Tuesday, September 30, 2025

မန္တ‌လေးက ဦးကြည်မြ


 

❝ မန္တ‌လေးက ဦးကြည်မြ ❞

“ စာဖတ်သူများနှင့် ‌တွေ့ဆုံ‌ပေးခြင်း ” ကဏ္ဍအတွက် ဒီလ ‌ရွေးချယ်ထားတဲ့သူက‌တော့ မန္တ‌လေးမှ သတင်းစာဆရာ ၊ စာ‌ရေးဆရာ ဆရာဦးကြည်မြ ပဲ ဖြစ်ပါတယ် ။ ဆရာ ဦးကြည်မြ က ဝတ္ထုတိုနဲ့ ကဗျာ‌တွေပဲ ‌ရေးပါတယ် ။ ဝတ္ထုရှည် ကို‌တော့ ( ၁၉၄၅ - ၄၆ ) ‌လောက်ကပဲ ‌ရေးခဲ့ဖူးတာ ဆို‌တော့ ဒီ‌နေ့ လူငယ် စာဖတ်ပရိသတ်များ အ‌နေနဲ့ ဆရာ့ ဝတ္ထုရှည်‌တွေ ကို‌တော့ ဖတ်နိုင်ခွင့် မကြုံခဲ့ကြပါဘူး ။ ဝတ္ထုတို‌တွေ က‌တော့ ‌သောင်း‌ပြောင်း‌ထွေလာ ၊ ရှုမဝ စတဲ့ မဂ္ဂဇင်း‌တွေမှာ မကြာခဏ ပါခဲ့ပါတယ် ။ ဒီလ ကျွန်‌တော်တို့ ‌ပေဖူးလွှာမှာလည်း စာဆို‌တော်လ အထူးအစီအစဉ် အဖြစ်နဲ့ ‌ရေး‌ပေးထား တဲ့ “ ငယ်‌ပေါင်းယဉ်ဟန်ကြွယ်တဲ့ ” ကို ‌ဖော်ပြ‌ပေးထားပါတယ် ။

ဆရာ ဦးကြည်မြ က ‌ကျောင်းသားလှုပ်ရှားမှု‌တွေမှာ ‌ခေါင်း‌ဆောင်ပိုင်းက ပါဝင် လှုပ်ရှားခဲ့ဖူးသလို ‌ကျောင်းဆရာ ၊ နိုင်ငံ‌ရေးသမား ၊ သတင်းစာသမား ၊ ‌တော်လှန်‌ရေးအစိုးရ အကြံ‌ပေးအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်သူ့တရားသူကြီးအဖွဲ့ အဖွဲ့ဝင် စတဲ့ နိုင်ငံ‌တော် တာဝန်‌တွေကိုလည်း ဦးလည်မသုန် ထမ်း‌ဆောင်ခဲ့ပါတယ် ။ အခု‌တော့ နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံရပြီး အငြိမ်းစားဘဝနဲ့ ‌မွေ့‌လျော်‌နေပါတယ် ။

••••• ••••• •••••

“ စာ စရေးဖြစ်တာက‌တော့ ကဗျာတစ်ပုဒ်က စတာပဲ ။ အဲဒီ ကဗျာက စစ်ပြီး‌ခေတ်မှာ မန္တ‌လေးသား‌တွေ အ‌နေနဲ့ အမြတ်တနိုးထားတဲ့ နန်း‌တော်ကြီး မီး‌လောင်ခံရ‌တော့ ဒီနန်း‌တော်နဲ့ ပတ်သက်ပြီး ‌ရေးခဲ့တဲ့ ကဗျာ ပါပဲ ။ “ ပြာဖုံးတဲ့နန်း ” လို့ ‌ခေါင်းစဉ် တပ်ထားတယ် ။ ဒီကဗျာ‌ရေးတာက ၁၉၄၅ ခုနှစ်‌ပေါ့ ။

ပြီး‌တော့ “ သဲ‌ကြွေလုဖန် ” ဆိုတဲ့ ဝတ္ထုရှည်တစ်ပုဒ် ‌ရေးတယ် ။ သုတ ဖြန့်ချိ‌ရေး ( မန္တ‌လေး ) က ထုတ်တာ ။ ဝတ္ထု နဲ့ ပတ်သက်လို့‌တော့ ဒါ ပထမဆုံး‌ပေါ့ ”

“ ဆရာ ဘယ်အရွယ်‌ လောက်က ‌ရေးပါသလဲ ”

“ အသက် ၂၅ နှစ်‌လောက် ရှိပါပြီ ။ အဲဒီ‌နောက် ရဲ‌ဘော်က ထုတ်တဲ့ မဂ္ဂဇင်း ၊ ပြည်ညွန့်မဂ္ဂဇင်း ၊ ဘဝသစ် ဂျာနယ်‌တွေမှာ မဂ္ဂဇင်းဝတ္ထု‌တွေ ၊ ကဗျာ‌တွေ ‌ရေးခဲ့တယ် ။ အယ်ဒီတာ ဝင်လုပ်‌သေးတယ် ။ ဆရာကြီး မြမျိုးလွင်တို့ တစ်မတ်တန်ဝတ္ထု‌ ရေး‌နေတဲ့ အချိန်တုန်းက မန္တ‌လေးက ထုတ်တဲ့ ပြည်ညွန့် မဂ္ဂဇင်း‌ပေါ့ ။ မန္တ‌လေးက ကိုဘညွန့် ဆိုတဲ့ ပုဂ္ဂိုလ်က ထုတ်ခဲ့တာ ။ အဲဒီမှာ ကိုဘ‌သောင်း ( အရင် လုပ်သားသတင်းစာ အယ်ဒီတာ ) က အယ်ဒီတာ ၊ ကိုယ်က သူ့တွဲဖက်‌ပေါ့ ။ ပြည်ညွန့်မှာ အယ်ဒီတာ လုပ်‌နေတဲ့ အချိန်မှာ ကိုယ်က နိုင်ငံ‌ရေး လုပ်နေပြီ ။ လူငယ်အစည်းအရုံး လုပ်‌နေပြီ ။ အဲဒီတုန်းက ရှုမဝ က ဆိုက်‌သေး‌သေး‌လေးပဲ ရှိ‌သေးတယ် ။ ရှုမဝ တို့ ၊ ပ‌ဒေသာမဂ္ဂဇင်း တို့ကိုလည်း ဝတ္ထု‌တွေ ၊ ကဗျာ‌တွေ လှမ်းပို့တယ် ။ ‌သွေး‌သောက် လည်း ပို့တယ် ။ အဲဒီတုန်းက ထွက်သမျှ မဂ္ဂဇင်း‌တွေမှာ ကိုယ့်စာ‌တွေ ပါဖူးတာချည်းပါပဲ ။ ဒါ‌ပေမဲ့ တကယ် ဝါသနာပါတာက နိုင်ငံ‌ရေးပဲ ဆို‌တော့ ဝတ္ထုကို သိပ်မ‌ရေးဖြစ်ဘူး ။ ကိုယ် ‌ပြောချင်တာ ၊ ဖြစ်‌စေချင်တာ‌တွေကို ကဗျာ‌တွေ ၊ ဝတ္ထု‌တွေက တင်ပြချင်လို့သာ စာ‌ရေးဖြစ်တာကိုး ။ ဒါ‌ကြောင့် ကိုယ်‌ရေးတဲ့ စာ‌တွေဟာ အ‌ကြောင်းမဲ့‌ ရေးတာ မပါဘူး ။ ကိုယ့်ခံစားချက် ၊ သို့မဟုတ် တစ်‌ယောက်ယောက်ရဲ့ ဖြစ်ပျက် ခံစားချက်ကို ကိုယ်စား ‌ရေး‌ပေးတာပဲ ရှိတယ် ”

“ ဆရာနဲ့ ‌ခေတ်ပြိုင်‌ ရေးခဲ့ကြတဲ့ စာ‌ရေးဆရာ‌တွေက ... ”

“ ကိုယ်နဲ့ ‌ခေတ်ပြိုင် ‌ရေးခဲ့ကြတဲ့ သူ‌တွေက ကိုသာဓု ၊ ‌သော်တာ‌ဆွေ ၊ မင်းရှင် ၊ မင်းရှင်‌နောင် ၊ သန်း‌ဆွေ က‌တော့ နည်းနည်း‌ နောက်ကျတယ် ။ ‌နောက် မိုး‌ဝေ ၊ သူတို့က ကိုယ်နဲ့ ‌ခေတ်ပြိုင် စာ‌ရေးဆရာ‌တွေပဲ ။ သို့‌သော် သူတို့က ရန်ကုန်မှာ‌ နေပြီး ‌ရေးကြတဲ့သူ‌တွေ ။ ကိုယ်က မန္တ‌လေး မှာ ။ မန္တ‌လေး က နှင်းဦး ၊ မာလာ တို့လည်း ကိုယ်နဲ့ ‌ခေတ်ပြိုင်ပဲ ။ ကိုယ့်ရည်ရွယ်ချက်ကိုက စာ‌ပေ နဲ့ အသက်‌မွေးမယ်လို့ ရည်ရွယ်ချက် မရှိဘူး ။ ကြုံတဲ့ အခါမှာ ကိုယ် ‌ရေးမယ်ဆိုတဲ့ သ‌ဘောမျိုးပဲ ရှိတယ် ”

“ ကြုံကြိုက်တုန်းမှာ တစ်ခု ‌မေးပါရ‌စေ ဆရာ ။ ဆရာတို့‌ ခေတ်က‌ရော ဒီ‌နေ့‌ ခေတ်မှာပါ မန္တ‌လေးက စာ‌ပေအသိုင်းအဝိုင်း နဲ့ ရန်ကုန်က စာ‌ပေအသိုင်းအဝိုင်းဟာ ‌တော်‌တော်‌လေး အလှမ်း ကွာ‌နေပါတယ် ။ အဲဒီတော့ မန္တ‌လေး က စာ‌ပေဝါသနာ‌ရှင်တွေ အတွက် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလို့ ရ‌အောင် ဘယ်လို စီစဉ်ရင် ရနိုင်မယ် ထင်ပါသလဲ ”

“ မလွယ်ဘူးကွ ။ စာ‌ပေလုပ်ငန်းနဲ့ ပတ်သက်ပြီး ဂျာနယ် ၊ မဂ္ဂဇင်း ၊ လုံးချင်းကိစ္စ အားလုံးက ရန်ကုန် မှာပဲ ရှိ ‌နေတာကိုး ။ ပြီး‌တော့ မန္တ‌လေး မှာက စာ‌ပေဝါသနာရှင်‌တွေအတွက် က‌လောင်‌သွေးနိုင်မယ့် အ‌ခြေခံ Platform မရှိဘူး ။ ကိုယ်ကိုယ်တိုင်ပဲ ဒီ‌နေ့ထိ ဝတ္ထု‌ရေးတာ အပုဒ်ကိုးဆယ် ၊ တစ်ရာ‌လောက်ပဲ ရှိမယ် ။ ဘာ ကြောင့် နည်းရသလဲ ဆို‌တော့ မပို့ဖြစ်တာ‌ ကြောင့်ဘဲ ။ ပို့လိုက်ရင်လည်း ‌ပျောက်တာနဲ့ ဘာနဲ့ ကြာ‌တော့ စိတ်ပျက်ပြီး မပို့ဖြစ်‌တော့ဘူး ။ မန္တ‌လေးမှာ ကိုယ်ပိုင် ပုံနှိပ်စက်တို့ ဘာတို့ ရှိရင်‌တော့ လုပ်ဖြစ်ချင် လုပ်နိုင်လိမ့်မယ် ။ ဥပမာ - ကိုချစ်ညို တို့ လို‌ပေါ့ ။

စာ‌ပေနဲ့ အသက်‌မွေးမယ် ဆိုရင်‌တော့ မန္တ‌လေး မှာ ‌နေတာထက် ရန်ကုန် က ပို‌ကောင်းတယ် ။ ဘာ‌ကြောင့်လဲ ဆို‌တော့ ဒီ‌နေ့ စာ‌ပေရဲ့ နယ်ပယ်ဟာ ရန်ကုန် မှာပဲ ရှိတယ် ။ ဟိုတုန်းက ဆိုရင် လူထုဂျာနယ်တို့ ဘာတို့ ရှိနေတယ် ။ ပြီး‌တော့ သတင်းစာ‌တွေလည်း ရှိတယ် ။ ခု‌တော့ ဒါမျိုး မန္တ‌လေးမှာ လုံးဝ မရှိ‌တော့ မန္တ‌လေး က စာ‌ပေသမားတွေ အတွက် စာ‌ပေနယ်ဟာ ကျဉ်းသွားသလိုပဲ‌ပေါ့ ”

“ ဆရာ သတင်းစာအယ်ဒီတာ လုပ်ရာက‌နေ ... ”

“ အဲဒီက‌နေပြီး ကိုယ်က ဝတ္ထု‌ရေးရင်း ၊ ကဗျာ‌ရေးရင်းနဲ့ပဲ သတင်းစာ အယ်ဒီတာ ဝင်လုပ်တယ် ။ ‌နောက်ပိုင်း ကိုသန်း‌မောင် နဲ့ ကိုယ် ဝါဒချင်း မတူ‌တော့ တခြားစီ ဖြစ်သွားကြတယ် ။ ၁၉၄၉ က‌နေ ၁၉၅၇ ‌လောက်ထိ မြန်မာ့လမ်းစဉ်မှာ ကိုယ် လုပ်ခဲ့တယ် ။

‌နောက် အာရှ - အာဖရိက စာ‌ရေးဆရာ ညီလာခံ တက်ခွင့်ရခဲ့တယ် ။ မန္တ‌လေးက ကိုယ် ရယ် ၊ ကိုချစ်ညို ရယ် တက်ခွင့်ရတာ ။ ကိုချစ်ညို က ရန်ကုန်‌ ရောက်မှ စိတ်ပျက်ပြီး ပြန်သွားတယ် ။ ကိုယ် နဲ့ အတူတူ စိန်ခင်‌မောင်ရီ ၊ ‌ဒေါင်းနွယ်‌ဆွေ ၊ ကိုဘဝင်း ၊ တက္ကသိုလ်မြတ်သူ ၊ ဆရာကြီး ‌ဇေယျ ၊ ကိုသာညွန့် တို့ သွားကြတယ် ။

ပြန်လာ‌တော့ ဝတ္ထု‌ ရေးလိုက် ၊ ကဗျာ‌ ရေးလိုက်နဲ့ ‌နေလာလိုက်တာ ၁၉၆ဝ ပြည့်နှစ်မှာ အ‌ကြောင်း‌လေး တစ်ခုကြောင့် တရားရိပ်သာကို ‌ရောက်သွားတယ် ။ ရိပ်သာမှာ ဒုလ္လဘရဟန်းခံပြီး လူထွက်လာ‌တော့ ဗဟိုစည် သတင်းစာမှာ ရိပ်သာက အ‌တွေ့အကြုံကို အပတ်စဉ် ‌ရေးလာလိုက်တာ စာဖတ်ပရိသတ်က ဒါကို လုံးချင်း ထုတ်ပါလို့ တိုက်တွန်းကြတာနဲ့ “ မဟာ‌ဗောဓိ‌မြေမှ သံသရာတိုက်ပွဲ ” ဆိုတဲ့ နာမည်နဲ့ ဘာသာ‌ရေး စာအုပ် ထုတ်ခဲ့ဖူးတယ် ”

“ ဆရာ ‌ရေးခဲ့တဲ့ စာ‌တွေထဲမှာ ဝတ္ထုတို ‌ရေးတာ များတယ်‌နော် ”

“ ဟုတ်ပါတယ် ။ အတို‌ ရေးတာပဲများတယ် ။ ဒါ‌ပေမဲ့ အခု ရှာမ‌တွေ့‌တော့ဘူး ။ မန္တ‌လေးက ၁၉၄၇ ခုနှစ်‌လောက်မှာ ထုတ်ခဲ့တဲ့ “ ဂွဂျာနယ် ” ထဲက “ ‌ဪ စီးကရက် ” ဆိုတဲ့ဟာမျိုး‌လေး‌တွေ ဆိုရင် ပြန်လိုချင်တယ် ။ ဒီ ဝတ္ထုက အင်္ဂလိပ် ၊ အ‌မေရိကန် ပြန်ဝင်လာတဲ့ အချိန်မှာ စီးကရက်‌တွေ သိပ်‌ပေါတော့ ဗမာ‌ဆေး လိပ်ခုံ‌တွေ ပျက်စီးသွားတယ် ။ ‌ဆေးလိပ် လိပ်ပြီး အ‌မေနဲ့ ‌မောင် ညီမ‌လေးကို လုပ်ကိုင် ‌ကျွေး‌မွေး‌နေရတဲ့ ‌ဆေးလိပ်သမ‌လေး ဘဝပျက်ပြီး “ ကြက်တန်း ” ရောက်သွားတာ ‌ရေးထားတာပဲ ။

မန္တ‌လေး “ ဘဝသစ် ” ဂျာနယ်မှာ ပါဖူးတဲ့ “ ‌ဪ ဒီမိုက‌ရေစီ ” ဆိုတာမျိုးလည်း ပြန်လိုချင်တယ် ။ ရှာမ‌တွေ့တော့ဘူး ။ သူက အများစု လုပ်တိုင်း မှန်သလား ဆိုတာ ‌ရေးထားတာပါ ။ တကယ့် အဖြစ်အပျက်က‌လေးပဲ ။ ဘယ်ကင်း ဆိုတဲ့ ရွာက‌လေးမှာ စစ်‌ပြေးလာတဲ့ အရာရှိ အရာခံ‌တွေရဲ့ သမီး‌လေး‌တွေ ၊ ‌ချော‌ပေ့ ဆိုတဲ့ ‌ခြောက်‌ယောက် လောက်ကို ဂျပန်ကင်‌ပေက စပိုင် ဆိုပြီး ဆွဲလာတယ် ။ ‌နောက် ‌ဆေးလိပ်လိပ်တဲ့ ‌ကောင်မ‌လေး တစ်‌ယောက်လည်း ဆွဲလာတယ် ။ အားလုံး ‌ကောင်မ‌လေး ခုနစ်‌ယောက်‌ပေါ့ ။

ဂျပန်ဗိုလ်က တစ်ည တစ်‌ယောက် ထုတ်ထုတ်ပြီး ‌ပျော်ပါးတယ် ။ ‌ခြောက်‌ယောက်လုံး ‌ပျော်ပါးပြီးပြီ ။ ‌ဆေးလိပ်သမ‌လေး တစ်‌ယောက်ပဲ ကျန်‌တော့တယ် ။ သူ့မှာလည်း ရည်းစား ရှိတယ် ။ သူ့အလှည့်ကျတဲ့ ညမှာပဲ မ‌မျှော်လင့်ဘဲ တံတားဦး ( မန္တ‌လေး ) ဘက်က စစ်က ပြိုလာ‌တော့ ကင်‌ပေတိုင်တွေ ထွက်‌ပြေးရတယ် ။ ‌ကောင်မ‌လေးတွေ လွတ်လာကြတယ် ။ အင်္ဂလိပ်ခေတ်‌ ရောက်‌တော့ ‌ကျောက်ဆည် တစ်မြို့လုံးက ‌ဆေးလိပ်သမ‌လေးကို ဂျပန်နဲ့ ခုနစ်ရက်လုံးလုံး ဖြစ်ခဲ့တယ် ဆိုပြီး ဝိုင်းသမုတ်ကြတယ် ။ ဟို ‌ခြောက်‌ယောက်က ဘာမှ အ‌ပြော မခံလိုက်ရဘူး ။ တကယ်ဖြစ်တာက သူတို့ ‌ခြောက်‌ယောက်ပါ ။ ဒါ‌ပေမဲ့ သူတို့က ညှိပြီး သတင်းလွှင့်လိုက်ကြတော့ ဟိုက‌လေးမ‌လေး ခမျာ မဟုတ်ဘဲနဲ့ ခံလိုက်ရတယ် ။ ရည်းစား ကလည်း မသတီလို့ မယူ‌တော့ဘူး ။ အဲဒီ‌တော့ ‌ခြောက်‌ယောက်နဲ့ တစ်‌ယောက် အများက ‌ပြောတိုင်း မှန်ပါ့မလား ဆိုတာကို ‌ရေးခဲ့တာပဲ ။

ပြည်ညွန့် မှာလည်း “ ကယ်ဖူးတယ် ” ဆိုတဲ့ ဝတ္ထုတို တစ်ပုဒ် ‌ရေးဖူးတယ် ။ ကိုယ်နိုင်ငံ‌ရေး လုပ်‌နေတုန်း ဆိုင်းတန်းဘက်မှာ ‌ကောင်မ‌လေး တစ်‌ယောက် မတရား ချုပ်‌နှောင်ခံရပြီး ခိုင်းစား ခံ‌နေရတယ်လို့ စာပစ်ကြတာနဲ့ ကိုယ်တို့ ဝိုင်းဖမ်းကြတယ် ။ အရာရှိအရာခံ သားသမီးပဲ ။ ‌ရွှေဘို က ။ ဒါနဲ့ ကိုယ်တို့ထဲက ရဲ‌ဘော်တစ်‌ယောက် ကို တာဝန်‌ပေးပြီး ‌ရွှေဘို လိုက်ပို့ခိုင်းလိုက်တယ် ။ လိုက်ပို့ခိုင်းတဲ့ ရဲ‌ဘော်က ပြန်မ‌ရောက်လာ‌သေးဘူး ။ ‌ကောင်မ‌လေး က တခြားအိမ် တစ်အိမ် ပြန်‌ရောက်‌နေတာ ‌တွေ့ရတယ် ။ အဲဒါ‌လေး ‌ရေးထားတာပါ ”

“ ဆရာက အဲဒီလို ‌တွေ့ဖူး ကြုံဖူးတာ‌လေး‌တွေချည်း ‌ရေးတယ်ဆို‌တော့ မှတ်စုနဲ့များ သီးခြား မှတ်ထားတတ်သလား ”

“ မရှိပါဘူး ။ ‌ခေါင်းထဲမှာ မှတ်ထားပြီး ကြုံလာမှ ဒါ‌လေး ‌ကောက်‌ရေးတာပဲ ”

“ စာ‌ရေးပြီးရင် တချို့ ပြန်‌ချော ပြန်ကူး‌လေ့ရှိတယ် ။ တချို့က‌တော့ လက်တန်းပဲတစ်ခါတည်း ‌ရေးကြတယ် ။ ဆရာ‌ကော ဘယ်လို ‌ရေးပါသလဲ ”

“ နှစ်မျိုးစလုံးပါပဲ ။ တစ်ခါတ‌လေကျ‌တော့ ပြန်‌ချောတယ် ။ တစ်ခါတ‌လေ‌တော့လည်း လက်တန်း ‌ရေးလိုက် တာပဲ ။ တစ်‌နေ့ ကပဲ ကိုယ်‌တွေ့ဝတ္ထုတစ်ပုဒ် ‌ရေးလိုက်‌သေးတယ် ။ ကားဝယ်တာ တပည့် တစ်‌ယောက်က ညာသွားလို့ “ ကားဝယ်ရင် ကျွန်‌တော့်ကို တိုင်ပင်ပါ ” ဆိုပြီး ‌သောင်း‌ပြောင်းမှာ ပို့ထားတယ် ။ အဲဒါ‌လေးက တစ်ထိုင်တည်း ‌ရေးတာပဲ ။ တစ်ခါတ‌လေလည်း နှစ်ကြိမ် ၊ သုံးကြိမ် ပြန်‌ရေးရတာ‌တွေ ရှိပါတယ် ”

“ ဝတ္ထု ဖြစ်ဖြစ် ၊ ကဗျာ ဖြစ်ဖြစ် ‌ရေးရင် တချို့က‌တော့ အ‌ကြောင်းအရာက အဓိကကျတယ်လို့ ဆိုပြီး တချို့ကတော့လည်း တင်ဆက်ပုံက အဓိကကျတယ်လို့‌ပြောတယ် ။ ဆရာ က‌ကော ဘယ်ဟာကို ဦးစား‌ပေး ပါသလဲ ”

“ လူ‌တွေ ဖတ်ချင်‌အောင် ‌ရေးတဲ့‌ နေရာမှာ အ‌ကြောင်းအရာက သိပ်ပြီး အဓိကမကျပါဘူး ။ အ‌ကြောင်းအရာ ‌သေး‌သေးငယ်ငယ် မဖြစ်စ‌လောက်က‌လေးကိုပဲ ဖတ်ချင်စဖွယ် ဖြစ်‌အောင် ‌ရေးတတ်ရင်လည်း ဖြစ်သွားတာပဲ ။ ကိုယ့်အမြင် ‌ပြောတာပါ ။

ဘယ်‌လောက်ပဲ ခိုင်လုံတိကျတဲ့ အ‌ကြောင်းအရာ ဖြစ်ပါ‌စေ ၊ သူ့ တင်ဆက်ပုံ မ‌ကောင်းရင် ဖတ်ချင်စဖွယ် ဖြစ်မလာနိုင်‌တော့ဘူး ။ ရုပ်ရှင်ကား တစ်ကားမှာ မင်းသား ၊ မင်းသမီး‌ ကောင်းပါလျက်နဲ့ ဒါရိုက်တာက တင်ဆက်ပုံ မ‌ကောင်းရင် ကား‌ကောင်းတစ်ကား ဖြစ်မလာနိုင်သလိုပါဘဲ ။

နှစ်ခုစလုံး ‌ကောင်းရင်‌တော့ အ‌ကောင်းဆုံးပါပဲ ။ အ‌ကြောင်းအရာ ကလည်း ‌ကောင်းမယ် ။ တင်ဆက်ပုံ ကလည်း ‌ကောင်းမယ် ဆိုရင်‌တော့ စာဖတ်သူ အတွက် အကျိုးရှိတာမျိုး ကိုယ်တို့က‌တော့ အဲဒီလိုပဲ ‌ရေးတယ် ။ ခိုင်လုံတဲ့ အ‌ကြောင်းအရာ တစ်ခု ရှာတယ် ။ ပြီး‌တော့ တင်ဆက်ပုံ ကွင်းဆက်ညီ‌အောင် ‌ရေးတယ် ။ အဲဒီလို လုပ်မှလည်း ‌ကောင်းမယ်လို့ ယူဆတယ် ။

ဖတ်ချင်စဖွယ်‌ကောင်း‌အောင် ‌ရေးကြမယ် ဆိုရင်‌တော့ တင်ဆက်ပုံ ‌ကောင်းရမယ်‌ပေါ့ ။ လက်ထဲက မချနိုင်ဘူး ဆိုတာမျိုး‌ပေါ့ ။ ကိုမိုးသူ တို့ ဘာသာပြန်တဲ့ စာအုပ်‌တွေဆိုရင် ( သူလည်း ဝန်ခံထားပါတယ် ) လက်ထဲ မချနိုင်‌လောက်‌အောင် တစ်ထိုင်တည်း ဖတ်ချင်ကြတာပဲ ။ ပြီးသွားရင်‌တော့ ‌ခေါင်းထဲမှာ မရှိ‌တော့ဘူး‌ပေါ့ ။

ရုပ်ရှင်များလို‌ပေါ့ ။ ဥပမာ ... တစ်‌နေ့က ပြသွားတဲ့ “ မြင်းမိုရ်ထက်မြင့်‌သော ” ဆိုရင် ဒီ‌နေ့ထက်ထိ ရင်ထဲမှာ စွဲ‌နေတယ် ။ အ‌ကြောင်းအရာ‌ရော တင်ဆက်ပုံပါ ‌ကောင်းတာကိုး ။ တချို့ ရုပ်ရှင်‌တွေကျ‌တော့ ရုံထဲမှာ‌တော့ လက်ခုပ်သံ တ‌ဖြောင်းဖြောင်းနဲ့ စိတ်ကို ကြွ‌စေတာကိုး ။ ဒါ‌ပေမဲ့ ရုံပြင် ‌ရောက်တာနဲ့ တစ်ပြိုင်နက် ဇာတ်လမ်းကို မသိ‌တော့ဘူး ။ ဘာမှ မကျန်‌တော့ဘူး ။ အ‌ကြောင်းအရာနဲ့ တင်ဆက်ပုံ ကွာခြားမှုကို ကိုယ်တော့ အဲဒီလိုပဲ မြင်တယ် ”

“ ဆရာ ရုပ်ရှင်ဇာတ်ညွှန်းလည်း ‌ရေးဖူးတယ်‌နော် ”

“ ရေးဖူးပါတယ် ။ “ သက်ထားဆို‌သော မိန်းမ‌ချော ”  ရုပ်ရှင်ကားက ကိုယ့်ဝတ္ထု “ သက်ထား ” ကို ရိုက်တာပဲ ။ ဒီကားအတွက် ဇာတ်ညွှန်း ‌ရေး‌ပေးခဲ့တယ် ။ ရုပ်ရှင်ဇာတ်ညွှန်း‌ ခြောက်ခု‌လောက် ကိုယ်တိုင် ခွဲ‌ပေးခဲ့ဖူးတယ် ။ ‌လေးပုဒ် ‌လောက်က‌တော့ ဝတ္ထုပဲ ‌ပေးခဲ့တာပဲ ”

“ ဇာတ်ညွှန်း ‌ရေးတဲ့ ပုံစံနဲ့ ဝတ္ထု‌ရေးတဲ့ ပုံစံက မတူ‌တော့ တချို့က ‌ပြောကြတယ် ။ ဇာတ်ညွှန်း ‌ရေးပါ များလာရင် ဝတ္ထု‌ရေးတဲ့ ပုံစံမှာ ထိခိုက်လာတယ်တဲ့ ။ ဟုတ်ပါသလား ဆရာ ”

“ ဖြစ်နိုင်တယ် ။ ကိုယ်က‌တော့ မဖြစ်ဘူး ။ ဘာဖြစ်လို့လဲဆို‌တော့ ဆက်တိုက်‌ရေးတာ မဟုတ်‌တော့ ဇာတ်ညွှန်း ‌ရေးတဲ့နည်းက ဝတ္ထု‌ရေးရာမှာ လာပြီး မလွှမ်းမိုးနိုင်ခဲ့ဘူး ။ အများကြီး ‌ရေးတဲ့သူ အဖို့က‌တော့ ပျက်သွားနိုင်ကြတယ် ။

ကိုယ်က‌တော့ စုံတယ် ။ ‌ဆောင်းပါး‌တွေလည်း အများကြီး ‌ရေးခဲ့တယ် မဟုတ်လား ။ ‌ဆောင်းပါး ‌ရေးသားပုံက အ‌ကြောင်းအရာ တစ်ခုကို တင်ပြပုံနဲ့ ဝတ္ထုက တင်ပြပုံ မတူဘူး ။ ‌ဆောင်းပါး‌တွေ အများကြီး ‌ရေးပြီး ဝတ္ထု‌ရေးရင် တစ်မျက်နှာ‌တောင် ‌တော်‌တော်နဲ့ မပြီး‌တော့ဘူး ။ အ‌ရေးအသား‌တွေ ခွကျကုန်တယ် ။

ကိုဝင်းငြိမ်း ‌မေးတဲ့ ရုပ်ရှင်ဇာတ်ညွှန်း နဲ့ ဝတ္ထု လည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ် ။ ကိုယ်က‌တော့ အများကြီး ‌ရေးတာ မဟုတ်လို့ မဖြစ်ဘူး ။ ဥပမာ - တက္ကသိုလ်‌မောင်လှသူ လို ၊ ကိုကို လို များများစားစား ‌ရေးလာရင်‌တော့ ဖြစ်မယ် ထင်တယ် ။ ဆောင်းပါး များများ ‌ရေးလာရင်‌တောင် ဝတ္ထု မှာ ခက်လာတယ် ။ ‌ဆောင်းပါး က နွဲ့နွဲ့‌ရေးတာမှ မဟုတ်ဘဲ ၊ ခပ်ပြတ်ပြတ် ‌ရေးတာကိုး ။ ဗဟိုစည် မှာတုန်းက တစ်လကို ‌ဆောင်းပါး ဆယ့်‌ခြောက်ပုဒ်‌လောက် ‌ရေး‌နေရာ က‌နေ ဝတ္ထု တစ်ပုဒ်‌လောက် လုပ်စမ်းပါဗျာ ဆိုရင် ခက်‌ရော ။ ‌တော်‌တော် လက်‌သွေးယူရတယ် ”

“ ဆရာ ဝတ္ထုတို ‌ရေးတာ များတယ် ဆို‌တော့ ဝတ္ထုရှည် နဲ့ ဝတ္ထုတို ဘယ်လို ကွာခြားသလဲ ဆရာ ”

“ ဝတ္ထုတို က ခက်တယ် ၊ အရှည်က ဒါ‌လောက် မခက်ဘူး ။ ဝတ္ထုတိုက ဖူးစကတ်စက္ကူ ဆယ်မျက်နှာ‌လောက် အတွင်းမှာ အ‌ကြောင်းအရာကို မိ‌အောင် ‌ရေးရတာကိုး ။ ဒီ‌နေရာမှာ ကန့်သတ်ချက် ‌ဘောင်အတွင်း ‌ရေးတတ်ဖို့ သိပ်လိုတယ် ။ ကိုယ်‌ ရေးလိုက်တာကို ဖတ်တဲ့သူက ကွက်ခနဲ ကွင်းခနဲ မြင်‌အောင် ‌ရေးနိုင်ရမယ် ။

ဝတ္ထုရှည် ဆိုတာက စာမျက်နှာ အများကြီး ရတဲ့ ‌ရေးနည်းပဲ ။ ကိုယ့် အ‌တွေ့အကြုံအရ‌တော့ ဝတ္ထုတို က ခက်တယ် ။ ဝတ္ထုရှည် ဆိုတာ အချိန်သာရရင် ‌ရေးလို့ ရတယ် ”

“ ဆရာ ဘာဖြစ်လို့ ဝတ္ထုရှည် မ‌ရေးတာလဲ ”

“ ရှင်းရှင်း‌ ပြောရရင်‌တော့ ပျင်းလို့ပါ ။ အကြာကြီး‌ ရေးပြီး ‌စောင့်‌နေရတာကို မလုပ်ချင်ဘူး ။ ကိုယ့်ဝသီက တစ်မျိုးပဲ ။ ကိုယ်‌ရေးတာကို ပါလာပြီးမှ ‌နောက်တစ်ပုဒ် ‌ရေးချင်တဲ့စိတ် ရှိတယ် ။ ဒါ‌ကြောင့်လည်း မန္တ‌လေး မှာ ‌နေတုန်းက ဝတ္ထု မ‌ရေးဖြစ်တာဘဲ ။ “ သက်ထား ” ‌ရေးတုန်းကဆို ဆရာကြီး မြမျိုးလွင် က ထုတ်တာ ။ “ ‌ဟေ့‌ကောင် ‌ရေးကွာ ” တဲ့ ။ အဲဒီတုန်းက အိမ်မှာ က‌လေးပုခက် လွှဲရင်းကို ‌ရေးခဲ့တာပဲ ။ သူက ထုတ်မှာ ‌သေချာတာ ကိုး ။ ‌ကျောင်းက ပြန်လာ ၊ က‌လေးထိန်းလိုက် ၊ ထမင်းချက်လိုက်နဲ့ပဲ ‌ရေးခဲ့တာပဲ ၊ ဒါ ကိုယ့် အကျင့်ပဲ ။ မ‌ကောင်းဘူး‌ပေါ့ကွာ ”

“ ကျောင်းက ပြန်လာတယ်လို့ ဆရာ ‌ပြောလိုက်တာ ‌ကျောင်းဆရာ လုပ်တာ‌ပြောတာလား ”

“ ဟုတ်တယ် ၊ ‌ဇော်ဝမ်း တို့ အ‌မေ ‌ဒေါ်မြမြ ‌ထောင်တဲ့ တိုင်းချစ်‌ ကျောင်းမှာ ‌ကျောင်းဆရာ လုပ်တယ်‌လေ ။ ဒီလိုကွ ၊ ပထမ နိုင်ငံ‌ရေး လုပ်တယ် ။ ‌နောက် စစ်ပြီး‌ခေတ် လွတ်လပ်‌ရေးရ‌တော့ ကွဲကြပြဲကြနဲ့မို့ စိတ်ပျက်သွားပြီး နိုင်ငံ‌ရေး မလုပ်‌တေ့ဘဲ သတင်းစာဆရာ ဝင်လုပ် ၊ ရတဲ့ ပိုက်ဆံက မ‌လောက်‌တော့ ‌ကျောင်းဆရာ ဝင်လုပ် တာပဲ ။ ၁၉၄၉ ‌လောက်မှာ တိုင်းချစ်‌ ကျောင်းဆရာ လုပ်ခဲ့တာ ၁၉၆၅ ခုနှစ် အထိပဲ ။ ဟိုတုန်းက ပရိုက်ဗိတ်‌ကျောင်း‌တွေ ဆို‌တော့ ‌နေ့မှာ နှစ်‌ကျောင်း ပြပြီး ညမှာလည်း နှစ်‌ကျောင်း ‌ပြေးပြလိုက်သေးတာပဲ ။ အိမ်မှာလည်း ကျူရှင်‌ ပေး‌သေးတယ် ။ အဲဒါ ၁၅ နှစ်‌လောက် ကြာခဲ့တယ် ”

“ ဒီ‌နေ့ လူငယ်‌တွေ စာ‌ပေဘက်ကို ‌တော်‌တော် စိတ်ဝင်စားလာကြပါတယ် ဆရာ ။ ဒီလူငယ်‌တွေ အတုယူနိုင် ‌အောင် ဝတ္ထုတစ်ပုဒ် ‌ရေး‌တော့မယ် ဆိုရင် အထူးသဖြင့် ဝတ္ထုတို‌ပေါ့ ဆရာ ၊ ဘာအ‌ရေးကြီးဆုံးပါလဲ ဆရာ ”

“ ကိုယ့်အမြင် ‌ပြောရရင်‌တော့ ဘာတင်ပြချင်သလဲ ဆိုတာ အ‌ရေးကြီးဆုံးပဲ ။ တင်ချင်တာကို ပုံ‌ပေါ်‌အောင် တင်ပြတတ်ဖို့ပဲ လိုတယ် ။ အ‌ကြောင်းအရာ မရှိဘဲ ‌ရေးထားတဲ့ တချို့ ဝတ္ထု‌တွေကို ဖတ်လိုက်ရင် သူ ဘာဆိုလိုမှန်းကို ကိုယ် မသိနိုင်ဘူး ။ ဒါ‌ကြောင့် ဝတ္ထုမှာ အ‌ရေးကြီးတာက အ‌ကြောင်းအရာ ၊ ‌နောက် တင်ပြပုံ‌ပေါ့ ။

ကိုယ် ဘာ‌ကြောင့် စာ‌ရေးဖြစ်ခဲ့တယ် ဆိုတာ ‌ပြောရရင် စာဖတ် များခဲ့လို့ပဲ ။ ဘာ‌ကြောင့် ဖတ်ဖြစ်ခဲ့သလဲဆို ရင် ၁၉၃၆ က‌နေ ၁၉၄ဝ ပြည့်နှစ်ထိ‌အောင် တရုတ်တန်းက တို့ဗမာအစည်းအရုံး စာကြည့်တိုက်မှာ စာကြည့်တိုက်မှူး လုပ်လာတာကိုး ။ အဲဒီ‌တော့ မဖတ်ချင်လို့ မရ‌တော့ဘူး ၊ ‌နောက်ပြီး ကိုယ် ဆယ်တန်း တုန်း ကလည်း Optional Burmese အပို မြန်မာစာ ယူခဲ့တယ် ။ မြန်မာစာ မှန်သမျှ မဖတ်ဖူးတာ မရှိ‌တော့ဘူး ။ အဲဒီလို အ‌ခြေခံ ရှိ‌နေတဲ့ အထဲမှာ နိုင်ငံ‌ရေး ကလည်း ဝါသနာပါ‌တော့ “ နဂါးနီ ” က ထုတ်တဲ့ ဘာသာပြန် မှန်သမျှ ဖတ်တယ် ။ ဝတ္ထု‌ရော ၊ နိုင်ငံ‌ရေး‌ရော ဖတ်တာပဲ ။

တို့ ‌ခေတ်တုန်းက ‌ပေါ်လာတဲ့ ဆရာကြီး သခင်ဘ‌သောင်းရဲ့ “ ပန်းသာမစာဥ ” တို့ ၊ မဟာ‌ဆွေ ရဲ့ ဝတ္ထု‌တွေ ၊ ဆရာသိန်း‌ဖေမြင့် ရဲ့ ဝတ္ထု‌တွေကို မလွတ်တမ်း ဖတ်တာပဲ ။ တို့‌ ကျောင်းသားတုန်းက ဇာတ်ကြီးဆယ်ဘွဲ့ ဆိုတာ ‌ကျောင်းသင်ခန်းစာ အဖြစ် ထည့်သင်ရတာပဲ ။ ပျို့ ၊ ကဗျာ ၊ အဲ ၊ အန်‌ တွေလည်း သင်ရတာပဲ ။ အဲဒီလို စာဖတ် များလာ‌တော့ ဝတ္ထု တစ်ပုဒ်‌တော့ ‌ရေးဦးမှပဲလို့ စဉ်းစားမိပြီး စစ်အပြီးမှာ “ ပြာဖုံးတဲ့နန်း ” ကဗျာက စ ‌ရေးဖြစ်တာပဲ ”

“ ဒါဆို စာ‌ရေးဆရာ တစ်‌ယောက် ဖြစ်လာဖို့အတွက် ပတ်ဝန်းကျင် အ‌ခြေအ‌နေ အများကြီး လိုမှာ‌ပေါ့ ”

“ ဟာ ... လိုတာ‌ပေါ့ ။ ပတ်ဝန်းကျင် အ‌ခြေအ‌နေ လိုသလို ကိုယ် ကိုယ်တိုင်လည်း ‌ရေးနိုင်သားနိုင်တဲ့ အ‌ခြေအ‌နေ ရှိရမယ် ။ အ‌တွေးအ‌ခေါ်ပိုင်းက‌တော့ တစ်မျိုး‌ပေါ့ ”

“ ဆရာ ‌စော‌စောက ‌ပြောတဲ့ အထဲမှာ ဆရာကြီး သခင်ဘ‌သောင်း ၊ ဆရာကြီး မဟာ‌ဆွေ ဆရာကြီး သိန်း‌ဖေမြင့် တို့ရဲ့ ဝတ္ထု‌တွေ ဖတ်တယ်လို့ ‌ပြောသွားတယ် ”

“ ဆရာကြီး ‌ရွှေဥ‌ဒေါင်း ၊ ဆရာကြီးမြမျိုးလွင် ၊ ဆရာကြီး ပီမိုးနင်း တို့ စာ‌တွေလည်း ဖတ်ခဲ့တာပဲ ။ သူတို့ စာ‌တွေ အတုခိုးခဲ့ရတာပဲ ”

“ ဒါဆို ဒီဆရာကြီး‌တွေရဲ့ စာ‌ပေဩဇာ သက်‌ရောက်မှု ဆရာ့ စာ‌တွေမှာ ရှိမှာ‌ပေါ့ ”

“ ရှိတာ‌ပေါ့ ။ ‌နောက် ရှိ‌သေးတယ် ။ ဂန္ထ‌လောက မဂ္ဂဇင်းက ဆရာ‌ဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တို့ရဲ့ စာ‌တွေလည်း ဖတ်ခဲ့တာပဲ ။ ဆရာ မင်းသုဝဏ်ရဲ့ “ ဘကြီး‌အောင် ညာတယ် ” ဆိုရင် သိပ်သ‌ဘောကျတာပေါ့ ။ ဒီ အ‌တွေးအ‌ခေါ်‌တွေ အများကြီး ဝင်တာ‌ပေါ့ ”

“ ဆရာက ကဗျာ လည်း ‌ရေးတယ် ၊ ဝတ္ထု လည်း ‌ရေးတဲ့သူ ဆို‌တော့ အ‌နောက်တိုင်းက ဆရာကြီး “ ဝီလျံ‌ဖော့ ( က် )နာ ” ရဲ့ အဆိုတစ်ခုကို ‌ဆွေး‌နွေးချင်ပါတယ် ။ ဒီဆရာကြီးက ဘာ‌ပြောခဲ့သလဲ ဆို‌တော့ စာ‌ရေးဆရာတိုင်း လိုလိုရဲ့ ပထမ ဆန္ဒက ကဗျာ‌ ရေးတတ်ချင်ကြတာပဲတဲ့ ။ ကဗျာ နဲ့ မတင်ပြနိုင်‌တော့မှ ဝတ္ထုတို ‌ရေးဖို့ ကြိုးစားတယ် ။ ဝတ္ထုတို မဖြစ်‌တော့မှ ဝတ္ထုရှည် ‌ရေးကြတယ်လို့ ဆိုပါတယ် ။ ဒီအဆိုနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”

“ လက်ခံပါတယ် ။ ကိုယ်က ကဗျာစ ‌ရေးတယ် ။ ဝတ္ထုတို မ‌ရေးဖြစ်‌သေးခင်မှာ ဝတ္ထုရှည် ‌ရေးဖြစ် သွားတာက‌တော့ ထုတ်မယ့်သူက အဆင်သင့် ရှိ‌နေလို့ပဲ ။ ကိုယ် စာ‌ရေးတာနဲ့ ပတ်သက်ပြီး ‌ပြောစရာ ရှိတာက‌တော့ တကယ့် အဖြစ်အပျက် ခံစားချက် ရှိ‌တော့မှပဲ ‌ရေးလို့ ဖြစ်တယ် ဆိုတာပါပဲ ”

“ ဒါဆို ဆရာ့ ကဗျာတစ်ပုဒ်နဲ့ ပတ်သက်ပြီး ကျွန်‌တော် ‌မေးပါရ‌စေ ၊ ကဗျာနာမည်က “ အတက်နဲ့အဆင်း ” ပါ ။

❝ အတက်နဲ့အဆင်း ❞

တစ်‌နေ့ဆီက
ဗုဒ္ဓ‌ရွှေတိဂုံ
လေးဆူဂုဏ်ကို
အာရုံစိုက်စိုက်
ဖူးလိုက်ချင်လို့သွားခဲ့၏ ။

ကုန်း‌တော်ထက်သို့
တက်ဖို့အစ
ခြေလှမ်းအကြွ
ပေးပါ့ကမ်းပါ့
ဒုက္ခိတအို
လှစ်ဟငို‌ကြွေး
မျက်ရည်‌နွေးဖြင့်
ငါ့ကို လင့်ရှာပါ‌လေ၏ ။

အတက်ခရီးမှာ
ဆီးကြိုပြုံးပြ
ဝယ်ပါ့ ခြမ်းပါ့
ပန်းလှခိုင်ခိုင်
ဖ‌ယောင်းတိုင်‌ဖွေး‌ဖွေး
ရောင်း‌ဈေးချိုချိုတဲ့ ။

ပြုံးသူ‌တွေက လက်လက်
ခေါ်သူ‌တွေက သွက်သွက်
အားနာဖက်၍
ပန်းခက်ပန်းနွယ်
ဝယ်၍အပြီး
ထီးနဲ့ဖိနပ်
ထိုဆိုင်အပ်သည်
ကြည်ပြုံးရွှင်ရွှင် လက်ခံ၏ ။

အဆင်းကျ‌တော့
ပြုံးပြမျက်နှာ
ပျူငှာ‌ဖော်‌ရွှေ
ရှိကြ‌ပေ၏ ။

ပန်းက လှတယ်
ထွန်းပါ ညှိပါ
ဖ‌ယောင်းတိုင်ရတယ် ။

မွှေးပါ့ကြိုင်ပါ့
ပူ‌ဇော်ရတယ်
ခေါ်ကြ ငင်ကြ
ကြိုဆိုကြ၏ ။

ဒါ‌ပေမဲ့ ငါ့‌တော့ မဟုတ်ပါဘူး
ထိပ်သို့ တက်သူ
ထိုထိုသူသာ
သူ ငါ ကြိုဆိုရခြင်းတကား ။

ထီးနဲ့ ဖိနပ်
အပ်ခဲ့ဆိုင်‌နောက်
ငါ ဝင်‌ရောက်လဲ
အင်းအဲမလှုပ်
ကျောက်ရုပ်ဆိုင်ရှင်မက‌လေး ။

သူ ‌တွေး‌မျှော်မှန်း
တက်သည့်လမ်းက
လူများကို ။

ငါ့ထီး ငါ့ဆွဲ
ဖိနပ်လဲယူ
တူရှု‌အောက်ဆီ
ဆင်းခဲ့၏ ။

ငါ တက်စက
ထမင်းမဝ
ဟင်းမရ၍
ပေးပါ့ ဆယ်ပြား
တောင်းခံစားသည့်
ထိုလူအို ။

ငါ ဆင်းခဲ့သည်
ဆင်းသည် တက်သည်
သူ မရည်ဘူး
သူ ရည်သည်က
လူမှန်သမျှ
ဒါ‌ကြောင့် ငါ့အား
ရည်‌မျှော်ထားပြီး
ငါးပြား ဆယ်ပြား
သနားပါတဲ့ ။

ဆယ်ပြားတစ်‌စေ့
နှိုက်၍ယူပြီး
ခွက်အိုကြီးထဲ
စွန့်ကြဲလိုက်သည်
သဲထဲ‌ရေသွန်သည် မဟုတ် ။

ဒီကဗျာ ‌ရေးတဲ့ ခံစားချက်ကို ကျွန်‌တော် သိပါရ‌စေ ” 

“ ဒီအ‌တွေးအ‌ခေါ် က‌တော့ စာ‌ရေးဆရာညာဉ် ရှိတဲ့ သူတိုင်းမှာ ရှိပါတယ် ။ ဒီလို အတက်နဲ့အဆင်း ဖြစ်ပျက်တာမျိုးကို ဟို‌ကျောင်းသားဘဝတုန်းက အင်္ဂလိပ်ကဗျာတစ်ပုဒ် ဖတ်ဖူးတယ် ။ ဘယ်သူ ‌ရေးတာလဲ‌တော့ မမှတ်မိ‌တော့ဘူး ။ သူက ဒီသ‌ဘော‌တော့ မဟုတ်ဘူး ။ မင်း ‌လှေကားကို တက်ရင်တဲ့ တစ်ဆင့် တက်တိုင်း တက်တိုင်း အ‌ပေါ်က ဆင်းလာတဲ့ သူ‌တွေကို ပြုံးပြီး နှုတ်ဆက်ပါတဲ့ ။ အဲဒီလို မင်း ပြုံးပြီး နှုတ်မဆက်ခဲ့ရင် မင်း ပြန်ဆင်းတဲ့ အခါမှာလည်း နှုတ်ဆက်မယ့်သူ ရှိမှာ မဟုတ်ဘူးတဲ့ ။ ဒါ ကိုယ် ဆယ့်‌လေးငါးနှစ်သားလောက်က ဖတ်ဖူးထားတာပါ ။

‌နောက် ကိုယ် ‌ရွှေတိဂုံဘုရား ဖူးရင်း ပြုရင်းနဲ့ ဒီသ‌ဘောကို စဉ်းစားမိတယ် ။ ဒီသ‌ဘော‌လေး ဝတ္ထု‌ ရေးရရင် ၊ ကဗျာ‌ ရေးရင် ‌ကောင်းမှာပဲလို့ ။ ဒါ‌ပေမဲ့ မ‌ရေးဖြစ်ခဲ့ဘူး ။ ‌နောက် ရန်ကုန်မှာ လာပြီး ရှစ်နှစ် ဗွီအိုင်ပီ လာလုပ်ရတယ် ။ အဲဒီတုန်းက ကိုယ်က‌တော့ အားလုံးကို လက်ခံ‌ တွေ့ခဲ့တာပဲ ။ ကူညီနိုင်တဲ့ ကိစ္စဆိုရင် ကူညီခဲ့တာပဲ ။ ဒါ‌ပေမဲ့ ကိုယ် ရာထူးလက်ကိုင် မရှိ‌တော့တဲ့ အချိန်မှာ ကိုယ် ကူညီခဲ့ဖူးသူ တချို့‌တွေက လမ်းမှာ‌ တွေ့ရင်တောင် မ‌တွေ့သလို မမြင်သလို လုပ်လာကြတယ် ။ မ‌ခေါ်ချင်သလို မ‌ပြောချင်သလို လုပ်လာကြတယ် ။

ကိုယ်က တုန်လှုပ်တာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ခံစားချက်တွေ ရှိလာတယ် ။ ဒါကို ဝတ္ထု နဲ့ ရေးမလား၊ ကဗျာ နဲ့ ရေးမလား စဉ်းစားပြီး ဒီကဗျာကို ရေးခဲ့တာပဲ ။ ဒါက ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး ။ တွေးယူရတဲ့ ကဗျာပဲ ။ ဒီကဗျာကို မန္တလေးအသင်း ( ရန်ကုန် ) က ၁၉၇၈ ခုနှစ်က ထုတ်ခဲ့တဲ့ မဂ္ဂဇင်းမှာ ပါခဲ့တယ် ။

ကိုယ် ပြန်ရတော့မယ် ဆိုတာ သိတော့ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ် ရှိသေးတယ် ။ ဒီမှာ ဖတ်ပြမယ် ။

❝ ဒီတစ်ချီတော့ ❞

လက်နှီးဘဝ
ရောက်ရမှတော့
ဘာကြောင့် အိုးမဲ
ကြောက်နေသလဲ ။

အရင်အချိန်
ဂုဏ်မသိန်မီ
အရည်ဝင်းလဲ့
စားပွဲထက်တွင်
လက်သုတ်ပဝါ
ဖြစ်ခဲ့တာကို
သင့်မှာ အနေကျပ်နေသလား ။

ဟို့ဟိုဘဝ
သင်ရောက်စက
မွမွနုနု
ဥဥကလေး
ကြက်သွေးပန်းခက်
ရွှေဝါစွက်သည့်
မျက်နှာသုတ်ပဝါ
ဖြစ်ခဲ့ပါ၍
အဲဒါ စားမြုံ့ပြန်နေသလား ။

အိုဘယ့်လက်နှီး
ဘဝဆည်းဆာ
သင် ရောက်လာပြီ
ဒီတစ်ချီတော့ အမှိုက်ပုံး ။

ပြန်ရတော့မယ် ဆိုတာ သိနေတော့ ရေးခဲ့တာပဲ ။ ဒီကဗျာက ၁၉၇၇ နိုဝင်ဘာထုတ် ရှုမဝ မဂ္ဂဇင်းမှာ ပါခဲ့တယ် ။ အဲဒီလိုပေါ့ ။ ခံစားချက် ရှိတဲ့အခါမှာ ကဗျာလေးတွေ ရေးဖြစ်သွားတယ် ”

“ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော့် အသက်လောက် စာရေးသက် ရှိနေတဲ့ ဆရာ့ ကို နောက်ဆုံး မေးချင်တာ တစ်ခု မေးခွင့်ပြုပါ ဆရာ ။ အသက်အရွယ် ရလာတဲ့အမျှ တချို့ စာရေးဆရာတွေက စာရေးသားတဲ့ အကြောင်းအရာ ရွေးချယ်မှုကအစ ပုံစံ ပြောင်းလာကြတယ်။ ဆရာ ဆိုရင် စောစောက ပြောသလို “ သဲကြွေလုဖန် ” တို့ ၊ “ သက်ထား ” တို့လို အနုအရွကလေးတွေ ကနေ တရားဓမ္မဘက် နွယ်တဲ့ ဝတ္ထုတွေ ရေးလာတာ တွေ့ရပါတယ် ။ ဒီလို ပြောင်းလာတာဟာ အသက်အရွယ် ရလာလို့လား ၊ ဒါမှမဟုတ် ပင်ကိုဗီဇ အရလား သိပါရစေ ”

“ ကိုယ့် အယူအဆအရ ပြောရရင်တော့ အသက်အရွယ်အပေါ် မူတည်တယ်လို့ ထင်တယ် ။ ဥပမာ တစ်ခု ကိုယ် ပြောပြမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်က အင်္ဂလန်မှာ ကွန်ဆာဗေးတစ် အမတ် တစ်ယောက်က သတင်းစာ ရှင်းလင်းပွဲလုပ်တယ် ။ မေးတဲ့ မေးခွန်းတွေ ပြန်ဖြေတော့ သူက ဘာပြောသလဲ ဆိုရင် ကျုပ် ကျောင်းသား ဘဝတုန်းကတော့ ကွန်မြူနစ်ပဲတဲ့ ။ ကျုပ် မိန်းမရတဲ့ အခါကျတော့ ဆိုရှယ်လစ် ဖြစ်လာတယ် ။ နောက် သားတွေ ၊ သမီးတွေ ရလာတဲ့ အခါကျတော့ လေဘာ ဖြစ်လာတယ် ။ အခု မြေးတွေ ရလာတဲ့ အခါကျတော့ ကွန်ဆာဗေးတစ် ဖြစ်လာတယ်တဲ့။ အဲဒီလို ဖြေတယ် ။

ဆိုတော့ ကိုယ် မြင်တာကတော့ အသက်အရွယ် အရ မြင်တတ်တဲ့ အာရုံချင်း မတူတော့ဘူး ။ အခု ကိုဝင်းငြိမ်းတို့ အရွယ် မြင်တဲ့ အာရုံနဲ့ ကိုယ်တို့ အရွယ်နဲ့ မတူတော့ဘူး ။ ကိုယ့် အသက်ဆိုရင် အခု ၆၅ နှစ် ရှိနေပြီ ။ ဒီအသက်အရွယ်မှာ အာရုံများတဲ့ ရန်ကုန်မှာ ကိုယ် မနေချင်တော့ဘူး ။ လူငယ်တွေ အတွက် ရန်ကုန် ဟာ ပျော်စရာ ကောင်းပေမဲ့ ကိုယ်တို့ အသက်အရွယ်မှာ မပျော်တော့ဘူး ။ မန္တလေး ကို ပြောင်းတော့မယ် ။ စီစဉ်လို့တောင် ပြီးနေပြီ ။

ကိုယ်နဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့ သူတွေဆိုလည်း တဖြုတ်ဖြုတ် သေကုန်ကြပြီ ။ စာရေးတဲ့ နေရာမှာ ပတ်ဝန်းကျင်က ဒီနေရာမှာလည်း စကားပြောလာပြန်တယ်ကွ ။ ကိုယ် ဆိုရင် လူငယ်တွေနဲ့ပဲ ပေါင်းတယ် ။ ဒါကြောင့်လည်း ဒီနေ့ အချစ်ဝတ္ထု ရေးနိုင်သေးတာပဲ ၊ ဟုတ်တယ် မဟုတ်လား ။ တစ်ခုတော့ ရှိတာပေါ့လေ ။ အချစ်ဝတ္ထု ရေးတယ် ဆိုပေမဲ့ သမီးရည်းစား အချစ်မျိုးတော့ မရေးတော့ဘူး ။ လင်မယား ဖြစ်ပြီးမှ ချစ်တဲ့ အတွေ့အကြုံမျိုးလေးပဲ ရေးချင်တော့တယ် ။ ဒါ အသက်အရွယ် အရလို့ ပြောရမှာပဲ ”

“ ကျေးဇူးတင်ပါတယ် ဆရာ၊ ဆရာ့ အတွေ့အကြုံ အယူအဆ တစ်စိတ်တစ်ဒေသကို မှတ်တမ်းတင်ခွင့် ရတဲ့ အတွက် ပေဖူးလွှာ စာတည်းအဖွဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ် ။ ဆက်လက်ပြီးတော့လည်း ဆရာ ကျန်းကျန်းမာမာနဲ့ စာပေနဲ့ တစ်ဖက်တစ်လမ်းက တိုင်းပြည်အကျိုး သယ်ပိုးနိုင်စေဖို့ ဆန္ဒပြုခဲ့ပါတယ် ”

▢ ဝင်းငြိမ်း
📖ပေဖူးလွှာမဂ္ဂဇင်း
     အမှတ် - ၄၂
     နိုဝင်ဘာလ ၊ ၁၉၈၄ ခုနှစ်

မြို့မဥက္ကဋ္ဌ ဒေါက်တာ


 

❝ မြို့မဥက္ကဋ္ဌ ဒေါက်တာ ❞

[ ကမ္ဘောဒီးယား နယ်စပ်နဲ့ သိပ်မဝေးတော့တဲ့ ထိုင်းနိုင်ငံ တစ်နေရာမှာ စခန်းလေး တစ်ခု ရှိတယ် ။ အာရှရန် ( Ashram ) တဲ့ ။ ကားတွေ ဥဒဟို မောင်းနေတဲ့ ဟိုင်းဝေးလမ်းမကြီးက ဖဲ့ဆင်းပြီး ပန်းခင်းတွေ ၊ ထိုင်းကျေးလက်အိမ်ကလေးတွေကို ဖြတ်သန်းပြီးမှ စခန်းဆီ ရောက်တယ် ။

စခန်းကို ရေတသွင်သွင် စီးနေတဲ့ ချောင်းတစ်ခုက ရစ်ခွေ ဝန်းရံထားတယ် ။ ချောင်းက ပေ ၅ဝ လောက်သာ ကျယ်တာပါ ။ ဒါကို တံတား ထိုးမထားဘူး ။ ဖောင်ကလေး လုပ်ထားပြီး ချောင်းကို ဖောင်နဲ့ ကူးရတယ် ။

နေရာက တော်တော် ကဗျာဆန်တဲ့ နေရာ ။ အဆောက်အအုံတွေက ထိုင်းရိုးရာ ပုံစံ ။ သစ်သားနဲ့ ဆောက်တယ် ။ နံရံကို ရွှံ့စေးနဲ့ မံတယ် ။ အမိုးကို အုတ်ကြွပ် မိုးတယ် ။ စခန်းဝင်းထဲမှာ သစ်ပင်တွေ ပန်းပင်တွေနဲ့ စိမ်းလန်းလှပတယ် ။ အုန်းပင်အောက်မှာ ခူးပြီးသား အုန်းသီးစိမ်းနဲ့ ဓားမနဲ့ ရှိတယ် ။ ခွဲစား ။ အုန်းရည်သောက် ။

စခန်းဝင်းထဲမှာ ကြာကန်တွေ ရှိတယ် ။ သစ်သားတံတားရှည်ကြီးကို ဖြတ်လျှောက်ပြီး ရုံးခန်းကို ရောက်နိုင်တယ် ။ ရုံးခန်းက ဟင်းလင်းနံရံ ။ တိတ်ဆိတ် မှုက လေပြည်လေညင်း တိုက်ခတ်တာတောင် ကြားရတယ် ။ လေညင်းထဲမှာ ကြာသင်းရနံ့တွေ ပါတယ် ။ မြင်ကွင်းထဲ မှာတော့ ကြာနီ ကြာညို ကြာပြာ ပွင့်ဖူးနေတာပါ ။ ရုံးခန်း ထဲမှာ နေ့စဉ်ထုတ် ထိုင်းသတင်းစာတွေ လတ်လတ်ဆတ်ဆတ် ရှိတယ် ။ ကြာပန်းတွေကို ငေးမောရင်း ကွန်ပျူတာ နုတ်ဘုတ်ကို ဖွင့်ကာ အင်တာနက် ဝိုင်ဖိုင် နဲ့ တစ်ကမ္ဘာလုံးကို ချက်ချင်း ချိတ်ဆက်နိုင်တယ် ။

ရုံးခန်းကို သွားတဲ့ တံတားထိပ်မှာ ခန်းမ တစ်ခု ရှိတယ် ။ နံရံက ရွံ့စေးနဲ့ မံပြီး အမိုးက သက်ငယ်ပါ ။ အဲဒီ ခန်းမထဲ ကျွန်တော်တို့ မြန်မာတစ်စု ရောက်နေတယ် ။ “ ထိုင်းစားသုံးသူများအသင်း ” က ဖိတ်ကြားလို့ လာခဲ့တာပါ ။ စားသုံးသူ အခွင့်အရေးကိစ္စ ဆွေးနွေးကြတာ ။

ဆွေးနွေးပွဲ မစမီမှာ ငါးမိနစ် တရားထိုင် ကြရတယ် ။ ကျွန်တော်တို့နဲ့ အတူ ထိုင်းအမျိုးသမီးလေး နှစ်ယောက် ပါတယ် ။ ဆွေးနွေးပွဲ ပြီးသွားတော့ “ ပန်း ” ဆိုတဲ့ ထိုင်းမလေးက ငါတို့ သီချင်းဆိုပြီး ကရအောင်တဲ့ ။ မြန်မာသီချင်း တစ်ပုဒ် ဆိုပါတဲ့ ။ ကျွန်တော်တို့ မြန်မာတွေ တညီတညွတ်တည်း ဆိုကြတဲ့ သီချင်းကတော့ “ မြနန္ဒာ ” ။ ကျွန်တော်တို့ ကတဲ့ သင်္ကြန်အကကို ထိုင်းမလေးတွေလည်း အတုခိုးပြီး အတူတူ ကတယ် ။ လေး ၊ ငါးပတ်လောက် ဝိုင်းကြီးပတ်ပတ် လှည့် ကကြပြီး အမောဖြေဖို့ နားတော့ ထိုင်းမလေး တစ်ယောက်ဖြစ်တဲ့ “ နု ” က မြနန္ဒာသီချင်း အကြောင်း ကျွန်တော့်ကို မေးတယ် ။ ကျွန်တော်က သူ့ဆဲလ်ဖုန်းထဲကို ကျွန်တော့်ဖုန်းထဲက မန်းတောင်ရိပ်ခိုသီချင်းသံစဉ် ဘလူးတုသ်နဲ့ ထည့်ပေးလိုက်တယ် ။

သူ့ဆဲလ်ဖုန်းထဲက မန်းတောင်ရိပ်ခို သီချင်းသံစဉ်ကို ပြန်ဖွင့်ရင်း ထိုင်းမလေး ထိုင်လျက် လက်ကို ချိုးကာ က နေတာ ကြည့်ရင်း မြို့မတူရိယာအသင်းကြီးကို ကျွန်တော် သတိရနေမိပါတယ် ။

မန်းတောင်ရိပ်ခို သီချင်းကို မြန်မာတိုင်း ရင်းနှီးနေပြီ ။ မြို့မ တူရိယာအသင်းကြီး ကိုလည်း မြန်မာ တစ်နိုင်ငံလုံးမှာ မသိသူ မရှိသလောက် ဖြစ်နေပါပြီ ။ မြို့မကို နိုင်ငံနဲ့အဝန်း ထင်ရှားလာအောင် ကြိုးပမ်းခဲ့သူတွေ ထဲမှာ ဒေါက်တာလှခိုင် လည်း ပါဝင်တယ် ။

မြို့မအပျော်တမ်း တူရိယာအသင်းကြီးရဲ့ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဒေါက်တာ လှခိုင် ရဲ့ မန္တလေးမြို့က နေအိမ်ကို ကျွန်တော် သွားပြီး သူ့ဘဝကို မေးပါတယ် ။ ]

••••• ••••• •••••

၁၉၅၀ ခု ဒီဇင်ဘာလမှာ မွေးတာ ။ အဖေက ဦးသိန်းဖေ ၊ အမေက ဒေါ်ဝင်း ၊ မွေးချင်း နှစ်ယောက် ရှိတယ် ။ ကျွန်တော်က အကြီး ။

အဖေက စက်ချုပ်တယ် ။ အမေက ဈေးရောင်းတယ် ။ မွေးတာလည်း မန္တလေး လက်ချိတ်တန်း ၊ ကြီးတာလည်း လက်ချိတ်တန်း ၊ နေတာလည်း လက်ချိတ်တန်း ။

ကျွန်တော်က ၅၆ ခုနှစ်မှာ ပေါက်မြိုင်ကျောင်းမှာ ကျောင်း စနေတယ် ။ ခုနစ်တန်း အောင်တော့ အမှတ် ၁ အထက်တန်းကျောင်းကို ပြောင်းတယ် ။ ဆယ်တန်း အောင်တော့ အမှန်က ဝါသနာပါတာက အင်ဂျင်နီယာပညာ ။ အမှတ် ၁ ကျောင်း မှာ စက်မှုလက်မှု ဘာသာရပ်လည်း သင်ရတယ် ။ ကိုးတန်း အောင်တော့ စက်မှုလက်မှု ဂုဏ်ထူး ထွက်တယ် ။ အင်ဂျင်နီယာ ဝါသနာ ပါပေမဲ့ အဲဒီတုန်းက အာရ်အိုင်တီ ( ရန်ကုန်စက်မှုတက္ကသိုလ် ) က ရန်ကုန်မှာပဲ ရှိတာ ။ မိဘက ချို့တဲ့တော့ စရိတ် မတတ်နိုင်ဘူး ။ မတတ်နိုင်တော့ မန္တလေးမှာ ရှိတဲ့ Institute ( အသက်မွေး ဝမ်းကျောင်းမှု တက္ကသိုလ် ) ထဲက ရွေးရတယ် ။ ဆေး နဲ့ စိုက်ပျိုးရေး နှစ်ခု လျှောက်တယ် ။ အမှတ်မီတော့ ဆေးကျောင်း ရောက်သွားတာပါပဲ ။ ( ရယ်လျက် )

စက်မှုကို ခုလည်း ဝါသနာပါတာပဲ ။ ခုဆို ကွန်ပျူတာတစ်လုံးကို ကျွန်တော် လျှောက် ကလိနေတာပဲ ။ ဓာတ်ပုံကင်မရာတွေလည်း ဟိုပြင်သည်ပြင် ။ တယ်လီဖုန်းလည်း ကိုယ့်ဟာကိုယ် ပြင်တာပဲ ။

အိမ်က ချို့တဲ့တော့ ဆေးကျောင်း တက်တာ စက်ဘီး တစ်စင်းနဲ့ပဲ ပြေးရတာ ။ စက်ဘီးမှ ခြောက်တန်းတုန်းက ( ကျပ် ) ၁၇၀ နဲ့ ဝယ်ထားတဲ့ စက်ဘီးကြီးနဲ့ သွားရတာ ။ တရုတ်နီ စက်ဘီးကြီး ၊ ပုံမလာဘူး ။ အဝတ်အစားလည်း ဒါဝတ်ဒါချွတ်ပဲ ။ ကျူရှင်လည်း မနေဘူး ။

ကျွန်တော် ဆရာဝန် ဖြစ်တော့ အစိုးရအလုပ် မဝင်ဖြစ်ဘူး ။ အိမ်မှာပဲ ဆေးခန်းဖွင့်နေလိုက်ဖြစ်တော့တယ် ။

၁၉၇၈ လောက်မှာ အထက်မြန်မာပြည်ဓာတ်ပုံအသင်းထဲ ကျွန်တော် ရောက်သွားတယ် ။ နာယကတွေက ဗိုလ်မှူးဗတင် တို့ ၊ ဦးဘိုကြီး တို့ ၊ သူငယ်ချင်း မြတမာ ကိုကျော်ရင် နဲ့ တွဲမိပြီး ဓာတ်ပုံဝါသနာ ပါသွားတာ ။ ဓာတ်ပုံနဲ့ ပတ်သက်ရင် ကိုကျော်ရင် တို့ ၊ ဦးခင်မောင်လေး တို့ ဆရာပေါ့ ။ နီကွန်မက်အက်ဖ်တီသရီး ကင်မရာလေး စဝယ်ဖြစ်တယ် ။ တံခွန်စိုက်ဆုတွေ ဘာတွေ ရဖူးတယ် ။

၁၉၈ဝ ခုမှာ မီးလောင်တော့ မြို့မအသင်းကြီးက ကျွန်တော့် သူငယ်ချင်း ဒေါက်တာထိန်ဝင်း တို့ အိမ်ရောက်လာတယ် ။ မြို့မ နဲ့ နီးစပ်တော့ ဆရာဦးရဲထွေး ဆီမှာ ထရန်ပက် စသင်တယ် ။ ကိုထိန်ဝင်း လည်း သင် ကျွန်တော်လည်း သင်ပေါ့ ။ မြို့မ မှာ ဆက်ဆိုဖုန်းက လူပြည့်နေပြီ ။ ကျွန်တော်က မြို့မ ထဲ ဝင်ပါချင်လို့ ထရန်ပက် သင်တာ ။ မြို့မ ထဲမှာ ကျွန်တော် ထရန်ပက် မှုတ်သေးတယ် ။ နောင်ကျ ကျန်းမာရေးကြောင့် နားလိုက်တာ ။ ထရန်ပက် မှုတ်ရင်း မှုတ်ရင်းနဲ့ လိပ်ခေါင်းထွက်လာတာ ။ ( ရယ်လျက် ) အဲဒါ အဟုတ်ဗျနော် ။ နောက်ပိုင်းကျ တယော လည်း ကျင့် ၊ စန္ဒရား လည်း ကျင့်တယ် ။

ရှင်းရှင်း ပြောရရင်တော့ မြို့မ ထဲ ရောက်လာလိမ့်မယ်လို့ မထင်ဖူးဘူး ။ ရောက်လာတော့လည်း မြဲသွားတာပေါ့ ။ ငယ်ငယ် ကတည်းက ပိုးကတော့ ရှိတာပေါ့ ။ ဦးသိန်းဒန် တို့ ၊ ဦးဖူးအံ့ တို့ ဆိုတာတွေ လိုက်နားထောင်တယ် ။ ဆရာဝန် တော်တော်များများ ဂီတနဲ့ နီးစပ်ကြတယ် ။ ဒေါက်တာသန်းဝင်း တို့ ၊ ဒေါက်တာအောင်ကြီး တို့ ၊ ဒေါက်တာအောင်မြင် တို့ သိပ်မစိမ်းကြဘူး ။

ကျွန်တော်က ကရာတေးလည်း ကစားတယ် ။ စစ်တုရင်လည်း ကစားဖူး တယ် ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလိုပဲ ၊ ဂီတအနုပညာကျမှ မြဲသွားတာ ။

ကျွန်တော် စဝင်တဲ့ အချိန်မှာ မြို့မအသင်းက နေရာ အတည်တကျလည်း မရှိဘူး ။ ပစ္စည်းကိရိယာလည်း မစုံလင်ဘူး ။ ငွေရေးကြေးရေး ကလည်း တောင့်တောင့် တင်းတင်း မရှိဘူး ။ တီးလုံး တိုက်ကြပြီဆိုရင် ကျွန်တော်က လက်ဖက်ရည်တွေ ဘာတွေ တိုက်တယ် ။ မြီးရှည်တွေ ဘာတွေ ကျွေးတယ် ။ အဲဒီတုန်းက မြီးရှည် တစ်ပွဲမှ တစ်ကျပ် ။

မြို့မက ဒေါက်တာထိန်ဝင်း တို့ အိမ်ကနေ လမ်း ၈၀ ၊ ၃၆ လမ်းဘက် ပြောင်းတယ် ။ အဲဒီမှာ တီးလုံးတိုက်တယ် ။ Stand ဆိုတာ မရှိသေးဘူး ။ နုတ်စ်တင်ဖို့ ထင်းရှူးသေတ္တာပုံးလေးတွေ ထောင်ပြီး စာအုပ်လေးတွေချ တိုက်ရတာ ။ ငွေရေးကြေးရေး ချို့တဲ့နေတဲ့ အချိန်ပေါ့ ။ အခုလို ပွဲတွေ ဆက်မနေဘူး ။

မှတ်မှတ်ရရဆိုရင် လယ်ဝေး ဘုရားပွဲက လာငှားတယ် ။ နှစ်ည လှည့်တာမှ ခြောက်ထောင်လား ရတယ် ။ ပွဲလက်ခံပြီးမှ ပစ္စည်းထည့်ဖို့ ထင်းရှူးသေတ္တာတွေ ရိုက်ရတယ် ။ လယ်ဝေး သွားကြတော့ player တီးမယ့်သူ ကလည်း အပြည့်အစုံ ပါမလာဘူး ။ ဟိုကျတော့ ခင်ဗျားတို့ ပစ္စည်းတွေ စုံရဲ့လားတဲ့ ၊ စုံပါတယ် ၊ သေတ္တာတွေ ဖွင့်ပြတယ် ။ အမှန်ကတော့ ပစ္စည်းပါတယ် ။ မပါတာက တီးမယ့်လူ ။

လှည့်ဖို့ စီစဉ်ပေးတဲ့ ကားက ငယ်နေတယ် ။ ဒရမ်ဆက်တွေ ဆင်ဖို့နေရာ မရှိဘူး ။ ကားက သေးနေတော့ မြန်မာ့တူရိယာတွေပဲ တီးမှုတ်ပြီး လှည့်လိုက်တယ် ။ ကိုယ့်မှာ တီးမယ့်သူ မပါတာနဲ့ အတော်ပဲ ။

အဲဒီအချိန် ၁၉၈၁ ခုလောက်က မန္တလေးမြို့ပေါ် ပွဲတီးကြေးက ( ကျပ် ) ၈၅၀ ။ လာငှားတဲ့ သူငယ်ချင်းက ၈ဝဝ ပဲ တတ်နိုင်တယ် ဆိုရင် ကျွန်တော်က ၅ဝ စိုက် ၊ လိုတာလေးတွေ ရှိရင် ကိုယ်က စိုက်ပေါ့ ။ အသင်းက ပွဲတီးလေးတွေ ရလာတော့ ပိုက်ဆံ ပိုလာတယ် ။ ပိုက်ဆံ ပိုတဲ့ အခါလည်း ကျွန်တော်ပဲ ထိန်း ။ တရားဝင်သာ မခန့်သေးတာ ။ ဘဏ္ဍာရေးမှူး ဖြစ်နေတယ် ။

အသင်းအမှုဆောင် ရွေးကြတော့ ကျွန်တော်က ဘဏ္ဍာရေးမှူးတာဝန် ယူရတယ် ။ နောက် တဖြည်းဖြည်းနဲ့ အတွင်းရေးမှူး ၊ နောက်ကျ ဒုတိယဥက္ကဋ္ဌ ၊ ၂၀၀၆ ခုက စပြီး ဥက္ကဋ္ဌ ပေါ့ ။

မြို့မမှာ တီးတဲ့သူတွေရော ၊ မှုတ်တဲ့သူတွေရော ၊ ဆိုတဲ့သူတွေရော ၊ ဝါသနာအရ လုပ်ကြတာ ။ ရတဲ့ ဘဏ္ဍာငွေကို သင်္ကြန်မှာ သုံးကြတယ် ။ ကိုယ့်အတွက် ပိုက်ဆံမယူဘူး ။ ဒါကြောင့် မြို့မ အပျော်တမ်းတူရိယာအသင်းလို့ ခေါ်တယ် ။

ဒါပေမဲ့ နောက်ပိုင်းကျ စားဝတ်နေရေး အခြေအနေအရ ပိုက်ဆံ ပေးသင့်တဲ့ သူတွေ ရှိလာတယ် ။ ဘယ်လို လူမျိုးတွေကို ပေးမှာလဲ စဉ်းစားတော့ player ရိုးရိုး ဆိုရင် ပေးမယ် ။ player အမှုဆောင် ဆိုရင် မပေးဘူး ။ မြို့မ ထဲမှာ အမှုဆောင် ဖြစ်တဲ့ သူသည် ငွေကြေး တစ်စုံတစ်ရာ ခံစားခွင့် မရှိဘူး ။ player တွေကို player ကြေး ပေးတယ် ဆိုပေမဲ့ အခြား ဝိုင်းတွေလောက် မများဘူး ။ အခြား ဝိုင်းတွေက ( ကျပ် ) ၅ဝဝဝ ၊ ၆ဝဝဝ ပေးတဲ့ အချိန်မှာ ကျွန်တော်တို့က ၃၅ဝဝ ပဲ ။ တစ်ဖက်တစ်လမ်းက အထောက်အပံ့ ဖြစ်ရုံပါပဲ ။

ကျွန်တော် မရောက်ခင် ၁၉၇၅ ၊ မြို့မ ရွှေရတု က စပြီး သင်္ကြန် မလှည့်ဖြစ်တော့ဘူး ။ ကျွန်တော် ရောက်ပြီးနောက် ၁၉၉၆ ကျမှ ပြန်လှည့်ဖြစ်တာ ။ သင်္ကြန် လှည့်တော့ မြို့မိမြို့ဖတွေက ဆုချတဲ့ ငွေနဲ့ လှည့်နိုင်တာ ။ ခုချိန်ဆို တစ်နှစ်သိန်း ၅ဝ - ၆ဝ ကုန်တယ် ။ ဒါပေမဲ့ သိပ်မစိုက်ရပါဘူး ။ စိုက်ရရင်လည်း အသင်းရန်ပုံငွေက စိုက်တာ ။

သင်္ကြန်အကြိုနေ့ မတိုင်ခင်မှာ ကျွန်တော်တို့က မြို့မနာယကကြီးတွေ ပူဇော်ပွဲ လုပ်တယ် ။ အသင်းတိုက်မှာ ။ သင်္ကြန်အကြိုနေ့မှာ မြို့မအသင်းကားက ဈေးချိုတော် ကို ဖြတ်ပြီး မဟာမုနိဘုရားကြီးကို သွားတယ် ။ ပြီးရင် မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲသွားတယ် ။ မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲမှာ ကျွန်တော်တို့က ထိပ်က ဝင်ရတယ် ။ ပြီးရင် ကျန်းမာရေးဝန်ကြီးဌာန မဏ္ဍပ်ဖွင့်ပွဲ သွားတယ် ။ ပြီးရင် နန်းရှေ့တစ်ခွင် လှည့်ဖျော်ဖြေပြီး နောက်နေ့ မနက်လင်းမှပဲ အသင်းတိုက် ပြန်ရောက်တော့တယ် ။ ဒါက သင်္ကြန် တစ်တွင်းလုံးပါပဲ ။ နှစ်ဆန်း ၁ ရက်နေ့ ဆိုရင် ညနေ ၃းဝဝ နာရီ ၄းဝဝ နာရီမှ အသင်းတိုက် ရောက်တယ် ။ ဒါတောင် ဖိတ်ထားတဲ့ လူတွေ စုံစေ့အောင် မရောက်နိုင်ဘူး ။

မြို့မက ကိုယ့်မူကိုယ့်ဟန်ကို ထိန်းသိမ်းထားတယ် ။ မူမပျက်တော့ မင်္ဂလာ ကျက်သရေရှိအောင် လုပ်ရမယ့် အခမ်းအနားဆိုရင် ကျွန်တော်တို့ ပါရတယ် ။ တီးတဲ့ ပလေယာတွေက ဆောင်းတွင်း ဆိုရင် တိုက်ပုံတွေပဲ ဝတ်ရတယ် ။ အနွေး ထည်တောင် ထပ်မဝတ်ရဘူး ။ အောက်က ခံချင်ခံ ။ နွေခါဆို ရှပ်အင်္ကျီအဖြူပဲ ။ မိန်းကလေးဆိုရင် ဘောင်းဘီ ၊ စကတ် မဝတ်ရဘူး ။ အသင်းရဲ့ သက်တမ်းရှည်ကြာမှုကြောင့် လူသိများတာ ပါဝင်တယ် ။

အသင်းအတွက် မျိုးဆက် ကတော့ မွေးယူရတာပဲ ။ ကိုယ့်သားသမီးတွေ တူတွေ တူမတွေ ပါလာအောင် ခေါ်ရတာ ။ ကိုယ့်တာဝန် ကျေအောင်တော့ လုပ်နေရတာပါပဲ ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

စိန်ဗေဒါ လက်နာရခြင်းသည် လေတိုက်၍ မဟုတ်


 

❝ စိန်ဗေဒါ လက်နာရခြင်းသည် လေတိုက်၍ မဟုတ် ❞
         ( မိုးကျော်ဇင် )

( ၁ )

ညနေ ၅ နာရီ ထိုးပြီ ။ ဆိုင်နီးချင်းတွေလည်း အလျှိုလျှို တံခါးပိတ်သွားကြပြီ ။ မျက်စောင်းထိုးမှ သံဖြူဆိုင်သာ တတိန်တိန် ထုရိုက်ရင်း ကျွန်တော့်အဖော် အဖြစ် ကျန်ရစ်သည် ။ စာအုပ်အငှားစာရင်းကို ကြည့်ရင်း ကျွန်တော့်သက်ပြင်းက အလိုလို ရှိုက်မိသွားသည် ။ နံပါတ်စဉ် ၂၀ ပင် မပြည့်ချင် ။ ဆိုင်ခန်းငှားခနှင့် လစဉ် အရင်းအနှီး .... ။ မတတ်နိုင် ။ တစ်နိုင်ငံလုံး ချီ၍ ဖြစ်နေ သည့် ရောဂါ ။ ဆိုင်ပိတ်ရန် သစ်သားခေါက်တံခါးကို ဆွဲအဖြန့် ကျွန်တော့် လက်တွေ တန့်ရပ်သွားသည် ။ ဈေးဝန်းတံခါးပေါက်အတိုင်း ဖြောင့်ဖြောင့်ကြီး နင်းဝင်လာသည့် ဘားတန်းပါသော စက်ဘီးတစ်စီး ။ စစ်ရောင် စွပ်ကျယ်လက်ပြတ်နှင့် ဝက်ဝံတံဆိပ် ပုဆိုးအစိမ်းနှင့် ။

“ ဟ... ပိတ်တော့မလို့လား ၊ နေပါဦးကွ ”

စက်ဘီး နင်းနေရင်း လှမ်းအော်ပြောလာသည် ။

“ ရတယ် ဆရာကြီး ... လာ လာ ” ဟု ပြောရင်း ကျွန်တော်က ပိတ်လက်စခေါက်တံခါးကို ပြန်စေ့တွန်းဖယ်သည် ။ စားပွဲမှာ ပြန်ထိုင်၍ အငှားစာရင်းကို ပြန်လှန်သည် ။ ဆရာကြီးက ဆိုင်ထဲ ခြေလှမ်းကျဲကြီးဖြင့် ဝင်လာ၍ ပုဆိုးခါးကြားမှ မဂ္ဂဇင်းစာအုပ် ထုတ်ပေးရင်း “ လုပ်စမ်းပါဦးကွ ၊ ဝတ္ထုတိုစာအုပ်တွေ ၊ ဘာတွေ ” ဟု ပြော၏ ။ ပြီးတော့ ကျွန်တော့်မျက်နှာချင်းဆိုင်မှ တန်း လျားပေါ် အားရပါးရ ထိုင်ချပြီး နောက်မှီပေါ် လက်နှစ်ဖက်ကို ဆန့်ကား ပစ်တင်ထားလိုက်ရင်း “ ကျောင်းဆရာ လုပ်ရတာ မလွယ်ရတော့ဘူး ငါ့ကောင်ရေ ” ဟု ညည်းတွား ရေရွတ်၏ ။ မိနစ်အတန်ကြာအောင် ကျောက်ချမည်ဖြစ်ကြောင်း အချက်ပေးခြင်းလည်း ဖြစ်သည် ။

ကျွန်တော် ဆရာကြီးကို စေ့စေ့ကြည့်မိသည် ။

ပင်စင်နီးပြီ ဖြစ်သော်လည်း အရွယ်တင် နေသေးသည် ။ စစ်ရောင်စွပ်ကျယ် လက်ပြတ်က မဖုံးကွယ်နိုင်သည့် လက်မောင်းညိုညိုတွေမှာ အကြောချောင်းတွေ ခုံးထ၍ မာကျစ်နေဆဲ ။ မျက်နှာရှည်ရှည် ၊ နှာတံမြင့်မြင့်နှင့် အမြဲလိုလို ကျုံ့ထားသည့် မျက်မှောင်ကြောင့် အရေးစင်းနှစ်တန်း တွန့်နေသော နဖူးပြင် ၊ ကျွန်တော် ငယ်ငယ်က တွေ့မြင်ခဲ့ဖူးသည့်အတိုင်း အပြောင်းအလဲ သိပ်မများသလို ထင်ရသည် ။

ကျွန်တော် ဆရာကြီးကို စတွေ့ခဲ့ချိန်က ဆရာကြီး အဖြစ်နှင့် မဟုတ် ။ ဖေဖေ့ထံသို့ မကြာခဏအလည် ရောက်လာတတ်သည့် အပေါင်းအသင်းတွေထဲမှ တောကျောင်းဆရာ တစ်ယောက် အဖြစ်သာ ။ တစ်ခါတစ်ရံ ညဉ့်အိပ်ညဉ့်နေ အချိန်ဖြုန်း သွားတတ်သေးသည် ။ ကျွန်တော်က နာမည်ရှေ့မှာ ‘ ဘဘ ’ တပ်ပြီး ခေါ်သည် ။ ဖေဖေတို့ စကားပြောနေကြလျှင် ဘဘ ပေါင်ပေါ် တက်ထိုင်၍ လက်ချောင်းညိုညိုပေါ်က ငွေလက်စွပ်ကြီးကို ကိုင်ကြည့်နေတတ်ခဲ့သည် ။

အပြောင်းအလဲ တချို့ပြောင်း လဲ သွားပြီးနောက် ကျွန်တော်တို့ ထပ်မတွေ့ ဖြစ်တော့ ။

ကျွန်တော် ၆ တန်း ရောက်ခါစ ပထမဆုံး ရက်သတ္တပတ်တွင် အတန်းထဲ မျက်နှာထား တင်းတင်းနှင့် ဆရာကြီး တစ်ယောက် ဒေါင်းတည်မောင်းတည် ဝင်လာသည် ။ လက်ထဲ ကိုင်လာသော လျှာထိုးပျဉ်ချပ်က အဖျားတွင် ခပ်စွေစွေ ပဲ့နေ၏ ။ “ ငါ့နာမည် စိန်ဗေဒါ ကွ ” ဟု စတင် မိတ်ဆက်သည် ။ “ ဒီသစ်သားပြား ပဲ့သွားတာ လေတိုက်လို့ မဟုတ်ဘူးဆိုတာ မင်းတို့ မှတ်ထားကြ ” ဟု ထပ်မံဖြည့်စွက် ပြောသည် ။

နောက်နေ့တွေ ဆရာကြီး အတန်း ဝင်သည့်အခါ ထိုသစ်သားပြား အပဲ့ကြီး ပါမလာတော့ ။ ကျွန်တော်တို့လည်း အရိုက် မခံခဲ့ကြရ ။ အခုတော့ စိန်ဗေဒါကြီး ပင်စင် နီးချေပြီ ။

“ ငါကွာ ... ဒီနေ့ ... ”

ဆရာကြီးက စကားကို အစရှည်ရှည်လေး ဆွဲထုတ်လိုက်ပြီး ရပ်တန့်ကာ ဆိုင်အပြင်ဘက် ဟာလာဟင်းလင်း ရှင်းနေသည့်ဈေးဝန်းကို လှမ်းငေးနေသည် ။ ကျွန်တော်က “ ဟုတ်ကဲ့ ဆရာကြီး ” ဟု စကားထောက်ပေးပြီး မျက်စိရော နားပါ စွင့်ထားလိုက်သည် ။

“ ငါ့ကွာ .. ဒီနေ့ ... ကျောင်းမှာ ... ”

ဆရာကြီးက စကားကြိုးအစကို နည်းနည်း တိုးထုတ်လိုက်ရင်း ညာခြေကို တန်းလျားပေါ်တင်ကာ ဒူး ထောင်၍ ပုဆိုးစကို သိမ်းသည် ။ ဝေဒနာတစ်ခု၏ ဝင်ရောက်စီးနင်းခံထားရသည့် ရင်ဘတ်ကြီးသည် စစ်ရောင် စွပ်ကျယ်အောက် လှိုင်းထန် နေလေသည် ။

••••• ••••• ••••• 

( ၂ )

ဆရာကြီး အတန်းထဲ ဝင်လိုက်သည်နှင့် ဖရိုဖရဲ ဖြစ်နေသော ကျောင်းသားတွေ ကိုယ့်ခုံကိုယ် ပြန်ပြေးဝင် သွားကြသည် စာသင်ချိန် တစ်ချိန်နှင့် တစ်ချိန်ကြား ၊ ဆရာ တစ်ယောက်နှင့် တစ်ယောက် ကြား ဟသွားသော မိနစ် အနည်းငယ်ကို ကလေးတွေက အကျိုးရှိရှိ အသုံးချတတ်ကြမှန်း ဆရာကြီး နားလည်ပြီးသား ။ ဆရာကြီး အတန်းရှေ့ စားပွဲမှာ ထိုင်မိသည့် အခါမှာတော့ pause ခလုတ် ဖမ်းနှိပ်ထားသော ဗွီဒီယို ဖန်သားပြင်လို အတန်း ငြိမ်သက်နေပြီ ။

အတန်းကို တစ်ချက် ဝေ့ကြည့် ၊ ခုံလွတ်တွေ ရှိ ၊ မရှိ သတိထား ... ။ ချောင်းကို တစ်ချက် နှစ်ချက် ဟန့်လိုက်ရင်း မနေ့က သင်ခန်းစာကို ပြန်စဉ်းစားသည် ။

“ ကဲ .. မနေ့က ပေးလိုက်တဲ့ မီးနင်းတွေ ကျက်ခဲ့ကြရဲ့လား ”

“ ကျက်ခဲ့ပါတယ် ဆရာကြီး ” ဟု တစ်တန်းလုံး သံပြိုင် အော်လိုက်ကြသည် ။ စိတ်ထဲကျိတ်ပြုံးမိသည် ။ “ ကျက်ခဲ့ပါတယ် ” သံပြိုင် အဖြေထဲ ရောယောင် ဖြေလိုက်သံတွေ ပါဝင်နေမှန်း အတွေ့အကြုံက သိနေနှင့်ပြီးသား ။

“ အေး .. မရရင်တော့နော် သိတယ် မဟုတ်လား ၊ ငါ့နာမည် စိန်ဗေဒါ ဆိုတာ ”

အသံကို ခပ်မာမာတင်း အော်လိုက်ရင်း စားပွဲပေါ် ကြိမ်လုံးကိုလေးကို စားပွဲမျက်နှာပြင်ပေါ် တဖြန်းဖြန်း ရိုက်ပြလိုက်၏ ။

စာသင်ကျောင်းတွေမှာ ကလေးတွေကို ရိုက်နှက်ဆုံးမခြင်း မပြုဖို့ ဌာနဆိုင်ရာက တားမြစ်မှုတွေ ရှိသည် ။ သို့သော် ထို တားမြစ်မိန့်ထုတ်သူတွေကို အခြေခံကျောင်း တွေဆီ ဆင်း၍ အစမ်း သင်စေချင်သည် ။ တရားလွန် ဆုံးမရိုက်နှက်ခြင်းကို ကိုယ်တိုင်လည်း ကန့်ကွက်သည် ။ သို့သော် မိဘပေါင်းစုံ၏ ကလေးရောင်စုံတွေကို ထိန်းသိမ်းဖို့ အကြောက်တရား မဟုတ်သော ‘ အဟန့် ’ ကလေးတော့ လက်ကိုင် ထားရသေး၏ ။ ကလေးမိဘတွေနှင့်လည်း နားလည်မှု ယူထားကြရသည် ။ ဒီကြားထဲ စောဒကတက်သည့် မိဘနှင့် တွေ့လျှင် တချို့ဆရာ ၊ ဆရာမတွေ ဖြေရှင်း၍ မဆုံးတော့ ။

“ ကဲ ... လာ တစ်ယောက်ချင်းစီ ၊ ဟို ရှေ့တန်းက စမယ်”

လက်က ကြိမ်လုံးကို တဆဆကိုင်လျက် လုပ်ငန်း စတင်တော့သည် ။ “ ကျက်ခဲ့ပါတယ် ” ဟု သံပြိုင် အော်ခဲ့ ကြသူတွေမှာ တကယ်တမ်း ဆရာကြီးရှေ့ ရောက်တော့ အများစုက သူတို့ မဟုတ်သလို ။ ဆရာကြီးက မြန်မာလို ထောက်ပေးလိုက် ၊ အင်္ဂလိပ် စာလုံးပေါင်း ရှေ့စာလုံးလေး အစဖော်ပေးလိုက် ။ ဒီလိုမှ မရလျှင်တော့ မီးနင်း တစ်လုံး ကြိမ်တစ်ချက် အဖြစ် လက်ဖဝါးလေးတွေ ဖြန့် ပေးကြရသည် ။

ယနေ့ခေတ်ထဲ ကျောင်းဆရာ ဖြစ်ရသည်မှာ မလွယ် ။ ကိုယ်က သူများလို ကျူရှင် သင်၍လည်း အပိုဝင် ငွေရှာရန် စိတ်ကူးမရ ။ ကျောင်းဆရာမ ဦးရေနှင့် ကျောင်းဆရာ ဦးရေက ဆယ်ယောက် တစ်ယောက်ပင် မကတော့ လောက်အောင် ကွာခြားလာသည် ။ ဒီတော့ ကျောင်းတွင်း ကိစ္စတွေကအစ လက်တစ်ဆုပ်စာ ကျောင်းဆရာ တွေ ပခုံးပေါ် စုပြုံကျလာတော့၏ ။ အားကစား ကိစ္စ ၊ ကျောင်းတွင်း အခမ်းအနား ကိစ္စ ပြင်ပဆက်သွယ်ရေး .. ။ အတန်းပိုင် မလုပ်ရသည့်တိုင် သင်ကြားရေး ကိုလည်း လက်လွှတ်မရပြန် ။ ကျောင်းတွင်း စည်းကမ်းထိန်းသိမ်းရေးမှာလည်း အမျိုးသား ဆရာတွေက အဓိက အမာခံတွေအဖြစ် တာဝန်ယူရသေးသည် ။ ကျောင်းမှာ ညဂျူတီ ကိုလည်း အချိန်ဇယားနှင့် လည်ပတ်ရပြန်၏ ။

“ ကဲ... နောက်တစ်ယောက် ... ”

နောက်ဆုံးတန်းတစ်ဝိုက် ခုံမှ ကျောင်းသား တစ်ယောက် ထွက်လာသည် ။ ပြီးတော့ တစ်စတို တစ်ခရှည် ဖြစ်နေသည့် ပုဆိုးကို ပြန်ပြင်ဝတ်သည် ။ ဇောက်ထိုး ဖြစ်သွားသည် ။ အတန်းရှေ့စားပွဲဆီ လက်ပိုက်ရင်း စိုက်စိုက် စိုက်စိုက် လျှောက်လာ၏ ။ အတန်းထဲက မျက်လုံးတွေက သူ့ဆီ စုဝေးနေကြပြီး မိန်းကလေးတွေ ဘက်မှ ခပ်အုပ်အုပ် ခိုးခိုးခစ်ခစ်သံတွေ ထွက်လာသည် ။

ဆရာကြီးရှေ့ရောက်သည်နှင့် မီးနင်းပြန်ရန် အသင့် အနေအထားဖြင့် ရပ်နေသည် ။ သို့သော် ဆရာကြီးကို စေ့စေ့ရင်ဆိုင်ကြည့်ခြင်းလည်း မဟုတ် ၊ ခေါင်းငုံ့ထားရာက မျက်လုံးပြူးဝိုင်းဝိုင်းတွေ လှန်ပင့်၍ တစ်ချက် တစ်ချက် ခိုးကြည့်သည် ။ ဝါးလုံးကွဲ ပွင့်ထွက်လာတော့မည့် ရယ်သံကြီးကို ပါးစပ်ထဲ အနိုင်နိုင် ဖိနှိပ်မျို သိပ်ထားရသည့်အလား နှုတ်ခမ်းနှစ်ခုကို တင်းတင်းကြီး စေ့ပိတ်ထားပုံက ဆရာ တစ်ယောက် အနေဖြင့် ဒေါသတမံကို အလွယ်တကူ ကျိုးပျက်စေနိုင်လောက်၏ ။

ဗုဒ္ဓေါ ... ။ တစ်နေ့က ဟိုဆရာမ ပြောတဲ့ ကလေးပဲ ။

ဆရာကြီး စိတ်ထဲ ဝေဒနာက ခြေသံဖွဖွလေး ပြေးသွားသည် ။ ရှေ့မှာ လက်ပိုက်လျက် လျော့လျော့ရဲရဲ ရပ်နေသည့် အလယ်တန်းကျောင်းသားလေးကို သေသေချာချာ ကြည့်မိ၏ ။ ဒီလိုပုံစံနှင့် ဒီအတန်းအထိ ရောက်လာခဲ့ပုံကို တွေးမိရင်း ကိုယ့်နိုင်ငံ၏ ပညာရေးစနစ်ကိုလည်း အံ့သြစိတ်ပျက်မိသည် ။ လက်ရှိ ကိုယ့်ဘဝ ရပ်တည်မှုနှင့် ခံယူချက်ကိုပင် ဆရာကြီး သံသယ ပြန်ဝင်မိသည် ။

“ ဟေ့ကောင် .. မင်း ပုဆိုး ပြန်ပြင်ဝတ်စမ်း ... ”

အတန်းထဲက ရယ်သံတချို့ ဖျောခနဲ ထွက်လာ သည် ။ သူက “ ဟည်း ” ခနဲ ရယ်ပြီး ဇောက်ထိုးပုဆိုးကို ပြန်ပြင်ဝတ်သည် ။ သို့သော် ပုဆိုးက ဇောက်ထိုးပဲ ဖြစ်နေသည် ။ အတန်းထဲက ရယ်သံတွေ ထွက်လာပြန်သည် ။ ဆရာကြီးက စားပွဲပေါ် ကြိမ်ရိုက်၍ ဟန့်လိုက်၏ ။ သူက နဂိုပုံစံအတိုင်း ရပ်နေပြန်သည် ။ ဆရာကြီးကို ခိုးကြည့် ၊ နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်၍ ရယ်သံ တွေကို တမံပိတ်ထားသည် ။

သူက ဆရာကြီး စိန်ဗေဒါ၏ ကြိမ်လုံး ဖောက်သည် ။ စာမေးလျှင် ဖြေရန်အသင့် ။ ဘယ်တော့မှ ရသည်လည်း မရှိ ။ ရိုက်တော့လည်း ပြုံးပြုံးကြီး တုံ့ပြန်သည် ။ ဒါက ပုံမှန် ။

တစ်နေ့ကတော့ သူ့အတန်းပိုင် ဆရာမက သတိပေးလာသည် ။ “ ဆရာရေ .. အဲ့ဒီကလေးကို ကြည့်လုပ်နော် ၊ သူက ဒါ သိပ်မပြည့်ဘူး ” ဆိုကာ ခေါင်းကို လက်ညှိုးနှင့် ထောက်ပြသည် ။ ဟာ .. ။ ဒါဖြင့် ... ။ ဆရာမက လှည့်ထွက်သွားရင်း နောက်ပြောင် ပြောသွားသေးသည် ။ မအောင် မရှိ ငါ့တပည့်လေ ဆရာရဲ့တဲ့ ။ ဟင်း ။

ဖခင်မဲ့ ကလေး တစ်ယောက် ။ အမေက သားကို ကျောတင်ပိုး၍ အကြော်ရောင်းရင်း ဘဝကို ကူးခပ်သည် ။ အကြော်ရောင်းသည် ဆိုသော်လည်း ကိုယ့်ဆိုင်မှာ ကိုယ်တိုင် ကြော်ရောင်းခြင်း မဟုတ် ။ ထိုဆိုင်တွေက ယူပြီး လမ်းတကာ လျှောက် ၊ အိမ်ပေါက်စေ့ ရပ်ပြီး အော်ရောင်းသည့် ခေါင်းရွက်အကြော်သည် ။ တစ်ဦးတည်းသော သားလေးကို ပညာတတ်စေချင်၍ ကျောင်းပို့ထားသည် တိုင် သား အခြေအနေကို အမှန်အတိုင်း အကဲမခတ်တတ်သည်လား ၊ သားဖြစ်သူ စိတ်ချမ်းသာစေချင်သည့် မေတ္တာတရားကြောင့်လား ။

အခု စာရလားဟု မေးလျှင် ခေါင်းတွင်တွင် ညိတ်ပြမည် ။ စာပြန် ဆိုလျှင် လက်ကို တင်းတင်းပြင်ပိုက်လျက် စာပြန်ရန် အားထုတ်လိမ့်မည် ။ သို့သော် မည်သည့် စာတစ်လုံးမှ သူ ရွတ်ဆိုဖြစ်လိမ့်မည် မဟုတ် ။ ရိုက်မည် ဆိုလျှင် လက်ဖဝါး ဖြန့်ပေးရမလား ၊ တင်ပါး ကော့ ပေးရမလား ၊ ဒါမှမဟုတ် ခြေသလုံးသား လှန်ပေး ရမလား ဘာမဆို နာခံရန်အသင့် ။ မီးနင်းတစ်လုံး ကြိမ်တစ်ချက် ဆိုလျှင် မီးနင်း အလုံးနှစ်ဆယ် အတွက် .... ။ သက်ပြင်းကို ခပ်ငွေ့ငွေ့ ချသည် ။

“ ကဲ .. သွားသွား ပြန်ထိုင်နေတော့ ... ”

ဆရာကြီးပဲ လက်လျှော့ လိုက်ရသည် ။ ကျန် ကျောင်းသားတွေက သူ့သွားရာ မျက်လုံးတွေ နောက်ယောင်ခံ လိုက်ရင်း တခစ်ခစ် ရယ်သံ ထွက်လာသေးသည် ။ “ ကဲ .. နောက်တစ်ယောက် ဟေ့ ... အချိန် မရှိဘူးကွ ၊ မြန်မြန်လာ ” ဟု လောဆော်ရင်း စားပွဲပေါ် ကြိမ် တဖြန်းဖြန်း ရိုက်လိုက်ပြန်သည် ။

ကလေး စာပြန်နေသည်ကို နားထောင်ရင်း မျက်လုံးတွေက ပြတင်းပေါက်ကို ရောက်နေသည် ။ ဒီအခန်း ပြတင်းပေါက်မှ ယောက်ျားလေး အိမ်သာသွားလမ်းကို လှမ်းမြင်နေရသည် ။ ယောက်ျားလေး ဆိုသည်က အိမ်သာဘက် အပေါ့အပါး သွားလျှင်တောင် ငြိမ်ငြိမ်သွား တတ်ကြသည် မဟုတ် ။ သွားရင်းလာရင်း ၊ တွန်းထိုးရင်းက လမ်းပေါ်မှ ဆင်းပြေးပြီး ဘောလုံးကွင်းဘက် ပြေးလွှားသွားကြသည်မျိုးလည်း ရှိသည် ။ အိမ်သာတံခါး ပိတ်၍ ဆေးလိပ်ခိုးသောက်ကြသည်များလည်း လက်ရ ဖမ်းဖူးသည် ။ အိမ်သာနောက် သံဆူးကြိုးကို ဖြဲ၍ ခိုးထွက်သွားကြသည်လည်း မနည်း ။ ဒီတော့ ဆရာတစ်ယောက် အနေနှင့် အာရုံတစ်ခုထဲမှာ ကျောက်ချရပ်နား၍ မရသည့် သင်္ဘောတစ်စင်းလည်း ဖြစ်နေသည် ။ ကြုံလျှင် ရောက်နေရာမှ လှမ်းဟိန်း ဟောက်ဟန့်တားရန် အသင့်ပြင်ထားရသေး၏ ။

“ ဆရာကြီး ဒီမှာ .. ”

အတန်း နောက်ဘက်ဆီက အသံတစ်ခု မကြားတကြား ထွက်လာသည် ။ ဆရာကြီး မျက်လုံးက ဆတ်ခနဲ နောက် ရောက်သွား၏ ။ စာပြန်လက်စ ကျောင်းသားကို လက်ပြ ဟန့်တားလိုက်သည် ။ ကြိမ်လုံးကို လက်က ဆ လိုက်ရင်း လည်တိုင်ကို ဆန့်လျက် အကျင့်ပါနေသည့် မျက်မှောင်ကိုပါ ကျုံ့ပြီးသား ။

“ ဘာဖြစ်တာလဲ ဟိုးနောက်က ကောင်တွေ ”

ခပ်ကဲကဲ ကျောင်းသားတစ်ယောက် မတ်တတ် ထရပ်သည် ။ သူ့ဘေးကို ငဲ့ကြည့်သည် ။ ဘေးက တွက်ထိုးသံတွေ ကြားရသည် ။

“ ပြောလေကွာ ” ဟု ကြိမ်ကို ဖြန်းခနဲရိုက် အသံပေးလိုက်တော့မှ ...

“ ဒီ .. ဒီမှာ အောင်မြင့်မြတ် ငိုနေတယ် ဆရာကြီး ”

ဆရာကြီးက ပြဿနာကို ပြတင်းပေါက်မှ တွေ့နိုင်မလား ဟု ရှာဖွေခဲ့သော်လည်း တကယ်တမ်း ပြဿနာတွေ့လိုက်ရသည်က အတန်းထဲမှာ ။ မျက်မှောင်ကို ပိုကျုံ့မိသည် ။ အောင်မြင့်မြတ် ဆိုပါလား ။ ဘယ်ကောင်ပါလိမ့် ။ ရန်ဖြစ်လို့လား ။ “ လာစမ်း .. ငိုတဲ့ကောင် ရှေ့ထွက်ခဲ့စမ်း ၊ မိန်းမလို မိန်းမရနဲ့ မျက်ရည် ထွက်တဲ့ကောင် ”  ဟု လှမ်းခေါ်တော့ ခုံတန်းတွေ ကြားမှ ကျောင်းသား တစ်ယောက် တိုးထွက်လာသည် ။ ဟား ဘယ်သူများလဲလို့ ။ လက်စသတ်တော့ ဆရာကြီး၏ ကြိမ်လုံး ဖောက်သည် ။ ဒီ အတန်းပိုင်ဆရာမ ပြောခဲ့တဲ့ ကလေး ။ အောင်မြင့်မြတ် တဲ့လား ။

ဆရာကြီးရှေ့ ရောက်သည် အထိ အောင်မြင့်မြတ် ငိုကြော မပြတ်သေး ။ မျက်ရည်တွေ တွင်တွင် သုတ်နေသော်လည်း ရှိုက်သံက သိမ်းဆည်း မရ ။ ပုဆိုးက ဇောက်ထိုး ဖြစ်ဆဲ ။ လက်နှစ်ဖက်ကို ပိုက်လျက် ။ “ ကဲ လုပ်စမ်းပါဦး .. ဘာဖြစ်လို့ ငိုတာလဲ ” ဟု မေးတော့ ခေါင်းငုံ့လျက် အနေအထားမှ နည်းနည်းမှ မလှုပ် ။ စောစောက ဝါးလုံးကွဲ ရယ်သံတွေကို မနိုင်မနင်း တမံတုတ်ထားပုံရသည့် နှုတ်ခမ်းတွေက ခုတော့ ဟောင်းလောင်းပွင့်နေသည် ။

“ ဟေ့ကောင် ဖြေလေ ၊ မင်း ဘယ်သူက ဘာလုပ် လို့တုံး ” ဟု ဖိအားပေးတော့လည်း မထူးခြား ။ ဒီအချိန်မှာ နောက်တန်းဘက်က အသံတစ်ခု မဝံ့မရဲ ထွက်လာသည် ။

“ .... .... .... ”

“ ဘာ ဘယ်လိုတဲ့ .... ”

ဆရာကြီး ဝုန်းခနဲ ထရပ်မိသွားသည် ။ အကြောတွေ ဓာတ်လိုက်ခံလိုက်ရသလို ကျဉ်ခနဲ ၊ ဖျဉ်းခနဲ ။ ဆရာကြီး၏ အထိတ်တလန့် မျက်နှာကြောင့် တစ်တန်းလုံး ဝပ်ကျသွားသည် ။ တရှုပ်ရှုပ် ရှိုက်နေသည့် အောင်မြင့်မြတ် ကို ကြည့်လိုက် ၊ အောင်မြင့်မြတ် ကို မေ့ငေးနေသည့် သူတို့ ဆရာကြီးကို ကြည့်လိုက်နှင့် တခစ်ခစ်ရယ်သံ အစအနလေးတွေပင် ပဲ့စဉ် ထွက်မလာ ။

ဆရာကြီးက စာ မမေးလို့တဲ့ ။ ဆရာကြီးက သူ့ကို မရိုက်လို့တဲ့ ။ သူ့ .. ကို ... မ ... ရိုက်.. လို့ .. တဲ့ .. ။ ဟား ... ။

“ ဟေ့ကောင် ... သူ ပြောတာ ဟုတ်လား ”

အောင်မြင့်မြတ်က ခေါင်းကို တဆတ်ဆတ် ညိတ်ပြသည် ။ ဆရာကြီး ဖင်ထိုင်ကျသွားသည် ။ ရှိသမျှ ခွန်အားတွေ ဖောက်ထုတ်ပစ်လိုက်သလို လျော့ရဲသွား၏ ။ ကြိုးခွေ တစ်ခွေလို ပုံကျနေရာက အောင်မြင့်မြတ်ကို ကြည့်လျက် ဆရာကြီး အသံထွက်လာသည် ။

“ ကဲ ... ဆို ... ”

အောင်မြင့်မြတ် မျက်နှာ ဝင်းခနဲ ဖြစ်သွားသည် ။

အင်္ဂလိပ်မီးနင်း အလုံး နှစ်ဆယ်ကို အလွတ်ဆိုရန် ပြင်ဆင်လိုက်သည် ။ သို့သော် အောင်မြင့်မြတ်သည် ထုံးစံအတိုင်း အစင်းရာပေါင်းများစွာ ထင်နေသည့် ဗီစီဒီဟောင်းတစ်ချပ် ဖွင့်လိုက်သည့် တီဗွီဖန်သားပြင်ကြီးလို ။

••••• ••••• ••••• 

( ၃ )

ဆောင်းညနေခင်းထဲ အမှောင်ရိပ်က အလောတကြီး ပြေးဝင်လာသည် ။ မျက်စောင်းထိုးက သံဖြူဆိုင်ပင် ဘယ်အချိန် တံခါးပိတ်သွားသည် မသိလိုက် ။ ဈေးလယ်လမ်းက ဈေးဝယ်သူတွေ မရှိတော့ဘဲ ဈေးဝန်ထမ်းလိုင်းခန်း ကလေးတွေအတွက် ကစားကွင်း ဖြစ်နေပြီ ။

“ သူ စာပြန်တော့ တကယ်ရော ... ရလို့လား ဆရာကြီး ”

“ ဟာ ... ဘယ့်နှယ် မေးပါလိမ့် မောင်ရာ ၊ ဒီကောင် ဘယ်တုန်းကမှ စာရဖူးတာမှ မဟုတ်တာကွာ ။ ဒါနဲ့ သူ ကျေနပ်အောင် လက်ဝါးကို ငါးချက် ရိုက်ပေးလိုက်ရတယ် မောင်ရေ့ ”

ငါးချက်တဲ့ ။ ကလေးတစ်ယောက် လက်ဖဝါး အတွက် ငါးချက် ဆိုသော ကြိမ်ဒဏ်ရာ ။ ရဲခနဲ တွတ်တွတ် နီသွားမည့် လက်ဖဝါးလေးကို ပြေးမြင်မိသည် ။ “ အီဆိမ့် သွားမှာပဲ ” ဟု ကျွန်တော် ထောက်လိုက်တော့ ဆရာကြီး လက်ကာပြသည် ။ မထင်နဲ့ ငါ့ကောင်ရေတဲ့ ။ သွားကြီးတွေ ဖြဲပြီး ‘ ဟည်း ’ ခနဲ ရယ်ရင်း သူ့ခုံကို အပြေးဝင် သွားသတဲ့ ။ ဆရာကြီးက ထရပ်သည် ။ ကျွန်တော်က ဆရာ သစ္စာနီ၏ ‘ အခြားသောအရာများနှင့် လူ ’ စာအုပ်ကို ပေးလိုက်သည် ။ ဆရာကြီးက ပုဆိုးပြင်ဝတ် ၊ စာအုပ်ကို ခါးကြား ထိုးထည့်၍ ခေတ်ဟောင်း စက်ဘီးကြီးကို ဒေါက်ဖြုတ်သည် ။ ပြီးတော့ ... ၊ ပြီးတော့မှ ကျွန်တော့် ဘက်ကို လှည့်၍ ကျွန်တော့် ရင်ဘတ်ဆီ တည့်တည့် ချိန်ကာ နောက်ဆုံး ကျည်ဆန်တစ်တောင့်ကို ( ရက်ရက် စက်စက် ) တေ့ဖြုတ်သွားလေသည် ။

“ တကယ် နာသွားတာက ရိုက်လိုက်မိတဲ့ ငါ့လက်ကွ ...”

ပြောပြီးပြီးချင်း စက်ဘီး နင်းထွက်သွားသည် ။ နောက်ဘက် ခါးကြားမှာ စာအုပ်တစ်အုပ် ညှပ်လျက် ။

ကျွန်တော့်မှာ အလစ် တိုက်ခိုက်ခံရသလို နာကျင်မေ့မော ရပ်ကျန်ရစ်၏ ။ ဆိုင်ပိတ်ရန် ခေါက်တံခါးရွက် ကိုင်လျက် ။ ဈေးပေါက်ဝမှ စည်ပင်ဝန်ထမ်းက တံခါး ပိတ်တော့မည်ဖြစ်ကြောင်း အချက်လှမ်းပြနေပြီ ။

ကျွန်တော်က ဈေးပေါက်ဝမှ လမ်းအတိုင်း ချိုးကွေ့သွားသော စက်ဘီးအိုကြီးကို ငေးရင်း ကျွန်တော် ၆ တန်း ကျောင်းသားဘဝက အတန်းထဲ ဒေါင်းတည်မောင်းတည် ဝင်ချလာသည့် စိန်ဗေဒါကြီး ကို ပြေးသတိရသည် ။

လက်ထဲက ပျဉ်ပြားပဲ့ကို ဆ လျက် “ ဒီသစ်သား ပြားပဲ့နေတာ လေတိုက်လို့ မဟုတ်ဘူးကွ ” ဆိုသော စကားကိုလည်း ပြန်သတိရသည် ။  ။

▢ မိုးကျော်ဇင်
📖ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း
     ဇူလိုင် ၊ ၂ဝ၁၆

Monday, September 29, 2025

ဗုံတီးသမား

 ❝ ဗုံတီးသမား ❞

      ( ပုံပြင် )


တစ်ညနေခင်း၌ ဗုံတီးသမားကလေး တစ်ယောက်သည် ရေအိုင် တစ်ခု၏ ကမ်းပေါ် တွင် ဖြူဖွေးသော အဝတ်စကလေး သုံးစကို တွေ့ရှိရလေရာ ယူ၍ အိမ်သို့ ပြန်လာခဲ့ပြီးလျှင် အိပ်လေ၏ ။


ညအခါ၌ သူ့နားမှ အသံတိုးတိုး တစ်ခုက “ ဗုံတီးသမား ... ဗုံတီးသမား ။ ထပါ ... ထပါ ” ဟု ပြတ်သားစွာ ခေါ်နေပြီးလျှင် လက်ကလေး တစ်ချောင်းသည် သူ၏ အိပ်ရာဘေးတွင် လှုပ်ရှားနေသည်ကို တွေ့မြင်ရလေ၏ ။ 


“ ဟေ့ ... မင်း ဘာလိုချင်လို့လဲ ... ” ဟု ဗုံသမားက မေးလိုက်လေ၏ ။ 


“ ကမ်းပေါ်က ယူလာခဲ့တဲ့ ကျွန်မ အင်္ကျီစလေးတွေ ပြန်ပေးပါရှင် ။ ကျွန်မဟာ တန်ခိုးကြီးတဲ့ ဘုရင်တစ်ပါးရဲ့ သမီးတော်လေးပါ ။ ဒါပေမယ့် အခု စုန်းမကြီး တစ်ယောက်က ဖမ်းစားထားလို့ ဟောဟို ဖန်တောင်ကြီး ပေါ်မှာ နေရပါတယ် ။ ကျွန်မတို့ ညီအစ်မ သုံးဖော်ဟာ နေ့တိုင်းပဲ ရေအိုင်မှာ လာပြီး ရေချိုးကြရပါတယ် ။ ကျွန်မ အစ်မ နှစ်ယောက် ကတော့ ပြန်သွားကြတာ ကြာပါပြီ ။ ကျွန်မမှာသာ ဝတ်စရာအင်္ကျီ မရှိလို့ မပြန်နိုင်ဘဲ ကျန်ရစ်ခဲ့ရတာပါ ။ ကျွန်မကို ပြန်နိုင်အောင် ကူညီပါရှင် ” ဟု ပြန်ပြောပြလေ၏ ။


“ အေး ... မင်း အင်္ကျီစတွေ ငါ ပြန်ပေးမယ် ။ ပြီးတော့ ငါ မင်းကို ကယ်နိုင်ကောင်း ကယ်နိုင်ပါလိမ့်မယ် ” ဟု ဗုံသမား ပြော၏ ။


“ ရှင် ... ဖန်တောင်ပေါ်ကို ရောက်မယ် ဆိုရင်တော့ ကျွန်မကို စုန်းမကြီး လက်က လွတ်အောင် ကယ်နိုင်မှာပဲ ။ ဒါပေမယ့် ဒီဖန်တောင်ကြီးရဲ့ အပေါ်ကို တက်ဖို့ မဖြစ်နိုင်ပါဘူး ” ဟု သူက ထပ်ပြောပြန်သည် ။


ဗုံသမားကလည်း “ စိတ်သာ လိုရင်းပါကွယ် ။ ဒါပေမယ့် ဖန်တောင်ဆီ ကို သွားရမယ့် လမ်းတော့ မသိဘူး ” ဟုပြောလေ၏ ။


သူက “ လူရိုင်းတွေ နေတဲ့ တောကြီး တစ်တောကို ဖြတ်သွားတဲ့ လမ်း တစ်ခုတော့ ရှိတယ် ” ဟု ပြောပြီးလျှင် ထွက်ခွာသွားလေတော့သည် ။


မနက် မိုးလင်းသော အခါ၌ ဗုံသမားသည် ဗုံကြီးကို လွယ်လျက် လူရိုင်းများ နေထိုင်ရာ တောနက်တွင်းသို့ အကြောက်အရွံ့ ကင်းစွာ ထွက်သွားလေ၏ ။ သူသည် ဗုံကို တီးလိုက်လေသည် ။


ခဏကြာသောအခါ အိပ်နေသော ဘီလူးကြီး တစ်ကောင်သည် သူ့ ကိုယ်ကြီးဖြင့် မတ်မတ် ရပ်လိုက်ပြီးလျှင် “ ဟေ့ ... ငါ အိပ်နေတာ လန့်နိုးအောင် ဘာဖြစ်လို့ ဗုံတီးနေရတာလဲ ” ဟု အော်၍ မေးလိုက်၏ ။


ဗုံသမားကလည်း “ ငါ့နောက်မှာ လူတစ်ထောင် ပါလာတယ်ကွ ။ သူတို့ ဒီတောထဲကို လာကြမလို့ ၊ ဒါကြောင့် ငါ ဗုံတီးတာပေါ့ ” ဟု ပြန်ပြောလေ၏ ။


ဘီလူးက “ သူတို့က ငါနေတဲ့ တောထဲကို ဘာလုပ်ဖို့ လာကြရတာလဲကွ ” ဟု ပြန်မေး ဟု ပြန်ပြောလေ၏ ။


ဗုံသမားက “ သူတို့လား ... သူတို့ မင်းကို သ,တ်မလို့ လာကြတာပေါ့ ”


ဗုံသမားက “ မင်း သူတို့ကို ကုန်းပြီး ဖမ်းလိုက်ရင် မင်းလက်ထဲက လွတ်ထွက်သွားမှာပဲ ။ ပြီးတော့ မင်းအိပ်ရင် မင်းကိုယ်ပေါ်မှာ တက်ပြီး သူတို့က တူတွေနဲ့ ထုကြလိမ့်မယ် ” ဟု ပြော လေရာ ဘီလူးကြီးသည် ကြောက်ရွံ့လာလေ၏ ။


ဘီလူးကြီးလည်း “ အင်း ... ဒီလူတွေကိုတော့ ငါ ဘယ်လို လုပ်ရမယ် မသိပါဘူး ” ဟု တွေးပြီးလျှင် “ ဟေ့ ... မင်းနဲ့ မင်းအဖော် အားလုံး ဒီက ထွက်သွားကြပါ ။ ငါ မင်းတို့ကို ရန်မပြုပါဘူး ။ ဒါမှမဟုတ်ရင် မင်း တစ်ယောက်တည်း အတွက် ဘာများ အလိုရှိပါသလဲ ” ဟု အော်ပြောလေ၏ ။


ဗုံသမားက “ ငါ့ကို ဟောဟို ဖန်တောင်ကြီးပေါ်ကို ရောက်အောင် ပို့ပေးပါလားကွာ ။ ဒီလိုဆိုရင် ငါ့လူတွေကို ပြန်ဖို့ အချက်ပေး လိုက်မှာပေါ့ ” ဟု ပြောလေရာ ဘီလူးကြီးသည် ဗုံသမားကို သူ့ပခုံးပေါ်သို့ မ၍ တင်လိုက်လေ၏ ။


နောက်တစ်ကြိမ်၌ လမ်းတွင် ရပ်နေလျက်ရှိသော ဒုတိယ ဘီလူးကြီးနှင့် တွေ့ရာ သူက ဗုံသမားအား လှမ်းယူလိုက်ပြီးလျှင် သူ၏ အင်္ကျီ ကြယ်သီးပေါက်ထဲတွင် ထည့်ထားလိုက် lလေ၏ ။ ဘီလူးကြီး၏ အင်္ကျီကြယ်သီးမှာ ပန်းကန်ပြားလောက် ကြီးသဖြင့် ဗုံသမားက ကိုင်ကာ လိုက်ပါ သွားလေသည် ။


ထို့နောက် သူတို့ တတိယဘီလူးကြီး ထံသို့ သွားကြရာ သူက ဗုံသမားကို လှမ်းယူပြီး လျှင် သူ၏ ဦးထုပ်နှုတ်ခမ်း ပေါ်တွင် တင်ထားလေ၏ ။ ဗုံသမားသည် ဘီလူးကြီး၏ ဦးထုပ်ပေါ်တွင် တက်ချေ ဆင်းချေဖြင့် ကြည့်လိုက်ရာ သစ်ပင်ထိပ်ဖျားများနှင့် ကောင်းကင်ပြာထဲမှာ ထိုးထွက် နေသော ဖန်တောင်ကြီးကို လှမ်းမြင်ရလေ၏ ။ ဘီလူးကြီးလည်း ခြေလှမ်း အနည်းငယ် လှမ်း လိုက်ရုံမျှဖြင့် ဖန်တောင်ကြီး၏ ခြေရင်းသို့ ရောက်ရှိလေ၏ ။


သူသည် ဗုံသမားကို အောက်သို့ ချပြီးနောက် တောနက်တွင်းသို့ ပြန်ဝင်သွားလေ၏ ။ ဖန်တောင်ကြီးမှာ တောင်သုံးလုံး ထိပ်ဖျားချင်း ထပ်နေကာ အတွင်းသို့ ဒိုးယို မြင်နေရပြီးလျှင် ဘေးမှာ ချောမွတ် နေလေ၏ ။


သူသည် ဖန်တောင်ပေါ်သို့ တက်ရန် ကြိုးစားသော်လည်း မရနိုင်ဘဲနေစဉ် လူနှစ် ယောက် ရန်ဖြစ် နေကြသည်ကို မြင်လေ၏ ။ သူသည် အနီးသို့ ရောက်သွားသောအခါ မြင်းကုန်းနှီး တစ်ခုကို မြေကြီးပေါ်မှာ တွေ့ရှိရလေ၏ ။


ဗုံသမားက မြင်းကုန်းနှီးကို ကြည့်၍ “ ခင်ဗျားတို့မှာ စီးစရာ မြင်းလည်း မရှိဘဲနဲ့ ဒီကုန်းနှီး အတွက် ရန်ဖြစ်လိုက်ကြတာ တယ်မိုက်ပါကလား ” ဟု ဝင်၍ ပြောလိုက်လေ၏ ။ ထိုအခါ တစ်ယောက်သော သူက “ ဟာ ... ကုန်းနှီးက တစ်ယောက်ယောက် တက်စီးလိုက်သွားရင် လိုရာကို ပျံနိုင်တယ် ။ ဒီကုန်းနှီးကို ကျုပ်တို့ နှစ်ယောက် ပိုင်တယ်ဗျ ။ တစ်ယောက်တစ်လှည့်စီ စီးရတယ် ။ အခု ကျုပ်အလှည့်မှာ သူက ဖယ်မပေးလို့ ဒီလို ရန်ဖြစ်နေကြရတာ ” ဟုပြန်ပြောလေ၏ ။


ဗုံသမားသည် ခပ်လှမ်းလှမ်း နေရာတွင် တိုင်ဖြူ တစ်တိုင်ကို စိုက်ထူလိုက်ပြီးလျှင် ...

 

“ ကဲ ... ခင်ဗျားတို့ နှစ်ယောက် ဟောဒီ တိုင်ကို ရောက်အောင် ပြေးကြပေတော့ ။ အရင် ရောက်တဲ့ လူက ကုန်းနှီးကို ယူပေါ့ဗျာ ” ဟု ပြောလေရာ လူနှစ်ယောက်သည် တိုင်ရှိရာ သို့စတင်၍ ပြေးကြလေတော့သည် ။


သူတို့ပြေး၍ ခြေလှမ်း အနည်းငယ်မျှသာ ရှိစဉ် ဗုံသမားသည် ဗုံကို လွယ်ကာ ကုန်းနှီးကို တက်စီးပြီးလျှင် ဖန်တောင်ပေါ်သို့ ရောက်ရန် တောင့်တလိုက်သည် ။ မျက်စေ့ တစ်မှိတ်လောက်၌ သူသည် ဖန်တောင်ကြီး ပေါ်သို့ ရောက်ရှိသွားလေ၏ ။ ဖန်တောင်ကြီး ပေါ်တွင် ကျောက်အိမ်ကြီး တစ်အိမ်ရှိ၏ ။


သူသည် ကျောက်အိမ်ကြီး၏ တံခါးကို ခေါက်လိုက်ရာ အတွင်းမှ အသားညိုညို ၊ မျက်လုံး အနီရောင် ရှိသော အမယ်အိုကြီး တစ်ယောက် ထွက်လာကာ “ ဟေ့ ... သူငယ် ဘာ လိုချင်လို့လဲ ” ဟု မေးလိုက်လေ၏ ။ ဗုံသမားကလည်း “ ကျွန်တော် ဒီမှာ ခဏ တည်းခိုပါရစေ ခင်ဗျာ ” ဟုပြန်ပြောလိုက်လေ၏ ။


အမယ်အိုက “ အေး ... တည်းချင်ရင် တည်းရမှာပေါ့ကွယ် ။ မင်း ငါခိုင်းတဲ့ အလုပ် သုံးခုကို လုပ်ပြရမယ် ။ ဘယ့်နှယ်လဲ လုပ်မလား ” ဟု မေးလေရာ ဗုံသမားက “ ဟုတ်ကဲ့ ... လုပ် တာပေါ့ ” ဟု ဆိုသဖြင့် အမယ်အိုက ဗုံသမားကို အိမ်တွင်းသို့ ခေါ်သွားလေ၏ ။


မနက်မိုးလင်းသောအခါ အမယ်အို ရောက်လာ၍ သူ၏ လက်ချောင်းမှာ စွပ်ထားသော အပ်ထောက်ကလေးကို ချွတ်ယူပြီးလျှင် ဗုံသမားအား ပေး၍ “ ကဲ ... မင်း ဟောဒီ အပ်ထောက်ကလေးနဲ့ ရေကန်ထဲက ရေတွေကို ကုန်အောင် ခပ်ပစ်ပေတော့ ။ ရေတွေ ကုန်သွားရင် ကန်ထဲမှာ ရှိတဲ့ ငါးတွေကို ဖမ်းပြီး အကြီးအငယ် အရွယ်အစားစားတွေကို စီထားရမယ် ” ဟု ခိုင်းစေလေ၏ ။


ဗုံသမားလည်း တစ်မနက်လုံး ရေခပ်သော်လည်း ဘာမျှ အကြောင်းမထူးသဖြင့် မလုပ်တော့ဘူးဟု အောက်မေ့ နေလေတော့သည် ။


ညစာစားချိန်၌ မိန်းမပျို တစ်ယောက် ပေါ်လာ၍ သူ့အတွက် ညစာများကို တောင်း တစ်ခုနှင့် ယူလာလေ၏ ။ မိန်းမပျိုက “ ဘာများ ဖြစ်လို့လဲရှင် ” ဟု မေးလေ၏ ။ ဗုံသမားက “ ကျွန်တော်တော့ အမယ်အို ခိုင်းတဲ့ အလုပ်ကို မလုပ်တော့ဘူးဗျာ ။ ကျွန်တော် ဒီကို လာတာဟာ မင်းသမီးလေးကို ရှာဖို့ လာခဲ့တာပါ ” ဟုပြောပြလေ၏ ။ မိန်းမပျိုက “ မင်းသမီးလေးကို တွေ့ချင်ရင် စောင့်ဦးပေါ့ရှင့် ... ကျွန်မ ရှင့်ကို ကူညီမှာပေါ့ ။ ကဲ ... ကဲ ... ရှင်မောလာတယ် ။ ကျွန်မ ပေါင်ပေါ်မှာ ခဏ လှဲအိပ် နေလိုက်စမ်းပါ ။ ရှင်နိုးလာတော့ ရှင့်ကို ခိုင်းထားတဲ့ အလုပ်တွေ ပြီးစီးနေတာ တွေ့ရပါလိမ့်မယ် ” ဟု ပြောသဖြင့် ဗုံသမားလည်း လှဲကာ အိပ်လိုက်လေ၏ ။ မိန်းမပျိုလည်း သူ ဝတ်ထားသော လိုတရသည့် လက်စွပ်ကလေးကို လှည့်လိုက်ပြီးလျှင် “ ရေတွေ ခမ်းစေ ... ခမ်းစေ ... ငါးတွေ ရောက်စေ ရောက်စေ ” ဟု နှုတ်မှ ရွတ်ဆို လိုက်လေ၏ ။ ရေကန်တွင်းရှိ ရေများ ခမ်းသွားပြီးလျှင် ငါးများမှာလည်း ကုန်းပေါ်သို့ ရောက်လာကာ စီစီရီရီ ဖြစ်သွားလေ၏ ။


ဗုံသမား နိုးလာသောအခါ မိန်းမပျိုက “ ကဲ ... ငါးတွေတော့ ကုန်းပေါ် ရောက်ကြပြီ ။ ဒါပေမယ့် ငါးတစ်ကောင်ဟာ တစ်ကောင်တည်း ဖြစ်နေတယ် ။ အမယ်အို ရှင့်ကို မေးရင် ရှင်က သူ့မျက်နှာကို ငါးနဲ့ ကောက်ပေါက်လိုက်ပြီး “ အဲဒါ နင်ဖို့ပေါ့ဟဲ့ ... စုန်းမကြီးရဲ့ လို့ ပြောပေတော့ ” ဟု မှာထားလေ၏ ။


ညနေစောင်းသော် အမယ်အို ရောက်လာ၍ ဗုံသမားက မိန်းမပျို မှာထားသည့် အတိုင်း “ ဒီငါးဟာ နင့်ဖို့ပေါ့ဟဲ့ စုန်းမကြီးရဲ့ ” ဟုပြောကာ ငါးကိုယူ၍ အမယ်အို၏ မျက်နှာသို့ ပေါက်လိုက်လေ၏ ။


နောက်တစ်နေ့ မနက်၌လည်း အမယ်အို ရောက်လာပြီးလျှင် ဗုံသမားအား “ မနေ့က အလုပ်ဟာ အင်မတန် လွယ်တာပဲ ။ ဒီကနေ့တော့ မင်း ဟောဟို တောနက်ကြီးမှာ ရှိတဲ့ သစ်ပင်တွေ အားလုံးကို ခုတ်လှဲရမယ် ။ ပြီးတော့ ထင်းဖြစ်အောင် ဖြတ်ပေတော့ ” ဟု ပြောပြီး လျှင် ခဲပုဆိန်တစ်ချောင်း ၊ ရဲဒင်းတစ်လက် ၊ ခဲလွှနှစ်ချောင်းကို ပေးလေ၏ ။


ဗုံသမားလည်း ဘာမှ မလုပ်တတ်ဘဲ ရှိနေစဉ် မိန်းမပျို ရောက်လာလေ၏ ။ သူက “ ကဲ ... ရှင် စိတ်မပူပါနဲ့ ။ ကျွန်မ ပေါင်ပေါ် ခဏ အိပ်လိုက်ပါ ။ ရှင့်အလုပ် ပြီးစီးပါလိမ့်မယ် ” ဟု ပြောသဖြင့် ဗုံသမားသည် မိန်းမပျို၏ ပေါင်ကို ခေါင်းအုံး၍ အိပ်လိုက်လေ၏ ။ အိပ်ရာမှ နိုးလာသော အခါ တောနက်ကြီး မရှိတော့ဘဲ သစ်ပင်များ အားလုံး ထင်းဖြစ်နေသည်ကို အံ့ဩစွာ တွေ့မြင်ရ လေ၏ ။ မိန်းမပျိုက “ ကဲ ... ထင်းတွေ ဖြစ်သွားပါပြီ ။ ဒါပေမယ့် ထင်းတစ်ချောင်းဟာ အပုံထဲမှာ မနေဘဲ အခြား ကွဲထွက်နေတယ် ။ အမယ်အို လာလို့ မေးရင် ရှင် မနေ့ကလိုပဲ ပြောပြီး ထင်း ချောင်းနဲ့ ကောက်ပေါက်လိုက်ပေတော့ ” ဟု မှာထားခဲ့လေ၏ ။


အမယ်အို ရောက်လာသောအခါ ထင်းပုံများကို ကြည့်ပြီးလျှင် “ ထင်းတွေ ကတော့ ကောင်းပါရဲ့ ဟိုထင်းတစ်ချောင်းက ဘာလို့ တခြားမှာ ကွဲနေသလဲကွဲ့ ” ဟု မေးလေရာ ဗုံသမား က “ အဲဒါကနင့်ဖို့ပေါ့ဟဲ့ စုန်းမကြီးရဲ့ ” ဟုဆိုကာ ထင်းချောင်းဖြင့် အမယ်အို၏ ခေါင်းကို ချလိုက်လေ၏ ။


နောက်တစ်နေ့ မနက်၌ အမယ်အို ရောက်လာ ပြန်၍ ဒီကနေ့တော့ မနေ့က ထင်းတွေကို တစ်ချောင်းစီ ရေတွက်ရမယ် ။ ပြီးရင် စီထားပြီး မီးတိုက်ပေတော့ ” ဟု ခိုင်းလေ၏ ။ ဗုံသမားသည် မိန်းမပျို၏ အကူအညီဖြင့် လှဲအိပ်ရာမှ ပြန်နိုးလာသော အခါ၌ စုပုံပြီး ထင်းများမှာ မီးလျှံ ရဲရဲတောက် နေသည်ကို တွေ့မြင်ရလေ၏ ။


“ ကဲ ... ထင်းတွေကို ရေပြီး မီးပုံရှို့လိုက်ပြီ ။ ဒါပေမယ့် ထင်းတစ်ချောင်းဟာ မီးပုံထဲမှာ မလောင်ဘူး ။ အမယ်အို ရောက်လာရင် အဲဒီထင်းချောင်းကို ယူခိုင်းလိမ့်မယ် ။ ရှင်က မကြောက်မရွံ့ဘဲ မီးပုံထဲ ခုန်ဆင်းပြီး ယူပါ ။ ထင်းစကို ယူပြီးရင် စုန်းမကြီးကို တစ်ခါထဲ မီးပုံထဲ တွန်းချ လိုက်ပေတော့ ”


မိန်းမပျိုက ဗုံသမားကို မှာထား ပြီးလျှင် ထွက်သွားလေ၏ ။ အမယ်အို ရောက်လာသောအခါ မီးပုံကို မြင်၍ “ ဟောဟို ထင်းချောင်းကို မီးမလောင်ပါဘဲကလား ။ ဟေ့ ... သူငယ် မီးပုံထဲက ထင်းစကို သွားယူချေစမ်း ” ဟုစေခိုင်းပြန်၏ ။


ဗုံသမားလည်း မိန်းမပျို မှာထားသည့်အတိုင်း ထင်းစကိုယူရန် မီးပုံတွင်းသို့ ရဲရင့်စွာ ခုန်ဆင်းလိုက်ရာ သူ့ကို မီးမလောင်ဘဲ ထင်းစကို ယူကာ ပြန်ထွက် လာခဲ့လေ၏ ။ သူသည် ထင်းစကို ယူလာပြီးနောက် မြေပေါ်သို့ ပစ်ချလိုက်သောအခါ ချစ်ဖွယ်ကောင်းသော မိန်းမပျိုကလေး တစ်ယောက် ဖြစ်သွားလေ၏ ။ ရွှေဝတ်ရုံကို ဝတ်လျက်ရှိသော သူ့အား စုန်းမကြီး၏ ရန်မှ ကယ်ဆယ်ခဲ့သော ထိုမိန်းမပျိုကလေးမှာ သူ လိုက်ရှာနေသော မင်းသမီးကလေး ဖြစ်နေလေ၏ ။ ဗုံသမားသည် စုန်းမကြီးအား ဆွဲညှစ်ကာ မီးပုံတွင်းသို့ ပစ်ချလိုက်လေ၏ ။


ထို့နောက် မိန်းမပျိုကလေးသည် ဗုံသမားကို သေချာစွာ ကြည့်လိုက်ပြီးလျှင် “ ရှင်ဟာ ကျွန်မ အသက်ကို စုန်းမကြီး လက်က ရဲဝံ့စွာ ကယ်ဆယ်ခဲ့တဲ့သူပါ ။ ရှင့်ကို လက်ထပ်ဖို့ ကျွန်မ ကတိပြုပါတယ် ” ဟု ပြောလေ၏ ။ သူသည် စုန်းမကြီး၏ ရတနာများစွာကို လိုက်ပြလေ၏ ။ အဖိုးတန် စိန်ကျောက်ရတနာများကို ယူကြလေ၏ ။


မင်းသမီးက သူ၏ တိုင်းပြည်သို့ ပြန်ရန် လိုတရသော လက်စွပ်ကလေးကို ပွတ်လှည့်လိုက်ရာ မြို့တော် တံခါးဝသို့ ရောက်သွားကြလေ၏ ။ ထို့နောက် ဗုံသမားက “ ကဲ ... ကျုပ်တို့ မြို့တော်ကို ရောက်ကြပြီ ။ ကျုပ် မိဘများဆီကို သွားပြီး အကျိုးအကြောင်း ပြောပြချေဦးမယ် ။ မင်းသမီးက ဟောဒီ မြို့ပြင်က လယ်ကွက် ထဲမှာ စောင့်နေပါ ။ ကျုပ် မကြာခင် ပြန်လာခဲ့ပါ့မယ် ... ” ဟု ပြောပြလေ၏ ။


မင်းသမီးကလည်း “ အို ... ခဏနေပါဦး ။ ကျွန်မ မှာလိုက်ပါရစေ ။ ရှင့် မိဘတွေကို တွေ့ရင် ညာဘက်ပါးကို ဘယ်နည်းနဲ့မှ မနမ်းလိုက်ပါနဲ့ ။ ရှင် နမ်းလိုက်တာနဲ့ တစ်ပြိုင်နက် ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို မေ့သွား ပါလိမ့်မယ် ။ ရှင် သတိထားပါနော် ” ဟု မှာလိုက်လေ၏ ။ ဗုံသမားသည် သူ့မိဘများ အိမ်သို့ ပြန်ရောက်သောအခါ သူ့မိဘများက ဝမ်းသာအားရ နမ်းကြလေ၏ ။ ဗုံသမားကလည်း မင်းသမီး တားမြစ်ထားသော စကားကို မေ့ကာ သူ့မိဘများ၏ ပါးနှစ်ဖက်လုံးကို ပြန်၍ နမ်းလိုက်မိလေရာ မင်းသမီးနှင့် သူ့ အဖြစ်အပျက်များကို တစ်ခါတည်း မေ့ပျောက် သွားလေ၏ ။


သူသည် ယူလာခဲ့သော ရတနာများဖြင့် ရဲတိုက်ကြီး တစ်တိုက် ဆောက်လုပ်ပြီး နေထိုင်နေ၏ ။ ထို့နောက် သတို့သမီး ရွေးလေ၏ ။


သနားဖွယ်ရာ ကောင်းသော မင်းသမီးလေး မှာမူ မြို့တံခါးဝတွင် ကြာမြင့်စွာ စောင့်နေ လျက်ပင် ရှိလေ၏ ။ နောက်ဆုံး၌ ဗုံသမား၏ လက်ထပ်ပွဲသည် နက်ဖြန်မနက်၌ ကျင်းပတော့မည် ဟူသော သတင်းကို မင်းသမီး ကြားသိရလေ၏ ။


လက်ထပ်ပွဲ ပထမနေ့၌ မင်းသမီးသည် သူ့ လက်စွပ်ကလေးကို ပွတ်လှည့်ပြီးလျှင် နေရောင်ကဲ့သို့ တောက်ပသော ဝတ်ရုံကို တောင့်တလိုက်လေ၏ ။ သူသည် ထိုအင်္ကျီကို ဝတ်ပြီးလျှင် ဧည့်ခန်းဆောင်ကြီး ထဲသို့ ဝင်သွားရာ လူတိုင်းက အံ့ဩစွာ ကြည့်ရှုကြရလေ၏ ။


အထူးသဖြင့် အဝတ် လှလှပပများကို စုံမက်သော သတို့သမီးပင် သူ့ကို ကြည့်ရှုရလေ၏ ။ သတို့သမီးလည်း မင်းသမီး ထံသို့ လာရောက်ပြီးလျှင် ထိုလှပသော အင်္ကျီကို သူ့အား ရောင်းပါရန် ပြောလေ၏ ။ ထိုအခါ မင်းသမီးက “ ကျွန်မ အင်္ကျီဟာ ရောင်းဖို့ မဟုတ်ပါဘူးရှင် ။ ကျွန်မ ငွေမလို ချင်ပါဘူး ။ ဒါပေမယ့် သတို့သားရဲ့ အိပ်ခန်းဆောင်ဘေးနားမှာ ကျွန်မကို တစ်ညလုံး နေခွင့်ပေးမယ် ဆိုရင်ကျွန်မ အင်္ကျီ ကိုလည်း သတို့သမီးကို ပေးခဲ့ပါ့မယ် ” ဟု ပြန်ပြောလေ၏ ။ သတို့သမီးလည်း လှပသော အင်္ကျီကို လိုချင်လှသဖြင့် မင်းသမီး ပြောသည်ကို ခွင့်ပြုပြီးနောက် သတို့သား အိပ်ပျော်စေရန် အရက်ထဲတွင် အိပ်ဆေး အနည်းငယ် ခပ်ထည့်ပြီးလျှင် တိုက်ထားခဲ့လေ၏ ။ ညအခါ တစ်အိမ်လုံး တိတ်ဆိတ် နေသည့် အခိုက် မင်းသမီးသည် ဗုံသမား အိပ်ခန်းဆောင် နားသို့ တွားသွားပြီးလျှင် တံခါးကို အနည်းငယ် ဟပြီးနောက် ခပ်တိုးတိုး ခေါ်ကြည့်လေ၏ ။


“ ဗုံသမား ... ဗုံသမား ... ငါ့ကို မေ့ပြီလား ။ ဗုံသမား ... ဗုံသမား ... ငါ့ကို မေ့ပြီလား ” 


မင်းသမီးက ဤသို့ ထပ်ကာ ထပ်ကာ နှိုးနေသော်လည်း အိပ်ဆေး သောက်မိသော ဗုံသမားသည် အိပ်ပျော်လျက်ပင် ရှိလေ၏ ။ နံနက် မိုးလင်းသောအခါ မင်းသမီးသည် အကြံ မအောင်မြင်သောကြောင့် သူ့နေရာသို့ ပြန်လာခဲ့ရလေ၏ ။


ဒုတိယနေ့ ညနေ၌ မင်းသမီးသည် သူ၏ လက်စွပ်ကလေးကို ပွတ်လှည့်ပြီးလျှင် လရောင် ကဲ့သို့ လှပသော အင်္ကျီကို တောင့်တ လိုက်လေ၏ ။ အင်္ကျီလည်း ပေါ်လာပြန်လေ၏ ။ မင်းသမီးသည် ထိုလရောင် ကဲ့သို့ လှပသော အင်္ကျီကို ဝတ်ကာ သွားရာတွင် သတို့သမီးက တောင်းပြန်သဖြင့် သတို့သား၏ အိပ်ခန်းဆောင် ဘေးနားတွင် တစ်ညလုံး နေခွင့်ရလေ၏ ။ သတို့သမီးလည်း သတို့သားကို အိပ်ပျော် နေစေရန် အရက်ထဲတွင် အိပ်ဆေး ထည့်ကာ တိုက် ထားခဲ့လေ၏ ။


တိတ်ဆိတ်သော ညအချိန်၌ မင်းသမီးသည် ဗုံသမား၏ အိပ်ခန်းဆောင် နားသို့ သွား ပြီးလျှင် တိုးတိုး ခေါ်ပြန်လေ၏ ။


“ ဗုံသမား .. ဗုံသမား ... ငါ့ကို မေ့ပြီလား ။ ဗုံသမား ... ဗုံသမား ... ငါ့ကို မေ့ပြီလား ” 


မင်းသမီးက ဤသို့ ထပ်ကာ ထပ်ကာ နှိုးနေသော်လည်း အိပ်ဆေး သောက်ထားမိသော ဗုံသမားသည် အိပ်ပျော်နေလျက်ပင် ရှိလေ၏ ။ နံနက် လင်းသောအခါ မင်းသမီးသည် အကြံ မအောင်မြင်သောကြောင့် သူ့နေရာသို့ ပြန်သွားရလေ၏ ။


သို့သော် အိမ်တွင် ရှိသော အခြွေအရံ အချို့က ထူးဆန်းသော မိန်းမပျို၏ ဝမ်းနည်းစွာ ခေါ်နှိုးနေခြင်းကို ကြားသိလိုက်ကြရလေ၏ ။ ထိုအကြောင်းကို သတို့သားအား ပြန် ပြောပြလိုက်ကြလေ၏ ။ အကယ်၍သာ အိပ်ဆေး ထည့်ထားသော အရက်ကို မသောက်ဘဲ နေမည်ဆိုပါက ညအခါ၌ ထိုအကြောင်းကို သိရလိမ့်မည်ဟု သူတို့က ပြောကြ၏ ။


တတိယနေ့ ညနေ၌ မင်းသမီးသည် သူ၏ လက်စွပ်ကလေးကို ပွတ်လှည့်ပြီးလျှင် ကြယ်ပွင့်များ ကဲ့သို့ တောက်ပသော အင်္ကျီကို တောင့်တ လိုက်လေ၏ ။ အင်္ကျီလည်း ပေါ်လာလေ၏ ။ မင်းသမီးလည်း ထိုအင်္ကျီကို ဝတ်ကာ ဧည့်ခန်းဆောင်သို့ သွားပြန်ရာ သတို့သမီးက တောင်းသဖြင့် သတို့သား၏ အိပ်ခန်းဆောင် ဘေးနားတွင် တစ်ညလုံး နေခွင့်ရပြန်လေ၏ ။ ထိုည၌မူကား သတို့သားသည် အိပ်ဆေး ထည့်ထားသော အရက်ကို မသောက်ဘဲ အိပ်ရာအောက်တွင် တိတ်တဆိတ် သွန်ပစ်လိုက်လေ၏ ။


တစ်အိမ်လုံး တိတ်ဆိတ် သွားသောအခါ၌ ဗုံသမားသည် နား၌ တိုးတိုး ခေါ်နေသံကို ကြားရလေ၏ ။


“ ဗုံသမား ... ဗုံသမား ... ငါ့ကို မေ့ပြီလား ”


ထိုအသံကို ကြားရသည်နှင့် တစ်ပြိုင်နက် ဗုံသမားသည် မင်းသမီးကို ပြန်လည်၍ သတိရလာလေ၏ ။

 

“ အလို ... ငါဟာ ဘယ်လောက်များ သစ္စာမဲ့ခဲ့ပါလိမ့်မလဲကွယ် ။ ဒါဟာ စင်စစ်တော့ ငါ့မိဘများရဲ့ ပါးနှစ်ဖက်ကို နမ်းခဲ့မိလို့ ဖြစ်ရတဲ့ အပြစ်ပါပဲကွယ် ” ဟု ဗုံသမား ပြော ပြီးလျှင် အိပ်ရာထဲမှ ခုန်ထွက်လာခဲ့လေ၏ ။ သူသည် မင်းသမီး လက်ကို ဆွဲပြီးလျှင် သူ၏ မိဘများ ရှိရာသို့ ခေါ်သွားလေ၏ ။


“ အဖေတို့ အမေတို့ ခင်ဗျား ... ဟောဒီ မင်းသမီးဟာ ကျွန်တော့်ရဲ့ သတို့သမီး အစစ်ပါ ။ ကျွန်တော် တခြား မိန်းမ တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် သူ့ကို သစ္စာဖောက်ရာ ကျပါလိမ့်မယ် ” ဟု ပြောပြီးနောက် ဗုံသမားနှင့် မင်းသမီးတို့၏ လက်ထပ်ပွဲကို နောက်ထပ် ကျင်းပလေ၏ ။


ပထမသတို့သမီးမှာ ဗုံသမားနှင့် လက်မထပ်ရ သော်လည်း လှပသော အင်္ကျီ သုံးထည်ကို ရရှိသည့်အတွက် ကျေနပ်စွာ ခွင့်ပြုလိုက်လေတော့သည် ။


( ဘာသာပြန် )


〇 နုယဉ် 

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၅၈ ၊ ဖေဖော်ဝါရီ

လေ့ကျင့်ဖော်


 

❝ လေ့ကျင့်ဖော် ❞ 
( ဆွန်း - စက်မှုတက္ကသိုလ် )

“ သည်တစ်ချီပြီးရင် မင်း ဝင်ထိုး ”

လက်ဝှေ့ကြိုးဝိုင်းအောက်မှာ သွေးပူလေ့ကျင့်ခန်းကို စိတ်မပါ့တပါနှင့် ဝတ်ကျေတမ်းကျေ လုပ်နေသော သူ့ကို နည်းပြချုပ်က လှမ်းပြောသည် ။ သူက ခေါင်းညိတ်ပြပြီး ဘယ်ဝိုက် ညာထောက် လက်သီးတွဲလုံးတစ်စုံကို လေထဲသို့ အားပါးတရ ပစ်သွင်းလိုက်သည် ။ ပြီးမှ ပတ်တီးစည်းထားသည့် သူ့ လက်နှစ်ဖက်ကို အသင့် စောင့်ဆိုင်းနေသော လက်ထောက် နှစ်ယောက်ထံ ဆန့်တန်းပေး၏ ။ လက်ထောက်နှစ်ယောက်က သူ့လက်နှစ်ဖက်မှာ လက်ဝှေ့အိတ်များ စွပ်လျက် ခပ်တင်းတင်းလေး ချည်ပေးသည် ။ သူက ကြိုးဝိုင်းအတွင်းမှာ ဒုတိယလေ့ကျင့်ဖော်နှင့် ထိုးသ,တ်နေသည့် ကောင်လေးကို ငေးကြည့်သည် ။ ကောင်လေးက ဒုတိယလေ့ကျင့်ဖော်ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ဖိထိုးနေသည် ။ ဒုတိယလေ့ကျင့်ဖော်က အသည်း အသန် ခုခံကာကွယ် နေရသည် ။ အပြန်အလှန် ထိုးသ,တ်ဖို့ဆိုတာ ဝေလာဝေး ။ ရှောင်လိုက် တိမ်းလိုက် ၊ ကာလိုက် ကွယ်လိုက် ၊ ဆုတ်လိုက် ခွာလိုက် လုပ်နေရသည် ။ ထိုသို့ လုပ်နေရင်းမှ ကောင်လေး၏ လက်သီးများ တစ်လုံးပြီး တစ်လုံး ထိမှန်တာ ခံနေရသေးသည် ။ ကြည့်ရသည်မှာ ကြောင်က ကြွက်ကို မစားသေးမီ ကစားနေသည်နှင့်ပင် တူနေ၏ ။

စင်စစ် ကောင်လေးက ဒုတိယ လေ့ကျင့်ဖော်နှင့် မထိုးသ,တ်မီ ပထမလေ့ကျင့်ဖော်နှင့် သုံးချီသုံးလား ထိုးသ,တ်ထားပြီးပြီ ။ ယခု ဒုတိယလေ့ကျင့်ဖော်နှင့် ထိုးသ,တ်နေသည်မှာလည်း သုံးချီ ပြည့်တော့မည် ။ ကောင်လေးရဲ့ လက်ရည်က မကျ ။ လက်သီးချက်များက ပြင်းထန် မှန်ကန်နေတုန်း ။ ခြေထောက် အဆုတ် အတက်က လျင်မြန် သွက်လက်နေတုန်း ။ ကိုယ်ခန္ဓာက လန်းဆန်း ပေါ့ပါးနေတုန်း ။ သည်ပွဲကို ကောင်လေး ကြိုက်သည့် အချိန်မှာ သိမ်းလို့ရသည်ဆိုတာ လက်ဝှေ့အကြောင်း နားမလည်သူများပင် သိနိုင်သည် ။ လက်ရည်က အကွာကြီး ကွာသည်လေ ။ ချန်ပီယံ နှင့် သူ၏ လေ့ကျင့်ဖော်တို့ လေ့ကျင့်ထိုးသ,တ်နေတာကိုး ။

သူ ကြည့်နေစဉ်မှာပင် ကောင်လေး၏ အားပါပြင်းထန်သည့် ညာဝိုက်လက်သီး တစ်လုံး ဒုတိယလေ့ကျင့်ဖော် ၏ အကာအကွယ်မဲ့နေသည့် ဘယ်ဘက်မေးရိုးထံ အရှိန် ဖြင့် ပြေးဝင်သွားသည် ။ ပွဲသိမ်းလက်သီး ။ သည် လက်သီးသာ ပစ်မှတ်ဆီသို့ မိမိရရ ရောက်သွားလို့ကတော့ ။ ကြည့်နေသည့် သူ့ရင်တွေ ခုန်လာသည် ။ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာသည် ။

သို့သော် ဝါရင့်ဒုတိယ လေ့ကျင့်ဖော်က ပြေးဝင်လာသော လက်သီးကို ခေါင်းငုံ့ တိမ်းရှောင်သည် ။ သမ္ဘာ ရှိသော်လည်း လျင်မြန်ဖျတ်လတ်မှု ချို့တဲ့ အားနည်းနေပြီ ဖြစ်သည့် ဒုတိယလေ့ကျင့်ဖော်၏ အရှောင်အတိမ်းကလေး လံနှေးကွေးနေပြီ ။ ယခင်ကလို ပွဲကြည့်သူများ နှုတ်ဖျားမှ ‘ ဟာ ’ ခနဲ ၊ ‘ ဟင် ’ ခနဲ စသည့် အာမေဍိတ်သံများ ထွက်ပေါ် လာစေသည့် လှပသပ်ရပ်သော နွဲ့ယိမ်းတိမ်းရှောင်မှုမျိုး ဖြစ်မလာတော့ ။ လက်သီးက မေးရိုးကို မထိုးမိသော်လည်း ဦးခေါင်းကိုတော့ ထိထိမိမိ ထိုးမိသွား၏ ။ ဒုတိယလေ့ကျင့်ဖော် ‘ ခါ ’ ထွက်သွားသည် ။ ခေါင်း နှင့် နားအုံကို အကာအကွယ် ပေးထားသော လေ့ကျင့်ရေး ခေါင်းဆောင်းကြောင့်သာ အောက်အခင်းပေါ်သို့ တစ်ခါတည်း လဲပြိုကျ မသွားခြင်းဖြစ်သည် ။ ကောင်လေးက ယိမ်းယိုင်သွားသော ဒုတိယ လေ့ကျင့်ဖော် ထံသို့ ဘယ်ဖြောင့် လက်သီးတစ်လုံး ထပ်မံ ပစ်သွင်းရန် ဟန်ပြင်စဉ်မှာ မောင်းသံ ထွက်ပေါ်လာသည် ။ တော်သေးသည် ။ တစ်ချီတစ်လား ပြီးသွားပြန်ပြီ ။ မောင်းသံသာ စက္ကန့် ဝက်လောက် နောက်ကျပြီးမှ ထွက်ပေါ်ခဲ့မည်ဆိုပါက ...  ။

အားကစားသမားကောင်းပီပီ ကောင်လေးက ကိုယ်ရှိန်သ,တ်လိုက်သည် ။ ထို့နောက် ဒုတိယလေ့ကျင့်ဖော်ကို စူးစူးရဲရဲတစ်ချက် ကြည့်သည် ။ ဒုတိယလေ့ကျင့်ဖော်က လေးစားအထင်ကြီးဟန်ဖြင့် ခေါင်းညိတ်ပြသည် ။ ကောင်လေးက ချာခနဲ လှည့်ပြီး သူ့ထောင့်ဆီ ပြန်လျှောက်သွား၏ ။ သူ သက်ပြင်းချလိုက်မိသည် ။

“ အိုကေ ၊ မင်း ဝင်လို့ရပြီ တိုက်မောင်း ”

နည်းပြချုပ်၏ အသံ ထွက်လာသည် ။ မှတ်စုစာအုပ်နှင့် အလုပ်ရှုပ်နေသည့် နည်းပြဆရာက သူ့ထံ လျှောက်လာပြီး နောက်ဆုံး ညွှန်ကြားချက်ကို ပြောသည် ။

“ ကောင်လေးရဲ့ ချန်ပီယံ ကာကွယ်ပွဲက သိပ်နီးနေပြီ ။ သူ့ကို နာကျင်ထိခိုက်အောင် မထိုးနဲ့ ။ သူ့ရဲ့ ပွဲသိမ်းထိုးချက်တွေ မှန်ကန် ပြင်းထန်ထိရောက်ဖို့ သူ မင်းကို အဓိကထား လေ့ကျင့်လိမ့်မယ် ၊ ကူညီလိုက်ပါ ”

နည်းပြဆရာ၏ လိုလားချက်က တရားမျှတမှုတော့ မရှိ ။ ကောင်လေးက သူ့ကို အပြင်းအထန် ထိုးကြိတ် တိုက်ခိုက်မည်ဖြစ်သော်လည်း သူက ခုခံကာကွယ်ရုံသာ ကာကွယ်ရမည် ။ ကောင်လေး အလွန်အမင်း နာကျင်ထိခိုက်အောင် အကျောက်အကန် ပြန်လှန်ထိုးသ,တ်ခြင်း မပြုရ ။ သဘောက သူသည် ‘ သက်ရှိ လက်ဝှေ့လေ့ကျင့်ရေး သဲအိတ်တစ်လုံး ’ အဖြစ် လက်ဝှေ့ကြိုးဝိုင်းအတွင်း ဝင်ကာ ချန်ပီယံကောင်လေး၏ အထိုးအကြိတ်ကို ခံပေးရန်ပဲဖြစ်၏ ။

ဘယ်တတ်နိုင်မလဲလေ ။ သူ လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ဝင်ရသည့် ရည်ရွယ်ချက်ကိုက တရားမျှတစွာ သူတစ်ပြန် ကိုယ်တစ်ပြန် အပြန်အလှန် ထိုးသ,တ်ရန်မှ မဟုတ်တာ ။ ချန်ပီယံ တစ်ယောက် ချန်ပီယံ ဆက်ဖြစ် နေစေရေးအတွက် ကူညီလေ့ကျင့်ပေးရန်အတွက်သာ ဖြစ်၏ ။ သူက ကောင်လေး၏ ပြိုင်ဘက် မဟုတ် ။ “ လေ့ကျင့်ဖော် ” မျှသာ ဖြစ်၏ ။ သူက ပြုံးမဲ့မဲ့နှင့် နည်းပြဆရာကို ခေါင်းညိတ်ပြ၏ ။ ဝက်ဖြစ်မှတော့ မစင်ကြောက်နေ၍ မဖြစ် ။ ပါးစပ်ထဲသို့ ‘ သွားကာ ’ ကို ထည့်ပြီး စင်ပေါ်တက်သည် ။ ထို့နောက် ကြိုးတန်းနှစ်ခု အကြားမှ ငုံ့လျှိုးကာ လက်ဝှေ့ကြိုးဝိုင်းအတွင်း ဝင်လိုက်သည် ။

••••• ••••• •••••

ကောင်လေးက တက်လိုက်ဆုတ်လိုက် ၊ ပူးလိုက်ခွာလိုက်နှင့် သူ့ကို လှည့်ပတ် ထိုးသ,တ်နေသည် ။ ကောင်လေး၏ ခြေအနုတ်အသိမ်းက ပေါ့ပါးဖျတ်လတ်နေဆဲ ။ သူ နှင့် မထိုးသ,တ်မီ အခြား လေ့ကျင့်ဖော်များနှင့် ခြောက်ချီ ခြောက်လားတိတိ လေ့ကျင့် ထိုးသ,တ် ပြီးခဲ့ပြီ ဆိုသည်ကို လက်ခံယုံကြည်ရန်ပင် ခက်နေသေးသည် ။ မယုံကြည်လို့လည်း မရ ။ မျက်စိရှေ့မှာ ထင်ထင်ရှားရှား မြင်တွေ့နေရတာ မဟုတ်လား ။ သည်လို အရည်အသွေးတွေ ရှိနေလို့လည်း ချန်ပီယံ ဖြစ်နေတာလေ ။

သူကတော့ ကောင်လေး၏ ထိုးချက်များကို ကာလိုက်ဖယ်လိုက် ၊ တိမ်းလိုက် ယိမ်းလိုက်ဖြင့် ရှောင်ရှားရင်း ကောင်လေး၏ အားနည်းချက်များကို ဖွေရှာနေသည် ။ ကောင်လေးက သူ့ကို ဗဟိုပြုလျက် စက်ဝန်းတစ်ခု ပမာ လက်ယာ ရစ်လိုက် ၊ လက်ဝဲ ရစ်လိုက်နှင့် တိုက်စစ်ဆင် ထိုးသ,တ်နေသည် ။ ကောင်လေး၏ ကိုယ်ခန္ဓာ လှုပ်ရှားရွေ့လျားပုံက ဝတ်ရည် သောက်ရန် ပန်းပွင့်အနီးမှာ ဝေ့ဝဲပျံသန်းနေသည့် “ လိပ်ပြာ ” အလား ကြည့်ရသည်မှာ လှ ပဲလှသေးတော့ ။ ပျိုမျစ်နုနယ်ခြင်းနှင့် ကြံ့ခိုင်သန်စွမ်းခြင်းတို့ ပေါင်းစပ်ထားသည့် လျင်မြန်ပြင်းထန်သော လက်သီးချက်များကမူ အလွန် အဆိပ်ပြင်းသည့် “ တောကြီးပျား ” ၏ အစွယ်များသဖွယ် အန္တရာယ်ကြီးလှသည် ။ ချက်ကောင်းကိုသာ မိမိရရ ထိုးမိလိုက်လို့ ကတော့ ကျွဲတစ်ကောင်ပင် “ ဘိုင်းခနဲ ” ပစ်လဲကျနိုင်မည် ။

သူက ချန်ပီယံလေး၏ အပြင်းအထန် ထိုးကြိတ်တိုက် ခိုက်ခြင်းကို ခံနေရသော်လည်း သူ့ မသိစိတ်ကမူ ကောင်လေး ကို သဘောကျနေသည် ။ နုပျိုခြင်းနှင့် ကျွမ်းကျင်ခြင်း တို့ကြောင့် ရယူနိုင်သည့် ‘ ချန်ပီယံ ရွှေခါးပတ် ’ ပိုင်ရှင် လူငယ်လေး တစ်ယောက် ။ ဘယ်လောက်လှပတဲ့ ဘဝ လဲ ။ ဘယ်လောက် အားကျဖို့ ကောင်းတဲ့ ဘဝလဲ ။ သူ လည်း ကောင်လေး အရွယ်လောက်တုန်းက ကောင်လေး လိုပဲ လူအများ အားကျခဲ့ရ သည့် အောင်မြင်လှပသည့် ဘဝကို ပိုင်ဆိုင်ခဲ့ဖူးသည် ။ မှန်သည် ။ တစ်ချိန်က သူ လည်း ကောင်လေးလိုပဲ ကြေးစား လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည် ။

သူ့ချန်ပီယံသက်တမ်းက မရှည်ကြာခဲ့ ။ တတိယမြောက် ချန်ပီယံ ကာကွယ်ပွဲ မှာပင် သူ အပြင်းအထန် ထိခိုက် ဒဏ်ရာရကာ ကြေးစားလက်ဝှေ့သမားဘဝကို ကျောခိုင်းစွန့်လွှတ်ခဲ့ရသည် ။ ဆက်လက်ပြီး လက်ဝှေ့ ထိုးသ,တ်ရန် မဖြစ်နိုင်တော့သည့် သေရာပါ ဒဏ်ရာတစ်ခု သူရခဲ့သည် ။ သူ့ ဆေးစစ်ချက် မှတ်တမ်းများကို စစ်ဆေးသမျှ သမားတော်တိုင်းက သူ့ကို လက်ဝှေ့ ဆက်ထိုးခွင့် မပြုကြ ။ သူက မကျေနပ် ။ လက်မခံ ။ နိုင်ငံခြားအထိ သွားကာ ထပ်မံ စစ်ဆေးသည် ။ အဖြေ က အတူတူ ။ သူ့ကျန်းမာရေးသည် လက်ဝှေ့ထိုးသ,တ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရန် အဆင့်မမီတော့ ။ ကြေကွဲ ဝမ်းနည်းစွာ ရှိုက်ကြီးတငင် သူ ငိုကြွေးခဲ့ရသည် ။

သူက ချန်ပီယံ ရွှေခါးပတ်ကို အသက် နှစ်ဆယ့်ခြောက်နှစ်ကျော်ကျော်လေးမှာ ရသည် ။ ထိုသို့ဖြစ်ရန် အတွက် သူ့ဘဝ တစ်ခုလုံး ပေးဆပ်ခဲ့ရသည် ။ ပင်ပန်းမောပန်းခြင်း များစွာနှင့် အပြင်းအထန် ကြိုးပမ်းခဲ့ရ၏ ။ ထိခိုက်နာကျင်မှု ပေါင်းစုံနှင့် အချိန်များကို ဖြတ်သန်းခဲ့ရ၏ ။ သက်တူရွယ်တူ အခြား လူငယ်လေးတွေ လွတ်လပ်ပေါ့ပါးစွာ ရယ်မောပျော် ရွှင်နေချိန်မှာ သူက လက်ဝှေ့ကြိုးဝိုင်းအတွင်း၌ အရိုင်းအစိုင်း သားရဲတစ်ကောင်လို ပြိုင်ဘက်ကို အသေအကျေ ထိုးကြိတ်သ,တ်ပုတ်နေရသည် ။ သို့တည်းမဟုတ် ၊ လေ့ကျင့်ဖော်များနှင့် သွေးထွက်နည်းအောင် ချွေးထွက်များစေလျက် ရေကုန်ရေခန်း လေ့ကျင့် ထိုးကြိတ်နေရသည် ။ ကာယလေ့ကျင့်ခန်းများကို သို့တည်းမဟုတ် ကိုယ် ပင်ပင်ပန်းပန်း အားစိုက် ပြုလုပ်နေရသည် ။ မစားချင်လည်း စား ၊ မအိပ်ချင်လည်း အိပ် ။ ခံစားမှုများ ဖယ်ရှားထား ။ သူ့ လူငယ်ဘဝသည် စက်ရုပ်တစ်ရုပ်ပမာ ခြောက်သွေ့ ငြီးငွေ့စွာ ကုန်ဆုံးကွယ် ပျောက်ခဲ့ရသည် ။

လူတွေက ထင်ကြသည် ။ ငယ်ရွယ်နုပျို ၊ သန်စွမ်းသော ချန်ပီယံတစ် ယောက်၏ ဘဝသည် အင်မတန် လင်းလက်တောက်ပ ပျော်ရွှင်ရလိမ့်မည်ဟု ။ အလွန်ပင် သာယာလှပ စိတ်ချမ်း မြေ့ရလိမ့်မည်ဟု ။ သူလည်း ထိုအတိုင်းပဲ ထင်ခဲ့၏ ။ သူနှင့် အတူ လူတွေ မတွေးမထင် မမြင်မိခဲ့တာက ချန်ပီယံ ရွှေခါးပတ် နောက်ကွယ်က ခက်ခဲကြမ်းတမ်းမှုများ ၊ ရက်စက် ယုတ်မာ ကောက်ကျစ်မှုများ ၊ လိမ်လည်လှည့်စား သိက္ခာမဲ့မှုများ ၊ လူ့ဂုဏ်သိက္ခာနှင့် ဖီလာဆန့်ကျင်သည့် မယုံနိုင် စရာ အောက်တန်းကျမှုများ ။

တကယ်တော့ သူ ရွေးချယ်လိုက်သည့် အသက်မွေး ဝမ်းကျောင်းကိုက တောနက်ထဲက သားရဲတိစ္ဆာန်များလို တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်သ,တ်ပုတ် အနိုင်ယူရသည့် မသတီစရာ အလုပ်မျိုး ။ သိပ်ပြီး ရှေးရိုးဆန်သည် ။ ယဉ်ကျေးမှု အဆင့်မြင့်သည့် ခေတ်သစ်လူ့လောကမှာ ဆက်ပြီး ရှိမနေသင့်သည့် အလုပ်လည်း ဖြစ်သည် ။ သို့သော် ရှိနေသည် ။ နောင်လည်း ဆက်လက် ရှိနေလိမ့်ဦးမည် ။ အဘယ်ကြောင့်ဆိုသော် လူတို့ ကိုယ်အတွင်းမှာ ကြွင်းကျန် တည်ရှိနေသည့် သားရဲတို့ရဲ့ အရိုင်းအစိုင်း ဗီဇ သွေးများက တစ်ယောက်ကို တစ်ယောက် ရက်ရက်စက်စက် တိုက်ခိုက် အနိုင်ယူရခြင်းကို နှစ်သက်ကြသည်လေ ။ ထို့ ကြောင့်လည်း ကမ္ဘာကြီးမှာ လက်ဝှေ့ပွဲပေါင်း များစွာ တခမ်းတနား ဆင်ယင် ကျင်းပနေကြသည် ။ ထိုပွဲများကို လူအများကတော့ ငွေကုန်ကြေးကျခံကာ မက်မောခုံမင်စွာ အားပေး ကြည့်ရှုကြသည် ။ တရှိုက်မက်မက် အရသာခံ ကြသည် ။ လူတစ်ယောက် နာကျင်အနာတရ ဖြစ်ခြင်းကို နှစ်သက်ကျေနပ် ပျော်ရွှင်ကြသည် ။ လူ့လောက၏ အရှက်ရစရာများထဲမှာ လက်ဝှေ့ပွဲလည်း ပါသည် ။

သူ့အာရုံ လွင့်ပါးပြီး ကိုယ်နေဟန်ထား မှားယွင်းသွားသည့် အခိုက်အတန့်မှာ အကာအကွယ်မဲ့ သူ့ နံစောင်း ထက်သို့ ကောင်လေး၏ ဝိုက်လက်သီးကျရောက်၏ ။ သူ “ အင့်ခနဲ ” ဖြစ်သွားချိန်မှာ ပြင်းထန်အားပါသည့် ပင့်လက်သီး တစ်လုံး သူ့ထံ ပြေးဝင်လာသည် ။ သူ အလျင်အမြန် ရှောင်တိမ်းသည် ။ မလွတ် ။ ထိုးချက်က ပစ်မှတ်ကို မိမိရရ မထိသည့်တိုင် သူ ‘ ဝုန်း ’ ခနဲ လဲကျသွားသည် ။ သူ သတိလစ်မလို ဖြစ်သွားသည် ။ သူ့ကို စီးမိုးပြီး အမှတ်စဉ် ရေတွက်သော ဒိုင်၏ အသံကြောင့် သတိလည်လာသည် ။ အမှတ်စဉ် တစ်ဝက် ရောက်သည်အထိ လက်ဝှေ့ကြိုးဝိုင်း ကြမ်းပြင်ထက်မှာ သူ ငြိမ် သက်နေလိုက်သည် ။

ငြိမ်နေသော်လည်း သူ့ ဒေါသသွေးများ ပွက်ပွက်ဆူလာပြီ ။ သူ့အသားများ တဆတ်ဆတ် တုန်လာပြီ ။ သားရဲဝိညာဉ်က သူ့ထံ ပူးဝင်လာပြီ ။ သူသည် ‘ တိုက်မောင်း ’ ပြန်ဖြစ်သွားပြီ ။ အမှတ်စဉ် ခုနစ် အရောက်မှာ သူ ခပ်ဖြည်းဖြည်း ပြန်ထ,သည် ။

“ ရှစ် ”

ဒိုင်က အမှတ်စဉ် ဆက်လက် ရေတွက်နေသည် ။ သူ မတ်မတ် ပြန်ရပ်ပြီးပြီ ။ ဆက်လက် ထိုးသ,တ်ရန် အသင့်ဖြစ်ပြီ ။

••••• ••••• •••••

အထိနာ သွားသော သူက ကောင်လေးကို ဒေါသတကြီးနှင့် ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ပြီး တရမန်းကြမ်း ထိုးသ,တ်သည် ။ သတိလက်လွတ်ဖြင့် အားကုန်သုံးကာ ကောင်လေးကို မုန်တိုင်း ဝှေ့သလို အပြင်းအထန် ထိုးကြိတ်တိုက်ခိုက်သည် ။ ကောင်လေးက မကြာခဏ သူ့ကို ပူးကပ်ဖက်တွယ်နေရသည် ။ နည်းပြချုပ်က ခေါင်းယမ်းသည် ။ နည်းပြဆရာက စုတ်သပ်သည် ။ ထိုစဉ် မောင်းသံ ထွက်ပေါ်လာသည် ။ သူလည်း သူ့ထောင့် သူ ပြန်လာကာ ခေါက်ခွေးခြေ ခုံလေးထက်မှာ ဝင်ထိုင်သည် ။

“ တိုက်မောင်း ၊ မင်း ဘယ်လို ဖြစ်နေတာလဲ ။ ငါ အတန်တန် ပြောထားလျက်နဲ့ကွာ ”

နည်းပြဆရာက အပြစ်တင်သည် ။ သူက လက်နှစ်ဖက်ကို ထောင့်မှန်ကြိုးတန်းပေါ် တင်လျက် သက်သောင့်သက်သာ ထိုင်နေသည် ။ ကြိုးဝိုင်းအကူများ တဘက် ဖြင့် ယပ်ခတ်ပေးနေသော လေ ကို အဆုတ်အတွင်းသို့ ခပ်ပြင်းပြင်း ရှူသွင်းနေသည် ။

“ မင်း ကောင်လေးနဲ့ ပြိုင်ပွဲထိုးသ,တ်နေတာ မဟုတ်ဘူး ။ သူ့ကို လေ့ကျင့်ထိုးပေးနေတာကွ ”

သူ့အကြည့်များက အဝေးတစ်နေရာမှ သည် နည်းပြဆီသို့ ဒေါသနှင့် ရွှေ့ပြောင်းကျရောက်၏ ။ နည်းပြဆရာကလည်း သူ့ကို စူးစူးရဲရဲပဲ စိုက်ကြည့်၏ ။ မာထန်ထန် အကြည့်နောက်ကွယ်က ပျော့ပျောင်းနူးညံ့မှုကို ခံစားရသည့် အခိုက်အတန့်မှာ သူ မျက်လွှာချမိသည် ။ နည်းပြ က ကောင်လေး ဘက်က လိုက် ပြောနေသလို ထင်ရသော်လည်း အမှန်တော့ သူ့ကို စိုးရိမ်နေခြင်း ။

ကျန်းမာရေးကြောင့် လက်ဝှေ့ကြိုးဝိုင်းများကို အပြီးအပိုင် စွန့်လွှတ်လိုက်ရသောအခါ သူက ပေတေလေ လွင့်သူဘဝဖြင့် ကြိုးဝိုင်းမဲ့ လက်ဝှေ့ပွဲတွေမှာ နှစ်ပေါင်း များစွာ ကျင်လည်ကျက်စား နေခဲ့သည် ။ ကြိုးဝိုင်းမဲ့ လက်ဝှေ့ပွဲတွေ ကိုတော့ ခပ်မှောင်မှောင်လမ်းကြားများမှာ ၊ တိုးတိုးတိတ်တိတ် အရက်ပုန်းဆိုင်များမှာ ၊ လျှို့လျှို့ဝှက်ဝှက် ဘိန်းခန်းများမှာ ၊ လိုင်စင်မဲ့လောင်းကစားဝိုင်းများမှာ ၊ ပုန်းလျှိုးကွယ်လျှိုး ပြည့်တန်ဆာအိမ်များမှာ နှစ်ပေါင်းများစွာ ပါဝင်ဆင်နွှဲ ပျော်မွေ့နေခဲ့သည် ။ ထိုလက်ဝှေ့ပွဲများ မှာလည်း အစ ပထမတော့ သူက ချန်ပီယံပေါ့ ။ နောက်တော့ သူ့ချန်ပီယံဘွဲ့ကို လုယူ သူများ အလျှိုလျှိုပေါ်လာသည် ။ သူ့အရှိန်အဝါလည်း တဖြည်းဖြည်း လျော့ပါးမှိန်ဖျော့လာသည် ။ ကြာတော့ သူ ကိုယ်တိုင်က အမှောင်လောကကို ငြီးငွေ့စိတ်ပျက်ပြီး စွန့်ခွာလာခဲ့သည် ။

“ စိတ်လိုက်မာန်ပါ မလုပ်နဲ့ တိုက်မောင်း ။ ကိုယ့် အသက်အရွယ်ကို မမေ့နဲ့ ။ ကိုယ့်အင်အားကို ပိုမတွက်နဲ့ ။ ကိုယ့် ကျန်းမာရေးကို သတိရ ။ ဒါ ချန်ပီယံလုပွဲ မဟုတ်ဘူး ”

နည်းပြက အသံကို နှိမ့်ပြီး သွားကြားက ထွက်သော လေနှင့် အေးတိအေးစက် ပြောသည် ။ သူ တွေဝေသွားသည် ။

သူ အမှောင်ကမ္ဘာကို စွန့်ခွာလာပြီးနောက် သူ၏ ဒုတိယအိပ်မက်ကို အကောင်အထည် ဖော်ရန် အားထုတ်ခဲ့သည် ။ လက်ဝှေ့နည်းပြဘဝနှင့် ကောင်းသော အသက် မွေးဝမ်းကျောင်းပြုရန် ကြိုးစားသည် ။ အဆင်မပြေ ။ တိုတောင်းလှသည့် ချန်ပီယံ သက်တမ်းနှင့် နည်းပါးလှသည့် လက်ဝှေ့ကြိုးဝိုင်း အတွေ့အကြုံက နည်းပြဆရာ တစ်ယောက် ဖြစ်ရန် လုံလောက်ခြင်း မရှိခဲ့ ။ သူ ကိုယ်တိုင်လည်း ကြိုးဝိုင်းတွင်း လက်ဝှေ့ပွဲများထက် ကြိုးဝိုင်းမဲ့ လက်ဝှေ့ပွဲများကို ဆင်နွှဲရတာ ပိုများတာမို့ ကြိုးဝိုင်း အတွင်းက ဥပဒေများကိုပင် မေ့ချင်ချင် ။ သတ်မှတ်ချက်များ ၊ ကန့်သတ်ချက်များနှင့် စည်းကမ်းကလနားများက အာရုံမှာ ဝေဝေဝါးဝါး ။

ထိုစဉ် မောင်းသံ မြည်ပြန်သည် ။ သူက လေးလေးလံလံ ထ,ရပ်လိုက်ပြီး ကြိုးဝိုင်း အလယ်သို့ ဖြည်းဖြည်းနှေးနှေး လျှောက်ဝင်သည် ။ လျှောက်ရင်း ဒိုင်ကို ကြည့်ကာ မျက်လွှာချပြလိုက်သည် ။ သည်ပွဲကို ဒိုင်လုပ်နေသူမှာလည်း သူနှင့် သူ့မိတ် ဆွေ နည်းပြဆရာလိုပင် သူတို့ ခေတ်ပြိုင် လက်ဝှေ့ချန်ပီယံ လူဟောင်း တစ်ဦးပါပဲ ။ ဒိုင်က သူ့ကို သနားကြင်နာစွာ ကြည့်နေသည် ။

နားချိန် တစ်မိနစ် အတွင်းမှာ အင်အား ပြန်ပြည့်လာသော ကောင်လေးက သူ့ထံသို့ တစ်ဟုန်ထိုး ပြေးဝင်ကာ တရစပ် ထိုးသ,တ်သည် ။ သည်တစ်ခါတော့ သူက ပါးနပ်လိမ္မာစွာ အင်အားကို ခြိုးခြံချွေတာလျက် ပညာနှင့် သမ္ဘာ အားပြုကာ ရှောင်တိမ်း ထိုးသ,တ်နေသည် ။ တချို့ ထိုးချက်များကို တမင် အထိခံပြီး ကောင်လေးကို ပရိယာယ် ဆင်နေသည် ။ တစ်ချက်တလေ ထောက်လိုက်တားလိုက်ပြုကာ ကောင်လေးရဲ့ ဒေါသကို ဆွထိုး , ထိုးနေသည် ။ ကောင်လေးကလည်း နုံချာချာ ထုံထိုင်းထိုင်း လက်ဝှေ့သမားတစ်ယောက်မှ မဟုတ်တာ ။ သူ ဆင်ထားသော အကွက် အတွင်းသို့ အလွယ်တကူ ဝင်မလာပါ ။ ဝင်မလာရုံမက စဉ်းငယ်မျှ အာရုံလွှင့်ပါးသွားခိုက်မှာ မည်သူမှ မျှော်လင့်မထားသည့် လျင်မြန်အားပါသော လက်သီး တစ်လုံးကို သူ့အရှိုက် ဆီသို့ ကောင်လေးက လျှပ်ပြက်သလို ပစ်သွင်းလိုက်နိုင်၏ ။ ထိုလက်သီး ချက်ကြောင့် သူ ကြိုးတန်း ထက်သို့ လွင့်စဉ်သွား၏ ။

ကောင်လေးက သူ့ထံသို့ အလျင်အမြန် ချဉ်းကပ်လာနေစဉ် ကံကောင်းထောက်မစွာ မောင်းသံ ထွက်ပေါ်လာပြန်သည် ။

••••• ••••• ••••• 

“ အဆင် ပြေရဲ့လား တိုက်မောင်း ၊ ရရဲ့လား ”

ကြိုးဝိုင်းထောင့်ကို မှီပြီး ခြေဆန့်ထိုင်နေသော သူ့ကို အကဲခတ်ရင်း နည်းပြဆရာက မေးသည် ။ သူ ပြုံးပြလိုက်သည် ။ သို့သော် ဒဏ်ရာဒဏ်ချက်များကြောင့် ဖုထစ်ရွတ်တွ နေသော သူ့မျက်နှာက မဲ့သလို ဖြစ်သွား၏ ။

စားဝတ်နေရေးနှင့် ဘဝ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေး အတွက် မဖြစ်မနေ ငွေ လိုလာသောအခါ သူ့မှာ ရွေးချယ်စရာ နှစ်ခုသာ ရှိသည် ။ အမှောင်လောက တွင်း ပြန်သွားမလား ၊ ဒါမှမဟုတ် တတ်သည့်ပညာနှင့် ငွေရှာမလား ။ အမှောင် လောကအတွင်းတော့ သူ ပြန်မသွားချင် ။ သူ့မှာ မယားနှင့် သားနှင့် တည်ငြိမ်အနည်ကျနေပြီ ။ ဒါဆို တတ်သည့်ပညာဖြင့် ငွေရှာရုံပေါ့ ။

သူ တတ်မြောက်တာက လက်ဝှေ့ပညာတစ်ခုတည်း ။ လက်ဝှေ့သမားတော့ သူ ဘယ်နည်းနှင့်မှ ပြန်မဖြစ်နိုင် ။ နည်းပြဆရာ လုပ်ဖို့လည်း အရည်အချင်း မပြည့် ။ ဒိုင်လူကြီး ဖြစ်ဖို့ ဆိုတာကတော့ ဝေးစွခြောက်ပါး ။

“ မင်း ငွေရမှ ဖြစ်မယ် ဆိုရင်တော့ လက်ဝှေ့လေ့ကျင့်ဖော် လုပ်မလား ။ ငါ မင်းလို ထိုးပုံထိုးပေါက်မျိုးနဲ့ လူလိုတယ် ”

နည်းပြဆရာက မေးတော့ သူ အင်တင်တင်နှင့် ခေါင်းညိတ်သည် ။ သူက ချန်ပီယံပင် ဖြစ်ချင်နေတာလေ ။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း ၊ ကျန်းမာရေး စံချိန် မမီတော့သော်လည်း ကြိုးဝိုင်းထဲ၌မူ သူက ချန်ပီယံပင် ဖြစ်ချင်သည် ။ တတိယအချီ ထိုးသတ် နေစဉ်မှာပဲ ကောင်လေး၏ အားနည်းချက်ကို သူ ရှာဖွေ တွေ့ရှိသည် ။ သိပ်ကြီးကြီးမားမား ထင်ထင်ရှားရှားတော့ မဟုတ် ။ သေးသေး မွှားမွှား မထင်မရှား ‘ ဟာကွက်ငယ်လေး ’ တစ်ခု မျှသာ ။ ဒါပေမဲ့ ကောင်လေး၏ ချန်ပီယံဘဝကို အဆုံးသတ်စေနိုင်သည့် ဟာကွက် ။ ထိုဟာကွက်ကို ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ကတော့ ဉာဏ်အမြော်အမြင်နှင့် ပရိယာယ်ကြွယ်ဝဖို့ လိုအပ်မည် ။ ပြီးတော့ ပညာ ‘ ဝါ ’ နှင့် အတွေ့အကြုံရင့်ကျက်မှု သမ္ဘာ လည်း လိုလိမ့်ဦးမည် ။ သူက ကောင်လေး ထိုးချက်များကို မထိတထိ ဖြစ်အောင် ဂရုစိုက်ပြီး မလွတ်တလွတ် တိမ်းရှောင်သည် ။ အန္တရာယ် သိပ်မကြီးသည့် ထိုးချက်များကို ထိအောင် တမင် အထိုးခံသည် ။ သူ အလူးအလဲ ခံနေရပြီဟု ထင်ကာ ကောင်လေးက ယုံကြည်ချက် ပိုကဲပြီး ဖွင့်ထိုးသည် ။ သူ လိုချင်သည့် အကွက်တော့ ဆိုက်ပြီ ။ ထိထိမိမိ ပိုင်ပိုင်နိုင်နိုင်ပဲ ပွဲသိမ်း ထိုးချလိုက်ရန်သာလိုသည် ။

သူက ကျန်ရှိသမျှ အင်အားများကို စုစည်းပြီး ကိုယ်ကို ယိမ်းနွဲ့ကာ ကောင်လေး၏ အကာအကွယ် လစ်ဟာသွားသော အရှိုက်နှင့် မေးရိုး ဆီသို့ တစ်ချိန်က နာမည်ကြီးခဲ့သော သူ၏ အကောင်းဆုံး တွဲလုံးကို ပစ်လွှတ်လိုက်သည် ။ ပွဲပေါင်းများစွာကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူနိုင်ခဲ့သော တွဲလုံး ဖြစ်၏ ။ ပရိသတ်တို့ နှုတ်ဖျားမှ “ ဟာ ” ၊ “ ဟင် ” စသည့် အာမေဋိတ်သံများကို ထွက်ပေါ်စေသည့် တွဲလုံးဖြစ်၏ ။ ခုလည်း လူဟောင်းကြီးတွေ၏ နှုတ်ဖျားမှ အာမေဍိတ်သံတွေ ထွက်ပေါ်လာနေပြီ ။

အာမေဍိတ်သံတို့ မဆုံးမီ သူ့မျက်လုံးများ လျှပ်စီးလင်းလက်ပြီး ကြိုးဝိုင်း ကြမ်းခင်းထက်သို့ ခြေလွတ်လက်လွတ် ပစ်လဲကျ၏ ။ သူ့ ထိုးချက်က သူရည်ရွယ်သည့် နေရာကို ထိပါသည် ။ သို့သော် အရှိန်လျှော့လိုက်၍ လုံလောက်သည့် ပြင်းအား မပါ ။ နှေးလည်း နှေးသွား၏ ။ ဒါက သူ့အမှား ။ မျက်နှာက အကာအကွယ် မဲ့ပြီး ပွင့်သွား၏ ။ ထိုအခွင့်အရေးကို ကောင်လေးက အပြင်းဆုံး ဖြောင့်လက်သီး ဖြင့် မိမိရရ အလဲထိုးချ ရယူလိုက်၏ ။ ကောင်လေး လေ့ကျင့်ချင်တာကလည်း သည် ထိုးကွက်ပါပဲ ။ အကယ်၍ သူ့လက်သီးများကို အရှိန် မလျှော့ခဲ့ပါက ကောင်လေး၏ ပွဲသိမ်းလက်သီးက သူ့ထံသို့ ရောက်လာနိုင်လိမ့်မည်မဟုတ် ။ မတတ်နိုင်ပါ ။ သူက ‘ လေ့ကျင့်ဖော် ’ မျှသာ ။ သူ အနာခံပြီး ပြခဲ့သည့် ‘ ဟာကွက် ’ ကို ကောင်လေးက သတိပြုမိပါ့မလား ။

လောလောဆယ်တော့ လဲကျနေသော သူ့ကိုယ်ပေါ် မှာ စီးမိုးပြီး ကောင်လေးက သူ့ကို သရော်ပြုံးနှင့် ငုံ့ကြည့်နေ၏ ။

▢  ဆွန်း ၊ စက်မှုတက္ကသိုလ် ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၈

Sunday, September 28, 2025

စားကျက်တွင်းမှ တူရိယာ

 

❝ စားကျက်တွင်းမှ တူရိယာ ❞
           ( ပုံပြင် )

မိဘမဲ့ သိုးကျောင်းသားကလေး ဆူဟိုအား အဘွား ဖြစ်သူက ထိန်းသိမ်းကြည့်ရှုခဲ့လေသည် ။ ဆူဟိုသည် သူ၏ အဘွားပိုင်သော သိုးကောင်ရေ ၂၀ ကို ကျောင်းပေးခြင်း ၊ အစားအသောက် ကူညီ ချက်ပြုတ်ပေးခြင်းတို့ဖြင့် သူ၏ အဘွားအား ကျေးဇူးတုန့်ပြန်၍ နေရှာလေသည် ။

ဆူဟိုသည် အသက် တစ်ဆယ့်ခုနှစ်နှစ် အရွယ်တွင် ထူးချွန်သည့် အဆိုကျော်တစ်ဦး ဖြစ်လာသည် ။ တစ်နေ့တွင် ဆူဟိုသည် မိုးချုပ်သည့် တိုင်အောင် အိမ်သို့ ပြန်မလာသဖြင့် အဘွားဖြစ်သူက စိတ်ပူရလေသည် ။ သို့သော် အတော် ညဉ့်နက်လာသောအခါ၌ ဆူဟိုသည် အမွေး ဖြူဆွတ်သည့် မြင်းကလေး တစ်ကောင်ကို ရင်ခွင်၌ ထွေးပိုက်ရင်း ပြန်လာလေသည် ။

“ ကျွန်တော် ပြန်လာတဲ့ လမ်းပေါ်က ဒီမြင်းကလေးကို ကောက်ရတာပဲ ။ သူ့မှာ အမေလည်း မရှိဘူး ။ သူ့ကို ကျွန်တော် မယူရင် ဒီကောင်လေးဟာ ဝံပုလွေစာ ဖြစ်သွားမှာပဲ ”

ဆူဟိုသည် ကလေးပီပီ လူသူ မရှိတဲ့ ပတ်ဝန်းကျင်၌ တစ်ယောက်တည်း စကား ပြောနေ၏ ။

ကာလအတန်ကြာခဲ့ပြီ ။ မြင်းပေါက်ကလေးသည်လည်း ဆွတ်ဆွတ်ဖြူသော အမွေးအရောင်ဖြင့် ဆူဟို၏ ပြုစုယုယမှုကြောင့် တစ်နေ့တခြား ကြီးထွားလာခဲ့ပေသည် ။ တစ်ည ဆူဟို အိပ်နေစဉ် မြင်းကလေး၏ အော်သံကို ကြားရသဖြင့် အိပ်ရာမှ လေးဘက်တွား၍ ထလာခဲ့လေသည် ။ သူ၏ သိုးခြံကို မွဲခြောက်ခြောက် အရောင်ရှိသော ဝံပုလွေ တစ်ကောင်က အန္တရာယ် ပြုသောကြောင့် သူ၏ မြင်းကလေးက ခုခံ တိုက်ခိုက်နေသည်ကို တွေ့ရလေသည် ။

“ ငါ့မြင်းကလေးဟာ သိုးတွေ အားလုံးရဲ့ အသက်ကို ကယ်တင်လိုက်တာပဲ ”

ဆူဟိုက မြင်းကလေးကို ထွေးပိုက်ယူယလိုက်ပြန်သည် ။

အချိန်တို့သည် ကုန်လွန်မှန်း မသိ ကုန်လွန်ခဲ့၏ ။ တစ်ခုသော မိုးဦးပေါက်တွင် နယ်ရှင် မင်းသားကြီးသည် လားမား ဘုရားရှိခိုးကျောင်းဝင်းတွင် ကျင်းပမည့် မြင်းပွဲတစ်ခု အတွက် စည်းရုံးလျက်ရှိကြောင်း သတင်းကြားရသည် ။ အနိုင်ရရှိသူကိုလည်း သူ၏ သမီးနှင့် ရွှေလက်တွဲ၍ ချစ်ပွဲဝင်စေရမည်ဟု ဆိုလေ၏ ။ ထိုအခြင်းအရာကို ဆူဟို ကြားသိရသည် ။ သူ၏ မိတ်ဆွေများ ကလည်း ပြိုင်ပွဲဝင်ရန် သူ့အား ဝိုင်းဝန်း အားပေးကြသည် ။

ပြိုင်ပွဲ စလေပြီ ။ ကျန်းမာသန်စွမ်းပြီး များပြားလှစွာသော လူငယ်လူရွယ်များသည် ပြိုင်ပွဲတွင် ပါဝင်ယှဉ်နွဲကြသည် ။ သူတို့သည် ကြာပွတ်များ ရိုက်နှက်၍ မြင်းများကို အရှိန်ပြင်းစွာ ကဆုန်ဆိုင်း၍ ပြေးစေသည် ။ သို့သော်လည်း ဆူဟို နှင့် မြင်းပေါက်ကလေးသည် အခြားသူများထက် ဦးစွာ ပန်းတိုင်ကို ကျော်ဖြတ်နိုင်ခဲ့သည် ။

“ ဟေ့ ... မြင်းဖြူဖြူကလေး ပေါ်က မြင်းစီးသမားကို ဒီကို လာဖို့ ပြောလိုက်စမ်း ”

ဗိုလ်ရှုခံ စင်မြင့်ပေါ်မှ မင်းသားကြီးက ဆိုလိုက်သည် ။ နယ်ရှင်မင်းသားကြီးသည် ဆူဟိုအား အညတြ ရိုးသားသော သိုးကျောင်းသားကလေး ဖြစ်မှန်း သိသောအခါ သူ့သမီးနှင့် လက်ထပ်ရန် ကိစ္စနှင့် ပတ်သက်၍ နိမိတ်လက္ခဏာ မပြသည့်အပြင် ရိုင်းစိုင်းစွာ ဆိုလိုက်ပြန်သေးသည် ။

“ မင်း မြင်းဖြူကလေး အတွက်ငွေသွန်းဒင်္ဂါး ၃ - ပြားရလိမ့်မယ် ။ ဒါပြီးရင် မင်း အိမ်ကို ပြန်နိုင်တယ် ”

ဆူဟိုသည် ထိုစကားကို ကြားရလျှင် ဒေါသထွက်လာသည် ။

“ ဘာလိုလိုနဲ့ ကျွန်ုပ် မြတ်နိုးတဲ့ မြင်းဖြူကလေး ရောင်းရတော့မှာပါကလား ” ဟူ၍ စဉ်စားမိသောအခါ “ ဟေ့ ... ငါ မြင်း ပြေးရအောင်လာတာကွ ။ မြင်းရောင်းရအောင် လာတာမဟုတ်ဘူး ” ဟူ၍ တုံးတိတိ ပြန်ပြောလေသည် ။

“ မိုက်လှတဲ့ သနားစရာ သိုးကျောင်းသားကလေးရယ် ။ နယ်ရှင်မင်းသားကြီးကို အန်တုဝံ့တာ သင်းတော့ ကောင်းကောင်း ဆုံးမခံရတော့မှာပဲ ”

သူ၏ လက်ပါးစေများသည် ချက်ချင်း ဆူဟိုကို ဗိုလ်ရှုခံစင်မြင့်ပေါ်သို့ ဆွဲတင်လိုက်၏ ။ သူတို့သည် ဆူဟိုအား သတိလက်လွတ် ဖြစ်လာအောင် ရိုက်နှက်ပြီးမှ အောက်သို့ ကန်ချလိုက်သည် ။ နယ်ရှင် မင်းသားကြီးသည် အောင်မြင်သော အပြုံးဖြင့် နေအိမ်သို့ မြင်းဖြူစီး၍ မြန်းကြွသွားလေသည် ။

ဆူဟိုကို သူ၏ အဖော် မိတ်ဆွေသင်္ဂဟများက အိမ်သို့ ပြန်ယူလာကြသည် ။ သူ၏ အဘွားကြီး ကလည်း ဆူဟိုအား ရက်အတန်ကြာသည့် တိုင်အောင် ပြုစုပေးရရှာသည် ။

ညတစ်ည၌ အိပ်ပျော်အံ့ ဆဲဆဲတွင် တံခါးခေါက်သံကို ကြားရသည် ။ “ ဘယ်သူပါလိမ့် ခင်ဗျား ” ဟူ၍ ဆူဟိုက မေးလိုက်သည် ။ သို့သော် တစ်စုံတစ်ရာမျှ ပြန်ကြားချက် မရခဲ့ပေ ။ တံခါးကို ရိုက်ပုတ်သံများ ယခုထိ ကြားလျက် ရှိနေသေးသည် ။ အဘွားသည် အခြင်းအရာကို သိလိုသဖြင့် တံခါးဖွင့်လိုက်သောအခါ “ အို ... မြင်းဖြူကလေးပါကလား ” ဟု အံ့ဩစွာ ရွတ်ဆိုလိုက်သည် ။ ဆူဟိုသည် ချွေးများ ယိုစီးလျက် မြားတံရှစ်ခုမျှ စူးဝင် နေသော မြင်းကလေးကို တွေ့ရသည် ။ ဆူဟိုသည် မြားတံများကို အပြင်ပသို့ ဆွဲနှုတ် လိုက်သောအခါ သွေးများသည် အနာမှ ချက်ချင်း ယိုစိမ့် ထွက်လာသည် ။ မြင်းဖြူကလေးသည် ပြင်းထန်သော ဝေဒနာကြောင့် နောက်တစ်နေ့တွင် သေဆုံးသွားသည် ။

နယ်ရှင်မင်းသားကြီးသည် ရတောင့်ရခဲလှသော မြင်းဖြူကလေးအတွက် သာယာသော နေ့တစ်နေ့တွင် သူ၏ မိသားတစ်စုနှင့် မိတ်သင်္ဂဟ အပေါင်းအား အခမ်းအနားပွဲ တစ်ခု ကျင်းပပြုလုပ်ခဲ့ရာမှ ဤအဖြစ်အပျက်နှင့် မလွှဲမရှောင်သာ ရင်ဆိုင်ရလေသည် ။ မင်းသားကြီးသည်မြင်းကလေးအား စီးနင်း ပြသရန်အတွက် သူ့ထံ ယူလာရန် အမိန့်ပေးလေသည် ။ သူသည် အပေါ်သို့ တက်လိုက်သော အခါဝယ် မြင်းသည် ပတတ်ရပ်၍ မင်းသားကြီး အောက်သို့ လိမ့်ကျအောင် ပြုမူလိုက်သည် ။

ထို့နောက် မြင်းကလေးသည် ပျားပန်းခတ်မျှ မင်းပရိသတ်ကို ဖြတ်ကျော်၍ ခုန်ပေါက် ပြေးထွက်သွား၏ ။

“ ဖမ်းဟေ့ ”

မင်းသားကြီးသည် မိမိကိုယ်ကို အနိုင်နိုင် ထူရင်း “ မင်းတို့ မဖမ်းနိုင်ရင် သ,တ်ပစ်လိုက်ကွ ” ဟု စိတ်ဆိုးခြင်း ကြီးစွာဖြင့် အမိန့်ပေးလေ၏ ။ ဤအမိန့်ကြောင့် မြားမိုးသည် မြင်းဖြူကလေး ပေါ်သို့ ရွာသွန်းနေလေသည် ။ မြင်းကလေးသည် သူ၏ သခင့် အပါး၌ အသက်ပျောက်လိုသော ဆန္ဒဖြင့် ယခုကဲ့သို့ အိမ်အရောက် ကြိုးစား၍ ပြေးလာရခြင်း ဖြစ်သည် ။ ဆူဟိုသည် သေဆုံးပြီဖြစ်သော မြင်းဖြူကလေး အတွက် ရှိုက်ကြီးတငင် နေ့ည အနားမပေးဘဲ ငိုကြွေး မြည်တမ်းလျက် ရှိနေ၏ ။ တစ်ညသ၌ ဆူဟိုသည် လူးလှိမ့်ရင်း သူ၏ မြင်းဖြူကလေး အသက်ရှင်လျက်နေသည်ကို မြင်ယောင်လာသည် ။

“ သခင်ကလေး ... သခင်ကလေးနှင့် ကျွန်ုပ် ရာသက်ပန် အတူတကွ နေထိုင်သွားဖို့ နည်းလမ်းကို သခင်ကလေး မသိသေးဘူး ထင်ပါရဲ့ ။ သခင်ကလေးဟာ ကျွန်ုပ်ရဲ့ အရိုးကို တယောပြား တစ်လက် ဖြစ်အောင် ပြုလုပ်ပေးပါ ” ဟု မြင်းလေးက ဆို၏ ။ နောက်တစ်နေ့တွင် ဆူဟိုသည် သူ၏ အချစ်ဆုံး မြင်းဖြူကလေး၏ ဦးခေါင်းရုပ်ကို သူ၏ အရိုးပေါ်၌ပင် ထုလုပ်လိုက်သည် ။ ဆူဟိုသည် မြင်းကလေး၏ ကြွက်သားအမျှင်များကို တယောကြိုး အဖြစ် လည်းကောင်း များပြားလှသော မြင်းအမြီးများကို တယောထိုးတံကိုင်းကြိုးအဖြစ် အသုံးပြုလေသည် ။

သူသည် ဤမည်သော မြင်းခေါင်းရုပ်တပ် တယောပြားကလေးကို တီးမှုတ်သော အခါ သူ၏ စိတ်တွင် နယ်ရှင်မင်းသား အမှူးပြုသော ပဒေသရာဇ်စနစ် တစ်ခုလုံးကို ရွံရှာမုန်းတီးလာလေ၏ ။ သူ၏ အတွင်းသဏ္ဌာန်တွင်လည်း ကဆုန်ပေါက်နေသော မြင်းဖြူကလေးပေါ်ဝယ် စီးနင်း လိုက်ပါသွားသကဲ့သို့ ခံစားနေရသည် ။ ဆူဟို၏ စိတ်တွင်း ခံစားချက်များသည် တေးဂီတ အသွင် ပြောင်းလဲလာသည် ။ ဤ ဆူဟို၏ တေးသီချင်းများကပင် မွန်ဂိုလီးယန်းလူမျိုး လူများစုတို့အား ကိုယ်စားပြုသည့် တေးသံ ဖြစ်လာရသည် ။ လူအပေါင်းတို့သည် ညအချိန် အလုပ်အားလပ်သော အခါဝယ် ဆူဟို ရှိရာသို့ စုရုံးလာရောက်၍ တေးဂီတသံကို နားထောင်လေသည် ။

ဆူဟို၏ တေးသံဖြင့် သူတို့၏ ပင်ပန်းနွမ်းနယ်ခြင်းကို ဤနည်းနှင့် မေ့ပျောက်စေရလေသတည်း ။

(ဘာသာပြန်)

⎕ စံထွန်းအောင် 
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၈ ၊ ဖေဖော်ဝါရီ

တီဟီတီ လမ်းကြား


 ❝ တီဟီတီ လမ်းကြား ❞

     ( ရန်ကုန်ဘဆွေ )


ကြားဖူးခဲ့ရသည် ။


တီဟီတီ ကျွန်းသူ ကျွန်းသားတို့သည် လူ့ကိစ္စ၌ အလွန်လျှင် ပွင့်လင်းကြပါသည် .. တဲ့ ။ သူတို့သည် မြေစိုက်တဲဝိုင်း အတွင်းရှိ မိသားစုတစ်စုလုံး အကာအရံ မရှိဘဲ စုပြုံ၍ စားခြင်း ၊ အိပ်ခြင်း ၊ နေခြင်းအမှုတို့ကို ပြုလုပ်လေ့ ရှိကြသည်ဟု အဆိုရှိသည် ။


တီဟီတီ ကျွန်းသူ ကျွန်းသားများသည် မိန်းမနှင့် ယောက်ျား အိမ်ထောင်ရေးအရ ဆက်ဆံ နှီးနှောကြရာ၌ ရှက်ဖွယ်သော ကိစ္စများဟု မယူဆကြချေ ။ ထို့ကြောင့် စကားပြောတတ်စ ယောက်ျားလေး ၊ မိန်းမကလေးတို့သည် လူ့လောက၏ ယောက်ျား မိန်းမ ဆက်ဆံကြပုံများကို သိဖူးကြ ၊ မြင်ဖူးကြ ၊ ကြားဖူးကြသူများချည်း ဖြစ်ကြရသည် ။


ဤသို့သော အကြောင်းများကြောင့် တီဟီတီ ကျွန်းသူ ကျွန်းသား ငယ်ရွယ်သူတို့သည် အရွယ် မရောက်သေးမီက စ၍ လူ့ကိစ္စကို အပြင်းအထန် စိတ်ဝင်စားလာကြလျက် … 


ဦးတုတ်ပေါ၏ မျက်လုံးများသည် စာရွက်ပေါ်မှ ကျော်လွန်ကာ မမြင်ရသော အရာဝတ္ထုများကို ငေးစိုက်၍ ကြည့်နေလေသည် ။


တစ်ဖက်ခန်းမှ နင်းလိုက်သည်၏ အဖြစ်ကြောင့် ဝါးကြမ်းပြင်သည် ကျွိခနဲ မြည်ကာ ဦးတုတ်ပေါ၏ ပေါင်အောက်တွင် ထိုးထိုးထောင်ထောင် ဖြစ်၍ သွားလေသည် ။


အသက် သုံးဆယ် နီးနေပြီဖြစ်သော ဦးတုတ်ပေါ၏ သမီးအကြီး အပျိုကြီး မနန်း သည် ဦးတုတ်ပေါတို့ ဤအိမ်ခန်းသို့ ပြောင်းလာပြီး မကြာမြင့်မီ အတွင်း မကြာမကြာ တက်လိုက် ငိုလိုက်နှင့် ဖြစ်ခဲ့ရလေသည် ။


အပျိုကြီး မနန်း တစ်ယောက်တည်းသာ မဟုတ် ။ ဤလမ်း တစ်လမ်းလုံးရှိ လူလတ်ပိုင်း အရွယ်သို့ ရောက်ကြပြီ ဖြစ်သော အပျိုကြီးများ ၊ မုဆိုးမများ ၊ တစ်ခုလပ်များ အားလုံးလိုလိုပင် ဤလို တက်ကြ ငိုကြနှင့် ဖြစ်နေကြရလေသည် ။


ရပ်ကွက်ရှိ လူတို့သည် ရပ်ကွက်အတွင်း၌ အလှူငွေ လှည့်လည် ကောက်ခံကြကာ မကြာမကြာ ပရိတ်ရွတ်ကြ ၊ ကမ္မဝါဖတ်ကြနှင့် ပြုလုပ်နေကြရလေသည် ။


သို့ရာတွင် ဤအဖြစ်ဆိုးကား ရပ်ဆိုင်း၍ မသွားပေ ။ ဤလမ်းတွင်းရှိ ပယောဂဆရာကြီး ဦးသာကြူး ကမူ ဤလမ်းကြားကလေး၏ အောက်ချိုင့်အတွင်းရှိ ရေကန်ထဲမှ အလွန် တန်ခိုးကြီးသော ဥစ္စာစောင့်မကြောင့် ဤသို့ဖြစ်ရသည်ဟု အခိုင်အမာ ပြောနေလေသည် ။


ဦးတုတ်ပေါသည် မကြာမီကလေးကမှ အတက်ကျသွားသော သမီးဖြစ်သူ အပျိုကြီး မနန်း ကို လှမ်း၍ ကြည့်လိုက်သည် ။


အိပ်ပျော်နေပြီ ဖြစ်သော အပျိုကြီး မနန်း၏ မျက်လုံးအိမ်မှ စီးကျခဲ့ဟန်ရှိသည့် မျက်ရည်ပေါက်ကလေးသည် ပါးပြင်အစပ်တွင် ငြိမ်သက်စွာ ဥ၍ နေသေးသည် ။


တုတ်ပေါသည် မသိမသာ ပင့်သက်ကို မှုတ်ထုတ်လိုက်၍ လက်ထဲရှိ စာအုပ်ကို ပိတ်လျက် သူ သိပြီးသား ဖြစ်သော စာအုပ် မျက်နှာဖုံးကို ထပ်၍ ကြည့်လိုက်လေသည် ။ 


စာအုပ်မှာ ဂျာနယ်ပြာ အမည်ရှိသော စာအုပ် ဖြစ်၏ ။


ဦးတုတ်ပေါသည် ခေတ်ပေါ် စာအုပ်များကို ဘယ်သောအခါမျှ ဖတ်သူ မဟုတ်ခဲ့ချေ ။ 


သို့ရာတွင် သူသည် မိမိအရပ်တွင် မနေဝံ့သဖြင့် လယ်ယာချောင်းမြောင်းတွေကို ပစ်၍ ထွက်လာရသူ ဖြစ်သောကြောင့် သူပုန်ကို နိုင်အောင် မတိုက်နိုင်သော ဖဆပလ အစိုးရအား အလွန် စိတ်ဆိုး၍နေသူ ဖြစ်လေသည် ။


သူသည် ဖဆပလ အစိုးရ အဖွဲ့ကြီး ပျက်စီးရန်သာ ဘုရားရှိခိုးတိုင်း ခပ်ပြောင်ပြောင် ဆုတောင်းနေသူ ဖြစ်သည် ။


တောမှာ နေစဉ်က သူသည် ရုတ်တရက် ရောက်ရှိလာသော သူပုန်အဖွဲ့တစ်ဖွဲ့၏ ငွေကြေး ကောက်ခံခြင်းကို မကျေနပ်လှစွာ ခံလိုက်ရဖူး၏ ။


ထိုစဉ်က သူသည် အတော် ပြင်းပြင်းထန်ထန် စိတ်ဆိုးခဲ့ဖူးသော်လည်း ဤသို့ သတိရတိုင်း ၊ ဘုရားရှိခိုးတိုင်း သူပုန်များ မြန်မြန် ပျက်စီးကြပါစေဟု ဆုမတောင်းရဲခဲ့ရှာပေ ။


သူပုန်သည် ဖဆပလ အစိုးရထက် ရက်စက်သည် ၊ မိုက်သည် မဟုတ်လော ။ 


ဖဆပလ အစိုးရကား ဒီမိုကရေစီ အစိုးရ ဖြစ်၏ ၊ လူထုကို သက်ညှာ၏ ၊ လွတ်လပ်ခွင့် ပေး၏ ။ ထို့ကြောင့် ကြောက်ဖို့မလို ။


“ ဖဆပလ အစိုးရ အလကားအစိုးရ ၊ လူပျော့လူညံ့တွေ ၊ ဒင်းတို့အကျိုးသာ ဒင်းတို့ ကြည့်တယ် ။ ငါတို့ လယ်ယာချောင်းမြောင်းတွေ ပစ်၍ ပြေးလာကြရတာကို ဒင်းတို့ မကြည့် ၊ ဒင်းတို့ ဖဆပလတွေ မြန်မြန် ပြုတ်ကျပါစေ ၊ ဒင်းတို့ ဖဆပလတွေ မြန်မြန် ပျက်စီးပါစေ ”


ဦးတုတ်ပေါသည် သူကိုယ်တိုင်သာလျှင် သည်လို ဆုတောင်းသည် မဟုတ် ။ ဖဆပလ အကြောင်း မကောင်းပြောကြသောသူများ ရှိလျှင်လည်း မြိန်ရေရှက်ရေ နားထောင်တတ်သေးသည် ။ ဖဆပလ အကြောင်း မကောင်းရေးသော စာအုပ်များ တွေ့ လျှင်လည်း မလွတ်အောင် ဝယ်ဖတ် တတ်သေးသည် ။


ဂျာနယ်ပြာသည် ဖဆပလကို ကလေးများ ကဲ့သို့ လက်အပိုက် ခိုင်းကာ မရိုက်ရုံတမယ် ရှိ၏ ။ ဖဆပလ အပေါ်တွင် အတော်ကလေး ရက်ရက်စက်စက် ရေးသော စာအုပ် ဖြစ်လေသည် ။ 


အလုပ်အကိုင် အပေါက်အလမ်း မတည့်တိုင်း ၊ မိမိ ရပ်ရွာကို ပြန်၍ အလုပ် မလုပ်ဝံ့တိုင်း ဖဆပလကို အငြိုးကြီးလျက်ရှိသော ဦးတုတ်ပေါသည် အချိန်အားရှိသရွေ့ ဖဆပလ၏ ချို့ယွင်းချက်များကို အကွက်လည်လည်နှင့် ရေးသားလေ့ရှိသော ဂျာနယ်ပြာကိုသာ လှန်၍ လှန်၍ ဖတ်နေလေ့ ရှိလေသည် ။


သို့ရာတွင် ဂျာနယ်ပြာ တစ်စောင်လုံးတွင်မှ ထိုဆောင်းပါးသည် နှစ်မျိုးသာ ပါရှိ၏ ။ 


ထိုဆောင်းပါး နှစ်မျိုးကိုလည်း အချိန်အားရှိတိုင်း ဖတ်ရလွန်းသဖြင့် အလွတ်ပင် ရ၍ နေပါလေပြီ ။


ဦးတုတ်ပေါသည် ယခု အတောအတွင်း နေရေး စားရေးမှ စ၍ အစစ ပို၍ အဆင်မပြေ ဖြစ်လာ၏ ။ ထိုအတောအတွင်း သမီးအကြီး ဖြစ်သူ အပျိုကြီး မနန်း သည် မကြာ မကြာ ငိုလိုက် ၊ ရယ်လိုက် ၊ တက်လိုက်နှင့် စုန်းလိုလို ၊ နတ်လိုလို ၊ ပယောဂလိုလို ဖြစ်နေ၏ ။ 


ထို့အပြင် လွန်ခဲ့သည့် တစ်လခန့်က အသက် ၁၅ နှစ်ခန့်မျှသာ ရှိသေးသော သမီးငယ် ဖြစ်သူ မပန်း သည် မယားကြီး ရှိသူ တစ်ယောက်နှင့် ကောက်ကောက်ပါအောင် လိုက်ပြေးသွား၏ ။ 


ဤတွင် အလုပ်အကိုင် မည်မည်ရရ မရှိသော ဦးတုတ်ပေါသည် အချိန်အားအား ရှိသည် နှင့်အမျှ ဖဆပလကို ဒေါအပွကြီးပွကာ ဂျာနယ်ပြာ စာအုပ်အဟောင်းကလေးကို ဆွဲယူ၍ ဖတ်မိ၏ ။ 


ထိုစာအုပ်ထဲတွင် ပါသော နိုင်ငံရေး ဆောင်းပါး နှစ်ပုဒ်ကိုမူကား သူ အလွတ်ရ၍ နေပေပြီ ။ 


ထို့ကြောင့် အခြား ဆောင်းပါး တစ်ခုကို စိတ်ပါဝင်စားမှု မရှိလှဘဲ ပျင်းပျင်းရိရိနှင့် ဖတ် ကြည့်မိပြန်၏ ။


ထိုဆောင်းပါးကား ရတနာတင့် ရေးသော တီဟီတီ ကျွန်းအကြောင်း ဆောင်းပါး ဖြစ်ပါသတည်း ။


••••• ••••• •••••


ကောင်းစွာ အိပ်မပျော်သော ညတစ်ညက ဖြစ်လေသည် ။


ဦးတုတ်ပေါသည် ဂုဏ်တော်ကို ပုတီးစိပ်ရင်း ခပ်မှိန်းမှိန်း ဖြစ်၍နေ၏ ။


ဂျုန်း … ဂျုန်း ... ဂျုန်း ... ဟူသော အသံတို့နှင့် အတူ ကျောအောက်မှ ဝါးကြမ်းပြင်တို့သည် ထောင်၍ ထောင်၍ သွားလေသည် ။ တစ်ဖက်ခန်းမှ မော်တော်ကားမောင်းသမား မောင်အုပ် အရက်မူး၍ ပြန်လာခြင်း ဖြစ်၏ ။


မောင်အုပ်သည် သူ့မိန်းမကို နှိုး၏ ။ ထို့နောက် မီးခွက်ထွန်း၏ ။ ထို့နောက် ထမင်းစား၏ ။ မောင်အုပ် ထမင်းစား နေစဉ်တွင် မောင်အုပ်၏ မိန်းမသည် “ အရေတွေကို သောက်လာပြန်ပြီ ၊ ဒီ အရေတွေကို မသောက်ပါနဲ့ ဆိုတာ ဘယ်နှစ်ခါရှိပလဲ ” ဟု ဆိုတတ်၏ ။


“ အိုကွာ ... မိန်းမကလဲ ၊ ယောက်ျားဆိုတာ တစ်ခါတလေ ဒီလိုပေါ့ ၊ မင့်းယောက်ျားကို ချစ်ရင် မဆူစမ်းပါနဲ့ကွာ ” ဟု ပြောပြောဆိုဆို သူ့မိန်းမ၏ ခါးကို လက်တစ်ဖက်နှင့် သိမ်းကျုံး ဆွဲယူလိုက်ရာ အင့်ခနဲ မြည်သွားတတ်၏ ။ ထိုအခါမျိုး၌ ဝါးကြမ်းပြင်ကလည်း ကျွိ , ကျွိ , ကျွိ , ကျွိနှင့် မြည်သွားတတ်လေသည် ။


“ ဖယ်စမ်းပါ ၊ သူ့ပြောလိုက်ရင် ဒါမျိုးချည်းပဲ ၊ လူကြီးကိုက မုန်းစရာ … ”


ဤတစ်ခါတလေမျိုးကား ညတိုင်း ကြားနေ သိနေရသော တစ်ခါတလေမျိုး ဖြစ်လေသည် ။ 


သို့သော် တော်ပါသေး၏ ။ မောင်အုပ်ကား အရက်မူးလာလေ့ ရှိသော်လည်း အလွန်အကျွံ ဆူဆူပူပူ လုပ်တတ်သူ မဟုတ်ချေ ။


သူသည် မကြာမီ ထမင်းစား ပြီးသွား၏ ။ မောင်အုပ်၏ မိန်းမသည် ငယ်ရွယ်သူပီပီ ထမင်းပွဲကို ဖျတ်လတ်စွာ သိမ်းဆည်း၍ ပေးလေသည် ။


ထိုအချိန်၌ မောင်အုပ်တို့ အခန်း၏ ခြေရင်းဘက် ခေါင်းရင်းဘက်မှ အိပ်နေကြသူတို့၏ ကျောပြင်အောက်ရှိ ဝါးကြမ်းပြင်တို့သည် ကျွိ , ကျွိ , ကျွိ ... ဟူသော အသံများနှင့်အတူ ထောင်၍ ထောင်၍ သွားတတ်လေသည် ။


ဤသို့ ဖြစ်ရသည်မှာ မောင်အုပ် မိန်းမ၏ အပြစ် မဟုတ်ချေ ။


မေတ္တာရွှေရည်လမ်း တစ်လမ်းလုံးရှိ ဆယ်ပေ ပတ်လည် အိပ်ခန်းများ ဖွဲ့ပေးထားသော တန်းလျား တစ်ခုလုံးသည် အခန်း တစ်ခန်းမှ လမ်းလျှောက်လိုက် ၊ လှုပ်ရှားလိုက်တိုင်း ကျန်သော ဘယ်ခန်း ညာခန်းတို့မှ ဝါးကြမ်းပြင်များသည် တကျွိကျွိနှင့် ထိုးထိုးထောင်ထောင် ဖြစ်လာတတ်သည်မှာ ထုံးစံဖြစ်နေရလေသည် ။


ကျွိကျွိ, ကျွိကျွိ ဟူသော အသံနှင့်အတူ သမ်းဝေသည်ကို ကြားလိုက်ရလေရာ မောင်အုပ် သည် အိပ်ရာပေါ်သို့ လှဲလိုက်ဟန် ရှိလေသည် ။


ထိုနောက် မောင်အုပ် ဖွာရှိုက်၍ ထုတ်လိုက်သော စီးကရက်နံ့သည် ဦးတုတ်ပေါတို့၏ အခန်းဘက်သို့ပင် ပျံ့လွင့်၍ လာခဲ့ကြရာ ဦးတုတ်ပေါ သည်ပင်လျှင် ခံတွင်းချဉ်လျက် ဆေးလိပ် သောက်ချင်သော စိတ်တွေ ပေါ်ပေါက်၍ လာခဲ့ပေသည် ။ သို့ရာတွင် ဦးတုတ်ပေါသည် အဓိဋ္ဌာန် ပျက်မည် စိုးသောကြောင့် သည်းခံလျက် ပုတီးကိုသာ ပတ်ရေ ပြည့်အောင် ငြိမ်သက်စွာ စိပ်လျက် ရှိလေသည် ။


“ ဟေ့ … မပြီးသေးဘူးလားကွ ၊ ဘာတွေများ ဒါလောက် သိမ်းစရာ ဆည်းစရာ ရှိနေလို့ လဲ ၊ လာပါ ငါ အိပ်ချင်လှပြီ ”


“ အိပ်ပါလား … ရှင့်ဟာရှင် ၊ ဘယ်သူက ရှင့်ကို မအိပ်နဲ့လို့ တားထားလို့လဲ ” 


မောင်အုပ်သည် ပြောပြောဆိုဆိုနှင့် သူ့အနီးသို့ ရောက်လာသော ဇနီးသည်အား မူးသံကြီးနှင့် ခပ်အုပ်အုပ် ကြိမ်း၍ ဆုံးမလိုက်လေသည် ။


“ မင်း အဲဒီလို မလုပ်စမ်းပါနဲ့ ”


“ အမယ် … ဪ ကြည့်ပါလား ၊ လွှတ်ဆို သူသူ ကဲကဲ … ”


ထုသံကလေးများနှင့်အတူ ဝှူးခနဲ မီးခွက် ငြိမ်းသွားခဲ့လေသည် ။


မောင်အုပ်တို့ အခန်းတွင် မီးရောင်သာလျှင် ပျောက်ကွယ်၍ သွားခဲ့၏ ။ လူသံကား မပျောက်ကွယ်သေးချေ ။ သို့သော် တော်ပါသေး၏ ။ ယခင်က ကဲ့သို့ အဓိပ္ပာယ် သဲကွဲပေါ်လွင်အောင် မကြားရတော့သဖြင့် ဦးတုတ်ပေါ ပုတီးစိပ်ရာတွင် အနှောင့်အယှက် မဖြစ်တော့ချေ ။ သို့ရာတွင် ဦးတုတ်ပေါ ပုတီးစိပ်ရာ၌ အနှောင့်အယှက် မဖြစ်စေကာမူ ကျူထရံနားတွင် ကပ်လျက် အိပ်နေသော မပန်း အဖို့ကား ‘ မကြားလို နားချိုရက်သား ’ ဆိုသကဲ့သို့ ဖြစ်နေ၏ ။ 


မောင်အုပ်တို့ လင်မယားနှင့် မပန်း၏ အိပ်ရာသည် ကြားထဲ၌ ကျူဖျာတစ်ချပ်သာ ခြားလျက် ရှိကြ၏ ။


မောင်အုပ်သည် မူးလာလျှင် အတော် စကားပြောသူတစ်ယောက် ဖြစ်၏ ။ မောင်အုပ်၏ မိန်းမ ကလည်း အမူ ၊ အရူ ၊ ရှူသံ ၊ ရှိုက်သံတွေ များလွန်းလှ၏ ။ အိပ်ချင်သည်ဆိုသော မောင်အုပ် သည် တော်တော်နှင့် မအိပ်ချေ ။ တလူးလူး တလွန့်လွန့်နှင့် လှုပ်ရှား၍ နေတုန်း ရှိသေးသည် ။ 


တစ်ဖက်ခန်းမှ နေ၍ တုတ်တုတ်မျှ မလှုပ်ရဲသော မပန်း သည် ညောင်းညာလွန်းလှပြီ ဖြစ်ရကား ခြေထောက် နှစ်ချောင်းကို ဆန့်တန်းကာ ဖြည်းညင်းစွာ ဝမ်းလျား မှောက်လိုက်လေသည် ။ 


ထိုသို့ ဝမ်းလျား မှောက်လိုက်ရသော်လည်း မပန်း၏ အဖို့၌ သိပ်မသက်သာလှသေးချေ ။


မပန်း သည် အသက် ၁၅ နှစ် မပြည့်တပြည့် သွေးသား ဆူကြွတုန်းအရွယ် ဖြစ်ဘိ၏ ။ ထိုကြောင့် သူသည် ဝမ်းလျား မှောက်လိုက်သောအချိန် သူ၏ ရင်ဘတ် အောက်တွင် ဖျိုးဖျိုးဖျဉ်းဖျဉ်း ခိုးလိုးခုလုနှင့် ရှိနေရလေသည် ။


သို့သော် မပန်း၏ နားနှစ်ဖက်သည် ခေါင်းအုံးနှင့် လွတ်ကင်း နေသည် ဖြစ်ရကား တစ်ဖက်ခန်းမှ ပြောသံ ဆိုသံများကို ပို၍ သဲကွဲစွာ ကြားနေရပြန်သည် ။


“ တော်တော့ကွယ် …. ၊ ဒီစကားကလဲ ပြောလို့ပဲ မပြီးနိုင်သေးဘူးလား ” 


မောင်အုပ်၏ မိန်းမသည် အသက်ရှူကျပ်သံနှင့် ပြောလိုက်လေသည် ။


“ အို … မင်းကလဲ အသာနေစမ်းပါ ၊ ဒီလက်က ဖယ်စမ်းပါ ၊ မင်းကိုယ်လုံးက ဟိုဘက်ခန်းက ကောင်မလေး လောက်တောင် မကြီးဘူး ၊ အဲဒီ ကောင်မလေးလောက် ဆိုရင် ဟန်ကျမှာပဲ ” 


“ ဟိုက အပျိုပေါက်ကလေး ကို ရှင့် ၊ ဟင်း … ဒါပဲနော် ၊ သူ တော်တော် သရမ်းတယ် ။ အမေ့ .. နာလိုက်တာ ကြည့်ပါလား ၊ လူကို ဘာများ အောက်မေ့နေလဲ မသိဘူး .. ကဲ .. ကဲ ”


“ ဟေ့ ... လွှတ် ... လွှတ်ဆို ၊ ငါ သေသွားလိမ့်မယ် သိလား …. ”


“ သေ ... သေ ... သေသွားရင် ကောင်း ၊ ဟော ဟော .. လာပြန်ပြီ ၊ ကဲ ကဲ ... သဘောရှိတော်မူပါ ဘုရား ...”


မပန်း သည် ခေါင်းကို အသာကြွလျက် ဇက်ကို လှည့်ကာ နားနှင့် ခေါင်းအုံးနှင့် ဖိ၍ ကပ်လိုက်သည် ။ သို့သော် ကျန်သော နားတစ်ဖက်သည် လင်မယား နှစ်ယောက်တို့၏ ရှူသံ ရှိုက်သံများကို ကြားနေရလေသည် ။


သူသည် မိမိ ရင်ဘတ်ကို ကြမ်းပြင်နှင့် ဖိကပ်ကာ ခြေထောက် နှစ်ချောင်းကို တောင့်တင်းစွာ ဆန့်တန်းလျက် တင်းကျပ်စွာ လိမ်လိုက်လေသည် ။


ထိုနောက် သူ၏ မျက်လုံးသည် ညင်သာစွာ ပိတ်သွားရလေသည် ။ သူသည် အိပ်၍ မပျော်နိုင်သေးချေ ။ သူ၏ မျက်လုံးကို ဖြည်းညင်းစွာ ပြန် ဖွင့်လိုက်သော အချိန်တွင်မူကား တစ်ဖက်ခန်းမှ အမူးသမား လင်မယားတို့သည် ဟောက်၍ပင် နေကြပါချေပြီ ။


မပန်း ကဲ့သို့ပင် အိပ်၍ မပျော်သေးသူကား ဦးတုတ်ပေါ ဖြစ်ပါသည် ။ ဦးတုတ်ပေါ သည် တစ်ဖက်ခန်းမှ အမူးလင်မယား အိပ်ပျော်သွားကြသော အချိန်တွင် သူ၏ အဓိဋ္ဌာန်ပုတီး စိပ်ရသော လုပ်ငန်းသည် ပို၍ သမာဓိရလာ ၊ ပို၍ တွင်ကျယ်လာသဖြင့် စိတ်ချမ်းသာ နေရရှာပေသည် ။ 


သို့သော် … ထိုအချိန်ကလေးကား မကြာမြင့်လှပါချေ ။ ကျန်တစ်ဖက်ခန်းမှ အဒူလမန်းတို့ ကု,လား လင်မယား နိုး၍ လာကြပြန်ချေပြီ ။


ကု,လား လင်မယားတို့သည် မောင်အုပ်တို့ လင်မယားထက် ပို၍ စကားများကြသူများ ဖြစ်၏ ။


ခေါ်တော မိန်းမ မယ်စိန်သည် မြန်မာ ဖြစ်ပေမယ့် သူ့ယောက်ျားနှင့် စကားပြောသောအခါ ခေါ်တောလိုသာ ပြောလေ့ရှိသည် ။


သင်းတို့လင်မယား နှစ်ယောက်စလုံး ခပ်ရိုင်းရိုင်း ဖြစ်ကြ၏ ။ စကားပြောရာတွင် အာခေါင်ကို ခြစ်၍ ပြောသော အသံနှင့် ဆူဆူညံညံ ပြောလေ့ရှိ၏ ။ လမ်းလျှောက် လျှင်လည်း ရှေ့ခန်း နောက်ခန်းကို အားနာရမှန်း မသိ ၊ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် လျှောက်တတ်၏ ။ ထမင်းဟင်း ချက်ပြုတ်ရာ၌ ပင်လျှင် ဗြုန်းဒိုင်း ဗြုန်းဒိုင်းနှင့် နေအောင် သွားလိုက် လာလိုက် ချက်လိုက် ပြုတ်လိုက်နှင့် ပြုလုပ်တတ်ကြသော လင်မယား ဖြစ်ကြလေသည် ။


ယခုလည်း လင်မယား နှစ်ယောက်လုံး နိုးလာကြကာ မီးခွက် ထွန်းကြ၏ ။ ဗြုန်းဒိုင်း ၊ ဗြုန်းဒိုင်းနှင့် အိမ်ရှေ့သို့ ဆင်းသွားကြ၏ ။


ထို့နောက် ရေအိုးတွင် ရေခွက်နှင့် ရေခပ်သံ ၊ ဆေးသံ ၊ ကြောသံ ကြားရပြီးနောက် နှစ် ယောက်လုံး ဗြုန်းဒိုင်း ဗြုန်းဒိုင်းနှင့် တက်လာကြ၏ ။ မီးခွက်ကို မှုတ်လိုက်ကြ၏ ။ ထို့နောက်ကား တော်တော်နှင့် မအိပ်ကြတော့ချေ ။ တခွီးခွီး တခွဲခွဲနှင့် စကားပြောရင်း အင့် - အင့် - အဲ့ - အဲ့ နှင့် ကျီစယ် နေကြပြန်သေးသည် ။


အဒူလမန်းတို့ လင်မယားနှင့် ဦးတုတ်ပေါတို့ အိပ်ရာမှာ ကျူဖျာ တစ်ချပ်သာ ခြားပေသည် ။ 


ဦးတုတ်ပေါသည် တစ်ဖက်ခန်းကို နားမစွင့်မိအောင် ကိုယ့်စိတ်ကို ထိန်းသိမ်းရင်း ပုတီးကိုသာ တွင်တွင် စိပ်နေမိ၏ ။


သို့ရာတွင် မကြာမကြာ အာရုံပျံ့လွင့်လျက် ပုတီးလုံးကို မေ့၍ မေ့၍ သွားလေသည် ။ 


ဦးတုတ်ပေါကား လူကြီး ဖြစ်လေသည် ။ ထို့ကြောင့် အာရုံသည် ကြာရှည်စွာ မပျံ့လွင့် နိုင်ချေ ။ သူသည် လက်ထဲရှိ ပုတီးကုံးကို ဂရုတစိုက် ခပ်သွက်သွက် စိပ်လိုက်မိလေသည် ။


တစ်ဖက်ခန်းမှ ကု,လား လင်မယားတို့သည် ပြန်၍ အိပ်ပျော်စ ပြုကြဟန် ရှိပေပြီ ။ 


ထိုကု,လားလင်မယား မြန်မြန် အိပ်ပျော်ခြင်းသည် ခြေရင်းခန်း ၊ ခေါင်းရင်းခန်းများ အတွက် သက်သာ သွားကြရလေသည် ။


သို့မဟုတ်ပါက ခြေရင်း ၊ ခေါင်းရင်းခန်းရှိ လူအားလုံးတို့သည် အကုန် အိပ်ကြရတော့မည် မဟုတ်ချေ ။ ယခုပင်လျှင် မိမိ အနီးတွင် အိပ်နေသော အမယ်ကြီးသည် ကု,လား လင်မယားတို့ တဂျုန်းဂျုန်းနှင့် နိုးနေကြသော အချိန်က စ၍ တလူးလူးတလွန့်လွန့်နှင့် ရှိနေခဲ့လေသည် ။ 


ဦးတုတ်ပေါသည် လစ်ခနဲ အာရုံ ပျံ့လွင့် သွားရာမှ သတိတရနှင့် ပုတီးလုံးကလေးများကို ခပ်သွက်သွက် စိပ်ချလိုက်ပြန်လေသည် ။


ပုတီးလုံးကလေးများ၏ ကျနေသံတို့ သည် တချောက်ချောက်နှင့် မြည်လျက်ရှိနေ၏ ။ 


ထိုအချိန်၌ အနီးရှိ အမယ်ကြီး၏ လက်သည် ဦးတုတ်ပေါ၏ ရင်ဘတ်ပေါ်သို့ အသာအယာ လာ တင်လိုက်လေသည် ။ ဦးတုတ်ပေါသည် ငြိမ်သက်စွာ ပုတီးစိပ်မြဲ စိပ်နေသည် ။ သူသည် အိုကြီးအိုမနှင့် သမီးကြီး မနန်းနှင့်အတူ ကုန်စိမ်းရောင်းနေရရှာသော အမယ်ကြီး အပေါ်တွင် ကြင်နာစိတ် ဝင်လာလေသည် ။ အကယ်၍ တော၌သာ နေကြရပါမူ အမယ်ကြီးသည် ဘာမျှ လုပ်ရလိမ့်မည် မဟုတ်ချေ ။


ယခုကဲ့သို့သော ဝါတွင်းမျိုးတွင် အဖေတို့ ဆောက်လုပ် လှူဒါန်းခဲ့ကြသော ရွာဦးကျောင်းသို့ သွားရောက်ကြကာ ရပ်သူရွာသားတို့ အလယ်တွင် ထည်ထည်ဝါဝါ မျက်နှာ ပွင့်လင်းလျက် ရှိကြပေလိမ့်မည် ။


အနီးပါးနား ရွာနီးချုပ်စပ်က လူများသည် ဦးတုတ်ပေါ - မမင်းဘုံတို့ကို မျိုးနှင့် ရိုးနှင့် လေးစားလာခဲ့ကြရသည် ။ သူတို့သည် ဓားမခါးချပ် တောင်သူလယ်သမား မျိုးရိုးများ ဖြစ်ကြ၍ ရိုးသားမှု ၊ ဇွဲကောင်းမှု ၊ ကြိုးစားမှုတို့ကြောင့် မျိုးနှင့်ရိုးနှင့် ချောင်လည်ခဲ့ကြသူများလည်း ဖြစ်လေသည် ။ ထို့ပြင် သူတို့၏ မျိုးရိုးသည် အပျိုကြီး ၊ လူပျိုကြီး မျိုးရိုး ဖြစ်ကြ၏ ။


ဦးတုတ်ပေါသည် အပျိုကြီး ၊ လူပျိုကြီးမျိုး အချင်းချင်း ဖြစ်ကြသော မမင်းဘုံ ကို အသက် နှစ်ဆယ်ကျော်ကျော် က စ၍ မျက်စိကျခဲ့ သော်လည်း တစ်ယောက်နှင့်တစ်ယောက် ရှက်နေကြရ သဖြင့် အသက်သုံးဆယ်ပြည့်မည့် နှစ်မှ ဘေးမှ ဝိုင်းဝန်း လုံးပန်းပေးခဲ့ကြသောကြောင့် ရရှိခဲ့ကြခြင်း ဖြစ်လေသည် ။ ထိုအချိန်၌ မမင်းဘုံ၏ အသက်ကား နှစ်ဆယ့်ရှစ်နှစ် ရှိခဲ့ပေပြီ ။


ဦးတုတ်ပေါသည် တစ်ယောက်နှင့် တစ်ယောက် မရမီက မျက်စိချင်း ကြိုက်လာခဲ့ကြပုံကို စဉ်းစားမိရာမှ ရုတ်တရက် သတိရလာပြန်ကာ ပုတီးကို လျင်မြန်စွာ စိပ်လိုက်ပြန်လေသည် ။


စိပ်ပုတီးလုံးကလေးများသည် တချောက်ချောက်နှင့် မြည်ကာ ကျဆင်းကြရပြန်၏ ။ 


အမယ်ကြီးသည် ဦးတုတ်ပေါ၏ ဘက်သို့ ဖြည်းညင်းစွာ စောင်းလိုက်လေသည် ။ ထို နောက် ဦးတုတ်ပေါ၏ ရင်ဘတ်ပေါ်မှ လက်ကို အသာရုပ်လျက် ပုတီးစိပ်နေသော ဦးတုတ်ပေါ၏ လက်မောင်းအား ညင်သာစွာ ပွတ်၍ ပွတ်၍ ပေးနေ၏ ။ ထို့နောက် ဦးတုတ်ပေါ၏ လက်မောင်းအိုးမှ အရေပြားပျော့ပျော့ကို ယုယစွာ ဆွဲ၍ ဆွဲ၍ ကြည့်နေရှာသည် ။


လက်ထဲမှ စိပ်ပုတီးသည် ဂျောက်ခနဲ ကြမ်းပြင် ပေါ်သို့ ကျသွားပြီးနောက် ဦးတုတ်ပေါ သည် ငေါက်ခနဲ အိပ်ရာမှ မထလိုက်နိုင်စေကာမူ အမယ်ကြီးဘက်သို့ ဖြည်းညင်းစွာ လှည့်လိုက်ပါလေသည် ။


ရန်ကုန် … ရန်ကုန် ဟူသော ကားစပယ်ယာ၏ အသံသည် တိတ်ဆိတ်ခြင်းကို ထိုးဖောက်ကာ သရက်ပင်အုပ်များ၏ အောက်မှ တောသံ ပေးလျက် ‘ မေတ္တာရွှေရည် ’ လမ်းကလေးကို လွှမ်းမိုး၍ သွားလေသည် ။


အမယ်ကြီးသည် ဦးတုတ်ပေါ၏ ဘေးမှ အစာဝသော ကြောင်ကလေး ကဲ့သို့ ညင်သာစွာ ထကာ မီးခွက်ထွန်းလိုက်လေသည် ။


“ မနန်း ... မနန်း ... ၊ ထ ... ထ ... ကားလာနေပြီ ”


“ ကျွန်မ နိုးနေပါတယ် အမေ … ”


အပျိုကြီး မနန်းသည် ပြောပြောဆိုဆို အိပ်ရာမှ လူးလဲ၍ ထလိုက်လေသည် ။ 


အမယ်ကြီးသည် ခပ်သီသီနေသော မျက်လုံးဖြင့် တစောင်း လှဲနေသော ဦးတုတ်ပေါ အား ကွက်ခနဲ လှမ်းကြည့်ရင်း ညှိပြီးသား ဆေးလိပ်ကို ထပ်၍ ညှိရန် မီးခြစ် ခြစ်လိုက်မိလေသည် ။ 


ထို့နောက် မကြာမီ သားအမိ နှစ်ယောက်သည် ကုန်စိမ်းကားနှင့် ဈေးသို့ပါသွားကြ၏ ။ 


ထိုနေ့က မနန်းသည် ဈေးထဲတွင် တက်နေသဖြင့် အိမ်သို့ ပြန်လာခဲ့ရသည် ။ မနန်း၏ မျက်လုံးများမှာ လွန်စွာအားနည်းလျက် ညပေါင်းများစွာ အိပ်ရေးပျက် သကဲ့သို့ ရှိနေလေသည် ။ တစ်ခါတစ်ရံ သူသည် အကြောင်းမရှိဘဲနှင့် ငိုလိုက် ၊ ရယ်လိုက်ပင် ဖြစ်နေသေး၏ ။ 


ဤရောဂါမျိုးသည် မနန်း တစ်ယောက်တည်းသာ မဟုတ် ၊ ဤလမ်း တစ်လမ်းလုံးတွင် ရှိသော အပျိုကြီးများ ၊ မုဆိုးမများ ၊ တစ်ခုလပ်များ၌ ဖြစ်ပေါ်နေသောရောဂါ ဖြစ်လေသည် ။


••••• ••••• •••••


ယခုလည်း မနန်း သည် တက်ပြီးခါစ ဖြစ်သဖြင့် မောမောနှင့် အိပ်ပျော်နေရှာပေသည် ။ 


ဦးတုတ်ပေါသည် မနန်း ရှိရာသို့ လှမ်းကြည့် လိုက်ပြန်လေသည် ။


ဆယ်ပေ ပတ်လည်ရှိ အိမ်ခန်းကလေးသည် အိပ်ရာများ ၊ စားအိုးစားခွက်များနှင့် ပြန့်ကြဲကာ သီးခြား အကာအရံ မရှိဘဲ ဟာလာဟင်းလင်း မြင်နေရလေသည် ။


ဦးတုတ်ပေါသည် မိမိ သမီးငယ် မပန်း တစ်နေ့တခြား အပျို လုပ်လာပုံ ၊ တစ်နေ့ခြား စိတ်တိုလာပုံ ၊ တစ်နေ့တခြား လူကြီးတွေ ခံအော်လာပုံတို့ နှင့်တကွ နောက်ဆုံးတွင် တစ်ဖက်ခန်းမှ မောင်အုပ် နှင့် လိုက်ပြေးကြပုံတို့ကိုပါ စိတ်ထဲတွင် ပေါ်၍ လာလေသည် ။


ဦးတုတ်ပေါသည် လက်ထဲတွင် ကိုင်ထားသော ဂျာနယ်ပြာ စာအုပ်ကို ထပ်၍ ကြည့်လိုက် မိပြန်လေသည် ။


‘ တီဟီတီကျွန်း အကြောင်း ရတနာတင့် ရေးသည် ’


အသက် ရှစ်နှစ် အောက်ရှိ ကျောင်းသားကလေး တစ်အုပ်သည် ဦးတုတ်ပေါ တို့၏ အိမ်ရှေ့မှ ဖြတ်၍လျှောက်သွားကြလေသည် ။


“ ငါက ကောင်မလေးနဲ့ အိမ်သာဘေးမှာ ချိန်းထားတာကွ ၊ စိန်ကြီး လာရှုပ်နေလို့ပေါ့ ၊ တစ်နေ့ နေ့တော့ ဒီကောင့်ကို ငါ အုပ်ထည့်လိုက်ဦးမယ် ”


ဦးတုတ်ပေါသည် ဖြတ်သွားသော ကလေးများအား အရွယ်နှင့် မလိုက်အောင် လျင်မြန်စွာ လှမ်းကြည့်မိသည် ။


ထိုအတွင်း အမယ်ကြီးသည် အဝတ်ကလေးကို ခေါင်းပေါ်သို့ တင်ကာ အိမ်ပေါ်သို့ တက် လာခဲ့လေသည် ။


“ ပယောဂဆရာကြီး ကိုသာကြူးနဲ့ တွေ့ ခဲ့ရတယ် ၊ ကိုရင့်ကိုတောင် မေးလိုက်သေးတယ် ၊ အခု ဟောဒီ နတ်ကြီးငါးပါး ဆေးကလေး တိုက်ထားတဲ့ ၊ နောက်မှ လက်ဖွဲ့ထိုးပေးမယ် ၊ ငွေသုံးကျပ် ပေးခဲ့ရမယ် ဆိုလို့ ပေးခဲ့ရသေးသတော့ .. ”


ဦးတုတ်ပေါသည် အမယ်ကြီးက တရိုတသေ ကိုင်၍ ပြနေသော ဆေးပုလင်းကို ခြေထောက်နှင့် ပြေး၍ ကန်လိုက်လေသည် ။


ထို့နောက် တက်ပြီးခါစ ပါးပေါ်တွင် မျက်ရည်ဥကလေးများ မခြောက်သေးဘဲ မောမော နှင့် အိပ်ပျော် နေရှာသော သမီးကြီး မနန်း ကိုပါ ပြေး၍ ကန်လိုက်သည် ။


“ ဘာ ... နတ်ကြီးငါးပါး ၊ ဘာ ... ပယောဂ ၊ ဟဲ့ ... ကောင်မ ထ ၊ ကဲ ... တက်ဦး တက်ဦး ၊ ပြန်မယ် … တောကိုပြန်မယ် ၊ အကုန်လုံး သူပုန်သ,တ်လို့ သေချင် သေပေစေ ၊ ဒီမှာ မနေဘူး ၊ လုပ်လေ မိနန်း ၊ ပြောနေတာ မကြားဘူးလား ... ”


မနန်း သည် ပြူးတိပြူးကြောင်နှင့် ဖခင် ဦးတုတ်ပေါအား ကြည့်၍ နေလေသည် ။ အမယ်ကြီးက အံ့အားသင့်စွာနှင့် ညည်းလိုက်၏ ။


“ အို … ကိုရင်ကလဲ ဘယ်လို ဖြစ်တာတုံး ”


ဦးတုတ်ပေါ တို့ကား ရန်ကုန်မြို့ မေတ္တာရွှေရည် လမ်းကြားကလေးထဲမှ ထိုနေ့တွင်ပင် တောသို့ ပြောင်းသွားပါလေပြီ ။


အမယ်ကြီး နှင့် မနန်း တို့သည် ရွှေတိဂုံစေတီနှင့် တကွ တဖြည်းဖြည်း ဝေး၍ ကျန်ရစ်သော ရန်ကုန်မြို့ ဆိပ်ကမ်းကို ကြည့်ကာ ...


မပန်းကလေး တစ်ယောက်တော့ ဘာမျှ မသိရရှာဘဲ ဤမြို့တော်ကြီး၏ တစ်နေရာရာ၌ ပျော်ပါးစွာ ကျန်ရစ်ရရှာလေပြီတကားဟု စိတ်ထဲတွင် ထင်မြင်လာကြပြီး မျက်ရည်များ ရစ်ဝဲ၍ လာကြပါလေသတည်း ။


( စံနက်ကျော် အမည်ဖြင့် )


 ⎕ ရန်ကုန်ဘဆွေ

📖မြဝတီ မဂ္ဂဇင်း

     စက်တင်ဘာ ၊ ၁၉၅၇