❝ မြို့မဥက္ကဋ္ဌ ဒေါက်တာ ❞
[ ကမ္ဘောဒီးယား နယ်စပ်နဲ့ သိပ်မဝေးတော့တဲ့ ထိုင်းနိုင်ငံ တစ်နေရာမှာ စခန်းလေး တစ်ခု ရှိတယ် ။ အာရှရန် ( Ashram ) တဲ့ ။ ကားတွေ ဥဒဟို မောင်းနေတဲ့ ဟိုင်းဝေးလမ်းမကြီးက ဖဲ့ဆင်းပြီး ပန်းခင်းတွေ ၊ ထိုင်းကျေးလက်အိမ်ကလေးတွေကို ဖြတ်သန်းပြီးမှ စခန်းဆီ ရောက်တယ် ။
စခန်းကို ရေတသွင်သွင် စီးနေတဲ့ ချောင်းတစ်ခုက ရစ်ခွေ ဝန်းရံထားတယ် ။ ချောင်းက ပေ ၅ဝ လောက်သာ ကျယ်တာပါ ။ ဒါကို တံတား ထိုးမထားဘူး ။ ဖောင်ကလေး လုပ်ထားပြီး ချောင်းကို ဖောင်နဲ့ ကူးရတယ် ။
နေရာက တော်တော် ကဗျာဆန်တဲ့ နေရာ ။ အဆောက်အအုံတွေက ထိုင်းရိုးရာ ပုံစံ ။ သစ်သားနဲ့ ဆောက်တယ် ။ နံရံကို ရွှံ့စေးနဲ့ မံတယ် ။ အမိုးကို အုတ်ကြွပ် မိုးတယ် ။ စခန်းဝင်းထဲမှာ သစ်ပင်တွေ ပန်းပင်တွေနဲ့ စိမ်းလန်းလှပတယ် ။ အုန်းပင်အောက်မှာ ခူးပြီးသား အုန်းသီးစိမ်းနဲ့ ဓားမနဲ့ ရှိတယ် ။ ခွဲစား ။ အုန်းရည်သောက် ။
စခန်းဝင်းထဲမှာ ကြာကန်တွေ ရှိတယ် ။ သစ်သားတံတားရှည်ကြီးကို ဖြတ်လျှောက်ပြီး ရုံးခန်းကို ရောက်နိုင်တယ် ။ ရုံးခန်းက ဟင်းလင်းနံရံ ။ တိတ်ဆိတ် မှုက လေပြည်လေညင်း တိုက်ခတ်တာတောင် ကြားရတယ် ။ လေညင်းထဲမှာ ကြာသင်းရနံ့တွေ ပါတယ် ။ မြင်ကွင်းထဲ မှာတော့ ကြာနီ ကြာညို ကြာပြာ ပွင့်ဖူးနေတာပါ ။ ရုံးခန်း ထဲမှာ နေ့စဉ်ထုတ် ထိုင်းသတင်းစာတွေ လတ်လတ်ဆတ်ဆတ် ရှိတယ် ။ ကြာပန်းတွေကို ငေးမောရင်း ကွန်ပျူတာ နုတ်ဘုတ်ကို ဖွင့်ကာ အင်တာနက် ဝိုင်ဖိုင် နဲ့ တစ်ကမ္ဘာလုံးကို ချက်ချင်း ချိတ်ဆက်နိုင်တယ် ။
ရုံးခန်းကို သွားတဲ့ တံတားထိပ်မှာ ခန်းမ တစ်ခု ရှိတယ် ။ နံရံက ရွံ့စေးနဲ့ မံပြီး အမိုးက သက်ငယ်ပါ ။ အဲဒီ ခန်းမထဲ ကျွန်တော်တို့ မြန်မာတစ်စု ရောက်နေတယ် ။ “ ထိုင်းစားသုံးသူများအသင်း ” က ဖိတ်ကြားလို့ လာခဲ့တာပါ ။ စားသုံးသူ အခွင့်အရေးကိစ္စ ဆွေးနွေးကြတာ ။
ဆွေးနွေးပွဲ မစမီမှာ ငါးမိနစ် တရားထိုင် ကြရတယ် ။ ကျွန်တော်တို့နဲ့ အတူ ထိုင်းအမျိုးသမီးလေး နှစ်ယောက် ပါတယ် ။ ဆွေးနွေးပွဲ ပြီးသွားတော့ “ ပန်း ” ဆိုတဲ့ ထိုင်းမလေးက ငါတို့ သီချင်းဆိုပြီး ကရအောင်တဲ့ ။ မြန်မာသီချင်း တစ်ပုဒ် ဆိုပါတဲ့ ။ ကျွန်တော်တို့ မြန်မာတွေ တညီတညွတ်တည်း ဆိုကြတဲ့ သီချင်းကတော့ “ မြနန္ဒာ ” ။ ကျွန်တော်တို့ ကတဲ့ သင်္ကြန်အကကို ထိုင်းမလေးတွေလည်း အတုခိုးပြီး အတူတူ ကတယ် ။ လေး ၊ ငါးပတ်လောက် ဝိုင်းကြီးပတ်ပတ် လှည့် ကကြပြီး အမောဖြေဖို့ နားတော့ ထိုင်းမလေး တစ်ယောက်ဖြစ်တဲ့ “ နု ” က မြနန္ဒာသီချင်း အကြောင်း ကျွန်တော့်ကို မေးတယ် ။ ကျွန်တော်က သူ့ဆဲလ်ဖုန်းထဲကို ကျွန်တော့်ဖုန်းထဲက မန်းတောင်ရိပ်ခိုသီချင်းသံစဉ် ဘလူးတုသ်နဲ့ ထည့်ပေးလိုက်တယ် ။
သူ့ဆဲလ်ဖုန်းထဲက မန်းတောင်ရိပ်ခို သီချင်းသံစဉ်ကို ပြန်ဖွင့်ရင်း ထိုင်းမလေး ထိုင်လျက် လက်ကို ချိုးကာ က နေတာ ကြည့်ရင်း မြို့မတူရိယာအသင်းကြီးကို ကျွန်တော် သတိရနေမိပါတယ် ။
မန်းတောင်ရိပ်ခို သီချင်းကို မြန်မာတိုင်း ရင်းနှီးနေပြီ ။ မြို့မ တူရိယာအသင်းကြီး ကိုလည်း မြန်မာ တစ်နိုင်ငံလုံးမှာ မသိသူ မရှိသလောက် ဖြစ်နေပါပြီ ။ မြို့မကို နိုင်ငံနဲ့အဝန်း ထင်ရှားလာအောင် ကြိုးပမ်းခဲ့သူတွေ ထဲမှာ ဒေါက်တာလှခိုင် လည်း ပါဝင်တယ် ။
မြို့မအပျော်တမ်း တူရိယာအသင်းကြီးရဲ့ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဒေါက်တာ လှခိုင် ရဲ့ မန္တလေးမြို့က နေအိမ်ကို ကျွန်တော် သွားပြီး သူ့ဘဝကို မေးပါတယ် ။ ]
••••• ••••• •••••
၁၉၅၀ ခု ဒီဇင်ဘာလမှာ မွေးတာ ။ အဖေက ဦးသိန်းဖေ ၊ အမေက ဒေါ်ဝင်း ၊ မွေးချင်း နှစ်ယောက် ရှိတယ် ။ ကျွန်တော်က အကြီး ။
အဖေက စက်ချုပ်တယ် ။ အမေက ဈေးရောင်းတယ် ။ မွေးတာလည်း မန္တလေး လက်ချိတ်တန်း ၊ ကြီးတာလည်း လက်ချိတ်တန်း ၊ နေတာလည်း လက်ချိတ်တန်း ။
ကျွန်တော်က ၅၆ ခုနှစ်မှာ ပေါက်မြိုင်ကျောင်းမှာ ကျောင်း စနေတယ် ။ ခုနစ်တန်း အောင်တော့ အမှတ် ၁ အထက်တန်းကျောင်းကို ပြောင်းတယ် ။ ဆယ်တန်း အောင်တော့ အမှန်က ဝါသနာပါတာက အင်ဂျင်နီယာပညာ ။ အမှတ် ၁ ကျောင်း မှာ စက်မှုလက်မှု ဘာသာရပ်လည်း သင်ရတယ် ။ ကိုးတန်း အောင်တော့ စက်မှုလက်မှု ဂုဏ်ထူး ထွက်တယ် ။ အင်ဂျင်နီယာ ဝါသနာ ပါပေမဲ့ အဲဒီတုန်းက အာရ်အိုင်တီ ( ရန်ကုန်စက်မှုတက္ကသိုလ် ) က ရန်ကုန်မှာပဲ ရှိတာ ။ မိဘက ချို့တဲ့တော့ စရိတ် မတတ်နိုင်ဘူး ။ မတတ်နိုင်တော့ မန္တလေးမှာ ရှိတဲ့ Institute ( အသက်မွေး ဝမ်းကျောင်းမှု တက္ကသိုလ် ) ထဲက ရွေးရတယ် ။ ဆေး နဲ့ စိုက်ပျိုးရေး နှစ်ခု လျှောက်တယ် ။ အမှတ်မီတော့ ဆေးကျောင်း ရောက်သွားတာပါပဲ ။ ( ရယ်လျက် )
စက်မှုကို ခုလည်း ဝါသနာပါတာပဲ ။ ခုဆို ကွန်ပျူတာတစ်လုံးကို ကျွန်တော် လျှောက် ကလိနေတာပဲ ။ ဓာတ်ပုံကင်မရာတွေလည်း ဟိုပြင်သည်ပြင် ။ တယ်လီဖုန်းလည်း ကိုယ့်ဟာကိုယ် ပြင်တာပဲ ။
အိမ်က ချို့တဲ့တော့ ဆေးကျောင်း တက်တာ စက်ဘီး တစ်စင်းနဲ့ပဲ ပြေးရတာ ။ စက်ဘီးမှ ခြောက်တန်းတုန်းက ( ကျပ် ) ၁၇၀ နဲ့ ဝယ်ထားတဲ့ စက်ဘီးကြီးနဲ့ သွားရတာ ။ တရုတ်နီ စက်ဘီးကြီး ၊ ပုံမလာဘူး ။ အဝတ်အစားလည်း ဒါဝတ်ဒါချွတ်ပဲ ။ ကျူရှင်လည်း မနေဘူး ။
ကျွန်တော် ဆရာဝန် ဖြစ်တော့ အစိုးရအလုပ် မဝင်ဖြစ်ဘူး ။ အိမ်မှာပဲ ဆေးခန်းဖွင့်နေလိုက်ဖြစ်တော့တယ် ။
၁၉၇၈ လောက်မှာ အထက်မြန်မာပြည်ဓာတ်ပုံအသင်းထဲ ကျွန်တော် ရောက်သွားတယ် ။ နာယကတွေက ဗိုလ်မှူးဗတင် တို့ ၊ ဦးဘိုကြီး တို့ ၊ သူငယ်ချင်း မြတမာ ကိုကျော်ရင် နဲ့ တွဲမိပြီး ဓာတ်ပုံဝါသနာ ပါသွားတာ ။ ဓာတ်ပုံနဲ့ ပတ်သက်ရင် ကိုကျော်ရင် တို့ ၊ ဦးခင်မောင်လေး တို့ ဆရာပေါ့ ။ နီကွန်မက်အက်ဖ်တီသရီး ကင်မရာလေး စဝယ်ဖြစ်တယ် ။ တံခွန်စိုက်ဆုတွေ ဘာတွေ ရဖူးတယ် ။
၁၉၈ဝ ခုမှာ မီးလောင်တော့ မြို့မအသင်းကြီးက ကျွန်တော့် သူငယ်ချင်း ဒေါက်တာထိန်ဝင်း တို့ အိမ်ရောက်လာတယ် ။ မြို့မ နဲ့ နီးစပ်တော့ ဆရာဦးရဲထွေး ဆီမှာ ထရန်ပက် စသင်တယ် ။ ကိုထိန်ဝင်း လည်း သင် ကျွန်တော်လည်း သင်ပေါ့ ။ မြို့မ မှာ ဆက်ဆိုဖုန်းက လူပြည့်နေပြီ ။ ကျွန်တော်က မြို့မ ထဲ ဝင်ပါချင်လို့ ထရန်ပက် သင်တာ ။ မြို့မ ထဲမှာ ကျွန်တော် ထရန်ပက် မှုတ်သေးတယ် ။ နောင်ကျ ကျန်းမာရေးကြောင့် နားလိုက်တာ ။ ထရန်ပက် မှုတ်ရင်း မှုတ်ရင်းနဲ့ လိပ်ခေါင်းထွက်လာတာ ။ ( ရယ်လျက် ) အဲဒါ အဟုတ်ဗျနော် ။ နောက်ပိုင်းကျ တယော လည်း ကျင့် ၊ စန္ဒရား လည်း ကျင့်တယ် ။
ရှင်းရှင်း ပြောရရင်တော့ မြို့မ ထဲ ရောက်လာလိမ့်မယ်လို့ မထင်ဖူးဘူး ။ ရောက်လာတော့လည်း မြဲသွားတာပေါ့ ။ ငယ်ငယ် ကတည်းက ပိုးကတော့ ရှိတာပေါ့ ။ ဦးသိန်းဒန် တို့ ၊ ဦးဖူးအံ့ တို့ ဆိုတာတွေ လိုက်နားထောင်တယ် ။ ဆရာဝန် တော်တော်များများ ဂီတနဲ့ နီးစပ်ကြတယ် ။ ဒေါက်တာသန်းဝင်း တို့ ၊ ဒေါက်တာအောင်ကြီး တို့ ၊ ဒေါက်တာအောင်မြင် တို့ သိပ်မစိမ်းကြဘူး ။
ကျွန်တော်က ကရာတေးလည်း ကစားတယ် ။ စစ်တုရင်လည်း ကစားဖူး တယ် ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလိုပဲ ၊ ဂီတအနုပညာကျမှ မြဲသွားတာ ။
ကျွန်တော် စဝင်တဲ့ အချိန်မှာ မြို့မအသင်းက နေရာ အတည်တကျလည်း မရှိဘူး ။ ပစ္စည်းကိရိယာလည်း မစုံလင်ဘူး ။ ငွေရေးကြေးရေး ကလည်း တောင့်တောင့် တင်းတင်း မရှိဘူး ။ တီးလုံး တိုက်ကြပြီဆိုရင် ကျွန်တော်က လက်ဖက်ရည်တွေ ဘာတွေ တိုက်တယ် ။ မြီးရှည်တွေ ဘာတွေ ကျွေးတယ် ။ အဲဒီတုန်းက မြီးရှည် တစ်ပွဲမှ တစ်ကျပ် ။
မြို့မက ဒေါက်တာထိန်ဝင်း တို့ အိမ်ကနေ လမ်း ၈၀ ၊ ၃၆ လမ်းဘက် ပြောင်းတယ် ။ အဲဒီမှာ တီးလုံးတိုက်တယ် ။ Stand ဆိုတာ မရှိသေးဘူး ။ နုတ်စ်တင်ဖို့ ထင်းရှူးသေတ္တာပုံးလေးတွေ ထောင်ပြီး စာအုပ်လေးတွေချ တိုက်ရတာ ။ ငွေရေးကြေးရေး ချို့တဲ့နေတဲ့ အချိန်ပေါ့ ။ အခုလို ပွဲတွေ ဆက်မနေဘူး ။
မှတ်မှတ်ရရဆိုရင် လယ်ဝေး ဘုရားပွဲက လာငှားတယ် ။ နှစ်ည လှည့်တာမှ ခြောက်ထောင်လား ရတယ် ။ ပွဲလက်ခံပြီးမှ ပစ္စည်းထည့်ဖို့ ထင်းရှူးသေတ္တာတွေ ရိုက်ရတယ် ။ လယ်ဝေး သွားကြတော့ player တီးမယ့်သူ ကလည်း အပြည့်အစုံ ပါမလာဘူး ။ ဟိုကျတော့ ခင်ဗျားတို့ ပစ္စည်းတွေ စုံရဲ့လားတဲ့ ၊ စုံပါတယ် ၊ သေတ္တာတွေ ဖွင့်ပြတယ် ။ အမှန်ကတော့ ပစ္စည်းပါတယ် ။ မပါတာက တီးမယ့်လူ ။
လှည့်ဖို့ စီစဉ်ပေးတဲ့ ကားက ငယ်နေတယ် ။ ဒရမ်ဆက်တွေ ဆင်ဖို့နေရာ မရှိဘူး ။ ကားက သေးနေတော့ မြန်မာ့တူရိယာတွေပဲ တီးမှုတ်ပြီး လှည့်လိုက်တယ် ။ ကိုယ့်မှာ တီးမယ့်သူ မပါတာနဲ့ အတော်ပဲ ။
အဲဒီအချိန် ၁၉၈၁ ခုလောက်က မန္တလေးမြို့ပေါ် ပွဲတီးကြေးက ( ကျပ် ) ၈၅၀ ။ လာငှားတဲ့ သူငယ်ချင်းက ၈ဝဝ ပဲ တတ်နိုင်တယ် ဆိုရင် ကျွန်တော်က ၅ဝ စိုက် ၊ လိုတာလေးတွေ ရှိရင် ကိုယ်က စိုက်ပေါ့ ။ အသင်းက ပွဲတီးလေးတွေ ရလာတော့ ပိုက်ဆံ ပိုလာတယ် ။ ပိုက်ဆံ ပိုတဲ့ အခါလည်း ကျွန်တော်ပဲ ထိန်း ။ တရားဝင်သာ မခန့်သေးတာ ။ ဘဏ္ဍာရေးမှူး ဖြစ်နေတယ် ။
အသင်းအမှုဆောင် ရွေးကြတော့ ကျွန်တော်က ဘဏ္ဍာရေးမှူးတာဝန် ယူရတယ် ။ နောက် တဖြည်းဖြည်းနဲ့ အတွင်းရေးမှူး ၊ နောက်ကျ ဒုတိယဥက္ကဋ္ဌ ၊ ၂၀၀၆ ခုက စပြီး ဥက္ကဋ္ဌ ပေါ့ ။
မြို့မမှာ တီးတဲ့သူတွေရော ၊ မှုတ်တဲ့သူတွေရော ၊ ဆိုတဲ့သူတွေရော ၊ ဝါသနာအရ လုပ်ကြတာ ။ ရတဲ့ ဘဏ္ဍာငွေကို သင်္ကြန်မှာ သုံးကြတယ် ။ ကိုယ့်အတွက် ပိုက်ဆံမယူဘူး ။ ဒါကြောင့် မြို့မ အပျော်တမ်းတူရိယာအသင်းလို့ ခေါ်တယ် ။
ဒါပေမဲ့ နောက်ပိုင်းကျ စားဝတ်နေရေး အခြေအနေအရ ပိုက်ဆံ ပေးသင့်တဲ့ သူတွေ ရှိလာတယ် ။ ဘယ်လို လူမျိုးတွေကို ပေးမှာလဲ စဉ်းစားတော့ player ရိုးရိုး ဆိုရင် ပေးမယ် ။ player အမှုဆောင် ဆိုရင် မပေးဘူး ။ မြို့မ ထဲမှာ အမှုဆောင် ဖြစ်တဲ့ သူသည် ငွေကြေး တစ်စုံတစ်ရာ ခံစားခွင့် မရှိဘူး ။ player တွေကို player ကြေး ပေးတယ် ဆိုပေမဲ့ အခြား ဝိုင်းတွေလောက် မများဘူး ။ အခြား ဝိုင်းတွေက ( ကျပ် ) ၅ဝဝဝ ၊ ၆ဝဝဝ ပေးတဲ့ အချိန်မှာ ကျွန်တော်တို့က ၃၅ဝဝ ပဲ ။ တစ်ဖက်တစ်လမ်းက အထောက်အပံ့ ဖြစ်ရုံပါပဲ ။
ကျွန်တော် မရောက်ခင် ၁၉၇၅ ၊ မြို့မ ရွှေရတု က စပြီး သင်္ကြန် မလှည့်ဖြစ်တော့ဘူး ။ ကျွန်တော် ရောက်ပြီးနောက် ၁၉၉၆ ကျမှ ပြန်လှည့်ဖြစ်တာ ။ သင်္ကြန် လှည့်တော့ မြို့မိမြို့ဖတွေက ဆုချတဲ့ ငွေနဲ့ လှည့်နိုင်တာ ။ ခုချိန်ဆို တစ်နှစ်သိန်း ၅ဝ - ၆ဝ ကုန်တယ် ။ ဒါပေမဲ့ သိပ်မစိုက်ရပါဘူး ။ စိုက်ရရင်လည်း အသင်းရန်ပုံငွေက စိုက်တာ ။
သင်္ကြန်အကြိုနေ့ မတိုင်ခင်မှာ ကျွန်တော်တို့က မြို့မနာယကကြီးတွေ ပူဇော်ပွဲ လုပ်တယ် ။ အသင်းတိုက်မှာ ။ သင်္ကြန်အကြိုနေ့မှာ မြို့မအသင်းကားက ဈေးချိုတော် ကို ဖြတ်ပြီး မဟာမုနိဘုရားကြီးကို သွားတယ် ။ ပြီးရင် မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲသွားတယ် ။ မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲမှာ ကျွန်တော်တို့က ထိပ်က ဝင်ရတယ် ။ ပြီးရင် ကျန်းမာရေးဝန်ကြီးဌာန မဏ္ဍပ်ဖွင့်ပွဲ သွားတယ် ။ ပြီးရင် နန်းရှေ့တစ်ခွင် လှည့်ဖျော်ဖြေပြီး နောက်နေ့ မနက်လင်းမှပဲ အသင်းတိုက် ပြန်ရောက်တော့တယ် ။ ဒါက သင်္ကြန် တစ်တွင်းလုံးပါပဲ ။ နှစ်ဆန်း ၁ ရက်နေ့ ဆိုရင် ညနေ ၃းဝဝ နာရီ ၄းဝဝ နာရီမှ အသင်းတိုက် ရောက်တယ် ။ ဒါတောင် ဖိတ်ထားတဲ့ လူတွေ စုံစေ့အောင် မရောက်နိုင်ဘူး ။
မြို့မက ကိုယ့်မူကိုယ့်ဟန်ကို ထိန်းသိမ်းထားတယ် ။ မူမပျက်တော့ မင်္ဂလာ ကျက်သရေရှိအောင် လုပ်ရမယ့် အခမ်းအနားဆိုရင် ကျွန်တော်တို့ ပါရတယ် ။ တီးတဲ့ ပလေယာတွေက ဆောင်းတွင်း ဆိုရင် တိုက်ပုံတွေပဲ ဝတ်ရတယ် ။ အနွေး ထည်တောင် ထပ်မဝတ်ရဘူး ။ အောက်က ခံချင်ခံ ။ နွေခါဆို ရှပ်အင်္ကျီအဖြူပဲ ။ မိန်းကလေးဆိုရင် ဘောင်းဘီ ၊ စကတ် မဝတ်ရဘူး ။ အသင်းရဲ့ သက်တမ်းရှည်ကြာမှုကြောင့် လူသိများတာ ပါဝင်တယ် ။
အသင်းအတွက် မျိုးဆက် ကတော့ မွေးယူရတာပဲ ။ ကိုယ့်သားသမီးတွေ တူတွေ တူမတွေ ပါလာအောင် ခေါ်ရတာ ။ ကိုယ့်တာဝန် ကျေအောင်တော့ လုပ်နေရတာပါပဲ ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:
Post a Comment