တည်း တွေ့နိုင်မယ် ။ တို့ခေတ် စာပေရဲ့ အခြေအနေကို သုံးသပ်ခွင့်ရကြမယ် ။ ဒါဟာ အများကြီး လိုအပ်တဲ့ အချက်ပဲလို့ ဆရာ ထင်တယ် ။
စာရေးဆရာတွေဟာ စာ သာ ရေးနေကြတာ ၊ သူတို့ရဲ့ ထင်မြင်ယူဆချက်ကို ပြောဖို့ အခါအခွင့် ကြုံခဲတယ် ။ စာပေဟောပြောပွဲမှာ ပြောတာက ခဏပဲ ။ ဒီလို ပုံနှိပ်ထားတာက ကာလ ကြာရှည်ခံမယ် ။ အယူအဆတွေ ပြောနိုင်ဖို့ အတွက် အင်တာဗျူး ဟာ အကောင်းဆုံး အခွင့်အလမ်းပါပဲ ။ အခု မောင်ရင် မေးသလို ဆစ်ဆစ်ပြီး မေးလိုက်တော့ အယူအဆ တော်တော်များများ ထွက်လာနိုင်တာပေါ့ ”
“ ကျေးဇူးတင်ပါတယ် ဆရာ ။ ဆရာ နဲ့ ဆွေးနွေးရမယ် ဆိုရင် နောက်ထပ် ဆွေးနွေးချင်တာလေးတွေ ရှိပါ သေးတယ် ။ ဆရာ အမိန့်ရှိသလို စာရေးဆရာများ နဲ့ တွေ့ဆုံခန်းကို စုပြီး တစ်ပေါင်းတစ်စည်းတည်း စာအုပ် ထုတ်ဖို့ ပေဖူးလွှာမှာ အစီအစဉ် ရှိနေပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ မှာကလည်း အခန်းကဏ္ဍတွေ များတော့ နေရာ ကန့်သတ်ချက်ကလေးတွေ ရှိနေလို့ ဒါလောက်နဲ့ပဲ ကျွန်တော် ကျေနပ်လိုက်ပါဦးမယ် ။ ဒီကဏ္ဍမှာ ပါဝင်ကူညီပေးတဲ့ အတွက်နဲ့ ဆရာ့ အယူအဆတွေကို မှတ်တမ်းတင် ဂါရဝပြုခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါ တယ်ဆရာ ”
⎕ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၃၉
ဩဂုတ်လ ၊ ၁၉၈၄ ခုနှစ်

No comments:
Post a Comment