❝ ဂဋ္ဌုန် ❞
( ပီမိုးနင်း )
သာယာသော ညနေအချိန် ဖြစ်လေ၏ ။ မိုးဦးကျတော့မည့်ဆဲဆဲ ဖြစ်လေရာ မိုးတွေအုံ့လျက် မိုးကြိုး လျှပ်စစ်တို့ ချုန်းထစ်ကာ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ကြလေ၏ ။ အနောက်တောင်ဘက်မှ ထောင့်တန်းတိုက်၍ လာသော လေသည် ပြာကျသော ရွာတစ်စုမှ လည်းကောင်း ၊ တောမီးလောင်ပြီးသော လယ်ပြင်များမှ လည်းကောင်း ပြာတို့ကို တိမ်ညိုပုတ်ကြီးပမာ ဆောင်ယူ၍ လာကြလေသတည်း ။
ထိုလရာသီ၌ သာယာဝတီနယ်ရှိ ရွာငယ်တို့၌ နေထိုင်ကြကုန်သော ရွာသူရွာသားတို့သည် တောရပ် တောင်ခြေ တစ်ခွင်တစ်ပြင်မှာ တကြော်ကြော် တေးဆိုကာ သစ်သီးသစ်ရွက် ၊ ထင်း စသည်တို့ကို ရှာဖွေလေ့ ရှိကြရာ ဤနှစ်ဤရာသီကား တောရပ်တောင်ခြေ စခန်းများမှာ တိတ်ဆိတ်၍ နေလေသတည်း ။ ရွာသူရွာသားတို့၏ ဓလေ့ဓမ္မတာ ရွာပြင်ဘက် တောစပ်များမှာ ချိန်းချက်ကာ အချစ်ဓာတ်နိုးသည့် ရာသီအလျောက် ရစ်ပတ်ကြသူတို့၏အစား တောကျီးကန်းကြီးများသည် လည်းကောင်း ၊ ပျံဝဲသော စွန်ရဲ ၊ လင်းတတို့သည် လည်းကောင်း ဆိတ်ငြိမ်ခြင်းကို သာလွန်ထင်ရှား လေးနက်အောင် ပြုကြလေသတည်း ။
ရှေးအခါက တောကျီးကန်းကြီးများသည် နွားကျောင်းသား ၊ ထင်းခုတ်သမား ၊ ခရီးသွား ၊ လှည်းသမားတို့ကို မြင်သည့်အခါ သြစတြီးယား တိုင်းရင်းသားများ ကြားတတ်သောနည်းအရ ယောက်ဖ ယောက်ဖဟု ခေါ်လေ့ ရှိကြ၏ ။ ယခုသည်ကား တောကျီးကန်းကြီးများမှာ ယောက်ဖ ဟု ခေါ်စရာ တော်စရာ မရှိသဖြင့် ဦးခေါင်းကို ငဲ့ကာငဲ့ကာ ယောက်ဖတွေ ဘယ်သွား ကုန်ကြပါလိမ့်ဟု ဆင်ခြင်ဟန် လက္ခဏာကို ပြကြလေ၏ ။ အကြောင်းမူကား ရွာပြင် တောထဲသို့ ထွက်ဝံ့သူ မရှိကြချေ ။
ထွက်ဝံ့သူ တစ်ယောက်တည်း ရှိလေ၏ ။ အကြောင်းမူကား ညိမ်းခင် မှာ မိမိ၏ ချစ်သူရည်းစား မောင်ဘ ဆိုသူ ဂဠုန်တပ်ထဲသို့ လိုက်ပါ၍သွားပြီးနောက် သေသည် ရှင်သည်ကို မသိရသဖြင့် ဂဠုန်တပ်များနှင့် တွေ့လျှင် မောင်ဘ ကို တွေ့ရလေမလား ၊ မတွေ့ရလျှင် အကြောင်းကို သိမှာပဲဟု အောက်မေ့ကာ သေနတ်ကို မကြောက်ရုံမက ဂဠုန်ကိုပင် ရှာ၍နေလေသတည်း ။
ဦးခေါင်းထက်တွင် တွဲလွဲခို၍နေသော သရက်သီး တစ်လုံးသည် အစေ့ယှက်၍ ဝမ်းပျဉ်းအရွယ်သို့ ရောက်တော့မည် ရှိလေ၏ ။ ထိုသရက်သီးအစေ့ မယှက်မီ အခါက ဤသရက်ပင်အောက်၌ ညိမ်းခင် သည် မောင်ဘ နှင့် ချစ်ခင်ပျော်ရွှင်ကာ နေ့စဉ်တွေ့ခဲ့လေရာ တစ်နေ့သ၌ ဂဠုန်တပ်သားများနှင့် တွေ့ကြုံကာ မောင်ဘ ကို အတင်း ခေါ်၍ သွားလေရာ ညိမ်းခင်သည် မိမိ၏ ချစ်သူကို လွှတ်ခဲ့ပါမည် အကြောင်းနှင့် ငိုယိုတောင်းပန်ကာ ခရီး သုံးမိုင်သာသာ ကြမ်းတမ်းသော လမ်းမှာ လိုက်ခဲ့ရှာလေ၏ ။ ဂဠုန်သည်ကား မောင်ဘကို ပြန်၍ မအပ်ဘဲ ခရီးပြင်း အတင်းနှင်ကြလေရာ ဂဠုန် ဗိုလ်ကြီးက ဟဲ့ ကလေးမ ပြန် ၊ တခြားတပ်နဲ့ တွေ့ရင် နင် ဒုက္ခဖြစ်လိမ့်မယ် ။ နင့်မောင် ဘာမှ မဖြစ်စေရဘူး ။ ငါတို့ ကြီးစိုးတဲ့ အခါကျရင် နင်တို့ အားလုံး ကောင်းစားဖို့ပဲ ။ ပြန်ပြန် မလိုက်လေနဲ့ နေစောင်းပြီ ။ နင့်မောင်ကို ပြန်၍ မရဘူး ။ နေမဝင်မီပြန် ဟု အတန်တန် ပြောလေ၏ ။
ညိမ်းခင်သည်ကား ဆံပင်ကို ကပိုကရို ပတ်လျက် ထဘီကို ပြင်၍ဝတ်ကာ ဂဠုန်ဗိုလ်ကြီး၏ စကားကို မကြားနိုင်ဘဲ ကိုဘ မလိုက်နဲ့ ကိုဘ ၊ ကိုဘ ပြန်ခဲ့ပါ ။ ကျွန်မ မောင်ကို မခေါ်ကြပါနဲ့ ။ ကျွန်မ အခွင့်မပေးဘူး ။ ကျွန်မ မပြန်ဘူး ။ ကျွန်မ တစ်ခုခု ဖြစ်ရင် ရှင်တို့ကြောင့်ပဲ စသည်ဖြင့် အော်ဟစ်ကာ လိုက်လေ၏ ။ ဆံပင်ကို ချုံတွေ ၊ သစ်ကိုင်းတွေ ငြိသော်လည်း ငြိမှန်း မသိ နာရမှန်း မသိ အတင်းရုန်း၍ သွား၏ ။ ထဘီကို ဆူးချုံတို့သည် အတင်းဆွဲ၍ ဆုတ်ဖြဲကြရာ ထဘီတုပ်၍ တဖုတ်ဖုတ် လဲ၏ ။
မောင်ဘသည်လည်း ပြန်၍ လက်ပြကာ အော်ကာ ညိမ်းခင်ကို ပြန်အောင် တိုက်တွန်း၏ ။ နောက်ဆုံး၌ တစ်ပြန်တစ်လှည့်စီ အော်ရင်း ခေါ်ရင်းပင် ညိမ်းခင်သည် လဲပြီး မြောမေ့၍ ကျန်ရစ်လေရာ လှည်းသမား တစ်ယောက်နှင့် တွေ့၍ အိမ်သို့ ပြန်ရောက်၍ လာခဲ့လေ၏ ။
ထို့နောက် ချစ်သူ၏ စိတ်ကြောင့် မှိုင်တွေကာ မစားနိုင်မအိပ်နိုင် နေ့ညဉ့်အချိန်မရွေး ထိုသရက်ပင် အောက်ကိုသာ လာ၍ နေလေ၏ ။ မောင်ဘ လိုက်ပါ၍ သွားသော လမ်းတစ်လျှောက်မှ တောင်ညိုညိုကြီးကို လှမ်းမျှော်၍ ကြည့်လေ၏ ။
ကိုဘ တောင်ပေါ်မှာ ရှိမှာပဲ ။ အခုနေအခါမှာ ဟို တောင်စောင်းအမြင့်ကနေပြီး ငါ့ဆီကို ကြည့်၍ နေမှာပဲ ကိုဘ ပြန်လာခဲ့ ၊ ပြန်လာခဲ့ သူပုန်မလုပ်ပါနဲ့ ကိုဘရယ် ။ ညိမ်းညိမ်း ကို သတိမရတော့ဘူးလား ။ ကိုဘ အတွက် ညိမ်း သေရတော့မယ် ။ ညိမ်းညိမ်း မအိပ်ဘူးနော် ။ စားလည်း မစားဘူး ။ ကိုဘ ပွေ့ချီတဲ့ ညိမ်းညိမ်းရဲ့ ကိုယ်ပြည့်ပြည့်ကလေးဟာ မအိပ်ရလို့ ပြားပြားကလေး ဖြစ်နေပြီ ။ ကိုဘ နမ်းတဲ့ ညိမ်းညိမ်းရဲ့ ပါးကလေးတွေမှာ ပါးအို့ကလေး မရှိတော့ပါဘူး ။ ကိုဘရေ ၊ ကိုဘရဲ့ ညိမ်းညိမ်း ကို လာကြည့်ပါဦး ။ ဟောဟို သရက်သီးကလေးကို မမီလို့ ကိုဘ ညိမ်းညိမ်းကို ပခုံးပေါ်မှာ ပင့်ချီတုန်းက ညိမ်းညိမ်းရဲ့ တင်ပါးကလေးများမှာ ကတ္တီပါအုံးကလေးလို ပြည့်ပြည့်ကလေးဟာ အခု ပါးပါးကလေး ရှိတော့ တယ် ။ ကိုဘ ဘာပြုလို့ ဟိုတောတောင် အရိုင်းကြီးထဲမှာ နေရသလဲ ကိုဘရဲ့ ပြန်ခဲ့ပါတော့လား ။ ညိမ်း မသေခင် ကိုဘကို မြင်ပါရစေ ။ ကိုဘရယ် ဩော် ကိုဘ ၊ ကိုဘ မသေပါစေနဲ့ ချမ်းသာပါစေ ။ ညိမ်းညိမ်း တော့ သေရတော့မယ် ။ ကိုဘ ဘယ်မှာနေပါလိမ့်မလဲ ရှိသေးသလား ကိုဘရဲ့ ။ မသေရင် ကျွန်မကို ပြပါ ။ လိုက်ခဲ့ပါ့မယ် ။ ညိမ်း မကြောက်ဘူး စသည်ဖြင့် တောက်တီး မြည်တွန်ကာ အရူးဖြစ်၍ နေရှာလေ၏ ။
မောင်ဘ မှာကား ဂဠုန်တပ်သား မဖြစ်ချင်ဘဲလျက် အတင်းအဓမ္မ ခေါ်ဆောင်ကာ ဂဠုန်ဆေး ထိုးနှံခြင်း ခံရသဖြင့် သူပုန်အမှတ် ဘွဲ့ တံဆိပ်ကြီးကို ရရှိကာ ဆင်းရဲသားတို့ဘဝ လုပ်ကိုင် အသက်မွေးသော ပြည်သူ လူကောင်း တစ်ယောက် အဖြစ်မှ သူပုန်ဂဠုန်ဘဝသို့ အထောက်မတန် ရောက်ကံဆိုးဝါး ၊ ငါးပါး ၊ ဆယ်ပါး ၊ အပါးတစ်ရာ မှောက်ပေါ့တကားဟု အောက်မေ့ကာ ယူကျုံးမရ ဖြစ်ရခြင်းက တစ်မျိုး ၊ လာလတ္တံ့သော ဝါလ မတိုင်မီ အတည်တကျ ချစ်သူကလေး ညိမ်းညိမ်း နှင့် အကြောင်းချဉ်းကာ ပေါင်းသင်းရမည့်ဆဲဆဲ နေရာမှ ရုတ်တရက် လတ်တလော ကွဲရသော်လည်း သေကွဲနှင့် မခြား တိုက်ခိုက်လို့ မသေမချင်းအမျှ သူပုန်ဖြစ်ကာ တောတွင်းမှာ နေရ၍ ချစ်သူနှင့် တွေ့ရတော့မည် မဟုတ်တော့သည်ကို တွေးတောကာ သောကမီးဖြာတာက တစ်ဖုံ ၊ မသေဘဲ ရွာကို ပြန်ရလျှင်လည်း ဂဠုန် အမှတ်ကြီး ရှိသည့်အတွက် ရာဇဝတ် အပြစ်ဒဏ် ထိကာ ထောင်တစ်သက်တစ်ကျွန်း သွားရမည်ကြောင့် ဒီဘဝမှာဖြင့် မပြစ်မမုန်းပါဘူးဟု သဘောထားသော အချစ်ဆုံးကလေးနှင့် လုံးလုံးကြီးပေါင်းရကိန်း ရှိတော့မှာ မဟုတ်ပါကလားဟု စဉ်းစားကာ ယူကျုံးမရ ဖြစ်ရတာက တစ်သွယ် ၊ လူကောင်းတစ်ယောက် ဖြစ်ပါလျက် ဂဠုန်တပ်ပြောင်း ၊ အကြောင်းဆိုးဝါး ၊ တောတောင်ဖျားသို့ မတရား ရောက်ရသည့်အတွက် စိတ်လက်မရွှင် ချစ်သူကို ထင်မြင်လျက်သာ နေရရှာလေ၏ ။
နဂိုကလည်း ပြည်သူလူကောင်း တစ်ယောက် ဖြစ်သဖြင့် မကောင်းမှုကို လွန်စွာ ကြောက်ရွံ့သူ ဖြစ်လေရာ ကြမ်းတမ်းဆိုးဝါးစွာ အသက်မွေးရခြင်း၌ အမြဲ ကြောက်ရွံ့ကာ ပင်ပန်းဆင်းရဲခြင်းတွေကို ခံရသည်မှာ ငရဲပြည်သို့ အရှင်လတ်လတ် ရောက်ရသလို မိမိ၏ စိတ်၌ မှတ်ထင်ကာ နေရရှာလေ၏ ။
နေ့အခါများ၌ ပြေးရလွှားရ ၊ ပြောင်းရွှေ့သွားလာရ သဖြင့် ပင်ပန်းသော်လည်း အခြား အဖော် ဂဠုန်သားများ အပန်းဖြေကာ ပျော်ပါးစားသောက်ကြသည့်အခါ ချစ်သူ၏ စိတ်ကြောင့် မစားနိုင် မသောက်နိုင် တမှိုင်မှိုင် နေရလေ၏ ။ အဖော်များ အိပ်ပျော်သည့်အခါ မိမိမှာ မအိပ်နိုင်ဘဲ တောင်စောင်းမှ ရွာဘက်သို့ မျှော်ရှုကာ ဟိုနေရာကလေးဟာဖြင့် ညိမ်းညိမ်းနဲ့ ချိန်းချိန်းပြီး တွေ့ရတဲ့ နေရာကလေး ထင်ပါရဲ့ ။ ဟိုဘက်နားက ညို့ညို့မှိုင်းမှိုင်း အုံ့ဆိုင်းဆိုင်းကလေးဟာ ညိမ်းညိမ်း နဲ့ နှစ်ယောက်တည်း ပျော်ပျော်ပါးပါး လက်တွဲကာ သွားလာ လှည့်ပတ် နေကျ ဖြစ်တဲ့ သရက်တောကလေးနဲ့ တူလှပါတကား စသည်ဖြင့် ရှုမျှော်တမ်းတ ရမ်းဆကာ တွေးတရေးရေး ထင်မြင်လှသဖြင့် ဂဠုန်ငှက်အစစ် ဖြစ်ရင်လည်း တောင်ပံ နှင့်နွှဲပြီး ဝဲပျံကာ ရောက်နိုင်ပါရဲ့ ။ အမည်သာခံ မပျံနိုင်တဲ့ ဂဠုန် ဖြစ်ရသည့်အတွက် ရတက်သာ ပွား၍ နေရရှာလေသတည်း ။
အခါများစွာ စွန့်စားကာ ထွက်၍ပြေးမည် ကြံသော်လည်း မလွတ်သာအောင် အစောင့်အကြပ်တွေ မပြတ်မလပ် ရှိသည့်အတွက် တစ်ကြောင်း ၊ ဂဠုန်ဆေး အမှတ်ကြောင့် အစိုးရ ကွပ်မျက်မည်ကို ကြောက်ရွံ့ခြင်းက တစ်ကြောင်း မပြေးသာဘဲ ချစ်သူ၏ နေရာကို တောင်ထိပ်မှ မျှော်ကာသာ နေရရှာလေသတည်း ။
တစ်နေ့သ၌ မွန်းလွဲခန့်အချိန် အနောက်ဘက် တိမ်ပြာကြီးအောက်တွင် ရေးရေးမှိန်မှိန်ကလေးမျှ မြင်ရသော တောအုပ်လိုလို ရွာလိုလို နေရာကလေးကို မျှော်မှန်းကာ မျက်ရည်ဝိုင်းလျက် ရွှေငှက်လို အတောင်ပေါက် ရင်ဖြင့် တစ်ခေါက် ပြန်ချင်ပါ လွမ်းသူတို့ရွာ ဟူသော တေးအစအနကလေးကို ညည်းလိုက်ရာတွင် သူပုန်အချက် ဖြစ်သော မောင်းသံကို ကြားရပြီးနောက် တောင်ပေါ်၌ တရုတ်ရုတ် လှုပ်ရှားခြင်း ဖြစ်လေ၏ ။ အစောင့်တပ်သား တစ်ယောက်က ဟေ့လူ ဘာငေးနေသလဲ မြန်မြန်ဗျာ့ ဟု အော်၍ ခေါ်လေရာ ဘာမှန်းမသိ ညာမှန်း မသိ ပြေးရလေ၏ ။ မကြာမီ သူပုန်တပ်ကြီးသည် တောင်ပေါ် မှ ရေတံခွန်စီးဆင်းသလို လှိမ့်ဆင်း၍ သွားသည်ကို မြင်နိုင်လေသတည်း ။
ညိမ်းညိမ်း သည်လည်း နေ့စဉ် တောထဲ၌ မျှော်၍သာ နေရရှာလေသတည်း ။
သို့မျှော်အခိုက်တွင် ဖရောက် ဖိုက် ဖိုက် ဟု မြည်သော အစိုးရသေနတ်သံများကို ကြားရလေ၏ ။ ညိမ်းခင်သည် နှစ်လုံးပြူး သေနတ်သံကိုသာ သိ၏ ။ အစိုးရ ရိုင်ဖယ်သေနတ်သံကိုမူ နားမလည်ချေ ။ သူပုန်များ လာ မည်ဟု အစိုးရများ သတင်းရသဖြင့် လာ၍ စောင့်ကြောင်းကို ညိမ်းခင် မသိချေ ။ အကြောင်းမူကား ထိုနေ့၌ တစ်နေ့လုံး တောထဲမှာ တဝဲလည်လည် နေခဲ့လေ၏ ။
ထို့နောက် ထိန်း ထိန်း မြည်သော သေနတ်သံများကို ကြားရလေ၏ ။ မီးခိုးများ တောထဲမှ ထွက်ပေါ် သည်ကို မြင်ရ၏ ။ ညိမ်းခင်သည် လှမ်း၍ ကြည့်လိုက်သောအခါ ညနေစောင်းနေရောင်တွင် ဓားလွတ်တွေ လက်လက်ပြောင်ပြောင်နှင့် သူပုန်များကို မြင်ရလေရာ ကြောက်ရမှန်းမသိဘဲ ကိုဘ ကိုဘ ဟု အော်ကာ သူပုန် များရှိရာသို့ ဆံပင် ဖိုးရိုးဖားရားနှင့် ပြေးလေ၏ ။
ထိုအခိုက်တွင် ဖရောက် ဖိုက် ဖိုက် ထိန်းထိန်း ဟူသော အသံများ ရောစပ်၍ လာလေ၏ ။ ညိမ်းခင် သည် တောစပ်လယ်ကွက်ကလေးတွင် ခွေခနဲ လဲကျလေ၏ ။
ထိုအခိုက်တွင် သူပုန်တစ်ယောက်သည် တပ်ထဲမှ ပြေးထွက်၍ လာပြီးလျှင် ဓားကို လွှတ်ချကာ ညိမ်းခင် ကို ထိုင်၍ ပွေ့လေ၏ ။
ထိန်း ထိန်း ဖိုက် ဖိုက် ဖရောက် ထိန်း ထိန်း ။
အမယ်လေး ညိမ်းရဲ့ မောင်လေ ဘလေ ။ ညိမ်းရေ ဟု ပြောကာ မောင်ဘသည် ညိမ်းခင်ကို ပွေ့ရင်း မြေပေါ် သို့ တစောင်းလဲကျ၍ သွားလေသတည်း ။
သူပုန်များ ရှောင်ရှား၍ သွားကြလေ၏ ။ အစိုးရတပ်များ ဝိုင်းအုံကာ ရောက်၍ လာကြလေရာ နှစ်ယောက်စလုံး ပြင်းစွာ ဒဏ်ရာရသည်ကို တွေ့ ရှိရလေ၏ ။ သို့သော်လည်း မောင်ဘနှင့် ညိမ်းခင်သည် မိမိတို့၏ ကိုယ်၌ နာကျင်ခြင်းကို ဂရုမစိုက် သတိမရ ။ စိတ်ကို တင်းကာ တစ်ယောက်ကို တစ်ယောက် လဲရာ၌ ပွေ့ဖက်ရင်း တစ်ယောက်မျက်နှာ တစ်ယောက် စိမ်းစိမ်းကြည့်ကာသာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်၍ နေကြလေ၏ ။
သို့သော်လည်း မောင်ဘမှာ ဒဏ်ရာပြင်းသဖြင့် မထနိုင်တော့ချေ ။ အစိုးရတပ်သားများသည် ဘာကို လုပ်ရမည် မသိဘဲ အံ့အားသင့်ကာ ရင်ထုမနာ ရပ်ကာ ကြည့်၍သာ နေကြလေ၏ ။
ညိမ်းခင်သည် အားယူ၍ ထပြီးလျှင် မောင်ဘကို ကုန်း၍ဖက်ကာ ကိုဘ ကိုဘ ညိမ်းညိမ်း ကိုဘ ကို တွေ့ပြီ ။ ကိုဘ မမှတ်မိဘူးလား ။ ညိမ်းညိမ်းလေ ညိမ်း ညိမ်း ပိန်နေလို့ပါဟု အားတင်းကာ ပြုံး၍ ပြောလေ၏ ။ မောင်ဘသည် ညိမ်းညိမ်း၏ မျက်နှာကို စိမ်းစိမ်း ကြည့်လျက် ပြုံးပြီး နှုတ်ခမ်းကို လှုပ်ရုံသာ လှုပ်လျက် လက်နှစ်ဖက်ကို ဆန့်လေ၏ ။ ညိမ်းညိမ်းသည် ပြုံးလျက် မောင်ဘ၏ မျက်နှာကို ကြည့်ရင်း မျက်လုံးများ ဝေပြီး မောင်ဘ၏ ရင်ခွင်ထဲသို့ တစောင်းလဲကျ၍ သွားလေ၏ ။ မောင်ဘ၏ လက်များသည် အဘယ်အခါမျှ လွှတ်မည် မဟုတ်သော ပွေ့ပိုက်ခြင်းဖြင့် ညိမ်းညိမ်း၏ ပျောင်းပျော့ အားငယ်သော ကိုယ်ကလေးကို ပွေ့ယူလိုက်လေသတည်း ။ ထို့နောက် နှစ်ယောက်သား ပြုံးပြုံးကလေး ပါးချင်း မျက်နှာချင်း အပ်လျက် မနိုးသော အိပ်ခြင်း၌ ငြိမ်သက်၍ သွားကြလေသတည်း ။
ကြည့်၍နေသော အစိုးရ တပ်သားများသည် ဦးထုပ်များကို ချွတ်ကာ မျက်ရည်သုတ်၍ နေကြလေ၏ ။ ထိုအခိုက်တွင် အနောက်ဘက်၌ နေကွယ်၍ ညဉ့် ၏ မည်းနက်သော ဝတ်ရုံသည် ချစ်သူ နှစ်ယောက်၏ အလောင်းများကို လုံခြုံစွာ ပတ်ရစ်လိုက်လေသတည်း ။
▢ ပီမိုးနင်း
📖 ဗန္ဓုလ ဂျာနယ်
မေ ၂၀ ၊ ၁၉၃၁
No comments:
Post a Comment