❝ တူလိမ့်မယ် မထင်ကြနဲ့ ❞
စာ ရေး တဲ့ “ မြို့သာ မရာထို ” ရဲ့ ဝတ္ထုတို တစ်ပုဒ် မှာ ဖတ်လိုက်ရ ဖူးတယ် ။ ဒီ ဝတ္ထုတို ရဲ့ နာမည် တော့ မေ့ သွားပြီ ။ မြို့သာမရာထို က ...
“ ကျီးကန်း ဆယ်ကောင် သေ ရင် လက်ပြ ပုလိပ် တစ်ယောက် ဖြစ် သတဲ့ ၊ လက်ပြပုလိပ် ဆယ်ယောက် သေ ရင် ကားသမား တစ်ယောက် ဖြစ် သတဲ့ ။ ကားသမား ဆယ်ယောက် သေ ရင် ဈေးသည် တစ်ယောက် ဖြစ် သတဲ့ ”
ဈေးသည် တစ်ယောက် မျက်စိ ဘယ်လောက် လျင် ရတယ် ဆိုတာ ကို သူ က ပြောချင် တာပါ ။ ကျွန်တော် က တော့ လက်ပြပုလိပ် နှစ်ဆယ် သေ မှ ကျွန်တော်တို့ လို ကားသမား တစ်ယောက် ဖြစ်မယ် ထင် တာပဲ ။ ခေတ် ပြောင်း သွားပြီ ။ ချက်ဗလက် ခေါင်းတို ခေတ် မဟုတ်တော့ဘူး ။ ဒိုင်နာ ခေတ် လေ ။ ဓာတ်ဆီ ခေတ် မဟုတ်တော့ဘူး ။ မက်သနော ခေတ် ရောက် နေပြီ ။ ကျွန်တော်တို့ လည်း အရင် ခေတ် က ကားသမားတွေ ထက် မျက်စိ လျင် ၊ နား လျင် ၊ ပါးစပ် လျင် ၊ ခြေထောက် လျင် ၊ လက် လျင် ၊ လျင် လို့ ရသမျှ အကုန် လျင် ထားရ တယ် ။ ရှာဖွေ စားသောက် ရတာ ဒီလို လျင် မှ တော်ကာ ကျတယ်လေ ။
လိုင်စင် ကို သာ ကြည့် ကြပါတော့ ။ လိုင်စင် ဓာတ်ပုံ ထဲ က ရုပ် နဲ့ အခု ရုပ် နဲ့ တခြားစီ ။ ဘာမှ မဆိုင်တော့ဘူး ။ ကားသမား ဆိုတာ လေစား နေစား နဲ့ ။ ကွမ်း ပါ ဝါး တော့ ပို ဆိုး တော့တာပေါ့ ။ လိုင်စင် စစ် တဲ့ အခါ ကျွန်တော့် လိုင်စင်ပါ လို့ မနည်း ကို ပြော ယူရတယ် ။ လိုင်စင်အနီ ကိုင် ရတာ လိုင်စင် အနက်တွေ ထက် ပို ပင်ပန်း ပါတယ် ။
ဒီ ရှေ့က ဟာ လိုင်စင် နံပါတ် ။ နံပါတ် နောက် က မျဉ်းစောင်း ၊ မျဉ်းစောင်း နောက် က ဟာ ကျွန်တော် လိုင်စင် ရတဲ့ သက္ကရာဇ် ပဲ ။ တွက် ကြည့် ရင် ၂၂ နှစ် ရှိပြီ ။ တကယ့် ကား မောင်းသက် က တော့ ဒီလောက် မကတော့ဘူး ။ နောက်ထပ် နှစ်နှစ် ထပ် ပေါင်း ရမယ် ။ လိုင်စင် မရခင် နှစ်နှစ် ကတည်း က ကားမောင်း နေတာလေ ။
ကျောင်း စာ တော့ နဝမတန်း အထိ သင် ဖူးတယ် ။ မောင်းဖူး တဲ့ ကားတွေ ကတော့ ကိုးမျိုး မကဘူး ။ များ မှ များ ။ မောင်း စား တဲ့ ကားတွေ ပြောတာနော် ။ ခဏတဖြုတ် မောင်း ဖူးတဲ့ ကားတွေ မပါသေးဘူး ။ စ စချင်း မင်းသားစုရပ် ထဲ က အော်စတင် အေဖော်တီးလေး မောင်း ရတယ် ။ ကားမောင်း သင် တာ တတ်တာ ကတော့ ဂျစ်ကား နဲ့ တတ်တာပါ ။ ပြီးတော့ ရှမ်းပွဲ မှာ လင့်ရိုဗာ ။ ဆရာ က လင့်ရိုဗာ က နေ ဂျစ် တစ်ခါ ပြောင်း စီးတယ် ။ နောက်ပြီး တော့ မောရစ်မိုင်နာကလေး တစ်စင်း အကြွေး နဲ့ နှိမ် ယူ လိုက်တယ် ။ ကွမ်းခြံရပ် က ဆရာဝန် အိမ် မှာ စကိုဒါ ၊ ဒါးတန်း မှာ မော့စ်ဗစ်ချ် ။ ပြီးတော့ ဖီးယက် ၊ ဘောက်စ်ဝက်ဂွန်း ၊ စီဗီလိုင်း က ကေသီပန် ဆိုတဲ့ ခြံ ထဲ မှာ ဖင်မလီယာတူးဒိုး ၊ ပြီးတော့ ဝန်ကြီးမော်ဒယ် ပရက်စ်တို ၊ ဒတ်ဆန်း ။ ကား အမျိုး စုံ သလို ဆရာ အုံနာ အမျိုးစုံ နဲ့ လည်း ကြုံခဲ့ဖူးတယ် ။
ကား အကြောင်း နားလည် တဲ့ အုံနာ ၊ အင်ဂျင်ဝိုင် နဲ့ ဘရိတ်ဆီ တောင် မခွဲခြားတတ် တဲ့ ဆရာ ၊ ကား ကို ဂရုစိုက်တဲ့ ဆရာ ၊ မိုး ရွာ လို့ မှ ကားမှန် မတင်တဲ့ အုံနာ ၊ တူ လို သား လို ဆက်ဆံ တဲ့ ဆရာ ၊ ကျေး လို ကျွန် လို ဆက်ဆံတဲ့ အုံနာ ၊ အိမ်တံခါး သော့ ပါ အပ်တဲ့ အုံနာ ၊ သူခိုး လို့ အမြဲ ထင် နေတဲ့ အုံနာ ။ အုံနာကတော် တွေ လည်း ပါ တာပေါ့ ။ ကျွန်တော် မောင်း ဖူးတဲ့ ကား တွေ အကြောင်း ပြန် စဉ်းစားရင် ဘယ်နှစ် က ဘယ်လို ကားတွေ ခေတ် စားတယ် ။ ဘယ်လို ကားတွေ တင်သွင်း ကြတယ် ဆိုတာ ကို အလွယ် သိနိုင်မယ် ထင်တယ် ။
အခုတော့ မန္တလေး နဲ့ မြစ်သား ပြေး နေတဲ့ “ ဂဠုန်မင်း ” ဆိုတဲ့ ကားလိုင်း ထဲ မှာ မောင်း နေတယ် ။ အိမ်စီးကား မောင်း ရတာ လူ သက်သာ တာ တော့ အမှန်ပဲ ။ ဒါပေမဲ့ မစားလောက် ဘူးလေ ။ ဒါကြောင့် လိုင်းကား ဘက် ကူး လိုက်ရတာ ။
အိတ်တီးမော်ဒယ် တိုယိုတာ ဟိုင်းလတ်ကလေး မောင်း နေတယ် ။ ထဆင်ထူး ခြောက် ထောင်ကျော် ။ အများ က ခေါ် နေတဲ့ သင်္ဘောသား ကား ဆိုပါတော့ ။ ကျွန်တော် မောင်း နေ တဲ့ ကား ကို သွင်းလာတဲ့ သူ က တော့ သင်္ဘောသား မဟုတ်ဘူး ။ ကပ္ပတိန် လည်း မဟုတ်ဘူး ။ စစ်ကိုင်း ဂျုံစက် က စက်ရုံမှူးကြီး သွင်းလာတာ ။ မှူးကြီး က နော်ဝေ နဲ့ ဒိန်းမတ် က ပြန် လာတော့ ပါ လာတာ တဲ့ ။ မှူးကြီး နဲ့ ကျွန်တော်တို့ အုံနာ နဲ့ တော်တော် ခင်ကြတယ် ။ ကျွန်တော့် အုံနာ က ဒီ ကား ကို သင်္ဘောသားကား လို့ ခေါ်ရင် မကြိုက်ဘူး ။ ဟို နိုင်ငံ မှာ တော့ ဘာတွေ ဘယ်လောက် ခိုင်းတယ် လို့ မသိရဘူး ။ ကျွန်တော့် လက် ထဲ တော့ သန္ဓေ ကောင်းရှာ တဲ့ ကားလေး ပဲ ။ နည်းနည်းပါးပါး နှာစေး ချောင်းဆိုး တော့ သူ လည်း ရှိတာပေါ့ ။ ကျွန်တော် တို့ က ကား ကို ကား လို ခိုင်းကြတာ မှ မဟုတ်ဘဲ ။ ကျွဲခိုင်း နွားခိုင်း ခိုင်း ကြတာ ကလား ။ အင်ဂျင်ပိုင်း တော့ ပြောစရာ မရှိ သြဇာစေ့ ပဲ ။ ဘော်ဒီ က တော့ သံချေး နည်းနည်း ပါ လာ တယ် ။ ဒါလည်း စေ့စေ့စပ်စပ် ကြည့် မှ တွေ့ တာပါ ။
မြစ်သား နဲ့ မန္တလေး က ၄၇ မိုင် ဝေးတယ် ။ လက်ညှိုးထိုး ထိ ၄၃ မိုင် ၊ လက်ညှိုးထိုး က နေ မြင်းခြံလမ်း အတိုင်း ၄ မိုင် လောက် ထပ် ဝင်ရ သေးတယ် ။ လက်ညှိုးထိုး က နေ တောင်ဘက် ဆက် သွား ရင် မိတ္ထီလာ ရောက် ရော ။ ပြောချင်တာ က ဒီ လမ်း ပေါ် မှာ ကားသမားတွေ ပြေးလွှား ရှာဖွေ စားသောက် ရတဲ့ အကြောင်း ပါ ။
မန္တလေး က နေ ၁၂ မိုင် ဝေး တဲ့ ‘ ပလိပ် ’ ကို ပြေး တဲ့ ပလိပ်မန်း ဆိုတဲ့ ကားကြီးအသင်း တစ်သင်း ရှိတယ် ။ ချက်ဗလက် ခေါင်းတို တွေ ။
မန္တလေး က နေ မိုင် ၂ဝ ဝေးတဲ့ စဉ့်ကိုင်မြို့ ကျ တော့ ကားသင်း က နှစ်သင်း တောင် ရှိ ပြန်ရော ။ ဇော်ပျံ နဲ့ ကျားမင်း တဲ့ ။ ဒိုင်နာကား တွေ ရော ။ ကေအမ်ဟီးနိုး တွေ ရော ။ မောင်း သလား မမေး နဲ့ ။ တကယ့် ဇော် နဲ့ တကယ့် ကျား တွေ ။
ကျောက်ဆည် ကို ကျတော့ လည်း ဆင်ခေါင်း နဲ့ ရွှေဆည်မန်း ဆိုတဲ့ ဟိုင်းလတ်ကား နှစ်သင်း ရယ် ၊ မန်းကျောက်ဆည် ဆိုတဲ့ ချက်ဗလက်ကားကြီး တွေ ရယ် ရှိတယ် ။ ချက် ဗလက်ကားကြီးတွေ က ဟိုတုန်း က တော့ ကား က နည်းသေးတယ် မဟုတ်လား ။ တစ်လမ်း လုံး မောင့် သဘောပဲ ။ ဒီ ကားတွေ စီး ရင် ကြာလွန်း လို့ ခရီးသည်တွေ က “ မန်း တစ်ည လမ်း တစ်ည ” လို့ စာချိုး ခံရတဲ့ ကားကြီး တွေ ။ ခုတော့ ကေအမ်ဟီးနိုး တွေ လည်း ရှိနေ တာမို့ သူတို့ လည်း နှေး နေလို့ မဖြစ်တော့ဘူး မိုင် ကုန် လီဘာ ကုန် တွယ် ကြပြီ ။ နောက် ကျ ရင် နောက်ချေး နဲ့ သလဲ ပဲ ရမှာ မဟုတ်လား ။
ယုဇနမန်း ဆိုတဲ့ ကားသင်း က လည်း ကူမဲ ကို ဟိုင်းလတ် တွေ ဒိုင်နာ တွေ နဲ့ ပြေးနေ တယ် ။
သဲတော ဝမ်းတွင်း ကို ရွှေလမင်း ဆိုတဲ့ ကေအမ်ဟီးနိုး တွေ က ပြေး ပြန်တယ် ။ မိတ္ထီလာ ကျ တော့ တိုင်းသမ က ဘီအမ်ဘတ်စ် တွေ ထွက်တယ် ။ ဟိုင်းလတ်ကားလေး တွေ ပြေး တဲ့ ထီလာမန်း တို့ နဂါးနီ တို့ ဆိုတဲ့ ကားသင်းတွေ က လည်း ရှိနေ ပြန်တယ် ။
မြင်းခြံ ကို ကျ တော့ ဝင်း တဲ့ ၊ သမစိတ္တ တဲ့ ၊ ပြည်တော်အေး တဲ့ ။ ကားသင်းတွေ က ဘာ များ သလဲ မမေးနဲ့ ။
ဒီ ကြား ထဲ နံပါတ် အနက် ပရိုက်ဗိတ်ပစ်ကပ်ကားတွေ ၊ ဘုရားဖူးကားတွေ က ဆွမ်း ကြီး ဝင် လောင်း တတ်ကြသေးတယ် ။ ကြားကစ် ကြတာ လမ်းကြုံ နေ တော့ ခရီးသွား ဟန် လွှဲ တင် တင် သွားကြတာ ။ သူတို့ အဖို့ တော့ လက်ဖက်ရည်ဖိုး ကွမ်းဖိုး ပေါ့ ။
မြစ်သား နဲ့ မန္တလေး ကို အခု တစ်ယောက် ဆယ့်သုံးကျပ် ယူတယ် ။ ရှေ့ခန်း က ဆယ့် ငါးကျပ် ။ ဓာတ်ဆီ က တစ်ခြမ်း ကို နှစ်ဂါလန်ခွဲ တစ်ခေါက် ဆိုရင် တစ်ပုံး ။ မြိုးမြိုးမြက်မြက် မရဖူးတာ တော့ မဟုတ်ဘူး ။ သုံးရာ့ငါးဆယ် ၊ လေးရာ တော့ ကျန်ဖူးပါတယ် ။ တစ်ခေါက် ပြောတာနော် ။ တစ်ခြမ်း မဟုတ်ဘူး ။ တစ်ခြမ်း သာ အဲဒီလောက် သာ ကျန်တယ် ဆိုရင် ကျွန်တော် တို့ လည်း ကွမ်းယာတွေ ကို ဖာလာတွေ ထည့် ပြီး ဘယ်ဘက် ပါးစောင် တစ်ယာ ညာဘက် ပါးစပ် တစ်ယာ ထည့် ၊ နှုတ်ခမ်း မှာ မာလ်ဘိုရို ခဲပြီး မောင်းကြတော့ မှာ ပေါ့ ။
ဒီလို ကျန်အောင် လည်း တင် လိုက်ကြရတာ ။ ခရီးသည် တို့ ကုန် တို့ ရလို့ က တော့ တင်သလား မမေး နဲ့ ။ လူ လေးဆယ် လောက် အထိ တင် ပစ်တာ ၊ ကက်အိမ် နဲ့ ဘောနက် ပေါ် က လွဲ လို့ ခေါင်မိုး ပေါ် ရော ၊ ဘေးတန်း ရော တက်ခိုင်း တွယ်ခိုင်း ရတာပဲ ။ ခြံ ပေါ် မှာ လည်း တင်လို့ ရတာ အကုန် တင် တာပဲ ။ နှမ်းအိတ် ရော ၊ ငရုတ်အိတ် ရော ၊ ကြက်သွန်အိတ် ရော ၊ ဆန်အိတ် ရော အကုန် တင် ။ ကြက်ခြင်းတွေ လည်း တင် နို့ဆီပုံး လည်း လာခဲ့ ။ စက် ဘီး တောင် မချန်ဘူး ။
ဒီလို တင် နိုင် အောင် လည်း ဖရိမ် ကို ပိုးထား ဆက်ထား ရတယ် ။ နှစ်လက်မ သုံးပဲ သံပြား နဲ့ အထက်ပိုး အောက်ပိုး ညှပ်ပိုး ထားရတာ ။ လေး လည်း တစ်ဖက် လေးချောင်း ဆီ ထပ် ပိုး ထည့် ထားတယ် ။ ရှော့အိတ်ဇောဘား လည်း နှစ်လုံး ဆီ တပ်ထား ရတယ် ။ ပစောက် ပုံ ရှိရမယ့် လေးတွေ က အပေါ် က ဝိတ် ကြောင့် မျဉ်း တစ်ဖြောင့်တည်း ဖြစ် နေတာ တစ်ခါ တလေ ဂငယ်ပုံ ဖြစ် နေပါလေရော ။ မတတ်နိုင်ဘူး ။ လေး ကျိုး ရင် အုံနာ ပြင် လိမ့်မယ် ။ မိုး ရွာ တုန်း ရေခံ ထားရမှာ ။ နောင်ခါ လာ နောင်ခါ ဈေး ပဲ ။ မတင် တယ် ၊ တင် တယ် ကားကလေး ကို “ ဗျစ် ဗျစ် ဗျစ် ဗျစ် ” မြည် နေရှာတယ် ။
မတ္တရာ ၊ လက်ပံလှ ၊ စဉ့်ကူး ဘက် ပြေးကြတဲ့ ဒိုင်နာတွေ ပိုဆိုး သေးတယ် ။ ရွှေတော က လည်း ရှိတယ် မဟုတ်လား ။ ခရီးသည် ခုနစ်ဆယ် လောက် အထိ တင်ကြရတာကွ တဲ့ ။ ကျွန်တော်တို့ ပြင်နေကျ ဝပ်ရှော့ ကို လာ လာ ထိုးတဲ့ ဒိုင်နာကားဆရာ က ပြောဖူးတယ် ။ မောင်း နေ ရင်း ဘီးပေါက် လို့ စပယ်ယာဘီး လဲ ရအောင် ကား ပေါ် က ခဏ ဆင်းပေးကြပါဦး လို့ ဆိုလို့ ရှိရင် ကား ပေါ် က ဆင်းပြီး လမ်းနံဘေး က သစ်ပင်ရိပ် ချုံရိပ် မှာ ထိုင် နေလိုက် ကြတာများ ကိုယ့် ကား ပေါ် က ခရီးသည် ချည်း ဟုတ်ရဲ့လား ။ ချုံကြို ချုံကြား ထဲ ပုန်းနေ ကြတဲ့ လူတွေ ထွက် လာပြီး ဝင် ရော ထိုင်နေသလား ထင်ရတယ် ။ ကိုယ် တင် လာတဲ့ ခရီး သည် ဒီလောက် များ မှန်း မသိဘူး ။ အနီးအနား မှာ ကျတ်တွင်းများ ရှိ သလား လို့ အောက်မေ့ ရတယ် ။
ကား ပေါ် မှာ ခရီးသည်တွေ တင် ထား လိုက်တာ ကား ရဲ့ အရောင် က ဘာ အရောင် ဆို မခွဲခြား နိုင်တော့ဘူး ။ ပျားအုံကြီး ဘီးတပ် လွှတ်လိုက် သလိုပဲ တဲ့ ။
မတ္တရာ သမဝါယမ ကို သွား သွား လုပ်ရတဲ့ ကျွန်တော့် မိတ်ဆွေ က တော့ ကာဗွန်လေးရွက် ထပ် ၊ စာရင်းတွေ ကို ဘောပင် နဲ့ ဖိ ဖိ ရေးတဲ့ အခါ ဘယ် နှစ်ရွက် ပဲ ရေးရ ရေးရ လက် မညောင်းဘူး တဲ့ ။ ဘာလို့လဲ ဆိုတော့ ကား ကို တွဲလောင်း ခို စီးပြီး လိုက်ရ လွန်း လို့ သူ့ လက်တွေ က တစ်နေ့ တခြား သန် သန် လာပြီ တဲ့ ။ ဟုတ်လောက်တယ် ။ သူ့ လက်ဖဝါးတွေ က စာရေး တစ်ယောက် ၊ ကော်လာဖြူ တစ်ယောက် ရဲ့ လက်ဖဝါး မှ မဟုတ်တော့ဘဲ ။ ပန်းပဲ သမား တစ်ယောက် ရဲ့ လက် လို ၊ လှည်း မီးချတဲ့ သူ ရဲ့ လက်ဖဝါး လို ပဲ ကြမ်းထော် နေတယ် လေ ။
ကျွန်တော် တို့ အခေါ် တော့ ကြွက် လို့ ခေါ်တယ် ။ ပီကယ် လို့ လည်း ခေါ်တယ် ။ သူတို့ က မန္တလေးမြို့ မှ ကြိုဆိုပါ၏ ဆိုတဲ့ မြို့အဝင် ဘီးခွန် အကောက်စခန်း မှာ ရယ် ၊ ပလိပ် မှာ ရယ် ၊ စဉ့်ကိုင် တစ်နေ ရာ ရယ် ၊ ကျောက်ဆည် မှာ ရယ် ရှိ တတ်တယ် ။ တစ်ခါတလေ လက်ညှိုးထိုး မှာ လည်း ရှိ တတ်တယ် ။ အောင်မြင်ရာ အောင်မြင်ကြောင်း တော့ ထုံးစံ ရှိတဲ့ အတိုင်း ဆောင်ရွက် ရတာပေါ့ ။ “ ပေးကမ်းခြင်း ဖြင့် အောင်ရာ၏ ” ဆိုတဲ့ ထုံး နှလုံး မူ ထားရ တယ် ။ မများလှပါဘူး ။ ဖိုက်ကေ တင်းကေ ပါ ပဲ ။
ဒီလောက် တောင် အတင်း ရော အဓမ္မ ရော မတရား တင်ထား လို့ ကား က ရှေ့ဘီး လွတ် ပြီး ပတတ် ရပ် တော့ မတတ် တင်ထား ပေမယ့် ဖြည်းဖြည်းလေး လှိမ့် မောင်းတယ် လို့ တော့ မထင်လိုက် နဲ့ ။ လမ်း ဆင်း တဲ့ ခရီးသည်တွေ ရဲ့ နေရာ ဖြင့် ရအောင် အရှိန် နဲ့ မောင်း ရင်း ပါစင်ဂျာ ရှာ ရတာပဲ ။ ကိုယ် က မတင် ရင် သူများ က တင်သွား မှာ ကိုး ။ တစ်ခါတလေ လည်း ကား ကားချင်း ၊ ကား အသင်းချင်း မခံချင်လို့ အမြန် နှိပ်ကြရတာ လည်း ရှိတာပေါ့ ။ နောက် ကား က ချောင် နေရင် ရှေ့ ကား ကို ကျော်ပြီး ပါစင်ဂျာ လု ကြရတာ ကိုး ။ မခံချင် အောင် လည်း အချင်းချင်း ရိကြ သေးတယ် ။
“ မင်း ကား က ဒါ အစွမ်းကုန်ပဲ လား ၊ ဒီထက် မပြေးတော့ဘူးလား ၊ ငါ့ ကား က ဂီယာ တစ်ချက် နဲ့ လီဘာ တစ်ဝက် ကျန်သေးတယ် ” တဲ့ ။
စီးနေကျ ခရီးသည် တွေ ကတော့ ဘယ်လောက် မြန်မြန် ၊ ပြိုင် ချင် သလို ပြိုင် ။ ဈေး အတွက် မပျက်ဘူး ။ အတင်း ပြော မပျက်ဘူး ။ အငိုက် မပျက်ဘူး ။ ရိုးနေ ထုံနေ ပြီ ။ တချို့ ဈေးသည် အမျိုးသမီးတွေ က ကား နှေးရင် ကို ပဲ ပျင်းစရာ ကောင်းသတဲ့ ၊ “ ကားဆရာ ရေစည် လှည်း ကျော်မယ် ” တဲ့ ။ မြန် ချင် သလောက် မြန် သူတို့ ဆင်းမယ့် ရွာ နား ရောက် ရင် တို့ပတ် ပဝါ အပုတ် မပျက်ဘူး ။
တစ်ခေါက် မှ သုံးလေးကျပ် ကျန်တဲ့ အခါ လည်း ရှိတယ် ။ အဆင် မပြေ ရင် အိတ် ထဲ က စိုက်ရ သေးတယ် ။ အုံနာ စိုက်ရတာပါ ။
ခရီးသွားတွေ စားဝတ်နေမှု ချောင်ချိမှု ကျွန်တော်တို့ လည်း လီဘာ နင်း ဂီယာ ထိုး ကြရတာ မဟုတ်လား ။ သူတို့ လယ် ထဲ ယာ ထဲ ဆင်းကြတဲ့ အချိန် ကျတော့ ခရီးသည် ပါး ပြန်ရော ။ နတ်ပွဲလ ဝါခေါင် လို လမျိုး ကျတော့ မဆိုးပါဘူး ။ အသွား အလာ များ လာပြန် ရော ။
ဂျက်လေယာဉ်တွေ လို တအား နှိပ်ကြ ၊ ဆယ်တန်ကားတွေ လို မတရား တင်ကြ နဲ့ အခန့် မသင့် တဲ့ အခါ လည်း တိမ်းတာ ၊ စောင်းတာ ၊ တိုက်တာ ၊ ဆောင့်တာ ၊ ပွတ်တာ ချိတ်တာ တော့ ရှိတာပေါ့ ။ ဆန်းထွန်း တို့ ကား ဇော်ဂျီချောင်း တံတား အဆင်း လယ်ကွင်း ထဲ ရေ ဆင်း သောက် တာ ဘာ ကြာသေးလို့လဲ ။ အမှု က အခု ထိ မပြတ်သေးဘူး ၊ တန်းလန်း ။ သူတို့ အုံနာ က လိုက်တော့ လိုက် နေတာပဲ ။ လူ ရော ကား ပါ ဒဏ်ရာ က မပြင်း လို့ တော်သေးတာ ပေါ့ ။ ဆန်းထွန်း ကျွေး နေရတဲ့ ပါးစပ်ပေါက် က လည်း မနည်းဘူး ။
အခုလို လူစီး နည်းပါတယ် ဆိုမှ မက်သနော က လည်း တစ်မှောင့် ။ ကျောက်ဆည်ကား တွေ တော့ မယ်သနော နဲ့ ပြေးနေ ကြပြီ ။ တထိုင်းထိုင်း နဲ့ ။ ကျွန်တော် တို့ လည်း ဘယ်တော့ မက်သနော ထည့် ပြီး ပြေးကြရမယ် မသိဘူး ။ ဆီဆိုင် က မက်သနော ရောင်းပေး တော့ မက်သနောကား က ကားခ ဈေး သက်သာ သွားတာပေါ့ ။ အပြင်ဈေး က လည်း ငါးဂါလံ တစ်ပုံး မှ ၁၉ဝ ၊ ၂ဝဝ တဲ့ ။
မက်သနော နဲ့ ပြေးတဲ့ ကား မှာ အမှတ်အသား ပါတယ် ။ ကား ရဲ့ရှေ့ မှန် မှာ ရေးထား တယ် ။ အဖြူခံ ပေါ် မှာ အဝါရောင် အဝိုင်းကလေး ။ ဒီ အဝိုင်းကလေး ကို အပြာနုရောင် မီးတောက် လို ဟာလေး က ခြုံထား ငုံထား တယ် ။ အောက် က လည်း မက်သနော လို့ ရေး ထားတယ် ။ လူတွေ က မက်သနော တံဆိပ် ကို လွယ်လွယ်ပဲ “ ကြက်သွန်ဥ ” လို့ ခေါ်ကြ တယ် ။ တံဆိပ် က ကြက်သွန်ဥ နဲ့ တူလို့ ။ သူတို့ အချင်းချင်း လည်း ကား ကို တား ကြတော့မယ် ဆိုရင် “ သေသေချာချာ ကြည့် ကြက်သွန်ဥ မှ တားနော် ” တဲ့ ။ အဲဒီ ကားတွေ က ကားခ သက်သာတယ် ပေါ့ ။ ကျွန်တော်တို့ မှာ မက်သနော နဲ့ ပြိုင်ရတာ က တစ်ဖက် ပေါ့ ။ နောက်ထပ် ပြိုင်ရတာ တစ်ခု ရှိ သေးတယ် ။
ကျွန်တော်တို့ အုံနာ က ဟိုင်းလတ် ချည်း ပဲ သုံးစီး ပိုင်တာ ။ ဒီ သုံးစီး က လည်း ဂဠုန်မင်း မှာ ချည်းပဲ ။ တစ်စီး က တော့ သူ့ တူ မောင်းတာ ။ ကျန်တဲ့ နှစ်စီး က တော့ ကျွန်တော်တို့ လို ဒရိုင်ဘာ တင် ထားတာ ။ ည ကျ လို့ ပိုက်ဆံ အပ်ပြီ ဆိုတော့ ကားပြိုင် မောင်းရ သလိုပါပဲ ။ ဘယ်သူ က တော့ ဘယ်လောက် အပ်တယ် ၊ ဘယ်သူ က တော့ ဘယ်လောက် အပ်တယ် ပေါ့ ။ ဆရာကတော် က စာရင်းစာအုပ် နဲ့ ။ တိတိကျကျ ပဲ ။ ဒီနေ့ တော့ ဘာလို့ နည်းတာ တုံး ။ အင်ဂျင်ဝိုင် က ဈေးတက် ပြန်ပြီလား ။ ဘာလား ညာလား မေးတတ်တယ် ။ ကျွန်တော်တို့ က လည်း ဟုတ်တိုင်း မှန်ရာ ရဲ့ ငါးပုံ လေးပုံ လောက် တော့ ပြောတာပေါ့ ။
မနေ့ က ပိုက်ဆံ သွား အပ် တော့ ဆရာတို့ က တီဗွီ ကြည့် နေကြတာ ၊ အဝေး က ဧည့်သည်တွေ လည်း ရှိ နေတယ် ။ ဂြိုလ်တုသတင်း ကြည့် နေကြတာ ။ အဲဒီ ထဲ က ကားပြိုင် ပွဲအကြောင်း ပါ လာတယ် ။ ဘယ် နိုင်ငံ မှာ လုပ်တဲ့ ကားပြိုင်ပွဲ ဆိုလားပဲ ။ လက်ရှိချန်ပီယံ ဘယ်သူ က ဒေါ်လာ ဘယ်နှစ်သောင်း ရ သွား တယ်ပေါ့ ။
ကားကလေးတွေ က မြေကြီး နဲ့ ကပ်လို့ ။ နိမ့်နိမ့်ကလေးတွေ ။ တာယာတွေ က မမှောက် အောင် မပြုအောင် အကြီးကြီးတွေ တပ် ထားတယ် ၊ ကားလေးတွေ က အရောင် ကို စုံ လို့ ။ စာလုံးတွေ နံပါတ်တွေ နဲ့ ဝေဆာ လို့ ။ လှ မှ လှ ဗျို့ ။ အင်ဂျင်ပါဝါတွေ ကတော့ ကြီး သလား မမေးနဲ့ ။ အာဖရိက မှာ ရှိတဲ့ ခြင်္သေ့တွေ အကုန်လုံး စုပြီး ထွက် ဟိန်း နေကြသလား ထင်ရ တယ် ။ နား ပွင့် လု မတတ်ပဲ ။
တာ လည်း လွှတ် လိုက်ရော ကားကလေးတွေ မောင်းထွက် သွား လိုက်ကြတာ လောက်စာအိမ် က လောက်စာ လွှတ်လိုက် သလိုမျိုး ။ ဝှီး ခနဲပဲ ။ မြန် မှ မြန် ။ တာထွက် တုန်း က တစ်စီး နဲ့ တစ်စီး ဘာမှ မကွာပေမယ့် နောက်တော့ တဖြည်းဖြည်း ဝေး သွားကြတယ် ။ အကွေ့ မှာ တော့ ပညာ ပါတယ် ။
ဆရာကတော် နဲ့ ဧည့်သည်တွေ ကတော့ တီဗွီ ကြည့် ရင်း ကားကလေးတွေ ကွေ့ ရင် လန့် အော်ကြတာ ။ ဘုရားတ တဲ့ လူ က တ တယ် ၊ စုတ် တသပ်သပ် နဲ့ ။ ရင်ဖို စရာ ၊ ရင်မော စရာ ကောင်းလွန်းလို့ တဲ့ ။ သူတို့ ကြောင့် ကျွန်တော် ပါ ရောယောင်ပြီး ရင်ဖို မိတယ် ။ ခဏ နေတော့ အဲဒီ အံ့သြ နေတဲ့ လူတွေ ကြည့်ပြီး အံ့သြရတယ် ။
တကယ် ကျ တော့ သူတို့ စွန့်စားတယ် ဆိုတာ ဘာ ဟုတ်သေးလဲ ။ သူတို့ ကားကလေး တွေ က အန္တရာယ် နည်းအောင် သေသေချာချာ စနစ်တကျ လုပ် ထားတဲ့ ကားတွေ ပဲ ဥစ္စာ ။ ကျွန်တော်တို့ တစ်တွေ မှာ သာ ကား တစ်စီး တည်း နဲ့ လူ လေးငါးခြောက်ဆယ် တစ်ပြိုင်နက် စွန့်စား ကြရတာ ။
သူတို့ စွန့်စားတယ် ဆိုတာ လောက် တော့ ကျွန်တော် တို့ က မအံ့ဩ တဲ့ အပြင် ရယ် တောင် မှ ရယ်လိုက် ချင် သေးတယ် ။
◾ညီပုလေး
📖 စံပယ်ဖြူ မဂ္ဂဇင်း
၁၉၈၈ ၊ မေ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment