❝ စိန်ဝတ်ချင်လို့ ❞
( ပီမိုးနင်း )
မယ်ရွှေနှင့် မဖွားသည် သရက်ကုန်းရွာ၌ အထင်ပေါ်ဆုံးသော မိန်းမပျိုကလေးနှစ်ယောက် ဖြစ်လေ၏ ။ ရုပ်ရည်မှာ နှစ်ယောက်စလုံးပင် ချောမောလှပသူများ ဖြစ်ကြလေ၏ ။ သို့သော်လည်း မယ်ရွှေမှာ မျက်နှာ အလှထက် ကိုယ်ပေါက်ကိုယ်ရောက် ဂိုက်ကျ၍ အပြော အဆို ပိုမိုယဉ်ကျေးသူဖြစ်လေ၏ ။ သို့သော်လည်း နဂိုအတိုင်း ရိုးရိုးနေလေ့ရှိလေ၏ ။ သို့သော်လည်း စိတ်သာကာ ယဉ်ကျေးသိမ်မွေ့လျက် ကြင်နာတတ်သူ ဖြစ်လေရာ ဆင်းရဲဒုက္ခ တွေ့သူများကို ဘယ်အခါမဆို ကူညီတတ်၏ ။ အိမ်နီးပါးချင်းများ မမာမကျန်းဖြစ်သည့် အခါ အိပ်ပျက်ခံကာ ပြုစုတတ်၏ ။ ဆင်းရဲသော ကလေးသူငယ်များကို ဂရုစိုက်ကာ ကြည့်ရှုပြုစု ကျွေးမွေးတတ်သဖြင့် ရွာထဲရှိ ကလေးအပေါင်းတို့က ၎င်းအား အစ်မလေးဟု ခေါ်ကာ အစ်မ အရင်းအချာ တစ်ယောက် ကဲ့သို့ မှတ်ထင်ကြလေ၏ ။ အလှူအတန်း ၊ ပွဲနေပွဲထိုင်များ ရှိ၍ အဖော်အပေါင်းတို့က ခေါ်ကြသည့်အခါ အဝတ်အစားဖြင့် ဂုဏ်တုဂုဏ်သာပြိုင် ဝင့်ဝါခြင်းမရှိ ။ ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်ကာ ရိုးရိုးတန်းတန်း ဝတ်စားတတ်၏ ။ သို့ဖြစ်သောကြောင့် မည်သူမဆို ၎င်းနှင့်အတူ သွားဖို့ရန် ဝန်လေးခြင်း မရှိပေ ။ ထိုကဲ့သို့ ရိုးရိုး နေသဖြင့် နဂို အလှအတိုင်း ထင်ပေါ်ကျော်ကြားသဖြင့် ချစ်သူ ခင်သူ ပေါများကြလေ၏ ။
မဖွား၏ စိတ်မှာ ရွာထဲ၌ အထင်ပေါ်ဆုံး နှစ်ယောက် ရှိသည်ဟူသော စကားကို မခံနိုင် ၊ မိမိ တစ်ယောက်သာ ဗိုလ်စွဲချင်၏ ။ သို့ဖြစ်သောကြောင့် မယ်ရွှေမှာ အပေါင်းအသင်း များ၍ နေသည်ကို မရှုဆိတ် မနာလို ဣဿတရား ပွားများ၍ နေလေ၏ ။
သို့သော်လည်း ၎င်းတို့ နှစ်ယောက်စလုံးမှာ လွန်စွာကြွယ်ဝသူများ မဟုတ်ကြသဖြင့် အထည်အမျိုးမျိုး ၊ ရွှေငွေကျောက်သံ ၊ လက်ဝတ်လက်စားအမျိုးမျိုးကို မဝတ်စားနိုင်ကြပေ ။ သို့ဖြစ်၍ မဖွားမှာ သွားစရာ လာစရာရှိ သည့်အခါ ရှိသူများ ထံမှ ငှားရမ်းသော အလှအပ ဆင်ယင်တန်ဆာများနှင့် ဝင့်ဝါရလေ၏ ။ မယ်ရွှေမှာ ထိုကဲ့သို့ မဟုတ် ။ မိမိမှာ ရှိသမျှနှင့် ရောင့်ရဲသူဖြစ်ရာ ဤကဲ့သို့ ဒုက္ခမများပေ ။ မဖွားမှာ ငှားရမ်းသော အထည်များနှင့် ဝင်းဝင်းတောက်ပြောင်လျက် သွားသည့်အခါ မယ်ရွှေမှာ ရိုးရိုးနှင့် မှိန်မှိန်မှေးမှေး သွားရလာရ၏ ။
သို့သော်လည်း မယ်ရွှေမှာ ဝိုင်းရံချီးမြှောက်သူ မပါးမရှားပေ ။ မဖွားမှာကား မိမိ၏ ခင်မင်ရင်းနှီးသောသူ အနည်းသာ ရှိလေ၏ ။ ၎င်းကို လိုလားသော မိတ်ဆွေတို့က မဖွား အား မင်းကတော်ရုပ် ၊ စိုးကတော်ရုပ် စသည်ဖြင့် ပြောဆိုချီးကျူး မြှောက်စားကြလေ၏ ။ မယ်ရွှေ မှာကား အသေအလဲ ကြိုက်၍ နေသော မောင်ငွေမြ ဆိုသူ တစ်ရွာတည်းသားကလေး တစ်ယောက် ရှိလေရာ ၎င်းမှာ မြို့၌ စာရေးကလေး ဖြစ်၍ နေသဖြင့် စာရေးကတော်လောင်းဟူ၍သာ အလွန်ဆုံး အပြောခံရလေ၏ ။
ငွေမြ ရွာသို့ ပြန်၍ လာသည့်အခါ အတူတကွ ကျောင်းကန် ဘုရား သွားကြသည့်အခါ မဖွားတို့ လူစုက စာရေးအစုတ်အနုတ်နှင့် တွဲခုတ်ရသည့် အတွက် အဟုတ်ကြီး ထင်နေသည် စသည်ဖြင့် ပြောကာ မေးငေါ့ကြလေ၏ ။ မယ်ရွှေသည် ထိုကဲ့သို့ မေးငေါ့ကြောင်းကို ကြားသိရသောအခါ စာရေးအစုတ်အနုတ်နဲ့ပဲ ထိုက်တန်သူ ဖြစ်လေတော့ စာရေးနှင့်ပဲ တွဲခုတ်ရတာပဲ ၊ မင်း အစိုးရ အရာရှိ ကိုတော့ မမှန်းဝံ့ပါဘူး ပြောလေ၏ ။
မဖွားသည် အမှန်အားဖြင့် စာရေးလောက်ကို မမှန်း ၊ မြို့အုပ် ဝန်ထောက် လောက်ကိုသာ မှန်းသူ ဖြစ်လေရာ မှန်းခြေ နှင့်ကိုက်အောင် ဝတ်ဆင်ရဖို့ရန် ကြိုးစားရလေ၏ ။ သို့ဖြစ်၍ မယ်ရွှေ ကလေးများနှင့် ခုန်ပျံပြေးလွှားကစား သည့်အခါ မဖွား မှာမူ အဝတ်အစား ရွှေငွေ လက်ဝတ် လက်စားဆင်မြန်းဖို့အရေး ၊ ဆေးလိပ်ခုံ၌ နံနက်စောစော ကနေ ညနေဝင်အထိ ဆေးလိပ် လိပ်ရ၏ ။ ညနေဝင်၍ အခြားဆေးလိပ် လိပ်သမားများ ပြန်သည့်အခါတွင်လည်း မပြန် ။ ည ၉ နာရီ ၊ ၁ဝ နာရီအထိ လိပ်လေ့ရှိ၏ ။ လစဉ်လတိုင်း ရွှေလက်ကောက်ကလေးများ ၊ ထဘီ အဆန်းကလေးများ ဝယ်၍ ဝတ်နိုင်၏ ။ သို့အတွက် သာ၍ ဂုဏ်မြင့်သည်ဟု မိမိကိုယ်ကို မှတ်ထင်လေ၏ ။ ဥဿဖရား လက်ကောက်တစ်ရံနှင့် ပြင်သစ် စိန်တစ်လုံး နားကပ်တစ်ရံ ရလျှင် ရွာထဲမှာ ဗိုလ်စွဲတဲ့သူ တစ်ယောက် ဖြစ်လိမ့်မည်ဟု အားခဲကာ စုလေ၏ ။
တစ်နေ့သ၌ မယ်ရွှေသည် ဈေးကို တစ်ယောက်တည်း သွားလေရာ လမ်း၌ မဖွားနှင့် အဖော် သုံးယောက်ကို တွေ့ ရလေ၏ ။
တစ်ယောက် ။ ။ “ မဖွားတို့မှ အစွမ်းကောင်းတာ ၊ အခြားအပျိုကလေးများမှာ မိဘကို အားကိုးရတယ် ။ မိဘက ဆင်ပေးမှ ဝတ်နိုင်စားနိုင်ကြတယ် ။ မဖွားမှာ ဘယ်မိဘဆွေမျိုးမှ အားမကိုး ၊ ကိုယ်တိုင် ဝတ်ဖို့ စားဖို့ကို ကိုယ်တိုင် ရှာဖွေနိုင်တဲ့ အစွမ်းရှိတယ် ”
မဖွား ။ ။ “ မိဘ အားကိုး မရှိတော့လည်း ကိုယ့်အစွမ်းကို ထုတ်ရတာပေါ့ ။ မိဘအားကိုးလည်း မရှိ ကိုယ့်အစွမ်းလည်း မရှိရင် ဘယ်မှာ ဝတ်ရစားရမှာလဲ ။ ယခု ငါ့မှာ ဆောက်ဖြတ်သုံးရန် ရှိပြီး နောက် နှစ်ရန် ရရင် စိန်နားကပ်ကလေး တစ်ရန်လုပ်ဖို့ ရှိတော့တာပဲ ”
အခြား တစ်ယောက်က “ ညည်း နီလာလက်ကောက်ရော မလုပ်တော့ဘူးလား ” ဟု မေးလေ၏ ။
“ နီလာလက်ကောက် အဖျဉ်းဆုံး ၆ဝိ/ လောက် ကုန်မယ် ၊ နီလာလက်ကောက်ကို လုပ်ရင် ဆောက်ဖြတ်ကို လုပ်ဖို့ မလိုဘူး ၊ ငါ စဉ်းစားနေသေးတယ် ။ စဉ်းစားနေတဲ့အခိုက် ရွှေဒင်္ဂါးကို ဝယ်စုတာ အေးတာပဲ ”
“ ဟုတ်တယ်အေ့ ၊ ရွှေဟာ အရေးကြီးတာပဲ ၊ ရွှေရ ပြီးရင် ဘာမဆို လွယ်တယ် ”
မယ်ရွှေ ။ ။ “ လွယ်တော့ လွယ်ပါရဲ့အေ ၊ လိုချင် အားကြီးပြီး အလုပ်ကို သိပ်လုပ်ရင် မီးယပ်က ချမ်းသာပေးမှာ မဟုတ်ဘူး ။ မီးယပ် ဖြစ်ပြီ ဆိုမှဖြင့် ရွှေတွေ ၊ စိန်တွေ ဆင်ပေမဲ့ လှတော့မှာ မဟုတ်ဘူး ၊ အခု ညည်း အတော်လှတဲ့ မိန်းမအေ့ ၊ ငါတော့ကာ အိပ်ပျော် စားဝင် နေထိုင်လို့ ကောင်းရင် ပြီးတာပဲ ။ ကျန်းမာတဲ့ စည်းစိမ်ဟာ အင်မတန် ကောင်းတာအေ့ ”
မဖွား ။ ။ “ လူထဲမှာ နေရင် လူနဲ့ သူနဲ့ တူမှ ဖြစ်တာ .. ညည်းတို့လို သစ်ငုတ်တိုကြီး လုပ်နေလို့ အတက် မပေါက်နိုင်ဘူး ။ ညည်း စာရေးကလေးကတောင် တော်တော်ကြာရင် ပစ်သွားလိမ့်မယ် ”
မယ်ရွှေ ။ ။ “ ကျုပ်တို့ စာရေးက အကြောင်း သိပြီးသား စာရေး ၊ ဘယ်တော့မှ မပစ်ဘူး ။ ကျုပ် နဂို အတိုင်း နေတာကို သဘောကျလို့ မက်တာ ၊ အစိုးရ အရာရှိများကတော့ကာ နဂိုအတိုင်း မကြိုက်တတ်ဘူး ။ ဒီတော့ကာ နဂိုထက် ပိုအောင် ကြိုးစားပြီး ရှာရလိမ့်မယ် ။ ဒါပဲ မဖွားရေ့ ၊ ကျုပ် သွားတော့မယ်နော် ။ မီးယပ်ပိန် မီးယပ်ခြောက် ဖြစ်ပြီး စာရေး မဆိုထားနဲ့ ခွေးတောင် မရဘဲ ဖြစ်မှာကို စိုးရင် စိန်နားကပ်ကို ဒီလောက် မက်ပြီး ဆေးလိပ်ကို လောဘဇောတိုက် လိပ်မနေနဲ့ ” ဟု ပြောပြီး သွားလေ၏ ။
မယ်ရွှေသည် ဈေးက အပြန်၌ မိမိ၏ချစ်သူ စာရေးကလေးနှင့် လမ်းမှာ တွေ့လေ၏ ။ ထိုအခါ နံနက် လေပြည် လတ်ဆတ်စွာ ဖျန်းပက်လျက် နေလေ၏ ။ သစ်ပင် တောတောင်တို့သည် လတ်ဆတ်စွာ အသက်ရှူလျက် ရှိနေကြ၏ ။ ချစ်သူ နှစ်ယောက်တို့သည် လေပြည်ကဲ့သို့ လတ်ဆတ်သော စိတ်နှလုံးနှင့် ပေါ့ပါးစွာ ပျံဝဲ၍သွားသည်ဟု မှတ်ထင်ရလေ၏ ။
မယ်ရွှေ ။ ။ “ ကိုငွေမြ ကျွန်မဟာ စိန်ရွှေလက်ဝတ်လက်စား ဘာမှ ဝတ်စားတာလည်း မဟုတ် ၊ အဟုတ် ကျွန်မကို မေတ္တာ ရှိနိုင်ရဲ့လား ”
ကိုငွေမြ ။ ။ “ မရွှေကို ကျုပ် ချစ်တဲ့စိတ်ဟာ စိန်ရွှေရတနာကို ချစ်တဲ့စိတ်ထက် မြင့်ပါတယ် ။ စိန်ရွှေ ရတနာကို ချစ်ရင် စိန်ရွှေရတနာကို ဝယ်ထားရင် ပြီးတာပဲ ၊ မရွှေ ရိုးရိုးနေတဲ့အတွက် ပိုပြီး ချစ်တာပါ ”
မယ်ရွှေ ။ ။ “ အခြား မိန်းကလေးတွေကတော့ကာ နင် စိန်ရွှေ မဝတ်ရင် နင့်ရည်းစား နင့်ကို ပစ်သွားလိမ့်မယ်လို့ ပြောကြတယ် ၊ ကျွန်မက ကိုငွေမြဟာ ဒီလို မဟုတ်ဘူးလို့ ခုခံပြီး ပြောရတယ် ။ တကယ်ပဲလား ကိုငွေမြရဲ့ ၊ ကျွန်မကို ကိုငွေမြ မျက်စိထဲမှာ ရိုးတာကြီး မထင်ဘူးလား ”
ကိုငွေမြ ။ ။“ မထင်ပါဘူး မရွှေ ၊ ကမ္ဘာပေါ်မှာ ရှိတဲ့ စိန်တွေ ရွှေတွေ အားလုံးကို မရွှေ တစ်ယောက်တည်းလောက် အဖိုးတန်မယ် မထင်ပါဘူး ။ ပစ်လိမ့်မယ်လို့ ဘယ်သူက ပြောသလဲ ”
မယ်ရွှေ ။ ။“ မဖွားတို့ လူစုက ပြောတယ် ”
ကိုငွေမြ ။ ။ “ ဝန်ထောက်တွေ ၊ မြို့အုပ်တွေ မှန်းနေတဲ့ ကောင်မလား ၊ သူ့မှာတော့ ရွှေတို ငွေစကလေးများ မြင်ပါရဲ့ ။ သို့သော်လည်း သူ့မှာ ဝန်ထောက်တွေ မြို့အုပ်တွေ ကြိုက်သူ မပေါ်သေးပါဘူး ။ သူ့ ရွှေတိုငွေစကလေး နဲ့ စိတ်ကြီးဝင်နေတာပါ ။ သူ့မှာ ဝန်ထောက် မြို့အုပ် မပြောနဲ့ ပျာတာတောင် ကြိုက်မယ့်လူ ရှိရဲ့လား ”
မယ်ရွှေသည် ထိုစကားကို ကြားသောအခါ အတိုင်းမသိ အားရှိလေ၏ ။ ကိုငွေမြ စိတ်ကျေနပ်လျှင် မည်သူက မည်သို့ပင် ပြောစေကာမူ ဂရုမစိုက် ဟူသော အနေမျိုးနှင့် နေလေ၏ ။
ထိုကဲ့သို့ စကား တပြောပြောနှင့် အိမ်သို့ ရောက်ကြလေ၏ ။ ငွေမြလည်း မိမိ၏ အိမ်သို့ ပြန်၍ သွားလေ၏ ။
••••• ••••• •••••
အခန်း ( ၂ )
မဆွဲမိ၏ ဆေးလိပ်ခုံ၌ အလှူအတန်း ပွဲလမ်းသဘင်တို့ကြောင့် ဆေးလိပ် အမြောက်အမြား လိပ်စရာ ရှိလေ၏ ။ ဆေးလိပ်လိပ်သော လုပ်သား သုံးရာကျော် တို့မှာ လက်မလည်အောင် လိပ်ရလေ၏ ။
မဖွားမှာ စိန်တစ်လုံး နားကပ် ပန်ရတော့မည့် အနေသို့ ရောက်၍ နေလေ၏ ။ ဆေးလိပ်လိပ်သူ အားရှိစေဖို့ရန် စဘော်ငွေများကို တင်ကြိုပေးလေ၏ ။ မဖွား သည်ကား ဘယ်ကဲ့သို့သော စဘော်ကို ယူရမည်နည်းဟု စဉ်းစား၍ နေလေ၏ ။ မိတ်ဆွေများက အကြံပေးသဖြင့် မဆွဲမိ ထံသို့ ကပ်၍ စဘော် တောင်းလေ၏ ။ တောင်းသော စဘော်သည်ကား စိန်တစ်လုံးနားကပ် တစ်ရန် ဖြစ်လေ၏ ။ စိန်တစ်လုံးနားကပ်ကို မဆွဲမိသည် မဖွား အလိပ်ကောင်းသည့်အတွက် ဆောလျင်စွာ လုပ်ပေးလေ၏ ။ မဖွားသည် စိန်တစ်လုံး နားကပ်တစ်ရန် နှင့် ဆေးလိပ်ခုံကို တက်လေ၏ ။ လိုချင်အာသာစိတ် နှင့် တစ်သမတ်တည်း စူးစိုက်စွာ ကြံစည်ကာ ဖြစ်သည့် နည်းအတိုင်း စိန်တစ်လုံးနားကပ်ပန်ရန် တစ်ခုတည်းသော အာရုံနှင့် အလုပ်ကို စွဲမြဲ လုပ်သဖြင့် အလုပ်မပြီးမီ စိန်တစ်လုံးနားကပ်ကို ရရှိ အလိုပြည့်ဝခြင်းသို့ ရောက်လေသတည်း ။
ထိုနားကပ်၏ အရှိန်နှင့် နားကပ်ကြွေး ကျေအောင် ရှေ့လထက် ဆထက်ထမ်းပိုး ပိုမို၍ ဂရုစိုက်ကာ ဆေးလိပ်ကို လိပ်ရလေ၏ ။ ဆေးလိပ်လုပ်သား အဖော်အပေါင်းများကလည်း မဖွားကို စေတနာထားကာ မြှောက်စားပြောဆိုကြလျက် မဖွား၏ ဝီရိယဂုဏ်ကို ဝိုင်း၍ ချီးမွမ်းကြသဖြင့် ပိုမိုကာ လိပ်ရလေ၏ ။ ထိုကဲ့သို့ လိပ်သဖြင့် မဖွား စိန်နားကပ်ဖိုး ကျေသည့်အခါ ဆေးလိပ်ရုံ၌ လူကြီး ဖြစ်မည်ဟု အားပေးစကားများကို မဆွဲမိ က ပြောလေ၏ ။ သို့ဖြစ်လေရာ မဖွား မှာ ကြွေး မကျေမချင်း အလုပ်လုပ်လျက်ပင် ဆေးလိပ်ရုံ၌ သြဇာ ကြီးမားလေ၏ ။
စိန်နားကပ်နှင့် အလုပ်ဆင်းသူ ဖြစ်လေရာ စိန်နားကပ်နှင့် အဆင်ပြေအောင် အင်္ကျီလုံချည် အဝတ်အစားများကို အထက်တန်းကျကျ ဝတ်၏ ။ ဤသို့ ဝတ်ရသောအခါ မင်းကတော်ရုပ် ပေါက်၍ လာလေ၏ ။ မင်းကတော်ရုပ် ပေါက်၍ လာသောအခါ မင်းကတော် စိတ်လည်း ပေါ်လာလေ၏ ။ ရွာထဲ၌ ပထမတန်း မိန်းမပျိုလေး နှစ်ယောက် ဖြစ်၍ လာလေ၏ ။
မယ်ရွှေကို ‘ ဖုတ်လေသည့် ငါးပိ ရှိတယ်လို့ မအောက်မေ့တော့ပေ ’ ။ တစ်နေ့သ၌ မယ်ရွှေသည် မဆွဲမိ ၏ ဆေးလိပ်ရုံသို့ အဖော်တစ်ယောက် ခေါ်သဖြင့် အကြည့်အရှု လိုက်သွားလေ၏ ။ မဖွား ဆေးလိပ် လိပ်၍ နေသော နေရာသို့ ရောက်၍ သွားပြီး အပါးထိုင်ကာ စကားစမြည် ပြောရင်း ကြည့်လေရာ မယ်ရွှေအား “ ညည်းကော ဆေးလိပ် လိပ်ပါလား ။ ညည်းမှာ တစ်ခါလာလည်း ဒီအဝတ်အစား တစ်ခါလာလည်း ဒီအဝတ်အစား ” ဟု ပြောလေရာ မယ်ရွှေ က ...
“ ဒီလိုနေတာပဲ ကောင်းပါတယ်တော် ၊ အဝတ်အစား ပြောင်းလဲသလို လူမပြောင်းလဲဘဲ နေရတာပဲ ကောင်းပါတယ် ။ အလုပ်လုပ်တော့ကာ လူမှာ ဘာများ ပြောင်းလဲသလဲ ”
မဖွား ။ ။ “ အလုပ် လုပ်တော့ကာ ရွှေတွေ ၊ ငွေတွေ တက်လာပေါ့ ။ အဲဒါ ပြောင်းလဲတာ မဟုတ်လား ၊ ရွှေတွေ ငွေတွေ တက်လာတာ မကောင်းဘူးလား ”
မယ်ရွှေ ။ ။ “ ကျွန်မ အခုလို မပြောင်းမလဲဘဲ နေတာလည်း မကောင်းဘူးလား ”
မဖွား ။ ။ “ မကောင်းဘူးလား ၊ ကောင်းသလားတော့ မသိဘူး ၊ ဘာမှ မရှိတာပေါ့ ”
မယ်ရွှေ ။ ။ “ ကျွန်မမှာ ပြောင်းလဲတာကို ရှင် သိမှ မသိဘဲကိုး ”
မဖွား ။ ။ “ ဘယ်လို ပြောင်းလဲသလဲ ” ဟု နားကပ်ကလေးကို ခါလျက် မေးလေ၏ ။
မယ်ရွှေ ။ ။ “ ကျွန်မစိတ် ကျွန်မကိုယ် ပြောင်းလဲတယ် ။ စိတ်က တစ်နေ့တခြား ပိုပြီး ချမ်းသာတယ် ။ ကိုယ်မှာလည်း ကျန်းမာဝဖြိုးလို့ တစ်နေ့နဲ့ တစ်နေ့ မတူဘူး ။ စိတ်နဲ့ကိုယ် ကျန်းမာခြင်းဟာ အကောင်းဆုံး ။ စိတ်နဲ့ကိုယ် ကျန်းမာတာပေါ့ ။ ပျော်ပျော်ပါးပါး စားနေတာကိုး ”
သို့ စကားပြောနေသည့် အတွင်း သူငယ်မကလေး တစ်ယောက် အိမ်ရှေ့က လာ၍ မရွှေအား ...
“ မရွှေ လာကွယ် ။ ကတော်လှည့်ရအောင် ခေါ်သဖြင့် မဖွား ကျွန်မ သွားဦးမယ် ” ဟု ပြော၍ ဆင်းသွား လေ၏ ။
မဖွားသည် အနီးရှိ အဖော်များနှင့် စကားပြောလျက် ကျန်ရစ်လေ၏ ။
“ ဒီကောင်မဟာ ဘာအလုပ်မှ လုပ်ချင်တဲ့ကောင်မ မဟုတ်ဘူး ၊ ရည်းစားထားဖို့ ၊ နန့်ဖို့ သိတာပဲ ၊ ငါက အကောင်း ပြောတယ် ။ သူက မနာလိုလို့ အရွဲ့တိုက်ပြီး ကတ်ဖဲ့ပြောတယ် ၊ ကတ်ဖဲ့ ပြောမှာပေါ့ ၊ သူ ငါ့လို ရအောင်မှ မလုပ်နိုင်ဘဲကိုး ”
တစ်ယောက်က “ ဒီလိုကောင်မမျိုးကို အဖက်လုပ်ပြီး ဘာပြောနေစရာ ရှိသလဲ ၊ ကိုယ့်အလုပ် ကိုယ်လုပ် ၊ ပြီးရောပေါ့ ”
မဖွား ။ ။ “ ငါလည်း မပြောချင်ပါဘူးအေ ။ တွေ့တော့ ပြောမိတာပဲ ”
“ လူဆိုတာ အကောင်း ပြောပေမဲ့ အဆိုး ထင်တာလည်း ရှိတယ် ၊ ကိုယ်ကောင်းဖို့ ကိုယ်လုပ်နေတာ အကောင်းဆုံးပဲ ၊ သူများ ကောင်းဖို့ကို ပြောနေလို့ ကျေးဇူး ရှိချင်မှ ရှိမှာ ၊ ညည်း အခု ကိုယ့်အကျိုးစီးပွားရှိဖို့ လုပ်နေတာ ၊ စိန်နားကပ်တစ်ရန် ပိုင်တော့မယ် မဟုတ်လား ”
မဖွား ။ ။ “ ပိုင်တော့မှာပဲ ၊ နောက်တစ်လလောက် ဒီလို မှန်မှန်လုပ်ရင် ပိုင်ပြီပေါ့ ... ”
“ အဲဒီတော့မှ ကိုယ့်အစွမ်းကို ပြ ၊ ဒီကောင်မမျိုးကို ရည်းစားက ထိုးလွှတ်လိုက်မှာပေါ့ ၊ ရည်းစားက ညာနေတာ သူ့ကို ကျောချင်လို့ ၊ ဒါကို အဟုတ်ကြီးထင်နေတယ် ”
မဖွားသည် ထိုစကားများကို ကြား၍ အားတက်ကာ တစ်လအတွင်း စိန်နားကပ်ကို ပိုင်အောင် ကြိုးစား၍ လုပ်လေ၏ ။ ထိုကဲ့သို့ တနင်္ဂနွေ နှစ်ပတ်လောက် အလုပ် လုပ်သောအခါ မဖွားသည် အလုပ်လုပ်ရန် မသွားဘဲ နေလေ၏ ။ မယ်ရွှေက ၎င်း၏ အိမ်ရှေ့သို့ လျှောက်သွားရာ တိုင်ကိုမှီလျက် ထိုင်နေသည်ကို တွေ့ရလေ၏ ။ မဖွား၏ အမူအရာမှာ မသက်သာသော အမူအရာ ရှိလေ၏ ။
“ မဖွား ... ဒီနေ့ အလုပ် မသွားဘူးလား ” ဟု မယ်ရွှေက မေးသောအခါ “ မသွားဘူး ” ဟုသာ ပြန်၍ ပြောလေ၏ ။ မယ်ရွှေက မသင်္ကာလျက် ဆက်၍ မမေးဘဲ ရှောင်၍ သွားလေ၏ ။ မကြာမီ ဆေးလိပ်ခုံမှ မိန်းမတစ်ယောက် မဖွားထံ လာရောက် စကားပြောပြီး ဆေးထုပ်နှင့် တူသော အထုပ်ကလေး ပေး၍ သွားသည်ကို မြင်ရလေ၏ ။
နောက် တဖြည်းဖြည်း မဖွားသည် လူမမာဖြစ်၍ တုံးလုံးလဲတော့မည်ဟူသော သတင်းသည် ပေါ်ပေါက်၍ လာလေ၏ ။ ဆေးလိပ်ခုံ၌ မဖွား အကြောင်းကို ဝမ်းနည်းစွာ ပြောကြလေ၏ ။ ပြောကြသည့် စကားများသည်ကား ... အလုပ်လုပ် အင်မတန် တော်တဲ့ မိန်းမ ၊ စိန်နားကပ်ဖိုး ကျေတော့မယ် ၊ တစ်ဆယ်မတ်တင်း ကျန်တော့တယ် ၊ မဆွဲမိက ဒီငွေတစ်ဆယ်ကိုလည်း စိုက်ပြီး ဆပ်မယ်လို့ ပြောတယ် ။
“ အမြဲ လူမမာကြီး မဖြစ်သေးပါဘူး ”
“ ဒါမျိုးဟာ တရှောင်ရှောင်နဲ့ လဲတတ်တာပဲ ”
သို့သော်လည်း မဖွားသည် ဇွဲကောင်းသူ ဖြစ်လေရာ မမာမကျန်း ဖြစ်လျက်ပင် အလုပ်ဆင်း၍ လုပ်လေ၏ ။ ထိုအခါ ကျန်းမာ သကဲ့သို့ ဖြစ်၍ နေပြန်လေ၏ ။ ဤအကြိမ် အလုပ် သွားသောအခါ၌ စိန်နားကပ်ကို ဝတ်ကာ လက်ကောက်များနှင့် အဝတ်အစားမှာလည်း မင်းသမီးကဲ့သို့ ဝတ်ဆင်၍ သွားလေ၏ ။
ထိုည၌ မယ်ရွှေသည် ငွေမြနှင့် လိုက်၍ ပြေးလေ၏ ။ အဘယ်ကို ပြေးသည်ကို မည်သူမျှ မသိကြပေ ။ ရုံးသားတို့သည်ကား အဘယ်ကို ပြေးသည်ကို သိကြလေ၏ ။ အကြောင်းမူကား ၎င်းတို့ ပြောင်းရန် အမိန့် ချထားသဖြင့် ဖြစ်သော မြို့တစ်မြို့သို့ ရောက်၍ နေသည်ဟု သတင်း ရရှိလေ၏ ။ ထိုနေ့မှစ၍ မယ်ရွှေကို သတင်း မကြားရတော့ပေ ။ မယ်ရွှေ ထိုကဲ့သို့ ပျောက်နေသည်မှာ နှစ်ပေါင်း ၂ဝ မျှ ကြာ၍ သွားလေ၏ ။
နှစ်ပေါင်း နှစ်ဆယ်လောက် ကြာသောအခါ သရက်ကုန်းမြို့သို့ မြို့အုပ် တစ်ယောက် ပြောင်းလာလေ၏ ။ မြို့အုပ်ကတော်နှင့် မြို့အုပ်သည် တစ်နေ့သ၌ အိမ်ရှေ့တွင် ကုလားထိုင်နှင့် ထိုင်ကာ လူကြီးလူကောင်းများနှင့် စကားပြောနေကြစဉ် ... မိန်းမတစ်ယောက်သည် တောင်ဝှေးကို ထောက်လျက် ချည့်နဲ့ ယိမ်းယိုင်ကာ လျှောက်၍ လာသည်ကို မြို့အုပ်ကတော် ဖြစ်သူ မြင်သဖြင့် တစ်စုံတစ်ယောက်နှင့် တွေ့လိုသည် ထင်၍ “ ဒီမိန်းမဟာ ဘယ်သူလဲ ” ဟု မေးလေသည် ။ အနီးရှိ မိန်းမကြီး တစ်ယောက်က “ မဖွား .. အင်မတန် တော်တဲ့ မိန်းမပဲ ၊ အခု မကျန်းမာလို့ ဒုက္ခိတ ဖြစ်နေရှာတယ် ”
မြို့အုပ်ကတော် ။ ။ “ ခေါ်လိုက်စမ်းပါဦးရှင် ”
မိန်းမကြီးက ခေါ်လေရာ မဖွားသည် အပါးသို့ ကပ်၍ လာလေ၏ ။
မယ်ရွှေက “ မဖွား ကျွန်မကို မှတ်မိသေးလား ”
မဖွားသည် မှတ်မိသော အမူအရာ မရှိသဖြင့် စကား ပြန်မပြောဘဲ သွားတော့မည့်ဟန် ပြင်လေ၏ ။
မယ်ရွှေ ။ ။ “ မဖွား ... ကျွန်မ မယ်ရွှေလေ ၊ ဟောသည်မှာ မြို့အုပ် ကိုငွေမြ မှတ်မိပလား ”
ထိုအခါ မဖွားသည် မျက်ရည်လေး မစမ်းတစမ်းနှင့် နေလေ၏ ။ မယ်ရွှေသည် အားကိုးရန် မရှိသော မဖွားကို ကြည့်ရှု ကျွေးမွေး၍ ထားလေ၏ ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment