Monday, February 16, 2026

ဥပေက္ခာသမီး


 

❝ ဥပေက္ခာသမီး ❞

မဇာနည်အောင် လူမမည် ကလေးအရွယ် ကတည်းက သူနဲ့ သူ့မိခင်ကို သူ့အဖေက မျက်နှာလွှဲထားခဲ့သူပါ ။ သမီးနဲ့ အဖေ တစ်မြို့တည်းမှာ နေထိုင်ကြပေမယ့် တစ်ဦးနဲ့ တစ်ဦး မဆုံတွေ့ဖူးကြပါဘူး ။

ကျွန်တော်က အမေနေ့ ၊ အဖေနေ့ ဟောပြောချက်တွေကို နားထောင်ပြီး မိဘဆိုတာ ဘာဖြစ်တယ် ၊ ညာဖြစ်တယ် ၊ အဖေ မသေခင် တွေ့ဖြစ်အောင် တွေ့ လိုက်ပါ ဆိုတာမျိုး လက်ချာတွေ မဇာနည်အောင်ကို ကျွန်တော် ရိုက်ပါတယ် ။ သူက တသိမ့်သိမ့် ငိုတယ် ။

ကိုယ့်အိမ် ကိုယ် ပြန်ရောက်ပြီး ညအိပ်ရာဝင်တော့ သူတို့ အကြောင်းကို ကျွန်တော် ပြန်စဉ်းစားတယ် ။ ကျွန်တော်မှ ဥပေက္ခာပြု မခံရဖူးဘဲကိုး ။ ကျွန်တော်က စာအုပ်ကြီး ထဲက စကားမျိုးတွေကို ပြောနိုင်တာပေါ့ ဆိုတဲ့ အဖြေ တစ်ခုကို တွေ့ရတယ် ။ ဥပေက္ခာပြုခံရခြင်းရဲ့ ခါးသီးမှုကို ကိုယ်တွေ့ ကြုံဖူးသူတွေကမှ နားလည်နိုင်မှာပါ ။ နေ့ခင်းတုန်းက မဇာနည်အောင်ရဲ့ အိမ်ကို ကျွန်တော်နဲ့ ဓာတ်ပုံ ကိုဇော်ဇော် ( ဘိုအဖွဲ့ ) တို့ သွားခဲ့ကြတဲ့အကြောင်း ပြန်စဉ်းစားမိပါတယ် ။

သူ့အိမ်က မန္တလေးမြို့ အရှေ့ပိုင်းမှာ ရှိတယ် ။ လမ်းမနှစ်ခုရဲ့ ထောင့်ကျကျက တိုက်အိမ်ကောင်းကောင်း ဖြစ်တယ် ။ သူ့ခြေထောက်ပေါ် သူ ကြိုးကြိုးစားစား ရပ်ပြီး သူတို့ သားအမိရဲ့ဘဝကို တည်ဆောက်လာခဲ့တာ ယခုဆို အခြေကျ အနေကျ ဖြစ်နေပါပြီ ။

သူ့အိမ်ဧည့်ခန်းက ရုပ်မြင်သံကြားပေါ်မှာ ဆုဖလားနှစ်ခု တင်ထားတယ် ။ မဇာနည်အောင်က ၂ဝဝ၇ ခု ဆို ၊ က ၊ ရေး ၊ တီး ပြိုင်ပွဲ ပညာရှင်အဆင့် ရွှေတံဆိပ်ဆု ရထားတယ် ။ မကွေးတိုင်း ကာယအလှမယ် ပထမဆု ရထားတယ် ။ ယခုအခါ ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ကဇာတ်ဌာနမှာ တာဝန်ထမ်းဆောင်နေပါတယ် ။ တစ်ဖက်မှာတော့ ဝါသနာအလျောက် သီချင်းဗီစီဒီကို ရိုက်ကူး ထုတ်လုပ်ထားတယ် ။ မဇာနည်အောင်ရဲ့ ဧည့်ခန်းမှာ ကျွန်တော်တို့ ထိုင်ပြီး သူ ကြိုးစားခဲ့ရပုံတွေကို ပြောပြပါတယ် ။

“ အဖေကြီး ( အမေရဲ့အဖေ ၊ အဘိုး ) က ဆိုင်းဆရာကြီး စိန်သီလ ၊ သမီး ငယ်ငယ် လူမှန်းသိတတ်စ သုံးလေးနှစ် သမီးလောက် ကတည်းက အဘိုးနဲ့ အဘွားနဲ့ပဲ နေတာ ၊ အဖေနဲ့ အမေ ကွဲသွားကြတာကိုလည်း သမီး မသိပါဘူး ၊ အဖေနဲ့လည်း ခုချိန်ထိ မတွေ့ရတော့ပါဘူး ၊ နေတာတော့ တစ်မြို့တည်း နေနေကြတာပါ ”

သူ့အသည်းနှလုံးမှာ ဒဏ်ရာကြောင့် မာနေပြီ ထင်ပါရဲ့ ။ မဇာနည်အောင် က ဝတ္ထုဇာတ်လမ်း တစ်ပုဒ်ကို ပြန်ပြောတာလို ပြောနေတယ် ။

“ ရုပ်ရှင်တွေထဲကလို လိုက်ရှာပြီး သွားမတွေ့ဘူးလား ”

ကျွန်တော်က ဘာရယ်မဟုတ် ၊ ပေါ့ပေါ့ပါးပါးပဲ မေးတယ် ။

သူကလည်း မရှာတော့ပါဘူးလို့ ပေါ့ပေါ့ပါးပါးပြောပြီး လှလှပပ ရယ်လိုက်တယ် ။

“ အဖေ မရှိပေမယ့် အမေက သမီးကို စောင့်ရှောက်ပေးတယ် ၊ အဘိုးနဲ့ အဘွားက အနုပညာနယ်ထဲမှာ ခြေချနိုင်အောင် ပျိုးထောင်ပေးခဲ့တယ် ”

ကျွန်တော်က သူ ပညာသင်ယူခဲ့ပုံကို မေးပါတယ် ။

“ သမီး ငါးတန်းအထိ အ.လ.က ( ၁၄ ) ကျောင်းမှာ တက်တယ် ။ ငါးတန်းအောင်တော့ သမီး ပန်တျာကျောင်း ဆက်တက်တယ် ၊ ကိုးတန်းအောင်တယ် ၊ သမီး ၁ဝ တန်း မအောင်ဘူး ”

မဇာနည်အောင်က ပြောပြီး ဟီးခနဲ ရယ်ချလိုက်တယ် ။

“ ပန်တျာကျောင်း တက်တယ် ဆိုတော့ အဘိုး ၊ အဘွားကြောင့် အနုပညာနဲ့ နီးစပ်ပြီး စိတ်ဝင်စားတာလား ”

“ သမီးရဲ့ အဘိုး အဘွားတွေရော ၊ ဦးလေးတွေရောက သမီးကို အနုပညာလောကထဲ မရောက်စေချင်ဘူး ၊ မင်းသမီး မဖြစ်စေချင်ဘူး ”

အဘိုးတို့က သဘင်လောကမှာ ကျင်လည်နေတာမို့ မြေးကို မင်းသမီး မဖြစ်စေချင်တာ ဖြစ်ပါလိမ့်မယ် ။

“ ငယ်ငယ်တုန်းက အိမ်ကပေးတဲ့ မုန့်ဖိုးလေးက နှစ်ကျပ်တည်းရယ် ၊ သမီး မုန့်မစားဘဲ ကျောင်းထမင်းစား နားတဲ့အချိန် သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးပြီး သီးချင်းဆိုပြတယ် ၊ နားထောင်ချင်မှန်း မသိ ၊ နားမထောင်ချင်မှန်း မသိ လျှောက်ဆိုပြတာပဲ ”

သူ စကားပြောတာ ပေါ့ပါးရွှင်လန်းတာ သိသာထင်ရှားတယ် ။

“ အဲဒီတုန်းက ဘယ်မှာ နေကြတာလဲ ”

“ အဘိုးရဲ့သား ဦးလေးက ဝန်ထမ်း ဆိုတော့ ပန်တျာကျောင်းထဲမှာပဲ ဦးလေး ရတဲ့ လိုင်းခန်းမှာပဲ အဘိုးအဘွားရော ၊ အမေနဲ့ သမီးတို့ နေကြတာ ၊ သမီးကို အဘိုးကရော ၊ ဦးလေးကရော မင်းသမီး မဖြစ်စေချင်ဘူး ၊ သမီးကတော့ ကျောင်းက ပြန်လာတာနဲ့ ပန်တျာကျောင်းထဲက သင်တန်းတွေ ၊ အကတိုက်တာတွေက ကသံ ၊ ဆိုသံ ကြားတာနဲ့ လိုက်ကြည့်တာ ”

မဇာနည်အောင်က တက်တက်ကြွကြွ ပြောပြနေတယ် ။ ကျွန်တော်က သူ ပြောတာကို နားထောင်ရင်း ပြုံးလိုက်မိတယ် ။ မင်းသမီး မဖြစ်စေချင်သူနဲ့ သဘင်ဝါသနာပါသူရဲ့ ဝိရောဓိ ။

“ ဦးလေးက အကတိုက်တာ ကြည့်နေတဲ့ သမီးကို တွေ့ရင် ရိုက်တာပဲ ၊ ပန်တျာကျောင်း တက်ချင်တယ် ဆိုပြီး ကျောင်းတက်ခွင့် လျှောက်လွှာတင်တော့ လည်း ဦးလေးက ရိုက်တာပဲ ”

သူက ရယ်ရယ်မောမော ပြောပြတယ် ။

“ သင်တန်းဝင်ခွင့်ရတော့ မဖျက်ကြဘူးလား ”

“ ဝင်ခွင့်ရပြီ ဆိုတော့ မဖျက်ကြတော့ဘူး ၊ ကျောင်းက ဘာသင်လိုက်လဲ မေးပြီး အဘိုးက သီချင်းကြီး ၊ သီချင်းခံတွေကို အိမ်မှာ ပတ္တလားနဲ့ တက်ပေးတယ် ၊ သမီးက ပန်တျာကျောင်းမှာ ထူးချွန်တယ် ”

သူက သူ့ကိုယ်သူ ဂုဏ်ယူတဲ့ပုံ သူ့မျက်နှာမှာ ဝင်းပနေတယ် ။

“ သမီးအမေကို အဖေက ပစ်သွားတော့ သမီးအမေနဲ့ သမီးရယ် ၊ သမီး ညီမလေးရယ် ကျန်ရစ်တယ် ၊ ညီမလေးကို ပညာသင်ပေးဖို့လည်း ရှိသေးတယ် ၊ ဒါကြောင့် သမီးက ပန်တျာကျောင်း တက်ရင်း တစ်ဖက်က ဟိုတယ်မှာ သီချင်း ဆိုတယ် ၊ ကတယ် ”

“ ကရတာ အဆင်ပြေရဲ့လား ”

မဇာနည်အောင်က ဆက် မပြောသေးဘဲ ပြုံးနေတယ် ။

ပြီးမှ ဆက်ပြောတယ် ။

“ Road to Mandalay သင်္ဘောပေါ် သွားကရတာ ၊ ဆီမီးခွက်အက ကဖို့ ဆီမီးခွက်က မရှိဘူး ၊ ဖယောင်းတိုင်နဲ့ ကတယ် ၊ ဖယောင်းတိုင်ကိုလည်း နောက်ရက်တွေပါ ကဖို့ အတုတ်ကြီးနဲ့ ကတာ ၊ ဖယောင်းတိုင်အတုတ်ကြီး ဆိုတော့ မီးတောက်က တအား တောက်တာ ၊ ကလေး ဆိုတော့ အင်္ကျီ မီးလောင်နေတာလည်း မသိဘူး ”

သူက ပြောရင်း တသိမ့်သိမ့် ရယ်မောတယ် ။

“ နောက်က ဟဲ့ လောင်နေပြီ ၊ လောင်နေပြီ ပြောတာ ကိုယ့်ပြောတယ် မထင်ဘူး ၊ နောက် ပူလာတယ် ၊ ကရင်းနဲ့ ငြိမ်းရတယ် ၊ နောက် ဝင်ပြေးရတယ် ”

၁၉၉၉ ခုနှစ်မှာ ပန်တျာကျောင်းက အကပညာ အဓိကနဲ့ ကျောင်းဆင်းပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ကဇာတ်ဌာနမှာ အလုပ်ဝင်လုပ်နေတဲ့ အကြောင်းကို သူက ပြောပြပါတယ် ။ နိုင်ငံတော် ဧည့်ခံပွဲတွေကို ကပြရပုံတွေ ပြောတယ် ။ ကျွန်တော်က နိုင်ငံခြားကို သွားရတဲ့ အကြောင်းတွေကို မေးတယ် ။

“ ၂ဝဝ၁ ခုနှစ်မှာ ကိုရီးယားကို သုံးလ သွားရတယ် ”

ကိုရီးယားမှာ ပရဟိတကျောင်းတွေ ၊ လူမှုရေးအသင်းအဖွဲ့တွေကို လှည့်လည် ဖျော်ဖြေခဲ့ရတဲ့အကြောင်း ၊ ကိုရီးယားက ပြန်အလာ ဟိုနိုင်ငံက စုမိဆောင်း မိတဲ့ ဒေါ်လာငွေလေး ပါလာတဲ့ အကြောင်း ၊ ဒေါ်လာငွေလေးကို ထုခွဲပြီး မန္တလေးမှာ မြေကွက်လေး ဝယ်လိုက်နိုင်လို့ အခြေတကျ အဆင်ပြေလာတဲ့ အကြောင်းတွေကို ပြောပါတယ် ။ အိန္ဒိယ ၊ ထိုင်း ၊ ဗီယက်နမ် နိုင်ငံတွေကို သွားရောက် ကပြရတဲ့ အတွေ့အကြုံတွေကို မဇာနည်အောင်က ဆက်ပြောပြပါတယ် ။

ကျောင်းဆင်းပြီးနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင် ဖြစ်တာတွေကို သူက ပြောတယ် ။ အချစ်ကို မွေးဖွားခြင်း ဇာတ်ကားမှာ မင်းသမီးရဲ့ သူငယ်ချင်းအဖြစ် သရုပ်ဆောင်ခဲ့တာတွေကို ပြောတယ် ။ အဘိုးနဲ့ ဦးလေးတွေက ဒါလည်း မလုပ်စေချင်လို့ ဟန့်တားခံရတယ် ။

ရွှေလက်ဖြင့်ခေါ်ကာ ဆိုတဲ့ သီချင်း အချပ် တစ်ချပ်ကို သူ့ကိုယ်ပိုင်ငွေနဲ့ ထုတ်ဖို့ လုပ်ထားတာကိုလည်း ပြောပြတယ် ။

“ သူငယ်ချင်းတွေကို ပြောထားတယ် ၊ ငါ့အခွေ ထွက်လာရင် များများ ခိုးကူးကြလို့ ၊ ဒါမှ ပျံ့နှံ့မှာ ”

မဇာနည်အောင်က ပြောရင်း ရယ်ပါတယ် ။

၂ဝဝ၇ ခုနှစ်မှာ ဆို ၊ က ၊ ရေး ၊ တီး ပြိုင်ပွဲကို သူ ဝင်ပြိုင်ပြီး ပထမဆု ရွှေတံဆိပ်ရတယ် ။ အဲသည်တုန်းက အကြောင်းတွေကို ပြန်မေးပါတယ် ။

“ အဲဒီတုန်းက သမီးက ဝနေတယ် ၊ ဝတော့ အမောမခံနိုင်ဘူး ၊ ကရမယ် ၊ သီချင်းဆိုရမယ် ၊ စကားပြောရမယ် ၊ မောနေလို့ မဖြစ်ဘူး ၊ ကလိုက်လို့ ချွေးသီးချွေးပေါက်တွေ ကျနေရင် မလှတော့ဘူး ၊ လှနေရမယ် ၊ အဲဒီလို မဖြစ်ရဘူး ၊ မဝအောင် အရင်လုပ်ရတယ် ၊ ပြိုင်ပွဲမဝင်ခင် တစ်နှစ်လောက် ကတည်းက မနက် အစောကြီး အိပ်ရာထပြီး ကျုံးတစ်ပတ်တွေ ဘာတွေ ထပြေးပစ်လိုက်တယ် ၊ ကြိုးခုန်တယ် ”

သူ ပြောပုံက အားရပါးရ ရှိတယ် ။ ပြောတဲ့အတိုင်း တကယ်လုပ်တာ သူ့မျက်နှာမှာ ပေါ်လွင်နေတယ် ။

“ တစ်နှစ်လောက် ကတည်းက ဆရာမဆီ သွားပြီး အက လေ့ကျင့်တယ် ၊ ညညဆို ကျောင်းဝင်းထဲက ဇာတ်ရုံထဲ သွားသွား အကကျင့်တယ် ၊ အိမ်မှာ ကလို့ မဖြစ်ဘူး ၊ အိမ်နီးချင်းက ခဲနဲ့ ထုလိမ့်မယ် ”

မဇာနည်အောင်က ပြောရင်း ရယ်တယ် ။

“ နောက်တော့လည်း ကြိုးစားရကျိုး နပ်ခဲ့တာပဲ ”

သူ့ဘဝက သူ့အား သူကိုးပြီး ကြိုးစား ထူထောင်ခဲ့ရတာ ။ သူ ဘယ်လို အားမာန်တင်းသလဲ ကျွန်တော် မေးတယ် ။

“ အဖေ မရှိဘဲနဲ့ ကိုယ့်ဘဝကို ကိုယ် ဒီအခြေအနေ ရောက်အောင် ထိန်းသိမ်းပြီး လုပ်နိုင်သေးတာပဲ ၊ ရှေ့ဆက်ရမယ့် ခရီးမှာ မဖြစ်နိုင်တာ မရှိပါဘူးလို့ အားပေးတယ် ”

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

No comments:

Post a Comment