❝ ပြိတ္တာများ ❞
⎕ ယဉ်ယဉ်နု ( မန္တလေး )
“ ကျောင်းဆရာ ကျောင်းဆရာ ကျောင်းက ပြန်လာပြီလား ”
လမ်းထိပ် ရောက်ခါ ရှိသေးတယ် ။ ကွမ်းယာဆိုင် ကနေ အော်သံကြားလို့ ဆိုင်ကယ် ပေါ်က လှည့် ကြည့်လိုက်တယ် ။ လှမ်းခေါ်တဲ့ အိမ်နီးချင်း ကိုရဲညွန့် က နှုတ်ဆက်ရုံ နှုတ်ဆက်တာ မဟုတ်ဘဲ အူယားဖားယား ကွမ်းယာဆိုင် ထဲက ထွက်လာလို့ ကျောင်းဆရာ ကိုကောင်းမြင့် ဆိုင်ကယ်ကို ခြေထောက်ပြီး ရပ်လိုက်ရတယ် ။
“ ဘာတုံးဗျ .. ကိုရဲညွန့် ”
“ ညတုန်းကပဲ ဇော်ဇော် သေသွားပြီတဲ့ဗျ ”
“ ဟောဗျာ .. ဟုတ်လား ၊ ဒါဖြင့် သင်္ဂြိုဟ်ဖို့ ကိစ္စတွေ လုပ်ရတော့မှာပေါ့ ”
ကိုရဲညွန့်က ကွမ်းတံတွေး တစ်ချက် ထွေးလိုက်ရင်း ...
“ မဟုတ်ဘူးဗျ .. သေတာ သုံးရက်လောက် ရှိပြီတဲ့ ၊ ဘာစကားမှ မပြောနိုင်လို့ ဘယ်ကမှန်း မသိတာကြောင့် ဆေးရုံ အကြောင်းမကြားနိုင်ဘူး ။ အဲ့ဒါ ပိုင်ရှင်မဲ့ အနေနဲ့ သင်္ဂြိုဟ် လိုက်တာတဲ့ ”
“ ဟောဗျာ ဖြစ်မှ ဖြစ်ရလေ ”
ကျောင်းဆရာ ကိုကောင်းမြင့် တော်တော် စိတ်ဆင်းရဲ သွားတယ် ။ ငိုင်တွေတွေနဲ့ ဆိုင်ကယ် စက်နိုးတော့ ကိုရဲညွန့် က ...
“ ကျွန်တော် အိမ် လာခဲ့ဦးမယ် .. ပြောစရာတွေ ရှိသေး တယ် ” ဆိုပြီး ကျန်နေခဲ့လေရဲ့ ။ သိပ်မဝေးတော့တဲ့ အိမ်အထိ ဆိုင်ကယ် စီးလာရင်း ကိုကောင်းမြင့် ဘယ်လိုမှ စိတ်မကောင်းနိုင်တော့ဘူး ။ တစ်ရပ်ကွက်တည်းသား လည်းဖြစ် လူငယ်ရေးရာ ညကျောင်းမှာ သူ့တပည့်လည်း ဖြစ်ဖူးတဲ့ ဇော်ဇော် အကြောင်းက မတွေးဘဲ ခေါင်းထဲ ရောက်လာတော့တယ် ။
ကိုကောင်းမြင့်တို့ ရပ်ကွက်က လက်လုပ်လက်စား ရပ်ကွက်လေးမို့ တစ်ခုခုဆို စီခနဲ ညံခနဲ အမြဲတမ်း ဖြစ်နေတတ်တာမျိုး ။ တစ်ည ထမင်းစား နေတုန်း လမ်းထိပ်က ဝုန်းဝုန်းဒိုင်းဒိုင်း အသံကြားတော့ မထူးပါဘူးလေ ဆိုပြီး ကိုကောင်းမြင့် ထမင်းစား မပျက်ဘူး ။ ခဏနေတော့ ခေါင်းရင်းအိမ်က ကိုရဲညွန့် က “ ကျောင်းဆရာ ဟိုမှာ ခင်ဗျားတပည့် တော်တော် မူးပြီး ရမ်းနေတယ် ၊ ရမ်းတာ ကလည်း သူ့အဖေ ကို ။ ကြည့်လုပ်ချေဦးဗျာ ကျွန်တော်တို့တော့ မဆွဲရဲဘူးဗျ ” ဆိုလို့ ဟုတ်လား ဆိုပြီး အိမ်ပေါ် က ဆင်းခဲ့ရတယ် ။ ဇော်ဇော်တို့ ငှားနေတဲ့ သုံးခန်းတွဲ အိမ်ရှေ့ ရောက်တော့ “ အဖေဗျာ ခင်ဗျား အဖေမို့နော် ” လို့ ဝမ်းခေါင်းသံကြီးနဲ့ အော်နေတဲ့ ဇော်ဇော့်ကို လက်ထဲမှာ အုတ်ခဲကျိုး ကိုင်လျက် တန်းလန်းကြီးနဲ့တွေ့တယ် ။ မျက်ထောက်နီကြီးနဲ့ အရက်စော်တွေ ကလည်း နံလို့ ။
“ ဟေ့ .. ဟေ့ ဇော်ဇော် အခုချက်ချင်း လက်ထဲက အုတ်ခဲ ချလိုက်စမ်း ၊ မှားမယ်နော် ”
ကိုကောင်းမြင့် အော်လည်းအော် လက်ကလည်း ဇော်ဇော် လက်ထဲက အုတ်ခဲ ကို ဆွဲယူ လိုက်ပါတယ် ။ ဇော်ဇော်က ရှောင်လိုက်ပြီး ဝုန်းခနဲနေအောင် ဝင်းထရံကို ပစ်လိုက်တယ် ။ ပြီးတော့ ...
“ အဖေဖြစ်နေလို့ဗျာ .. နော် ” ဆိုပြီး လမ်းမကြီးဘက် ကို ယိုင်ထိုး ယိုင်ထိုးနဲ့ ထွက်သွားတော့တယ် ။ ကိုကောင်းမြင့် သက်ပြင်းချပြီး အိမ်ခန်းလေး ထဲကို ငုံ့ဝင်လိုက်တယ် ။ အိမ်ခန်းလေး ထဲက ကွပ်ပျစ်ပေါ်မှာ ဇော်ဇော်ရဲ့ အဖေ ဦးမြသာ က ခေါင်းငုံ့ပြီး မျက်ရည်ပေါက်ပေါက် ကျနေတယ် ။ ဇော်ဇော်ရဲ့ နှမဖြစ်တဲ့ မော်မော် ကတော့ ဇော်ဇော် ပေါက်ခွဲထားပုံရတဲ့ ပန်းကန်ပြားအကွဲစတွေကို တံမြက်စည်း လှည်းနေရှာတယ် ။
“ ဘယ်လို ဖြစ်ကြတာလဲ ... ဦးလေးရယ် ” လို့ ကိုကောင်းမြင့် မေးတော့ ဦးမြသာက ခေါင်းပဲ ယမ်းနေရှာတယ် ။ ဘာမှ မပြောနိုင်ဘူး ။ မော်မော်က ဝင်ပြီး ...
“ ဆရာရယ် စဉ်းစားကြည့် ၊ အဖေက လေဖြတ်ထားတာ ခြေထောက် တရွတ်ဆွဲ နေတာ ။ အဲ့ဒါ ကျွန်မက စက်ချုပ် ပြန်လာမှ ထမင်းအိုး တည်ရတာ ၊ ထမင်းမကျက် လို့တဲ့ ဆရာရယ် ၊ ပန်းကန်ပေါက်ခွဲတော့ အဖေက သူ့ကို ဆူလို့ အဖေ့ကို ရန်လုပ်တော့တာပဲ ။ အရက်တွေလည်း မူးနေတာ ”
“ အဖေကို စိတ်ဆင်းရဲ အောင်လုပ်တာ ဒီကောင်တော့ ကံကြီးထိုက်တော့မယ် ”
“ မတတ်နိုင်ဘူး ဆရာရယ် အခုလည်း ဘယ်သွားတယ် မသိဘူး ။ ကျွန်မလည်း လိုက် မရှာနိုင်တော့ဘူး ”
ကိုကောင်းမြင့် ခဏ စောင့်ကြည့်ပေမဲ့ ဇော်ဇော် ပြန်မလာဘူး ။ ဒါနဲ့ ဦးမြသာကို နှစ်သိမ့်ပြီး အိမ်ပြန် လာခဲ့ရတယ် ။ နောက်တစ်နေ့ မနက် မိုးလင်းတော့ ကျောင်းသွားမလို့ အဝတ်အစား လဲနေတုန်း အိမ်ပေါ်ကို ဘုန်းကြီးတစ်ပါး လာတာ ရိပ်ခနဲ တွေ့လိုက်တယ် ။ ဘုန်းကြီးက သပိတ်ပိုက် တက်လာပြီး ဆရာလို့ ခေါ် လိုက်တယ် ။ ကိုကောင်းမြင့် ပါးစပ် အဟောင်းသား ဟသွားရအောင် ဘုန်းကြီးက ဇော်ဇော် ဖြစ်နေတယ် ။ ဇော်ဇော်ကတော့ ခပ်တည်တည်ပဲ ဆက်တီခုံမှာ ဝင်ထိုင်တာနဲ့ ကိုကောင်းမြင့်က ကပျာကယာ သပိတ်ချီ ယူပေးလိုက် လို့ ဇော်ဇော်က သပိတ်ကို တင်လိုက်တယ် ။
“ ဆရာရယ် ညက မူးမူးနဲ့ အဖေ့ကို ဘာတွေ ပြောမိတယ် မသိဘူး ။ လမ်းမှာ လျှောက်သွား နေတာ သတိဝင် လာတော့ ဘုရားကြီး တောင်ဘက် ရောက်နေတယ် ။ နားထဲမှာ မင်း သေတော့မှာ ၊ မင်း သေတော့မှာ ဆိုတဲ့ အသံတွေ ကြားရလို့ တအားလန့်လာတာနဲ့ ဘုရားကြီးတိုက် ထဲက အသိ ဆရာတော်ဆီ သွားပြီး အဖေ့ကို စော်ကားမိပါတယ်လို့ ပြောတာနဲ့ ဆရာတော်က ချက်ချင်း ကိုရင်ကြီး ဝတ်ပေးလိုက်တာ ။ ဆရာရယ် တကယ် ကြောက်စရာ ကောင်းတယ် သိလား ။ နားထဲမှာ အသံတွေ ကြားနေရတယ် ။ ဆူညံ နေတာပဲ ”
ကိုကောင်းမြင့် တော်ပါသေးရဲ့လို့ သက်ပြင်းချရင်း သပိတ် ထဲကို ဆွမ်း ၊ ဆွမ်းဟင်းတွေလောင်းလိုက်တယ် ။ အိမ်ရှင်မ ကိုလည်း ကိုရင်ဇော်ဇော် ကြွလာရင် နေ့ တိုင်း ဆွမ်းလောင်းဖို့ ပြောထားလိုက်တယ် ။ စိတ်အေးမယ်လို့ ကြံခါ ရှိသေးတယ် ၊ တစ်ရက်တော့ ကိုရင် မျက်စိ မျက်နှာပျက်ပြီး ကြွလာတယ် ။
“ ဆရာ .. ကျုပ်တို့ ဘုန်းကြီးကျောင်းက သွေးလှူတဲ့ အဖွဲ့တွေနဲ့ လိုက်သွားပြီး သွေးလှူတာ မလှူခဲ့ရဘူး ”
“ ဘာဖြစ်လို့တဲ့တုန်း ”
“ ဘီပိုး ဆိုလား စီပိုး ဆိုလား ရှိလို့တဲ့ … ”
ကိုကောင်းမြင့် စိတ်မကောင်း လိုက်တာ အရက်သမားတဲ့လေ ။ ဒီလောက်တော့ ရှိမှာပဲ ဆိုပြီး အသည်း အားဆေးတွေဝယ်ပေးဖြစ်သေးတယ် ။ ဒါပေမဲ့ ကိုရင်က ပိန်ပိန်လာတယ် ။ အသားအရေတွေ လည်း မည်းခြောက်လာတယ် ။ အနာတွေပေါက် ၊ ဝမ်းတွေလျှောနဲ့ တစ်ခုပြီး တစ်ခု ဖြစ်နေတော့ စိတ်ထဲမှာ မသင်္ကာတာနဲ့ တစ်ရက်မှာ “ ကိုရင့် ဟာက ဟုတ်မှ ဟုတ်ရဲ့လား ၊ HIV စစ်ကြည့်ဦး ” လို့လည်း ပြောလိုက်ရော ကိုရင် ချုံးပွဲချ ငိုတော့တာပဲ ။ ကိုကောင်းမြင့် ထင်တာ ဟုတ်နေတယ် ။ ကိုရင့်မှာ HIV ရှိနေပြီ ။ ကိုကောင်းမြင့် က အဖွဲ့အစည်း အတွေနဲ့ ဆက်သွယ်ပြီး သောက်ဆေး တောင်းဖို့ ပြောတော့ ကျုပ် စီစဉ်ထားပါတယ်လို့ ပြောသွားတယ် ။ သူက သိစေချင်မှန်း သိမသိ ၊ မဝေခွဲနိုင်တော့ ကိုကောင်းမြင့် မော်မော် ကိုတောင် မပြောမိဘူး ။ နောက်တစ်လလောက် နေတော့ ကိုရင် ဆေးရုံတက်ရမယ် ဆိုတာနဲ့ ကိုကောင်းမြင့် ငွေငါးထောင် ပေးလိုက်သေးတယ် ။ သူ ဆေးရုံတက်ပြီးစမှာ ဆယ်တန်းဖြေလွှာတွေ စစ်ရတာနဲ့ ကိုကောင်းမြင့် လည်း ကိုရင် ကို မေ့သွားတယ် ။ ပြန်ရောက်တာ နှစ်ရက်လောက် ရှိသေး သတင်းကြားရပြီ ။ ကိုရင် ဆုံးသွားပြီတဲ့ ။ ကြည့်ရတာ ဆေးရုံလည်း ဘယ်သူမှ ဟုတ် တိပတ်တိ လိုက်သွားနိုင်ပုံ မပေါ်ဘူး ။ အဖေကြီးက လေဖြတ်နေတာ ၊ နှမလေးကလည်း ဘာမှ လုပ်တတ်ကိုင် တတ်တာ မဟုတ်ဘူးလို့ စိတ်ထဲမှာ အာရုံဝင်စား နေတုန်း ကိုရဲညွန့် က အိမ်ပေါ် တက်လာတယ် ။ ရောက်လာလာချင်း ဟူးခနဲ သက်ပြင်း မှုတ်ထုတ်ပြီး ပက်လက် ကုလားထိုင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ် ။ ဘာဖြစ်လာပါလိမ့်လို့ ကိုကောင်းမြင့်က တွေးနေတုန်း …
“ ကိုရင်ဇော်ဇော် ကိစ္စပဲ ကျောင်းဆရာ ။ အခု ရပ်ကွက် သာသနာရေး အသင်းက ကူငွေ ထုတ်မပေးဘူးတဲ့ဗျ ။ အဲ့ဒါ မော်မော် စောစောက တစ်ခေါက် လာသေးတယ် ။ ကလေးမလေး ငိုလိုက်တာဗျာ သနားပါတယ် သက်ပျောက်ရော ရက်လည်ရော ဆွမ်းကပ်ဖို့ရာ ပိုက်ဆံ မရှိရှာဘူး ”
ကိုကောင်းမြင့် နားမလည်ဘူး ။ ရပ်ကွက်က ဘာလို့ ငွေမထုတ်ပေးပါလိမ့် ။ စဉ်းစားမရဘူး ။ ကိုရဲညွန့် ကလည်း မသေချာဘူး ဆိုတော့ သူတို့ရပ်ကွက်ရဲ့ အပိုင်း ( ၁ ) တာဝန်ခံ ကိုညွန့်အောင် ဆီ သူတို့ နှစ်ယောက် ထွက်ခဲ့ကြတယ် ။ ကိုညွန့်အောင်က “ သာသနာ့ဘောင် ဝင်သွားလို့လေ ” လို့ ခပ်ပေါ့ပေါ့ပဲ ဖြေတယ် ။ ကိုရဲညွန့်က “ ကိုညွန့်အောင်ရယ် ၊ သာသနာ့ဘောင် ဝင်သွားတာလည်း ဘာမှ မကြာသေးဘူး ။ နောက်ပြီး လူမှုရေးအရ လေဖြတ် နေတဲ့ အဖေကြီး နဲ့ နှမလေးပဲ ရှိတာ ရက်လည်ဖို့တောင် ပိုက်ဆံရှိကြတာ မဟုတ်ဘူး ။ ခင်ဗျား ထောက်ခံပေးလိုက်ရင် ရပါတယ် ။ ကျောင်းဆရာ ပြောဦးဗျ ”
“ ကျောင်းဆရာလည်း မပြောနဲ့ ဘယ်သူ ပြောလို့မှ မရဘူး ”
ရုတ်တရက် ဖြတ်ဝင်လာတဲ့ ကိုညွန့်အောင် ရဲ့ အသံမာမာကြောင့် ကိုကောင်းမြင့် ဆတ်ခနဲ ဖြစ်သွားတယ် ။ ကိုညွန့်အောင် မျက်နှာက မျက်နှာကြောတင်းတင်း ဖြစ်နေတယ် ။ ကိုကောင်းမြင့် က ဒီကိစ္စကလေးနဲ့ ဘာလို့များ ဒီလို ဖြစ်ရတာပါလိမ့်လို့ ယောင်ချာချာတွေး နေတုန်း ကိုညွန့်အောင် က ရင်ကို ခပ်ကော့ကော့ ထားပြီး ...
“ ဒီမယ် ကျုပ်တို့ လူမှုရေးအသင်းက အလကား နေတာ မဟုတ်ဘူး ။ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ကိုင် ဆောင်ရွက်နေတာ ။ အသင်းသားတွေ လူမှုရေး နာရေး ပွဲကြေး ကြေမကြေ စစ်ကောက်ရတာ ဘယ်လောက် အလုပ်ရှုပ်တယ် အောက်မေ့နေတုန်း ။ သာသနာ့ဘောင် ဝင်တဲ့လူ နာရေးကူငွေ မပေးရလို့ အတိအကျ သတ်မှတ်ထားပြီး စည်းမျဉ်းကို ပြင်လို့ မရဘူး ။ ဘယ်သူ ပြောလို့မှ မရဘူး ”
ကိုရဲညွန့် က …
“ ဟုတ်ပါတယ် ... ဦးမြသာတို့က ပွဲကြေးလည်း ကြေပါတယ် ။ အိမ်ထောင်စု ဇယားထဲမှာလည်း ပါပါတယ် ။ အခုဟာက လူမှုရေးအရ တောင်းပန်တာပါ ”
“ အလုပ်ရှုပ်တယ်ဗျာ ၊ ကျွန်တော်က တိတိကျကျ မှကြိုက်တာ ။ စည်းမျဉ်း ဆိုတာ လျှော့ပေးလို့ မရဘူး ။ အဲဒီတော့ ပြန်ကြပါတော့ ”
ကိုညွန့်အောင် က ဟိတ်ဟန် အပြည့်နဲ့ ပြောပြီး အိမ်ထဲကို လှည့်ဝင်မယ် အလုပ် ၊ ကိုကောင်းမြင့် က လက်ကို ဆွဲထားလိုက်တယ် ။
“ ဒီမယ် ကိုညွန့်အောင် ၊ ဒီကိစ္စက ဒီလို လုပ်လို့ မရဘူးဗျ ။ ဟိုမှာ တကယ် ဒုက္ခ ရောက်နေတာ ။ အဲဒီတော့ ကျွန်တော် အသင်းဥက္ကဋ္ဌ ဦးကျော်မြဆီ သွားမယ် ခင်ဗျား လိုက်ပို့ ”
အဲဒီအချိန်မှာ ကိုညွန့်အောင်ရဲ့ ရယ်သံ ခပ်အက်အက် ထွက်လာပါတယ် ။
“ သွားလည်း အပိုပဲဗျာ ၊ ခင်ဗျား အချိန်ကုန်ရုံလွဲ လို့ အကြောင်းထူးမှာ မဟုတ်ပါဘူး ။ ဥက္ကဋ္ဌက စည်းမျဉ်းစည်းကမ်းကို ကျွန်တော့်ထက် ပိုပြီး ထိန်းသိမ်းသေးတယ် ။ ဟုတ်တယ်လေ လိုချင်တိုင်း လာတောင်း နေလို ဘယ်ဖြစ်ပါ့မလဲ ။ ကျွန်တော် ဒါတွေ ပြောနေတာ ဦးမြသာကို မရစေချင်လို့ ပြောနေတာ မဟုတ်ဘူးနော် ။ စည်းကမ်းနဲ့ မညီညွတ်လို့ ပြောနေတာ ”
“ ပြောမနေနဲ့ဗျာ အဆုံးအဖြတ် ပေးနိုင်တာ ဥက္ကဋ္ဌ မဟုတ်လား ။ ရေဆုံးရေဖျား လိုက်ကြည့်တာပေါ့ ။ ကျွန်တော်တို့ သွားမယ် ၊ ခင်ဗျားက အပိုင်း ( ၁ ) တာဝန်ခံအနေ နဲ့ တာဝန် ရှိတော့ လိုက်မှာလား မလိုက်ဘူးလား ။ ခင်ဗျား မလိုက်လည်း သွားမှာပဲ ”
ကိုကောင်းမြင့် ရဲ့ ခပ်ပြတ်ပြတ် စကား အဆုံးမှာ အခြေအနေက မမျှော်လင့်ဘဲ တင်းမာ သွားတယ် ။ ကိုရဲညွန့်က ကိုကောင်းမြင့်ကို လက်ကုတ်ပေမဲ့ ကိုကောင်းမြင့် က နောက်ဆုတ်ဖို့ မစဉ်းစားတော့ ။ ဘယ့်နှယ် ရပ်ကွက် အဖွဲ့အစည်း သေးသေးလေးမှာ တာဝန်ခံ ဖြစ်နေတာနဲ့ စည်းမျဉ်းစည်းကမ်းတွေ တွင်တွင် ပြောပြီး လူမှုရေး တစ်ပြားဖိုးမှ တာဝန်မကျေတော့ ကိုရဲညွန့် ကလည်း ခပ်ချဉ်ချဉ် ဖြစ်နေပြီ ။ သူတို့ နှစ်ယောက် စပြီး ခြေလှမ်းတော့ ကိုညွန့်အောင် မနေသာဘူး ။ ခပ်အင်အင် နဲ့ ....
“ အင်းလေ ပြောမရ မှတော့ သွားပေါ့ဗျာ ၊ အပို အလုပ်တွေ တယ် လုပ်ချင်ကြတာပဲ ။ ကျုပ်ကလည်း တာဝန်ရှိသူ ဆိုတော့ ခင်ဗျားတို့နဲ့ လိုက်ပေးရဦးမှာပေါ့ ” ဆိုတဲ့ စကားကို ပြောမိအောင် ပြေလိုက်သေးတယ် ။ ခပ်သုတ်သုတ် လမ်းလျှောက်လာကြပြီး ဥက္ကဋ္ဌဦးကျော်မြ အိမ်ကို ရောက်လာကြတယ် ။
“ ဘာအတွက် လာကြတာလဲ ” လို့ ဥက္ကဋ္ဌက မေးတာ နဲ့ ကိုကောင်းမြင့် က ရှင်းပြတယ် ။ “ ပွဲကြေး ကြေပြီလား ” လို့ မေးတော့ ကိုညွန့်အောင် က “ ကြေပါပြီ ၊ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီ ... ”
“ မကိုက်ညီတာ ကျွန်တော်တို့ သိပါတယ် ။ လူမှုရေးအရ သနားစရာ ကောင်းလွန်းလို့ ဥက္ကဋ္ဌဆီကို အသနား ခံရအောင် လာခဲ့တာပါ ။ စဉ်းစားပေးပါဦး ခင်ဗျာ … ”
ဥက္ကဋ္ဌက ငြိမ်ပြီး စဉ်းစားနေတယ် ။ ပြီးမှ ...
“ သာသနာ့ဘောင် ဝင်တာ ဘယ်လောက် ကြာပြီလဲ ”
ကိုကောင်းမြင့် ဆီက “ ခြောက်လ ” ဆိုတဲ့ အသံနဲ့ ကိုညွန့်အောင် ဆီက “ နှစ်နှစ်လောက် ရှိပြီ ” ဆိုတဲ့ အသံက ပြိုင်တူ ပေါ်လာပါတယ် ။ ကိုကောင်းမြင့် က ဘုကြည့်ကြည့်ပြီး “ ဘယ်နှယ် နှစ်,နှစ်ရှိရမှာလဲ ။ ဘုန်းကြီးတောင် မဖြစ်သေးဘူး ကိုရင်ပဲ ရှိသေးတဲ့ဟာ ။ လွန်ရော ကျွန်ရော ခြောက်လ ” လို့ ဖြတ်ပြောတယ် ။ ဥက္ကဋ္ဌက ငြိမ်သွားပြန်ရော အဲ့ဒီ တစ်ခဏလေးကို တစ်ကမ္ဘာလောက်ကြာ တယ်လို့ ကိုကောင်းမြင့် စိတ်ထဲမှာ ထင်နေတယ် ။ ကိုညွန့်အောင် မျက်စိကို မှေးမှေးထားပြီး နှုတ်ခမ်းရွဲ့လို့ မျက်နှာပေါ်က အကြောဆိုင်တွေ ကလည်း ရှုံ့တွလို့ ကြည့်ရတာ ရုပ်ဆိုးလိုက်တာ ကိုယ့်ပစ္စည်း ပေးရတာ လည်း မဟုတ်ဘဲ ၊ အသင်းငွေ ပေးရတာကို တွန့်တိုနေတဲ့ ပြိတ္တာမျက်နှာ ဆိုပြီး ကိုကောင်းမြင့် စိတ်ထဲက ပြောနေမိတယ် ။ အဲဒီလို နေတုန်း ဥက္ကဋ္ဌက စိတ်ပိုင်းဖြတ်လိုက်ပုံနဲ့ ။
“ ကဲ .. ပေးမယ်ဗျာ ” လို့ ဖြတ်ခနဲ ပြောလိုက်တယ် ။ ကိုကောင်းမြင့် ၊ ကိုညွန့်အောင် မျက်နှာကို လှမ်းကြည့်တယ် ။ မျက်လုံးကြီး ပြူးပြီး ၊ ဥက္ကဋ္ဌကို တအံတသြ ကြည့်နေတယ် ။ ဥက္ကဋ္ဌ က ပေးလိုက်တဲ့ နာရေးကူငွေ ရှစ်သောင်း ကို အောင်နိုင်တဲ့ မျက်နှာနဲ့ ကိုကောင်းမြင့် တို့ ကိုရဲညွန့် တို့ ယူပြီး အိမ်ပြန်လာကြတော့ တစ်လမ်းလုံး ကိုညွန့်အောင် စကား မပြောနိုင်ရှာဘဲ ကုတ်ကုတ်ကလေး သူ့ အိမ်ထဲ ဝင်သွားတယ် ။
ဦးမြသာ လက်ထဲကို ပိုက်ဆံ အပ်လိုက်တော့ လက်တွေ တုန်တုန်ရီရီနဲ့ “ ကျေးဇူးတင်လိုက်တာ ” လို့ တတွတ်တွတ် ပြောနေရှာတယ် ။ ကိုကောင်းမြင့်က မော်မော့်ကို ခေါ်ပြီး “ ကဲ .. မော်မော် ဘာမှ အကျယ်ချဲ့ မနေနဲ့ ၊ ဘုန်းကြီးကျောင်းကို ဆွမ်းတစ်ချိုင့်ပို့ပြီး ရေစက်ချ .. တရားသာ နာလိုက်တော့ ။ ပတ်ဝန်းကျင်လည်း ဖိတ်မနေ နဲ့ ဆွမ်းပို့ပြီး ပိုတဲ့ ပိုက်ဆံ ဆေးဖိုးဝါးခ သိမ်းထား ” ဆိုပြီး မှာခဲ့တယ် ။ ပိုက်ဆံ ပေးပြီးသွားတော့ သူတို့လည်း လုံ လောက်သွားပြီလေ ဆိုပြီး စိတ်အေး လက်အေးမို့ ကျောင်းအားရက်မှာ မနက် ကိုးနာရီခွဲလောက် ကိုရဲညွန့် က အိမ်ပေါ်တက်လာတယ် ။
“ ကျောင်းဆရာ ၊ မနက် ဆယ်နာရီခွဲ ဦးမြသာ အိမ်က ဇော်ဇော့် အတွက် ဆွမ်းတရားနာတဲ့ဗျ ”
“ ဟင် .. အိမ်မှာ ကျွေးမလို့တဲ့လား ၊ ကျုပ်က သေသေချာချာ ငွေလေး ပိုလျှံအောင်လို့ ဆွမ်းအုပ်ပဲ ပို့ ခိုင်းလိုက်တာ ”
“ အင်း .. ဟုတ်ပါတယ် ။ ဒါပေမဲ့ ပတ်ဝန်းကျင်က လည်း ကူငွေ ဆိုတာ မချန်ရဘူး ဘာဘူး ၊ ညာဘူးနဲ့ ဝိုင်းပြောကြ ဦးမြသာ ကိုယ်တိုင် ကလည်း သူ့သားလေး အတွက် ရတဲ့ ပိုက်ဆံ မသုံးချင်ဘူး လှူဖြစ်ချင်တာ ၊ ဆွမ်း ကပ်ချင်တာ ဆိုပြီး လုပ်ဖြစ်သွားတာတဲ့ ”
“ ဒီပိုက်ဆံဗျာ လွယ်လွယ်ရတာ မှတ်လို့ ကျုပ်တို့ မျက်နှာငယ်ခံ တောင်းပေးလို့ရတာ ။ သူတို့ကတော့ နောင်အချိန် ခက်ခဲနေမှာ စိုးလို့ စီစဉ်ပေးခဲ့တဲ့ အတိုင်း မလုပ်ဘူး ။ ကျွေးပစ်ရင် ကုန်မှာပေါ့ဗျ ”
ကိုကောင်းမြင့်က ကရုဏာဒေါသ ကနေ ဒေါသစစ်စစ် အဖြစ် ကူပြောင်း သွားရင်း နေမထိ ထိုင်မသာ ဖြစ်နေတယ် ။ ကိုယ် ကတော့ မကုန်စေချင် ၊ သူတို့ ကတော့ဗျာ ပတ်ဝန်းကျင်က လူတွေ အကုန်ဖိတ်ပြီး ရက်လည်ဆွမ်း ကျွေးရတယ်လို့ ကိုရဲညွန့် နဲ့အတူ ဦးမြသာ အိမ်ဘက် လျှောက်သွားရင်း အဲဒီအိမ်ဘက်က စားသောက်ပြန်လာတဲ့ လူတွေ တွေ့ လေ ပိုဒေါသဖြစ်လာလေ ။ အိမ်ကလေးထဲ ငုံ့ဝင် လိုက်တော့ လူတွေ အပြည့်မို့ “ ဆရာ လာလာ ဒီဘက်ခန်းထဲ ခဏ ထိုင်ဦးဆရာ ၊ လူတွေ ရှုပ်နေလို့ ” ဆိုပြီး မော်မော် နေရာချပေးတဲ့ ဘေးချင်းကပ်ခန်းထဲ ဝင်ထိုင်လိုက်တယ် ။ မှန်ကပ်အဝတ်ဗီရိုနဲ့ မျက်နှာချင်းဆိုင် ဖြစ်နေလို့ မှန်ထဲကို အမှတ်တမဲ့ ကြည့်လိုက်မိတယ် ။ အလိုဘုရား ဘုရား မျက်စိက မှေးလို့ နှုတ်ခမ်းက ရွဲ့လို့ မျက်နှာပေါ်က အကြောဆိုင်တွေ ကလည်း ရှုံ့တွလို့ ၊ ကြည့်ရတာ အရုပ်ဆိုးလှတဲ့ ဒီမျက်နှာမျိုး မြင်ဖူးလိုက်တာ ဘယ် … တုန်းက ဘယ်သူနဲ့ တူတဲ့ မျက်နှာပါလိမ့်လို့ ကိုကောင်းမြင့် အပြင်းအထန် စဉ်းစားနေမိတယ် ။ ။
⎕ ယဉ်ယဉ်နု ( မန္တလေး )
📖မြန်မာ့သစ် မဂ္ဂဇင်း
၂၀၁၁ ၊ စက်တင်ဘာလ
No comments:
Post a Comment