Friday, February 20, 2026

အဒေါ့်သားပါ သမီး

 

❝ အဒေါ့်သားပါ သမီး ❞
          ( ပီမိုးနင်း )

မခင်ရီသည် လေးလံသောစိတ်နှင့် မျှော်၍နေ၏ ။ ဧကန် စာတော့ ပြန်ရမှာပဲ ။ ဒီတစ်ခါ ချော်ရင် “ ငါ တော်တော်နဲ့ နေရာကျမှာ မဟုတ်ဘူး ” ဟု တွေးကာ မိမိအရီး၏ အိမ်ဝရန်တာမှ လမ်းဘက်ကို မျှော်၍ နေလေ၏ ။ စာပို့ကု,လားတစ်ယောက် ဝင်လာသည်ကို မြင်လေလျှင် အားရဝမ်းသာနှင့် ကြောင့်ကြရင်း ရောပြွမ်းကာ တထိတ်ထိတ်နှင့် တံခါးကို ပြေး၍ ဖွင့်လေ၏ ။ စာပို့ကု,လားပေးသော စာကို ကြည့်လိုက်သောအခါ မိမိ၏ နာမည်ကို တွေ့ရသဖြင့် အတိုင်းမသိ အားရလျက် စာကို ဖောက်၍ ကြည့်လေရာ စက်သူဌေးကတော် ဒေါ်မြင့်က နက်ဖြန်ခါည အရောက်လာရန် မှာသော စာ ဖြစ်သည်ကို တွေ့ရလေသတည်း ။

မခင်ရီသည် ရန်ကုန်မြို့ရှိ မိမိ အရီးအိမ်မှာ တည်းခိုရင်း အလုပ်အကိုင်ရှာ၍ နေသည်မှာ တစ်လခန့် ကြာလေ၏ ။ ဆရာဖြစ်တန်းနှင့် အင်္ဂလိပ်စာ ဆယ်တန်း အောင်သဖြင့် စက်သူဌေးကတော်ကြီး ဒေါ်မြင့် မှာ မြေး မိန်းကလေး နှစ်ယောက်ကို ပညာသင်ပေးရန် ဆရာမ တစ်ယောက် အလိုရှိသည်ဟု သတင်းကြားသဖြင့် လျှောက်လိုက်သည်မှာ သုံးရက်ခန့် ကြာခဲ့လေ၏ ။ မခင်ရီမှာ မိဘ မရှိ ၊ အင်္ဂလိပ်ကျောင်းများမှာလည်း ကောင်းစွာ မကျန်းမာသဖြင့် အလုပ်မလုပ်နိုင်သောကြောင့် သက်သက်သာသာ အိမ်ကောင်းယာကောင်း တစ်ခုခုမှာ လုပ်ရလျှင် ကောင်းရဲ့ဟု စိတ်အကြံရပြီး လျှောက်လိုက်ခြင်း ဖြစ်လေ၏ ။

ဆေးပေါ့လိပ်လိပ်ရင်း ကလေးကို ပုခက်လွှဲ၍ နေသော အရီးထံ ပြေးပြီး “ အရီး ကျွန်မ အလုပ်ရပြီ ၊ နေရာကျပြီ ” ဟု ပြောလေ၏ ။

“ ဘယ်မှာလဲ ညည်း စာရေးလိုက်တဲ့ စက်သူဌေးကတော်ဆီမှာပဲလား ”

“ ဟုတ်တယ် အရီးရဲ့ ၊ ဟောဒီမှာ စာရောက်လာတယ် ”

“ အေးအေး ကောင်းတယ် ၊ ဒီသူဌေးကတော်ကြီးဟာ အင်မတန် စိတ်ကောင်းတယ်လို့ ပြောတယ် ။ အင်မတန်လည်း ချမ်းသာတယ် ။ သူ့စိန်သေတ္တာကို မြှုပ်ပြီး အဲဒီ သေတ္တာထဲမှာ စိန်သေတ္တာကို ထားသတဲ့ ။ သူ့စိန်သေတ္တာ ထဲက စိန်တစ်လုံး ၊ နှစ်လုံးရရင် ချမ်းသာလောက်တာပဲ ”

“ ဟုတ်တယ် အရီးရဲ့ ၊ ကျွန်မလည်း ကြားဖူးတယ် ။ နို့ပေမဲ့ ကျွန်မ အလုပ်ရတာ ဝမ်းသာပါပြီ ။ စိတ်သဘော ကောင်းရင် တော်ပါပြီ ”

“ ကောင်းအားကြီးလို့ ညည်းကို သမီးတောင် လုပ်ထားလိမ့်ဦးမယ် ။ ညည်းလို ချောချောလှလှကလေးဆိုရင် ဘာပြောစရာ ရှိမလဲ ။ ကလေးတွေကိုသာ ကောင်းကောင်း ဂရုစိုက်ပြီးကြည့် ။ အေး .. ညည်း နေရာကျပြီ ။ သူ့မှာ သားယောက်ျား မရှိဘူး ။ အခု ကလေးနှစ်ယောက်ဆိုတာ သေသွားတဲ့ သမီးတစ်ယောက်က ကျန်ရစ်တာ ။ လူတစ်ယောက်တော့ ရှိတယ် ။ သားအရင်းလို ထားတာတဲ့ ။ စက်မှာ သူပဲ ကြီးကြပ်စီမံနေတာပဲ ။ အဘိုးကြီး ကတော့ ကောင်းကောင်းကြီး အလုပ်ကို မလုပ်နိုင်ရှာဘူး ”

သို့ဖြစ်သောကြောင့် နောက်တစ်နေ့ စာ၌ ပါသော အညွှန်းအတိုင်း အင်းစိန်မြို့အနီး သားနားသော အိမ်ကြီး တစ်ခုဘက်သို့ လော်ရီတစ်စီးနှင့် လိုက်ပါ၍ သွားလေ၏ ။

လော်ရီပေါ်မှ ဆင်းပြီး ခြံစောင့်သမားနှင့် တူသော လူနှစ်ယောက်အား “ ဒါ စက်သူဌေးအိမ်ခြံ မဟုတ်လား ” ဟု မေးလေ၏ ။

“ ဟုတ်ကဲ့ ၊ အဲဒီတံတားကလေးက ကူးပြီး မြောက်ဘက်သွားတဲ့ လမ်းကိုလိုက် ” အိမ်ဆင်ဝင်ကို ထိရောက်မှပဲ ဘယ်သူမှတော့ မရှိဘူး ။ “ တစ်အိမ်သားလုံး မော်တော်ကားနဲ့ ထွက်သွားကြတယ် ” ဟု ပြောလေ၏ ။

ထိုအခါ ည ၇ နာရီအချိန်ခန့် ရှိလေ၏ ။ မိုးသည် လမ်းတစ်လျှောက်လုံး ရွာ၍လာရာ မရပ်မစဲ တဖွဲဖွဲကျ၍ နေလေ၏ ။

အတန်ငယ် သွားမိလတ်သော် အိမ်ကြီး၏ တရုတ်ကတ်ကြား ပြတင်းပေါက် သံတိုင်အကြားမှ ထွက်သော မီးရောင်သည် မိုးရေထဲတွင် ခပ်မှိန်မှိန်ကလေး မြင်ရလေ၏ ။

အိမ်ရှေ့ခန်းသို့ ရောက်လျှင် တရုတ်ကတ်အကြားမှ အတွင်းသို့ ကြည့်လိုက်သောအခါ ထွန်းထားသော မီးအိမ်ကြီးကို တွေ့ရလေ၏ ။ လူတစ်ယောက်မှ မမြင်ရ ။ အသံကိုလည်း မကြားရချေ ။

အပြင်မှ နေ၍ တံခါးကို ခေါက်လေ၏ ။ မည်သူမျှ လာ၍ ဖွင့်မပေးချေ ။ မိုးရေတို့သည် ရွှဲစိုလျက် နားထင်မှ လည်ပင်းသို့ စီးဆင်းလေ၏ ။ ဘေးမှ လေတိုက်၍ ပက်သော မိုးရေသည် မျက်နှာကို လာ၍ ထိလေ၏ ။

ထို့နောက် နံဘေးသို့ ကြည့်လိုက်သောအခါ အမိုးကလေးနှင့် ပြတင်းပေါက်တစ်ပေါက်ကို ပိုမြင်လေ၏ ။ ထိုနေရာသို့ ကပျာကယာ ပြေးသွား ၊ အတွင်းကို ကြည့်လိုက်သောအခါ သားနားစွာ ဝတ်ထားသော ဘိုကေယောက်ျားတစ်ယောက် ၊ မီးအိမ်အနီးတွင် မတ်တတ်ရပ်ကာ လက်ထဲ၌ တစ်စုံတစ်ရာကို ကြည့်၍ နေသည်ကို မြင်ရလေ၏ ။

တံခါးနားသို့ ကပ်ပြီး “ ကျွန်မ အထဲကို ဝင်ပါရစေ ၊ မိုးတွေ စိုလို့ ရွှဲနေပြီ ” ဟု ပြောလေ၏ ။

ယောက်ျားပျိုသည် ထိတ်လန့်တကြား မော်ကြည့်ကာ တစ်အောင့်ကလေး စဉ်းစားပြီး “ ခင်ဗျား ဘယ်ကလဲ ၊ ဘယ်သူလဲ ” ဟု မေးလေ၏ ။

“ ကျွန်မ အိမ်ကို လာတာပဲ ဖွင့်စမ်းပါရှင် ။ မိုးတွေ စိုလှပြီ ” ဟု ပြောလေ၏ ။ ထိုအခိုက်တွင် ယောက်ျားပျိုသည် တစ်စုံတစ်ခုသောအရာကို မိမိအပါးရှိ စားပွဲပေါ်၌ တင်ထားသော သားရေသေတ္တာထဲသို့ ထည့်လိုက်လေ၏ ။ ထိုအရာကို မခင်ရီသည် မြင်လိုက်ရလေ၏ ။ ထူးဆန်းသော အရာတစ်ခုမှာ ထိုသားရေသေတ္တာသည် မခင်ရီ၏ လက်၌ ဆွဲကိုင်လျက် ပါလာသော သားရေသေတ္တာကလေးနှင့် တစ်မျိုးတည်း ၊ တစ်ပုံတည်း ၊ တစ်ရွယ်တည်း ဖြစ်၍နေလေ၏ ။

“ ဖွင့်စမ်းပါရှင် ၊ ကျွန်မကို စက်သူဌေးကတော်ကြီးက မှာထားလို့ပါ ” ဟု ခပ်တည်တည် ပြောလိုက်ရာ ယောက်ျားပျိုသည် ဖွင့်၍ပေးပြီး “ ဘာကိစ္စလဲ ” ဟု မေး လေ၏ ။

“ ကျွန်မ ဒီအိမ်မှာ ကလေးတွေကို စာပြပေးဖို့ အလုပ်တောင်းထားပါတယ် ။ သူဌေးကတော်ဆီက စာရလို့ လာပါတယ် ”

ထိုအခါ ယောက်ျားပျိုသည် အံ့အားသင့်၍ မျက်နှာနှင့် မခင်ရီကို ကြည့်ပြီး “ ခင်ဗျား အိမ်မှားလာပြီ ထင်တယ် ။ ဒီအိမ်မှာ ကလေးလည်း မရှိဘူး ။ ဆရာမလည်း မငှားဘူး ။ ဒီအိမ် ရာဇဝတ်ဝန်ထောက် ဦးထွန်းခင် အိမ်ပါ ။ ကျွန်တော် သူ့သားပါ ”

မခင်ရီသည် အိမ်၏ အခြေအနေကို ကြည့်ပြီး စဉ်းစားသော အမူအရာနှင့် “ စာထဲမှာ ဒီအိမ်လို့ အသေအချာ ပါတာပဲ ”

“ ဒီက ခြံတွေ ၊ အိမ်တွေဟာ တစ်ခုနဲ့တစ်ခု အများကြီး တူတယ် ။ ဒီပြင်လည်း ခင်ဗျား မှားစရာ လမ်းခွဲတွေလည်း အများကြီး ရှိတယ် ”

“ ခြံပြင်ဘက်မှာ ကျွန်မ တွေ့ခဲ့တဲ့ လူနှစ်ယောက်ကလည်း ဒီအိမ်လို့ အသေအချာ ပြောလိုက်တာပဲ ”

“ အို ... ဒီက လူတွေဟာ ထင်ရာစွတ်ပြောတာပဲ ။ ခင်ဗျား သွားချင်တဲ့ အိမ်က ဒီကနေပြီး တရိပ် နီးနီးလောက် သွားမှ ရောက်မယ် ။ မိုးလည်း တော်တော်ကြာ သည်းလာလိမ့်မယ် ။ ခင်ဗျား မြန်မြန်သွားရင် လမ်းမှာ သူတို့အိမ်က အကြိုခိုင်းကားနဲ့ တွေ့မှာပဲ ”

“ ကျွန်မ မတွေ့ခဲ့ဘူး ၊ လွှတ်ရင် တွေ့ဖို့ရှိတယ် ”

“ လမ်းတွေက များတယ် ခင်ဗျား ၊ ခင်ဗျားနဲ့ ဒီလမ်းက လာရင် သူတို့က ဟိုလမ်းက လွှတ်ထားရင် ဘယ့်နှယ် လုပ်မလဲ ”

ထိုအခါ မခင်ရီသည် မသင်္ကာဖြစ်၍ လာလေ၏ ။

“ ငါတော့ အိမ်မှားလို့ မရှိဘူး ။ ဒီလူ ဘယ့်နှယ်လူပါလိမ့် မလဲ ” ဟု တွေးပြီး “ ကျွန်မ ရုတ်တရက်တော့ မသွားနိုင်သေးဘူး ။ မိုးတွေလည်း စိုရွှဲနေပြီ ။ မိုးစဲမှပဲ သွားနိုင်မယ် ” ဟု ပြောကာ ကုလားထိုင်တစ်ခုမှာ ထိုင်ပြီး မိမိ၏ သားရေအိတ်ကို ယောက်ျားပျို၏ သားရေအိတ်နှင့် ယှဉ်ကာ စားပွဲပေါ်သို့ တင်ထားလိုက်လေ၏ ။ ထို့နောက် မသက်သော အမူအရာနှင့် မခင်ရီသည် တောင်မြောက်လေးပါး ကြည့်ရှုလေရာ ယောက်ျားပျိုက “ ခင်ဗျား ဘာကို ကြည့်သလဲ ” ဟု မေးလေ၏ ။

“ ကျွန်မ ဟိုသံသေတ္တာကို ကြည့်တယ် ” ဟု စိန်သေတ္တာအကြောင်းနှင့် ပတ်သက်၍ မိမိ၏ အရီးပြောသော စကားကို သတိရ၍ ပြောလေ၏ ။

ထိုအခါ ယောက်ျားပျိုသည် ခက်တရော်သော မျက်နှာထားနှင့် “ ခင်ဗျား ရိုးရိုးလာတာ မဟုတ်ဘူး ၊ တစ်မျိုးအကြံနဲ့ လီဆယ်ပြီး ဒီအိမ်မှာ အလုပ်လုပ်ဖို့ ညာပြီး လာတာပဲ ။ ခင်ဗျားကို မြင်ကတည်းက ခင်ဗျား အကြံကို သိတယ် ။ ကျွန်တော် မသင်္ကာဘူး ။ ခင်ဗျား ဘယ်မှ မပြေးနဲ့ ။ ခင်ဗျားကို စစ်ရလိမ့်မယ် ။ ကျုပ် တယ်လီဖုန်းနဲ့ ” ဟု ပြောပြီး တစ်လှမ်းနှစ်လှမ်း ထွက် သွားပြီးမှ နောက်သို့ လှည့်လာပြီး “ ခင်ဗျားကို ကျုပ် စိတ်မချဘူး ။ ကျုပ် ပြန်မလာမီ ခင်ဗျား ထွက်ပြေးလိမ့်မယ် ထင်တယ် ။ ဟောဟို အဝတ်ထည်တဲ့ ဗီရိုထဲကို ခင်ဗျား ဝင်နေ ၊ ကျွန်တော် ပိတ်ပြီးမှ သွားမယ် ။ ပုလိပ်ကို ခေါ်ရမယ် ” ဟု ပြောလေရာ မခင်ရီသည် မိမိ၏ သားရေအိတ်ကို ယူပြီး ဗီရိုကြီးထဲသို့ ဝင်ရလေ၏ ။ အတွင်း၌ မှောင်ကျ၍သွားပြီး အပြင်မှနေ၍ သော့ခတ်သံကို ကြားရလေ၏ ။ ထို့နောက် ၎င်းယောက်ျားပျို လျှောက်သွားသော ခြေသံများကို ကြားလိုက်ရလေ၏ ။

မခင်ရီသည် နဂိုက မှောင်ကို ကြောက်တတ်လေ၏ ။ မှောင်ထဲတွင် ချွေးစီးစီးကျ၍ နေလေ၏ ။ “ ဒီလူ ဘာပြုလို့ ပြန်မလာသေးသလဲ ၊ ငါ့ကို မေ့နေပလား ။ ပုလိပ်ကို တယ်လီဖုန်းနဲ့ မခေါ်ဘဲ လူကိုယ်တိုင် သွားခေါ် နေသလား ” ဟု တွေးတောကာ ကြောက်အားနှင့် ၎င်းလူ ပြန်၍လာမည်ကိုသာ မျှော်၍နေလေ၏ ။

သို့ အတန်ကြာသွားလတ်သော် ခြေသံများကို ကြားရလေ၏ ။ ရယ်မောသော မိန်းမအသံတစ်ခုနှင့် အခြား ယောက်ျားများ၏ မထင်ရှားသောအသံကို ကြားရလေ၏ ။ ထို့နောက် ထိတ်လန့်တကြား ပြောကာဆိုကာ လျင်မြန်စွာ သွားလာကူးသန်းကြသည်ကို ကြားရလေသည် ။

“ သူခိုးဝင်ပြီ ၊ သူခိုးဝင်ပြီ ။ ဟဲ့ သတိထားကြနော် ” ဟု ယောက်ျားကြီး တစ်ယောက်က ပြောလေ၏ ။ မခင်ရီသည် ဗီရိုကြီးအထဲမှ နေ၍ အော်လေ၏ ။ အော်သော်လည်း ၎င်း၏ အသံကို ကြားရဟန် မတူချေ ။ သို့ဖြစ်၍ ဗီရိုကြီး လက်နှင့် ထုလေ၏ ။ ထိုအခါကျမှ “ ဟောဒီက ဟောဒီက ” ဟု ပြောသော မိန်းမအသံကို ကြားရလေ၏ ။

ဆက်လက်၍ ထုလေရာ အပါးသို့ ရောက်လာကြပြီး ဗီရိုတံခါး၌ သော့ခတ်သံကို ကြားနေပြီးနောက် ပွင့်၍ လာလေ၏ ။

သူဌေးကတော်ကြီးက “ ဘယ်သူလဲ ၊ ထွက်လေ ” ဟု ပြောလေ၏ ။

“ ကျွန်မ မခင်ရီပါ ”

“ အလို .. ဆရာမပါကလား ၊ ရထားလွှတ်လိုက်တာ မတွေ့ဘူးလား ”

“ မတွေ့ ဘူး ၊ ကျွန်မ ဒီမှာ လူတစ်ယောက်ကို တွေ့တယ် ”

ထိုအခါ သူဌေးကတော်သည် ထိတ်လန့်သော အမူအရာနှင့် သံသေတ္တာဘက်သို့ ကြည့်ပြီး “ ဟော ... ဟော ပွင့်နေပြီ ၊ ဒီသေတ္တာကို ဘယ်သူမှ ဖွင့်နိုင်မယ်လို့ မထင်ဘူး ။ အမယ်လေး ကိုယ်ကျိုးနည်းပါပကော ။ ကျုပ် စိန်တွေ ပါသွားပြီ ” ဟု ပြောကာ ရင်ကိုထုပြီး ပြေး၍ စိန်သေတ္တာကို ကြည့်လေ၏ ။

စိန်သေတ္တာမှာ ဟောင်းလောင်းဖြစ်၍နေသည်ကို သူဌေးကတော် မြင်လေလျှင် တစ်ခါတည်း ငိုလေ၏ ။

ထိုအခါ မခင်ရီက “ မငိုနဲ့ဦး သူဌေးကတော် ၊ ကျွန်မ သားရေအိတ်ကို ကြည့်ဦးမယ် ” ဟု ပြောကာ ဖွင့်ပြီး စမ်း၍ တွေ့ရသဖြင့် “ မပါသေးဘူး သူဌေးကတော် ၊ ကျွန်မ မသင်္ကာလို့ ဒီဗီရိုထဲအဝင် သူ့သားရေအိတ်ကို လဲပြီး သားရေအိတ်ခြင်း တူနေလို့ ပြန်ရတာပဲ ” ဟု ပြောကာ ပေးလေရာ သူဌေးကတော်သည် အတိုင်းထက် အလွန် ကျေးဇူးတင်လျက် ခင်ရီကို ပွေ့ဖက်ကာ “ အမယ်လေး သတ္တိကောင်းတဲ့ တူမကြီးရဲ့  ၊ ဒေါ်ဒေါ်မှာ သားလည်း မရှိ ၊ သမီးလည်း မရှိဘူး ။ တူမကြီး ဒေါ်ဒေါ် သမီးပဲ ” ဟု ပြောကာ ခင်ရီ၏ ကျောရင်ကို စမ်းသပ်ပြီး “ ဟဲ့ ... ကော်ဖီ မြန်မြန်လုပ်ကြပါတဲ့ ။ စိုလို့ပါလား ။ လာ ၊ အဝတ်လဲ ။ အအေးမိမယ် ။ အဒေါ် တူမကြီး ရောက်နှင့်ပေလို့ အဒေါ့်ပစ္စည်းတွေကို ပြန်ပြီးရတာပါပဲ ။ လာလာ ” ဟု ပြောကာ အခန်းထဲသို့ အဝတ်လဲရန် ခေါ်၍ သွားလေ၏ ။ ခင်ရီသည် မိမိ၏ ညှိုးငယ်သော အဝတ်များအစား အလွန်ကောင်းမွန်သော ပိုးထည် ၊ ဖဲထည်တို့၌ ဝင်းဝင်းတောက်၍ ထွက်လာသောအခါ သူဌေးကတော်ကြီး၏ တူဖြစ်သူ မောင်ပန်း သည် လှေကားရင်းမှ မရဲတရဲ ကြည့်လေ၏ ။ ခင်ရီ၏ မျက်လုံးအရောင်နှင့် မောင်ပန်း ၏ မျက်လုံးရောင်သည် ပေါင်းကူးမိကြလေ၏ ။ သူဌေးကတော်ကြီးက ပြုံးကာ မောင်ပန်းကို ကြည့်လျက် “ မင်းက ငါ့သမီးကို ဘာကြည့်ရတာလဲ ” ဟု ပြောပြီး မခင်ရီ၏ ဘက်သို့ လှည့်ကာ “ သူက အဒေါ့် သားပါ သမီးရဲ့ ” ဟု ပြောလေသတည်း ။

▢  ပီမိုးနင်း
📖 ဗန္ဓုလဂျာနယ်
      အတွဲ ၈ ၊ အမှတ် ၂
      စက်တင်ဘာ ၊ ၁၉၂၇

No comments:

Post a Comment