❝ ဆုံမှတ်တစ်ခု၏ လမ်းခွဲများ ❞
⎕ နန္ဒာစိုး ( ဆင်ဖြူကျွန်း )
၁ ။
ကျုပ်လည်း ပုထုဇဉ်ပဲဗျာ ။ လောကမှာ သေမှာ မကြောက်တဲ့ သူရယ်လို့ ပုထုဇဉ်ထဲကတော့ ဘယ်မှာရှိနိုင်မှာတဲ့လဲ ။ အရင့်အမာ ရဟန္တာ သူတော်စင်လို တရားထူးရပြီး အရိယာပုဂ္ဂိုလ်မြတ်တွေက လွဲရင် သေမှာ ကြောက်တဲ့ လူတွေချည်းပဲ ဖြစ်ကြမှာပါ ။
မရဏဘေး ထက် ကြီးမားတဲ့ဘေး ဘယ်မှာ ရှိပါ့မလဲ ။ သေခြင်းတရား ထက် ကြီးမားတဲ့ ဆုံးရှုံးမှုရော ဘယ်မှာရှိပါ့မလဲ ။ မဟုတ်ဘူးလား ။ ဒီတော့ ကျုပ်လည်း မရဏဘေးကြီးကို ပုထုဇဉ်ပီပီ ကြောက်တတ်ပါတယ်လို့ ဝန်ခံပါတယ် ။
အမှန်က သူတို့ကတော့ ဒီကိစ္စကို ဖုံးဖိ ထားကြတာပါ ။ ကျုပ် မသိအောင်လို့ ပေါ့လေ ။ အဲဒီမှာ ကံကောင်းချင်တော့ ကျုပ်မြေး အငယ်လေးက ဘုမသိ , ဘမသိနဲ့ သူ့အဘွားတွေ ၊ အဖေ ၊ အမေတွေ အချင်းချင်း ပြောနေကြတဲ့ စကားတွေကို ကြားလာပြီး ကျုပ်ကို ပြန်လာပြောတယ် ။ မြေးလေးက စကားတော့ ကောင်းကောင်း ပြောတတ်စ ပြုရုံ ရှိပါသေးတယ် ။ ဒါပေမဲ့ သူ တတ်သလောက်ကလေးနဲ့ပဲ မှတ်သားလာပြီး ပြန်ပြောပြ ဖော်ရသေးလို့ သူ့ကိုပဲ ကျေးဇူးတင်ရသေးတယ် ။
“ ကျေးဇူးတင်ရတယ် ” ဆိုလို့ မြေးလေး ယူလာတဲ့ သတင်းစကားက မင်္ဂလာ သတင်းစကားလို့တော့ မထင်လိုက်နဲ့ဗျ ။ ကြားခါစကဖြင့် ကျုပ် တစ်ခေါင်းလုံးက ဆံပင်တွေ ထောင်ထ, သွားသလား အောက်မေ့ လိုက်မိတယ် ။ ဟုတ်တယ်လေ ။
“ ဘွားဘွားတို့ ၊ ဖေကြီး ၊ မေကြီးတို့က ပြောနေကြတယ် ဘိုးဘိုး ၊ ဘိုးဘိုးက လွန်နေပြီတဲ့ ။ ဖြစ်နေတာက ကင်ဆာတဲ့ ။ ကင်ဆာ ဆိုတာလည်း သေချာသွားပြီတဲ့ ” ဆိုကိုး ။
ကျုပ် လိမ်မပြောဘူး ။ မြေးလေးဆီက အဲဒီ စကားသံ ကြားရပြီးတဲ့ နောက်ပိုင်း တစ်ပတ်တိတိလောက်ဟာ ရောက် လိုက်တဲ့ စိတ်ဒုက္ခ ။ ညည လည်း အိပ်မရတော့ဘူး ။ မှေးခနဲ ဖြစ်သွားတာနဲ့ ကယောင်ချောက်ချား အိပ် မက်ဆိုးတွေ မက်ပြီး လန့်လန့် နိုးရတာပဲ ။ ပြီးတော့ မြင်မြင် သမျှအားလုံးကို အလိုလိုနေ ရင်း ဘဝင် မကျနိုင်တော့ဘဲ အမြဲတမ်းလောက်နီးနီး စိတ် တွေ တိုနေတယ် ။ ဒါကို သူတို့ တောင် ရိပ်မိလာကြတယ် ။
“ စိတ်ကလေး လျှော့မှပေါ့ ။ ခု ရက်ပိုင်းကျမှ ရှင်က ဒေါသ တအား ကြီးလာတာပဲ ” တဲ့ ။
ကျုပ်မိန်းမက ပြောတာပါ ။ ဒီတော့မှ ကိုယ့်စိတ်ကလေး ကိုယ် ပြန်စောင့်ကြည့်ဖို့ သတိဝင်လာမိတော့ သူ ပြောတာ ဟုတ်သားပဲ ။ ကျုပ် ဒေါသတွေ လှိမ့်လှိမ့်ထွက်နေ မိတာပါကလားလို့ ဆင်ခြင်မိလာရတယ် ။ ဘာထူးမှာလဲ ။ ဘုရားတောင် ပရိနိဗ္ဗာန် ပြုခဲ့ရသေးတာပဲ ။ ဒီလမ်းက ရှောင်လို့ လွတ်နိုင်မယ့် လမ်းမှ မဟုတ်တာပဲ ။ လူ ဆိုတာ မွေးလာပြီး ကတည်းက မဖြစ်မနေ နောက်ဆုံး ရင်ဆိုင်ရမှာက သေခြင်းတရားပဲ ရှိတာလေ ။ အခု အဲဒီ သေခြင်းတရား ဆိုတာက ကျုပ်နဲ့ လက်တစ်ကမ်းကို ရောက်နေပြီ ။ “ မလာပါနဲ့ ” လို့ တားလို့ ရမှာ မဟုတ်တဲ့အတူတူ ရောက်မလာသေးခင် နေရသ အချိန်ကလေးမှာ ငြိမ်းချမ်းအောင် နေဖို့ ကျုပ်ကိုယ် ကျုပ် ပြန်ဆုံးမ , နေရတယ် ။
အဲသလို သတိကလေးနဲ့ နှလုံးသွင်းလိုက်တော့လည်း ဟုတ်သလိုလို အရှိသားဗျ ။ “ ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာကွာ ၊ တွေးမနေနဲ့ ၊ သေခြင်းတရားက လာတော့မယ် ။ လာတဲ့ အချိန်မှာ မင်း ဘယ်လို ရင်ဆိုင်မလဲ ၊ ဘယ်လို ပြင်ဆင်ထားမလဲ ။ အဲဒါပဲ တွေး ... ” လို့ ကိုယ့်ကိုယ်ကို ပြန် နားချကြည့်တော့ တစ် သက်လုံးမှာ ကျုပ် ဘာတွေများ လျှောက်လုပ်ခဲ့မိပါလိမ့် ဆိုတာ ပြန်စဉ်းစားကြည့်ဖို့ အမှတ်ရလာတယ် ။ ဟုတ် တယ် ။ ကျုပ် ဘယ်တုန်းကမှ အဲဒီ အတွေးမျိုး မတွေးခဲ့မိ ဘူး ။ “ ခလုတ်ထိမှ အမိတ , တယ် ” ပြောကာမှ ပြောကြရော ။ သေခြင်းတရား လာတော့မယ် ဆိုတဲ့ အချိန်ကျမှ ကိုယ် လုပ်ခဲ့မိသမျှ ပြန်ဆန်းစစ်ကြည့်ဖို့ ပြန်အမှတ်ရလာမိတာကို ကျုပ် ဝန်ခံတယ် ။
အဲဒီမှာ ဝမ်းနည်းစွာ ဝန်ခံဖို့ အချက် တစ်ချက်ကို ပစ်မလွဲ တွေ့လာခဲ့ရတာ ကိုလည်း ခပ်ပြောင်ပြောင်ပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့ချင်သေးတယ် ။ တခြား မဟုတ်ဘူး ။ သွေးအေးအေးနဲ့ ပြန် စဉ်းစားကြည့်တော့မှ ၊ ဆန်းစစ်ကြည့်တော့မှ ကျုပ်ဟာ တော်တော်ကို ဖျင်းခဲ့ ၊ အ , ခဲ့ ၊ န , ခဲ့တဲ့ အကောင်ပါလား ဆိုတာ ပြန်သတိရ တွေ့ရှိလာတဲ့ အချက်ပဲ ။ တွေးကြည့်ပေါ့ဗျာ ။ ကိုယ်နေမယ့် အကျဉ်းထောင်ကြီးကို ကိုယ့်စိတ်တိုင်းကျ အခိုင်မာဆုံး စွမ်းနိုင်အား ရှိသမျှ အသုံးချ တည်ဆောက် ပြီး အဲဒီ အကျဉ်းထောင်ကြီး ထဲမှာပဲ ကိုယ့်ဟာကိုယ် ပျော်ပျော်ကြီး အချုပ်အနှောင်ခံ နေထိုင်ခဲ့တဲ့သူလောက် ဖျင်း တဲ့ ၊ မိုက်တဲ့ကောင် ရှိဦး မလား ။
အင်း ….. ။ ကျုပ် အတော်မိုက်ခဲ့တာပါ ။
••••• ••••• •••••
၂ ။
ဘာမှ မထူးခြားဘူး ။ တွေးလေလေ မှန်ကန်တဲ့ အဖြေ ရလာလေလေပဲ ။ ဟုတ်တယ် ။ ကျုပ် ဖြတ်သန်းခဲ့တဲ့ ဘဝဖြစ်စဉ်ကို ပြောတာပါ ။ အနုလုံပဋိလုံ ပြန်စဉ်းစားလေ လေ ဘာမှ မထူးခြားခဲ့ဘူးဆို တာ ပေါ်လွင် လာလေလေပဲ ။ “ ဒီပုတ်ထဲက ... ဒီပဲ ” ဆိုတာမျိုးထဲက လူတစ်ယောက်မျှ သာပါပဲ ။
ငယ်ဘဝမှာ ပညာရှာတယ် ။ အသည်းအသန် ၊ အပြိုင်အဆိုင်ကို ကြိုးစားပြီး ရှာခဲ့တာပါ ။ ပညာကလေး လည်းစုံရော တစ်ခါတည်း ကြင်ရာရှာတော့တာပဲ ။ ဘွဲ့ တစ်ခု ၊ အလုပ်အကိုင်တစ် နေရာ ရအောင် တစ်လျှောက် လုံး ပြုစုရုန်းကန် ထောက်ပံ့ပြီး ပခုံးထမ်း တင်ပေးခဲ့ကြတဲ့ မိဘတွေ ကိုတောင် ဘာမှ ဟုတ်ဟုတ်ငြားငြား ကျွေးတဲ့ ကျွေးလှည့် ၊ မွေးတုံ့မွေးလှည့် ရယ်လို့ ကျေးဇူးပြန်မဆပ်ခဲ့ ဘူး ။ အတောင်အလက် ကလေး စုံတာနဲ့ တစ်ကြိုး တည်း မိဘရိပ်မြုံကို ခြေစုံ ကန်ပြီး အသိုက်သစ် ဖွဲ့ခဲ့တော့တာပဲ ။ အဲဒါကိုပဲ ဟုတ်လှပြီ ဆိုပြီး ကိုယ့် ဟာကိုယ် လက်မ,တထောင်ထောင် ၊ ဂုဏ်တယူယူ လုပ်ခဲ့သေးသဗျ ။
တစ်နှစ်နေလို့ သီတင်းကျွတ် တစ်ခါ ၊ သင်္ကြန်နှစ်သစ်ကူးမှာ တစ်ခါ မုန့်ကလေး ၊ အဝတ်အထည်ကလေး ၊ ငွေစကြေးစကလေး ၊ ဆေးဝါးပစ္စည်းလေး အနည်းအပါးနဲ့ မိဘတွေကို သွားသွား ကန်တော့တာကိုပဲ သားသမီးတာဝန်ကျေပဟဲ့လို့ ထင်ခဲ့တဲ့ အကောင်ဟာ ကျုပ်ပါ ။ လင် စုံမယားဖက် နှစ်ယောက်သား သွားကန်တော့ကြရင်ပဲ ဟုတ် လှပြီပေါ့လေ ။ ကျုပ်မိဘ များကတော့ ဘာမှ မပြောရှာ ကြပါဘူး ။ လာကန်တော့တဲ့ အချိန်မှာ မျက်ရည်ကလေး တလည်လည်နဲ့ ကြည်ကြည် နူးနူး ကန်တော့ခံရင်း ပီတိ တွေ ဖြစ်နေကြတာပါပဲ ။ မိဘ ကိုး ။ ကျုပ်တို့ လင်မယားက ပေါက်ဖွားလာတဲ့ သူတို့မြေး ကို ချီထားရင်းက နေပဲ အမေ ကဆို ကျုပ်ကို ကလေးပဲ ထင်နေသေးတာကလား ။
တရားသဘောနဲ့ ပြောရ ရင် “ ဒုတိယ ” အရွယ် ပြောပါ တော့လေ ။ အိမ်ထောင်ကျပြီး နောက်ပိုင်းကျတော့လည်း ကျုပ်ရဲ့ ဘဝ ဖြတ်သန်းမှုက ဒီပုတ်ထဲက ဒီပဲပါပဲ ။ ပထမ အရွယ်မှာ ပညာရှာ ၊ ဒုတိယ အရွယ်မှာ ဥစ္စာရှာပေါ့ ။ မထူး ခြားဘူး ။ စာအုပ်ကြီးထဲက အတိုင်းပဲ ။ ကမ္ဘာဦး အစ ကနေ ဒီကနေ့ မျက်မှောက် အထိ တစ်ဆံခြည်မှ တိုးထွက် ပြောင်းလဲလာမှု မရှိသေးတဲ့ ရှေးရိုး ခပ်တုံးတုံး လူသားတွေရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းပေါ့ ။ ကျုပ် စီးပွားရှာတယ် ။ ရှာသမှ အသည်းအသန်ပဲ ၊ အပြိုင်အဆိုင်ပဲ ။ ငါ့ သား ၊ ငါ့သမီး ၊ ငါ့ဇနီး ၊ ငါ့ မိသားစုအတွက် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ စီးပွားရှာခဲ့တာ ။ ဝန်ခံရရင် တရားတာရော ၊ မတရားသဖြင့်တွေရော အကုန်လုပ်ခဲ့တယ် ။ ကိုယ် ကြီးပွားချမ်းသာဖို့ သူများ မျက်ခုံးမွေးပေါ် မာရသွန်ပြေးလား ပြေးခဲ့ရ ။ သူများကို လူမှုစီးပွားပျက် ချောက်ထဲ လိမ့်ကျအောင် အဆင်း ဘီးတပ်ပြီး ချောဆီပါတစ်ပါတည်း ထည့်ပေးလားပေးခဲ့ရဲ့ ။ “ ပါးစပ်က ချိုချို ၊ လက်က တိုတို ” ဆိုတဲ့ နီတိကို ကျင့်သုံးပြီး ကိုယ့် အတ္တ ဖွံ့ဖြိုးရှင်သန်ကြီးထွားမှု အတွက် ရေလောင်း ပေါင်းသင်လာခဲ့တာ နည်းနဲ့ နှစ်တွေလား ။ မရှက်ပါဘူးဗျာ ။ “ ကင်ဆာ ” ဆိုတဲ့ သေမိန့်ကျပြီးသား လူတစ်ယောက် အနေ နဲ့ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းပြဖို့ ဝန်မလေးတော့ပါဘူး ။
ကျုပ်ရဲ့ စီးပွားရေး ဆောင်ပုဒ်ကိုက “ ကိုယ်ချင်းစာတရားထားချင်ရင် စီးပွား မရှာနဲ့ ၊ ပိုက်ဆံ မရှာနဲ့ ၊ ပိုက်ဆံ ရှာချင်ရင်လည်း ကိုယ်ချင်းစာတရားဆိုတာကို ခွာချထားခဲ့ ” ဆိုတဲ့ ဆောင်ပုဒ်ပဲ ။ “ ခင်ဗျား ဝါဒကြီး ကလည်းဗျာ ၊ လူကြားလို့ ကောင်းသေးလား ” လို့ စောဒက မတက်ချင်ပါနဲ့ ကိုယ့်လူ ။ လူကြား မကောင်း ၊ နတ်ကြား မလျော်ရုံမက ခွေးကြားရင်တောင် ထ,အူလောက်တဲ့ မတော်တရော် အောက်တန်းကျကျ လုပ်ရပ်တွေချည်း လက်တွေ့လုပ်နေပြီး လူကြားထဲမှာ သူတော်ကောင်း လိုလို ၊ အရိ ယာ လိုလို အသံကောင်းဟစ် ပြနေတဲ့ လူတွေနဲ့ စာရင် ကျုပ် ကမှ အရှိအမှန် အတိုင်း ရိုးရိုး ဖြောင့်ဖြောင့် ဖွင့်ချဝန်ခံရဲ သေးတယ်လို့သာ အောက်မေ့ ချီးကျူးလိုက်ပေတော့ ။ ဒါလည်း ရှင်းရှင်း ပြောရရင် သေခြင်းတရား လာနေတဲ့ ခြေသံတွေကို ကြားလာရတဲ့ နောက်ဆုံး အချိန်တွေမို့ ခုလို အမှန်အတိုင်း ဖြောင့်ချက်ပေးတာ ။ နို့မို့ရင်တော့ ကျုပ်လည်း ရင်ထဲက မပါဘဲနဲ့ခင်ဗျားကို ခပ်တည်တည်နဲ့ ဆက်လိမ်ဦးမှာ ၊ ညာဦးမှာ ဆို တာ အသေအချာပဲ ယုံလိုက် တော့ ။ မဆန်းပါဘူးနော့ ။ ခင်ဗျားတို့ ၊ ကျုပ်တို့လို အန္ဓ ပုထုဇဉ် ဆိုတာတွေက သူများ ကို နည်းနည်းကလေးမှ မကောက် မလိမ်ရ ၊ မညာရ ၊ မကောက်ရရင် စားမဝင် ၊ အိပ်မပျော် ဖြစ်တတ်ကြတာပဲ မဟုတ်လားလို့ ။ ဘူ , ဘူချင်းတွေပါဗျာ ။ ဒီအထဲက တစ်ပေါက် စွန်းဖို့ လုပ်လာ ၊ ပြောလာ ၊ ဟန်ရေးပြလာရင် ငါတော့ဖြင့် ပြက်လုံး ထုတ်မိပြီလို့သာ မှတ်လိုက်ပါ ။ “ ရယ်လိုက်ရတာ ဖတ်ဖတ်မော ၊ ရင်ဘတ် နောက်ကကျော ” လို့ သြဘာ ပေးတာသာ ခံယူလိုက်ပေတော့ ။
“ စီးပွားရေးလောက အသိုင်းအဝိုင်း မှာတော့ ခင်ဗျားဟာ နာမည်နဲ့ လိုက် တယ်ဗျာ ။ တကယ့်ကို ဗိုလ် အောင်ဒင်ပဲ ။ ဦးခင်မောင်ရင်ကြီး ပြောသွားတဲ့ အသံကို တောင် ကြားကြားလာမိသဗျ ၊ “ ဘယ့်နှယ်လဲ ဦးဘချစ် ၊ ကျုပ် လုပ်လိုက်ရင် မလှဘူးလားဗျ ၊ ဟဲဟဲဟဲ ... ဗိုလ်အောင်ဒင် လေဗျာ ။ ကျုပ် က စီးကရက်သောက်တာတောင်မှ တစ်ပြည်လုံးမှာ ကျုပ်တစ်ယောက်တည်း သောက်တဲ့ စီးကရက်မှ သောက်တာဗျ ” ဆိုတာလေဗျာ ။ ခင်ဗျား စီးပွားရေးလုပ်ကွက်တွေကလည်း တစ်ကွက်ဆို တစ်ကွက် ၊ ဗိုလ်အောင်ဒင် ဖဲပွင့်တွေကို ဓားနဲ့ပေါက် ၊ သေနတ် နဲ့ ပစ်ပြသလို ကွက်တိချည်း ပဲ ။ ကျုပ်တို့တော့ ခင်ဗျား ခြေလှမ်းတွေကိုပဲ နံဘေးက ထိုင်ငေး ကြည့်နေကြရတော့တာပဲ ...”
ကျုပ်ဟာ ဒုတိယ အရွယ် စီးပွားရှာ ဘဝမှာလည်း အဲသလို အများက လက်ဖျားခါခဲ့ရတဲ့အကောင်ပါ ။ ခြံတစ် ခြံကနေ နှစ်ခြံ ၊ ကား တစ်စီး ကနေ နှစ်စီး ၊ တိုက် တစ်လုံး ကနေ နှစ်လုံး ဖြစ်လာအောင် လျှမ်းလျှမ်းတောက် ကြိုးစားလာခဲ့ တဲ့ ကောင် ။ ကျုပ် ပြည့်စုံသမျှဟာ ကျုပ် သားမယား မိသားစုအတွက် ချည်းပဲလေ ။ လူ့လောကကြီး ကို “ ဓန ” နဲ့ တည်ဆောက် ထားတယ်ဆိုကိုး ။ “ ဓန ” ဆိုတာ လိုတရ သိဒ္ဓိတစ်ပါး ဆိုကိုး ။ ဓနပိုင်ဆိုင်မှု အားကောင်းရင် ဘဝ မပြောင်းဘဲ လူစင်စစ်ကနေ နတ် ၊ သိကြား ၊ ဗြဟ္မာ စည်းစိမ်ကို ရတယ် ဆိုသကိုး ။ အဲဒီ “ ဓန ” နောက်ကို ကောက်ကောက်ပါအောင် သွေးရူးသွေးတန်း အရူးအမူး လိုက်ခဲ့တာ ကျုပ်မှာ အပြစ်ရှိ သလားဗျာ ။
ဒီလိုနဲ့ ကျုပ်သားတွေ ၊ သမီးတွေလည်း ကိုယ်စီကိုယ်င အိမ်ထောင်တွေကျ ၊ သူတို့ ဘဝတွေ အခြေခံခိုင်မာ အောင် လမ်းညွှန်တန်တာ လည်း လမ်းညွှန် ၊ ဖြည့်ဆည်းတန်တာ ဖြည့်ဆည်းနဲ့ တတိယအရွယ် ၊ တတိယ ဘဝကို ကျုပ် ရောက်လာခဲ့တာ ။ ကျုပ် ပိုင်ဆိုင်တဲ့ ဓနဥစ္စာ ဂုဏ်ဒြပ်နဲ့ ညီမျှအောင် သင်း တို့လည်း ဘဝမှာ ခံစား ၊ စံစားခဲ့ကြရတာပါပဲ ။ ကျုပ် သားသမီးတွေရော ၊ မယား ရောပေါ့လေ ။ ဦးအောင်ဒင် ရဲ့ သားသမီးတွေ ဖြစ်ရတာ ကံ ကောင်းသတဲ့ ။ ဦးအောင်ဒင် ရဲ့ မိန်းမ ဖြစ်ရတာ ထီဆုကြီး ပေါက်စရာ မလိုဘဲ ကံထူးရှင် ဘွဲ့ရတာတဲ့ ။ အများက ပြောကြတာ ။ ကျေတော့ ကျေနပ် စရာပဲ မဟုတ်လား ။ ကျုပ် အနေနဲ့လည်း ဂုဏ်ယူဝမ်းမြောက် ဝင့်ကြွားစရာပဲ မဟုတ်လား ။
ဒါပေမဲ့ အဲဒါတွေက တစ်ခုမှကို မဟုတ်ဘူးဗျို့ ။ ကိုယ် ရှေ့တည့်တည့်လမ်း မျက်နှာချင်းဆိုင်မှာ သေမင်း ကို မြင်တဲ့ အချိန်ကျမှ အားကိုးရာကို အလန့်တကြား လှည့်ကြည့် ရှာဖွေမိတော့ ကျုပ် နောက်ကျောဘက်မှာ ဟင်းလင်းပြင်ပဲ ရှိတယ် ။ ဘာ ဘက်ဂရောင်းမှ မရှိဘူး ။ ဘယ်တံတိုင်းမှ မမြင်ဘူး ။ ဘယ်ခံတပ်မှ ရှာမတွေ့ဘူး ။ ဘယ်သူမှ ကျုပ်နောက်ဘက် က အားကိုးရာ မရှိဘူး ။ ကိုင်း ... ။ ကောင်းသေးလား ၊ ကြုံရပုံက .. ။
“ ကျုပ် မရတော့ဘူး ၊ ကျုပ်မှာ ဖြစ်နေတဲ့ ကင်ဆာ ရောဂါက လွန်နေပြီ ” ဆိုတာကလေးကို ခုလို စောစောစီးစီး သိခွင့် ရလိုက်တာကလေး ကိုပဲ ကျေးဇူး တင်နေရသေးတယ် ။ ဒါ ... ကျုပ်ကို ဘုရားမ တာပဲ ။ ဘယ်တုန်းကမှ တရားဓမ္မကို အားကိုးရာလို့ လေးလေးနက်နက် မထင်ခဲ့တဲ့ ကျုပ်လို လူက အရေးကြုံတော့ မြတ်စွာဘုရား ကို ပြေးသတိရမိပုံကလည်း ကိုယ့်ကိုယ်ကိုတောင် အံ့သြကုန်နိုင်ဖွယ်ဖြစ်ရချေသေးရဲ့ ။ သတ္တဝါ ဝေနေယျတို့ကို ရင်ဝယ်သားလို မဟာကရုဏာတော်ကြီး ထားတော်မူနိုင်တဲ့ မြတ်စွာဘုရားရှင်မို့သာပေါ့ ။ သူလိုငါလိုသာ ဆိုရင် “ မင်းဟာ မင်း တစ်သက်လုံး ထင်ရာစိုင်းလာပြီး အခု ရေထဲ မိုးထဲကျမှ ငါ့ကို လာ အားကိုးရှာရသလားကွ ” ဆိုပြီး ရင်ဝကို ဆောင့်ကန်ပစ်ခဲ့တာ ခံရမှာ ကျိန်းသေပဲ ။ ဘုရားရှင်သာ သက်ရှိထင်ရှား ရှိနေတော်မူခဲ့ရင်လည်း ကျုပ်အဖို့ အတော် မျက်နှာပူဖို့ ၊ အားနာဖို့ ကောင်းနေမှာ မုချပဲ ။ ရှေ့ မျက်နှာ နောက်ထားပြီး ဝင်ဖူးမြော်ရမယ့် ကိန်းဗျ ။
ဒါပေမဲ့ ကျုပ် လမ်းကိုတော့ ကျုပ် သွေးအေးအေးနဲ့ ရွေးနေပါပြီ ။ ကျုပ် သားမယားတွေ ကိုတော့ အဲဒီ ကိစ္စ အသိ မပေးပါဘူး ။ ကျုပ်ဟာ ကျုပ် ကျိတ်ပြီး ရွေးနေတာပါ ။ ဘာထူးမှာလဲဗျာ ။ သူတို့ သိတော့လည်း စိတ်မကောင်း ရုံကလွဲပြီး ကျုပ်ကို ကယ်နိုင်တာမှတ်လို့ ။ လူ့အသက်ကို ကယ်တင်နိုင်တဲ့ ဆေးပညာကို စနစ်တကျ နှစ်ပေါင်းများစွာ လေ့လာသင်ယူတတ်မြောက်ခဲ့ပြီးဖြစ်တဲ့ ဆေးသမား ဆရာဝန် ကတောင် ဘာမှ မတတ်နိုင်တော့ပါဘူး ဆိုမှတော့ ပွဲက ပြီးနေပြီ ၊ သိမ်းနေပြီပဲ ။ ကျုပ် လည်း သားမယားတွေကို အားကိုးနေလို့ဖြစ်တာမှ မဟုတ်တာ ။ အရေးကြုံလာရင် ကိုယ့်ကိုယ်ကိုပဲ အားကိုး ရမှာ ။ အထူးသဖြင့် မရဏ တရားကို ရင်ဆိုင်ရတဲ့ နေရာ မျိုးမှာ ကိုယ့်အား ကိုယ်ကိုးဖို့ ပိုလိုအပ်သေး ။
“ အတ္တာဟိ အတ္တနော နာထော ၊ မိမိကိုယ်သာ မိမိ၏ ကိုးကွယ်ရာ ” တဲ့ ။ သေဘေး ကြုံတဲ့ အခါနဲ့ တိုက်ဆိုင်လို့ လား မသိဘူး ။ ကျုပ်ဖြင့်လေ အဲဒီ အဆုံးအမ စကားတစ် ခွန်းတည်းနဲ့ပဲ မြတ်စွာဘုရား ကို တလှိုက်လှိုက် ကြည်ညို စိတ် ပီတိတွေပွားပြီး ဂုဏ် တော်ကို အထပ်ထပ် ပူဇော်မိ ရတာ ။ မကြာခင် လာတော့ မယ့် သေခြင်းတရားကို ကြောက်တဲ့ စိတ်ကလေးတွေက ဂုဏ်တော်ကို ပွားများ အာရုံပြု ပူဇော်နေတဲ့ အချိန်မှာ ပျောက်နေတယ် ။ နေရတာ ငြိမ်းအေးလိုက်တာ ။ ဒါဟာပဲ တရားက ကိုယ့်ကို ပြန်စောင့် ရှောက်ခြင်းဖြစ်နေလေမလား ။
ထိုင်နေသတိ ၊ ထ,သွား သတိ ၊ လျောင်းနေသတိ ၊ မရဏာနုဿတိပါ အရှင်ဘုရား ။
••••• ••••• •••••
၃ ။
ထုံးစံအတိုင်းပါပဲ ။ မိသားစုဆရာဝန်က လာနေကျ အချိန်အတိုင်း ပုံမှန်ပဲ လာတယ် ။ ဟိုရက်တွေတုန်းကတော့ ဆရာဝန်ကြီး ရောက်လာရင် အားနာတာနဲ့ ကျုပ်က စကားစမြည်လေး အနည်း အပါး ထထ ပြောသေးတယ် ။ ခုနောက်ပိုင်းတော့ ကျုပ် လည်း သိပ်စကား မပြောဖြစ်တော့ဘူး ။
ဒီနေ့လည်း ဆရာဝန်ကြီး ကျုပ်အိပ်ခန်းထဲ ဝင်လာတာကို ကျုပ် သိတယ် ။ မတတ်နိုင်ပါဘူး ။ မှတ်လက်စ , တရားကလေး ပျက်သွားမှာစိုးလို့ အိပ်ရာပေါ် ခပ်ငြိမ်ငြိမ်ပဲ ဆက်မှိန်း နေလိုက်တယ် ။ ဒါပေမဲ့ ဆရာဝန်ကြီးနဲ့ ကျုပ်မိန်းမ ခပ်တိုးတိုး ပြောကြဆိုကြတဲ့ စကားသံတွေကိုတော့ ကျုပ် ကြားနေရတာပါပဲ ။
“ ခုနောက်ပိုင်း အခြေအနေတွေကို ပြောပါဦး ၊ ဆေးတွေရော မှန်မှန် တိုက်ရဲ့လား ”
“ တိုက်ပါတယ်ဆရာ ဟိုရက်ပိုင်းကတော့လေ သူ အရမ်း စိတ်တို ဒေါသကြီးနေတာ ပဲ ။ နောက်ပိုင်းကျတော့ ပြောင်းပြန် ဖြစ်သွားပြီ ။ ခုရက် ပိုင်းမှာတော့ အတော်ဆိတ်ဆိတ်ငြိမ်ငြိမ် နေနေတော့တယ် ။ အိပ်ရာပေါ် မှိန်းပြီး တရားမှတ်နေတာ များ တယ် ။ စကားလည်း သိပ် မပြောတော့ဘူး ။ တရား မမှတ်ရင်တောင် စက်ဖွင့်ပြီး မိုးကုတ်ဆရာတော်ဘုရားကြီး ရဲ့တရားတွေ နာနေတာ များပါတယ် ဆရာ ”
“ တရားမှတ်နေတာ တရားနာနေတာဟာ ကောင်းတဲ့ လက္ခဏာပဲဗျ ၊ အစားအသောက်ရော ပုံမှန်ဝင် ရဲ့လား ”
“ နည်းနည်းပဲ စားတော့တယ် ဆရာ ”
“ ရတယ် ၊ ကိစ္စမရှိဘူး ။ သူ တရားမှတ်နေရင် ၊ နာနေရင် သွားစကား မစပါနဲ့ ၊ သူ့ အာရုံနဲ့ သူ နေပါစေ ။ ဆေးတိုက်ချိန်လောက်ပဲ သတိ ထားပြီး မှန်မှန်တိုက်ပါ ။ လူနာကို ပြုစုတာလည်း ပြုစုပေါ့ဗျာ ။ ဒါပေမဲ့ ကိုယ့်ကိုယ် ကိုလည်း သတိ မေ့မနေနဲ့ဦး ။ ခင်ဗျားလည်း သိပ်ကောင်းနေတာ မဟုတ်ဘူး ။ ကျွန်တော် ပေးထားတဲ့ နှလုံးဆေးတွေ မှန်မှန်သောက်ရဲ့လား ”
“ဟုတ်ကဲ့ ၊ သောက်ပါတယ်ဆရာ ”
“ ကဲ လာလာ အပြင်ပဲ ပြန်ထွက်ကြရအောင် ၊ ကျုပ်တို့ အသံတွေကြောင့် လူနာ အနှောင့်အယှက် ဖြစ်နေမယ် ။ စောစောက ခင်ဗျား ပြောတဲ့ ကိစ္စကိုတော့ ဧည့်ခန်းကျမှပဲ အကြံပေးတာပေါ့ ။ ဦးအောင် ဒင် ရဲ့ ရှေ့နေကြီးနဲ့ တိုင်ပင်ဖို့ ဆိုတဲ့ ကိစ္စလေ ။ ကျန်းမာရေးနဲ့ ပတ်သက်လို့တော့ ကျွန်တော် ဘာမှ ထိမ်ချန် ထားဘူး ။ အမှန်အရှိအတိုင်း အကုန် ပြောပြပေးဖို့ စိတ်ချ ”
“ ဟုတ်ကဲ့ ဆရာ ”
ဆရာဝန်ကြီးနဲ့ ကျုပ် မိန်းမ ပြန်ထွက် သွားကြတယ် ။ အင်း ... ဒုက္ခ ။ ကျုပ် မိန်းမ ကလည်း ဆရာဝန်ကြီးကို ဘာတွေ လျှောက်ပြောပြီး ဘာ အကြံဉာဏ်တွေများ တောင်း နေရပြန်တယ် မသိဘူး ။ ကျုပ်ရဲ့ ရှေ့နေကို တိုင်ပင်ဖို့ ဆိုလားပဲ ။ ကိုင်း ... တွေး မနေနဲ့တော့ ။ သူ့ဟာသူ ကောင်းတယ် ထင်တာလုပ်လိမ့်မယ် ။ ကလေးမှ မဟုတ်ဘဲ ။ အိမ်ရှင်မကြီး လုပ်လာ တာပဲ နှစ်ပေါင်း မနည်းတော့ပဲဟာ ။ ကိုယ်က ကိုယ့်ကိစ္စ ကိုယ်ဆက်လုပ် ။
နာတာကို နာတယ်လို့ မှတ် ၊ ထုံတာကို ထုံတယ်လို့ မှတ် ၊ ကျဉ်တာကို ကျဉ်တယ်လို့ မှတ် ။ အစဉ်အဆက် မပြတ် ကျဆင်းနေသော ရေတံခွန်ကဲ့သို့ တစ်ရံမလပ် တရစပ် ဖောက်ပြန် ယိုယွင်းနေသော ခန္ဓာအိမ်ကြီးကို ရခဲ့တာဟာ တဏှာကြောင့် ။ တဏှာလက်သမား ဆောက်လုပ်အပ်တဲ့ ခန္ဓာအိမ်ကြီးကို ငါ၏ ခန္ဓာ ကိုယ် ၊ ငါ ပိုင်ဆိုင်တယ်လို့ မြတ်နိုးတွယ်တာ နေတာက သမုဒယကြောင့် ။ သမုဒယ က တည့်တည့်တွန်းတင်ပေး လိုက်တော့ ဒုက္ခလမ်းကြောင်း ပေါ် ဒက်ထိရောက် ။ ခန္ဓာ ကိုယ်ကို ရခဲ့ခြင်းဟာ ဒုက္ခကို ရခဲ့ခြင်း အမှန်ဆိုတာကို သတိ နဲ့ ရှု ၊ ဒုက္ခကို ရခဲ့တာက လွဲပြီး ငါပိုင်တဲ့ ခန္ဓာကိုယ်ကို ရခဲ့တာ မဟုတ်ဆိုတာ သတိ ကပ်ပြီး မြင်အောင်ရှု ။
သူ့သဘော သူဆောင်ပြီး တရစပ် ဖောက်ပြန် ယိုယွင်းပျက်စီးနေတဲ့ ခန္ဓာကြီးကို တပည့်တော် မပိုင်ဆိုင် ၊ အစိုးမရနိုင်တဲ့ အနတ္တသဘော ကို ဆင်ခြင်မိရပါပြီ အရှင်ဘုရား ... ။
••••• ••••• •••••
၄ ။
“ ကျွန်မ သဘောနဲ့ ကျွန်မပြောတာ မဟုတ်ပါဘူး ။ တစ်မိသားစုလုံး တိုင်ပင်ပြီးမှ ပြောတာပါ ။ သားသမီးတွေကလည်း အိမ်ထောင်ကိုယ်စီနဲ့ ကိုယ်ခွဲလက်ခွဲ ဖြစ်နေကြပြီလေ ။ သူတို့ ရှေ့ရေးက ရှိသေးတော့ ခုရှုပ်မှ နောင်ရှင်း ဆိုသလို ကိုအောင်ဒင် က စီမံခန့်ခွဲသင့်တာတွေ စီမံခန့်ခွဲပေးခဲ့မှ ဖြစ်မှာကိုး ။ ဒါကြောင့် ကိုယ် လုပ်ပေးနိုင် သေးတဲ့ အချိန်မှာ သူတို့ ရသင့် ရထိုက်တဲ့ အတိုင်း တရားဝင် ခွဲဝေ ပေးနိုင်အောင်လို့ ရှေ့နေကြီးကို ခေါ်ကြမယ်လို့ ပြောတာပါ ”
ဒါက ကျုပ်မိန်းမရဲ့ အကြောင်းပြ အသိပေးချက် ။ ဪ ... သူတို့က စတင် ပြင်ဆင်နေကြပြီပဲ ။
“ ဟုတ်ပါတယ် ဖေဖေ ၊ သားတို့က ဖေဖေ့ဆီက အမွေ ကြိုတောင်း နေတယ်လို့တော့ အထင် မလွဲပါနဲ့နော် ။ မိသားစုထဲမှာ တစ်နေ့နေ့ မလွဲမသွေ လုပ်ရမယ့် ကိစ္စကို ဖေဖေလည်း သတိရှိနေချိန် ၊ ကျန်းမာရေး မချို့ယွင်းခင် ဒီအချိန်မျိုးမှာ ကြိုတင်လုပ်ထားလိုက်ကြတာပဲ ကောင်းမယ် သဘောရလို့ တိုင်ပင်ကြပြီးမှ ပြောတာပါ ။ ဖေဖေလည်း တာဝန်တစ်ခု ငြိမ်းသွားတော့ အေးအေးဆေးဆေး တရား မှတ်နိုင်တာပေါ့နော် ”
ကျုပ်သားကြီး ဆီက ထပ်ဆင့် ထွက်လာတဲ့ စကားသံ ။ လုပ်သင့်တာ လုပ်ပေးခဲ့ရဖို့တဲ့လား သားရယ် ။
“ သမီးတို့ တစ်တွေကလည်း မောင်နှမ သုံးယောက်ကို သုံးအိမ်ထောင် ကွဲနေကြရပြီ မဟုတ်လား ဖေဖေရဲ့ ။ ဒီအထဲ မေမေ့ ကိုလည်း တစ် ယောက်တည်း ပစ်ထားလို့ ဖြစ်မှာ မဟုတ်ဘူး ။ ပြီးတော့ ဖေဖေ ပိုင်ဆိုင်မှုတွေက အများကြီး ၊ ဘယ်သူ ဘယ်လို ရသင့်တယ် ၊ ဘယ်သူ့ကိုတော့ ဘယ်လုပ်ငန်းကို လွှဲပေးခဲ့ သင့်တယ် ဆိုတာမျိုးတွေကျ ဖေဖေ ကိုယ်တိုင် ဆုံးဖြတ်မှ ဖြစ်မှာ ။ မေမေလည်း ဘာမှ လုပ်တတ်မှာ မဟုတ်ဘူးလေ ။ သမီး ပြောတာ ဖေဖေ သဘောပေါက်တယ် မဟုတ်လားဟင် ”
သဘောပေါက်ပါတယ် သမီးရယ် ၊ ကျုပ် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဟောကိန်းတစ်ခုခုကို ဆရာဝန်ကြီးက ထုတ်ပြန်ပေးခဲ့ပြီးပြီ ထင်ပါရဲ့ ။ ကျုပ် သား မယားအုပ်စုရဲ့ ပြင်ဆင်လာကြပုံတွေကို ကြည့်ပြီး ခန့်မှန်း ပြောတာပါ ။ ဆရာဝန်ကြီးက ဘယ်လို ထုတ်ပြန်ပေးခဲ့သလဲ ဆိုတာကို ကျုပ် အတိအကျ မသိပါဘူး ။ သိစရာလည်း မလိုဘူးလေ ။ သူတို့ ဒီလောက် လှုပ်ရှားလာကြပုံကို ကြည့်ရုံနဲ့တင် မပြောလည်း ခန့်မှန်းသိနိုင်တာပဲ ။ ကျုပ်က ငတုံး , ငအ မှ မဟုတ်တာ ။ အားတက်ဖွယ် မရှိတဲ့ ဟောကိန်းကို ထုတ်ပေးခဲ့တာ ဖြစ်မယ်လို့ လှစ်ခနဲနေအောင် သိပေသပေါ့ဗျာ ။
အင်း ... ကျုပ် မွှေးခဲ့တဲ့ မီးတွေ ကျုပ်အနားမှာ ဟိုတစ်စ ၊ ဒီတစ်စ ဘယ်ဘက်က တစ်မျိုး ၊ ညာဘက်က တစ်ဖုံ အလျှံညီးညီးနဲ့ အစွယ်အညွန့်တလူလူ ပြပြီး တောက်လောင်ပြနေကြပါပကော ။ လူ ဆိုတာ ကိုယ်စိုက်ပျိုးတာ ကိုပဲ ကိုယ် .. ရိတ်သိမ်းရပေလိမ့်မယ် ။ ကိုင်း လယ်ယာ မြေကောင်းမှာ ပျိုးကြဲမလား ၊ ဖုန်းဆိုးကျတ်တီးခေါင်ခေါင် မှာ ပျိုးကြဲကြမလား အောင် ဒင်ရေ ။ မင်း တစ်သက်တာ ကုန်းရုန်း ရှာဖွေ စုဆောင်းခဲ့တဲ့ မျိုးစေ့တွေကို နောက်ဆုံး ကြဲ ပက်ရတော့မယ့် တကယ့် အချိန်အခါကြီးနဲ့တော့ တည့် တည့် တိုးနေပြီ ။ ကြပ်ကြပ် ကြီးသာ စဉ်းစားပေတော့ ။
ကျုပ် .. တစ်ခွန်းတည်း ပြန်ပြောလိုက်တယ် ။
“ နောက် ၃ ရက်ရှိရင် ရှေ့နေ ဦးထွန်းလင်း ကို ခေါ် ခဲ့ ၊ အဲဒါပဲ ။ အခုလောလော ဆယ်တော့ ငါတစ်ယောက် တည်းပဲ တရားမှတ်နေပါရ စေ ။ ငါ့ကိစ္စကို ငါ စဉ်းစားဦးမယ် ။ ဟုတ်ပလား ကဲ ... သွားကြတော့ ၊ သွားကြ တော့ ”
••••• ••••• •••••
၅ ။
“ ဦးအောင်ဒင် အခုပြောတဲ့ကိစ္စတွေက အသေအချာ စဉ်းစားပြီးပြီနော် ။ ဒီလွှဲ ပြောင်းလှူဒါန်းကြောင်း စာချုပ်စာတမ်းမှာ ဦးအောင် ဒင်က တရားဝင်လက်မှတ် ထိုးရမှာမို့ လက်မှတ် မထိုးခင် သေချာအောင် ကျွန်တော် ထပ်မေးနေရတာ ။ ဥပဒေနဲ့ အညီ တရားဝင်ဖြစ်အောင် အကျိုးဆောင်ပေးဖို့ကတော့ ကျွန်တော့် တာဝန်ထား ”
ရှေ့နေကြီး ဦးထွန်းလင်း က သေချာအောင် ထပ်မေးတယ် ။ ကျုပ်ရဲ့ စီးပွားရေးနဲ့ ပိုင်ဆိုင်မှု ကိစ္စအဝဝမှာ အမြဲ တာဝန်ယူဆောင်ရွက်ပေးလာခဲ့တဲ့ ရှေ့နေကြီးပါ ။ ကျုပ် ခေါင်းညိတ်ပြလိုက်တယ် ။
“ ကျွန်တော် သုံးနေ့ ၊ သုံးညတိုင်တိုင် စဉ်းစားပြီးမှ ဒီ ဆုံးဖြတ်ချက်ကို ချတာပဲ ဦးထွန်းလင်း ၊ ကျုပ် အထပ် ထပ် တွေးခဲ့ပြီးပြီ ။ ကျုပ်ဘဝ တစ်သက်တာ တစ်လျှောက်လုံးမှာ ဒီသားမယား ၊ မိသားစု တွေကို နည်းမျိုးစုံနဲ့ သူတို့ လိုအပ်ချက် မှန်သမျှကို နွား တစ်ကောင်လို ရုန်းကန်ဖြည့် ဆည်းပေးခဲ့ပြီးပြီ ။ သူတို့ကို ဖြည့်ဆည်း ပေးနိုင်ဖို့ အတွက် အကုသိုလ်တွေလည်း လည်မျိုမှာ အတောင့်လိုက် ဆိုက်အောင် ကြိတ်မှိတ် မျိုချခဲ့ပြီး ပြီ ။ လက်ရှိ အခြေအနေမှာ လည်း သူတို့ဘဝ ကိုယ်စီ ရှေ့ရေးအတွက် ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထူထောင်ပေးခဲ့ ပြီးပြီ ။ သူတို့အတွက် ဘာမှ မလိုအပ်တော့ဘူး ။ ကျုပ် အပင်ပန်းခံ တည်ဆောက်ပေးခဲ့တဲ့ လှေတွေမှာ တက်စုံ ရွက်စုံပဲ ။ အလိုက်သင့် ပဲ့ကိုင်ထိန်းကျောင်းပြီး လောကဓံ ရေစီးမှာ ရွက်ဖွင့် ၊ တက်ဖွင့် လှော်ခတ်သွားကြရုံပဲ ။ သူတို့ လက်ထဲ ရောက်ခါမှ လှော်တက် တခြား ၊ ရွက် တခြား ဖြစ်ကုန်ကြရင် သူတို့ တာဝန် ။ ကျုပ် ဘက်ကတော့ အကုန် လုပ်ပေးခဲ့ပြီးပြီ ။ အဲ ... သူတို့ ပြည့်စုံမှုအတွက် ကျုပ် နွားတစ်ကောင်လို ရုန်းခဲ့ပေမဲ့ နွားတစ်ကောင်ရဲ့ သေခြင်းမျိုးနဲ့ တော့ ကိုယ့်ကိုယ်ကို အနှစ်မဲ့ စတေးမပစ်နိုင်ဘူးဗျ ။ တကယ်က သူတို့ အတွက် ထက် ကျုပ် အတွက်ကသာ ပို လိုအပ်နေတာပါ ။ ကျုပ်မှာ အချိန်က သိပ်မရှိတော့ဘူးလေ ။ အဲဒီ လိုအပ်ချက်က လေးကို ကျုပ် ဖြည့်ဆည်း တာပဲ ။ ဒါကြောင့် တကယ်လိုအပ်နေတဲ့ လူမှုကယ်ဆယ် ရေးအသင်းအဖွဲ့တွေ ၊ ဆေးရုံ နဲ့ စာသင်ကျောင်းတွေ ၊ ဘုန်း တော်ကြီးကျောင်းတွေ ၊ ဘိုး ဘွားရိပ်သာတွေ ၊ မျက်မမြင် ဂေဟာနဲ့ နာရေးကူညီမှုအသင်းတွေကို ကျုပ် လက်လှမ်းမီသမျှ ခွဲဝေလှူဒါန်းခဲ့တာပဲ ။ ကဲ ... ပေး စာချုပ်မှာ ကျုပ် အမှန်တကယ် လှူဒါန်းခဲ့ကြောင်း လက်မှတ်ထိုးပေးမယ် ”
“ ဒီလို ရှိသေးတယ် ဦးအောင်ဒင် ၊ အဲဒီကိစ္စမှာ ဦးအောင်ဒင်ရဲ့ သားသမီး ၊ ဇနီး မိသားစုတွေရဲ့ သဘောတူညီချက်လည်း ပါရင် ပိုကောင်းမယ် ခင်ဗျ ။ ကျွန်တော် က ဒါကြောင့်ပြောနေတာ ။ နောက်မှ ဘယ်သူဘယ်ဝါ သဘောမတူလို့ ထ,ကန့်ကွက် ပါတယ် ဆိုတဲ့ ကိစ္စတွေ ပေါ် လာရင် ဥပဒေအရ ဖြေရှင်းရတာ မခက်ခဲပေမဲ့ လူမှုဂုဏ်သိက္ခာအရကျတော့ ရှက်စရာ ဆိုးကျိုးတွေ ဖြစ်လာတတ်တယ်လေ ”
“ ရပါတယ် ရှေ့နေကြီးရာ ၊ တစ်သက်တာလုံးက ရသမျှ ပုံအောပေးခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ဒီတစ်ကြိမ်ကလေးပဲ နောက်ဆုံး ဝေစု အဖြစ် ကျုပ်အတွက် ယူတဲ့ ဥစ္စာပဲ ။ ဒီကိစ္စကို ကျုပ်က တိုးတိုးတိတ်တိတ်ကလေး လုပ်သွားလိမ့်မယ် မထင်နဲ့ ။ ပြီးတာနဲ့ တစ်အိမ်လုံးကို အသိပေးမှာ ။ ကျုပ်တစ်သက် ခပ်ခဲ့တဲ့ ရေတွေက ရွက်အိုးတစ်အိုး ဆိုရင် အဲဒီ အထဲက တစ်ခွက်စာလေးလောက်မှ ကျုပ် ဝဝ သောက်သုံးခွင့် မရတော့ ဘူးတဲ့လားဗျာ ။ အဲဒီ ရေတစ်ခွက် သောက်တာဟာ တရား မျှတမှု ကင်းတယ်လို့ ဘယ် စွပ်စွဲချင်သေးလဲ ... ကဲ ”
“ ကောင်းပါပြီ ဦးအောင်ဒင် ၊ ကျွန်တော် သဘော ပေါက်ပါပြီ ၊ ဦးအောင်ဒင် ဆန္ဒအတိုင်းပါပဲ ၊ ကဲ .. ကဲ ဒီနေရာမှာ လက်မှတ်ထိုးပါ ”
စာချုပ်ပေါ်ကို လက်မှတ်ထိုးမယ် လုပ်တော့ ကျုပ် လက်တွေက တုန်နေတယ် ။ ဒါဟာ ကျုပ် ခွဲဝေလှူဒါန်းခဲ့မယ့် သိန်းထောင်ဂဏန်းနဲ့ချီ အတိုင်းအတာ ရှိတဲ့ ငွေတစ္ဆေ က ခြောက်လှန့်တာလား ။ လာမလုပ်နဲ့တော့ ပိုက်ဆံစောင့်တစ္ဆေရေ ။ ငါ သေရင် ငါ့နောက်ကို တစ်ရွက်ကလေးမှ ထ , လိုက်လာမှာ မဟုတ်တဲ့ မင်းပိုက်ဆံတွေ ကို မွန်မြတ်တဲ့ ကုသိုလ် တန်ဖိုးတစ်ခု အဖြစ် ဖလှယ် ဖန်ဆင်းပြီး ယူသွားနိုင်ဖို့က ဒီတစ်နည်းပဲ ရှိတာလေ ။ ဘောပင် ကိုင်ရင်း တုန်နေတဲ့ လက်တွေကို ပြန်ငုံ့ကြည့်ရင်း ကျုပ်စိတ်ထဲက ကြွေးကြော် အားပေးလိုက်တယ် ။
ဟေ့ ... လယ်ယာမြေကောင်းမှာ ပျိုးကြဲမယ့် လက်တွေပဲ ။ ရဲရဲကြီး ရေးခြစ် ကြဲပက်ပစ်လိုက်စမ်း ။ နောက်ဆုံး အချိန်အထိ နောက်တွန့် သေးရင် သံသရာမှာ နောက် ကောက်ကျပြီသာ မှတ် ။ ဟုတ်ပြီ ၊ ဒါပဲပေါ့ ။ စာချုပ်ပေါ်ကို လက်မှတ်ထိုးချလိုက်တဲ့ အချိန်မှာ လှိုက်တက်လာတဲ့ ပိတိကြောင့် ကျုပ် ဝေဒနာတွေ နေလာ နှင်းပျောက် , ပျောက် နေခဲ့တာ အသေအချာ ယုံကြည်စမ်းပါဗျာ ။
••••• ••••• •••••
၆ ။
ကိုင်း ... အခုတော့ ပြောစရာကြီးကို ဖြစ်ကရော ။ ကြုံလာရပုံက “ ဘိုး မသေဘဲ ဘွား သေ ” ဆိုသလိုကြီး ။ ဗိုလ် အောင်ဒင်က မသေဘဲ မမြဝင်းက ရှေ့က ဦးအောင် ပိတ်သေ နေမှတော့ ကောင်းကြသေးလားလို့ ပြောရမလိုကြီး ။
ကျုပ် တကယ်ပဲ တရားရပါတယ်ဗျာ ။ နားထဲမှာ လည်း အဲဒီနေ့က စကားသံတွေ ပြန်ကြားနေတာပါပဲ ။ ကျုပ်ရဲ့ ပိုင်ဆိုင်မှုတွေ ထဲက အချို့တစ်ဝက်ကို မျှတခွဲဝေ လှူဒါန်းခဲ့ကြောင်း စာချုပ်ကို ထုတ်ပြပြီး ကြေညာအသိပေးလိုက်တဲ့ နေ့ကပေါ့ ။ ကျုပ် အိမ်ထဲမှာ အင်မတန် အင်အားကြီးမားတဲ့ မုန်တိုင်းတစ်ခု ဝင်မွှေသွားခဲ့သလိုပဲ ။
“ ရှင် ရူးနေသလား ကိုအောင်ဒင် ၊ ကျွန်မ လုံးဝ သဘောမတူဘူး ။ အဓိပ္ပာယ် မရှိတာတွေ ”
မီးဝင်းဝင်းတောက် ဒေါသမျက်လုံးတွေနဲ့ ကျုပ်ကို ကြည့်တဲ့ပြီး ပြန်အော်လိုက်တဲ့ ကျုပ်မိန်းမရဲ့ ရန်တွေ့သံ ။ သူ့တစ်ကိုယ်လုံးက ဒေါသတွေနဲ့ တုန်ခါလို့ ။
“ ဘယ်လိုလုပ်လိုက် တာလဲ ဖေဖေ ၊ ဖေဖေ တစ်သက်လုံး ကြိုးစားလာခဲ့သမျှ ရလဒ်တွေကို သဲထဲ ရေသွန် လုပ်ပစ်လိုက်တာပဲ ... ”
လောဘတိမ်သလ္လာတွေ ဖုံးပိတ်ကွယ်ဆီးမှုကြောင့် ကောင်းမှုကုသိုလ် ဆိုတဲ့ ဓမ္မကို မမြင်နိုင်တော့တဲ့ ကျုပ်သားကြီးရဲ့ မချိတင်ကဲ ဝေဖန်သံ ။
“ ဟုတ်တယ် ဖေဖေ ၊ ကိုယ်တိုင် ထင်းရှာ ၊ မီးအပူ ခံထိုးပြီး ချက်လာတဲ့ ထမင်း အိုး နပ်လည်း နပ်ရော သူများ တွေကို ချကျွေးပစ်လိုက် သလိုကြီး ...”
စိန်မရှား ၊ ရွှေမရှား ၊ မြမရှား အလွန်ပင် များပါရဲ့ ဆိုတဲ့ ပြည့်စုံမှုတွေ အလျှံပယ် ဖြည့်ဆည်းပေးထားခဲ့လို့ ရယူ ပိုင်ဆိုင်ထားပါလျက်ကနဲ့ နွေ ခေါင်ခေါင် တံလျှပ်တွေ ထောင်းထောင်းထ , နေရတဲ့ အရပ်မှာ တည်ပေးမိတဲ့ ရေ ချမ်းအိုးတစ်အိုး အတွက် သဘောထား ကြီးမပေးနိုင်တဲ့ ကျုပ်သမီးရဲ့ ငြူစူကန့်ကွက်သံ ။
သူတို့တစ်တွေရဲ့ တစ်ယောက်တစ်ပေါက် ဆူပူ ကန့်ကွက်သံတွေက မိုးပြိုလာ သလိုပဲ ။ ဒါပေမဲ့ ပြန်မေး လိုက်တဲ့ ကျုပ် မေးခွန်းတစ်ခု အောက်မှာပဲ အဲဒီ မိုးပြိုသံတွေ တိတ်ဆိတ်သွားတယ် ။ ကျုပ် ပြန်မေးလိုက်တဲ့ မေးခွန်းက ရှင်းရှင်းလေးပါ ။
“ နေပါဦး ၊ မင်းတို့ အားလုံးရဲ့ သိမ်းပိုက်လိုမှုက နည်းနည်းများ တရားလွန်လွန်း မနေဘူးလား ။ “ လင် ” ဆိုတဲ့ တံဆိပ်ကို ကပ်ပြီး ၊ “ ဖခင် ” ဆိုတဲ့ ဆိုင်းဘုတ်ကို ထောင်ပြပြီး “ လင့်ဝတ္တရား ၊ ဖခင်ဝတ္တရား ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ငါ့ ဆီက ရယူလိုမှု ၊ သိမ်းပိုက်လိုမှုတွေက အတောမသတ်ကြတော့ဘူးလား ။ တစ်သက်လုံး ပခုံးပေါက်အောင် ရုန်း ကျွေးလာခဲ့တဲ့ နွားတစ်ကောင် သေတဲ့အခါ ချိုနဲ့ သားရေပါ မချန်စတမ်း ထပ်ခွာယူဖြတ်ယူဦးမယ် ဆိုသလို ဖြစ်မနေဘူးလား ။ အဲဒါ ဇနီးမယားတဲ့လား ၊ အဲဒါ သားသမီးတွေ တဲ့လား ။ လင်တစ်ယောက် အပေါ် ၊ ဖခင်တစ်ယောက် အပေါ် ပြန်ထားတဲ့ မင်းတို့ မေတ္တာတရားတွေက ဒါပဲ လား ။ ကိုယ့်ကိုယ်ကို ပြန်စဉ်း စားကြ ၊ ဒါပဲ ”
ကျုပ် မေးခွန်းကို ပြန်မဖြေကြဘဲ ကျုပ် အခန်းထဲက နေ မကျေမနပ်နဲ့ ထွက်သွားခဲ့ကြတယ် ။ အဲဒီနောက် ... ဘာကြာလိုက်လို့လဲဗျာ ။ သားကြီးက လာပြောတယ် ။
“ မေမေ သိပ်စိတ်ထိ ခိုက်သွားပြီ ဖေဖေ ၊ Heart Attack ရနေပြီ ” တဲ့ ။
ကျုပ် တရားမှတ်နေ လိုက်တယ် ။ နောက် တစ်နာရီ လောက်ကြာတော့ နောက် တစ်ဦး ထပ်လာပြန်တယ် ။
“ ဆရာဝန်ကြီး ရောက်နေပြီ ဖေဖေ ၊ မေမေ့ အခြေအနေ မကောင်းဘူးတဲ့ ၊ ဖေဖေ တစ်ခုခု ပြောင်းလဲပြုပြင်ပေးဖို့ စဉ်းစားကြိုးစားပေးပါဦး ” တဲ့ ။
ကျုပ် တရားမှတ်နေ လိုက်တယ် ။ ညနေဘက် ကျတော့ နောက်ဆုံး သတင်းတစ်ခု လာပို့တယ် ။
“ မေမေ ဆုံးပြီ ဖေဖေ ” တဲ့ ။
ကျုပ် တရားမှတ် နေလိုက်တယ် ။ ဪ ဖြစ်ရလေ ... ။ ငါ့ အတွက် ၊ ငါ့သား ၊ ငါ့သမီး အတွက် ၊ ငါ့ဥစ္စာဓန ၊ ငါ့ပိုင်ဆိုင်မှု အတွက် ဆိုတဲ့ အပူက တယ်ကြီးပါကလား ။ အင်မတန် နုနယ်တဲ့ “ နှလုံး ” ကို အဆမတန် ပူပြင်းတဲ့ မီးဟပ်တာ ရှိမှာပေါ့ ။ အဲဒါက မနေ့က ဖြစ်စဉ်တွေ ၊ ဒီကနေ့တော့ စောစောကပဲ လာပြောတယ် ။
“ မေမေ့အသုဘ သင်္ဂြိုဟ်ဖို့ နိဗ္ဗာန်ယာဉ် ထွက်တော့မယ် ဖေဖေ ။ အောက်ထပ်ကို ဆင်းကြည့်ဦးမလား ” တဲ့ ။
ကျုပ် တရားမှတ် နေလိုက်တယ် ။ အနိစ္စ ... ၊ ဘယ် အရာမှ မမြဲပါတကား ။ ဒုက္ခ ... ၊ ရုပ်နာမ်ခန္ဓာကို ရရှိ ခြင်းဟာ ဆင်းရဲခြင်း စစ်စစ် ပါကလား ။ အနတ္တ ... ဘယ်အရာမှ ငါမပိုင် ၊ ငါ့ကိုယ် ငါ တောင် မပိုင် ၊ ငါ ဆိုတာသည်ပင်လျှင် ငါ မဟုတ်ပါကလား ။ ဖြစ်ပြီးရင် ပျက်တာပဲ ။ “ ဖြစ် .. ပျက် ” နောက် က “ မဂ် ” နဲ့ လိုက် ၊ သတိနဲ့ ရှု ။
အပြင်းအထန် တရား မှတ်နေတဲ့ ကြားက ကြေကွဲစိတ်ကလေးက အလစ်အငိုက် ဖမ်းပြီး ဝင်လာလိုက်သေး ။ ဟုတ်တယ် ။ သူ့အတွက် ကြေကွဲစိတ်ကလေးပါ ။
ဪ ... တစ်သက်လုံးက ချမ်းချမ်းသာသာ ကြွယ်ကြွယ်ဝဝနဲ့ တစ်လျှောက်လုံး ရွှေပေါ်မြတင် နေလာခဲ့ရတဲ့ ကျုပ်မိန်းမခမျာ တကယ့် သံသရာခရီးရှည်ကို ထွက်ပြီဆိုတော့မှ သူ့အတွက် အထောက်အပံ့ ဖြစ်စရာ ဘာ ရိက္ခာ ၊ ဘာဝေစုမှ ယူမသွား နိုင်ရှာပါလား ။ ရေဘူး မပါ ၊ ခြေဗလာကြီးနဲ့ နွေခရီးကို ဆက်ရရှာပေတော့မယ် ဆိုတဲ့ စိတ်နဲ့ ရင်ထဲ ဆို့လာမိတာကို ပြောတာပါ ။
အင်း ... ဒီနေ့တော့ အတော် ခက်ခက်ခဲခဲနဲ့ပဲ တရားမှတ်ယူရလိမ့်မယ် ထင်ပါရဲ့ဗျာတို့ ... ။ ။
⎕ နန္ဒာစိုး ၊ ဆင်ဖြူကျွန်း ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၆ ဩဂုတ်

No comments:
Post a Comment