Thursday, April 27, 2023

ဆရာ နှင့် ကာတွန်းကန်တော့ပွဲ မှ သည် ပန်းချီကန်တော့ပွဲ


 ❝ ဆရာ နှင့် ကာတွန်းကန်တော့ပွဲ မှ သည် ပန်းချီကန်တော့ပွဲ ❞


ဆရာ့ ကို သတိရ လွမ်းဆွတ် တသသည် ဆိုပါလျှင် ဆရာ ကန်တော့ပွဲ နှစ်ပွဲ သည် အစ နှင့် အဆုံး ဖြစ်ကြောင်း ပြန်ပြောင်း ပြောရ ပါ လိမ့်မည် ။ ကာတွန်းကန်တော့ပွဲ နှင့် ပန်းချီကန်တော့ပွဲ ကို ဆိုလို ပါသည် ။ 


၁၉၇၀ ခုနှစ် လောက် ဖြစ်မည် ထင် ပါသည် ။


ဆရာဦးဖေသိန်း အိမ် ၊ နှစ်စဉ် ကျင်းပနေကျ ကာတွန်း ကန် တော့ပွဲ ကို ကျွန်တော် စ ရောက် ခဲ့ပါသည် ။ ကာတွန်း ကိုသော်က ၊ ကာတွန်း ကိုဝင်းမောင် ၊ ပန်းချီကိုဝင်းဌေး တို့ နှင့် ဖြစ်ပါ၏ ။ ကိုဝင်းမောင် နှင့် ကိုဝင်းဌေး သည် ကွယ်လွန် သွားခဲ့ပါပြီ ။


ကာတွန်း ကန်တော့ပွဲ ကျင်းပသည့် ဆရာဦးဖေသိန်း အိမ် သို့ ရောက်သွားသည့် အချိန် တွင် ကျွန်တော်တို့ အား စောင့်မျှော်နေသူ တစ်ဦး သည် ဆရာသော်တာဆွေ ပင် ဖြစ်ပါသည် ။ ကျွန်တော် သည် ဆရာ့ စာ ၊ ဆရာ့ ဝါသနာများ ကို ကြို သိ နေပေမဲ့ ၊ ဆရာ သည် ကျွန်တော့် ကို သိမည် တော့ မထင်ပါ ။ ထိုစဉ်က ကျွန်တော် သည် ပန်းချီဆရာ မဖြစ်သေး ။ ပေါက်စ တစ်ယောက် မျှသာ ဖြစ်ပါသည် ။ ဆရာ သည် ဆင်ကောင်ကြီး ဖြစ်၍ ကျွန်တော် သည် ကြွက်ဖလောင်းလေး ဖြစ်ပါသည် ။ 


“ ကဲ ဟေ့ ကောင်တွေ လာကြကွာ ၊ မင်း တို့ ကန်တော့ပွဲ လိုပါသေးတယ် ။ ကြာဦး မှာပါ ၊ လာ .. ငါ့ အိမ် လိုက်ခဲ့ကြ ငါ စီစဉ်ထားတယ် ”


ဒီလိုနဲ့ ဆရာ့ အိမ် မှာ ဆရာ ချက်တဲ့ အရက် တစ်မျိုး အမြည်းများ နဲ့ ဆရာ့ ကို စတင် ရင်းနှီးခဲ့ပါသည် ။ ကနဦး က ပင် လေးစားရင်းနှီး ချစ်ခင် နေခဲ့သူသည် ဆရာ နှင့် ယခုလို တွေ့ရသည့် အခါ ပြောဖွယ်ရာ မရှိတော့ ပါ ။ ထိုနှစ် မှ စ၍ နှစ်စဉ် ကျွန်တော်တို့ ပန်းချီအုပ်စု အား ဆရာ သည် ဆရာ ဦးဖေသိန်း အိမ် မှ စောင့် နေ တတ်ပါတော့သည် ။


ပန်းချီဆရာများ ဆိုသည်မှာ ကိုဝသုန် ၊ ကိုတင်လှဝင်း ၊ ကိုကျော် သောင်း နှင့် ကျွန်တော် ဖြစ်ပါသည် ။ ထိုအချိန် က ကာတွန်းဆရာများ သည် အရက် မသောက် တတ် ကြပါ ။ ယခု လည်း မသောက်ကြပါ ။


ဟိုစဉ်က အရက် သောက် သော ကာတွန်းဆရာများ သည် လက် ချိုး ရေ ၍ ရပါသည် ။ ဆရာ ဦးအောင်ရှိန် ၊ ကိုသော်က ၊ ကိုဝင်းမောင် ၊ ကိုမြင့်သိန်း ၊ ကိုတင်အောင်နီ ဤမျှလောက် ပင် ။


ကိုတင်အောင်နီ နှင့် ကိုမြင့်သိန်း သည် ရံဖန်ရံခါမျှ ဖြစ်၍ ကျွန် တော်တို့ ပန်းချီဆရာများ ကို သာ မျှော်ခြင်း ဖြစ်သည် ။ ကိုတင်အောင်နီ သည် အရင် က အရက် ကို သောက်သုံးခြင်း ဖြစ်သည် ။ ယခု မသောက် တော့ပါ ။ အဲဒီ အချိန် တုန်း က ကိုမြေဇာ မပါ ။ နောက်ပိုင်း မှာတော့ သူ လည်း တော်တော် သောက်သုံး ဖြစ် လာပါသည် ။ ယနေ့ လက်ရှိ ကိုမြေဇာ က မသောက်သုံးတော့ သူ ဖြစ်နေပြီ ။ ( ဒီ အရက် ကိစ္စ တော်တော် ရှင်း ယူ ရပါကလား ။ )


ဆိုလိုချင်တာ က လက်ဖက်ရည်ဆိုင် မှာ လူ တစ်ယောက် နှင့် ရင်းနှီးဖို့ မလွယ်ပေမဲ့ အရက်ဝိုင်း မှာ ရင်းနှီးရ လွယ်ပါသည် ။ ဒါလည်း လူတိုင်း လက်ခံနိုင် စရာ ရှိပါသည် ။


ဆရာ နှင့် ကျွန်တော် သည် အရက်ဝိုင်း တစ်ခု ( သူ့ အိမ် မှာပင် ) ရင်းနှီးခဲ့ပါသည် ။ ဆရာနှင့် ကျွန်တော်တို့ တောက်လျှောက် ရင်းနှီး ချစ်ခင်ခဲ့ပါသည် ။ တူသား ကဲ့သို့ ကျွန်တော် လည်း ဦးလေး ကဲ့သို့ …. ။ 


ဆရာ ၏ ရိုးသား ပွင့်လင်းသော စိတ်ဓာတ် ၊ ဂုဏ်ပကာသန မမက်မောတတ် ၊ လူ့ဘဝ ၊ လူ့လောကကြီး ကို လှောင်ချင်ပြောင်ချင် ၊ ရွဲ့ချင် တဲ့ စိတ်အားလုံး သည် ကျွန်တော် နှစ်သက် ခုံမင်သည့် စရိုက်များနှင့် သွားပြီး တူညီ နေပါသည် ။ ဆရာ ရှိနေခြင်း ၊ မရှိနေခြင်း ၊ ကျွန်တော် ရှိနေခြင်း ၊ မရှိနေခြင်းသည် သိပ် မဆန်းပါ ။ ဒါပေမဲ့ အနုပညာသမားများ မှာ သည် အသိ ၊ သည် စိတ်ဓာတ် ရှိခြင်း ကို ကျွန်တော် ချစ်သည် ။ ကြိုက်သည် ။ သည်လို နေလျှင် သည်လို ဖြစ်မည် ။ ဤလို နေလျှင် ဤလို ဖြစ် မည် ။ သိသော်လည်း မပြင်တတ်ကြပါ ။ ဆန်းသည် ဆိုသည် မှာ လည်း ဒါကိုပင် ပြောသည် ဖြစ်မည် ထင်ပါ၏ ။ သည်နေရာ မှာ ဆရာ နှင့် ပတ်သက်၍ ဆရာ့ ကို သုံးသပ်ကြည့်မည် ဆိုလျှင် သုံးသပ်ကြည့်မည် ဆိုသည်မှာ လည်း ဆရာ ၏ စာ ၊ ဆရာ ၏ အနုပညာ ကို မဟုတ်ပါ ။ သော်တာဆွေ မဟုတ်ပါ ။ ကိုကြင်ဆွေ ဆိုသည့် လူ တစ်ယောက် ရဲ့ စရိုက် ၊ သဘာဝ ကို က သည် အတိုင်း ဖြစ်နေပါလိမ့်မည် ။ မူလဘူတ စိတ်ရင်း ကို သည်အတိုင်း ဖြစ်နေသည့် အတွက် အနုပညာသမား ဖြစ်လာသည့် အခါမှာ လည်း သူ့ အလုပ် သူ လုပ်သွားခြင်းပဲ ဖြစ်မည်ဟု ကျွန်တော် ယုံကြည်မိသည် ။ သုံးသပ်မိသည် ဆိုသည် မှာ လည်း သည်သဘောမျှ ဖြစ်ပါသည် ။


ဆရာ ၏ အမူအကျင့်များ တွင် ချစ်စရာ ကောင်းသည်များ ရှိသလို မချစ်နိုင်စရာတွေ အားနည်းချက်တွေ အများကြီး ရှိနေမည် မှာ သေချာ ပါသည် ။ သည်လိုပဲ ဖြစ်ရမည် ဟု ကျွန်တော် ထင်သည် ။ မြတ်စွာဘုရားရှင် နှင့် အရိယာသူတော်စင် မှ လွဲ၍ လူ ဆိုသော လူ သည် အပြစ်အနာ အဆာများ ဖြင့် ထုံမွမ်း နေတတ်ပါသည် ။


သည့် အတွက် ဆရာ့ ကို မည်သည့် တစ်စုံတစ်ရာ အမှု နှင့် ဖြစ်ဖြစ် ခွင့်လွှတ် နားလည်ပါသည် ။


ဆရာ သည် စာပေတာဝန် ၊ လူမှုတာဝန် ၊ အားလုံး ကျေပွန်သူ ၊ သမိုင်းကြောင်း ကောင်းသူ တစ်ဦး ဟု အသိအမှတ် ပြုပါသည် ။ သေသော်မှတည့် ၊ စာပေအသံ ၊ စာပေအမြင် လည်း ရှိသူ ၊ စာ နှင့် လက် နှင့် ခန္ဓာတည် မြဲနေသရွေ့ မပြတ်ခဲ့သူ တစ်ဦး ကို ပြပါ ဆိုလျှင် လည်း ဆရာ သည် တစ်ဦး အပါအဝင် ဖြစ်ခဲ့သူ ဟု များစွာသော ပညာရှင်များ က အသိအမှတ် ပြုကြပါလိမ့်မည် ။


ဆရာ နှင့် ကျွန်တော် သည် အစ က ဆိုခဲ့ သလို ဆင် နှင့် ကြွက်ဖြစ် သည့် အတွက် ဤမျှ ရေးမိသည် ပင် ... ။ တစ်စုံတစ်ခု အပြစ်များ ရှိ နေလျှင် ဆရာ ခွင့်လွှတ်နိုင်  လိမ့်မည် ဟု ထင် ပါသည် ။


ခုနှစ်များ ကို မပြောတော့ဘဲ ကြားကာလများ တွင် ကျွန်တော် သည် မဂ္ဂဇင်း ပန်းချီဆရာ တစ်ယောက် ဖြစ်လာသည် အထိ ဆရာ နှင့် ရှုမဝ ၊ ချယ်ရီ တို့ တွင် ကြိမ်ဖန်များ ကြုံတွေ့ ကြ ၊ ဟိုတုန်းက အတိုင်းပင် ပြောကြ ရယ်ကြ ရွှင်ကြ ဘဝအမောများ အရက်ဆိုင် ၊ လက်ဖက်ရည်ဆိုင် များမှာ ဖြေသိမ့်ကြရင်း ပန်းချီဆရာကြီးများ ကန်တော့ပွဲ ဆိုသည့် ခေတ် ကာလ တစ်ခု ကို ရောက်ခဲ့သည် ။ ဟို အရင် ကျွန်တော်တို့ ရှေ့ က ဆရာ ဦးဖေသိန်း အိမ် ထဲ တွင် ပြုလုပ်ခဲ့ကြတဲ့ ကာတွန်းကန်တော့ပွဲ ကို နှစ်သက် မြတ်နိုး အားကျစွာ ပန်းချီကန်တော့ပွဲ ကို ကျွန်တော် နဲ့ ကိုဝသုန် စိတ်ကူး ရ ၍ စီစဉ်ခဲ့ကြပါသည် ။


ကျွန်တော်တို့ ပန်းချီကန်တော့ပွဲ ကို နှစ်စဉ် နှစ်တိုင်း စာရေးဆရာကြီးများ ကို သြဝါဒစကား မိန့်ကြား စေပါသည် ။ နှစ်များစွာ မှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ၊ ဆရာဒဂုန်တာရာ ၊ ဆရာမကြီး ဒေါ်ခင်နှင်းယု ၊ ဒေါ်ခင် ဆွေဦး စသည်ဖြင့် ... စီစဉ်ကြတဲ့ အခါ မှာ ဆရာ မကွယ်လွန်မီ ၂ နှစ် ခန့် ဟု ထင်ပါသည် ။ ဆရာ ( သော်တာဆွေ ) အလှည့် ရောက် လာပါသည် ။ ဆရာ့ နေအိမ် အင်းစိန် ဘိုကုန်း မှ ကျင်းပရာ Y.M.B.A သို့ ကြိုပို့ တာဝန် ကျွန်တော် ယူ ပါသည် ။


ဆရာ့ ကို သွားခေါ်သည့် အခါ မှ ဆရာ သည် ဟင်းချက် နေပါ သည် ။ “ ငါ ရေ တောင် မချိုးရသေးဘူး ကွာ ” ၊ “ မောင်မောင်သိုက် လာ ကွာ ၊ မင်း နဲ့ ငါ နဲ့ တူ တယ် ” သည်လောက် ပြော လိုက်လျှင် ကျွန်တော် လည်း နားလည် လိုက်ပြီး ဆရာ နှင့် ကျွန်တော် စတင် ၍ အရက် သောက် ဖြစ်ပါ သည် ။ ပြီးတော့ ဆရာ ချက် သော ဝက်သားနီချက် နှင့်  ဆရာ က ထမင်း စား ၍ ကျွန်တော် အရက် အနည်းငယ် မျှ သောက် ပါသည် ။ ပြီး ဆရာ့ ကို ကား ရှေ့ခန်း တွင် တင် ၍ ကျွန်တော်တို့ လမ်း တစ်လျှောက် ရှေးဟောင်း နှောင်းဖြစ်များ ကို ပြော ကြရင်း Y.M.B.A အသင်းတိုက် ကို ရောက်မှန်း မသိ ရောက်ခဲ့ ကြပါသည် ။


ယခုမှ စဉ်းစား မိသည် ။ ဆရာ နှင့် ကျွန်တော် သည် ကာတွန်း ကန်တော့ပွဲ မှာ နှစ်စဉ် မှ လွဲ၍ တူတူ အရက် သောက်မိသည် မရှိခဲ့ပါ ။ ကန်တော့ပွဲ နှစ်ခု အကြောင်းပြု၍ သာ ရင်းနှီးခဲ့ရပါသည် ။ ဝမ်းနည်းစရာ လား ၊ ကြည်နူးလွမ်းဆွတ်စရာ လား ၊ တိုက်ဆိုင်မှု လား ၊ မဆိုနိုင်ပါ ။ 


အဲသည် ပန်းချီကန်တော့ပွဲ သည် ဆရာ နှင့် ကျွန်တော် အတူ အရက် သောက်ဖြစ်ခြင်း နောက်ဆုံး ဖြစ်ပါသည် ။ ကာတွန်းကန်တော့ပွဲ တွင် ဆရာ နှင့် စ၍ ရင်းနှီး မိပြီး ပန်းချီကန်တော့ပွဲ တွင် ဆရာ နှင့် ပြန် လည် ၍ အရက် သောက် ဖြစ်ကြသည် ။


ယနေ့ ဆရာ မရှိတော့ပါ ။ ဘယ် ဘုံဘဝ ရောက် နေသည် လည်း ကျွန်တော် မသိနိုင်ပါ ။ ဆရာ ရောက် နေမည့် ဘုံဘဝ တွင် ရိုးသားမှု ၊ ပွင့် လင်းမှု ၊ လွတ်လပ်မှု များစွာ ရှိနေပါစေ ဟု ဆုတောင်း မိ ပါသည် ။


◾ပန်းချီမောင်မောင်သိုက်


📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ


#ကိုအောင်နိုင်ဦး


.

ရွှေပြည်တော်သည် ( ၁၈ )


 

🔳 ဗေဒင်ဆရာ တစ်ယောက်

မျောက်ဆိပ်ပင်ရွာ နှင့် ပိန်းနဲကွင်းရွာ သည် ဧရာဝတီမြစ် ၏ ဟိုဘက် ကမ်း သည်ဘက် ကမ်း ဓားလွယ် ခုတ် ၊ ပိန်းနဲကွင်းရွာ က အောက်ဘက် နည်းနည်း ကျ သော်လည်း သိပ်ပြီး ဝေးလှသည် မဟုတ် ။ လှေများ နှင့် ဟိုဘက် ရွာ ဒီဘက် ရွာ ကူးလူး ဆက်ဆံမှု က လည်း မပြတ် ။ ည က သေနတ်သံများ လည်း ကြား ရလေ သဖြင့် မျောက်ဆိပ်ပင်ရွာ က အဖြစ်အပျက် ကို နံနက် စောစော က ပင် ကြားသိပြီးကြ လေပြီ ။

စင်စစ် မရည်သန့် အဖို့ သော်တာစိန် သည် မိမိ အား သစ္စာ ဖေါက် ပြီး မြင့်မြင့် နှင့် လက်ထပ်လိုက်ပြီ ဖြစ်ရကား ဒင်းတို့ ဘာ ဖြစ်ဖြစ် မိမိ ဘာ ပူစရာ ရှိတော့ သနည်း ။

သို့သော် .... ငယ်ရွယ်သူ မိန်ကလေး တစ်ယောက် ၏ စိတ် ကို ထပ်မံ လှုံ့ဆော် ၍ မျှော်လင့်ချက် ပေးထား လိုက် ပြန်သည် ကား ...

ဗေဒင်ဆရာ တစ်ယောက် -

သော်တာစိန် နှင့် မြင့်မြင့် တို့ လက်ထပ် ပြီးကြောင်း သတင်းစာများ ထဲ ပါပြီး တစ်နေ့ သ၌ -

“ ဗေဒင်ဆရာ လက္ခဏာ ဆရာ ၊ ဗေဒင်လက္ခဏာ ဆရာ ၊ မမှန်ရင် တစ်ပြား မှ မပေး နဲ့ အနာဂါတ် ကြို ဟောရမယ် ဆိုရင် အကြွေး တောင် ဟောလိုက်ချင်သေး ရဲ့ ၊ အခု စရံ တစ်ဝက်ဘဲ ပေး ၊ ဗေဒင်ဆရာ လက္ခဏာဆရာ ... ”  

ဟု သွက်သွက်ခါအောင် ရွာ ထဲ ရှောက် အော် လာတာ တွေ့ ရလေတော့ .. ဒီ အချိန်မှာ မရည်သန့် ဟာ ရည်းစားပူ မိ နေတဲ့ မိန်းကလေး မဟုတ်လား ၊ အိမ် မှာ လူကြီး များ လဲ လစ်လေ သဖြင့် ခေါ်၍ မေးမိ လေသည် ။

“ ကဲ ... ကလေးမ တစ်ကျပ် တော့ လာဘ် တင်ကွယ် ... ” 

ဗေဒင်ဆရာ တို့ ထုံးစံ ပထမဦးဆုံး နှံ လိုက်သည် ။ မရည်သန့် အိတ် ထဲ က ငွေ တစ်ကျပ် ထွက်သွား တော့ မှ လက်ဝါးကလေး ဖြန့် ပေးသည် ကို ကြည့်၏ ။ ဟိုစောင်း သည်ငဲ့ လုပ်၍

“ သူငယ်မ နာမည် ပြောစမ်းကွဲ့ ” 

ပြောလိုက်ရသည် ။

“ သူငယ်မ မှာ ချစ်သူ ရှိနေတယ် ” 

မရည်သန့် က ရှက်သွေးဖြာ သွားသည် ကို ....

“ ဆရာ့ ကို မရှက်ပါ နဲ့ - သူငယ်မ ဟုတ် - ဟုတ်တယ် ပြောပါ ” 

“ ဟုတ်ပါတယ် ”

လက်ဝါးလေး ကို ဟိုလှည့် ဒီလှည့် ကြည့် ပြန်ပြီး နောက် -

“ သူငယ်မ ချစ်သူ ဟာ အနုံညာတ လူ မဟုတ်ဘူးကွဲ့ မှန်လား ပြောပါ ကလေးမ ”

“ နိုင်ငံကျော် စာရေးဆရာကြီး ဘဲ ”

မရည်သန့် ခေါင်းညိမ့် လိုက်ရ၏ ။

“ အနုပညာသည် ဟေ့ ”  

ဆက်လက် ဟောပြန်၏ ။

မရည်သန့် ခေါင်း ညိမ့် ရ ပြန်၏ ။

“ အင်း ... အင်း ... သို့သော် - သို့သော်  ”  

ဆရာ က ခေတ္တ ဆိုင်း သွား၍ မရည်သန့် မှာ လည်း အပူ နှင့် ဆိုတော့ ရင်ဒိတ်ဒိတ် ခုန် သွား၏ ။ ဆရာ ဘာ မြင်၍ ဘယ်လိုများ ဟောလိမ့် မည်နည်း ။

“ ကလေးမ ဒီ ချစ်သူ အတွက် အခု သောက ရောက် နေရတယ် ” 

မရည်သန့် မှာ ရုတ်တရက် မျက်ရည် ပျို့ ၍ ငိုသံ ပါလာပြီး

“ ဟုတ်တယ် ဆရာ ... သူ သစ္စာဖေါက် သွားပြီ ” 

သို့သော် ဆရာ သည် ဦးခေါင်း ကို လေးလေးကြီး ရမ်း ၍ -

“ မိန်းကလေး လက္ခဏာ မှာ တော့ ဒီ လူ နဲ့ ညားရကိန်း ရှိတယ် ကွဲ့  ”

မရည်သန့် သွက်လက် သွား ကာ ...

“ ဟုတ်လား ... ဆရာ ” 

ဆိုပြီးမှ စကား ပြန် နှေးသွားကာ -

“ ဒါပေမယ့် - ဒါပေမယ့် သူ ... ဒိပြင် မိန်းမ တစ်ယောက် နဲ့ လက်ထပ် လိုက်ပြီ ဆရာ ”

“ ဒါကိုတော့ ဆရာ မသိဘူးကွယ် ... မိန်းခလေး လက္ခဏာ ထဲ မှာ တွေ့တာ က တော့ ဒီ လူ နဲ့ ဧကန်မုချ ညား ရမယ် ”  

မရည်သန့် မျက်နှာ ဝင်းပြောင် ကာ -

“ အဟုတ်လား ... ဆရာရယ် ”

“ ဆရာ ရဲ့ နာမည် နဲ့ နေရပ် ပြောခဲ့ပါ့မယ် ... မမှန်ရင် ဆရာ့ လျှာ လာ ဖြတ်လှည့်ပါ ” 

မရည်သန့် သည် တွေတွေလေး စဉ်းစား နေရာမှ -

“ ဟင် ... ဟင် ဒီလိုဆို သူ ... မုတ်ဆိုးဖို ဘဝ နဲ့ လား - တစ်ခုလတ် အဖြစ်နဲ့ လား ”

“ ဒါကတော့ - ဆရာ မပြောတတ်ဘူး ကွယ် ဆရာ က မသိ , မသိ ဘူး ပြောတယ် ၊ သိ - သိ တယ် ဟောတယ် ၊ ဆရာ ဝါ မပြောဘူး ။ ဘယ် ဗေဒင် လက္ခဏာဆရာ ဖြစ်ဖြစ် ၊ တစ်စုံ တစ်ယောက် ရဲ့ ဘဝ ကို ဘယ် ... အပ်ချ မတ်ချ တော့ လုံးဝဥသုံ ဟောနိုင် မှာလဲ ကွယ် ၊ ဟောရင် ဖြီး တာဘဲ ၊ အဲဒီ ဖြီး တာ က သူ မှန်ချင် မှန်မယ် မှားချင် မှားမယ် ၊ ဥပမာ ခု မိန်းကလေး က ဆရာ့ ကို မေးတယ် မိန်းခလေး ခင်ပွန်းလောင်း ဟာ တစ်ခုလတ် လား မုတ်ဆိုးဖို လား တဲ့ ဆရာ က တစ်ခု ခု ဟော ခဲ့ရင် ဒီ နှစ်မျိုး တစ်မျိုးမျိုး ရှိတဲ့ ဟာ ဆရာ့ ဘက် က တစ်ဝက် တော့ သေချာနေပြီ ပေါ့ ကွဲ့  ၊ ဒါပေမယ့် လို့ ဆရာ က အတပ် မသိရင် မဟောဘူး ... မိန်းခလေး လက္ခဏာ ကြည့်ရုံ နဲ့ ဒီ လူ တစ်ခုလတ် ဖြစ်မလား မုတ်ဆိုးဖို ဖြစ်မလား ဆိုတာ ဆရာ မသိဘူးကွယ် ၊ အဲ - သူ့ မွေးနေ့ မွေးလ နဲ့ ခုနှစ် သက္ကရာဇ် များ မိန်းကလေး - သိလား ” 

“ မသိဘူး ဆရာရယ် ”

“ ဒီလိုဆိုတော့ - ဆရာ သူ့ ကို ဘာဖြစ်မလဲ ဘယ် ဟောနိုင်တော့ မှာလဲ ကွယ် ”

ဤ ဆရာ ဟောပုံ သည် ပြတ်သားလှ သဖြင့် မရည်သန့် စိတ် ထဲ တွင် - မှန်တန်ရာ၏ ဟု ယုံကြည်မိသည် ။ ဒါနှင့် ထပ်၍ မေး လိုက် သေးသည် ။

“ သူ နဲ့ - ကျွန်မ ညား မှာကတော့ သေချာတယ် နော် ” 

“ အို ... ဆရာ့ လျှာ ပါ မက လည်ပင်း ပါ ဖြတ် ခလေး ” 

မရည်သန့် မှာ တစ်စုံတစ်ခု တွေး မိ၍ ရှက်သွေးကလေး ဖြာ နေရာ မှ စိတ် ထဲ မသိုးမသန့် ဖြစ် နေတာလေး ကို မေးလိုက် မိ ပြန် သည် ။

“ ဆရာ ရယ် .. အခု အတိုင်း ဖြင့် သူ နဲ့ ကျွန်မ ညား ဖို့ က သူ က တစ်ခုလတ် သော် လည်းကောင်း ၊ မုတ်ဆိုးဖို သော် လည်းကောင်း ဖြစ်ရတော့မယ် .. ဒီတော့ သူ့ ကို ကျွန်မ ဟိုတုန်း က လို လှိုက်လှိုက် လှဲလှဲ ချစ်နိုင်ပါအုန်းမလား ဟင်း ” 

ဆရာ သည် ရီမော ကာ -

“ ဟဲ့ ... ဒါက ကလေးမ ကိုယ်ရေးကိုယ်တာ ကိစ္စ ၊ ကလေးမ နဲ့ ပေါင်းရ မှာ – ကလေးမ ရဲ့ စိတ် ပေါ် မှာ တည်တယ် မို့လား .. ဆရာ ဘယ့်နှယ် ပြောနိုင်ပါ့မလဲ ကွယ် ... အော် ... သနားစရာ ဒါပေမယ့် - ဆရာ တစ်ခု ပြောမယ် ၊ တစ်ခုလတ် မိန်းမ တစ်ယောက် - သူ နောက် အိမ်ထောင် ပြုတဲ့ အခါ မှာ သူ့ ကို - တစ်ခုလတ် လို့ ခေါ် သေးလား ” 

“ မခေါ်ဘူး ဆရာ ”

“ မုတ်ဆိုးဖို တစ်ယောက် နောက် အိမ်ထောင် ပြု ရင်ကော - မုတ်ဆိုးဖို လို့ ခေါ်သေးလား ” 

“ မခေါ်တော့ဘူး ဆရာ ”

“ အေး .. အဲဒီလို ဘဲ .. လင်ရယ် မယားရယ် လို့ ဖြစ်လာတဲ့ အခါမှာ အတိတ် က ဘာတွေဘဲ ဖြစ်ခဲ့ - ဖြစ်ခဲ့ -အိမ်ထောင် လက်ရှိ မုတ်ဆိုးဖို ရယ်- တစ်ခုလတ် ရယ် .. ဆိုတဲ့ ပြဿနာ မရှိတော့ ဘူး ကွဲ့ သဘောပေါက်လား ” 

မရည်သန့် မှာ အတော် စိတ် သက်သာရာ ရ သွားလျက် ၊

“ ပေါက်ပါပြီ ဆရာ“

ဆရာ သည် မရည်သန့် အား ဂရုဏာ သက် သော မျက်နှာ ပုံမျိုး နှင့် ကြည့် ၍ ၊

“ အော် ... ငယ်ငယ်ကလေး ရှိသေးတာ - လူ့ အရေး ဘာမှ နားမလည်သေးပါလား- သနားစရာ ၊ ကဲ - ကဲ -မင်း မမေးဝံ့ တာတွေ – မေး မဖြစ်တာတွေပါ သိရအောင် ... ဆရာ - အသေးစိပ် ဟောစတမ်း ရေး ပေးခဲ့မယ်ကွဲ့  ၊ နောက်ထပ် ဉာဏ် ပူဇော်ခ ၁၀ ကျပ် လာဘ် တင် ” 

ကဲ ... တစ်ဆယ်ဖိုး သနားလေ သဖြင့် ၊ မရည်သန့်လေး အိတ် ထဲ မှ ငွေ ၁ဝိ ထွက်သွား လေပြီ ။ ဤ မိန်းကလေး မျိုး - ဤကိစ္စ မျိုး တွင် ၁ဝဝိ တောင်း ၍ ၁ဝဝိ ရှိလျှင် ပေးမည် မုချ ။

ဆရာ သည် သူ့ ငွေ ၁ဝိ တန် ဟောစတမ်း ၌  ၊ ဘာတွေ ရေး မည်နည်း ။ မိန်းကလေး တစ်ယောက် ၏ အတွင်းရေး - အချစ်ရေး ကိစ္စမို့ - ကျွန်ပ်တို့ သိရန် မလိုတော့ပြီ ။ ဤ ဆရာ ဟောကိန်း ၌ မရည်သန့် သည် သော်တာစိန် နှင့် မုချ ပေါင်း ရမည် ။ မုတ်ဆိုးဖို လား - တစ်ခုလတ် လား တော့ - မသိ တဲ့ ။ မျောက်ဆိပ်ပင်ရွာ က ကိုထွန်းအောင် တို့ ဘကြီး ဦးဘိုးရွက် - ဟောချက် ကား - သူ့ တူ နှင့် တူမ သာ - အသက် ချမ်းသာ ရာ ရ၍  ၊ သော်တာစိန် သေမည် တဲ့ ။

ကဲ - ဤ ဆရာ နှစ်ယောက် မည်သူ မှန် မည်နည်း ။

ကျွန်ုပ်တို့ ဒါ ကို စောင့် ကြည့် ကြဘို့ဘဲ ရှိတော့၏ ။

ကျွန်ုပ်တို့ မြန်မာလူမျိုး မှာ တစ်ခုခု ကိစ္စ ဖြစ် လာလျှင် ဗေဒင် က ပါရ စမြဲ ။

◾သော်တာဆွေ

📖 ရွှေပြည်တော်သည်

#ကိုအောင်နိုင်ဦး

.

မန်ကျည်းရွက် သုတ်သော နေ့


 ❝ မန်ကျည်းရွက် သုတ်သော နေ့ ❞


ဥသြတွန်သံ ချိုချိုမြ ကြောင့် နွေ သည် ပူသည် မထင်ရ ။ 


မန်ကျည်းပင်ရိပ် တွင် ပုံ ထားသော လက်ကျန် ကောက်လှိုင်းများမူ မည်သို့ နေမည် မသိ ။ ကိုင်၍ မရ အောင် ကြွပ် နေပြီလား ၊ ကျွမ်း နေပြီလား ရီးဆေးရိုး မမှန်းဆ တတ် ။ လူ မူ နေစရာ မရှိ ။ မန်ကျည်းပင် အောက် လည်း ပူသည် ။ အိမ် အောက် လည်း ပူသည် ။ ကုက္ကိုပင် အောက် လည်း သက်သာရာ မရ ၊ နေ့လယ် လောက် တွင် နေ ပူ လျှင် နေဝင်ချိန် ၌ သက်သာတန် ကောင်း၏ မျှော်လင့်သော်ငြား အပူ မလျော့ ။ ညဉ့် ဦး တွင် အအေးဓာတ် မဝင်သော် ငြား လင်းကြက် တွန်ချိန် ကလေး တစ်ချက် မူ သက်သာတန်ရာ ၏ မျှော်ကိုး ၏ ။ ဖြစ် မလာ ။ တစ်ဆက်တည်း တစ်စပ်တည်း ပူ နေ သည် ။ သည်မျှ အပူ ကဲ နေစဉ်တွင် ဥသြတွန်သံ ချိုချို မြ သည် လေးထပ်ကျောင်း ထန်းတော ဘက် မှ ပျံပဲ လာ ၏ ။ အပူ သည် ချက်ချင်း လျှောညှို့ သွားလေသည် ။ 


ရီးဆေးရိုး သည် နွားစာ စဉ်း ရန် နန်းတိုင်ဘေး ရောက် နေပြီး ဓား ကို တစ်ဖက် ၊ ကောက်ရိုး ကို တစ်ဖက် ဆုပ်ကိုင် ထား မိပြီ ၊ သို့သော် မစဉ်းဖြစ်သေး ။ ဥဩ တွန်သံ တွင် မိန့်မူး နေ မိသည် ။ ဆွတ်ပျံ့ သာမောသော

ဥသြ တွန်သံ ကြောင့် နွေ သည် ပင် အပူ ယုတ်လျော့ သွားပြီ ထင် နေဆဲ ။ စီခနဲ စီခနဲ အိမ်ပတ်ဝန်းကျင် မှ အသံများ ထွက်လာ၏ ။ ရင်ကွဲကောင် ( ပုစဉ်းရင်ကွဲ ) တို့ ၏ အသံများ ဖြစ်သည် ။ ရီးဆေးရိုး မျက်နှာ ရှုံ့မဲ့ မိ သည် ။ ပူအိုက်ခြင်း သည် ဆတက် ထမ်းပိုး တိုး လာ ရုံ သာ မက စိတ်ပါ ညစ်ညူးရလေတော့၏ ။ 


“ ဒီကောင်တွေ သေတော့မှာပဲ ”


ပူလောင်ခြင်း ကို တိုးမြှင့် ပေး သော ထို သတ္တဝါ သည် ကြီးကြီးမားမား မဟုတ် ။ ယင်မမည်းရိုင်း အရွယ် ၊ မှက် အရွယ် မျှ သာ ရှိသည် ။ အကောင် သေး သလောက် အသံ ကျယ်သည် ။ စူးသည် ။ လိုက်လံ ရှာဖွေရန် မလွယ် ။ လူ လာ လျှင် အသံ တိတ်သွား၏ ။ နေ တော့ လည်း နေရာ အနှံ့  ၊ ကင်ပွန်းခါးပင် အပွေး ကြား တွင် ရှိမည် ။ မန်ကျည်းခေါက် နှင့် တစ်ရောင်တည်း တစ်သွေးတည်း ကပ်နေမည် ။ ချောင်းကမ်းပါး က သင်္ဘော မန်ကျည်းပင် တွင် လည်း ရှိကြလိမ့်မည် ။ သို့ကြောင့် သူတို့ ကို လိုက်လံ ရှာဖွေ ကာ ဖယ်ရှား ပစ် လိုသည့် အကြံ ကို ရီးဆေးရိုး လက်လျှော့ လိုက် ရသည် ။ ကောက်ရိုးဆုပ် ကို နန်းတိုင် ခွကြား သို့ အစွန်းထွက် ရုံမျှ ထိုး သွင်းကာ စတင် စဉ်းသည် ။ သုံးချက် သာ ခုတ်ရ သေးသည် ။ ချွေးပြိုက်ပြိုက် ကျလေပြီ ။ နဖူး ၊ ပခုံး ၊ ရင်ဘတ် ၊ လက်မောင်း တို့ မှ တစ်ပြိုင်တည်း ယိုစိမ့် လာသော ချွေး ။


ရီးဆေးရိုး နား လိုက်ရ၏ ။ သည်မျှ ပူလောင်သော အခါ မိုး ကို မျှော် ကြည့် ကြသည်မှာ ဓမ္မတာ ပင် ။ ရီးဆေးရိုး လည်း ချောင်းပြင် ဖွေးဖွေး ပေါ် အုပ်ဆိုင်း ဖိ ထား သော မိုးပြာပြာ ကို မျှော် ကြည့် မိသည် ။ တိမ်ဖြူ ကလေး ကြက်မ တစ်ဝပ်စာ သော် မျှ မရှိ ။ ရမ်းဘိုကုန်း ရွာ ဆီ သို့ လေ ဖြစ်စေ ၊ မိုး ဖြစ်စေ စုဆောင်း ပေးပို့ လေ့ ရှိသော စနေထောင့် သို့ လှမ်း ကြည့်ပြန်၏ ။ ကြည်လင်ဘိသည့် စနေ ထောင့် ။ တိမ်လိပ် ဆင် လာမည့် အရိပ်အယောင် သော်မျှ မမြင် ။ ကြည့်ရင်း ကြည့်ရင်း ရီးဆေးရိုး စိတ် ထဲ တွင် ပို၍ ပူအိုက် လာသည် ထင်၏ ။ ယင်းသို့ ငေး ကြည့်နေစဉ် တွင် တိမ်မည်းမည်း တစ်စ သည် သူ့ မြင်ကွင်း ထဲ သို့ ဝင် လာသည် ။ 


“ အင်း မဆိုးဘူးဟ ” 


တိမ် သည် တိမ် အဖြစ်ပင် နေဦး ၊ မိုးရည်မိုးစက် တစ်ပေါက် တစ်စက် မျှ ရွာ မချချင် နေပါစေ ။ တိမ် တောင်တိမ်လိပ် တိမ်စိုင်တိမ်ခဲများ အဖြစ် ဖြင့် ပျံ့လွင့် နေ လျှင်ပင် တော်လှပါပြီ ။ အပူ သက်သာရာ သက်သာ ကြောင်း ကို သည် တိမ်တွေ က ကူညီသည် မဟုတ်လား ။ 


“ ဟေး ဆေးရိုး ”


ရီးဆေးရိုး ဝိုင်းဝ သို့ ငဲ့စောင်း ကြည့်၏ ။ ဦးဘသောင်း ဖြစ်၏ ။ ရီးဆေးရိုး နှင့် ကျောင်း နေဖက် အသက် ၆ဝ ကျော် သည် အထိ အရက် တမြမြ ရှိ နေဆဲ ဦးဘသောင်း ။


ရီးဆေးရိုး သည် ကျောင်းနေဖက် ပေမင့် ၊ ငယ်သူငယ်ချင်း ပေမင့် ဦးဘသောင်း ရောက် လာသည် ကို မနှစ်မြို့လှ ။ အရက်သမား ပီပီ ပေါက်ပန်းဈေး ပြော သည် ။ ထမင်း စား ချိန်မှန်း ဘာမှန်း မသိ ။ လေ ရှည် နေ လေ့ ရှိသည် ။ ဧည့်သည် ကို တန်းလန်း ထားပြီး ရီးဆေးရိုး စိတ် မရဲ ။ အားနာသည် ။ ထမင်း စား နေခိုက် တွင် ဧည့်သည် စောင်သည် ရောက် လာလျှင်ပင် ‘ ထမင်း စားပါဦး ’ ခေါ် ရသော ယဉ်ကျေးမှု အစဉ်အလာ ရှိ ရာ ရီးဆေးရိုး သည် ဦးဘသောင်း အား ထိုသို့ လည်း မခေါ် ဝံ့ ။ မတော်တဆ တကယ် ဝင် စား လျှင် မည်သို့ လုပ် မည်နည်း ။ သည့်အပြင် ရီးဆေးရိုး အကြောက်ဆုံး မှာ အရက်ဖိုး ပိုက်ဆံ ချေးငှားမည့် ၊ တောင်းရမ်းမည့် ကိစ္စ ပင် ဖြစ်သည် ။ ထို့ကြောင့် ဦးဘသောင်း အား ရီးဆေး ရိုး မနှစ်မြို့ ။ စိတ် ထဲ မှ သဘော မကျသော်ငြား “ ဟေး ဘသောင်း ပါလား ၊ ဘယ်က လှည့်လာလဲ ” ဟု ဖော်ရွှေ သံ ဖြင့် တုံ့ပြန်၏ ။


“ ဟိုဘက်ပိုင်း က ပြန် လာတာပါကွာ ။ မင့် မြင်တာနဲ့ ”


“ မတွေ့တာ ကြာလို့ မင့် ကို သေပြီ ထင် နေတာ ။ အခုတော့ မသေသေးဘဲ ကိုး ။ ခုနစ်ရက် သားသမီး စိတ်ညစ်လှပြီ ၊ မသေသေးဘူးလား ” 


ခပ်မှန်မှန် နေ လိုက်မည် တင်းထား ငြား ရီးဆေးရိုး သူ့ ပါးစပ် သူ မထိန်းနိုင် ။ ငယ်သူငယ်ချင်း ကို တွေ့ရ သောအခါ ငယ်ကျင့် က သိက္ခာ ဣန္ဒြေ ဝတ်ရုံ ကို ဆုတ် ဖြဲကာ ထွက် လာ၏ ။


ဦးဘသောင်း တဟဲဟဲ ရယ်လိုက်ကာ “ သေမင်း က သူ သောက်တဲ့ အရက်တွေ လု သောက်မှာ စိုးလို့ မခေါ်ချင်ဘူး တဲ့ ကွ ” ပြန် ပြောလိုက်ရာက “ ဟ ခုထက် ထိ ကောက်လှိုင်းတွေ ဘာ လုပ်ထားတာလဲ ဟ ” မေး သည် ။


“ ပျင်းနေတာပေါ့ကွ ”


“ ဖြုန်းခနဲ မိုးရွာ လို့ ဟုတ်ပေ့ ဖြစ်နေမယ်နော် ” 


“ အေးကွာ ဟုတ်ပါရဲ့  ၊ ဒါလေး လက်စသတ်ဦးမှပါ ”


သုံးလေးချက် ခုတ်ထား လက်စ ကောက်ရိုးဆုပ် နှင့် ဓား ကို နန်းတိုင် တွင် သည် အတိုင်း ချ ထား လိုက်ကာ ရီးဆေးရိုး ထ ၍ ပုဆိုး ပြင် ဝတ်သည် ။ ဦးဘသောင်း လည်း ရီးဆေးရိုး ရွေ့လျားရာ သို့ လိုက်ပါ လာ၏ ။ 


ဆွမ်းခံ ပင် မဝင်သေး ။ ရီးဆေးရိုး လည်း မည်မည် ရရ ဘာမျှ မလုပ်ရသေး ။ သို့ရာတွင် မွဲညိုရှုံ့တွဲ နေ သော ကျောပြင်ကြီး ၌ ချွေးစက်ချွေးပေါက်များ ရွှဲနေပြီ ။ ရှုံ့တွ ပိန်ခွက် နေ သော ရင်ဘတ် တွင် လည်း ချွေးစို့ ကလေးတွေ သံမှို နှက် နေသည့် အလား စီ နေ ချေပြီ ။


ရီးဆေးရိုး တို့ အိမ်ဝိုင်း မှာ တလင်း လုပ်လောက် အောင် မကျယ်ဝန်းပေ ။ ယင်းသို့ မကျယ်ဝန်းပါပဲ လျက် ယခု အိမ်ဝိုင်း ထဲ တွင် တလင်း လုပ် ထား၏ ။ ရီးဆေးရိုး တို့ အိမ်ဝိုင်း သည် ရှေးရိုးစဉ်လာ စပါးနယ် သော နည်း ကို အသုံး ပြုသော တလင်း ပြုလုပ်ရန် အတွက် မူ လုံလောက်ခြင်း ၊ ကျယ်ဝန်းခြင်း မရှိပေ ။ ယနေ့ နည်း အရမူ တလင်း လုပ်၍ ဖြစ်၏ ။ ကောက် လှိုင်း ပုံစရာ နေရာ သာ ရှိ ၊ တလင်း လုပ် လောက်သည် ။ ရှေးနည်း က နွား ဖြင့် နယ်ရသည် ။ ကောက်ပြန့် ပြန့် သော နေရာ အကျယ်အဝန်း ပင် ' တစ်စိတ်စိုက် ’ လောက် နေရာ ကုန်သည် ။ ပြီးတော့ ခေတ် ကလည်း ရှိ သေး၏ ။ စပါး ပြီးလျှင် ဘာမျှ မလုပ် ဟု ဆိုလောက်သော ခေတ် ဖြစ်ရာ ၊ စပါး နယ်ရာ တွင် နွား ပင်ပန်းမည် မစိုးရိမ်ရ ၊ ဖြည်းဖြည်းအေးအေး နယ်မည် ။


ဟော စပါး အပြီး တွင် ချည်မျှင်ရှည် ဝါ က ကျော နား မှာ ကပ်ပြီး ပါ လာသော အခါ နွား အတွက် သက် သာရာ သက်သာကြောင်း လမ်း ရှာသည် ။ နည်း ရှာ သည် ။ နည်း တွေ့သည် ။ မခက် ။ ရိုးရိုးကလေး ။ ရှင်း ရှင်းကလေး ။ လှည်းဘီး ကို ပက်လက် လှန် ထားကာ ငြိမ်အောင် သစ်တုံး ခု ထားပြီး စပါးစေ့ ရိုက် ခြွေသော နည်းဖြစ်သည် ။


သည် နည်း မှာ ပဝေသဏီ ကတည်း က ရှိ သော နည်း ။ ပေါ်ဦးပေါ်ဖျား ကောက်သစ် ကို အမွန်အမြတ် လှူဒါန်းရန် အတွက် လယ် ထဲ တွင် ‘ တံစဉ်ကိုင် နတ်ပြည်မွှေး ’ စသည့် ‘ ဝက်သဆီ ’  စသည့် ၊ ‘ ငချိပ် ’ စသည့် ကောက်ညှင်းများ လယ်ကွက်သေးသေး တွင် စိုက်ခဲ့ကြ သည် ။ အခြား စပါးများ ဖုံးချိန်လုံးချိန် တွင် ကောက်ညှင်းစပါး က ရင့်မှည့်ပြီ ။ ကောက်လှိုင်း သယ်ရန် လှည်းလမ်း က မပေါက်သေး ။ အကြောင်း မဟုတ် ၊ သည်အချိန် တွင် အချို့ လယ်သမားများ ကောက်ရိုး ကုန်ပြီ ။ သူတို့ သည် ကောက်ညှင်း ပေါ် သော လယ်သမား ထံ တစ်ရိတ် တစ်ထမ်း လာရောက် တောင်းရမ်းကြ ကာ ရိတ်နိုင် သလောက် ရိတ်ပြီး ကောက်ညှင်းရှင် လယ်သမား အိမ် သို့ သယ် လာ ကြသည် ။ ကောက်ညှင်းရှင် သည် ရိုင်ပတ် ပတ် ကာ လှည်း မှ ဘီး ကို ချွတ်ပေး လိုက်ရုံသာ ရှိ၏ ။ သူ တစ်ချက် ငါ တစ်ချက် ရိုက်ခါပြီး အစိုဓာတ် အချိုဓာတ် မကုန့် တကုန် ကောက်ညှင်း ကောက်ရိုး ကို ရွက်ကာ ပိုးကာ ပြန် သွား ကြ လေ၏ ။ အခြေအနေ က တောင်းဆို လာ သော အခါ ယနေ့ ပြန် ပေါ် လာရသည် ။ ဝါထွန်ရေး အတွက် နွား အားမွေးချိန် ရစေရန် ရီးဆေးရိုး တို့ ကြံဆ ရာ မှ ထွက်ပေါ် လာသော ငယ်မူပြန် တစ်သစ် ဆန်း ။


မန်ကျည်းပင် ရင်း တွင် ကောက်လှိုင်း များများ မရှိတော့ပါ ။ သို့သော် မိုးရိပ်လေရိပ် ကြောင့် ရီးဆေးရိုး မပျင်းသာ ။ ပုတ် ရပြီ ။ သူ့ ခါးခန့် အမြင့် ခန့်တွင် တန်း ပစ် ထားသော ပျဉ်ပြား ပေါ် သို့ လှိုင်းဝက် တစ်ကိုင် ကို လွှဲကာ လွှဲကာ ပုတ်ခြွေ လိုက်သည် ။ စပါးစေ့များ သည် ဖျောခနဲ ဖျောခနဲ ရိုင်ပတ် ကို ပြေး မှန်ကြ၏ ။ အချို့

စပါးစေ့များ မူ ရီးဆေးရိုး ၏ ပလွေရိုး ခြေသလုံး ကို စပ်ဖျဉ်း နာကျင်အောင် ထိမှန်ကြ၏ ။ တစ်လှိုင်း ၏ တစ်ဝက် ‘ တစ်ကိုင် ’  ကို သုံးကြိမ် မျှ နေရာ ပြောင်းပြီး ပုတ် လိုက်လျှင် စပါးစေ့များ စဉ် သွား တော့သည် ။ 


“ ကဲ မင်း လည်း စပါး ပုတ်ကွာ ။ ငါ လည်း မန် ကျည်းရွက် တက် ခူး လိုက်ဦးမယ် ”


ဦးဘသောင်း သည် တစ်အောင့် မျှ ရပ် နေ ပြီးနောက် မန်ကျည်းပင် ကို မော့ ကြည့်လိုက်သည် ။


“ ဟေ့ကောင် ဟေ့ကောင် ၊ ဟုတ်မှ လည်း လုပ်ပါ ကွာ ။ မတော်တဆ ခြေချော် လက်ချော် နဲ့ လိမ့်ကျ မှ ဖြင့် သေတော် ခေါ်နေပါ့မယ် ကွာ ”


“ မင်းပါးစပ် ရေဆေး ပစ်လိုက်စမ်း ။ ခွေးပါးစပ် ဝက်ပါးစပ် ၊ ပါးစပ်ပုပ် ပါးစပ်ယုတ် ”


“ အိမ်ဝိုင်း ထဲ တစ္ဆေ ခြောက် မှာ စိုးလို့ ပြော နေတာ ”


ဦးဘသောင်း ပြန် မပြောပြီ ။ တက်စရာ နေရာကို လှည့်ပတ် ရှာရင်း ပုဆိုးတိုတို ဝတ်သည် ။ ခါးပိုက်ထောင့် အကြီးကြီး လုပ်သည် ။ သည် ခါးပိုက်ထောင့် ကြီး ကြည့် ကာ ရီးဆေးရိုး ရယ်မော၏ ။ ရယ် လည်း ရယ်စရာ ပါ ပေ ။ ပုဆိုးစ သည် ပေါင်လယ် သို့ ရောက် နေကာ ခါးပိုက်ထောင့် မူ ဒူးခေါင်း ထိ အောင် တွဲကျနေ

၏ ။


“ မန်းကျည်းရွက် ဖြင့် ဘယ် မှာ နေမှန်း မသိသေး ဘူး ။ ခါးပိုက်ထောင့် လုပ် တာက အရင် ကိုး ကွ ။ သစ်ပင် ပေါ် ရောက် မှ လုပ်တော့ ဘာဖြစ်လဲ ” 


“ အသာ နေစမ်းပါကွာ ”


ဦးဘသောင်း သည် လက်ယမ်း ပြရင်း ပင်စည် ကို ဖက်ကာ ခြေကန် ၍ စတင် တက်သည် ။ သို့သော် ထို အပင် သည် သည် အိမ်ဝိုင်း တွင်း ရှိ မန်ကျည်း သုံးပင် အနက် မှ အလယ် ပင် ဖြစ်နေ၏ ။ သို့ကြောင့် ရီးဆေးရိုး မှာ ကပျာကယာ သတိ ပေး ရပြန်၏ ။ 


“ ဟကောင် အဲဒါ အချိုပင်ကြီး ကွ ”


“ စောစောက ပြောပါတော့လား ကွ ”


ခွကြား ကို လက် လှမ်း ကိုင် မိ မှ ပြော သဖြင့် ဦးဘသောင်း ခုန်ချ ရ ကာ စိတ်ဆိုးမာန်ဆိုး ဖြင့် ဆဲသည် ။ 


“ အကောင်း လည်း ပြောရသေး ။ မပြောဘဲ နေ လိုက်ရ ကောင်းသား ”


သို့စဉ်တွင် ဦးဘသောင်း တောင်ဘက်ဖျား အပင် ရင်း သို့ ရွှေ့သွား၏  ၊


“ အဲဒီအပင် က “ ပနီ ” ကွနော် ၊ မပြော မရှိနဲ့ ” 


သို့ပါလျက် နှင့် ရီးဆေးရိုး အဆဲ ခံရ မလွတ် ။ 


“ ခုနက ဘာပြုလို့ တစ်လက်စတည်း မပြောလဲ ” 


ရီးဆေးရိုး ရယ်မောရ တော့သည် ။ မန်ကျည်းပနီ မှာ အခြား မန်ကျည်းမျိုး ထက် အခေါက် ပို နီသည် ။ အရွက် ပို နီ သည် ။ အရွက်ရော အသီးပါ အဖန်ဓာတ် ပါသည့် အတွက် နားလည်သူ များ ရှောင် ကွင်းသည် ။ ကိုင်းခြောက်များ ၊ သီးပုပ်များ တဖွဲဖွဲ ကျ လာစဉ်တွင် ရီးဆေးရိုး ဆက်လက်ပြီး စပါး ပုတ်သည် ။ ပုတ်ပြီးသား ကောက်လှိုင်းများ ကို အလှိုင်း ဖြစ်အောင် ပြန်လည် စည်းနှောင်သည် ။


“ ဆွမ်းတော် ခင်ဗျာ့ ”


ဘာလိုလို နှင့် ဆွမ်းခံ တောင် လာပါပေါ့လား ဟူ သော အသိ နှင့် အတူ လင်း ကတည်း က ဘာမျှ ဟုတ် ဟုတ် ဟတ်ဟတ် မလုပ်ရသေးပါကလား ဟု သတိ ရ လာ၏ ။ သို့သော် ဆွမ်းရပ်သံ ကို ရီးကျီးဒန် ကြား မှ ကြားပါလေစ ဟု အိမ် ပေါ် သို့ မျှော် ကြည့်၏ ။ ပန်းကန် ဆေးသံ ဟု ထင် ရသော ရေသံ ကြား ရသည် ။ ဆွမ်းခူး အပြီး တွင် ယောက်မ ကို ရေအင်တုံ ပေါ် ပစ်ချသံ ထင် ရသော ယောက်မ ကျ သံ လည်း ကြားရငြား နင်း လျှောက် လာသံ ချိုးချိုးချွတ်ချွတ် မျှ မကြား ။


“ ကျီးဒန် ဆွမ်း ရပ်နေတယ် ဟ ”


အိမ် ပေါ် သို့ လှမ်း ပြော နေရာမှ တစ်ဆက် တည်း အိမ်ဝိုင်းဝ သို့ မျက်နှာ လှည့်ကာ “ ရပ်တော်မူပါဦး ဘုရား ” အော် လိုက်သည် ။ အော်ပြီး ကာ မှ ပင် ဆွမ်းရပ် ဆွမ်းအော်သူများ ထဲ တွင် ရီးဆေးရိုး ရိုသေရမည့် ရဟန်းသာမဏေ မပါသည် ကို မြင် ရ၏ ။ ရှေ့ဆုံး က အဖုံး ပါသော သပိတ် ကို ပိုက် ထားသည့် ကျောင်းသား နှင့် အဖုံး မပါသော သပိတ် ကို တံတောင်ဆစ် ကွေး ပြီး ထမ်း ထားသော နောက်လိုက် ကျောင်းသား သုံးယောက် ဖြစ်သည် ။


“ ကျီးဒန် ကြားလား ဟ ” 


ထပ်မံ အော်ငေါက်တော့ မှ “ ကြားပါတယ်တော် ၊ အရေးထဲမှာ ပန်းကန် မှောက်ကျ နေလို့ပါ ” အောင့် အောင့် အည်းအည်း ပြောသံ ကြားရ၏ ။ ရီးကျီးဒန် ထွက် လာလျှင် ကပြင် မှ ဆီး ယူကာ လောင်း ရန် ရီးဆေးရိုး ကပြင် အစပ် သို့ သွား နေ၏ ။ ဆွမ်းရပ် နေသူ များ သည် ရိုသေရမည့် သူများ မဟုတ်သော်ငြား သူတို့ ကိုယ်စား ပြု ထားကြသူများ ကား ရိုသေရမည့် သူများ ဖြစ်၏ ။ သူတို့ ပခုံး ပေါ် မှ သပိတ်များ မှာ ရတနာ သုံးပါး ၌ ပါဝင်သော သံဃာတော်မြတ် တို့ ပရိက္ခရာ မဟုတ်ပါလား ။


အငွေ့ တထောင်းထောင်း နှင့် ပန်းကန် ပူပူ လောင်လောင်ကြီး ကို ဆီး ယူကာ ရီးဆေးရိုး ပြေး လာ၏ ။ ပြေး ရင်း ဖြင့် ပန်းကန် ကို ဘယ်ညာ ပြောင်း ရသည် ။ ခြေဖဝါး နှစ်ခု ပူးလျက် စုံ ရပ်ကာ ပန်းကန် ကို လက် နှစ်ဖက် ဖြင့် ကိုင်ပြီး ရိုသေစွာ လောင်းချ စဉ် သပိတ် ထဲ မှ ဆွမ်း အခြေအနေ ကို မြင်ရ၏ ။ ဆွမ်း ညိုညစ်ညစ် နီ ကျင်ကျင် နှင့် ဖြူဖြူစင်စင် လုံးထွေး ရော နေပေ၏ ၊ သို့သော် ဆွမ်း အရ နည်းသည် ။ သပိတ် တစ်ဝက် မပြည့် ၊ နေ့စဉ် မြင်နေရသော ကလေးတွေ မို့ မည်သည့် ဘုန်းတော်ကြီးကျောင်း မှ ဆွမ်း ရပ်သည် ကို ရီးဆေးရိုး သိသည် ။ သည် ကလေးတွေ သည် ပြည်စိုးကုန်း မြောက်ကျောင်း က ။


ပြည်စိုးကုန်းမြောက်ကျောင်း ၏ ဆွမ်းခံ ရွာစဉ် မှာ သရက်တော ၊ စက်ဝိုင်း ၊ ညောင်ပင်ဝိုင်း ၊ ရွာသစ်ကြီး နှင့် ရမ်းဘိုကုန်း တို့ ဖြစ်သည် ။ သရက်တော ၊ စက်ဝိုင်း နှင့် ညောင်ပင်ဝိုင်း သုံးနေရာ ပေါင်း လျှင်ပင် အိမ်ခြေ တစ်ရာ ကျော် လောက်သည် ။ အိမ်ခြေ တစ်ရာ လုံး မလောင်း စေဦးတော့ ၊ တစ်အိမ် လျှင် အကြမ်းပန်းကန်လုံး ဖြင့် တစ်လုံး ပင် လောင်းဦး ၊ ရှေ့ သပိတ် ပြည့် လောက်သည် ။ ယခုသော် ရွာသစ်ကြီး အပါအဝင် အိမ်ခြေ တစ် ရာ့ခြောက်ဆယ်ကျော် ကို ဖြတ်သန်းခဲ့ပြီး ပါ လျက် နောက်လိုက် သပိတ်များ ထဲ တွင် လေးငါးဇွန်းစာ မျှ သာ ရှိသော ဆွမ်း ကို တွေ့ရသည် ။ ရှေ့သပိတ် တွင် တစ်ဝက် မရှိတတ်သေး ။ ကျောင်းသားတွေ နောက်တွင် ကျန် ခဲ့သော ဖုန်တန်းကလေး ကို ရီးဆေးရိုး ငေး နေ မိ သည် ။ “ ဆွမ်း အရ နည်းလိုက်တာ နည်းလိုက်တာ ” ဟု စိတ် က ရေရွတ် နေ မိလေသည် ။ ယင်းသို့ စိတ်မကောင်းစွာ ရေရွတ် နေရာမှ ရမ်းဘိုကုန်း တွင် ဆွမ်းခံ သော ကျောင်းများ ကို ရေတွက်မိ ပြန်၏ ။


“ တစ်ကျောင်း ၊ နှစ်ကျောင်း အင်း ခြောက်ကျောင်း ” သည် ခြောက်ကျောင်း အနက် သရက်ချင်မြောက် ကျောင်း မှာ ပျောက်ကွယ် သွားပြီ ။ ဘုန်းကြီးကျောင်း တွေ ပျောက်ကွယ်ကုန်ခြင်း မှာ ကျောင်းအရာမ် နှင့် ကျောင်း ကို စောင့်ရှောက် နိုင်သော ပုဂ္ဂိုလ် ဆက် ပြတ် သွားသော ကြောင့် ဖြစ်၏ ။ ယင်းသို့ အဆက်ပြတ် လာ ရခြင်းသည် လူတွေ သာသနာတော် ၌ ကြည်ညိုသဒ္ဓါ ဆွံ့ အ လာကြသောကြောင့် လော ။ ရီးဆေးရိုး မသိ တော့ပြီ ။ သူ ဆက် မတွေးတတ်ပြီ ။ သူ့ မြေးတွေ သည် ဘ နှင့် အမေကြီး ၊ အဖေ နှင့် အမေ တို့ ကို သာ ကြောက်ရွံ့ ရိုသေ ရန် သိသည် ။ အခြား လူကြီး သူမ ကို ရိုသေ လေးစားရန် ဝန် လေးသည် ။ ဘုန်းကြီး ရဟန်း နှင့် လည်း စကား မပြောတတ် ။


“ ဟာ ငါ့ ဟာတွေ လည်း ကုန်ပါပြီ"


ရီးဆေးရိုး ဆက်လက် တွေးတော ရန် အင်အား ကုန်ခန်း သွားသည် ။ ပန်းကန် ကို ကိုင်လျက် အိမ်ဘက် သို့ မျက်နှာ လှည့် လိုက် လျှင် “ နေပူကြီး ထဲ မှာ ဘာလုပ် နေတာလဲ တော့ ” အော်သည် ။


ရီးဆေးရိုး အဖြေ မပေး ။ ပန်းကန် ကို ကြမ်းပြင် ပေါ် လှမ်း တင်ပြီး ၊ စပါးပုတ် လက်စ နေရာ ရိုင်ပတ် တွင်းသို့ ဝင် လာ၏ ။


“ ဒါက ဘာ လုပ်တာလဲ စပါး ပုတ် မလို့ဟုတ်လား ”


“  အေး ”


“ နွားစာ ကော စဉ်း ပြီးပြီလား ”


“ ညည်း ထမင်း ကျက် မှ စဉ်း ပေါ့ အေ ။ မတော်တဆ မိုး ရွာ လာရင် ကောက်လှိုင်း လည်း မနိုင် ၊ စပါး လည်း မနိုင် နဲ့ ဖြစ်ကုန်မှာ စိုးလို့ ”


“ ကြံ ကြောက်နေ ကြောက်နေ ၊ ဒါလောက် ကြောက် ရင်လည်း ငှား လိုက်ပေါ့တော် ကောင်မလေး တွေ အားနေကြတဲ့ ဟာ ကို ”


“ ဘာဖြစ်လို့ ငှားရမှာလဲ ဟ ”


ရီးဆေးရိုး ခပ်ဆတ်ဆတ် ပြောရင်း ကောက်လှိုင်း တစ်စည်း ကို ဖြေ နေ၏ ။


“ ကောက်လှိုင်း တစ်ရာ ကို ပုတ်ခ ငါးကျပ်တောင် ပေးမယ့် အစား ငါ့ ဘာသာ ပုတ်ပြီး အဲဒီ ပိုက်ဆံ ကို အမဲ သား ဝယ် စား မှာပေါ့ ”


“ အမဲသား ဝယ် စားရအောင် တော့် မှာ သွား ရှိလို့လား ”


ရီးကျီးဒန် မေးဆတ် ပြောရင်း သွားဖုံးညိုညိုတွေ ပေါ် လာ အောင် ပြုံး နေ မိသည် ။


“ ကြံဖန်ပြီး သွားဖုံး နဲ့ ကြိတ်ရတာပေါ့ ဟာ ” 


ရီးကျီးဒန် သည် ခင်ပွန်း ဖြစ်သူ ၏ အပြော ကို သဘောကျမြဲ ကျ လျက် နွားတင်းကုပ် ဘက်သို့ လျှောက် သွား လေသည် ။ ခဏ ကြာ လျှင် နွားစာ စဉ်း ခုတ်သံ ပေါ် လာ၏ ။


“ ကျီးဒန် နွားစာ စဉ်းနေပါကလား ” ဟု ရီးဆေးရိုး လှည့် မကြည့်ဘဲ သိ လိုက်သည် ။ သူ လည်း တစ်လှိုင်း ပုတ်လိုက် ၊ ပုတ်ပြီး သား ပြန် စည်း လိုက် နှင့် မပင်မပန်း အလုပ် တွင် နေသည် ။ စပါးစေ့ ပုတ်ခြွေ ပြီး သား ကို ကောက်လှိုင်းရိုး ခေါ်သည် ။ ပြန်လည် မစည်း နှောင်ဘဲ ထား လျှင် ရှုပ် ကုန်မည် စိုးရသည် ။ ကောက်ရိုး လည်း စပါးစေ့ ‌ခြွေ ပြီးသား ကောက်ပင်များ ပင် ဖြစ်စေကာမူ ကောက်ရိုး ဖြစ်စ တွင် ကိုင် ၍ မကောင်း ၊ စဉ်း၍ မ ကောင်းပေ ။ အသားသေ သွား မှ စဉ်းရ ကိုင်ရ ကောင်း လာသည် ။ ကောက်လှိုင်းရိုးတွေ ရှုပ်ထွေး ကုန် လျှင် ကား ကောက်ရိုး ရိုးရိုး ထက် အကိုင်အတွယ် ခက်မည် ၊ ရှင်းရှင်းကလေး တစ်ချောင်း စီ နေသော အခါတွင် အကိုင် ရ လွယ်သည် ။ စဉ်း ၍ ကောင်းသည် ။ သို့ကြောင့် ပြန်လည် စည်းနှောင်ရခြင်း ဖြစ်ပေသည် ။


စည်းလိုက် ဖြေလိုက် ပုတ်လိုက် နှင့် မန်ကျည်းပင် အောက် မှ ကောက်လှိုင်း တစ်ရာခန့် မှာ တစ်ပက် ကျိုး သွားပြီ ။ ရီးကျီးဒန် လည်း အိမ် ပေါ် ပြေး တက်ကာ ဆွမ်းခူး လောင်းလိုက် ၊ နွားစာ ပြန် စဉ်းလိုက် နှင့် ခြေ ကုန် လက်ပန်း ကျ သွားဟန် တူ၏ ။ အိမ်ရိပ် တွင် ထန်းဖုံးဖတ် ဖင် ခု ထိုင်ကာ ဆေးလိပ် သောက် နေ ပေသည် ။ 


“ ဝတ်ခွက် ခင်ဗျာ ” 


“ ကလေးရေ ကန်တော့ ဟေ့"


“ ဟင် ” ခနဲ ဆိုကာ ရီးဆေးရိုး သည် ရီးကျီးဒန် အား လှည့် ကြည့်၏ ။


“ ညည့် ဟာ က ဆွမ်းတော့ ရပြီး ဝတ်ခွက် မရဘူး လို့ ” ဆက်ပြော၏ ။


ဝတ်ခွက် ကား ဆွမ်းဟင်း ကို ခေါ်ခြင်း ဖြစ်၏ ။ 


ဝတ်ခွက် ခံသော ကျောင်းသား သည် ဆွမ်း နှင့် အတူ မလိုက်ပေ ။ မီးဖိုချောင် တို့ သဘော မှာ ထမင်း ပြီး မှ ဟင်း ချက် တတ်ရာ ဟင်းကျက် ချိန် ကို မှန်းဆ ကာ နောက်ကျ ခံပြီး ရောက်လာ လေ့ ရှိ၏ ။ ထို့ပြင် ဆွမ်း ခံ သော ကျောင်း ငါးကျောင်းလုံး လည်း ဝတ်ခွက် မခံပေ ။


ပရိသတ် များလွန်းသော ကျောင်းများ က သာ ဖြန့်ကြက်ပြီး ဝတ်ခွက် ခံသည် ။ မည်သို့ပင် ဖြစ်စေ ရီးဆေးရိုး

မကျေနပ် ။ သည်သို့ မကျေနပ်သော အကြည့် ကို ရီးကျီးဒန် ဖြေရပေမည် ။


“ ငရုတ်သီး ထောင်း အကျန် နဲ့ စား ဖို့ ပဲဟင်းချို ချက် ထား တာ တော် ရဲ့ ။ သူ့ ဒန်အုပ်သေးသေးကလေး ထဲ လောင်း လိုက် ရင် ဘယ် လောက် မှ လည်း ပါ မှာ မဟုတ်ဘူး ၊ ဖိတ် ကုန် ဦးမှာ ”


ဤအခါ ရီးဆေးရိုး ကျေနပ်ရ ပေပြီ ။ သို့သော် ကျေနပ် သလို ရှိပြီး ကာ မှ ရီးကျီးဒန် ၏ နောက်ဆက် တွဲစကား “ ဝတ်ခွက် က မန်ကျည်းရွက် သုပ် ပြီး မှ လာ ရင် လည်း အကောင်းသား ” ကြောင့် မျက်လုံး ပြူး ရ လေ၏ ။ “ ဘာ ” ဟု အော်ရလေ၏ ။


“ မန်ကျည်းရွက် သုပ် ဖို့ မန်ကျည်းရွက် တောင်းရ အောင် စောင့် နေ တာလေ ။ ပဲဟင်း ချက် တာ နဲ့ အတော်ပဲ မဟုတ်လား ”


ရီးကျီးဒန် တို့ မန်ကျည်းရွက် မှာ ပဲဟင်း ရှိ ရန်သာ အရေး ကြီးသည် ၊ ပဲဟင်းချို ရှိ လျှင် ငါးပိဖုတ် နှင့် ကြက်သွန် မှာ မခက်ခဲတော့ပေ ။


“ နေပါဦး ၊ သည် မန်ကျည်းရွက်သုပ် ကို ဘယ်သူ စား မှာလဲ ”


“ တော် နဲ့ ကျုပ် စားမှာပေါ့ တော် ရဲ့ ”


“ ညည့် မန်ကျည်းရွက်သုပ် ကို ဘယ် က သွား နဲ့ စား မှာလဲ ဟင် ။ နင် ဝါးပြီး ခွံ့ မှာ လား ” 


ရီးကျီးဒန် သည် လည်ပင်း ရှည်ပြီး တစ်ချက် ကြည့် လိုက်၏ ။


“ စောစောက တော် ပြောတဲ့ အမဲသား တုန်း က တော့ ညည်း ဝါး ခွံ့မလား တစ်ခွန်း မမေးဘူး ၊ ကြံဖန် ပြီး ကြိတ်ဝါးရမှာ ပေါ့ တဲ့ ။ ခုလည်း ကြံဖန်ပြီး ကြိတ် မှိတ် ဝါး ပေါ့ တော် ”


မျက်စောင်း တစ်ချက် ထိုး ပြီး မှ တစ်ဖက် သို့ လှည့် သွား ရာ ရီးဆေးရိုး မှာ ပြုံးတုံးတုံး လုပ် နေလိုက်ရ တော့၏ ။


◾ဆင်ဖြူကျွန်းအောင်သိန်း 


📖 ကိုဆေးရိုး ဝတ္ထုတို ပေါင်းချုပ် 


#ကိုအောင်နိုင်ဦး


.

လျှို့ဝှက် ပီတိ ပိုင်ရှင်


 

❝ လျှို့ဝှက် ပီတိ ပိုင်ရှင် ❞

[ တိုင်းရင်းဆေးဆရာမ မတ္တရာ ဒေါ်ထူးထူး ( ယခု အသက် ၅၈ နှစ် ) ကို ရွှေဖြစ် ၊ ငွေဖြစ် ဂါထာ ရှိပါရဲ့ နဲ့ ထိထိရောက်ရောက် ငွေ မရှာတဲ့ သူ လို့ ကျွန်တော် က ထင် ပါတယ် ။

သူ့ ဘဝ က ဆန်းကြယ်ပြီး သူ့ ကံ က ကောင်းတယ် ။ မတ္တရာမြို့နယ် မွေတလိုင်း ရွာကလေး မှာ မိရိုးဖလာ တိုင်းရင်းဆေးကလေးတွေ ဖော်စပ်ပြီး ကုသ ရောင်းချ နေခဲ့တာ သက်ဆိုင်ရာ က စာမေးပွဲ အောင် လက်မှတ် ရှိ မှ ဆေးဝါး ထုတ်ခွင့် ပေးမယ် ဆိုတာ နဲ့ အောင်လက်မှတ် အတွက် အတန်းကျောင်း ပြန် တက် ရတယ် ။ သူ့ အသက် နှစ်ဆယ် ကျော် ၊ ခုနစ်တန်း ပြန် ဖြေတယ် ။ စာမေးပွဲ အောင် ဖို့ တိုင်းရင်းဆေးပညာ လေ့လာရင်း နက်ရှိုင်းတဲ့ ပညာတွေ ကို သူ ဆည်းပူးခွင့် ရပြီး အရည်အသွေး တောက်ပြောင် သွားတယ် ။

မတ္တရာ ဒေါ်ထူးထူး ဆိုတဲ့ အမည် ၊ သူ့ ရုပ်ပုံ နဲ့ ဆေးထုပ်ကလေး တွေ ထုပ်ပြီး ဈေးကွက်မှာ တင်ပြီး ရောင်း တော့ ဆေးစွမ်း ထက်တဲ့ အတွက် သိ သူတွေ ဝယ် သုံး တယ် ။ ရောင်းအား အသင့် အတင့် ရှိတယ် ။ မန္တလေး ဈေးချိုတော် မှာ ဆိုင်ကြီး လာ ဖွင့် ရတယ် ။ လူရုပ်ပုံ တံဆိပ် နဲ့ ဆေး ထုတ်တာ ကို သက်ဆိုင်ရာ က ခွင့် မပြုတော့ သူ့ ဆေးထုပ်တွေ ဒီဇိုင်းသစ် နဲ့ ထုတ် လိုက်တာကို သုံးစွဲ နေကြသူတွေ သိပါစေ ရည်ရွယ်ချက် နဲ့ ဆရာမ ဒေါ်ထူးထူး က တီဗီကြော်ငြာ ရိုက်ပြီး လွှင့် လိုက်တယ် ။ တီဗီ မှာ ကြော်ငြာလွှင့် ထည့် လိုက် ခါ မှ ‘ ပေါက် ’ သွား တယ် ။ ဆေး ဝယ်လိုအား ကြောက်ခမန်းလိလိ ။ ဝယ်လိုအား ကို ထုတ်လုပ်အား က မဖြည့်နိုင်ဘူး ။

ဝယ်လိုအား သိပ် များ လာချိန် မှာ ဆရာမ ဒေါ်ထူးထူး က နေ့မီး ညမီး ထွန်းပြီး ဆေးတွေ ထုတ်လုပ် ရောင်းချမယ် ထင်ပါ သလား ။ ဆေးဝါးထုတ်လုပ် ရာ မှာ ပိုပြီး မြန်ဆန် လွယ်ကူအောင် အဆင့်မြင့် စက်ကိရိယာကွေ တပ်ဆင်တာ က လွဲပြီး ကျန်တဲ့ ဆေးဖော်စပ်မှု အပိုင်း မှာ တော့ ဗုံးပေါလအော တွန်း မထုတ်ဘူး ။ ဆေး တမယ် ချင်း ကို သူ့ မျက်စိ သူ့ လက် နဲ့ ကိုယ်တိုင် စစ်ဆေး ပြီး မှ စက် ထဲ ထည့်စေ ဆဲ ။ သည် အလုပ် ကို ကျောတောင့် ခါးအောင့် အောင် တစ်နေကုန် ထိုင် လုပ် နေတယ် ထင်ပါ သလား ။ ညနေပိုင်း နေ့ တစ်ဝက် သာ ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်း မှာ ဆရာမ ဒေါ်ထူးထူး က အချိန် ပေးတယ် ။ နံနက်ပိုင်း တစ်ပိုင်းလုံး က ဈေး ထဲ ရှိ တဲ့ သူ့ ဆေးခန်း ကိုသွားပြီး လူနာတွေ ကို ဆေး ကု ပေးတယ် ။ ဆေးဆရာ တစ်ယောက် အနေ နဲ့ ဝေဒနာ လက်တွေ့ ခံစား နေ တဲ့ လူနာတွေ ကို တွေ့ဆုံပြီး ရောဂါ ပေါင်းစုံ ကို ဆေးမျိုးစုံ ပေး ကုသ ရင်း သုတေသန လုပ်ကာ ပညာ တိုးအောင် ဒေါ်ထူးထူး လုပ် နေတယ် ။

ဈေး ပိတ်တဲ့ ဥပုသ်ရက် လူနာတွေ မရှိတဲ့ အခါ ကျ တော့ ဒေါ်ထူးထူး က သူ့ ကိုယ်ပိုင် ပရဆေးဥယျာဉ် ကို သွား တယ် ။ မတ္တရာမြို့ နဲ့ မလှမ်းမကမ်း မှာရှိတဲ့ ဥယျာဉ် ၁၁ ဧက ၊ နည်းနည်း ဝေးတဲ့ ကျောက်စရစ်လင်းကုန်း ဥယျာဉ် က ဧက ၄ဝ ရှိတယ် ။ ပရဆေးဥယျာဉ် ကို လည်း ကျွန်တော် သွား ကြည့် ခဲ့တယ် ။ ဆေးပင်တွေ ကို စနစ်တကျ စိုက်ပျိုး နေတယ် ။ အပင် အမျိုး ပေါင်း ၁ဝဝ လောက် ရှိတယ် ။ ရှားပါး ပြီး စိုက်ပျိုး ရခက်တဲ့ အပင်တွေ လည်း ရှိတယ် ။

မတ္တရာ ဒေါ်ထူးထူး ရဲ့ ဆေး ကို ဝယ်လိုအား များ လာတော့ ဆေး ကုန်ကြမ်း လိုအပ်ချက် က လည်း ကြီးမား လာတယ် ။ ဈေး ထဲ က ပရဆေး ရရာ ဝယ်ပြီး ဆေး ဖော်ရင် အာနိသင် မပြည့် မှာ သူ က စိုးရိမ်တယ် တဲ့ ။ ဒါကြောင့် အဓိက ကျတဲ့ ဆေးမယ်တွေ ကို ကိုယ်တိုင် စိုက်ပျိုး နေ တာပါ ။

သူ့ ဆေးဝါးထုတ်လုပ်ရေး ၊ ရောင်းချရေး လုပ်ငန်းတွေ ဟာ ကြီးမားတဲ့ လုပ်ငန်းတွေ ဖြစ်လာပါပြီ ။ သည် လုပ်ငန်းတွေ ကို ငွေ ၁၅၀ နဲ့ စ ခဲ့တာ လို့ ဆရာမ ရယ်ကာ မောကာ ပြန် ပြောတတ်တယ် ။ သူ့ ညီမလေး ကို ကျောင်း ဆက် ထားဖို့ အထက်တန်းကျောင်း ရှိတဲ့ မတ္တရာမြို့ ကို မွေတလိုင်း ရွာကလေး က ပြောင်းရွှေ့လာ ခဲ့ကြပြီး ဈေး ထဲ မှာ ဆေး ရောင်းရာ က သူ့ ဘဝ စ ခဲ့တာပါ ။ ]

    •••••   •••••   •••••

ဆေး ရောင်းတာ ဝင်ငွေ ကောင်းတာ မှန်ပါတယ် ။ ကျွန်မ လူတွေ ဆီ က ရ တဲ့ ပညာ လည်း လိုချင်လို့ လက်တွေ့ ကု တယ် ။ သုတေသန လုပ် နေတယ်ပေါ့ ။ လူထု လည်း အကျိုး ပြု ကိုယ် လည်း ပညာ ရ ။

မြန်မာတိုင်းရင်းဆေးဆရာ တစ်ယောက် အနေ နဲ့ ဓာတ်ကြီး လေးပါး နဲ့ တင် ကျေနပ် နေလို့ မပြီးသေးဘူး လို့ ကျွန်မ ထင်တယ် ။ အနောက်တိုင်း ဆေးပညာ လည်း ကျွန်မ လေ့လာတယ် ။ ခန္ဓာဗေဒဘာသာရပ် နဲ့ သိပ္ပံ နည်း ကျ တဲ့ အမြင်တွေ ရ လာအောင် ကျွန်မ လေ့လာ ရ တာပေါ့ ။ ကျွန်မ ဆေး ကုသ ရာ မှာ နားကျပ် တို့ သွေးပေါင်ချိန် တို့ လည်း သုံးတယ် ။

ဆေး ကုသရာ မှာ ကိုယ် နဲ့ ဆိုင်တာ ပဲ ကု ပေးတယ် ။ အူ အတက် ပေါက် တဲ့ လက္ခဏာ ကျွန်မ ဘယ် ကု နိုင်မှာလဲ ။ ဆေးရုံ မြန်မြန် သွားဖို့ လွှတ် ပေးရတယ် ။ ဆေးရုံ က နေ ကျေးဇူး တင်ကြောင်း ပြန် ပြောတာတွေ ရှိတယ် ။ အချိန် မီ လွှတ် တော့ မသေသင့်တာ မသေတော့ဘူးပေါ့ ။ ကိုယ် မနိုင်ရင် နီးရာ ကျွမ်းကျင်သူ ကို လွှဲ ပို့ ပေးတယ် ။

ကိုယ် နိုင်ပုံ ရရင် ကြိုးစား ပြီး ကု ပေးတာပေါ့ ။ တချို့ လူနာ က ဆေးရုံကြီးတွေ သွား ကုဖို့ ငွေကြေး အခက်အခဲ ရှိတယ် ။ တစ်ခါတလေ ကျတော့ လည်း သူ့ အိတ်ထောင် ထဲ ပိုက်ဆံ ထိုးထည့် ပေးလိုက်ပြီး ဘယ် ဆရာ့ဆီ သွားပါအေ ၊ တွန်း လွှတ်ရတာပေါ့ ။ သည် နေရာမျိုး တွေ မှာ ကုသိုလ် ယူရဟာပေါ့ ။ သူ့ မှာ လို နေရင် ကိုယ် က ဖြည့် ရ တာပေါ့ ။

အချို့ လူနာ ကျ တော့ သူ ဝယ် သောက်ရမယ့် ဆေးတွေ က တန်ဖိုး မြင့်တယ် ။ သူ့ မှာ တတ်နိုင်ပုံ လည်း မပေါ်ဘူး ဆိုရင် ဆေး ဈေးတွေ ကိုယ် က လျှော့ ပြော လိုက်တာပဲ ။ ကိုယ် က ပေး လိုက်တယ် ပြော ရင် သူ မျက်နှာ ငယ် သွား မယ်လေ ။ ဒါမျိုး ကြုံတဲ့ အခါ ကိုယ့် မှာ လျှို့ဝှက် ပီတိ ခံစားမှု နဲ့ ပေါ့လေ ။

ကျွန်မ ဆီ လာတဲ့ လူနာတွေ ထဲ မှာ မိန်းမ နဲ့ ဆိုင်တဲ့ ရောဂါတွေ က ပို များတယ် ။ အချို့ က လည်း သားသမီး လိုချင် လို့ လာတယ် ။ အချို့ က လည်း ဝေးချင်လို့ တဲ့ ။ အမျိုးသမီး လူနာ တစ်ယောက် ရောက် လာတာ ဗိုက် ကို စမ်း ကြည့်ပြီး သူ့ သားအိမ် အဆီ တက် တာ ၊ အပူဓာတ် ကို စမ်း ကြည့်ပြီး သူ့ ယောက်ျား သားကြော ဖြတ် ထား ရင် တန်း သိတယ် ။ ညည်း ယောက်ျား သားကြော ဖြတ် ထားတာ ပဲ လို့ ဗေဒင် ဟော လိုက်ရင် ဆရာမ တော်လှချည်လား ထင်တာ ။ တကယ် တော့ အင်္ကျီ ကို ကိုင် ကြည့်တဲ့အခါ ပိုးစ နဲ့ ချည်ကြမ်း သိ သလိုပဲ ၊ အတွေ့ အကြုံ ပေါ့လေ ။

အမျိုးသမီးတွေ ရဲ့ ဓမ္မတာ သဘောတရား ကို တိုင်းရင်းဆေး ၊ အနောက်တိုင်းဆေး ဆက်စပ်ပြီး ဆေး ကုပေးတယ် ။ ယခု ကာလ မှာ အိမ်ထောင်ရှင် အမျိုးသမီး အများစု ဟာ သားသမီး ဝေး ဖို့ အနောက်တိုင်း ဆေးဝါး အမျိုးစုံ ကို သုံးစွဲမှု များတယ် ။ သည်ဆေးတွေ ကို သောက်တာ ၊ ထိုးတာ ကြောင့် ခန္ဓာကိုယ် ထဲ မှာ ဟော်မုန်း ဓာတ်တွေ ပြောင်းလဲ ပြီး အချို့ မှာ ရာသီ ထိန် တာ ၊ ရာသီ များ တာတွေ ဖြစ်စေ တတ်တာ တွေ့ ရတယ် ။ အဲသည် အခါ မှာ ကျွန်မ ရဲ့ဆေးကုခန်း ကို ရောက်လာ ကြတယ် ။

သားသမီး ဝေး စေဖို့ သုံးစွဲတဲ့ ထိုးဆေး စားဆေး အမျိုးမျိုး ကို တိုင်းရင်းဆေးပညာ အမြင် နဲ့ အပူဓာတ် တွေ လား ၊ အအေးဓာတ် ၊ အပွင့်ဓာတ် ၊ အပိတ်ဓာတ် ၊ အသက်ဓာတ် တွေ လား ဆိုတာ ဝေဖန် တွေးခေါ် ရ ပါတယ် ။ လက်လှမ်း မီ သလောက် အနောက်တိုင်း ဆေးပညာ ကို လည်း လေ့လာ ရ ပါတယ် ။

အရွယ် ရောက် အမျိုးသမီးတွေ ဓမ္မတာသွေး လာ ပြီး ပထမ တစ်ရက် နေ့ မှ ၁၄ ရက် နေ့ အထိ အီစထရိုဂျင် ဟော်မုန်း ( အအေးဓာတ် ) လွှမ်းမိုး တဲ့ လက္ခဏာ တွေ ကို တွေ့ ရပြီး ဓမ္မတာ လာပြီး ၁၅ ရက် မှ ၂၈ ရက် အထိ ပရိုဂျင်စထရုန်း ဟော်မုန်း ( အပူဓာတ် ) လွှမ်းမိုးတဲ့ လက္ခဏာ တွေ ကို တွေ့ ရတယ် ။ သားသမီး ဝေး စေတဲ့ အနောက်တိုင်း ဆေး တွေ ကို လေ့လာ ရာ မှာ တစ်လ တစ်လုံး သောက်ဆေး တွေ က အီစထရိုဂျင် အအေးဓာတ် ၊ သုံးလခံ ထိုးဆေး Depot Progesta က ပရိုဂျက်စထရုန်း အပူဓာတ် လွှမ်းမိုး တာ တွေ့ ရတယ် ။ ဟော်မုန်း ပါဝင်နှုန်း က တစ်ကတ် နဲ့ တစ်ကတ် မတူပါဘူး ။ အမျိုးသမီးတွေ ရဲ့ ဓမ္မတာသွေး ဟာ အအေးဓာတ် ကြောင့် ဖြစ် ခဲ့ရင် အတုံးအခဲ ဆင်း ပြီး အပူ ကြောင့် ဖြစ်ရင် အရည် ဆင်း တယ် ။ အအေးဓာတ် ကြောင့် ဓမ္မတာ သွေး ထိန် ခဲ့ရင် ပူသက် တဲ့ ဆေး ၊ ပူတဲ့ ဓာတ်စာ ၊ ဥတု ၊ အာဟာရ အပြုအမူတွေ ကို ပြုပြင် ပေး လိုက်တယ် ။ အပူဓာတ် ကြောင့် ဓမ္မတာ သွေး ထိန်တာ မသက်ဆင်း တာ ဖြစ်ရင် ရှားစောင်းလက်ပတ် အလယ်သား ချက်ဆေးကို အဓိက စားသုံးပြီး ဥတုအေး ၊ အာဟာရအေး ၊ အပြုအမူအေး တွေ ကို ပါ ပြုပြင် ကုသ ရတယ် ။ အအေးဓာတ်ဆေး သုံးလို့ ဓမ္မတာ သွေး များ ခဲ့ရင် နွေးပြီး သွေးပိတ် တဲ့ သိမ်ဖြူဆရာတော် ရဲ့ အေးပိတ်သော ဆေး ကို ပေး ပြီး အေး တဲ့ အပြုအမူ ကို ပြုပြင် ပေး ပါတယ် ။ သည် ကုထုံး နဲ့ အမျိုးသမီး လူနာတွေ ကို ကု ရာ မှာ မှန်ကန်တဲ့ သက်ရောက်မှု တွေ တွေ့ လာရလို့ ကျွန်မ ကျေနပ်မှု ဖြစ် ရတယ် ။ ကျွန်မ သုတေသန ပြုပြီး လေ့လာ ထားတာ ထဲ က အချို့ကို ကြုံကြိုက် လို့ ယခု ပြောပြ တာပါ ။ ဒါကို စာတမ်း ပြုစု ထားပြီး တိုင်းရင်းဆေး သမားတော်ကြီး တွေ ကို တင်ပြဖို့ လည်း စီစဉ် ထား တယ် ။ ကျွန်မ ဆီ ကို လာ တဲ့ လူနာတွေ အတွက် သားသမီး ရစေတဲ့ ဆေး ကို လက်တွေ့ ပေးရတာ များတယ် ။ အနေအထိုင် အပြုအမူ ကို သဘာဝ ကျ အောင် အကြံပေး ၊ ပြုပြင်တဲ့ အခါ အဆင် ပြေ သွားတာ များပါတယ် ။ လူ တွေ မှာ ဖြစ် တဲ့ ရောဂါတွေ က သူ တို့ ရဲ့ အာဟာရ ၊ ခန္ဓာကိုယ် တည်ဆောက်ပုံ နဲ့ ဘဝတွေ နဲ့ ဆိုင်ပါတယ် ။ ဘဝတွေ က သက်သာ ရင် သက်သာ သလို အဆီအဆိမ့် တွေ စား ၊ ချွေး မထွက် လို့ ရောဂါ ဖြစ်တာ လည်း ရှိတယ် ။

ကျွန်မ က တော့ တိုင်းရင်းဆေး ကို လေးစား အားကိုး တဲ့ သူတွေအတွက် အားထား လောက် အောင် အစွမ်း ထက် တဲ့ ဆေးဝါးတွေ ၊ ကုသမှုတွေ ဖြစ် လာအောင် ကြိုးစား နေတာပါပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

Wednesday, April 26, 2023

ရွှေပြည်တော်သည် ( ၁၇ )


 🔳 မျောက်ဆိပ်ပင် သတင်း


အိမ်ခြေ တစ်ရာ ကျော် မျှ ရှိသော မျောက်ဆိပ်ပင်ရွာကြီး သည် လယ်သမား ၊ အလုပ်သမား နှင့် တံငါသည်များ နေထိုင်ရာ ဖြစ်သည် ။ ကသာမြို့ နှင့် ဧရာဝတီမြစ် ၏ ဟိုဘက်ကမ်း ဒီဘက်ကမ်း ဖြစ်သည် ။ ကသာမြို့ က မြစ် အနောက်ဘက် မျောက်ဆိပ်ပင်ရွာ က အရှေ့ ဘက် ကမ်း တွင် ဖြစ်သည် ။


ကိုထွန်းအောင် တို့ သည် ဤ ရွာ ဇာတိ ဖြစ်ကြသည် ။ မိဘ ချမ်း သာ ခဲ့ သဖြင့် ငွေရင်းကြေးရင်း လဲ ရှိ ၊ လူရည် လည်း လည် ကြ၍ မြို့တက် ကောင်းစား နေကြ သော်လည်း ဤ ရွာ က မိဘ အမွေခံ အိမ်ကြီး ကို အခြေ မပျက် အဆက် မဖြတ်ကြဘဲ လုပ်ငန်း အဆင် သင့် သလို အသုံးပြု နေထိုင် သွားကြ သည် ။


အိမ်စောင့် တစ်ယောက် တော့ အမြဲတမ်း ထားလျက် ရာသီ လုပ်ငန်း အလျောက် သစ်ဖေါင်သမားများ ဆင်ဦးစီးများ ၏ စတည်း ချရာ လည်း ဖြစ်သည် ။


ဖော်ပြပါ အခြင်း ဖြစ်ခဲ့သော ည က ထို အိမ် တွင် မြင့်မြင့် ၏ ရံရွေဘော် အဒေါ်ကြီး တစ်ယောက် လည်း ရှိကြောင်း ကို မလို သေး၍ မထုတ်ဖော်ခဲ့ ရ သေးပေ ၊ ဤ အိမ် တွင် ထို ည က ကျန်ခဲ့သော တုတ်ပု နှင့် ဤ အဒေါ်ကြီး အနက် တုတ်ပု သည် နံနက် စောစော က ပင် ထွန်းသောင် အား အကျိုးအကြောင်း ပြောရန် ထွက် သွား ၍ ည က အဖြစ်အပျက် ကို သတင်း ဖြန့်ချီရန် ဤ အဒေါ်ကြီး တစ်ယောက် သာ ကျန်ခဲ့ သဖြင့် သူ သည် အင်မတန် အရေး ပါ အရာ ရောက် နေ ပေသည် ။


လာသမျှ လူ ကို ဒိုင်ခံ ၍ ရှင်း ရ၏ ။


“ ရင်ထဲ ပန်းထဲ များ တုန်ပါရဲ့ အေ ။ အိမ်ပေါ် ရောက်တယ် ဆို ... ဟိုသူငယ် မျက်နှာ လက်နှိပ်ဓာတ်မီး နဲ့ တည့်တည့် ထိုးထား ပြီး ဘယ်ပြန် ညာပြန် ရိုက်တော့တာ ပါဘဲ ” 


“ အဲဒီ လူ က ပြန်မခုခံဘူးလား ”


“ ဘယ် ခုခံနိုင်မှာလဲ ဟဲ့ ... မောင်ထွန်းအောင် ကို ပါ သေနတ် တွေ နဲ့ ချိန်ထားကြတာဘဲ ၊ သူတို့ လူအုပ် က နည်းတာ မှတ်လို့ ” 


“ မြင့်မြင့် ကော ... ရိုက်သေးတယ် ဆို ”


“ မြင့်မြင့် တော့ တစ်ချက် ဘဲ ရိုက် သေးတယ် ၊ မောင်စောထွန်း ဆိုတဲ့ သူငယ် က ဝင် တား တာဘဲ”


“ အဲဒီ မောင်စောထွန်း စကား တော့ နားထောင်သလား ” 


“ အေးဟဲ့ ... မောင်ဘလှိုင် နဲ့ အင်မတန် ချစ်တဲ့ ငယ်သူငယ်ချင်း ဆိုသကိုး ”


“ နေပါအုံး ... အိမ်တံခါး ကို လွယ်လွယ်နဲ့ ဖွင့်ပေး လိုက် သလား ”


“ မဖွင့်ပေးလို့ ဘယ့်နှယ် လုပ်မတုန်း ... လက်ပစ်ဗုံး နဲ့ ပစ်မယ် ကြိမ်း နေတာဘဲ ”


“ အဲဒါ ဘယ်သူက သွား ဖွင့် ပေး လိုက်လဲ ” 


“ မြင့်မြင့် ယောက်ျား ဟဲ့  ”


“ အမယ် ... အင်မတန် ရဲတဲ့ လူ ၊ သူ့ သတ်ရအောင် လာတာ ကို ဘဲ ”


“ အေးဟဲ့  ... သူက အစဦး က ခုခံအုန်းမလို့ဘဲ .... သေနတ် မောင်းတင်သံတွေ , ဘာတွေ ကြား လိုက်သေး .. နောက်မှ မြင့်မြင့် က ကိုယ် မနိုင်မှာ ကို ဘာလို့ ဖက်ပြိုင် နေမှာလဲ ... ပြောသံ ကြားလိုက် ရတယ် ”


“ အဲဒီ လူ က စာရေးဆရာ ဆို ”


“ ဟုတ်တယ် .. မြင့်မြင့် က ငါ့ ပြောတာဘဲ ”


“ ဒါဖြင့် အဒေါ်ကြီး ကလဲ အဲဒီ လူ ဗိုလ်ဖုန်းလှိုင် မဟုတ်မှန်း သိနေတာပေါ့ ”


“ မြင့်မြင့် ပြော လို့ ငါ သိရတာဘဲ ”


“ ဒါဖြင့်ဗျာ ... မဟုတ်တဲ့ အကြောင်း ခင်ဗျားကြီး က ပဲ ... ကိုထွန်းအောင် တို့ ကို ရှင်းပြလိုက်ဖို့ ကောင်းတယ် ” 


“ အမယ်လေးဟဲ့ .. ပြောလို့ လွယ် လိုက်တာ သူ့ နှမ စကား မှ မယုံတာကို ငါ က ဝင် ပြောလို့ ငါ ကြံရာပါ ဆိုပြီး ရိုက်ချ နေအုံး မယ် ... သိရဲ့လား ”


“ ဟုတ်တယ် ... ဟုတ်တယ်  ... ရှင် ပြောတာမှန်တယ် ... မောင်ထွန်းအောင် တို့ က တစ်ရှူးထိုးသမားတွေ နှော ”


“ နေစမ်းပါအုန်း ... မြင့်မြင့် ကိုယ် ၌ က သူ့ ရည်းစား ကိုဘလှိုင် မဟုတ်မှန်း သိတယ်နော် ”


“ သိတယ် ပြောနေမှဘဲ ”


“ ဒါဖြင့် သူ့ အစ်ကိုတွေ က အတင်း ခိုင်းလို့သာ လက်ထပ် လိုက် ရတယ် ၊ အဲဒီ လူ ကို ချစ်မှာ မဟုတ်ဘူးနော် ” 


“ အောင်မယ်လေး ... မောင်ခင်ဇော် နှယ် ကွာ .... ဒါမျိုးက လက်ထပ် ပြီးပြီ ဆိုရင် ဒီနေ့မချစ်, နက်ဖြန် မချစ် သဘက်ခါ ချစ် သွား ရော ကွ နားလည်လား ”


“ ဟုတ်ပါ့မလား ကိုမြင့်ဆွေကြီး ရ ”


“ အောင်မယ်လေး .... ဟုတ် , ဟုတ် - ဟုတ် , ဟုတ် နဲ့ မီးရထား ခုတ် သွားသလား အောက်မေ့ ရတယ် ၊ ကိုယ့် လူ ကျွန်တော် ပြောတာ မှန်တယ် မှုတ်လား .. အန်ကယ်ပေါ ”


“ ကျုပ် - ဘယ် အတတ် ပြောနိုင်မလဲဗျာ ... ဒီ အဒေါ်ကြီး မေးကြည့်ပါလား .. သူတို့ လင်မယား နေပုံထိုင်ပုံ ကို ”


“ အေး .. ငါ အကဲခတ် နေတာဘဲ ဟ - ငါ အပြင် မှာ မြင်ရ သမျှ တော့ သိတ် ပြီး ပူးပူးတွဲတွဲ ချွဲချွဲပြစ်ပြစ် မရှိလှဘူး ... ဒါပေမယ့် အပြင်ဘက် ထက် အခန်း ထဲ မှာ အနေ များတယ် ”


ယင်း၌ ကိုမြင့်ဆွေ သည် အံကြိတ် တက်ခေါက် ၍ - 


“ အောင်မယ်လေး လေ ... အဲဒါ ချစ်နေကြတာတွေပေါ့ ဟ - အပြင်ဘက် မှာ ပူးတွဲချွဲပြစ် မနေပေမယ့် လို့ အိပ်ခန်း ထဲ မှာ တော့ ပူးတွဲချွဲပြစ် နေရုံမက - တောက် - ဟင်း - မိန်းမတွေ ရှိနေလို ပြောလိုက်ချင်တော့ ပါဘူးကွာ ”


“ ခင်းဗျားကြီး က ကြား က မဆီမဆိုင် ဖြစ်နေ လိုက်တာ ” 


“ ဟ - ဒါမျိုး ဆိုတာ ဒီလို ဘဲ ကွ ၊ မောင်ခင်ဇော် .. မင်း ငယ်ပါသေးတယ် ငါ့ ညီ ရယ် .. နို့ပြီး မြင့်မြင့် က ချစ် , မချစ် ဆို တာ မှာ အကြောင်းတရား တစ်ခု လဲ ထည့် စဉ်းစားကြည့် အုန်း “ စက္ခုရူပေန - သံဝါသ ” ဆို သမို့လား အင်္ဂလိပ်လို က ‘ လပ်အက်တ် ဖတ်စိုက် ’ တဲ့ ဒီတော့ အချစ်ဟာ ရုပ်တရား အခြေခံကွ ”


“ ဒါ ခင်ဗျား ဟာ ... ဘာဆိုင်တုန်း ”


“ ဆိုင်ပါသော် ကော ... ဒီ စာရေးဆရာ နဲ့ ဗိုလ်ဖုန်းလှိုင် ဟာ ခွဲ မရအောင် တထေရာထဲ တူတယ် မဟုတ်လားကွ ၊ ဒီတော့ သူ့ ရည်းစား နဲ့ တူနေတာ သူ , မချစ်ဘဲ နေမလားကွ ၊ ငါ ဖြင့် ငါ့ အိမ် က မိန်းမ နဲ့ ခတ်ဆင်ဆင် တူတာလောက် ရုံ နဲ့ ချစ် ချင် လိုက် တာ လေ မပြောပါနဲ့ တော့ ... ”


“ ကိုမြင့်ဆွေ က မတူတော့ဖြင့် မချစ်ချင်တော့ဘူးလား ” 


“ ဟာ အန်ကယ်ပေါ ရ ဒီလိုတော့လဲ မဟုတ်သေးဘူး ၊ လှလှ မြင်ရင် ချစ်ချင်ပြန် ရော ”


“ ဟာ .. တော်ကြစမ်းပါဟယ် ... ဒီမှာ မေးကြစမ်းကြတဲ့ လူတွေ လာ လို့ ဖယ်ပေးကြစမ်းပါအုန်း ”


“ ဖယ်ပေးပါတယ် ... မေးကြလေဗျာ ကျုပ်တို့ ဟာ ကျုပ်တို့ အချစ် အဘိဓမ္မာ ဆွေးနွေး နေကြတာပါ ” 


“ ကဲ ... ကိုမြင့်ဆွေ ဟိုလူ ကကော မြင့်မြင့် ကို ချစ်ပါ့မလား ” 


“ မြင့်မြင့် လို မျက်နှာ က လဲ လှပြီး ဘော်ဒီ က လဲ အယ် နေတာ ကြီးများ မချစ်ရအောင် အဲဒီ လူ က  ဘာလုပ် စားတဲ့ လူ မို့ လဲ ” 


“ စာရေးဆရာ ”


“ စာရေးဆရာ ဆိုတာ နွား မဟုတ်ဘူး , ရဟန္တာ လဲ မဟုတ်ဘူးကွ ၊ မှတ်ထား အရက်သမား တွေ များတယ် ” 


ဤအခိုက် နောက်မှ ရောက်လာသော အဒေါ်ကြီး တစ်ယောက် က အိမ်ခံ အဒေါ်ကြီး အား မေးစမ်းပြီး ...


“  အင်း - စာရေးဆရာလေး လဲ ဆွမ်းခံရင်း ငှက်သင့် တာ ဘဲ နော် ”


ဟု ဆိုလေရာ , ကိုမြင့်ဆွေ ဆိုသူ က -


“  ဘယ်ကလာ ဆွမ်းခံရင်း ငှက်သင့်တာ - ဟုတ်ရမှာလဲဗျ ၊ ဆွမ်းခံ လာတဲ့ ကိုယ်တော် ကို အိမ်ပေါ် ပင့်ပြီး အုန်ထမင်း နဲ့ ကြက်သားဟင်း ကပ်တာ ခင်ဗျား ရဲ့ ၊ ဟင်း .. ဒါမျိုး ဖိုးမြင့်ဆွေ တို့ နဲ့ များ လဲ လိုက်ချင် စမ်းပါဘိ ” 


“ ကဲ ... အခု လဲမလား ” 


“ ဟင်း .... အခုတော့ တော်ပြီ ... တော်ပြီ ၊ သေပေါက် ရောက် နေပြီ ၊ ကိုဗျတ်ဝိ မြို့တော်ဝန် လက်ထဲ ရောက်နေပြီ ၊ မအိုဇာ မကယ် နိုင်တော့ဘူး ” 


အဒေါ်ကြီး တစ်ယောက် က -


“ ဟဲ့ ... အဲဒီ စာရေးဆရာလေး က အကြိမ်ကြိမ် ငြင်းသေး ဆိုဘဲ ၊ လက်မထပ် သတ်ပစ်မယ် ဆိုလို့ သာ တဲ့ ၊ အဲဒီ အကြောင်း မြင့်မြင့် က ပါ ရှင်းပြ , မောင်ထွန်းအောင် က ပါ ဝန်ခံရင် သူတို့ လင်မယား တော့ သ,တ် မပစ်တန် ကောင်းပါဘူး ဟယ် ” 


“ အောင်မယ်လေး .... ဘယ်လိုဘဲ ဖြစ်ဖြစ် ရည်းစား လူ လု တဲ့ ကိစ္စ ဗျ ၊ ကျွန်တော် က ဓမ္မစစ် ပြောတာ ”


နောက် တစ်ယောက် က -


“ ဒါတော့ - မောင်ဘလှိုင် သဘောထား အကြီးအသေး အပေါ် မှာ တည်တာပေါ့လေ ” 


 အခြား တစ်ယောက် က - 


“ မြင့်မြင့် တို့ လင်မယား ချမ်းသာပေး တောင် မှ မောင်ထွန်းအောင် အတွက် တော့ မျှော်လင့်ချက် မမြင်ဘူး ၊ ဘာကြောင့် လဲ ဆို ... မြင့်မြင့် တို့ က မှန်တဲ့ အတိုင်း ပြောလေ ... သူ ဖန်တဲ့ ဇာတ်လမ်း သူ အတင်း ခိုင်းတာ ပေါ် လေ ဖြစ်နေတာ ကိုး ၊ အောင် မယ်လေး - ကြံကြံဖန်ဖန် မောင်ထွန်းအောင် တို့ ကံ ဆိုးချင် တော့ ဟယ် ” 


သည့်ပြင် တစ်ယောက် -


“ ဒီလောက်လဲ တွေးပူ မနေကြနဲ့အုံး ၊ မောင်ထွန်းအောင် တို့ က ပိုက်စံ တတ်နိုင်တဲ့ သူတွေ ဘဲ ၊ စစ်တပ် နဲ့ နင်း ရှာ ပေးမှာပေါ့ ၊ အခု တုတ်ပု ဒီ ကိစ္စ မောင်ထွန်းသောင် ဆီ ပြောရအောင် သွား ပြီဘဲ ”


“ အင်း .. အဲဒါမှ မြန်မြန်သတ်ပစ်မှာ ”  


အဘွားကြီး တစ်ယောက် က -


“ နေပါအုံး - ဒီ စာရေးဆရာလေး က ဒီ ရွာ ဘာ လာ လုပ် လာတာတဲ့ လဲ ”


“ ရွာဦးကျောင်း မှာ ခင်ဗျား ပဉ္စင်းခံ ပေးထားတဲ့ ကိုယ်တော်လေး က သီလပေး ကောင်း လို့ ဥပုသ် စောင့် ရအောင် လာတာတဲ့ ”


“ ဘယ်လိုများ ပြော ခေါ်လာသတဲ့ လဲ ” 


“ မင်း .... ငါ့ နှမ ယူ ရအောင် လိုက်ခဲ့ကွာ - လို့တဲ့ ” 


“  နို့ - သူတို့ချင်း က အရင် ကတဲ က သိနေကြလို့လား ”


“ ဒေါ်ညိုပြာ - မြင့်ဆွေ ပြောတာ အဟုတ်မှတ် မနေနဲ့ - သေနတ် နဲ့ ပြ ... အတင်း ခေါ်လာတာ ”


“ အမယ် ... ဒါဖြင့် မောင်ထွန်းအောင် က သူ ခေါ်ရာ မလိုက် ရင် သ,တ်မယ်ပေါ့ ၊ အင်း .... ဒီလို ဆိုလဲ သူများ သ,တ်မယ် ဖြတ် မယ် လုပ်တော့ ကိုယ့် သ,တ်မယ့် ဖြတ်မယ့် လူ လဲ ပေါ်ရအုန်း မှာ ပေါ့လေ အနိစ္စ -အနိစ္စ ”


“ အမေကြီး ရဲ့ - အခု ကိုထွန်းအောင် တို့ ကို တော့ သ,တ်ရုံ သ,တ်မယ် မဖြတ်ဘူးတဲ့ ”


“ ဟဲ့ - တယ် ... သူများ စိတ်မကောင်း စရာ ဖြစ်နေတဲ့ အိမ် မှာ လာပြီး ရွှတ်နောက် နေနိုင်အားတယ် ”


“ ဒါတော့ဗျာ ကျွန်တော်တို့ က ငို နေလို့ ဟိုက ပြန် လွှတ်မယ် ဆိုရင် ခုနစ်သံချီ ငို နေပါရဲ့ ”


ယင်းအခိုက် အဒေါ် တစ်ယောက် ခတ်သုတ်သုတ်ကလေး တက်လာ ပြန်ပြီး ၊


“ ဒီမှာ မောင်ထွန်းအောင် တို့ ဘကြီး ဦးဘိုးရွက် က ဗေဒင် တွက်ကြည့် သတဲ့ ”


“ ဟုတ်လား ... ဘယ်လို အဟော ထွက်သတဲ့လဲ ” 


“ မောင်ထွန်းအောင် တို့ မောင်နှမ ချမ်းသာ ရာ ရမယ် တဲ့ ၊ မြင့်မြင့် ယောက်ျား စာရေးဆရာလေး တော့ အသ,တ်ခံရမယ် တဲ့ ” 


“ ဟင်း .. တယ် တရားနည်းလမ်း ကျတဲ့ ဗေဒင် ဟဲ့ - ကိုယ့် ဆွေမျိုးတော့ ချမ်းသာရာ ရမယ် ၊ ဟို လူ တော့ အသ,တ်ခံရမ ယ် .. တယ် တော်တဲ့ ဗေဒင်ဆရာ ဗျ နော် ၊ အဲဒီ ဗေဒင်ဆရာ က ဆွေမျိုး တော်ပြီး မှ မေးဖို့ ကောင်းတယ် ”


“ အော် .... မောင်မြင့်ဆွေ နှယ် .. သူ့ တွက်ကိန်း မှာ တွေ့တဲ့ အတိုင်း ဟောရတာပေါ့ ကွဲ့ ၊ နေပါအုန်း ဒါဖြင့်ရင် မြင့်မြင့် က ငယ်ငယ်လေး နဲ့ မုဆိုးမ ဖြစ်ရအုန်းမယ်ပေါ့ နော် ... ” 


“ အော် ... လင် သေ လို့ မှ မယား မုဆိုးမ မဖြစ်ရင် .. သမင်မ ဖြစ်ရအုန်းမှာလား ဗျ ၊ ခက်တဲ့ အဒေါ်ကြီး နှယ် ” 


“ ဟယ် ... သွားကြစမ်း , သွားကြစမ်း ၊ နင်တို့ လူကြီးတွေ နဲ့ စကား ပြောလို့ မဖြစ်ပါဘူး ... နင်တို့ သိချင်တာလဲ မေးပြီးကြပြီ ကဲ သွားကြတော့ ”

 

“ သွားပါတယ်ဗျာ .... လာ ရဲဘော်တို့ ငါ တို့ - ကိုထွန်းအောင် တို့ အတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ် နဲ့ စောစောစီးစီး သွား ဆေးကိုင် ကြရအောင် ”


“ အိုကေ ... ဘဲထီးဂွဒ် ... ဘဲမဂွဒ် ... မန်ဒါလီပါ ဝင် ဂွဒ် ” 


ဤကား မျောက်ဆိပ်ပင်ရွာ သတင်း ပါ ပေ ။ ထိုနေ့ နံနက် ၌ ဘာ အလုပ် ကို မှ စတင် မလုပ်ကြသေးမီ ကိုထွန်းအောင် တို့ မောင်နှမ သမီးယောက်ဖ တစ်စု ၏ ဖြစ်အင် ကို သာ တစ်ရွာလုံး အုံးအုံး ကြွက်ကြွက် မေးမြန်း ပြောကြ ဆိုကြသည် ၊ ထင်မြင်ချက် အမျိုးမျိုး ပေး ကြသည် ။


ကိုထွန်းအောင် တို့ နှင့် ရင်းနှီးသော ဆွေမျိုးများ ၊ ချစ်ခင်သော မိတ်ဆွေများ မှာ လွန်စွာ စိတ်မကောင်း ဖြစ်ကြသည် ။ အချို့ ငို ကြသည် ။


မနာလိုသူ တို့ က အတွင်းကြိတ် ဝမ်းသာ ကြသည် ။


ဘယ်သူ ဘာဖြစ်ဖြစ် ကိုယ့် မထိ သမျှ သူများ ကိစ္စထဲ ဝင် ပျော် တတ်သူ တို့ ကလဲ ရှိကြသေးသည် ။ အခုန ဖော်ပြခဲ့သည့် ကိုမြင့်ဆွေ လို လူသိုက်မျိုးပေါ့ ။


ဤလူမျိုးတွေ ကား ချစ်ခင် ရင်းနှီး၍ သောက ရောက်ရသူ တို့ ထက် လည်း စိတ်ချမ်းသာ သည် ။ သူများ ဒုက္ခ ရောက် တာ မနာလို ၍ ဝမ်းမြောက်သူ တို့ ထက် လည်း မြင့်မြတ်သည် ။


ကဲ .. မျောက်ဆိပ်ပင် သတင်း ဤမျှ နှင့် ရပ်ပြီး ပိန်းနဲကွင်း ရွာ မရည်သန့်ကလေး သွား တွေ့ ကြဦးစို့လား ။ 


◾သော်တာ်ဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

နှလုံးသား တစ်မြွှာ ဖြာခနဲ


 ❝ နှလုံးသား တစ်မြွှာ ဖြာခနဲ ❞


တော်တော် ရက်စက်တဲ့ မိန်းမ ။ ကျွန်တော့် သူငယ်ချင်း ရဲ့ နှလုံး သား ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ် သွားအောင် လုပ်ခဲ့တဲ့ မိန်းမ ။ ကျွန်တော် သူ့ ကို မုန်းတယ် ၊ သိပ် မုန်းပါတယ် ။


( ၁ )


ကျွန်တော်တို့ တက္ကသိုလ် ကျောင်း တက်စဉ်တုန်း က သူ ဟာ အလှဆုံး ထဲ က တစ်ယောက် ပေါ့ ။


ကျွန်တော် လည်း သူ့ သတင်း ကြောင့် သူ့ ကို လိုက် ကြည့် ခဲ့ရဖူးပါတယ် ။


ကျွန်တော့် အမြင် မှာ သိပ် မလှပါဘူး ၊ ဒါတောင် တော်တော်များများ ရဲ့ အမြင် တော့ လှ သတဲ့ ၊ ချော သတဲ့ ။


ချောတယ် ဆိုတာ ကို တော့ ကျွန်တော် ဝန်ခံချင်ပါတယ် ။ ဟုတ်တယ် ။ သူ့ အသား ဟာ ညက်ညက် ချောတယ် ။ ထိ မိ ဖူး လို့ ပြောတာပေါ့ ။


“ ကျွန်တော် က အကြံသမား ပဲ ”


တက္ကသိုလ် မှာ တုန်း က ကျွန်တော် သူငယ်ချင်းတွေ ကို အကြံ ပေး တယ် ၊ တလွဲ ချည်း ပဲ ။ ကျွန်တော် ကိုယ်တိုင် ကြံတယ် ၊ မအောင်မြင်ပါဘူး ။


ကျွန်တော့် ဘာသာ တိုးတိုးတိတ်တိတ် ကျိတ် ကြံ တာမျိုးပေါ့ ။ 


အဲဒါကလည်း သိပ်တော့ မကောင်းလှဘူး ၊ မကောင်းပေမယ့် ကိုယ့် စိတ် ကို ဖြေသာရုံကလေးတွေ ထင်မြင်ပါသည် ။


ဆိုပါတော့ ။ သူ ၊ သူ့ နာမည် ဆင့်ဆင့် တဲ့ ။ ဒါက လွှဲ ပြောထားတာ ၊ ဆင့်ဆင့် ထား လိုက်ပါတော့ ။


ခပ်ဆင်ဆင် တော့ တူ ပါတယ် ။


ဆင့်ဆင့် ချောတယ် ၊ လှတယ် လို့ သတင်း ကြီး နေလို့ ကျွန်တော် လိုက် ကြည့် ဖူးတယ် ။


လိုက် ကြည့် တယ် ဆိုတာ လိုက် စကား ပြောတာ မဟုတ်ပါဘူး ၊ လိုက် ပြီး ကြည့် ရုံ ကြည့် တာပါ ။


ရည်းစား စကား လည်း တစ်ခါ မှ မပြောဖူးပါဘူး ။ ဒါပေမဲ့ သူ့ အသား ကို ထိ ကြည့်ဖူးတယ် ။


ဆန်းဆန်းပြားပြား မတွေးပါနဲ့ ။


သူ က လည်း ကျွန်တော် သူ့ အသား ကို ထိဖူးတယ် ဆိုတာ သိချင် မှ သိ မှာ ။


မတော်တဆပါလေ လို့ ထင်ချင် ထင်မှာ ၊ ဒါမှမဟုတ် သူ က အပါး ပဲ ။ ကျွန်တော် သူ့ ကို တမင် ထိ တာလို့ သိချင် သိ နေမှာပေါ့ ။ 


အတန်းတွေ ကို ပြောင်းပြောင်း တက် ရတယ် မဟုတ်လား ။ သိပ် ဝေးဝေးကြီး ပြောင်း ရ တာတော့ မဟုတ်ပါဘူး ။ တစ်ခန်း နဲ့ တစ်ခန်း မလှမ်းမကမ်း ပေါ့  ။


ဥပမာ - အင်္ဂလိပ်စာ ဆို အေ ၁ဝ မှာ တက် ရတယ် ဆိုပါတော့ ။ လောဂျစ် ကို အေ ၄ မှာ တက် ရတယ် ။


တိတိကျကျတော့ မမှတ်မိတော့ဘူး ၊ အဲသလို အခန်း တစ်ခန်း က နေ နောက် တစ်ခန်း ပြောင်း တက် ရတာ ကိုပဲ မှတ်မိပါ တော့တယ် ။ 


ကျွန်တော် ဘာ လုပ်တယ် ထင်သလဲ ။


အတန်း တစ်တန်း က နေ တစ်တန်း အကူး မှာ နေရာ ဦး သလိုလို နဲ့ သူ နဲ့ မထိ ထိ မိအောင် ကြိုးစားတာ ပါပဲ ။


ဘယ် ကျောင်းသား မှ အတန်း တစ်တန်း က နေ တစ်တန်း အကူးမှာ နေရာ ဦး လေ့ မရှိပါဘူး ။


ကျွန်တော် နဲ့ ကျွန်တော့် သူငယ်ချင်း အကြံသမား နှစ်ယောက် ပဲ နေရာ လိုက် ဦးတယ် ။


မိန်းကလေးတွေ က အတန်း အပြောင်း မှာ နေရာ ကောင်း ရအောင် ဦးလေ့ ရှိကြပါတယ် ။


ဒီတော့ အတန်း တစ်တန်း လွှတ်ပြီဟေ့ ဆိုတာနဲ့ ရှေ့တန်း က မိန်း ကလေးတွေ ဟာ ဝေါခနဲ ထ ပြီး ပြေး ကြတယ် ။


တချို့တလေ ပဲ ခပ်မှန်မှန် သွားတယ် ။


ခပ်မှန်မှန် သွားတဲ့ အထဲ မှာ ဆင့်ဆင့် ပါတယ် ။


ကျွန်တော် တို့ က ပြေးတယ် ၊ မိန်းကလေးအုပ် ကို အမီ ပေါ့ ။ ‘ ငပေါတွေ ’  လို့ သြဘာ ပေးတာ ကို ကျွန်တော်တို့ သဘောကျစွာ ခံယူ လိုက်ပါသည် ။


မိန်းကလေးအုပ် ရဲ့ နောက် နား မှာ ဆင့်ဆင့် တို့ သူငယ်ချင်း တစ်စု ရှိတယ် ။


သူတို့ အစု ကြား ထဲ ကျွန်တော် ဖြတ်တယ် ။ မပြေးရုံ တစ်မည်ပေါ့ ။ အဲဒီလို သွားရင်း ၊ ဖြတ်ရင်း မတော်တဆ ထိ မိ သလို ခိုက် မိ သလို နဲ့ ဆင့်ဆင့် ကို ကျွန်တော် ထိ ထိ သွား ခဲ့ပါတယ် ။


‘ အကြံသမား ’ နှစ်ယောက် ဆိုတာ ကျွန်တော် နဲ့ စိုးအောင် ပါ ။ 


စိုးအောင် ဟာ ဆရာ ဇော်ဇော်အောင် ရဲ့ ဇာတ်လိုက် စိုးအောင် လို ပဲ ရုပ် ဖြောင့်တယ် ၊ သန်စွမ်းတယ် ၊ ဖျတ်လတ်တယ် ၊ လျင်တယ် ။ 


ဒါပေမဲ့ စိုးအောင် ဆိုတဲ့ ကောင်ဟာ ဆင့်ဆင့် အကွက် ထဲ လည်း ဝင် မိရော ကယောင် ဖြစ်သွား ရှာပါတယ် ။


ဆင့်ဆင့် ခိုင်း သမျှ ၊ ဆင့်ဆင့် ဆို သမျှ ၊ ဆင့်ဆင့် အမိန့်ပေး သမျှ - 


အို - အားလုံး ဆင့်ဆင့် -


တစ်လောက လုံး ဆင့်ဆင့် ။


တစ်ဆင့် တည်း ဆင့်ပြီး ၊ တစ်ဆင့် ပြီး တစ်ဆင့် ။ 


ငပေါကြီး ဖြစ်သွား ရှာတယ် ။


ကျွန်တော့် သူငယ်ချင်းကို ကျွန်တော် ဒီလောက် နှိမ် ပြောတာတော့ မကောင်းဘူး ပေါ့ ။


ဒါပေမဲ့ မတတ်နိုင်ဘူး ။ ကျွန်တော့် သူငယ်ချင်း စိုးအောင် ဟာ တဖြည်းဖြည်း နဲ့ ဆင့်ဆင့် ရဲ့ ခိုင်းဖတ် ဖြစ်သွား ရှာတယ် ။


ဆင့်ဆင့် က သူ့ ကို ချစ်ပြီလား ၊ သူ နဲ့ ဆင့်ဆင့် ဖြစ် နေကြပြီလား မေး တော့ စိုးအောင် သက်ပြင်းပဲ ချ နိုင်တယ် ။


တိတိကျကျ မချစ်ကြသေးဘူး ၊ ချစ်သလိုလို ဘာလိုလို ပဲ တဲ့ ။ 


စဉ်းစားကြည့်ပါ ။


ညနေ ဆို စိုးအောင် ဟာ ရေမိုးချိုး သပ်သပ်ရပ်ရပ် ဝတ်စားပြီး ဆင့်ဆင့် တို့ အဆောင် ကို သွားတယ် ။


ဒီကောင် က ချွေးထွက် များလေ့ ရှိတယ် ။


ကျန်းမာရေး ကောင်းတယ် ။ ချွေးထွက် များတော့ တစ်ခါတလေ သူ့ ကိုယ် က ချွေးစော်တွေ နံ နေ တတ်တယ် ၊ ချွေးသုတ် တဲ့ မျက်နှာသုတ် ပဝါကလေး ကို သူ အမြဲ ဆောင် ထားရတယ် ။


ညနေစောင်း အတန်းတွေ ပြီးတဲ့ အချိန် ကျ ရင် ဒီကောင် အဆောင် ကို တန်း ပြေးတာပဲ ။ ကျွန်တော်တို့ နဲ့ လေ ပစ်တာတို့ ဘာတို့ မလုပ်တော့ ဘူး ။


အဆောင် မှာ ရေချိုးတယ် ၊ ဆပ်ပြာ ကို နှစ်ခါပြန် လောက် တိုက် တယ် ။ ရေချိုး ပြီးတော့ ချိုင်းကြားတို့ ဘာတို့ မှာ ပေါင်ဒါ ထည့် တယ် ၊ ချွေးနံ့ ကို အတန်အသင့် ထိန်း နိုင် တာပေါ့ ။


စွပ်ကျယ်အင်္ကျီ မှာ လည်း ပေါင်ဒါတွေ ဖြူးတယ် ၊ ပြီးမှ သူ့ အကောင်းဆုံး ဝတ်စုံ သုံးစုံ လောက် ထဲ က တစ်စုံ ဝတ်တယ် ။ အဆောင် ထမင်း ကို ကမန်းကတန်း စားပြီး ၊ ဆင့်ဆင့် တို့ အဆောင် ကို ပြေးတော့တာပဲ ။


ဒါတွေ ကို ကျွန်တော် က ဘာလို့ သိ နေရသလဲ ဆိုတော့ အစပိုင်း ဆင့်ဆင့် နဲ့ ဒီကောင် နဲ့ ပြေလည်ခါစ ဆင့်ဆင့် အဆောင် ကို အလည် သွား တော့ ကျွန်တော် က သူ့ အဖော် အဖြစ် နဲ့ လိုက်ဖူးလို့ပါ ။


ကျွန်တော် က တော့ ဒီကောင် ဆင့်ဆင့် အဆောင် ကို အလည် သွား မယ် ဆိုရင် မိန်းကလေး အဆောင် ထဲ မှာ အူကြောင်ကြောင် မဖြစ်အောင် ဘေး က ထိုင် ပေး ရတဲ့ ကောင်ပဲ ။


ကျွန်တော့် မှာ ရင်ခုန်စရာ မရှိပါဘူး ၊ ဆင့်ဆင့် တို့ အဆောင် မှာ ကျွန်တော် ကြိုက်တဲ့ မိန်းကလေး မရှိပါဘူး ။


အဲ - ရှိတော့ ရှိပါတယ် ။ ဒါပေမဲ့ ကျွန်တော် မစွံဘူး ၊ သူ့ အတွဲ နဲ့ သူ ဖြစ်နေပါပြီ ။


ဒီတော့ ကျွန်တော် က စိုးအောင် ရဲ့ အဖော် အဖြစ်နဲ့ ခဏ လိုက် ပေး ရတာပါ ။ မိန်းကလေးဆောင် ရဲ့ ဧည့်ခန်း မှာ တစ်ယောက် တည်း ငေါင် စောင်းစောင်း ထိုင် စောင့် ရမယ့် အစား ကျွန်တော် က အဖော် အဖြစ် လိုက် ထိုင် ပေးတာ ၊ အဆောင်သူ တချို့ ကို လည်း ကျွန်တော် ကြည့်ခွင့် ရတာပေါ့ ။


အဆောင် ကို သွား လည်ခွင့် ရတာလည်း ကျွန်တော့် လုံ့လ ပါပါ တယ် ။


တစ်နေ့ ကျောင်း စောစော ဆင်း လို့ ဆင့်ဆင့် ဟာ အဆောင် ကို မပြန် သေးဘဲ ကမာရွတ် လှည်းတန်းထိပ် သွားပါတယ် ။ ကျွန်တော်တို့ နှစ်ယောက် ဆင့်ဆင့် တို့ နောက် မယောင်မလည် လိုက် သွားကြပါတယ် ။


လှည်းတန်း မှာ ဆင့်ဆင့် က ပလတ်စတစ်ပစ္စည်း နည်းနည်းပါးပါး ဝယ်တယ် ။


ကျွန်တော် က ဆင့်ဆင့် ကို ခုမှ တွေ့ သလိုလို နဲ့ နှုတ်ဆက် တယ် ။ ဆင့်ဆင့် က တော့ မျက်နှာထား တည်ရာ က နေ ပြုံး ရုံပဲ ပြုံး ပြ ပါတယ် ။ 


“ ဘာတွေ လာ ဝယ်တာတုံး ” လို့ ကျွန်တော် က တရင်းတနှီး လေသံ နဲ့ မေးတယ် ၊ ဆင့်ဆင့် က မဖြေချင် ဖြေချင် နဲ့ ။


“ ပန်းကန်လေး ဘာလေးပါ ” လို့ ဖြေတယ် ။ သူ့ လက် ထဲ မှာ ပလတ်စတစ် ပန်းကန် သေးသေးလေး နှစ်ချပ် တွေ့ ရတယ် ။ ဇွန်း သေးလေးတွေ လည်း ဝယ်တယ် ။ သူတို့ ဘယ်လို အသုံးချမယ် ဆိုတာ ကျွန်တော် တွေး ကြည့် မနေတော့ပါဘူး ။


“ လှတယ်နော် ” လို့ ကျွန်တော် က ပြောတော့ ဆင့်ဆင့် သူငယ်ချင်း က -


“ ဘာ လှတာလဲ ” လို့ ခပ်စူစူ မေးတယ် ။


သူတို့ စိတ် ထဲ ကျွန်တော် က ဆင့်ဆင့် ကို လာ ကြိုးစား နေတယ် ပဲ ထင် သလား မသိဘူး ။ ကျွန်တော် ဆင့်ဆင့် ကို သိပ် မကြိုက်လို့ ရင်တုန် ပန်းတုန် မဖြစ်ဘဲ စကား စ နိုင်ခဲ့တာပေါ့ ။


“ အားလုံး လှတာပဲ ”


ကျွန်တော် က ရယ်ရွှန်း ဖတ်ရွှန်း ပြန် ပြောတယ် ။


စိုးအောင် က ကျွန်တော့် ကို လက် ကုတ်တယ် ။


ဒီမှာတင် ဆင့်ဆင့် က စိုးအောင် ကို ဂရုစိုက် မိတယ် ထင်ပါရဲ့ ၊ စိုးအောင် ကို တစ်ချက် ကြည့်တယ် ။


မဆိုးပါဘူး ။ ဆင့်ဆင့် ဟာ စွဲမက်စရာ ကောင်းတဲ့ အကြည့် မျိုး ကြည့် တတ် တယ် ။


စိုးအောင် က ခေါင်းကြီး ငုံ့ လိုက်တယ် ။


သူတို့ သိသွားကြပြီ ၊ စိုးအောင် ဆင့်ဆင့် ကို ကြိုးစား နေတယ် လို့ ။ ဆင့်ဆင့် မသိမသာ ပြုံးတယ် ။


သူ့ အပြုံး က လည်း ဆွဲဆောင်အား ရှိ တာပါပဲ ။


“ ရှင်တို့ က လောင်ချာတွေပဲ ”


ဆင့်ဆင့် ရဲ့ အဖော် က ပြောတယ် ၊ အဲဒီ မိန်းကလေး က ကျွန်တော် တို့ နဲ့ အတန်းချင်း မတူပါဘူး ။ တခြား ဘာသာတွဲ ယူတဲ့ မိန်းကလေး ။ 


“ ဟုတ်ပါတယ် ၊ မှန်ပါတယ် ၊ ကျွန်တော်တို့ က လောင် လည်း လောင် တတ်တယ် ၊ ချာ လည်း ချာတယ် ”


“ အဲသလို ကိုယ့် ကိုယ် ကိုယ် နားလည် ရင် ပြီးတာပါပဲ ” 


အဖော် မိန်းကလေး က ဆင့်ဆင့် ကို လက် တို့ပြီး သွားကြဖို့ ဟန် ပြင်တယ် ။


ကျွန်တော် က စိုးအောင် ကို ဆွဲ ပြီး သူတို့ နောက်နား ကပ် လိုက်ခဲ့တယ် ။


“ အဆောင် ကို လာ လည် ရ မှာလား ဟင် ”


ကျွန်တော် ပဲ အရဲ စွန့်ပြီး မေး လိုက်ရပါတယ် ။ 


“ မလည်ရပါဘူး ”


အဖော် မိန်းကလေး ပဲ ပြန် ပြောတယ် ။ 


“ အတင်း လာရင်ကော ” 


“ ရိုက်ထုတ်မှာပေါ့ ”


“ ဒါဖြင့် ပိုကောင်းတာပေါ့ ၊ ရိုက်ပြီး မှ သနား လာ မှာ ” 


“ ကိုဝဏ္ဏ ၊ တစ်တန်းတည်း သားချင်း နှောင့်ယှက်ဖို့ မကောင်းပါ ဘူး ၊ တကယ်ဆို သူများ နှောင့်ယှက် ရင် တောင် စောင့်ရှောက်ဖို့ ကောင်း တယ် ”


ဆင့်ဆင့် က တည်ငြိမ်တဲ့ လေသံ နဲ့ ပြန် ပြောတယ် ။


“ အဲဒါပါပဲ ၊ အဲဒါ လို ချင် နေတာ ၊ ကျွန်တော့် သူငယ်ချင်း က စောင့် ရှောက် ”


ကျွန်တော့် ကို စိုးအောင် က ပါးစပ် လှမ်း ပိတ်တယ် ။ ပြီးတော့ - 


“ ကျွန်တော် တောင်းပန်ပါတယ် ဗျာ ၊ ဒီကောင် က တော့ မဆင့် တို့ သိတဲ့ အတိုင်းပဲ ”


စိုးအောင် အမှတ်တွေ ဝင် ယူ လိုက်တယ် ၊ သူ ပြောပုံက ကျွန်တော် ဟာ ဗရုတ် တစ်ကောင် ဖြစ်ပြီး ၊ သူ က တော့ လူကောင်း သူကောင်း ပုံစံ မျိုး ၊ ကျွန်တော် အောင့်အည်း နေ လိုက် ရ ပါတယ် ။ သူငယ်ချင်း အတွက် အနစ်နာ နည်းနည်း ခံ လိုက်ရုံပေါ့ ။ သိက္ခာ သိပ် မကျပါဘူး ၊ ကျစရာ သိက္ခာ လည်း အများကြီး မှ မရှိတာ ။


“ ဟုတ်ပါတယ် ၊ ကျွန်တော် က ခုန သူ ပြောတဲ့ လောင်ချာ ပဲ လို့ ထား လိုက်ပါ ။ ဒီကောင် က မဆင့်ဆင့် နဲ့ သူငယ်ချင်း ဖြစ်ချင်တယ် ။ တစ်တန်း တည်းသားချင်း ပဲ ၊ ဖြစ်လိုက်ပါဗျာ သူငယ်ချင်း ”


ကျွန်တော် အဲဒီ နေ့ က ဘယ်လို အာရွှင် နေ မှန်း မသိပါဘူး ။ 


“ ကျောင်းသူ နဲ့ ကျောင်းသားတွေ ဟာ သူငယ်ချင်းတွေ ပဲ ပေါ့ ၊ ဒီ လောက် သိ ရရင် ရှင်တို့ ပြန် လှည့်ဖို့ ကောင်းပါပြီ ”


ဆင့်ဆင့် ဟာ အဲသလို စကားမျိုး တွေ တတ် ပါတယ် ။ ပြော ပြီးပြီး ချင်းပဲ သူတို့ ဆက် လျှောက် သွား ကြပါတယ် ။ သူ့ အဖော် က တော့ ကျွန်တော့် ကို မျက်စောင်း ထိုး သွားပါလေရဲ့ ။


“ မလှပါဘူး ”


စိုးအောင် ကျွန်တော့် ကို အဲဒီ နေ့ က ဆီချက်ခေါက်ဆွဲ ကျွေးတယ် ၊ လက်ဖက်ရည် တိုက်တယ် ။


အဲဒီက အစ လို့ ထင်ပါတယ် ။


( ၂ )


ဆင့်ဆင့် နဲ့ စိုးအောင် တို့ မျက်လုံးချင်း စကားတွေ ပြောကြတယ် နဲ့ တူပါရဲ့ ၊ သိပ် မကြာဘူး စိုးအောင် က ဆင့်ဆင့် တို့ အဆောင် ကို အလည် သွား ဖို့ ကျွန်တော့် ကို အဖော် ခေါ်တယ် ။


ကျွန်တော် က လည်း မျက်နှာ ပြောင်ပြောင် နဲ့ ပဲ လိုက် သွားတယ် ။ ဟုတ်တယ်လေ ။ ကျွန်တော် က ဆင့်ဆင့် တို့ အဆောင် က မိန်းကလေး တစ်ယောက် နဲ့ မှ မပတ်သက်ဘူး ၊ ရင်ခုန် စရာ လည်း မရှိဘူး ။ 


စိုးအောင် က တော့ လက်ဖျားခြေဖျားတွေ တောင် အေး နေတယ် ။ ဖြစ်မှာပေါ့လေ ၊ သူ ချောက်ချား နေတာ ကိုး ။


ပထမဆုံး နေ့ က ဆင့်ဆင့် စိုးအောင် ကို ထွက် တွေ့ ပါ့မလား လို့ စိုးရိမ် မိ သေးတယ် ။


ထွက် တွေ့ ပါတယ် ။ ကျွန်တော့် ကို မြင် တော့ ပြုံးတယ် ၊ စိုးအောင် ကို ပြုံးပြတာ မဟုတ်ဘဲ ကျွန်တော့် ကို ပြုံးပြတာပါ ။ သူ ပြုံးပုံ က လည်း လူပြက် တစ်ယောက် ကို မြင် လို့ ပြုံး တာမျိုး ။


“ ကဗျာစာအုပ် လာ ရောင်း တာပါ ”


ကျွန်တော် က အသင့် ပါ လာတဲ့ ကဗျာစာအုပ်ကလေး ကို ပြ လိုက်တယ် ။


“ ကိုဝဏ္ဏ က ကဗျာတွေ ဘာတွေ ရေး လို့လား ”


“ ကျွန်တော် ရေး တာ မဟုတ်ဘူး အာသာ ရေး တာလေ ၊ သိတယ် မဟုတ်လား ၊ အတန်းထဲက ‘ အာသာမပြေ ’ လေ ။ ဘယ်လောက် စားရ စားရ အာသာ မပြေတဲ့ကောင် ။ အင်္ဂလိပ် လို အာသာ ။ မြန်မာ လို ‘ အာသာ မပြေ ’ ။ တရုတ် လို လောရှည် ၊ ရုရှား လို ကျတော့ ဖွတ်ကျားစကီး ” 


ဆင့်ဆင့် မပွင့်တပွင့် ရယ် ပါတယ် ။


ကျွန်တော် နေ့လယ် က အတန်း ထဲ မှာ တစ်ခါ နောက် မိ တာ ကို သူ သတိရ သွားတယ် နဲ့ တူပါရဲ့ ။


ဆရာ က လည်း ကျွန်တော်တို့ ငိုက် လာလို့ ပျော်စရာ စကားလေး တစ်ခွန်း ပြောတာပါ ။


ဆရာ က -


“ ဆောခရတ္တိ ရဲ့ အဖေ ဘယ်သူလဲ သိကြလား ” လို့ မေးပါတယ် ။ 


ကျွန်တော် က အမေရိကန် ရုပ်ရှင်ကားတွေ ထဲ က အမေရိကန် ကျောင်းသားတွေ လက်ထောင်ပုံ မျိုး နဲ့ လက် ကို ပြား လိုက်ကြီး ထောင် လိုက် ပါတယ် ။


“ ဟား ၊ တယ် ဟုတ်ပါလား ။ မင်း က ဆောခရတ္တိ ရဲ့ အဖေ ဘယ်သူ လဲ သိတယ် ၊ ကဲ ပြောစမ်းပါဦး ဘယ်သူလဲ ”


“ ကာကူးဗန္ဓုလ ကျော်စိန် ပါ ”


ကျွန်တော် တို့ အတန်း ထဲ က တရုတ်ကပြား သူငယ်ချင်း ရဲ့ နာမည် ကို ပြော လိုက်ပါတယ် ။


ကျော်စိန် က ပွစိပွစိ နဲ့ ခပ်တိုးတိုး ဆဲ ပါတယ် ၊ ကျောင်းသူကျောင်းသားများ ရယ်ပါတယ် ။


“ ကဲ - ကျော်စိန် ခင်ဗျား သား အကြောင်း ခင်ဗျား ပဲ နည်းနည်း ပြောပြစမ်းပါဗျာ ”


ဆရာ က ဆက် လှုပ် လိုက်ပါတယ် ။ 


ကျော်စိန် က -


“ ကျွန်တော် နဲ့ ဘာမှ မဆိုင်ဘူး ဆရာ ”


ကျွန်တော် က -


“ မယားပါသား မယားပါသား ” လို့ အော်ပါတယ် ။


တစ်တန်းလုံး ရယ်ကြပါတယ် ။


ဆရာ က -


“ ကဲ - တော်လောက်ပါပြီ ၊ အိပ်ငိုက်လည်း ပြေ လောက် ပါပြီ ။ စာ ဆက် သင်ရအောင် ”


အဲဒါကို သတိရ လို့ နဲ့ တူ ပါတယ် ။ ဆင့်ဆင့် က ကျွန်တော့် ကို ပြောပါတယ် ။


“ ကိုအာသာ ရဲ့ အဖေ ကော ကိုဝဏ္ဏ သိ လား ”


“ သိပ် သိတာပေါ့ ၊ ဗန္ဓုလ ကျော်စိန် ပဲ ”


သူ မပွင့်တပွင့် ရယ် ပြန် ပါတယ် ၊ အဲဒီအချိန် ထိ စိုးအောင် ကို စကား မပြောသေးပါဘူး ၊ စိုးအောင် က လည်း သွားကြီး ဖြဲပြီး တဟီးဟီး ဖြစ်နေ ပါတယ် ။


“ ကဗျာ စာအုပ် ဝယ် ရင် ပြန် မှာလား ”


ချုံခို တိုက်ကွက် ကို ဆင့်ဆင့် ပိုင် ထားပုံ ရပါတယ် ။ 


“ ဟင့်အင်း စိုးအောင် ပြန်ခါနီး မှ ရောင်းခဲ့မှာ ပါ ” 


ကျွန်တော် က လည်း လျှပ်တစ်ပြက် တန်ပြန် လိုက် ပါတယ် ။ မျက်စောင်းကလေး ထိုး ပါရဲ့ ၊ ကျွန်တော့် ကို လိုလို နဲ့ စိုးအောင် ကို ပါ ။


အဲဒီ ကတည်း က စိုးအောင် စ ပြီး ခံ ရတော့တာပါပဲ ။



နောက် ရက်တွေ မှာ ကျွန်တော် လိုက် မသွားရင် ကျွန်တော့် ကို မေး သတဲ့ လေ ။


“ ကိုဝဏ္ဏကြီး က ရယ်ရတယ် ”


အဲဒီတော့ ကျွန်တော် လည်း တစ်ခါတလေ လိုက် လိုက် သွားပါ တယ် ။


သူတို့ နှစ်ယောက် အတွက် ကျွန်တော် က ဇာတ်ပို့ လူရွှင်တော် အဖြစ်ပေါ့ ။


နောက်တော့ စိုးအောင် ပဲ ညနေတိုင်း ရေချိုး ပေါင်ဒါ လူးပြီး သွား လေ့ ရှိပါတယ် ။


စိုးအောင် ဟာ ဆင့်ဆင့် ခိုင်း သမျှ လည်း အားလုံး လိုက်လျော ပါ တယ် ။ ဆေးလိပ် မသောက်ရဘူး ဆိုလို့ စိုးအောင် ဆေးလိပ် ဖြတ် ပါတယ် ။


ကျွန်တော်တို့ က တောင် နောက် ပါ သေးတယ် ။


“ မင့် ဟာကြီး က ဘတ်စ်ကား လား ၊ ဘိုင်စကုပ်ရုံ လား ၊ တစ်ခုခု ဖြစ် မှာပါကွာ ၊ ဆေးလိပ် မသောက်ရ ဆိုတာ ဘတ်စ်ကား ပေါ် နဲ့ ဘိုင်စကုပ်ရုံ ပဲ ကြားဖူးတယ် ၊ ဘတ်စ်ကား တောင် ဂိတ် မှာ ရပ်နေတုန်း သောက်လို့ ရသေးတယ် ”


“ အများပြည်သူ နဲ့ ဆိုင်တဲ့ နေရာတွေ မှာ ဆေးလိပ် မသောက်ရဘူးတဲ့ ကွ ။ ဒါကြောင့် မင်း ဆင့်ဆင့် ဟာ အများပြည်သူ နဲ့ ဆိုင်တာ ဖြစ်ရမယ် ” 


သူငယ်ချင်းတွေက အဲသလို နောက် တာ ကို စိုးအောင် မခံနိုင်ပါဘူး ။


“ ခွေးကောင်တွေ ခွေးစကား ပြောတယ် ”


စိုးအောင် ရှူးရှူးရှားရှား ပြန် ပြောခဲ့ပါတယ် ။


“ အေးလေ ၊ တို့ ခွေး ဖြစ်တာ အရေး မကြီးပါဘူး ။ မင်း နွား မဖြစ်ဖို့ အရေးကြီးတယ် ”


ကျွန်တော် အဲသလို ပြောခဲ့ဖူး ပါရဲ့ ။


( ၃ )


တစ်နှစ် ကုန် လို့ တစ်နှစ် ကူးခဲ့ ပါတယ် ။ စိုးအောင် နဲ့ ဆင့်ဆင့် တို့ ဟာ တတိယနှစ် ဝိဇ္ဇာတန်း မှာ စ သိ ခဲ့ကြတာပါ ။


ကျောင်း ပိတ်ခါနီးတော့ ကျွန်တော် က စိုးအောင် ကို မေးတယ် ။ 


“ ဆင့်ဆင့် နဲ့ မင်းနဲ့ အတိအလင်း ဖြစ် သွား ကြပြီလား ” 


စိုးအောင် ခေါင်းမညိတ် ခေါင်းမခါ ခပ်တွေတွေ နဲ့ ညနေစောင်း နှင်းမှုန်ကလေးတွေ ကို ကြည့် နေ ပါတယ် ။ ပြီးတော့ သက်ပြင်း ချ ပါတယ် ။ ဘာမှ ပြန် မပြောဘူး ။


“ မင်း ဟာ က မပြတ်မသား နဲ့ကွာ ၊ မင်း သူ့ ကို ပြောပြီးပြီ မဟုတ်လား ”


“ ပြောတာတော့ ပြောပြီးပါပြီ ” 


“ သူ က ဘာတဲ့လဲ ” 


“ ဖြည်းဖြည်းပေါ့ တဲ့ ”


“ မင်းတို့ ဟာ က ဇာတ်မျောကြီး ဖြစ်လိမ့်မယ် ထင်တယ်ကွာ ” 


စိုးအောင် က တွေဝေ ငေးမော သွားပါတယ် ။ ပြီး ... ။ 


“ သူ ငါ့ ကို မချစ်တာတော့ မဟုတ်ဘူးကွ ”


“ ဒါပေမဲ့ ချစ်ပါတယ် လို့ တော့ မပြောသေးဘူး ဆိုပါတော့ ” 


“ အင်း ... ”


အင်း - ရှည်ကြီး ကို ညည်း လိုက်တယ် ။


“ ဘာတဲ့လဲ ၊ သူ့ မိဘတွေ သဘော တူ ထားတဲ့လူ ရှိလို့တဲ့လား ” 


“ အဲသလို လည်း မဟုတ်ဘူး ”


“ ဒါဖြင့် ဘာဖြစ်လို့တဲ့လဲ ”


“ သူ ငါ့ ကို တစ်သက်လုံး ချစ်သွားနိုင်ပါ့မလား လို့ သူ့ ကိုယ် သူ မသေချာသေးလို့ တဲ့ ”


“ ဒါ သက်သက် ကြိုး ရှည်ရှည် နဲ့ လှန်တဲ့ သဘောပဲ ၊ မင်း ပြတ်ဖို့ လိုပြီ ထင်တယ် စိုးအောင် ”


စိုးအောင် ခေါင်း ခါတယ် ၊ စိတ်ဓာတ် ကျနေတဲ့ ပုံမျိုး ။


“ ငါ လည်း ဘာမှ မပြောတတ် တော့ပါဘူးကွာ ၊ ငါ သူ့ ကို ချစ်တာ တော့ သေချာပါတယ် ”


“ ဒီတစ်ခါ ကျောင်း မပိတ် ခင် သူ့ ဆီ က ပြတ်ပြတ်သားသား အဖြေ ရ အောင် တောင်းကွာ ၊ မရရင် မင်း က စ ပြီး ဖြတ် လိုက်တာပေါ့ ” 


“ ငါ ကတော့ သူ့ ကို စ ပြီး မဖြတ်နိုင်ဘူး ကွာ ”


“ ဒါဆိုလည်း နောက် တစ်နှစ် လောက် ဆက်ပြီး ခံ လိုက်ဦးပေါ့ ” 


“ ဘယ်နှစ် ဖြစ်ဖြစ် ငါ စောင့်နိုင်ပါတယ် ကွာ ”


“ မင်း ချိုပေါက်လာပြီ ထင်တယ် စိုးအောင် ၊ မြက် ပဲ စားတော့ ။ ကျောင်းဝင်း ထဲ မှာ မြက်တွေ အများကြီးပါကွာ ”


ကျွန်တော် လည်း စိုးအောင် ကို အားမလို အားမရ ဖြစ် လာတာ နဲ့ ပြော ပစ်လိုက်တယ် ။ သူ ကျွန်တော့် ကို စိတ် မဆိုးပါဘူး ။ 


“ နောက် နှစ်တော့ အဆင်ပြေတန် ကောင်းပါရဲ့ ကွာ ” 


သူ့ လေသံ က ပျော့ လွန်းတယ် ။


ဆောင်းဦး ရဲ့ ညချမ်း ဟာ ကမန်းကတန်း ရောက် လာ ပါတယ် ။ 


အဲဒီ နှစ် ကျောင်း အပိတ် မှာ သူတို့ ချင်း စာ အဆက်အသွယ် ရှိခဲ့ ကြတယ် တဲ့ ၊ ဘာတွေ ရေးကြတယ် တော့ မသိဘူး ။ ကျွန်တော့် စိတ် ထင် တော့ ဆင့်ဆင့် က ဝေ့လည်ကြောင်ပတ်တွေ ပဲ ရေး ပေး မှာပါ ။ 


ဟိုကောင် စိုးအောင် ငနွား က တော့ လွမ်းစာခွေတွေ ပါး မှာ ပေါ့ ။


( ၄ ) 


နောက် တစ်နှစ် လည်း ဒီလိုပဲ အီးရောအီးရော နဲ့ ကုန်သွား ပြန်ပါတယ် ။


စိုးအောင် က ဆင့်ဆင့် ဆီ အမြဲ သွားတယ် ။


ကျောင်း အားချိန် မှာ လည်း သူတို့ တတွဲတွဲ ပဲ ။


အားလုံးကတော့ စိုးအောင် နဲ့ ဆင့်ဆင့် ဖြစ်နေကြပြီ လို့ ထင်ထားကြတယ် ။


ကျွန်တော် က တော့ စိုးအောင် နဲ့ လက်ပွန်းတတီး နေတာမို့ ဆင့်ဆင့် ဆီ က ပြတ်သားတဲ့ အဖြေ မရသေးဘူး ဆိုတာ သိ နေတယ် ။ 


ခက်တာ က စိုးအောင် ကို နားချလို့ မရတာပဲ ။


“ ချစ်တယ် လည်း မဟုတ် ၊ မချစ်ဘူး လည်း မဟုတ်နဲ့ မင်းတို့ ကိစ္စ ငါ တော့ စိတ် ကုန်တယ် စိုးအောင် ၊ ငါ့ ကို လာ လာ ငို မပြနဲ့တော့ ။ မင်း ထိုက် နဲ့ မင်း ကံ ပဲ ”


“ ငါ့ မှာ ရင်ဖွင့် ပြောရမယ့် လူ မရှိဘူးကွာ ။ မင်း တစ်ယောက် တည်း ကိုပဲ ငါ ပြောတာပါ ။ တခြား လူတွေ မေး ရင် ပြော ရင် ငါ ပြုံး နေလိုက် တယ် ။ တချို့ ညတွေ ကျရင် ငါ ငို မိ တယ်ကွာ ၊ မရှက်ပါဘူး ။ သူ့ ကို ငါ ဘာဖြစ်လို့ ဒီလောက် ချစ်မိရသလဲ မသိဘူး ”


စိုးအောင် က ဆွေးဆွေး မြည့်မြည့် ပြော လာတော့ ကျွန်တော့် သူငယ်ချင်း အတွက် စိတ် မကောင်း ဖြစ်ရ ပြန် ပါ ရော ။


တစ်ခါတလေ ကျ ဆင့်ဆင့် ကို ကျွန်တော် သွား တွေ့ပြီး စိုးအောင် ကို ချစ်သလား မချစ်ဘူးလား မြန်မြန် ပြောဗျာ လို့ မေး လိုက် ချင်စိတ် ပေါက် လာ တတ်ပါတယ် ။ သူ့ အတွက် အားမလို အားမရ ဖြစ်လွန်း လို့ပါ ။


ဒါပေမဲ့ အဲသည် နှစ် လည်း ဒီလိုပဲ ကုန် သွားခဲ့ပြန်ပါတယ် ။ နောက်ဆုံးနှစ် စာမေးပွဲတွေ ဖြေ ပြီးတော့ စိုးအောင် ကို ကျွန်တော် ဇွတ် လွှတ် လိုက် တယ် ။


“ မင်း သွားတွေ့  ၊ ပြတ်သားတဲ့ အဖြေ တောင်း ၊ ဒါ နောက်ဆုံး အခွင့် အရေးပဲ ။ ခုထိ မရေမရာ ဆိုရင်တော့ သူ့ မျက်နှာ တည့်တည့် ကြည့်ပြီး ပက်ပက်စက်စက် ပြော ပစ်ခဲ့ ။ ဒါ ဇာတ်သိမ်းခန်းပဲ ။ နောက်နောင် လည်း ဒီကောင်မ အတွက် တွေး မနေ နဲ့တော့ ။ မင့် ကောင်မက  တိုက် တစ်လုံး ၊ ကား တစ်စီး တစ်လ ဝင်ငွေ ရှစ်ထောင် လောက် ကို မှန်း နေတာပဲ ဖြစ် ရ မယ် ”


အဆောင် ရှေ့ ကို ရောက်တော့ စိုးအောင် တွေ ပြီး ရပ် နေ သေးတယ် ။ ကျွန်တော် က အတင်း တွန်း လွှတ်ရင်း -


“ မင်း သွား မမေးရင် ငါ သွား မေးမယ် ”


ဆိုတော့ မှ ဒီကောင် ဖြည်းဖြည်းလေးလေး အဆောင် ထဲ ဝင် သွား တယ် ။ အဆောင် ရှေ့ ကံ့ကော်ပင် အောက် မှာ ကျွန်တော် ထိုင် စောင့် နေ တယ် ။


ညနေစောင်း ဧည့် ပြန်ချိန် ကျ မှ စိုးအောင် ပြန် ထွက် လာတယ် ။ ဆင့်ဆင့် က အဆောင်ဝ ထိ လိုက် ပို့တယ် ။ ကျွန်တော့် ကို လည်း ပြုံးပြ နှုတ်ဆက် ပါတယ် ။ ကျွန်တော် မျက်နှာကြောတွေ တင်း နေ မှာပါ ။ သူ့ ကို ကျွန်တော် သရော် တဲ့ အပြုံးမျိုး ပြုံးပြ မိခဲ့ သလား မသိဘူး ။ 


လမ်း မှာ စိုးအောင် ကို မေး တော့ -


“ သူ ငါ့ ကို ချစ်ဖို့ ကြိုးစားပါတယ် တဲ့ ၊ စာ ရေး လိုက်မယ် တဲ့ ” 


“ အဲဒီ စာ ဝါးလုံးခေါင်း ထဲ ဝင် သွားမှာပဲ ။ အလကား ကောင်မပါ ကွာ ၊ မင်း ကို ခိုင်းဖို့ သက်သက် တွဲ တာပါ ၊ တက္ကသိုလ် မှာ နေတဲ့ အချိန် အတွင်း အစေခံ တစ်ယောက် ကို အခမဲ့ ငှား သလိုပေါ့ ။ အဲဒီ အစေခံ က နှုတ်ခမ်းနီ တို့ ၊ အဝတ်အစား တို့ ၊ စာအုပ် တို့ တောင် ပြန် ပေးရသေးတယ် မဟုတ်လား ”


“ ဒီလိုတော့ မပြောပါနဲ့ ဝဏ္ဏ ရာ ။ သူ ငါ့ ကို ဘာ တစ်ခု မှ မပူဆာဖူးပါဘူး ”


“ မင်း က အလိုက်တသိ ဝယ်ခြမ်း ပေးခဲ့တယ်ပေါ့ ” 


“ ငါ့ မတ်ေတာ ငါ့ စတေနာ နဲ့ ပါ ”


“ အရူး ၊ အပေါ ၊ မင်း နွား ထက် အောက်တန်းကျတယ် ” 


“ ပြောချင်ရာ ပြောတော့ သူငယ်ချင်း ၊ ငါ ဟုန် နေပြီ ” 


အဲဒီတုန်းက မိုးတွေ သည်းကြီးမည်းကြီး ရွာ ခဲ့တာကို မှတ်မိ နေ ပါတယ် ။


( ၅ )


ကျောင်း က ထွက်ပြီးတဲ့ နောက် ကိုယ့်နည်း ကိုယ့်ဟန် နဲ့ လှုပ်ရှား နေ ကြရတဲ့ အတွက် အဆက်အသွယ်တွေ တဖြည်းဖြည်း ဝေးသွား ကြပါ တယ် ။


စိုးအောင် က ကုန်သွယ်ရေးဌာန မှာ ဝင် လုပ်တယ် ။ ပထမ နေ့စား ၊ နောက် လခစား ၊ နောက် ဌာနတွင်း စာမေးပွဲတွေ ဖြေရင်း အရာရှိ ပေါက်စ အဖြစ် နဲ့ နယ်တွေ လျှောက် သွားရ သတဲ့ ။


ဆင့်ဆင့် က တော့ စာရင်းကိုင် ဒီပလိုမာ တစ်ခု ဆက် တက် သတဲ့ ။ နောက် အစိုးရ အလုပ် ဝင်တယ်တဲ့ ၊ ဘယ် ရောက် သွားသလဲ ဆိုတာ မသိ ရပါဘူး ။


သူတို့ချင်း အဆက်အသွယ် ရှိ မရှိ လည်း မသိရတော့ဘူး ။ 


လွန်ခဲ့တဲ့ ဆယ်နှစ် လောက် က သူငယ်ချင်း တစ်ယောက် က အကြောင်း ကြားလို့ စိုးအောင် လက်ထပ်တော့မယ် ဆိုတာ သိ ရတယ် ။ 


မှော်ဘီ မှာ တဲ့ ၊ မှော်ဘီ က မိန်းကလေး တစ်ယောက် နဲ့ ပဲ တဲ့ ။


ဒါဆို ဒီကောင် ဆင့်ဆင့် ရဲ့ စက်ကွင်း က လွတ် သွားပြီပေါ့ လို့ ကျွန်တော် ထင်ခဲ့တယ် ။ ဆင့်ဆင့် သတင်း တော့ ဘာမှ မကြားရပါဘူး ။ 


သူငယ်ချင်း တွေ ချိန်းစုပြီး မှော်ဘီ က စိုးအောင် ရဲ့ မင်္ဂလာဆောင် ကို သွား ကြတယ် ။ ကျွန်တော်တို့ တစ်ည ကြို ရောက်တယ် ။


အဲဒီ ည မှာ လူပျိုည ဆိုပြီး သောက်ကြတယ် ၊ ကျွန်တော်တို့ က တော့ ဆင့်ဆင့် အကြောင်း စကား မစကြေး ဆိုပြီး တိုင်ပင် ထားကြတယ် ။ ဒါပေမဲ့ စိုးအောင် နည်းနည်း မူး လာတဲ့ အချိန်မှာ သူ ကိုယ်တိုင် ပဲ ဆင့်ဆင့် နဲ့ ပတ်သက်ပြီး ပြော ပြတယ် ။


ကျောင်း က ထွက်ပြီး သူ စာ အဆက်အသွယ် လုပ်ပါတယ် တဲ့ ။ ဆင့်ဆင့် က လည်း စာ ပြန်ပါ သတဲ့ ။ တစ်နှစ် လောက် ကြာ တော့ ‘ မေ့လိုက် ပါတော့ ’ ဆိုတဲ့ စာ လာ သတဲ့ ။ ဒါနဲ့ သူ လည်း နယ်စွန်နယ်ဖျား တွေ မှာ သွား အမှုထမ်း နေလိုက် သတဲ့ ။ ခုတော့ မှော်ဘီ မှာ တာဝန် ပြန် ကျတယ် ။ ဒီ က မိန်းကလေး တစ်ယောက် နဲ့ ရည်ငံတယ် ၊ ယူကြတယ် ။ ဒါပေမဲ့ သူ ဆင့်ဆင့် ကို မမေ့နိုင်သေးဘူး ၊ တစ်သက်လုံး သတိရ နေမယ် လို့ ပြောတယ် ။


တစ်ယောက် တစ်ပေါက် နဲ့ သူ့ ကို ဆဲကြ ဆိုကြတယ် ။ တချို့ သူငယ်ချင်း က လည်း ရွှေပြည်အေးတရား ဟောတယ် ။ စိုးအောင် က တော့ ပြော သမျှ ငုံ့ ခံပြီး သူ ဆင့်ဆင့် ကို မမုန်းပါ ၊ မမေ့ပါ လို့ ပဲ ပြောနေတယ် ။ သား နဲ့ မယား နဲ့ ကြာ လာ လျှင် တော့ ဒါတွေ ပြီးသွားမှာပါ လို့ ကျွန်တော် ထင် မိတယ် ။


( ၆ )


လွန်ခဲ့တဲ့ နှစ်ပတ် လောက် က ကျွန်တော် မမျှော်လင့်ဘဲ ဆင့်ဆင့် ကို ပြန် တွေ့ ရတယ် ။


ကိစ္စ တစ်ခု ရှိလို့ ရုံး တစ်ရုံးကို သွားရင်း နဲ့ ပါ ။ ရုံး ထုံးစံ အတိုင်း အဆင့်ဆင့် တင်ပြရ  ပါတယ် ။


ရုံးအုပ်စာရေးကြီး က  ကျွန်တော့် ကို သိ နေလို့ သက်ဆိုင်ရာ အရာရှိ နဲ့ ကိုယ်တိုင် ဝင်တွေ့ လိုက်ပါ ဆိုလို့ အဲဒီ သက်ဆိုင်ရာ အရာရှိ ရုံးခန်း ကို သွား ရပါတယ် ။


တံခါး ကို ဖွင့် အဝင် မှာ ပဲ ဆင့်ဆင့် ကို အရာရှိစားပွဲ မှာ တွေ့ လိုက် ရတယ် ။ သူ ကျွန်တော့် ကို တွေ့ တွေ့ ချင်း မှတ်မိ ပါတယ် ။


“ ဟင် ဘယ်က ဘယ်လို မျက်စိ လည်ပြီး ရောက် လာတာလဲ ကိုဝဏ္ဏ ”


ကျွန်တော် သိပ် မအံ့သြလှပေမယ့် ရုတ်တရက် ကြောင်ပြီး ကြည့်နေမိ ပါတယ် ။


“ ထိုင်လေ ... ”


ကျွန်တော် သူ့ ရှေ့ မှာ ဝင် ထိုင် လိုက်ပါတယ် ။


ကျွန်တော့် ကိစ္စ ကို မေး ပါတယ် ။ ပြီးတော့ သူ တတ်နိုင် သလောက် ကူညီ ပေးပါတယ် ။ ကျွန်တော့် ကိစ္စ အတွက် လိုအပ်တဲ့ စာရွက်စာတမ်း စသည်ဖြင့် တွေ ကို သူ့ တပည့် စာရေးမလေး ခေါ် ပြီး လုပ်ခိုင်း လိုက် ပါ တယ် ။ ပြီးတော့ -


“ မတွေ့တာ ကြာ လှပြီ နော် ၊ ငယ် သူငယ်ချင်းတွေ ပြန် တွေ့ ရတာ ဝမ်းသာပါတယ် ၊ အချိန် ရတယ် မဟုတ်လား ”


“ ရပါတယ် ”


“ လက်ဖက်ရည် သောက်နော် ၊ ကျကျ ပဲ လား ”


“ ဟုတ်ကဲ့ ”


လက်ဖက်ရည် မှာ ခိုင်း လိုက် ပါတယ် ။


“ ကျောင်း တုန်း က သူငယ်ချင်းတွေ ပြန် တွေ့ သေးလား ”


“ စုံစုံစေ့စေ့ တွေ့ တာ တော့ စိုးအောင် မင်္ဂလာ ဆောင် တုန်းကပါ ။ နောက်တော့ တစ်ခါတလေ မှ တစ်ယောက် စ ၊ နှစ်ယောက် စ တွေ့ တော့ တယ် ”


သူ့ ကို ကျွန်တော် ခပ်ထေ့ထေ့ ပြော မိပါတယ် ။ စိုးအောင် ရဲ့ နှလုံးသား ကို အစိမ်းလိုက် ခွဲခဲ့တဲ့ မိန်းမ မဟုတ်လား ။ နည်းနည်း တော့ ငေါ့ ချင် သေးတယ် ။ 


“ ဪ ... ”


သူ့ မျက်နှာ ညှိုးရိပ်တွေ သန်း သွားပါတယ် ။ နည်းနည်းတော့ ထိ သွားမှာပေါ့ ။


“ ကျွန်မ လည်း ကြိုပြီး မသိရ လို့ အဲဒီ မင်္ဂလာပွဲ ကို မတက်ဖြစ်ခဲ့ ဘူး ။ သူ လက်ထပ်မယ့် ရက် ကို သိခဲ့ရရင် ကျွန်မ ရောက်အောင် သွားပါ တယ် ၊ မှော်ဘီ မှာ ဆို ”


“ မဆင့်ဆင့် သွားလို့ ဘာ ထူးမှာလဲဗျာ ။ ပိုလို့ ဆိုး လာစရာ သာ ရှိ တော့မပေါ့ ”


“ ဒါက သူ့ ဘက်ကပဲ ကိုဝဏ္ဏ ရယ် ၊ ကျွန်မ က တော့ ဒီလောက် သွေး မနည်းပါဘူး ။ သူ့ မင်္ဂလာပွဲ ကို ကျွန်မ ကြည်ကြည်ဖြူဖြူ တည်တည် ငြိမ်ငြိမ် တက်ချင်ပါတယ် ”


ကျွန်တော် ဒေါသ ဖြစ် သွားတယ် ၊ သူ ကပဲ တစ်ပြန်ကြီး - 


“ အဲသလိုများ သွား ဖြစ်ခဲ့ရင် မင်္ဂလာပွဲ ပျက်နိုင်တာပေါ့ ” 


“ ဘာဖြစ်လို့လဲ ကိုဝဏ္ဏ ၊ သူ့ ကို ကျွန်မ ခွင့်လွှတ်ပြီး သွားမှာပါ ” 


“ ဗျာ ၊ မဆင့် က ပဲ သူ့ ကို ခွင့်လွှတ်ဦးမယ် ဟုတ်လား ” 


“ အင်းလေ သူ့ ကို ကျွန်မ ခွင့်လွှတ်ပါတယ် ။ ခုချိန် ထိ လည်း ကံ ကံ၏ အကြောင်းအကျိုး တရား လို့ ပဲ သဘော ထားပါတယ် ။ သူ့ ကို ကျွန်မ မနာကြည်း တော့ ပါဘူး ”


“ ဘယ်လို ”


“ သူ ကျွန်မ ကို စွန့်ခွာ သွားပေမယ့် ကျွန်မ သူ့ ကို မနာကြည်းဘူး လို့ ပြော တာပါ ”


“ ဟင် ... ”


ကျွန်တော့် ဦးနှောက် ချာချာလည် သွားပါတယ် ။


“ ကျွန်တော် မရှင်းဘူး မဆင့် ၊ သူ က မဆင့်ကို စွန့်ခွာ သွားတာလား ၊ မဆင့် က သူ့ ကို စွန့်ပစ်ခဲ့တာလား ”


“ ကိုဝဏ္ဏ ဘာမှ မသိဘူးလား ”


“ တစ်ခုပဲ သိတယ် ။ မဆင့် က သူ့ ဆီ ကို မေ့လိုက်ပါတော့ လို့ ရေးလိုက်တယ် ဆို ”


“ သူ က အဲသလိုပဲ ပြော သလား ”


“ အင်း ... ” 


“ ဪ ... ”


ဆင့်ဆင့် မျက်နှာ မှာ မဲ့ပြုံးကလေး ပေါ် လာပါတယ် ။ ခဏကြာ ငြိမ်သက် နေတယ် ။


ကျွန်တော် တစ်ခု ကို သဘောပေါက် မိတယ် ။


“ နေပါဦး ၊ မဆင့် က သူ့ ကို အဲသလို စာမျိုး မရေးခဲ့ ဘူးလား ” 


“ ပြီးသွားပါပြီ ကိုဝဏ္ဏ ပြီးခဲ့ပါပြီ ၊ သူ ပြောတာ ကို သာ ယုံ လိုက်ပါတော့ ”


“ နို့ မဟုတ်ဘူးလား ”


“ ဒီ အချိန် ရောက်မှတော့ ပြန် ရှင်းပြ မနေချင်တော့ပါဘူး ” 


“ မဟုတ်သေးဘူး မဆင့် ၊ ဒီ ကိစ္စ သာ ပြန်ပြင်လို့ မရတော့ ပေ မယ့် ကျွန်တော့် သံသယ ကို တော့ ဖျောက်ပေးပါ ၊ ကျွန်တော် မဆင့် ကို အချိန် ပြည့် မုန်းခဲ့ မိ တာပါ ”


“ ဆက်ပြီး မုန်း နေ လိုက် ပါတော့ ကိုဝဏ္ဏ ရယ် ” 


သူ့ မျက်နှာ ဟာ အသိဉာဏ် တစ်ခု ကို ပွင့်လင်းစွာ ရ လိုက်သလို ပြောင်း သွားပါတယ် ။ ကျွန်တော် နည်းနည်း ရှင်းစ ပြုပါပြီ ။ 


“ မဆင့် က သူ့ ကို စ ဖြတ်တာ မဟုတ်ဘဲ သူ က မဆင့် ကို ... ”


“ သူ့ ကို ကျွန်မ သိက္ခာ မချပါရစေနဲ့ တော့ ၊ သူ့ အခြေအနေ လည်း သိပ် မကောင်းရှာပါဘူး ။ အလုပ် က ထွက် လိုက် ရတယ် ။ မှော်ဘီ မှာ ဈေး ရောင်းနေ သတဲ့ ။ ကျွန်မ စာနာ တတ် ပါတယ် ။ သူ့ သတင်း ကို တော့ ကျွန်မ နားစွင့် နေ ဆဲပါ ။ ခုတော့ ကျွန်မ သူ့ ကို သံယောဇဉ် ဖြတ် လို့ ရပါပြီ ။ သူ့ စကားလုံး ကို ကျွန်မ စကား ဖြစ်အောင် ပြောခဲ့တာပဲ ။ ဒါကြောင့် ရှင်တို့ တစ်တွေ အားလုံးက ကျွန်မ ကို လမ်း မှာ တွေ့ ရင် တောင် စကား သိပ် မပြောချင်ကြ တာ ကိုး ”


“ ကျွန်တော့် ကို တစ်ခုခု ပြောပြပါလား ဗျာ ။ စကား တစ်ခွန်းလောက် နဲ့ ကျွန်တော့် သံသယတွေ ရှင်း သွားနိုင်ပါတယ် ”


“ အေးလေ သူ့ ကို ကိုဝဏ္ဏ တို့ မမုန်းဘဲ ခွင့်လွှတ်နိုင်မယ် ဆိုရင်တော့ ပြောပြပါ့မယ် ။ မေ့ လိုက်ပါတော့ ဆိုတဲ့ စာ ကို ကျွန်မ က သူ့ ဆီ ရေးတာ မဟုတ်ပါဘူး ။ သူ က ကျွန်မ ဆီ ရေး လိုက်တာပါ ။ အဲဒီ စာလေး ကို ကျွန်မ ခုထိ သိမ်း ထား ပါတယ် ။ ကိုဝဏ္ဏ ဖတ်ချင် ရင် နက်ဖြန် လာခဲ့ဦးပေါ့ ။ ဒါက သက်သေ အဖြစ် ပြ နိုင်တဲ့ စာ မို့လို့ပါ ။ သူ့ ကိုတော့ ခွင့်လွှတ်လိုက် ကြပါ ရှင် ”


“ ဒါဖြင့် မဆင့် က မေ့လိုက်ပါတော့ ဆိုတဲ့ စာ ပေးခဲ့တာ မဟုတ်ဘူးပေါ့ ”


သူ မဲ့ပြုံး ပြုံး ရင်း ပြန် ပြောပါတယ် ။


“ အဲဒီ နေ့ က သူ့ ဆီ ကို ကျွန်မ စာ ထည့်မယ် လုပ်တုန်း ၊ သူ့ ဆီ က စာ ရောက် လာပါတယ် ။ ကျွန်မ ရေး ထားတဲ့ စာ က သူ့ ကို တစ်သက်လုံး ချစ်ဖို့ ဆုံးဖြတ်ပြီး ပြီ ဆို တဲ့ စာ ပါ ။ ကျွန်မ ဆုံးဖြတ်ချက် အတိုင်း ခုန အထိ ကျွန်မ သူ့ ကို .... ”


အသံ တိမ်ဝင်သွားသည် ။ 


“ ခုတော့ ပြီးသွားပါပြီလေ ၊ ပြီးပါပြီ ”


◾မောင်ဝဏ္ဏ


📖 စံကားပွင့် မဂ္ဂဇင်း 

      ဒီဇင်ဘာ ၊ ၁၉၈၇ ။


#ကိုအောင်နိုင်ဦး


.

Tuesday, April 25, 2023

မတ္တရာ ဒေါ်ထူးထူး


 

❝ မတ္တရာ ဒေါ်ထူးထူး ❞

[ မတ္တရာမြို့ ဈေး ထဲ ကို မနက် ကိုးနာရီ ကျော် လောက် ရောက် သွားရင် ဈေးဆိုင် တစ်ဆိုင် မှာ လူတွေ ကြိတ်ကြိတ်တိုး နေတာ နေ့စဉ် တွေ့မြင် နိုင်ပါတယ် ။ တစ်ခေတ် တစ်ခါ က သမဝါယမဆိုင် မှာ ဆန် ရောင်း ပေး တဲ့ နေ့ လို လူတွေ တိုး တာပါ ။ အများစု က တော့ ကျေးလက် တောရွာ က လာကြတာ ။ အချို့က တောင်း ကို ခါးစောင်း တင် လို့ ၊ အချို့က တောင်း ကို ခေါင်း ပေါ် ရွက် လို့ ။

ဆိုင်ခန်း က သုံးခန်း ရှိတယ် ။ နှစ်ခန်း မှာ ဆေးဝါး အမျိုးစုံ ရောင်း တယ် ။ တစ်ခန်း မှာ တော့ လူနာတွေ ထိုင် စောင့် ဖို့ ခုံတန်းလျားရှည်တွေ နဲ့ လူနာ ကြည့် ဖို့ ခုတင် တစ်လုံး ချ ထားတယ် ။ ခုတင် က ရှေး ပုံစံ ကျွန်းခုတင် ၊ ပွတ်လုံးတွေ နဲ့ ။ သည် ခုတင် ပေါ် မှာ လဲလျောင်း နေတဲ့ လူနာ ကို ဆရာမ က သွေးပေါင်ချိန် တိုင်းမယ် ၊ နားကျပ် နဲ့ ထောက် ပြီး သွေးတိုးသံ ၊ နှလုံးခုန်သံ ၊ ခန္ဓာကိုယ်တွင်း က သွေးလေ လှုပ်ရှားသံတွေ ကို နားထောင် မယ် ။

ဆရာမ ရဲ့ ပုံစံ က ရှေးမြန်မာ အဒေါ်ကြီး တစ်ယောက် ရဲ့ ပုံ ပါ ။ ပုံရိုး ရင်ဖုံးအင်္ကျီ နဲ့ ။ ဘီးဆံပတ် နဲ့ ။ တစ်ခါတစ်ရံ ဆံထုံး မှာ ဘောပင် တစ်ချောင်း ထိုး လို့ ။

ပွတ်လုံးတွေ နဲ့ ကျွန်းခုတင် ၊ ရှေးရိုးပုံစံ ဆရာမ ဘေး မှာ လည်း လူနာတွေ က မတ္တရာမြို့ ဝန်းကျင် ကျေးရွာ တွေ က ဖြစ်တယ် ။ အချို့ လူနာတွေ က တော့ မန္တလေး က လာ ကြတာ ဖြစ်တယ် ။ လူနာ အချို့ ဟာ နွမ်းပါးပုံ ရပြီး အချို့ လူနာ တွေ က တော့ ငွေကြေး ပြည့်စုံဟန် ရှိတယ် ။ ဆရာမ ရဲ့ ကုသမှု ကို လေးစား အားကိုး ပြီး လာကြတာပေါ့ ။

ဆရာမ ဒေါ်ထူးထူး ( ၅၈ နှစ် ) ဟာ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း လည်း လုပ်တယ် ။ မတ္တရာ ဒေါ်ထူးထူး ရဲ့ အဆုတ်သန့် ၊ ရွှေဝတ်မှုန် ဆိုတဲ့ ဆေးတွေ ကို မြန်မာ တစ်နိုင်ငံလုံး မှာ သိသူ များတယ် ။ မြန်မာပြည် တောင်ဘက် ဖျား တနင်္လာရီတိုင်း က မြစ်ချာင်းနံဘေး အိမ်ဆိုင်ကလေး မှာ မတ္တရာ ဒေါ်ထူးထူး ရဲ့ ဆေးထုပ် ရောင်း သလို ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမကြီး ပေါ် က မှန်ခန်းဆောင် ဆေးဆိုင် မှာ လည်း ဝယ်ယူ လို့ရ နိုင်တယ် ။

ဆရာမ ဒေါ်ထူးထူး က သူ့ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း ကို ခေတ်မီ တိုးတက်အောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်တယ် ။ စက်ကိရိယာတွေ အစားထိုး တပ်ဆင်တယ် ။ ဒါပေမဲ့ အနယ်နယ် အရပ်ရပ် က ဆေး အမှာလွှာ ကို သူ့ ထုတ်လုပ်မှု က မနိုင်မနင်း ပေး နေ ရတယ် ။ ဆေးပစ္စည်း တစ်မယ်ချင်း ကို သူ့ လက် သူ့ မျက်စိ နဲ့ စစ်ဆေးချင် တဲ့ စိတ် ရယ် ၊ ဆေးဝါး ထုတ်လုပ်မှု ကို တစ်နေကုန် အချိန် မပေး ဘဲ နေ့ တစ်ဝက် ကို ဈေး ထဲ မှာ လူနာ ကုသမှု လုပ် နေတာရယ် ကြောင့် လည်း ဆေး ထုတ်လုပ်မှု က အလျှံပယ် မထွက် တာ ဖြစ်နိုင်ပါတယ် ။

မတ္တရာမြို့ ကို သွား ရောက်ပြီး ဆရာမ ဒေါ်ထူးထူး ကို ကျွန်တော် တွေ့ဆုံ ပြီး သူ့ လုပ်ငန်း သူ့ ရည်မှန်းချက်တွေ မေးမြန်းခဲ့ပါတယ် ။ ]

•••••   •••••   •••••   •••••

မတ္တရာမြို့နယ် မွေတလိုင်း ရွာကလေး မှာ ကျွန်မ ကို မွေးပါတယ် ။

တိုင်းရင်းဆေးပညာ ဘယ်လို မျိုးစေ့ ဖြစ်လာတယ် ဆိုတာ ပထမ ပြောပါမယ် ။ ကျွန်မ ရဲ့အဖေ ဦးသိဒ္ဓိ က မြေဧက အများကြီး စိုက်ပျိုးတဲ့ ခေတ်မီ တောင်သူကြီး ပေါ့ ။ စာပေ လည်း ဝါသနာ ပါတယ် ။ ဆေးပညာ လည်း လိုက်စားတယ် ။

ဟို ခေတ် က တော့ ဆေးပညာ လိုက်စားတဲ့ လူ က လည်း နည်းတယ် ။ ဆေးဆရာ က လည်း ရှားလေတော့ အတန်အသင့် ဝေဒနာလေးတွေ ကို အဖေ က အခကြေးငွေ မယူဘဲ ဆေး ပေးလေ့ ရှိတယ် ။ ရွာသူ ရွာသားတွေ ၊ အိမ် မှာ ဝိုင်းဝန်းကြတဲ့ တောင်သူ လုပ်သားတွေ ကို အဖေ က ဆေး ပေးတယ် ။

တစ်စတစ်စ အတွေ့ အကြုံကလေး များ လာတော့ မရှိ မဖြစ် အိမ်သုံး ဆေးကလေးတွေ ကို ဖော်တယ် ။ ဝမ်းနုတ်ဆေး ၊ ဝမ်းပိတ်ဆေး ၊ လေဆေး ၊ အစာကြေဆေး ၊ အခိုးပွင့်ဆေး စတဲ့ ဆေးလေးတွေ ပေါ့ ။

နောက်တော့ ကျွန်မ အမေ ဒေါ်ဆံမိ က မွေတလိုင်း ရွာကလေး မှာ ဆေးဆိုင်ကလေး ဖွင့်တယ် ။ ကျွန်မတို့ ဘဝကလေး က တောရွာ မှာ လျက်ဆား သည်ပါရှင့် ဆိုပြီး လည် ရောင်း ခဲ့ ရ တာပါ ။ အမေ နဲ့ အတူ တောင်သူ လည်း တစ်ဘက် လုပ် ၊ ဆေး ကု ရာ လည်း ဝင် ကူ နဲ့ ဆေးပညာ နဲ့ ပိုပြီး ရင်းနှီး လာ တာပေါ့ ။

အမေ က လည်း ဆေးပညာ ကို ဝါသနာ ပါတယ် ။ အသင့်အတင့် ဝေဒနာလေးတွေ ကို ကုသ ပေးပြီး ကြီးမားတဲ့ ဝေဒနာ ကို တော့ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာတွေ ဆီ ညွှန်ပြပေးတာ ၊ အမေ ကိုယ်တိုင် လိုက်ပို့တာ ။ ကူညီစောင့်ရှောက် ပေးတာတွေ ကြောင့် ရပ်ရွာ က ချစ်တဲ့ ဆရာမ တစ်ယောက် အလိုလို ဖြစ်လာတယ် ။

ကျွန်မ က လည်း အမေ့ လူနာ အမေ့ ပရိသတ် ကို ဝိုင်းကူပြီး ဆေးပေးတာ ၊ ဆေးမှုန့် ထောင်းတာ အတူ လုပ် ရတဲ့ သမီး ဖြစ်လာပါတယ် ။ ကျွန်မတို့ မောင်နှမ လေးယောက် မှာ ကျွန်မ က အမေ့ ကို ကူရင်း တိုင်းရင်းဆေးပညာ လေ့လာ ခဲ့ ရတယ် ။

တိုင်းရင်းဆေးဆရာတွေ အစိုးရ စာမေးပွဲ အောင် မှ သာ ဆေး ကုသခွင့် ဆေး ထုတ်လုပ်ခွင့် ရမယ် လို့ ဖြစ်လာတယ် ။ အောင်လက်မှတ် ရ ရေး က ကျွန်မ တာဝန် ဖြစ် လာတယ် ။ မှန်တဲ့ အတိုင်း ပြော ရရင် ကျွန်မ က ခုနစ်တန်း တောင် မအောင် သေးဘူး ။ တိုင်းရင်းဆေးကျောင်း တက် ဖို့က အလယ်တန်းလေး မှ မအောင် လို့ မဖြစ်ဘူး လေ ။ ကျွန်မ မှာ မရှက်နိုင် မကြောက်နိုင် အသက် ၂၂ နှစ် အရွယ်ကြီး နဲ့ အလယ်တန်း ဖြေဆို ခွင့် ပြန် လျှောက် ရတာ ။ ၂၂ နှစ် ဆိုတော့ ရယ်စရာကြီး ပေါ့ ။ ရွာ မှာ အလယ်တန်း က လည်း မရှိဘူး ။ ကျောင်း သွား တက် ရအောင် က လည်း မဖြစ်နိုင်ဘူး ။ အလွတ်ဖြေ ဖြေ ခွင့် ပြုတယ် ။

ကိုယ့် ထက် ငယ်တဲ့ ကလေးတွေ ကို ငါ့ ကို ပြောပြကြပါဦး ဟဲ့ လို့ စာ မေး ရတယ် ။ မကြီး မငယ် နဲ့ ကလေးတွေ ကို မေး ရတာ ။ ကျွန်မ ကို အလွတ် ပညာသင် ပေးတဲ့ ဆရာကြီး တစ်ယောက် ရှိတယ် ။ ကျွန်မ အိမ် နဲ့ နှစ်မိုင် လောက် ဝေးတယ် ။ ည ည ဆရာ အားလောက် မှ စာ သွား မေး ရတာ ။ လမ်း မှာ လူ ကလည်း ပြတ်သေး ၊ တစ္ဆေ ခြောက်တယ် ပြောကြတဲ့ နေရာ ကလည်း ရှိသေး ၊ ကျွန်မ မှာ တိုင်းရင်းဆေးပညာ ၁၁ ကျမ်း ကို သင်ယူတယ် ။ နောက် စာမေးပွဲ အောင် ပြီး ဆေး ကုသခွင့် လက်မှတ် ရတယ် ။ ၁၉၇၄ ခုနှစ် မှာ တိုင်းရင်းဆေး ကောင်စီဝင် ဆရာကြီး ဦးအုံးရွှေ ၊ ဆရာမကြီး ဒေါ်ထွေး တို့အိမ် မှာ လက်တွေ့ရင်ဆိုင် ကုထုံးတွေ ကို တပည့် ခံပြီး သင်တယ် ။ ၁၉၇၅ မှာ တော့ အစိုးရ တိုင်းရင်းဆေးသိပ္ပံ မှာ မွမ်းမံ သင်တန်း အပတ်စဉ် ၅ ကို တက်ခွင့် ရတယ် ။ တိုင်းရင်းဆေးပညာ ၁၄ ဘာသာ ကို ကြိုးကြိုးစားစား သင်တာပါ ။ ၁၄ ဘာသာလုံး ဂုဏ်ထူး ရ ခဲ့တယ် ။ ( ရယ်လျက် ) အဲဒါ ကြွားရာ ကျ မှာ စိုးလို့ ပြောလေ့ မရှိပါဘူး ။ ဒါဆို ညည်း ကုတတ် သလား မေး ရင် ကျွန်မ စာတွေ့ တတ်တာ လက်တွေ့ မတတ်သေးပါဘူး ။

ကျွန်မ မွေတလိုင်းရွာ က နေ မတ္တရာမြို့ ပေါ် ကို စ ပြောင်း လာ တော့ လက် ထဲ မှာ ရှေးငွေ တစ်ရာ့ငါးဆယ် ပဲ ပါ လာတာ ။ ကျွန်မ ရဲ့ ညီမလေး က ဆယ်တန်း ရောက်ပြီ ။ သူ ကျောင်း နေ ဖို့ မြို့ပေါ် ပြောင်းခဲ့ကြတာပေါ့ ။ အဖော် မရှိတော့ အိမ်ငှားကလေး နဲ့ နေ ရတယ် ။ အိမ်ငှားခ က တစ်လ တစ်ဆယ် ပေး ရတယ် ။ တိုင်းရင်းဆေး စာမေးပွဲ က လည်း အောင် တော့ ဆေးဆိုင်လေး စ ဖွင့်တယ် ။ ဒီကနေ့ ဆိုင်တွေ လုပ်ငန်းတွေ ဟာ တစ်ရာ့ငါးဆယ် က ပွား လာခဲ့တာ လို့ ပြော ရင် ပုံပြင် လို ဖြစ် နေတာပေါ့ ။

လူ တစ်ယောက် ရဲ့ အသက် တစ်ချောင်း ၊ ဝေဒနာ တစ်ခု ပျောက်ကင်း ဖို့ ဆိုတာ အအေးအပူ ရောဂါ အသွင် လက္ခဏာတွေ ကို တကယ် ဝေဖန်ပိုင်းခြားနိုင် မှ ဆေးဆရာ တစ်ပါး လုပ်သင့်တာပါလား တွေး ပြီး ဆေးဝါးတွေ ရဲ့ အစွမ်း ကို သုတေသန လုပ်မယ် ။ လူနာ အတွေ့ အကြုံ ယူမယ် လို့ အကြံ ဖြစ် ပါတယ် ။

ဒါကြောင့် မတ္တရာမြို့ မှာ ဆိုင်ခန်း သုံးခန်း ဝယ်ယူ လိုက်တယ် ။ တစ်ခန်း တစ်ထောင့်ငါးရာ ။ ပထမ တစ်ခန်း က တော့ နာမည်ကြီး ပြီး သား ဆေးဆရာတွေ ထုတ်လုပ်တဲ့ ဆေးတွေ ကို ရောင်းတယ် ။ ဆိုင် မှာ ရောင်းသူ ဝယ်သူတွေ စည်ကား စေချင် တာ လည်း ပါတယ် ။ ဆေးဆိုင်ကြီးတွေ နဲ့ ရင်းနှီးမှု ပိုချင်တာလည်း ပါတယ် ။ ဒုတိယ ဆိုင်ခန်း မှာ အိမ်သုံးဆေးဝါး အမျိုးစုံ ရောင်း တယ် ။ တတိယ အခန်း က တော့ ကျွန်မ ရဲ့ ဆေးကုခန်း ပေါ့ ။ ကျွန်မ ဖော်စပ်ထားတဲ့ ဆေး အမျိုးပေါင်း ၇၀ လောက် နဲ့ လူနာတွေ ကို လက်တွေ့ ကုသ ပေး ရင်း ကျွန်မ သုတေသန ပြုလုပ် ချင် လို့ ဖွင့်တာပေါ့ ။

အဲသည်လို ကုသတဲ့ အခါ ဆေးစွမ်းပုံ ၊ မစွမ်းပုံ ကို သိဖို့ ရာ ဆေး ကို တံဆိပ်ကလေးများ ၊ အိတ်ကလေးများ ၊ ဘူးကလေးများ နဲ့ သင့် ရာ ထည့် သွင်း ပြီး ဆီလျော်တဲ့ ဆေး အမည်ကလေးတွေ ပေးပြီး အမှတ်အသား ပြု ပါတယ် ။ အမည် ပေး တဲ့ အခါ အဓိပ္ပာယ် ရှိတဲ့ အမည်ကလေး တွေ ပေး ရတယ် ။ ချောင်း ဆိုး ရင် အဆုတ်သန့် ၊ ပန်းနာ ဖြစ်ရင် ရွှီ ၊ အားနည်းသူ အတွက် လန်း ၊ အမူးအမော် ဖြစ်ရင် သိကြားရေစင် စသဖြင့် ပေါ့ ။

သုံးစွဲတဲ့ ဝေဒနာရှင် က ဆေးအမှတ်အသား နဲ့ ဆေး ရဲ့ အကျိုး အပြစ် ကို ရေရေရာရာ ပြန် ပြော နိုင်အောင် ရည်ရွယ်တာပါ ။ ကျွန်မ ကို ဆေး အကြောင်း ပြန် ပြောဖို့ မေတ္တာရပ်ခံ ခဲ့တယ် ။ ဝေဒနာရှင် က ပြန် ပြောတဲ့ အဖြေ က သာ ကျွန်မ ရဲ့ ဆေးကုသမှု အဓိပ္ပာယ် ရှိ မှာပါ ။ အသက် တစ်ချောင်း အတွက် မို့ အထူး အလေး ထားတယ် ။ အရေးကြီး တဲ့ ဘဝ စာမေးပွဲ ဖြေရ သလို အလေး ထားတယ် ။ ဝေဒနာရှင် ရောဂါ ပျောက်တိုင်း စာမေးပွဲ အောင် သလို ဝမ်းသာ အားတက် ရ တာပါ ။

ဆေး ကုသရာ မှာ သုံးတဲ့ ဆေးတွေ က ပြည်သူလူထု ကြား စိမ့်ဝင် သွားတယ် ။ လေး - ငါးနှစ် ကြာ တဲ့ အခါ ပြည်သူတွေ က ဆေးတွေ ရဲ့ အစွမ်း ကို သိ လာတယ် ။ ဆေး ကုသူတွေ ထက် ဆေး ဝယ်သူတွေ က များ လာတယ် ။ နောင်အခါ မှာ တော့ အမြို့မြို့ ဆေးဆိုင်ကြီးတွေ က ပါ ဖောက်သည် ယူပြီး ပြန်လည် ဖြန့်ဖြူး ရောင်းချ ပြီး မြှောက်စား အားပေး ကြလို့ ယခု အခြေအနေ ကို ရောက် လာ တာ ပါပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

ရွှေပြည်တော်သည် ( ၁၆ )


 🔳 အရင်းရှင်စနစ် ပုလင်းဖင်ဖြစ်


သူတို့ တောတွင်း ဌာနချုပ် သို့ ရောက်သော အခါ နံနက်ခင်း ဝေလီဝေလင်း ရှိလေပြီ  ။ သစ်ပင်ဝါးပင်များ

သိပ်သည်းသော တောသာခေါင်ဝယ်  ၊ ကျေးငှက်သံများ ဆူညံ နေလေရာ ၊ ယောက်ဖခွေးခေါ် ငှက် ၏ အသံ က အသာယာဆုံး ဖြစ်လေသည် ။ ဤ ငှက် ၏ အသံ သည် ယခု ယောက်ဖ ကိစ္စ ကို အထူးပြု နေသည် နှင့် လည်း တူ နေ၏ ။


ခေါ်ဆောင်လာသူများ အားလုံး အချုပ်ခန်း ထဲ ရောက်သည် ၌ မျက်နှာ က အဝတ်များ ကို ဖြေပေး လေသည် ။ သူတို့ ကို တစ်ယောက် တစ်ခြား စီ ထား၏ ။ ထို အထဲ တွင် အကြောက်ဆုံး လူ မှာ ကိုထွန်းအောင် ဖြစ်မည် ကို အထူး ပြောစရာ မလိုပေ ။ အမူး တစ်ပတ်ရစ် နှင့် မဆီမဆိုင် သူများ အရှုပ်အရှင်း ထဲ ပျော်နေ သူ ကား စောထွန်း ဖြစ်၏ ။


သူ့ အား အချုပ်ခန်း ထဲ ပို့သည် ၌ ၊


“ ဟေ့ - ငါ့ ဘာလို့ ချုပ် နေကြတာလဲ ကွာ ၊ ဗိုလ်ဖုန်းလှိုင်ကြီး ရဲ့ ၊ ကြည့် ပြောပါဦးကွ ၊ ငါ့ မှာ ဘာ အပြစ် ရှိလို့လဲ ၊ ငါ သက်သေ ဘဲ ကွ ၊ သက်သေ ချုပ်နှောင် ရတယ် လို့ ဘဲ ၊ မင်းတို့ ကွန်မြူနစ် ဥပဒေ မှာ ဘဲ ငါ တွေ့ရတော့တယ် ကွာ ... ငါ ဘယ်မှ မသွားပါ ဘူးကွ ... ဘယ်က ဘယ် သွားရမှန်းလဲ မသိဘူး .. ချီးပါချင် လို့ပါ ကွာ ၊ အပြင် ထုတ် ပေးပါ ” ဟု တဂျီဂျီ အော် နေသည်၌ ဗိုလ်ဖုန်းလှိုင် က ချစ်လှသော ငယ်သူငယ်ချင်း လည်း ဖြစ်နေ၍ ၊ 


“ နားညည်းတယ်ကွာ ... ဒီကောင့် ကို ဖွင့်ပေး လိုက်ကြစမ်း ” 


သူ့ ဖွင့် ပေး၍ အပြင်ဘက် ရောက်သည် ၌ ဗိုလ်ဖုန်းလှိုင် အနား လာ ပြီး -


“  ငါ ချီးပါချင်တယ် ဆိုတာ အလကား ပြောတာကွ ... ည က ဝီစကီတွေ အိုဗာ ဖြစ်လို့ လေတောင် မလယ်ဘူး ။ နို့ပြီး အိပ်ရေး လည်း ပျက်ခဲ့တော့ ခေါင်းကိုက် နေတယ် ။ အဲဒါငါ ပစ်ကမီ အပ် ချင်တယ် ကွာ ” 


ဆိုလေသဖြင့် ဗိုလ်ဖုန်းလှိုင် မနေသာတော့ဘဲ ရဲဘော် တစ်ယောက် အား  ၊


“ ဟေ့ - ကျောက်ဖြုံး စောထွန်း ကို အရက် တစ်ဖြတ် ယူပေး လိုက်စမ်း ကွာ ”


ကျောက်ဖြုံး မှာ ည က ကိုထွန်းအောင် ပြောသော စကား ထဲ တွင် ပါလာသူ ဖြစ်၍ စောထွန်း နှင့် လည်း သိခဲ့သူ ဖြစ် သဖြင့် စောထွန်း က


“ အောင်မယ်လေး သူငယ်ချင်း ကျောက်ဖြုံး ရေ - မင်းတော့ အသက် ရှည်အုန်းမယ် ၊ ည က တောင် မင့် အကြောင်း ပြောခဲ့ ကြသေးတယ် ၊ လခွီး - အရက်ကောင်းကောင်း ထဲ က လုပ်ကွာ ..”


ကျောက်ဖြုံး “ ကျုပ်တို့ ဆီ မှာ ခင်ဗျားတို့ မြို့လို အရက် အမျိုး မျိုး ရှိတာ မဟုတ်ဘူးဗျ ၊ ချက် တစ်မျိုးပဲ ဒါပေမဲ့ မီးတောက်တယ် ”


“ ဒီလိုဆို အိုကေ ပေါ့ .... ငါ က အရက်ဆို အဖြူအမည်း ခွဲ နေတာ မဟုတ်ဘူးကွ - မူးရင် ပြီး တာဘဲ ... ” 


“ ခင်ဗျားကြီး အကြောင်း ကျွန်တော် သိပါတယ်ဗျ ” 


ဆိုပြီး အရက် တစ်ပိုင်း လက်ဖက်ရည်ကြမ်း ပန်းကန်တစ်လုံး နှင့် ယူ လာပေး၏ ။


ဗိုလ်ဖုန်းလှိုင် သည် ချုပ်ထားသူများ အား အပြင် မှ တစ်ယောက် စီ လိုက် ကြည့်၏ ။


ကိုထွန်းအောင် အား တွေတွေကြီး စိုက် ကြည့် နေပြီး အတန်ကြာ မှ -


“ ဒါ အားလုံး ခင်ဗျား အစီအမံ ချည့် ဖြစ်ရမယ်”


ကိုထွန်းအောင် သည် အလွန် စိတ်မကောင်းစွာ နှင့် ၊ 


“ မင်းတို့ ချင်း က လူချင်း ခွဲ မရအောင် တူ လေတော့ ငါ့ အမှား တွေ ချည်းပါဘဲကွာ .. ၊ ဒါပေမဲ့ - စေတနာကောင်း နဲ့ မှားမိတာပါ ...”


တစ်ဖန် သော်တာစိန် ဆီ သို့ ရောက်၏ ။ မျက်နှာချင်း ဆိုင် တစ်ယောက် တစ်ယောက် ကြည့်နေကြ ပြီးမှ ဗိုလ်ဖုန်းလှိုင် က စတင် ၍ ၊


“ လူအင်္ဂါရုပ် က တော့ ယုတ်မာပုံ မပေါ်ပါဘူး ... ” 


သော်တာစိန် သည် ည က သူ့ အား တစ်ဖက်စီးနင်း ရိုက် ထားသည် ကို စိတ်နာ နေ၍ ပါးစောင် က သွေးစများ နှင့် ၊


“ ဟ - နင် နဲ့ ငါ နဲ့ တထေရာထဲ တူ နေတာပဲ ... ငါ ယုတ်မာ ရင် နင် လဲ လူယုတ်မာပေါ့ ဟ ”


“ အောင်မယ် ... အပြောအဆို က တယ် မောက်မာပါလား ...”


“ အပြော မာရုံတင် မဟုတ်ဘူး ၊ လူချင်း လဲ တစ်ယောက်ချင်း ‘  ဖဲယားဖိုက် ’ ချလိုက်ချင် သေးတယ် ... ”


ဗိုလ်ဖုန်းလှိုင် က သရော်ပြုံး , ပြုံး၍ ၊


“ ဟင်း .. ဟင်း ကျုပ်တို့ ပါတီ က အမေရိကန်ရုပ်ရှင် ကုမ္ပဏီ မဟုတ်ဘူး ခင်ဗျ ၊ ခင်ဗျား ဘယ်သူလဲ ... ”


“ ငါ ကိုယ်တိုင် မပြောဘူး .. မင်း အချစ်ဆုံး သူငယ်ချင်း ကိုစောထွန်း ကို မေး ချေ ....”


မြင့်မြင့် ဆီ ရောက်သောအ ခါ၌ အံ ကို ကြိတ်၍ သက်ပြင်းကြီး ချ လိုက်ပြီး -


“ မြင့်မြင့် ကို ငါ ဒီလို လုပ်လိမ့်မယ် လို့ မထင်ခဲ့ဘူး .. ” 


မြင့်မြင့် သည် ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိဘဲ ၊ 


“ ကိုလှိုင် ... ကျွန်မတို့ ကို မစစ် ခင် ရှင့် သူငယ်ချင်း ကိုစောထွန်း ကို ပထမ မေးကြည့် ပါအုံး ... ”


ထိုအချိန်၌ ကိုစောထွန်း သည် မီးတောက်ချက် , သုံးခွက်မျှ နှက်ပြီး နေ၍ ည က လက်ကျန် အမူး တစ်ပတ်ရစ် သည် ယခု အသစ် ပြန် ဖြစ် နေလျက် လူ အလွန် ရွှင်ပြ နေသည် ။ ပုလင်း တစ်ဘက် ပန်းကန် တစ်ဘက် ကိုင် ကာ ကိုထွန်းအောင် အချုပ်ခန်း ရှေ့ သို့ သွားပြီး ၊


“ ကျွန်တော် ည က အစ်ကိုကြီး ပြောတဲ့ စကား နား မထောင်လို့ မဟုတ်ပါဘူး အစ်ကိုကြီး ရာ ၊ အခု ဝမ်းနှုတ်ဆေး မရတော့ ခေါင်း ကိုက်ပြီး ရင်ထဲ ကတုံကရင် ဖြစ်နေတာ နဲ့ ချက် ကို ပစ်ကမီအပ် နေ ရတာပါ ၊ ရော့ ... အစ်ကိုကြီး ပါ အပ် မလား တစ်ခွက် လောက် ” 


ကိုထွန်းအောင် သည် စိတ်တိုလှစွာ နှင့် ၊


“ စောထွန်း သွားစမ်းကွာ .. ” ဟုအော်ထုတ်လိုက်၏ ။ 


သို့သော် အချုပ် ထဲ မှ သူ့ ကို ဘာမျှ မလုပ်နိုင် ဟု သိ၍ ၊ 


“ ဘာလဲ - အစ်ကိုကြီး လူဝဝ ဖက်တီးဘူဇွာ က ဒီလို အရက်မျိုး မသောက်ဘူးပေါ့ ဟုတ်လား .. ၊ ဒါဟာ ပြည်သူ့ ဆေးရည် ပြည်တွင်းဖြစ် ယစ်ရွှေရည် ခင်ဗျာ့ ၊ အစ်ကိုကြီး လို ဇိမ်ခံ လူတန်းစား က စကော့ခ်ျဝီစကီ မှ ဟုတ်လား ... ဒါဟာ ကိုယ့် ပြည်တွင်း ဖြစ် ကို ဥပက္ခာ ပြုတဲ့ အရင်းရှင် ဖေါက်ပြန်မှုဘဲ ” 


ဟု ကျယ်လောင်စွာ ပြောပြီး မှ ခတ်တိုးတိုး လေသံဖြင့် 


“ စိတ်မရှိနဲ့ အစ်ကိုကြီး ရ သူတို့ လက်ထဲ ရောက် နေတော့ သူတို့ စိတ်ကြိုက် ပြောရတာပေါ့ ” 


ဆိုပြီးမှ တစ်ဖန် ကျယ်လောင် စွာ -


“ ကျွန်တော်တို့ ပစ္စည်းမဲ့ပါတီ အရင်းရှင် စနစ် ကို တိုက်ဖျက် ပြီး တော့ ရင် ခင်ဗျားတို့ လို သူဋ္ဌေးကြီးတွေ ကို သုတ်သင် ပစ်ရမယ် ... ”


“ ဟာ ... စောထွန်း သွားစမ်းကွာ ” ဟု ကိုထွန်းအောင် က အော်ထုတ် ပြန်၏ ။ လက်လှမ်း သာ မီလျှင် လည်ပင်း ညှစ် မိ ပေမည် ။ 


သို့သော် စောထွန်း သည် အရက် တစ်ခွက် ပြီး တစ်ခွက် ချ ၍ အတော် ထွေ နေပြီ ဖြစ်သော ကြောင့် ၊


“ ကျုပ်တို့ တိုင်းပြည် မှာ လူတန်းစား ညှိ ရမယ် ။ ခင်ဗျား တို့ လို ဘူဇွာ လူတန်းစားတွေ ပပျောက် ပြီး တော့ အားလုံး ဆင်းရဲသား တွေ ချည့် ( အဲလေ ... ) အားလုံး ဆင်ရဲသားတွေ ဟာ ရည်တူတန်းတူ ချမ်းသာတဲ့ လူ ချည်းဘဲ ဖြစ်ရမယ် ... ကြည့်စမ်း ဒီပုလင်း ”


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.