Monday, February 16, 2026

ငွေမက်သူ

 

❝ ငွေမက်သူ ❞
   ( ပီမိုးနင်း )

မောင်တင်သည် မြမေနှင့် ၎င်း၏ အရီးဖြစ်သူ ဒေါ်ရွှေစာတို့၏ အမူအရာကို မြင်လျှင်မြင်ချင်း အဘယ်သို့သော ပြောင်းလဲခြင်းပေနည်းဟု တွေးဆကာ အံ့အားသင့်၍ နေလေ၏ ။

အကြောင်းမူကား အထက်ထက်က မောင်တင်ကို အဝေးမှ မြင်ရုံမျှနှင့် တူအရီးနှစ်ယောက်စလုံးမှာ ပျာပျာသလဲ ဖြစ်၍ နေလေ့ရှိကြလေ၏ ။ ယခုမူကား အိမ်ပေါ် သို့ ရောက်ပြီး မောင်တင်က နှုတ်ဆက်မှ အရီး ဖြစ်သူက ပြန်၍ နှုတ်ဆက်လေ၏ ။ မြမေမှာမူ အရီး၏ အရိပ်အကဲကို ကြည့်ကာ အခါတိုင်းလို ရဲရဲတင်းတင်း နှုတ်ဆက်ခြင်းမပြုဘဲ မေးတစ်ခွန်း ပြောတစ်ခွန်းမျှနှင့် အိမ်နောက်ဖေးခန်းကို ဝင်၍သွားလေ၏ ။

သို့ဖြစ်ပါသောကြောင့် မောင်တင်သည် ဒေါ်ရွှေစာ နှင့် တအောင့်ကလေးမျှ စကားပြောပြီး ထ၍ ပြန်တော့မည် အပြုတွင် မြမေ အခန်းထဲက ထွက်၍လာသဖြင့် ပြန်ဦးမယ် မမြမေဟု ပြောပြီးသွားရာ မြမေက ဟုတ်ကဲ့ ဟုပြောပြီး အရီးဒေါ်ရွှေစာ၏ မျက်နှာကို လှည့်၍ ကြည့်သည်ကို မောင်တင် သတိထားမိလေ၏ ။

မောင်တင်သည် တစ်လမ်းလုံး စဉ်းစား၍ သွားလေ၏ ။ ဘယ်လိုဖြစ်ပုံလဲ ။ မြမေဟာ ဒီလောက် မရိုင်းပါဘူး ။ အရင်က အင်မတန် ဂရုစိုက်နေရာက အခုလို ရုတ်တရက်ချက်ချင်း တစ်မျိုးဖြစ်တာဟာ အင်မတန် ထူးဆန်းပါကလား ။ ဘယ်သူကများ ငါ့အကြောင်း ဘာများ ပြောထားလို့ ဖြစ်ပါလိမ့်မလဲ စသည်ဖြင့် စဉ်းစား၍ မရနိုင်ရှိလေ၏ ။

နောက်တစ်နေ့ မောင်တင် နှင့် မြမေ ဈေးထဲ၌ တွေ့ကြရာ အကြောင်းကို သိရလေ၏ ။ မြမေမှာ စိတ်မပြောင်းသော်လည်း အရီး ဒေါ်ရွှေစာကို လွန်စွာမှ ကြောက်ရွံ့ရသဖြင့် မောင်တင် အပေါ်၌ တန်း၍ နေရခြင်း ဖြစ်လေ၏ ။

ဒေါ်ရွှေစာမှာ ကိုယ်တိုင် ကြွယ်ဝပါလျက် ငွေကို လွန်စွာ မက်သဖြင့် တူမကလေးကို “ တူးသီဟိုက်ယက်စ် တစ်ဒါး ” အများဆုံး ပေးနိုင်သူအား ပေးမည် ဟူသော လေလံသမားစိတ်မျိုး ပေါ်ပေါက်၍ နေလေ၏ ။ ပိုက်ဆံ တစ်ပြားကို နှစ်ပြား ဖြစ်အောင် ခွာသူဖြစ်ရာ မောင်တင် မှာ တစ်လ ၇ဝိ စား စာရေးကလေး ဖြစ်ကြောင်း သိသဖြင့် ၇ဝိ စား အလုပ်ကို အရီးဒေါ်ရွှေစာမှာ အလွန် ကြီးကျယ်သည်ဟု မှတ်ထင်ကာ မောင်တင် အပေါ်၌ ကြည်ဖြူခဲ့သည်မှာ သုံးလကျော် ကြာခဲ့လေ၏ ။ မောင်တင်၏ အလုပ်မှာ ခေတ္တအလုပ် ဖြစ်ရာ ထို ၇ဝိ စား နေရာသို့ အရင် စာရေး ပြန်၍ရောက်လာသောအခါ အကူစာရေး နေရာသို့ ပြန်၍ ကျခဲ့လေ၏ ။ သို့ပင် ပြန်၍ကျသော်လည်း ဒေါ်ရွှေစာမှာ စိတ်ပြောင်းလဲခြင်း မဖြစ် ။ တစ်နေ့နေ့တော့ လခစား အမြဲတမ်း နေရာ တစ်ခုကို ရမှာပဲ ။ အစိုးရအလုပ်များမှာ အကူစာရေးက စပြီး တဖြည်း ဖြည်း စာရေးကြီး ဖြစ်ရတာပဲဟူသော ကိုးစားချက်နှင့် နေခဲ့လေ၏ ။

ထိုအတွင်း၌ ကု,လားသူဌေး ကာကာလူမျိုး တစ်ယောက်က ငွေသုံးထောင် တင်တောင်းမည်ဟု ပြောသဖြင့် မောင်တင်ကို ဖြတ်ဖို့ရန် ကြံစည်နေကြောင်း ၊ မြန်မြန်မကယ်ရင် ကု,လားကို ယူရတော့မည်ဖြစ်ကြောင်း ၊ ခိုးရာလိုက်လျှင်လည်း အရီးက အမွေဖြတ်မှာ စိုးရကြောင်းများကို မြမေက မျက်ရည်နှင့်မျက်ခွက် ပြောရှာလေ၏ ။

မောင်တင်သည် အမျိုးမျိုး ကြံစည်လေ၏ ။ အလုပ်အကိုင် အမြဲတမ်းရလျှင် မြမေကို ကယ်နိုင်ဖို့ ရှိလေ၏ ။ ငွေမက်သော အမယ်ကြီးကို ငွေနှင့် နိုင်အောင် လုပ်ရမည့် အတွက်လည်း များစွာခက်လေ၏ ။ မြင်းပွဲကို သွားပြီး ရှူးဝါးတစ်ကောင်ကောင်ကို လောင်းရလျှင် နေရာကျမလားဟု တွေး၍သာ နေရရှာလေသတည်း ။ နောက် ရက်အတန်ငယ်ကြာသောအခါ မောင်တင် သည် ဂိုက်စတိုင်ပါပါ နှင့် မြမေတို့ အိမ်ကို သွားလေရာ ကု,လားနှင့် အမယ်ကြီး စကားပြော၍ နေသည်ကို တွေ့ရ သဖြင့် တစ်စုံတစ်ရာ ဝင်၍ မပြောဘဲ နားထောင်၍ နေလေ၏ ။

အမယ်ကြီးက ကု,လားအား “ ဘင်္ဂလားမှာ မိန်းမရှိသလား ” ဟု မေးလေ၏ ။

ကုလား ။  ။ “ အမွေးချီး ၊ ရှိတ်ချ ။ ဘန်ဂလား မှာလေ ၊ မွေးမ တစ်ခုလည်း မရှိဘူး ။ ကလမလေ မကောင်းဘူး ။ မျက်နှာကလေးလှတယ် မရှိဘူး ။ မွေချီး တူမလေ ၊ ဟိုကောင်မကလေးလေ ၊ မျက်နှာက အပုံကြီး လှတာပဲ ။ ရာမ အခု ဘန်ဂလားက လာဘီ ။ ရှိကိုး နှစ်ဘန်တိုက်မှာ ငွေကိုးထောင် ကောင်မကလေးလေ ၃ ထောင် အမွေးချီး ယူထားဘီ ။ ဘန်တိုက်မှာ ကိုး ထောင်လေ ။ ကောင်မကလေးနဲ့ ငါနဲ့ နှစ်ခုရှားမယ် ” ဟု ရွှေလက်စွပ် ၊ ရွှေလက်ကောက် ဝင်းပြောင်သောလက်နှင့် မိမိ ရင်ဘတ်ကို ပုတ်ကာ လက်ကို ကုလားယိုးဒယားနှင့် ကွေးကာဝင့်ကာ မျက်လုံးမျက်ဆံ ပြူးခနဲ ပြဲခနဲနေအောင် ဒေါပါပါနှင့် ပြော၍နေလေ၏ ။ လုံးကျစ်သော တစ်ကိုယ်လုံးမှာ နောက်လှန်ကာ ထုံး၍ ထားသော ဆံပင်ဆံရစ်များမှ စ၍ ခြေဖျားတိုင် ထောပတ်ရောင် ၊ ဆီရောင် ၊ ဝင်းပြောင်လက်ထိန် နက်ကြောရှိန်၍ နေလေ၏ ။

မောင်တင်မှာ မီးလင်းဖို အနီး၌ ထိုင်ကာ မီးထဲတွင် တစ်ခြမ်းပြူစ ပြုသော ဒူးလောက်နီးနီးရှိသော ကန်စွန်းဥကြီးကို ကိုင်လှည့်၍ ပေးနေလေ၏ ။

တစ်ခါတစ်ခါ အိမ်နောက်ဖေးတင်းကုပ်မှ ဖြတ်ဝင်၍လာသော တောင်လေတွင် ဝင်းခနဲ ထ၍ တောက်သော မီးလင်းဖို၏ မီးထဲကို စိုက်ကာ ကြည့်လျက်နေလေ၏ ။ ဒေါ်ရွှေစာမှာ မောင်တင် လာသည့် အတွက် မသာမယာသော မျက်နှာအသွင်ကို ထင်ရှားစွာထားလျက် ရှိလေ၏ ။

တင် ။  ။ “ အဒေါ်ရယ် ၊ ငွေဆိုတာ သင်္ခါရပါ ။ ဒီလောက်တောင်လည်း ငွေကို မက်ဖို့ မတော်ပါဘူး ။ အဒေါ်လည်း ဆင်းဆင်းရဲရဲမှ မဟုတ်ဘဲ ။ အဒေါ် ဒီလို ငွေကို လိုလားကြောင်း စောစောက သိရင် ဒီ ကု,လားထက် ကျွန်တော် ငွေဂုဏ်ကို ပိုပြီး ဖို့နိုင်တာပေါ့ အဒေါ်ရဲ့ ။ ကျွန်တော့်မှာလည်း အစွမ်းအစနဲ့ပါ ။ ငွေသင်္ခါရ ဖြစ်ကြောင်း ပြမယ် ၊ ကြည့်ပါ ” ဟု ပြောကာ ၊ အင်္ကျီ အတွင်းအိတ် ထဲမှ စက္ကူလိပ်ကြီး တစ်ခု ထုတ်ပြီး “ မြင်ရဲ့လား အဒေါ် ၊ ဟောဒီမှာ တစ်ဆယ်တန်တွေ ” ဟု ပြောပြီး ငွေစက္ကူအထပ်ကြီးကို ဖြန့်၍ ပြလေ၏ ။ ဒေါ်ရွှေစာ၏ မျက်လုံးများမှာ မီးရောင်ထက် ပို၍တောက်လာလေ၏ ။

“ ဟောဒါတွေက တစ်ရာတန်တွေပါ အဒေါ်ရဲ့ ၊ ကြည့်ပါ ” ဟု ပြောပြီး စက္ကူအရောင်စိမ်းစိမ်းတွေကို ပြလေ၏ ။ ဒေါ်ရွှေစာ၏ မျက်လုံးများမှာ ထွက်၍ကျတော့မလို ဖြစ်၍လာလေ၏ ။

“ ကု,လားပြောတဲ့ ဘဏ်တိုက်က ကိုးထောင်က ၊ ကု,လားစကား ။ ဒီငွေစက္ကူ ၊ အားလုံးက တစ်သောင်းကျော်ဖိုးပါ ။ သင်္ခါရဖြစ်တာ ကျွန်တော် ပြချင်လို့ပါ ။ ကြည့် ... အဒေါ်  ” ဟု ပြောရင်း မီးလင်းဖိုထဲသို့ ထိုး၍ ထည့်လေရာ မီးတောက်ကြီးသည် အိမ်သွပ်မိုးကို ထိလုခမန်း မြင့်တက်၍သွားလေ၏ ။

ဒေါ်ရွှေစာမှာ ရင်ဘတ်ကိုထုကာ “ အမယ်လေးဟဲ့ လူကလေးရဲ့ ။ မင်း ဘယ့်နှယ်လုပ်တာလဲ ” ပြောရင်း ဆွဲလုရန် ပြေး၍လာလေ၏ ။ အနီးသို့ရောက်သောအခါ ငွေစက္ကူတွေ မီးထဲတွင် တွန့်လိမ်ကာ ပြာဖြစ်စပြုရာတွင် မောင်တင်မှာ ဣန္ဒြေမပျက်ဘဲ လက်နှစ်ဖက်ကို ဖြန့်ပြီး မီးလှုံ၍ နေလေ၏ ။

အားလုံးတို့မှာ အံ့သြခြင်းကြီးစွာနှင့် ငြိမ်သက်၍ နေလေ၏ ။ မြမေမှာ ခဏကလေးမျှ အခန်းထဲမှ ထွက်လာ၍ ကြည့်ပြီး အခန်းထဲသို့ ပြန်ဝင်၍ သွားလေ၏ ။

မကြာမီ တူအရီးနှစ်ယောက် စကားများကြလေ၏ ။

“ အရီးကြောင့် ဒီလိုဖြစ်ရတာ ။ အရီး ငွေမက်ကြောင်း သိလို့ အခုမှ အစွမ်းကိုပြတာ ”

စာ ။  ။ “ ငါက ဘာများပြောရသေးလို့လဲဟေ့ ”

မေ ။  ။ “ ပြောမှလား အရီးရယ် ။ အရီးမျက်နှာထားက ငွေကလေး သုံးထောင်ပေးမယ်ဆိုတဲ့ ကု,လားဘက် ပါနေတာ ဘယ်သူမဆို သိတာပေါ့ ”

စာ ။  ။ “ မဟုတ်ပါဘူးဟဲ့ ။ ဒီအကောင် တယ် စိတ်မြန်ပါကလား ၊ အနှမြော အစုံမက်လည်း မရှိဘူး ” 

မေ ။  ။ “ ဒီလောက်ငွေကို ဂရုမစိုက်လို့ပေါ့ အရီးရဲ့ ။ သူ့ဦးကြီးတစ်ယောက်က ငွေကို သူ လိုချင်သလောက် ပေးသတဲ့ အရီးရဲ့ ။ သူများလို ကြွားတတ် ဝါတတ်တာ မဟုတ်ဘူး ။ အခုမှ မခံချင်လို့ လုပ်တာ ”

စာ ။  ။ “ အေး .. အေး ... ငါ မှားပြီ ။ ညည်းလူကိုပဲ စိတ်ပြေအောင် ပြောပါဦး ။ ပြောဆို မကြာစေနဲ့ ။ အခုပဲ သွား ။ အရီး အများကြီး စိတ်မကောင်းဖြစ်ကြောင်း ပြော ။ အပါ ခေါ်ခဲ့ ။ မတော်တာဟယ် ။ အရီးက လူမျိုးကွဲ ကု,လားဒိဋ္ဌိနဲ့ ပေးစားပါမတဲ့လားအေ ။ ညည်းပဲ စဉ်းစားကြည့်ပါဦး ”

ထိုညဉ့်၌ မောင်တင်သည် မြမေ နှင့် အတူ ပါ၍လာလေ၏ ။ အရီးဖြစ်သူက စကားရောဖောရောနှင့် ဆီးကာ ၊ “ ဟဲ့အကောင် ၊ နင် မနေ့က ဘာအရူးထတာ လဲဟင် ၊ ငါ .. တယ် ... ဘိုဆံတောက်ဆွဲပြီး ရမ်းလိုက် ပြန်ရော့မယ် ။ ဟိုကု,လားက အရူးမို့ ဒီက ရယ်စရာ ပြောနေကြတာ အဟုတ်ထင်ပြီး အရူးထတာပေါ့လေ ။ သူဌေးများတော့ ဖြုန်းနိုင်တာပဲ ”

တင် ။  ။ “ ကျွန်တော် မဌေးပါဘူး ။ ဦးကြီး တစ်ယောက် သေခါနီးလို့ အမွေခွဲတာ ကျွန်တော် တစ်သောင်းကျော် ရတယ် ။ လူ့ပြည်မှာ လူလုပ်ဖို့မကောင်းတဲ့ အနေဖြစ်နေမှ ငွေတစ်သောင်း မကဘူး ၊ တစ်ကုဋေ ရရင်ရော ဘာအသုံးကျဦးမလဲ ။ ကျွန်တော် ဒီဘဝကို ဖြတ်တာပါ ။ ကျွန်တော် မနေတော့ဘူး ။ အခု ကျွန်တော့်မှာ တစ်ပြားတစ်ချပ်မှလည်း မရှိတော့ပါဘူး ။ အမှန် ကျွန်တော် ဒီဘဝ မနေတော့ဘူး အကြံနဲ့ စွန့်လိုက်တာပါ ”

ဒေါ်ရွှေစာသည် တစ်ပြားမှ မကျန်မရှိ ဟူသော စကားကို အနည်းငယ်မျှ မယုံနိုင်ဘဲ နေလေ၏ ။ အရင်ကလည်း တစ်ခါတစ်ရံမျှ ကြွားဝါဖူးခြင်းမပြု ၊ မခံချင်တဲ့ အခါကျမှ ငွေရှိကြောင်း ပြတာပဲ ။ အခုလည်း သူ့မှာ ငွေလေး ငါးသောင်းတော့ ရှိဦးမှာပဲဟု တွေးလေ၏ ။ မောင်တင်က မရှိကြောင်း အဘယ်မျှပင် ပြောသော်လည်း မယုံနိုင်ဘဲနေလေ၏ ။

သို့ဖြစ်လေရာ မောင်တင်သည် မိမိကိုယ်ကို မိမိ သ,တ်၍ သေမှာစိုးသဖြင့် ပြန်၍ မလွှတ်ဘဲ အိမ်မှာ အိပ်ဖို့ ရန် ဒေါ်ရွှေစာက အတင်းဆွဲ၍ ထားလေ၏ ။ နောက်တစ်နေ့ မိုးလင်းသောအခါ မြမေ ၊ မောင်တင် နှင့် လိုက် သွားသည်ဟူသော သတင်း ပျံ့နှံ့၍ သွားလေသတည်း ။

မောင်တင်သည်ကား မိမိမှာ ငွေတစ်သောင်းကျော်ကို ဒေါသအလျောက် အကုန်အစင် စွန့်လွှတ်မိသဖြင့် အဟုတ်တကယ် လူဆင်းရဲဖြစ်ကြောင်းကိုသာ ဆက်လက်၍ ပြောခဲ့ရာ မယုံကြည်နိုင်ဘဲ အမြဲမျှော်လင့်သော အရီး ဖြစ်သူမှာ မပျက်သော မျှော်လင့်ခြင်းနှင့် ပြုံးရယ်လျက်သာ တစ်နေ့နေ့၌ ငွေထွက်နိုးနိုး မျှော်ကိုးလျက်သာ နေလေရာ လင်မယားနှစ်ယောက်မှာ ကြိတ်ကာသာ ရယ်နေကြရလေ၏ ။ အကြောင်းမူကား မီးရှို့၍ပစ်သော ငွေစက္ကူများမှာ ရုံး၌ မီးရှို့၍ ပစ်ရန်ဖြစ်သော ငွေစက္ကူအတုများ ဖြစ်ကြသည်ကို မြမေ နှင့် မောင်တင် နှစ်ယောက်သာ သိကြရလေသတည်း ။

နောက်ဆုံး၌ မောင်တင် ထံမှ ငွေထွက်နိုးနိုးနှင့် မျှော်ကိုးကာ အလုပ်အကိုင် ရာထူးရအောင် ဒေါ်ရွှေစာ ကပင် ကြံစည်၍ ပေးရလေ၏ ။ ထို့နောက် မြေးဦးကလေး တစ်ယောက် ရသောအခါ ငွေတစ်သောင်းထက် ပိုမို အဖိုး တန်နေသဖြင့် ဇာတ်ကြောင်းကိုလည်း အလင်း သိရသောအခါ ရယ်မော၍သာ နေရရှာလေ၏ ။ အကြောင်းမူကား ဖြူဖြူဖွေးဖွေး မြေးချောကလေးမှာ တစ်နေ့တခြား ပိုမို၍ ချစ်ဖွယ်ရာ ကောင်းသောကြောင့်ပေတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment