Wednesday, February 18, 2026

ခရီးသွား ဝတ္ထု


 ❝ ခရီးသွား ဝတ္ထု ❞

      ( မေငြိမ်း )


၁ ။


တွယ်ရာမဲ့ လွင့်မျောသူလို ခံစားရသည် ။ အစက်အပေါက်များစွာ စွန်းထင်းပေကျံနေသော ကြမ်းပြင်ပေါ်သို့ နေခြည် အလင်းတန်းပါးပါးကလေးများ ဖြာကျနေသည် ။ မှောင်အုံ့အုံ့ ရှိနေသော အခန်းကျယ်ကြီး အတွင်းတွင် ထိုနေခြည်တန်းကလေးများမှာ စူးရဲစွာ တောက်ပလင်းလက်နေသည် ။ တင်းကျပ်စွာ ( ကြာမြင့်စွာ ) ပိတ်ထားခဲ့သော တံခါးချပ်များ၏အကြားမှ လာသော အလင်းရောင်ပင် ။ သူမ၏ ဘဝသည်လည်း မှောင်အုံ့ပျပျရှိလှသော သူမ၏ အခန်းကျယ်ကြီး ကဲ့သို့ပင် ညစ်ထေးစွာ ၊ သာယာမှု ကင်းမဲ့စွာ ၊ မှောင်မိုက်လှောင်ပိတ်စွာ ရှိနေခဲ့သည်ကို သတိရသည် ။ သို့သော် သူမ၏ ဘဝ အခန်းကျယ်ကြီး အတွင်းတွင်မူ နေခြည်တချို့တို့ ဖြာကျ မနေပေ ။


••••• ••••• •••••


၂ ။


အခန်းကျယ်ကြီးအတွင်းတွင် ဟောင်းနွမ်းနေသော ပက်လက် ကုလားထိုင် တစ်လုံး ရှိနေသည် ။ ပိုးမျှင် ၊ ပင့်ကူအိမ်တို့ ယှက်ဖြာနေသော နံရံ၏ တစ်နေရာတွင် ပြက္ခဒိန်တစ်ထပ်ကို ချိတ်ဆွဲလျက်တွေ့ရမည် ။ နှစ်တစ်နှစ် အကူးအပြောင်းတိုင်းတွင်အကြောင်းအမျိုးမျိုးဖြင့် အချိန်မှန် ရလာတတ်သော ပြက္ခဒိန်တို့ကို တစ်နှစ် အပေါ်တစ်နှစ် ထပ်လျက်သာ ချိတ်ဆွဲခဲ့ဖြစ်သည် ။ လောကဝန်းကျင်နှင့် ရာသီခွင်တို့ကိုပင် ဂရုမမူအားစွာ သူမ၏ နှောင်းချိန်တို့ကို ဖြတ်ကျော်နေရသည် ။ ယခု သူမ ပိုင်ဆိုင်လျက်ရှိသော ညစ်ထေးပေကျံ အခန်းကျယ်ကြီးကို တစ်ချိန်က သူမနှင့် အတူ သူမ၏ အဖော် သူငယ်ချင်းမ နှစ်ဦးတို့က ပိုင်ဆိုင်ခဲ့ကြသည် ။ တစ်ဦးနှင့်တစ်ဦး ရက်များစွာ ကွဲကွာလေ့ ရှိကြသော အခန်းဖော်များ အဖြစ် သူမတို့သုံးဦး နှစ်ပေါင်းများစွာ ကြာအောင် အတူတကွ နေထိုင်ခဲ့ကြသည် ။ သူမ တစ်ဦးတည်း သို့မဟုတ် သူမ၏ အဖော်များနှင့် အတူ နေထိုင်ရသော အချိန် ဟူ၍လည်း ထိုစဉ်က သူမ၏ ဘဝတွင် ရှိမနေခဲ့ပေ ။ ခုတော့ ကာလတစ်ခုပင် ဟောင်းလုမျှ သူမ တစ်ဦးတည်း ရှိနေခဲ့ သည် ။


••••• ••••• •••••


၃ ။ 


တိတ်ဆိတ်ငြိမ်သက်သော အရုဏ်အချိန် ၊ ဆည်းဆာချိန် နှင့် နေ့များစွာ ၊ ညများစွာကို ယခုကဲ့သို့ သူမ တစ်ဦးတည်း ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းခဲ့ရပေါင်း များပြီဖြစ်သည် ။ ချောက်ချားဖွယ် တိတ်ဆိတ်နေသော ဧည့်ခန်းကျယ်ကြီးအတွင်းတွင် ရွှေထီးဆောင်းခဲ့ရသော အတိတ်ကို ပြန်လည် ခံစားကာ သူမ ရှိနေတတ်သည် ။ ဟောင်းနွမ်းနေသော ပက်လက်ကုလားထိုင်မှ ဖျင်ထည်သည် သူမအတွက် နွေးထွေးမှုကို ပေးသည် ။ လှုပ်ရှားနိုင်ခြင်း မရှိသူ ၊ လှုပ်ရှားတက်ကြွနေလိုသူ ၊ သူမ အတွက် နာကျင်ဖွယ်ရာသော ရက်များစွာတွင် ဤအခန်းကြီးသည်သာ အဖော် ဖြစ်သည် ။ သူမ၏ ရောင်စုံမီးများ ပြိုးပြက်တောက်ပခဲ့သော အတိတ်ကာလများသို့ သူမ ပြန်လည် ခရီးသွားသည့် အခါတွင်လည်း အတွေး ခရီးစဉ်တွင် အခန်းကျယ်ကြီးသည် မပါမဖြစ်သော အဖော်ပင် ဖြစ်ပြန်သည် ။


••••• ••••• •••••


၄ ။


လှပခမ်းနားသည်ဟု သူမ ယုံကြည်ခဲ့သော ဘဝငယ်တစ် ခု ရှိခဲ့ဖူးသည် ။ ထိုဘဝတွင် ဆန့်ကျင်ဘက် ( ယောက်ျား ) တို့၏ နှုတ်ဖျားများစွာ၌ သူမ၏ အမည် အထင်အရှား နေခဲ့သည် ။ မိဘမဲ့ ၊ နွေးထွေးပျုငှာသည့် ဆွေမျိုးမဲ့ ၊ အအုံအကျင်းမဲ့ ဘဝတွင် သူမလို လှပသော ၊ သူမ ကဲ့သို့ပင် တင့်တယ်သော ( သူမ လောက် ငွေကြေးမပြည့်စုံသော ) အဖော်မ နှစ်ဦးနှင့်အတူ ဘဝကို အလျားလိုက် ဖြတ်ရန် ဝါသနာရင်းစွဲဖြင့် ပျော်ရွှင်စွာနေထိုင် ဖြစ်ခဲ့သည် ။ သူမ၏ မိဘများ ချန်ထားရစ်ခဲ့သော ငွေကြေးများစွာကို မက်မောသော်လည်း နွေးထွေးသော မေတ္တာကို ပေးရန် စိတ်မရှိကြသည့် ဦးလေးနှင့် အဒေါ်တို့၏ အိမ်သည် သူမ အတွက် ဘဝတစ်ခု ဖြစ်မလာခဲ့ပေ ။ အလှအပနှင့် ငွေကြေးသာ ရှိပြီး ပညာ မပြည့်စုံခဲ့သည့် သူမသည် အလှအပနှင့် တင့်တယ်ခြင်းကို အယူအဆ လွဲမှားစွာ အသုံးပြုနေခဲ့သည် ။ ထိုဘဝ၌လည်း နှစ်ခြိုက်ပျော်ပိုက်နေခဲ့ပြန်သည် ။ “ သိပ်လှတာပဲ သွယ် ရယ် ” ဟူသော ပူလောင်မောပန်းသံများအကြားတွင် ကျေနပ်စွာ ယဉ်ပါးနေခဲ့သည် ။ ငွေစတချို့နှင့် နှစ်ခြိုက်ဖွယ် အဆင်းရှိသည့် ယောက်ျားတို့၏ ရင်ခွင်များစွာ အတွင်းတွင် သူမ၏ ဘဝအချိန်တို့ကို ကုန်ဆုံးစေခဲ့သည် ။ ယောက်ျားတချို့၏ “ သွယ့်ကို သိပ်ချစ်တယ် ” ဟူသော ပေါ့ပြက်ပြက် စကားသံများ အကြား သာယာနေစဉ်တွင် သူမ၏ ဘဝကို စက်ဆုပ်ရကောင်းမှန်း သူမ မသိခဲ့ပေ ။ ထို့ပြင် မိန်းမလှတစ်ဦး အနေဖြင့် ဘဝတစ်ခု အတွက် အားကိုးဖွယ် လင်ယောက်ျား တစ်ဦးကိုသာ ရှာဖွေသင့်ကြောင်းနှင့် ရှာဖွေ၍ ရနိုင်ကြောင်းကိုလည်း သူမ မတွေးခဲ့ပါ ။ ထိုဘဝကို ဖြတ်သန်းစဉ်က သူမ၏ ရင်တွင်းတွင် အလှမာန်မာန ၊ ယောက်ျားများစွာတို့၏ နှုတ်ဖျား အချစ်နှင့် အထိအတွေ့များ၌ သာယာခြင်းတို့သာ ရှိနေခဲ့သည် ။ သူမ၏ ယူဆချက်အရ ထိုစဉ်က ဘဝသည် ရွှေထီးဆောင်းကာ ဗျပ်စောင်းသံများ အကြား ခရီးသွားနေရသောဘဝဖြစ်သည် ။


••••• ••••• •••••


၅ ။


ထိုစဉ်က သူမတို့၏ ဧည့်ခန်းကျယ်ကြီး အတွင်းတွင် သူမ ၏ ဧည့်သည်များ မပြတ်မလပ်စွာ ရှိနေခဲ့သည် ။ သာယာသော သီချင်းသံတို့ ငြိမ့်ညောင်းကာ ၊ သူမ၏ ချိုလွင်သော ရယ်သံညင်းများ လွင့်ပျံ့ကာ ၊ နှင်းဆီနံ့ ၊ ရေမွှေးနံ့များ ဝေ့၀ဲကာ တစ်ချက်တစ်ချက် ရောစွက်ပါ လာသော အရက်နံ့စူးစူးများ ဖုံးလွှမ်းကာဖြင့် အခန်းကျယ်ကြီးမှာ စိုပြည်နေခဲ့သည် ။ မဟော်ဂနီရောင် တောက်ပသော စားပွဲ ၊ ကုလားထိုင်များမှာ ခမ်းနားစွာဖြင့် နေရာယူခဲ့ ဖူးသည် ။ ( ထိုအချိန်က သူမ ယခုလို အတွေးခရီး မသွားပါ ။ ပက်လက်ကုလားထိုင် ၌လည်း မထိုင်ခဲ့ပါ ) ။( ပက်လက်ကုလား ထိုင်မှာလည်း သူမ သက်သောင့်သက်သာ ထိုင်၍ အနား ယူရန် သူမ၏ ညမိတ်ဆွေ ယောက်ျားတစ်ဦးက မျက်နှာလို မျက်နှာရ ပေးထားခဲ့ခြင်းဖြစ်သည် ။ ) ထိုသို့ဖြင့် အတန်သင့် တောက်ပနေခဲ့သော အခန်းကျယ်ကြီး အတွင်းတွင် သူသည် ဘဝတူ ၊ ကျင်လည်ရာ ပတ်ဝန်းကျင် တူသူ အဖော်မနှစ်ဦး ထက်ပင် ပို၍ နာမည်ကျော်ကြားခြင်းဖြင့် လိပ်ပြာတစ်ကောင် ကဲ့သို့ လှုပ်ရှားမြူးထူးလျက်ရှိနေခဲ့ပါသည် ။ တံခါးချပ်များ အစဉ် ပိတ်ထားလေ့ ရှိသည့် အခန်းကျယ်ကြီး အတွင်းတွင် လျှပ်စစ်မီးရောင်တို့ အစဉ် ထွန်းလင်းဝင်းပ,ကာ ၊ အမွှေးရနံ့နှင့် သာယာမှုများ ထုံလွှမ်းကာ ရှိနေခဲ့သည် ။ သူမသည် ကြားဖူးနားဝ,ရှိခဲ့သော စိတ္တရလေခါ ၊ သီရိမာ စသူတို့ကို အိပ်မက် မက်ကာ ပျော်ရွှင် မြူးကြွနေခဲ့ပါသည် ။ ငွေကြေးအဓိကမှ သာယာမှု အဓိကပင် ဖြစ်လာခဲ့သော သူမသည် သူမ၏ အဖော်မနှစ်ဦးကို ဤအခန်းကျယ်ကြီးမှ ခွဲထွက်စေလျက် သူမသာ တစ်ဦးတည်းသော ဘုရင်မ အဖြစ် မင်းမူနေခဲ့တော့သည် ။ ထိုအခန်းတွင် “ သိပ်လှတယ် သွယ်ရယ် ၊ သိပ်ချစ်တယ် သွယ်ရယ် ” ဟူသော ပူလောင် မောဟိုက်စကားသံများ ၊ အသက်ရှူသံပြင်းပြင်းများကို ဖုံးလွှမ်းစေခဲ့သည် ။


••••• ••••• •••••


၆ ။


“ သွယ့်ကို ကယ်တင်ချင်တယ် ” ဟူသော စကား တစ်ခွန်းစ ၊ နှစ်ခွန်းစကို ကြားရဖူးစဉ်က သူမ စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ဖူးသည် ။ ထိုသူနှင့် သာယာချမ်းမြေ့သော အိမ်ထောင်သည်ဘဝ ဟူသည်ကို စိတ်ကူး၍ ကောင်းဆဲမှာပင် ထိုသူသည် အလိုဆန္ဒ ပြည့်ကာ ပြန်လည်နိုးထ,၍ သတိရသွားခဲ့သည် ။ ထိုအခါ သူမ၏ အိပ်မက်ကို ပြက်ရယ်ပြုကာ သူမ ဖြစ်လျက်နှင့် အိပ်မက်မက်ရန်ကောဟု ရယ်ဟဟ,ဆိုလေသည် ။ ထိုအခါမှ စကာ သူမသည် ဘဝကို ယောက်ျားဟု နာကျင် ကြေကွဲတတ်လာခဲ့သည် ။ သို့နှင့် ဘဝကို မကျေနပ်လှစွာ “ ပြည့်တန်ဆာ ” ဟူသော နာမအတွင်း ပို၍ နစ်မြုပ်နေဖြစ်ခဲ့သည် ။ ထိုအချိန်များကမူ သူမသည် အသက်ရှင်သန်ခြင်း မဲ့စွာ လှုပ်ရှားနေသူသာ ဖြစ်နေခဲ့သည် ။ သို့သော် ယိုယွင်းစ, ပြုနေသော အလှကို တမက်တမော ထိန်းသိမ်းတတ်သည့် သူမသည် ဘဝကို ၊ ယောက်ျားပူတို့ကို အနိုင်ယူနိုင်သေးသည်ဟု ယူဆကာလည်း သာယာနေမြဲ ဖြစ်သည် ။ ခယခြင်းနှင့် မောက်မာပြင်းထန်ခြင်း ကင်းသော ယောက်ျားတို့ကို သူမသာ တွေ့နိုင်သည်ဟု လွဲမှားစွာ ခံယူခဲ့သော သူမသည် တည်ငြိမ်သော အိမ်ထောင်သည်ဘဝ ဟူသည် ရုန်းကန် ပင်ပန်းဆင်းရဲရသော ဒုက္ခတွင်း၌သာ ဖြစ်သည်ဟု ကြွေးကြော်နေခဲ့ပြန်သည် ။ သူမ ပိုင်ဆိုင်ထားသော ဘဝကို အပူအပင် ကင်းမဲ့သော ဘဝဟု မှတ်ထင်ထားပြန်သည် ။ မိန်းမပျိုတို့၏ ချစ်သူများ ၊ မိန်းမကောင်းတချို့၏ လင်ယောက်ျားများနှင့် ပူလောင်ပြင်းပြသော ဆန္ဒရှင် ယောက်ျားများတို့၏ သွေးသားကို သိမ်းပိုက်နိုင်သူ ဟုလည်း ကြွေးကြော်တတ်ပြန်သည် ။ ဘဝခရီးတစ်ဝက်ဟာ ဘာသာတော့ ကျေနပ်ပျော်ရွှင်ရတာပဲဟု ရေရွတ်ကာ သူမ လှည့်လည်မြဲ နေခဲ့သည်သာ ဖြစ်သည် ။


••••• ••••• •••••


၇ ။


ထိုစဉ်က ယခုလို အရုဏ်သစ်စ အချိန်တွင် သူမသည် ပင်ပန်းနွမ်းလျစွာ အိပ်ရာမှ နိုးထ,လာခဲ့မြဲ ဖြစ်သည် ။ သူမ အနီးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသူ ယောက်ျားတစ်ဦး ( တစ်ခါတစ်ရံ အမည်ပင် မသိရ ) လည်း ရှိနေမြဲ ဖြစ်နေသည် ။


ထို့နောက်တွင် သူမ ခန္ဓာကို သူမ သန့်ရှင်းစင်ကြယ်စေကာ ( သန့်ရှင်းသွားသည်ဟု သူမ ယူဆသည် ။ ) လှပထည်ဝါဟန် အပြည့်ရှိသော ရုပ်ခန္ဓာကို ပြုပြင်သည် ။ အမွှေးရနံ့တို့ဖြင့် ခန္ဓာကို မွှမ်းထုံစေကာ လှပသော မျက်နှာပြင်တွင် အခြယ်အသတို့ဖြင့် တင့်တယ်စေကာ နေ့လယ်ဧည့်သည် မျှော်သည် ။ မကြာခဏ လာတတ်သော ဧည့်သည် ကိုပင်ဖြစ်စေ ၊ ဧည့်စိမ်း ကိုပင်ဖြစ်စေ သူမ အကဲခတ်ကာ ကြိုမြဲဖြစ်သည် ။ အလှမာန် ယစ်မူးသူ ပီသစွာပင် သူမသည် လူတချို့ကို ငြင်းဆို တတ်သည် ။ ခေါင်းကို လှပစွာ ခါယမ်း ငြင်းဆန်ပြီး စီးကရက်ငွေ့ များ မှုတ်ထုတ်ကာ ရယ်ဟဟ,ပြုံးရသည်ကိုလည်း သူမ မက်မောသည် ။ ထို့အတူပင် လက်ခံ ကျေနပ်ပြန်လျှင်လည်း ချိုလွင်သော ရယ်သံညင်းဖြင့် ကြင်နာဖွယ် အကြည့်တို့ကို ဖန်တီးတတ်ပြန်သည် ။ သူမ၏ ဘဝနံရံတွင် ‘ သွယ် ဟာ ယောက်ျား များစွာကို စိုးမိုးနိုင်သူ

’ ဟူသော အတွေးလွဲက ပဲ့တင်ပြန်ကာ သူမသည် သာယာသော တေးဂီတသံသဖွယ် နာယူနေ တတ်သူလည်း ဖြစ်သည် ။


••••• ••••• •••••


၈ ။


သူမ တစ်ခါတစ်ရံ တွေးမိတတ်သည် ။ ‘ ငါ မလှတော့ ရင် ...

’  ဟူသော အတွေးဖြစ်သည် ။ ကိုယ့်ကိုယ်ကို ဂရုစိုက်သော သူမသည် ပျက်စီးယိုယွင်းခြင်းဟူသော ဘဝကို မေ့ပျောက် နေခဲ့သည်သာ များသည် ။ ‘ ငါ မလှတော့ရင် ’ ဟူသော အပေါ်ယံ အလှအပကို ထိန်းသိမ်းပြုပြင်နေခဲ့သည် ။ သူမ ခိုဝင်ခဲ့သော ရင်ခွင်တို့မှ သူမကို အန္တရာယ်ရောဂါဆိုး ပေးနိုင်သည် ဖြစ်သော်လည်း သူမ မေ့ပျောက်နေခဲ့သည် ။ ထို့ကြောင့် သူမနှင့် ဘဝအခြေအနေ တူသူတို့ စိုးရွံ့ကြောက်လန့်လေ့ရှိတတ်သော ရောဂါဝေဒနာကို သူမ မသိကျိုးကျွန် ပြုနေမြဲခဲ့သည် ။ သို့နှင့်ပင် လှပနေလေ့ ရှိတတ်သော အရွယ်ကို ကျော်ဖြတ်ခဲ့ပြီးသည့်တိုင် အလှအပ မလျော့ပါးခဲ့သော သူမသည် ထိုဘဝကို တွယ်ဖက်ကာ ပတ်ဝန်းကျင် ကျဉ်းထဲ၌ အချိန်ခရီးများစွာကို အဓိပ္ပာယ်မဲ့ ကုန်ဆုံးစေခဲ့တော့သည် ။


••••• ••••• •••••


၉ ။


သိသိသာသာ ထင်ရှားလာသော ပျက်စီးယိုယွင်းမှုကို ရင်ဆိုင်ရချိန်တွင်မူ သူမ များစွာ ထိတ်လန့်တော့သည် ။ မိမိ တပ်မက်ဖက်တွယ်သော အလှဂုဏ်ကို စွန့်ပစ်လိုမှု ၊ ပိုင်ဆိုင်နေ ရသော စည်းစိမ်ဥစ္စာကို တိုးပွားစေလိုမှု ဟူသော ဆန္ဒဇော များနှင့်ပင် သူမ ရောဂါဝေဒနာကို ကုသရန် လောက အပြင်သို့ ခဏ ထွက်ခဲ့ရသည် ။ ဆေးလုံးပေါင်း များစွာ ဖြတ်သန်းခဲ့ဖူးသော သူမ၏ လည်ချောင်းပြွန် အတွင်းသို့ ပိုမို အစွမ်းထက်သန်သော ဆေးလုံးများစွာတို့ ဆက်တိုက် ဝင်ရောက်ကြပြန်သည် ။ ပိန်လှီလျော့ရဲစ ပြုလာသော ခါးအောက်ပိုင်းသည် ဆေးထိုးအပ်၏ ဒဏ်ကိုပင် မခံမရပ်နိုင် ဖြစ်လာသည် ။ သူမ၏ ဘဝမှိန်ဖျော့ချိန်သည် သူမ၏ အခန်းကျယ်ကြီး အတွင်းသို့ ခြေသံပေးကာ ချင်းနင်းဝင်လာခဲ့သည် ။ အခန်းကျယ်ကြီးတွင် ခမ်းနားထည်ဝါမှုတို့ မှိန်ဖျော့သည်နှင့်အတူ လျှပ်စစ်မီးပွင့်တို့သည်လည်း ပါးလျစ,ပြုလာသည် ။ ဝေစည်ခဲ့သော အသံတို့ တိုးသက်ကာ တံခါးခေါက်သံ ဖွဖွတို့ ပါးကျဲလာသည် ။ အခန်းတွင်းမှ ပရိဘောဂနှင့် အတူ သူမ၏ ပျော်ပါးဖော်တို့ တစ်စတစ်စ ပျောက်ကွယ် သွားကြသည် ။ အဖော်ဟူ၍ သူမ၏ အလုပ်သမားတစ် ယောက်ပင် မရှိတော့သော အချိန်တွင်မူ သူမသည် ဆေးလုံးများစွာနှင့် အပ်ချွန်ဒဏ်ချက်တို့ကို လုံးဝကျောခိုင်းလိုက်တော့သည် ။ သက်ဆိုင်လိုသူ မဲ့ပြီဖြစ်သော ဘဝတွင် ဝယ်လိုသူ မဲ့သွားသော အိမ်ကြီးနှင့် အသပြာ အနည်းငယ်ကို အဖော်ပြုကာ သူမ၏ နေဝင်ချိန်ကို စောင့်ရတော့သည် ။ နောင်တ ဟူသည်ကို သူမ စတင်တွေ့ဖူးခြင်းလည်း ဖြစ်သည် ။


••••• ••••• •••••


၁၀ ။


ယခုတော့လည်း ပက်လက်ကုလားထိုင် အိုနွမ်းနွမ်းနှင့် ဖုန်ထူသော ဧည့်ခန်းကျယ်ကြီးသည်သာ သူမ၏ အဖော်မွန်များ ဖြစ်နေခဲ့သည် ။ နံနက် ဟူ၍ ၊ ည ဟူ၍ ခွဲခြား မရှိသယောင် ဖြစ်သော အခန်းမှောင်ကြီး အတွင်းတွင် လှုပ်ရှားမှုမဲ့လွန်းစွာ သူမ ထိုင်နေရသည် ။ ယခင်က ဧည့်သည် မျှော်ခဲ့သော သူမ သည် ယခုမူ ငြိမ်းချမ်းရာဒေသ ကိုသာ မျှော်ရတော့သည် ။ နေ့နေ့ညညတို့ တွင်လည်း အိပ်သော အိပ်မက်များနှင့် မအိပ်သော အိပ်မက်များ မြင်မက်ကာ အိပ်မက် အတွင်း ခရီးသွားသူလည်း ဖြစ်တတ်ပြန်ပါသည် ။ မွတ်သိပ်စွာ အသက်ရှူနေရသည့် အကြားမှပင် သူမသည် အောင်မြင်သော ဘဝ ဟူသည်ကို အိပ်မက်နေတတ်ပြန်သည် ။ “ လိမ်လိမ်မာမာ ဆင်ဆင်ခြင်ခြင် နေလိုက်ရင် အန်တီ လုံးဝ ကောင်းသွားမှာပါ ” ဟူသော ဆရာဝန်လူငယ်လေး၏ ကြင်နာစွာသော အားပေးချွေးသိပ် စကားသံကို ယုံကြည်ကာ သူမသည် အိပ်မက်များစွာကို ဖန်တီးနေတတ်ပြန်ပါသည် ။ ထိုသို့ပင် အိပ်မက်များစွာ ၊ စိတ်ကူးယဉ် အတွေးများစွာထဲတွင် နစ်မြောကာ သူမ၏ ဘဝပျက် ချိန်ကို ဖြတ်ကျော်နေရသူလည်း ဖြစ်ပါသည် ။


••••• ••••• •••••


၁၁ ။


နေ့စဉ်ပင် သူမသည် ရောက်လာမည်ဟု မရေရာသော အနာဂတ်ခရီးကိုလည်း စိတ်ကူးယဉ် ဖြတ်သန်းကြည့်တတ်ပါသည် ။ အနာဂတ် အိပ်မက်တွင် ရောဂါတို့ ကင်းပ၍ ပြန်လည် လှပစိုပြည်လာသော ဘဝ ရှိပါသည် ။ ထိုဘဝတွင် သူမသည် အခန်းကျယ်ကြီးကို စွန့်ကာ ( သူမ၏ ပြီးဆုံးခဲ့သော ဘဝညစ်ကို ဖျောက်နိုင်သည် ဟုလည်း မှတ်ယူကာ ) ဘဝသစ် တစ်ခုဆီသို့ သွားမည် ။ ထိုဘဝတွင် ငြိမ်းချမ်းသာယာမှု ရှိမည် ။ ခင်ပွန်းသည်ကောင်း တစ်ဦး မရှိလျှင်သော်မှ နှစ်လိုဖွယ် မိတ်ဆွေ တစ်ဦး ၊ နှစ်ဦး ရှိလျှင် ပြည့်စုံနိုင်ပါသည် ။ ထိုကာလတွင် သူမ ဘဝ၌ နေခြည်သာတို့ လင်းလက်ဖိတ်ပြက်သော ဧည့်ခန်းကျဉ်းကလေး ပါရှိသည့် အိမ်ကလေး တစ်လုံး ရှိပါမည် ။ ထိုအခန်း ကျဉ်းထဲတွင် တရားဓမ္မသံတို့ကို ဝေစည်စေမည် ။ ယခင်က အပူပြုံးများ ၊ အပူနံ့များ ၊ အပူသံများသာ လွှမ်းခဲ့ရသော သူမ၏ ညများတွင် အမွှေးတိုင်ရနံ့များ ၊ ဆီမီးရောင်နှင့် ဘုရားရှင်ကို ကပ်လှူ ပူဇော်သည့် ပန်းရနံ့သာ ဖုံးလွှမ်းစေမည် ။ ‘ ပူပြင်းသော အလှရှင်  သွယ်

’ ဘဝကို မှောင်မိုက်ပျောက်ကွယ်စေကာ ‘ အေးချမ်းသော တရားရှင် သွယ် ’ ဘဝကို ပြုစုမည် ။ သို့ဖြင့်ပင် သွက်လက် ရှင်သန်သော ဘဝတစ်ခုကို အိပ်မက်လေသည် ။


••••• ••••• •••••


၁၂ ။


ခင်ပွန်းကောင်း တစ်ဦးနှင့်လည်း ရှေ့ခရီးကို သွားလိုမိ ပြန်သည် ။ လှပခဲ့သော သွယ်သည် ပြန်လည် ကျန်းမာလာ သောအခါတွင်လည်း လှပနိုင်သေးသည် ဖြစ်ရာ လှပလိမ္မာ သည့် အိမ်ထောင်ရှင်မ ဟူသော ဘဝကို တပ်မက်မိပြန်သည် ။ ခင်ပွန်းသည်၏ လက်ကို တွဲကာ ပတ်ဝန်းကျင်ကြီးကြီးတစ်ခု အတွင်းသို့ ဝင်ရောက်လိုသည် ။ ဘဝအတွေ့အကြုံများကြောင့် ရင့်ကျက်လိမ္မာခဲ့ပြီဖြစ်သော သူမသည် လောကသစ်တွင် လည်း မင်းမူနိုင်လိမ့်မည်ဟု ယူဆပြန်သည် ။ ခင်ပွန်းသည် အတွက် သားသမီးများစွာ ပေးဆက်ကာ မိခင်ကောင်း တစ်ယောက်လည်း ဖြစ်လိုပါသေးသည် ။ ကုန်လွန်ခဲ့သော ဘဝညစ်မှ သွယ်၏ အရိပ်ကို ဖုံးလွှမ်းပစ်နိုင်သော သွယ် ဖြစ်စေရမည် ဟုလည်း ကြွေးကြော်မိပြန်သည် ။ သို့နှင့်ပင် မက်မောဖွယ် ဘဝတစ်ခုကို အိပ်မက်ကာလည်း ကျေနပ်နေတတ်သည် ။


••••• ••••• •••••


၁၃ ။


အခန်းကျယ် မှောင်အုံ့အုံ့သည် သူမ၏ ဘဝနှင့် ထပ်တူ ပင် ဖြစ်သည်ဟု သူမ တွေးနေဖြစ်သည် ။ အခန်းကျယ် အတွင်းသို့ ထိုးထွင်းဝင်ရောက်လာသော နေခြည်သာတို့ကို ကြည့်ငေးကာ နေရောင်ခြည် တချို့ကဲ့သို့ အလင်းရောင်ဖြာသည့် ဘဝ တစ်ခုကို သူမ မျှော်လင့်နေခဲ့သည် ။ ပြည့်တန်ဆာ ဟူသော ပညတ်ချက်ကို တံခါးအဖြစ် ပိတ်ကာ နေခဲ့သော သူမ၏ ဘဝအတွင်းသို့ နေခြည်နှင့် တူသော သာယာမှု တစ်စုံတစ်ရာ ဝင်ရောက်လာမည့် အချိန်ကို ရူးသွပ်မိုက်မဲစွာ မျှော်လင့်နေခြင်းလည်း ဖြစ်သည် ။ ယခုတိုင် လွတ်မြောက်အေးချမ်းသော ဘဝကို မရနိုင်သေးသည့် သူမသည် ကျော်ဖြတ်ခဲ့ရသော ဘဝ ကို နာကျင်စွာ ၊ ကျော်ဖြတ်နေရသော ဘဝကို ငြီးငွေ့စွာ ကျော်ဖြတ်ရမည်ဟု အချိန်ခရီးသွားနေသူ အဖြစ် အခန်းကျယ်ကြီး အတွင်းတွင် ငြိမ်သက်စွာ လွင့်မျောနေပါသေးသည် ။


⎕ မေငြိမ်း 


📖ပေဖူးလွှာ မဂ္ဂဇင်း 

     အမှတ် ၇၇ 

     အောက်တိုဘာ ၊ ၁၉၈၇ 


📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း     

     ဒီဇင်ဘာ ၊ ၂၀၁၇

No comments:

Post a Comment