❝ အဝေးဆုံး ❞
( ခင်လေးမူ )
အိပ်စက်နေသူ၏ မျက်နှာမှာ ငြိမ်းချမ်းခြင်းကို ဆောင်နေသည် ။ အပြစ် ကင်းစင်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ပေါင်းစပ်ထားသည့် အသရေကို သည်မျက်နှာမှာ တွေ့ နိုင်သည် ။ အသားအရေတို့၏ ဖြူစင်ချောမွေ့ခြင်းနှင့် ဆံပင်များ၏ သန်စွမ်း နက်မှောင်ခြင်းကို ပြေပြစ် လိုက်ဖက်သည့် ဖွဲ့စည်းမှု တစ်ရပ်ဟု မြင်သည် ။ မှေးမှိတ်ထားသော မျက်လွှာများ အောက်မှာ တစ်ဖက်သားအား အလွယ်တကူ နားလည် တတ်သည့် နူးညံ့သော မျက်ဝန်းပြာများ ရှိနေမည်ကို အလိုလို သိနိုင်သည် ။
တစ်စုံတစ်ရာကို လှုပ်ရှားခြင်း မရှိပေမယ့် သူ နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်း မရှိသည်မှာ သေချာပါသည် ။
ကြည့်ပါလား ... ပန်းရောင် သန်းမြဲ ပိရိသေသပ်သည့် သူ့ နှုတ်ခမ်းလွှာများ ပြုံးမယောင် ပွင့်ဟ လာသည်ကို တိုးညင်း ချိုလွင်သော ရယ်သံသဲ့သဲ့ ပင် ကြားလိုက်မိသည် ထင်သည် ။
ယခင်က ဆိုလျှင် သည်လို ရယ်သံမှာ မည်မျှ ကြည်နူးဖွယ်ရာ ဖြစ်စေမည်လဲ ။
“ ညက အိပ်မက်ထဲမှာ ဘယ်သူတွေပါလဲ ပြော ” လို့ မျက်နှာထားနှင့် မေးမည် ။ မျက်မှောင် ညို့ကာ စဉ်းစားဟန် ပြုနေမည့် သူ့ကို “ ဘယ့်နှယ်လဲ ၊ မောင် မဖြေနိုင်ဘူး မဟုတ်လား ။ အင်းလေ ... မိန်းကလေး တစ်ယောက်ရဲ့ နာမည် ဆိုတော့ နည်းနည်း အပြောရ ခက်မှာပေါ့ ။ ဟုတ်ဘူးလား ” ဟု ပြုံးမျက်စနှင့် ရိဦးမည် ။
ထိုအခါ “ နီ့ နာမည်က လွဲလို့ မြိန်မြိန်ရှက်ရှက် ခေါ်ရမယ့် နာမည် မရှိပေါင်ဗျာ ” လို့ လွတ်လပ်စွာ ရယ်မောကာ အခိုင်အမာ သူ ပြောနိုင်လိမ့်မည် ။
ခုအချိန်မှာ ချစ်သူ၏ အိပ်မက်စဉ် အပြုံးများ သည်ပင် ထိုစဉ်ကနှင့် အဓိပ္ပာယ် ခြားနားခဲ့ပြီကို လက်မခံချင်၍ မရအောင် အစွမ်းကုန် ပွင့်လင်းခဲ့ကြပြီး ဖြစ်လျက် သူ့ရဲ့ ပြုံးနှုတ်ခမ်းမှ “ မသက်သက် ရယ် ” ဆိုသော ယောင်ယမ်း ရေရွတ်သံကို နှလုံးသားက ကောင်းစွာ ခံနိုင်ရည် ရှိသေးဟန် မတူ ။
ကြည့်စမ်းပါကွယ် မှန်ထဲ က မောင့်မယား မေထားနီ ကို ... ။
လေးဆယ်စွန်းစ ရင့်ကျက်သော အလှသည် မိမိ နည်းတူ အတော်အတန် အသက် ရလာသည့်တိုင် စွဲမက်ဖွယ်ရာ ဆွဲဆောင်နိုင်မြဲ ဖြစ်သော မောင့်ရဲ့ တင့်တယ် ခံ့ညားခြင်းများနှင့် လိုက်ဖက်နိုင်ခြင်း မရှိတော့ပြီကား ။
အခြယ်အသ ကင်းလျက် ချောမွေ့ မြဲ သည်မျက်နှာကို ဘယ်သူက လေးဆယ်ကျော် မိန်းမတစ်ယောက် လို့ ပြောနိုင်မှာလဲ ။ အရေးအကြောင်း ကင်းကာ ရှင်းသန့်မြဲ နုအသား ကဉ္စန ကို ပြည့်တင်းစိုပြည်ခြင်း မရှိတော့ပါဘူးလို့ ဘယ်သူက ငြင်းနိုင်မှာလဲ ။
“ ရင်ခုန်သံများကို ပိုင်စိုးတဲ့ တန်ခိုးရှင် မနီ ” လို့ မောင်တို့ အသိုင်းအဝိုင်းက ကဗျာဆန်စွာ အခါခါ စာဖွဲ့ ခဲ့ကြဖူးသည့် မောင့်မယား မေထားနီ ဟာ မောင့် အိပ်မက်တွင် မပါဝင် နိုင်ခဲ့တာ ကြာပြီနော် ။
မေထားနီ ရဲ့ အလှနှင့် ပျိုရွယ်ခြင်းများဟာ သည်မျှ စောစီးစွာ အဓိပ္ပာယ် ကင်းမဲ့ရလိမ့်မည်လို့ ဘယ်မှာ မျှော်လင့်ခဲ့ပါ့မလဲ ။
မိန်းမတစ်ယောက်၏ လှပပျိုရွယ်ခြင်း ဆိုသည် ယောက်ျား တစ်ယောက်ကို ထာဝရ ဖွဲ့နှောင် ထားနိုင်သည့် အထက်မြက်ဆုံး စွမ်းအားများ မဟုတ်နိုင်သည်ကို လက်မခံသည့် အညံ့စား မိန်းမတွေ ထဲမှာတော့ နီ မပါဝင်ဘူးပေါ့လေ ။ မေထားနီ ဆိုသော မိန်းမသား အပေါ် လုံးဝ နီးပါး နားလည်သူမှာ ဤကမ္ဘာ၌ တစ်ယောက် တည်းသာ ရှိနိုင်ပါသည် ။ မေထားနီ ဆိုသည်မှာ ယောက်ျား မိတ်ဆွေ များပြားသော ၊ ရင်းနှီး ယုံကြည်ခဲ့လျှင် ရုပ်ရှင် လည်း အတူ ကြည့်လေ့ ရှိသော မိန်းကလေး တစ်ယောက်ပါပဲ ။ ဒါနှင့်ပင် မောင်က ရိုးသားသူဟု သတ်မှတ် ခဲ့သည့်အတွက် ထာဝရ ကျေးဇူးတင်နေမည်သာ ဖြစ်ပါသည် ။
မိမိမှ လွဲ၍ မည်သူ့အားမျှ မထိခိုက်သော ပျော်ရွှင်ခြင်းဖြင့် လွတ်လပ်စွာ လူ ဖြစ်ကျိုး နပ်လိုသော နီ့ အပေါ် အလေးအနက် ထားခဲ့ခြင်း အတွက် ထပ်တူထပ်မျှ တုံ့ပြန် ပေးအပ်ခဲ့သည်ပဲ ။
အတက်အကျ မရှိနိုင်သည် အထိ အမြင့်မားဆုံး ချစ်မိပါသည် ဆိုသော ချစ်သူ၏ စကားသံမှာ ဤကမ္ဘာ၌ အချိုမြဆုံးသော ဂီတသံ အဖြစ် မှတ်ယူဆဲပါပဲ လို့လည်း သူ့ဘက်က အခိုင်အမာ ပြောနိုင်ပါသေးသည် ။
မိမိ ပေးအပ်နိုင်သမျှ အပြည့်အဝ ခံစားမွေ့ပျော် စေလိုသည်မှာ တစ်ယောက်တည်းသာ ဖြစ်ပါသည် ။ ခုတော့ သူ့ အတွက် မိမိ ပေးဆောင်နိုင်သမျှတွေ ဟာ အချည်းအနှီး ဖြစ်ရပြီပေါ့နော် ။ တစ်လျှောက်လုံး သူ့ရဲ့ အလေးအနက် ရှိခဲ့ သမျှသည် သူ့အတွက် မဟုတ်တော့ဘူးပေါ့နော် ။ ဒါတွေဟာ လုံးဝ ကုန်ဆုံးသွားတာ မဟုတ်လျှင် တောင်မှ တချို့ တစ်ဝက် ဆုံးရှုံးသွားတာ သေချာပါသည် ။
အရှုံးကို တွက်ချက်ခြင်း မှာ အယူခံ မဟုတ်ကြောင်းတော့ သူ သိပါလိမ့်မည် ။ ရှင်သန်ရဦးမည့် ဘဝ များစွာအတွက် အရာရာကို ပြန်လည် ဆန်းစစ် ကြည့်ရန်မှာ အရေးတကြီး လိုအပ်ချက် ဟု ထင်ပါသည် ။
စီးဆင်းလည်ပတ်မြဲ လောကနိယာမများသည် မရင့်မာသူ အတွက် ကြေကွဲဖွယ်ရာ ဖြစ်နေမည် ။ နောက်ဆုံးမှာ အမြင့်မားဆုံး တန်ဖိုး ထားအပ်သော ယောက်ျား တစ်ယောက် ဘဝ၌ မိမိ ပေါင်းစပ်ပါဝင်ခဲ့သည့် အချိန် အတိုင်းအတာကို ကံကြမ္မာက သည်မျှသာ ခွင့်ပြုသည်ဟု နားလည်ရပေမည် ။ ဆုံးခန်း မတိုင်သေးသည့် ဘဝ၏ အချိန်များစွာမှာ အချစ်က နောက်ဆုံး ပေးအပ်ခဲ့သော အလွမ်း လက်ကျန်များကို အသည်းခိုက်မျှ ခံစားတာ ရှည်ရပေတော့မည် ။
နောက်ဆုံးတော့ သည် တစ်ခု နှင့် ရောင့်ရဲရတော့မှာ ပေါ့နော် ။
အချစ် ဆိုသော အရာကို အဘယ်မည်သော အရာ ဖြင့် နှောင်ဖွဲ့ ထားနိုင်မည်လဲ ။ အချစ် ဆိုသည်မှာ ဘယ်ရွေ့ ဘယ်မျှ အထိ ယုံကြည်ထိုက်သော အရာပါလဲ ။ ဘယ်လောက် အထိ ခိုင်မာစွဲမြဲနေမည်ဟု ဘယ်သူက တာဝန် ယူရဲပါသလဲ ။ လောက သုံးပါးမှာ မဆွေးမြည့်နိုင်သော အရာ ၊ မဟောင်းအိုနိုင်သော အရာ ၊ မပြောင်းလဲနိုင်သော အရာ ဆိုတာ ရှိနိုင်လို့လား ။
ဘယ်လောက် အထိ မြဲမြံမည်ဟု မမှန်းဆ နိုင်သော်လည်း ရာသက်ပန် သို့မဟုတ် ထိုမျှနီးပါး ရှည်ကြာမည့် ကာလ တစ်ခု အထိ ယုံကြည်မျှော်လင့်ကာ တည်ဆောက်မှု တစ်ခုကို အတူ ပြုခဲ့ကြသည် မဟုတ်ပါလား ။
ယင်း တည်ဆောက်မှု၌ စာချုပ်စာတမ်းများ ၊ အသိ သက်သေများ မပါဝင်ခဲ့ကြ ။ စာချုပ်စာတမ်း ဆိုသော အရာဝတ္ထုဖြင့် လူ တစ်ယောက်၏ နှလုံးသား ကို ထာဝရ နှောင်ဖွဲ့ ထားနိုင်မှာမို့လား ။ အသိသက်သေ ဆိုသည့် လူတွေကလည်း တည်ဆောက်မှု တစ်ခု မပြိုကွဲစေဖို့ ၊ ပြိုကွဲပျက်စီးသည့် အခါ ဘယ်လိုများ အကူအညီ ပေးနိုင်မှာတဲ့လဲ ။ နီ့ အတွက် တစ်စုံတစ်ရာ ရရှိဖို့ အတွက် အကျပ်ကိုင်ရန် သို့မဟုတ် အသနားခံရန် စက္ကူ တစ်ရွက်ကို တရိုတသေ သိမ်းဆည်းထားဖို့ရန် မလိုအပ်ပါ ။
အသိသက်သေ ဆိုသော ပုဂ္ဂိုလ်ကိုလည်း ကာယကံရှင် ကိုယ်တိုင် ထက် ပို၍ ယုံကြည်အားထား ထိုက်သည့် အထောက်အထား အဖြစ် ဘယ်လို နည်းနှင့်မျှ လက်မခံနိုင်ပါ ။
သည်လိုသည်ပုံ ဖွဲ့စည်းပေါင်းစပ်မှုမှပင် ကြည်နူးခြင်း အတိဖြင့် ပြီးပြည့်စုံသည့် ခံစားမှုပုံရိပ်များ ၊ တပ်မက်ယစ်မူးဖွယ် ချိုမြိန်သော ရသသစ်နှင့် အချစ်နေ့ များစွာ မွေးဖွား လာခဲ့သည်ပဲ ။
“ တို့နှစ်ယောက် တစ်ဦးနဲ့ တစ်ဦး အချစ် ကုန်ဆုံး ခဲ့ရင် ဒါမှမဟုတ် တို့ ဘဝမှာ တစ်ယောက်ယောက် ရှိနေဖို့ မလိုအပ်တော့ရင် နားလည်စွာ နှုတ်ဆက် ခွဲခွာကြမယ် ။ အမုန်းအမျက် မရှိစေရ ”
အရာရာတိုင်းသည် မပျက်စီး မကွယ်ပျောက်မီ အချိန်အထိသာ သက်တမ်း ရှိနိုင်ပါလိမ့်မည် ။
အချစ် ဆိုသည်ကို ဟို မမြင်နိုင်သော သံသာလေ ကမ်းတိုင် သယ်ဆောင် သွားရန်မှာ ကဗျာဆရာတို့၏ တာဝန်သာ ဖြစ်လိမ့်မည် ။
ဘဝကြမ္မာဟု ဆိုနိုင်သော ဖြစ်ရိုးဖြစ်စဉ် တစ်ခုကို တုန်လှုပ်ခြင်း ကင်းစွာ ခံနိုင်ရည် ရှိစေဖို့နှင့် တစ်ယောက်ရဲ့ နှလုံးသား လိုအင်ကို ထာဝရ ချုပ်နှောင် မထားမိစေဖို့ နှစ်ဦးသဘောတူ နားလည် ခံယူခဲ့ကြပါသည် ။
ခုခါမှာ ဘဝ ဆိုသည်မှာ နှလုံးသား၏ အလိုဆန္ဒကို စောင့်ထိန်းရန်သာ တာဝန် တစ်ရပ် မလွဲမသွေ ရှိနေပါသည် ဟူသော အကြောင်းပြချက်ဖြင့် တစ်ခါက ယုံကြည်မှုကို ချေဖျက်နိုင်စွမ်း ရှိလိမ့်မည် ထင်ပါသည် ။
အလွယ်တကူ နှုတ်ကျွံ ခဲသော အမျိုးကောင်းသား တစ်ယောက်အား ကိုယ်ရော စိတ်ပါ မွန်းနစ်တိမ်းပါးစေခဲ့သော ဆယ်စုနှစ် နှစ်စုနီးပါး မဖောက်ပြားသော အချစ်နှင့် ရွှင်လန်းထက်သန်သော အပြုံးနုကလေးများ ၊ တောက်ပကြည်လင်သော မျက်ဝန်းကလေးများနှင့် ချစ်စဖွယ်စကား ဆိုတတ်သော ကလေးငယ်တို့၏ မေတ္တာရိပ်များ အပေါ် ဖြတ်လျှောက် လွှမ်းမိုးနိုင်သော ‘ သက် ’ ဆိုသည်မှာ ဘယ်လောက်များ အင်အား ကြီးမားနေပါ သလဲ ။
အိုကွယ် .. ပယောဂ ကင်းကင်းနဲ့ သန့်ရှင်းစွာ ချစ်မိကြတာတဲ့လား ။ အတန်တန် စောင့်စည်းလျက်နဲ့ ပေါက်ကွဲ ပွင့်အန် သွားကြရသတဲ့လား ။
ဝန်ခံခြင်း ဆိုသည်မှာ ဝေမျှခြင်းသာ ဖြစ်လို့ သည်ကလည်း ခံစားရတာပါပဲ ။
အများအမြင်မှာ ဘာမျှ ထူးခြားသည်ဟု မဆိုနိုင် သော သန့်စင်ကြည်လင်သော မျက်နက်ဝန်းများနှင့် မိန်းကလေးသည် ဂျာမန် ၊ ပြင်သစ်ဘာသာများ ကိုပင် ကျွမ်းကျင်တတ်မြောက်ထားသည် ဆိုတော့ မီလ်တန် ၊ ရှယ်လီ ၊ ဘိုင်ရွန် တို့လောက်သာ ရင်းနှီးခဲ့ပြီး ယနေ့ နိုင်ငံတကာ ကဗျာနှင့် အတော်လေး အလှမ်း ဝေးနေသည့် သူ့ထက် စာလျှင် မောင် နှင့် အကောင်းဆုံး စကား ပြောဖော် ဖြစ်နိုင်သည် ။
“ အင်း ... နီ လည်း ခိုင်ထူးရဲ့ အဝေးဆုံးကို သိပ်ကြိုက်တာ ”
“ နီ့ ကို မိုက်ကယ်ဂျက်ဆင်ရဲ့ သရီးလားကို နားထောင်ခိုင်းရဦးမယ် ”
“ သား မမွေးခင်က နီ သီချင်း ပြန်ဆိုဖို့ပဲ ၊ သားက နည်းနည်း ချူချာတာနဲ့ ”
“ နန္ဒာသိန်းဇံ ရဲ့ ဘဝအဓိပ္ပာယ် နှင့် ဘဝသစ္စာ ကိုတောင် မနည်း တိုက်တွန်းရတာ ”
“ နီ လေ သူ သိပ်ကြိုက်တဲ့ တေးရေးသမား စိုင်းခမ်း လိတ်ရဲ့ သီချင်းတွေတောင် ပြန်နားမထောင် ဖြစ်တာ ကြာပြီတဲ့ ” စသည်ဖြင့် သူတို့ နှစ်ဦးရဲ့ ရောက်တတ်ရာရာ စကားစုတွေမှာ နီ ဆိုရင် မကြာမကြာ ပါကောင်း ပါလိမ့်မည် ။
သူတို့ နှစ်ယောက် စာအုပ်အဟောင်းဆိုင်တွေမှာ အတူ ရွေးချယ် ဝယ်ကြလိမ့်မည် ။ ခပ်ညံ့ညံ့ စားသောက်ဆိုင် တစ်ခုမှာ ရယ်ကာမောကာ မြိန်ရှက်စွာ ညစာစား ဖြစ်မည် ။ သူက မိန်းကလေး၏ လော်လီခြင်း ကင်းသော ဆင်ယင်ထုံးဖွဲ့မှု ၊ ပွင့်လင်းရွှင်ပျသော ရယ်မောသံ ၊ လျှို့ဝှက်မှု မရှိသော ၊ ရဲရင့်သော မျက်ဝန်းများကို မကြာခဏ နှစ်လိုစွာ ကြည့်မိသည် ။
အတူတကွ ရှိနေခြင်းဖြင့် စိတ်ဝင်စားဖွယ် ၊ ယစ်မူးဖွယ် ၊ မွေ့လျော်ဖွယ်များကို အမှတ်မထင် တွေ့ရှိလာသည့်အခါ အနည်းနှင့် အများ သတိ မေ့လျော့တတ်လာ မှာပဲပေါ့ ။
လောကအမြင် ၊ ဘဝအမြင်တွေကို ပွင့်လင်းစွာ ငြင်းခုံ ဆွေးနွေးကြရခြင်းဖြင့် ( ဘဝဒဿန များစွာကို ရင်မှာ မြှုပ်နှံပြီး စကား မပြောဖြစ်ကြတာထက် စာရင် ) အပြန်အလှန် အထင်ကြီးစရာများကို မွေးဖွားစေနိုင်ပါလိမ့်မည် ။
အင်းလေ ... အချစ် ဆိုသည်မှာ အကြိမ်ကြိမ် မွေးဖွားနိုင်သော အရာပင် မဟုတ်ပါလား ။ သူရဲဘော နည်းသည် ဖြစ်စေ ၊ ရဲရင့်ဝံ့စားသည် ဖြစ်စေ နှလုံးသားတိုင်းမှာ အချစ် ဆိုတာ ဖြစ်တည်လာနိုင်ပါသည် ။
သည်လိုနှင့် တစ်စ တစ်စ ရင့်မာလာမည် ဖြစ်သည့် အချစ် တစ်ခုကို သက်ဆိုင်သူတို့ အတွက် အလွယ်တကူ မေ့ပျောက် သွားမည့် မတော်တဆ တစ်ခု အဖြစ် လုံးဝ စိတ်မချရနိုင် ။
နှစ်ပေါင်းများစွာ ကိုယ်ရော စိတ်ပါ အရင်းနှီးဆုံး ဖြစ်ခဲ့သော လူ နှစ်ဦးကိုပင် ဝေးကွာ သွားစေနိုင်သော နှောင်ဖွဲ့မှု ကို လျှော့တွက်၍ ရမလား ။ မိန်းမသား တစ်ဦး၏ နှလုံးသားထဲက အချစ်ကို သေးနုတ်သော အရာဟူ၍ ပြက်ရယ်ပြုရမှာ ၊ အကြိမ်ကြိမ် ချစ်တတ်သည့် ချစ်သူ၏ နှလုံးသားကို အပြစ် ဆိုရမှာ ဝန်လေးလှပါသည် ။
ကြွေသက်ဆဲ မျက်ရည်စက်များ ၊ ပွင့်ထွက်လာသည့် ရှိုက်သံများ တုန်ခါနေသည့် နှလုံးသည်းပွတ်က တမ်းဆွတ်ဖွယ် သံစဉ်များကို ဘယ်မှာ ဝှက်ထားရမှာလဲကွယ် ။ မိမိ ရင်ထဲက နာကျင်ထိခိုက်မှုများကို သူသိလျှင် အားနာနေမှာ စိုးပါသည် ။
သုံးခွင့်ပြုမည် ဆိုလျှင်ဖြင့် နီ့ အတွက် “ အချစ် ” ဆိုသော စကားလုံးကိုပင် ဆက်လက် သုံးစွဲလိုပါသေးသတဲ့ ။
အချစ် ဆိုသော အရာကို ဝေဖြာ လန်းဆန်းအောင် ၊ ရှင်သန်ပွားများအောင် ပြုစုမှုအားနည်း ညံ့ဖျင်းခဲ့ခြင်းအတွက် နှစ်ဦးစလုံး၌ တာဝန် မကင်း ရှိနေပါလိမ့်မည် ။
ဒါအတွက် ငဲ့ညှာ ထောက်ထားခြင်းကို ‘ အချစ် ’ လို့ ကင်ပွန်းတပ် ပြောရဲလျှင် သူ့ ထံမှ လျော့ပါးခန်းခြောက် ခဲ့သည်များကို စိတ်ရှည်လက်ရှည် စောင့်စားရဦးမည်ပေါ့ ။ တစ်ကြိမ်တစ်ခါ ပျက်ပြားခဲ့တာတောင်မှ တစ်ဖန် ပြန်လည် ဖြစ်တည်နိုင်သေးဖို့ မိုက်မဲစွာ သို့မဟုတ် သဘောထားကြီးစွာ ယုံကြည်မျှော် လင့်ရဦးမည်ပေါ့ ။ ဆင်ခြင်တုံတရားဖြင့် စောင့်စည်းနိုင်ဖို့ ကူညီ ခေါ်ဆောင်ကာ လိမ္မာရေးခြား ရှိရဦးမည်ပေါ့ ။
နေ နှင့် နွေ တို့ မောင်နှမ သဘာဝကျစွာ လူလား မြောက်စေဖို့ အတွက် သံယောဇဉ် အစွယ်အပွားများနှင့် တစ်ဖန် ပြန်လည်နှောင်ဖွဲ့ နိုင်ဖို့ သိက္ခာမဲ့စွာ မြူဆွယ်ခြင်း ပြုရဦးမည်ပေါ့ ။ အတ္တ အသီးသီးကို ခြေရင်းမှာ ပုံချပြီး ရွှေရတုသဘင် ဆင်ယင်နိုင်ဖို့ တစ်လောကလုံးကို ယဉ်ကျေးစွာ လိမ်ညာ ကြရဦးမည်ပေါ့ ။ ဒီလို သရုပ်ဆောင်ခြင်းကိုလည်း အားလုံး အတွက် အကောင်းဆုံး လုပ်ရပ်အဖြစ် တစ်ထစ်ချ ယုံကြည်လိုက်ရတော့မည် ပေါ့ ။
ဒီလိုဆိုတော့ သူ့ ခမျာမှာလည်း စုစည်းရရှိသမျှ သံယောဇဉ်ကြွင်းများဖြင့် ကရုဏာသက် လက်များဖြင့် ထွေးဖက် ရတော့မှာပေါ့နော် ။ လူမှုစည်းကမ်းများနှင့် အံဝင်စေရေး အတွက် နောက်ဆုံး ထွက်သက် အထိ မျက်လုံးများ စုံမှိတ်ကာ အနီးကပ်ဆုံး ဝေးကွာခြင်းဖြင့် ဇနီးသည်၏ နှလုံးသားကို ပွန်းရိစေတော့မှာပေါ့နော် ။
သည်အခါ မှာ တစ်လျှောက်လုံး သနားစဖွယ်ဟု သူ ခံစားနေမိတော့မှာ ဖြစ်သော တစ်ခါက ချစ်လှစွာသော နီ ၏ ကြုံလှီစ လက်ချောင်းကလေးများကို အသာအယာ ဖျစ်ညှစ် နှစ်သိမ့်ရမည် ။ ရှောင်လွှဲနေမည့် ဇနီးသည်၏ မျက်ဝန်းများကို တွေ့ ဆုံနိုင်ဖို့ မရမက ကြိုးစားမည် ။ တစ်ကြိမ်တစ်ခါ သေဆုံးခဲ့ခြင်း အတွက် တစ်ဖန် ပြန်လည် အသက်သွင်းဖို့ ကြိုးစားမည် ။
စောင့်စည်းရမည့် ဂုဏ်သိက္ခာ အတွက် တစ်သက်လုံး တာဝန်ယူ သွားရမည် ဖြစ်သော ၊ အနည်းငယ် ကျန်းမာရေး ချို့တဲ့နေမည် ဖြစ်သော ၊ မာန် တင်းကာ မျက်ဝန်းများ ရွှန်းလက်နေမည် ။ ဒါမှမဟုတ် အားနွဲ့ နွမ်းမှီ နေမည့် မပြတ်စဲ ဖြစ်သည့် နီ့ ကို အားတောင့်အားနာ ကြည့်မိမည် ။ ဘယ် နှုတ်ခမ်းထောင့်မှ သွားစွယ်ချွန်ကလေး ပေါ်အောင် ဖွင့်ဟကာ တိုးညင်းစွာ ရယ်သံပြုမည် ။
ခြောက်ကပ်ကပ် သူ့ ရယ်သံကို သူ ကိုယ်တိုင် မယုံကြည်နိုင်စွာ မကျေမချမ်း ဖြစ်ကာ မျက်နှာပြင်မှာ အနည်း ငယ် အနီရောင် သမ်းလာမည် ။ သင်္ချာ တွက် မရ၍ မျက်နှာ ညို နေမည့် သမီးကြီး နွေ ကို ကြာမြင့်စွာ ပစ်ပယ်ထားခဲ့ ခြင်းအတွက် အထူး စိတ်ရှည်စွာ အလျော် ပြန်ပေးဖို့ ကြိုးစားမည် ။ ခပ်စိမ်းစိမ်း ကြည့် တတ်လာမည် ဖြစ်သော သားငယ် ‘ နေ ’ ၏ အိပ်စက်နေသော မျက်တောင်များကို ဖွဖွ နမ်းကာ တိတ်ဆိတ်စွာ တောင်းပန်မည် ။
မခွဲခွာသော ကွဲကွာခြင်းဖြင့် ရင်းနှီးဆဲ ‘ နီ ’ အား ဝေဒနာ စွန်းထင်းဆဲဟု မယိုးစွပ်သာအောင် ပိရိသည့် အမူအရာဖြင့် သတိကြီးစွာ ချဉ်းကပ်မည် ။
အရာခပ်သိမ်း ပုံမှန် လည်ပတ်ပြီဟု စိတ်ချရပြီ ထင်သည့်အခါ ဗေသိုဗင်၏ ‘ ငွေလရောင် ’ ကို သူ နားထောင်မည် ။ တရွေ့ရွေ့ လွင့်ပါးနေသည့် စီးကရက်အငွေ့အမျှင်ထဲမှာ အပြုံး မပျက် ကြေကွဲနေမည် ဖြစ်သော မိန်းကလေး တစ်ယောက်၏ မျက်နှာကို မြင်ယောင်နေမည် ။ ချောက်ချားဖွယ် ဖမ်းစားနိုင်သော လရောင်ရွှန်းမြသည့် ညမျိုး မှာ ‘ တစ်နေရာရာက ကိုယ့်အချစ်ရယ် ’ သီချင်းကို ဆွေးမြည့်စွာ ဆိုညည်းကာ သတိလက်လွတ် ငေးမောနေမည် ။ အနားမှ သူ့အတွက် အရေးတကြီး တစ်စုံတစ်ယောက်ကို မေ့လျော့ကာ သက်ပြင်းအခါခါ ရှိုက်နေမည် ။ စီးကရက် မီးခိုးငွေ့များကို အဓိပ္ပာယ် ကင်းမဲ့စွာ သူ မှုတ်ထုတ်မိသည့် အခါမှာ ထွက်ပေါ်လာသည့် အသံကို တစ်ခါက သူတို့ချင်းသာ နားလည်ခဲ့သည့် ဘာသာစကား တစ်ခု အဖြစ် ပြန်လည် နားစွင့်မိနေမည် ။
စောင့်စည်းထိန်းချုပ်ရခြင်းများနှင့် အတူ အားလုံးကို တောင်းပန်ခဲ့ရပြီးနောက် သည်မိန်းကလေးကို အထူးတလည် တောင်းပန်ရန် ဆန္ဒ ရှိနေမည် ။ မိုက်မဲသည်ဟု ဆိုနိုင်သော အချစ်က လွဲ၍ ဘာတစ်ခုမှ မတောင်းဆိုသော သိက္ခာ ပျက်ယွင်းမှုနှင့် ထိခိုက် ကြေကွဲခြင်းများကိုသာ တစ်သက်တာ အတွက် ပေးလိုက်နိုင်ခဲ့သော ချစ်ကံခေရှာသည့် မိန်းကလေးကို မဖော်ပြနိုင်သည့် တမ်းတမှုဖြင့် အဆုံးမရှိ ကြင်နာနေမည် ။
သည်ကလည်း ‘ နေ ’ နှင့် ‘ နွေ ’ မောင်နှမ၏ ကိုယ်စိတ် လုံခြုံမှုဖြင့် မနက်ဖြန် များစွာ အတွက် သူ့ရဲ့ အလျှော့ပေး လိုက်လျောမှုများ တွန့်ဆုတ်အေးစက်သော အနမ်းများ ၊ တစ်ခါတစ်ရံမှာ လှောင်ပြောင်သော မျက်ဝန်းများနှင့် တိတ်ဆိတ်သော ရန်လိုခြင်းများကို မသိကျိုးကျွန် ပြုရမှာပေါ့နော် ။ ကွဲရှခဲ့သော အတ္တ၏ အစိတ်အပိုင်းများကို ပြန်လည် ဆက်စပ် မကြည့်မိဖို့ ခဲယဉ်းစွာ အားထုတ်ရမှာပေါ့နော် ။
‘ နေ ’ တို့ ၏ ဘဝ ပြုစုပျိုးထောင်ဖို့ အရေးမှာ သူ အတူတကွ ပါဝင်ရေးဟာ သည်မျှ အရေးကြီးသလား ။ သူ့ အနေနဲ့ ထောက်ထားစရာများ အတွက် တစ်သက်တာ အားနာ နေရမှာထက် စာရင် အနည်းငယ် သို့မဟုတ် သိသိသာသာ ဣန္ဒြေ ပျက်ကောင်း ပျက်မှာ ဖြစ်ပေမယ့် အသက်ညှာဆုံး အနေအထားနဲ့ ခွဲခွာချန် ထားနိုင်ဖို့ လိုလားပေလိမ့်မည် ။
နီ့ အဖို့မှာလည်း မိမိ အမည်ကို အခြား နာမည် တစ်ခုနှင့် အခါခါ မှားယွင်း ခေါ်နေမှာထက် စာရင် မိမိ ဘဝ အစိတ်အပိုင်း အဖြာဖြာမှာ သူ ပါဝင်ပတ်သက်နေရခြင်းနှင့် နှစ်ဦးနှစ်ဖက် ဝန်လေးပင်ပန်းနေကြရမှာထက် စာရင် သူ့ကို အမုန်းအမျက် ကင်းစွာ ၊ နားလည်ခွင့်လွှတ်စွာ ၊ ပြီးတော့ သူ မသိစေအောင် ရင်နင့်စွာနှင့်ပေါ့ကွယ် ။ သည့်ထက်မက အကောင်းဆုံး ဖြစ်နိုင်ဖို့ကိုတော့ အလေးအနက် ပြန် စဉ်းစားကြည့်ချင်ပါသည် ။
အချစ်နှင့် အဝေးဆုံးမှာပင် အရာခပ်သိမ်း အတွက် တာဝန်ကျေဖို့ ခွန်အားများစွာ ကျန်ရှိနေနိုင်သေးသည်လို့ ယုံကြည်စွာ ရှင်သန်ချင်ပါသည် ။
⎕ ခင်လေးမူ
📖 ဟန်သစ် မဂ္ဂဇင်း
၁၉၉၀ ၊ သြဂုတ်လ

No comments:
Post a Comment