Saturday, February 7, 2026

ရွှေနာရီ

 

❝ ရွှေနာရီ ❞
( ပီမိုးနင်း )

( အောက်ပါဝတ္ထုသည် မြန်မာပြည်၌ မပေါ်ဖူးသေးသော ဉာဏ်စမ်းဝတ္ထုဆန်း ဖြစ်သဖြင့် အထူးသတိနှင့် စဉ်းစား၍ ဖတ်ကြရန် ထည့်သွင်းလိုက်သည် ။ )

ဝင်းထိန်တောက်ပ မှန်ဗီရိုတွေ ၊ လက်ပြောင်သော စားပွဲတွေ ၊ ကုလားထိုင်တွေ ပန်းမျိုးစုံ ကြဲ၍ ထားသည့်နှင့်တူသော ကော်ဇောကြီးတွေနှင့် ဆင့်လျက် ခမ်းနားကြီးကျယ်စွာ ပြင်ဆင်၍ ထားသော အခန်းကြီးထဲသို့ မေမေကြင် သည် အားငယ်ငယ်နှင့် ဝင်ရောက်၍ သွားလေ၏ ။ မှန်တံခါးကြီးကို လွန်၍ သွားသည်နှင့်တစ်ပြိုင်တည်း စိတ်ကို မနိုင်သလို ချီတုံချတုံ ဖြစ်လေ၏ ။ အကြောင်းမူကား စူးရှသော မျက်လုံးများနှင့် ရပ်ကာ မိမိကို ကြည့်၍ နေသော အရပ်မြင့်မြင့် ရှိသူသည် သားနားစွာ ဝတ်ဆင် သလောက် ခန့်ညားသူ ဖြစ်လေရာ ၎င်း၏ မျက်နှာထားမှာ မိမိ ကဲ့သို့သော မိန်းမပျိုတစ်ယောက်သည် ၎င်း၏ သတ္တိအစွမ်းကို ငြင်းဆန်နိုင်ဖို့ရန် လွန်စွာခက်ခဲကို သိရလေ၏ ။ တန်ခိုးသတ္တိထူးသော ယောက်ျားသည် တစ်ခုခုကို ဖြစ်အောင် တစ်ခုခုကို ရအောင် ကြံစည်လိုလျှင် မရမချင်း သတ္တိစွမ်းအားကိုလျှော့မည့် ယောက်ျား မဟုတ်ဟူ၍ သိရသည့်ပြင် ၎င်း၏ မျက်လုံးများမှာ မေမေကြင် ကို မြင်လျှင် မြင်ချင်း အကြံနှင့် ကြည့်သော လက္ခဏာ ထင်ရှားစွာ ပေါ်လာလေသတည်း ။

မေမေကြင် သည် လက်ကိုင်သားရေအိတ်ကလေးကို မိမိ၏ သေးငယ်သော လက်ကလေးများနှင့် ဖျစ်ညှစ် ဆုပ်ကိုင်ကာ ရပ်တွေ စဉ်းစားလျက် စောစောစီးစီး ပြန်၍ ဆုတ်ရလျှင် ကောင်းမလား ၊ ရှေ့သို့ တိုးရလျှင် ကောင်းမလားဟု ဆင်ခြင်ကာ ရပ်၍ နေလေသတည်း ။

ဝင်းထိန်တောက်ပသော အရာတွေကို မြင်ရခြင်း၌ တပ်မက်စွဲလမ်း ငန်းငန်းတက်ဖြစ်သော မိန်းမတို့ ဓမ္မတာကိုလည်း မေမေကြင် သည် ချုပ်တီး၍ မရ ၊ လောကီရှိန်ဝါ ထိန်ဝင်းဖြာခြင်းသည် မိန်းမတို့ စိတ်နှလုံး၏ ကိန်းဝပ်ရာအသိုက်နှင့် တူလေသတည်း ။

ထိုယောက်ျားပျိုသည် မေမေကြင်၏ နှလုံးအတွင်းသို့ ဖောက်ထွင်းသော မျက်လုံးနှစ်လုံးနှင့် ကြည့်ကာ ကြွက်ရှိရာသို့ ကြောင်လာသလို မတွန့်မဆုတ် မဆိုင်းမရွံ့သော ခြေလှမ်းဖြင့် မေမေကြင် ရှိရာသို့ တန်းတန်းမတ်မတ် မှန်းမှန်းကပ်ကပ် လာလေ၏ ။ သို့သော်လည်း ၎င်း၏ လာခြင်းသည် လျင်မြန်သော လာခြင်း မဟုတ် မိမိ ရရှိမည့် အရာကို ပိုင်ပြီး ဖြစ်ကြောင်း ကျိန်းသေသိသော ဣန္ဒြေမျိုးနှင့် ခန့်ညားစွာ မနှေးမမြန် လာခြင်း ဖြစ်လေ၏ ။

မေမေကြင်၏ စိတ်၌ မိန်းမတို့ ဓမ္မတာ တစ်ခုခု ဖြစ်ရတော့မည် အခြင်းအရာ တင်ကြိုကာ သိတတ်သော အသိသည် အမှန်အတိုင်း သိခြင်းပေတကားဟု ဘွားခနဲ ပေါ်၍လာလေ၏ ။ အကြောင်းမူကား ထိုယောက်ျား၏ စိတ်၌ ရည်ရွယ်သော အရာသည် အခြားမဟုတ် မိမိပင် ဖြစ်သည်ကား မလွဲပေတကားဟု မေမေကြင် ကောင်းစွာ သိလေ၏ ။ ထို့အပြင် ဤယောက်ျားသည် မိမိ၏ အလိုကို မပြည့်လျှင် မနေရအောင် အစွမ်းသတ္တိ ရှိသမျှနှင့် မရမက ကြံတော့မည့်လူ ဖြစ်သည်ကိုလည်း အလိုလို သိလေ၏ ။ ၎င်း၏ မျက်နှာ၌ ဝဲ၍နေသော ပြုံးခြင်းသည် ထိုမြဲမြံ ကြံ့ခိုင်သော စိတ်ကို သိသိသာသာ ဖုံးလွှမ်းသော ပြုံးခြင်း ဖြစ်လေသတည်း ။ ထိုပြုံးခြင်းသည်ပင်လျှင် စ၍ ကြံခြင်း ဖြစ်လေသတည်း ။

တစ်ဖန် မေမေကြင် သည် ကြောင့်ကြမကင်း သဖြင့် ကိုယ်စိတ် မငြိမ်မသက် ဖြစ်ကာ “ ကု,လားမနိုင် ရခိုင်မဲ ” ဆိုသည့် စကားလို မိမိ၏ လက်ဝယ်ရှိသော သားရေအိတ်ကိုသာ တအား ဖျစ်ရုံမက အိတ်ထဲကိုပင် လက်ကို လျှိုမိလေသတည်း ။

ငါ ဘာပြုလို့ တစ်ယောက်တည်း ဤနေရာကို ဝင်၍ လာပါလိမ့်မလဲ ။ အသက်ကို ပေး၍ ချစ်သူက အခါခါ သတိပေးပါလျက် သူမပါဘဲ ဘယ်အတွက် ဤနေရာကို တစ်ယောက်တည်း ဝင်၍ လာရပါသတုန်း ဟူ၍ တွေးကာ နောင်တရသလိုလို ဖြစ်လေ၏ ။ သို့သော်လည်း ထိုသူ၏ ပြုံးခြင်းသည် မိမိကို နဂါးပတ် ကျော့ကွင်းနှင့် ပစ်၍ ဖမ်းသည်ဟု မှတ်ထင်ရသော ပြုံးခြင်း ဖြစ်၏ ။ ရမ္မက်လောဘ တပ်မက်ခြင်း ဒုက္ခကလည်း မြင်ရလေလေ ဒီရေလို တိုးလေလေ ဖြစ်လေ၏ ။ ထို့နောက် အိမ်က သိလျှင် ဆူလိမ့်မည်ဟု စဉ်းစားကာ စိတ်ကို တင်းလျက် အားယူပြီး သားရေအိတ်ကလေးကို လိမ်၍ နေအောင် ဆုပ်ကိုင်ဖျစ်ညှစ်လျက် မချိသောနှလုံး နှင့် နှုတ်ခမ်းကို ကိုက်ကာ နောက်သို့ ချာခနဲ လှည့်ပြီး အခန်းကြီးမှ အပြင်သို့ ရောက်အောင် အမြန် ထွက်မည် ပြုလေ၏ ။

မလွတ်တော့ဘူး သူ့နယ်ထဲသို့ ရောက်လေပြီ သူ့ ပိုင်နက်သို့ ပေါက်မိလေပြီ ။ အကြောင်းမူကား ၎င်း ခန့်ညားသော ယောက်ျားသည် တံခါးဘက်မှ ကာဆီး၍ နေလေ၏ ။ ၎င်း၏ ပြုံးခြင်းနှင့် ၎င်း၏ ကြည့်ခြင်းသည် နှလုံးသားကို ဒစ်နှင့် ဝင်၍ စူးကာ ချိတ်သလို ချိတ်မိ၏ ။

“ သွားတော့ မလို့လား ဘာဖြစ်လို့လဲ ” ဟု မေးလိုက်သော အသံသည် ခုခံငြင်းဆန်ရန် လွန်စွာမှ ခက်သော အသံဖြစ်၍ နေလေသတည်း ။

၎င်းယောက်ျားသည် သာယာခန့်ညား နားထောင်၍ များစွာ ကောင်းသော အသံနှင့် ပြော၏ ။ ၎င်းကို “ ငါ စကား ပြန်၍ မပြောဘူး ” ဟု စိတ်ကို တင်းသော်လည်း မရ စကားပြန်၍ ပြောမိ၏ ။သို့ ပြန်ပြောမိသည်နှင့် တစ်ပြိုင်တည်း ငါရှုံးပြီ ငါနိုင်ပြီ ဟု သိရ၏ ။ မေမေကြင် မှာ မပြောဘဲလည်း မနေနိုင် ပြောတိုင်းလည်း နစ်တုံးတိုနှင့် လှေလှော်ပြိုင်သလို ဖြစ်ကာ သတ္တိထူးသော ယောက်ျား ၏ သံလိုက်ဓာတ်ကစားသော မျက်လုံးများ အောက်သို့ ရောက်ကာ သူပေးရာ အမိန့် သူစီမံရာကိုသာ ခံရရှာပေတော့သတည်း ။

မိန်းမတို့၏ လောဘသည် အတွေ့ကို မရှောင်နိုင်သော လောဘမျိုး ဖြစ်ကြလေသတည်း ။ မေမေကြင် သည် ထိုဓမ္မတာမှ ခြွင်းချက်၌ မပါ ရုပ်ကလေး ချောသလောက် စိတ်အားပျော့သူ ဖြစ်ရှာလေ၏ ။

မိန်းမတို့မှာ အဘယ်မျှပင် တန်ခိုးသတ္တိ ရှိသော်လည်း ယောက်ျားတို့၏ သတ္တိအစွမ်းကို မလွန်နိုင်ကြချေ ။

တစ်ခုခုသော အပြစ်ကို ကျူးလွန်၍ ပြီးသောအခါ၌ နောင်တ မရသော မိန်းမသည် ကမ္ဘာပေါ်၌ မရှိချေ ။ အကြောက်အရွံ့ မရှိသော မိန်းမကို မည်သူ လက်ညှိုးထိုး၍ ပြနိုင်ပါမည်နည်း ။ အထူးသဖြင့် လင်ယောက်ျား ရှိပါလျက် လည်ပတ်ကာ စိတ်အလို လိုက်စားသော မေမေကြင် မှာ မကြောက်ဘဲ နေနိုင်ပါတော့မည်လား ။

ကိစ္စပြီး၍ အိမ်သို့ ပြန်ရာလမ်း၌ အိမ်နှင့် နီးလေလေ မေမေကြင် မှာ အကြောက်တိုးလေလေ ဖြစ်လေ၏ ။ သို့သော်လည်း ခြေလှမ်းကို လျှော့၍ မရချေ ။ အိမ်သို့ ရောက်သွားပြီး ဖတ်ဖတ်ဆာ မောလှသဖြင့် ရေတစ်ခွက်ကို ကပျာကယာ သောက်ကာ အိပ်ရာထဲသို့ မိမိကိုယ်ကို ထိုးချပစ်လှဲကာ ခွေ၍ နေရှာလေသတည်း ။

ငါ ဖွင့်၍ ပြောရလျှင် ကောင်းမလား မိမိ၏ လင်မှာ အခြားလင် နှင့် မတူ အသက်ပေး၍ ချစ်သောလင် ဖြစ်ပါလျက် ဖွင့်၍ ဝန်မချ လျှို့ဝှက်ထားချေက သာ၍ အပြစ်ကြီးတော့မည် ။ ကိုဘသိန်း  ပြန်လာရင် ဘယ်လိုဖြစ်ဖြစ် ကန်ကန်ကျောက်ကျောက် ဆဲဆဲဆိုဆို ငါ လျှို့ဝှက်၍ မထား နောက်တစ်ခါ ဒီလို မလုပ်ပါဘူးလို့ ကတိထားပြီး မှန်ရာကို ပြောရရင် သူ အခွင့်လွှတ်မှာပါပဲ ငါ့ကို သူ ဘာမှ လုပ်မှာ မဟုတ်ပါဘူး ။ မသကာ ဆူရုံပေါ့ စသည်ဖြင့် စိတ်ကို တင်း၍ နေဆဲတွင် ဘသိန်းသည် အခန်းထဲသို့ ရောက်၍ လာလေသတည်း ။

ထိုအခါ မေမေကြင်သည် ခုတင်ပေါ်မှ ဆင်းကာ သနားစရာ မျက်နှာနှင့် ယောက်ျားသည်၏ လည်ကိုဖက်ကာ “ ကိုဘသိန်း ကျွန်မ တစ်ခု ဖွင့်ပြောမယ်နော် စိတ်ထဲမှာ မထားနိုင်တော့ဘူး ။ ထားရင် ကိုဘသိန်း အပေါ်မှာ ကျွန်မ မရိုးသားရာ ကျတော့မယ် ၊ ဒီပြင်လည်း မပြောဘဲ လျှို့ဝှက်ပြီး မထားတတ်ဘူး ဒီ့အတွက် ကျွန်မ ပြောတော့မယ်နော် စိတ်ဆိုးနေလား ”

“ ဘာဖြစ်လို့လဲ မေရယ် မင်း ဘာလုပ်မိလို့လဲ ပြောသာ ပြောပါ ။ ဘာပြုလို့ စိတ်ဆိုးရမှာတုန်း ငါ့မယား ဘယ်တော့မှ မတော်တာကိုတော့ လုပ်မှာ မဟုတ်ဘူး ။ မင်း ပါးစပ်က မေ ဘယ်သူနဲ့ ဘယ်ဝါနဲ့ ဘာဖြစ်ခဲ့တယ်လို့ ပြောတောင် ယုံမှာ မဟုတ်ပါဘူး ။ ကိုင်း ပြောချင်လည်း ပြောတာပေါ့ကွယ် မင်းကို စိတ်ဆိုးဖို့ ညှိုးဖို့ ညံဖို့ ဆိုတာတော့ အဝေးကြီးပါ ။ ဟောဒီ မယားကို အိပ်မက်ထဲတောင် မျက်စောင်း မထိုးမိပါဘူး ” ဟု ကျောကို သပ်၍ အပြောမှာ မေမေကြင်သည် အားတက်ပြီး ဘသိန်း၏ မျက်နှာကို မော့၍ ကြည့်လျက် ဗိုလ်ဆံတောက်ကို လက်နှင့် ပင့်လှန်ကာ လှပသော နဖူးကို ကိုယ်တွယ် ယုယရင်း “ အဟုတ် စိတ်မဆိုးဘူးနော် စိတ်မဆိုးရင် မေ ပြောတော့မယ် ”

“ ပြောပါကွဲ့ မကြောက်ပါနဲ့ ကိုင်း ဘာဖြစ်လာခဲ့သလဲ ။ ဘယ်က လာသလဲ ”

ထိုအခါ မေမေကြင်သည် မိမိ၏ အင်္ကျီလက်ကို ပင့်ကာပြုံးလျက် လက်ကောက်ဝတ်ကို ဖော်၍ပြလေ၏ ။ ဘသိန်း စိမ်းစိမ်းကြည့်ပြီး “ ဘယ်လောက် ပေးရသလဲ ” မေးလေရာ “ လေးဆယ် ပေးရတယ် ။ ကိုဘသိန်းက မသုံးနဲ့လို့ ပြောပြီး ပေးထားတဲ့ ငွေတစ်ရာထဲက ဝယ်ခဲ့တယ် ။ နို့ ဘယ်နဲ့ လုပ်မလဲ ရောင်းတဲ့လူက သိပ်ပြီး အပြောကောင်းတာ ကျွန်မ မဝယ်ဘူးလို့ တစ်ခါ နှစ်ခါ ငြင်းပြီး ဆိုင်ပြင်တောင် ရောက်လာသေးတယ် ၊ အဝင် တံခါးဝက ကာဆီးကာဆီး လုပ်တာနဲ့ ဝယ်လာခဲ့ရတာပေါ့ ။ နောက်ပြီးတော့လည်း မေလည်း ဒီနာရီကို လိုချင်နေတာ ကြာလှပြီ စိတ်မဆိုးနဲ့နော် ၊ ဟောဟော ” ဆိုပြီးပြောကာ ဘသိန်း ထံမှ ခွာပြီး နောက်သို့လှည့်၍ အသွားတွင် ဘသိန်းသည် နောက်က လိုက်ပြီး ပွေ့ယူကာ “ ငွေကလေး လေးဆယ် သုံးတာနဲ့ စိတ်ဆိုးရင် ငါ မင်းကို ချစ်တဲ့ လင် ဖြစ်ပါဦးမလားကွဲ့ ။ မေရဲ့ စိတ်မဆိုးပါဘူး ။ ငွေတစ်ရာ ပေးတုန်းက သုံးဖို့ပေးတာပါ ။ မသုံးနဲ့ ဆိုတာက စကားပြောတာပါ ။ သုံးဖို့ ဖြစ်ရင် ဘာပြုလို့ ပေးရမှာလည်း ဪ ... မင်းဒါကြောင့် မျက်နှာမကောင်း ဖြစ်နေတာကိုး ”

▢  ပီမိုးနင်း
📖 ဗန္ဓုလ ဂျာနယ်
      သြဂုတ် ၁၅ ၊ ၁၉၂၇

No comments:

Post a Comment