Saturday, February 21, 2026

ရွှေဗျိုင်းဖြူ

 

❝ ရွှေဗျိုင်းဖြူ ❞
     ( ပီမိုးနင်း )

စောယုနှင့် မောင်ကြင်သည် အကြင်လင်နှင့်မယား အဖြစ်သို့ ရောက်ကြသည်မှာ သုံးလကျော်ကျော်ခန့်မျှ ရှိခဲ့လေရာ အချစ်၏ မီးလျှံသည် အားအင်မလျော့ သစ်လွင်သော ဓာတ်မီးလုံးပမာ ဝင်းဝင်းတောက်လျှံ အလင်း အားသန်၍ နေလေ၏ ။ မောင်ကြင် အလုပ်သွားရမည့် ဆယ်နာရီအချိန်သည် မိုးမလင်းမီ ထိုး၍ နေသည်ဟု မှတ်ထင်၍ နေကြလေ၏ ။ ညနေ မောင်ကြင် အလုပ်မှ ပြန်ရမည်ဖြစ်သော ငါးနာရီအချိန်သည် လွန်စွာပင် နှေးသည်ဟု မှတ်ထင်ကြလေ၏ ။ နံနက် အိပ်ရာမှ ထကြလျှင် နှစ်ယောက် အတူ ရေချိုးခန်း၌ ရေချိုးကြ၏ ။ မီးဖို၌ နှစ်ယောက်အတူ ချက်ပြုတ်ကြ၍ နှစ်ယောက်အတူ ခေါင်းချင်းဆိုင်၍ စားသောက်ကြလေ၏ ။ လက်ဖက်ရည်ကို နှစ်ခွက် မထည့် တစ်ခွက်တည်း ထည့်ကာ သူအကြိုက် ငါအကြိုက်သောက်၏ ။ တစ်ခါတစ်ခါ တစ်ပြိုင်တည်း ကြိုက်သဖြင့် နဖူးချင်း ဆောင့်မိကြ၏ ။ ပေါင်မုန့် ထောပတ်သုတ်ကို တစ်ချပ်စီစား ပေါင်မုန့်တစ်စိတ်ကို သူ တစ်ဖက် ငါတစ်ဖက် နှုတ်ခမ်းချင်းတေ့ကာ ကိုက်၍ စားကြ၏ ။

၎င်းတို့၏ အခန်းမှာ များစွာ မကြီးမကျယ်သဖြင့် နှစ်ယောက်တည်း ရှင်းရှင်း နေချင်သလို နေနိုင်အောင် လူပို ဟူ၍ ထမင်းချက်သမားကိုမှ မထား ၊ သားကလေး သမီးကလေးများ မွေးဖွား၍ လာမှာကိုပင် လွန်စွာ ကြောက်လျက် နေ့စဉ်နေ့စဉ် မယား ဖြစ်သူကို စုံအရပ် ခိုင်းပြီး ခြေမကို ငုံ့၍ အကြည့်ခိုင်းရလေ၏ ။

လုပ်ကိုင်စားသောက် ပြီး၍ အလုပ်သွားရမည့် အခါတိုင်း ကိန္နရာမောင်နှံတို့ ချောင်းခြား၍ ကွဲရသလို အကွဲကြီး ကွဲသည်ဟု မှတ်ထင်ကာ အားရပါးရ နမ်းရှုပ် နှုတ်ဆက်ပြီးမှ သွားရလေ၏ ။ သို့သွားရာ၌ပင် လှေကား ထိပ်အထိ အခန်းပြင်သို့ လိုက်၍ ပို့သော စောယုကို မောင်ကြင်သည် ပြန်ကာ လှန်ကာကြည့် တစ်ခါတစ်ခါ ပြန်၍ တက်ရလေ၏ ။ ထိုကဲ့သို့ ပြန်၍ တက်ရသောအခါ နာရီအချိန်လွန်မှာ စိုးသဖြင့် ဒုန်းပြေး၍ ဆင်းရလေ၏ ။ ညနေ ရုံးဆင်းသောအခါ၌ မောင်ကြင်သည် အဘယ်ကိုမှ ချော်တော၍ ငေါ့ခြင်းမပြုဘဲ အိမ်သို့ ကတန်းကမန်း ပြန်လေ့ရှိ၏ ။ အိမ်သို့ ရောက်သောအခါ အသင့် ဝတ်ဆင်ဖြီးလိမ်းပြီး ပြတင်းပေါက်မှ မျှော်၍ နေသော စောယု၏ မျက်နှာကို အဝေးမှ မြင်လျှင်မြင်ချင်း တစ်နေ့လုံး ပင်ပန်းသမျှပြေ ပျောက်ပြီး ခြေထောက်မှာ မော်တာ တပ်သလို ဖြစ်ကာ မမောမပန်းဘဲ အခန်းထဲသို့ ရောက်၍ သွားလေ၏ ။

ရောက်လျှင်ရောက်ချင်း မောင်ကြင်သည် ချစ်စရာ ကောင်းသော မယားကလေးကို အားဆေးသဖွယ် နမ်းရှုပ်မှီဝဲခြင်းပြုပြီးလျှင် နှစ်ယောက်အတူ ကပျာကယာ အခန်းကို သော့ခတ်ပြီး လက်တွဲကာ အောက်သို့ဆင်းပြီး ပြေးကောင်းသော လန်ချားနှင့် ရန်ကုန်မြို့ အနောက်ပိုင်းသို့ စိုင်းလွှင့်၍ သွားကြပြီးလျှင် ညစာကို အမျိုးမျိုးသော ဆိုင်များ၌ ဝယ်ခြမ်းစားသောက်တတ်ကြ၏ ။ ထို့နောက် ဆူးခါးမပါ မဆလာကွမ်းယာကို တစ်ယာစီငုံကာ အကောင်းဆုံးသော စီးကရက်များကို ဖွာရင်း ၊ အမြန် ဆုံးသော လန်ချားဖြင့် အကောင်းဆုံးသော ရုပ်ရှင် ဇာတ်ရုံသို့ သွားပြီး လူချောင်သော နေ့များ၌ ငါးမူးတန်း ၊ လူကျပ်သော နေ့များ၌ တစ်ကျပ်တန်း ၊ လူပို၍ကျပ်သော နေ့များ၌ နှစ်ကျပ်တန်းကို ဝင်ကာ စားစရာ သစ်သီး ချောကလပ် သောက်စရာ လင်မနစ်တို့ လိုင်းမကြူး စသည်တို့ကို မြည်းကာ ကြည့်ကြလေ၏ ။ နှစ်ယောက်လုံး အင်္ဂလိပ်စာ တတ်ကြသဖြင့် တစ်ယောက်ကို တစ်ယောက် စကားပြန်မ လုပ်ရဘဲ ကုလားထိုင်ပေါ်တွင် ပါးချင်းခေါင်းချင်း ထိလုမတတ် စောင်းငဲ့ကာ ကပ်ပြီး ချမ်းသာစွာ ကြည့်လေ့ရှိကြလေ၏ ။

ထိုအချစ်မျိုး၏ စည်းစိမ်ထက် ပိုမို၍ကောင်းသော စည်းစိမ်ကို နတ်ပြည်နိဗ္ဗာန် မှာပင် တွေ့နိုင်ကြမည် မဟုတ်ဟု မှတ်၍ နေကြလေသတည်း ။ အကြောင်းမူကား မောင်ကြင်၏ စိတ်၌ စောယု သာ ကမ္ဘာပေါ်၌ ရှိ၏ ။ စောယု၏ စိတ်၌လည်း မောင်ကြင်သာ ကမ္ဘာပေါ်၌ ရှိလေသတည်း ။

အခါများစွာ မောင်ကြင်၏ စိတ်၌ မတော်တဆ ငါ့မယားမှာ ကလေးရရင် ညဉ့်အခါ ကလေးထပြီး ငိုမှာပဲ ။ ငိုရင် ထပြီး နို့တိုက်ရတော့မယ် ။ နို့တိုက်ရရင် အိပ်ပျက်တော့မှာပဲ ။ ငါ့မယားကလေး အတွက် ဒုက္ခခံရတော့မယ် ။ ကလေး မရအောင် ဘယ်လိုများ ကြံ၍ လုပ်ရပါ့မလဲ ။ စောယုကို ငါယူတာဟာ ကလေး လိုချင်လို့ယူတာ မဟုတ် ၊ စောယုကို လိုချင်လို့သာ ငါယူခြင်းဖြစ်သည် ။ ငါ အလိုမရှိသော ဤကလေးတွေ စပ်ကြားမှာ ပေါ်လာရင် ဘယ်လိုများ လုပ်ရပါ့မလဲ စသည်ဖြင့် တွေးတောပူပင်ကာ သနားလေ၏ ။ စောယု ကလည်း ကိုကြင် တစ်နေ့လုံး အလုပ်လုပ်ရတာ ပင်ပန်းရှာမှာပဲဟု စဉ်းစားကာ မောင်ကြင် အိပ်ပျော်၍ နေသည့်အခါ ချစ်ခင်ကြင်နာ သနား ကရုဏာအပေါင်းတို့နှင့် ပြည့်စုံသော မျက်လုံးများနှင့် ကြည့်ကာ နဖူးဆံစပ်ကို လက်ကလေးနှင့် သပ်လေ့ရှိ၏ ။

စောယုသည် မိမိ၏ လင်အတွက် အမြဲပူပန် ကြောင့်ကြမကင်း ဖြစ်လေ၏ ။ မတော်တဆ အလုပ်များသဖြင့် ညနေအချိန် အိမ်ကို အရောက် နောက်ကျလျှင် လည်ပတ်၍များ နေသလား ၊ တခြား မိန်းမတစ်ယောက်ယောက်နဲ့များ တွေ့လေသလား ။ ရုပ်ချောတဲ့ လင်ယောက်ျားများ၏ မိန်းမများမှာ ရန်ကုန်မြို့၌ ရန်သူတွေ လွန်စွာများပါကလား စသည်ဖြင့် တွေးတော ပူပင်လေ့ရှိ၏ ။ အကြောင်းမူကား မိမိယောက်ျားကို တစ်ပါး သော မိန်းမ မျက်စောင်းထိုး၍ ကြည့်သည်ကိုမှ မခံမရပ် နိုင်သူ ဖြစ်လေ၏ ။

ထိုကဲ့သို့ တွေးတောပူပင်စ ပြုသည့်အခါအတွင်း မောင်ကြင်သည် တစ်နေ့ထက် တစ်နေ့ အိမ်ကို အရောက် နောက်ကျ၍ လာလေရာ သာလွန် ထိတ်လန့်ခြင်းဖြစ်ပြီးလျှင် မောင်ကြင် ပြန်၍လာသည့်အခါ မသင်္ကာသော မျက်နှာနှင့် ကြည့်ကာ နောက်ကျခြင်း၏ အကြောင်းရင်းကို မေးလေရာ “ တိုက်မှာ အလုပ်များအားကြီးလို့ပါ စောရယ် ” ဟူ၍သာ ထုချေရလေရာ စောယု မှာ ၎င်းထုချေချက်သည် စိတ်ကျေနပ်ဖွယ် မရှိဟု ချစ်ခင်ယုယ ပွေ့ ဖက်နမ်းရှုပ်နှုတ်ဆက်ရာတွင် ရင်ဘတ်မှ အဘယ် အနံ့ ထွက်သည် ။ မျက်နှာမှ ဘယ်အနံ့ ထွက်သည် ။ ရှပ်အင်္ကျီ အတွင်းသား ဘယ်လိုနေသည် ။ လုံချည် အရောင်အဆင်း နံနက်ကနှင့် အဘယ်ပုံ ခြားနားသည် ။ တွန့်နေသည် စန့်နေသည် ။ သနပ်ခါးနံ့ ပါသလား ၊ ပေါင်ဒါနံ့ ပါသလားစသည့် အခြင်းအရာလက္ခဏာတို့ကို ဂရုစိုက်ကာ ကြည့်ရှုလေ့ရှိလေ၏ ။ သို့သော်လည်း အဘယ် အမှတ်သညာ အဘယ် လက္ခဏာကိုမျှ မတွေ့ရချေ ။ သို့ပင် မတွေ့ရသော်လည်း စိတ်ထဲမှာ ပွေလျက် ဝေလျက် မသင်္ကာချက်မှာ တစ်နေ့တခြား တိုးတက်၍သာ နေလေသတည်း ။

တစ်နေ့သ၌ မောင်ကြင် အလုပ်သွား၍ နေခိုက်တွင် မောင်ကြင်၏ ရှပ်အင်္ကျီများကို လျှော်ဖွတ်ရန် ကြည့်ရှုလေရာ ရှပ်အင်္ကျီအိတ်ထဲ၌ မာကျွတ်ကျွတ် အရာတစ်ခုကို စမ်းမိသဖြင့် ထုတ်၍ ကြည့်ရာ ခေါက်၍ ထားသော စာပေးစက္ကူ ဖြစ်၍ နေသည်ကို တွေ့ရှိရသဖြင့် ဖြန့်၍ ကြည့်ရာ မျက်လုံးနှစ်ဖက်မှာ သွေးထွက်၍ ကျတော့မလို ပြူးလျက် အသက်ကို ရှိုက်ကာ ရှိုက်ကာ ရှူရင်း နှာစီး၍ လာပြီး မျက်ရည်တွေ စီးဆင်းလေသတည်း ။ ၎င်းစာမှာ အောက်ပါအတိုင်း ဖြစ်၏ ။

          ရိုသေစွာ အစီရင်ခံလိုက်ပါသည် ကိုကို ၊ တင်တင် ဆီကို ကိုကို ရောက်အောင်လာသည် အတွက် ဝမ်းလည်းသာ ကျေးဇူးလည်း အများကြီး တင်ပါသည် ။ မကြာမကြာ လာပါ ကိုကို ၊ တင်တင် က ကိုကို့ အပေါ်မှာ အရင်ကလိုပဲ စိတ်ထားပါသည် ။ တင်တင် နဲ့အတူ နောက်ဆုံးအိပ်ရတုန်းက ကိုကို ဘယ်တော့မှ မိန်းမ မယူပါဘူးလို့ ပြောတဲ့ စကားကို ကိုကိုမေ့တယ် ထင်ပါရဲ့ ။ သို့သော်လည်း တင်တင်က စိတ်မဆိုးပါ ။ တင်တင်ကို ဆက်လက်ပြီး သတိရကာ တစ်ခါတစ်ခါ တင်တင့် ထံ ရောက်လာသည့်အတွက် ကျေးဇူးဆပ်ဖို့ ရှိပါတယ် ။ တင်တင် မှာ ခြံကြီးနဲ့ အိမ်ကြီးတစ်လုံးထဲမှာ အစေခံ နှစ်ယောက်နဲ့သာ နေရသဖြင့် ကိုကို ကဲ့သို့ အဖော် အလှော် မရှိ ကံနည်းသူ ဖြစ်၍ နေရသည်ကို သနားသဖြင့် တင်တင့်ထံ မကြာမကြာ ဆက်လက် လာရောက်လိမ့်မည်ဟု မျှော်လင့်ပါသည် ။ ကိုကို  နောက်တစ်ခါ လာရင် တင်တင့် အတွက် အက်စီ ကုန်းက ၅၅ဝ ထက် မနည်းတဲ့ လက်ပတ်နာရီ တစ်လုံးကို ယူခဲ့ပါ ။ တင်တင် ကလို့ စာရေးကြီးကို ပြောရင် ပေးလိုက်ပါလိမ့်မည် ။ ဘီ ကို တင်တင့်ထံ လွှတ်လိုက်ပါစေ ။ တင်တင်က လိုချင်တယ် ဆိုရင် ကိုကို ဝယ်ပေးမယ် ဆိုတာ သိသော်လည်း ကိုကို့ အပေါ်မှာ တာဝန်မထား ကိုကို နောက်ဆုံး လာပြီး ကတည်းက တင်တင် စားသောက် မကောင်းဖြစ်နေပါသည် ။ ဘယ်အတွက်လဲ ဆိုတာကို သိရင် ကိုကို လာလိမ့်မည်ဟု ယုံကြည်ပါသည် ။ တင်တင် က အရင်ကလို စိတ်မျိုးရှိလို့ အခုလို စာရေးရသော်လည်း ကိုကို မှာ တင်တင် နဲ့ မတူတဲ့ အချစ်မျိုးနဲ့ တွေ့နေရသည် အတွက် တင်တင် ရေးတဲ့ စာကို မဖတ်ချင် ငြီးငွေ့ပြီး တင်တင့် ကိုများ မုန်းမလားလို့ တွေးပြီး ကြောက်လျက်နှင့် စွန့်စားကာ ရေးရပါကြောင်း တင် သတိရသလို သတိရပါ ကိုကို ။
          အချစ်ကလေးတင်
    ရွှေဗျိုင်းဖြူအိမ် အင်းစိန်

စောယုသည် ဤစာကို ထပ်ကာ ဖတ်လေ၏ ။ မိမိ ငယ်ရည်းစား မိမိ၏ ပထမအချစ် ဖြစ်သော မောင်ကြင် မှာ မိမိကဲ့သို့ ချစ်သော အခြားမိန်းမ တစ်ယောက် ရှိဖူးသည် ကို အိပ်မက်၌ပင် မတွေးမိခဲ့ချေ ။ ယခုမှာ သက်သေခံစာနှင့် တွေ့၍ နေသဖြင့် မငြင်းနိုင်ဖြစ်၍ နေလေရာ မခံမရပ်နိုင်အောင်ဖြစ်လေ၏ ။ စောယုသည် အင်္ကျီများကို လျှော်ဖွတ်ရန်အလုပ်ကို မေ့ပြီး ၎င်းစာကို လက်၌ ချေကာ ခုတင်ပေါ်၌ မိမိကိုယ်ကို ပစ်လှဲပြီး ဆံပင်များကို ပြတ်လုခမန်း ဆွဲကာ နှုတ်ခမ်းများမှာ သွေးထွက်လုခမန်းဖြစ်အောင် ကိုက်လျက် ငိုရှိုက်ကာ လူးလှိမ့်၍ နေလေ၏ ။

မိမိကို ဤမျှလောက် ချစ်ဟန်ရှိသော မောင်ကြင်သည် မိမိကို အဟုတ်ချစ်သူ မဟုတ် တစ်ပတ်ရိုက်၍ နေသူဖြစ်ကြောင်းကို သိလေ၏ ။ မိမိကို ပေါင်းသင်း၍ ဝလျှင် စွန့်ပစ်ကာ တင်တင် ဆိုသူထံကို သွားမှာပါပဲ ။ တင်တင် ဆိုတာ သူဌေးသမီးလား အရာရှိသမီးလားပဲ ။ သူ သွားရင် ငြင်းမှာမဟုတ် ၊ သူ လိုချင်ရင် ပယ်မှာ မဟုတ်ဘူး ။ ငါ့ကို နည်းနည်းကလေး ငြီးငွေ့ ရင် ကိုကြင် ဟာ ငါ့ရင်ခွင်ကို ပယ်ပြီး သူ့ရင်ခွင်ကို ဝင်မှာ အစစ်ပါပဲ စသည်ဖြင့် တွေးတောကာ မယုံနိုင်အောင် ရှိသော်လည်း မငြင်းနိုင်သော သက်သေခံစာသည် လက်ထဲ၌ အထင်အရှား ရှိ၍ နေလေရာ စောယုမှာ စိတ်အားဆုတ်နစ်ခြင်း ဖြစ်ပြီးလျှင် ရင်ကွဲမတတ် အသည်းမှာနာကျင်လျက် မြောမေ့သလို ဖြစ်သွားလေသတည်း ။

စောယုသည် စိတ်သဘော လွန်စွာ သန့်ရှင်းစင်ကြယ်သူ ဖြစ်လေရာ မိမိ၏ လင်ယောက်ျားမှာလည်း ဘယ်အခါကမှ မဖောက်ပြား၍ မိမိနည်းတူ စင်ကြယ်သူ ဖြစ်သည်ဟု စိတ်ချလျက် မြူမှုန် ကင်းစင်လွန်စွာ ကြည်လင်သော အပျော်တည်း ဟူသော နေရောင်ခြည်၌ ပျံသန်းမြူးရွှင်၍ နေသော ပန်းလိပ်ပြာကလေးပမာ စိတ်ချလက်ချ မောင်ကြင်၏ အချစ်ဟူသော လုံခြုံသော အဆောက်အဦကြီးထဲမှာ နေခဲ့ရာမှ ယခု ထိုအချစ်၏ ခိုင်လုံသော ရဲတိုက်ကြီးထဲသို့ ရန်သူ သားရဲ ဝင်ရောက်၍ လာသည်ကို တွေ့ ရှိရသောအခါ သွေးသားချောက်ချား စိတ်နှလုံးဖောက်ပြားပြီးလျှင် အရူးနှင့်မခြား လွင့်ပါး၍ သွားသဖြင့် လဲ၍ နေရာမှ ငေါက်ခနဲ ထပြီးလျှင် ငါ ဒီကောင်မကို တွေ့အောင် လိုက်ရှာမည် ။ ငါ့ကို ဘယ်လို မိန်းမ မှတ်သလဲ စသည်ဖြင့်ဒေါထကာ စိတ်ကို တင်းပြီး ကပျာကယာ အဝတ်အစားကို လဲပြီး ကပိုကရို ဆံပင်ကို ပတ်ရစ်ကာ ပိုးဖဲထီးကလေးကို ဆွဲပြီး အခန်းမှ ထွက်၍ အခန်းတံခါးကို သော့ခတ်ကာ ပြေးဆင်း၍ သွားပြီး လက်၌ထီးကို ဖွင့်ကာ လေပွေလွင့်သလို လျင်မြန်စွာ ထွက်သွားလေသတည်း ။

မီးရထားရုံသို့ ရောက်သောအခါ အင်းစိန်လော်ကယ် ထွက်၍ သွားသဖြင့် အတော်ပင် စောင့်၍ နေရလေ၏ ။ ထိုနေ့သည်ကား စနေနေ့ဖြစ်လေ၏ ။

စောယုသည် ညနေလေးနာရီ အချိန်လောက်တွင် အင်းစိန် ရောက်လေ၏ ။ ရွှေဗျိုင်းဖြူ အိမ် အဘယ်မှာ ရှိသည်ကို မေးမြန်းစုံစမ်းရာ မည်သူမျှ သေချာစွာ မပြောနိုင်ချေ ။ ဆက်လက်ကာ မေးလေရာ ဗိုလ်တစ်ယောက်နှင့် တွေ့သဖြင့် ၎င်းဗိုလ်က စော်ဘွားကြီးကုန်းဘက်ကို သွားသောလမ်း တောင်ကမူ တစ်ခုပေါ်၌ ရှိကြောင်း ပြောသဖြင့် ဈေးဘက်မှ မြင်းရထားတစင်းကို ငှားပြီး လျှောက်သွားလေ၏ ။

မကြာမီ ညွန်လိုက်သော နေရာသို့ ရောက်သောအခါ တောင်ကုန်း တစ်ခုပေါ်တွင် ကြီးကျယ်သော ပန်းခြံကြီးနှင့် ခမ်းနားသော အိမ်တစ်အိမ်ကို တွေ့သဖြင့် စာကို ကြည့်လိုက်သောအခါ “ ရွှေဗျိုင်းဖြူအိမ် ” ဟူသော စာကို မြင်ရသဖြင့် ရထား အရပ်ခိုင်းပြီး ရထားကု,လားအား ခဏစောင့်ဖို့ မှာပြီး ခြံကြီးထဲကို ဝင်သွားလေသတည်း ။

မကြာမီ အိမ်ကြီး အတွင်းသို့ ရောက်သွားသော အခါ အစေခံကု,လားတစ်ယောက်ကို တွေ့သဖြင့် “ မတင်တင် ဆိုတာရှိသလား ” ဟုမေးရာ ကု,လားက အပေါ်ကို ပြသဖြင့် တက်သွားလေရာ အိမ်ပေါ်သို့ ရောက်လျှင်ရောက်ချင်း မူးမိုက်၍ သွားသလို ဖြစ်လေ၏ ။ အကြောင်းမူကား ကုလားထိုင်ပေါ်တွင် ကျောခိုင်းကာ ထိုင်၍နေသူသည် မိမိ ယောက်ျား မောင်ကြင် ကိုယ်တိုင် ဖြစ်၍ နေလေသတည်း ။

ထိုအခါ မိမိကိုယ်ကို များစွာ သတိထားပြီး တစ်ခုသော စားပွဲကြီးကို မီကာ မလဲအောင် အားယူကာ ရပ်၍ နေပြီးမှ သတိကောင်းစွာ ရသောအခါ မိမိကို မည်သူမျှ မမြင်ရအောင် တံခါးအကွယ်သို့ ကပ်ပြီးလျှင် အဘယ်ကဲ့ သို့သော အခြေအနေမျိုးကို မြင်ရမည့်အကြောင်းကို ဆင်ခြင်ကာ နေလေသတည်း ။ အတွင်းဘက်သို့ စီးစောင်းကြည့်လိုက်သောအခါ တဂျိတ်ဂျိတ် မြည်ကာ လှုပ်ရှား၍ နေသော ရော့ကင်းချဲယား ကုလားထိုင်တခု၏ အောက်ပိုင်းကို မြင်ရလေ၏ ။ အပေါ်ပိုင်းမှာ လိုက်ကာတစ်ခြမ်း ကွယ်၍ ထားလေ၏ ။ အောက်ပိုင်းမှ ဖြူစင်သော ခြေထောက်နှင့် ဖဲလုံချည်အဖျားကို မြင်ရလေ၏ ။

စောယုသည် ရပ်၍ နေရာမှ မိမိကိုယ်ကို ချာလပတ်လည်လျက် ဇောက်ထိုးမိုးမြှော် ဖြစ်ပြီး အိမ်ကြီးမှာ လှိုင်းကြီးသော ပင်လယ်၌ ခုတ်နှင်၍နေသော သင်္ဘောလို လှုပ်ရှားယိမ်းယိုင်၍ နေသည်ဟု မှတ်ထင်ရလေ သတည်း ။

“ ကိုကို အခုလို လာပြီး ပြန်သွားရင် ကိုကို့မိန်းမက မဆူဘူးလား ”

“ ကိုကို့မိန်းမက မဆူပါဘူး ။ သဘောကြီးပါတယ် ”

စောယုသည် သတိမလစ်အောင် သတိထားပြီး နားထောင်လေရာ ရင်ထဲ၌ သင်္ဘော ၇ စင်း ဝင်၍ခုတ် သလို လှိုင်းထ၍ နေလေ၏ ။

“ ကိုကို ၊ ဒီနာရီနဲ့ တင်တင့် လက်နဲ့ မတော်ဘူးလား ” ပြောပြီး ဖြူစင်သော လက်တစ်ဖက် ပေါ်လာလေရာ မောင်ကြင်သည် လက်ကို ကိုင်ပြီး နာရီကို ကြည့်လျက် “ ကိုကိုက တင်တင်နဲ့ တော်မှာကို မျက်စိထဲ မြင်ပြီးမှ ဝယ်လာတာပါ ” ဟု ပြောလေ၏ ။

စောယုသည် ထိုအမူအရာကို မြင်သောအခါ ရင်ညွန့်ကို ဓားနှောင့်နှင့်ဆောင့်လိုက်သလို အောင့်၍ သွားသဖြင့် မခံမရပ်နိုင်သောကြောင့် ထောင့်ကွယ်ရာမှထွက်ပြီး ခြေသံကို ကြားအောင်နင်းလျက် အခန်းမကြီး အတွင်းသို့ ဝင်၍ သွားလေရာ မောင်ကြင်သည် လှည့်ကြည့်လိုက်လေ၏ ။ စောယုကို မြင်လျှင် မြင်ချင်း ထိတ်လန့်တကြား ဖြစ်၍ သွားလေ၏ ။ အကြောင်းမူကား စောယုမှာ နတ်ပူးသလို ဖြစ်ပြီး လဲကျတော့မည် ကဲ့သို့ ယိမ်းယိုင်၍ သွားလေသတည်း ။

မောင်ကြင်သည် မလဲရအောင် ပွေ့ယူလေ၏ ။ စောယုသည် မြောမေ့၍ သွားလေ၏ ။ တင်တင် ပြေးထွက် ၍လာပြီး အဖြစ်အပျက်ကို မြင်လျှင် အခန်းတွင်းသို့ ပြန်၍ ပြေးဝင်ကာ နှာပုလင်းကို ယူလာပြီး နှာနှပ်၍ ပေးလေ၏ ။

စောယု သတိရ၍ လာသောအခါ ခုတင်ပေါ်၌ ပက်လက်နေသည်ကို သိရလေ၏ ။ မောင်ကြင် နှင့် လှပသော ယောက်ျားပျိုတစ်ယောက်သည် တစ်ဖက်စီ ညှပ်လျက် ထိုင်၍ နေကြသည်ကို မြင်ရလေ၏ ။

စောယုသည် တင်တင် ခေါ်သော မိန်းမကို မမြင်ရသဖြင့် ဦးခေါင်းကို စောင်းငဲ့ကာ ဝဲယာ ကြည့်လေ၏ ။ ထိုအခိုက်တွင် ယောက်ျားပျိုက “ နေကောင်းပလား မစောယု အားမငယ်ပါနဲ့ ။ ဒါ တင်တင့်အိမ်ပါ ” ဟု မိမိ၏ ရင်ဘတ်ကို လက်နှင့် ပုတ်၍ ပြလေရာ အံ့အားသင့်လျက် ၎င်းယောက်ျားပျိုကို ငေးကြည့်၍ နေလေ၏ ။

ထိုအခိုက်တွင် ယောက်ျားပျိုက မောင်ကြင်အား “ ကိုကို တင်တင့်မှာ ဘရန်ဒီ ရှိတယ် ။ တိုက်ရ မကောင်းဘူးလား ” ဟု မေးလေ၏ ။ စောယုက “ ကိစ္စမရှိဘူး ။ ကျွန်မ နေကောင်းပါပြီ ”

ကြင် ။  ။ “ မင်း ဘယ့်နှယ် ရောက်လာတာလဲ ” 

စောယုသည် စာကို အင်္ကျီအိတ်ထဲမှ ထုတ်၍ ပေးလေ၏ ။

မောင်ကြင်သည် စာကို ရလျှင်ရခြင်း ရယ်မောလေ၏ ။

တင်တင် ခေါ်သော ယောက်ျားပျိုက ချစ်ခင်သနားသော အမူအရာနှင့် ပြုံးရယ်လျက် “ ဪဒါကိုး ။ ကိုကိုနဲ့ တင်တင်က ကျောင်းနေဖက်ပါ ။ အင်မတန် ချစ်ပါတယ် ။ ကိုကိုက တင်တင့် အချစ်တော်ပါ ။ တင်တင်က သူများ ယောက်ျားကို မခိုးတတ်ပါဘူး ။ စိတ်မပူပါနဲ့ ။ ချစ်ရုံ ချစ်တာပါ ။ တင်တင့် အပေါ်မှာ ဘယ်လိုမှ မအောက်မေ့နဲ့ နော် ။ သူတော်ကောင်းကို မကောင်း မထင်ကောင်းဘူး ” ဟု ကနွဲ့ကရ မိန်းမတို့ အမူအရာနှင့် ပြောကာမှ စောယု၏ စိတ်၌ ၎င်း တင်တင် ဆိုသူသည် ကျောင်းသားဘဝက မောင်ကြင် နှင့် ချစ်ခဲ့၍ အချစ်တော် ဖြစ်ခဲ့ပြီးနောက် ဆက်လက်ကာ မိန်းမ စိတ်ပေါက်၍ နေသော ယောက်ျားကလေးဖြစ်ကြောင်း သိရသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြုံးရယ်လျက် “ ကျွန်မ အပြစ်မဟုတ်ပါဘူး ။ သူ့ အပြစ်ပါ ” ဟု မောင်ကြင်ကို မေးငေါ့၍ပြကာ ပြောပြီး “ တကယ်ဆိုတော့ ဒီလို ချစ်တဲ့ မိတ်ဆွေ တစ်ယောက်ရှိတာကို ကျွန်မ အသိပေးဖို့ တော်တယ် မဟုတ်လား ။ အခုတော့ ကျွန်မ ဘာမှ မသိရဘူး ။ ကျွန်မကို အရူးဖြစ်အောင် တမင်လုပ်တာပဲ ” ဟု ဆံပင်ကို ပြင်၍ ပတ်ရစ်ရင်း မောင်ကြင်ကို မျက်စောင်းထိုးကာ ပြောလေ၏ ။

▢  ပီမိုးနင်း
📖 ဗန္ဓုလဂျာနယ်
      အောက်တိုဘာ ၁၀ ၊ ၁၉၂၇

No comments:

Post a Comment