Sunday, February 8, 2026

ကားတင်မှု

 

❝ ကားတင်မှု ❞
    ( ပီမိုးနင်း )

မောင်ညွန့်ကို ကြိုက်ချင်သော မိန်းမများသော်မှ မကြိုက်ဝံ့ကြသဖြင့် ဘီအေ အောင်ပြီးလျက် လူပျိုကြီး ဖြစ်၍နေလေ၏ ။ သို့သော်လည်း ဝမ်းနည်းခြင်း မဖြစ် ။ လက်ဖက်ရည်ဆိုင် လမ်းလေးခွအဆုံများ၌ အဖော် ကာလသာများအား ကြီးပွားရာကြီးပွားကြောင်း ၊ မျိုးချစ်စိတ် ၊ မျိုးချစ်မာန်စိတ်များအကြောင်းကို ဟောပြောရလျှင် ကျေနပ်၍ နေလေ၏ ။

သို့ဖြစ်လေရာ မိဘများက နင့်ကို ငွေကုန်ခံပြီး ပညာသင်ပေးရတာ အလုပ်လုပ်ဖို့ ၊ ကာလသားများ တေလေတွေနဲ့ ပေါင်းပြီး ဟေးလားဝါးလား အကျိုးမရှိတဲ့ စကားတွေကို ပြောနေဖို့ မဟုတ်ဘူးဟု မကြာမကြာ ပြောကြလေ၏ ။ ၎င်းတို့၏ စိတ်၌ မြို့အုပ် မဖြစ်သည့် အတွက် မကျေမချမ်း ဖြစ်၍ နေကြလေ၏ ။

မောင်ညွန့်မှာမူ အသက်အစိတ် သုံးဆယ်နီးနီး လူပျိုကြီး ဖြစ်သော်လည်း သားမယား ယူရမှန်း မသိ ။ သတင်းစာကလေး ၊ ကာတွန်းကလေး ၊ ဓာတ်ပုံကလေးများကို သတင်းစာတိုက်များသို့ ပို့ခြင်းဖြင့် ရသလောက် နှင့် တင်းတိမ်ကာ မိဘ၏ ကျွေးစာမွေးစာကို မသုံးမစွဲဘဲ နေနိုင်သဖြင့် ပြောသမျှကို ဂရုမထားဘဲ နေလေ၏ ။

ကျုပ် တစ်ယောက် မြို့အုပ် ဖြစ်ရင် ကျုပ် တစ်ယောက်တည်း ကြီးပွားမယ် ။ ကျုပ် ဟောပြောလို့ လူကောင်း ဖြစ်သွားတဲ့ လူတွေ အများကြီး ရှိရင် ကျုပ် တစ်ယောက် ကြီးပွားတာထက် အကျိုးမရှိဘူးလား ဟူသော စကား တစ်ခွန်းကိုသာ ပြောလေ့ ရှိ၏ ။ နိုင်ငံရေးခေါင်းဆောင် မလုပ်ခြင်းမှာ အခြားကြောင့်မဟုတ် ။ မိမိမှာ မိမိ၏ ရွာသားကို ကောင်းအောင် လုပ်ဖို့ ပိုမို အရေးကြီးသည် ။ ရပ်တိုင်းရွာတိုင်းမှာ မိမိအရပ်သားများ ချမ်းသာအောင် နည်းလမ်းသင်ပြနိုင်သူများ ရှိကြ၍ စရိတ်ကုန်ခံပြီး တိုင်းခန်းလှည့်လည် ဟောပြောကြဖို့ကိုလည်း မဟုတ်ကြောင်းနှင့် အကြောင်းပြလေ၏ ။ မောင်ညွန့် ရွာ၌ မိန်းမကလေး တစ်ယောက် ကု,လားနှင့် ညားရတော့မည်ဟူ သောသတင်းကို ကြားရလျှင် ကာလသား အသိုက်အဝန်းနှင့် မပျက်မနေ ရအောင် ဖျက်ကာ ဆင်းရဲသော အမျိုးသမီးကလေးများအား အလုပ်အကိုင်ရှာကြံ၍ ပေးလေ့ရှိ၏ ။ အလုပ်အကိုင် မရှိသူတို့အား မိမိ တတ်သမျှ မှတ်သမျှ နည်းလမ်းများကို သင်ပြသဖြင့် အလုပ်ကောင်းများကို လုပ်ကြရလေ၏ ။ မိန်းမစကားကိုကား အဘယ် အခါမှ ပြောလေ့ မရှိပေ ။ သို့ဖြစ်လေရာ ညတစ်ည၌ မိမိ၏ မိတ်ဆွေ သုံးလေးယောက်အား မောင်ညွန့်သည် အရေးတကြီး ခေါ်၍ လာရာတွင် အကြောင်းကို မေးကြသောအခါ ယနေ့ည မိန်းမတစ်ယောက်ကို ကားတင်မယ် ဟု မောင်ညွန့်က ပြောသောအခါ အတိုင်းမသိ အံ့သြနေကြလေ၏ ။

မောင်ညွန့်သည် တစ်စုံတစ်ရာကို လုပ်မယ် ဆိုလျှင် ဖြစ်မြောက်အောင် စွန့်စွန့်စာစားစား လုပ်တတ်ကြောင်း ၊ မဟုတ်မမှန် စကားကိုလည်း မပြောတတ်ကြောင်း သိကြရသောကြောင့် ၎င်း၏ ကျေးဇူးနှင့် မကင်းကြခြင်းကြောင့် တစ်ကြောင်း ၊ ချစ်ခင်ရိုသေကြသောကြောင့် လည်းကောင်း ၊ ထိုအကြောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆက်လက်မေးမြန်းခြင်းမပြုဘဲ ဆရာ့အကျိုးဆိုရင် အသက်စွန့်ဝံ့ပါတယ်ဟု အဖော်များက ပြောကြပြီး ၊ လက်နက် ၊ တုတ် ၊ ဓားများကို ဆောင်ကာ ကားတစ်စီးနှင့် ရွာပြင်ဘက် မြို့သို့ သွားသော လမ်းကို ထွက်သွားကြလေ၏ ။ ထိုအခါ လကလေးသာသာ ၊ ညဉ့်ဆယ်နာရီခန့်အချိန် ဖြစ်လေ၏ ။

မောင်ညွန့်သည် အဖော်များအား ငါ ဖမ်းဆိုတဲ့ ကောင်မကို ဖမ်း ၊ ဘာမှ မကြောက်ကြနဲ့ ၊ အရေးရှိရင် ဖားသားကြီး ကြည့်မနေဘူး ။ အကုန်ခံမှာပဲ ။ ဘယ်လိုပဲ ဆူဆူ တကယ့်အရေးကျရင် ကိုယ့်ဖားသားကြီးလောက် ကောင်းတဲ့အဖေ လောကမှာ မရှိဘူးလို့ မှတ်လိုက်ပါ ဟူသော စကားတစ်ခွန်းကိုသာ ပြောလေ၏ ။ အဖော်များသည်ကား ကောင်းပါပြီ ဆရာဟုပြောကာ တစ်စုံတစ်ရာ ပြန်၍ မမေးဘဲ အချင်းချင်းသာ အံ့သြလျက် လက်တို့ခြေတို့ တီးတိုးစကား ပြောကြလေ၏ ။

“ ကိုယ်တို့လူ တစ်သက်မှာ မိန်းမ မယူတော့ဘူး အောက်မေ့တယ် ၊ ယူမယ့်ယူတော့ ဒရောသောပါးပါ ကလား ” ဟု တစ်ယောက်က ပြောလေ၏ ။

“ စုထားတာတွေ ယနေ့ည လျှံပြီ ထင်တယ် ။ ဒီလိုလူမျိုး ကြောက်ရတာပဲ ”

“ ကြိတ်ကြံနေတာကိုး ။ ဘယ်သူများပါလိမ့်မလဲ ။ လိုချင်ရင် ကားတင်နေဖို့ မလိုပါဘူး ။ ဥစ္စာပေါ ရုပ်ချော ဘီအေပဲ ”

မောင်ညွန့်သည် ထိုစကားကို ကြားရသဖြင့် “ သူများမယား ကားနဲ့ မတင်ရင် တောင်းယူလို့ ရမှာလား ” ဟု ပြောလေ၏ ။

ထိုအခါ အဖော်များသည် သာလွန် အံ့သြထိတ် လန့်ကြလေ၏ ။ တစ်ယောက်က “ ငါတို့ကို သူခိုး သေဖော်ညှိတာ ထင်ပါရဲ့ ။ ဝံသာနုဆရာ တပည့်တွေ မယားခိုးမှုနဲ့ လက်ထိပ်ကလေးတွေ ကိုယ်စီနဲ့ မြင်ရချေဦးတော့ မကိုး ။ ကိုယ်တော့ လိမ္မာသလို ကြည့်လုပ်ရမှာပဲ ” ဟု ပြောလေ၏ ။

ကြွင်းသူများက “ ဘာဖြစ်ဖြစ် လုပ်မယ် ။ ခုကာလ ငွေကုန်ရင် လွတ်တာပဲ ။ ကိုယ်တို့ဆရာ တစ်ခါတလေ ငွေကလေး ၊ ကြေးကလေး လိုရင် သူ့ဖားသားကြီး မထုတ်ဘဲနေမလား ”

“ အေး ... ဒါလည်း ဟုတ်ရဲ့  ။ ငါတော့ မိန်းမများ တစ်ခါမှ ကားမတင်ဖူးသေးလို့ သည်တစ်ခါတော့ လုပ်ဖူးတယ် ရှိစေတော့ ၊ ကိုယ်တိုင် ပွေ့တင်လိုက်မယ် ” ဟု တစ်ယောက်က ပြောလေ၏ ။

သို့ သွားကြရာ ၊ မြို့ဘက်သို့ နီး၍ မီးရထားရုံမှ မြို့ကို သွားသော ပြည်လမ်းမကြီး တစ်လျှောက် ကုက္ကိုပင်တန်းကြီး၏ အကြားမှ ကျိုးကျိုးကျဲကျဲ ဓာတ်မီးရောင်များကို မြင်ကြရလေ၏ ။

မောင်ညွန့်သည် ကားကို ရပ် ၊ မီးများ ငြိမ်းလေ၏ ။ ထိုနောက် လမ်းနံဘေး ချုံတောထဲ၌ စောင့်ကြရလေ၏ ။ အလွန်တရာကြီးသော ခြင်ကောင်ကြီးများသည် မြိုင်မြိုင်ဆိုင်ဆိုင် တပျော်တပါး အော်မြည်ကာ “ ဒင်နာပါတီ ” စားကြသောက်ကြလေ၏ ။

ထိုအခိုက် ခြေသံလိုလို ကြားရသဖြင့် ကြည့်လိုက်ရာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် သုတ်သီးသုတ်ပျာ မြို့ဘက်မှ ရွာဘက်သို့ လာကြသည်ကို မြင်ကြရလေ၏ ။ အတန်ငယ်ကြာလျှင် ကားအနီးသို့ ရောက်၍ လာကြရာ လရောင်တွင် ဝင်းလက်သော ဓားများနှင့် လူပေါင်းငါးယောက် တာလမ်းစောင်း ချုံထဲမှ ထွက်ကာ ၊ သုံးယောက်က ဘလေဇာကွတ်နှင့် ယောက်ျား ကို ဓားနှင့် မိုးကြလေ၏ ။ မောင်ညွန့်နှင့် အဖော်တစ်ယောက်က မိန်းမပျိုကို ကားပေါ်သို့ ဆွဲ၍ တင်ကြလေ၏ ။

“ တက်ကြ ” ဟု မောင်ညွန့်က အော်လိုက်လေ၏ ။

သုံးမိနစ်အတွင်း ကားသည် မြို့ဘက်သို့ တူရူ ဆက်ကာ အပြင်းမောင်း၍သွားရာ မိန်းမပျိုမှာ သန်မာသော ယောက်ျားများကို အတင်းခုခံ ရုန်းကန်လျက် လိုက်ပါ၍ သွားရလေတော့သတည်း ။

ကားသည် အိမ်ငယ်ကလေးတစ်ခု၏ ရှေ့သို့ ရောက်၍ သွားလေရာ မောင်ညွန့်သည် ကားပေါ်မှ ဆင်း၍ တံခါးကို ခေါက်ရင်း “ ဒေါ်ညိမ်း ၊ ဒေါ်ညိမ်း ” ဟု ခေါ်လေ၏ ။

ဒေါ်ညိမ်းသည် မောင်ညွန့် အသံကို ကြားလျှင် အိပ်မှုန်စုံမွှားနှင့် “ ဟင် ... မောင်ညွန့် ၊ ညဉ့်နက်လှပါကလား ၊ ဘာကိစ္စလဲ ။ ကိုသာအေး ၊ မီးခြစ် ဘယ်မှာ ထားသလဲ ” 

“ မီးခြစ်တွေ ဘာတွေ လုပ်မနေပါနဲ့ ။ ဖွင့်သာဖွင့်ပါ ” ဟု မောင်ညွန့်က ပြောရာ တံခါးပွင့်၍ လာလေ၏ ။

မောင်ညွန့်သည် မိန်းမပျိုကို မိန်းမကြီး အား ပြကာ “ ဒါ ခင်ဗျားတို့ တမင် ထည့်လိုက်တာ မဟုတ်လား ” 

“ ဘာလဲ ၊ ဘာကို ထည့်တာလဲ ။ ဟင် ... မယ်ညို ပါကလား ။ မင်းတို့ ဘယ်က တွေ့လာကြသလဲဟဲ့ ။ အညို ... သမီးရယ် .. ညည်း ဘယ့်နှယ်လုပ်သွားတာလဲ ”

ညွန့် ။  ။ “ မညာပါနဲ့ဗျာ ။ ပါးစပ်ဟ အူမကို မြင်ရပါတယ် ။ နွားသ,တ်ကု,လား အဘဒူလဟီး ငွေကလေး တစ်ရာ ၊ ခင်ဗျားတို့ မဆပ်နိုင်လို့ ကောင်မကလေး တမင် ထည့်လိုက်ပြီး သူများကဲ့ရဲ့မှာ စိုးလို့ လိုက်ပြေးဟန်လုပ်တာ မဟုတ်လား ။ ခင်ဗျားသား ငအေးကြီးက ယနေ့ ညနေ အကုန် ဖွင့်ပြောလို့ သိပြီးပါပြီ ”

“ ဟုတ်ပါတယ် မောင်ရယ် ၊ အဒေါ်တို့လည်း မတတ်နိုင်လို့ ကြံမိကြံရာ ကြံရတော့တာပဲ ။ မောင်လဟီး က အော်ဒီမန်စာရွက်ကလေးတောင် ပြန်ပေးရှာတယ် ။ သည်အတွက် အားနာပြီး သူ့ခမျာလည်း ကြိုက်ရှာလွန်းလို့ ဘီဘီညို ၊ ဘီဘီညို နဲ့ ပါးစပ်ဖျားကလေးတင် ရယ် ၊ ဒါနဲ့ အဒေါ်တို့ နားချပြီး ခုပဲ ထည့်လိုက်ပါတယ် မောင်ရယ် ။ လူသူလေးပါး မသိပါစေနဲ့ ”

ညွန့် ။  ။ “ ဟဲ့ ... မယ်ညို ၊ နင် လဟီးကို ကြိုက်မလား ၊ နွားသ,တ်ကု,လားဟဲ့ ”

“ ကျွန်မ မကြိုက်ပါဘူး ။ အဖေ့ကို ငွေတစ်ရာ အတွက် ထောင်ချမယ်ပြောလို့ အဖေ့ကို သနားတာနဲ့ ” 

“ ဒီလိုဖြင့် ဘယ်မလဲ စာချုပ် ” ဟုပြောရာ မိန်းမကြီး က အိမ်ခေါင်မိုး ဝါးလုံးခေါင်းထဲမှ ထုတ်ကာ ပေးလေ၏ ။

ညွန့် ။  ။ “ အောင်မယ်မင်း ... အော်ဒီမန်စာချုပ်ကို သည်လောက် ရိုရိုသေသေ ထားလိုက်တာ ပျောက်မှာစိုးလို့လား ”

“ အေး ... မောင်ညွန့်ရေ ၊ လဟီးက သူ့အော်ဒီမန် ပျောက်ရင် တံဆိပ်တော်ခေါင်းဥပဒေနဲ့ ထောင်ချမယ် ပြောလို့ သိမ်းထားရတယ်ကွယ့် ။ ဒီငွေတစ်ရာဟာလည်း အဒေါ်တို့က ချေးရတာ မဟုတ်ပါဘူး မောင်ရယ် ။ မောင့် ဦးက ငွေကလေး တစ်ရာကိုးဆယ် လိုကြောင်း ပြောမိတာနဲ့ မောင်လဟီးက အိမ်လာပြီး ပို့ရှာပါတယ် ။ ယူပါယူပါနဲ့ အတင်း ပေးတာကလားကွယ့် ။ အော်ဒီမန် တော့ ဝတ်ကျေဝတ်ကုံဆိုလို့ မောင့်ဦးက လက်မှတ် ထိုးလိုက်ရတယ် ။ အဒေါ်ကတော့ ဘယ်ထိုးတတ်မလဲလေ ။ ကြက်ခြေခတ်ပါပဲ ”

မောင်ညွန့်သည် အော်ဒီမန်စာချုပ်ကို မိမိရှပ်အင်္ကျီ အိတ်ထဲသို့ ထည့်လိုက်ပြီး

“ အဒေါ်တို့ကို သူ ဘာမှ မတတ်နိုင်တော့ဘူး ။ ရော့ ... အဒေါ်တို့ ဈေးသုံးဖို့ ” ဟု ပြောပြီး ငွေတစ်ဆယ် ပေးခဲ့လေ၏ ။

“ ဒါထက် မောင်ညွန့်ရေ ... ဟလီးတော့ ဧကန် ပြန်လာမှာပဲ ။ အားနာစရာ ဖြစ်နေတော့တာပဲ ။ ကု,လားကလေးခမျာ ရင်ကွဲရှာတော့မှာပဲ ”

ညွန့် ။  ။ “ အို .. အဒေါ်တို့က အဲဒါတွေကြောင့် ခက်တာပဲ ။ ကု,လားတွေက သစ်မရှိခင် ဝါးပေါင်းကွပ်တာ အဒေါ် ၊ အဒေါ်တို့ ဘာမှ မသိဘူးလို့ ပြော ။ ဟဲ့ ကောင်မကလေး နင် လိုက်ပြေးမှာလား ” 

“ မပြေးပါဘူး အစ်ကိုကြီးရဲ့ ”

“ အေး ... ပြေးများပြေးရင် ဒီတစ်ခါ အိမ်ပြန်ပို့မယ် မထင်နဲ့ ။ ဝါးတစ်ရာ မှော်ဘီအကွေ့မှာ မိကျောင်းစာ ကျွေးမယ် ။ ငညွန့် တဲ့ ၊ ငါ့ကို ဘယ်လိုအကောင် မှတ်သလဲ ၊ လူဆိုး သိလား ။ အဒေါ်တို့က ဝတ်ကျေဝတ်ကုံ ဆိုပြီး ကု,လားအော်ဒီမန်များမှာ ဘယ်တော့မှ လက်မှတ် မထိုးလေနဲ့ ။ သမီးကလေး ချောချောမောမောနဲ့ စစ်တကောင်းကု,လားအိမ်မှာ ကျွန်ဖြစ်တာ မြင်ချင်သလား ” ဟု ပြောပြီး တေးများ ဆိုကြလျက် မြို့ပတ်လည် ကားနှင့် ပတ်ပြီးမှ ရွာကို ပြန်ကြလေ၏ ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment