Thursday, February 5, 2026

ပညတ်

 

❝ ပညတ် ❞
⎕ ခင်မောင်တိုး ( မိုးမိတ် )

အသက် လေးဆယ်ကျော် ကာမှ ကျွန်တော်သည် သုဘရာဇာ မျိုးဝင် တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရ၏ ။ ယင်းသို့ သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျွန်တော့်တွင် အနှစ်လေးဆယ် ကျော် ကာလကို လွန်မင်းစွာ နှမြောတသ စိတ်များ တဖွားဖွား ဖိတ်စင်လာတော့၏ ။ အသိ နောက်ကျလေခြင်းဟု လည်း ယူကျုံးမရ ဖြစ်မိ၏ ။

မြင့်မြတ်၍ စိတ်အလွန် လှသော မျိုးနွယ်ဝင် ဖြစ်နေပါလျက် ဖြစ်မှန်း မသိခဲ့သည့် ထို အနှစ် လေးဆယ်ကျော် ကာလကို ပြန်ရဦးမည် ဆိုပါလျှင် အမိ ဝမ်းတွင်းသို့ ပြန်ဝင်ကာ အသစ် တစ်ဖန် မွေးဖွားလိုက်ချင်ပါ၏ ။

••••• ••••• •••••

တရားရှင် အစစ်အမှန်တို့ သည် သေခြင်း အကြောင်းကို တွေး၍ တစ်ရွေးသားမျှ စိုးထိတ်ရွံ့ကြောက်ခြင်း ၊ တုန်လှုပ်ချောက်ချားခြင်း မဖြစ်တတ်ကြ ။ အမှန်အားဖြင့် တရားရှင်တို့သည် မသေခင် ကပင် သေထားကြပြီး ဖြစ်နေပြီ မဟုတ်ပါလား ။

အရီး ( အဖေ့ညီမ ) သည် တရားရှင် အစစ် ဖြစ်လေ မလားဟု ကျွန်တော် တွေးမိသည် ။ တရားသမားတို့၏ တည်ငြိမ်မှု ၊ အေးငြိမ်းမှု ၊ လောဘ နှင့် ဒေါသကင်းမှု စသော လက္ခဏာများ အရီး တွင် ကျွန်တော် မြင်သလို ထင်နေပါသည် ။

သည် အရီး နားမှာ ယခု ကျွန်တော် ရှိနေရပါပြီ ။ အရီး ကို ပြုစုရင်း အရီး ၏ နောက်ဆုံးနေ့ကို စောင့်ဆိုင်းနေရ၏ ။ အရီး ကိုယ်တိုင်ကလည်း သူ့ နောက်ဆုံးနေ့ မဝေးတော့ကြောင်း သိနေမည် ဧကန် ဖြစ်ပါလိမ့်မည် ။ သို့သော် အရီး ရော ကျွန်တော် ပါ ပစ္စက္ခ အခြေအနေကို မျက်ကွယ် ပြုလျက် မသိဟန် ဆောင်ထားကြပါသည် ။

“ အရီး ဘယ်လို နေသေးသလဲ ”

“ အေးကွဲ့ … နေသာသလို ရှိပါတယ် ”

အရီးက လေသံပျော့ကလေး ဖြင့် ပြန်ပြောသည် ။

အမှန်အားဖြင့် အရီး မနေသာမှန်း ၊ ရင် အတော် ကျပ်နေမှန်း ၊ အလွန် မောဟိုက်နေမှန်း သိနေ၏ ။ အခြေအနေ ဆိုးကို မသိစေလို သဖြင့် အရီးက ကြိုးစား ဖုံးကွယ်ကာ ကျွန်တော် စိတ်ချမ်းသာအောင် ဖြေလိုက်မှန်းကိုလည်း သိပါ၏ ။ ထို့ကြောင့် အရီး အဖြေကို အဟုတ် မှတ်ထင်ဟန် ပြပြီး ဝမ်းသာသွားပုံ ဆောင်လိုက်ရ၏ ။

“ တစ်ခုခု စားချင်စိတ် ပေါ်ရင် ပြောနော် အရီး ” 

“ အေးပါကွယ် .. အရီး ပြောပါ့မယ် ။ ခုတော့ စားချင်စိတ် မရှိလှသေးဘူးကွဲ့ ”

အရီးကို ကျွန်တော် တွေ ကြည့်နေမိသည် ။ ရောဂါက သက်သာပုံ မရ ။ အသက်ရှူသံ ပြင်းထန်နေသည် ။ အလွန်အမင်း မောဟိုက်နေကြောင်း သိသာလှ၏ ။ သို့သော် အရီးက သတိဖြင့် ထိန်းကာ ဝေဒနာကို ဖျောက်ထားနိုင်စွမ်း၏ ။ ထို့ကြောင့်လည်း နောက်ဆုံးနေ့ နီးကပ် နေသော အရီး နား၌ နေထိုင် ပြုစုရငြား ချောက်ချားစိတ် မဝင် ။ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ် ။ စိတ်ငြိမ်ရချိန် များလေသည် ။

“ ဒီတောင်ကို ငါ့ အရီး တစ်ယောက် ကျော်လွန် နိုင်ပါစေ ” 

ဆုတောင်း အဆုံး၌ ကျွန်တော်သည် သက်ပြင်း တစ်ချက်ကို လေးလေးတွဲ့တွဲ့ ချလိုက်မိသည် ။ တစ်ချိန် တည်းမှာ ကျန်းမာစဉ်က အရီး ပုံရိပ်များသည် မျက်စိ ရှေ့မှောက်၌ သက်ဝင် လှုပ်ရှားလာကြသည် ။

အရီး တရားဘက် လိုက်ခဲ့ပုံတွေ ... ။

သံဃ ဝေယျာဝစ္စများကို ဆောင်ရွက်နေပုံတွေ ... ။

ဘုရား အဆုံးအမ၌ အလေးအနက် သက်ဝင် ယုံကြည်ပုံတွေ ... ။

အဘိဓမ္မာစာမေးပွဲ နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ ဖြေဖို့ အားထုတ်ခဲ့ပုံတွေ ... ။

နောက်ဆုံး လောကုတ္တရာ စာပေ၌ “ လူစာမေးပွဲ ”  ကုန်သည် အထိ အောင်ပန်း ဆွတ်လှမ်းခဲ့ပုံတွေ ... ။

ထေရ်ရင့် ဝါရင့် ဆရာတော်ကြီးများနှင့် တရင်းတနှီး ဆွေးနွေး လျှောက်ထား နေပုံတွေ ... ။

ဝိသာခါ အမျိုးသမီး အသင်းကြီး၏ အတွင်းရေးမှူး အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရပုံတွေ စသည် ... စသည် ။

ကျွန်တော် မှေးခနဲ ငိုက်ကျ သွား၏ ။ ဖျတ်ခနဲ ပြန်နိုးလာ၏ ။ မည်သို့ ငိုက်ကျ သွားပြီး မည်သို့ ဖျတ်ခနဲ ပြန်နိုးလာပါလိမ့် ။ နားမလည် ၊ တွေးမရခြင်းဖြင့် မျက်လုံးအစုံကို ပွတ်သပ်ရန် လက်မြှောက်ဖို့ လုပ်လိုက် လေမှ ..

“ အစ်ကိုလေး .. အစ်ကိုလေး ... အရီးကို ကြည့်ပါဦး ” 

ညီမငယ်က ကျွန်တော့် လက်ကို ကိုင်လှုပ်ရင်း ငိုသံဖြင့် ပြောနေလေသည် ။

စောင်းစောင်း ကွေးကွေးကလေး အိပ်နေရှာသော အရီးကို ကျွန်တော် ဆတ်ခနဲ လှည့် ကြည့်မိလိုက်သည် ။ ပြီး ... အရီး လက်တစ်ဖက်ကို မြန်မြန်ဆန်ဆန် တယုတယကလေး ကိုင်လျက် သွေးစမ်း ကြည့်လိုက်၏ ။ သွေး မတိုးတော့ ။

အိမ်ဦးခန်း၌ အိပ်နေသော ဦးလေးသည် ကျွန်တော်တို့ မောင်နှမ စကားသံကြောင့် ပျာယိပျာယာ ထလာသည် ။ ဦးလေးကလည်း အရီး လက်ကလေးကို ကိုင်ကာ သွေးစမ်းကြည့်၏ ။

ဦးလေး မျက်နှာ ညှိုးကျ သွားသည် ။ ခေါင်းငိုက်စိုက် ကျသွားသည် ။

“ ဪ … မမ မမ ”

ဦးလေး၏ ဆို့နင့်နင့် ရေရွတ်သံကြောင့် ကျွန်တော်တို့ မောင်နှမ သည် အရီး ဆုံးပြီ ဆိုသည့် အသိဖြင့် ရှိုက်ငိုမိ ကြလေတော့သည် ။

“ ဝမ်းမနည်းကြပါနဲ့ကွယ် ၊ မင်းတို့ အရီး မှာ အကုသိုလ် မရှိပါဘူး ။ ကောင်းရာမွန်ရာ ရောက်မှာပါ ။ ကဲ ... လုပ် စရာရှိတာ လုပ်ကြရအောင် ။ ငါ့တူ မောင်ညို က ‘ အစည်းခေါင်း ’ အိမ်မှာ မောင်း သွားယူ ။ အစည်းခေါင်း ကိုလည်း အကျိုးအကြောင်း ပြောပြခဲ့ ”

မောင်ညို ထွက်သွားသည်နှင့် အိမ်မှာ ကျန်ရစ်သော ကျွန်တော်တို့ တစ်တွေက အရီး ရုပ်ကလာပ် အတွက် ပြင်ဆင်ကြသည် ။

ဆယ်မိနစ်လောက် အကြာမှာ မောင်ညို သည် မောင်းကြီး တစ်လုံး ယူ၍ ပြန်ရောက်လာ၏ ။ သူသည် ခြံဝင်ပေါက် တည့်တည့်မှာ ရပ်လျက် မောင်းကြီးကို တဒူဒူ ထုလေတော့သည် ။

အရုဏ်ကျင်းချိန်၌ မောင်ညို မောင်းသံသည် ကျွန်တော်တို့ အပိုင်း တစ်ခုလုံးသို့ ပျံ့လွင့် သွားတော့မည် ။ မောင်းသံ ကြားသည်နှင့် နီးစပ်ရာများ ရောက်လာကြတော့မည် ။

နံနက်မိုးသောက်သည်နှင့် အရီး ဆုံးသည့် သတင်းကို တစ်မြို့လုံး ကြားကြပေရော့မည် ။

••••• ••••• •••••

အိမ်မှာ လူတွေ ရှုပ်ယှက်ခတ်နေပြီ ။ မီးဖိုးဆောင်ထဲမှာ မိန်းမကြီး တစ်သိုက် ။ ငိုရှိုက်သူ ရှိုက် ၊ စကား ကျယ်လောင် ကျယ်လောင် ပြောသူ ပြော ၊ ချက်သူ ချက် ၊ ပြုတ်သူ ပြုတ် ၊ လှော်သူ လှော် ၊ ကြော်သူ ကြော် ။

အိမ်အောက်မှာလည်း လူတိုင်း အလုပ် ကိုယ်စီနှင့် ။

ဝါးတွေ ၊ သက်ငယ်တွေ ၊ တိုင်တွေ ၊ ဖျာတွေကို လှည်းဖြင့် တိုက်လာကြ၏ ။ ယင်းတို့ကား ကနားဖျင်း ထိုးရန် ဖြစ်၏ ။

‘ အစည်းဝင် ’ များရော ဆွေမျိုးတစ်သိုက်ပါ ဝိုင်း ဆောင်ရွက်ကြသဖြင့် သုံးခန်းခုနစ်ခန်း အကျယ်ရှိ ကနားဖျင်း တဲကြီးသည် နာရီပိုင်း အတွင်း အကောင်အထည် ပေါ်လာတော့၏ ။

‘ အပျိုခေါင်း ’ က လုပ်စရာ ကိစ္စများကို သူ့ မိန်းမပျိုကလေးများအား ညွှန်ကြားနေသည် ။ ‘ လူပျိုခေါင်း ’ ကလည်း ကာလသား တစ်အုပ်နှင့် အလုပ် ရှုပ်လျက် ။ တာဝန် ခွဲဝေလျက် ။ မီးဖိုကြ ၊ ရေနွေးအိုး တည်ကြ ၊ လက်ဖက်ရည်ဗန်းတွေ ပြင်ကြ ။

အသုဘရှင် ကျွန်တော် တို့၌ မည့်မည်ရရ လုပ်စရာ ဘာမျှမရှိ ။ ‘ အစည်း ’ က တာဝန်ယူ လုပ်သွား၏ ။ ညအိပ် စောင့်ရမည့် သူတွေကိုပင် ရွေးထားပြီ ဖြစ်၏ ။

ဦးလေးဆွဲ က ကျွန်တော့်နား ကပ်မေးလာသည် ။

“ ယာယီ လုပ်ဖို့ ပျဉ် ရှာပြီးပြီလားကွ ”

ကျွန်တော် ကြောင်သွား၏ ။ ‘ ယာယီ ’ ဆိုတာ ဘာများပါလိမ့် ။ မတွေးတတ်သဖြင့် ဦးလေးဆွဲ ကိုပင် ပြန်မေးလိုက်ရ၏ ။

“ ဟ .. ခေါင်းပေါ့ကွ ။ မင်းကလည်းကွာ အဆန်းလုပ်လို့ ”

ကျွန်တော် နှုတ်တုံ့ မပြန်တော့ပါ ။ တကယ်တော့ ကျွန်တော်သည် ဇာတိမြို့ သာရေး ၊ နာရေး ထုံးတမ်းစဉ်လာများ နှင့် အလှမ်း ကွာခဲ့သည်က ကြာချေပြီ မဟုတ်လား ။

“ ပျဉ်သွား ယူနေပြီလေ ။ ဘိုးထွန်းမြတ် က သူ သေရင် သုံးဖို့ ဝယ်ထားတဲ့ ပေပျဉ် နှစ်ချပ်ကို ယူသုံးပါ ဆိုလို့ ခု သွားယူပြီ ” 

အံ့အားသင့်ရ ပြန်ချေပြီ ။ မသေခင် ကတည်းက ခေါင်း အဲလေ .. ‘ ယာယီ ’ လုပ်ဖို့ ပျဉ် ကြို ဝယ်ထားသည် ဆိုပါကလား ။

ဘိုးထွန်းမြတ် သည် အဖေ့ မိတ်ဆွေကြီး ဖြစ်သည် ။ အဖေ နှင့် သက်တူရွယ်တူ ၊ ဝါသနာတူ ၊ ရည်ရွယ်ချက်တူလည်း ဖြစ်သည် ။ ယခု မိတ်ဆွေကြီး၏ ညီမ အရေးမို့ စေတနာ ထက်ထက်သန်သန် အကူအညီ ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည် ။

ဘိုးထွန်းမြတ် အား များစွာ ကျေးဇူး တင်မိလိုက်သည် ။

“ ပျဉ် ရောက်ရင် ငါ့ကို လာခေါ် ။ ငါ ကိုယ်တိုင် လာလုပ်ပေးမယ် ၊ ခု အိမ် ခဏပြန်လိုက်ဦးမယ် ”

လက်သမား အလုပ်ဖြင့် အသက်မွေးနေဆဲ ဖြစ်သော ဦးလေးဆွဲ က တာဝန်ယူ စကား ပြောပြီး ပြန်သွားလေသည် ။

နေ့ခင်း ၁၂ နာရီ လောက်မှာ အခေါ် မလွှတ်ရခင် ဦးလေးဆွဲ သည် လက်သမား ကိရိယာ အစုံအလင်ဖြင့် ပြန်ရောက်လာ၏ ။ သူ့တပည့် တစ်ယောက်ပါ ခေါ် လာ၏ ။

အရိပ်ကောင်းသည့် သစ်ပင်အောက်တွင် ဆရာတပည့် နှစ်ယောက် ယာယီ စလုပ်ကြသည် ။ ပထမ အတိုင်း ယူ ၊ နောက် ပေပျဉ်ကြီးကို ဖြတ် ၊ ရွေဘော် ထိုး ၊ ကော်ပတ် တိုက် ၊ ယာယီ ရိုက် ။ ပြီးသည့်အခါ အရောင် တင် ၊ ကော်ပတ် ပြန်တိုက် ၊ ပြန်အရောင် တင် ။ စိတ်တိုင်းကျ အရောင် ထွက်ကာမှ ယာယီကို ရွှေစက္ကူ ၊ ငွေစက္ကူတို့ဖြင့် အလှဆင် အလွန် လက်ဝင် လှပါ၏ ။ အသုဘချမည့် နေ့ မနက် ၁ဝ နာရီ လောက်မှ လုံးဝ ပြီးသွားတော့၏ ။

“ ယာယီက ချောပြီး အရောင်ကို တဖိတ်ဖိတ် တောက်နေတာပဲဗျာ ၊ သိပ်လှတာပဲ ဦးလေးဆွဲ ရာ ။ ကျွန်တော် ဓာတ်ပုံရိုက် ယူထားဦးမယ် ”

“ ကောင်းတာပေါ့ကွာ ၊ အမှတ်တရပေါ့ ”

“ ဒါထက် ဦးလေးဆွဲ ၊ လက်ခ ပြောဦးလေ ”

“ ငါ့ အတွက် မလိုပါဘူးကွာ ၊ မင့် အရီး ကိစ္စမှာ ငါ့ လုပ်အားနဲ့ ကူတာပါ ။ ငါ့ တပည့် အတွက် ငွေ နှစ်ဆယ် အစိတ် လောက်သာ ပေးလိုက် ”

“ ဟာ ... မနည်းလွန်းဘူးလား ဦးလေးဆွဲ ရ ”

“ မနည်းပါဘူး ၊ သူလည်း ကုသိုလ် ပါချင်တာပေါ့ကွာ ”

ကျွန်တော်က ချက်ချင်းပင် ငွေအစိတ်ကို အိတ်ကပ်တွင်းမှ ထုတ်ယူလိုက်သည် ။

“ ဟေ့ ... ဟေ့ ခု မပေးရသေးဘူးကွ ၊ နေဦး .. နေဦး ”

ဦးလေးဆွဲ က ပျာပျာသလဲ တား၏ ။ ကျွန်တော် နားမလည် ၊ ခပ်ကြောင်ကြောင် ဖြစ်နေဆဲမှာ ဦးလေးဆွဲ က ဝန်းကျင်သို့ မျက်လုံး ကစားလိုက်ပြီး ...

“ ဟေ့ ... မောင်ထွန်းရှင် ၊ အားလုံး ပြီးပြီ ။ ရွေးချင် ရွေးတော့ ” ဟု လှမ်းပြောလိုက်၏ ။

လှမ်း အပြောခံ ဦးလေးရှင် ကမူ မည်သို့မျှ ထူးခြား ဟန် မပြဘဲ “ ဟုတ်ကဲ့ ... ကိုဆွဲ ” ဟု တုံ့ပြန်ပြီး အိမ်ပေါ် တက်သွား၏ ။

ခဏ အကြာမှာ ဦးလေးရှင် သည် ဆေးပေါ့လိပ် သုံးလိပ် ယူ၍ ပြန်ရောက်လာသည် ။ သူသည် ဦးလေးဆွဲ ၏ တပည့် ရှေ့မှာ သွားရပ်ပြီး “ ကဲ …. ကျွန်တော်တို့ လုပ်ခိုင်းထားတဲ့ ယာယီကို ဟောဒီ ဆေးလိပ် သုံးလိပ်နဲ့ ရွေးပါတယ် ။ ကျွန်တော် နောင် ဘယ်တော့မှ မလုပ်ခိုင်းတော့ဘူး ” ဟု ပြောသည် ။

ဦးလေးရှင် စကားအဆုံး၌ ဦးလေးဆွဲ တပည့်သည် ထိုင်နေရာမှ ရပ်လိုက်ပြီး “ ဟုတ်ကဲ့ .. ကျွန်တော်တို့ကလည်း နောင် ဘယ်တော့မှ လုပ် မပေးတော့ပါဘူး ” ဟု ပြန်ပြောကာ ဆေးလိပ် သုံးလိပ်ကို လှမ်းယူလိုက်လေသည် ။

ခုမှပင် ကျွန်တော် သဘော ပေါက် ပါတော့သည် ။ ဪ ... ကိုယ့် မြို့ ကိုယ့်ဒေသ၏ ဓလေ့ထုံးကိုပင် ကျွန်တော် နားမလည်နိုင်တော့ပါကလား ။

ကျွန်တော် စိတ်မကောင်းခြင်း ကြီးစွာ တွေ၍ ငေးနေမိသည် ။

သည်အခိုက် ...

ဘဒွေး ၊ တူ နှစ်ယောက်နှင့် ညီငယ် တို့သည် ပေါက်ပြား ၊ တူရွင်း ၊ ဂေါ်ပြား ကိုယ်စီ ထမ်းလျက် ကျွန်တော်တို့ နား ရောက်လာကြ၏ ။

သူတို့ အတော် ပင်ပန်းလာကြပုံ ရပါသည် ။ ပုဆိုးများကို ဒူးဆစ် ပေါင်လယ် အထိ တိုတို ဝတ်ထားကြသဖြင့် ခြေသလုံးများတွင် ပေကျံနေသော မြေမှုန်မြေစတို့ကို မြင်နေရ၏ ။

“ မြေက မာလိုက်တာကွာ ”

ဘဒွေးသည် နဖူး ထက်က ချွေးစက်များကို သပ်ချရင်း ပြော၏ ။

“ ဟုတ်တယ် ... ဘဒွေး ၊ လက်တောင် ပေါက်ယူတယ် ” 

ညီငယ် က လက်ဖဝါး ဖြန့် ပြလိုက်ပြီး ဝင်ထောက်၏ ။

“ မင်းတို့ မြို့သားတွေ အဲ့ဒါ ခက်တာပေါ့ ၊ ငါတို့ က ဒီလောက် မာတာတော့ မမှုဘူးကွ ။ ဘာမှ မဖြစ်ဘူး ”

တောရွာနေ တူနှစ်ယောက် အနက် တစ်ယောက်က မဲ့ရွဲ့ပြီး ခပ်ငေါ့ငေါ့ ဆိုလေသည် ။

“ ထမင်းပွဲ ပြင်ပြီးပြီနော် ၊ အဲဟိုလူ ဗိုက်ဆာ ကြရောပေါ့ ။ လာ စားကြတော့လေ ”

ထမင်းစား ခေါ်လိုက်သည် နှင့် ယာယီ လုပ်ပေးသူ ဦးလေးဆွဲ က အလျင်ထ သွားသည် ။ နောက် ကျင်းတူးခဲ့ကြသည့် ကျွန်တော့် ဘဒွေး ၊ ကျွန်တော့် တူနှစ်ယောက် ၊ ကျွန်တော့် ညီငယ် လိုက်ကြ၏ ။

“ ကဲ ... အစ်ကိုလေး ပါ တစ်ခါတည်း ဝင်လိုက် ”

ညီငယ်က ဆွဲခေါ် သဖြင့် ထ လိုက်သွားရသည် ။ ထမင်းဝိုင်းမှာ ကျွန်တော် ထိုင်မိပြီ ၊ ထိုင်နှင့် သူတွေက မောမောဆာဆာဖြင့် ခေါင်းမဖော်တမ်း ပလုတ်ပလောင်း စား နေကြသည် ။ ဟင်းခွက် နှိုက်သော လက်တွေ ဟိုမှ သည်မှ အဆက်မပြတ် ထိုးထွက်လာကြသည် ။ မကြာခဏလည်း လက် ဆုံမိကြ၏ ။

ကျွန်တော် မဆာလှသဖြင့် မစားချင် စားချင် စားနေရာမှ သည်လက်တွေကို အမှတ်မထင် အာရုံစိုက်မိလိုက်၏ ။ အာရုံစိုက်ရာမှ တစ်ဆင့် အသိ တစ်ခုက ဖျတ်ခနဲ ဝင်လာတော့၏ ။ ဦးလေးဆွဲ လက်ကို မြင်လိုက်သည့် အခါ ခေါင်း ( သို့ ) ယာယီ လုပ်သည့် လက်ပါလား ၊ ဘဒွေး လက်ကို မြင်ရပြန်တော့ အလောင်း မြှုပ်ဖို့ ကျင်းတူးသည့် လက်ပါလား ၊ တူ နှစ်ယောက် လက်ကို မြင်လိုက်ပြန်တော့လည်း ကျင်းတူးခဲ့တဲ့ လက်တွေပါလား ၊ ညီငယ့် လက် မြင်ပြန်တော့ ထို့အတူ ။

သည် လက်တွေကို ကြည့်လျက် အတွေး ဆက်နေမိပြန်သည် ။

အင်း ... ငါတို့ မြို့ကြီးတွေမှာတော့ ဒီလက်မျိုး ပိုင်သူတွေဟာ သုဘရာဇာ တွေပဲ ။ ခု ဒီမှာတော့ ငါ့ ဦးလေး ၊ ငါ့ ဘဒွေး ၊ ငါ တူ ၊ ငါ့ ညီတွေ ကိုယ်တိုင် ဒီ လက်မျိုး ပိုင်နေကြပါကလား ။ ဒါပေမဲ့ ကြည့်စမ်း ... သူတို့ဟာ သုဘရာဇာ အလုပ်ကို လုပ်ခဲ့ကြသူတွေလို့ ဘယ်သူကမှ မမြင်ကြဘူး ။ သူတို့ ကိုယ်တိုင်ကလည်း ငါတို့ဟာ သုဘရာဇာ အလုပ်ကို လုပ်ခဲ့ကြတာပါကလားလို့ တစ်စက်ကလေးမှ မတွေးမိကြပုံပဲ ။ အမြင် ရှင်းလိုက်ကြတာ ။ စေတနာ သန့်လိုက်ကြတာ ။

အေးလေ .. ဒါဟာ ငါ့ ဇာတိမြို့ရဲ့ ချစ်မြတ်နိုးစရာ တစ်ခုပဲ ပေါ့ ။ သေရင် သေသူ့ မျိုးဆွေ မရှိရင် နီးစပ်ရာများက ‘ မြေချကိစ္စ ’ အားလုံးကို ဆောင်ရွက် ပေးမြဲပဲ ။ နီးစပ်ရာ မရှိရင်လည်း ‘ အစည်း ’ က အစအဆုံး တာဝန်ယူ လုပ်ပေး သွားတာပဲ ။ ဟိုတုန်းကလည်း ဒီအတိုင်း ၊ ခုလည်း ဒီအတိုင်း ၊ နောင်လည်း ဒီအတိုင်း လုပ်သွား ကြဦးမှာပဲ ။ ဒါပေမဲ့ ကြည့်စမ်း အမြင် ရှင်းလိုက်ကြတာ ။ စေတနာ သန့်လိုက်ကြတာ ။ စိတ်လှလိုက်ကြတာ ။

သုဘရာဇာ လို့ အခေါ် ခံရသူလည်း တစ်ယောက်မှ မရှိ ၊ ထင်သူလည်း တစ်ယောက်မှ မရှိ ။ သူ့ နာရေးမှာ ငါ ဝိုင်းတယ် ၊ ငါ့ နာရေးမှာ သူ ကူတယ် ၊ သည်အသိ ၊ သည်အတွေး ၊ သည်အမြင်ပဲ ရှိကြတယ် ။ အင်း ... ချစ်စရာ ၊ မြတ်နိုးစရာ ၊ ဂုဏ်ယူစရာ ပါပဲကလား ။

ငါ့ ဦးလေး ၊ ငါ့ ဘဒွေး ၊ ငါ့ တူ ၊ ငါ့ ညီတွေ ကြည့်စမ်း မြိန်ရေရှက်ရေ ရှိလိုက်ကြတာ ။ မြတ်တဲ့ အလုပ် တစ်ခုကို ငါတို့ လုပ်ခဲ့ကြပြီ ဆိုတဲ့ အတွေးကြောင့်များ ဒီလောက်ထိ စားလို့ မြိန်နေကြသလား မသိ ။

တွေးရင်းပင် ရင်မှာ ကြည်နူးမှု စမ်းကလေးတွေ ပေါက်လာလေတော့သည် ။ စမ်းပေါက်မှ ရေအလျဉ်သည် ကျွန်တော့် လက်များကို လှုပ်နမ်း သွားတော့ထင့် ။ ခပ်နှေးနှေး စားနေရာမှ သူတို့လို မြိန်ရေရှက်ရေ စားမိလိုက်သည် ။

သည်အခိုက်

ဦးလေးဆွဲ က “ ရော့ … မင်း ကြိုက်တတ်တဲ့ သုံးထပ်သားတုံးကြီး ” ဟု ပြောကာ သူ့ လက်ကြီးဖြင့် ထည့်ပေး၏ ။

ဘဒွေးက “ ထမင်းလည်း ထပ်ထည့်ဦးကွ ” ဟု ဆိုလျက် လိုက်ပွဲထဲက ထမင်းကို သူ့လက်ကြီးဖြင့် ဆုပ်ထည့်ပေး၏ ။

တူ တစ်ယောက်က “ အဆီတွေ စားတော့ အီတယ် ၊ အချဉ်သုပ်ကလေးနဲ့မှ ” ဟု ရေရွတ်ရင်း သူ့ လက်ကြီးဖြင့် လှမ်းထည့် ပြန်သည် ။

ညီငယ်က “ အစ်ကိုလေးက အစပ် သိပ်ကြိုက်တာ ၊ ရော့ ... ငရုတ်သီးကြော် ” ဟု စေတနာ စကားသုံးပြီး သူ့ လက်ကြီးဖြင့် ထည့်ပေးပြန်၏ ။

သူတို့ ထည့်ပေးတိုင်း ထည့်ပေးတိုင်း ကျွန်တော် ပြုံးပြုံးကြီး လုပ်နေမိသည် ။ ပျော်နေ ၊ ကြည်နူးနေ ၊ ကျေနပ်အားရ ဖြစ်နေမိသည် ။ သူတို့ အထည့် ရပ်သွားကာမှ ကျွန်တော်သည် သုံးထပ်သား အိအိကြီးကို နည်းနည်းဖဲ့ ၊ ထမင်းထဲ မြှုပ်ပြီး ၊ ကြီးကြီး တစ်လုတ် သွင်းလိုက်၏ ။ ပြီးမှ အချဉ်သုပ်ပေါ် ငရုတ်သီးကြော် ဖြူးကာ အအီပြေ ဖြည့်လိုက်၏ ။

သည် ထမင်းတစ်လုတ်ကား စားခဲ့ဖူးသော ထမင်း လုတ်ပေါင်း များစွာ အနက် အရသာ အရှိဆုံး ထမင်းလုတ်ပင် ဖြစ်ပါတော့သည် ။  ။

⎕  ခင်မောင်တိုး ( မိုးမိတ် )
📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
      ၁၉၈၉ ၊ ဒီဇင်ဘာလ

No comments:

Post a Comment