Showing posts with label စံထွန်းအောင်. Show all posts
Showing posts with label စံထွန်းအောင်. Show all posts

Sunday, September 28, 2025

စားကျက်တွင်းမှ တူရိယာ

 

❝ စားကျက်တွင်းမှ တူရိယာ ❞
           ( ပုံပြင် )

မိဘမဲ့ သိုးကျောင်းသားကလေး ဆူဟိုအား အဘွား ဖြစ်သူက ထိန်းသိမ်းကြည့်ရှုခဲ့လေသည် ။ ဆူဟိုသည် သူ၏ အဘွားပိုင်သော သိုးကောင်ရေ ၂၀ ကို ကျောင်းပေးခြင်း ၊ အစားအသောက် ကူညီ ချက်ပြုတ်ပေးခြင်းတို့ဖြင့် သူ၏ အဘွားအား ကျေးဇူးတုန့်ပြန်၍ နေရှာလေသည် ။

ဆူဟိုသည် အသက် တစ်ဆယ့်ခုနှစ်နှစ် အရွယ်တွင် ထူးချွန်သည့် အဆိုကျော်တစ်ဦး ဖြစ်လာသည် ။ တစ်နေ့တွင် ဆူဟိုသည် မိုးချုပ်သည့် တိုင်အောင် အိမ်သို့ ပြန်မလာသဖြင့် အဘွားဖြစ်သူက စိတ်ပူရလေသည် ။ သို့သော် အတော် ညဉ့်နက်လာသောအခါ၌ ဆူဟိုသည် အမွေး ဖြူဆွတ်သည့် မြင်းကလေး တစ်ကောင်ကို ရင်ခွင်၌ ထွေးပိုက်ရင်း ပြန်လာလေသည် ။

“ ကျွန်တော် ပြန်လာတဲ့ လမ်းပေါ်က ဒီမြင်းကလေးကို ကောက်ရတာပဲ ။ သူ့မှာ အမေလည်း မရှိဘူး ။ သူ့ကို ကျွန်တော် မယူရင် ဒီကောင်လေးဟာ ဝံပုလွေစာ ဖြစ်သွားမှာပဲ ”

ဆူဟိုသည် ကလေးပီပီ လူသူ မရှိတဲ့ ပတ်ဝန်းကျင်၌ တစ်ယောက်တည်း စကား ပြောနေ၏ ။

ကာလအတန်ကြာခဲ့ပြီ ။ မြင်းပေါက်ကလေးသည်လည်း ဆွတ်ဆွတ်ဖြူသော အမွေးအရောင်ဖြင့် ဆူဟို၏ ပြုစုယုယမှုကြောင့် တစ်နေ့တခြား ကြီးထွားလာခဲ့ပေသည် ။ တစ်ည ဆူဟို အိပ်နေစဉ် မြင်းကလေး၏ အော်သံကို ကြားရသဖြင့် အိပ်ရာမှ လေးဘက်တွား၍ ထလာခဲ့လေသည် ။ သူ၏ သိုးခြံကို မွဲခြောက်ခြောက် အရောင်ရှိသော ဝံပုလွေ တစ်ကောင်က အန္တရာယ် ပြုသောကြောင့် သူ၏ မြင်းကလေးက ခုခံ တိုက်ခိုက်နေသည်ကို တွေ့ရလေသည် ။

“ ငါ့မြင်းကလေးဟာ သိုးတွေ အားလုံးရဲ့ အသက်ကို ကယ်တင်လိုက်တာပဲ ”

ဆူဟိုက မြင်းကလေးကို ထွေးပိုက်ယူယလိုက်ပြန်သည် ။

အချိန်တို့သည် ကုန်လွန်မှန်း မသိ ကုန်လွန်ခဲ့၏ ။ တစ်ခုသော မိုးဦးပေါက်တွင် နယ်ရှင် မင်းသားကြီးသည် လားမား ဘုရားရှိခိုးကျောင်းဝင်းတွင် ကျင်းပမည့် မြင်းပွဲတစ်ခု အတွက် စည်းရုံးလျက်ရှိကြောင်း သတင်းကြားရသည် ။ အနိုင်ရရှိသူကိုလည်း သူ၏ သမီးနှင့် ရွှေလက်တွဲ၍ ချစ်ပွဲဝင်စေရမည်ဟု ဆိုလေ၏ ။ ထိုအခြင်းအရာကို ဆူဟို ကြားသိရသည် ။ သူ၏ မိတ်ဆွေများ ကလည်း ပြိုင်ပွဲဝင်ရန် သူ့အား ဝိုင်းဝန်း အားပေးကြသည် ။

ပြိုင်ပွဲ စလေပြီ ။ ကျန်းမာသန်စွမ်းပြီး များပြားလှစွာသော လူငယ်လူရွယ်များသည် ပြိုင်ပွဲတွင် ပါဝင်ယှဉ်နွဲကြသည် ။ သူတို့သည် ကြာပွတ်များ ရိုက်နှက်၍ မြင်းများကို အရှိန်ပြင်းစွာ ကဆုန်ဆိုင်း၍ ပြေးစေသည် ။ သို့သော်လည်း ဆူဟို နှင့် မြင်းပေါက်ကလေးသည် အခြားသူများထက် ဦးစွာ ပန်းတိုင်ကို ကျော်ဖြတ်နိုင်ခဲ့သည် ။

“ ဟေ့ ... မြင်းဖြူဖြူကလေး ပေါ်က မြင်းစီးသမားကို ဒီကို လာဖို့ ပြောလိုက်စမ်း ”

ဗိုလ်ရှုခံ စင်မြင့်ပေါ်မှ မင်းသားကြီးက ဆိုလိုက်သည် ။ နယ်ရှင်မင်းသားကြီးသည် ဆူဟိုအား အညတြ ရိုးသားသော သိုးကျောင်းသားကလေး ဖြစ်မှန်း သိသောအခါ သူ့သမီးနှင့် လက်ထပ်ရန် ကိစ္စနှင့် ပတ်သက်၍ နိမိတ်လက္ခဏာ မပြသည့်အပြင် ရိုင်းစိုင်းစွာ ဆိုလိုက်ပြန်သေးသည် ။

“ မင်း မြင်းဖြူကလေး အတွက်ငွေသွန်းဒင်္ဂါး ၃ - ပြားရလိမ့်မယ် ။ ဒါပြီးရင် မင်း အိမ်ကို ပြန်နိုင်တယ် ”

ဆူဟိုသည် ထိုစကားကို ကြားရလျှင် ဒေါသထွက်လာသည် ။

“ ဘာလိုလိုနဲ့ ကျွန်ုပ် မြတ်နိုးတဲ့ မြင်းဖြူကလေး ရောင်းရတော့မှာပါကလား ” ဟူ၍ စဉ်စားမိသောအခါ “ ဟေ့ ... ငါ မြင်း ပြေးရအောင်လာတာကွ ။ မြင်းရောင်းရအောင် လာတာမဟုတ်ဘူး ” ဟူ၍ တုံးတိတိ ပြန်ပြောလေသည် ။

“ မိုက်လှတဲ့ သနားစရာ သိုးကျောင်းသားကလေးရယ် ။ နယ်ရှင်မင်းသားကြီးကို အန်တုဝံ့တာ သင်းတော့ ကောင်းကောင်း ဆုံးမခံရတော့မှာပဲ ”

သူ၏ လက်ပါးစေများသည် ချက်ချင်း ဆူဟိုကို ဗိုလ်ရှုခံစင်မြင့်ပေါ်သို့ ဆွဲတင်လိုက်၏ ။ သူတို့သည် ဆူဟိုအား သတိလက်လွတ် ဖြစ်လာအောင် ရိုက်နှက်ပြီးမှ အောက်သို့ ကန်ချလိုက်သည် ။ နယ်ရှင် မင်းသားကြီးသည် အောင်မြင်သော အပြုံးဖြင့် နေအိမ်သို့ မြင်းဖြူစီး၍ မြန်းကြွသွားလေသည် ။

ဆူဟိုကို သူ၏ အဖော် မိတ်ဆွေသင်္ဂဟများက အိမ်သို့ ပြန်ယူလာကြသည် ။ သူ၏ အဘွားကြီး ကလည်း ဆူဟိုအား ရက်အတန်ကြာသည့် တိုင်အောင် ပြုစုပေးရရှာသည် ။

ညတစ်ည၌ အိပ်ပျော်အံ့ ဆဲဆဲတွင် တံခါးခေါက်သံကို ကြားရသည် ။ “ ဘယ်သူပါလိမ့် ခင်ဗျား ” ဟူ၍ ဆူဟိုက မေးလိုက်သည် ။ သို့သော် တစ်စုံတစ်ရာမျှ ပြန်ကြားချက် မရခဲ့ပေ ။ တံခါးကို ရိုက်ပုတ်သံများ ယခုထိ ကြားလျက် ရှိနေသေးသည် ။ အဘွားသည် အခြင်းအရာကို သိလိုသဖြင့် တံခါးဖွင့်လိုက်သောအခါ “ အို ... မြင်းဖြူကလေးပါကလား ” ဟု အံ့ဩစွာ ရွတ်ဆိုလိုက်သည် ။ ဆူဟိုသည် ချွေးများ ယိုစီးလျက် မြားတံရှစ်ခုမျှ စူးဝင် နေသော မြင်းကလေးကို တွေ့ရသည် ။ ဆူဟိုသည် မြားတံများကို အပြင်ပသို့ ဆွဲနှုတ် လိုက်သောအခါ သွေးများသည် အနာမှ ချက်ချင်း ယိုစိမ့် ထွက်လာသည် ။ မြင်းဖြူကလေးသည် ပြင်းထန်သော ဝေဒနာကြောင့် နောက်တစ်နေ့တွင် သေဆုံးသွားသည် ။

နယ်ရှင်မင်းသားကြီးသည် ရတောင့်ရခဲလှသော မြင်းဖြူကလေးအတွက် သာယာသော နေ့တစ်နေ့တွင် သူ၏ မိသားတစ်စုနှင့် မိတ်သင်္ဂဟ အပေါင်းအား အခမ်းအနားပွဲ တစ်ခု ကျင်းပပြုလုပ်ခဲ့ရာမှ ဤအဖြစ်အပျက်နှင့် မလွှဲမရှောင်သာ ရင်ဆိုင်ရလေသည် ။ မင်းသားကြီးသည်မြင်းကလေးအား စီးနင်း ပြသရန်အတွက် သူ့ထံ ယူလာရန် အမိန့်ပေးလေသည် ။ သူသည် အပေါ်သို့ တက်လိုက်သော အခါဝယ် မြင်းသည် ပတတ်ရပ်၍ မင်းသားကြီး အောက်သို့ လိမ့်ကျအောင် ပြုမူလိုက်သည် ။

ထို့နောက် မြင်းကလေးသည် ပျားပန်းခတ်မျှ မင်းပရိသတ်ကို ဖြတ်ကျော်၍ ခုန်ပေါက် ပြေးထွက်သွား၏ ။

“ ဖမ်းဟေ့ ”

မင်းသားကြီးသည် မိမိကိုယ်ကို အနိုင်နိုင် ထူရင်း “ မင်းတို့ မဖမ်းနိုင်ရင် သ,တ်ပစ်လိုက်ကွ ” ဟု စိတ်ဆိုးခြင်း ကြီးစွာဖြင့် အမိန့်ပေးလေ၏ ။ ဤအမိန့်ကြောင့် မြားမိုးသည် မြင်းဖြူကလေး ပေါ်သို့ ရွာသွန်းနေလေသည် ။ မြင်းကလေးသည် သူ၏ သခင့် အပါး၌ အသက်ပျောက်လိုသော ဆန္ဒဖြင့် ယခုကဲ့သို့ အိမ်အရောက် ကြိုးစား၍ ပြေးလာရခြင်း ဖြစ်သည် ။ ဆူဟိုသည် သေဆုံးပြီဖြစ်သော မြင်းဖြူကလေး အတွက် ရှိုက်ကြီးတငင် နေ့ည အနားမပေးဘဲ ငိုကြွေး မြည်တမ်းလျက် ရှိနေ၏ ။ တစ်ညသ၌ ဆူဟိုသည် လူးလှိမ့်ရင်း သူ၏ မြင်းဖြူကလေး အသက်ရှင်လျက်နေသည်ကို မြင်ယောင်လာသည် ။

“ သခင်ကလေး ... သခင်ကလေးနှင့် ကျွန်ုပ် ရာသက်ပန် အတူတကွ နေထိုင်သွားဖို့ နည်းလမ်းကို သခင်ကလေး မသိသေးဘူး ထင်ပါရဲ့ ။ သခင်ကလေးဟာ ကျွန်ုပ်ရဲ့ အရိုးကို တယောပြား တစ်လက် ဖြစ်အောင် ပြုလုပ်ပေးပါ ” ဟု မြင်းလေးက ဆို၏ ။ နောက်တစ်နေ့တွင် ဆူဟိုသည် သူ၏ အချစ်ဆုံး မြင်းဖြူကလေး၏ ဦးခေါင်းရုပ်ကို သူ၏ အရိုးပေါ်၌ပင် ထုလုပ်လိုက်သည် ။ ဆူဟိုသည် မြင်းကလေး၏ ကြွက်သားအမျှင်များကို တယောကြိုး အဖြစ် လည်းကောင်း များပြားလှသော မြင်းအမြီးများကို တယောထိုးတံကိုင်းကြိုးအဖြစ် အသုံးပြုလေသည် ။

သူသည် ဤမည်သော မြင်းခေါင်းရုပ်တပ် တယောပြားကလေးကို တီးမှုတ်သော အခါ သူ၏ စိတ်တွင် နယ်ရှင်မင်းသား အမှူးပြုသော ပဒေသရာဇ်စနစ် တစ်ခုလုံးကို ရွံရှာမုန်းတီးလာလေ၏ ။ သူ၏ အတွင်းသဏ္ဌာန်တွင်လည်း ကဆုန်ပေါက်နေသော မြင်းဖြူကလေးပေါ်ဝယ် စီးနင်း လိုက်ပါသွားသကဲ့သို့ ခံစားနေရသည် ။ ဆူဟို၏ စိတ်တွင်း ခံစားချက်များသည် တေးဂီတ အသွင် ပြောင်းလဲလာသည် ။ ဤ ဆူဟို၏ တေးသီချင်းများကပင် မွန်ဂိုလီးယန်းလူမျိုး လူများစုတို့အား ကိုယ်စားပြုသည့် တေးသံ ဖြစ်လာရသည် ။ လူအပေါင်းတို့သည် ညအချိန် အလုပ်အားလပ်သော အခါဝယ် ဆူဟို ရှိရာသို့ စုရုံးလာရောက်၍ တေးဂီတသံကို နားထောင်လေသည် ။

ဆူဟို၏ တေးသံဖြင့် သူတို့၏ ပင်ပန်းနွမ်းနယ်ခြင်းကို ဤနည်းနှင့် မေ့ပျောက်စေရလေသတည်း ။

(ဘာသာပြန်)

⎕ စံထွန်းအောင် 
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၈ ၊ ဖေဖော်ဝါရီ

Tuesday, September 23, 2025

ငှက်လိမ္မာ

 

❝ ငှက်လိမ္မာ ❞
    ( ပုံပြင် )

ရှေးသရောအခါက မြောက်ဘက် ဟန်ဂတောင်တန်းပေါ်တွင် ထူးခြားပြီး လိမ္မာသော ငှက်တစ်ကောင် ရှိ၏ ။ ချမ်းသာကြွယ်ဝသော ပုဂ္ဂိုလ်များနှင့် အထက်တန်း အရာရှိကြီးများသည် ထိုငှက်လိမ္မာကို ဖမ်းဆီး လိုကြလေသည် ။

သူတို့၏ ကြိုးပမ်းမှုများကြောင့်မြောက်ဘက် ဟန်ဂတောင်တန်းတစ်လျှောက်ဝယ် ခြေသွားလမ်းကလေး တစ်ခုပင် ဖြစ်၍နေ၏ ။ သို့သော်လည်း သူတို့သည် ငှက်လိမ္မာကို ဖမ်းဆီး၍ မရနိုင်ခဲ့ပေ ။

ထိုငှက်သည် တစ်ပါးသော အရပ်သို့ ပျံသန်းသွားလာခြင်း မရှိဘဲ တောင်ပေါ်ရှိ စိမ်းလန်းစိုပြေစွာရှိနေသည့် ထင်းရူးပင်ကြီး ပေါ်တွင် နားနေတတ်၏ ။ သူသည် ပင်မြင့်ထက်မှ သာယာနှစ်လိုဖွယ် တေးသွားကို ကြူးရင့်နေတတ်လေသည် ။

ဤသတင်းကို ဟန်ဂတောင်တန်း အရှေ့ဘက်တွင် နေထိုင်သော အစ်ဂါခန် ဆိုသူ ကြားသိပြီး “ ဒီငှက်ကို မဖမ်းနိုင်ဘူး ဆိုတာ ကျုပ် မယုံကြည်ပါဘူး ” ဟု ကြုံးဝါးလိုက်သည် ။ ထို့နောက် သူသည် ဟန်ဂတောင်ရိုးပေါ်သို့တက်ရောက်ပြီး ထင်းရူးပင် ထက်တွင် နားနေသော ငှက်ကြီးကို ရှာဖွေသည် ။ ငှက်လိမ္မာကြီးကို တွေ့သောအခါ အစ်ဂါခန်သည် လက်ဖြင့် ပွေ့ယူပြီး တောင်ပေါ်မှ ဆင်းသက်ခဲ့သည် ။

“ ကျွန်ုပ်ကို ဖမ်းရတာ သိပ်လွယ်မှာပေါ့ ... အစ်ဂါခန် ၊ဒါပေမယ့် ... တောင်ဆင်းလမ်း ခရီးမှာ ကျွန်ုပ် ပြောပြတဲ့ စကားထဲက တစ်စုံတစ်ရာကြောင့် သင်ဟာ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ပြီး မျက်တောင် ခတ်မိပါလျှင် ကျွန်ုပ်သည် သင့်ထံမှ ထွက်ပြေးမည် ဖြစ်ပါသည် ” ဟု ငှက်ကြီးက ဆို၏ ။

“ မင်း ကြိုက်သလို ပြောပါကွာ ... ငါ စိတ်မရှိပါဘူး ” ဟု အစ်ဂါခန်က ပြန်ပြောလေသည် ။

“ ဒီလိုဆိုရင် ကျွန်ုပ်ဟာ သင့်ကို အလွန် စိတ်ပါဝင်စားဖွယ်ကောင်းသော ပုံပြင်တစ်ခုကို ပြောပြရတော့မှာပေါ့ ”

တစ်ခါက မုဆိုးတစ်ဦးမှာ အမဲလိုက်ခွေး တစ်ကောင်ရှိ၏ ။ တစ်နေ့သ၌ သူသည် အမဲ လိုက်ရင်း ငွေအပြည့် တင်ထားပြီး ကျိုးပဲ့ ပျက်စီးနေသော လှည်းတစ်စီးကို တွေ့ရလေ၏ ။ လူတစ်ယောက်သည် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် လှည်း၏ ဘေးတွင် ထိုင်နေလေသည် ။ မုဆိုးသည် လှည်းသမား၏ အပါးသို့ သွားပြီးလျှင် အကျိုးအကြောင်း သိလို၍ မေးမြန်း၏ ။ လှည်းသမား ကလည်း “ အို ... အသင်မုဆိုး လက်သမားခေါ်ရန် ကျွန်ုပ် ခရီးသွားရပါမည် ။ ယင်းသည့်ကာလ တွင် ကျွန်ုပ်၏ လှည်းနှင့်တကွ ပစ္စည်းများကို ကျေးဇူးပြု၍ စောင့်ရှောက်ပါ ” ဟု မုဆိုးကြီးအား မေတ္တာရပ်ခံလေသည် ။

မုဆိုးကြီး၏ သဘောတူညီချက် ရရှိပြီဖြစ်၍ လှည်းသမားသည် ထွက်ခွာသွားတော့သည် ။ မိုးချုပ်သည့် တိုင်အောင် လှည်းသမား ပြန်မလာသေးပေ ။ ထိုအချိန်တွင် မုဆိုးသည် အိမ်တွင် ကျန်ရစ်ခဲ့သော သူ၏မိခင်အတွက် စိတ်သောက ရောက်စပြုလာပြီဖြစ်သည် ။ တစ်ဦးတည်း ကျန်ရစ်ခဲ့သော မိခင်တွင် တစ်နေ့တာ စားသောက်ရန် အစားအသောက် လုံးဝ မရှိဘဲ ဖြစ်နေသည် ။ မုဆိုးသည် အမဲလိုက်ခွေးကြီးကို အပါးသို့ ခေါ်လျက် “ ကိုင်း ... မင်းပဲ ဒီလှည်းပေါ်က ပစ္စည်းတွေကို ငါ့ကိုယ်စား စောင့်ရှောက်ရစ်ပါကွာ ။ နောက်ပြီး ဒီပေါ်က ပစ္စည်းတွေကို ဘယ်သူပဲဖြစ်ဖြစ် ယူခွင့် မပေးပါနဲ့ ။ ငါလည်း ငါ့အမေကြီး ညစာ စားဖို့အတွက် အိမ်ကို ပြန်ရဦးမယ် ” ဟူ၍ ပြောဆိုပြီးပြန်သွားလေ၏ ။

အမဲလိုက်ခွေးကြီး ကလည်း လှည်းနှင့် နွားများကို အချိန် ရှိသရွေ့လှည့်ကာ ပတ်ကာ စောင့်ရှောက် ပေးနေသည် ။ လှည်းသမား သည်လည်း လက်သမား ရှာဖွေရန် ရွာပေါင်း မြောက်များစွာသို့ လှည့်ပတ် သွားလာခဲ့ရသည် ။ သူသည် လှည်းဆီသို့ ပြန်လာသောအခါ မုဆိုးကြီး မရှိတော့ဘဲ သူ့ကိုယ်စား သစ္စာရှိရှိ လှည်းကို စောင့်ရှောက်လျက် နေသည့် အမဲလိုက်ခွေးကြီးကို တွေ့ရသည် ။ သူသည် အမဲလိုက်ခွေးကြီးအား ကျေးဇူးတင်လွန်း၍ ငွေတစ်စကို ဆုငွေအဖြစ် ချီးမြှင့်လိုက်၏ ။ အမဲလိုက်ခွေးကြီးသည် အလွန် ညဉ့်နက်သော အချိန်၌ ငွေစကို ကိုက်လျက် မုဆိုးကြီး အိမ်သို့ ပြန်လာသည် ။ ငွေစကို မြင်သောအခါ မုဆိုးကြီးသည် အလွန် ဒေါသထွက်လာသည် ။ “ ငါက လှည်းပေါ်က ငွေစတွေကို စောင့်ရှောက်ပါလို့ မှာထားရက်နဲ့ ငွေစကို ခိုးဝံ့တဲ့အကောင် ” ဟု ပြောဆိုရင်း မုဆိုးကြီးသည် တုတ်တစ်ချောင်း ယူလျက် ခွေးကို သေသည်အထိ ရိုက်သ,တ်လိုက်လေသည် ။

ဤသို့ ငှက်လိမ္မာကြီး ပြောပြလိုက်သော ပုံပြင်ကြောင့် “ အို .. ဖြစ်မှ ဖြစ်ရလေ ... အထင်မှားပြီး ခွေးလိမ္မာကြီး အသ,တ်ခံရတာ ဘယ်လောက် သနားစရာ ကောင်းလိုက်ပါသလဲ ကွယ် ” ဟု အစ်ဂါခန် က မချိတင်ကဲ ပြောမိလေသည် ။

“ မိတ်ဆွေကြီးအစ်ဂါခန် စိတ်ထိခိုက်သွားပြီကိုး ” ဟူ၍ ငှက်ကြီးက ဆိုလျက် အစ်ဂါခန် မျက်တောင်ခတ်ချိန်ဝယ် ခုန်ထွက် ပျံသန်းသွားလေတော့၏ ။

အစ်ဂါခန်သည် တစ်စုံတစ်ခုနှင့် ကြုံကြိုက်လာလျှင် စိတ်ထိခိုက်လွယ်တတ်သည့် အတွက် မိမိကိုယ်ကို အပြစ်တင်နေမိသည် ။ သူသည် နောက်တစ်ကြိမ် မြောက်ဘက် ဟန်ဂေ တောင်တန်းပေါ်သို့ ငှက်ဖမ်းရန် ရောက်၍ သွားပြန်၏ ။ ဤအကြိမ်တွင် ငှက်ကြီးက အခြား စိတ်ဝင်စားဖွယ်ကောင်းသော ပုံပြင်တစ်ခုကို ပြောပြနေပြန်သည် ။

တစ်ခါက သဘော အလွန်ကောင်းသည့် ကြောင်ကြီး တစ်ကောင်ကို ပိုင်ဆိုင်သော မိန်းမကြီးတစ်ဦး ရှိလေသည် ။ တစ်နေ့သ၌ မိန်းမကြီးသည် သူမ ရေခပ် သွားနေစဉ်တွင် ပုခက် အတွင်းရှိ သူမ၏ ကလေးငယ်အား စောင့်ရှောက်ရန် ကြောင်ကြီးအား မှာကြားထားခဲ့သည် ။ ကြောင်ကြီးသည် ပုခက်ဘေးတွင် ဝပ်လျက် ကလေးကို ယင် ၊ ခြင် ၊ မှက် အစရှိသည့် ပိုးမွှားများ၏ ကိုက်ခဲခြင်းဘေးရန်မှ ကာကွယ်ပေးလျက်ရှိ၏ ။ ထိုအခိုက် တံခါးဖုံးနောက်မှ ကြွက်တစ်ကောင်သည် ကလေးငယ်၏ နားရွက်ကို ကိုက်ရန် ပြေးထွက်လာသည် ။ ကြောင်ကြီးသည် ချက်ချင်း ကြွက်အား ခုန်အုပ်လိုက်၏ ။ ထိုစဉ်တွင် သာ၍ ကြီးမားသော ကြွက်တစ်ကောင်သည် ထွက်လာပြီး ကလေးငယ်၏ နားရွက်ကို ကိုက်ဖြတ်လေတော့သည် ။

ကြောင်ကြီးသည် ကလေး၏ အော်ဟစ် ငိုကြွေးသံကြောင့် လှည့်အကြည့်တွင် ကြွက်ကြီးကို တွေ့ရသဖြင့် သ,တ်ပစ်လိုက်၏ ။ ထို့နောက် သူသည် ကလေး၏ နားရွက်မှ သွေးစများ တိတ်စေရန် လျှာဖြင့် လျက်ပေးနေသည် ။ ရေခပ်သွားရာမှ ပြန်လာသော မိန်းမကြီးသည် ရင်သွေး၏ နားရွက်ကို လျာဖြင့် လျက်နေသည့် ကြောင်ကြီးကို မြင်သည် ။ “ ငါ့ကလေးကို စောင့်ရှောက်ဖို့မှာခဲ့တာ ။ ခုတော့ စောင့်ရှောက်မယ့် အစားကလေးရဲ့ နားရွက်ကို ကိုက်ဖြတ်နေတဲ့ ကြောင်မိုက် ” ဟူ၍ ပြောပြောဆိုဆို သူမသည် ကြောင်ကြီးကို သေအောင် ရိုက်သတ်လိုက် လေသည် ။ ချက်ချင်းပင် သူမသည် အဖြစ်အပျက်မှန်ကို တွေ့လိုက်ရသည် ။ ကလေးနားရွက်မှ အသားစကို ကိုက်ချီထားသည့် ကြီးမားသောကြွက်သေတစ်ကောင်ကို မကြာခင် တွေ့ရသည် ။ ထိုမိန်းမကြီးသည် မတရားမှုကို နောင်တတရား ရ၍ ကြီးစွာငိုကြွေးလေသည် ။

ထိုငှက်လိမ္မာကြီး ပြောပြသော ပုံပြင်ကြောင့် အစ်ဂါခန်သည် မခံမရပ်နိုင်အောင် နိမိတ်လက္ခ ဏာဖြစ်လာရုံတွင်မကဘဲ ပါးစပ်မှလည်း “ သနားစရာ ကောင်းလိုက်တဲ့ ကြောင်ကြီး ရယ် ” ဟုပင်ဆိုလိုက်မိသည် ။

ငှက်လိမ္မာကြီးကလည်း    “ အသင် နောက်တစ်ကြိမ် ဝမ်းနည်းကြေကွဲမှု ဖြစ်နေပြန်ပြီ ကိုး ” ဟုဆိုကာ ရှေးနည်းတူ မျက်တောင်အခတ်တွင် ပျံပြေးလေတော့၏ ။

အစ်ဂါခန်သည် မြောက်ဘက် ဟန်ဂေတောင်ရိုးတစ်လျှောက်ပေါ်သို့ တတိယအကြိမ်မြောက် တက်ရောက်ပြီး အစိမ်းရောင်ထင်းရူးပင်ပေါ်မှ ငှက်လိမ္မာကြီးကို ထပ်မံ ဖမ်းဆီးပြန်လေ၏ ။

ငှက်လိမ္မာကြီး ကလည်း လမ်းခရီးတွင် ယခင် ကာလထက် ပိုမို စိတ်ဝင်စားဖွယ် ကောင်းသော ပုံပြင်ကို ပြောပြပြန်လေသည် ။

ရှေးသရောအခါကအယ် ( လ် ) ပီး ဆိုသော လူတစ်ယောက်သည် မိုးခေါင်ရေရှားလွန်းသဖြင့် စားရေရိက္ခာ ကုံလုံကြွယ်ဝသော နေရာတစ်ခုသို့ ရှာဖွေရန် ထွက်ခွာသွားသည် ။ သူ၏ ခရီးတွင် တိုက်ခတ်သော လေပြင်းနှင့်နေပူရှိန်ဒဏ်များကြောင့် ရင်တွင် သွေ့ချောက်ပြီး ရေငတ် လာ၏ ။ ၎င်းအပြင် အင်အားများ ကုန်ခမ်းလာသည် ဖြစ်၍ ကျောက်စွန်းတစ်ခု၏ အောက်တွင် ထိုင်ပြီး သေမင်းနှင့် ရင်ဆိုင်ရမည့် အချိန်ကို ငံ့လင့်လျက်ရှိလေသည် ။ ရုတ်တရက် အပေါ်မှ အရည်များသည် တစက်စက် ကျလာသည်ကို တွေ့ရသည် ။ သူသည်လျင်မြန်စွာ သစ်သားခွက်ကို ကိုင်လိုက်ပြီး ရေစက်များကို ပြည့်လာသည့် အထိ တစ်စက်စီ ခံယူနေသည် ။ ရေခွက်တွင် ရေပြည့်သောအခါ သပိတ်လွယ်ငှက် တစ်ကောင်သည် ပျံသန်းလာ၍ လက်အတွင်းမှ သစ်သားခွက်ကို လွတ်ကျသွားအောင် တိုက်လိုက်၏ ။

အယ် ( လ် ) ပီး သည် ကြီးစွာ အမျက်ထွက်၍ ကျောက်တုံး တစ်တုံးကို ယူပြီး သပိတ် လွယ်ငှက်ကို သ,တ်ပစ်လိုက်လေသည် ။ ထို့နောက် သူသည် သပိတ်လွယ်ငှက် သေနေသော နေရာရှိ ကျောက်စွန်း တစ်ခုတွင် သွင်သွင် စီးကျနေသော စမ်းရေကြည်များကို တွေ့ရသည် ။ သူသည် ရေရှိရာသို့ သွား၍ ရေကို သောက်လေသည် ။

ထို့နောက် သူသည် နေရာသို့ ပြန်ထိုင်ပြီး အထက်သို့ အမှတ်မထင် ကြည့်မိသည် ။ ထို အခါ ကျောက်စွန်းပေါ်တွင် လျှာထွက်၍ ပါးစပ်မှ အဆိပ်များ တစ်စက်စက် ကျနေသောမြွေကြီး တစ်ကောင်ကို အယ် ( လ် ) ပီး တွေ့ရသည် ။ ထိုအခါမှ  ” အို ... သနားစရာ ကောင်းလိုက်ပါဘိ သပိတ်လွယ်ငှက်ကလေးရယ် ”  ဟု အယ် ( လ် ) ပီး သည် နောင်တရစွာဖြင့် ရေရွတ်လိုက်လေသည် ။

ပုံပြင် ပြီးဆုံးသောအခါ “ စိတ်ကောင်းရှိတဲ့ သပိတ်လွယ်ငှက်ကလေးဟာ သူတစ်ပါး အထင်မှားပြီး အသ,တ်ခံရတာပဲ ။ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းသလဲဟင် ” ဤသို့ အစ်ဂါခန် က မချိတင်ကဲ ပြောဆိုနေ၏ ။

ထိုအခါ ငှက်လိမ္မာကြီးသည် “ သင်သည် နောက်ဆုံးအကြိမ် ဝမ်းနည်းမိပြန်ပြီကိုး ” ဟု ဆိုပြီး ရှေးနည်းအတိုင်း ၎င်းထံမှ ပျံသန်း သွားလေတော့သည် ။

အစ်ဂါခန်သည် ငှက်ကြီး ပျံသန်းသွားသည့် ဒေသဆီသို့ ငေးမျှော် ကြည့်ရှုနေလေသည် ။ အစ်ဂါခန်သည် မြောက်ဘက်ဟန်ဂတောင်တန်းသို့ သွားရန်ကိစ္စ အတွက် တစ်ခါတည်း လက်လျှော့လိုက်လေသည် ။ သို့သော် ငှက်လိမ္မာကြီးသည် မြောက်ဘက် ဟန်ဂတောင်ထွဋ် ပေါ်ရှိ မြစိမ်းရောင် ထင်းရူးပင် ပေါ်တွင် ယခုထက် တိုင်အောင် နားနေလျက်ရှိသေးကြောင်း ကလေးတို့ သိရှိထားရန် သတင်းကောင်း ပါးလိုက်ရပါသတည်း ။

( ဘာသာပြန် )

〇 စံထွန်းအောင် 
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၇ ၊ အောက်တိုဘာ

Saturday, September 13, 2025

ပျား နှင့် တီကောင်

 

❝ ပျား နှင့် တီကောင် ❞
          ( ပုံပြင် )

ရှေးအခါက တီကောင်များသည် နေရောင်ခြည်ကို ကြောက်ရွံ့ကြသည့်အပြင် တစ်နေ့ပတ်လုံး မလှုပ်ရှားဘဲ မြေကြီး ထဲတွင် နေထိုင်ကြသည် မဟုတ်ပေ ။ ရှေးအခါက တီကောင်များသည် ဝ၍ ကြီးမားသော ဦးခေါင်း ရှိသည့်အပြင် မည်သူ တစ်ဦးတစ်ယောက်မျှ ၎င်းတို့ကို တီကောင် ဟူ၍ အသိအမှတ် ပြုလုပ်ကြသည်မဟုတ်ပေ ။

ပျားကောင်များ မှာလည်း ထိုနည်းတူ ပျားရည်များကို မသိုလှောင် ၊ ပျားသလက် မလုပ်တတ်သေး ။ သည့်အပြင် သူတို့၏ အတောင်ပံများလည်း မပေါက်သေးသဖြင့် ယခုကဲ့သို့ မပျံသန်းနိုင်ကြပေ ။ ၎င်းတို့၏ ကိုယ်ခန္ဓာသည် တီကောင်ထက် တိုပြီး ခြေထောက်ခြောက်ချောင်း ရှိလေသည် ။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကမျှ ၎င်းတို့ကို ပျား ဟူ၍ အသိအမှတ် ပြုကြမည် မဟုတ်ပေ ။

တီကောင်၌ ခြေထောက်များ ရှိ၍ ပျားများ၌ တောင်ပံများ မရှိသော ကာလက ကျွန်ုပ် တို့၏ ကမ္ဘာမြေကြီး ပေါ်တွင် အလွန် နှစ်လိုဖွယ်ရာကောင်းသော အသီးအနှံ အဖူးအပွင့်များ သည် အသီးသီး ပွင့်ကြကုန်သည် ။

ပျားနှင့် တီကောင်တို့သည် အစာရေစာများကို ပင်ပန်းခြင်း မရှိဘဲ အတူတကွ ရှာဖွေ စားသောက်ကြ၏ ။ အစာရေစာတို့သည် စိုက်ပျိုးသူ မရှိသည့် အခါအားလျော်စွာ တဖြည်းဖြည်း ကုန်ခမ်း ရှားပါးလာတော့သည် ။

ပျားသည် အစာရေစာ ရှားပါးမှုကြောင့် ၎င်း၏ ရှေ့ရေးအတွက် ပူပန်သောက ဖြစ်လာ သည် ။ ပျားသည် သူ၏ ဦးနှောက်ကို သုံးရန် နှစ်သက်လိုသော သတ္တဝါ ဖြစ်သည့် အားလျော်စွာ ၊ အစာရေစာ ၊ စားရရုံသက်သက် မဟုတ်ဘဲ နောင်ကာလ၌ ပျားရည်ဟု ခေါ်တွင်ရမည့် ပျားရည် အတွက်လည်း ပြုလုပ်ရန် ကြံဆလျက်ရှိ၏ ။

တစ်နေ့သ၌ မိုးသည် သည်းထန်စွာ ရွာချလိုက်သဖြင့် မိတ်ဆွေ နှစ်ဦးသည် ကျောက်ဆောင် အောက်၌ မိုးခိုလျက်ရှိကြ၏ ။ မိုးရေများသည် အောက်သို့ တဖြည်းဖြည်း စီးဆင်းပြီး သူတို့ နှစ်ဦး၏ ခြေထောက်များမြုပ်အောင် ပြည့်လျှံ လာတော့သည် ။ ထိုအချိန်တွင် အေးမြစူးရှသော လေနှင့် ရွာသွန်းလျက် ရှိသည့် မိုး၏ အအေးဒဏ်ကြောင့် ပျားငယ်သည် ခိုက်ခိုက်တုန် ချမ်းလျက်ရှိတော့သည် ။

“ ခုနေ ငါတို့ သစ်ပင်အပေါက် တစ်ခုထဲမှာ နေရရင် ဘယ်လောက်နွေးနွေးထွေးထွေး ရှိလိုက်မလဲကွယ် ”

အိပ်မပျော်တပျော် ဖြစ်နေသော တီကောင်သည် ပျား၏ စကားကြောင့် ဖျတ်ကနဲ အိပ်ရာမှ နိုးသွားသည် ။

“ ဟေ့ ... တွေ့ကရာတွေ လျှောက်ပြီး ပြောမနေပါနဲ့ကွာ ။ မင်းမှာလည်း အချိန်ရှိသရွေ့ မဖြစ်နိုင်တဲ့ ကိစ္စတွေ တွေးတောကြံစည်နေတာကိုးကွ ”

“ ငါတို့ဟာ နေထိုင်ဖို့ အဆောက်အဦး တစ်ခုခု ဆောက်လိုက်ရင် သစ်ခေါင်းထက် ပိုပြီး ကောင်းမှာပဲနော် ”

ပျားသည် ပျားသလက် ဖြစ်အောင် မလုပ်နိုင်သေးသော ကာလ ဖြစ်၍ ပျားသလက်ကို မည်သို့ ခေါ်ဆိုရမှန်း သူကိုယ်တိုင် မသိချေ ။

ပျား၏ စကားကြောင့် အိပ်မပျော်တပျော် ဖြစ်နေသော တီကောင်သည် အလွန် စိတ်ဆိုး၍ သွားလေ၏ ။

“ မင်း ... ဘာကြောင့် ဒါလောက် မိုက်ရတာလဲကွ ... ဟင် ... ဒို့ ဘိုးဘွားဘီဘင် လက်ထက်က စပြီး ဒို့တစ်တွေ သစ်ရွက်အောက် ၊ ကျောက်တုံးအောက် မှာ အိပ်ပြီး အသက်ရှင် လာခဲ့ကြတာပဲ ။ အခု မင်းဟာ နေထိုင်ဖို့ ဆိုပြီး အဆောက်အဦး တစ်ခုခု ဆောက်လုပ်ချင် ပြန်ပြီကိုးကွ ။ နိမိတ်မရှိ စကားတွေ ရပ်လိုက်ပါတော့ကွာ ။ ငါ စိတ်ချလက်ချ တစ်ရေးလောက် အိပ်စမ်းပါရစေ ”

••••• ••••• •••••

မိုးသားကင်းစင်သော နေ့တစ်နေ့၌ ပျားသည် ထူးဆန်းသော ရွံ့အခေါင်းငယ် တစ်ခုကိုလုပ်ရန် ကြိုးစားလျက် ရှိ၏ ။ သူ၏ ခြေထောက်ငယ်များဖြင့် ရွံ့များကို နယ်၍ အပြား ဖြစ်အောင် ခြေဖြင့် ဖိ၏ ။ အခြား ရွံ့တုံး တစ်လုံးကိုလည်း ကြီးမားသော ရွံ့ပြား ဖြစ်အောင် ပြုလုပ်ပြန်၏ ။ အကြိမ်ပေါင်း မြောက်မြားစွာ သုတေသန လုပ်ကြည့်၏ ။ သို့သော် မအောင်မြင်ခဲ့ပေ ။ ကြိုးစားရင်းပင် နောက်ဆုံး၌ ရွှံ့ပြားများမှ တစ်ဆင့် ပြွန်ခေါင်းဖြစ်အောင် တစ်ဆင့်တက်လာ၏ ။ နေရောင်ခြည်ကြောင့် ရွံ့များ မာ၍ လိပ်မရအောင် ဖြစ်ခါမှ ပျားသည် အလုပ်မှ အနားယူလိုက်တော့သည် ။

“ သူငယ်ချင်း ... မင်းရဲ့ ချွေးတွေကို အကြောင်းမဲ့ မကျပါစေနဲ့ကွာ ။ မင်းကို ဒီလို ကြံ ကြီးစည်ရာ အလုပ် မလုပ်ဖို့ အစက ငါပြောခဲ့ဖူးပြီ မဟုတ်လားကွ ”

တီကောင်က နောက်ပြောင်သော လေသံဖြင့် ပျားကို ပြောလိုက်သည် ။ ပျားသည် နာကြည်းလှ သော်လည်း အောင်မြင်မှု လက်တွေ့ မပြနိုင်သေး သဖြင့် မည်သို့မျှ ပြန်မပြောဘဲ နေရသည် ။ သို့သော် သူ၏ ဦးနှောက်ဝယ် နောင် ပျားအုံဟု ခေါ်တွင်စေမည့် အဆောက်အဦးမျိုး မဖြစ်ဖြစ်အောင် ပြုလုပ်ရန် တိုက်တွန်းသကဲ့သို့ ဖြစ်စေတော့သည် ။

••••• ••••• •••••

ရက်များ မကြာမီ မိတ်ဆွေ နှစ်ဦးသည် စားသောက်ဖွယ်ရာ ပစ္စည်းများ ရှာဖွေရန် သေးငယ်သော အပွင့်ဖြူများ ပွင့်လျက်ရှိသည့် နှင်းဆီရိုင်းပင်များ အနီးသို့ ဖြတ်သန်း သွားကြသည် ။ ထိုအခါက နှင်းဆီရိုင်းပင်ကြီးက ယိမ်းနွဲ့လျက် ဤသို့ ဆိုသည် ။

“ မိတ်ဆွေကြီးက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ကူညီစေလိုပါတယ် ။ ကျွန်ုပ်တို့မှာ ပန်းအဖြစ် နှင်းဆီ အရိုင်းပွင့်များ ဖူးပွင့်ပေးနိုင်တယ် ။ သို့ရာတွင် မျိုးဆံ မျိုးဆက် ပြန့်ပွားရလေအောင် သင်တို့က တာဝန်ယူကြ စေလိုပါတယ် ”

တီကောင်သည် နှင်းဆီရိုင်းပင်အား မျက်စောင်းထိုးပြီး “ ဒါ .. ငါတို့ အလုပ် မဟုတ်ဘူး ” ဟူ၍ ရင့်သည်းစွာ ပြန်၍ ဖြေလိုက်သည် ။ သို့ရာတွင် ပျားက “ သင် အလိုရှိလျှင် ကျွန်ုပ် ကြိုးစား၍ ကြည့်ပါဦးမည် ” ဟု ဆိုသည် ။

“ မင်းဟာ ကိုယ်နဲ့ မဆိုင်တဲ့ အလုပ်ကို အကြောင်းမဲ့ ဝင်ရှုပ်တာပဲ ” ဟူ၍ ပျားကို တီကောင်က အပြစ်တင်သည် ။

“ မင်း ဒုက္ခနဲ့ ရင်ဆိုင်လိုရင် လုပ်ကြည့်ဦးပေါ့လေ ။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတော့ ကူညီဆောင်ရွက် မပေးနိုင်ဘူးကြားလား ”

ပျားသည် နှင်းဆီရိုင်းပင် ပေါ်သို့ အလွန် ခဲယဉ်းစွာ တက်နေသည် ။ ၎င်း၏ ခြေထောက်များမှာ တိုပြီး အချိုးအစား မကျသောကြောင့် ပင်စည်ပေါ် ရောက်ရန် အချိန်များစွာ ကြာမြင့်ခဲ့ပေသည် ။ ပန်းပွင့်အနီး ရောက်ခါမှ ကိုယ့်အနေအထား မဟန်နိုင် သကဲ့သို့ဖြင့် အောက်သို့ လိမ့်၍ ကျလေတော့သည် ။ အပင်အောက်တွင် ထူထပ်စွာ ပေါက်နေသော မြက်ပင်များကြောင့်သာ ထိခိုက်နာကျင်မှု မဖြစ်သည့် အတွက် မြက်ပင်များအား ကျေးဇူးတင်စရာ ဖြစ်နေတော့သည် ။

ဤသို့ ပျားသည် အဆက်မပြတ် အလုပ်လုပ်ဖို့ အားစိုက် ဆောင်ရွက်နေစဉ်တွင် တီကောင်သည် အစေ့ငယ်များရှိသည့် သစ်သီးများရှိသည့် ချုံပုတ်ငယ် တစ်ခုကို တွေ့ရှိထားသည် ။ ၎င်းသစ်သီးကို စားရင်း ပျား၏ အခြေအနေကို ကြည့်ကာ ပြုံး၍ နေနိုင်ခဲ့သည် ။ ဝမ်းပြည့်သောအခါ ချုံဘေးတွင် တီကောင်သည် လဲလျောင်းရင်း အိပ်ပျော် သွားသည် ။ အချိန်ရှိသရွေ့ ပျားသည် စိတ်ရှည်စွာဖြင့် နှင်းဆီရိုင်းပင် ပေါ်သို့ တက်လျက်ရှိသည် ။ အကြိမ်ပေါင်း မြောက်မြားစွာ အားထုတ်သည့် အတွက် ကျောပေါ်မှ အမွေးအမှင်များ လှုပ်ရှားလာသည် ။ ထပ်ပြီး အားထုတ်လေလေ အမွေးအမှင်များပို၍ လှုပ်ရှားလာလေလေဖြစ်သည် ။ အချို့ အမွေးအမှင်များမှာ အလွန်ကြီးမားပြီး ပြန့်ကျယ်လာ၍ အတောင်ငယ်ကလေး အဖြစ် ပြောင်းလဲ သွားသည် ။ ပျားသည် အတောင်ငယ်များအား ခတ်ကြည့်နေသည် ။ ၎င်းအပြင် မိမိ ကိုယ်ကို ပေါ့ပါးတည်ငြိမ်စွာ ထိန်းသိမ်းကြည့်မိသည် ။ ပျား၏ ကျောပေါ်မှ အတောင်ငယ် တစ်ခုမှာ လူ၏ လက်မောင်းများ ကဲ့သို့ အမှုကိစ္စများကို ဆောင်ရွက်နိုင်လေသည် ။ ထို့ကြောင့် အတောင်ကလေးများ၏ ကူညီမှုဖြင့် တည်ငြိမ်စွာ အပင်ပေါ်သို့ ပျံတက် နိုင်လေ၏ ။ ပျံသန်းရင်း အတောင်ငယ်ကလေးများမှာ တဖြည်းဖြည်း ကြီးထွားလာပြန်သည် ။ ယခု ကျွန်ုပ်တို့ တွေ့ရှိ နေရသည့် ပျား၏ အတောင် အရွယ်အစား ထိ ထိုးတက်လာသည် ။ ပျားသည် တစ်နေ့ထက် တစ်နေ့ လက်မှုပညာရပ်၌ တတ်မြောက်လာသည့်အပြင် လှသထက် လှလာသည် ။ အသွင်အပြင် အားဖြင့် မျက်လုံးများ ပိုမို ကျယ်ပြန့်လာပြီး ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာသည် ။

နှင်းဆီရိုင်းပင်များ ကလည်း ပျား၏ ကူညီမှုအတွက် ရှိသမျှ ဝတ်ရည်များကို ကျေးဇူးဆပ်သည့် အနေဖြင့် ပေးအပ်လေသည် ။ ၎င်း ဝတ်ရည်ဖြင့် ဤကဲ့သို့ ပျားရည်ဖြစ်အောင် ပြုလုပ် ရသည့်နည်း ကိုပါ ပေးလိုက်သည် ။ ပျား အလုပ် လုပ်နေသည့် အချိန်တိုင်းမှာပင် တီကောင်သည် အိပ်၍ လည်းကောင်း ၊ စား၍ လည်းကောင်း ရှိနေပေသည် ။ တစ်ခါတစ်ရံ တီကောင်သည် သီချင်း ဆိုရမည်ကိုပင် ပျင်းရိ နေသည် ။ ပျားသည် ပျားရည် လုပ်နေရာမှ ပျားဖယောင်း လုပ်နည်းကို တွေ့ရှိရပြန်၏ ။ မိုးလေ စသည်များမှ ကင်းလွတ်ရန် သစ်ခေါင်းပေါက်များထဲတွင် အသိုက်အအုံ ကို ဆောက်လုပ်လိုက်သေးသည် ။

တစ်နေ့သ၌ ပျားသည် တီကောင် အကြောင်း တွေးမိလေ၏ ။ တီကောင်အား ပျားရည်၏ အရသာ မည်မျှ ရှိသည်ကို သိရှိစေလိုသည့် ဆန္ဒ ဖြစ်ပေါ်လာသည် ။ ၎င်း၏ ကျွမ်းကျင်မှုကိုလည်း မြင်တွေ့စေလိုသည် ။ ထို့ကြောင့် ပျားသည် တီကောင်ကို ရှာဖွေရန် နေရာအနှံ့ အပြား၌ အမည်ကို ခေါ်ရင်း ပျံသန်းသွားလေသည် ။ သို့ရာတွင် တီကောင်အား မည်သည့် နေရာ၌မျှ မတွေ့ရပေ ။

ဤမျှ ရှည်လျားသော ကာလ အတွင်းဝယ် တီကောင် မှာလည်း ပြောင်းခြင်းမက ပြောင်းလွဲသွားတော့၏ ။ မူလက တိုသော ခြေထောက်များသည် အလုပ်လုပ်ကိုင်ခြင်း မရှိသဖြင့် တဖြည်းဖြည်း တို၍ လာသည် ။ တစ်နေ့တွင် ကာလကြာမြင့်စွာ အိပ်ပြီးနောက် နိုးလာသောအခါ တီကောင်၏ ခြေထောက်များမှာ လုံးဝ မရှိတော့ကြောင်း တွေ့ရှိရသည် ။ အပျင်းထူ လွန်းသည့် အတွက် တီကောင်၏ ပါးစပ်သည် ဆွံ့အလျက်ရှိ၏ ။ ဦးနှောက် အသုံးမပြုရသည်နှင့် မှတ်ဉာဏ်များလည်း လျော့ပါးလျက်ရှိ၏ ။ လောဘကြီးသော ပါးစပ်မှာ စားရလွန်းသဖြင့် သန်မာလာပြီး မြေကြီးကို စားနိုင်သည် အထိ ဖြစ်လာသည် ။ အသွင်အပြင် မှာလည်း တဖြည်းဖြည်း ရှည်လျား၍ လာသည် ။

“ မိတ်ဆွေ ပျားကြီး ကြွပါ ... ကြွပါ ”

နှင်းဆီရိုင်းပင်က ပျားအား ကြိုဆို ပြောဆိုရင်း ခရီးဦးကြို ပြုကြသည် ။ ထိုအသံကြောင့် တီကောင်သည် မိတ်ဆွေဟောင်း ပျား ဖြစ်ကြောင်း သိရှိရသည် ။ ထို့နောက် မိမိ၏ အဖြစ်အပျက်ကို ရှက်ကြောက်လာသည်နှင့် တွင်းသို့ ဝင်ကာ ငိုကြွေးလျက် ရှိသည် ။

“ မငိုပါနဲ့ကွယ် ။ မင်းလည်း အပျင်းမခိုဘဲ အလုပ်လုပ်ရင် အားလုံးက မင်းကို ဒီလိုပဲ ကြိုဆိုကြမှာပါပဲကွယ် ”

နှင်းဆီရိုင်းပင်များက တွင်း အပြင်ဘက်မှ တီကောင်အား ချော့မော့နေကြသည် ။

“ ကျွန်ုပ် အလုပ် လုပ်တော့မယ် ။ ကောက်ပဲသီးနှံတွေ ဖွံ့ဖြိုးအောင် ကျွန်ုပ် မြေကြီးတွေကို လှန်ပေးပါမယ် ”

ဤနေ့ ဤရက်မှ စ၍ တီကောင်သည် ပျင်းရိခြင်းကို တစ်ခါတည်း အမြစ်ဖြတ်၍ မြေဩဇာ ကောင်းမွန်တိုးတက်အောင် အချိန် ရှိသရွေ့ ဆောင်ရွက်လေတော့သည် ။ ယခုအချိန်တွင် တောင်သူလယ်သမားတိုင်းသည် သူ၏ ကျေးဇူး ကြီးမားပုံကို ထောပနာ ပြုကြရသည် ။ သို့ရာတွင် တီကောင်သည် မိမိအား မိတ်ဆွေဟောင်း ပျား မြင်မည်ကို စိုးရိမ်သဖြင့် နေ့အခါတွင် အပြင်သို့ ထွက်ရန် ယခုကဲ့သို့ ဝန်လေးနေခြင်းဖြစ်တော့သတည်း ။

( ဘာသာပြန် )

〇 စံထွန်းအောင်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၇ ၊ မေ

Monday, April 7, 2025

လက်ရမ်းငယ်ပြို ကျောင်းကြီးအို


 ❝ လက်ရမ်းငယ်ပြို ကျောင်းကြီးအို ❞

    ( စံထွန်းအောင် )


ခပ်နိမ့်နိမ့် တိုက်ခတ် လာသော တောင်လေ သည် လယ်ကန်သင်း ထောင့်စွန်း နှင့် ခပ်ပြင်းပြင်း တိုက်မိ၍ ဝဲ ကတော့ ထိုးသွား၏ ။ ဖုံမှုန့် နှင့် ရိုးပြတ် အစကလေးများ လေ တွင် လည်၍ အပေါ်သို့ ထောင် တက်သွားသည် ။ ပင်ယံ ထက်မှ ဥဩပျို သည် လွမ်းချင့်စဖွယ် တပေါင်းလနွေဦး တေး ကို သီဆိုနေ ပေ၏ ။


ရဲဘက်ဝတ် ဝတ်စုံပြာ နှင့် ထောင်ထောင်မောင်း မောင်း လူကြီး တစ်ဦး သည် ထိန်ပင် ကို မှီရင်း အပြောကျယ် လှသည့် လယ်ကွင်း ၊ ပင်လယ်ပြင်ကြီး ကို ငေးမောနေ၏ ။ တပေါင်း လေပူ တိုးဝှေ့သဖြင့် ထို လူကြီး မျက်လုံး ကို စင်း၍ မှေးထားပေ၏ ။ ပူလည်း ပူပြင်းလှသော အခါသမယ လည်း ဖြစ်၏ ။ မြင်ကွင်းတို့ သည် မျက်လုံးတို့ မေှးကြည့် ကာမှ ပို၍ ထင်လာ၏ ။ ပြတ်သားလာ၏ ။ နှစ်ပင် တွဲ၍ ထွက်နေသော ပျဉ်းမပင်အုပ် ကို ခပ်လှမ်းလှမ်းတွင် ထင် ထင်ရှားရှား တွေ့ ရ၏  ။ ပျဉ်းမပင် နှစ်ပင်ပေါက်ရာ လယ်မြေ သည် လယ်သမား ကိုဘသိန်း လုပ်ကိုင်နေသည့် လယ်ယာ မြေ တည်း ။ ယခုမူ ကိုဘသိန်း သည် အခြေအနေ အရ ရဲ ဘက်ကြီး ဘဝ သို့ ရောက်၍ နေရပေသည် ။


ပတ်ဝန်းကျင် တောတောင်ရေမြေ သည် နွေဦးကာလ ဖြစ်သည့် အလျောက် ခြောက်သွေ့သယောင် ရှိ၏ ။ ထိုနည်း တူ ကိုဘသိန်း ၏ဘဝ သည်လည်း ခြောက်သွေ့ နေရပေ သည် ။ ထိန်ပင် အောက်ခြေ မြေပြောင်ပြောင် တွင် ကိုဘသိန်း ထိုင်ချလိုက်ရင်း ရှေးဟောင်းနှောင်းဖြစ်များ ကို အမှတ် ထင်ထင် သတိရနေ ပေသည် ။ တစ်ခါက သူ ၏ ပျော်ရွှင် တက်ကြွလှသော ဘဝ ကို ဤမည်သော ထိန်ပင်သာ ၏ အောက်ဝယ် မြှုပ်နှံခဲ့ရသည် ။ သူငယ်တော် ဘဝ ၊ နွား ကျောင်းစဉ် က အေးမြလှသော စိမ်းမို့မို့ ထိန်ပင်ကြီး အောက်တွင် နေ့ခင်းနေ့လယ် ကွန်းရိပ် ခိုရင်း ထိန်းကျောင်း ရသော နွားအုပ်ကြီး ကို ရှုမျှော်ကြည့်ခဲ့ရပေသည် ။ တိရစ္ဆာန် ဖြစ်သော နွားများ ကိုယ်တိုင် က ထိန်ပင်ကြီး အနီး စားကျက် ကို အရသာ တွေ့ဟန် ရှိပေ၏ ။ ထို့ကြောင့် သက်မဲ့ ထိန်ပင်ကြီး နှင့် ကိုဘသိန်း ငယ်စဉ်ကပင် ပတ်သက်လာခဲ့ပေ သည် ။ ထိန်ပင်ကြီး သည် ကိုဘသိန်း ၏ ဘဝဆိုလျှင်လည်း ဟုတ်ပေသည် ။ ထိုမျှမက ကိုဘသိန်း ၏ ပျော်ရွှင်တက်ကြွ မှုများ ကို နိဂုံးကမ္ပတ် အပြီးသတ် လိုက်သော အခန်းတွင် လည်း ဤ သက်မဲ့ ထိန်ပင်ကြီး သည် အရေးကြီးသော နေရာ မှ ပါဝင် ခဲ့ပေသည် ။ သွေးစွန်းခဲ့သော ထိန်ပင်ကြီး ဟု ခေါ် လို ကလည်း ခေါ်ဆို နိုင်အောင် ရာဇဝင် သည် ရှိခဲ့၏ ။ ထိန်ပင်ကြီး ၏ ရာဇဝင် သည် ကိုဘသိန်း ၏ ရာဇဝင် ပင် ဖြစ် တော့သည် ။


အတိတ်ဆီ မှ အသံဗလံများ သည် ကိုဘသိန်း ၏ နားဝယ် အစီအရီ ပြေး ဝင်လာ၏ ။ ထို့နောက် ပျောက်ကွယ် သွားပြန်၏ ။ တစ်ရံရော အခါက အတူတကွ နေထိုင်ခဲ့သော ဇနီး မသိန်းမြ ၏ မျက်နှာ သည် လည်း ဝဲလည်ရင်း ကိုဘသိန်း ၏ မှေးနေသော မျက်လုံးအိမ် အတွင်း သို့ ပြေးဝင်လာပြန် ၏ ။ ထို့နောက် ပျောက်ကွယ် သွားပြန်၏ ။ ကိုဘသိန်း တစ် ချက် မဲ့ပြုံး ပြုံးလိုက်၏ ။ မုတ်ဆိတ်မွေး ဗလဗျစ် နှင့် အဆီ ပြန် လျက် ရှိသော ကိုဘသိန်း ၏ မျက်နှာ မှာ တစ်မျိုး ချစ်စရာ ဖြစ်လာ၏ ။ ငယ်ရွယ်သော အမူအယာ ငယ်ရည်ငယ်သွေး များ အလိုလို ပေါ်လာ၏ ။


ခိုင်းနွား ဘသိန်းကြီး ၊ အလုပ် လုပ်သည့် နေရာ တွင် နှစ်ယောက် မရှိသော ဘသိန်းကြီး ၊ လူမိုက်ကြီး ။


မနန်းမြိုင် သည် ကိုဘသိန်း နှင့် ပတ်သက်၍ စကား စပ်မိတိုင်း ကရုဏာဒေါသော ပြောဆို မိခဲ့ပေသည် ။ မုန်းတီး ၍ကား မဟုတ် ။ ဤစကား ကို တစ်ဆင့် စကား ကြားရတိုင်း မိုးကြိုး ပစ်သကဲ့သို့ ကိုဘသိန်း ခံစားခဲ့ရ ။ ကိုဘသိန်း မူမမှန် ဖြစ်ရခြင်း ၏ နောက်ကွယ်တွင် ရာဇဝင်ကြောင်းကလေး တစ်ရပ် ရှိ ပြန်လေသည် ။


ဤ ပွေးလှ ရွာ လူငယ်ပိုင်း တွင် ကိုဘသိန်း ထက် အလုပ် ကြိုးစားသော လူငယ်လယ်သမား ဟူ၍ မရှိခဲ့ ။ အိပ်သည့် မျက်လုံး မှ အပ ကိုဘသိန်း သည် အလုပ် နှင့် လက် နှင့် ပြတ်သည် ၊ လပ်သည် ဟူ၍ မကြုံစဖူး ။ မိန်းကလေး တစ်ဦး အဖို့ ရုပ်ရည်လှပမှု သည် ဒုက္ခ ပေးသကဲ့သို့ ကိုဘသိန်း အဖို့ လည်း သူ ချစ်မြတ်နိုးလှသည့် အလုပ် ကြိုးစားမှု ကပင် ဒုက္ခ ပေး ချေတော့သည် ။ သို့ သော် ကိုဘသိန်း ခမျာ သူ့အား ဒုက္ခဖြစ်စေမည့် အလုပ် ကို ဒုက္ခမှန်း မသိရှာခဲ့ ။


ကိုဘသိန်း အဖို့ မိမိ လယ်ယာမြေ ထက် ပို၍ ချစ်ခင် တွယ်တာစရာ ဆိုလျှင် မိခင်အိုကြီး နှင့် ချစ်ဦးသူ မိနန်းမြိုင် တစ်ဦး သာ လျှင် ရှိခဲ့ပေသည် ။ မိနန်းမြိုင် သည် ရုပ်ရည် အထူး လှပသည် ဟု မဆိုနိုင်သော်လည်း ကြည့်ပျော်ရှုပျော် ရှိသူလည်း ဖြစ်၏ ။ အလုပ် ကြိုးစားတတ်သော လယ်သူမ တစ်ဦး ဖြစ်၍ ကိုဘသိန်း နှင့် လိုက်ဖက်၏ ။ ပွင့်လင်း၏ ။ ရိုးသား၏ ။ သို့သော်လည်း မနန်းမြိုင် ခမျာ ဆင်းရဲလှ၏ ။ လယ်ရှင် ဦးစံသီး ၏ သမီး မသိန်းမြ ကဲ့သို့ ငွေကြေး မတောင့် တင်းလှ ။


နွားပေါက်ကလေး နှင့် တူလှစွာသော လယ်သမား ဘသိန်း ၏ တောင့်တင်းလှသည့် ကိုယ်ခန္ဓာအတ္တဘော ကြီး ကို ပွေးလှရွာ လယ်ရှင်မြေရှင် ဦးစံသီး က မျက်စိ ကျ သည်မှာ ကြာပြီ ။ လယ်ပိုင်ရှင် ဦးစံသီး ၏ မျက်လုံးအစုံ ဝယ် ဘသိန်း အား ခိုင်းနွားကောင်း တစ်စီး ကဲ့သို့ သာ မြင် ပေ၏ ။ ဘသိန်း ၏ လုပ်အားကြောင့် ဖြစ်ပေါ်လာမည့် အမြတ်အစွန်း ငွေကိုလည်း မြေရှင်လယ်ရှင် ပီသစွာ ဆပွား ဆက်၍ မြင်နိုင်စွမ်း ရှိပေသည် ။ မြေရှင် ပီသစွာ လူ ကို လူ လို မမြင်ဘဲ အမြတ်အစွန်း

အနေဖြင့် မြင်တတ်သည် မှာ မြေရှင် တို့ ဘက်မှ ကြည့်လျှင်မူ သဘာဝ ကျနေပေ၏ ။ မသိန်းမြ သည် မိနန်းမြိုင် ထက် ပို၍ လှ၏ ။ ချော၏ ။ တောင့်၏ ။ ဤ အချင်းအရာများ ကို ကို ဘသိန်း ကောင်းစွာ ဂရုပြုမိပေသည် ။ သို့သော် မိမိ ကဲ့သို့သော လယ်သမား တစ်ဦး အတွက် မသိန်းမြ သည် ဘာကမှ မဆိုင်ကြောင်း သဘောပေါက်မိသည့်  နောက်ပိုင်းတွင် ဤ ကိစ္စများကို ဘသိန်း လျစ်လျူရှု နိုင်ခဲ့ပေသည် ။  


ဘသိန်း သည် နာတာရှည်ရောဂါ နှင့် အိပ်ရာတွင် တုံးလုံး လဲနေသော မိခင်အို ကို နွားလို ရုန်းရင်း ပြုစု၏ ။ မိခင်စကားကို မြေဝယ်မကျ နားထောင်သူ လည်း ဖြစ်၏ ။ ဤအချက် ကို အခွင့်ကောင်း ယူကာ လယ်ရှင်ဦးစံသီး ဘသိန်း အိမ် သို့ ဝင်ထွက် သွားလာခဲ့ပေသည် ။


တစ်နေ့တွင် မိခင်အိုကြီး က ဘသိန်း အား အပါးသို့ ခေါ် လိုက်၏ ။ 


“ သားကို အမေ တစ်ခု ပြောပါရစေ ” 


မိခင် ၏ စကား ကြောင့် ဘသိန်း ရင်ဝယ် ဖိုခဲ့ရ၏ ။ 


“ အမေ့ စကားကို ဘယ်တုန်းက နား မထောင်တာ ရှိလို့လဲ အမေ ”


“ သာဓုကွယ် သာဓု ” 


အမေ က ဆိုပေသည် ။ အမေ့ မျက်နှာ သည် ပြုံးပန်း ပွင့်၍လာ၏ ။


“ အမေ အသေဖြောင့်အောင် အမေ့ စကားနားထောင် စေချင်တယ် ၊ ကိုစံသီး က လူကလေး ကို သူ့ သားလို သဘောထားချင်တယ်တဲ့ကွယ် ၊ လူကလေးအတွက် လယ်လည်းနောက်ထပ် ဝယ်ထားပြီးပြီ တဲ့ ၊ ဘယ့်နှယ်လဲ လူကလေး ”


မိခင်အိုကြီး ၏ စကားကြောင့် ဘသိန်း ငိုင်၍ သွားခဲ့ ရသည် ။ ထိုစဉ်အခါက မျက်နှာငယ်ကလေး နှင့် ရှိနေ သော မိနန်းမြိုင် ကို ပြေး၍ အမှတ်ရပြန်၏ ။


“ လူလေး နန်းမြိုင် ကို သိပ် မေတ္တာ ရှိတယ် ဆိုတာ အမေ သိပါတယ်ကွယ် ၊ နန်းမြိုင် ကိုလည်း အမေ မမုန်းပါဘူး ၊ ဒါပေမဲ့ သားရယ် တင့်တင့်တယ်တယ် နေဖို့ဆိုတာ ကိုစံသီး သမီး နဲ့ ပဲ အမေ ပေးစားချင်တယ် ၊ အဲဒါ အမေ့ ရဲ့ ဆန္ဒပဲ ”


လယ်ရှင်ဦးစံသီး သည် လယ်ယာ ကို အရိပ်အယောင် ပြ၍ ဘသိန်း ကို မိခင်အို မှ တစ်ဆင့် မြူဆွယ်ခဲ့ပေ၏ ။ သူ မျှော်သကဲ့သို့ မြူဆွယ်ရကျိုးလည်း လုပ်ခဲ့ရ၏ ။ လယ်ပိုင်ရှင် ဦးစံသီး က ဤနည်းဖြင့် လယ်သမားဘသိန်း ကို နဖားကြိုး ထိုး ခဲ့၍ ခိုင်းနွား ဖြစ်စေခဲ့၏ ။


ဘသိန်း - မသိန်းမြ နှင့် လူကြီးစုံရာတွင် လက်ထပ်ပွဲ ကျင်းပစဉ်က မိနန်းမြိုင် တစ်ယောက် အလူးအလဲ ဖြစ်ခဲ့ရ သည် ။ ရက်သတ္တ တစ်ပတ်ခန့် မျှ မရှူမရှိုက် နိုင်အောင် ကြူ ကြူပါအောင် ငိုခဲ့ရ၏ ။ လောက တွင် မိမိထက် ပူသူ မရှိဟု ထင်ရလောက်အောင် မိနန်းမြိုင် ပူဆွေး ဆွေးခဲ့ရ၏ ။ မိမိ ဆံကေသာ ထက် ဝယ် ပိုင်ပိုင်ပန်ဆင်ခါ  နီးမှ လက်လွှတ်လိုက်ရသော ပန်းပွင့် တစ်ပွင့် အတွက် မိနန်းမြိုင် ရင်ထုမနာ ဖြစ်ခဲ့ရ၏ ။ ထို့ကြောင့် မိန်းကလေး  သည် ငိုကြွေးမှု အစား တစ်ဖြစ်လဲ အနေဖြင့် ကိုဘသိန်း ကို အမြင် တစ်မျိုး ဖြင့် အစားထိုး ၍ မြင် လိုက်ရပေတော့သည် ။ ထိုအခါတွင် မိန်းကလေး မိနန်းမြိုင် ၏ ပါးစပ်မှ ကရုဏာဒေါသော ရန်တွေ့ စကားလုံးများ သည် စက်သေနတ် ပစ်သကဲ့သို့ တသီတတန်းကြီး ထွက်ခဲ့၏ ။ ဆုံးသည်လည်း မရှိ ၊  အဆုံး မရှိသကဲ့ သို့ အစသည်လည်း မရှိတော့ ။


ခိုင်းနွားကြီး ။


အလုပ်လုပ်သည့် နေရာတွင် နှစ်ယောက် မရှိ သော သတ္တဝါကြီး ။


လူမိုက်ကြီး ။


လယ်ရှင်ဦးစံသီး ၏ သမီးချော မသိန်းမြ သည် ဖခင် ၏ စကားကို မြေဝယ်မကျ နားထောင်၍ ကိုဘသိန်း ကို လင် ပြုခဲ့သည်မှာ မှန်ပါ၏ ။ သို့စဉ်ငြားလည်း မိန်းကလေး ချစ်မြတ်နိုးခြင်း ခံရသူမှာ ယခု လက်ရှိ လင်ကြီး ကိုဘသိန်း မဟုတ်ပေ ။ သူကြီးသား ဖိုးသာနိုး သာ လျှင် ဖြစ် ခဲ့ပေ၏ ။

မသိန်းမြ နှင့် သူကြီးသား ဖိုးသာနိုး ၏ ဘာကလို တိုတို သတင်းမျိုး ဤ ပွေးလှ ကျေးရွာ တွင် ဖြစ်ပေါ်ခဲ့သည် မှာ မကြာခဏ ဖြစ်ပြီး ဘသိန်း ၏ နားဝယ် မကြားချင် အဆုံး အလျှံပယ် ရှိနေခဲ့ပေပြီ ။ သို့သော်လည်း မိခင်အိုကြီး ၏ ဆိုမိန့်ချက်များကြောင့် ဘသိန်း သည် သူ ၏ စိတ်ဆင်းရဲမှု များကို သူ၏ လယ်ယာလုပ်ငန်းခွင် တွင် မြှုပ်နှံ ထားရပေ တော့သည် ။


ထိုအခါမျိုးတွင် ကိုဘသိန်း မိနန်းမြိုင် တစ်ယောက် ထံ သို့ သတိလည် ၍ လာပြန်ပေသည် ။ ကိုဘသိန်း အား မိနန်းမြိုင် ချစ်ခင်ခဲ့ရသော ဒဏ်ရာဒဏ်ချက် က ယခုထိ မပျောက်ပျက်နိုင်သေး ။ ကိုဘသိန်း ၏ မိခင်အိုကြီး ဆုံးသည့် အခါက မိနန်းမြိုင် ကိုဘသိန်း အိမ် ရိပ် ကို တစ်ခါ ရောက်ခဲ့ဖူးသည် ။ ထို့နောက်တွင်မူ ဖုတ်လေသည့် ငါးပိ ရှိသည်ဟုပင် အမှတ် မထားခဲ့တော့ပေ ။


မှတ်မိပါသေးသည် ။ ယခုကဲ့သို့ ပင်ယံထက် မှ ဥသြ ငှက်ငယ် ၏ တေးသံ ကို ကြားရသော တပေါင်းလ ဖြစ်၏ ။ ဤနေ့ဤရက် သည် ကိုဘသိန်း နှင့် မသိန်းမြ တို့ ၏ သားဦး ရတနာကလေး ၃ နှစ် စေ့ရောက်သောနေ့ လည်း ဖြစ်၍ ကိုဘသိန်း ထိုနေ့ ကို မေ့၍ မရတော့ပေ ။


တစ်ခါက ယောက္ခမဦးစံသီး ၏ ခိုင်းစေချက် အရ ခိုင်းနွားဘသိန်း သည် သာယာကုန်းရွာ သို့ တစ်ည အိပ် နွား ဝယ် ထွက်ခဲ့ရသည် ။ အကြောင်းအားလျော်စွာ ဘသိန်း သည် အဆင်သင့် နွား ဝယ်ရသဖြင့် ထိုနေ့ညတွင် နေ့ချင်း ပြန်၍ လာနိုင်ခဲ့၏ ။ မောမောပန်းပန်း နှင့် အိမ်ပြန် ရောက်လျှင် ဇနီးသိန်းမြ ကို ရုတ်တရက် ရှာ မတွေ့ရသဖြင့် အတူနေ မသိန်းမြ ၏ မောင်အထွေးဆုံး မောင်ဖိုးချို ကို သတင်း မေး လိုက်သည် ။ ကိုဘသိန်း ၏ သား ကို ချီထားသော မောင်ဖိုးချို က သူကြီးသား မောင်သာနိုး နှင့် ရွာပြင် သို့ လိုက်သွား ကြောင်း စိုက်လိုက်မတ်တတ် ဖြေ ရှာပေသည် ။ ကလေးတို့ ဘဝ အခြေအနေ ကို မြင်သည့် အတိုင်း ပြော ချလိုက်လေပြီ ။


ကိုဘသိန်း သည် နွား ကို ချည်တိုင်တွင် ချည်ပြီး ဓား မြှောင် တစ်လက် ကို ခါးကြား တွင် ဝှက်၍ အပြင် သို့ ထွက်ခဲ့ ၏ ။ ကိုဖိုးခွေး အရက်ပုန်းဆိုင် သို့ ဝင်ရင်း ချက်အရက် တစ်ပိုင်း ကို ဝင်၍ သောက်ပြန်၏ ။ ထို့နောက် ရွာထိပ် သို့ ထွက် ခဲ့၏ ။ ထိုမှတစ်ဖန် လယ်ကွင်းများ ကို ကျော်ဖြတ်ကာ ထိန်ပင်ကြီး ဆီသို့ ခပ်သုတ်သုတ် လှမ်းခဲ့၏ ။


လမင်း သည် ထိန်ထိန် သာ၍ နေပေသည် ။ ထိန်ပင်ကြီး ၏ အောက်ခြေတွင် မြေပြောင်ပြောင် သည် ရှိ၏  ။ ဘေး တွင်မူ လက်ခုပ် တစ်ဖောင်ခန့် မျှ ရှိသော ချုံကလေးများ အစီ အရီ ရှိပေ၏ ။ ကိုဘသိန်း သည် ခြေသံလုံလုံ ဖြင့် ချုံရိပ် ကို ခိုဝင်ခဲ့၏ ။ ချုံတစ်ခု သည် လေ မတိုးဘဲ သိမ့်သိမ့် တုန်နေ ပေသည် ။ မသိန်းမြ ၏ မချင့်မရဲ အသံတစ်ခု ကိုလည်း ကြား နေ ရပေ၏ ။ အဆိုပါ အသံ တွင် အညုအတာ အခရာစ သည့် အထွေထွေ အသံများ ပေါင်းစပ် ပါဝင်နေ၏ ။  


ကိုဘသိန်း မျက်လုံးများ သည် ပြာ ၍ သွားခဲ့၏ ။ ၄ နှစ် နီးပါး မျှ အကြင်လင်မယား အဖြစ် ပေါင်းသင်းနေထိုင် လာခဲ့သော်လည်း ဤသို့သော အညု - အတာ - အခရာများ ကို မိသိန်းမြ ထံ မှ ကိုဘသိန်း ရရှိခဲ့ခြင်း မရှိခဲ့ပေ ။ မိမိ ချစ်သလို တုံ့ပြန်မှု မရသောအခါ၌ ယောက်ျား ရင့်မကြီး ဖြစ်သူ ကိုဘသိန်း ၏ ရင်ဝယ် သူကြီးသား ဖိုးသာနိုး အား မနာလို ဝန်တို ဖြစ်ခဲ့ရပြန်၏ ။ ကာယကံရှင် မိသိန်းမြ ကို လည်း ဒေါသ ထွက်လာမိ၏ ။


မိမိ အဖို့ ဒေဝစ္ဆရာ လှကညာ တမျှ ချစ်အပ် ၊ ခင်အပ် ၊ မြတ်နိုးအပ် ၊ သက်နှင်းအပ် သော ချစ်ဇနီး နှင့် လူစိမ်းတစ်ဦး ယှဉ်တွဲ၍ နေသည် ကို အကြင်သူ သည် ခွင့်လွှတ်နိုင်ပါအံ့နည်း ။ သာမန် နေရိုးနေစဉ် အချိန်တွင် ကိုဘသိန်း ထက် သဘောကောင်းသူ ဤ ပွေးလှကျေးရွာ တွင် နှစ်ယောက် မရှိ ပေ ။ ပါးစပ် ထဲ သို့ လက်ညှိုး ထိုး၍ ကိုက်ပါ ဟု ဆိုသည့် တိုင် မကိုက်ဘဲ နေမည် ဖြစ်သော ကိုဘသိန်း ။ မိသိန်းမြ အ ပေါ် သားမယား မှတ်မှတ် တာဝန် ကျေ သည့် အရာ၌ လည်း ရှာ မှ ရှားသော ကိုဘသိန်း ။


ယခုမူ ကိုဘသိန်း ၌ အဖော် ပါ ၍လာ ချေပြီ ။ အဖော် ဟူသည် အခြား မဟုတ်ပါချေ ။ ဝမ်း တွင် ထည့်၍ ထားသော ချက်အရက် တစ်ပိုင်းနှင့် လက်တွင် ဆုပ်ထားသော အသွား ရှစ်လက်မ ရှိသော ဓားမြောင် တို့ပင် ဖြစ်လေသည် ။ သူ သည် တစ်သက် နှင့် တစ်ကိုယ် အတ္တဘော အတွင်းဝယ် နေရာမှန် မှန် ယူ ထားခဲ့ချေပြီ ။ အရက် သည် အေးသော သွေး ကို နွေး စေ၏ ။ ငဲ့ကွက် ထောက်ထားစရာ ကို အခိုက်အတန့် ငြိမ်းစေ နိုင်၏ ။ ကြောက်သူ ကို အထိုက်အလျောက် ရဲရင့်စေနိုင်၏ ။ အချစ် ကြီးသူ ကို အမျက်ကြီး စေနိုင်၏ ။ စိတ်ကူး ကို လက် တွေ့ဘဝသို့ လည်း ရောက်စေနိုင်၏ ။ စိတ်ကူး မှ မဆုံးမီ လက်တွေ့ လည်း ဖြစ်သွားနိုင်ခဲ့သည်လည်း ရှိပေ၏ ။


ဘသိန်း သည် ချုံကွယ် မှ ဖိုးသာနိုး အား ပွေ့လှဲရင်း ဓားမြောင် ဖြင့် နှစ်ချက် ထိုး စိုက်လိုက်၏ ။ နေရာတွင်ပင် ဖိုးသာနိုး ပုံလျက်သား လဲ သွား၏ ။ ဝတ်လစ်စလစ် နှင့် မိသိန်းမြ ဘသိန်း ကို တောင်းပန် နေသေးသည် ။ ကျားရှေ့ တွင် ခိုးထုပ်ခိုးထည် နှင့် မှောက်လျက် လဲမိနေပြီ ဖြစ်၍ ဘသိန်း မသနားနိုင်တော့ ။ သနားစိတ် လည်း အရိပ်အ ရောင်ပင် ပေါ်မလာတော့ ။ သူ ၏ ဓားမြှောင် သည် သွေးစွန်း ခဲ့ပြီ ဖြစ်၍ နောက်ထပ် သွေး တောင်းလာပြန်၏ ။


မျောက်ဇာတ်ခင်းသူ မိသိန်းမြ ကို ဘသိန်း ဆွဲလှဲ လိုက်၏ ။ ထို့နောက် အပေါ်မှ ဓားမြှောင်ဖြင့် ထိုးစိုက်၍ ချလိုက်၏ ။ ချစ်ဇနီး ၏ သွေးစွန်းခဲ့သော ဓားမြှောင် ကို လ ရောင်နုနုဝယ် ဘသိန်း မြင်လိုက်ရ၏ ။ ဓားမြှောင် ထိပြီဖြစ် သော မိသိန်းမြ သည် လူးလွန့်ရင်း ဇက်ကျိုး ၍ သွားခဲ့၏ ။


ဘသိန်း သည် မူးမူးရူးရူး နှင့် ဟားတိုက် ရယ်မောလိုက်သည် ။ ချုံစပ် တွင် ရှိသော ညဉ့်ငှက်ကလေး နှစ်ကောင် သည် ရယ်သံကြောင့် လန့်၍ ထွက်ပြေးသွား၏ ။ ချက်ချင်းပင် ဘသိန်း ထိတ်လန့်ခြင်း က ဖြစ်ရပြန်၏ ။ ထိတ်လန့်ခြင်း က စိုးမိုးသဖြင့် ကြေကွဲမှု ၊ နောင်တရမှုများ ဆင့်ပွား ဖြစ်ရပြန် သည် ။ ကိုဘသိန်း သည် ချစ်ဇနီး ၏ ပါးပြင် ကို တစ်ချက် ကုန်း ၍ နမ်းရှုပ် လိုက်၏ ။ ထို့နောက် ရွာ သို့ ပြန်လာခဲ့သည် ။ 


ကိုဘသိန်း သည် လူမမည် အခါလည် သားကလေး အား သူငယ်ချင်း ဖြစ်သူ ကပ္ပိယဒုံးပေ ထံ တွင် ညတွင်းချင်း အပ် လိုက်သည် ။ ကလေးငယ် အတွက် ငွေကြေးအချို့ကို ဒုံးပေ အား တစ်ပါတည်း ပေးခဲ့၏ ။


ထိုနေ့ည ညတွင်းချင်းပင် ကိုဘသိန်း မြို့ သို့ အ ရောက် သွားပြီး ဂါတ်တဲ တွင် ဖြောင့်ချက် ပေး၍ ဓားမြောင် နှင့်အတူ အဖမ်း ခံလိုက်ပေသည် ။ ဇနီး ၏ ဖောက်ပြန်မှု ကြောင့် စိတ်လိုက်မာန်ပါ လုပ်ခဲ့သော တရားခံ ကို တရားရုံး တော်မှ သေဒဏ် အစား ဆောင်ဒဏ် နှစ်ပေါင်း ၂၀ ချမှတ်ခဲ့ ပေသည် ။


ထို စီရင်ချက် အရ ကိုဘသိန်း ထောင်ကျ ဘဝသို့ ကူးပြောင်း ခဲ့ရသည် ။ ထောင်တွင် ၆ နှစ်မျှ ကြာသောအခါ တော်လှန်ရေးအစိုးရ တက်၍ လာ၏ ။ မကြာမီပင် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်လည်း ထွက်၍ လာပေသည် ။ ဤ လွတ် ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ကိုဘသိန်း ပကတိ လွတ် ငြိမ်းခွင့် မရခဲ့ရှာပေ ။ သူ၏ ပြစ်မှုသည် ပုဂ္ဂလိက ဆုံးရှုံးနစ်နာ စေသည့် လူသတ်မှု ပြစ်ဒဏ်မျိုး ဖြစ်ခဲ့ပေသည် ။ သို့သော် လည်း အလားတူ လူသတ်မှုပြစ်ဒဏ်ခံရသူများ အတွက် လည်း “  တည်ဆဲဥပဒေများ က မည်သို့ ပါရှိစေကာမူ ထို ပြစ်ဒဏ် အတွက် ထောင် ၁၀ နှစ် ထက် ပို၍ မကျခံစေရ ” ဟူသော အပိုဒ် တစ်ခု ရှိ၍ တော်ပေသေးသည် ။ ထို့ ကြောင့် မူလ စီရင်ချက် လောက် ထောင်ဒဏ် ၂ဝ နှစ် အစား ကိုဘသိန်း သည် ၁၀ နှစ် အထိ အပြစ်ဒဏ် လျှော့ချခြင်း ခံခဲ့ရသူ များတွင် အကျုံး ဝင်ခဲ့ရပေသည် ။  


ပြစ်ဒဏ်လျှော့ချခံခဲ့ရပြီးနောက် ပထမပိုင်း တွင် ကိုဘသိန်း တစ်နှစ် ခန့် ထောင် ၌ ပင် ရှိ၏ ။ နောက်ပိုင်းတွင်မူ ကိုဘသိန်း သည် ထောင်ကြီး အတွင်းနေ အကျဉ်းသား မဟုတ်တော့ဘဲ လမ်းဖောက်တောရှင်း တာဝန်များ ယူရ သည့် ရဲဘက် ဘဝ သို့ ရောက်ခဲ့ရပေသည် ။ ယခင် ထောင်ကျ ဘဝ ထက် ပိုမို လွတ်လပ်ရုံ မျှမက အပြင်လောက နှင့် ဆက်သွယ် လာနိုင်ခဲ့၏ ။


အတွေးအခေါ်ဟောင်းများ ကို စွန့်ပယ်ရင်း နိုင်ငံအ ကျိုးအတွက် တပ်မတော်သား ထောင်အမှုထမ်းများနှင့် အ တူ တစ်တပ်တစ်အား ပါဝင်ခွင့် ရခဲ့၏ ။ လုပ်ငန်းများ တွင် အနှောင်အဖွဲ့ ကင်းစွာဖြင့် ပါဝင်ဆောင်ရွက်လာခွင့် ရခဲ့ သည် ။ ထိုမျှမက မိမိ ၏ အကျင့်စာရိတ္တ ကောင်းမှု ၊ အလုပ် ကြိုးစားမှုများ အပေါ်တွင် အခြေစိုက်၍ ကိုဘသိန်း အပေါ် တွင် ကျေနပ်စရာများ တစ်ခုပြီးတစ်ခု တွေ့ လာကြပေ သည် ။ ထို့ကြောင့် လည်ပတ်ခွင့် ၊ အပြင်ထွက်ခွင့် ၊ အိမ်ပြန် ခွင့်များ ကို အခါကာလ အားလျော်စွာ ရရှိခဲ့ပေသည် ။


မွေးဇာတိမြေ ပွေးလှရွာ သို့ ကိုဘသိန်း မရောက် သည်မှာ ၈ နှစ်ကျော် ကာလ တိုင်ချေပြီ ။ ကိုဘသိန်း သည် စိမ်းညိုညို ထိန်ပင်အောက် မြေပြောင်တွင် ထိုင်ရင်း ရှေးဟောင်း နှောင်းဖြစ်များ ကို မျက်စိ စုံမှိတ်ရင်း တသီတတန်း ကြီး စပ်ဟပ် တွေးတော နေခဲ့မိပေသည် ။ ပျော်ရမည့် နေရာ တွင် ပျော်စရာ ရှာမတွေ့ ဖြစ်နေရပြန်သည် ။ ပွေးလှကျေးရွာ တွင် ကျန်ရစ်ခဲ့သော အခါလည်သားကလေး ၏ ဇော ကြောင့် ကိုဘသိန်း အနည်းငယ် ပိန်ခြုံး၍ သွားပေ၏ ။ သို့တိုင်အောင် ဆင်ပိန်ကျွဲ ကိုဘသိန်း မှာ ထွားမြဲ ၊ ခန့်မြို့ ၊ သန်မာမြဲပင် ရှိပေသေးသည် ။ စိတ်ကူးယဉ်၍ မဖြစ်နိုင်သေး ။ ခွင့်ရက်က ၁၅ ရက် သာ ရခဲ့သည် မဟုတ်ပါလား ။ ရွာသို့ ပြန်၍ သားငယ်အား ရှာပုံတော် ဖွင့်ရဦးမည် ။ ရွာသည် သူ ထောင် မကျမီ ကာလ က အတိုင်းမှ ရှိပါလေစ ။ တစ်မျိုးတစ် မည်များ ပြောင်းလဲ သွားပြီလေ ။ ဒုံးပေ တို့ ရှိမှ ရှိပါလေစ ။ တစ်ရပ်တစ်ရွာ ပြောင်းသွားကြပြီလော ။ ရွာ ၏ သတင်းဟူ ၍ အစအနကလေး မျှ သူ မကြားမိခဲ့ ။ သားငယ် ကို လည်း တွေ့လိုလှပေပြီ ။ ကိုဘသိန်း သည် ဘေးတွင် ချထားသော ကျောပိုး စစ်လွယ်အိတ်ကြီး ကို ပခုံးတစ်ဖက် တွင် ချိတ်လိုက် ရင်း ရွာတွင်း သို့ တလှုပ်လှုပ် ဝင်၍ လာပေသည်  ။ သူ ၏ စစ်လွယ်အိတ်ကြီး အတွင်းဝယ် သားတော်မောင် အတွက် သင်္ကန်း တစ်စုံ ၊ သင်တုန်းဓား တစ်ချောင်း ၊ သပိတ် အစရှိ သည့် ပရိက္ခရာ တစ်စုံ ပါလာ၏ ။ ထို့အပြင် ဆရာတော် ဦးလာဘ အတွက် သင်္ကန်းတစ်စုံ အပြင် သား လူဝတ် လဲ လျှင် ဝတ်ရန် ရှပ်အင်္ကျီ နှင့်လုံချည် ၃ စုံ အပို ပါလာပေသေးသည် ။


“ ကြက်မ ကို မင်း မခိုးလို့ ဘယ်သူ ခိုးမလဲကွ ” 


ရွာဝ သို့ အဝင် တွင် ဒေါသတကြီး ဟစ်အော် ပြောဆိုလိုက်သော အသံ တစ်ခုက ဆီးကြို နှုတ်ဆက်လိုက်ပေသည် ။ ထိုအခါမှ ကိုဘသိန်း ခေါင်း ကို မော့နိုင်ပေတော့၏ ။ ရွာထိပ် တွင် လူ လေးဆယ် ခန့် စုရုံး၍ နေ၏ ။ လူဝိုင်း အလယ် တွင် အသံရှင် လူဝ သည် ရပ်၍ နေ၏ ။ သူ ၏ လက်တွင် ဝင်း နေသော ငှက်ကြီးတောင် ဓားတစ်လက် ကို တင်းကျပ်စွာ ကိုင် ထား၏ ။ ထိုသူ ၏ တူရူ အရပ်တွင်မူ လူပိန်ပိန် တစ်ဦး ရပ်နေ၏ ။ သူ ၏ လက်တွင် နှစ်လံခန့် ရှိမည့် မှိန်း တစ်လက် သည် ရှိ၏ ။ မှိန်းဖျား သည် ချွန်၍ မြ နေပေ၏ ။


“ ငါ ခိုးတယ်လို့ မင်း ဘယ်လို စွပ်စွဲနိုင်တာတုံးကွ ” 


မှိန်းကိုင် လူပိန်ပိန် က ပြန် လိုက်ပေသည် ။ ပရိသတ် က ဓားကိုင်လူ၀၀ကြီး ဘက်သို့ လှည့်ကြည့်ရင်း တန်ပြန်မေးခွန်း ကို နားစွင့်နေကြသည် ။


“ ဟ... မင်း အိမ်ရှေ့မှာ ကြက်မွေးတွေ တွေ့နေပြီပဲ ' ဟာ ၊ ငါ့ ကြက်မ က ရစ်မွေးလေကွာ ၊ ပြီးတော့ ကြက်မွေး က လတ်လတ်ဆတ်ဆတ် ” 


လူဝကြီး က အချက်နှင့် အလက်နှင့် သက်သေ ထုတ် လိုက်ပြန်သည် ။ ပရိသတ် က ကျေနပ်၍ သွားပေသည် ။ လူပေါင်းလေးဆယ် ၏ မျက်လုံး အစုံ သည် လူပိန်ပိန်ကလေး ဆီ သို့ ကျက်စားသွားပြန်သည် ။


“ ဒီ ကြက်မွေး တွေက လေ နဲ့ပါလာတာကော မဖြစ်နိုင် ဘူးလားကွာ ” 


လူပိန်ပိန် က ဆိုပြန်၏ ။ 


ဟုတ်ပေသည် ။


ယခုလ သည် လေရူး ထသော တပေါင်းလ မဟုတ်ပါလား ။ ပရိသတ် သည် လူဝဝကြီး ၏ ဘက်သို့ ပြောင်းလဲ စုပြုံသွားကြပြန်၏ ။ ကိုဘသိန်း သည် လူအုပ်ကြီး ၏ အပြင်ဘက် တွင် မယောင်မလည် နှင့် ဝင်ရောက် နားထောင်နေလေသည် ။  


“ မင်း ကြက် ကို ငါ ခိုးတယ် ဆိုပါတော့ကွာ ၊ ကိုင်း ... မင်း က ဘာ လုပ်ချင်သလဲ ပြောစမ်း ”


လူပိန်ပိန် သည် လူအ များရှေ့ တွင် ကြက်သူခိုး ဟူ၍ အစွပ်စွဲ ခံရ၍လား မသိ ၊ ရှက် ရမ်း ရမ်း ချေတော့သည် ။ မည်သူမျှ ဆွဲမည့် ၊ ဖျင်မည့်သူ မရှိကြ ။ အပျက် အပျက် နှင့် နှာခေါင်းသွေး ထွက်တော့မည့် ကိန်း ဖြစ်၏ ။ ဘာမဟုတ်သည့် တိရစ္ဆာန်တစ်ကောင် အ တွက် လူသား နှစ်ဦး ဒုက္ခ နှင့် တွေ့ကြုံရတော့မည် ။ ပရိသတ် လည်း ပွဲကြီးပွဲကောင်း ကြည့် ရတော့မည့်အလား နောက်သို့ ဆုတ်ပေးကြ၏ ။ နောက်ထပ်၍ ရွာတွင်းမှ လူအများ တဖွဲဖွဲ ရောက်လာ၏ ။ အဒေါ်ကြီး တစ်ယောက် နှစ် ယောက် က - “ ဆွဲကြပါဦး ၊ လွန်ကုန်ပါ့မယ် ” ဟူ၍ အော် နေသည် ကို ကြားရပေသည် ။ သို့တိုင်အောင် မည်သူမျှ မဆွဲရဲကြ ။ ရန်ဖြစ်သူ နှစ်ဦးစလုံး ထံတွင် ငှက်ကြီးတောင် ဓား သည်လည်းကောင်း ၊ မှိန်း သည် လည်းကောင်း ရှိနှင့်ပြီ မဟုတ်ပါလား ။ ထိုမျှမက တစ်ဦး ကို တားနေစဉ် တစ်ဦး က အလစ် တွင် ခုတ်ထစ် ထိုးကြိတ်သွား ပါမူ ဆွဲသူ ဖျင်သူ ၌ တာဝန် မကင်းတတ် သည် ကလည်း ရှိပေသေးသည် ။ အချို့ အကြင်နာတရား ရှိသူများ က ရွာသူကြီး နှင့် ရွာလူကြီး အချို့ ကို မျှော်၍ ကြည့် ရှုနေပေ၏ ။ သို့သော် တစ်စုံတစ်ယောက် မျှ ပေါ်မလာ ။ လူအုပ်အတွင်း တွင် ရှိသော သူများ မှာလည်း အရပ်သား အချင်းချင်း ပိန်မသာ ၊ လိမ်သာများ သာလျှင် ဖြစ်၍ ရန်ပွဲ ကို ရပ် စေနိုင်သည့် သြဇာ သူတို့ တွင် မရှိကြ ။


အခြေအနေ အမှန် ကို သိပြီ ဖြစ်သော ကိုဘသိန်း သည် ရွာသားတစ်ဦး အား သူ ၏ စစ်လွယ်အိတ်ကြီး ကို လှမ်း ၍ ပေးလိုက်၏ ။ ထိုလူ က တအံ့တဩ လှမ်း၍ ကြည့် ရင်း ကမ်းလာသော စစ်လွယ်အိတ်ကြီး ကို လှမ်း ယူလိုက် ၏ ။ ထို့နောက် သူ ၏ ဘေးတွင် ရှိသော လူ အား လက် တို့ ၍ လူရိပ် ပြလိုက်၏ ။


ကိုဘသိန်း သည် လူအုပ်အလယ် သို့ တိုးဝင်၍ သွား ၏ ။ လူအုပ်ကြီး သည် ယခုမှ လူစိမ်း ဖြစ်သူ ကိုဘသိန်း ကို ကွက်၍ မြင်ကြတော့၏ ။ ကိုဘသိန်း သည် ထိုလူ နှစ်ဦး ၏ ကြားတွင် မားမား ရပ်လိုက်ရင်း ကာယကံရှင် နှစ်ဦး ကို ခါးထောက် ၍ ကြည့်ပေ၏ ။ ရွာသား အပေါင်း သည် ကိုဘသိန်း ကို တအံ့တဩ ဝိုင်းဝန်း အကဲခတ် ကြ၏ ။ အချို့ ပါးစပ်များက “ ကျွန်းပြန်ဘသိန်းကြီး ဟေ့ ၊ ဒုက္ခပါပဲ ၊ တကယ့် လူသတ်ပွဲတော့ ခုမှ ဖြစ်တော့မှာပဲ ” ဟူ၍ ဆိုကြ၏ ။ ရန်ဖြစ်နေသော လူနှစ်ဦး သည် ကြောင်အမ်းအမ်းနှင့် ရှေ့ ဆက်၍ ဘာလုပ်ရမှန်း မသိ ဖြစ်နေ၏ ။


လူသားတို့ ၏ စိတ်သည် ဆန်းကြယ်လှစွာ၏ ။ တစ် နေရာတည်း တွင် လူသူအများ စုရုံးကြခြင်း ၏ အခြေခံ အကြောင်းတရား တွင် တစ်စုံတစ်ခု ရှိရမြဲ ဖြစ်၏ ။ တစ်နေရာ တွင် လူ အများ စုရုံးခြင်းများမှာ အဓိပ္ပါယ် ရှိပေသည် ။  ၊တစ်ခုခုတော့ မြင်ရမည် ဟူသောအတွေးဆန်းကလေးများ ကိုယ်စီကိုယ်စီ ပါလာတတ်ပေသည် ။ စီခနဲ ကြားရတိုင်း ရွာ ထဲတွင် တစ်စုံတစ်ခု အသစ်အဆန်းကလေးများ မြင် ရ တတ်ပေသည် ။ သင်းတို့ အတွေ့အကြုံ အရ မြင်လည်း မြင်ခဲ့ကြရသည် ။ ယခု ကြုံဆုံနေရသော ပွဲ မှာလည်း ပွဲကြီး ပွဲကောင်း တစ်ခုဖြစ်လိမ့်မည် ဟု အားလုံးက မျှော်လင့်ထား ကြဟန်တူ၏ ။ အထူးသဖြင့် ကျွန်းပြန် ၊ ထောင်ပြေး ၊ လူပေ လူမိုက်ကြီး ကိုဘသိန်း လို ပုဂ္ဂိုလ် ပါ လာသဖြင့် ပို၍ ကောင်းသော ပွဲ ဖြစ်မည်ဟု လူ အများ ထင်မှတ် ကြလေသည် ။ ဝိုင်း လယ်တွင် ရှိသော ကိုဘသိန်း သည် ပြာလောင်ခတ်သော အမူအရာ စိုးစဉ်းမျှ မရှိဘဲ လူနှစ်ယောက် ကို တစ်ဦး စီ စူးစိုက် အကဲခတ် နေပေ၏ ။ သူ ၏ အကြည့်မှာ သရော်ကြည့် ဖြစ် ၏ ။ ဘာမဟုတ်သည့် ကြက်မတစ်ကောင် အတွက် လူ ကို ပင် သတ်တော့မည့် ဒေါသကိုလည်း ကိုဘသိန်း ဓာတ်ခွဲ၍ နေဟန် တူပေသည် ။ မယား အတွက် တစ်ခါက သူ သည် လူ သတ်ခဲ့ပြီ မဟုတ်ပါလား ။ ယခု ကြက်မ တစ်ကောင် အတွက် ဓားတပျက် ၊ မှိန်းတပျက် ဖြစ်၍ နေသည်ကို တွေ့ရပြန် ပေပြီ ။ ဒေါသ ၏ အနုဘာဝ ကို လည်း ကိုဘသိန်း ပယ်ပယ် နယ်နယ် ရှုမြင်ရပြီ ။ ဒေါသ ၏ မိုက်မဲပုံ ကို လည်း ပယ်ပယ် နယ်နယ် ယခု ရှုမြင်ရပြန်၏ ။


“ ကိုင်း ... ပေးစမ်း ခင်ဗျားရဲ့ ဓား ”


ကိုဘသိန်း ၏ တိကျသော အသံ ဖြစ်၏ ။ ဓားသမား ခပ်ရွံ့ရွံ့ဖြစ်သွား၏ ။ သူ့ ဓားဖြင့် သူ့ ကို များ ခုတ်လိုက် မလား ဟူသော အထင် ရောက်နေပုံ ပေါ်နေ၏ ။


“ ဟိတ်လူ ကျုပ် ဘာပြောနေသလဲ ၊ လူစကား နား လည်ရဲ့လား ”


တအား အော်၍ ကိုဘသိန်း ပြောလိုက်၏ ။ သူ ၏ အ သုံးအနှုန်းသည် ထန် လာသဖြင့် မာန်ပါ၍ လာ၏ ။ ကြက် ရှင် ဆိုသူ လူဝဝ က ဓား ကို လှမ်း၍ပေး၏ ။


“ ခင်ဗျားရဲ့ မှိန်း လည်း ကျုပ် ကို ပေး ”


ကြက်သူခိုး အစွပ်စွဲ ခံရသူ ထံ မှ လည်း ကိုဘသိန်း မှိန်း ကို တောင်း လိုက်သည် ။ လူပိန်ပိန် မှာ အထွေအထူး ပြော မနေတော့ဘဲ မှိန်း ကို လာ၍ ပေးရှာသည် ။


“ ဘာမဟုတ်တဲ့ တိရစ္ဆာန်လေး တစ်ကောင် အတွက် လူသား အချင်းချင်း သတ်ကြတော့မယ်ပေါ့ ၊ ဟင်း .. သိပ် ကောင်း ”


ကိုဘသိန်း ပြောနေရင်းက တစ်နေရာ သို့ ငေးမော ကြည့်ရှုနေပေသည် ။ သူ ၏ လက်များ သည် လည်း တုန်၍ လာ၏ ။ ထို့နောက် လူနှစ်ဦး ၏ မျက်နှာကို စေ့စေ့ ကြည့် လိုက်၏ ။


“ ကျုပ် လည်း ဒီ လက်နက်တွေ ကြောင့် ကျုပ် ဘဝ ဟာ ဆုံးရှုံးခဲ့ဖူးပြီ ၊ ကျုပ် အဖြစ်မျိုး ကို ခင်ဗျားတို့ ကို ထပ်ပြီး မဖြစ်စေချင်ဘူး ”


ကိုဘသိန်း သည် ကိုင်ထားသော မှိန်း နှင့် ဓားရှည် ကို ကြည့်ရင်း အသံ ကို နှိမ့် ၍ ပြောဆို နေပေသည် ။  


“ ကျုပ် ရွာ ကို ပြန် ရောက်တယ် ဆိုလို့ ဝမ်းသာရမလို ဖြစ်တုန်း ခင်ဗျားတို့ ကို မြင်တော့ ကျုပ် သိပ် စိတ်ပျက်သွား တယ် ၊ ဒီတော့ အခု ကိစ္စ ကို ရပ်တန်း က ရပ်စေ ချင်တယ် ၊ ဒါပဲ ကျုပ် မေတ္တာ ရပ်ခံချင်တယ် ”


ကိုဘသိန်း သည် သူ ၏ လက်တွင်ရှိသော မှိန်း နှင့် ဓား အား ပွဲကြည့် ပရိသတ် ထဲ မှ လူကြီးတစ်ဦး ထံသို့ လှမ်း ၍ ပေးလိုက်သည် ။ ထို့နောက် စစ်လွယ်အိတ်ကြီး ကို ယူပြီး ဝိုင်းလယ်မှ ထွက်ခဲ့သည် ။ သူ ၏ အမူအရာမှာ စိတ်ပျက် သည့် အသွင် ပေါ်နေ၏ ။


“ ဟေ့ ... ဘသိန်းကြီးပါလား ”


“ ဟေ့ ... ဘသိန်းကြီးပါလား ”


လူအုပ်ကြီး အတွင်းမှ အထွက် တွင် ရွာလူကြီး နှစ်ဦး ရောက်လာရင်း ဆီးကြို နှုတ်ဆက် နေပေသည် ။ တစ်ဦး က မူ မသင်္ကာသော မျက်လုံးများ ဖြင့် အကဲခတ်၏ ။


“ မောင်ဘသိန်း ပါလား ၊ ဘယ်လိုလဲ လွတ် လာပြီ လား ”


ကိုဘသိန်း က နှုတ်မှ မဖြေဘဲ ခေါင်း ကို ခါပြ၏  ။ သူ သည် လက်တွင် ပါလာသော စစ်လွယ်အိတ်ကြီး ကို ပြင် ၍ ကိုင် လိုက်၏ ။


“ လွတ်လာတာ မဟုတ်ဘူး ဟုတ်စ ”


ရွာလူကြီး အံ့အားသင့်စွာ တစ်ကိုယ်တည်း ရေရွတ် သလို လုပ်လိုက်၏ ။ ဘေးတွင် ရှိသော ရွာလူကြီး တစ်ဦး ၏ မျက်နှာတွင် စိုးရိမ်စိတ် ၊ မသင်္ကာစိတ်များ ထင်ရှားစွာ ပေါ် လွင်၍ လာသည်ကို တွေ့ရ၏ ။ မလွတ်သေး ဆိုသဖြင့် ထောင် က ထွက်ပြေးလာ သည် ဟု သံသယ ဝင်ပုံ ရပေသည် ။ သူတို့ ၏ ဘေးတွင် လူအုပ်ကြီး က ဝိုင်းရင်း အကဲခတ် ကြည့် ရှုနေပေသည် ။ သူတို့ မြင်ချင် ၊ တွေ့ချင်သည် များ ကို လူအ များ မတွေ့ရသေး၍ ဆက်ရန် ရှိဦးမည်ဟု မျှော်လင့်ကြ သေးဟန် တူပေသည် ။


“ မောင်ဘသိန်း ကို ခင်မင်တဲ့ အနေနဲ့ ဦးလေး တစ်ခု ပြောပါရစေ ၊ ခေတ် က ပြောင်းနေပြီ ဆိုတာလည်း သတိပြု နော် ၊ ရှေ့လျှောက် မမိုက်ပါနဲ့တော့ကွာ ”


ရွာလူကြီး က မရွံ့ မရဲ ကိုဘသိန်း ၏ အနီး သို့ ကပ်ရင်း ဆိုလိုက်ပေသည် ။


“ ကျုပ် ရှေးတုန်းကလည်း မမိုက်ခဲ့ဘူး ၊ ခုလည်း မိုက်လိမ့်မယ် မဟုတ်ဘူး ၊ ကျုပ် မှာ ချွတ်ယွင်းချက် တစ်ခုမှ မရှိဘူး ၊ ကျုပ် ဘဝမှာ ဘယ်သူ့ကို မှ မတရား မလုပ်ခဲ့ဘူးဆို တာ ဦးလေးတို့ အသိပဲ ”


ကိုဘသိန်း သည် စိုက်လိုက်မတ်တတ်ပင် ပြောချ လိုက်၏ ။ ဒေါသ ဖြစ်သည်လည်း မဟုတ် ။ အမှန် ကို အမှန် အတိုင်းပင် ပြောခြင်းမျှသာ ဖြစ်၏ ။


သို့သော် ရွာလူကြီး နှစ်ဦး ၏ အမြင်တွင် တစ်မျိုး တစ် မည် မြင်၍ နေဟန် တူပေသည် ။ ဤမျှအထိ အသေးစိတ် ဖြေရှင်းနေရန် က ကိုဘသိန်း အချိန် မရ ။


“ ပြီးတာတွေ ပြီးပါစေတော့ ဦးလေး ၊ ဒါတွေကို ပြန် လည်း မပြောချင်တော့ဘူး ၊ ကြားလည်း မကြားချင်တော့ ဘူး ၊ တွေးလည်း မတွေးဝံ့တော့ဘူး ၊ အရေးကြီးတာ က ကျုပ် သားလေး ဘယ်မှာ ရှိတယ် ဆိုတာ သိချင်တယ် ။ ဒုံးပေ ဆီမှာပဲလား ၊ ဒါကို ပြပေးကြပါ ၊ ကျွန်တော် အခု ထောင် က မလွတ်သေးပါဘူး ၊ နောက်ထပ် နှစ်နှစ်လောက် စခန်း မှာ နေ ရဦးမယ် ၊ အခု ထောင်ကျ မဟုတ်တော့ဘူး ၊ အပြင် မှာ ရဲဘက် ဘဝ နဲ့ အလုပ် လုပ် နေရပြီ ၊ ခု ပြန်လာတာ က သားလေး ရှင်ပြု ရအောင်လို့ပါ ၊ အခု ကျွန်တော့်သား လေး ဘယ်မှာလဲ ဟင် ”


“ ဝမ်းသာလိုက်တာ မောင်ဘသိန်း ရယ် ၊ သာဓု သာဓု - ကိုင်း ... လာ လာ ဦးလေး တို့ လိုက်ပြပါ့မယ် ”

ရွာလူကြီး နှစ်ဦး ခေါင်းဆောင် ၍ ရှေ့က ထွက်သွား သည် ။ ကိုဘသိန်း နောက်မှ ခပ်ကုပ်ကုပ် လိုက်ပါလာ၏ ။ ကိုဘသိန်း ၏ နောက်တွင် ရွာလုံးကျွတ် ကလေးလူကြီး တစ်ရာခန့် အကဲခတ်ရင်း လိုက်ပါ လာကြ၏ ။


ယခင်က ကိုဘသိန်း ၏ မိခင်အိုကြီး နေထိုင်ရာ အိမ် သည် သောင်းကျန်းသူများ မီးရှို့ သွားသောကြောင့် ယခု မြေကွက်လပ်သာ ကျန်တော့သည်ကို တွေ့နေရ၏ ။ လယ် ပိုင်ရှင် ဦးစံသီး မှာလည်း လွန်ခဲ့သည့် နှစ်ကမှ ကွယ်လွန် သွားခဲ့ပြီဟု ဆို၏ ။ သူ ၏ မြေယာ သည် လည်း ကွက်လပ် ရှိနေ၍ နွားစာ အတွက် ကောက်ရိုး ပုံ၍ ထားသည် ။  


တစ်ရံရောအခါက သာယာခဲ့သော ပျော်ရွှင်ဖွယ် ကောင်းလှသော ပွေးလှကျေးရွာ သည် ယခုမူ ခြောက်သွေ့ သယောင် ရှိနေ၏ ။ မူလတန်းကျောင်းကလေး သည် ထရံ များ ကွာလျက် ရှိပေသည် ။ ကျောင်းသားကလေး ၅ ဦး ကြမ်းပြင် တွင် ဝမ်းလျား မှောက်၍ ကျောက်သင်ပုန်း တွင် စာ ရေးနေကြ၏ ။ ဆရာကြီး မှာ မူ ပက်လက်ကုလားထိုင် ပေါ် တွင် အခန့်သားအိပ်နေ၏ ။ ဆရာကြီးများ ကျန်းမာပုံ မရ ။ အိပ်ရင်းက ချောင်းတဟွပ်ဟွပ် ဆိုးနေ၏ ။ တစ်ခါ တစ်ရံတွင် ပေါင်ခြံတွင် ပေါက်နေသော ဝဲကို ကုတ်၍နေ ပေ၏ ။


ကျောင်း မှ အထွက် လမ်းချိုးတွင် လူ တစ်ရပ်ခန့် ကျောက်တိုင် တစ်ခု စိုက်ထား၏ ။ ငယ်စဉ်က ဖြစ်သော ဤ ကျောက်တိုင် ကို ကိုဘသိန်း ကောင်းစွာ အမှတ်ရ နေသေး သည်  ။ လှည်းများ လမ်းအတွင်းသို့ မဝင်နိုင်ရန်ဖြစ်၏ ။ ဤ ကျောက်တိုင် ပင်လျှင် မြေကြီး အတွင်း သို့ နစ်ဝင်သွား ၍ တို သယောင်ရှိနေ၏ ။


“ ဟဲ့ လုံမ နန်းမြိုင် ၊ နင့် အစ်ကို ဘသိန်း လာတယ် လေ ”


ရွာလူကြီး သည် ကွမ်းသွေး ကို ဗျစ်ခနဲ ထွေးရင်း လှမ်း၍ ပြောလိုက်၏ ။ တဲ ပေါ် မှ အသက် ၃၀ အရွယ် မိန်းကလေး တစ်ဦး အမောတကော ပြေး ထွက်လာ၏ ။ ဆန့် ကျင်ဘက် လေကြောင့် ထဘီ လန် ၍ ပေါင်တွင်းသား ဖွေးဖွေး ပေါ် သွား၏ ။ ထို့နောက် ကိုဘသိန်း ရှေ့တွင် တအံ့တဩ ရပ်နေ၏  ။ နှုတ် မှ ဝမ်းသာကြောင်း ၊ ဝမ်းနည်းကြောင်း တစ် ခွန်းတစ်ပါဒမျှလည်း မပြောနိုင်တော့ ၊ ဝမ်းမြောက် နေပြီကိုး ။


“ သား ဘယ်မှာလဲ မနန်းမြိုင် ”


အနေကွာ ရှည်ကြာလှပြီ ဖြစ်၍ ခေါ် နေကျ မိနန်းမြိုင် ကို မနန်းမြိုင် ဟု ကိုဘသိန်း နှုတ်မှ ပြင်၍ ခေါ်မိချေပြီ ။ ထို အခါမှ မနန်းမြိုင် သတိ ဝင်၍ လာပေတော့သည် ။


“ ရှိပါတယ် ကိုဘသိန်း ၊ နောက်ဖေး မှာ နွားစာ ကျွေး နေတယ် ၊ ကျုပ် သွားခေါ်ချေပါ့မယ် ”  


မိနန်းမြိုင် သည် ပြောရင်း က ငှက်ငယ်ပမာ ပြေး၍ ထွက်သွား၏ ။ ထို့နောက် အသက် ၁၁ နှစ် အရွယ် ကလေး တစ်ယောက် ကို လက်ဆွဲရင်း ပြေးထွက် လာပြန်သည် ။


“ ဝမ်းသာလိုက်တာ ကိုဘသိန်းကြီး ရယ် ၊ ဒီမှာ တော့ သားကြီး ”


ကိုဘသိန်း သည် သားကြီး အား ဆီး၍ ပွေ့လိုက်မိ၏ ။ အနှစ်နှစ် က မျှော်မှန်း တောင့်တအပ်သော သားငယ် ရွှေသွေး လူကလေး ကို ယခုမူ ကာယကံ မြောက် တွေ့ရ ချေပြီ ။ လောက တွင် ကိုဘသိန်း ထက် ဝမ်းမြောက်မှု ရှိ ပါသေး၏ လော ။ ဝမ်းမြောက် ကျေနပ်လိုက်သည်ဖြစ်ခြင်း ။


သားအဖ နှစ်ဦး ၏ အမူအရာ ကို ကြည့်ရင်း မိနန်းမြိုင် ပါးပေါ် တွင် မျက်ရည်ပေါက် တစ်လုံးချင်း ကျ၍ လာပေ သည် ။


“ နန်းမြိုင် လည်း ငါ့ အတွက် တော်တော် ဒုက္ခရောက် နေပြီနဲ့ တူတယ် ၊ အေးကွာ နန်းမြိုင် ရဲ့ ကျေးဇူး ကို ဘယ်လို ဆပ်ရမှန်း မသိပါဘူး ”


ကိုဘသိန်း က မချင့်မရဲကြီး နှင့် ဆို လိုက်လေ သည် ။


“ မလိုပါဘူး ကိုဘသိန်းရယ် ၊ ကျေးဇူးတင် ခံချင်လို့ နန်းမြိုင် လုပ် နေတာ မဟုတ်ပါဘူး ၊ နန်းမြိုင် ဟာ တကယ့် စေတနာနဲ့ ဆောင်ရွက်တဲ့ ကိစ္စပါ ၊ နန်းမြိုင် အနေနဲ့ ကိုဘသိန်း ရဲ့ ဒုက္ခ ဆိုရင် ဘယ်ခါမဆို မျှယူ ဝံ့ပါတယ် ”


မိနန်းမြိုင် သည် ပြောရင်း က မျက်ရည် လည်၍ လာ သည် ။ အင်္ကျီလက်မောင်း စ ဖြင့် မျက်ရည်စ ကို သုတ် နေပေ ၏ ။


ကိုဘသိန်း သည် မိနန်းမြိုင် အား ကရုဏာသက်စွာ နှင့် ငေးမော ကြည့်ရှုနေမိသည် ။ သူ ၏ ငေးမောမှုနောက် ဝယ် အတွေးစဉ်ကြီး သည် ကပ်လျက်သား ပါသွားခဲ့၏ ။ သူ့ ခမျာ လင်ယူသားမွေး မပြုလုပ်ရပါဘဲလျက် ကလေး တစ်ယောက် မိခင် ဖြစ်ခဲ့ရပေသည် ။ ကိုဘသိန်း အား မျက် မှောက်ဘဝ တွင် ပိုင်ဆိုင်ခွင့် မရရှာ သော်လည်း သူ့ ကိုယ်စား သူ ၏ ရင်သွေးငယ် ကို မူ ကပ္ပိယကိုဒုံးပေ ထံမှ လက်လွှဲ ယူခဲ့ ပြီး မိမိ သား အရင်း ပမာ ပြုစု ယုယခဲ့ပေသည်  ။ ဆွမ်းခံရင်း ငှက်သင့် သကဲ့သို့ အလိုလို နေရင်း မိထွေး ဘဝ သို့ မိနန်းမြိုင် ရောက်မှန်းမသိ ရောက် ခဲ့ရပေသည် ။ ဒုက္ခ ကို ဒုက္ခ ဟူ ၍ မိနန်းမြိုင် မမြင်လေတော့ ။ ချစ်ဦးသူ က ပေးဝေသော ဒုက္ခ မျိုးပေကိုး ။  


“ သားကြီး က သိပ်ထွား ၊ သိပ်လှနေပြီကိုး ကွ ၊ သား ကျောင်း မနေတော့ဘူးလား ”


ကိုဘသိန်းက သား ရှေ့တွင် ခါး ကို ကိုင်းရင်း မေး လိုက်၏  ။ စိမ်းနေသော အဖေ့ မျက်နှာ ကို သား ဖြစ်သူက တစ်ချက် မော်၍ ကြည့်၏ ။


“ နေတယ် ၊ လေးတန်း ရောက်တယ် ၊ ငါးတန်း ဆရာ မရှိလို့ မနှစ် က မှ ထွက် လိုက်ရတယ် ၊ ပညာတတ်ရော ဘာ လုပ်ရမှာလဲ အဖေရယ် ၊ ကျွန်တော် လယ်လုပ် စားမယ့် လူပဲ ”


သား ဖြစ်သူက မျက်နှာ တစ်ချက် မဲ့ရင်း ဖြေလိုက်၏ ။ 


“ ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ၊ ဪ .. ဒါထက် နေစမ်းပါဦး ကွ ၊ သား နာမည်က ဘယ်သူကွ ”


ယခုမှ ကိုဘသိန်း ရယ်လားမောလား ဖြစ်လာပေ တော့သည် ။ သား ဖြစ်သူမှာ အဖေ ၏ အမူအရာကြောင့် ရှက်စနိုး အသွင် ပေါ်သွားပေ၏ ။


“ သူ့ နာမည် ထင်ကြီး လေ ”


မိနန်းမြိုင် က မဆီမဆိုင် ကြား မှ ဝင် ဖြေလိုက်ပေ သည် ။ ထင်ကြီး မှာမူ ဣန္ဒြေ နှင့်ပင် အဖေ့ ကို အကဲခတ်၍ နေ၏ ။


“ သား .. ညနေ စောင်းရင် ဆရာတော် ဦးလာဘ ကျောင်း သွားကြရအောင် ၊ ဆရာတော် ရှိသေးတယ် မဟုတ် လား ၊ အဖေ့သား ကို ရှင် ပြု ချင်တယ်ကွာ ”


ကိုဘသိန်း က ထင်ကြီး ၏ ပခုံးကို ဖက်ရင်း သူ ၏ ဆန္ဒ ကို ဖွင့်အန်၍ ပြနေပေသည် ။


“ ဆရာတော် ဆုံးပြီ ၊ အခု ဆရာတော် အသစ် ဦးသာသန ပဲ ရှိတော့တယ် ”


မိနန်းမြိုင် က ဝင်၍ဖြေ၏ ။


“ ဟဲ့ မိနန်းမြိုင် ဆရာတော် ပျံလွန်တော်မူပြီလို့ပြော စမ်းပါ ၊ နင်တို့ မလဲ ကလေးစိတ် မကုန်သေးဘူး ကိုး ၊ ကိုင်း ပါကွာ ငါ့ သားကြီး ဆရာတော် ဦးသာသန ဆီ လိုက်ခဲ့မယ် မဟုတ်လား ၊ ဒါပဲပြော ” ထင်ကြီး ကလည်း ဦးခေါင်း ကို ညိတ် ရင်း ကတိပေး၏ ။ သား ၏ သဘောတူညီချက် ရသော အခါတွင် ကိုဘသိန်း သည် သား အား ပွေ့ချီရင်း တဲ ပေါ်သို့ တက်၍ သွားလေသည် ။


      •••   •••   •••   •••  


တပေါင်းလေရူး သည် တသုန်သုန် မြူး၍ နေပေသည် ။ ပင်ယံထက် မှ ဥဩပျိုသည် လွမ်းချင့်စဖွယ် တေး သီချင်းကို သီ၍ နေပေ၏ ။ ရွာထိပ်ရှိ ဆရာတော် ဦးသာသန ၏ ကျောင်းအိုကြီး တွင် ယနေ့ လူစည်ကားလှစွာ၏ ။ ကျောင်းကြီး သည် တစ်ခါက ထည်ဝါခဲ့ဟန် ရှိသော်လည်း ယခုမူ လက်ရမ်း ပြို နေ၏ ။ ပွေးလှကျေးရွာ မှ အပျော်တမ်း မင်္ဂလာဗျောညွန့်အဖွဲ့ ကလည်း အသင့်ပင် ရောက်နှင့်နေ ကြပေပြီ ။  


ရဲဘက်ကြီး ကိုဘသိန်း အလှူ တွင် မိနန်းမြိုင် သည် အထင်ပေါ်ဆုံး ဖြစ်ခဲ့၏ ။ မိန်းကလေး ၏ မျက်လုံးသည် ငယ် ရည်ငယ်သွေးများ ပေါ်၍ သမင်မကလေး ၏ မျက်လုံး ကဲ့သို့ တောက်ပ နေသည် ။ ဆရာတော် ဦးသာသန ကြွ ၍ လာ၏ ။ ဆရာတော် ၏ နောက်တွင် ကပ္ပိယ ကိုဒုံးပေကြီး တစ်ယောက် ပြုံးပြုံးကြီး ဖြင့် ကပ်၍ ပါလာ၏ ။ ကိုဒုံးပေ ၏ ပါးစပ် တွင် အလှူ မှ တည်ခင်းသော ဆေးပြင်းလိပ်ကြီး ကို ခဲ ထား၍ ခံ့ညားလှ ၏ ။ အရေး ထဲ တွင် သူ ၏ လက်တစ်ဖက်က ကိုယ် ပေါ်တွင် ရှိသော ပွေးကွက်ကြီး ကို ကုပ် နေပေသည် ။ ကိုဘသိန်း တို့ လူစု က ဆရာတော် ဦးသာသန ကို ဝတ်ဖြည့်ကြ၏ ။


“ ကိုင်း ... မောင်ဘသိန်း နဲ့ မောင်ဒုံးပေ ဆံချဖို့ စီစဉ် ပေတော့ ”


ဆရာတော် မိန့်ကြားသည် နှင့် ကိုဒုံးပေ ခါးကြား မှ သင်တုန်းဓား ကို ထုတ်လိုက်ပြီး ပေါင် ပေါ်ရှိ လုံချည်စ ဖြင့် နှစ်ချက်သုံးချက် ခတ် လိုက်၏ ။ ထို့နောက် မိတ်ဆွေ ဘသိန်း ဆီသို့ မျက်စတစ်ချက် ပစ်၍ ပြလိုက်၏ ။ ကိုဘသိန်းကြီး က မောင်ရင်လောင်း ထင်ကြီး ကို ဆွဲရင်း ခေါ်လာပြီး ကိုဒုံးပေ ရှေ့တွင် ထိုင် ခိုင်းလိုက်သည် ။ ထင်ကြီး ၏ အမူအရာ မှာ ရှက်စနိုး အသွင် ပေါ်နေ၏ ။ ကတုံး ရိတ်ရမှာ ရှက် နေမှန်း ချက်ချင်း သိသဖြင့် ကိုဘသိန်း ပြုံးလိုက်၏  ။ သူ၏ အပြုံး မှာ ဘာ ရှက်စရာ ရှိသလဲ ဟူသော အားပေး အပြုံးဖြစ်သည် ။


ပြုံး ရင်း က သား ဖြစ်သူ၏ ဆံစများ ကို ခံရန် ပိတ်ဖြူစ ကို ကိုင်လိုက်ပေသည် ။ ပိတ်ဖြူစ ဟူသည် ထောင့် လေးထောင့် ရှိမြဲ ဖြစ်လေရာ ကိုဘသိန်း က နှစ်စ ကိုင်လိုက်သည် နှင့် ကျန်နှစ်စ က လွတ်၍ ဟာ နေသည် ။ ကိုဘသိန်း မျက်နှာ တစ်ချက် ပျက်သွားသည်ကို မိနန်းမြိုင် သတိ ထားလိုက်ပေ သည် ။ လွတ်နေ သော ပိတ်စ နှစ်ဖက် သည် ထင်ကြီး ၏ မိခင် မသိန်းမြ ကိုင် ရမည့် နေရာ ဖြစ်ပေသည် ။ မိနန်းမြိုင် သည် ဘေးမှ ရပ်ရင်း မျက်တောင်ကော့ကြီး အား ပုတ်ခတ် ပုတ်ခတ် လုပ်၍ နေ၏ ။ မိန်းကလေး သည် ခြေထောက်တစ် ဖက်တည်း ကို အားပြု၍ ရပ်ထားရသဖြင့် တင်သားလုံး သည် အထင်းသား ပေါ်လွင်နေ၏ ။ လွတ်နေသော ပိတ်စနှစ်ဖက် ကို ဝင်၍ မိနန်းမြိုင် ကိုင် ပေးလိုက်ချင်သည် ။ သို့ သော် သူ သည် မောင်ထင်ကြီး ၏ မွေးမေ မဟုတ်သော ကြောင့် လူပုံလယ် တွင် မကိုင်ဝံ့ဘဲ ကိုယ်ရှိန် သတ်၍ နေရ လေသည် ။


“ ဟဲ့ နန်းမြိုင် ဘာ ငေး နေတာလဲ ၊ ဝင်ဝက်ပြီး ကိုင် စမ်းပါဦး ”


ကိုဘသိန်း ၏ အသံ ကို မိနန်းမြိုင် ကြားရသော အခါ ၌ ဟုတ်မှ ဟုတ်ပါလောဟု သံသယ စိတ် ဝင်ခဲ့သေးသည် ။ သို့သော်လည်း ကာယကံရှင် ကိုဘသိန်း ကိုယ်တိုင်က ခေါင်းညိတ် ၍ ခေါ် နေပြန်သဖြင့် ရေသာခို ၍ မနေသင့်သည့် အလျောက် ပဝါဖြူစ ကို ကိုင် လိုက်ရပေသည်  ။ ထိုအခါ မိနန်းမြိုင် တွင် တစ်သက် နှင့် တစ်ကိုယ် မကြုံစဖူး ထူးကဲ သော အတွေ့ တစ်မျိုး ကို ရင်ဝယ်လှပ်လှပ် ခံစားမိပြန်၏ ။


ကပ္ပိယ ကိုဒုံးပေ ကလည်း လက်သံ ပြောင်လှချေ သည် ။ ရေ ဆွတ် ထားသော မောင်ရင်လောင်း ထင်ကြီး ၏ ဆံပင်များ ကို ဖွါခနဲ ၊ ဖွါခနဲ ခြစ်၍ ဆွဲလိုက်ပေသည် ။ အချိန် တိုကလေး အတွင်း မောင်ထင်ကြီး သည် ကတုံးပြောင် ဖြစ် ၍ သွားရလေပြီ ။


ဆံချ ပြီးသော အခါ ကျောင်းပေါ် သို့ အတက် မိနန်းမြိုင် က လင်ပန်း တစ်ခု နှင့် ဆီးကြိုနှင့်၏ ။ လင်ပန်းပေါ် တွင် နှမ်းဆီပန်းကန် နှင့် နနွင်းမှုန့်ပန်းကန် နှစ်ချပ် တင်ထား၏ ။ ကိုဘသိန်း က ဆီ နှင့် နနွင်းမှုန့် ကို သူ ၏ လက် ဖြင့်ယူရင်း သားဖြစ်သူ မောင်ရင်လောင်း ၏ ဦးခေါင်း တွင် ပွတ်၍ ပေး လိုက်သည် ။ ခေါင်းတုံး မှ နနွင်းရောင် သည် အနီး ရှိ ကိုဘသိန်း နှင့် မနန်းမြိုင် တို့ ၏ ပြုံးနေသော မျက်နှာအစုံ တို့ ပေါ် တွင် ရွှေရောင်ကဲ့သို့ ထင်ဟပ်၍ လာသည် ။ မိနန်းမြိုင် သည် ကိုဘသိန်း ၏ မျက်နှာကိုကြည့်၏ ။ မိန်းကလေး ယနေ့ ဘယ်လိုပျော်မှန်းမသိ ။ အကယ်၍ ကိုဘသိန်းနှင့် အိမ်ထောင်ရက်သား ကျ၍ ယခုကဲ့သို့ အတူတကွ ဘုရားသွား ကျောင်းတက် နေရလျှင် မည်ရွေ့မည်မျှ ပျော်စရာ ကောင်းမည်ကို စိတ်ကူး ယဉ်နေမိသဖြင့် မောင်ထင်ကြီး သင်္ကန်း ဝတ်ပြီးသည် ကိုပင် သတိ မမူနိုင်တော့ပေ ။ ရှင် ဖြစ်ပြီး၍ ဆရာတော် ဦးသာသန က ဆက်လက်၍ အလှူဒါယကာ ရဲဘက်ကိုဘသိန်း အတွက် ရေစက်တရားတော် ကို ရွတ်ဆို ၍ ပေးနေပေပြီ ။


“ ဣမံပုညဘာဂံ ၊ ကို ။ ဉာတိမိတ္တ ဓမ္မဿဝနပရိသရော ၊ ဆွေမျိုးညာတိ ၊ မိတ်သင်္ဂဟ ၊ တရားနာ ပရိသတ် တို့ ကို အာဒိကတွာ ၊ အစထား၍ အကျွန်ုပ်အလှူဒါယကာ မောင်ဘသိန်း ၏ ။ ကတပုညံ ၊ ယခုယနေ့  ၊ ပြုစုစွန့်ကြဲရ သော ကုသိုလ် ကို ။ သဗ္ဗေသတ္တာ ၊ လူရောနတ်ပါ ၊ ပါယ် လေးရွာနေ သတ္တဝါတို့ သည် ။ အနုမောဒန္တ ၊ ဝမ်းမြောက်နုမော် ၊ သာဓုခေါ်နိုင်ကြပါစေသော် ...  ။ ကိုင်း ... မောင်ဘသိန်း အမျှ ဝေပေတော့ ”


ဆရာတော် ဦးသာသန ၏ ရေစက်ချ တရား ပြီးဆုံးခဲ့ လေပြီ ။ ကိုဘသိန်း ရေစက်ချ ရန်သာ ကျန်ရှိတော့၏ ။ ဆရာတော် က သတိ ပေးမှ ကြေးဖလား တွင် ကျန်ရှိသော ရေ တစ်ဝက် ကို ရေခံပန်းကန်ပြား အတွင်းသို့ သွန် ချလိုက်၏ ။


“ အမိုက်မကြီး မိသိန်းမြ ရေ .. ရောက်ရာ အရပ် က အမျှ ယူပေတော့ကွယ်... ”


ပြောရင်းက ကိုဘသိန်း ဆို့နင့်၍ လာ၏  ။ နောက် ဆုံး အပိုဒ် တွင် ကိုဘသိန်း အသံများ အလိုလို တိမ်၍သွား ၏ ။ ဖခင် ၏ အဖြစ်အပျက် ကို ကိုရင်ထင်ကြီး က သွားတက်ကလေး ပေါ်အောင် ပြုံး၍ ကြည့်နေပေသည် ။ သူ ၏ အမူအ ရာတွင် လှောင်ပြောင်သည့် သဘော ပါ၍ နေ၏ ။ သို့သော် ချက်ခင်းပင် ညှိုးကျသွားသည် ကို ဆက်လက်တွေ့ရှိရပေ သည် ။ ပွေးလှကျေးရွာ ၏ မင်္ဂလာဗျောညွန့်ဆရာ တို့ က အကွက် ဆိုက်၍ တီးကြမှုတ်ကြတော့သည် ။ အလှူအတန်းနှင့် မတွေ့ ရသည်ဖြစ်၍ ဗျောဆရာတို့ အငြိုးနှင့် တအားပင် တီးမှုတ်ကြ၏ ။ တတ်သည့် ပညာ မနေသာဆို သည့်အတိုင်း ဝိုင်းဖြစ်အောင် မနည်း  စုစည်းလာခဲ့ကြဟန် တူသည် ။ ကြေးနောင်ဆရာ သူပုန် သတ် သွားသဖြင့် သူ ၏ နေရာတွင် ဆရာသစ် တစ်ယောက် တက် ၍ လာသည် ။ ထို သူမှာ သင်လက် ဖြစ်၍ တစ်ချက် တစ်ချက်တွင် ကြောင်လုံး များကို ချော်၍ ချော်၍ ရိုက် နေပေသည် ။ မျက်မမြင် ကိုချက်ကြီး က လည်း သူ တတ်နိုင်သည့် အဆိုဖြင့် ကိုဘသိန်း အ တွက် စေတနာ့ဝန်ထမ်း ဆို ပေး၏ ။ ဘာပဲဖြစ်ဖြစ် သူတို့ ၏ စေတနာ ကို ကိုဘသိန်း တစ်သက်တွင် မမေ့နိုင်တော့ ။ သူ တို့ ခမျာ ရှိသည့်ပစ္စည်း နှင့်ပင် ဗျော သရုပ်ကို ဖော်ကြရှာ သည် ။ ထို စေတနာကြောင့် ပေလား မသိရ ထို ဆရာတို့ ထုတ်လုပ်လိုက်သော မင်္ဂလာဗျောညွန့် တည်း ဟူသော အနုဘာဝ သည် လွမ်းသရုပ် ကို ပေါ်စေတော့သည် ။


မြို့လယ်ကမဏ္ဍပ် 

အရပ်က ကုသိုလ်

ကျောင်းကြီးရယ်အို 

လက်ရမ်းငယ်ပြို ၊ 

ကိုလူပျိုငယ်ကတည်းက

ကျောင်း ငေါင်း ... ငေါင်း ... ငေါင်း 

ဆိုလို့ ( ရွဲ ) ... တော် ။ 

အရှေ့ကို လျှောက်ပါလို့ 

အနောက်ကိုတဲ့ မျှော်လိုက်ရင် 

ရွှေတံခွန် ကုက္ကားနဲ့ 

ဘုရားကလေး - ဘုရားလေး - 

ဘုရားလေးကိုမြင် ... ။

စာပုလွေ မောင်မှာပိုက်ပါလို့ 

စာပုလွေ မောင်မှာပိုက်ပါလို့

ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင် 

( ဘယ်စာ မောင်သင်ပါ့မတုံး ) ၃ 

မေလေးကို သံချိုနှောလို့ 

ပြောလေးလေ ၊ ပြောလေးလေး 

ပြောခဲ့ပါ အုံး အုံး ။


      •••   •••   •••   •••  


“ ကိုရင် ... တပည့်တော် ပြန် ရတော့မယ် ၊ ပျော် သလောက် ရှင် ဘဝ မှာနေပေါ့ ကိုရင်ရယ် ”  


ကိုဘသိန်း သည် ဆရာတော် အား ဝတ်ဖြည့်ပြီး နောက် သား ဖြစ်သူ ကိုရင်ဇ၀န ထံ ဝင်၍ နှုတ်ဆက်လေ သည် ။  


“ ဒကာကြီး .. ရေစက်ချတဲ့ နေ့က ဘာဖြစ်လို့ ငိုရတာ လဲ ဟင် ”


ကိုရင်ဇဝန က ဖခင်ဖြစ်သူ အား ခရီးရောက် မဆိုက် ကလိ လိုက်ပေသည် ။


“ ဘာဖြစ်လို့ မေးရတာလဲ ကိုရင် ”


“ သိချင်လို့ပေါ့ အဖေ ရ ၊ မဟုတ်ပါဘူး ဒကာကြီး ရ ၊ အမေ့ ကို များ လွမ်း သလားလို့ပါ ”


သားဖြစ်သူ ကိုရင်ဇဝန ၏ မေးခွန်းကို ကြားရသော အခါ၌ ကိုဘသိန်း ငိုင်ဆင်းသွား၏ ။ ထို့နောက် ကိုရင့် မျက်နှာ ကို တစ်ချက် စိုက်ကြည့်လိုက်၏ ။ ကိုရင့် မျက်နှာ သည် ကွယ်လွန်သူ ဇနီးသည် မသိန်းမြ ၏ မျက်နှာ နှင့် တစ်ထေရာ တည်း တူ လှတော့သည် ။


“ လွမ်းသပေါ့ ကိုရင် ရာ ၊ လွမ်းသမှ သိပ်လွမ်းပဲ ”


ရှေ့ဆက် မဖြေနိုင်တော့ ။ သူ ၏ ရင်တွင် ဆို့နင့်၍ လာသည်  ။ မိမိ ချစ်သော မိသိန်းမြ ၏ သား ကိုရင်ဇဝန  ၊ သူ့ အမေများ ရှိရင် ဘယ်လောက်များ ချစ် လိုက်လေမလဲ ။ ကိုဘသိန်း တစ်ကိုယ် တည်း တောင်တောင်အီအီ စဉ်းစား နေမိသည် ။


“ အင်း .. ကိုရင် အခုတော့ ငယ်သေးတော့ ဘာမျှ သိရှာမှာ မဟုတ်သေးဘူး ၊ ကိုရင် ကြီးလာလို့ ကိုရင့် သား ကို ကိုရင် ရှင်ပြုတဲ့ အခါမှာ ကိုရင် ဒါတွေကို သိလာပါလိမ့် မယ် ၊ လူသတ်သမား ဟာ လူသတ်သမား ပဲ ၊ လွမ်းတာဟာ လွမ်းတာပဲ ကိုရင် ”


ကိုဘသိန်း ၏ ရဲဘက်ဝတ်စုံအင်္ကျီ အပြာအတွင်း မှ လက်ကိုင်ပဝါ အဖြူ ကို ထုတ်လိုက်သည် ။ သားဖြစ်သူ ၏ ဓာတ်ပုံတစ်ပုံ သည် လက်ကိုင်ပဝါ အခေါက် ကြား မှ ထွက် ကျသွား၏  ။ ဓာတ်ပုံ ကို ပြန်ကောက်လိုက်ရင်း ကိုရင်ဇ၀န ၏ မျက်လုံးအိမ်မှ မျက်ရည်စများ ကို ညင်သာစွာ တို့ပေး လိုက်၏ ။ ထို့နောက် သူ ၏ မျက်လုံးအိမ် မှ မျက်ရည်စ ကို လည်း သိမ်းဆည်း လိုက်ပေသည် ။


“ အချိန် မရှိတော့ဘူး ၊ တပည့်တော် မနက်ဖြန် ညနေ စခန်း ကို အရောက် သွားမှ ဖြစ်မယ် ”  


“ မပြန်ပါနဲ့လား ၊ မပြန်လို့ကော ဘာဖြစ်နိုင်သလဲ ” 


“ ပြန်မှ ဖြစ်မှာပါ ကိုရင် ၊ ဒကာကြီး မကြာမီ ပြန် လာမှာပါ ”


ကိုဘသိန်း သည် ဂျပန်ဖိနပ် ကို ချွတ်ရင်း သားဖြစ်သူ ကိုရင်အား ဝတ်ဖြည့်လိုက်၏ ။ မိနန်းမြိုင် သည် သားအဖ နှစ်ဦး ၏ အဖြစ်အပျက် ကို နောက်ဘက် မှ ကြည့်ရင်း ရှိုက် ကြီးတငင် ငိုကြွေး နေပေသည် ။


“ ကိုင်း  ... အားလုံး သွားမယ် ၊ မိနန်းမြိုင် သား ကို ဂရုစိုက်ပါနော် ၊ နင့် ကျေးဇူး ငါ တစ်သက် မမေ့ပါဘူး ဟယ် ”


ကိုဘသိန်း သည် ဤသို့ နှုတ်ဆက်ရင်း သူတို့ အားလုံး ကို ကျောခိုင်း လိုက်ရပေသည် ။ သူ၏ ခြေထောက်အစုံ သည် မာကျောနေသော ကန်သင်းရိုး ကို နင်း နေ၍ နင်း ရမှန်း မသိနိုင်တော့ ။


ပင်ယံထက် မှ ဥဩပျို သည် နွေဦး ကို သူ ၏ လွမ်းချင့် စဖွယ် တေးသံ ဖြင့် ကြိုလင့် နေပေပြီ ။ တောင်လေရူး ကြောင့် သစ်ရွက်ခြောက်ကလေးများ သည် တရွရွ လှုပ်ရှားရင်း လယ်ကွင်းပြင် ဆီ သို့ တဖြည်းဖြည်း ရွေ့လျား ပြေးသွားကြ ပေသည် ။


“ မေး မှ မေးရက်ပလေ ကိုရင် ရယ် ၊ လူသတ်သမား ဆို တဲ့ တပည့်တော် လို လူမျိုးတွေမှာ မေတ္တာတရား ဆိုတာ ရှိ ပြီလား ၊ ရှိသမှ သိပ် ရှိတာပဲ ကိုရင် ၊ အင်း .. ဒါပေမဲ့ ကိုရင် လက်ခံလာအောင် တပည့်တော် မလျှောက်တတ်ပါဘူး ၊ ဒါတွေကို တပည့်တော် ရွာ ကို အပြီးအပိုင်ပြန်လာတဲ့ တစ်နေ့ ကျတော့ ကိုရင့် ကို ဆက်လက် ရှင်းပြပါ့မယ် ”


ကိုရင်ဇဝန ၏ နားဝယ် ရဲဘက်ကြီးဦးဘသိန်း မနေ့ က ပြောကြားခဲ့သော စကားသံများ ကို ပြန်လည် ကြားယောင်နေမိသည် ။ ဤ စကားရပ်များကြောင့် မိမိ တစ်ခါက အထင် လွဲမှားခြင်း ခံရသော ဖခင် ကို ကိုရင်ဇဝန အလိုလို နေရင်း ကရုဏာ သက်၍ နေမိပြန်၏ ။


“ တပည့်တော် မကြာခင် ရွာ ကို ပြန်လာရတော့မယ် ။ အဲဒီအခါ ကျရင် ကိုရင့် အမေ မသိန်း အတွက် အရိုးဂူ လှလှလေး တစ်လုံး ကို တပည့်တော် ဆောက်ပေးပါ့မယ် ။ ကိုရင် ကျေနပ်တယ် မဟုတ်လား ”


ကိုရင် သည် မိခင် ဒေါ်သိန်းမြ သေဆုံးရသည် မှာ ဖခင် ကြောင့် ဟူ၍ တစ်ဖက်သတ် အပြစ် တင်ခဲ့ပေသည် ။ ဟုတ်လည်း ဟုတ်ပေသည် ။ မိမိ လူမှန်း သိ ကတည်းက မိခင် ၏ ရင်ခွင်ဝယ် နေခဲ့ရသည် ဟု မရှိစဖူး ။ မိခင် ၏ ကြင်နာယုယမှု စစ်စစ် ကို မကြုံခဲ့ရစဖူး ၊ ထို့ကြောင့် မိခင် ၏ ယုယမှု ကို တောင့်တသော အခါတိုင်း ဖခင် ဖြစ်သူအား ဒေါသ ဖြစ်ခဲ့ရသည် ။ ယခုမူ ဖခင် သည် မိခင် ၏ ကိုယ်စား မိခင် ၏ အရိုးဂူလေး ကို တည်ဆောက်ပေးမည်ဟု ဆိုလိုက် သော အခါတွင် ကိုရင်ဇ၀န ဝမ်းမြောက်ရ ပြန်ပေသည် ။ သူ ၏ ဝမ်းမြောက်ခြင်း သည် ဤကမ္ဘာဝယ် အတု မရှိဟု ကိုရင် ထင်မိခဲ့သည် ။ အဘယ်သူ သည် မိမိ ၏ မိခင်ရင်း ကိုယ်စား အရိုးလှလှလေး ကို မတွေ့ချင်ဘဲ ရှိနိုင်ပါ့ အံ့နည်း ။ ဤအခါ၌ ကိုရင် သည် ဖခင်ဦးဘသိန်း အပေါ် ကရုဏာ သက်ခြင်း အမှ ဖြစ်ခဲ့ရပြန်သည် ။


“ ရွာ ပြန်ရောက် ရင်တော့ သားအဖတွေ ပျော်ပျော်နေ ကြရအောင် ၊ အဖေ နဲ့ သား လက်တွဲပြီး လယ်လုပ်ငန်း ဝင် ကြရအောင် နော် ၊ တပည့်တော် ဟာ လယ်သမား စစ်စစ်ပါ ၊ လယ် လုပ် က လွဲရင် ဘာကမှ မလုပ်တတ်ပါဘူး ”


ဤသည် မှာ အဖေ ၏ နောက်ဆုံး စကားသံ ဖြစ်၏ ။ သစ်ရွက်ခြောက်များ ၏ ရှပ်တိုက်ပြေးလွှားသံများနှင့် အတူ ဝင်လာပေ၏ ။ ရှေ့တွင် မျက်စိ တဆုံး မြင်နေရသော လယ် ကွင်းပင်လယ်ပြင်ကြီး ကို ကိုရင် မျှော် ကြည့်မိပြန်၏ ။


“ ကိုရင်ဇဝန ဘာ ငေး နေတာလဲ ကျောင်း ကို ပြန်ကြ စို့ ၊ မိနန်းမြိုင် လည်း ရွာထဲ ပြန်တော့လေ ”


ဆရာတော် ဦးသာသန က သစ်ရွက်ခြောက်များ ကို ခြေဖြင့် နင်းရင်း အနီးသို့ ရောက်၍ လာပေ၏ ။ မိနန်းမြိုင် သည် ဘုန်းတော်ကြီး ကို ဝတ်ဖြည့်ပြီး ရွာသို့ ပြန်သွား၏  ။


ပင်ယံထက်မှ ကြားနေရသော ဥဩသံ သည် အလွမ်း ဘက် သို့ လု နေငြားလည်း ကိုရင် ၏ စိတ်ဝယ် လွမ်းသဘာဝ မျိုး ဖြစ်ပေါ်ခြင်း မရှိတော့ပေ ။ ဆရာတော် ဘေး မှ ကိုရင်ထင်ကြီး သည် ခပ်ပြုံးပြုံး ပါ၍ သွား၏ ။ ကိုရင် ၏ မျက်လုံး အစုံတွင် ဖခင် ၏ ရုပ်ပုံလွှာ ၊ မိခင် ၏ အရိုးဂူဖြူဖြူနှင့် ရွှေဝါရောင် သန်းနေသော လယ်ယာမြေများ ကို မြင်ယောင်၍ နေ ပေသည် ။ ရှေ့သို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်း ၏ အောက် ဝယ် ရော်ရွက်ဝါ တို့ ပြားပြားဝပ် ၍ ရှိနှင့်ကြ၏ ။ ရော်ရွက်ဝါ များ သည် သာသနာ့ဝန်ထမ်း ရှင်ရဟန်း တို့ ကို ပူဇော်သည် သို့ တည်ရှိကြကုန်၏ ။


( ဒေါင်းနွယ်ဆွေကြီး ) သို့


◾စံထွန်းအောင်


📖 ရှုမဝမဂ္ဂဇင်း

      ၁၉၆၆ ခုနှစ် ၊ ဇွန်လ