Wednesday, February 4, 2026

အလယ်ကလူ စကားဝဲ၏

 

❝ အလယ်ကလူ စကားဝဲ၏ ❞ 
              ( ခြိမ့်သဲ )

ချင်းတွင်းမြစ်သည် ငြိမ့်ညောင်းညင်သာ စီးဆင်း လျက်ရှိသည် ။ အထက်ချင်းတွင်းမြို့လေးတွင် မွေးဖွားခဲ့သော ကျွန်တော့်အဖို့ ချင်းတွင်းမြစ်သည် ငယ်ပေါင်းကြီးဖော်လို ဖြစ်၍ နေပေသည် ။

ချင်းတွင်းမြစ်ကို စုန်ချည်တစ်ခါ ဆန်ချည် တစ်လှည့် အပြန်ပြန်အလှန်လှန် သွားလာဖူးသည် ။ ထို့ကြောင့် ချင်းတွင်းမြစ်၏ အတိမ်အနက်ကို အထင်ဖြင့်ပင် အမြင်နီးပါးမျှ ခန့်မှန်းနိုင်သည် ။ ဘယ်နေရာ စည်း ၊ ဘယ်နေရာ သောင် ၊ ဘယ်နေရာ ကျောက်ဆောင် ၊ ဘယ်နေရာ ဇလုတ်ဝဲ ၊ ဘယ်နေရာ ကမ်း ၊ ဘယ်နေရာ လမ်း ။ သင်္ဘောက သူ့ရက်နှင့် သူလာသည် ။ သင်္ဘော မလာသော ကြားရက်များတွင် မော်တော်တစ်စီး မဟုတ် တစ်စီး ရှိနေတတ်သည် ။ မော်တော် က သင်္ဘော လောက်တော့ မမြန် ၊ အချိန်လည်း မမှန် ။ ကြားရက်တွင် အရေးတကြီး သွားစရာရှိတော့လည်း မော်တော်ကိုပဲ အားကိုးရတာပေါ့ ။ ခရီးက ညအိပ်ညနေ သွားရသည် ။ ညရောက်လျှင် ရောက်ရာ ဆိပ်ကမ်း ကပ်ပြီး ညအိပ် ရပ်နားရသည် ။ ခရီးသည်တွေကတော့ ကျောတစ်ခင်းစာစီ ယှဉ်တွဲ အိပ်ကြရသည် ။ ခရီးသွားတွေချင်း ဆိုတော့ ရင်းနှီးလွယ်သည် ။ မော်တော်ဝမ်းခေါင်းတွင် ကုန်ပစ္စည်းတွေ တင်ဆောင်လာသည် ။ ကုန်းပတ်ပေါ်တွင် အမျိုးသမီး ခရီးသည်တွေကို နေရာချထားသည် ။ အမျိုးသမီး ခရီးသည်တွေ အထက်စင်ရိုက်ထားပြီး ထိုစင်များပေါ်တွင် အမျိုးသားခရီးသည်တွေကို နေရာပေးသည် ။ အထက်ချင်းတွင်းမှ မုံရွာမြို့အရောက် နှစ်ညအိပ် ၊ သုံးညအိပ် ကြုံသလို ၊ ဆုံသလို သွားလာရတော့ ခရီးသည် အချင်းချင်း သွားအတူ ၊ စားအတူ ၊ နေအတူ ၊ ထိုင်အတူ ၊ အိပ်အတူမို့ မိတ်ဆွေရင်းချာ ဖြစ်ကြရသည် ။

“ ကိုကြီးနား ကျွန်တော် နေမယ်နော် ”

ယောက်ျားမဆန်ဘဲ ပျောင်းနွဲ့သော မူဟန်ဖြင့် ကောင်လေးတစ်ယောက် ကျွန်တော့် ဘေးနားတွင် နေရာဝင်ယူသည် ။ သူ့ပုံပန်းက ယောက်ျားသားလို ကျားကျားလျားလျား မနေ ။ မိန်းမသားလို နုနွဲ့နေသည် ။ စောစောက ကျွန်တော့်ဘေးချင်းကပ်လျက် ခရီးသည်က သည်ဆိပ်ကမ်းရောက်တော့ ဆင်းသွား သဖြင့် နေရာလပ်တွင် ထိုကောင်လေး ရောက်ရှိလာ ခြင်းဖြစ်သည် ။

“ ကိုကြီးက မုံရွာအထိလား ”

“ ဟုတ်ပါတယ် ”

“ ဒါဆို အတော်ပဲ ၊ သန့်လည်း မုံရွာကို လိုက်မှာ ။ စကားပြောဖော် ရတာပေါ့ ”

မုံရွာအရောက် သွားရမည့် ခရီးမို့ သည်ကောင်လေးနှင့် ညအိပ်ညနေသွားရမှာ ဒုက္ခပါပဲဟု တွေးနေမိသည် ။

“ မောင်လေး နေရာရရဲ့လား ”

ကောင်လေး၏ အစ်မဖြစ်ဟန်တူသူက ဆိပ်ကမ်းပေါ်မှ လှမ်းမေးသည် ။ ကောင်လေး၏ အစ်မမှာ အချိုးအဆစ် ပြေပြစ်လှပသောကြောင့် မော်တော်ပေါ်က ခရီးသည်အားလုံးလိုလို ငေးကြည့်ရလောက်အောင် ဆွဲဆောင်မှုရှိနေသည် ။

“ နေရာရတယ် ။ ဟောဒီ ကိုကြီးနားမှာ ။ ကိုကြီး ဒါ သန့်ရဲ့ မမငယ်လေ ။ မမကြီးနဲ့ မမလတ်က လိုက်မပို့အားလို့ မမငယ်ပဲ လိုက်ပို့ရတာ ”

ကောင်လေးက သူ့အစ်မကို လှမ်းပြောရင်း ကျွန်တော့်ကို မိတ်ဆက်စကား ဆိုနေပြန်သည် ။ မကောင်းတတ်၍ လူမှုရေးပြုံးလေးတော့ ပြုံးပြလိုက်မိသည် ။

“ မောင်လေးက ဘယ်ခရီးမှ ထွက်ဖူးတာ မဟုတ်ဘူး ။ လမ်းမှာ ဂရုစိုက်ပေးပါ ။ မုံရွာ ရောက်ရင်တော့ ဆိပ်ကမ်းမှာ ကြိုခိုင်းထားပါတယ် ။ ကိုကြီးကို အပ်ပါတယ် ၊ အားကိုးပါရစေ ”

ကောင်လေး အခေါ်အဝေါ်အတိုင်း ကျွန်တော့်ကို ကိုကြီးဟူ၍ ခေါ်နေသည် ။ ခရီးသည်တွေကတော့ ကောင်လေး၏ အစ်မကို တစ်လှည့် ကျွန်တော့်ကို တစ်လှည့် တကြည့်ကြည့် လုပ်နေ၍ မျက်နှာပူလှသည် ။ ဘာတတ်နိုင်မှာတဲ့လဲ ။ စိတ်ချဖို့နှင့် စောင့်ရှောက်သွားပါ့မယ့်အကြောင်း ပြောလိုက်ရတာပေါ့ ။

မော်တော်ထွက်လာချိန်အထိ ရုပ်ရှင်ရိုက်ကွင်းထဲက မင်းသား မင်းသမီးတွေလို ဝိုင်းအကြည့်ခံရပေမယ့် မော်တော်လည်း ထွက်လာရော လက်ကလေး တပြပြနှင့် ဝေးကျန်ခဲ့သည့် ကောင်မလေးလောက် ကျွန်တော်တို့အပေါ် စိတ်ဝင်စားမှု မရှိတော့ပါဘူး ။ သည်တော့မှပဲ နေသာထိုင်သာ ရှိလာသည် ။

“ ကိုကြီးနဲ့သန့် နေရာလေး လဲပေးပါ ”

ကောင်လေးက သူ့ကိုယ်သူ သန့် ဟု ဆိုသည် ။

“ သန့်ဘေးက ကောင်လေးပုံစံကို မကြိုက်လို့ ”

ကျွန်တော်က ဆလင်ခန်းနှင့် ကပ်လျက်နေရာ ယူထားတာဆိုတော့ ညာဘက်မှာ နံရံပဲရှိသည် ။ ကောင်လေးက ကျွန်တော့်ဘယ်ဘက်မှာ ရှိသည် ။ ကောင်လေး ဘယ်ဘက်တွင် ပြောင်ပြောင်နောက်နောက် ပျော်တတ်ပုံရသော ကောင်လေးတစ်ယောက် ရှိနေသည် ။ ဘယ်တတ်နိုင်ပါ့မလဲ ၊ စောင့်ရှောက်ပါ့မယ်လို့ တာဝန်ယူထားတော့ နေရာလဲပေးလိုက်ရုံပဲ ရှိတာပေါ့ ။ ခုတော့ ကျွန်တော့် ညာဘက်မှာ နံရံအစား ခပ်နုနု ညုတုတုကောင်လေး ရှိသည် ။ ကျွန်တော့် ဘယ်ဘက်မှာ ခပ်ပျော်ပျော် ပြောင်ချော်ချော် ကောင်လေးရှိသည် ။ ကောင်လေးနှစ်ယောက်ကြား နေရတာ မို့ ကျွဲနှစ်ကောင်ခတ်တဲ့ ကြားက မြေစာပင်လို ဖြစ်နေပြီလား မပြောတတ်ပါ ။

“ ကိုကြီး ဗိုက်ဆာရင် ပြောနော် ၊ သန့်မှာ မုန့်မျိုးစုံပါလာတယ် ”

သူ့ခေါင်းရင်းက ကြိမ်ခြင်းထဲတွင် စားသောက်ဖွယ်ရာမျိုးစုံ ပါလာပုံရပါသည် ။

“ ဗိုက်ဆာလိုက်တာ ”

ကျွန်တော့်ဘယ်ဘက်ကောင်လေးက နောက်သလို ၊ ပြောင်သလိုပြောလာသည် ။

“ ဒီက စတုဒီသာ အလှူကြီးပေးနေတာ မဟုတ်ဘူး ”

ဟူ၍ တစ်ယောက်က အငေါ်တူးလေသည် ။

“ ကိုကြီး ၊ ဘီယာသောက်ချင်ရင် ပြောနော် ။ ကျွန်တော့်မှာ ဘီယာတစ်ဖာ ပါလာတယ် ”

ကျွန်တော့် ဘယ်ဘက်ကောင်လေးက အားကျမခံ ဘီယာနှင့် ဆွယ်လာသည် ။ ကျွန်တော်ကလည်း ဘီယာဘက် ခပ်ပါပါ ။

“ တို့ကိုကြီးက ဘီယာသောက်တဲ့လူစား မဟုတ်ဘူး ”

ညာဘက်က ကောင်လေး၏ ကန့်ကွက်စကားကြောင့် ဘီယာသောက်လိုသောဆန္ဒကို ချုပ်တည်းလိုက်ရသည် ။

“ သောက်သောက်စားစား လူမင်းသားတဲ့ ။ မသောက်မစား လူ့ငနွားတဲ့ ။ ကြားဖူးတယ် မဟုတ်လား ။ ကိုကြီးက လူမင်းသားကွ ။ လူ့ငနွား မဟုတ်ဘူး ”

မခက်ပေဘူးလား ။ မသောက်ဘဲနေတာ နွားပဲပေါ့ ။

“ ဟဲ့ စားသောက်ဆိုင်တွေက ပေါက်တတ်က ရရေးထားတဲ့ စာကို အကောင်း မှတ်မနေနဲ့ ။ တို့ကိုကြီးက ငါးပါးသီလ လုံခြုံပြီးသား ”

“ ငါးပါးသီလထဲမှာ ဘီယာ မသောက်ရလို့ မပါဘူး ”

“ ဘာလို့ မပါရမှာလဲ ၊ သုရာမေရယမဇ္ဇပမာဒ ဋ္ဌာနာ ဝေရမဏိ ဆိုတဲ့ သိက္ခာပုဒ်ကို သောက်သောက်စားစား လူ့ငနွားက ဘယ်သိပါ့မလဲ ”

“ ဘီယာဟာ အရက်မဟုတ်ဘူးဆိုတာ သိရဲ့လား ၊ မသောက်မစား လူ့ငနွားရဲ့ ”

“ မူးယစ်တာတွေ မှန်သမျှ သူရာရည်တွေချည်းပဲ ဆိုတာ မသိဘူးလား မိစ္ဆာဒိဋ္ဌိရဲ့ ”

“ ကဲ ကဲ တော်ကြ တော်ကြ ။ ဒီက ညီလေး ဆီကလည်း ဘာမုန့်မှ မစားချင်ဘူး ။ ဟောဒီ ညီလေး ဆီက ဘီယာလည်း မသောက်ချင်ဘူး ”

ကျွန်တော့်ဘေး ဘယ်ညာက ကောင်လေး နှစ်ယောက်၏ ခွန်းတုံ့မခံ တစ်ပြန်တစ်လဲ ပြောကြဆို ကြတာတွေကို ကျွန်တော်သာ မဟန့်တားလျှင် သူတို့ စကားတွေ ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မည် မသိ ။

••••• ••••• •••••

“ သန့်လက်ကို ဆိတ်တယ် ”

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ ဖျတ်ခနဲ လန့်နိုးလာသည် ။

“ ဟဲ့ ဘာဖြစ်ကြတာလဲ ”

“ သန့်လက်ကို ဟိုသေချင်းဆိုးက ဆိတ်တယ် ”

“ မဖြစ်နိုင်တာ ၊ ကိုကြီးတစ်ယောက်လုံး ကြားထဲ ရှိနေတာပဲ ။ ကိုကြီးကို ကျော်ပြီး ဘယ်လို ဆိတ်နိုင်မှာလဲ ”

“ သန့်က တစ်ယောက်ယောက်ကို ဖက်ပြီးမှ အိပ်ပျော်တာ ။ ဒါကို ဟိုသေချင်းဆိုးက မနာလိုတိုရှည် မစ္ဆရိယစိတ်နဲ့ သန့်ကို ဆိတ်တာ ”

မြတ်စွာဘုရား ၊ ကျွန်တော်က အိပ်မိလျှင် အသေကောင်လို ဘာဆိုဘာမှ သိတာမဟုတ်ဘူး ။ သန့် ဆိုသော ကောင်လေးက ယောက်ျားစိတ်မှ ဟုတ် သေးရဲ့လားမသိ ။ ကျွန်တော် အိပ်ပျော်နေတုန်း ရိုး ရိုးဖက်အိပ်တာမှ ဟုတ်ပါလေစ ။

“ ငါက မစ္ဆရိယစိတ်နဲ့ ဆိတ်တာ မဟုတ်ဘူး ။ ကိုကြီးကို ကျော်ပြီး နင့်လက်က ငါ့ဆီ ရောက်တယ် ”

“ နင့်ကိုယ်ကို ထိမယ့်အစား ခွေးသေကောင်ပုပ်ကိုမှ ထိလိုက်ချင်သေးတယ် ”

“ ဟင်း မသိရင်ခက်မယ် ။ ကိုကြီး တစ်ယောက်လုံး ကြားခံနေလို့သာ တော်တော့တယ် ။ ကိုကြီးသာ မရှိရင် ငါ့တစ်ကိုယ်လုံး နင် ဖက်ထားလို့ အသက်တောင် ရှူလို့ရမှာ မဟုတ်ဘူး ”

“ ဘီယာစော်နံနေတဲ့ နင့်လိုအကောင်ပုပ်ကို ဖက်မတဲ့လား ။ မသေခင်က ပုပ်နေတဲ့ကောင်စုတ် ”

“ ဟဲ့ အိပ်နေကြတဲ့ လူတွေကို အားနာကြဦး ။ အိပ်ချိန်လေးမှာ ကောင်းကောင်းအိပ်ပါရစေ ။ နေ့လည်း တကျက်ကျက် ၊ ညလည်း တကျက်ကျက်နဲ့ မုံရွာ ရောက်မှ လက်ဝှေ့ကြိုးဝိုင်းထဲ အလဲအကွဲ ထိုးချင် ထိုးကြ ”

“ သူ့လောက်တော့ လက်သီးတစ်ချက်နဲ့ ပွဲသိမ်းပါတယ် ”

“ နင့်လို ဘီယာသမားလောက်ကတော့ လက်သီးနဲ့တောင် ထိုးစရာမလိုဘူး ”

“ နင် မယုတ်မာနဲ့နော် ။ လက်သီးနဲ့ မထိုး ဘာနဲ့ ထိုးမှာလဲ ”

“ ခြေနဲ့ ကန်မှာပေါ့ဟဲ့ ။ နင်က ဘယ်လိုထင်လို့လဲ ”

“ တော်ကြပါတော့ကွာ ။ ပြောလေကဲလေ ၊ တကယ်လည်း လက်ဝှေ့ကြိုးဝိုင်းထဲ ထိုးရဲတဲ့ သတ္တိ မရှိဘဲနဲ့များ လေနဲ့ ထိုးလိုက်တာများ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ကျော်ကိုတောင် အလဲထိုးမယ့်ပုံပဲ ။ ကဲ ... တော်ကြတော့ ဆင်ဖမ်းမယ် ၊ ကျားဖမ်းမယ်နဲ့ ပြောလို့ ဆုံးမှာ မဟုတ်ဘူး ”

ဟူး ... စိတ်ပျက်စရာကောင်းလိုက်တာ ။ နေ့လည်း ကောင်းကောင်းမနေရ ၊ ညလည်း ကောင်းကောင်း မအိပ်ရ ။ အခြားသူတွေက မဆိုင်သလို နေနိုင်ပေမယ့် ကျွန်တော်က ကြားလူဆိုတော့ နင်တော် နင်တန် ပန်းကန်ကွဲ ဆိုတာလို ဟိုကောင်လေးကို မာန်လိုက် ၊ ဒီကောင်လေးကို မဲလိုက် လုပ်နေရသည် ။

••••• ••••• •••••

“ မော်တော် ဆက်မစုန်တော့ဘူးလား ”

မုံရွာနှင့် နီးတော့မှ ကျောက်မှော်ရွာမှာ ကုန်ပစ္စည်းချစရာရှိ၍ မော်တော်ကို ကျောက်ဆူးချပြီး ညအိပ်ဖို့ ပြင်သည် ။ ညနေ ၃ နာရီ အချိန်ကောင်းပဲ ရှိသေးသည် ။

“ ကုန်ပစ္စည်းချစရာ များလို့ တစ်ညလောက်တော့ သည်းခံပေးပါ ဆရာသမား ”

ဟိုနှစ်ကောင်ကြောင့် ညည ပြဿနာတက်ရသည် ။ သည်တစ်ညသာ ဆက်အိပ်ရမည် ဆိုလျှင် သက်သာစရာ အကြောင်း မမြင် ။

“ မုံရွာကို ပဲ့ထောင်ငှားလို့ မရဘူးလား ”

ကျောက်မှော်နှင့် မုံရွာက သိပ်မဝေးလှ ။ ပဲ့ထောင်လိုင်းလှေများ ပြေးဆွဲလေ့ရှိသည်ကို သိ၍ မော်တော်သမားအား မေးမိသည် ။

“ ခုချိန်ဆို မုံရွာအပြန်လှေပဲ ရှိတော့မယ် ။ အသွားလှေတော့ ရှိမယ်မထင်ဘူး ။ ဒီလိုလုပ်ပါလား ။ အလုံကို ပြေးတဲ့ ပဲ့ထောင်တွေ ရှိလောက်တယ် ။ အလုံ ဘောင်ဆိပ်သာမှာ အလုံနဲ့ မုံရွာပြေးတဲ့ လိုင်းကားရှိတယ် ။ ပဲ့ထောင်လှေ ခေါ်ပေးမယ်လေ ။ လိုက်မယ့် ခရီးသည်တွေ အသင့်ပြင်ထားပါ ”

ဝဋ်ဆိုတာ ကျွတ်ချိန်တန်တော့လည်း ကျွတ်တာပဲဟု အောက်မေ့၍ အထုပ်အပိုးကို ပြင်ဆင်နေမိသည် ။ ကျွန်တော့်ပစ္စည်းတွေ သိမ်းနေစဉ် ညာဘက်ကောင်လေးရော ဘယ်ဘက်ကောင်လေးပါ ပစ္စည်းတွေ သိမ်းနေသည်ကို တွေ့ရသည် ။

“ မင်းတို့က ပစ္စည်းတွေ သိမ်းလို့ပါလား ။ မော်တော်မှာ ဆက်မနေတော့ဘူးလား ။ ပဲ့ထောင်နဲ့ လိုက်လို့ကတော့ ရေတစ်တန် ၊ ကုန်းတစ်တန် သွားရမှာနော် ”

“ ကိုကြီးနဲ့သာ ဆိုရင် သေအတူ ရှင်မကွာပဲ ”

“ ကျွန်တော်လည်း ကိုကြီးနဲ့ မခွဲမခွာလိုက်မယ် ”

“ မပြေတဲ့ ဝဋ်ကြွေးလို ဖြစ်နေပါရောလား ။ ဒုက္ခပါပဲ ၊ ပဲ့ထောင်ပေါ်တော့ ကလန်ကဆန် မလုပ်ကြနဲ့ဟေ့ ၊ ခရီးသည်တွေ ရေကူးနေရဦးမယ် ။ ဒီလိုလုပ် ဒီညီလေးက ပဲ့ထောင်ဦးပိုင်းမှာ နေ ၊ ဒီညီလေးက ပဲ့ပိုင်းမှာ နေရမယ် ။ ဒီအစီအစဉ်ကို မကြိုက်ရင် မလိုက်ခဲ့နဲ့ ” 

“ ကိုကြီးနဲ့သာ ဆိုရင် ဘယ်နား လိုက်ရလိုက်ရပါ ”

“ ကျွန်တော်လည်း ကိုကြီး အနားမှာပဲ လိုက်မယ် ”

ကတ်ဖဲ့၍ သူတစ်ပြန် ကိုယ်တစ်လှည့်ဆိုလာကြပြန်သည် ။

“ မင်းတို့ နှစ်ယောက်လုံးနဲ့ နီးနီး မနေဘူး ။ ငါက လှေအလယ်ပိုင်းမှာပဲ နေမယ် ။ မင်းတို့နဲ့ ဝေးလေ ကောင်းလေပဲ ။ ဒီအစီအစဉ် မကြိုက်ရင် မော်တော်မှာပဲ နေရစ်ခဲ့ ”

ခုလိုဆိုတော့လည်း သူတို့နှစ်ယောက် အသံ တိတ်သွားသည် ။ ပဲ့ထောင်ရောက်လာတော့ ထိုအစီအစဉ်အတိုင်း လိုက်ပါကြသည်မို့ နားအေးပါးအေး လိုက်လာရသည် ။ အလုံမုံရွာလိုင်းကားပေါ် ရောက်တော့ ကျွန်တော့်ဘေး ဘယ်ညာ ဒုံရင်း ဒုံရင်း လိုက်ပါလာကြပြန်တော့သည် ။ အလုံမုံရွာ လိုင်းကားဒိုင်နာတွေက အလျားလိုက် ဘေးခုံတန်းတွေသာ ရှိသည် ။

“ မုံရွာလည်း ရောက်တော့မယ် ။ တကျက်ကျက် ဖြစ်မနေကြနဲ့ ။ နောင်တွေ့ ချင်ပါတယ် ဆိုရင်တောင် တွေ့ဖို့ လွယ်မှာ မဟုတ်တော့ဘူး ။ တွေ့ကြတုန်း ချစ်ချစ်ခင်ခင် နေကြစမ်းပါ ”

“ စိတ်ချပါ ကိုကြီးရာ ၊ သန့်ကို ကျွန်တော်က ညီလေးအရင်းလို ချစ်ပါတယ် ။ မယုံမရှိနဲ့ ယောက်ဖရေ ”

“ ဟင်း အနူလက်နဲ့ ရွှေခွက်ကို နှိုက်ချင်လို့ဘယ်ရမှာလဲ ”

“ မင်းအစ်မကို တစ်သက်လုံး သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမှာပါ ရွှေယောက်ဖအကောင်းစားလေးရာ ”

“ မတန်မရာ လာမပြောနဲ့ ခွေ း သားရဲ့ ”

“ ကဲ ကဲ တော်ကြတော့ ၊ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်လိမ့်မယ် ။ တော်ကြတော့ ၊ ကျန်တဲ့ ခရီးသည်တွေကို အားနာပါဦး ”

အလုံနှင့် မုံရွာက ၇ မိုင်လောက်သာ ဝေးပါသည် ။ ဤခရီးမျှနှင့်ပင် ကတောက်ကဆ ဖြစ်မိအောင် ဖြစ်သေးသည် ။ မုံရွာဇရပ်ဝိုင်း ရောက်၍ ဟိုကောင်လေး ဆင်းသွားတော့မှ အေးငြိမ်းသွားရသည် ။

“ သွားမယ် ရွှေယောက်ဖ ။ မင်းမမကို မကြာခင် ပြန်လာမယ်လို့ ပြောလိုက်ပါ ”

ဟူ၍ ထွက်ခတ် ခတ်သွားသေးသည် ။

“ သေချင်းဆိုး ၊ မသာလောင်း ၊ သင်္ချိုင်းကိုပဲသွား ” ဟူ၍ တစ်သီကြီး ကျိန်ဆဲလို့ မဆုံးနိုင်အောင်ရှိတော့သည် ။

“ မင်းကို လာကြိုမှာက မော်တော်ဆိပ်မှာ ခု တလွဲတချော်တွေ ဖြစ်ကုန်ပြီ ။ မင်း ဘယ်ကို သွားမှာလဲ ”

ကားထွက်လာတော့ မေးမိသည် ။

“ ရှောက်ခါးရပ်ကွက်ကို သွားရမှာ ”

“ စောစောက ဇရပ်ဝိုင်းမှာ ဆင်းရင် လမ်းသင့်တယ် ။ ဘာဖြစ်လို့ မဆင်းတာလဲ ”

“ ဇရပ်ဝိုင်းမှာ ဆင်းရမှန်း သိသားပဲ ။ ဟိုကောင်နဲ့ တစ်မှတ်တိုင်တည်း အတူမဆင်းချင်လို့ ဆက်လိုက်လာတာ ”

ကျွန်တော့်ဘေး ဘယ်ညာက ကောင်လေးနှစ်ယောက်၏ အထစ်အငေါ့ ပြဿနာအပေါ့စားလေးကိုပင် ပြေလည်အောင် မညှိနှိုင်းနိုင်ပါလားဟု ကျွန်တော့်ကိုယ် ကျွန်တော် ပြန်လည်ဆန်းစစ်နေမိပါသည် ။

▢  ခြိမ့်သဲ
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၁ ၊ မတ်

No comments:

Post a Comment