Saturday, February 14, 2026

ဒိုက်ပျက်မှ ထွက်ခွာခြင်း

 

❝ ဒိုက်ပျက်မှ ထွက်ခွာခြင်း ❞
              ( ညိုမိုး )

ကိုဉာဏ်မြင့် အလယ်တန်းကျောင်းထဲမှ ရထားလမ်းပေါ် တက်လိုက်ချိန်တွင် ကျောင်းဆင်းသံချောင်း ခေါက်လိုက်သံကို ကြားလိုက်ရသည် ။ ညနေသုံးနာရီကျော်ကျော်ရှိပေပြီ ။

ရထားလမ်းအတိုင်း ဘူတာရုံဘက်ကို ဆက်လျှောက်ခဲ့သည် ။ ကျနေသည် မျက်နှာချင်းဆိုင်တည့်တည့်မို့ လွယ်အိတ်ဖြင့် နေရောင်ကို အကွယ်ပြုလိုက်သည် ။ ရှေ့ဆီတွင် ဘူတာရုံအဆောက်အဦ သေးသေးကလေးကို လှမ်းမြင်နေရသည် ။ စက်ခေါင်း ရေထည့်သော ပိုက်ကောက်ကြီးနှင့် ရေစင်မှာ မည်းနက်ဟောင်းနွမ်းနေသော်လည်း ဘူတာရုံတစ်ရုံ၏ အင်္ဂါရပ်ကိုတော့ ဖြည့်ဆည်းနိုင်တုန်းပင် ။

ကိုဉာဏ်မြင့် ဤဒိုက်ပျက်ရွာသို့ ရောက်ရှိလာခြင်းမှာ တက္ကသိုလ် တက်စဉ်က ရင်းနှီးခဲ့သော သူငယ်ချင်းတစ်ဦးကို လာရောက်တွေ့ ဆုံခြင်း ဖြစ်သည် ။ သူငယ်ချင်းက ဟင်္သာတ အနီး ပုသိ မ်သွား ရထားလမ်းဘေးမှ ရွာတစ်ရွာတွင် တွဲဖက်ကျောင်းဆရာ လုပ်နေကြောင်းသာ သိရသည် ။ ရွာ ကို အတိအကျ မသိ ။ ဟင်္သာတ မှ ကျောင်းနေဖက်တစ်ဦး၏ ခန့်မှန်းသတင်းပေးချက်အရသာ ရောက်လာခြင်းဖြစ်သည် ။

သူငယ်ချင်းကို တွေ့လျှင်မူ သူ့လိုပင် တွဲဖက်ကျောင်းဆရာ တစ်နေရာ ရှိက ဝင်လုပ်လိုကြောင်း တိုင်ပင်ဆွေးနွေးရန်ဖြစ်သည် ။ ယခုမူ သူ မရှိ ။ ထိုကျောင်းမှာ အလယ်တန်းကျောင်း ဖြစ်သွားသဖြင့် အစိုးရခန့် ဆရာများ သာ ရှိပြီး သူငယ်ချင်းမှာ ငပုတောမြို့နယ် ပင်လယ်ပိုင်းသို့ ပြောင်းသွား ကြောင်း သိရသည် ။

တိုက်တိုက်ဆိုင်ဆိုင်ပင် တွေ့လိုသော သူငယ်ချင်းမဟုတ်သော နာမည်တူ ဆရာဦးသန်းဝင်းကို တွေ့ခဲ့ရသည် ။ သူက ရည်မွန်ပျူငှာစွာ ဆီးကြိုဧည့်ခံခဲ့သည် ။ သူငယ်ချင်း ဦးသန်းဝင်း ကို သူက သိသည် ။ လိပ်စာ အတိအကျ သိလိုလျှင် သူငယ်ချင်း၏ ဇာတိဖြစ်သော နတ်မှော်ရွာ သို့ လိုက်သွားသင့်ကြောင်း အကြံပေးသည် ။ တွဲဖက်ဆရာ ကိစ္စမှာမူ သည်အနီးအနားမှာ တွဲဖက်ကျောင်းများ မရှိကြောင်းကိုပါ သိခဲ့ရသည် ။

သူက ညနေစာ ထမင်းစား ဖိတ်သော်လည်း အားနာသဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားပြီး ဘူတာရုံဘက်သို့ ပြန်ခဲ့ခြင်းဖြစ်သည် ။

အလာတုန်းကတော့ ဘူတာရုံ အနားတွင် စားသောက်ဆိုင်တစ်ဆိုင် ရှိမှန်း သတိထားမိခဲ့သည် ။ ညနေစာအတွက် ထိုဆိုင်ကို အားထားနိုင်ပေမည် ။ ဟင်္သာတ သို့ အပြန်ရထားမှာ အတက်နောက်ကျသဖြင့် ညဆယ်နာရီခွဲခန့်မှ ရောက်နိုင်ကြောင်း ရထားပေါ်တွင် စုံစမ်းမေးမြန်းရင်း သိခဲ့ရသည် ။ အသိအကျွမ်း မရှိသဖြင့် ဘူတာရုံတွင်ပင် တည်းခိုစောင့်ဆိုင်းရပေမည် ။

ဘူတာရုံမှာ အတန်ငယ် ဟောင်းနွမ်းနေပြီ ။ အုတ်နံရံတွင် အပွန်းအပဲ့များနှင့် ကွဲနေသော မှန်ပြတင်းများဖြစ်သည် ။ ခရီးသည်များ နားနေရန်မှာ ဘူတာရုံပိုင်၏ ရုံးခန်းဘေးတွင် သစ်သားလက်ရန်းများ ကာထားသည် ။ ကြမ်းပြင်မှာ အင်္ဂတေခင်းဖြစ်သည် ။ ပေါက်ပြဲမှု အနည်းငယ် ရှိသော်လည်း ကျန်မျက်နှာပြင်မှာ ပြောင်ချောနေသည် ။ ထိုအခင်းပေါ်တွင်ပင် ရွာသားများ ဖြစ်ဟန်တူသော လူငါးဦးခန့် ခြင်းဝိုင်းဖွဲ့နေကြသည် ။

ရထားလမ်းမှာ လယ်ကွက်တို့ အလယ် တာရိုးသဖွယ် ဖြစ်နေသည် ။ လယ်တစ်ကွက် အကျော် ဘူတာရုံ၏ တောင်ဘက်အရပ်တွင် အိမ်ခြေများစွာ ရှိသည် ။ အုန်းလက်ထိပ်ဖျား အခက်များ အကြားမှ ခေါင်းတိုင်မည်းမည်း တစ်ခုကို တွေ့နေရသည် ။ မီးခိုးငွေ့တလူလူဖြင့် ။ ရွာအစွန်တွင် ဆန်စက်ရှိဟန် တူပါသည် ။

ဘူတာရုံ၏ အရှေ့ဘက်ဆီမှ စားသောက်ဆိုင်ကလေးသည် လက်ဖက်ရည်ဆိုင်ပင်ဖြစ်သည် ။ ချိုမြင့်လက်ဖက်ရည်ဆိုင် ဟု ဆိုင်းဘုတ်တပ်ထားသည် ။ ဆိုင်ရှေ့တွင် ငှက်ပျောခိုင်များ ချိတ်ဆွဲထားပြီး အတွင်းတွင် စားပွဲသုံးလုံးခန့် ခင်းထားသည် ။ လက်ဖက်ရည် သောက်သူ တစ်ဦးမျှတော့ မတွေ့ပေ ။ ဆိုင်နှင့် ပတ်သက်ဟန်တူသော အပျိုအရွယ်မိန်းကလေးနှစ်ဦးသာ တွေ့ရသည် ။ ဆိုင်ရှေ့တွင် ရပ်လျက် ရှိကြသည် ။ တစ်ယောက်က တစ်ဆယ့်ခြောက်နှစ်ခန့် ၊ တစ်ယောက်က တစ်ဆယ့်ရှစ်နှစ်ခန့် ။ ရုပ်ချင်း ဆင်သဖြင့် ညီအစ်မ ဖြစ်နိုင်သည် ။ နှစ်ယောက်စလုံး ဖြူဖြူသွယ်သွယ်လေးတွေပင် ။

အတန်ကြာအောင် ဘူတာရှေ့တွင် ဟိုငေးသည်ငေး ရပ်နေပြီးမှ အုတ်ခုံတွင် ထိုင်ချလိုက်သည် ။

ဘူတာရုံရှေ့ဘက် မြင်ကွင်းသည် လွတ်လပ်ကျယ်ပြန့်လွန်းလှသည် ။ လယ်ကွင်းပြင်ရှိ မှည့်စပြုနေသော စပါးခင်းတို့မှ ရွှေရောင်အဆင်းသည် ညနေခင်းအလင်းဖြင့် ဘူတာရုံ အနီးအနားတစ်ဝိုက်ထိအောင် ဘောင်ခတ်လာသည် ။

လက်ဖက်ရည်ဆိုင်နောက် ရထားလမ်းအောက်တွင် ရေတွင်းတစ်လုံး ရှိသည် ။ မိန်းမကြီးများနှင့် ကလေးအချို့ ရေချိုးနေကြသည် ။ ကလေးအချို့မှာ ရေတွင်းနံဘေးရှိ ကန်စွန်းခင်းထဲတွင် အဝတ်မပါဘဲ ဆော့ကစားနေ ကြသည် ။ လွတ်လပ်ပျော်ရွှင်မှု၏ အရသာကို အပြည့်အဝ ခံစားနေကြ သည် ။ ကလေးအချို့မှာ ပုရစ်လိုက်တူးနေကြဟန်တူသည် ။ တုတ်ကလေး များ ၊ ရေထည့်ထားသော အုန်းမှုတ်ခွက်ကလေးများ ကိုယ်စီနှင့် ။

ကိုဉာဏ်မြင့် လည်း ပါလာသော အဝတ်အိတ်ငယ်ကို ဆွဲလျက် ရေတွင်းဆီသို့ ဆင်းလာခဲ့သည် ။ ဆိုင်ထဲမှ ကောင်မလေးများက လူစိမ်းအဖြစ် စူးစမ်းသောမျက်လုံးများဖြင့် ကြည့်နေကြသည် ။

“ အရပ်ကြီးကလည်း ရှည်လိုက်တာ ”

ကိုဉာဏ်မြင့် လှည့်ကြည့်မိလိုက်သည် ။ အကြီးမလေးက အငယ်မ၏ လက်မောင်းကို ဆွဲဆိတ်လိုက်သည် ။ ပြီးတော့ ဆိုင်အတွင်း ပြေးဝင်သွား ကြသည် ။ တိုးတိုးညင်သာ ရယ်မောသံအချို့ လွင့်ပျံလာသည် ။

ရေတွင်းနားတွင်ပင် အဝတ်လဲလိုက်သည် ။ ယာယီခရီးမို့ အဝတ်အစား သိပ်များများ မပါလှ ။ ရေတွင်းတွင် လူရှင်းသွားပေပြီ ။ ရေဆွဲနေသော လူကြီးတစ်ယောက်နှင့် ကလေးအချို့သာ ကျန်ရစ်သည် ။ ရေတွင်းပေါင်ကို သစ်သားတန်းဖြင့် ကာရံထားသည် ။ အသုံးပြုနေကြသော ရေပုံးကလေးများမှာ ကြိမ်ဖြင့် ရက်ထားသည် ။ ရေမယိုအောင် သရိုးလည်း ကိုင်ထားသည် ။ အဝကျယ်ပြီး အဖျားပိုင်းတွင် ရှူးသွားသည် ။ သံပုံးကိုသာ တွေ့ဖူးသော ကိုဉာဏ်မြင့် အတွက် အထူးအဆန်းပင် ။

ကလေးများထံမှ ရေပုံးငှား၍ ချိုးလိုက်သည် ။ ဆပ်ပြာတော့ မရှိ ။ ကလေးတို့ကတော့ သဘာဝအတိုင်း ပွင့်လင်းစွာ အကဲခတ်နေကြသည် ။

“ အဲသည် ဦးကြီးက ပိန်ပိန်ရှည်ရှည်နဲ့ ဘယ်ကမှန်းလဲ မသိဘူး ”

ကလေးများကို ရေပုံးပြန်အပ်ပြီး ရေတွင်းမှာပင် အဝတ်အစားလဲလိုက်သည် ။ ရထားလမ်းပေါ် ပြန်တက်လာစဉ်တွင်မူ ဖုန် ၊ သဲပေပြီး ကြေနေသော အဝတ်အစားများ မဟုတ်တော့ ။

ရေ၏ အအေးနှင့် သန့်စင်မှုကြောင့် စိတ်သည် ပြန်လည်လန်းဆန်းလာသည် ။ သည်တော့မှ ထမင်းဆာကြောင်း သတိထားမိသည် ။ အဆာပြေ တစ်ခုခု စားရန် လက်ဖက်ရည်ဆိုင်ရှေ့ ရပ်လိုက်သည် ။ တံခါးတစ်ခြမ်းတော့ ပိတ်နေပေပြီ ။ ဆိုင်တွင်းမှ အငယ်မလေး ရှိနေသည် ။ ပြုံးစိစိနှင့် ။

“ လက်ဖက်ရည် ရဦးမလား ညီမ ”

“ မရတော့ဘူး ”

“ စားစရာ မုန့်တစ်ခုခုကော ”

“ ကုန်နေတယ် ”

ကိုဉာဏ်မြင့် ဒုက္ခရောက်သွားသည် ။ တကယ်ပင် ဆိုင်အတွင်းမှာ ဘာမျှမရှိ ။ အကြံအိုက်စွာပင် ဆိုင်အတွင်း လှည့်ပတ်ကြည့်ရင်းက နံရံတွင် ငှက်ပျောခိုင်တစ်ခိုင် သွားတွေ့သည် ။ ကိုဉာဏ်မြင့်က လက်ညှိုးညွှန်လျက်

“ အဲဒါတော့ စားလို့ရတယ်မဟုတ်လား ”

“ ဟိဟိ ”

လက်ဖက်ရည်ဖျော်ခုံ နောက်ကွယ်မှ ရယ်သံကြားလိုက်ရသည် ။

အကြီးမလေးပင် ။

“ ဘယ်လို ဝယ်ရမလဲဟင် ။ တစ်ခိုင်လုံးတော့ မကုန်ဘူး ”

“ ရပါတယ် ၊ ကြိုက်သလောက်ပဲယူပါ ”

“ တစ်ဖီး ဘယ်လောက်လဲ ”

“ ပြားကိုးဆယ် ”

“ ဟင် ”

ကိုဉာဏ်မြင့်က နောက်နေသည်ဟု ထင်သဖြင့် သေချာအောင် ထပ်မေးလိုက်သည် ။ တကယ့် ဈေးမှန်ပင် ။ ခမောက်စုဘက်မှ ခြံများတွင် ပြားလေးဆယ်နှင့် ရနိုင်ကြောင်း အငယ်မလေးက ပြောပြသည် ။ ရန်ကုန်တွင် အပေါဆုံး တစ်ကျပ်ကို သုံးလုံးဟု ပြောပြလိုက်တော့ ညီမနှစ်ယောက်စလုံး အံ့အားသင့်သွားကြသည် ။

ငှက်ပျောသီး တစ်ဖီးဆွဲ၍ ဆိုင်ထဲမှ ထွက်လာချိန်တွင် နေလုံးသည် မျက်စိတစ်ဆုံးရှိ မည်းမည်းအရိပ်တန်းပေါ်တွင် မေးတင်နေပေပြီ ။ ပုသိမ် ဘက်မှ ရထားလမ်းအတိုင်း စပါးရိတ်အဖွဲ့များ အုပ်စုလိုက် ပြန်လာကြသည် ။ တံစဉ် ၊ ပေါက်ပြား ၊ တူရွင်းနှင့် ထမင်းတောင်းများပါ ထမ်းပိုးလာကြသည် ။ လူကြီးလူငယ် ၊ ယောက်ျားမိန်းမ အစုံပါသည် ။ ကာလသား ၊ ကာလသမီးများအဖို့ အလုပ်လုပ်ရင်း အပျော်ကလေးများ ရှိနေကြမည် ။ ပင်ပန်းနေသော မျက်နှာပြင်တွင် ကြည်နူးခြင်း မျက်ဝန်းများ တွဲရွဲခိုလျက် ရှိတုန်း ။ လယ်တောလိုက် ခွေးတစ်သင်းလည်း တစ်ကောင်နှင့် တစ်ကောင် ကိုက်ရင်း ၊ ပြေးရင်း ၊ ဟောင်ရင်းနှင့် ညနေခင်းဘွဲ့ကို ဖွဲ့နေကြသည် ။

ဘူတာရုံ ရုံးခန်းတံခါးမှာ ပိတ်ထားဆဲဖြစ်သည် ။ ခြင်းခတ်နေသော ရွာသားများလည်း မရှိကြတော့ ။ စပါးစက်ဘက်ဆီမှ လုံချည်ခေါင်းပေါင်း များဖြင့် တောင်းလွတ်များဆွဲလျက် မိန်းမကြီးအချို့ ပြန်လာကြသည် ။ ကိုယ် မှ စပါးခွံ ၊ စပါးမှုန်များကို ခါသူက ခါလျက် ။

ရုံးခန်းရှေ့ အုတ်ခုံလေးတွင် ထိုင်ရင်းက ငှက်ပျောသီးကို တစ်လုံးချင်း ဖြုတ်စားလိုက်သည် ။ သောက်ရေအိုးတော့ မတွေ့ ။ ချိုမြင့်ဆိုင်လည်း တံခါးများ ပိတ်သွားပြီ ။ မီးရောင်လဲ့လဲ့သည် ဆိုင်အကာ ဝါးထရံကြားမှ အလင်းစများ ဟိုတစ်စ သည်တစ်စ ဖြာဝေနေသည် ။

ငှက်ပျောသီးမှာ အတော်ချိုသည် ။ သုံးလုံးထက် ပိုစားလို့ မဝင်ပါ ။ သည်လိုဖြင့် ညနေစာကို ပြီးလိုက်ရသည် ။ အိမ်ကိုတော့ သတိရလိုက်မိသည် ။ သိပ်ဖွယ်ဖွယ်ရာရာ မဟုတ်တောင် အမေက အဆင်ပြေပြေနှင့် ထမင်း တစ်ဝိုင်းဖြစ်အောင် ပြင်ဆင်ပေးသည် ။ ထွက်လာပြီးမှ မထူးတော့ချေ ။ အနေ ၊ အစား ဆင်းရဲခြင်းဒဏ်ကို ခံယူရန် အသင့်ပင်ဖြစ်ရပါတော့မည် ။ တက္ကသိုလ်မှ ဘွဲ့မရမီ ကာလတစ်လျှောက်လုံး မိဘ၏ ပံ့ပိုးမှုများကို အားနာတတ်လာသည် ။ အမေနှင့် အဖေသည် မောင်နှမတွေထဲတွင် တစ်ဦးတည်းသောသား ကိုဉာဏ်မြင့် ကို အချစ်ပိုသည် ၊ ဂရုစိုက်လွန်းသည် ။ ထိုကြောင့်ပင် တင်းကျပ်သည်ဟု ထင်မိသည် ။ မိဘ၏ စေတနာ ၊ မေတ္တာကို နားလည်သော်လည်း ယောက်ျားလေးပီပီ အတောင်စုံချိန်တွင် လောကအ လယ်၌ လွတ်လပ်စွာ ပျံသန်းချင်မိသည် ။ ဘဝရပ်တည်ရေးကို ကိုယ်တိုင် ကြိုးစားကြည့်ချင်သည် ။

အမေနှင့် အဖေက အိုးမကွာ အိမ်မကွာ နေစေလိုသည် ။ သည်အရွယ် ရောက်သည့်တိုင် ကြက်မကြီးက ကြက်ကလေးများ အုပ်ထိန်းထားသလို ရင်အုပ်မကွာ ထိန်းထားလိုသည် ။ ကိုဉာဏ်မြင့် ကတော့ စွန့်စားကြည့်ချင် သည် ။ မအောင်မြင်လျှင် အိမ်မှာ ပြန်နားရုံပင် ။ အမေက ခွင့်မပြု ။ သည်တော့ ဆိုးချင်ပေချင်သောကြောင့် မဟုတ်ဘဲ ခေတ္တအိမ်ပြေး အဖြစ်ကို မဝံ့မရဲ ခံယူလိုက်သည် ။

အဝတ်အစား နှစ်စုံလောက်ကို သားရေအိတ်စုတ်ကလေးထဲ ထည့်၍ အိမ်မှ ဟန်မပျက် ထွက်ခဲ့သည် ။ သွားလေရာ ပါလေ့ရှိသည့် လွယ်အိတ်တစ်လုံးနှင့် ရေးမှတ်စရာ စာအုပ် ၊ ဖောင်တိန်တို့ကိုတော့ မေ့မထားခဲ့ပေ ။ နေ့ လယ်ပိုင်းတွင် မြို့ထဲရှိ သူငယ်ချင်းများထံ လည်ပတ်ခဲ့သေးသည် ။ မကြောင်စမ်းပါနှင့်ဟု တားသူက တားသည် ။ ရဲဝံ့စွာ ရုန်းဖြတ်ကြည့်ဖို့ အားပေးသူက အားပေးသည် ။ အဖေနှင့် အမေ့ ဆီကိုတော့ စိတ်မပူရန် ခရီးလမ်းစဉ်ကို စာရေးထားခဲ့သည် ။ သည်လိုနှင့် ကြည့်မြင်တိုင်ဘူတာတွင် ညအိပ်ပြီး နံနက်စောစော ရထားစီးကာ ဟင်္သာတ သို့ ရောက်ခဲ့သည် ။

နှင်းတို့သည် တစ်စတစ်စ ဝေလာသည် ။ ဒီဇင်ဘာလ ဖြစ်သည် ။ မပြည့်တပြည့် ဖြစ်နေသော လဝန်းကလေး မြင့်တက်လာသည်နှင့်အမျှ အအေးတို့ ပိုကဲလာသည် ။ နှင်းမှုန်ကြားမှ ဘူတာရုံမြင်ကွင်းကို ကြည့်ပြီး ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကားများတွင် ပါဝင်လေ့ရှိသော ဘူတာရုံများကို အမှတ်ရမိသည် ။

မြူနှင်းတို့ ကြားကပင် ကလေးတစ်ယောက် ဘူတာရုံဘက် လမ်းလျှောက်လာသည် ။ စွပ်ကျယ်လက်စကအစုတ်ကလေး ဝတ်ထားပြီး အထုပ် တစ်ထုပ်ကို နောက်ကျောတွင် ပိုးလာသည် ။ ဘောင်းဘီတိုကလေးဝတ်ထား၍ အသက်တစ်ဆယ့်နှစ်နှစ်ခန့် ရှိမည်ထင်ပါသည် ။

ရာသီက ပို၍ ချမ်းအေးလာစေသည် ။ ပါလာသော ပင်နီတိုက်ပုံအနွမ်းကို ထုတ်ဝတ်လိုက်ရသည် ။ ရင်စေ့ကြယ်သီးအစုံ တပ်ပြီး ရုံးခန်းနံရံသို့ မှီလိုက်သည် ။ အုတ်တိုက်သည် ညဘက်တွင် အပူငွေ့ပျံတတ်သည် ။ ကျော ပြင်တွင် နွေးထွေးသွားသည် ။ လက်ကို တင်းတင်းပိုက်ရင်းက ဘူတာရုံ အပြင်ဘက်ကို ငေးကြည့်မိသည် ။

ထိုအခါကျမှ သည်ဝန်းကျင်တွင် မိမိ တစ်ဦးတည်း မဟုတ်ကြောင်း သတိထားမိသည် ။ ရေစင်၏ အုတ်ဖိနပ်ခုံတွင် ကလေးမလေး တစ်ယောက် ထိုင်နေသည် ။ အသက်က တစ်ဆယ့်နှစ်နှစ်ခန့် ။ သူမမှာ တဘက်နွမ်း ကလေး ခြုံထားသည် ။ ညနေက ခြင်းဝိုင်းဖြစ်ခဲ့သော ခရီးသည်များ နားခိုရန် နေရာတွင်လည်း လူကြီးတစ်ယောက် ရှိနေသည် ။ သူသည် ဆေးလိပ်ကို မီးညှိလိုက်သည် ။ မီးခြစ်အလင်းရောင်ဖြင့် သူ့အနားရှိ ခြင်းတောင်းကြီး နှစ်လုံးကိုပါ တွေ့လိုက်ရသည် ။ ခြင်းထဲမှာ ဒန်အိုး ၊ ရေခွက်နှင့် ရေနွေးကရား အချို့ပါသည် ။ စပါးပေး ဖြစ်ဖြစ် ၊ ငွေလက်ငင်းနှင့် ဖြစ်ဖြစ် ရောင်းဟန် တူပါသည် ။

ထိုလူကြီး ဆေးလိပ်သောက်မှ ကိုဉာဏ်မြင့် လည်း ဆေးလိပ်သောက်ချင်သလိုဖြစ်လာသည် ။ ဆေးလိပ်ဝယ်ရန် လက်ဖက်ရည်ဆိုင်လည်း ပိတ်သွားပြီ ။ ဆေးလိပ်၏ အပူငွေ့သည် အအေးဒဏ်ကို အနည်းငယ်တော့ ခုခံနိုင်မည် ထင်ပါသည် ။ စောစောက လမ်းလျှောက်လာသော ကလေးမှာ ကိုဉာဏ်မြင့် အနားတွင်ပင် ရပ်ပြီး ကျောမှ အထုပ်ကို ချထားလိုက်သည် ။ ထို့နောက် အထုပ်ပေါ်တွင်ပင် ထိုင်လိုက်ပါသည် ။ ပလတ်စတစ်ကောက်သည့် ကောင်လေးဖြစ်သည် ။ သူက တုတ်တံအဖျားရှိ သံချောင်းဖြင့် မြေပြင်မှာ ရေးခြစ်နေသည် ။

ကိုဉာဏ်မြင့်လည်း ပျင်းလာသဖြင့် ထိုကလေးကိုပင် စကားပြောဖော် လုပ်မိသည် ။ ကလေးမှာ ဟင်္သာတ တွင် နေပြီး ငါးတန်း အထိ ပညာသင်ဖူးကြောင်း သိလိုက်ရသည် ။

“ အဖေက ဘူတာရုံမှာ ကုန်ထမ်းတယ် ။ တစ်နေ့ကို သုံးကျပ်လောက်ရတယ် ။ တစ်ခါတလေ ခုနစ်ကျပ်လောက်ရတယ် ။ အမေကတော့ အလုပ် မလုပ်ပါဘူး ။ အိမ်မှာပဲ နေတယ် ။ ကျွန်တော့် ညီတွေ ညီမတွေ ကျောင်းနေကြတာနဲ့ ကျွန်တော်လည်း ကျောင်းက ထွက်လိုက်ရတယ် ”

သည်ကလေးလိုပင် ကလေးတစ်စုသည် ဟင်္သာတ ၊ ပုသိမ် ဘူတာစဉ် တစ်လျှောက် ပလတ်စတစ် ကောက်ကြပါသည် ။ တစ်ဘူတာကို တစ်ယောက်ကျ နေခဲ့ကြသည် ။ နားလည်မှုနှင့်ပင် ကလေးချင်း အသိဖွဲ့ ညှိယူကြသည် ။ လု၍ မကောက်ကြ ။ ကလေးတွေ၏ အသိဉာဏ်ကို ကိုဉာဏ်မြင့် အသိအမှတ် ပြုလိုက်သည် ။

“ ဦးလေးရ ၊ နိဗ္ဗာန် မှာဆို တကယ်ရတယ် ။ အများကြီးပဲ ။ သူက ရွာကြီးတယ် မို့လား ။ မနက်ပိုင်းတင် နှစ်ပိဿာလောက် ရတယ် ”

“ ပြန်သွင်းတော့ကောကွာ ”

“ ပြန်သွင်းတော့လား ၊ ဟင်္သာတဘူတာရုံနားမှာပဲ ပြန်သွင်းရတယ် ။ ပြန်သွင်းတော့ တစ်ပိဿာကို ခုနစ်ကျပ်ခွဲ ရတယ် ။ ညနေပိုင်း သိပ်ကောက်ချိန် မရပါဘူး ။ သည်လို ဒိုက်ပျက်ရွာမျိုးမှာ ငါးဆယ်သား ရအောင် အတော်ကို ကောက်ယူရတယ် ”

သူ့ဝင်ငွေမှာ သူ့အဖေ ဝင်ငွေထက် များကြောင်းကိုပါ သိလိုက်ရသည် ။

“ မင်းက ဟင်္သာတမြို့ထဲမှာတော့ မကောက်ဘူးလားကွ ”

ကလေးမှာ ခဏမျှတွေဝေသွားပြီးမှ

“ ဖြစ်မယ် မထင်ဘူး ဦးလေးရဲ့ ။ ပြီးတော့ ကျောင်းက သူငယ်ချင်းတွေနဲ့ တွေ့ချင်တွေ့နေမှာ ။ ဒါပေမဲ့ နောက်ကိုတော့ မပြောတတ်ဘူးလေ ”

ကိုဉာဏ်မြင့် ရင်ထဲ တစ်မျိုးပင် ခံစားလိုက်ရသည် ။ သနားသော်လည်း လက်တွေ့ မကူညီနိုင်ခဲ့ပေ ။ ကောင်လေး၏ အမည်မှာ မောင်မောင်ဦး ဖြစ်သည် ။ အမည်လှလှ ၊ ရုပ်သန့်သန့်နှင့် ဉာဏ်ရည်မြင့်စ အချိန်တွင် စာ သင်ခန်းကို ကျောခိုင်းခဲ့ရသည် ။ သည်ကဲ့သို့ ဘဝကို ရင်ဆိုင်ဖြတ်သန်းရဲသော စိတ်ဓာတ်ကို အားကျမိသည် ။ မိသားစုအတွက် စွန့်လွှတ်ခဲ့ရသော ပညာရေးကိုမူ နှမြောမိသည် ။ သို့သော်လည်း သူ ကိုယ်တိုင်ပင် မည်သို့မျှ မစွမ်းနိုင်သေးပေ ။

ကိုဉာဏ်မြင့်တို့ စကားဝိုင်းကို ရေစင်အောက်မှ ကလေးမလေးက စိတ်ဝင်စားဟန်နှင့် သည်ဘက်လှည့် နားထောင်နေသည် ။

ပတ်ဝန်းကျင်တွင် ပုရစ်တို့ အသံသာ စိုးမိုးနေသည် ။ ငယ်စဉ်က သည်အသံကို မှိတ်တုတ်မှိတ်တုတ် လုပ်နေကြသည့် ကြယ်ကလေးတို့၏ အသံဟု မှတ်ထင်ခဲ့သည် ။ သည်အသံကိုပင် ည၏ တေးသွားသဖွယ် နား ထောင်ရင်း အိပ်စက်ခဲ့ရသည် ။ ကြားနေရသော အသံတွေ ဟိုမှသည် ၊ သည်မှဟို ရွှေ့ပြောင်းပျောက်ကွယ်သွားလျှင်လည်း ခြင်ထောင်အမိုးကိုကြည့်၍ ရွေ့လျားနေသော ကြယ်ကလေးတို့ကို မှန်းဆရင်း အိပ်ပျော်ခဲ့ဖူးသည် ။

လမင်းသည် အရိပ်အမည်းတို့မှ လွတ်မြောက်လာသည် ။ ဝိုင်းစက်လု နီးပါးရှိလာသည် ။ ဘူတာရုံတစ်ဝိုက် ထိန်ထိန်သာနေသည် ။ နှင်းထုတို့ ပို၍ သိပ်သည်းလာသည် ။ ကလေးမလေးလည်း ချမ်းအေးလာသည် ထင် သည် ။ ဘူတာ၏ အမိုးဘက်သို့ ပြောင်းရွှေ့လာသည် ။

ကိုဉာဏ်မြင့်က အနားတွင် ထိုင်စေလိုက်သည် ။ ကလေးနှစ်ယောက် အလယ်တွင် ကိုဉာဏ်မြင့် ရှိနေသည် ။ အဖော် ဆိုသော အသိကြောင့် ပို၍ နွေးထွေးလာသလို ခံစားမိသည် ။ စကားဝိုင်းထဲသို့ ကလေးမလေးပါ ဝင် ရောက်လာသည် ။ ကလေးနှစ်ဦးကို ကျန်သော ငှက်ပျောသီးများ ဝေငှရင်း က သူပါ တစ်လုံး စားလိုက်သည် ။

ကလေးမလေးမှာ သူ့အမေကို လာကြိုခြင်းဖြစ်သည် ။ သူမ၏ အမေမှာ ပုသိမ်မှ ဈေးပေါသော ငါးကို ဝယ်ပြီး ရွာအနီးအနားတွင် ပြန်ရောင်းသည် ။ ဒိုက်ပျက် နှင့် မဝေးသော တရုတ်လှရွာတွင် နေကြသည် ။ သူမမှာ တတိယတန်းကျောင်းသူ ဖြစ်ပြီး ဒိုက်ပျက်အလယ်တန်းကျောင်းတွင် နေသည် ။

“ ညည်းတို့ ရွာမှာ ထန်းလျက် မချက်ဘူးလား ”

လယ်ကွင်းတစ်စပ်တွင် မြင်နေရသော ထန်းပင်တန်းကို ညွှန်ပြပြီး မေးလိုက်သည် ။

“ ဟင့်အင်း မချက်ဘူး ။ သောက်တာနဲ့ ကုန်တာပဲ ။ ခုလို စပါးရိတ်ချိန်ဆို လောက်တောင် မလောက်ဘူး ဦးလေးရဲ့ ။ စပါးရိတ်တဲ့ လူတွေကို တိုက်ရတယ် ။ ကြိုပြီးတော့တောင် မှာထားရတယ် ဦးရဲ့ ”

ထိုစဉ် ဘူတာရုံ နောက်မှ အသံများ ကြားရသည် ။ ရှေ့မှ လူတစ်ယောက် ဦးဆောင်ပြီး လူလေးငါးယောက် လမ်းလျှောက်လာသည် ။ နောက်မှ ပါလာသော လူစုထဲမှ တစ်ယောက်က ရုံးခန်းသော့ကို ဖွင့်၍ အတွင်းသို့ ဝင်သွားသည် ။ ဘူတာရုံနှင့် ပတ်သက်သူများဖြစ်မည် ။ ရွေ့လျားနေသော လက်နှိပ်ဓာတ်မီးရောင်သည် အခန်းပြင်ထိ ထိုးထွက်လာတတ်သည် ။ ခေတ္တကြာလျှင် မှန်အိမ်ငယ်၏ အလင်းကို မြင်လိုက်ရသည် ။ အပြင်ရှိ လူစုသည် အတွင်းသို့ ဝင်သွားကြသည် ။ သူတို့၏ စကားသံများအရ ရှေ့မှ ဦးဆောင်လာသော လူကြီးမှာ ရုံပိုင်ကြီး ဖြစ်ပါသည် ။

ရပ်ရေးရွာရေးနှင့် ဓမ္မရေးတွေပါ စကားကို ဦးတည်သလို ဆွေးနွေးနေကြသည် ။ ကိုဉာဏ်မြင့် လည်း ရုံပိုင်ကြီးကို ရထားရောက်ချိန် ဝင်မေးရင်း လက်မှတ်ကိုပါ ဝယ်လိုက်ပါသည် ။ ရုံးခန်းထဲတွင် နွေးသဖြင့် အခန်းထောင့်က ခုံတန်းရှည်တွင် ထိုင်လိုက်သည် ။ ကလေးများကို အထဲဝင်ခဲ့ရန် ခေါ်သော်လည်း မဝင်ကြ ။ မဝင်ရဲကြလို့ ဖြစ်မည် ။ ရုံပိုင်ကြီးမှာ ပထမ လူစုနှင့် ဆက်လက် စကားပြောနေသည် ။ ဝန်ထမ်းတစ်ဦးက ရေကြည်သို့ ကြေးနန်း အဆက်အသွယ် လုပ်နေသည် ။ ရထားရောက်ချိန်ကို စုံစမ်းနေခြင်းဖြစ်သည် ။

အအေးဓာတ်သည် ဖွင့်ထားသော တံခါးမှတစ်ဆင့် အတွင်းသို့တိုင် တိုးဝင်လာသည် ။ ခရီးပန်းခြင်း ၊ ညဉ့်နက်ခြင်းကြောင့် ကိုဉာဏ်မြင့်လည်း ငိုက်စပြုလာသည် ။ ကလေးနှစ်ယောက်ကို အတွင်းသို့ ဇွတ်အတင်းခေါ်ကာ ထိုင်ခိုင်းရသည် ။ အပြင်ဘက်တွင် နှင်းထုဖြင့် ဖွေးလက်နေသည် ။

မောင်မောင်ဦး လည်း ခုံတန်းရှည်ပေါ်တွင် ကွေးကွေးလေး အိပ်ပျော်သွားသည် ။ သူ့မိဘများမှာ ရထားနောက်ကျသဖြင့် ထမင်းဆာနေသော ၊ ဆောင်းအအေးကြောင့် ချမ်းတုန်နေသော သားကို မျှော်နေကြမည်ဖြစ်သည် ။ ကိုဉာဏ်မြင့် လည်း သူ့ကို အဖေနှင့် အမေတို့ စိတ်ပူနေမှာပဲဟု တွေးမိသည် ။ နွေးထွေးသော အိပ်ရာနှင့် မေတ္တာတို့ကို သတိရနေသည် ။

ကလေးမလေးမှာလည်း အပြန်နောက်ကျသော သူ့အမေကို မျှော်နေသည် ။ တဘက်နွမ်းကလေးကို တင်းတင်းဆွဲခြုံရင်း ပြတင်းပေါက်မှ တစ်ဆင့် ရထားလမ်းကို ငေးလိုက် ၊ ခုံတန်းရှည်ပေါ် ပြန်ထိုင်လိုက်ဖြစ်နေသည် ။

ရုံပိုင်ကြီးတို့ စကားဝိုင်းမှ လူများတွင် ခရီးသည်များ ပါဝင်သည် ။ ကုန်သည်များ ဖြစ်ကြပြီး ရွာထဲမှ မိတ်ဆွေများ အိမ်တွင် ရေချိုး ၊ ထမင်းစား ကြကြောင်း ပြောနေကြသည် ။ ဒန်ခွက်သည် အဘိုးကြီးကိုလည်း စကားဝိုင်းထဲတွင် တွေ့လိုက်ရသည် ။ သူက လေးမိုင်ခန့် ဝေးသော ခမောက်စု တွင် နေကြောင်း ၊ မိုးချုပ်ပြီး လူပြတ်သဖြင့် ရထားကိုပင် စောင့်ရကြောင်း ရှင်းပြသံ ကြားလိုက်ရသည် ။

ကိုဉာဏ်မြင့် လည်း ခွေးခြေခုံပေါ်တွင် ထိုင်ရင်းက အခန်းနံရံတစ်လျှောက် လှည့်ပတ်ကြည့်နေမိသည် ။ ရုံးခန်းတွင်း ဝင်ဝင်ချင်း ထိပ်တည့် တည့်တွင် တိုင်ကပ်နာရီဝိုင်းဝိုင်းကြီး တစ်လုံးရှိသည် ။ စက်သံကိုမူ မကြားရပေ ။ ရုံပိုင်၏ စားပွဲပေါ်တွင် ကြေးနန်းနှင့် တယ်လီဖုန်းခလုတ်ခုံများဖြင့် ပြည့်နေသည် ။ ဝန်ထမ်းတစ်ဦးက မကြာခဏ အခြားဘူတာများသို့ အဆက်အသွယ်လုပ်နေသည် ။

ရုံပိုင်ကြီးမှာ ရွာတွင် အတော်သြဇာညောင်းဟန်တူသည် ။ ရပ်ရွာ အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်ဟန်တူသည် ။ အားလုံးက လေးလေးစားစား ဆက်ဆံကြသည် ။

“ စေတနာနဲ့ တာဝန် ဆိုတာ တော်တော်လေးကို သဟဇာတဖြစ်အောင် လုပ်ရတယ်ဗျာ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မီးရထားဝန်ထမ်းဆိုတာ ခရီးသွားတွေ ၊ ကုန်သည်တွေနဲ့ အမြဲဆက်ဆံနေရတယ်မို့လား ။ ကျွန်တော်တို့က တာဝန်အရ တိတိကျကျ လုပ်ကြမယ် ဆိုရင်လည်း တစ်ဖက်မှာ သိပ် နစ်နာသွားမယ် ။ အဲ စေတနာလွန်သွားပြန်ရင်လည်း ကျွန်တော်တို့မှာက တာဝန်ပိုင်းနဲ့ အရေးယူခံရမယ် ”

စကားဝိုင်းမှာ စကားဆက်နေရင်းက လူစိမ်း ဖြစ်သော ကိုဉာဏ်မြင့် ဘက်သို့ တစ်ချက်တစ်ချက် လှည့်၍ အကဲခတ်လျက်ရှိကြသည် ။ နောက်ထပ် ခရီးသည်များ ဝင်ရောက်လာကြပြီး တိုးတိုးပြောလိုက် ၊ ဝင်လိုက်ထွက်လိုက် ရှိနေကြသည် ။

အပြင်တွင် နွားလှည်းသံများ ကြားနေရသည် ။ လှည်းပေါ်မှ ပစ္စည်းများ ချနေကြသည် ။ ဟင်္သာတသို့ သယ်မည့် ကုန်များဖြစ်မည် ။ ဆက်သွယ် ရေးခလုတ်များဖြင့် အလုပ်များနေသော ဝန်ထမ်းဆီမှ ရထား လာပြီဖြစ်ကြောင်း အသံထွက်လာသည် ။ ရုံပိုင်ကြီးမှာ လက်နှိပ်ဓာတ်မီးဆွဲလျက် အပြင်သို့ ထွက်သွားသည် ။ အပြင်ရှိ လူများကို လက်ပြနှုတ်ဆက်ရင်း အချက်ပြအလံတိုင်ဆီသို့ လျှောက်သွားသည် ။

ကိုဉာဏ်မြင့် လည်း ရထားလမ်းဘက် မျှော်မိသည် ။ ကလေးမလေးက ရထားလမ်း အဆုံးဘက်ဆီမှ မီးရောင်ကို လက်ညှိုးထိုးပြပြီး

“ အဲဒါ ရထားပဲ ဦးလေး ”

ကလေးမလေးလည်း ပျော်နေပုံရသည် ။ မောင်မောင်ဦး ကို နှိုးလိုက်ရသည် ။ အိပ်ရေးဝပုံ မပေါ်ပေမင့် ဖျတ်လတ်စွာပင် အခန်းပြင်ရှိ သူ့အထုပ် ကို သွားယူလိုက်သည် ။ ကိုဉာဏ်မြင့်၏ အိတ်ကိုလည်း ကူသယ်ရန်ပြင်သည် ။

“ ဟာ ရတယ်သား ၊ ရတယ် ။ ဦးဘာသာ ဦး သယ်ပါ့မယ် ”

ပြောပြောဆိုဆို ကိုဉာဏ်မြင့် က လွယ်အိတ်ကို လွယ် ၊ အဝတ်အိတ်ကို ဆွဲပြီး ထွက်လာခဲ့သည် ။ လက်တစ်ဖက်က မောင်မောင်ဦး၏ ပခုံးကို ဖက်လျက် ။

အပြင်ရောက်သည်နှင့် နှင်းတို့သည် ရေမှုန်ကလေးများအဖြစ် ကြိုဆိုကြသည် ။ ရထားမှ မီးရောင်ကို မြင်ရသော်လည်း ခရီးကွာသဖြင့် ရောက်မလာနိုင်သေးပါ ။

“ ရှေ့တွဲက ချောင်တယ် ဦးလေး ”

“ အမေလည်း ရှေ့တွဲကပဲ စီးတယ် ”

ကလေးငယ်တို့ ဦးဆောင်ရာ လိုက်သွားသည် ။ ချိုမြင့်လက်ဖက်ရည်ဆိုင်မှာ တံခါးတစ် ချပ်ပွင့်နေသည် ။ ကောင်မလေး နှစ်ယောက်နှင့် ကလေးငယ် ချီထားသော မိန်းမကြီးတစ်ဦးကိုပါ တွေ့ရသည် ။

ကိုဉာဏ်မြင့်လည်း ပြုံးပြရင်းက လက်ပြနှုတ်ဆက်လိုက်သည် ။

“ ပြန်တော့မလား ”

အငယ်မလေးက ပြန်လည်နှုတ်ဆက်သည် ။

“ အေးကွ ၊ ပြန်တော့မယ် ”

ဘူတာရုံဝန်းကျင်တွင် ခရီးသည်များ လှုပ်လှုပ်ရွရွဖြစ်နေကြသည် ။ နွားလှည်းဖြင့် တင်လာသော ကုန်တွေမှာ ဆန်များဖြစ်သည် ။ ဒန်အိုးရောင်းသည့် လူကြီးမှာလည်း ကိုဉာဏ်မြင့်တို့ ဘက်သို့ လျှောက်လာသည် ။ ရထားလမ်းနှင့် ဘီးကြိတ်သံသည် အဝေးကပင် ကြိုရောက်လာပြီး ရထားလမ်းတစ်လျှောက် ဆက်လက် ပြေးထွက်သွားသည် ။

မကြာမီပင် ရထား၏ စက်ခေါင်းမှ မီးမောင်းကြီးသည် ကိုဉာဏ်မြင့် တို့ အုပ်စုဆီသို့ ဖြာ၍ ဖြတ်ဆင်းလာသည် ။

▢  ညိုမိုး
📖 ချယ်ရီမဂ္ဂဇင်း
      အောက်တိုဘာ ၊ ၁၉၈၉

[ ညိုမိုး ကလောင်နာမည်ဖြင့် ဖော်ပြခဲ့သော * ညိုဝင်းမောင် ၏ ဝတ္ထုဖြစ်သည် ။ ]

No comments:

Post a Comment