❝ လှတဲ့ပန်းတွေ ဝေဆာစေသူ ❞
ပြဒါးတစ်လမ်း ၊ သံတစ်လမ်းလို့ ဆိုနိုင်တဲ့ လုပ်ငန်းနှစ်ခုကို တစ်ပြိုင်တည်း လုပ်လို့ အဆင်ပြေပါ့မလား ။
ကျွန်တော်နဲ့ သိကျွမ်းခင်မင်တဲ့ အလယ်တန်း ကျောင်းအုပ်ဆရာကြီး ဦးတင်အောင်ငြိမ်း က NYM ဆိုတဲ့ မော်ဒယ်လ်အေဂျင်စီ တစ်ခုကို တည်ထောင် လုပ်ကိုင်နေပါတယ် ။ အဖြူ ၊ အစိမ်းဝတ် ကျောင်းဆရာကြီးနဲ့ လူတချို့က ဆတ်ကော့လတ်ကော့ ကောင်မလေးတွေ စုဝေးရာလို့ သတ်မှတ်တဲ့ မော်ဒယ်လ်အေဂျင်စီ အလုပ်က ဘုန်းကြီးနဲ့ ဘီးလို ထင်ရပါတယ် ။
သည်အလုပ်နှစ်ခုကို တွဲလုပ်ရင် တစ်ခုကြောင့် တစ်ခုမှာ အနှောင့်အယှက် ဖြစ်နိုင်ပါသလား ။ ဆရာကြီးကို ကျွန်တော် မေးကြည့်ပါတယ် ။
“ အလုပ်နှစ်ခုက အဖြူနဲ့ အမည်း ၊ ခုခေတ်က ဘယ်လို ဖြစ်လာသလဲ ဆိုတော့ ဆယ်တန်း ဖြေပြီးတာနဲ့ ကွန်ပျူတာတွေ ၊ အင်္ဂလိပ်စကားပြောတွေ သင်တန်း တက်ကြသလို မော်ဒယ်လ် ဆိုတဲ့ မိမိကိုယ် မိမိ confidence ( ယုံကြည်မှု ) ပိုမို လာစေနိုင်တဲ့ မော်ဒယ်လ်သင်တန်းကို တက်ရမယ်လို့ လက်ခံလာချိန်မှာမှ မော်ဒယ်လ် အေဂျင်စီကို ဖွင့်လို့ အဆင်ပြေပါတယ် ”
ခုခေတ်လူငယ်တချို့က မော်ဒယ်လ်အလုပ်ကို လုပ်မစားပေမယ့် ဟန်ကျပန်ကျ လမ်းလျှောက်တတ်အောင် ၊ စမတ်ကျကျ နေတတ်ထိုင်တတ်အောင် ၊ အချိုးကျကျ ဓာတ်ပုံရိုက်တတ်အောင် မော်ဒယ်လ်သင်တန်းတက်ကြတာ သတိထားမိပါတယ် ။ ဒါပေမဲ့ မိဘတွေရဲ့ အမြင်က စောင်းနိုင်တယ် ။ ဒါကြောင့် မေးခွန်း ထပ်ထုတ်တယ် ။
“ အလုပ်တစ်ခုက နောက်တစ်ခု အပေါ်မှာ သက်ရောက်မှု ရှိသလား ၊ တချို့ ကျောင်းသားမိဘတွေက ဒီဆရာကြီးကလည်း ကောင်မလေးတွေနဲ့ ရုန်းရုန်း ရုန်းရုန်းလို့ မြင်ချင် မြင်မယ် ”
“ ကျွန်တော့်မှာ ကျောင်းအုပ်ဆရာကြီးတစ်ယောက်အနေနဲ့ မော်ဒယ်လ် အေဂျင်စီကို ထောင်လို့ အကြည်ညိုပျက်ခြင်း ၊ အနှောင့်အယှက်ဖြစ်ခြင်း မရှိတဲ့ အပြင် ပို၍ ပို၍တောင်မှ အဆင်ပြေစေတယ် ၊ မိဘများရဲ့ ယုံကြည်စိတ်ချမှုကြောင့် မော်ဒယ်လ်အေဂျင်စီမှာ သူတို့သားသမီးတွေကို လာရောက် အပ်နှံကြတယ် ”
မော်ဒယ်လ်အေဂျင်စီ အလုပ်ကို အထောက်အပံ့ ဖြစ်ပုံ ဆရာကြီးက ဆက်ပြောပါတယ် ။
“ ကျောင်းအုပ် အလုပ်ကို လုပ်တဲ့အတွက် ကျွန်တော့်ကို အကျိုး ဖြစ်တာက တိုက်ပုံအင်္ကျီဖြူ ၊ စတစ်ကော်လာအဖြူ ၊ ပုဆိုးအစိမ်းလေးက ကျွန်တော့်ရဲ့ ဘဝကို မိဘက သားသမီးကို ထိန်းသိမ်းသလို ထိန်းသိမ်းပေးထားတယ် ၊ ငါးပါးသီလကို ကျောင်းအုပ်အလုပ်က ထိန်းပေးထားတယ် ၊ အနုပညာအလုပ် ဖြစ်တဲ့ NYM မော်ဒယ်လ်အေဂျင်စီ လုပ်တဲ့အခါ အဲဒီ သိက္ခာရှိမှုက အထောက်အပံ့ဖြစ်တယ် ”
“ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်တဲ့အခါ တစ်ဖက်ဖက်မှာ အားလျော့တာမျိုး မဖြစ်ဘူးလား ”
“ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း ၊ တစ်ချိန်တည်း လုပ်ရာမှာ ဘယ်ဟာ ကိုမှ အလေး မသာဘူး ၊ ကျောင်းအုပ် အလုပ် ကိုတော့ လျှော့လုပ်တယ် ၊ မော်ဒယ်လ် အေဂျင်စီ အလုပ်ကို အလေးသာတယ် ဆိုတာမျိုး မရှိဘူး ”
“ ဘယ်လို အခက်အခဲ ရှိလဲ ”
“ ဖြစ်ပေါ်လာတဲ့ အခက်အခဲကတော့ အလုပ် တစ်ခုမှာတောင် စိတ်ဖိစီးမှု ရှိတာ ၊ အလုပ် နှစ်ခု ဆိုတော့ စိတ်ဖိစီးမှု နှစ်မျိုး ရှိတယ် ၊ ကျွန်တော်က စိတ်ဖိစီးမှုကို စိတ်ဖိစီးမှုလို့ မခံယူဘူး ၊ ကြုံရတဲ့ အခက်အခဲ ဆိုတာကို ကိုယ် ကျော်လွှားရမယ့် အရာလို့ ခံယူထားတာ ၊ ကျွန်တော့်ခံယူချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ ရှိရမယ် ၊ ကိုယ်က လျှော့ပေးမှ ရှုံးသွားတာ ၊ ကိုယ် မလျှော့မချင်း ဘယ်တော့မှ မရှုံးဘူး ”
သူ ငယ်ငယ်က အနုပညာနဲ့ စပြီး ပတ်သက်ခဲ့တာကို ကျွန်တော်က မေးတယ် ။
“ ငယ်ငယ်ကနေ စပြောရရင်တော့ ( ရယ်လျက် ) အရှုပ်တွေ ပေါ်ကုန်တော့မှာပဲ ၊ တက္ကသိုလ်ပထမနှစ်မှာ ဗီဒီယို ဆိုတာ စပေါ်တယ် ၊ ကျွန်တော့်မိဘများနဲ့ ဆရာမောင်မိုးသူ တို့က ခင်မင်တယ် ။ ကျွန်တော်က ဗွီဒီယို ပေါ်စဦးမှာ ဆရာ မောင်မိုးသူရဲ့ ဗီဒီယိုဇာတ်ညွှန်း ချစ်ရောင်စုံ ဆိုတဲ့ ဇာတ်ကားကို ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ဖူးတယ် ”
သူ့အဘိုး ၊ အဘွားတွေက ငွေကြေးတတ်နိုင်ပြီး အနုပညာလုပ်ငန်းကို အားပေးတယ် ။ သူ့မိခင် ကိုယ်တိုင်ကလည်း အနုပညာ ဝါသနာပါတယ် ။ ချမ်းမြသာစည် လေဆိပ်အနီးမှာ နေထိုင်ကြတာမို့ အနုပညာသည်တွေနဲ့ ဆုံတွေ့မှု များပြီး ခင်မင် ရင်းနှီးတာကိုလည်း ဆရာကြီး ဦးတင်အောင်ငြိမ်း က ပြောပြပါ တယ် ။
“ ကျောင်းဆရာ အလုပ်ကိုကော ဘယ်လိုကြောင့် လုပ်ဖြစ်တာလဲ ”
“ အဖေက ဗာကင် စည်သွတ်စက်ရုံက အထက်တန်းစာရေး ၊ ကျွန်တော့်ကို ကျောင်းအုပ်ဆရာကြီး ဖြစ်စေချင်တာ ၊ ကျွန်တော် ဘွဲ့ရတော့ ကျွန်တော့် အဖေက ကျွန်တော့်ကို ကျောင်းအုပ် ဖြစ်စေချင်လို့ အမှတ် ( ၂၆ ) အထက်တန်း ကျောင်းမှာ ကျောင်းဆရာ လုပ်ဖို့ သူကိုယ်တိုင် လိုက်အပ်တယ် ”
“ ဝင်ငွေကြမ်းတဲ့ တခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ရှိတာကို သဘောမကျဘူးလား ”
“ ကျွန်တော်တို့ခေတ်က customs ( အကောက်ခွန် ) တို့ ၊ immigration ( လူဝင်မှုကြီးကြပ်ရေး ) တို့မှာ အလုပ် ဝင်လုပ်ချင်ရင် ရနိုင်တယ် ၊ အမျိုးထဲမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်နေတာ ရှိတယ် ၊ အဖေက အဲဒါတွေ မလုပ်စေချင်ဘူး ၊ ဂုဏ်သိက္ခာနဲ့ အသက်မွေးတဲ့ ကျောင်းအုပ်ဆရာကြီးပဲ လုပ်စေချင်တာ ”
“ ကိုယ်တိုင်ကကော ကျောင်းဆရာ လုပ်ချင်ရဲ့လား ”
“ ကျောင်းဆရာ အလုပ်ကို တစ်နှစ်ပဲ စမ်းလုပ်ပါလို့ အဖေက ပြောတယ် ၊ ကျွန်တော်ကလည်း အိမ်က ဘိုးတော်ကြီး ကျေနပ်အောင် ခဏပဲ သွားလုပ်မှာလို့ သူငယ်ချင်းတွေကို ပြောတာ ၊ ကျောင်းဆရာ ဖြစ်ခါစက မင်း ဘာလုပ်နေလဲ မေးရင် ကျောင်းဆရာလို့ ပြောရမှာ ရှက်တယ် ၊ သူငယ်ချင်းတွေက စစ်ဗိုလ်လုပ်တယ် ၊ တစ်ယောက်က နိုင်ငံခြားသွား အလုပ်လုပ်တယ် ။ လုပ်သက် သုံးနှစ်လောက် ရှိလာတော့ စဉ်းစားမိတယ် ၊ လူတွေမှာ မေတ္တာတရား ခေါင်းပါး နေကြတယ် ၊ ကျောင်းဆရာ ဆိုတာ မေတ္တာတရား အကြီးမားဆုံး လူတွေ ”
“ ဒီလိုနဲ့ ကျောင်းဆရာ ဘဝမှာ ပျော်သွားမှာပေါ့ ”
ဆရာကြီး ဦးတင်အောင်ငြိမ်းက နှုတ်က မဖြေဘဲ ကျေကျေနပ်နပ်ကြီး ပြုံးတဲ့ အပြုံးနဲ့ပဲ အဖြေပေးပါတယ် ။ ပြီးတော့ သူ့ကျောင်းဆရာ ဘဝ အတွေ့အကြုံကို ပြောပါတယ် ။
“ ကျွန်တော်က အနုပညာလုပ်ဖို့ စပြီး သန္ဓေတည်လာတာက အ.ထ.က ( ၂၆ ) မှာ ကျောင်းဆရာ လုပ်နေတော့ ကျောင်းအုပ်ဆရာမကြီးက ဒေါ်ကြင်ကြင်မြ ၊ ကျွန်တော့်ကို ကျောင်းမှာ အနုပညာပိုင်း တာဝန်ပေးတယ် ”
“ ဘာတွေ လုပ်ရတာလဲ ”
“ ဂီတအနုပညာ တာဝန်ခံလုပ်ရတာ ၊ ၂ဝဝဝ ပြည့်နှစ်လောက်က ကျောင်းဆရာ ၊ ဆရာမတွေဟာ ဘယ်သူမှ မဆိုရဲ ၊ မကရဲဘူး ၊ ဒါတွေ ဆောင်ရွက်ရတာ ”
“ သင်ပေးရတာလား ”
“ ကျွန်တော်က အတန်းပညာ ဖြစ်တဲ့ ရှစ်တန်းစာ သင်္ချာလည်း သင်ပေးရသလို ရသမျှအချိန်မှာ ဂီတအနုပညာကို သင်ပေးတာ ၊ မြန်မာ့ကျောင်းသီချင်း ၊ စည်းလုံးခြင်းသီချင်း ၊ ဇာတိမာန်သီချင်းတို့ ၊ ပုစဉ်းတောင်သံကြိုး ၊ ထံတျာသီတာ ဝေဘာတို့ သင်ပေးတယ် ၊ ကဗျာလွတ်အကတို့ ၊ ကျွန်တော်တို့ကျောင်းက စည်းလုံးညီညွတ်မှု ရှိတယ် ”
“ ကျွန်တော် သိသလောက် ကျောင်းတွေက စာမေးပွဲအောင်ချက် ကောင်းရေး အဓိကထားတယ် ၊ ဖွံ့ဖြိုးရေးအချိန် ၊ ကာယအချိန်တွေလည်း စာပဲ သင်တယ် ကြားဖူးတာ ၊ ဆရာကြီးတို့ ကျောင်းက ထူးခြား မနေဘူးလား ”
“ ကျွန်တော်တို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်ကြင်မြက တခြား ကျောင်းများနဲ့ မတူဘူး ၊ ကျောင်းသူ ၊ ကျောင်းသားတွေကို ဘက်စုံ တော်အောင် အားပေးတယ် ”
ဆရာကြီးက ကျောင်းမှာ အနုပညာ အလုပ် လုပ်နေခဲ့ပုံကို ပြောပြပါတယ် ။
“ ကျောင်းမှာ ဂီတအနုပညာ လုပ်ရတယ် ၊ ပညာရေးစုံညီပွဲတော် လုပ်တော့ ကျွန်တော်က ကိုယ်တိုင် သီချင်းစပ်တတ် ၊ ကိုယ်တိုင် သီချင်းဆိုတတ် ၊ ကလေးတွေကိုလည်း သင်ပြပေးတတ်တော့ အမျိုးသားကဇာတ်ရုံကြီးမှာ Show arrange တာဝန်ယူပေးရတယ် ၊ တချို့က ကန့်လန့်ကာ နောက်ကွယ်ကပဲ ပါဝင်တယ် ၊ ကျွန်တော်က ကန့်လန့်ကာရှေ့မှာပါ ထွက်ပြီး ကိုယ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်တယ် ၊ ဒါနဲ့ ကျွန်တော့်ကို လူကြီးတွေက သိမြင်ပြီး ခြောက်ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုပွဲတော်ကို လာအို ၊ ဗီယန်ကျင်းမှာ ကျင်းပတော့ မြန်မာ တစ်နိုင်ငံလုံးက ထူးချွန်ကျောင်းသား ၊ ကျောင်းသူတွေကို အုပ်ချုပ်ပြီး သွားဖို့ တာဝန်ပေး ခံရတယ် ”
ကျောင်းအုပ်ဆရာကြီးကို ကျွန်တော်က ဆိုးဆိုးရွားရွား မေးခွန်းတစ်ခုကို ကောက်ကာငင်ကာ မေးချလိုက်တယ် ။
“ ဆရာကြီး ကျူရှင် မပေးဘူးလား ”
“ ပေးတာပေါ့ ၊ ကျူရှင်ပေးတာက သူများလို တစ်တန်းလုံးမှာ လူ ၅ဝ ရှိရင် ပိုက်ဆံရှိတဲ့ ၁ဝ ယောက်လောက်ကို ခေါ်သင်တာ မဟုတ်ဘူး ၊ တစ်တန်းလုံး လာကြ ၊ စာသင်ပေးတယ် ၊ သီချင်းဆိုတဲ့အခါ ဆိုတယ် ၊ ကချင် ကကြမယ် ၊ ကလေးတွေက ကျွန်တော်တို့ အိမ်မှာ ပျော်တယ် ၊ ကလေး တချို့က ကျွန်တော့်ကို ပုဆိုးပေးတယ် ၊ ပိုက်ဆံ ပေးတဲ့သူက ပေးတယ် ၊ ဘာမှ မပေးတဲ့သူက မပေးဘူး ၊ ကျွန်တော်က ဘယ်သူ့ကိုမှ မခွဲခြားဘူး ”
“ ဆရာကြီးက NYM လုပ်ငန်း အောင်မြင်နေတယ် ၊ ဘယ်အချိန်အထိပဲ ကျောင်းဆရာ လုပ်မှာလဲ ”
“ ကျောင်းအုပ်ဆရာကြီး အလုပ်က ဘယ်တော့မှ မထွက်ဘူး ၊ အသက် ပြည့်လို့ ပင်စင်ရမှ နားမယ် ”
ကျောင်းဆရာဘဝရဲ့ မွန်မြတ်မှုကိုလည်း ဆရာကြီးက ဆက်ပြောတယ် ။
“ ကျွန်တော့်အမေက ငယ်ငယ်နဲ့ ဆုံးပါးသွားတယ် ၊ အသက် ၅ဝ နဲ့ ဆုံးတယ် ၊ ကျောက်ကပ်ပျက်တာ ၊ ဆရာဝန်က အမေ့ အခြေအနေ မကောင်းတော့ဘူး ပြောတဲ့အချိန်မှာ ကျွန်တော်က ရှစ်တန်းစာ သင်နေတာ ၊ ကျွန်တော့်ကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ကျောင်းသူ ၊ ကျောင်းသားတွေက ကျောင်းက ဆင်းရင် အမေ့ကို လာပြုစုပေးကြတယ် ၊ သေတော့မယ့် လူတစ်ယောက်ကို သာမန်ဆိုရင် ဘယ်သူ ကိုင်ချင်မှာလဲ ၊ ကျွန်တော် ကျောင်းဆရာ မဟုတ်ရင် စပယ်ရှယ်နပ်စ် ငှားရမယ် ၊ စပယ်ရှယ်နပ်စ်က ဒီကလေးတွေလောက် ခြေဆုပ်လက်နယ်ပြုစုမှာ မဟုတ်ဘူး ၊ ငွေကြေး မပေးရတဲ့ မေတ္တာက ပိုပြီး ကြီးတယ် ၊ ဒီကလေးတွေရဲ့ ကျေးဇူးက ကြီးတယ် ”
ကျောင်းဆရာ အလုပ်ရဲ့ ကောင်းခြင်းကို သူက ဆက်ပြောတယ် ။
“ ကျောင်းဆရာ အလုပ်ကလည်း ပိုက်ဆံ မရပေမယ့် respect ( လေးစားမှု ) ရတယ် ၊ ဖုန်းပျက်လို့ ပြောလိုက်ရင် ဟိုဘက်က ကျောင်းအုပ်ဆရာကြီး ဆိုပြီး respect ပေးခံရတယ် ၊ မီတာကိစ္စ သွားရင်လည်း respect နဲ့ လုပ်ပေးတယ် ၊ ဒါထက် မြတ်နိုးစရာ ကောင်းတာက ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့ ကျောင်းအုပ်ဆရာကြီး ဖြစ်တော့ သိက္ခာ စောင့်ထိန်းရတဲ့ အတွက် ကျေနပ်စရာ လူတစ်ယောက် ဖြစ်လာတယ် ၊ အစကတော့ အရေခြုံတာပေါ့ ၊ လုပ်ရင်းလုပ်ရင်းနဲ့ လူ့အဖွဲ့အစည်းရဲ့ တုံ့ပြန်မှုက အံ့မခန်းပဲ ”
ကျောင်းဆရာအလုပ်က မော်ဒယ်လ်အေဂျင်စီအလုပ်ကို အထောက်အပံ့ ဖြစ်တာလည်း ပြောပြတယ် ။
“ ကျောင်းဆရာ ဖြစ်တော့ စည်းနဲ့ကမ်းနဲ့ နေတာ အကျင့်ပါတယ် ၊ ဒါက အေဂျင်စီအလုပ်ကို အထောက်အပံ့ ဖြစ်တယ် ”
ဆရာကြီး ဦးတင်အောင်ငြိမ်းက NYM မော်ဒယ်လ်အေဂျင်စီကို တည် ထောင်ထားတယ် ။ သူတို့အဖွဲ့က အခမ်းအနားတွေမှာ အခမ်းအနားမှူး အဖြစ် စနစ်တကျ စီစဉ်တင်ဆက်ပေးတယ် ။ အကအဖွဲ့တွေနဲ့ ဧည့်ခံပေးတယ် ။ ကုမ္ပဏီတွေအတွက် တေးသီချင်းသစ်တွေ ရေးစပ်ပေးတယ် ။ ငြိမ်းရိပ်မွန်မူကြိုကို ဖွင့်လှစ်ထားပါတယ် ။ NYM ဘယ်လို ဖြစ်ပေါ်လာတာလဲ ကျွန်တော် မေးတယ် ။
“ NYM ဖြစ်လာပုံက ဆဲဗင်းတီးအိတ် ရှောပင်းမောလ်ဖွင့်ပွဲက အဆိုအကပြိုင်ပွဲ လုပ်မယ်တဲ့ ၊ ကလေးတွေက ပြိုင်ပွဲဝင်ပုံစံ ဝယ်လာတယ် ၊ ဦးစီးတဲ့ သူက Mr. Brain ဆိုတော့ သီချင်းတွေက ခေတ်ပေါ်ဖြစ်ရမှာပေါ့ ၊ ဒါပေမဲ့ ခေတ်ပေါ်လည်း ဆို ၊ ကချင် ၊ ကယား တိုင်းရင်းသားပေါင်းစုံပါတဲ့ စည်းလုံးခြင်း သီချင်း တစ်ပုဒ်လည်း ဆိုပြီး ပြိုင်ပွဲဝင်ကြတယ် ၊ သီချင်းနှစ်ပုဒ်လုံး ဆုရတယ် ”
NYM ဆိုတာရဲ့ အဓိပ္ပာယ်ကို ကျွန်တော် မသိဘူး ။
“ အဖွဲ့နာမည် ပေးမယ် ဆိုတော့ ငြိမ်းရိပ်မွန် ဆိုရင် အဆင်မပြေဘူး ၊ ဒါနဲ့ NYM လို့ လက်တန်းပဲ အမည်ပေးလိုက်တာ ”
အမည်ကို လက်တန်း ပေးလိုက်ပေမယ့် အလုပ်ကို လက်တန်း မလုပ်ပုံကိုလည်း ဆက်ပြောတယ် ။
“ ကျွန်တော်တို့အဖွဲ့က ဧည့်ခံဖျော်ဖြေရာမှာ ဘာကိုမှ လက်တန်း မလုပ်ဘူး ၊ အစီအစဉ်အားလုံးကို ကြိုတင်ပြင်ဆင် ဇာတ်တိုက်ပြီးမှ လုပ်တာ ၊ ကျွန်တော်တို့ကို အောင်မြင်စေတဲ့ ထဲမှာ အဝတ်အစားတွေ ဒီဇိုင်းထုတ်ပေးတဲ့ ကိုမျိုးမင်းစိုးတို့ ၊ မိတ်ကပ် ဘိုဘိုနီတို့ ၊ တင်ထွန်းအောင် ( တော်ဝင်တန်း ) ၊ တောက်တောက်တို့ .... ”
သူက ပြောနေတာ ခဏရပ်လိုက်ပြီး ဆက်ပြောတယ် ။
“ ဘိုဓာတ်ပုံက ဦးဇော်က NYM ကို ရေလောင်း ပေါင်းသင်ပေးတယ် ၊ တစ်နည်းပြောရင် ပွဲထုတ်ပေးတယ်ပေါ့ ၊ Perfect မဂ္ဂဇင်း နှစ်ပတ်လည် အခမ်းအနား လုပ်တော့ ကိုဇော်က ကျွန်တော်တို့အဖွဲ့ကို ပရိသတ်ရှေ့မှာ ဧည့်ခံနိုင်အောင် စီစဉ်ပေးတယ် ၊ မတင်မိုးလွင်က ပွဲထုတ်ပေး ၊ မြေတောင်မြှောက်ပေးတယ် ၊ အရောင် တင်ပေးသူက ဂျွန်လွင် ဖြစ်ပါတယ် ”
သူတို့ မော်ဒယ်လ် အေဂျင်စီကို ရောက်လာသူတွေကို အရောင်တင်ပေးပုံလည်း ပြောပြပါတယ် ။
“ ငြိမ်းရိပ်မွန် ဆိုတဲ့ ကျွန်တော့် အိမ်ရိပ်ထဲကို ရောက်လာတဲ့ သူတိုင်းကို သူ့ character ( စရိုက် ) နဲ့ ကိုက်ညီအောင် စောင့်ရှောက်တယ် ၊ အသားမည်းမည်းလေး ရောက်လာရင်လည်း သူနဲ့ ကိုက်တဲ့ ဇာတ်ရုပ်ကို အသုံးပြုပေးလိုက်တယ် ၊ ဟိုကွန်ပျူတာနှိုက် ၊ ဒီကွန်ပျူတာနှိုက် လုပ်နေရင် စက်ပိုင်းမှာ အသုံးပြုလိုက်တယ် ၊ ဆိုတာ ကောင်းရင် အဆိုတော်ပေါ့ ၊ တင်စားရရင်တော့ ကျွန်တော့်အိမ်က လှတဲ့ ပန်းတွေကို ပွင့်စေတယ် ၊ ပွင့်တဲ့ပန်းတိုင်းကို မွှေးစေတယ်ပေါ့ ”
ဆရာကြီးက ပြောလက်စ ခဏရပ်ပြီး စကားလမ်းကြောင်း ပြောင်းတယ် ။
“ ကျွန်တော့်ဘဝတာမှာ မှတ်မှတ်ရရ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတာ တစ်ကြိမ် ရှိခဲ့တယ် ”
ဘာတွေ ဘယ်လို ဖြစ်ခဲ့တာပါလိမ့် ။ ကျွန်တော် စိတ်ဝင်စားလို့ နားစွင့်နေတယ် ။ ဆရာကြီးက ဆက်ပြောပါတယ် ။
“ ကျွန်တော်တို့ရဲ့ NYM အဖွဲ့ကို မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေပေးဖို့ ဆိုပြီး ဖိတ်ခေါ်ထားတယ် ၊ ကျွန်တော်တို့က မိတ်ကပ်တွေ ဘာတွေ ပြင်ဆင်ပြီး သွားကြတယ် ၊ ကျွန်တော့်လူတွေက ပုဂံဝတ်စုံတွေနဲ့ သွားတာ ၊ မြို့တော်ဝန်မဏ္ဍပ် ဆိုတော့ လမ်းသရဲလို သရုပ်ပျက်ဝတ်စုံမျိုးနဲ့ တက်ဆိုလို့ မသင့်လျော်ဘူးလေ ၊ တာဝန်ရှိတဲ့သူက စောင့်ပါဦး ဆိုပြီး အခန်းတစ်ခန်းမှာ နေရာချထားပေးတယ် ၊ မုန့်တွေ ဘာတွေလည်း ကျွေးတယ် ”
သူက ဆက်မပြောသေးဘဲ ခဏဆိုင်းတယ် ။ ပြီးမှ ဆက်ပြောတယ် ။
“ ဒါပေမဲ့ ဖျော်ဖြေရေး အစီအစဉ် သုံးပုံနှစ်ပုံ ကျိုးတဲ့အထိ ကျွန်တော်တို့ကို မခေါ်ဘူး ၊ သွားမေးတော့ ခဏ စောင့်ပေးပါတဲ့ ၊ တော်တော်ကြာမှ ဒီညတော့ ပြန်လိုက်ကြပါတော့တဲ့ ၊ နားနေခန်း ကနေ ကျွန်တော်တို့ ကားထားတဲ့ နေရာကို ပြန်လာတာ တစ်ယောက်နဲ့ တစ်ယောက် စကား မပြောနိုင်ဘူး ၊ ရှက်လွန်းလို့ အသံတွေ တိတ်နေတယ် ၊ တချို့ဆို ငိုကြတယ် ”
အခုဆိုရင် NYM ကို နာမည်ကြီးကုမ္ပဏီတွေက ၁ဝ ပွဲ ၊ ၁၅ ပွဲ စာချုပ်ချုပ်တယ် ။ နယူးရီးယား အတွက် ဆိုရင်လည်း လေးငါးခြောက်လ ကြိုပြီး စာချုပ်တွေ လုချုပ်တဲ့အထိ အောင်မြင်တာတွေကို ပြောပြတယ် ။ အောင်မြင်လာချိန်မှာ သူ့အလုပ်က ပျော်စရာကောင်းပုံကိုလည်း ပြောပြပါတယ် ။
ဆရာကြီးက ကျေကျေနပ်နပ် ပြုံးတယ် ၊ နှစ်ဘဝကို ခုလို ဆက်ပြောတယ် ။
“ အနုပညာအလုပ်က ဆိုတယ် ၊ ကတယ် ၊ သရုပ်ဆောင်တယ် ၊ ဒါကို လုပ်ခြင်းဖြင့် စိတ်ကို အပန်းပြေစေတယ် ၊ တစ်ခုက ကျောင်းအုပ်ဆရာကြီးအလုပ် ၊ ကျွန်တော့်ဘဝကို တည်ငြိမ်စေတယ် ၊ လေးနက်စေတယ် ၊ ခံ့ညားစေတယ် ၊ ကျွန်တော့် ဘဝကို ယုံကြည်မှု ပိုရစေတယ် ”
ဘဝနှစ်ခုမှာ အောင်မြင် အဆင်ပြေတာကိုလည်း ဆက်ပြောတယ် ။
“ အစိုးရကျောင်းအုပ် ဘဝမှာလည်း အောင်မြင်တယ် ၊ ၂ဝဝ၇ ခုနှစ်က စပြီး သုံးနှစ်ဆက်တိုက် ကျောင်းကျန်းမာရေး စံပြဒိုင်းဆု ရတယ် ၊ ဒါက ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှု ၊ ပညာပိုင်းဆိုင်ရာ တိုးတက်မှုက သူငယ်တန်းက စပြီး ရှစ်တန်းအထိ ကျွန်တော့် ကျောင်းမှာ နေသွားတဲ့ သန့်ထက်ထက်ဆန်း က ၁၀ တန်းကို ခြောက် ဘာသာ ဂုဏ်ထူးနဲ့ အောင်တယ် ၊ တခြား ငါးဘာသာ ၊ လေးဘာသာတွေလည်း ရှိတာပေါ့ ”
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

No comments:
Post a Comment