Friday, March 29, 2019

မန္တလေး သရက်


 🥭       မန္တလေး သရက်
                                        ◼လူထုဒေါ်အမာ

         အမေတို့ မန္တလေးမှာ သရက်သီးပေါ်တော့မယ်ဆိုရင် အမေတို့လို လူအိုလူမင်းတွေက ထမင်းကို ဟင်းနဲ့မစားဘဲ သရက်သီးကလေးနဲ့စားချင်စိတ်တွေ ပေါက်နေကြပြီ။ ပြီးတော့ သရက်သီးမပေါ်ခင် တပို့တွဲ တပေါင်းမှာ သရက်ဖူးနဲ့ သရက်ကင်းက စပေါ်တယ်မှုတ်လား။ အဲဒီတော့သရက်ကင်းနဲ့ ထမင်းမြိန်ပေမယ့် သရက်ကင်းပေါမှာကို သရက်သီးကြိုက်သူတွေက စိုးရိမ်တယ်။
         ဘာလို့လဲဆိုတော့ ရှေးတုန်းက သရက်ကင်းဟာ ခူးရောင်းတာကနည်းပြီး လေပြင်းကျလို့ ကြွေတာကို ကောက်ရောင်းတာက များတာကိုး။ သရက်မျိုးညံ့မှ အကင်းခူးတယ်။ မျိုးကောင်းသရက်က အကင်းကို ဘယ်သူမှ မခူးဘူး။ အဲဒီတော့ သရက်ကင်းတွေသိပ်ပေါလာရင် ဒီနှစ်သရက်သီးရှားတော့မယ်၊ လေကြွေတွေ သိပ်များနေပြီလို့ စိုးရိမ်တယ်လေ။
         အမေတို့ မန္တလေးမှာ စားရတဲ့ သရက်သီးထွက်ကြတဲ့ သရက်ခြံတွေက ဒုဋ္ဌ၀တီလို့ခေါ်တဲ့ မြစ်ငယ်မြစ်ရဲ့ ၀ဲယာမှာ ရှိတယ်။ ဒုဋ္ဌ၀တီမြစ် ရှမ်းပြည်နယ်က စီးဆင်းလာတော့ ရွှေစာရံလောက်ကစပြီး မြစ်ကမ်းပါး ၀ဲယာမှာ သရက်ခြံတွေ ထိစပ်နေလိုက်တာ အင်းဝတံတားဦးဘက်မှာ ဧရာဝတီထဲ ဒုဋ္ဌ၀တီမြစ်ငယ်မြစ် စီးဝင်သွားတဲ့အထိပါပဲ။
          သရက်ပင်က မိုးနည်းပြီး တောင်ပေါ်ရေကို ကြိုက်တယ်ထင်ပါရဲ့။ မြစ်ငယ်မြစ်ရဲ့ ၀ဲယာကခြံတွေမှာ သရက်တို့၊ သံပရာတို့ကို အဓိကထားပြီး စိုက်ကြတာပဲ။
         ဒါကြောင့် ရှေးက ဘုရင်ဥယျာဥ့်တော်၊ နန္ဒ၀န်ဥယျာဉ်ဟာလည်း ဒီခြံတွေ ကြားထဲမှာ ရှိတာပဲ။ ဘုရင်က သူ့လာဆက်ပြီး တကယ်ကောင်းတဲ့
သရက်၊ သူကြိုက်တဲ့ သရက်မျိုးတွေကို သူ့ဥယျာဉ်တော်မှာ စိုက်စေတယ်။
         နောက်ပြီး ဆက်လာတဲ့လူရဲ့နာမည်တွေကို သရက်နာမည်အဖြစ် ပေးတတ်တယ်။ ဘုရင်တွေမရှိတဲ့နောက်မှာတော့ ဥယျာဉ်တော်ထဲက
မျိုးတွေကို ဆင်းရဲသားခြံတွေက အကြောင်းအပေါင်းသင့်ရာ တောင်းစိုက်ကြတော့ သရက်မျိုးကောင်းတွေ တခြားခြံတွေထဲလည်း ရောက်ကုန်တာပေါ့။
         ဒါကြောင့် အဲဒီခြံတွေကလာတဲ့ သရက်သီးတွေ ရာသီတိုင်လို့ မန္တလေး  ရောက်လာတဲ့အခါ မန္တလေးသရက်အဖြစ်နဲ့ ရောင်းကြ ၀ယ်ကြတာပဲ။
         ကြုံလို့ပြောရဦးမယ်၊ ရန်ကုန်မှာ ရောင်းချနေတဲ့ “ မန္တလေးရင်ကွဲ ” ဆိုတဲ့ သရက်သီးကတော့ မန္တလေးသရက် မဟုတ်တာ အသေအချာပဲ။
မန္တလေးမှာ အဲဒီသရက်သီးမျိုး အရင်က လုံးဝမရှိခဲ့ဘူး။ အမေက “ မန္တလေးရင်ကွဲ ” ဟာ မန္တလေးသရက် မဟုတ်ဘူးလို့ ဘာလို့ ပြောသလဲ ဆိုတော့ မန္တလေးက အဲဒီလိုနာမည်မျိုးလည်း ဘယ်တော့မှ မမှည့်လေ့ဘူး။
ဒီလိုအနံ့အရသာနဲ့ ဒီလိုအရောင်အဆင်းလည်း မန္တလေးက မထွက်ဘူး။
         ခုတော့ အဲဒီရင်ကွဲသရက်ဟာ အသီးရက်စက်တယ်ဆိုလို့ မန္တလေးနားက သရက်ခြံတွေမှာ ယူစိုက်နေပြီ။ ခု သုံးနှစ်လောက် ရှိပြီ။ သီးတဲ့အခါ ဟုတ်တယ်၊ အများကြီး သီးတယ်၊ အသွေးအရောင်ကတော့ ရန်ကုန် ဘက်ကနဲ့ မတူတော့ဘူး၊ သူက အညှာဘက်မှာ ၀ါရောင်နီရောင် သမ်းလာပြီး မိုးကြောင့် ပျစွဲထားတဲ့ အမည်းကွက်တွေလည်း မပါတော့ဘူး။
         အနံ့အရသာလည်း ရန်ကုန်ရင်ကွဲထက် ပိုကောင်းလာတယ်။ အလုံးတော့ ရန်ကုန်ဘက်ကလို မကြီးဘူး။ သူက သေးသွားတယ်။
         သရက်သီးဆိုတာ မှည့်ရင် ချိုတာချည်းပဲ။ ဒါပေမဲ့ ခွဲပြီး တစ်ခုနဲ့တစ်ခု အတူတူယှဉ်စားကြည့်မှ ဘယ်သရက်က ဘယ်လောက်ကောင်းတယ်၊ ဘာကြောင့်ကောင်းတယ်ဆိုတာ သိနိုင် သဘောပေါက်နိုင်တာပါ။ မဟုတ်လို့ သူ့ချည်းတစ်မျိုးတည်း စားနေရရင် ဘယ်သရက်ဖြစ်ဖြစ် ကောင်းတာချည်းပါပဲ။                 ဒါကြောင့် သရက်သီးမထွက်တဲ့နိုင်ငံတွေက သရက်သီးကို အလွန်ကြိုက်ကြ ဈေးကြီးပေးပြီး ၀ယ်စားကြတာပေါ့။
        သရက်သီးဟာ အရသာအနေနဲ့ ချိုရမယ်လို့ ယေဘုယျ သတ်မှတ်လိုက်တော့ မှည့်တဲ့သရက်မှန်ရင် ချိုတာချည်းပဲ။ ဒါပေမဲ့ယှဉ်စားလိုက်တော့ လေးလေးပင်ပင် ချိုတာ၊ ခါးသက်တဲ့အထိ ချိုတာ၊ပေါ့ချိုတာ၊အချဉ်ဓာတ်ကလေးနည်းနည်းစွက်ပြီးချိုတာ စသဖြင့် လျှာကသိလာ စကားပြောလာပါတယ်။
         အဲဒီအထဲမှာ လေးလေးပင်ပင်နဲ့ နစ်နေအောင် ချိုတဲ့သရက်က အကောင်းဆုံးပေါ့။
         ဒါပေမဲ့ တချို့လျှာကတော့လည်း ချိုတယ်ဆိုတာ အချဉ်ဓာတ်ကလေး နည်းနည်းပါမှချိုတဲ့အရသာ ပြည့်စုံတယ်လို့ ပြောကြပါသေးတယ်။
         အဲဒီလို လူများက မန္တလေးကထွက်တဲ့ နက်တဲ့ ချောချောသရက်မျိုးနဲ့ ပလူအိုက် သရက်မျိုး ကျကျနန မှည့်တာကို ကြိုက်ကြတယ်။ မမှည့်ရင် ဒီသရက်တွေက ချဉ်တဲ့အရသာ သိပ်ကဲနေ လိမ့်မယ်။
         နက်တဲ့ နဲ့ ပလူအိုက်ယှဉ်လိုက်တော့ ပလူအိုက်က အသီး ကြီးတယ်၊ အသားပေါတယ်၊ နက်တဲ့လောက်ပိုးမ၀င်လွယ်ဘူး။ ဒါကြောင့် ပလူအိုက်ကို နက်တဲ့ မယှဉ်နိုင်ပြန်ဘူး။
         သရက်သီးကောင်းဆိုတာ အကြောအမျှင် ကင်းရတယ်။ တချို့သရက်က ဘယ်လောက်ချိုချို၊ အမျှင်တွေ သိပ်များတော့ သရက်ကောင်း မဖြစ်လာဘူး။ တောသရက်ပဲ။
         ပြီးတော့ သရက်သီးမှာ အရသာအပြင် အနံ့ကလည်း စကား ပြောပါသေးတယ်။ သရက်ညံ့ရင် တောစော်နံတယ်။ ဘာနံ့မှမရှိတဲ့ သရက်က တောစော်နံတဲ့သရက်ထက် ပိုကောင်းတယ်။ ဒီထက်ကောင်းတဲ့ သရက်က အလွန်ထူးထူးကဲကဲ မွှေးတဲ့အနံ့ ရှိပါတယ်။
         အမေတို့ ကြုံဖူး တွေ့ဖူး စားဖူးသမျှထဲ မြန်မာဘုရင်များကို ဆက်ရတဲ့ သရက်တစ်မျိုး ဖြစ်တဲ့ “ ပင်တော်လေး ” သရက်ဆိုတာ အနံ့က သိပ်မွှေးပါတယ်။
အခန်းထဲမှာ ဒီသရက်သီးထည့်ထားရင် အခန်းထဲဝင်တာနဲ့ သရက်နံ့ ရပါတယ်။
“ပင်တော်လေး” သရက်က လူတိုင်းတော့ မစားဖူးပေဘူး။
ကောင်းတော့တကယ်ကောင်းတဲ့ သရက်ပါ။ အသီးအရွယ်က အောင်ဒင် သရက်လောက်ပဲ ရှိပါတယ်။ အကြီးစား မဟုတ်ဘူးပေါ့။ အသီးရောင်က
ပန်းသီးလို နီရဲနေပါတယ်။ အနံ့ကလည်း အဝေးကနေတာနဲ့မွှေးတယ်။
အသားခွဲလိုက်ရင် အရောင်က သရက်သီးပေမယ့် အ၀ါရောင် မနုဘူး။
အရောင်တောက်နေတဲ့ အ၀ါ၊ အကြောအမျှင် လုံးဝမရှိ။ စားလိုက်ရင်လေးလေးပင်ပင် ချိုပြီး အိနစ်နေတဲ့အတွေ့။ အခွံကလည်း ပါးပါး ကလေးရယ်။
         ဒီသရက်ဟာ ဥယျာဉ်တော်အထဲမှာ လုံးပတ်ယောက်ျား သုံးယောက်ဖက်လောက် ရှိတဲ့အပင်ကြီးက သီးတာ။ ပင်အိုမို့ အသီးက သိပ်များများ မသီးတော့ဘူး။ ဒါတောင် တချို့လူတွေက ဒီအပင်ဟာ ဘုရင်စိုက်ခိုင်းခဲ့၊ စားတော်ဝင်ခဲ့တဲ့အပင် မဟုတ်ဘူး။ အဲဒါက သေသွားပြီ၊
ဒါက အပင်သစ်လို့ ပြောကြပါတယ်။ ဟုတ်နိုင်မဟုတ်နိုင်တော့ ရုက္ခဗေဒ သမားတွေကမှ သိမှာပါ။
         သရက်သီးမှာ မွှေးတဲ့အဆင့်အထိ ကောင်းတဲ့သရက်က အလွန်ရှားပါတယ်။ အချိုလေးတယ်။ အကြောအမျှင်ကင်းတယ်၊ အနံ့သင်းတယ်၊
အသားပေါတယ်ဆိုရင် သရက်ကောင်းလို့ ခေါ်ရတာပါပဲ။
         အောင်ဒင်သရက်ဟာ မန္တလေးမှာ အစောဆုံးပေါ်ပြီး သိပ်ချိုတဲ့ သရက်မို့ နာမည်ကြီးပါတယ်။ ဒါပေမဲ့ အောင်ဒင်ဟာ ပေါ်တာစောလို့သာ အဖိုးတန်တာ၊ သူက အလုံးသေးပြီး အစေ့ကြီးတယ်၊ ဒါကြောင့် အသားပါးလို့ ပထမတန်းစား မ၀င်ဘူး၊ ဘာပဲဖြစ်ဖြစ် ပေါ်တာက အစောဆုံးနဲ့ အချိုလည်း လေးတော့ ပေါ်ဦးပေါ်ဖျား သရက်မို့ အောင်ဒင်-
အောင်ဒင်နဲ့ နာမည်ကြီးရပါတယ်။
         အောင်ဒင်ရဲ့ နောက်ပိုင်းမှာ ပေါ်လာတဲ့ “ စံရ ” ဆိုတဲ့ သရက်လည်း ချိုပါရဲ့၊ အလုံးကတော့ သေးသေးပဲ။
         မတ္တရာက သရက်သီးတစ်မျိုး ထွက်တယ်၊ ဆင်ပေါင် သရက်တဲ့။
သူတို့က သီးလာရင် အိတ်စွပ်ပေးတာ။ ဒါကြောင့် သီးလုံး ချောတယ်။
မတ္တရာခြံတွေက ရေကောင်းတော့ အသီးလည်း ကြီးတယ်။ ဒီသရက်ဟာ ချိုတယ်လို့ နာမည်ကြီးတဲ့ သရက်တွေထဲပါတဲ့အပြင် အပေါ်နောက်
ဆွဲတော့ ဈေးကောင်းရတာပေါ့။ မတ္တရာ ဆင်ပေါင်ဟာ သရက်ကောင်းစာရင်းဝင်ပဲ။
         မန္တလေးမှာ သရက်ပေါ်တဲ့ အလယ်ရာသီမှာ နာမည်ကြီးတဲ့ သရက်တွေကတော့ ဂေါင်ချိုး ၊ ဟင်္သာ ၊ နက်တဲ့ ၊ ပလူ ၊ မစောရင် ၊ ဦးချစ်ထွန်း ၊ ကြည်ဝင်း ၊ ငှက်တော် ၊ စိန်တစ်လုံး ၊ ပုစွန်တုပ် ၊ ဦးမေဒိယ   ဆိုတာတွေပေါ့။ ဒါတွေက ရန်ကုန်ဘက်ထိ ရောက်ချင်မှ ရောက်မယ်။
ဆင်ပေါင်တို့ ၊ ဂေါင်ချိုးတို့က ရောက်မယ်ဆိုရင် ရောက်နိုင်သေးတယ်။
နာမည်ကြီးတဲ့ သရက်က အထွက်နည်းပြီး အနုတ်အသိမ်း များတာကိုး။
သရက်ဟာ အထားခံတဲ့ မျိုးကောင်းမျိုးသန့်ကိုရွေးပြီး ရုက္ခဗေဒပညာရှင်တွေရဲ့ အကူအညီနဲ့ စနစ်တကျ စိုက်၊ စနစ်တကျနိုင်ငံခြားကို တင်ပို့စရာ ကောင်းလှတယ်။

[၂၀၁၄ ခုနှစ်၊ စက်တင်ဘာလထုတ် လူထုဒေါ်အမာ ရေးသားသည့်
အမေ့ရှေးစကားစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။]

No comments:

Post a Comment