စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, May 4, 2019
သုံးခွက် တစ်ခွက်တင်
🥃 သုံးခွက်တစ်ခွက်တင်
“မောင်ချမ်းသာ ပုဏ္ဍရိပ်ပင်ကိုသိလား”
“သိပါတယ် ဆရာကြီး”
“ဟို ၁၂ လပတ်လုံး အရွက်စိမ်းနေပြီး နီနီအဆုပ်လိုက် အဆုပ်လိုက်ပွင့်တက်တဲ့ အလှစိုက်ပန်းပင်လေ”
“ဟုတ်ကဲ့ဆရာကြီး၊ ကျွန်တော်တို့ အိမ်ရှေ့ခြံစည်းရိုးမှာ ရှိပါတယ် ဆရာကြီး”
“အေး… အဲဒီ ပုဏ္ဍရိပ်ရွက် အကိုင်းအခက် အဖူးအပွင့် လက်တစ်ဆုပ်စာလောက် ခူးပြီး သုံးခွက်တစ်ခွက် တင်အောင်ကျို (ရေသုံးပုံတစ်ပုံ ကျန်အောင်ကျို) ပြီး ဖန်ရည်ငုံပေး၊ ဝမ်းခေါင်းထဲမကျစေနဲ့၊ ဘာမှတော့မဖြစ်ဘူး၊ နည်းနည်း တောက်တက်တယ်၊ ငုံပြီးထွေးပစ်၊ တော်တော်လေးငုံမိတော့ လက်ဖက်ရည်ကြမ်းနဲ့ ပလုပ်ကျင်းပစ်၊ နှစ်ရက်လောက်ငုံမိရင် မောင်ရင့်သွားနာ ယူပစ်သလို ပျောက်သွားလိမ့်မယ်”
ကျွန်တော့် ညာဘက်ခြမ်း အောက်အံသွားတစ်ချောင်း ကိုက်ပြီးနာနေရာ ညာဘက်မေးရိုးကြီး တစ်ခုလုံး ရောင်ကိုင်းနေလေ၏။ မြန်မာသမားတော်ကြီး ဦးဉာဏ်မြင့်က ဟြေသည့်အတိုင်း ပုဏ္ဍရိပ်ရွက်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ငုံလေရာ နှစ်ရက်မြောက်နေ့တွင် သက်သာ ၍ ငါးရက်မြောက်နေ့တွင် သွားကိုက် လုံးလုံးပျောက်လေ၏။
☕ သုံးခွက်တစ်ခွက်တင်။
မြန်မာတိုင်းရင်းဆေးလောကတွင် အလွန်အသုံးများသော ဝေါဟာရ ဖြစ်မည် ထင်ပါ၏။ ခဏခဏ ကြားရ၏။ သုံးခွက်တစ်ခွကတင် ဆိုသောစကားသည် ဆေးလောကတွင် အသုံးများသကဲ့သို့ လူလောက စီးပွားရေးလောကတွင်လည်း သုံးကြ ကုန်သေး၏။ အဓိပ္ပာယ် ဖွင့်ဆိုပုံခြင်းကား မတူညီပါလေ။
“မမ ဘယ်လို သဘောရလဲ၊ ပြည့်စုံက ငါ့နွားဝါကြီးကို ငှားချင်တယ် ဟြေနေတယ်”
“အင်း အဲဒီကောင်လေးက ပေးပြတ်ပြတ်၊ ယူပြတ်ပြတ် နာမည်ပျက်မရှိဘူး၊ ငှားလိုက်ပါလားဟယ်၊ ဒါပေမယ့် ကိုလေးသဘောလေ”
ကျွန်တော်က နွားငှားမည်ကြံတိုင်း ကျွန်တော့်အမ မမနှင်းဝေကို တိုင်ပင်လေရ၏။ သူ့သဘောထားကို တောင်းခံလေ့ရှိလေ၏။ မမက ဆက်ဆူဝရွာ၊ ရွာခံ။ ဘယ်သူ ဘယ်လိုစိတ်ထားမျိုးရှိ၊ သူအကုန်သိ။ မမက ဘယ်သူ့ကငှားလိုက်ပါ၊ အမိန့်ချလိုက်၊ ထိုသူကိုငှားလိုက်၏။ အချိန်တန် နွားငှားခ နှမ်းသုံးတင်း ရစမြဲပါခင်ဗျာ့။ အစက ပြန်ကောက်ရသည်ရှိသော်။
၁၉၇၈ ခုနှစ် ကျွန်တော့် ယောက္ခမကြီးဒေါ်မြရင် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သောအခါ အသက် ၇၅ နှစ်အရွယ် ကျွန်တော့်ယောက္ခထီးကြီး ဦးဖိုးချီအား ပြုစုစောင့်ရှောက်ရန် ကျွန်တော်တို့လင်မယားသည် သားနှစ်ယောက်၊ သမီးတစ်ယောက် လက်ဆွဲ၍ ရန်ကုန်မြို့တော်ကြီးမှတဆင့် အောင်လံမြို့နယ်၊ ရေပြည့်ရွာသို့ဟြေင်းခဲ့ကြလေ၏။ ရန်ကုန်ကြည့်မြင်တိုင် ရေတွင်းကုန်း ရပ်ကွပ်မှ နေအိမ်ကလေးနှင့် ကြည့်မြင်တိုင်ညဈေးတန်းမှ အထည်ဆိုင်ကလေးကို အပြတ်ရောင်းခဲ့ကြလေ၏။ လျှပ်စစ်မီး ထိန်ထိန်ညီးသော မြို့တော်ကြီးသားဘဝမှ
ရေနံဆီမီးခွက်ကလေး မှိတ်တုတ်မှိတ်တုတ် ရွာဇနပုဒ် တောသားကလေးဘဝသို့ရောက်ကြလေ၏။ ဘဝဟြေင်းသော် အလုပ်လည်း ဟြေင်းကြရလေ၏။ မြို့ပေါ် အထည်ရောင်းသော ဈေးသည်ဘဝမှ တောရွာ လယ်ထွန်ယာထွန်ရသော လယ်သမား ယာသမားဘဝသို့ ရောက်လေ၏။ အို… ဖြစ်သမျှဘဝ အကောင်းချည်းပေါ့ဟယ်။
တောရွာမှာ အခြေချသောအခါ တောလုပ်တောကိုင် လုပ်ရ၏။ အိမ်နှင့် ဆိုင်ရောင်း၍ ရခဲ့သော ပိုက်ဆံကလေးကို တောရွာထုံးစံ နွားငှားရ၏။ နှမ်းပေးပေးရ၏။ (နှမ်းကြိုတင်ဝယ်သည်ကို နှမ်းပေးပေးသည်ဟုခေါ်သည်။)
၁၉၇၈ ခုနှစ်။ ထိုစဉ်က နွားတစ်ကောင် ၇၀၀-၈၀၀ ကျပ်ဆို ခိုင်းဖြစ်နေပြီ။ ၁၀၀၀-
၁၅၀၀ ကျပ်ဆို ငါးမိုးလောက် ကောင်းစွာ ခိုင်းနိုင်သေး၏။ သုံးလေးထောင် လောက်ဆို ခိုင်းနွားကောင်းကြီးများကို ရနိုင်၏။ ကျွန်တော်တို့ နွားငှားစားသူများကား ဘေကြီးများကို မဝယ်၊ တောရုံသင့်ရုံ သုံးလေးမိုး ခိုင်းနိုင်လောက်သော ခပ်သင့်သင့် နွားများကိုသာ ဝယ်ရ၏။ ဒါမှ တွက်ချေကိုက်မှာကိုး။ ကျွန်တော့်မှာ ငှားနွား ၁၄-၅ ကောင်ရှိလေ၏။ ငှားနွား ပိုနေသည့်နှစ်ရယ်လို့ မရှိ။ မိုးဦးကျ မိုးသံလေသံကြား ထွန်ယက်ချိန်နီးပြီဆို ခိုင်းနွားမပြည့်စုံသူများက နွားငှားမည့်သူများထံ ချဉ်းကပ်ကြရကုန်၏။ အိမ်သို့ တကူးတက ဖိတ်၊ ကြက်ရိုက် အရက်တိုက်ကြရကုန်၏။ ရှိလို့မဟုတ်ဘူး၊ ချေးငှားဝယ်ရတာ။
“ငှားဖို့ နွားမကျန်တော့ ဘူးကွာ”
“ဒါဆို ဒီဈေးပတ်လိုက်ဝယ်ပေးပါ”
ကျွန်တော်တို့ အောင်လံမြို့က ကြာသပတေးနေ့တိုင်း နွားဈေးရှိတယ်ခင်ဗျာ့။
နွားပွဲလို့လဲ ခေါ်တယ်။ အင်မတန် ယုံကြည်စိတ်ချရမည့်သူ၊ အလွန်မျက်နှာ နာရမည့်သူ၊ ကိုယ့်ထဲ ကိုယ့်လူများကျတော့ သည်လိုပဲ နွားဈေးလိုက်သွားပြီး သူတို့ကြိုက်ရာ နွားဝယ်ပေးလိုက်ရသူလည်း ရှိတယ်ခင်ဗျာ့။
“မမ ဘယ်လိုလဲ ဖိုးထွန်းစိန်”
“ဟယ်… ကိုလေး သူက သုံးခွက်တစ်ခွက်တင်ဟဲ့”
ဤနေရာတွင် သုံးခွက်တစ်ခွက်တင်ဆိုသော စကားသည် သုံးပုံတစ်ပုံသာ ယုံရ၏။ နှစ်ပုံက မယုံရဟု ဆိုလိုရင်း ဖြစ်လေ၏။
“ကြည့်ဟြေလိုက်ပေါ့ဟယ်”
ထိုအခါတွင် ကျွန်တော်သည် လှပသော နားဝင်ချိုသော စကားလုံးများဖြင့်ငြင်းရပြန်လေ၏။ သည်လိုနှင့် တောသားဘဝ ငါးနှစ်မျှ ကြာလေသတည်း။
မောင်ချမ်းသာ
Friday, April 26, 2019
ပြောင်းလဲနေသော ရွာကလေး
🍂 ပြောင်းလဲနေသော ရွာကလေး
ဂီတာ ဖေဝင်း ၊ ဟင်္သာတ ထွန်းရင် ၊ မြန်မာပြည် သိန်းတန် တို့ ဆိုထားတဲ့ သီချင်းတွေကို အောက်က Folder ထဲမှာ ထည့်ပေးထားပါတယ် ။
သူတို့ သီချင်းတွေကိုတော့ ဒီမှာ နှိပ်ယူပါ ။
မှာ ဝင်ပြီး ယူနိုင်ကြပါတယ်။
တီးလုံး သီးသန့် ကို တော့ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
တီးလုံး သီးသန့် ယူဖို့ ဒီမှာ နှိပ်ပါ။
◼ ပြောင်းလဲနေသော ရွာကလေး
တေးရေး ဂီတစာဆို စိန်မောင်မြင့်
မှိုင်းပြ မှိုင်းပြရည်ညို ရိုးမကို နောက်ခံထားတဲ့ တို့များ မွေးဖွားခဲ့ရာ တို့ရွာကလေးဆီ နှစ်ရှည်လများ ဝေးကွာခဲ့ရသည်မို့ တစ်ခေါက်တစ်ခါ အရောက်လာခဲ့ပြီ လမ်းတစ်လျှောက်မှာလဲ ပန်းမျိုးတစ်ရာ ဖူးပွင့်ဝေစီ သာရကာကျေးငှက်တို့ တေးဆက်ကြလို့ နေပြန်သေးသည် ပန်းချီမင်ဆေး ဘယ်ရေးမမှီ တန့်တန့်တည်တည် သန့်သန့်ကြည်ကြည် တို့ရွာကလေး ပြောင်းလဲနေလေပြီ
( မြင်ရရုံနဲ့ ဘ၀င်ချမ်းမြေ့ ၀မ်းသာလှသည် ဘုရားအို ကျောင်းပျက်မှန်သမျှ စုပေါင်းလျက် ပြုပြင်ပြီးပြီ ဆွမ်းခံ ကြွချီသွားတဲ့ ဘုန်းတော်ကြီး ဘုရားနဲ့ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်မျိုးနဲ့ ကျောင်းသားသူငယ် လူမမယ်လေးများ ချောင်းရိုးလေးကို ဖြတ်ကျော်တဲ့အခါ ဗလာနတ္ထိ တံတားမရှိလို့ ဆင်းရဲ ဒုက္ခ ကြုံခဲ့ဘူးသည် ခုတော့ ဒီလိုမဟုတ်ပြီ သြော် ခုတော့ ဒီလို မဟုတ်ပြီ စုပေါင်းညီညာ ဒီရွာလူထု ဆောက်တည်ပြုစုထားလို့ ဒီတံတားမှ လူသွားလူလာ ချမ်းသာသုခ ပြည့်စုံကြပြီ တန့်တန့်တည်တည် သန့်သန့်ကြည်ကြည် တို့ရွာကလေး ပြောင်းလဲနေလေပြီ )
Tuesday, April 23, 2019
အပတ် စေ့ တော့ နပ်လိမ့်မပေါ့ဟယ်
🔥 အပတ် စေ့ တော့ နပ်လိမ့်မယ်ပေါ့ဟယ်
“ဘယ်လိုလဲဟေ့ကောင်၊ အဆင်ပြေပုံပေါ်ရဲ့လား”
ကျွန်တော် မတ်လ ၁၉ ရက်နေ့က ပြည်မြို့ရောက်တော့ အအေးဆိုင်ဖွင့်ထားတဲ့
သား အငယ်ကောင်လေးနဲ့ တွေတယ်ခင်ဗျာ။ ရောက်တဲ့ အခါတိုင်း သည်လိုပဲ မေးမိတယ်။
“အဆင်ပြေမှာပါ အဖေ”
သူကလည်း သည်လိုပဲ အမြဲပြန်ဖြေလေ့ ရှိတယ် ခင်ဗျာ့။ သူ့အအေးဆိုင် အလုပ်ဟာ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ အလုပ်မဟုတ်ဘူး ခင်ဗျာ့။ တကယ့် အစိမ်း။ ကျွန်တော်တို့ ရမ်းစွတ်ကြိတ်ခဲ့ကြတာ။
ပူရင် ဘယ်လိုနေမလဲ။ မိုးဦးကျမှာ ဘယ်လိုနေမလဲ။ မိုးတွေစွေနေရင် ဘယ်လိုနေမလဲ။ ဆောင်းဦးမှာ ဘယ်လိုလဲ။ ဆောင်းလယ်မှာ ဘယ်လိုလဲ။ ကျောင်းဖွင့် ကျောင်းပိတ် ဘယ်လိုလဲ။ ပြည်ဆံတော်ဘုရား ပွဲတော်ရက်မှာဘယ်လိုလဲ။ ရွှေနတ်တောင် ဘရားပွဲရက်မှာ ဘယ်လိုလဲ။ လဲပေါင်း အမြောက်အမြားကို စိတ်တစောစောနဲ့ စောင့်ကြည့်လုပ်ခဲ့ရတာ၊ ဒါလည်း စစ်ပွဲတစ်ပွဲပဲ ခင်ဗျာ့။
အမေရိကန်နှင့် ဗြိတိန်က အီရတ်ကိုဝင်တိုက်ကြတော့ ဘာဖြစ်လာမလဲ၊ ဘယ်လိုဖြစ်လာမလဲ၊ ဘာတွေ ရင်ဆိုင်ရမလဲ၊ ရင်တမမနဲ့ စောင့်ကြည့်နေရသလိုပေါ့ဗျာ။
မှန်းထားတာနဲ့ တကယ်ဖြစ်လာတာ ညီချင်မှ ညီတာကလားဗျာ။
“ဟဲ့… ကိုလေးစိတ်တွေ အရမ်းစောမနေနဲ့၊ အပတ်စေ့တော့ နပ်လိမ့်မယ်ပေါ ဟယ်”
ကျွန်တော်တို့ ငယ်ငယ်က တောရွာ ယာခင်းထဲမှာ နှမ်းကြဲကြတဲ့အခါ (လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်လောက်ကတော့ ယာထွန်၊ ထွန်ရေးညက်၊ နှမ်းကိုလက်နဲ့ပက်ပြီး ကြဲကြတယ်၊ ယခုအခါမှာတော့ ထွန်ရေးညက်ပြီဆို မျဉ်းဆွဲပြီး အတန်းလိုက်စိုက်ကြတယ် ၊ခေတ်က ဟြေင်းသွားပြီဗျာ။) အထူအပါး ညီပါ့မလား၊ အပင်ပေါက် ညီပါမလား၊ စိတ်က တစောစောခင်ဗျာ။ စိတ်က အရမ်းစောနေတော့ အပင်ဖြစ်နှေးတယ်ထင်ပြီး ဆွဲနုတ်ကြည့်မိ၊ ခုနေအခါ ပြန်တွေးပြီး ပြုံးမိပါသေး။ နှမ်းပင်လေးတွေ ပေါက်လာပြန်တော့လည်း စက်လှည့်တော့ စိတ်ကတစ်မျိုး (အရွက်လေးရွက် ထွက်လာသည်ကို စက်လှည့်တဲ့ဗျာ)။
လက်ပံပွင့်မှာ စိတ်ကတစ်မျိုး (လက်ပံပွင့်ဆိုတာက လက်ပံပွင့်ကလေး ထောင်ထားသလို
ကားတားကွတတ၊ သုံးလက်မ လေးလက်မလောက် .အပင်ကလေး မြင့်လာပြီး
လှတပတလေးဖြစ်လာသည်ကို ဆိုလိုသည်။)
နှမ်းပင်ကလေးတွေ တစ်တောင်၊ တစ်တောင့်ထွာလောက် မြင့်လာပြီ၊ ကြက်ချေးစုလာပြီ၊ ပွင့်ဖူးဆင်ပြီ၊ ခေါင်းလောင်းဆွဲပြီ လက်ရင်းသီးတွေ ဝင်လာပြီ နှမ်းခင်းကြီးက လေတိုက်တိုင်း ယိမ်းကနေပြီဆို ကြည့်ပြီး ပီတိတွေဖြာနေပြီကော။
ချိန်းထားတဲ့ ရည်းစားကလေး ဘွားခနဲ ပေါ်လာတဲအခါ ခံစားလိုက်ရသလိုမျိုးလေး။ သီးတံတွေ ရှည်လာပြီ၊ အပွင့်တိတ်ပြီ၊ ပင်ရောင်လွှတ်လာပြီ၊ ရိတ်သိမ်းဖို့ နီးလာပြီဆို နှမ်းခင်းကြည့်ပြီး နှမ်းထွက်ကို မှန်းချင်လာပြီ။ ရိတ်ပြီး ၊ ပုံပြီး၊ ထောင်ပြီး၊ နှမ်းထောင်တွေ ခါပြီ၊ နှမ်းတွေရပြီ၊ အိတ်တွေနဲ့ ထည့်ပြီးပြီ၊ အိမ်ပေါ်ရောက်လာပြီဆိုမှ သက်ပြင်းချရတာကလားဗျာ။
နှမ်းဟာ အလွန်မရေရာတဲ့ အမျိုးဗျာ။ ဒါကြောင့်လည်း “မှန်းချက်နဲ့ နှမ်းထွက် လွဲပလေခြင်း” ဆိုတဲ့ စကား ဖြစ်လာတာပေါ့ဗျာ။ သည်နှစ်ဆို ကြည့်ပါလားဗျာ။
နှမ်းပေါ်ကာစက ၁၅ ပိဿာ တစ်တင်း ၁ဝဝဝဝ လောက်ကနေ ဖေဖော်ဝါရီ ပထမပတ်မှာ တစ်သောင်းခွဲနီးပါး ဖြစ်သွားခဲ့တယ်။ အခုဆို တစ်သောင်းကို ပြန်ရောက်သွားပြန်ပြီဗျာ။ ဆက်ပြီး ဆင်းသွားဦးမလားလဲ။ မရေရာလိုက်တာဗျာ။ အရူးလင်လုပ်ရသလိုပါပဲ။ သည်နေ့ အလုပ်လုပ်ကြတဲ့အခါ ရှေ့ကို ကြိုဖမ်းလို့ မရဘူးဗျာ။ ဖြစ်ချင်တာကို အသာဘေးချိတ်၊ ဖြစ်လာတာကို အကဲခတ်ပြီး လှော်ခတ်ကြရတာဗျာ။ ဒါကြောင့် လုပ်ငန်းတစ်ခုကို လုပ်ပြီဆို အရမ်းစိတ်မစောရဘူး။ အရမ်းစိတ်မလှုပ်ရှားရဘူး။ စိတ်အေးအေးထားပြီး ထိန်းရင်း သိမ်းရင်း၊ ပြုပြင်ဟြေင်းလဲရင်း၊ ဖာရင်း ဆရင်း၊ အမိအရဆုပ်ကိုင်ရင်း၊ ဖရီးလွှတ်ပေးရင်း စသည်အားဖြင့် ကာလ တစ်ခုအထိ လိပ်ပတ်လည်အောင် စောင့်ကြည့်ရင်း သည်းခံလုပ်ကြရတာဗျာ၊
▶(လိပ်ပတ်လည်ဆိုသည်မှာ ကျွန်တော်တို့ တောအရ ရက်ကန်းရက်တဲ့အခါ ရက်ပြီးသား ဖျင်စကို လိပ်တုံးမှာ ပတ်ရတယ်၊ လိပ်တုံး တစ်ပတ်လည်သွားသည်ကို လိပ်ပတ်လည်သည်ဟု ခေါ်ကြ၏။)
“အပတ်စေ့တော့ နပ်လိမ့်မပေါ့ဟယ်”
ထိုစကား အမှန်ပဲခင်ဗျာ့၊ ကျွန်တော်တို့ အလုပ်လုပ်စားနေကြရသူများဟာ အပတ်စေ့အောင် မနည်းစောင့်ကြရတာ၊ အပတ်စေ့လို့ နပ်တော့မှပဲ စိတ်အေးကြရတာဗျာ။
အပတ်စေ့မှ နပ်တယ်ဆိုတာ ကျွန်တော်တို့ တောရွာမှာ ထမင်းချက်တဲ့ စကားခင်ဗျာ။ ထင်းမီးဖိုများနဲ့ ထမင်းချက်ကြတော့ ထမင်းရည်ငှဲ့ပြီးပြီဆို မီးဖိုထဲက မီးကျီခဲတွေ ဆွဲထုတ်၊ အိုးတဖင်စာရအောင် ဖြန့်၊ အဲသည် မီးကျီခဲတွေအပေါ် ထမင်းအိုးတင်၊ ထမင်းနှပ်။ တစ်ဖက်က မီးဖို၊ ဖင်အောက်မှာက မီးကျီခဲ၊ အောက်ကပူ၊ ဘေးကပူ၊ ခဏခဏ လှည့်လှည့်ပေး။ ဟော… အပတ်စေ့တော့ ထမင်းစေ့လေးဖျစ်ကြည့်၊ ဟာ… နပ်နေပြီဗျာ။ ဒါကြောင့်အပတ်စေ့မှ နပ်တယ်ဆိုကြတာဗျို့။
(တကယ်လက်တွေ့ လုပ်ကိုင်နေကြသူများကို အထူးရည်ညွှန်းပါ၏)။
🖍 မောင်ချမ်းသာ
Monday, April 8, 2019
ငြိမ်းချမ်းရေး သင်္ကြန်
🕊️ ငြိမ်းချမ်းရေး သင်္ကြန် ◼ဆူးငှက်
ဂြီ သက္ကရာဇ် တစ်ထောင်သုံးရာကိုး ခုနှစ် ပြာသိုလဆုတ် ကိုးရက် တနင်္ဂနွေနေ့အား
ငါတို့ မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော်ကြီး အဖြစ် ကောင်းစွာ ရောက်သတည်း
ဤသို့ လွတ်လပ်ရေးကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခု မတ်လ ၁၁ ရက် ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်း စစ်ကြောင့် မန္တလေးသည် တိုင်းရင်းသား လက်နက်ကိုင် ကေအင်ဒီအိုတပ်များအောက်သို့ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်း အတာအရလည်း ပြည်တွင်းစစ်မီးက တောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့ စစ်ကိုင်းသို့ ဆုတ်ခွာ ရုံးထိုင်ကြရသည်။
ဗိုလ်မှူးကြင်ဦးစီးသော မန္တလေးအခြေစိုက် အစိုးရတပ်ပေါင်းစုက
စစ်ကိုင်းတွင် အင်အားပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရပြန်သည်။
၁၉၄၉ ခု ဧပြီ ၆ ရက်နေ့တွင် မန္တလေးကို ပြန်လည်ရရှိခဲ့သည်။ ဗိုလ်မှူးကြင်၊ ဗိုလ်မှူးအေးမောင်၊ ဗိုလ်မှူးထွန်းစိန်အစရှိသော တပ်မှူးများ ဦးဆောင်သည့် တပ်ပေါင်းစုက မန္တလေးကို ပြန်လည် အုပ်စီးခဲ့သည်။ မြို့သိမ်းတပ်၏ရှေ့တန်း ကွပ်ကဲရုံးက လက်ဆည်ကန်အရပ်ရှိ နဂါး ဒေါ်ဦးတိုက်၌ ဖွင့်လှစ်ထားရသည်။ ဧပြီ၈ ရက်နေ့တွင် မန္တလေးမြို့သိမ်းအခမ်းအနားကြီး ကျင်းပခဲ့၏။ နံနက် ၇ နာရီတွင် မန္တလေး စစ်ရဲဌာနချုပ်၌ တပ်ပေါင်းစုံစုရုံးပြီး
၈ နာရီထိုးသည်နှင့် စည်တော်ကြီးရွမ်းကာ ရဟန်းသံဃာများနှင့် မြို့သိမ်းတပ်က တပ်အခမ်းအနားဖြင့် ချီတက်သည်။
ချီတက်ရာ လမ်းတစ်လျှောက် လွတ်လပ်သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်အလံက ကြယ်ငါးပွင့်နှင့်အတူ ရဲရဲနီနေသည်။
ပရိသတ်များကား လမ်းဘေး တစ်ဖက်တစ်ချက် တိုးမပေါက်ခဲ့။ ဧပြီ ၈ ရက်ဆိုတော့
မကြာမီရက်ပိုင်းအတွင်း၌ပင် သင်္ကြန်ကျတော့မည်။ မြို့လူထုနှင့် အေးအတူပူအမျှ
ရင်အုပ်မကွာရှိခဲ့သော မြို့မတူရိယာ အသင်းကလည်း တပ်ပေါင်းစုံနှင့်အတူ လိုက်ပါလာကာ အေ၀မ်းဆရာညှာ၏ “ ပြည်တော်ဝင် ” သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ခဲ့သည်ဆို၏။ တစ်ကျော့ပြန် “ ပြည်တော်ဝင် ”
“ မေ့မေ့ပျောက်ပျောက်....၊အောက်မေ့လို့နေ တိုက်တာအိမ်ခြေ၊ စည်းစိမ်ရှင်တွေ
လူကြံရင်ခံနိုင်ဘူး၊ အထူးပင်မှတ်ကြစေ အရင်လို ပျော်ပျော်ရွှင်ရွှင်နေ ..
မြို့မအသင်းက ပြောမလေ ...” တဲ့။
မည်သို့ပင် “ အရင်လို ပျော်ပျော်ရွှင်ရွှင် နေကြပါ။ တက်ခေတ်လူငယ်များ အားအင်တောင့်တင်းခိုင်မာပါစေ ” ဟုဆိုငြား ကိုယ်ကျိုး အတ္တများဖြင့် ဒေါသတကြီး လောင်မြိုက်ခဲ့သော ပြည်တွင်းစစ်မီးကြီးက အရှိန် မသတ်နိုင်သေး ....။
၁၉၅၀ ခုနှစ် ၀န်းကျင်ကာလအထိ မန္တလေးအနီး တစ်ဝိုက်မှာပင် တံတားဦး၊ ကျောက်ဆည်၊ မတ္တရာ၊ ပြင်ဦးလွင်လမ်း (၂၁) မိုင် စသည်ဖြင့် တိုက်ပွဲတွေ ကြိုးကြား ဖြစ်နေဆဲပင်။
တပ်မင်းဗိုလ်မှူးကြီး ချစ်မြိုင်၏ တပ်မဟာ(၆)က မန္တလေးနန်းတွင်းမှာ အခြေစိုက်သည်။ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တန်ယုဆိုင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ခိုင်တို့၏ ခလရ (၈) ကလည်း နန်းတွင်း၌ပင် တပ်ထိုင်ကာ မုံရွာ၊ ယင်းမာပင်၊ ရွှေဘို၊ ကျောက်မြောင်းနှင့် တံတားဦး၊ ကျောက်ဆည်၊ မြင်းခြံတြိဂံ
နယ်မြေသို့ စစ်ဆင်သည်။
လွတ်လပ်ရေးရပြီး နှစ်နှစ်ကျော်ကြာသော်လည်း မအေးချမ်းနိုင်သေး။ ညရေးညတာ ခေါင်းပြားအောင် မအိပ်နိုင်သေး။ ကောင်းရောင်းကောင်းဝယ်
မလုပ်နိုင်သေး။ လက်နက်အားကိုးဖြင့် ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟူသော
စိတ်ယုတ်ကို မပယ်ဖျောက်နိုင်သေး။
တစ်တိုင်းပြည်လုံး လူများစု၏ဆန္ဒက “ ငြိမ်းချမ်းရေး ” ဖြစ်နေကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဦးဆောင်ကာ “ ငြိမ်းချမ်းရေး ” အတွက် ဘက်ပေါင်းစုံတွင် ညှိနှိုင်းတောင်းဆိုနေကြပြီ။ သို့သော် ....ကျွဲပါးစောင်းတီး။
သည်လိုနှင့် ဆင်နွှဲနေကျ သင်္ကြန်ကာလ ကျရောက်လာပြန်သည်။ တကယ်တော့ သင်္ကြန်ဟူသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ပွဲတော်ကြီးဖြစ်သည်။အယုတ်အလတ်အမြတ်မရွေး အတန်းအစားမခွဲ တစ်သားတည်း ပျော်ပါးလွတ်လပ်စွာ ဆင်နွှဲခဲ့ကြသည့်ပွဲတော်ဖြစ်သည်။ အမိန့်အာဏာ တစ်စုံတစ်ရာဖြင့် အတင်းအကျပ်စေခိုင်းပျော်ပါးစေသည့် ပွဲမဟုတ်။ ကိုယ်ကျိုးစီးပွား၊ အဖွဲ့အသင်းစီးပွားဖြင့် မျက်နှာစာတစ်ခုတည်းကြည့်၊ မချိသွားဖြဲ ရယ်ကျဲကျဲဖြင့် ပျော်ဟန်နွှဲခြင်းလည်း မဟုတ်။ ပူဇော်၊ ပသ ၊ ခစား ၊ အတန်းအစား ခွဲခြားသည့် ပျော်တော်ဆက်ပွဲလည်းမဟုတ်။
နိုင်ငံသူနိုင်ငံသားမှန်သမျှ အခွင့်အရေးကိုယ်စီဖြင့် ကိုယ်ပိုင် ဆုံးဖြတ် တည်ထောင် စီမံပိုင်ခွင့်ဖြင့် မျှဝေခံစားပျော်ရွှင်ကြသည့် ပွဲတော်ဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စု သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြရာ၌ တပ်မတော်သား ပါသည်။ တက္ကသိုလ်ကျောင်းသား ပါသည်။ ရုံးသူရုံးသား ပါသည်။ ကျောင်းသူကျောင်းသား ပါသည်။ ဈေးသူဈေးသား ပါသည်။ ဆေးလိပ်သမ ပါသည်။ မော်တော်ကား ဒရိုင်ဘာ ပါသည်။ ပါဝင်ဆင်နွှဲ သည်ဆိုသည်ကလည်း ရေပက်ရုံ၊ ရေပက်ခံရုံမျှ မဟုတ်၊ အနုပညာကို ထုတ်ဖော်ကွန့်မြူးကာ အားလုံး ကိုယ်စီ သီချင်းရေးစပ်၊ သီချင်းသီဆို၊ ကိုယ်တိုင် ပါဝင် တီးမှုတ် ကခုန်ကြခြင်းဖြစ်ပါ၏။ ဂီတသုခုမပညာရှင်များကလည်း ကိုယ့်အနုပညာကို အများနှင့်မတူ ထုတ်ဖော်ကြသည်။ ပန်းချီ ၊ ပန်းပုပညာရှင်များကလည်း ကိုယ့်စိတ်ကူးစိတ်သန်းဖြင့် သင်္ကြန်ကိုအလှဆင်ကြသည်။
ရှေးဟောင်းသုတေသန ပန်းချီဆရာ ဦးအုန်းမောင်က မြန်မာ့ရိုးရာရုပ်လုံးပညာဖြင့် ဟင်္သာရုပ်ကြီးချိုးကာ ပန်းကနုတ် အပြင် အဆင်များဖြင့် “ မဟာနွယ် ” အလှပြယာဉ်ကို ပြင်ဆင်ပေးသည်။ ပန်းချီဆရာကြီး ဦးဘသက်က ခေတ်သစ်နှင့်ရိုးရာ အချိုးညီပေါင်းစည်းသည့် အပြင်အဆင်ဖြင့် “ ထီလာမောင် ” အလှပြယာဉ်ကို ဖန်တီးပေးသည်။ ပန်းချီဆရာကြီး ဦးလှပေါ်က ပြင်ဦးလွင်-မန္တလေး မော်တော်ယာဉ်အသင်းအတွက် ကြီးမားလှပသော ဟင်္သာရုပ်လုံးကြီးကိုပင် ချိုးပေးခဲ့သည်။
ထီလာရေသဘင်က “ ကရ၀ိက်ရုပ်လုံးကြီး ” ၊ ဘုရင့်မောင်က “ ရှင်ဘုရင်ရုပ်လုံး ” ၊ ရွှေမန်းမောင်က “ ချိုးဖြူရုပ် ” ၊ ခင်တို့မောင်က “ ကြိုးကြာ ” ၊ ကြယ်နီရောင်က “ ငါးမြှောင့်ကြယ်ကြီးနှင့် ဥဒေါင်းနှစ်ကောင် ”၊ တက္ကသိုလ်
မောင် ၊ ချစ်သွေးညီနှင့် နေပြည်တော်ကလည်း “ ခွပ်ဒေါင်းရုပ်ကြီး ” များ ...။
ခြင်္သေ့ရုပ်လုံးကြီးများဖြင့် ပြင်ဆင်ထားသော အသင်းများက မန္တလေးဗဟိုအမျိုးသား
ကျောင်းမှ “ ကျောင်းတော်ဗဟို ” ၊ “ ပျိုတို့မောင် ” နှင့် “ ဈေးချိုမောင် ” တို့ဖြစ်သည်။
ရွှေနန်းတော်က “ ငွေခရု ” ၊ ရွှေစဉ်မောင်က “ တိုက်သင်္ဘော” ၊ ပုလဲမောင်က “ ငါးရုပ် ” ၊ နန်းမြင့်မောင်က “ ကျုံးမြို့ရိုးနှင့်နန်းမြင့်” ၊
နန်းရှေ့မောင်က “ အမြောက် ၄ လက်နှင့် တိုက်သင်္ဘော ” ၊ ပြည်ထောင်စုနန်းရှေ့
လှေတော်ယာဉ်က “ ဗိုလ်ချုပ်အောင်ဆန်း ” ပုံဖြင့် လှေကြီး...။ ဥတ္တရတိုင်းစစ်ဌာနချုပ်က “ ကျားခေါင်းကြီး ” တို့ဖြင့် ပြင်ဆင်ကာ နွှဲပျော်ကြသည်။
ဤသို့ဖြင့် ထိုနှစ်သင်္ကြန်တွင် မန္တလေးတစ်မြို့လုံး အလှပြယာဉ်အသင်းပေါင်း
၄၀ ကျော်နှင့် အမျိုးသမီးရေသဘင်အဖွဲ့ ၅၀ ကျော်တို့ ပါဝင်ကာ ဆင်နွှဲကြခြင်းဖြစ်
သည်။
“ ငြိမ်းချမ်းရေး” ဆန္ဒဟူသော ဒီရေက နေ့စဉ်လို စက္ကန့်မလပ်မို့ ရိုးရာသင်္ကြန်ပွဲတော်ကြီး၌ပင် “ ငြိမ်းချမ်းရေး ” လွှမ်းခြုံနေသည်။ ၁၉၅၀ ခု (ကောဇာသက္ကရာဇ်၁၃၁၁ ခုမှ ၁၃၁၂ ခုနှစ်အကူး) သင်္ကြန်ကို မန်္တလေးမှာ “ ငြိမ်းချမ်းရေး ” သင်္ကြန်ဟု
ကမ္ပည်းတင်သည်။
ထိုစဉ်က နိုင်ငံတော်သမ္မတကြီး စပ်ရွှေသိုက်ကိုယ်တိုင် ပါဝင်နွှဲကြ၏။ သို့သော် ထိုနှစ်ကထူးထူးခြားခြားမန္တလေးမြို့မ အသင်းသားတွေက ရန်ကုန်သင်္ကြန်၌ ဆင်နွှဲကြ၏။ ရန်ကုန်ရောက် “ မန္တလေး မြန်မာ ကုန်သည်များအသင်း ” ၏ အစီအစဉ်ဖြင့် “ ရွှေမန်းရေယာဉ် ” ဟု အမည်ပေးကာ ငွေငန်းရုပ်အလှဆင်ရေသဘင်ကားကြီး ဆင်သည်။
ထို့နောက် ရုပ်ရှင်နောက်ခံဂီတအသံသွင်းရန် ကိစ္စအတွက် ရန်ကုန်ရောက်နေသော ဆရာမြို့မငြိမ်းကိုယ်တိုင် “ ရွှေမန်းရေယာဉ် ” ဖြင့်လိုက်ပါပြီး သင်္ကြန်ပွဲဆင်နွှဲသည်။ မန္တလေးတွင်ရှိစဉ် ကာလတစ်လျှောက်လုံး မြို့မ ငွေငန်းယာဉ်ပေါ်တွင် လိုက်ပါလေ့မရှိသော ဆရာမြို့မငြိမ်းက ရန်ကုန်သင်္ကြန်တွင် ကိုယ်တိုင် ပါဝင်ဆင်နွှဲသဖြင့် ထူးခြားနေသည်။ “ ရွှေမန်းရေယာဉ် ” တွင် ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော “ ရွှေမန်းတောင်ရိပ်ခို ” သီချင်းကို ၁၉၅၀ ခုနှစ် ရန်ကုန်သင်္ကြန်၌ ဆရာမြို့မငြိမ်း ကိုယ်တိုင် ပြန်လည် သစ်ဆန်းခဲ့သောအခါ အထူးနှစ်သက်ခဲ့ကြသည်။
နာမည်ကျော် ဘီဒီဘရားသားအုပ်စုကလည်း ထိုနှစ်တွင် ထိုသီချင်းကို တက်ယူပြီး သူတို့၏ ကော်ဖီကြော်ငြာရုပ်ရှင်ကားပိုင်းတို၏ သင်္ကြန်အစီအစဉ် နောက်ခံသီချင်းအဖြစ် ကိုအံ့ကြီးက သီဆိုအသံသွင်းခဲ့၏။
ဘီဒီဘရားသားတီးဝိုင်း၏ ဧည့်ခံပွဲတိုင်း ထိုသီချင်းက ခေတ်စားခဲ့သည်။ “ ရွှေမန်း
တောင်ရိပ်ခို ” အပြင် သီချင်းသစ်အဖြစ် ဆရာမြို့မငြိမ်းက “ ငြိမ်းချမ်းရေးရေသဘင် ” သီချင်းကို ရေးစပ်ခဲ့သည်။ သမိုင်းနောက်ခံဖြင့် ထင်ရှားစေခဲ့သော သီချင်းဟုဆိုသော် လွန်အံ့မထင်၊ နားဆင်ကြည့်ကြပါဦး။
“ (သဘာဝရွှင်မြူး၊ နှစ်ကူးဗမာ့(မြန်မာ့) ရေသဘင်
ခါရေစင်လန်းကြည်ရွှင် အေးစေချင်ချမ်းတယ်ခင်
စိမ့်စိမ့်ချမ်းချမ်း .. အေးအေးလောင်းပေ
လောင်းလေအေးလေ၊ အေးလေလောင်းလေတွေမို့
ချစ်မိတ်ဆွေဖြစ်ကြောင်း အခွင့်ကောင်းကြုံလို့ပင်)၂
(ရွှေဂုန်သူမို့ ဖျတ်လတ်ဖြူစင်ရှင်းကြော့ယဉ်ယဉ်
မာပါစေဆုထူးဆင်)၂
ပိတောက်တွေ ဝေေ၀လွင်လွင်
ရွှေရည်လူး၊ ဖူးပွင့်တဲ့ဒီအချိန်တွင် ....
ဗမာ (မြန်မာ)ပြည်၊ ငြိမ်းချမ်းရေး ရွက်သစ်နုနု
ခါတော်ရေစင်ဖျန်းလို့ ဝေစီလွင် ...၊
ငွေငန်းဆုတောင်း... အောင်
ကြောင်းကိုပင် ခါတော်ရေ သဘင် .... ” တဲ့လေ။
အခုလည်း “ အောင်စည်ရွမ်းသံကြားရပြီထင့် ပြည်တော်ဝင်မယ်လေ.. ” ဟု
သမိုင်းသစ်စာမျက်နှာ ဖွင့်လှစ်ခဲ့ကြပြီးနောက် နှစ်သစ်နှစ်ကူး အခါသမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်း ငြိမ်းချမ်းရေး ရွက်သစ်ရွက်နုတွေ ဝေေ၀စီလန်းစေချင်ပါဘိ။ ။
ကြေးမုံ ဧပြီ ၃ ၊ ၂၀၁၆
Saturday, April 6, 2019
ချစ်တတ်ကြသူများ အကြောင်း
💝 ချစ်တတ်ကြသူများ အကြောင်း
အမှန်က သည်စာစုကို ကျွန်တော်ရေးရန် မဟုတ်ပါ ။ ကိုဟိန်းလတ်က သတင်းမေးသဖြင့် ကျွန်တော်က ပြောပြခြင်းကို သူက ရေးရန်သာ ဖြစ်ပါသည် ။ သို့သော် ကျွန်တော် အပြောကောင်းလို့ပဲလား ... ကိုယ်တိုင်ရေးတာ ကောင်းပါတယ် ဆိုသည့် သဘောလားတော့မသိ ... ။
“ ကိုဗလကြီးပဲ ရေးပါဗျာ ။ အကြောင်းအရာလေး ကောင်းလွန်းလို့ပါ ” ဆိုသဖြင့် ကျွန်တော်က ရေးရပါသည် ။ အမှန်တော့ သည်စာစုသည် သတင်းတစ်ပုဒ်မျှသာ ။ သို့သော် သည် သတင်းက
************
( ၁.၁.၉၉ ) ညက ဖြစ်သည် ။ အမျိုးသားဇာတ်ရုံတွင် မြန်မာသံ ဂန္ထ၀င် တေးဂီတ အစီအစဉ် စင်တင်ပွဲကျင်းပသည် ။ ကျွန်တော်လည်း အဆိုရှင်ထဲမှာ တစ်ယောက် အပါအ၀င်ဖြစ်သည် ။ ဤ အဆိုရှင်များ စာရင်းကိုတော့ စာဖတ်သူ သိပြီးသားပါ ။ အားလုံး မြန်မာသံ အဆိုရှင်များချည်း ဖြစ်သည် ။ ပြီးတော့ သီဆိုကြသည့် သီချင်းအားလုံး မြန်မာသံ တွေချည်း ဖြစ်သည် ။
ထုံးစံအတိုင်းပင် ပွဲကျင်းပနေစဉ် စင်နောက်ကွယ်တွင် အနုပညာရှင်တွေရော ၊ နောက်လိုက်တွေရော ၊ ပရိတ်သတ်အချို့ပါ ရှိနေပါသည် ။ ကွာခြားတာက “ ရုပ်ရှင်ပွဲ ” ၊ “ ခေတ်ပေါ်ပွဲ ” စသည်တို့လို ရုတ်ရုတ်သဲသဲ ၊ရှုပ်ရှုပ် ယှက်ယှက် ရှိမနေကြခြင်းပင် ဖြစ်သည် ။ အားလုံး အေးဆေး ဆိတ်ငြိမ်သက်စွာ ။
စင်နောက်သို့ ကျွန်တော် ရောက်သွားသောအခါ ဆံပင်ရှည်ရှည် T ရှပ် ၊ဘောင်းဘီဝတ် ခေတ်ပေါ် လူငယ်လေးတစ်ယောက်က “ ဦး ...နေကောင်းလား ” ဟု လာ နှုတ်ဆက်သည် ။ ဒါလည်း သိပ်ထူးဆန်းသည် မဟုတ် ။ သည်လိုပဲ နာမည်ကြီး ပညာသည်တွေ ရောက်လာလျှင် ပရိတ်သတ်က နှုတ်ဆက်စမြဲ ။ သို့သော် ...
ခု ကျွန်တော့်ကို အားပါးတရ လာနှုတ်ဆက်သူကလေးကား တခြားသူမဟုတ် ။ “ ဇော်ဝင်းထွဋ် ” ။ ကြည့်စမ်း မြန်မာသံ “ စင် ” နောက်ကွယ်မှာ ။
ခေတ်ပေါ် အဆိုတော်ကလေးက ပရိသတ်အဖြစ် ရောက်နေပါကလား .. ။
လှိုက်ကနဲ ဖြစ်သွားသည် ။
***************
“ ဇော်ဝင်းထွဋ် ” ကို ပွေ့ဖက် နှုတ်ဆက်ပြီး ကျွန်တော်ဆိုရန် အလှည့်ကို စောင့်ဆိုင်းရန် ကြေညာသူ အနားမှာ သွားရပ်စဉ် .....
လှည့်ကြည့်လိုက်တော့ မှောင်ရိပ်ချောင်တွင် ငြိမ်ငြိမ်ကလေး မတ်တပ်ရပ်နေသော လူ နှစ်ယောက် ။ ကျွန်တော်နှင့် သက်တူ ရွယ်တူတွေပါပဲ ။ ရုတ်တရက် ဘယ်သူမှန်း မသိ ။ အနား သွားကြည့်လိုက်တော့မှ “ ဂျေမောင်မောင် ” နှင့် “ ခင်မောင်တိုး ” ။ အလို ။ ကျွန်တော့်ရင် ဒုတိတအကြိမ် လှိုက်ကနဲ ။
သူတို့နား လျှောက်သွားပြီး ကျွန်တော်က နှုတ်ဆက်သည်။
“ လာ အားပေးတာလားဗျ ”
“ ဟာ .... လာနားထောင်တာပါ ” ဂျေမောင်မောင် အဖြေ ။
“ ကျွန်တော်က မြန်မာသံ Crazy ဗျ ” ခင်မောင်တိုး ၏ စကား ။ကျွန်တော် မည်မျှ ခံစားရမည်ကို စာဖတ်သူ စဉ်းစားကြည့်စေချင်ပါသည် ။
ထိုအချိန်တွင် ကျွန်တော့် သီဆိုမှု အလှည့် ကြေညာသံ ထွက်လာသည် ။ ကျွန်တော် မလိမ်ပါ ။ သီချင်း ဆိုနေစဉ်အတွင်း ကျွန်တော်သည် “ ဇော်ဝင်းထွဋ ” ၊ “ ဂျေမောင်မောင် ” နှင့် “ ခင်မောင်တိုး ” တို့ကို မျက်စိထဲ မြင်နေပါ၏ ။ သူတို့ အသံတွေကို ကြားနေရပါ၏ ။ တစ်ဆက်တည်းမှာပင် ၀မ်းနည်းစိတ်လည်း ပေါ်နေပါသည် ။ အခြား ဟုတ်ပါရိုးလား ။
“ သြော် ... သူတို့ သူတို့ ပွဲတွေတုန်းက ငါဟာ စင်နောက်ကွယ်ဝေးလို့ စင်အောက်ကပင် အားမပေးခဲ့ဖူးပါလား ” ဟူ၍ ။
************
သူတို့ တာဝန် ကျေကြပါပေ၏ ။ ဂီတ ဟူသမျှကို မြတ်နိုးကြပါပေ၏ ။ ဂီတသမား မှန်သမျှကို ချစ်တတ်ကြပါပေ၏ ။ ( ဂီတ အမျိုးအစား ခွဲခြားခြင်း ) နှင့် ( “ ဂီတ ” သည် “ ဂီတ ” သာ ဖြစ်ခြင်း ) ကို သူုတ့ ကွဲပြားစွာ နားလည်ကြပါ၏ ။
သီချင်းဆိုနေစဉ် ကျွန်တော် သုမောင် တစ်ယောက် ပီတိ မျက်ရည် လည်နေသည် ဆိုလျှင် ယုံကြမည်လား မသိတတ် ။
သုမောင်
၁၅-၁-၉၉
Saturday, March 30, 2019
ဖက်တီးတွေ သွယ်လျလျ လှပလိုငြား ကန်စွန်းဥ ကို ထမင်းနဲ့ စား
🍠 ဖက်တီးတွေ သွယ်လျလျ လှပလိုငြား
ကန်စွန်းဥ ကို ထမင်းနဲ့ စား
မြန်မာလူမျိုးများသည် ကန်စွန်းဥကို သရေစာအဖြစ် စားကြသည်။
ကန်စွန်းဥကို သက်ကယ်ချောင်းလောက် အတုံးလေးများတုံးပြီး ဆီနဲ့ကျွတ်အောင် ကြော်ပြီး လက်ဖက်သုပ် သို့မဟုတ် ဂျင်းသုပ်တို့တွင် ထည့်၍ စားကြသည်။
ကန်စွန်းဥသည် မြေအောက်အမျိုးအစားဖြစ်၍ စုပ်ယူမှုသတ်္တိထူးရှိသည်။ ကန်စွန်းဥကို စားသည့်အခါ ဘာတွေ စုပ်ယူသလဲဆိုလျှင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဓာတ်တွေမှန်သမျှ စုပ်ယူ
ပါတယ်။ ၀မ်းဗိုက်မှာရှိတဲ့ အဆီဓာတ်၊ အငန်ဓာတ်၊ အချိုဓာတ်၊ အဆိပ်ဓာတ်၊ အရည်ဓာတ်တို့ကို စုပ်ယူ၏။ အဆီဓာတ်ကို စုပ်ယူသည့်အတွက်
သွေးတွင်းမှာရှိသည့် အ၀လွန်စေတတ်သော (ကိုလက်စထရော)များခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်းမဖြစ်နိုင်၊ အငန်ဓာတ်တွေစုပ်ယူလိုက်တဲ့ အတွက် သွေးထဲကို အဆီဓာတ်တွေ မ၀င်ရောက်နိုင်တော့ပါ။
ကန်စွန်းဥကို စားခြင်းဖြင့် အ၀လွန်၊ ဆီးချို သွေးချို၊ ကင်ဆာရောဂါများ မဖြစ်နိုင်။
ကန်စွန်းဥသည် ဗီတာမင်ဓာတ်များသည်။ လူတွေ၏ခွန်အားကို အကျိုးပြုသည်။
ရှေးမြန်မာလူကြီးများသည် ကန်စွန်းဥ၊ လူး၊ ဆပ်၊ ပြောင်း စတာတွေကို အစားများသဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာ စသည့် ရောဂါကြီးတွေ အဖြစ်နည်းကြောင်း မြန်မာဆေးကျမ်းများတွင် တွေ့ရပါသည်။
ကန်စွန်းဥသည် ချိုဆိမ့်အရသာရှိပြီး အာဟာရပြည့်ဝသော အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်သည်။
ဗီတာမင်အေဓာတ် များစွာရှိသဖြင့် ခန္ဓာကိုယ်ထဲမှအဆီများ တဖြည်းဖြည်းလျော့နည်းလာ
ပြီး ပိန်ပိန်ပါးပါး ပေါ့ပေါ့ပါးပါး လျင်မြန်သွက်လက်စွာ သွားနိုင်လာနိုင်ပါမည်။
ဒူးနာ၊ ခါးနာ၊ လေကင်း၊ အပုပ်ကင်း၊ အနာကင်း၊ ငန်းမန်းနာတို့ကို ပျောက်ကင်းနိုင်သည့် သတ်္တိရှိပါသည်။
ကန်စွန်းဥ၏အစွမ်းကို မသိကြ၍ သရေစာအဖြစ် တော်ရုံတန်ရုံသာစားကြသည်။ အလွန်စိတ်ဝင်စားစရာကောင်းတာကတော့ စားလို့ကောင်းသည်။ ဘေးထွက်ဆိုးကျိုးမရှိ။ တန်ဖိုးလည်း မကြီး။ လွယ်ကူစွာရနိုင်သည်။
ကန်စွန်းဥကိုပြုတ်ပြီး ထမင်းစားတဲ့အခါ ထမင်းပန်းကန်ထဲထည့်ထားပြီး ထမင်းနဲ့အတူစားရတာမို့ အခက်အခဲလည်းမရှိ။ ဘာမှတာဝန်မကြီးပါ။
အဆီပိတ်ရောဂါ၊ လေဖြတ်တဲ့ရောဂါတို့ကို ကြောက်စရာမလို။ မိမိတို့အိမ်မှာ ကန်စွန်းဥ၀ယ်ထားပြီး စီမံကိန်းချ၍ နေ့စဉ် ထမင်းနဲ့ အတူစားဖို့ အရေးကြီးပါတယ်။
တချို့က ကန်စွန်းဥစားလျှင် ပိုဝလာပြီးရောဂါပိုထူမယ် ပြောတတ်ကြပါတယ်။ ဒီလို အထင်ဟာ မှားပါတယ်။
ကမ္ဘာမှာ အ၀လွန်ရောဂါတွေ၊ အဆီပိတ်ရောဂါတွေ၊ လေဖြတ်သွေးတိုးရောဂါတွေ၊ နှလုံးရောဂါတွေ၊ ဆီးချိုရောဂါတွေ၊ ကင်ဆာရောဂါတွေ ဖြစ်လို့ သေကြတာ၊ လူ့ဘ၀တစ်သက်တာ ရောဂါကင်းကင်း၊ အသက်ရှည်ရှည်၊ အနေတော်ကိုယ်လုံး အာရောဂျံ ပရမံ လာဘံ အနာကင်းခြင်းသည် မြတ်သောလာဘ်ကြီးဖြစ်ပေသည်။
ပညာတွေ ဘယ်လောက် တတ်တတ် ပစ္စည်းဥစ္စာ စိန်ရွှေငွေရတနာတွေ ဘယ်လောက်ပေါကြွယ် ချမ်းသာချမ်းသာ အိပက်အိပက်၊ ဗိုက်ကြီးစူရွှဲထွက်နေပြီး၊ အ၀လွန်ရောဂါဖြစ်နေလျှင် လူချမ်းသာကို မခံစားရ၊ မသိရ ဖြစ်မည်။
အရင်လို လမ်းအိုလိုက်ဆိုသည့်စကားအတိုင်း ချင်း၊ ကချင်၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်၊ ဓနု၊ ပဋောင်း စသောတိုင်းရင်းသား ညီအစ်ကို မောင်နှမများ ရှေးမြန်မာကြီးများထုံးကို နှလုံးမူ၍ ထမင်းစားလျှင် ကန်စွန်းဥပြုတ်နဲ့တွဲစားကြပါ။
ဖက်တီးတွေ သွယ်လျ လှပလိုငြား ကန်စွန်းဥကို ထမင်းနဲ့စားကြပါဟု တိုက်တွန်းရေးသားလိုက်ပါသည်။
သမားတော်ကြီး ဦးသောင်းရွှေ
[သမားတော်ကြီးဦးသောင်းရွှေ ရေးသားသည့် ကမ္ဘာမှာအဆန်းဆုံးသည်အပင် အပင်ဟူသမျှဆေးပင် စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။ ]
Friday, March 29, 2019
မန္တလေး သရက်
🥭 မန္တလေး သရက်
◼လူထုဒေါ်အမာ
အမေတို့ မန္တလေးမှာ သရက်သီးပေါ်တော့မယ်ဆိုရင် အမေတို့လို လူအိုလူမင်းတွေက ထမင်းကို ဟင်းနဲ့မစားဘဲ သရက်သီးကလေးနဲ့စားချင်စိတ်တွေ ပေါက်နေကြပြီ။ ပြီးတော့ သရက်သီးမပေါ်ခင် တပို့တွဲ တပေါင်းမှာ သရက်ဖူးနဲ့ သရက်ကင်းက စပေါ်တယ်မှုတ်လား။ အဲဒီတော့သရက်ကင်းနဲ့ ထမင်းမြိန်ပေမယ့် သရက်ကင်းပေါမှာကို သရက်သီးကြိုက်သူတွေက စိုးရိမ်တယ်။
ဘာလို့လဲဆိုတော့ ရှေးတုန်းက သရက်ကင်းဟာ ခူးရောင်းတာကနည်းပြီး လေပြင်းကျလို့ ကြွေတာကို ကောက်ရောင်းတာက များတာကိုး။ သရက်မျိုးညံ့မှ အကင်းခူးတယ်။ မျိုးကောင်းသရက်က အကင်းကို ဘယ်သူမှ မခူးဘူး။ အဲဒီတော့ သရက်ကင်းတွေသိပ်ပေါလာရင် ဒီနှစ်သရက်သီးရှားတော့မယ်၊ လေကြွေတွေ သိပ်များနေပြီလို့ စိုးရိမ်တယ်လေ။
အမေတို့ မန္တလေးမှာ စားရတဲ့ သရက်သီးထွက်ကြတဲ့ သရက်ခြံတွေက ဒုဋ္ဌ၀တီလို့ခေါ်တဲ့ မြစ်ငယ်မြစ်ရဲ့ ၀ဲယာမှာ ရှိတယ်။ ဒုဋ္ဌ၀တီမြစ် ရှမ်းပြည်နယ်က စီးဆင်းလာတော့ ရွှေစာရံလောက်ကစပြီး မြစ်ကမ်းပါး ၀ဲယာမှာ သရက်ခြံတွေ ထိစပ်နေလိုက်တာ အင်းဝတံတားဦးဘက်မှာ ဧရာဝတီထဲ ဒုဋ္ဌ၀တီမြစ်ငယ်မြစ် စီးဝင်သွားတဲ့အထိပါပဲ။
သရက်ပင်က မိုးနည်းပြီး တောင်ပေါ်ရေကို ကြိုက်တယ်ထင်ပါရဲ့။ မြစ်ငယ်မြစ်ရဲ့ ၀ဲယာကခြံတွေမှာ သရက်တို့၊ သံပရာတို့ကို အဓိကထားပြီး စိုက်ကြတာပဲ။
ဒါကြောင့် ရှေးက ဘုရင်ဥယျာဥ့်တော်၊ နန္ဒ၀န်ဥယျာဉ်ဟာလည်း ဒီခြံတွေ ကြားထဲမှာ ရှိတာပဲ။ ဘုရင်က သူ့လာဆက်ပြီး တကယ်ကောင်းတဲ့
သရက်၊ သူကြိုက်တဲ့ သရက်မျိုးတွေကို သူ့ဥယျာဉ်တော်မှာ စိုက်စေတယ်။
နောက်ပြီး ဆက်လာတဲ့လူရဲ့နာမည်တွေကို သရက်နာမည်အဖြစ် ပေးတတ်တယ်။ ဘုရင်တွေမရှိတဲ့နောက်မှာတော့ ဥယျာဉ်တော်ထဲက
မျိုးတွေကို ဆင်းရဲသားခြံတွေက အကြောင်းအပေါင်းသင့်ရာ တောင်းစိုက်ကြတော့ သရက်မျိုးကောင်းတွေ တခြားခြံတွေထဲလည်း ရောက်ကုန်တာပေါ့။
ဒါကြောင့် အဲဒီခြံတွေကလာတဲ့ သရက်သီးတွေ ရာသီတိုင်လို့ မန္တလေး ရောက်လာတဲ့အခါ မန္တလေးသရက်အဖြစ်နဲ့ ရောင်းကြ ၀ယ်ကြတာပဲ။
ကြုံလို့ပြောရဦးမယ်၊ ရန်ကုန်မှာ ရောင်းချနေတဲ့ “ မန္တလေးရင်ကွဲ ” ဆိုတဲ့ သရက်သီးကတော့ မန္တလေးသရက် မဟုတ်တာ အသေအချာပဲ။
မန္တလေးမှာ အဲဒီသရက်သီးမျိုး အရင်က လုံးဝမရှိခဲ့ဘူး။ အမေက “ မန္တလေးရင်ကွဲ ” ဟာ မန္တလေးသရက် မဟုတ်ဘူးလို့ ဘာလို့ ပြောသလဲ ဆိုတော့ မန္တလေးက အဲဒီလိုနာမည်မျိုးလည်း ဘယ်တော့မှ မမှည့်လေ့ဘူး။
ဒီလိုအနံ့အရသာနဲ့ ဒီလိုအရောင်အဆင်းလည်း မန္တလေးက မထွက်ဘူး။
ခုတော့ အဲဒီရင်ကွဲသရက်ဟာ အသီးရက်စက်တယ်ဆိုလို့ မန္တလေးနားက သရက်ခြံတွေမှာ ယူစိုက်နေပြီ။ ခု သုံးနှစ်လောက် ရှိပြီ။ သီးတဲ့အခါ ဟုတ်တယ်၊ အများကြီး သီးတယ်၊ အသွေးအရောင်ကတော့ ရန်ကုန် ဘက်ကနဲ့ မတူတော့ဘူး၊ သူက အညှာဘက်မှာ ၀ါရောင်နီရောင် သမ်းလာပြီး မိုးကြောင့် ပျစွဲထားတဲ့ အမည်းကွက်တွေလည်း မပါတော့ဘူး။
အနံ့အရသာလည်း ရန်ကုန်ရင်ကွဲထက် ပိုကောင်းလာတယ်။ အလုံးတော့ ရန်ကုန်ဘက်ကလို မကြီးဘူး။ သူက သေးသွားတယ်။
သရက်သီးဆိုတာ မှည့်ရင် ချိုတာချည်းပဲ။ ဒါပေမဲ့ ခွဲပြီး တစ်ခုနဲ့တစ်ခု အတူတူယှဉ်စားကြည့်မှ ဘယ်သရက်က ဘယ်လောက်ကောင်းတယ်၊ ဘာကြောင့်ကောင်းတယ်ဆိုတာ သိနိုင် သဘောပေါက်နိုင်တာပါ။ မဟုတ်လို့ သူ့ချည်းတစ်မျိုးတည်း စားနေရရင် ဘယ်သရက်ဖြစ်ဖြစ် ကောင်းတာချည်းပါပဲ။ ဒါကြောင့် သရက်သီးမထွက်တဲ့နိုင်ငံတွေက သရက်သီးကို အလွန်ကြိုက်ကြ ဈေးကြီးပေးပြီး ၀ယ်စားကြတာပေါ့။
သရက်သီးဟာ အရသာအနေနဲ့ ချိုရမယ်လို့ ယေဘုယျ သတ်မှတ်လိုက်တော့ မှည့်တဲ့သရက်မှန်ရင် ချိုတာချည်းပဲ။ ဒါပေမဲ့ယှဉ်စားလိုက်တော့ လေးလေးပင်ပင် ချိုတာ၊ ခါးသက်တဲ့အထိ ချိုတာ၊ပေါ့ချိုတာ၊အချဉ်ဓာတ်ကလေးနည်းနည်းစွက်ပြီးချိုတာ စသဖြင့် လျှာကသိလာ စကားပြောလာပါတယ်။
အဲဒီအထဲမှာ လေးလေးပင်ပင်နဲ့ နစ်နေအောင် ချိုတဲ့သရက်က အကောင်းဆုံးပေါ့။
ဒါပေမဲ့ တချို့လျှာကတော့လည်း ချိုတယ်ဆိုတာ အချဉ်ဓာတ်ကလေး နည်းနည်းပါမှချိုတဲ့အရသာ ပြည့်စုံတယ်လို့ ပြောကြပါသေးတယ်။
အဲဒီလို လူများက မန္တလေးကထွက်တဲ့ နက်တဲ့ ချောချောသရက်မျိုးနဲ့ ပလူအိုက် သရက်မျိုး ကျကျနန မှည့်တာကို ကြိုက်ကြတယ်။ မမှည့်ရင် ဒီသရက်တွေက ချဉ်တဲ့အရသာ သိပ်ကဲနေ လိမ့်မယ်။
နက်တဲ့ နဲ့ ပလူအိုက်ယှဉ်လိုက်တော့ ပလူအိုက်က အသီး ကြီးတယ်၊ အသားပေါတယ်၊ နက်တဲ့လောက်ပိုးမ၀င်လွယ်ဘူး။ ဒါကြောင့် ပလူအိုက်ကို နက်တဲ့ မယှဉ်နိုင်ပြန်ဘူး။
သရက်သီးကောင်းဆိုတာ အကြောအမျှင် ကင်းရတယ်။ တချို့သရက်က ဘယ်လောက်ချိုချို၊ အမျှင်တွေ သိပ်များတော့ သရက်ကောင်း မဖြစ်လာဘူး။ တောသရက်ပဲ။
ပြီးတော့ သရက်သီးမှာ အရသာအပြင် အနံ့ကလည်း စကား ပြောပါသေးတယ်။ သရက်ညံ့ရင် တောစော်နံတယ်။ ဘာနံ့မှမရှိတဲ့ သရက်က တောစော်နံတဲ့သရက်ထက် ပိုကောင်းတယ်။ ဒီထက်ကောင်းတဲ့ သရက်က အလွန်ထူးထူးကဲကဲ မွှေးတဲ့အနံ့ ရှိပါတယ်။
အမေတို့ ကြုံဖူး တွေ့ဖူး စားဖူးသမျှထဲ မြန်မာဘုရင်များကို ဆက်ရတဲ့ သရက်တစ်မျိုး ဖြစ်တဲ့ “ ပင်တော်လေး ” သရက်ဆိုတာ အနံ့က သိပ်မွှေးပါတယ်။
အခန်းထဲမှာ ဒီသရက်သီးထည့်ထားရင် အခန်းထဲဝင်တာနဲ့ သရက်နံ့ ရပါတယ်။
“ပင်တော်လေး” သရက်က လူတိုင်းတော့ မစားဖူးပေဘူး။
ကောင်းတော့တကယ်ကောင်းတဲ့ သရက်ပါ။ အသီးအရွယ်က အောင်ဒင် သရက်လောက်ပဲ ရှိပါတယ်။ အကြီးစား မဟုတ်ဘူးပေါ့။ အသီးရောင်က
ပန်းသီးလို နီရဲနေပါတယ်။ အနံ့ကလည်း အဝေးကနေတာနဲ့မွှေးတယ်။
အသားခွဲလိုက်ရင် အရောင်က သရက်သီးပေမယ့် အ၀ါရောင် မနုဘူး။
အရောင်တောက်နေတဲ့ အ၀ါ၊ အကြောအမျှင် လုံးဝမရှိ။ စားလိုက်ရင်လေးလေးပင်ပင် ချိုပြီး အိနစ်နေတဲ့အတွေ့။ အခွံကလည်း ပါးပါး ကလေးရယ်။
ဒီသရက်ဟာ ဥယျာဉ်တော်အထဲမှာ လုံးပတ်ယောက်ျား သုံးယောက်ဖက်လောက် ရှိတဲ့အပင်ကြီးက သီးတာ။ ပင်အိုမို့ အသီးက သိပ်များများ မသီးတော့ဘူး။ ဒါတောင် တချို့လူတွေက ဒီအပင်ဟာ ဘုရင်စိုက်ခိုင်းခဲ့၊ စားတော်ဝင်ခဲ့တဲ့အပင် မဟုတ်ဘူး။ အဲဒါက သေသွားပြီ၊
ဒါက အပင်သစ်လို့ ပြောကြပါတယ်။ ဟုတ်နိုင်မဟုတ်နိုင်တော့ ရုက္ခဗေဒ သမားတွေကမှ သိမှာပါ။
သရက်သီးမှာ မွှေးတဲ့အဆင့်အထိ ကောင်းတဲ့သရက်က အလွန်ရှားပါတယ်။ အချိုလေးတယ်။ အကြောအမျှင်ကင်းတယ်၊ အနံ့သင်းတယ်၊
အသားပေါတယ်ဆိုရင် သရက်ကောင်းလို့ ခေါ်ရတာပါပဲ။
အောင်ဒင်သရက်ဟာ မန္တလေးမှာ အစောဆုံးပေါ်ပြီး သိပ်ချိုတဲ့ သရက်မို့ နာမည်ကြီးပါတယ်။ ဒါပေမဲ့ အောင်ဒင်ဟာ ပေါ်တာစောလို့သာ အဖိုးတန်တာ၊ သူက အလုံးသေးပြီး အစေ့ကြီးတယ်၊ ဒါကြောင့် အသားပါးလို့ ပထမတန်းစား မ၀င်ဘူး၊ ဘာပဲဖြစ်ဖြစ် ပေါ်တာက အစောဆုံးနဲ့ အချိုလည်း လေးတော့ ပေါ်ဦးပေါ်ဖျား သရက်မို့ အောင်ဒင်-
အောင်ဒင်နဲ့ နာမည်ကြီးရပါတယ်။
အောင်ဒင်ရဲ့ နောက်ပိုင်းမှာ ပေါ်လာတဲ့ “ စံရ ” ဆိုတဲ့ သရက်လည်း ချိုပါရဲ့၊ အလုံးကတော့ သေးသေးပဲ။
မတ္တရာက သရက်သီးတစ်မျိုး ထွက်တယ်၊ ဆင်ပေါင် သရက်တဲ့။
သူတို့က သီးလာရင် အိတ်စွပ်ပေးတာ။ ဒါကြောင့် သီးလုံး ချောတယ်။
မတ္တရာခြံတွေက ရေကောင်းတော့ အသီးလည်း ကြီးတယ်။ ဒီသရက်ဟာ ချိုတယ်လို့ နာမည်ကြီးတဲ့ သရက်တွေထဲပါတဲ့အပြင် အပေါ်နောက်
ဆွဲတော့ ဈေးကောင်းရတာပေါ့။ မတ္တရာ ဆင်ပေါင်ဟာ သရက်ကောင်းစာရင်းဝင်ပဲ။
မန္တလေးမှာ သရက်ပေါ်တဲ့ အလယ်ရာသီမှာ နာမည်ကြီးတဲ့ သရက်တွေကတော့ ဂေါင်ချိုး ၊ ဟင်္သာ ၊ နက်တဲ့ ၊ ပလူ ၊ မစောရင် ၊ ဦးချစ်ထွန်း ၊ ကြည်ဝင်း ၊ ငှက်တော် ၊ စိန်တစ်လုံး ၊ ပုစွန်တုပ် ၊ ဦးမေဒိယ ဆိုတာတွေပေါ့။ ဒါတွေက ရန်ကုန်ဘက်ထိ ရောက်ချင်မှ ရောက်မယ်။
ဆင်ပေါင်တို့ ၊ ဂေါင်ချိုးတို့က ရောက်မယ်ဆိုရင် ရောက်နိုင်သေးတယ်။
နာမည်ကြီးတဲ့ သရက်က အထွက်နည်းပြီး အနုတ်အသိမ်း များတာကိုး။
သရက်ဟာ အထားခံတဲ့ မျိုးကောင်းမျိုးသန့်ကိုရွေးပြီး ရုက္ခဗေဒပညာရှင်တွေရဲ့ အကူအညီနဲ့ စနစ်တကျ စိုက်၊ စနစ်တကျနိုင်ငံခြားကို တင်ပို့စရာ ကောင်းလှတယ်။
[၂၀၁၄ ခုနှစ်၊ စက်တင်ဘာလထုတ် လူထုဒေါ်အမာ ရေးသားသည့်
အမေ့ရှေးစကားစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။]
Wednesday, March 27, 2019
မင်းမရှိလဲ ရပါတယ်
🔩 မင်းမရှိလည်း ရပါတယ်
နံနက် ၈ နာရီ ထပ်ခနဲ အရောက်၊ စူးရှသော ဥသြသံ ထွက်ပေါ်လာလေ၏။
အလုပ်သမား ၂ဝ-၂၅ ယောက်ခန်ံ ကိုယ့်နေရာကိုယ် ရောက်ကုန်ကြလေပြီ။
“တင်ကလောင် တင်ကလောင်၊ ရှီးရှီးရှဲရှဲ ၊ ဗြီးဗြီးဗြဲဗြဲ၊ ဒရစ်ဒရစ်၊ ဗျစ်ဗျစ်၊ ဗရော၊ ကလစ်ကလစ်၊ ကျင်ကျင်ကျောင်ကျောင်”
ဝပ်ရှော့တစ်ခုလုံး သက်ဝင်လှုပ်ရှားလာလေပြီ။ အသံမျိုးစုံ ထွက်လာလေပြီ၊ ဝယ်ဒလင်တို့သံ၊ နိုင်ငံခြားက အော်ခက်စထရော အသံစုံတယ်ဆိုတာ သည်ဝပ်ရှော့ကို မီပါ့မလား။ ကျွန်တော့်သူငယ်ချင်း မောင်သောင်းဝပ်ရှော့၊ တောင်ဒဂုံစက်မှုဇုန် ၂ မှာ တွင်ခုံတွေ ထုတ်လုပ်နေတာ၊ ခြွေလှေ့စက်တွေ ထုတ်လုပ်နေတာ။ အစက ဗဟန်းဘက်မှာ လုပ်နေတာ၊ စက်မှုဇုန်တွေဖွင့်၊ မြို့ထဲကထွက်ကြဆိုတော့ တောင်ဒဂုံ ၂ ကိုရောက်သွားတာ။
“သူငယ်ချင်း… ဟိုပိန်ပိန်ရည်ရည် အသားဖြူဖြူကောင် မမြင်ပါလားကွ၊ ဟိုတစ်ခါ ငါလာတုန်းက တွေ့တယ်လေကွာ၊ လုပ်ငန်း အရမ်းကျွမ်းတယ်ဆိုတဲ့လူကွာ”
“အာ… မင်း မိုးပျံကို ဟြေတာထင်တယ်။ အခု သူမရှိတောဘူးကွ”
“ထွက်သွားတာလား၊ ထုတ်ပစ်တာလား”
“သူ့ဘာသာ ထွက်သွားတာပါကွာ၊ ငါ သူ့ကို လခအမြင့်ဆုံးပေးထားတာပါကွာ၊
ဒါတောင် မမြဲဘူးဟ”
“အဲဒီလူ အလုပ်အရမ်းကျွမ်းဆိုမို့လား၊ မင်းငါ့ကို တစ်ခါဟြေဖူးတယ်”
“အလုပ်ကတော့ တကယ့်ကို ကျွမ်းတာကွ၊ အလုပ်ရုံပေါင်းလည်း နှံ့နေပြီ၊ လူနှစ်ယောက်စာ အလုပ်ကို တစ်ယောက်တည်းပြီးအောင် နိုင်နိုင်နင်းနင်းလုပ်တဲ့လူကွ၊ လူတော်တစ်ယောက်ပဲ၊ ပညာအရမ်းကောင်းတယ်၊ ငါတောင် လက်ဖျားခါတယ်၊ ဒါပေမယ့်…”
ရှေ့မဆက်ဘဲ စကားကို ဆ… နေပြန်၏။
“ဒါပေမယ့် ဘာဖြစ်သလဲကွ”
“ပညာက တော်ပါတယ်၊ ဒါပေမယ့် အကျင့်တန်တယ်ကွ၊ အုပ်စုဖွဲ့တယ်၊
သွေးခွဲတယ်၊ ချောက်တွန်းတယ်ကွ၊ ငါသိ ငါတတ် ဆရာကြီးလုပ်ချင်တယ်၊ ငါနဲ့ သိပ်ကီးမကိုက်ပါဘူးကွာ၊ ပညာကြောင့်သာ ကြည့်နေရတာ”
“အဲဒီ ပညာကို မက်လို့ပဲကွ၊ အခြားအလုပ်ရုံတစ်ခုက သူ့ကို မျက်စိကျသွားတာ”
“အခု အဲဒီအလုပ်ရုံမှာလား”
“နောက်ထပ် တစ်ရုံတောင် ဟြေင်းသွားပြန်ပြီ၊ ခက်တာကွ၊ သူကအရမ်းတတ်နေတော့ ပညာပြချင်တယ်၊ သူမရှိရင် အလုပ်ကို ရပ်ထားရလိမ့်မယ်၊ သူ့ခြေသလုံး ဖက်လာလိမ့်မယ်၊ ဒီလိုထင်နေတာကွ၊ ငါကလည်း ရင့်နေပြီပဲကွာ၊ တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ သိထားတော့ သူ့ဆီက ပညာတွေ ယူထားလိုက်တာပေါ့”
ဟုတ်လောက်တယ် ခင်ဗျာ့၊ ကျွန်တော့် သူငယ်ချင်း မောင်သောင်းဆိုတာက ၁၈
နှစ်သားလောက်ကတည်းက ဝပ်ရှော့ထဲရောက်လာတာ၊ အောက်သက်ကျေရုံဘယ်ကမလဲ၊ အမှုန့်ဖြစ် အရည်တောင်ပျော်ကျသွားပြီ၊ အသက် ၆ဝ ကျော်သွားပြီဗျာ၊ နည်းတဲ့ လုပ်သက်မှတ်လို့၊ ဝပ်ရှော့အလုပ်သမားဘဝကနေ ကိုယ်ပိုင်အလုပ်ရုံ ထောင်ရုံတင်မက သူ့ဆီက ပညာတတ်သွားတဲ့ တပည့်တပန်းတွေ အလုပ်ရုံခွဲ ထောင်သွားကြတာ၊ သူ ထောက်ပံ့ ကူညီပေးလိုက်တဲ့ အလုပ်ရုံတွေ ၂ဝ-၂၅ ထက်နည်းမယ်မထင်ဘူး၊ သူ့သွားပညာပြလို့ ဘယ်ရပါ့မလဲနော၊ သူ့သွားပြရင် ပညာကလေး ဖတ်ခနဲကောက်ပြီးအိတ်ထဲထည့်ထားလိုက်မှာပေါ့ သူက။
“သူထွက်သွားတော့ သူကိုင်ထားတဲ့ စက်တွေ ချောချောမွေ့မွေ့လည်ပတ်ရဲ့လား
ဟကောင်ရ”
“လည်ပတ်ပါတယ်ကွာ၊ ငါကိုယ်တိုင်လည်း သင်ယူထားလိုက်တယ် လည်ရည်
ပတ်ရည်ရှိတဲ ငါ့တပည့်တစ်ယောက်ကိုလည်း မသိမသာ သင်ယူခိုင်းထား လိုက်တယ်ကွာ”
“သူက ချပ်ခနဲ အလုပ်ကထွက်သွားတော့ ဖတ်ခနဲ သူ့နေရာ လူစားဝင်လိုက်တာပေါ့ကွာ”
မှန်ပါတယ် ခင်ဗျာ။ ကုန်ထုတ်လုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းပိုင်ရှင်များဟာ အလွန် ဦးနှောက်ပြေးရပါတယ်၊ ကြိုမြင် ကြိုတွက်ထားရပါတယ်၊ လျင်နိုင်သမျှ လျင်ရပါတယ်။
မောင်မဲ မလာလို့ အလုပ်ရပ်ထားရတာမျိုး၊ မိဖြူအလုပ်မဆင်းလို့ ဟာသွားတာမျိုး မဖြစ်ရလေအောင် လစ်လပ်သွားတဲ့ နေရာမှာ လူစားထိုးဖို့ အဆင်သင့် လုပ်ထားရတာကလားဗျာ။ အဲဒါကြောင့်လည်း ကျွန်တော့်သူငယ်ချင်းဟာ နှစ်ပေါင်း ၄ဝ ကျော် အတွေ့အကြုံများကို အခြေခံထားသဖြင့် သူ့အလုပ်ရုံ ရပ်ထားရသည်၊
နားထားရသည်ဟု မရှိဘူးခင်ဗျာ။
“သူမရှိလည်း ငါရှိနေတာပဲကွာ”
ကျွန်တော် သူ့စကားကို အလေးအနက် စဉ်းစားမိပါ၏။
အရည်အချင်းပြည့် ခေါင်းဆောင် ရှိနေသမျှ လုပ်ငန်းက လည်ပတ်နေမှာပါ။ သူ့ဆီက နည်းယူရပါ၏။ နမူနာ ယူရပါ၏။
အခုကြည့်လေ… တစ်စုံတစ်ယောက် အလုပ်ကထွက်သွားရုံနှင့် သူ့အလုပ် ဘာမျှမထိခိုက်ပါ။ ဘယ်လောက်ကျွမ်းကျင်သူပဲ ထွက်ထွက်။
“ဟင်း… ဟင်း… မင်းမရှိလည်း ရပါတယ်”
မောင်ချမ်းသာ
Monday, March 25, 2019
အလောင်းတော်ကဿ ပ
အလောင်းတော် ကဿပ ဥယျာဉ်အတွင်း
ဘုရားအရောက် ကတ္တရာလမ်း ခင်းပါက ဥယျာဉ်တည်ထောင်ထားသည့် မူလ ရည်ရွယ်ချက်ကို ထိခိုက်စေနိုင်
စစ်ကိုင်း ဖေဖော်ဝါရီ ၅
အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် အတွင်းရှိ အလောင်းတော်ကဿပ စံကျောင်းသို့ ပေါက်သည့် သဘာဝ မြေသားလမ်းသည် အမျိုးသားဥယာဉ် အလယ်ဗဟိုကို ဖြတ်သန်းသွားရာ လမ်း တစ်လျှောက် ဆင်၊ ၀က်ဝံ၊ ကျားသစ်၊ စိုင်စသည့်ရှားပါး တောရိုင်းတိရ စ္ဆာန်များ ဖြတ်သန်းသည့်နေရာအများအပြား ရှိသလို လမ်းတစ်လျှောက်တွင် ထင်းရှူးတောမှလွဲ၍ ကျန်တောအမျိုးအစားငါးမျိုးကို လေ့လာနိုင်သဖြင့် သုတေသန ပြုလုပ်ခြင်းများအတွက် များစွာ အရေးပါနေကြောင်း ကနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ထံမှ သိရသည်။
“ အထက်ရွက်ပြတ်ရောနှော တောစိုအထက်ရွက်ပြတ်ရောနှောတောခြောက်၊အောက်ရွက်ပြတ်ရောနှောတောစို၊ အင်တိုင်းတော၊ ထင်းရှူးတောနဲ့ အမြဲစိမ်းတော စတဲ့သစ်တောအမျိုးအစား ခြောက်မျိုး၊ အပင်မျိုးစိတ် ၄၆၅ မျိုး၊ သစ်ခွမျိုးစိတ် ၄၉ မျိုး၊ ပရဆေးမျိုးစိတ် ၁၄၃ မျိုး၊ ၀ါးမျိုးစိတ် ရှစ်မျိုး၊ နို့တိုက်သတ္တ၀ါ ၃၄ မျိုး၊ တွားသွားသတ္တ၀ါမျိုးစိတ် ၉၄ မျိုး၊ အင်းဆက်မျိုးစိတ် ၄၂ မျိုး၊လိပ်ပြာမျိုးစိတ်၂၅၀၊ ငှက်အမျိုးပေါင်း ၄၈၆ မျိုးတို့ တွေ့ရပါတယ်။ အဲဒီလိုဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝတဲ့အတွက် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ၁၈ ရက်က သတ်မှတ်ခံခဲ့ရပါတယ် ” ဟု ဦးထွန်းထွန်းဝင်းက ဖြည့်စွက်ပြောပြသည်။
အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကို ယင်းမာပင်ခရိုင် ကနီမြို့နယ်ရှိ ပုထိုးလုံးကြိုးဝိုင်းနှင့် ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းကြိုးဝိုင်းနှစ်ခုအား ပေါင်းစည်း၍ သစ်တောဝန်ကြီးဌာန၏ ၁၉၈၉ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၃၁/၈၉) ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကျယ်အ၀န်းမှာ၃၄၆၆၃၉ ဒသမ ၃၉ ဧက ၅၄၁ ဒသမ ၆၂ စတုရန်းမိုင်ရှိကြောင်း သိရသည်။
မြေလမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်းလဲလျှင် ဇီဝမျိုးစုံမျိုးကွဲနေရင်းဒေသများ၏
သဘာဝအနေအထား ပျက်စီးသွားနိုင်သလိုသဘာဝရေစီးရေလာများပျက်စီးမှုနှင့်အတူ ဂေဟစနစ်ပါ ပြောင်းလဲသွားနိုင်ပြီး တောရိုင်းတိရ စ္ဆာန်များ၏ နေရင်းဒေသများကို အစိတ်စိတ်အမွှာမွှာကွဲကာ ပျောက်သွားစေနိုင် ကြောင်း ဦးထွန်းထွန်းဝင်းက သုံးသပ်ပြသည်။
ထို့အပြင် ရာသီမရွေး ယာဉ်များ ၀င်ထွက်သွားလာနိုင်သဖြင့် ဆူညံမှုများကြောင့်
တောရိုင်းတိရ စ္ဆာန်များ ဥယျာဉ်အတွင်းမှရွှေ့ပြောင်းသွားနိုင်ကြောင်း၊ ယာဉ် နှင့် တောရိုင်း
တိရ စ္ဆာန်များ မတော်တဆတိုက်မိမှုများ ဖြစ်ပွားနိုင်ခြေများလာစေနိုင်သကဲ့သို့ ဆင့်ကဲ ထိခိုက်မှုများအနေဖြင့် မြေအသုံးချမှုများနှင့် လူတို့အခြေချနေထိုင်မှုများ ဖြစ်ပေါ်လာနိုင်ကာ ယခင်က လူတို့ နှောင့်ယှက်ဝင်ရောက်မှု မရှိခဲ့သည့် နေရာများတွင် တောရိုင်းတိရ စ္ဆာန်များ တရားမ၀င်ဖမ်းဆီးခြင်းနှင့် တရားမ၀င် ကူးသန်းရောင်းဝယ်မှုများ မြင့်တက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးပျောက်ကွယ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ် ပေါ်စေကာ မူလသဘာဝပတ်ဝန်းကျင်အနေအထားများကို ပျက်ယွင်းစေပြီး တောရိုင်း
တိရ စ္ဆာန်များအား အနှောင့်အယှက်ဖြစ်စေနိုင်သည့်အပြင် တောပြုန်းခြင်းများဖြစ်ကာ
တရားမ၀င် သစ်ခိုးထုတ်မှုများ ပိုမို ပေါ်ပေါက်လာနိုင်သောကြောင့် လက်ရှိ ဥယျာဉ်အတွင်း
အလွန်ခက်ခဲစွာ တိုက်ဖျက်နေရသည့် သစ်ခိုးထုတ်မှုပြဿနာကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဥယျာဉ်သည် အဖိုးတန်သစ်မျိုးများ ပေါက်ရောက်သည့်သစ်ထုတ်နိုင်သော
သစ်တောကြိုးဝိုင်းနှစ်ခုရှိရာ နိုင်ငံ၏ အမွေအနှစ်များရေရှည်တည်တံ့ရန် ထိန်းသိမ်းကာ
ကွယ်နိုင်ရေးအတွက် သစ်ထုတ်လုပ်ခြင်းမှ ရရှိသည့် စီးပွားရေးအကျိုးအမြတ်များကို စွန့်လွှတ်၍ သဘာဝနယ်မြေတစ်ခုအဖြစ်တည်ထောင်ထားခြင်းဖြစ်သည်။
မြေသားလမ်းကိုကတ္တရာလမ်းအဖြစ် ပြောင်းလဲ ခင်းခြင်းဖြင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပြီး အမျိုးသားဥယျာဉ်အဖြစ်တည်ထောင်ထားသည့် မူလရည်ရွယ်ချက်ကိုထိခိုက်စေမည် ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက သုံးသပ်ပြောကြားသည်။
မျိုးဝင်းထွန်း(မုံရွာ)
ကြေးမုံ ၊ ဖေဖော်ဝါရီ ၆ ၊ ၂၀၁၇
စေတနာ အဆိုးအကောင်း ဖြစ်ပေါ်ခြင်း
☮ စေတနာ အဆိုး အကောင်း ဖြစ်ပေါ်ခြင်း
◼အရှင် ဦးဇေယျပဏ္ဍိတ ( ပိုင်းလော့ဆရာတော် )
ကိုယ့်စိတ်ကိုယ်မနိုင်ဘူးဆိုတာက သွေးထဲမှာ သတိ္တတွေကိန်းနေပြီး ပြန်ပေါ်တာကြောင့် ဖြစ်တယ်။
မကောင်းတဲ့ သတိ္တသွေးတွေကို အကြိမ်ကြိမ် သွင်းထားမိတော့ ပြဿနာပေါ်လို့ တကယ် ရင်ဆိုင်တဲ့ အခါမှာ လုပ်တဲ့ နေရာမှာ ဆုံးဖြတ်ချက် ချပြီဆိုရင် အဆိုးဘက်ကိုပါသွားရော။
အကောင်းဘက်ကို မလိုက်နိုင်တော့ဘူး။
အဲဒီတော့ ဒီနေရာမှာ ကိုယ်တိုင်ပြင်မှရမယ်ဆိုတာ မှတ်ကြပါ။
တချို့အရက်သမားတွေက “ ဘုန်းဘုန်း ဘုရား အရက်ကို အလှူခံပါဘုရား ” လို့ ဘုန်းကြီးကို အပ်ကြတယ်။ ဘုန်းကြီးက ပြောလိုက်တယ်။ သူ့မှာ အရက်ကြိုက်တဲ့ သတိ္တမကုန်ရင်
ဘုန်းကြီးက အလှူခံလည်း အရက်မပြတ်နိုင်ဘူးလို့ ပြောလိုက်တယ်။
ကြိုက်တဲ့သတိ္တ ကုန်သွားအောင် သူကိုယ်တိုင် ပြင်ရမှာ၊ အရက်မပြစ် မကောင်းကြောင်းကို အကြိမ်များစွာတွေးပြီးတော့ ဆိုးကျိုးတွေမြင်ပြီး ဆုံးဖြတ်ချက်ချပါများလားလို့ သတိ္တတွေ ပြောင်းသွားရင် သူ့ဘာသာသူ မသောက်တော့ဘဲနေမှ ပြတ်နိုင်မှာ အဲဒီလို မဟုတ်ဘဲ အရက်သမားချင်း ပြန်ပေါင်းလို့ အကြိုက်တွေက များလာရင် ဘုန်းကြီးပြောလည်း မရဘူး။
ကိုယ်တိုင်ပြင်မှ ရမယ်ဆိုတာ နားလည်ကြပါ။
နှလုံးသွေးမှာ သတိ္တကိန်းတယ်ဆိုတာ နားလည်ကြပြီလား။
အထူးသဖြင့် တစ်ပါးသူရဲ့ အပြစ်ပြောတာကို ဘုန်းကြီးက အမြဲတမ်းတားတယ်။ ဘုရားကလည်း တားခဲ့တာပဲ၊ တစ်ပါးသူရဲ့အပြစ်တွေကို ရှေ့မှာလည်း မပြောကြနဲ့၊ ကွယ်ရာမှာလည်း မပြောကြနဲ့၊ ရှုတ်ချပြော ဆိုတဲ့စကားကို ရှောင်ကြဉ်ပြီးတော့ ပြောဆိုရာမှာလည်း ဖြည်းဖြည်းသာသာ စဉ်းစားပြီးပြောရမယ်တဲ့၊ ဒီလိုကျင့်ကြံတာဟာ ကိလေသာခေါင်းပါးပြီး လျော့နည်းစေတဲ့အကျင့်ပဲ၊
အမြဲတမ်းသူများရဲ့အပြစ်ကို ကြည့်လေ့ရှိတဲ့ပုဂ်္ဂိုလ်၊ ပြောလေ့ရှိတဲ့ပုဂ်္ဂိုလ်မှာ အာသ၀တရားတွေ တိုးပွားလို့နိဗ္ဗာန်နဲ့ ဝေးသထက်ဝေးလိမ့်မယ်လို့ ဘုရားက ဆိုပါတယ်။
အဲဒီတော့ လောကီမှာတင် ပိတ်တာမဟုတ်ဘဲ လောကုတ္တရာမှာပါ ပိတ်ပင်မှု ရှိတယ်လို့ မှတ်ပါ။
တော်တော်များများဟာ သူများရဲ့ အပြစ်ပြောတာကို ၀ါသနာပါကြတယ်။ ဘုန်းကြီးတို့လည်း ရှေ့ပိုင်းမှာတုန်းကရာခိုင်နှုန်းအတော်များများ ပြောဖြစ်တယ်။ ဘုရားဟောတဲ့ စာပေတွေကို
ဖတ်ပြီးတော့မှ ဟုတ်လိုက်တာဆိုပြီး ရှောင်ခဲ့ရတယ်။ ဒါပေမဲ့ အမှတ်တမဲ့ ပြောမိတာလေးတွေ ရှိနေသေးတယ်။
စေတနာအပိုင်းကို ဖတ်ပြီးတော့မှ ပိုပြီး ကြောက်လာတာ၊ ဘုန်းကြီးက ဒါကို သိစေချင်လို့ ပြောနေတာဖြစ်တဲ့ အတွက် စဉ်းစားပြီး လိုက်နာစေချင်တယ်။
တစ်ပါးသူအကြောင်းပြောရာမှာ သူရယ်၊ ငါရယ် ပုံဖော်ပြီး ကိုယ်ရဲ့အယူလမ်းကြောင်းနဲ့ မတည့်တော့မှ အဲဒီပုဂ်္ဂိုလ်မကောင်းကြောင်း ပြောလို့ရမှာ ၊ တည့်ရင်တော့ အကောင်းပဲပြောမှာပေါ့။ အဲဒီတော့ အယူသမားများသည် တစ်ဖက်သားကို အပြစ်ပြောဖို့ ၀န်မလေးဘူးမှတ်ပါ။
ကိုယ်ဖြစ်စေချင်တဲ့ ပုံစံတွေ ကိုယ့်ဝါဒတွေနဲ့ မကိုက်ရင် အဲဒီပုဂ်္ဂိုလ်ကို မကောင်းပြောမှာပဲ၊ အဲဒီတော့ စေတနာဖြောင့်ပါ့မလား။
ဘုန်းကြီးတို့ကျောင်းက ဘုန်းကြီးအိုကြီးတစ်ပါးအကြောင်း မှတ်ဖူးတယ်။ သူက ကားနဲ့
မြို့ထဲကပြန်လာချိန် ကားပေါ်က ဆင်းလာတော့ ညည်းတယ်။ အဲဒီကားသမားတွေ စေတနာတော်တော် မကောင်းလိုက်တာတဲ့၊ ဘာဖြစ်လို့တုန်း ဘုန်းဘုန်းလို့မေးတော့ ကျောင်းရှေ့ရပ်ပေးပါပြောတာ ကျော်ပြီးမှရပ်ပေးတယ်။ ကားခလည်းတောင်းသေးတယ်။ တော်တော်မကောင်းတဲ့ကားသမားလို့ပြောတယ်။ အဲနောက်နေ့ကျပြန်တော့ ပြုံးပြီးပြန်လာတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီကားသမားတော်လိုက်တာကွာလို့ ပြောတယ်။ ဘာဖြစ်လို့လဲမေးတော့ ကျောင်းရှေ့မှာလည်း ရပ်ပေးတယ်။ ပြီးတော့ ကားခလည်း မတောင်းလိုက်ဘူးလို့ ပြောတယ်။
အယူသမားများဟာ ဖောက်ပြန်တယ်။ ကိုယ့်အတွက် အချိုးတည့်ရင် အကောင်းပြောပြီး၊
မတည့်ရင် မကောင်းပြောတယ်။ အဲဒီကတည်းက အဲဒီပုဂ်္ဂိုလ်မှာ စေတနာ အကောင်းရှိပါ့မလား ၊ မရှိဘူးဆိုတာ တွေးလို့ရပြီနော်၊ အဲဒီတော့ ကိုယ်မှား တာကို ပြင်ကြပါ။ အပေးသမားဖြစ်ရမယ်လို့ မှတ်ကြပါ။
[၂၀၀၆ ခုနှစ်၊ ဇူလိုင်လထုတ် အရှင်ဇေယျပဏ္ဍိတရေးသားသည့်
“ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် သတ္တလောက၏ ဖန်ဆင်းရှင် ” စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။]
Saturday, March 23, 2019
နားပန်းဆံ တေးသံရှင်
🎤 နားပန်းဆံ တေးသံရှင်
မြန်မာတို့သည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့် ရုပ်ရှင်နှင့် ကိုယ့်ဂီတကို နှစ်သက်မြတ်နိုး တန်ဖိုးထားကြသူများ ဖြစ်သည်။ သို့ဖြစ်၍ ရုပ်ရှင် ဂီတ အနုပညာရှင်များကို ပြင်ပမှာ တွေ့ကြသည့်အခါ ထန်းလျက်ကို ပုရွက်ဆိတ်များခဲသည်သို့ ၀ိုင်းအုံကြည့်ကြ၊ မိတ်ဖွဲ့ချင်ကြသည်။ အနှောင့်အယှက်ပေးခြင်းမဟုတ်။ သို့ဖြင့် ရုပ်ရှင်ဂီတနှင့် ပတ်သက်လာလျှင်၊ စိတ်ကြိုက်တွေ့လျှင် နှလုံးသားဝယ် သံမှိုစွဲသည့်အလား မှတ်သားထားတတ်ကြသည်။
“ ဗိုလ်အောင်ဒင် ” ဆိုသည်နှင့် မင်းသား ခင်မောင်ရင်၊ “ ဘ၀သံသရာ ” သီချင်းကြားသည်နှင့် ဦးသုခ၊
“ ဖိုးပြုံးချို ” ဇာတ်ကားအကြောင်းပြောလျှင် ဖိုးပါကြီး၊ “ ထွေးညို ” သီချင်းသံကြားလျှင် တွံတေးသိန်းတန်၊ “ မှုံရွှေရည် ” ဆိုလျှင် ၀င်းဦး၊
“ ကျောက်ခဲ ” သီချင်းကိုဆိုမှမဟုတ် တီးလုံးအတောတောလိုက်သည်နှင့် ဇော်ဝမ်းမှန်းတမ်းသိကြသည်။
ထို့အတူ “ နားပန်းဆံ ” သီချင်းမူရင်းအဆိုတော် ဘယ်သူလဲ မေးရန်မလို ၊ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်၏ သီချင်းမှန်း လူငယ်လူကြီး မရွေး တစ်ပြည်လုံးသိကြသည်။
“ နားပန်းဆံ ” သီချင်းကို ဖန်တီးသည့်တေးလက်ရာရှင်မှာ အလင်္ကာကျော်စွာ ဆရာ ရွှေပြည်အေး၊ မြန်မာတို့၏ကျေးလက်ဘ၀ကို နောက်ခံပြု၍ကျေးလက်..၊ ကျေးလက်ဂီတနှင့် ကျေးလက်ဒါနတို့ကို ရုပ်လုံးပေါ်အောင်စပ်ဆိုထားပြီး မြန်မာမှု၊မြန်မာ့ဟန်၊ မြန်မာ့သံစဉ်များဖြင့် မြူးမြူးကြွကြွလှလှပပထုံမွှမ်းထားရာ နားဆင်ရသူအပေါင်း ထ က ချင်စိတ်ပေါက်လောက်အောင် ကောင်းလှသည်။ မြန်မာပြည်သား မြန်မာတို့နားဖြင့် ကြားလေ ကြားရ ကြားမ၀နိုင်၊ အထူးလက်ရာမြောက် ဂန္ထ၀င်တေးတစ်ပုဒ်၊ မြန်မာ့အသံဓာတ်ပြား၊ ရောင်းတမ်း ဓာတ်ပြား ရုပ်ရှင်နောက်ခံတေးအဖြစ် ဒေါ်မြင့်မြင့်ခင်ကိုယ်တိုင် သီဆိုခဲ့သည်။
၁၉၆၅ ခုနှစ်ခန့်က ဒါရိုက်တာ ဦးတင်ယု ၏လက်ရာ မင်းသားလင်းထင်၊ မင်းသမီး သီရိကေခိုင်(ဒေါ်မြင့်မြင့်ခင်၏သမီး) တို့ ခေါင်းဆောင် ပါဝင်ထားသည့် “ ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည် ” ရုပ်ရှင်ဇာတ်ကားတွင် “ နားပန်းဆံ” သီချင်းကိုနောက်ခံဇာတ်ဝင်တေးအဖြစ် အသုံးပြုပြီး
မင်းသမီး သီရိကေခိုင်က နားပန်းဆံ အကကို ကပြသွားခဲ့သည်။ ဂီတမှူး ဇော်ဟိန်း “ သစ္စာပန်း ” ၏ ဆက်သွယ်ပေးမှုဖြင့် စာရေးသူနှင့် ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင် (အမေ ဒေါ်မြင့်မြင့်ခင် ) တို့ ဆုံတွေ့ခဲ့ကြရာ ဖော်ရွေသောအပြုံးပိုင်ရှင် အမေ၊ အသက်(၈၀) ကျော်ပြီ ဖြစ်သော်လည်း သီလကောင်းသဖြင့် လူရွယ်တစ်ဦးနှင့်မခြား သွက်လက်ပေါ့ပါးနေသောအမေ၊ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော အတိတ်ဖြစ်ရပ်များကို ဒက်ကနဲ ဒက်ကနဲ ရှင်းပြနိုင်သောအမေ၊ မြန်မာ့ရုပ်ရှင်နှင့်ဂီတလောကအတွက် များစွာအကျိုးပြုခဲ့သော အမေ့ကိုယခုလို ကျန်းမာရွှင်လန်းစွာ တွေ့လိုက်ရသည့်အတွက် စာရေးသူများစွာ ကြည်နူးပီတိဖြစ်မိသည်။
“ အကယ်ဒမီ(၅)ဆုရှင် ရုပ်ရှင်သရုပ်ဆောင် တေးသံရှင် စည်သူ ဒေါ်မြင့်မြင့်ခင် ” ...သန်လျင်သူ၊ ငယ်နာမည် ဘေဘီ၊ အဖ B.O.C အင်ဂျင်နီယာ ဦးဘိုးမင်းနှင့် အမိ ဒေါ်အေးကြည်တို့က
၁၃-၈-၁၉၃၄ တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။
ကျောင်းနေအရွယ် တစ်ဖက်မှ စေတနာလုပ်အားပေး သူနာပြုအဖြစ် သုံးနှစ်ခန့်လုပ်ရင်း ၁၉၄၉ ခုနှစ်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ တင်ဆက်ကပြသည့် ဒါရိုက်တာ ဦးအေးမြင့်၏ လက်ရာ စိန်ဂျွန်းသူနာပြုတပ်ဖွဲ့ ရန်ပုံငွေ ပြဇာတ်၌ ပါဝင်ကပြခွင့်ရခဲ့သည်။
ထိုပြဇာတ်ကိုကြည့်ပြီး ရုပ်ရှင်အသိုင်းအ၀ိုင်းမှ စိတ်ဝင်စား လာသည့်အတွက် မင်းသားကျော်ဖေ ( ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်လေးဆွေ ခင်ပွန်း ) ၏ ဆက် သွယ်ပေးမှုဖြင့် ရုပ်ရှင်လောကထဲ ရောက်ရှိခဲ့သည်။
၁၉၅၀ ခုနှစ်ခန့်တွင် ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးသည့် “ မာယာရှင် ” အသံတိတ်ဇာတ်ကားတွင် မင်းသားကျော်ဖေ၊ ရဲမြင့်၊ မင်းသမီး ခင်ခင်တင့်တို့နှင့်တွဲဖက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာ စာရေးဆရာမင်းရှင်နောင် ရိုက်ကူးသည့် “ အနိုင်မခံ ” အသံတိတ်ဇာတ်ကားတွင် မင်းသားရွှေမန်းထွန်းတင်နှင့် တွဲဖက်၍ခေါင်းဆောင်မင်းသမီးအဖြစ် စတင်သရုပ်ဆောင်ခဲ့သည်။ အမေသည် အသံတိတ်ခေတ်၊ သံစုံသွင်းခေတ်၊ အသံထွက်ခေတ်နှင့် ဗီဒီယိုခေတ်အဆက်ဆက်တို့တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် ရှေ့မီနောက်မီ ရုပ်ရှင်အနုပညာရှင်တစ်ဦး၊ အသံတိတ်ခေတ်နှင့် သံစုံသွင်းခေတ်တို့တွင် အမေပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်းမှာ ၁၅ ကားခန့်၊ အသံထွက်ခေတ်တွင် ၆၅ ကားခန့်နှင့်ဗီဒီယိုခေတ်တွင် ဇာတ်ကားပေါင်း ၃၀ ခန့် ရိုက်ကူးခဲ့သည်။
ခေတ်အဆက်ဆက်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားပေါင်းများစွာအနက်မှ ထင်ပေါ် ကျော်ကြားသည့် ဇာတ်ကားအချို့ကို ကောက်နုတ်ဖော်ပြရလျှင်
(၁) ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာဦးချစ်ခင်
ရိုက်ကူးပြီး မင်းသားကျော်ဆွေနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ ချစ်ပန်းသဇင် ”၊ “ မွှေး ” နှင့် “ ဖြေလျော့ခွေ ”
(၂) မန္တလေးရုပ်ရှင်မှ ဒါရိုက်တာ ရွှေဒုံးဘီအောင်ရိုက်ကူးပြီး မင်းသားမောင်မောင်တာနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ ဤလူ့ဘောင်တွင် ”
(၃)မင်းသားရွှေဘနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ တောပုန်းကြီးစံဖဲ”
(၄)ရွှေညာမောင်ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်(ရွှေညာမောင်)ရိုက်ကူးပြီးကောလိပ်ဂျင်နေ၀င်းနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ ကောလိပ်ဂျင် ”
(၅) အေ၀မ်းဖလင်မှ ဒါရိုက်တာ အေ၀မ်း ဦးတင်မောင် ရိုက်ကူးပြီး ညွန့်ဝင်းနှင့် တွဲဖက်သရုပ်ဆောင်ထားသည့် “ မမထားနှင့် အပါ ”
(၆) မဟာဗောဓိရုပ်ရှင်မှ ဒါရိုက်တာ မြတ်လေးရိုက်ကူးပြီး ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး၊ စိုးရွှေတို့နှင့် တွဲဖက်သရုပ်ဆောင်ထားသည့် “ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ ”
(၇) ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာစံရွှေမောင်(အောင်လွင်) ရိုက်ကူးပြီး ၀င်းဦး၊ အောင်လွင်၊ခင်လေးဆွေ တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ တိမ်လွှာမို့မို့လွင် ”
(၈) မြနန္ဒာရုပ်ရှင်ဒါရိုက်တာ တင်ထွန်းနိုင် ရိုက်ကူးပြီး ၀င်းဦးနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ မုန်းပါတယ် မောင့်ကို ”
အမေ အကယ်ဒမီထူးချွန်ဆုရရှိခဲ့သည်များကိုဆက်လက် ဖော်ပြရလျှင်
(၁) ၁၉၅၇ ခုနှစ်တွင် မောင်မောင်စိုး ရုပ်ရှင်မှဒါရိုက်တာ မောင်မောင်စိုး ရိုက်ကူးပြီး မင်းသား ဇေယျ ၊ မြင့်အောင်၊ကျော်ဖေတို့နှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ချစ်ညီမ” အသံထွက် ဇာတ်ကားဖြင့်အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် အကယ်ဒမီ
ထူးချွန်ဆု၊
(၂)၁၉၅၈ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာ ဦးချစ်ခင် ရိုက်ကူးပြီးမင်းသားကျော်ဆွေနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ ဖြေလျော့ခွေ ”
ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆု
(၃) ၁၉၇၃ခုနှစ်တွင် ၀င်းဦးနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ မုန်းပါတယ်မောင့်ကို ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆု
(၄) ၁၉၈၀ ခန့်တွင် ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိန်းထွဋ် (ဆိုးပေ/မောင်မဲ) ရိုက်ကူးသည့် “ မှတပါးအခြားမရှိ ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဇာတ်ပို့ဆု
(၅) ဒါရိုက်တာ ဦးခင်ဇော် ရိုက်ကူးသည့် “ မြင့်မိုရ်တောင်ဦး မကကျူးသား ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဇာတ်ပို့ဆု စုစုပေါင်းအကယ်ဒမီငါးဆု ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နိုင်ငံ တော်မှ “ စည်သူဘွဲ့” ချီးမြှင့်ခြင်းခံခဲ့ရသည်။
ဘ၀လက်တွဲဖော်အဖြစ် ၁၉၅၆ ခုနှစ်တွင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ညွန့်နှင့်ဖူးစာဆုံခဲ့ပြီး သမီး ငါးယောက်မွေးဖွားခဲ့သည်။ အကြီးဆုံးမှာ မတင်အေးမြင့်(ခ)ရုပ်ရှင်သရုပ်ဆောင် သီရိကေခိုင် (အကယ်ဒမီ ထွန်းထွန်းနိုင်၏ဇနီး) ၊ စတုတ္ထမြောက်မှာ နိုင်ငံကျော် တေးသံရှင်နှင့် ရုပ်ရှင်သရုပ်ဆောင် မေဆွိ၊ အငယ်ဆုံးမှာတေးသံရှင်လဲ့ယဉ်မြင့်။
အမေသည် ၀ါသနာအရ အားလပ်သည့်အခါ စောင်းတီးလေ့ရှိပြီး ဂီတအခြေခံ ရှိသည့်အတွက် မြန်မာ့အသံ ဓာတ်ပြားတေး၊ ရောင်းတမ်းဓာတ်ပြားတေးနှင့် ရုပ်ရှင်နောက်ခံတေးများ အပါအ၀င်
အောင်မြင်ကျော်ကြားသည့် တေးသီချင်းပေါင်း ၁၅ ပုဒ်ခန့်သီဆိုခဲ့သည်။ အမေသီဆိုခဲ့သည့် သီချင်းအများစု၏ တေးလက်ရာရှင်မှာ အလင်္ကာကျော်စွာဆရာရွှေပြည်အေး ၊ အမေမှတ်မိသမျှ သီဆိုခဲ့သည့်
ရုပ်ရှင်နောက်ခံ တေးများမှာ
(၁) အလင်္ကာကျော်စွာဆရာရွှေပြည်အေး ရေးစပ်သည့် “ ချစ်စိတ်ရည် ” သီချင်းကို “ သက်လယ် ” ရုပ်ရှင်ဇာတ်ကား နောက်ခံတေးအဖြစ် အမေ အသက် (၁၇) နှစ်အရွယ်တွင်သီဆိုခဲ့သည်။ ရောင်းတမ်း ဓာတ်ပြား တေးအဖြစ် ထိုသီချင်းကို ရုပ်ရှင်မင်းသမီး ဒေါ်ကြည်ကြည်ဌေးက ပြန်လည်သီဆိုသည်။
(၂) မန္တလေးဦးဘသိန်းရေးစပ်သည့် “ ရွှေမန်းဆီသို့ ” တေးသီချင်းကို “ ဤလူ့ဘောင်တွင် ” ရုပ်ရှင်နောက်ခံတေး အဖြစ် အမေသီဆိုခဲ့ပြီး ရောင်းတမ်းဓာတ်ပြားတေးအဖြစ်တေးသံရှင် မစိမ်းစိမ်း ပြန်လည်သီဆိုခဲ့သည်။
(၃) ဂီတစာဆို ကိုလေးညွန့် ရေးစပ်သည့် “ ချစ်သူ့နယ်မြေ ”သီချင်းကို “ ရေစီးတစ်ခါရေသာတလှည့် ” ရုပ်ရှင်နောက်ခံတေးအဖြစ် အမေသီဆိုခဲ့ပြီးရောင်းတမ်းဓာတ်ပြားတေးအဖြစ် မာမာအေးပြန်
လည်သီဆိုသည်။
(၄)အလင်္ကာကျော်စွာဆရာရွှေပြည်အေးရေးစပ်သည့် “ နားပန်းဆံ ” သီချင်းကို “ ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည် ” ရုပ်ရှင်နောက်ခံတေးအဖြစ်လည်းကောင်း၊ “ မောတို့သံချို ” တေးသီချင်းကို “ မွှေး ” ရုပ်ရှင်ဇာတ်ကား နောက်ခံတေးအဖြစ်၊ “ ဖိုးဝ ” သီချင်းကို “ မေတ္တာရေလှိုင်း ” ရုပ်ရှင်နောက်ခံတေးအဖြစ်၊ “ သြော်မိန်းမ ” သီချင်းကို “ သြော်မိန်းမ ” ရုပ်ရှင် နောက်ခံတေးအဖြစ် အမေသီဆိုခဲ့သည်။
ထို့ပြင် “ ဂျာအေး ” “ လင်ဖုန်းမို ” “ ပန်းချယ်ရီ ” “ လမင်းထိန်ထိန်သာ ” “ ဧရာဝတီ ” နှင့် ဂီတစာဆို ဟင်္သာတမြင့်ငွေ ရေးစပ်သော “ နောင်အင်းလေးကို အလည်လာ ” တေးများသည်လည်း အမေ၏ ထင်ပေါ်ကျော်ကြားသော တေးများဖြစ်သည်။
အမေ၏ အနုပညာသမိုင်းကြောင်းကို အသေးစိတ် ဆွဲဆန့်တင်ပြရလျှင် တစ်ထောင့်တစ်ည ပုံပြင်ထက်ပင် ရှည်မည်ထင်သည်။ ယခုအခါအမေ့ကို ကြည့်ရသည်မှာ စိတ်ချမ်းသာသည်။
အနုပညာနှင့်ပတ်သက်လာလျှင် ကျရာတာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိနေသည့်အသွင်၊ အမေကဲ့သို့သော ထူးချွန်ပြောင်မြောက်သည့်စွယ်စုံရ ၀ါရင့် သမ္ဘာရင့် အနုပညာရှင်များ သက်ရှင်ထင်ရှား ရှိနေခြင်းသည် ရုပ်ရှင်နှင့် ဂီတအနုပညာလောကအတွက် အားဆေးတစ်လက်ပါ။ အမေအသက်ရာကျော်ရှည်ပါစေဟု ဆန်္ဒပြုရင်း ဤဆောင်းပါးကိုအဆုံးသတ်ပါရစေ။ ။
တင့်လွင်ဦး ( စီးပွါးရေးတက္ကသိုလ် )
ကြေးမုံ စာမျက်နှာ ၁၂ ၊
၆ အောက်တိုဘာ ၂၀၁၅
Tuesday, March 19, 2019
အေးငြိမ်းသီတာ
🌿 အေးငြိမ်းသီတာ
အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်သူ ဦးတင်မောင်ကြည် နဲ့ရင်းနှီးခဲ့ကြတာ ၁၀ နှစ် ကျော်ပါပြီ ။ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်ညီနဲ့ ပတ်သက်ပြီး သူတို့မိသားစုနဲ့ ခင်မင်သွားခဲ့တာ ။ မုံရွာမြို့ကို ရောက်တဲ့အခါ တစ်ခါတစ်ရံ အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေး စက်ရုံကို ကျွန်တော် သွားလည်လေ့ရှိတယ် ။
ယခုတစ်ခေါက် မုံရွာကိုရောက်လို့ အေးငြိမ်းသီတာ စက်ရုံကို သွားလည်တော့ အလွန် သိသိသာသာ တိုးတက် ပြောင်းလဲနေတာကို တွေ့ရတယ် ။ စက်ရုံအတွင်းထဲအထိ ၀င်ကြည့်တဲ့အခါ သိပ္ပံရုပ်ရှင်ကားတွေ ထဲက ဓာတ်ခွဲခန်းတွေ မြင်ရသလိုပဲ။
စက်ရုံအတွင်းမ၀င်မီ အ၀တ်အစား လဲလှယ်ခန်းမှာ ဆရာဝန်တွေ ၀တ်တဲ့ ဂျူတီကုတ်လို အပေါ်အင်္ကျီကို ၀တ်ရတယ် ။ နှာခေါင်းစည်းတပ် ၊ဆံပင်ကို ဦးထုပ်နဲ့ သိမ်းပြီး ဆောင်းရတယ် ။ ပြီးတော့ ပြင်ပမှာ စီးလာတဲ့ ဖိနပ်ကို စက်ရုံတွင်းစီး ဖိနပ်နဲ့လဲလှယ်ပြီး စီးရတယ် ။ ပုံစံက ခွဲစိတ်ခန်းဝင်မယ့် ဆရာဝန်လိုလို ။ စက်ရုံအ၀င်ပေါက်ဝမှာ အခန်းလေးတစ်ခန်းထဲ ၀င်ရပြီး ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ကပ်ငြိပါလာတဲ့ ဖုန်အမှုန်အမွှားတွေကို လေနဲ့ မှုတ် ၊ စုပ် တယ် ။ လေချိုးသန့်စင်ပြီးမှ စက်ရုံတွင်း ၀င်ရတယ် ။ ဆေးဝါးစပ်ပုံ ၊ ကြိတ်ပုံ ၊ ရောနှောမွှေပုံ ၊ ဆေးတောင့် ဆေးပြား လုပ်ပုံတွေကလည်း ခေတ်မီ စက်တွေနဲ့ ဖြစ်နေတယ် ။ စက်တွေ ၊ အခန်းခန်း အဆောင်ဆောင်တွေက စတီးရောင် မှန်ရောင်တွေနဲ့ ၀င်းလက်နေပါတယ် ။
တိုင်းရင်းဆေးဝါးဆိုရင် သံဆုံကြီးတွေနဲ့ထောင်းပြီး ရောင်းတဲ့ လျှက်ဆားလောက်သာ တွေ့မြင်ဖူးသူ ဆိုရင်တော့ အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို ရောက်သွားရင် ကိုယ့်မျက်စိကို ကိုယ် ယုံမှာတောင် မဟုတ်ဘူး ။ စက်ရုံတွင်းကို လှည့်လည်ကြည့်ရှုပြီးနောက် ဧည့်ခံဆောင်မှာ အတူတူထိုင်ပြီး ဆရာ ဦးတင်မောင်ကြည် ကြိုးပမ်းလျှောက်လှမ်းလာခဲ့ရတဲ့ ဘ၀လမ်းကြောင်းကို ပြန်ပြောင်းကြည့်ဖြစ်ကြတယ် ။ ဆရာနဲ့အတူ ဆရာကတော် ဒေါ်လှနှင်း လည်း ရှိနေတယ် ။
“ မိဘတွေက တောင်သူတွေ ၊ ကျွန်တော့်မွေးတဲ့အချိန် စစ်ကြီးပြီးစ ဆိုတော့ ရွာမှာ ဓားပြတွေ တိုက်တယ် ။ ဒါကြောင့် မိဘတွေက မုံရွာပြောင်းလာပြီး ပွဲရုံဖွင့်တယ် ။ ကျွန်တော် ငယ်ငယ်က ရွာမှာ ကျောင်းမနေခဲ့ရဘူး ။ အသက်တော်တော်ကြီးမှ ကျောင်းနေရတာ ။ ၁၉၅၄ ခုနှစ်မှာ ဆယ်တန်းအောင်တယ် ။ ငယ်ငယ်က ရည်မှန်းချက်က ဆရာဝန်လုပ်ဖို့ ။ ဆယ်တန်းအောင်တော့ ရန်ကုန်သွားပြီး တက္ကသိုလ်တက်တယ် ”
“ ဘာကြောင့် ဆရာဝန်ဖြစ်ချင်တာလဲ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ အားကျစရာ ရှိလို့လား ”
“ အဲဒီတုန်းကလဲ ခုခေတ်လိုပါပဲ ၊ဆရာဝန်လိုင်းက အကောင်းဆုံး အနေအထားမို့ပါ ”
“ ဘာကြောင့် ဆရာဝန် မဖြစ်တာလဲ ”
“ ၁၉၅၇ ခုနှစ်မှာ မုံရွာကို မီးကြီးလောင်တယ် ။ ကျွန်တော့်အဖေတို့ရဲ့ ကုန်တွေရော ဂိုဒေါင်တွေရော ဆုံးရှုံးတာ ။ ဒါနဲ့ ကျောင်းဆက်မတက်နိုင်ဘဲ ပြန်ခဲ့တာ ။ အဲဒီအချိန်မှာ ဒေါ်လှနှင်းနဲ့ အိမ်ထောင်ကျနေပြီ ”
အိမ်ထောင်ကျတာ ဘယ်နှခုနှစ်မှာလဲမေးတော့ ဦးတင်မောင်ကြည်က ပြန်စဉ်းစားတယ် ။ နောက်တော့ အကူအညီတောင်းတဲ့ သဘောနဲ့ နံဘေးမှာ ထိုင်နေတဲ့ သူ့ဇနီးရဲ့ မျက်နှာကို လှမ်းကြည့်ပါတယ် ။ ကျွန်တော်က ဒါမျိုး မေ့လို့မဖြစ်ဖူးနော် အန္တရာယ်များတယ် လို့ ပြောတော့ ဆရာက ရယ်တယ် ။ ပြီးမှ နေဦး ခုနှစ်နဲ့ မမှတ်မိဘူး လို့ ဆိုတယ် ။ ဆရာကတော် ဒေါ်လှနှင်း က ၁၉၅၄ ခုနှစ်မှာ အိမ်ထောင်ကျတာ ။ သူဆယ်တန်းအောင်တော့ ကျတာပဲ ။ သူနဲ့ ကျွန်မက ဆွေမျိုးတော်တယ် ။ ကျွန်မက ဖြူး သူ ဆိုပြီး ပြောပါတယ် ။
“ မုံရွာသားက ဒါလောက်ဝေးတဲ့ ဖြူးသူနဲ့ ဘယ်လိုဖူးစာကြောင့် အိမ်ထောင်ကျတာလဲ ”
“ ဒေါ်လှနှင်းရဲ့ အဖေကလဲ ကျွန်တော့်ဇာတိ မင်းရွာသားပဲ ၊ ဦးပုရှိန်တဲ့ ။ ဒီဘက်မှာ မိုးတွေ ခေါင်တော့ ဒီက လူတွေ အုပ်စုလိုက် အောက်ပိုင်းသွား အလုပ်လုပ်ကြတာ ။ ကျွန်တော့်အဖေ သူတို့ဆီသွားရင်း တွေ့လို့ ပေးစားတာ ”
ရန်ကုန်ကို တက္ကသိုလ် သွားတက်ခါနီး သားကို စိတ်မချလို့ အဖေက မိန်းမရှာပြီး ပေးစားလိုက်တာထင်ပါတယ်လို့ ကျွန်တော်က ပြောတော့ သူတို့ လင်မယား ဟက်ဟက်ပက်ပက် ရယ်ကြပါတယ် ။
“ အိမ်ထောင်ကျတော့ ဒေါ်လှနှင်းက မုံရွာလိုက်လာပြီး ကျွန်တော့်အဖေ ပွဲရုံမှာ ပွဲရုံစာရေးအဖြစ် လုပ်တယ် ။ ကျွန်တော်က ဆေးဘက်မှာ ၀ါသနာပါတော့ ကျန်းမာရေးမှူး သင်တန်း တက်ချင်စိတ်ဖြစ်ပြီး ၀င်ဖြေလိုက်တော့ ပါသွားရော ။ ၁၉၆၁ ခုနှစ်မှာ ကျန်းမာရေးမှူး သင်တန်းတက်ပြီး ၁၉၆၂ ခုနှစ် ဒီဇင်ဘာမှာ ပြီးတယ် ”
“ ဆေးပညာ နဲ့ ၀ါသနာ ပြောပါဦး ”
“ အချို့က ကျွန်တော့်ကို မေးကြတယ် ၊မိဘက ကုန်သည်ပွဲစား ၊ဘယ်လိုက ဘယ်လို တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ ဖြစ်လာသလဲပေါ့ ၊ gene ( မျိုးစေ့ဗီဇ ) ခေါ်မှာလား ။ ကျွန်တော့် အဘွားက သူ့ခေတ်နဲ့ သူတော့ ဒေါ်မယ်မွှေး ဆိုပြီး မင်းရွာမှာ တိုင်းရင်းဆေးဆရာမကြီး ။ သူ့ဆေးနည်းလေးတွေ ဘာတွေ ကျွန်တော့်ကို ပေးတယ်ပေါ့ “
“ ကျန်းမာရေးမှူး သင်တန်းပြီးသွားတော့ ဘယ်ဒေသတွေမှာ တာဝန်ထမ်းဆောင်ရသလဲ ”
“ ပထမရောက်တာ စစ်ကိုင်းမြို့နယ် ခွက်ခွင်းကျေးရွာ ကျန်းမာရေးဌာန ၊အဲဒီကနေ ဂုံညင်းဆိပ်မှာ အာရ်အိတ်ခ်ျစီ အသင်းဖွင့်တော့ သွားရတယ် ”
“ အာရ်အိတ်ခ်ျစီ ဆိုတာ ဘာလဲ ”
“ Rural Health Centre ကျေးလက်ကျန်းမာရေး ဌာနပါ ။ ဂုံညင်းဆိပ်ကနေ ဒီပဲယင်းမြို့နယ် သစ်ရာအိုက် အာရ်အိတ်ခ်ျစီ ကို ၁၉၆၈ ခုနှစ်မှာ ပြောင်းရတယ် ။ အဲဒီနောက် ကသာမြို့နယ် မိုးတားကျေးရွာ ကျန်းမာရေး ဌာန ။ အဲဒီကနေ အဆုတ်ရောဂါကုဌာန မိုးမိတ်ကို team leader ( အဖွဲ့ခေါင်းဆောင် ) အဖြစ် ရောက်သွားတယ် ။
ကျွန်တော်တို့ စကားကောင်းနေတာ နေ့လယ် ၁၂း ၀၀ ထိုးသွားပြီ ။ အဲသည်အချိန်မှာ လျှပ်စစ်မီး ပြတ်သွားတယ် ။ စက်ရုံက လည်ပတ်နေရတာ ။ ကျွန်တော်တို့လည်း လျှပ်စစ်မီးရောင်အောက်မှာ စကားပြောနေတာဖြစ်လို့ ဦးတင်မောင်ကြည်က စက်မောင်းကွာလို့ ပြောလိုက်တယ် ။ စက်မမောင်းရသေးခင်မှာပဲ လျှပ်စစ်မီးက ပြန်လာတော့ ဦးတင်မောင်ကြည်က ကျားသားမိုးကြိုးပဲ ၊ လန့်သွားတာပဲ ဗျာ လို့ပြောပြီး ရယ်တယ် ။ပြီးတော့ ပြောလက်စ သူ့စကားကို ဆက်ပြောပါတယ် ။
“ မိုးကုတ်နဲ့ နီးတော့ မိုးမိတ်က အစစအရာရာ ဈေးကြီးတယ် ။ ကျွန်တော်ရတဲ့ ၀န်ထမ်းလခနဲ့ ကလေးတွေ ကျောင်းပို့ဖို့ မလောက်ငတော့ဘူး ။ ဒါနဲ့ မိုးမိတ်ဈေး အ၀င်ဝမှာ ဆိုင်ကလေးဆောက်ပြီး နှင်းဝတ်ရည် အထည်ဆိုင် ဆိုတဲ့ နာမည်နဲ့အမျိုးသမီးက အထည်ဆိုင်ထွက်တယ် ။ ၀င်း စာပေ ဆိုပြီး စာအုပ်အငှားဆိုင်လေးလဲ ဖွင့်တယ် ။ ၁၉၇၇ ခုနှစ်ကျတော့ ပင်စင်ယူလိုက်တယ် ”
“ ကျွန်တော့်သား အကြီး ကိုမြင့်ဇော် က မန္တလေးမှာ ကျောင်းနေတာ ၊ အမှတ် ( ၉ ) အထက မှာ ၊ သမီးအကြီးက အမှတ် ( ၈ ) ကျောင်းမှာ နေရတယ် ။ ဆိုလိုတာက မိုးမိတ်မှာ ပေနေလို့ရှိရင် ကလေးတွေ ပညာရေး အခက်အခဲ ရှိမယ် ။ စီးပွါးရေးကလဲ နောက်ကျတယ် ဆိုပါတော့ ။ အချိန်ရှိတုန်း အပြင်ထွက်ပြီး အလုပ်လုပ်ကြမယ်လို့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး ပင်စင်ယူလိုက်တာ ”
“ ပင်စင်ယူပြီး မုံရွာ ပြန်လာခဲ့တာလား ”
“ မုံရွာပြန်လာခဲ့တာ ၊ မိုးမိတ်က ပင်စင်ယူပြီး လာခဲ့တဲ့ ၁၉၇၇ ခုနှစ်က ၁၉၈၀ ပြည့်နှစ်လောက်အထိ တော်တော် ရုန်းကန်ခဲ့ရတာ ။ လေဘေး အထည်တွေလဲ ရောင်းခဲ့ရတယ် ။ မန္တလေးက အထည်တွေဝယ်ပြီး မုံရွာဈေးထဲမှာ အထည်ဆိုင်ဖွင့်တယ် ။ စာအုပ်အငှားဆိုင် ၊ ဗွီဒီယိုဆိုင်တွေလဲ ဖွင့်တယ် ။ မင်းရွာက ဆွေမျိုးတွေနဲ့ အစုစပ် ကြာဆံစက် ထောင်တယ် ။ အဆင်မပြေဘူး ”
ဆရာဦးတင်မောင်ကြည်က ပြောလက်စ စကားကို ခဏနားပြီး သူ့အတွေးနဲ့သူ ရယ်တယ် ။ ပြီးမှ စကားကို ဆက်ပြောတယ် ။
“ ခွေးရူး အကိုက်ခံရမယ့်အကောင် ယောင် ( သျှောင် ) ကလေးနဲ့ ဆိုသလိုပဲ ။ ဒါ ( အေးငြိမ်းသီတာ ) ဖြစ်ချင်လို့နေမှာ ။ ကြာဆံစက်က အဆင်မပြေတော့ အဲဒီအလုပ်ကို ဇောက်ချလုပ်လို့က မရ ၊ သူများလုပ်သလို ကူးသန်းရောင်းဝယ်တာ လိုက်လုပ်ကြည့်တယ် ။ ပိုဆိုးတော့ ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးဘူးဆိုပြီး ၁၉၇၉ ခုနှစ်လောက်မှာ တိုင်းရင်းဆေးထုတ်လုပ်တဲ့ လုပ်ငန်းကို လုပ်ဖို့ စိတ်ကူးတယ် ”
ဦးတင်မောင်ကြည်က ပြောလက်စ စကားကိုရပ်ပြီး တည်ခင်းထားတဲ့ အကြော်နဲ့ ရေနွေးကြမ်းကို စားဖို့ ကျွန်တော့်ကို ပြောတယ် ။ ကျွန်တော်တို့ စကားဝိုင်းကို ခဏရပ်ပြီး ရေနွေးကြမ်း သောက်ကြတယ် ။
“ တိုင်းရင်းဆေးသိပ္ပံက ကျောင်းအုပ်ဆရာကြီး ဦးဥာဏ်ထွန်း နဲ့ ဆရာကြီးကျော် တို့က နယ်တွေဆင်းပြီး တိုင်းရင်းဆေးပညာသင်တန်းတွေ ဖွင့်ကြတယ် ။ သင်တန်းတက်ပြီး စာမေးပွဲ ၀င်ဖြေတော့ ဒ - ဘ - န - ၀ ဆိုတဲ့ တိုင်းရင်းဆေး လေးဘာသာ စာမေးပွဲအောင်တယ် ။ ကျွန်တော်တို့က လုပ်ငန်း လုပ်တဲ့နေရာမှာ ပညာနှစ်ရပ်နဲ့ လုပ်တော့ ပိုပြီး အဆင်ပြေတယ် ။ တစ်ဖက်က အနောက်တိုင်း ဆေးပညာ ၊ တစ်ဖက် က တိုင်းရင်းဆေးပညာ ။
“ ပထမဆုံး ထုတ်လုပ်တဲ့ဆေးက ဘာဆေးလဲ ”
“ ပထမ အနောက်တိုင်း ဆေးပညာအစွဲနဲ့ အာယုဗလ သွေးညှိ သွေးဆေးဆိုပြီး စထုတ်တယ် ။ အမှတ်တံဆိပ်က ခန္ဓာကိုယ်အတွင်းမှာ သွေးလှည့်လည် သွားလာပုံကို ဒီဇိုင်းလုပ်ပြီး ထုတ်တယ် ။ ဒါထုတ်တော့ များများ မထုတ်ရသေးဘူး ။ ဟိုပင်မှာ အာယုဗလ ဆိုတာ ထုတ်တာနဲ့ တိုက်နေတော့ သွားရော ။ နာမည်ချင်း တူနေတာ ကိုယ်က အရင်သိတယ် ။ ကိုယ်က အရင် ရှောင်လိုက်တယ် ”
“ အေးငြိမ်းသီတာ ဖြစ်ပေါ်လာပုံကော ”
“ ဗေဒင်ယတြာ ကိန်းခန်းနဲ့ မတွက်ချက်လို့ ယခုလို ဖြစ်ရတာလား ဆိုပြီး လယ်တီ စိတ္တသုခကျောင်းဆရာတော် ဦးမဏ္ဍလ ကို အကျိုးအကြောင်းလျှောက်တော့ အမှတ်တံဆိပ်ရဲ့ သင်္ကေတကို နေရဲ့ အသွင်သဏ္ဍာန် ပါရမယ်ဆိုလို့ ဥဒေါင်းမင်း ၊ အမည်ကို တနင်္ဂနွေနံ စပြီး စနေနံ ဆုံးရမယ်ဆိုလို့ အေးငြိမ်းသီတာ ဆိုပြီး အေးချမ်းမယ့် အတိတ်နိမိတ်နဲ့ ယူလိုက်တယ် ။ စစချင်း လုပ်ငန်းမတည်ရင်းနှီးငွေက နှစ်ထောင့်ငါးရာ ( ကျပ် ၂၅၀၀ ) နဲ့ စခဲ့တာ ။ ဆေးလုပ်ငန်းထဲက ရတဲ့ငွေ ဆေးလုပ်ငန်းထဲ ပြန်ရင်းတာ ။ အိမ်စရိတ်ကို အမျိုးသမီးရဲ့ အထည်ဆိုင် ၊ သားသမီးတွေရဲ့ စာအုပ်ဆိုင် ဗီဒီယိုဆိုင်က သုံးတယ် ”
ဆရာကတော် ဒေါ်လှနှင်းက ကျွန်မက အသန့်အရှင်း ကိုက်တယ် ။ သူက သစ်ဖုတွေ ယူလာ မနက် အစောကြီးထပြီး သံဆုံနဲ့ တဒုန်းဒုန်းထောင်း ။ ဆန်ခါနဲ့ အမှုန်ချ ။ အစတော့ ဒီဆေးတွေက နံလို့ ကျွန်မက ဗျစ်တောက် ဗျစ်တောက် ။ နောက်ပိုင်းကျတော့ ကျွန်မပါ ၀င်ပါရတယ်လို့ ပြောတယ် ။ ဆရာကတော် ပြောတဲ့အချိန်မှာ ဆရာက တဟဲဟဲ ရယ်နေတယ် ။ သစ်ရွက်တွေရော ၊ ဘာတွေရော အိမ်မှာ ရှုပ်ယှက်ခပ်နေတာပဲ ။ နောက်တော့ ကိုယ်ပါ ဆေးလုံး ၀င်လုံးရတယ် ။ စခါစက အပြားရိုက်စက် မ၀ယ်နိုင်သေးဘူးလို့ ဒေါ်လှနှင်းက ဆက်ပြောတယ် ။
“ ၁၉၉၅ ခုနှစ်မှာ ဆေးအပြားရိုက်စက်လေး ၀ယ်တယ် ။ တစ်ခါရိုက်မှ တစ်ပြားပဲ ထွက်တာ ။ ဂျောက်ခနဲရိုက် ၊ ဒေါက်ခနဲ ဆေးပြားလေး တစ်ပြားထွက်တယ် ။ ကျွန်တော်က မနက် ၂ချက် ၊ ၃ နာရီထပြီး မေတ္တာပို့ အာရုံပြုရင်း ဆေးပြားရိုက်တာ ။ ကျွန်တော့် မိတ်ဆွေတွေက ပြောလေ့ပြောထ ရှိတယ် ။ တစ်ဂျောက် တစ်ကျပ်ရတာတဲ့ ၊ တစ်ကျပ် ဆိုတာ တော်တော်သုံးလို့ ရတဲ့ အခြေအနေ ”
“ ဘာဖြစ်လို့ မနက်အစောကြီး ထလုပ်ရတာလဲ ”
“ အာရုံက ဆေးထုတ်တဲ့ အထဲပဲ ရှိနေတော့ အိပ်မပျော်ဘူး ။ စစချင်းမှာ အလုပ်သမားရယ်လို့လဲ မရှိသေးဘူး ။ နောက်တော့ အိမ်နားက မခင်ကောင်း လာလုပ်တယ် ။ သူက အခုထိ ရှိသေးတယ် ။ နောက် ကိုပြေအေး ။ ကျေးဇူးရှင်တွေ ပါပဲ ။ လျှပ်စစ်မီးကလဲ အဲဒီအချိန်မှ ပိုအဆင်ပြေတယ် ။ညမှာ စိတ်အာရုံ စူးစိုက်နိုင်လို့ အလုပ်ထလုပ်တာ ”
ဆရာကတော်က နေ့နဲ့ ညလွဲသလို ဖြစ်နေတာလို့ ပြောတော့ ကလေးဆိုရင်လည်း အိမ်တံစက်မြိတ်အေက်မှာ မီးထွန်းပြီး ရေချိုးပေးလိုက်ရင် နေ့နဲ့ ည လွဲတာ ပျောက်သွားမယ်လို့ အရွှန်းဖောက်တော့ သူတို့လင်မယားက ဟုတ်ပါ့ ဟုတ်ပါ့ လို့ပြောပြိး ရယ်ကြတယ် ။
“ အေးငြိမ်းသီတာ အစမှာ ဘာဆေးတွေ ထုတ်သလဲ ”
“ သွေးညှိသွေးဆေးလဲ ထုတ်သေးတယ် ။အကြောအားတိုးဆေး စထုတ်တာနဲ့ ပေါက်တာပဲ ။ အကြောအားတိုးဆေးက တမာပါတယ် ။ ချင်းပါတယ် ။ နနွင်းပါတယ် ။ ပျားရည်ပါတယ် ။ သူ့ထူးခြားချက်က ဒီဆေးကို အစမ်းထုတ်ကတည်းက သဘောကျသူ များတယ် ။ အကြောပြေတယ် ။ အကြောတက်စာတွေစားတာ အဆိပ်ဖြေသလို ဖြစ်ပြီး အကြောမတက်ဘူး ။ ဒီဆေးက စထွက်ထွက်ချင်း ဘယ်လောက်နာမည် တအားကြီးသွားလဲ ဆိုရင် ရန်ကုန်မှာ တိုးဝှေ့ ၀ယ်ရတဲ့ အဖြစ်ကို ရောက်သွားတာ ”
“ ဘ၀မှာ အလှည့်အပြောင်း ဖြစ်တဲ့အချိန်က ဘယ်အချိန် ”
“ အကြောအားတိုးဆေး တွင်ကျယ်ချိန်ပေါ့ ၊ ၁၉၉၂ ခုနှစ်မှာ မုံရွာစက်မှုဇုန်မှာ မြေနေရာဝယ်ပြီး စက်ရုံသေးသေးလေး စဆောက်တယ် ။ နောက်မှ တဖြည်းဖြည်း တိုးချဲ့လာတာ ။ ကျွန်တော့်ကို အကူအညီပေးနေတဲ့ ဆရာတွေရှိတယ် ။ ဒေါက်တာ မြင့်စိန် တို့ FAME က ဒေါက်တာ ခင်မောင်လွင် တို့ သူတို့က ကျွန်တော့်ဆရာတွေပဲ ၊ သူတို့က ကျွန်တော့်ကို ပြုပြင်ပေးတယ် ။ မသိတာရှိရင် ပြပေးတယ် ။ဒါနဲ့ ဒီလို အခြေအနေကို ရောက်လာတာပဲ ”
ကျော်ရင်မြင့်
ဦးတင်မောင်ကြည်
မိဘ -ဦးမင်းဒင် ၊ ဒေါ်တုတ်
မွေးဇာတိ -မုံရွာမြို့နယ် ၊ မင်းရွာ
မွေးသက္ကရာဇ် -၁၉၃၆ ခုနှစ် မတ်လ ၆ ရက်
မွေးချင်း -ခြောက်ဦးမှာ ဆဋ္ဌမ
အိမ်ထောင်ဘက်-ဒေါ်လှနှင်း
သားသမီး -ခြောက်ဦး
လုပ်ငန်း -အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်
လိပ်စာ -အေးငြိမ်းသီတာ အရောင်းဌာန ၊ ပွဲစားတန်းလမ်း ၊ အလယ်ရပ် ၊
မုံရွာမြို့ ။
ဖုန်း -၀၇၁ ၂၁၆၈၃ ၊ ၂၂၅၆၁ ၊ ၂၅၁၆၅ ၊ ၂၅၀၁၀
မော်ဒန်သတင်းဂျာနယ် ၊ ၁၈ ဖေဖော်ဝါရီ ၂၀၁၁
အလှပြိုင်ပွဲ
🎭 အလှပြိုင်ပွဲ
. 🖊 ဆူးငှက်
၁၉၃၀ ခုနှစ်ဝန်းကျင်ကာလက မန္တလေးတွင် “ မြို့မ ” ဟူသော အပျော်တမ်းတူရိယာ အသင်းတစ်သင်း ပေါ်ပေါက်လာချိန်၌ မြို့မအသင်းသားများ အများစုနေ ထိုင်ရာ တရုတ်တန်းရပ်ကွက်နှင့် မလှမ်းမကမ်း (၃၁)လမ်း ပဒေသာပင်တန်း၌လည်း တီးဝိုင်းတစ်ဖွဲ့ရှိနေခဲ့သည်။
“ မာဃ ” ဟု အမည်တွင်၏။ တစ်ရပ်တည်းသားတွေမို့ ပါဝင်တီးမှုတ်သူတွေက ဟိုဝိုင်းသည်ဝိုင်း ၀င်ရောက်တီးမှုတ်ကြပေမယ့် ထိုနှစ်ဝိုင်းက ဂူတစ်ဂူတည်းမှ ခြင်္သေ့နှစ်ကောင်လို ဗိုလ်မထားဘဲ အပြိုင်အဆိုင်ဖြစ်နေကြသည်။ ထိုနှစ်ဝိုင်းမှ
အသင်းသားများကလည်း တရုတ်တန်းနှင့် (၂၉) လမ်းထိပ် အနီးက “ ဦးတော် ” လက်ဖက်ရည်ဆိုင်မှာ ဆုံလျှင်ဆုံဖြစ်ကြသည်။ ထိုဆိုင်မှာ ဆရာကြီး ဦးရာဇာတ်၏ နေရှင်နယ်ကျောင်းသားများလည်း ထိုင်တတ်၏။ ထိုဆိုင်မှာ မြို့မ၊ မာဃစကားနိုင်လုကာ ငြင်းခုံကြသလို ဘားတန်းများမပါသော ပြောင်ချောလက်တံနှင့် ဘင်ဂျိုကို ကွမ်းသီးဖက်ဆေးလိပ်အတုတ်ကြီး လက်ကြားညှပ်ကာ သီချင်းတစ်ပုဒ် အပီအပြင်တီးပြနေသည့် ကိုဘညိန်း အနား ၀ိုင်းကာ အံ့အားတသင့် နားထောင်ခဲ့ကြသည်လည်းရှိ၏။
မည်သို့ဆိုစေ ဂီတနှင့်ပတ်သက်လျှင်တော့ ထိုနှစ်သင်းက အတင်စီးမခံဘဲ ဆတ်ဆတ်ထိမခံ ပြိုင်မြဲပြိုင်ကြသည်။
ထိုစဉ်က နာမည်ကျော်စ သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က မြို့မအတွက် သီချင်းများရေးသားပေးနေသောအခါ မာဃလူငယ်များက သူတို့အသင်းတိုက်သို့ နန်းတော်ရှေ့ဆရာတင်ကို ပင့်ဖိတ်ကာ ထမင်းစားပွဲဖြင့် ဧည့်ခံပြီး မာဃအတွက်လည်း သီချင်းရေးပေးဖို့ “ အတင်းအကျပ် ” တောင်းဆိုခဲ့ဖူးသည်ဆို၏။
ထိုသတင်းကြောင့် မင်းသမီးလေဘာတီမမြရင်ကလည်း မြို့မနှင့်ချည်း သီဆိုဖျော်ဖြေနေရာမှ မာဃနှင့် တစ်လှည့် တစ်ဖန် ပူးတွဲသီဆိုခဲ့ရပြန်သည်။
ထို့ကြောင့် မြို့မငြိမ်းက
“ ချောင်းကိုပစ်ခါ မြစ်ကိုရှာ၊ ရေသာများတော့သည်၊ ထွေရာများတော့သည်၊ ငါးမတွေ့နိုင်တဲ့၊ ဟင်္သာထက်ကဲ၊ ၀မ်းဘဲဘွဲ့ထူးချီ ခေါ်လောက်ပါပေသည် အစချီ “ မန်ဒါလီ ” သီချင်းဖြင့် ခနဲ့လိုက်သည်။ ထိုစဉ်က မာဃနှင့် တွဲဖက်ရာတွင် မမြရင်၏ နာမည်ကြီးသီချင်းမှာ ကိုရွှေမောင် ရေးသားသော တစ်နာရီတည်း မောင်နဲ့ချစ်ပါရစေ သီချင်းဖြစ်သည်။ (လေဘာတီမမြရင် မြို့မနှင့် ပင်တိုင်တွဲနေစဉ်က မာဃမှာ သြဘာသောင်းက ပင်တိုင်ဖြစ်သည်။)
မာဃကလည်း ဦးကျော်အေးကဲ့သို့ ပုဂိ္ဂုလ်မျိုး တည်ထောင်ပြီး ပစ္စည်းကောင်း၊လူကောင်းတွေနှင့်မို့ ဆတ်ဆတ်ထိမခံဘဲ တူရိယာဂုဏ်သတင်းနယ်၊ အသင်းမာဃ တူရိယာဂုဏ်သတင်းနယ်၊ အသင်းမာဃ ဒါမကသာပေတယ်။ မြို့ကျက်သရေ တက်နေဆောင်လို့ အပေါင်းပြောကြတယ်။ ထူးခြား၍ အမှန်ပင်တကယ် မာဃအဖွဲ့ သာပေတယ် ဟု ကလိပြန်၏။
မြို့မကပြန်လည်၍ သူ့ထက်တစ်နှစ်ငယ်တဲ့ မာဃကို “ ကျန်းခံတော် သာလွန်းလို့ မြို့မက မေတ္တာလည်းပို့သည်။ ဒီနှစ်မှတွေ့ရ၊ ဟောဒီနှစ်မှ တွေ့ရ၊ မျက်နှာစုံညီ စုံစုံညီ၊ စုံစုံညီညီ ”ဟူ၍ တုံ့ပြန်ပါသည်။
မြို့မ၊ မာဃတို့နည်းတူ နာမည်ကျော် အခြား အသင်းတစ်သင်းမှာ မင်္ဂလာဈေးရပ်မှ မင်္ဂလာညွန့်အသင်းဖြစ်ပါသည်။ အရေးပိုင်မင်း ဦးစိန်ရိုး၏သား ကိုလှမင်း ဦးစီးသောအသင်းဟုဆို၏။ မြို့မနှင့် မာဃပြိုင်ပွဲတွင် မင်္ဂလာညွန့်က ကြားနေခဲ့သည်။ နှစ်ဖက်ပြိုင်ဆိုင်မှု တင်းမာလာချိန်တွင် မင်္ဂလာညွန့်က “ အသင်းချင်းက ပြည်ပဟိုရ်၊
ညီအကိုလိုပေါ့။ (ချစ်သွေးအင်မတန် အလွန်ညီ) ----“ မြို့မ ” က ချစ်သွေးညီ၊ “ မာဃ ” က ချစ်သွေးညီ ” ဟူ၍ သီဆိုခဲ့သည်ဆို၏။
ဤသို့ဖြင့် ထိုခေတ်ထိုအခါက ကနဦးအနောက်တိုင်း လေမှုတ်တူရိယာပစ္စည်းများကို စတင်ကိုင်တွယ်ကာ တီးမှုတ်ကြသည့် တူရိယာအသင်းများ ထင်ပေါ်ကျော်ကြားလာကြသကဲ့သို့ လေမှုတ် တူရိယာသမားများကလည်း ဥပစာကောလိပ်ကျောင်းသား၊ ဆတ်ကျောင်းသားများနှင့်ပင် ပခုံးချင်းယှဉ်ကာ မျက်နှာပွင့်ခဲ့ကြသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့ကြသည်။ ထိုသို့ လူစွမ်းကောင်းလေမှုတ်တူရိယာသမားများကို မြို့ပရိသတ်က အဲယား ( Air )သမားတွေဟု ကမ္ပည်းထိုး မော်ကွန်းတပ်ကြ၏။
“ အဲယားသမား ”တွေ၊ “ အဲယားသမားတွေ ” ဟု အရပ်သုံး ခေါ်ဝေါ်လာခဲ့ကြသည်။
မြို့မ၊ မာဃတည်းဟူသော အဲယားသမားတွေ အချင်းချင်း ခနဲ့ကြ၊ ရိကြ၊ ထိုးကြ၊ နှက်ကြလေသောအခါ နဂိုကတည်းက ဟာသဥာဏ်ရှိသော မြို့မငြိမ်းက ထို“ တိုက်ပွဲ ” ၊
ထို “ ပြိုင်ပွဲ ” ကို သီချင်းတစ်ပုဒ်ဖြင့် ခပ်သောသောကလေးရေးစပ်ကာ အဆုံးသတ်ပေးလိုက်သည်။
သီချင်းနာမည်က “ အလှပြိုင်ပွဲ ” တဲ့။
ထိုသီချင်းတွင် အရပ်က အဲယားသမားဟု နှုတ်ကျိုးရေပန်းစားနေသော အသုံးအနှုန်းကို မြို့မငြိမ်းက ခပ်သောသောလေးဖြင့် “ လေသမား ” လေသမားချင်း ပြိုင်တယ်
“ လေကိုလေချင်း အပြင်းပြိုင်တယ် ” ဟူ၍ ဆင့်ပွားတီထွင်သုံးစွဲခဲ့တော့သည်။ ထို့ပြင် ဂင်္ဂါငါးနှင့် ယမုံနာငါး အလှပြိုင်ရာတွင် ဒိုင်လူကြီး ဦးရွှေလိပ်က “ သူကသာအလှဆုံး၊ ဒါတောင်ရေမချိုးရသေးလို့ ” ဟု ကြားက၀င်၍ အသားယူသော ပုံပြင်ဖြင့် “ ကြားလူ ” ကိုလည်း ကလိလိုက်သေးသည်။ သီချင်းစာသားအား ဖတ်ကြည့်ကြပါကုန်။
အလှပြိုင်ပွဲ
“ လူမှန်ရင် တစ်တောင်လောက်နီး၊ ကြီးချင်ကြီး မကြီးချင်နေ၊ နိုင်လိုနိုင်၊ မနိုင်လို့ရှုံး။ ပြိုင်ဦးမယ်။ ကျုပ်အလှဆုံး ”
“ ရုပ်ချောသလား ကြွခဲ့ပါခင်ဗျား၊ အသွက်ဆုံးရုပ်၊ အဟုတ်ကိုမှန်လျှင် အရုဏ်တော်တွင် ဆင်ဖြူတော်ဝင်၊ နှစ်ယောက်လောက်လိုချင်၊ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ရုပ်လှသလားလို့ ဟန်မယ်မဟန်မယ် ထင်တစ်လုံးနဲ့ ထူးတဲ့ ရုပ်ဖြူးရယ်””
“ ဂင်္ဂါငါးနဲ့ ယမုံနာငါးတို့ အလှပြိုင်ကြမလို့တဲ့ လေထွားရာဝယ် အချင်းဖြစ်ပွားခိုက်၊ ခုံထားလိုက်ရာ၊ ဦးရွှေလိပ်က မိန့်ကြားသည်မှာ၊ ငါ့လို ၀ိုင်းဝိုင်းစက်စက်၊ မင်းတို့ မတင့်တယ်၊
ရုပ်လှရာမှာ၊ မုချပါဗျာ၊ ကျုပ်ကသာတယ်။
ဒါတောင် ဦးရွှေလိပ်က ရေချိုးရသေးဘူးတဲ့ ခင်ဗျာ။ အနိုင်လို သဘောထား ပြောကြားလေတယ်။ ထွားတဲ့လေနှယ်။ ဒီလိုပဲ ထုံးရှိတယ်။ အနှိပ်သည် ငတိုးပြော ...
သောတာမဟုတ်ဘူးနော် ”
“ လေကိုလေချင်း အပြင်းပြိုင်သော်၊လေယာဉ်ပျံဟာလေ၊ သူအနိုင်ဆုံးပေါ့၊
ရိုးမတောင်တန်း၊ အချစ်စမ်းရာဝယ်၊ လေဆော်တာနဲ့ပဲ၊ မြေကိုချော်လို့ဒေါင်း၊
စူထက်စူ (လူစွမ်းကောင်း)၃ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး၊
ညီပုလေးယောင်ယောင်ယောင်... ယောင်ဆွဲ၊ တရုတ်ဇာတ်ထဲ အဟုတ်မှတ်နဲ့ ကျုပ်အလှလို့ပဲ
ထင်ထင်ထင် ... ထင်တယ် ” တဲ့။
မန္တလေးမီးသတ်ကြီးနားမှာ ယိုးဒယားဈေးဂတ်တဲရှိသည်။ ရှစ်မှတ်ဂတ်ဟုလည်း ခေါ်သည်။ “ ရှစ်မှတ်ဂတ် ” ၏ရှေ့၌ ၀က်မစွပ်ဝန်ထောက်မင်းနှင့် သမီးခင်လတ်ကြီးတို့ ကောင်းမှု ၀က်မစွပ်ဓမ္မာရုံရှိသည်။ နေရှင်နယ်ကျောင်းနှင့်က ဟိုဘက်ထောင့် သည်ဘက်ထောင့် ဖြစ်သည်။
တစ်နှစ်သောအခါ ထို ဓမ္မာရုံ ဘုရားပွဲ၌ မြို့မနှင့် မာဃတို့အပြိုင်ငှားသည်။ နှစ်သင်းစလုံးကလည်း ထိုဓမ္မာရုံ၏ ဂေါစရဂါမ်နှင့် အနီးဆုံး၌ ရှိကြသည့်အသင်းများဖြစ်သည်။
နှစ်သင်းစလုံးကို စင်တစ်စင်တည်းယှဉ်ကာ တီးမှုတ်ကြစေခြင်းဖြစ်သည်။ မြို့မ က စင်၏ ညာဘက်၊ မာဃ က စင်၏ ဘယ်ဘက်ဖြစ်သည်။ ပွဲမစခင်က နှစ်ဖက်အသင်းသား
များ လက်ဖက်ရည်ဆိုင်အတူထိုင်ကာ ရယ်ကြ၊ မောကြ၊ သောကြနှင့် ပျော်စရာကောင်းလှသည်။ ထိုပွဲတွင် မြို့မကအလှပြိုင်ပွဲကို သီဆိုတီးမှုတ်၏။
သို့သော် ဘယ်သူ့ဘယ်သူမှ ပြဿနာမရှိ။ ပွဲပြီးတော့လည်း တစ်ယောက်လည်ပင်း တစ်ယောက်ဖက်လို့လက်ဖက်ရည်ဆိုင်အတူထိုင်ပြီး “ သော ” ကြသူချင်းချည်းဖြစ်ပါ၏။ ဒါက အရေးမကြီး၊ သူတို့ပြိုင်တာ “ လူ ”မဟုတ်၊ “ ပစ္စည်း ” မဟုတ်။ အနုပညာ “ အလှပြိုင်ပွဲ ” ။
အခုလည်း ဒီမိုကရေစီဆိုတာ “ အပြိုင် ” ခေတ်ဖြစ်သည်။ ပြိုင်သည်ဆိုတာက အပုပ်ချပြိုင်ဖို့မဟုတ်၊ အကောက်ကျစ်ပြိုင်ဖို့မဟုတ်၊ အညစ်ပြိုင်ဖို့မဟုတ်၊
တိုင်းပြည်နှင့်လူမျိုးအတွက် ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတာ ပြိုင်ဖို့ဖြစ်သည်။ စေတနာနှင့်အလုပ်ပြိုင်ဖို့ဖြစ်သည်။ ဆိုလိုတာက “ အလှပြိုင် ” ကြဖို့ပဲ မဟုတ်ပါလား..။ ။
Wednesday, March 13, 2019
တမာလမ်းကို ပြန်ခဲ့ပါ
🌳🌳 တမာလမ်းကို ပြန်ခဲ့ပါ
. တမာတွေ ဆယ်ကြိမ်ဖူး
နှစ်ဦးခွဲခွါ ဆယ်လီနှစ်များ
ကြာခဲ့ပြီ မေ ရေ
ဒုံမင်း ဦးဆန်းတင့် တီးထားတာကို ဖြည့်စွက် ဆိုထားတာပါ ။
သူ့ရဲ့ ဒုံမင်း လက်သံ သီးသန့်ကိုလည်း တင်ပေးထားပါတယ်။
ချိုပြုံးဆိုထားတဲ့ တီးလုံး သီးသန့် ကို လည်း တင်ပေးထားပါတယ် ။
ချိုပြုံး ငယ်ငယ်က ဆိုထားတာရယ် ၊ ၉၀ ခုနှစ်လောက်က ဆိုထားတာရယ် တင်ပေးပါတယ်။
ဒီသီချင်းကိုပဲ.....
အောင်သူ
ဟေမာနေဝင်း
မေဆွိ
ဘိုမ
ပိုးအိစံ ...တို့ သီဆိုထားတာကိုလည်း တင်ပေးလိုက်ပါတယ်။
ထူးခြားတာက.. စိုင်းထီးဆိုင် ပါ။
` တမာလမ်းကို ပြန်ခဲ့မယ် ´ တဲ့ ။ အဲဒီ သီချင်းလဲ ကောင်းတယ်ဗျ ။ တင်ပေးထားတယ် ။ နားထောင်ကြည့်လိုက်ပါ ။
ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ သီးသန့်ပါ။ 9mb ရှိပါတယ် ။ အောက်မှာ ပါ။
https://yadi.sk/d/pMqc4pfcnLe1BQ
ချိုပြုံးဆိုထားတဲ့ သီချင်းရဲ့ တီးလုံးပါ။9mb ရှိပါတယ်။ အောက်မှာပါ။
https://yadi.sk/d/w9wt8qGjdp3D4Q
ချိုပြုံး ငယ်စဉ်က ဆိုထားတာပါ ။ 5.5 mb ရှိပါတယ် ။ အောက်မှာပါ။
https://yadi.sk/d/onKqFjzECuFGZA
ချိုပြုံး ၉၀ ခုနှစ် လောက်က ဆိုထားတာပါ ။ 5mb ရှိပါတယ် ။ အောက်မှာပါ ။
https://yadi.sk/d/T6qMtEC8-sj7lQ
အောင်သူ ဆိုထားတဲ့ သီချင်းပါ ။ 4.8mb ရှိပါတယ် ။ အောက်မှာပါ ။
https://yadi.sk/d/RogF5P1CAoi87A
ဟေမာနေဝင်း ဆိုထားတဲ့ သီချင်းပါ ။ 4.5mb ရှိပါတယ် ။ အောက်မှာပါ ။
https://yadi.sk/d/a6DP8i6hxSMeeQ
မေဆွိ ဆိုထားတာပါ ။ 8mb ရှိပါတယ် ။
https://yadi.sk/d/biUO8DoK9oTodA
ဘိုမ ဆိုထားတာပါ ။ 6.6mb ရှိပါတယ်။ အောက်မှာပါ ။
https://yadi.sk/d/aOzB-g-rGEi_KQ
ပိုးအိစံ ဆိုထားတာပါ ။ 7.5 mb ရှိပါတယ်။
အောက်မှာပါ ။
https://yadi.sk/d/iz_4DenH3h1Pog
စိုင်းထီးဆိုင် ဆိုတာကတော့ တမာလမ်းကို ပြန်ခဲ့မယ်... တဲ့ဗျ ။ 7mb ရှိပါတယ် ။ အောက်မှာပါ ။
https://yadi.sk/d/FJ_5SSrnj3-8tQ
🌳🌳 တမာလမ်းကို ပြန်ခဲ့ပါ
တေးရေး ကိုဝင်းစိုး
◼ နှစ်ပြောင်းလရှည် ကြာခဲ့ပြီ မောင်ရေ ငယ်ကကျွမ်းလို့လည်း လွမ်းရပါတယ်လေ ဒါကြောင့်သာပဲ မောင်နဲ့ နှစ်ယောက်သားတွေ့ရာ အညာက တမာလမ်းလေတွေ မောင်ရေ မောင်ရေ ပြေးကြည့်မိလေတော့ တမာတွေ ဆယ်ကြိမ်ဖူး နှစ်ဦးခွဲခွါ ဆယ်လီနှစ်များ ကြာခဲ့ပြီ မောင်ရေ
◼ ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်လေ အညာမြေကို မေ့လို့လား အညာသူလေးကို မေ့လို့လား ခွဲခွဲခြားခြား ပြောပါ မောင်ရေ ) ရွှေစည်းခုံ စေတီအပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့ မြတ်ဘုရားထံ ဆုပန်ဆုပန်ခြွေ
◼ မောင့်ကို ထားတဲ့မေတ္တာတွေ တမာတောမှာ ရွာသည့်မိုးနှယ် မေတ္တာမိုးပြေး မဟုတ်ပါမောင်ရေ ချစ်မိုးအုံ့ဖြန့် တားမတတ်အောင် ရွာသည့်အလား မောင့်သည်းပြင်ဝယ် ချစ်မိုးစွေချင်ပါပေ မောင်ပြန်လာမယ့် ရက်တွေ ချိုးရေတွက်သော် တွက်သည့်ရက်များ အခက်သား ရှင်ရေ မြောက်လေပြေ ညှင်းရယ်နှင့် နှင်းပွင့်ကိုချွေ ရွှေမင်းဝံ ဟိုတောင်ရိုးဆီက သစ္စာထားခဲ့ကြတဲ့ လွမ်းစေတီကိုလေ ဆောင်းညတိုင်း သတိရနေ သဇင်တွေ ပွင့်ပြီမောင်ရေ မောင်ပြန်ချိန်ဖြင့် သင့်ပြီ ထင်တယ်လေ
◼ ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်လေ အညာမြေကို မေ့လို့လား အညာသူလေးကို မေ့လို့လား ခွဲခွဲခြားခြား ပြောပါ မောင်ရေ ) ရွှေစည်းခုံ စေတီအပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့ မြတ်ဘုရားထံ ဆုပန်ဆုပန်ခြွေ
Sunday, March 10, 2019
ဗြေးဗြေးတပ်ဗြေး...တပ်ဗြေးဗြေး
⭕ ဗြေဗြေတပ်ဗြေး ..... တပ်ဗြေးဗြေး
◼မြသောင်း
ဒီကနေ့မနက်ပဲ နိုင်ငံခြား သတင်းတစ်ပုဒ်မှာ နိုင်ငံခြားရောက် မြန်မာအမျိုးသမီး အက ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါ် , ဒေါ်လီအုန်းချိန်က မြန်မာအကအကြောင်း ပြောသွားတာ သတိထားမိလိုက်တယ် ။ မြန်မာအကအကြောင်း ဆိုပေမယ့် သူငယ်ငယ်က အက၀ါသနာကြီးပုံ ။ သူ့ဖခင် ဇွဲ ဦးအုန်းချိန်က ဒေါ်,ဒေါ်ရစ်ထူး ကျောင်းအုပ်ကြီး အဖြစ်ဆောင်ရွက်နေတဲ့ ရန်ကုန် ပန်တျာကျောင်းကို ပို့ခဲ့ပုံ ။ သူ့ရဲ့ အကနည်းပြ ဆရာမကြီးက ယုဝတီ ဒေါ်ခင်ညွန့်ဖြစ်ပုံ ။ အက ပညာရှင် သီတာဝင်း ကို ပန်တျာကျောင်းမှာ သွားအပ်ကြပုံ ။ အဲဒါတွေကို ပြောသွားတာ ။ အင်မတန် မှတ်သားစရာ ကောင်းပါတယ် ။ အဲ ...တစ်ခုတော့ သတိထားမိတယ် ။ ဒေါ်,ဒေါ်လီအုန်းချိန် က ပန်တျာ ( Pantayar ) ပန်တြာ ( Pantrar ) လို့ အသံထွက်တယ် ။ ဒါဟာလဲ မှတ်သားစရာပဲ ။ နောက်ပြီးတော့ ပန်တျာကျောင်းအက သင်ရိုး အစ အတောခံကို ဗုံလေးလုံးနဲ့ တီးပြသွားတယ်။
“ တိုးဗေတိုးဗေ ... တိုးဗေ တိုးဗေ ...ဗြေဗြေတပ်ဗြေး... တပ်ဗြေးတပ် ”
နရီတစ်ဝါးစာ အတောပါပဲ ။
ဒီ အတောခံကို မြန်မာပြည် တစ်ပြည်လုံးက လူကြီးလူငယ် အားလုံးလောက် ကြားဖူးကြမယ်တင်ပါတယ်။ မန္တလေး ပန်တျာကျောင်း စဖွင့်တဲ့ နှစ်လောက်ကပဲ ကျွန်တော် ကြားခဲ့ရဖူးတယ်။ ဒီ အတောခံကို ဆရာကြီး ရွှေပြည်အေး ရေးစပ်ပြီး ရုပ်ရှင်မင်းသမီး ဒေါ်မေသစ် ဆိုခဲ့တဲ့ ဖိုးသာအောင် သီချင်းကို စတင်ကြားမိရာက ဒီအတောခံကို စတင်တွေ့ရှိခဲ့ရတယ်လို့ ဆိုင်းဆရာကြီး ဦးစိန်လှမောင် က ကျွန်တော့်ကို ပြောဆိုသွားခဲ့ဖူးတယ် ။ ဖိုးသာအောင် သီချင်း ဓာတ်ပြားကို ဒိုးတီးပေးသူဟာ ကိုအုန်းမောင် ( ရုပ်ရှင်သရုပ်ဆောင် ကြာဇံ အုန်းမောင် ) ဖြစ်တယ် ။ ဒီ အတောခံကို အခြေပြုပြီး ဒိုးအဆစ် ၂၅ ကွက်ကို ဦးစိန်လှမောင်က ဆက်လက်တီထွင် တီးခတ်ပေးပြီး မြန်မာအကပညာရှင်ကြီး ဒေါ်သြဘာသောင်း က ပထမအဆင့်အနေနဲ့ ကဗျာလွတ်ကကွက် ၂၅ ကွက်ကို မြန်မာအက သင်ရိုး ပထမအဆင့်အဖြစ် စတင် သင်ကြားနိုင်ခဲ့တယ် ။ ဒီ ကဗျာလွတ် မန္တလေးပန်တျာကျောင်းရဲ့ သင်ရိုးအဖြစ် စတင်စမ်းသပ် သင်ကြားခဲ့ကြတယ် ။ကဗျာလွတ်သင်ရိုး ၂၅ ကွက်မှာ ဦးစိန်လှမောင် နဲ့ ဒေါ်သြဘာသောင်း တို့အပြင် မြန်မာအက ပညာရှင်ကြီး ဦးရွှေဒေါင်းညို ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့ဟာ မည်သည့်အကြောင်းပြချက်နဲ့မှ ကျွန်တော်တို့ ယုံမှားသံသယ ဖြစ်စရာ မလိုဘူးဆိုတာ တထစ်ချ ပြောနိုင်တယ်။ ဘာပြုလို့လဲဆိုရင် ဆရာကြီး ရွှေဒေါင်းညို ဟာ သူ့ခေတ် သူ့အခါ ၊ သူ့ကာလမှာ နှစ်ယောက် မပေါ်နိုင်တဲ့ မြန်မာအကပညာရှင် တစ်ဦးဖြစ်တယ် ။ ဒေါ်သြဘာသောင်း က အမျိုးသမီးအကမှာ စွယ်စုံတတ်မြောက်သလို ဆရာရွှေဒေါင်းညို က အမျိုးသားအကမှာ စွယ်စုံရတယ် ။ သူက တစ်ခု ပိုမို ထူးချွန်တာက ဒိုးတီး အင်မတန်ကောင်းတယ် ။ ဇာတ်မင်းသားထဲမှာ ဒိုးချောင်ကို ၀င်တီးနိုင်သူဟာ ကျွန်တော် နှစ်ယောက်ပဲ ကြားဖူးတယ် ။ ဇာတ်မင်းသားကြီး ဦးစိန်ကတုံး နဲ့ ဆရာ ရွှေဒေါင်းညို ပါပဲ ။ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက် မန္တလေးက အောင်ပင်လယ် ဒိုးပတ် ပညာရှင်ကြီး ဦးဘရန် က ကျွန်တော့်ကို ပြောဖူးတယ် ။
“ ကိုကြီးဥာဏ် က လက်ကျ ကြမ်းပေမယ့် တောက်တောက်ခါးခါး ရှိတယ် ။ အဆစ်တွေ ကျွန်တော့်ထက် စိပ်တယ်.....”
မြန်မာအကပညာရှင် ဒေါ်ခင်စိန်ကလဲ ဦးလေးဥာဏ် က ဒိုးတီးကောင်းတယ်လို့ ၁၉၉၀ လောက်က ကျွန်တော့်ကို ပြောဖူးတယ် ။ ကဗျာလွတ် ကိစ္စမှာ တစ်ကျောင်းထဲ အတူတူ လုပ်ကိုင်နေကြသူများ ဖြစ်တဲ့အတွက် တိုင်တိုင်ပင်ပင် ပူးပေါင်းလုပ်ကိုင်ကြလိမ့်မယ်လို့ ကျွန်တော် တထစ်ချ ယုံကြည်တယ် ။
ကဗျာလွတ် ကကြိုးကကွက်များနဲ့ ဒိုးဆစ်များဟာ ရန်ကုန် ပန်တျာကျောင်းဖွင့်ပြီးလို့ နှစ်နှစ်ကြာမှ မန္တလေးမှာ စတင် စမ်းသပ် သင်ကြားတာဖြစ်တယ် ။ ကဗျာလွတ်ဟာ မန္တလေးသူ စစ်စစ်ပဲ ။ ကျွန်တော်တို့မှာ ရန်ကုန် ၊ မန္တလေး အစွဲ မရှိပါဘူး ။ အမျိုးသားယဉ်ကျေးမှု အစွဲပဲ ရှိတယ် ။ တကယ်တော့လဲပဲ ရန်ကုန် နဲ့ မန္တလေးဆိုတာ ကမ္ဘာဂြိုဟ်ငယ်ပေါ်က နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အပြောက်ကလေး နှစ်ပြောက်ပဲ ။ မန္တလေးက နေပြည်တော်ဟောင်း ၊ ရန်ကုန်က နေပြည်တော်သစ် ။ ဒါပါပဲ ။
တပ် ခံရင် ဘာဖြစ်တယ် ။ တပ် မခံရင် ဘာဖြစ်တယ် ။
ကျွန်တော် ရန်ကုန် ပန်တျာကျောင်း အကသင်တန်းတွေ ၊ မန္တလေး ပန်တျာကျောင်း အကသင်တန်းတွေ အကြိမ်ကြိမ် ကြည့်ခဲ့ဖူးတယ် ။ ရန်ကုန် ၊ မန္တလေး ပုဂ္ဂလိက အကသင်တန်းတွေကိုလဲ ကျွန်တော် မကြာခဏ ကြည့်ခဲ့ရဖူးတယ် ။ ကျောင်းတွေ ၊ ကျောင်းတွေမှာ ၊ ဧည့်ခံကြိုဆိုပွဲတွေမှာ ၊ကျောင်းသူကလေးတွေ ရာနဲ့ ထောင်နဲ့ချီပြီး ကဗျာလွတ်အကနဲ့ ဧည့်ခံကြတာကို အကြိမ်ကြိမ် တွေ့ဖူးတယ် ။ ကဗျာလွတ် ဒိုးဆစ်တွေနဲ့ ကဗျာလွတ် အကဟာ သင်ရိုးညွန်းတန်း အဆင့်ကနေ လူထုထဲမှာ ကျယ်ပြန့်နက်ရှိုင်းစွာ ဆင်းသက်လာပြီး လူထုအက ( Group Dance ) တောင် ဖြစ်နေပြီပဲ ။ အဲဒီတော့ကာ စနစ်တကျ ဖြစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ သဘောရတယ် ။ ကဗျာလွတ် အကရဲ့ အတောခံ ကို မူလ ဒိုးတီးဆရာကြီး ဦးစိန်လှမောင် က ကျွန်တော့်ကို တီးပြဖူးတယ် ။ Notes တွေနဲ့ တေးမှတ်ထားတာတွေလဲ တွေ့ခဲ့ရဖူးတယ် ။ မူရင်း ( Original ) နဲ့ အခုတီးနေကြတာတွေ ။ စည်းချိန်မှာ မကွဲလွဲပေမယ့် မြန်မာ့ ဂီတရဲ့ စည်းဝါး နေရာချထားမှုဟာ ပုံသေ မဟုတ်ဘူး ။ ရှင်သန် လှုပ်ရှားနေတယ် ။ တေးသွားတစ်ခုပေါ်မှာ ခံစားမှု ပိုလိုက်ပြီး စည်းချိန်ကို မြန်လို့ရတယ် ။ သွက်လို့ရတယ် ။ လေးလို့ရတယ် ။ ငံ့လို့ရတယ် ။ တွန်းလို့ တိုက်လို့လဲရတယ် ။ တောင့်ထား ၊ ကားထား လို့လဲရတယ် ။ ခံစားမှု အားကောင်းလာဖို့အတွက် မြန်မာဂီတက စည်းချိန်ကို လိုအပ်သလို လွတ်လပ်ခွင့် ပေးထားတယ် ။ ဒါကို နားမလည်နိုင်တဲ့ အနောက်တိုင်းသား အချို့က မြန်မာဂီတဟာ စည်းစနစ် မရှိဘူးလို့ ကောက်ချက်ချတယ် ။ မြန်မာတချို့ကလည်း သံယောင်လိုက်ပြီး ဒါမျိုး မှတ်ချက်ချကြတာ တွေ့ဖူးတယ် ။ တကယ်ကတော့ အင်မတန် အဆင့်အတန်းမြင့်မားတဲ့ ဂီတဖြစ်တယ် ။
ဟိုတစ်နေ့က နိုင်ငံခြားကနေပြီး မြန်မာ ကဗျာလွတ် အတောခံကို တီးပြတော့ ကျွန်တော် အတော် အံ့သြ သွားတယ် ။ မြန်မာပြည်က ကဗျာလွတ်အက ပညာရှင် အများစု တီးနေကြသလို စည်းချိန်ကို ပုံသေထားပြီး တီးပြသွားတယ် ။ မူရင်းနဲ့ကျတော့ စနစ်ချင်းလဲ ကွာတယ် ။ သက်ရောက်မှုချင်းလဲ ကွာတယ် ။ ခံစားမှုချင်းလဲ ကွာတယ် ။
ကဲ ... မူရင်း အတောခံကို တီးကြည့်ရအောင် ။ စည်းချိန်ကတော့ ကြားနေကြအတိုင်း နရီ တစ်ဝါးစာပါပဲ ။ “ တိုးဗေ တိုးဗေ ၊ တိုးဗေ တိုးဗေ ” မှာ ပထမ တိုးဗေတိုးဗေမှာ တိုး မှာ ၀ါး ချတယ် ။ ဒုတိယ တိုးဗေ မှာလဲ တိုး မှာ ၀ါး ချတယ် ။ နှစ်ဝါးချထားတယ် ။ ပုံမှန်စည်းချိန်ပါပဲ ။ အဲဒီမှာဆုံးတော့ တပ် ခံလိုက်ပြီး တား ထားလိုက်တယ် ။ နောက်ကျန်နေတဲ့ “ ဗြေးဗြေးတပ်ဗြေး ... တပ်ဗြေးတပ် ” သုံးဝါးစာကို တပ် မှာ တောင့်ထားပြီး သည်းချိန် လေးလေးနဲ့ တီးထားတယ် ။
“ တိုးဗေ တိုးဗေ ၊ တိုးဗေ တိုးဗေ တပ် ဗြေး...ဗြေး တပ်ဗြေး ။ တပ်ဗြေးတပ် ”
ဗြေးဗြေးတပ်ဗြေး ၊ တပ်ဗြေးတပ် မှာ နရီ အကျဲ နဲ့ လေးလေး တီးထားတယ် ။ စည်းချိန် နှစ်ခန်းပါနေတာ သတိထားစရာဖြစ်တယ် ။ ပထမစည်းချိန် ပုံမှန် ။ တပ် ခံပြီး နောက်စည်းချိန် နရီ အကျဲ ။
ဘာပြုလို့ အချပိုဒ် သုံးဝါးမှာ စည်းချိန်ကို လေးထားရသလဲ။
ပထမအချက်က သင်တန်းသူကလေးတွေဟာ စည်းနဲ့ ၊ ၀ါးနဲ့ ၊ ဗုံနဲ့ ၊ ပတ်နဲ့ စတင်တွေ့ရတာ ဖြစ်တဲ့အတွက် စည်း ၀ါး ဗုံ ပတ် တို့ရဲ့ ခြောက်လှန့်မှုကို မကြောက်ရအောင် ။ ရှေ့က ပြနေတဲ့ သင်တန်းဆရာရဲ့ အကကို လိုက်ပြီး တုပ က နိုင်အောင် ။ ဒုတိကအချက်က စတင်လေ့ကျင့်မှု ဖြစ်တဲ့အတွက် ခေါင်း ၊ ခါး ၊ ခြေ ၊ လက် အနေအထားမှန်ဖို့ ၊ အထူးသဖြင့် မြန်မာအမျိုးသမီး အကမှာ ခါးဟာ မြန်မာအကရဲ့ ဗဟိုချက် ဖြစ်တယ် ။ စ သင် ကတည်းက ခါး ပါလာအောင် လေ့ကျင့်ဖို့ ဖြစ်တယ်။ ၀မ်း ၊ တူး ၊ သရီး ၊ ဖိုး ၊ နရီချိန်နဲ့ ကာယ လေ့ကျင့်ခန်းလုပ်တဲ့ နည်းစနစ်နဲ့ သင်လိုက်ရင် ခါးမပါတော့ဘူး ။ခါး မပါရင် အကဟာ ဘယ်နည်းနဲ့မှ မလှနိုင်ဘူး ။ ခြေခွင် လက်ထားတွေကလဲ မာပြီး တောင့်နေတတ်တယ် ။ ဒါကြောင့်မို့ အစကောင်းမှ အနှောင်းသေချာ ဆိုသလို အတောခံမှာ ကတည်းက တပ် ခံပြီး စည်းချိန်ကို လေးထားတာဟာ ကဗျာလွတ် ကကွက်တွေရဲ့ ရသဗေဒ ဖြစ်တယ် ။ ဒါကို ဆရာကြီး ရွှေဒေါင်းညို တို့ ဆရာမကြီး ဒေါ်သြဘာသောင်း တို့ မြန်မာဆိုင်းပညာရှင်ကြီး ဦးစိန်လှမောင် တို့ သေသေချာချာ စဉ်းစားပြီးမှ လုပ်ခဲ့ကြတယ်လို့ ကျွန်တော် ထင်တယ် ။ ကဗျာလွတ် ကကွက်ဟာ မခင်စိန် တို့ ၊အမာစိန် တို့ ခေတ်အထိ ၇၅ ကွက် သင်ခွင့် ရခဲ့တယ် ။ ခင်ဝင်းနွယ် တို့ ၊ မမြသန်း တို့ ခေတ်ကျတော့ ၁၂၅ ကွက်အထိ သင်ကြားခွင့် ရခဲ့တယ် ။
အခု ဘယ်လို သင်နေကြသလဲ မသိဘူး ။ အတောခံမှာ တပ် ကတော့ ကွယ်လွန်သွားရှာပြီ။
ပေါ်ပြူလာ ဂျာနယ် အချပ်ပို ( ခ )
18-01-2000
https://koaungnaingoo.blogspot.com
မပူမအေး ဥတု သတိပြု
🛎 မပူမအေး ဥတု သတိပြု
◼ ကြည်လွင်မြင့် ( မုဒြာ )
ရာသီဥတုက ဆောင်းအကုန် နွေအကူး တစ်ညလုံးစောင်ခြုံနှင့် ကွေးနေရာမှ အအေးပေါ့လာသဖြင့် နံနက်စောစောထပြီး နေအိမ်ရှေ့တွင်
ရေဖျန်းသူလူကြီးတစ်ဦးမှာ လေဖြတ်သွားသည်။
အသက် ၇၀ ခန့်ရှိသည့် ထိုလူကြီးသည် အိမ်ရှေ့တွင် ကား၊ဆိုင်ကယ်များ ဖြတ်သန်းသွားလျှင်ဖုန်ထသဖြင့် ရေပုံးဖြင့်ဆွဲပြီး ရေဖျန်းခြင်းဖြစ်သည်။ ရုတ်တရက် ကိုယ်တစ်ခြမ်းလေးလာသဖြင့် အိမ်အတွင်းမှ မိသားစုများကို လှမ်းခေါ်သောအခါ စကားမပီ ဗလုံးဗထွေးဖြစ်မှ လေဖြတ်မှန်းသိသည်။ သွေးပေါင်ချိန်များစွာမြင့်တက်ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟု သိရသည်။
လေဖြတ်သူအတော်များများသည် နံနက်စောစော အရုဏ်တက်ချိန်တွင် ဖြစ်လေ့ရှိသည်။
အနောက်တိုင်းသုတေသီများက သွေးတိုး၊ လေဖြတ်သူများသည် နံနက် ၁၀ နာရီ အတွင်း အဖြစ်များသည်ဟုဆိုသည်။
နံနက်စောစော အိပ်ရာမှထပြီး အိမ်သာတက်ရာမှ လဲကျလေဖြတ်သူ၊ အချို့မှာ အိမ်သာအတွင်းမှာပင် လေဖြတ်နေသူများစွာသည် သွေး
တိုးဆောင့်တက်ပြီးဖြစ်ရသည်။ ရုတ်တရက် သွေးတိုးရခြင်း၏ အကြောင်းရင်းခံမှာလည်း အအေးပပ်ပြီး ဦးခေါင်းပိုင်း၊ လည်ပင်းရှိ သွေးကြောကြီးများ ကျုံ့သွားရာမှ သွေးကို ညှစ်ထုတ်သကဲ့သို့ဖြစ်ပြီး ဦးနှောက်သွေးကြောပေါက်ခြင်း၊ သွေးကြောနံရံမှ သွေးခဲအချို့ပြုတ်ထွက်ပြီး ဦးနှောက်အတွင်းသို့ရောက်ရှိကာ ပိတ်ဆို့သွားခြင်း အကြောင်း နှစ်မျိုးကြောင့် ဖြစ်သည်။
တစ်ညလျှင် လေး၊ ငါးကြိမ် ဆီးထသွားလေ့ရှိသည့်လူကြီးများ၊ အထူးသဖြင့် အမျိုးသားလူကြီးများသည် လေဖြတ်နိုင်ခြေပို၍ရှိသည်ကို လေ့လာ တွေ့ရှိရသည်။ မြန်မာလူမျိုးတို့၏ အိမ်ဆောက်သည့်ဓလေ့မှာ အိမ်အတွင်းတွင် အိမ်သာမထား၊ အိမ်အပြင်ဘက်တွင် အိမ်သာထားလေ့ရှိသောကြောင့် အိမ်အပြင်ဘက်ထွက်သွားရာမှ အအေးပပ်ပြီး လေဖြတ်နိုင်သဖြင့် လူကြီးများအတွက် အခန်းတွင်းတွင် ဆီးသွားရန် ဆီးအိုးထားပေးခြင်းဖြင့် ပြင်ပလေဖြင့် အအေးပပ် လေဖြတ်ခြင်းမှ ကာကွယ်နိုင်သည်။
လေဖြတ်ခြင်းသည် အဆီနှင့်အငန်အစားများသဖြင့် နှစ်ချီ၍ ရှေ့ပြေးလက္ခဏာများပြနေပြီး ဖြတ်ရခြင်း ရှိသကဲ့သို့ အခန့်မသင့်၍ ရုတ်တရက် အပူအအေးမညီမျှမှုကြောင့် လေဖြတ်ရခြင်းလည်းရှိသည်ကို သတိပြုသင့်သည်။
ရာသီဥတုသာယာလာပြီဟု နံနက်စောစောထပြီး ရေချိုးခြင်းကြောင့် လေမဖြတ်စေရန် ချက်ချင်း ရေမချိုးပါနှင့်၊ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ
ရေအေးမချိုးပါနှင့်၊ ရေချိုးလိုသည့်ဆန္ဒရှိလျှင် ဦးစွာပထမ လမ်းလျှောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပါ။ လမ်းလျှောက်
လျှင်လည်း အနှေးလျှောက်၊ အမြန်လျှောက်၊လက်များကိုလွှဲပေးခြင်းစသည့် လေ့ကျင့်ခန်းများပြုလုပ်နိုင်ပါသည်။ အနွေးထည်အင်္ကျီ ထူထူဝတ်ထားလျှင် ချွေးအနည်းငယ်စို့ပြီး ကိုယ်အပူရှိန်လည်း တက်လာပါလိမ့်မည်။
ရေအေးချိုးခြင်းသည် ခန္ဓာကိုယ် အပူငွေ့ဖြင့် နွေးနေချိန်တွင် ချိုးသင့်သည်။ အငွေ့မရှိ အေးစက်နေလျှင် ရေအေးမချိုးသင့်ပါ။ လူကြီးများ နံနက်စောစော ရေအေးကိုင်ခြင်း၊ ရေလောင်း ခြေဆေးခြင်းတို့ကြောင့် လေဖြတ်နိုင်သည်ကို သတိပြုပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမလုပ်ဘဲ ရေချိုးလျှင် ရေနွေးအနည်းငယ်စပ်ထားသောရေဖြင့် ဦးစွာချိုးသင့်ပါသည်။
မည်သည့်အသက်အရွယ်မဆို ရေချိုးလျှင် ဒူးအောက်ပိုင်းကို ရေလောင်း ခြေဆေးပြီးမှ ဒူးအထက်၊ ပေါင်အလယ်၊ ခါးအောက်ပိုင်း စသည်ဖြင့် အပေါ်သို့ တဖြည်းဖြည်းတက်ပြီး ရေလောင်းချိုးခြင်းသာ အကောင်းဆုံးဖြစ်သည်။ လူကြီး၊လူငယ်မရွေး ရေအေးကို ရုတ်တရက် ဦးခေါင်းမှ လောင်းချခြင်းသည် အန်္တရာယ်ရှိသည်။ အသက်ငယ်ငယ်နှင့် မျက်မှန်တပ်ရသူများသည် ဤကဲ့သို့ ရေချိုးသဖြင့်၊ ရေချိုးနည်းမှားသဖြင့် ဖြစ်ရခြင်းဖြစ်သည်။ လူကြီးများတွင်လည်း ဦးခေါင်းမှရေလောင်းချိုးလျှင် မျက်စိတိမ်စွဲ ရောဂါဖြစ်တတ်သည်။ ခေါင်းကိုက်ရောဂါလည်း ဖြစ်တတ်သည်ကို သတိပြုဖို့လိုသည်။
ဆောင်းအကုန် နွေအကူးတွင် အအေးပေါ့သွားသဖြင့် အင်္ကျီချွတ်နှင့် သို့မဟုတ် အင်္ကျီအပါးဖြင့် အပြင်ထွက်အလုပ်လုပ်သူများ ရုတ်တရက် ကိုယ်တွင်း အပူငုပ်ပြီး ချမ်းလာသလိုဖြစ်ရာမှ သွေးကြောများ ကျုံ့ပြီး သွေးပေါင်တက်လာတတ်သည်။ ယခင်က သွေးတိုးမရှိဖူးပါဘူးဟု ပြောသူများ ပို၍ပင် လေဖြတ်လေ့ရှိသည်ကို တွေ့ရသည်။ သွေးတိုးရှိသဖြင့် ကုသမှုခံယူပြီး ဆေးမှန်မှန်သောက်၊ အစားဆင်ခြင်နေသဖြင့် လေဖြတ်ခံရမှုနည်းပါးပြီး သွေးတိုးမရှိသူ၊ တစ်ခါတစ်ရံ သွေးတက်မှ ဆေးသောက်လေ့ရှိသူများကပို၍လေဖြတ်နိုင်ခြေရှိသည်ကို တွေ့ရသည်။
နံနက် အိပ်ရာထ (မျက်နှာမသစ်မီ) ရေအေးတစ်ခွက်သောက်ပေးခြင်းဖြင့် အစာအိမ်မှ တစ်ဆင့် ကိုယ်တွင်းအောင်းနေသောအပူများကို ငြိမ်း
စေနိုင်သည်။ ရေသောက်ပြီးမှ မျက်နှာသစ်၊ မျက်နှာသစ်ပြီးမှ သွားတိုက်ခြင်းသည် မှန်ကန်သောကျန်းမာရေးလမ်းစဉ်ဖြစ်သည်။
နံနက်အိပ်ရာထ ရေချိုးလေ့ရှိသူများသည်ဆောင်းတွင်းတွင် ရေမချိုးရဲကြ၊ ဆောင်းအကုန်အအေးပေါ့လာသောအခါ ရေချိုးချင်လာကြသည်။ ရေမချိုးတာကြာ၍ အကျင့်မရှိဖြစ်နေရာမှ ရေချိုးလိုက်ချိန်တွင် အခန့်မသင့်လျှင် အအေးပပ်ခြင်း၊ သွေးတိုးတက်ခြင်းဖြစ်နိုင်သဖြင့် ရေနွေးအနည်းငယ် စပ်ချိုးသင့်သည်။ ရေနွေးနွေးချိုးပြီး အပြီးသတ်မှသာ ရေအေးချိုးခြင်းဖြင့် ရုတ်တရက်လေဖြတ်ခြင်းမှ ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။
ကြေးမုံ ၁၅ ဖေဖော်ဝါရီ ၂၀၁၆
Subscribe to:
Posts (Atom)










