❝ ပန်းဆေးဆိုးသူ ဘဘခြယ် ❞
( ကြပ်ကလေး )
ပန်းဝတ်မှုန်နတ်တိုင်းပြည်တွင် ပျော်ရွှင်လှုပ်ရှားနေ ချိန်ပင်ဖြစ်၏ ။
များစွာသော ပန်းဝတ်မှုန် နတ်သမီးကလေးများသည် သီချင်းများကို သီဆိုနေကြသူများက သီဆိုနေကြ၏ ။ ပြုံးရွှင်စွာ ကခုန်နေကြသူများက ကခုန်နေကြ၏ ။ ထိုနည်းတူစွာပင် ပန်းဝတ်မှုန် နတ်သားကလေးများသည်လည်း ပွင့်ချပ်မှောက်ဦးထုပ်အသစ်ကလေးများကို ချုပ်လုပ်သူ ချုပ်လုပ်နေကြ၏ ။ ပွင့်ဖတ်ဝတ်စုံများကို စမ်းသပ်၍ ဆင်ယင်ကြသူက ဆင်ယင်ကြည့်လျက် ရှိကြ၏ ။
သူတို့အားလုံးသည် ပျော်ရွှင်နေကြသည် ။
သူတို့ ပျော်ရွှင်နေကြသည်ဖြစ်သောကြောင့် တောတစ်ဝိုက်တွင် ပန်းမျိုးစုံတို့သည် အရောင်များ ပိုမိုတောက်လွင်လာကြ၏ ။ ရနံ့များ ပိုမိုမွှေးကြိုင်လာကြ၏ ။
သူတို့ ဘာကြောင့် ခါတိုင်းထက် ပို၍ပျော်ရွှင်နေကြပါသနည်း ။ အကြောင်းရင်းကား ရှိပေသည် ။
မနက်ဖြန်ခါတွင် ပန်းဝတ်မှုန် နတ်သမီးကလေး ကြည်ပြာသည် ပန်းဝတ်မှုန်နတ်သားလေး သော်က နှင့် လက်ထပ်တော့မည်ဖြစ်သောကြောင့်တည်း ။
ကြည်ပြာလေးက လှသည် ။ သော်ကလေးက ယဉ်သည် ။ သူတို့နှစ်ဦးသည် ပန်းဝတ်မှုန်နတ်လောကတွင် လိုက်ဖက်ညီသော မောင်နှံဖြစ်မည်ကြောင့် ပန်းဝတ်မှုန်နတ်သမီး နတ်သားအားလုံးက ကျေနပ်ပျော်ရွှင်ကြ၏ ။
ပန်းဝတ်မှုန်နတ်သမီးလေးကြည်ပြာ၏ အလုပ်မှာ ပန်းများကို ရနံ့သွင်းရသည့်အလုပ်ဖြစ်၏ ။ ပန်းများကို ရနံ့သွင်းသည့်အလုပ်ကို လုပ်ကိုင်ကြသူအတော်များများတွင် ကြည်ပြာလေးသည် အထူးနာမည်ကျော်ကြား သူဖြစ်၏ ။ အလုပ်ကို ကြိုးစားလုပ်ကိုင်သူဖြစ်သော ကြောင့်တည်း ။
နတ်သားကလေးသော်က၏ အလုပ်မှာ အချိန်သင့်သော ပန်းငုံများကို စွင့်စွင့်ကားကား ပန်းပွင့်များဖြစ်အောင် ပွင့်ချပ်ဖြည်ပေးရသော အလုပ်ဖြစ်၏ ။ ဤအလုပ်သည် များစွာပင် စိတ်ရှည်ရလေသည် ။ ပွင့်ချပ်ကလေးများကို အသာကလေးဖြည်းညှင်းစွာ ဖြည်ချပေးရ၏ ။ အချို့ပန်းပွင့်များတွင် လေးငါးရက် ဆက်၍ စိတ်ရှည်ရှည်နှင့် လုပ်ကိုင်ရသည် ။ တစ်ခါက စိတ်တိုသော ကိုထိကရုံး တစ်ယောက် ဤအလုပ်ကို ဝင်လုပ်ရာ အချိန်မသင့်သေးသော ပန်းငုံတစ်ခုကို အတင်းဆွဲဖြဲသဖြင့် ပွင့်ချပ်အချို့ကြေမွကွဲပြတ်ကျကုန်သဖြင့် ပွင့်ချပ် အချို့ ကြေမွကွဲပြတ်ကျကုန်သဖြင့် ပန်းဝတ်မှုန်နတ် လောကသည် တသပူဆွေးငိုကြွေးခဲ့ကြရသည် ။ ကိုထိကရုံး ကိုလည်း ကြွပေတော့ ‘ မောင်မင်းကြီးသား ’ ဆိုပြီး ဤအလုပ်ကို မလုပ်ကိုင်စေတော့ဘဲ ပန်းပင်များမှ ဆူးများကို ချွန်ထက်အောင် သွေးရသော အလုပ်သို့ ပြောင်းရွှေ့ပေးလိုက်ကြရ၏ ။ ထိုအလုပ်ကတော့ စိတ်ရှည်သူ ချွန်ပေးသော ဆူးသည် ရှည်လျားပြီး ချွန်၍ စိတ်တိုသူ ချွန်ပေးသော ဆူးသည် တိုနန့်နန့် နှင့် ချွန်ခြင်းသာ ကွာခြားသောကြောင့် စိတ်ရှည်သူဖြစ်ဖြစ် ၊ စိတ်တိုသူဖြစ်ဖြစ် လုပ်ကိုင်၍ရသော လုပ်ငန်းဖြစ်လေသည် ။
ပန်းဝတ်မှုန်နတ်သမီးလေး ကြည်ပြာတွင် မိဘများ မရှိတော့ချေ ။ သူသည် ဆွတ်ဆွတ်ဖြူသော မှိုပွင့်အိမ်တွင် တစ်ဦးတည်း နေထိုင်ရသူဖြစ်၏ ။ ယခုကဲ့သို့ သော်ကလေးနှင့် အိမ်ထောင်ကျခဲ့လျှင် သူတို့၏ ဆွတ်ဆွတ်ဖြူ မှိုပွင့်အိမ်ကလေးသည် ပျော်ရွှင်စရာ နေရာလေး ဖြစ်လာပေတော့မည် ။
ပန်းဝတ်မှုန်နတ်သားလေး သော်ကတွင်ကား ဖခင် တစ်ဦးရှိ၏ ။ ယခုအခါတွင် သော်ကသည် ဖခင်နှင့် အတူ ညိုမှိုင်းမှိုင်း မှိုပွင့်အိမ်တွင်နေထိုင်လျက်ရှိသည် ။ သော်က၏ ဖခင်မှာ ပန်းများကို ဆေးဆိုးသည့်လုပ်ငန်း တွင် လွန်စွာမှ ကျွမ်းကျင်သူအဖြစ် ထင်ရှား၏ ။ တစ်ရောင်တည်းခြယ်ရသော အလုပ်များကို တပည့်တပန်းများနှင့်သာ လွှဲထား၏ ။ သူကိုယ်တိုင်ကမူ အဖြူရောင်ပေါ်တွင် ပန်းရောင်အပြောက်ကလေးများ ၊ အနီရောင်နှင့် အဝါရောင်တို့ကို အစင်းကြီးများ မပေါ်လွင်ဘဲ သိမ်မွေ့စွာ ရောယှက်နေအောင် စပ်၍ ဆိုးခြင်းများ ၊ ပွင့်ဖတ်နား တစ်ဝိုက်တွင် ရဲရဲနီ၍ အဖျားဆီတွင် ဖွေးဖွေးဖြူအောင် ဆိုးခြင်းများ စသည်ဖြင့် ထူးခြားခက်ခဲသော လုပ်ငန်းများကိုသာ လုပ်ကိုင်၏ ။
ထိုသို့ ဆေးရောင်စပ်ရသည့် လုပ်ငန်းတွင် အတော်ဆုံးပုဂ္ဂိုလ် ဖြစ်သဖြင့် ပန်းဝတ်မှုန်နတ်တိုင်းပြည်တွင် ‘ ဘဘခြယ် ’ ဆိုလျှင် အားလုံးက သိကြ၏ ။
ဘဘခြယ်သည် စိတ်ရှည်၏ ။ ပျော်ပျော်နေတတ်၏ ။ ဦးခေါင်းကို အေးအေးထား၍ လုပ်ငန်းကို စနစ်တကျပြုလုပ်တတ်သူဖြစ်သည် ။ တပည့်တပန်း တစ်ဦးဦး၏ ချွတ်ချော်မှုကြောင့် လုပ်ငန်း ပျက်ရတော့မလို ဖြစ်သည်ကိုလည်း ကျွမ်းကျင်စွာ ထိန်းချုပ်လုပ်ကိုင်ပေး တတ်၏ ။
တစ်ခါက တပည့်ဖြစ်သူ မောင်ဥပသကာသည် နှင်းဆီပန်းအဖြူကို ပွင့်ဖတ်ဆိုးဆေးတွေနှင့် ခြယ်သလိုက်သဖြင့် နှင်းဆီပန်း အစိမ်းကြီးဖြစ်သွားရာ ပန်းဝတ်မှုန်ဘုရင်မက ဒေါသထွက်တော့၏ ။ ဤတွင် ဘဘခြယ် က သွားရောက်၍ ဆေးများဖြင့် စပ်၍ဆိုးလိုက်ရာ နက်မှောင်တောက်ပသော နှင်းဆီပွင့်ကလေး ဖြစ်သွားသဖြင့် ဘုရင်မသည် သဘောတော်ကျလွန်း၍ ရနံ့သင်းထားသော ပန်းပုတီးတစ်ကုံး ဆုတော်လာဘ်တော် ချဖူးလေသည် ။
ဤကဲ့သို့ ပန်းဝတ်မှုန် နုတ်တိုင်းပြည်တစ်ခုလုံး ပျော်ရွှင်နေသော နေ့၏ ညနေစောင်းတွင် နတ်သမီးလေး ကြည်ပြာသည် တောစပ်နားရှိ တောပန်းလေးများ အချို့ကို ပန်းရနံ့သွင်းရန် ပန်းပွင့်ကို ပိုက်၍ တောင်ပံလေး တဖျတ်ဖျတ်ခတ်ပြီး ကခုန်နေသည် ။ နှုတ်မှလည်း သာယာသောတေးဂီတကို ကျူးရင့်နေ၏ ။အခြားသော နတ်သမီးလေးများလည်း နီးရာအပွင့်များကို ဝိုင်း၍ ကခုန်ရင်း ရနံ့သွင်းနေကြသည် ။
ဤအဖြစ်အပျက်ကို မုဆိုးကြီး နက်ကြုတ်က ချောင်းကြည့် တွေ့မြင်သွားလေသည် ။ နက်ကြုတ်သည် မနီးမဝေးက ရွာကလေးတွင် နေထိုင်သူဖြစ်၏ ။ သူ့တွင် မှော်ဆရာကြီး တစ်ဦးက ပေးထားသော ချည်မန်းကွင်း တစ်ခုရှိသည် ။ ထိုချည်မန်းကွင်းဖြင့် ပန်းဝတ်မှုန်နတ်သမီးကို ဖြစ်စေ ၊ နတ်သားကိုဖြစ်စေ စွပ်လိုက်လျှင် အတောင်ပံများ ပျောက်ကွယ်၍ ကိုယ်ရောင်ဖျောက်ခြင်းကို မပြုလုပ်နိုင်တော့ချေ ။
ထိုချည်မန်းကွင်းကို မုဆိုးကြီးသည် သွားလေရာ ယူဆောင်သွား၏ ။ သို့သော် သူသည် ပန်းဝတ်မှုန်နတ်ကလေးများကို တစ်ခါမှမမြင်ဖူးချေ ။ ပန်းဝတ်မှုန်နတ်ကလေးများသည် တစ်ထွာတစ်မိုက်မျှသာ မြင့်ကြ၍ သေးငယ်သည်မှန်၏ ။ သို့သော် သေးငယ်၍ သူမမြင်ခြင်းမဟုတ် ၊ ပန်းဝတ်မှုန်နတ်ကလေးများသည် လူနှင့် တွေ့လျှင် ကိုယ်ရောင်ဖျောက်ထားတတ်ကြသည် ။ လူနှင့် ဝေးသော တောအုပ်များတွင်သာ နေထိုင်ကြ၏ ။ သူတို့နေထိုင်တတ်ကြသော နေရာများမှာ သစ်ပင်ကြီးများမထူထပ်ဘဲ ပန်းပင်တောကြီးများသာ ရှိတတ်ကြ၏ ။
လူများနေထိုင်သော အရပ်က ပန်းပွင့်များကို ရနံ့သွင်းခြင်း ၊ ဆေးရောင်ဆိုးခြင်းများကို နေ့ဘက်တွင် မလုပ်ကြ ၊ နံနက်အရုဏ် မတက်မီမှောင်မိုက်သော အချိန်တွင်သာ လုပ်ကိုင်တတ်ကြ၏ ။ ထို့ကြောင့် နက်ကြုတ် သည် သူတို့ကို မမြင်ဖူးခြင်းဖြစ်၏ ။
သူတို့ နေထိုင်သော တောအုပ်တွင်ကား လူများ မရောက်တတ်၍ နေ့ဘက်တွင်ပင် လုပ်ငန်းများကို လုပ်ကိုင်ကြပြီး ၊ ညဘက်လသာသောအခါ လရောင်တွင် ဝိုင်းဖွဲ့၍ တေးသီခြင်း ကခုန်ခြင်းများ ပြုလုပ်တတ်ကြပေသည် ။
မုဆိုးကြီးနက်ကြုတ်သည် ပထမသော် … အံ့သြခြင်း ကြီးစွာဖြင့် ငေးစိုက်ကြည့်နေမိသည် ။ ပြီးမှ သတိရကာ ချည်မန်းကွင်းကို ထုတ်၍ ပန်းဝတ်မှုန်နတ်သမီးလေးများ ဆီသို့ ပုန်းကွယ်ရာမှ ထွက်ကာ ချဉ်းကပ်လိုက်လေ၏ ။
အခြားသော နတ်သမီးလေးများသည် လန့်ဖျပ်ပြီး ပန်းမျိုးစုံ တောအုပ်တွင်းသို့ ငုပ်လျှိုးပျံထွက်ပြေးကြ၏ ။ နတ်သမီးလေး ကြည်ပြာ မှာမူ ရနံ့သွင်းမှုကို စိတ်ဝင်စားပြီး ကခုန်တေးဆိုလျက်ပင် ရှိလေရာ ၊ မုဆိုးကြီး နက် ကြုတ်သည် ချည်မန်းကွင်းဖြင့် ကြည်ပြာ ကို လည်ပင်း၌ စွပ်ချလိုက်လေတော့သည် ။
ချလွင် လွင် လွင် လွင် ဟူသော အသံနှင့်အတူ မှန်ရောင် တလက်လက်နှင့် တောင်ပံလေးများမှာ အစိတ်စိတ်အမြွှာမြွှာ ကြေပြုန်း၍ လေထဲတွင် လွင့်ပါးပျောက် ကွယ်သွားလေ၏ ။
နက်ကြုတ်သည် ကြည်ပြာ ကို လက်တစ်ဖက်ဖြင့် ဖမ်းယူဆုပ်ကိုင်ပြီး မျက်နှာနားသို့ ပင့်မြှောက်ကြည့်လိုက်သည် ။ ကြည်ပြာကား မျက်နှာလေးကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ တရှုံ့ရှုံ့ငိုနေ၏ ။
“ ဟား ဟား ဟား ဟား ”
မုဆိုးကြီးနက်ကြုတ်၏ မာကျောသော ရယ်သံကြီးကို ကြားရသောအခါ ကြည်ပြာသည် မျက်နှာလေးကို အုပ်ထားသော လက်ဝါးများကို ဖယ်၍ နက်ကြုတ်ကို ကြောက်လန့်စွာ မော့ကြည့်လိုက်သည် ။
“ ဖေဖေကြီးရယ် ကျွန်မကို မသ,တ်ပါနဲ့နော် ၊ ဖေဖေကြီးတို့လို လူသားတွေအတွက် ကျွန်မဟာ ဘယ်လိုမှ အဖိုးမတန်ပါဘူး ၊ ကျွန်မကို ပြန်လွှတ်ပေးပါ ဖေဖေကြီးရယ် ”
ကြည်ပြာလေးက… တစာစာ တောင်းပန်နေသည့် ကြားမှ မုဆိုးကြီး နက်ကြုတ်သည် ကြည်ပြာကို ခါးပိုက်ထဲသို့ ထည့်ကာ ရွာသို့ ပြန်လာလေတော့သည် ။
နက်ကြုတ်သည် ရွာသူကြီး ဦးဗလောင် ရှေ့တွင် ဝင့်ကြွားစွာ ပြောလိုက်၏ ။
“ သူကြီးမင်း ကျွန်တော် ဘာမိလာသလဲဆိုတာ ကြည့်ပါဦး ”
နက်ကြုတ်၏ လက်၌ တောကောင်အမဲ ကြီးကြီးမားမားကို မတွေ့သဖြင့် သူကြီးဦးဗလောင်သည် ကြောင်တောင်တောင် ဖြစ်သွားရ၏ ။
“ နင့်လက်ထဲမှာလည်း ဘာမှ မတွေ့ပါလားကွ ၊ တန်တော့ ဧကန္တ … နင်ဟာ သူများတွေ လေလည်ထုတ်လိုက်တဲ့ အီးကို ကျော့ကွင်းထောင်ဖမ်းမိလာပြီ ထင်တယ် ”
တွေးထင်ချက် လွဲမှားသဖြင့် နက်ကြုတ်က မျက်နှာကို ရှုံ့မဲ့လိုက်၏ ။ ဤတွင်မှ ဦးဗလောင်က ပို၍သေချာသွားသည် ။
“ ကဲ .. ငါပြောတာ မဟုတ်ဘူးလား ၊ ပြောရင်း ဆိုရင်း နင့်မျက်နှာကြီးတောင် ရှုံ့မဲ့နေပြီ ၊ ကြံကြံဖန်ဖန်ကွာ မင့်လက်ထက်ကျမှ ကြားဖူးတယ် ၊ မုဆိုးကျော်ကြီးက အီးထောင်သတဲ့ကွာ .. ဟားဟား ”
နက်ကြုတ်သည် စိတ်ပေါက်ပေါက်နှင့် ခါးပိုက်ထဲက ကြည်ပြာကို လက်ဖြင့် ဆုပ်ကိုင်၍ ထုတ်လိုက်၏ ။
“ သူကြီးမင်း နင်းကန်လည်း ရယ်မနေနဲ့ဦး ၊ ရယ်နေရင် မျက်ပေါက်ကြီး ပိတ်ပိတ်သွားလို့ ပြတာ မမြင်ဘဲ ဖြစ်နေဦးမယ် ၊ ဒီမှာ ကြည့်ပါ ဒါဘာလဲ ”
ဦးဗလောင်သည် ရယ်မောခြင်းကို ရပ်လိုက်ပြီး မျက်လုံးများကို ပြူးကြည့်လိုက်၏ ။
“ မှန်းစမ်း .. မှန်းစမ်း နင့်ဟာက ဘာလဲ နှံပြည်စုတ်လား ၊ သပိတ်လွယ်လား ”
“ အို .. ကျွန်တော်ဟာ ငှက်ခတ်သမားမှ မဟုတ်တာ ၊ ဘယ်က ငှက်တွေဖမ်းလာရမှာလဲဗျ ၊ သေသေချာချာ ကြည့်ပါ ”
ဦးဗလောင်သည် သေသေချာချာ ကြည့်၏ ။
“ မှန်းစမ်း အလို - ဟ - ဟဲ့ - အို - ဟင်အဟွတ် … အဟွတ် ”
ဦးဗလောင်သည် အံ့အားသင့်ရာမှ ဆက်ပြီး ချောင်းဆိုးနေသဖြင့် ကြွားဝါချင်လှပြီဖြစ်သော မုဆိုးကြီး နက်ကြုတ်သည် အောင့်အည်း၍ စောင့်ဆိုင်းနေရသည် ။
ချောင်းဆိုးရပ်သွားမှ ဦးဗလောင်သည် တစ်ခေါက် ပြန်ကြည့်၏ ။ သူသည်လည်း ပန်းဝတ်မှုန်နတ်သမီးများ ကို မြင်ဖူးသူ မဟုတ်သဖြင့် အံ့သြရပြန်တော့သည် ။
“ ဟယ် အို ဟင် ”
“ အဟွတ် ... အဟွတ် ... အဟွတ် ”
ဤတစ်ချီတွင်ကား မုဆိုးကြီး နက်ကြုတ်ချောင်း ဆိုးနေတော့သည် ။ ထို့ကြောင့် အံ့သြနေသော သူကြီးမင်း ဦးဗလောင်က ခဏစောင့်နေရ၏ ။
“ နင့်ဟာက ဘာကောင်လဲ ၊ လူနဲ့တော့ တူတယ် ၊ ဒါပေမဲ့ ပိစိညောက်တောက်ကလေး ဖြစ်နေတာက ခက်တယ် ”
“ ဒါ .. ပန်းဝတ်မှုန်နတ်သမီးဗျ ”
“ ဟေ .. ဟုတ်မှလုပ်ပါကွာ ၊ ပန်းဝတ်မှုန်နတ်သမီး ဆိုတာ အတောင်ပါတယ်လို့ ငါကြားဖူးတယ် ”
“ ဒါက ကျွန်တော် ချည်မန်းကွင်းနဲ့ စွပ်လိုက်လို့ ပျောက်သွားတာဗျ ၊ အစကတော့ သူလည်း အတောင်ပံနဲ့ပဲ ”
“ ဒီ .. သူ့လည်ပင်းက အပ်ချည်ကြိုးဟာ ချည်မန်း ကွင်းလား ”
“ ဟုတ်တယ် ဒါကို သွားမဖြုတ်လိုက်နဲ့ ၊ ဖြုတ်လိုက်ရင် သူဟာ တောင်ပံတွေပြန်ပေါက်လာပြီး ကိုယ်ယောင်ဖျောက် ပျံပြေးလိမ့်မယ် ”
“ သူ့ဘာသာသူ ချွတ်ပစ်လိုက်ရင် ဘယ့်နှယ်လုပ်မလဲ ”
“ ဟာ ဒီချည်မန်းကွင်းကို ပန်းဝတ်မှုန်နတ်တွေ ချွတ်လို့မရဘူးဗျ ၊ လူက ချွတ်မှသာရတယ်လို့ မှော်ဆရာကြီး ပြောသွားတယ် ”
သူကြီး ဦးဗလောင်သည် ကြည်ပြာကို မုဆိုးကြီး နက်ကြုတ် ထံမှ ငွေဒင်္ဂါးတစ်ရာဖြင့် ဝယ်ယူထားလိုက်လေသည် ။
ထို့နောက် ကြည်ပြာကို ကလပ်ပေါ်တင်ပြီး မေးမြန်း၏ ။
“ နင့်ကို ငါအလကားတော့ မထားနိုင်ဘူး ၊ နင် ဘာ အသုံးကျသလဲပြော ၊ အသုံးမဝင်ရင်တော့ သ,တ်ပစ်လိုက်မှာပဲ ”
ကြည်ပြာလေးသည် ကြောက်ရွံ့စွာနှင့် ရှိခိုးတောင်းပန်ရှာသည် ။
“ ဖေဖေကြီးရယ် .. အသက်ကို ချမ်းသာပေးပါ ၊ လူသားတွေ အတွက် ကျွန်မဟာ ဘာမှ အသုံးမဝင်ပါဘူး ၊ ကျွန်မဟာ ပန်းတွေကို ရနံ့သွင်းတာပဲ ပြုလုပ်တတ်ပါတယ် ”
ဦးဗလောင်သည် တွေဝေသွားရာက ချက်ချင်းပြုံးရွှင်သွားပြီး အစေခံတစ်ယောက်ကို ပန်းပွင့်တစ်ပွင့်ယူခဲ့စေ၏ ။
“ ကဲ .. ဒီပန်းပွင့်ကို အနံ့သွင်းစမ်း ”
ဦးဗလောင်က ပန်းပွင့်ကို ကလပ်ပေါ်တွင် တင်ပေးသည် ။ ကြည်ပြာသည် မပျော်ရွှင်သဖြင့် မျက်ရည် အသွယ်သွယ်ကျရာက လွမ်းတေးတစ်ပုဒ်ကို ဆိုကာ ပန်းပွင့်ကို လှည့်လည်၍ လွမ်းကကြိုးဖြင့် ကရလေသည် ။ ဦးဗလောင်ကား ပန်းပွင့်ကို ယူ၍ နမ်းကြည့်၏ ။
“ အေး မွှေးတော့ သိပ်မွှေးလာတယ် ၊ ဒါပေမဲ့ နင့်ဟာက ခရေပန်းနံ့ပဲ ထွက်ပါလား ”
“ ကျွန်မက မပျော်တော့ လွမ်းတေးပဲ သီနိုင်ပါတယ် ဖေဖေကြီးရယ် .. ဒီတော့ ခရေနဲ့ပဲ ထွက်မှာပါ ၊ ခရေပန်း ဆိုတာဟာ လွမ်းတေးသီတဲ့ နတ်သမီးလေးတွေရဲ့ ရနံ့သွင်းတဲ့ ပန်းကိုး ၊ ကျွန်မကို ပြန်ပို့ပေးပါ ဖေဖေကြီးရယ် ၊ ပြန်ရမယ်ဆိုရင် ပျော်ရွှင်သူတွေ ရနံ့သွင်းတဲ့ နှင်းဆီနံ့ကို သွင်းပေးပါ့မယ် ”
သို့သော် … ဦးဗလောင်သည် ကြည်ပြာကို ဘယ်တော့မှ ပြန်ပို့မည်မဟုတ်တော့ချေ ။ သူသည် မြို့တွင် နေသော မြို့ဝန်ကတော်ကြီးအား မွှေးထုံသော ရနံ့ထွက်သည့် ပန်းမျိုးစုံကို ဆက်သ၏ ။ ဤသို့ဖြင့် မြို့ဝန်ကတော်ကြီး၏ မျက်နှာသာပေးခြင်း ၊ ဆုတော် လာဘ်တော်ချခြင်းများကို ခံရလေသည် ။ မြို့ဝန်ကတော်ကြီး သည်လည်း ထူးကဲသော ပန်းရနံ့များကြောင့် အခြားသော မြို့ဝန်ကတော်များနှင့် ဆုံစည်းရသည့် ပွဲလမ်း သဘင်များတွင် လွန်စွာပင် မျက်နှာပွင့်လန်းလျက်ရှိပေ၏ ။
ကြည်ပြာ၏ မျက်ရည်ပေါက်များသည် မြို့ဝန်ကတော်ကြီးအတွက် ပုလဲလုံးများ ဖြစ်နေရတော့သည် ။ ဤအချိန်တွင် ပန်းဝတ်မှုန်နတ်တိုင်းပြည်တွင် ညို့မှိုင်းနေ၏ ။ အားလုံးသည် နေသာ နေရာမှ ရုတ်တရက် မိုးကြီးသန်းထန်စွာ ရွာချလိုက်သကဲ့သို့ ပျော်ရွှင်လျက် ရှိကြရာမှ ညှိုးနွမ်းကာ မရွှင်မလန်းဖြစ်ကြရလေတော့သည် ။
အဆိုးရွားဆုံး ခံစားရသူကား သော်က ပင်ဖြစ်တော့၏ ။
“ ဖေဖေ ကျွန်တော် ကြည်ပြာကို လိုက်ရှာမယ် ဖေဖေရယ် ”
“ အို မဟုတ်တာပဲ ၊ မင်းဟာ ငယ်သေးတယ် ၊ လူသား ဆိုတာက သိပ်ပြီး ဉာဏ်နီ ဉာဏ်နက်တွေ များတာကွ ၊ မင်းက လူသားတွေနဲ့ မတွေ့ဘူးတော့ မင်းပဲ ဒုက္ခရောက်လိမ့်မယ် ၊ ငါဟာ ငယ်ငယ်လေးထဲက နေရာပေါင်းစုံ ရောက်ပြီး ပန်းပေါင်းစုံကို ဆေးဆိုးခဲ့ရတော့ လူသားတွေအကြောင်းကို ငါသိတယ် ၊ ငါပဲ လိုက်ရှာပေးပါ့မယ်ကွာ ”
“ ဒါဖြင့်လည်း မြန်မြန်သွားပါ ဖေဖေရယ် ”
“ မြန်မြန်သွားလို့တော့ မရဘူးကွ ၊ ခုမှ မိုးဦးကျရှိသေးတယ် ၊ ဒီတော့ ပန်းပွင့်တွေ စ,ပွင့်တုန်းမို့ ငါအလုပ်များ နေတယ်လေ ၊ ပွင့်ဦးတွေ ကုန်ရင် ငါလိုက်ရှာပေးပါ့မယ် သားရယ် ”
သော်က မှာ မတတ်သာသည့်အဆုံး၌ အချိန်တန်သည့်တိုင်အောင် ပူဆွေး၍ စောင့်ဆိုင်းနေရတော့သည် ။
ထိုသို့ရှိစဉ် တစ်ညသ၌ သူခိုးကြီးမောင်ကူး သည် ဦးဗလောင်၏ အိမ်သို့ တက်ရောက်လာလေသည် ။ သူသည် ကောင်းနိုးရာရာ ပစ္စည်းများကို ခိုးဝှက်ယူရင်းက ကလပ်လေးပေါ်တွင် ဖန်အုပ်ဆောင်းလေးအုပ်ထား သည်ကို သတိပြုမိသဖြင့် အနားသို့ လာရောက်ကြည့်ရှုလေသည် ။
ကလပ်ကလေးပေါ်တွင် ကြည်ပြာသည် ခွေခွေကလေး အိပ်ပျော်နေရှာ၏ ။
မောင်ကူးသည် ကြည်ပြာ ကို မြင်သောအခါ အံ့ဩလည်း အံ့ဩ၏ ။ ဝမ်းသာလည်း ဝမ်းသာ၏ ။ ထို့ကြောင့် ကြည်ပြာ ကို ခိုးယူသွားလေသည် ။
ထိုနေ့ကမှစ၍ မောင်ကူးသည် ခိုးဝှက်ခြင်းအလုပ် ကို မလုပ်တော့ချေ ။ တစ်ရပ်တစ်ရွာသို့ ပြောင်းရွှေ့ နေထိုင်ပြီးလျှင် ရွာစဉ်လျှောက်၍ ကလပ်ကလေးနှင့် ကြည်ပြာကို အကခိုင်း၏ ။ လူတို့သည် သေးငယ်၍ လှပသော မိန်းကလေး ကပြသည်ကို အခကြေးငွေ ပေး၍ လာရောက် ကြည့်ရှုကြလေရာ ၊ မောင်ကူးကား စီးပွားလမ်းဖြောင့်နေလေတော့သည် ။
ထိုအချိန်တွင် ဘဘခြယ်သည် အဝတ်အစားများ လဲလှယ်၍ ဆေးဆရာကြီး ဦးအိတ် ထံသို့ ရောက်လာ ၏ ။ ဦးအိတ်၏ နာမည်ရင်းမှာ ရှည်လျားလွန်းသဖြင့် အများက သူ့ကို ဦးအိတ် ဟု အတိုကောက်ခေါ်ကြ သည် ။ သူ့နာမည်ရင်းကား ‘ ဦးဣဿရမူလီ ’ ဖြစ်ပေ၏ ။
“ ဆရာကြီးရေ ကျုပ်တော့ လူသားတွေဆီ သွားရမယ် ၊ ဒါကြောင့် တောင်ပံတွေ ပျောက်ပြီး လူသားတွေလောက် မြင့်လာတဲ့ ဆေးကို တိုက်ပါတော့ ”
ဦးအိတ် သည်လည်း ကြည်ပြာလေး ပျောက်သွားခြင်းအတွက် စိတ်မချမ်းသာရသူဖြစ်ပေရာ ၊ ပျာပျာသလဲပင် နွယ်ငန်းကြီးများအတွက် ဖော်စပ်ထားသော ဆေးကို ဘဘခြယ် အား တိုက်၏ ။
ခဏချင်းပင် ဘဘခြယ်သည် တောင်ပံများ ပျောက်ကွယ်သွားကာ လူကဲ့သို့ ဖြစ်လာလေ၏ ။
ဤတွင်မှ လက်တစ်ဖက်က ဆေးပုံး ၊ လက်တစ်ဖက်က စုတ်တံအပြားကြီးကိုင်ကာ ခရီးထွက်လာလေသည် ။ သူ၏ ဆေးမှာ ရိုးရိုးသစ်သားများ ၊ သတ္တုများကို သုတ်လျှင် ဘာမှမထင်ချေ ။ သစ်ပင် ၊ လူ ၊ တိရစ္ဆာန်ကဲ့သို့ ကြီးထွားရှင်သန်နိုင်သည်များကို သုတ်လိမ်းလျှင် ရာသက်ပန် မပျောက်နိုင်သော အရောင်များကို ဖြစ်စေ၏ ။
ဘဘခြယ် ကို သော်က နှင့်တကွ ပန်းဝတ်မှုန် နတ်သမီးလေးများသည် တောစပ်အထိ လိုက်ပို့ကြ၏ ။ ဆရာကြီးဦးအိတ် ပင် လိုက်ပို့သူများအထဲတွင် ပါဝင်သည် ။ သို့သော် စကားတပြောပြောနှင့် လာနိုင်ရန်မှာ ဦးအိတ်သည် ဘဘခြယ်၏ မျက်နှာနားတွင် ယှဉ်၍ ပျံသန်းလိုက်ပါလာရ၏ ။ ဘဘခြယ် ကား လူကဲ့သို့ မြင့်နေပြီဖြစ်သောကြောင့်တည်း ။
ဘဘခြယ်သည် ဝေးဝေး မစုံစမ်းရချေ ။ အနီးအပါးက ရွာကို ရောက်သည်တွင်ပင် သူကြီးဦးဗလောင် အိမ်တွင် ထူးဆန်းသော ပန်းရနံ့သွင်းသည့် မိန်းကလေးငယ်ငယ်လေး ရှိကြောင်းကြားရ၏ ။ ထိုကြောင့် ဘဘခြယ် သည် ဦးဗလောင်၏ အိမ်သို့ တန်းတန်းမတ်မတ်ပင် ရောက်ခဲ့တော့သည် ။
ဝင်းတံခါးကို ဖွင့်၍ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဦးဗလောင်၏ အင်းခွေးကြီး ငကျား နှင့် ရင်ဆိုင်တွေ့ရသည် ။ ငကျားသည် တစ်ကိုယ်လုံး၌ အစင်းကျားများ ရှိ၏ ။ သို့သော် … ခြေလေးဖက်စလုံးကား ဆွတ်ဆွတ်ဖြူ ပေ၏ ။
ငကျားက ဘဘခြယ်ကို မြင်လျှင် အတင်းလိုက်လေ၏ ။
“ ဟဲ့ ခွေးမသားရဲ့ မလုပ်နဲ့လေ ၊ ဟာ ... တယ်မိုက်ပါလား ”
ဘဘခြယ် ဘာပြောပြော ငကျားက ဂရုမပြု ။ အတင်းသာ လိုက်ဆွဲလေတော့ရော ၊ ဘဘခြယ်မှာ ဆေးပုံးကြီး တန်းလန်းနှင့် ဟိုရှောင်ရ သည်ရှောင်ရနှင့် အက,မတတ်သူ ကပြနေသလို ဖြစ်နေတော့၏ ။
တစ်ချီတွင် ငကျားသည် “ မိပြီဟ ” ဟူသည့် သဘောဖြင့် ဘဘခြယ်၏ ပေါင်ကို ခုန်၍ ထိုးဟပ်လိုက်သည် ။ ဘဘခြယ်သည် လက်တစ်ဖက်က ဆေးပုံး ၊ လက်တစ်ဖက်က စုတ်တံအပြားကြီးကို ကိုင်မြှောက်လိုက်ပြီး ၊ ခြေတစ်ဖက်ကို ကားယားကြီး မြှောက်လိုက်ရာ ဘီလူး၏ အကကို ဇော်ဂျီ က ယောင်၍ လိုက်ကသလို ဖြစ်သွားလေသည် ။
သို့သော် ဤသို့ ဖြစ်ခြင်းကား ဘဘခြယ်အတွက် ကောင်းကွက်ဖြစ်ပေ၏ ။ ထိုးဟပ်လိုက်သော ငကျား သည် ဘဘခြယ်၏ ပေါင်အောက်မှ ဝေါခနဲလွတ်ထွက် သွားပြီး အနောက်က ဒန့်သလွန်ပင်နှစ်ပင် အကြားဝယ် ခေါင်းဝင်သွားပြီး လည်ပင်းကြီးညပ်ကာ ယက်ကန်ယက်ကန်နှင့်ဖြစ်နေလေ၏ ။
ဘဘခြယ်က ကြောက်အားလန့်အားနှင့် မြှောက်လိုက်သော ဆေးပုံးမှ ဆေးအချို့သည် ငကျား၏ ခြေထောက်တစ်ဖက်ပေါ်သို့ ကျရောက်ကုန်လေ၏ ။
ဘဘခြယ်သည် ငကျားမှာ ချက်ချင်း သူ့နောက်သို့ မလိုက်နိုင်ကြောင်းကို သတိပြုမိသည်နှင့် အိမ်ဆီသို့ လှည့်ထွက်လာလေ၏ ။
ငကျားသည် ဒန့်သလွန်ပင်များကို ခြေနှစ်ဖက်နှင့် အတင်းကန်၍ ရုန်းလိုက်ရာ ‘ အည်း အည်း ’ နှင့်အော်မြည်ရင်း ကပင် ကျွတ်ထွက်ပြီး မြေပေါ်တွင် လိမ့်သွား၏ ။ ချက်ချင်းပင် ငကျားသည် ဒေါနှင့် မောနှင့် လေးဖက်ပြန် ထောက်၍ ရပ်လိုက်သည် ။ ထိုအခါတွင် သူ့မျက်စိများက သူ့ခြေထောက်ကို မြင်မိသွားလေ၏ ။
သူ၏ ခြေထောက်တစ်ဖက်မှာ ခွေးများတွင် မရှိသော အစိမ်းရောင်လွင်လွင်ကလေးဖြစ်နေသည် ။
ငကျားကား အကြီးအကျယ် ဒေါပွသွား၏ ။
“ အောင်မယ် .. ငါ့ခြေထောက်နေရာမှာ ဘယ်ကောင့် ခြေထောက်ကြီး ရောက်နေပါလိမ့် ၊ တော်တော် မိုက်ကန်းတဲ့ ခြေထောက် ၊ အကြောင်းတော့ပြလိုက်မှပဲ ”
ဤသို့ကြံကာ ငကျားသည် သူ့ခြေထောက်ကို သူ လှိမ့်၍ ကိုက်လေ၏ ။ သဲသဲမဲမဲ ခဲလေ သဲသဲမဲမဲ နာလေ ဖြစ်နေတော့သည် ။ နာလေ ဒေါသထွက်လေ ဒေါသ ထွက်လေ ပို၍ ကိုက်လေ ၊ ပို၍ကို က်လေ ပို၍ နာလေနှင့် ငကျားမှာ ‘ ဝူး ဂဲ ကိန်ကိန် ဝူး ဂဲ ကိန်ကိန် ’ နှင့် ကိုက်နာ ဒေါသထွက်သံသရာလည်ရင်း .. တစ်ကောင်တည်း ဖုန်တထောင်းထောင်းဖြစ်နေလေ၏ ။
ဘဘခြယ်သည် အပေါက်ဝတွင် ဆေးပုံးကြီးကို ချထားလိုက်ပြီး တံခါးရွက်ကို ခေါက်မည်ပြု၏ ။ သို့သော် အထဲက ဦးဗလောင်မှာ ခြံထဲဆီမှ ငကျား၏ အသံကို ကြားသဖြင့် ‘ ဘာဖြစ်ပါလိမ့်မလဲ ’ ဟူသော အတွေးဖြင့် တံခါးကို ဖွင့်ကာ အရမ်းထွက်လိုက်၏ ။ သူ၏ ခြေတစ်ဖက်မှာ ဆေးပုံးထဲသို့ စွပ်ခနဲကျရောက်သွားလေသည် ။
“ အာ … ဘယ့်နှယ်ကြီးကို အိမ်ဝမှာ လာချထားရပါလိမ့်ကရို့ ”
ပြောပြောဆိုဆိုနှင့် ဦးဗလောင်သည် ခြေထောက်ကို ပြန်၍ မ,ထုတ်လိုက်သည် ။
“ ဟောဗျ ”
သူ့ခြေထောက်သည် ခြေသလုံးတစ်ဝက်လောက် ဆီမှ စ၍ ခြေဖျားအထိ စိုစွတ်ခြင်း မရှိဘဲ ဝါထိန်နေလေတော့သည် ။
ဘဘခြယ်ကတော့ ဘာမှဂရုမထားဘဲ သူလိုချင်ရာကိုသာ သူ မေးလေ၏ ။
“ ခင်ဗျားဆီမှာ ပန်းရနံ့သွင်းတဲ့ ကောင်မကလေး ရှိတယ်ဆို ”
ဦးဗလောင်မှာ ကြည်ပြာလေး အခိုးခံခဲ့ရကတည်းက စိတ်တွေ တိုရသည့်ကြားဝယ် ဆေးပုံးကြီးထဲ ခြေထောက် ကျရသဖြင့် ပို၍ အခြေအနေဆိုးတော့သည် ။
“ အို .. မရှိတော့ဘူး မရှိတော့ဘူး ၊ သူခိုး ခိုးသွားပြီ ။ အခု မြို့ဝန်ကတော်ဆီက မျက်နှာမရတော့ဘဲ ပန်းပွင့်တွေ့တိုင်း ကျုပ် ဖနောင့်နဲ့ချည်း အပေါက်ခံနေရလို့ ကျောကော့နေပြီ ၊ ကဲ ခင်ဗျား ကိစ္စ ဒါပဲဆိုရင် ပြန်တော့ ”
ဦးဗလောင်သည် ခပ်ပြတ်ပြတ်ပင်ပြောပြီး အိမ်နောက်ဖေးသို့ ဝင်ပြေး၏ ။ သူ့ခြေထောက်ကို ရေဖြင့်ဆေးလည်း အဝါရောင်မပျောက် ၊ ရေနံဆီဖြင့် ဆေးလည်း မရ ၊ ထို့ကြောင့် ယခုအခါ လူတွေက သူ့ကို ဦးဗလောင် ဟုမခေါ်တော့ဘဲ ‘ သူကြီးမင်း ဦးခြေဝါ ’ ဟု ခေါ်ကြသဖြင့် ခြေထောက်တစ်ဖက်ကို အမြဲပင် ပတ်တီး စည်းထားရလေသည် ။
ဘဘခြယ်သည် ကြည်ပြာကို ရှာရန် ဦးဗလောင် ဆီမှ ပြန်ထွက်လာခဲ့သည် ။ ခြံဝ ရောက်သည့်တိုင်အောင် ငကျားသည် သူ့ကို လိုက်မကိုက်တော့ချေ ။ ငကျား၏ ခြေထောက်စိမ်းကြီးသည် သွေးချင်းချင်းနီ၍ ခြေ ထောက်နာနေသဖြင့် ဘဘခြယ် ကို လိုက်မကိုက်ခြင်း ဖြစ်ပေ၏ ။
ဘဘခြယ်ကား ကြည်ပြာ ကို ရှာပုံတော် ဖွင့်ရပြန်လေသည် ။
သိပ်တော့ ခဲခဲယဉ်းယဉ်း ရှာဖွေမနေရပါ ။ သေးသေးကွေးကွေးနှင့် လှပသော ထူးဆန်းသည့် မိန်းကလေး သတင်းမှာ ပျံ့နှံ့လွယ်လှပေ၏ ။
မောင်ကူးသည် နေ့ဘက်တွင် ရွာစဉ်လျှောက်၍ ပြပွဲ ကျင်းပပြီး ညဘက်တွင်အိမ်သို့ ပြန်၍ အိပ်လေ့ရှိ၏ ယနေ့ညတွင်ကား မိုးမချုပ်ဘဲ ညနေစောင်းကပင် အိမ်သို့ ပြန်ရောက်နေသည် ။ အဘယ်ကြောင့်ဆိုသော် သူ့၏ဇနီး ဒေါ်မဲ သည် တစ်ဖက်ရွာက ဆွေမျိုးများဆီသို့ တစ်ညအိပ်သွားနေခြင်းကြောင့်ပင် ဖြစ်လေသည် ။
ဘဘခြယ်သည် မောင်ကူး၏ အိမ်သို့ မမှောင်မီကလေးတွင်ပင် ရောက်ရှိလာလေ၏ ။
“ ဘာကိစ္စတုန်းဗျ ”
“ အော် ကပြတဲ့ မိန်းကလေးကို မမြင်ဖူးလို့ လာကြည့်တာပါ ခင်ဗျာ ”
“ ကပြတာ ကြည့်ချင်ရင် ငွေဒင်္ဂါးတစ်ပြား ပေးရမယ် ၊ ခင်ဗျားမှာ ပိုက်ဆံပါသလား ”
ဘဘခြယ်သည် ပန်းဝတ်မှုန်နတ်မျိုး ဖြစ်သဖြင့် ပိုက်ဆံမရှိချေ ။ ထို့ကြောင့် လေသံပျော့ပျော့လေးနှင့်ပင် ပြန်ပြော၏ ။
“ ကတာတော့ မကြည့်တော့ပါဘူးဗျာ ၊ မမြင်ဖူးလို့ ကြည့်ရုံ ကြည့်မှာပါ ”
နှစ်ယောက်သားသည် အတွင်း၌ ဝင်ရောက်ထိုင်မိကြ၏ ။ ကုလားထိုင်တစ်ယောက်တစ်လုံးစီနှင့် ယှဉ်၍ ထိုင်သည် ။ မောင်ကူးသည် ကလပ်ကလေးကို ယူလာ ၍ စားပွဲပေါ် တင်ထားလိုက်၏ ။
ကြည်ပြာ သည် တစ်နေ့လုံး ကပြလာရသဖြင့် မောပန်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရှာသည် ။ ဘဘခြယ်သည် ကြည်ပြာကို မြင်မြင်ချင်းမှတ်မိ၏ ။ တောင်ပံကလေးတွေ မရှိသည်က လွဲ၍ ကြည်ပြာ၏ ရုပ်သွင်သဏ္ဌာန်မှာ ပြောင်းလဲမှု မရှိချေ ။
ဘဘခြယ်သည် ကြည်ပြာကို ခါးပိုက်ထဲ ထည့်၍ ခိုးယူရပေတော့မည် ။ သို့သော် မောင်ကူးကလည်း မျက်ခြည်မပြတ် ကြည့်နေသည်က ခက်လှ၏ ။
“ ဟာ .. ဟိုမှာ ဟိုဟာကြီးပါလား ”
ဘဘခြယ်က အလန့်တကြားနှင့် လက်ညှိုးလှမ်း ထိုးလိုက်ရာ မောင်ကူးသည် ယောင်ပေါင်၍ ချာခနဲ လှည့်ကြည့်၏ ။ ထိုအခိုက်တွင် ဘဘခြယ်၏ လက်ကြီးသည် ကလပ်ဆီသို့ ဆန့်တန်း၍ ရောက်လာ၏ ။
“ ဘာလဲဗျ ”
မောင်ကူးက ချာခနဲ ပြန်လှည့်လိုက်သဖြင့် ဘဘခြယ်၏ လက်မှာ ဆတ်ခနဲ ပြန်ရုပ်သွားသည် ။
“ အော် ... ဟိုဟာပါ ”
“ ဒီအိမ်မှာ ဟိုဟာ ဆိုတာတွေ အများကြီးရှိတယ် ၊ ဘာကို ပြောတာလဲဗျ ”
“ ပင့်ကူကို ပြောတာ ”
“ ဟာ ပင့်ကူပဲ အဆန်းလုပ်လို့ ”
“ ဟာ ဒီပင့်ကူက သိပ်ဆန်းတယ်ဗျ မယုံရင်ကြည့် ”
မောင်ကူးက လှည့်ကြည့်ပြန်၏ ။ ဘဘခြယ်၏ လက်က ဆန့်တန်းပြန်၏ ။
“ ဘာဆန်းလို့လဲဗျ ”
မောင်ကူးက ချာခနဲ ပြန်လှည့်၏ ။ ဘဘခြယ်၏ လက်က ဆတ်ခနဲ ပြန်တွန့်ပြန်၏ ။
“ ခြေထောက် ရှစ်ချောင်းနဲ့ဗျ ”
“ ဟာ ပင့်ကူမှန်ရင် ခြေထောက်ရှစ်ချောင်းရှိတာ ချည်းပဲပေါ့ ”
“ ဟာ အလို ဟိုဟာက ဘာကြီးပါလိမ့် ”
ဘဘခြယ်က အလန့်တကြား အော်လိုက်ပြန်သည် ။
“ ဘာပဲဖြစ်ဖြစ်ဗျာ ၊ ကျုပ် ဇက်ကြော တင်းသွားပြီ ၊ လှည့်မကြည့်နိုင်တော့ဘူး ၊ ခြေထောက်လေးချောင်းနဲ့ အိမ်မြှောင်ပဲ ဖြစ်မှာပါဗျာ ”
ဤနည်းပရိယာယ်ကို ဘဘခြယ် လက်လျှော့လိုက်ရ၏ ။ မျက်စိက ဟိုကြည့်ဒီကြည့်နှင့် ကစားလိုက်ရာ ကြွက်လျှောက်ပေါ်တွင် ဆေးပြင်းလိပ်တစ်လိပ်တွေ့၏ ။
“ ဟာ အတော်ပဲ ၊ ဆေးလိပ်သောက်ချင်လိုက်တာဗျာ ”
မောင်ကူးသည် ဆေးပြင်းလိပ်ကို ရှောရှောရှရှယူ ပေး၏ ။ ဘဘခြယ်သည် ဆေးပြင်းလိပ်ကို နင်းကန်ဖွာ၍ မောင်ကူး၏ မျက်နှာဆီသို့ မီးခိုးများဖြင့် မှုတ်၏ ။ သူ၏ အကြံမှာ မောင်ကူး မူးသွားစေရန်ဖြစ်၏ ။
သို့သော် မောင်ကူးမှာ မူလက ဆေးပြင်းလိပ် သောက်သော်လည်း ယခုအခါတွင် မိန်းမက မသောက်ပါနှင့်ဟု တားမြစ်သဖြင့် ဆေးလိပ်ဖြတ်ထားသူဖြစ်လေရာ ဆေးလိပ်မီးခိုးကြောင့် သူ မမူးချေ ၊ တစ်ခါမှ ဆေးလိပ်မသောက်ဖူးသော ဘဘခြယ်သာလျှင် တရိပ်ရိပ် ဖြစ်လာသဖြင့် ဆေးလိပ်ကြီးကို လွှင့်ပစ်လိုက်ရလေ၏ ။
ထိုခဏတွင် မှောင်စပြုလာပြီဖြစ်သဖြင့် မောင်ကူး သည် ပြတင်းပေါက်ကို ထ၍ ပိတ်သည် ။ အခါအခွင့်ကို ရပြီဖြစ်သဖြင့် ဘဘခြယ်သည် လက်မြန်မြန်နှင့် ကြည်ပြာကို ဇတ်ခနဲကောက်ကာ ခါးပိုက်ထဲ ထည့်လိုက်လေသည် ။ ကြည်ပြာ ကို ရပြီဖြစ်သဖြင့် ကြာကြာမနေတော့ဘဲ မောင်ကူးပြန်အထိုင်တွင်ပင် နှုတ်ဆက်၍ ထွက်ခဲ့၏ ။
ခြံထဲသို့ အရောက်တွင် ခါးပိုက်ထဲမှ ကြည်ပြာကို ထုတ်၍ ကြည့်လိုက်သည် ။
“ ဟောဗျ ”
ဘဘခြယ်မှာ မူးမူးပေပေနှင့် အတင်းဆွဲယူလာခဲ့သည်မှာ ကြည်ပြာမဟုတ်ဘဲ ၊ ဘေးနားက သွေးဆေးပုလင်းကြီးဖြစ်နေလေ၏ ။
“ ဒီခွေးမသား သွေးဆေးကို ငါက ဘာလုပ်ရမလဲ ”
ဘဘခြယ်သည် ဆေးပုလင်းကို ကိုင်ပေါက်လိုက်ပြီး ‘ ဘာလုပ်ရပါလိမ့် ’ ဟု ရပ်၍စဉ်းစား၏ ။ ခြံထဲက ပန်းပွင့် ဖြူဖြူလေးကို မြင်လျှင် ရုတ်တရက် အကြံရသွားလေတော့သည် ။
“ ဟော .. ခင်ဗျား ပြန်ရောက်လာပြန်ပြီလား ”
ဘဘခြယ်သည် ဆေးပုံးနှင့်စုတ်တံများကို ချထားပြီး ပန်းပွင့်လေးကိုသာ ကိုင်ကာ စားပွဲဆီသို့ ပြန်ရောက်လာ ပြန်လေ၏ ။
“ ကျွန်တော် စကားပြောကြည့်ချင်တယ်ဗျာ ”
ဤသည်ကို မောင်ကူးက သဘောကျပုံမရချေ ။
“ သူပင်ပန်းလို့ အိပ်ပျော်နေတယ်ဗျ ”
ဘဘခြယ်သည် သီချင်းညည်းသလိုနှင့် ‘ ကြည်ပြာ ကြည်ပြာ အို ကြည်ပြာ ပန်းမာလာ ’ ဟု ဆိုလိုက်ရာ ကြည်ပြာသည် အိပ်ရာမှ နိုးလာ၍ ထထိုင်၏ ။ သို့သော် လူသားအသွင် ဖြစ်နေသော ဘဘခြယ်ကို သူမမှတ်မိချေ ။
“ ဟော နိုးလာပြီ ၊ ကျုပ်စကားတစ်ခွန်း ပြောချင်တယ် ”
မောင်ကူးကား မျက်နှာကြီး အောက်သိုးသိုးနှင့် ခွင့်ပြုရတော့သည် ။
“ သမီးရယ် ဘဘခြယ်ကို ချစ်ရင် ဒီပန်းလေးကို ရနံ့သွင်းပါလားကွယ် ”
ဘဘခြယ်က ပန်းပွင့်ကလေးကို ကလပ်ပေါ် တင်ရင်း ပြောလိုက်၏ ။ ကြည်ပြာကား ကောင်းကောင်း မှတ်မိသွားလေပြီ ၊ ထို့ကြောင့်ပင် ရင်ထဲ၌ အတိုင်းမသိ ပျော်ရွှင်သွားကာ ချိုလွင်သော တေးဂီတဖြင့် မြူးပျော်စွာ ပန်းကို ပတ်၍ လှည့်၍က,လေတော့သည် ။
“ ဟော ခင်ဗျား ကတာကို ကြည့်သွားပြီ ပိုက်ဆံပေး ”
မောင်ကူးက အခကြေးငွေကို တောင်းခံတော့သည် ။ ဘဘခြယ် သည် ဘာမှ ပြန်မပြောတော့ပဲ ၊ ပန်းကလေးကို ယူ၍ လှမ်းပေးပြီးမှ စကားကိုပြော၏ ။
“ ပေးရမှာပေါ့ဗျာ …. ဒါထက် ဒီပန်း ဘယ်လောက် မွှေးသွားလဲ ကြည့်ပါဦး ”
မောင်ကူးသည် ပိုက်ဆံကိုသာ လိုချင်နေသည်ဖြစ်၍ ပန်းကို ဆောင့်အောင့်ဆွဲယူကာ နမ်းလိုက်၏ ။
“ ဘာမွှေးရမှာလဲ ၊ ကျုပ်ခြံထဲက တောပန်းပဲ ၊ ဘာအနံ့မှ သိပ်ရှိတာမဟုတ် ၊ ဟာ အင် .. အင် အီ ”
ပန်းရနံ့၏ စူးရှမွှေးကြိုင်လှသောကြောင့် မောင်ကူး သည် ယစ်မူး၍ ခွေယိုင်ကျသွားလေတော့သည် ။
“ ဒီကောင်တော့ မျက်နှာပေါ် ကြွက်ဖြတ် ပြေးရင်တောင် နိုးတော့မှာမဟုတ်ဘူး ၊ ဒါကြောင့် တို့ပြန်ကြမယ် ၊ မပြန်ခင် ဆေးတွေကို အလကား ထားရစ်ခဲ့လို့ မတော်ပါဘူးလေ ၊ ဒီကောင့်ကို ပန်းကလေးလို လှအောင် လုပ်ပေးခဲ့မှပဲ ”
ဘဘခြယ်သည် ရယ်ရယ်မောမော ပြောဆိုလိုက်လေသည် ။ ဆေးပုံးမကိုင်မီ ကြည်ပြာ ကို လှမ်းဆွဲယူလိုက်ရာ ချည်မန်းကွင်းမှာ ကလပ်အစွန်းနှင့် ငြိ၍ ပြတ်သွားလေ၏ ။ ထိုအခါတွင် တောင်ပံလေးများ ပေါ်လာလေ၏ ။
မနက်သို့ ရောက်သောအခါ မောင်ကူး၏ မိန်းမ မမဲ့ သည် ပြန်ရောက်လာလေ၏ ။
“ အောင်မယ်လေး သေနာကောင်က ဒီအချိန်တောင် မထသေးဘူး ၊ တယ်ပြီး စည်းစိမ်ယစ်မူးနေပါကလား ၊ အိမ်တံခါးကြီးလည်း စေ့ရုံစေ့ထားတယ် ”
မမဲ့သည် ဒေါနဲ့မောနဲ့ ပြောဆိုဝင်လာရာ ကြမ်းပေါ်တွင် အိပ်ပျော်နေသော လင်တော်မောင်ကို တွေ့သောအခါ ..
“ အောင်မယ်လေးတော့ လာကြပါဦး ၊ ကျားကြီးက လူလို ဝတ်ပြီး အိပ်နေပါသတော့ ” ဟု အော်၍ ပြေးထွက် လေ၏ ။ အိမ်နီးနားချင်းတို့လည်း မမဲ့၏ အော်သံကြောင့် ခြံထဲသို့ စုရုံး၍ ရောက်ရှိလာလေတော့သည် ။
မောင်ကူး သည်လည်း မမဲ့၏ အော်သံကြောင့်ပင် အိပ်ရာမှ နိုးလာကာ လူးလဲ၍ ထွက်လာခဲ့သောကြောင့် ခြံထဲတွင် လူများနှင့် ဆုံကြလေ၏ ။
မောင်ကူး၏ မျက်နှာမှာ အဝါတစ်စင်း အနက်တစ်စင်းနှင့် နေကြာပန်းရောင်နှင့် နှင်းဆီနက် အသွေးများ တစ်ကန့်စီနှင့် အကျားအကျားဖြစ်နေသည် ။
“ ဟ .. လူလို လမ်းလျှောက်တဲ့ ကျားကြီးလဟယ် ”
အိမ်နီးပါးချင်းတို့ ထွက်ပြေးကြရန် လှည့်လိုက်ကြလေ၏ ။
“ မပြေးကြပါနဲ့ ၊ မပြေးကြပါနဲ့ ၊ ကျုပ် မောင်ကူးပါ ”
လူတွေ ပြန်လှည့်လာကြပြန်၏ ။ တွန့်ဆုတ် တွန့် ဆုတ်တော့ ဖြစ်နေသေးသည် ။
“ မောင်ကူး ဟုတ်လား ၊ မောင်ကူးက ဘာဖြစ်လို့ ကျားခေါင်းကြီး စွပ်ထားရတာလဲကွာ မင်းကိုယ်မင်း ကလေးမှတ်လို့ ဆော့နေတာလား ”
သူတို့ ပြောသည်ကို မောင်ကူးက နားမလည်၍ လူတစ်ယောက်က ရေခွက်ထဲတွင် ရေခပ်လာပြီးပြ၏ ။ မောင်ကူးသည် ရေထဲသို့ ငုံ့ကြည့်ပြီး သူ့မျက်နှာကို သူ မြင်သည်တွင် ရေခွက်ကြီးကို ခြေဖြင့် တအားကန် လိုက်ရာ ရေတို့သည် လူများပေါ်သို့ ကျရောက်ကုန်လေ၏ ။
ပန်းဝတ်မှုန်နတ်တိုင်းပြည်လေးတွင်ကား ဖလားထဲမှ ဆန်များ ၊ ပေါက်ပေါက်များသည် နတ်သမီးလေးများ ၊ နတ်သားလေးများ ပေါ်သို့ ပျံဝဲ၍ ကျရောက်ကုန်လေ၏ ။
သော်က နှင့် ကြည်ပြာတို့ လက်ထပ်ပွဲသည် ပျော်ရွှင်စရာများစွာ ကောင်းလှသဖြင့် ပန်းပွင့်တို့သည် ပို၍ ပို၍ မွှေးကြိုင်နေကြလေတော့သည် ။
▢ ကြပ်ကလေး
📖ပျော်ရွှင်ဖွယ် ဟာသပုံပြင်များပေါင်းချုပ် ( ပထမတွဲ )

No comments:
Post a Comment