Thursday, September 18, 2025

ဗိုင်းရပ် ( စ )


 

❝ ဗိုင်းရပ် ( စ ) ❞
( မြစ်ကျိုးအင်း )

ကိုယ်ခံအား သိပ်မကောင်းရှာတဲ့ မင်းခန့် တစ်ယောက် အခုတော့ ကူးစက်ရောဂါဆိုး ဗိုင်းရပ် ( စ ) တစ်မျိုး အကူးခံရရှာလေပြီ ။ ဒါပေမဲ့ ဒီလို ဖြစ်သွားတာကိုလည်း မင်းခန့် က ကျေနပ်သလိုလို ရှိတယ် ။ အရင်က သူ့ဘဝမှာ အတတ်နိုင်ဆုံး ကျန်းမာသန်စွမ်းအောင် နေခဲ့တာပဲ ။ ဒါပေမဲ့ အခြေအနေက ဒီလို ဗိုင်းရပ် ( စ ) အကူးခံရအောင် ဖန်လာခဲ့ပြီ ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲလို့ တွေးပြီး ဘဝကို နားလည် လက်ခံလိုက်ရတာပေါ့ ။ ခုတော့လည်း ဒီဘဝမှာ အသားကျ အဆင်ပြေနေပြီး အလိုက်သင့်ပဲ မျှောနေလိုက်တော့တယ် ။ ဒီပတ်ဝန်းကျင်မှာလည်း သူ့လိုပဲ ဗိုင်းရပ် ( စ ) အကူးခံရတဲ့ သူတွေ အများကြီး မြင်နေရလို့ သူတစ်ယောက် အတွက်နဲ့ လောကကြီးက ထူးထူးခြားခြား မပြောင်းလဲသွားပါဘူး ဆိုတဲ့ ခံယူချက်ကလည်း ဝင်နေပြီကိုး ။ တကယ်တော့ မင်းခန့်ကို ကူးစက်သွားတဲ့ ဗိုင်းရပ် ( စ ) က လူ တိုင်းရဲ့ပတ်ဝန်းကျင်မှာ ပျံ့နှံ့ နေတာ ကြာလှပေါ့ ။ ထူထူထပ်ထပ်နဲ့ကို ပျံ့နှံ့နေခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပြီ ။ ကူးစက်ခံရသူလည်း အများအပြား ရှိခဲ့တယ် ။ ရှိနေတယ် ။ ရှိလာဦးမယ် ။

ဒါပေမဲ့ ဒီရောဂါဆိုးက တခြားရောဂါတွေနဲ့ ဆန့်ကျင်ဘက် စွမ်းအင်ကို ပေးတယ် ။ ဒီဗိုင်းရပ် ( စ ) ရောဂါပိုး အကူး ခံလိုက်ရပြီဆိုရင် လူက ပိုပြီး တောင့်တင်းကြံ့ခိုင်လာတယ် ။ လတ်ဆတ်လန်းဆန်းလာတယ် ။ အချိန်တိုင်း အဆင်ပြေပြေ နေနိုင်လာတယ် ။ သက်တမ်းကို ပိုပြီး ဆွဲဆန့်နိုင်ခွင့်ရလာတယ် ။ ခန္ဓာရဲ့ ယိုယွင်းပျက်စီးမှုကို အချိန်အကြာကြီး ကာကွယ် နိုင်လာတယ် ။ လူတကာရဲ့ အလေးပေး ဆက်ဆံခံရခြင်းကို ရလာတယ် ။ ခေါင်းမော့ရင်ကော့ပြီး သွားလာနိုင်တယ် ။ ဒါက မင်းခန့် ကို ကူးစက် သွားတဲ့ ဗိုင်းရပ် ( စ ) ရောဂါပိုးရဲ့ အကျိုးအပြစ်တွေပဲ ။

ဒါပေမဲ့ ရောဂါတို့ရဲ့ သဘော အတိုင်းပဲ ကိုယ်ခံအားနည်းတဲ့ သူကိုသာ ကူးနိုင်တာ ဆိုတော့ လူတိုင်းရဲ့ ပတ်ဝန်းကျင်မှာ ဒီရောဂါ ရှိနေပေမဲ့ လူတိုင်းကိုတော့ မကူးစက်ဘူး ။ ဒီရောဂါ မရှိတဲ့ သူတွေရဲ့ အကျိုးကျေးဇူးကတော့ တစ်ခုတည်းပဲ ရှိတယ် ။ အဲဒါကတော့ လိပ်ပြာလုံစွာ ရှင်သန်ရပ်တည်ခွင့် ရကြတယ် ။ ဒါပဲ ။ သူတို့ ပြန် ရတာ ဒီလောက်ပဲ ရှိတယ် ။ ဒါက ရောဂါ ရှိသူ နဲ့ မရှိသူတွေ ရဲ့ အကျိုးရလဒ်တွေပေါ့ ။ ဒီဗိုင်းရပ် ( စ ) က နိုင်ငံရပ်ခြားကို ရောက်နေတဲ့ မင်းခန့် ဆီကို ဝဲနေတာ လွန်ခဲ့တဲ့ နှစ်လ ကတည်းကပဲ ။ ဒါပေမဲ့ အဲဒီတုန်းက မင်းခန့်က ကိုယ်ခံအားကောင်းတယ် ။ ကြံ့ခိုင်တယ် ။ လာခွင့် ရမလားဆိုတဲ့ ဗိုင်းရပ် ( စ ) ကို ခပ်တင်းတင်းပဲ ငြင်းလိုက်နိုင်တယ် ။ အဲဒီ ဗိုင်းရပ် (စ ) သူ့ဆီကို ရစ်ဝဲစ ပြုနေတဲ့ နေ့ကို မှတ်မိနေသေးတယ် ။ အဲဒီနေ့က မင်းခန့် အနေနဲ့ မြန်မာနိုင်ငံကို အပြီး ပြန်လာခါနီး ၂ လခန့် အလို တစ်ခုသော နေ့တစ်နေ့ပေါ့  ။

မကြာခင် မြန်မာနိုင်ငံ ပြန်လာဖို့ ပြင်ဆင်နေပြီ ဆိုတော့ ပြည်တွင်းက မိသားစုနဲ့ လည်း မကြာမကြာ ဆက်သွယ်ဖုန်းပြောဖြစ်ခဲ့တယ် ။ ပြန်ရောက်ရင် လုပ်သင့်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကြောင်း ကြိုမေးမြန်းဖြစ်တယ် ။ အဲဒီမှာပဲ မင်းခန့် က သူ့အစ်ကိုနဲ့ ဖုန်းပြောဖြစ်တယ် ။

“ ကိုကြီး ဘာခွင်တွေ ရှိလဲ ။ အေးရာအေးကြောင်း ရင်းနှီးလုပ်ကိုင်လို့ ရတာလေး ဆိုပါတော့ကွာ ”

“ ရှိတာပေါ့ကွာ ။ အရေးကြီးတာ အရင်းအနှီးပဲကွ ။ မင်း ဘယ်လောက်ရင်းနိုင်သ လဲဆိုတာပေါ် မူတည်ပြီး လုပ်လို့ ရနိုင်တာတွေ ရှိတာပေါ့ ။ မင်း ပြန်လာရင်လည်း တွေ့မှာပါ ။ စိတ်မပူနဲ့ ။ အေးဆေး ”

“ အခု ကတည်းက ကြိုတွက်ဆထားလို့ရအောင် မေးကြည့်တာပါ ”

“ လောလောဆယ် ခွင် တစ်ခွင်တော့ ရှိတယ် ။ သေချာပေါက် အမြတ်ရမယ်ကွာ ။ ရက်ပိုင်းပဲ ရင်းရမယ် ။ စိတ်ဝင်စားရင် ပြောပြမယ် ”

ရက်ပိုင်းအတွင်း အမြတ်သေချာတယ် ဆိုတဲ့ သူ့အစ်ကို စကားကို မင်းခန့် တစ်ယောက် စိတ်ဝင်စားသွားတယ် ။

“ အမြတ်သေချာရင် တော့ လုပ်မှာပေါ့ ။ ဘာလုပ်ရမလဲပြော ”

“ မြတ်တာ သေချာတယ်ကွာ ။ အခုကွာ ရပ်ကွက်တွေထဲမှာ ၁၅ဝဝ တန် ကတ်တွေ မဲနှိုက်ကြတယ် ။ မဲပေါက်သူတွေ ဆီက ကတ်ကို ခုနစ်သောင်းလောက်နဲ့ ပြန်ဝယ်ပြီး ဖုန်းဆိုင်တွေကို သွင်းရင် တစ်ကတ်ကို သုံးသောင်းနဲ့ အထက် မြတ်တယ်ထားကွာ ။ ကတ် ၅ဝ ပဲဝယ်နိုင်ဦးကွာ ။ ၁၅ သိန်း မြတ်ပြီ ၊ အဲဒါ ရက်ပိုင်းလေးပဲ ရင်းရုံနဲ့ ရတာနော် ။ တော်တော်များများ အဲဒီလိုပဲ လုပ်နေကြတာ ” 

သူ့အစ်ကိုရဲ့ စကား ကြားတော့ မင်းခန့် တော်တော်လေး စိတ်တိုသွားတယ် ။ ဒါဟာ မိုက်ရိုင်းမှု တစ်ခုပဲ မဟုတ်လား ။

“ ဟာကွာ အဲဒါတော့ မလုပ်ချင်ပါဘူး ။ ကိုယ့်နိုင်ငံက လူတွေက အခုမှ ဖုန်းလေး ကိုင်ခွင့်ရကြတာ ။ ဒါမျိုးတော့ မလုပ်ချင်ဘူး ကိုကြီးရာ ”

သူ့စကား ကြားတော့ မင်းခန့် အစ်ကို ဖြစ်သူက ရယ်တယ် ။

“ မင်း အဲဒါတွေ တွေးနေရင် အလုပ် ရှားမယ်နော် ။ အေးလေ မင်းသဘောပါ ၊ မင်း ပြန်ရောက်လာရင် ကိုယ်တိုင်တွေ့ရမှာပဲ ။ အဲဒီတော့မှ စဉ်းစားပေါ့ ။ လောလောဆယ် ဆူလွယ်နပ်လွယ် အလုပ်အနေနဲ့ အဲဒါရှိတယ်လို့ ပြောတာ ”

အဲဒီနေ့က ဖုန်းပြောပြီးနောက် ရက် တော်တော်ကြာတဲ့ အထိ သူ့ အစ်ကိုရဲ့ စကားသံတွေ ပြန်ကြားယောင်ပြီး မင်းခန့် စိတ်မကောင်း ဖြစ်နေတယ် ။

ငွေကြေး အမြတ်အစွန်း ရချင်တာ မှန်ပေမဲ့ ကိုယ့် ပြည်သူ အပေါ်ကို ကုပ်သွေးစုပ် အမြတ်ထုတ်တဲ့ အထိတော့ မလုပ်ရက်ဘူး ။ နိုင်ငံရပ်ခြားရဲ့ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ပြီး အရာရာ ခေတ်နောက်ကျ ကျန်နေခဲ့တဲ့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးတွေ အဆင်ပြေပြေ ရှိနေစေချင် စိတ်က အမြဲရှိခဲ့သူ ဆိုတော့ ဒီလိုအလုပ်ကို ငြင်းပြီးတာတောင် စိတ်မကောင်းဖြစ်စိတ်က ရက်တော်တော် ကြာတဲ့အထိ ကျန်နေခဲ့ သေးတယ် ။ ပြည်သူတွေမှာ ခုမှ လက်ကိုင်ဖုန်း နဲ့ နီးစပ်ခွင့် ရကြရှာတာဆိုတဲ့ အသိက ဒီအလုပ်ကို လုပ်ဖို့အတွက် စိတ်ကူးလို့တောင် မရဘူး ဖြစ်နေခဲ့တယ် ။

နောက်ပိုင်းတော့ မြန်မာနိုင်ငံ ပြန်လာဖို့ စီစဉ်ရင်းနဲ့ ဒီအဖြစ်အပျက်ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့တယ် ။ ဒါပေမဲ့ ပထမအကြိမ်တုန်းက ဝေ့ဝဲခဲ့တဲ့ ဗိုင်းရပ် ( စ ) က နောက်တစ်ကြိမ်မှာတော့ အနီးကပ်ဆုံးကို ရောက်လာခဲ့ ဆတယ် ။ မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့အထိပဲ ဆိုပါတော့ ။ မင်းခန့် မြန်မာနိုင်ငံ ရောက်ပြီး ဖုန်းဆင်းကတ် တစ်ခုကို တစ်သိန်းငါးသောင်း အထိ ပေးဝယ်လိုက်ရတဲ့ နောက်မှာတော့ ပထမအကြိမ်က ဝင်ခွင့်မရတဲ့ ဗိုင်းရပ် ( စ ) ကို မင်းခန့် ကိုယ်တိုင် လက်ကမ်းပြီး ကြိုလိုက်တော့တယ် ။

မူရင်းဈေး ၁၅ဝဝ ကျပ်တန်ကို အဆ ၁ဝဝ အမြတ်ပေးပြီး တစ်သိန်းခွဲနဲ့ ဝယ်လိုက်ရတဲ့အချိန်မှာ နာကြည်းစိတ်က ငယ်ထိပ်အထိ ဆောင့်တက်သွားစေတယ် ။ လူ့အခွင့်အရေးကို မျှမျှတတ ရခဲ့တဲ့ နိုင်ငံတစ်ခုမှာ နှစ်ရှည်နေလာခဲ့တဲ့ သူ့အတွက် ဒီမတရားမှုက တော်တော် ကြီးသွားပြီလေ ။ အဲဒီနေ့က စပြီး မင်းခန့် စိတ်ပြောင်းသွားတော့တယ် ။ ဒီအတိုင်းသာ ဆက်နေရင် တစ်လျှောက်လုံး ခံဘက်ဘဝနဲ့ပဲ ဆက်သွားရမယ်ဆိုတဲ့ အတွေးက မင်းခန့် ကို ပြောင်းလဲသွားစေတော့တာ ။ တစ်နည်းပြောရရင် နှလုံးသားထဲ ကို ဗိုင်းရပ် ( စ ) ဝင်သွားပြီ ။ ကိုယ်ကျင့်တရား ဆိုတဲ့ ကိုယ်ခံအားနည်းသွားတဲ့ နောက်မှာတော့ အမြီး ကျက်ရင် အမြီး စားပြီး ၊ ခေါင်း ကျက်ရင် ခေါင်းစားမယ့် ဖြတ်စားလျှပ်စား အမြတ်ကြီးစား စိတ်ဓာတ်ဆိုတဲ့ ဗိုင်းရပ် ( စ ) ရောဂါဆိုးကြီး ဝင်သွားခဲ့ပြီ ။

အဲဒီ နောက်ပိုင်း မင်းခန့် အခွင့်အရေးကို ကျားချောင်း ချောင်းတတ်လာတယ် ။ ခေါင်းပုံဖြတ်လို့ ရမယ့် ခွင် ကောင်းကောင်းကို မျက်စိ ဒေါက်ထောက် ကြည့်တတ်လာ တယ် ။ ဘယ်နေရာမှာ ဘယ်သူ့ဆီက ဝင်ရင် လုပ်ကွက် ကောင်းကောင်း ရမလဲဆိုတာ နားစွင့်တတ်လာတယ် ။

ဒီဗိုင်းရပ် ( စ ) ကူးပြီး နောက်ပိုင်း မင်းခန့် ရောဂါရဲ့ လက္ခဏာတွေ ပေါ်ပေါက် လာတယ် ။ အရင်ကထက် ပိုပြီး ကြံ့ခိုင်လာာတယ် ။ ဖွံ့ဖြိုး လာတယ် ။ လတ်ဆတ်လန်း ဆန်းလာတယ် ။ အချိန်တိုင်း အဆင်ပြေပြေ နေနိုင်လာတယ် ။ ခန္ဓာရဲ့ ယိုယွင်းပျက်စီးမှုကို အချိန်ကြာကြာ ခုခံလာနိုင်တယ် ။ လူတကာရဲ့ အလေးပေး ဆက်ဆံခြင်းကို ခံရလာတယ် ။ ဒီရောဂါကြောင့် ပြန် ဆုံးရှုံးသွားတာ တစ်ခုပဲ ရှိတယ် ။ အဲဒါက လိပ်ပြာလုံစွာ ရှင်သန်ခွင့်ပဲ ။ ဒါကိုတော့ မင်းခန့် က နောင်တ အများကြီး မရဘူး ။

ပတ်ဝန်းကျင်မှာက ဒီလို ဗိုင်းရပ် ( စ ) အကူးခံရတဲ့ လူတွေ အများကြီးပဲ မဟုတ်လား ။ ပိုပြီး ထူးမသွားပါဘူးဆိုတဲ့ စိတ်နဲ့ ပြန်ဖြေသိမ့်ဖြစ်တယ် ။ ဟိုးအရင်က တည်ကြည်မှန်ကန်စွာ ရှင်သန်ခဲ့ဖူးတဲ့ စိတ်နဲ့ လက်ရှိ ဘဝကို နှိုင်းယှဉ်မိသွားရင် စိတ်ထဲမှာ နည်းနည်းလောက် သရိုးသရီ ဖြစ်မိတာတော့ ရှိတာပေါ့လေ ။ ဒါကလည်း ခဏပါပဲ ။ လမ်းမှာ တွေ့သမျှ လူကို ဖုန်းကတ်တွေ မဲနိုက်ပြီးရင် ပြန်ဝယ်မယ်လို့ သတင်းလွှင့်နေရတုန်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တိုးတိုးတိတ်တိတ် မှာနေရတုန်း ၊ လက်ဖက်ရည် တိုက်နေရတုန်း ၊ ပဲပြုတ်သည်ကို သတင်းလွှင့်ခိုင်းနေရတုန်းပါပဲ ။

မင်းခန့် ကတော့ ဒီလို လုပ်ရတာကို ရှက်စရာ မဟုတ်ဘူးလို့ ခံယူဖြစ်လာတယ် ။ ဘာကြောင့်ဆိုတော့ ဖြတ်စားလျှပ်စား စိတ်ဓာတ်နဲ့ လက်ဝါးကြီးအုပ် အမြတ်ကြီးစား အမူအကျင့် ဆိုတာက တည်ငြိမ်မှန်ကန်မှု မရှိတဲ့ စနစ် တစ်ခုမှာ ပေါက်ဖွားရှင်သန်လေ့ ရှိတဲ့ ကူးစက်ရောဂါ ဗိုင်းရပ် ( စ ) တစ်မျိုးပဲ မဟုတ် လား ။ သူလည်း ကူးတယ် ။ ကိုယ်လည်း ကူးတယ် ။ လူ တကာကို ကူးတယ် ။ ဒါမျိုးက ပတ်ဝန်းကျင်မှာ အများကြီးပဲလေ ။

▢  မြစ်ကျိုးအင်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဖေဖော်ဝါရ  ၊ ၂၀၁၄

No comments:

Post a Comment