Tuesday, February 17, 2026

မကုမ္မာရီ

❝ မကုမ္မာရီ ❞
( ဆောင်းခနှင်း )

[ ၁ ]

စက်မှုမြို့သစ်၏ ရှေ့နောက် ဖြောင့်တန်းနေသော တစ်ခုသော လမ်းမကြီးပေါ်တွင် ဖြစ်၏ ။ သီလရှင်လေး သုံးပါးသည် ထီးတစ်လက်စီ ဆောင်း၍ ခပ်သွက်သွက် လျှောက်နေကြသည် ။ သုံးပါးစလုံး၏ ဘယ်ဘက် လက်မောင်းနှင့် ခါးကိုညှပ်ကာ ကိုင်ထားသော ဆွမ်းဆန်ခွက်ထဲတွင်တော့ ဆွမ်းဆန်တွေ ပြည့်နေကြ၏ ။

“ အရှင် ဘုရား ၊ တပည့်တော်တို့က ဘယ်မှာ ဆွမ်းဘုဉ်းပေးကြရမှာလဲဘုရား ”

သာသနာ့ဘောင်ဝင်စ ဖြစ်သော မကုမ္မာရီက ပူပန်စွာ မေးမိလေသည် ။

“ ဆွမ်းမဟုတ်ဘူး ကုမ္မာရီရဲ့ ၊ ဟိုရှေ့နားမှာ တပည့်တော်တို့စားနေကျ ရှမ်းခေါက်ဆွဲဆိုင်လေး ရှိတယ် ။ ရောက်တော့မှာပါ ၊ ဆာနေပြီလားဘုရား ”

ချစ်ချစ်တောက် ပူနေသော လမ်းမထက်တွင် အမြန်လျှောက်ကြရင်း မပညာစာရီ က ဖြေလိုက်လေသည် ။

“ မဆာ မဆာသေးပါဘူးဘုရား ၊ မေးကြည့်တာပါ ”

မကုမ္မာရီ အဖြေစကားကြောင့် ကျန်နှစ်ပါးက ပြုံးကြလေသည် ။ စက်မှုမြို့သစ်သည် လူနေထူထပ်ပြီး စီးပွားရေးအချက်အချာ ကျဟန်တူသည် ။ မြင်မြင်သမျှ သံထည်ပစ္စည်းအရောင်းဆိုင်များ ၊ ကားအပိုပစ္စည်းဆိုင်များ ဖြစ်ပြီး ထိုလုပ်ငန်းကို လုပ်ကိုင်သူများမှာလည်း များသောအားဖြင့် ကု,လားများသာ ဖြစ်နေတတ်ပြန်သည် ။ သူတို့ ရောင်းသော သံထည်ပစ္စည်းများမှာလည်း အင်မတန်မှ စုံလင်လှပေသည် ။ မီးခြစ်ဆံခေါင်းလောက်သာရှိသော မူလီလေးမှအစ လှည်းဘီးလောက်ရှိသော သံပစ္စည်းကြီးများ ၊ ကုန်တင်ကားကြီးများတွင် အသုံးပြုလေ့ရှိသော သံကြိုးကြီးများနှင့် အမျိုးအမည်မသိသော သံထည်ပစ္စည်းများအထိ စုံလင်လှပေသည် ။

မကုမ္မာရီသည် အရင်က စက်မှုမြို့သစ်ကို တစ်ခေါက်မျှ မရောက်ဖူး ။ မြင်မြင်သမျှ အဆန်းတကြယ်သာ ဖြစ်နေသည် ။ ကု,လားများ ရောင်းသော်လည်း မြန်မာ သီလရှင်လေးများကို မှန်မှန် ဆွမ်းဆန်လောင်းကြသောအခါ ရင်ထဲမှာ တစ်မျိုး ခံစားရပြန်သည် ။ ကြီးမားသော သံထည်အလုပ်ရုံကြီးများ၌ ကိုယ်တိုင် ထွက်မလောင်းနိုင်သော်လည်း ဝတ္တရားမပျက် ။ သီလရှင်လေးများ အတွက် ဆွမ်းဆန်ခွက်ကို အလုပ်ရုံပေါက်ဝမှာ ထားတတ်ကြလေသည် ။ အတွေ့အကြုံသစ် ၊ မြင်ကွင်းသစ်များကို ဗိုက်ဆာသည့် ကြားက ငေးကြည့်မိရင်း ရှမ်းခေါက်ဆွဲဆိုင်ကို ရောက်လာကြတော့သည် ။

‘ လက်ရာသစ် ရှမ်းနှင့်အကြော်စုံ ’ ဟူသော ဆိုင်းဘုတ်ငယ်လေးသည် မန်ကျည်းပင် ပင်စည်တွင် ခပ်စောင်းစောင်း ချိတ်ဆွဲထားလေသည် ။

“ ဟော ဆရာလေးတွေတောင် ကြွလာပြီ ၊ တပည့်တော် နာရီကြည့်မိသား ၊ လာကြတော့မယ် တွေးနေတုန်း ရှိသေးတာ ”

ဆိုင်ရှင်အဒေါ်ကြီးက အကြော်ဆယ်နေရာမှ ထလာပြီး စားပွဲခုံကို ရှင်းပေးလေသည် ။

“ ကဲ မကုမ္မာရီ ဘယ်လောက်တန် စားမလဲ ၊ မှာလေ ။ ဒီဆိုင်က ရှမ်းခေါက်ဆွဲ သုံးရာတန်ရော ၊ ငါးရာတန်ရော ရတယ် ။ မဝဘဲနေမယ် မှာစားနော် ”

“ ဆရာလေးတို့က ဘယ်ဟာ စားကြတာလဲဘုရား ”

မကုမ္မာရီက အဖော်ညှိသလို မေးတော့ မထေရ က နားလည်စွာ ဖြေလေသည် ။

“ တပည့်တော်တို့က သုံးရာတန် စားနေကျဘုရာ့ ။ ဒါတွေ မမေးနဲ့ ၊ ဗိုက်ဝအောင် စားရမှာပေါ့ ။ ကိုယ် ကုန်သလောက်စားပါ မကုမ္မာရီရဲ့ ”

ဒီလိုနှင့် ဆရာလေးမထေရ နှင့် မပညာစာရီက သုံးရာတန် တစ်ပွဲစီ မကုမ္မာရီက ငါးရာတန်တစ်ပွဲ မှာလိုက်ကြလေသည် ။ ခေါက်ဆွဲပန်းကန်များ စားပွဲပေါ် ရောက်သောအခါ တူနှစ်ချောင်းကို ဖောက်၍ လက်ထဲတွင် အချင်းချင်း ပွတ်လိုက်ပြီး ခေါက်ဆွဲကို စမွှေသည် ။ ဖြူဖွေးနေသော ခေါက်ဆွဲဖတ်များထက် ကြာညို့ရည် ခပ်ပျစ်ပျစ်များ ဆမ်းထားသည် ။ ငရုတ်သီးကို မြင်နေကျကဲ့သို့ လှော်မထား ၊ ဆီသတ်ချက်ပြီးမှ ထည့်ဟန်တူသည် ။ မြေပဲထောင်းကို အပေါ်ဆုံးမှ ဖြူးပြီး ပဲငါးပိ အရည်လေး ဆမ်းထားသောကြောင့် ရနံ့မှာ မွှေးနေလေပြီ ။ မကုမ္မာရီက ဟန်မဆောင်နိုင် ၊ တူနှင့်ဆွဲမကာ စားမည်ပြုသည် ။

“ ဟို .. မကုမ္မာရီ ၊ ဤသည့်စားဖွယ် ... ဆင်ခြင်ရဦးမယ်လေ"

မထေရ၏ စကားကြောင့် မကုမ္မာရီ အနည်းငယ် ရှက်သွားပြီ ...

“ တင်ပါ့ဘုရား ၊ တပည့်တော် မေ့သွားလို့ပါ ”

ဟု ဖြေပြီးခဏ ဤသည့်စားဖွယ် အလင်္ကာကို စိတ်တွင်းမှ ဆင်ခြင်လေသည် ။

“ ဤသည့်စားဖွယ် ၊ အမယ်မယ်ကို ၊ မြူးရွယ်မာန်ကြွ ၊ လှပရေဆင်း ၊ ပြည့်ဖြိုးခြင်းငှာ ၊ မသုံးဆောင်ပါ ၊ လေးဖြာဓာတ်ဆောင် ၊ ဤကိုယ်ကောင်သည် ၊ ရှည်အောင်တည်လျက် ၊ အသက်မျှတမ်း ၊ မမောပန်းသား ၊ ဘုရား သာသနာ ၊ ကျင့်နှစ်ဖြာကို ကျင့်ပါနိုင်စေ ။ ဝေဒနာ ဟောင်းသစ် ၊ မဖြစ်စေရ ၊ ယာပိုထ်မျှလစ် ၊ ခပ်သိမ်းပြစ်ကို ၊ မဖြစ်လေအောင် ၊ ချမ်းမြေ့အောင်ဟု ၊ သုံးဆောင်မှီဝဲ ပါသတည်း ... သာဓု ... သာဓု ... သာဓု ... ”

••••• ••••• •••••

[ ၂ ]

“ တပည့်တော် စားဖူးသမျှထဲတော့ ဒီရှမ်းက အကောင်းဆုံးပဲဘုရား ”

မကုမ္မာရီက လက်တွင်းမှ ဆွမ်းဆန်ခွက်ကို ဖိတ်မကျစေရန် အသာပြင်ကိုင်ရင်း မှတ်ချက်ပြုသည် ။

“ မပညာစာရီရေ ၊ မကုမ္မာရီ ကတော့ ရှမ်းခေါက်ဆွဲ သိပ်ကြိုက်ပုံပဲဘုရား ။ ခုထိကို ပြောမပြီးသေးဘူး ဟားဟား ”

မပညာစာရီက ခေါင်းညိတ်ပြီး ထောက်ခံရင်း ..

“ ဒီလိုဆိုရင်တော့ မကုမ္မာရီ ဝမ်းသာတော့ဘုရား ၊ အဖိတ်ဆန်ထွက်နေသမျှတော့ အရှင်ဘုရား ဒါပဲ ဘုဉ်းပေးရမှာပါပဲ ”

“ အို တကယ်လားဘုရား ၊ ဒီလိုဆို သိပ်ကောင်းတာပဲ တပည်တော်တော့ ဒီလက်ရာနဲ့ ဒီခေါက်ဆွဲကို ဘယ်တော့မှ မုန်းလိမ့်မယ် မထင်ဘူးဘုရာ့ ”

မကုမ္မာရီ စကားဆုံးတော့ နှစ်ပါးက ပြုံးရုံမက ရယ်မောကြလေသည် ။ အချိန်သည် ညနေသုံးနာရီခန့် ။ ပြင်းထန်သော နေပူရှိန်ကြောင့် သုံးပါးစလုံး နွမ်းလျနေကြပြီ ။ အချင်းချင်းလည်း စကားတစ်ခွန်းမျှ မဆိုကြ ။ တစ်နာရီခန့် ကျန်သေးသော အိမ်စဉ်အတွက် တွေးပြီး ခြေထောက်တွေကိုပင် မသယ်ချင် ဖြစ်နေကြသည် ။ ကျောင်းမှ ထွက်စဉ် ဖြူစင်သန့်ရှင်းသော သင်္ကန်းများသည် ဖုန်အလိမ်းလိမ်းကြောင့် ညစ်ပေနေပြီ ။

“ ဒါဆန်ပါရှင် ”

ခြံတံခါးစေ့ထားသော တိုက်ခံအိမ်ရှေ့တွင် မထေရ် မှ အသံရှည်ဆွဲကာ အော်ရင်း ဆွမ်းဆန်ရပ်လိုက်သည် ။ ခြံတွင်းမှ တုံ့ပြန်မှုကို ခွေးတစ်ကောင်မှ အစပြုသည် ။ နေပူကျဲကျဲ ထီးကိုယ်စီ ဆောင်းထားသော သီလရှင်လေးသုံးပါးကို ခွေးက မျက်စိနောက်ဟန်တူသည် ။ ဒီအိမ်သည် ရပ်နေကျ မဟုတ်၍ ခွေးရှိမှန်း မသိ ၊ စိတ်တွင်းမှ သုံးပါးစလုံး ကြောက်ရွံ့နေမိကြသည် ။ မတော် ထွက်ကိုက်လိုက်မှဖြင့် ခက်ရချေသည် ။ ပူပန်စိတ်ကို ဖုံး၍ ရပ်မြဲ ရပ်နေကြရသည် ။ သုံးမိနစ်မျှမက ကြာလာပြီ ။ ဆွမ်းဆန်လောင်းမည့်သူကား အရိပ်အယောင်မျှ မမြင်ရ ။ လှည့်ပြန်ကြရမည်လား ။ အသွားအလာ ခက်သည့် သက်ကြီးရွယ်အို တစ်ယောက်ယောက်များ ဆွမ်းဆန်ခပ်ယူနေသလား ။ ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိသည်မို့ သည်းခံပြီး ဆက်ရပ်နေကြရသည် ။ ငါးမိနစ်ခန့် ရှိပြီ ။ လူနှင့်တူတာဟူ၍ ဘာမျှ မတွေ့ရ ။ ခွေးသည်သာ မှန်မှန်ဟောင်နေလေသည် ။

“ မလောင်းနိုင်ရင်လည်း ကန်တော့ဆန်ပါဘုရားလို့ ထွက်မပြောဘူးနော် ၊ ဘယ်လိုအိမ်လဲ မသိပါဘူး ”

မရင့်ကျက်သေးသော အမြင်ဖြင့် မကုမ္မာရီက ငြိုငြင်သည့်စကားကို ပြောမိလေသည် ။

“ အဲ့လို မတွေးရဘူးဘုရား ၊ တပည့်တော်တို့က အိမ်ဝက ရပ်ကြသူမဟုတ်လား ။ အိမ်တွင်းမှာ မမြင်နိုင်တဲ့ အကြောင်းတွေ ရှိကြပါလိမ့်မယ် ။ ဆွမ်းဒကာမများအပေါ် ဘယ်သောအခါမှ အပြစ် မမြင်ကောင်းဘူးဘုရား ။ တပည့်တော်တို့ ကျင့်ဝတ်မှာ အလင်္ကာလေး ရှိရဲ့မဟုတ်လား ။ မကုမ္မာရီ အလွတ်ကျက်ထားနော် ။ “ စိတ်ရှည်သည်းခံ ဇွဲမှန်မှန် ကျင့်ရန်ဘာဝနာ ” တဲ့ ။ ဆွမ်းဆန်လောင်းကြသည် ဖြစ်စေ ၊ မလောင်းကြသည်ဖြစ်စေ မေတ္တာပွားရင်း ရပ်ကြရမယ်လို့ ဆိုလိုတာပါဘုရား ”

“ တင်ပါ့ဘုရား ၊ တပည့်တော် မသိလို့ပါ ။ နောက်ဆို တပည့်တော် အမြဲဆင်ခြင်ပါ့မယ်ဘုရား ”

မကုမ္ဘာရီ အဖြေစကားကြောင့် မပညာစာရီက ပြုံးပြီး ခေါင်းညိတ်လေသည် ။

မကုမ္ဘာရီက ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်မိလေသည် ။ မည်သည့်အခါမျှ လမ်းကြာကြာ မလျှောက်ဖူးသော ခြေထောက်အစုံသည် ဖုန်အလိမ်းလိမ်းဖြင့် အသားရောင်ကို မမြင်ရပြီ ။ ပထမဆုံး ဆွမ်းဆန်ထွက်သည့်နေ့က လမ်းလျှောက်ပါ များ၍ ခြေဖဝါးများပူကာ ခြေဖဝါးတွင် ပြည်တည်လေသည် ။ ဝမ်းမနည်းသော်လည်း မျက်ရည်များလည်ကာ အိမ်မှာနေစဉ်က စီးခဲ့ဖူးသည့် ကတ္တီပါ ဖိနပ်ရောင်စုံကို ပြေးမြင်မိလေသည် ။

“ မဆန်းပါဘူးကွယ် အစမှာ ဒီလိုချည်းပါပဲ ။ ဒီ့ထက် ဆိုးတာတွေလည်း ကြုံနိုင်သေးတာပေါ့ မကုမ္မာရီ ။ စိတ်ကို မလျှော့နဲ့ ၊ တင်းထား ။ လောကီမှာ လောဘတွေ တစ်ပြုံတစ်မနဲ့ ရှာကြဖွေကြရတာထက်စာရင် အင်မတန် အပြစ်ကင်းပါတယ်ကွယ် ” ဟု သီလရှင်ကြီး ညာဏက ဆုံးမစကားဆိုတော့ စမျက်ရည်များ ခန်းခြောက်ကုန်သည် ။ မကုမ္မာရီသည် သီလရှင် ဝတ်ရသည်ကို ပျော်သော်လည်း ခြေထောက်နာသည်ကို စိတ်ပျက်မိ၏ ။ ခြေနာပျောက်သော် ဆွမ်းဆန်ရပ်ရသည်ကို ခုံမင်လာတော့၏ ။ အကြောင်းမူ စက်မှုမြို့သစ်၏ နေပူပူတွင် နေ့ဆွမ်းအဖြစ် ဘုဉ်းပေးရသော လက်ရာသစ် ရှမ်းခေါက်ဆွဲကြောင့်ပင်တည်း ။

••••• ••••• •••••

[ ၃ ]

“ ရှမ်းခေါက်ဆွဲက သုံးပွဲ ။ တစ်ပွဲက တို့ဟူးမထည့် ဘူးနော် ၊ မြန်မြန်လေးလုပ်ပေးပါ ဒေါ်ကြီးညို ”

“ ဩော် အေးအေးသမီး ၊ ခဏထိုင်နော် ။ ဒီနေ့ နောက်ကျတယ် သမီးလေး ၊ ဒေါ်ကြီးက ခဏနေ ဆိုင်သိမ်းတော့မလို့ ။ ခေါက်ဆွဲဖတ်လည်း ကုန်တော့မယ်လေ ”

ဒေါ်ညိုလှက ရှမ်းအတွက် ခေါက်ဆွဲဖတ်ကို ရေနွေးအိုးအတွင်း ထည့်ရင်းပြောသည် ။

“ ဟုတ်တယ်ဒေါ်ကြီး ။ ဒီနေ့ အလုပ်ပိတ်တယ်လေ ၊ အဲဒါ အိပ်ရာထ နောက်ကျနေတာနဲ့ ”

“ ဪ အေး ဟုတ်သား ။ မနက်က မောင်စိုးကြီးတို့ အဲ့ဒါကြောင့်ကိုး အကြာကြီးထိုင်တယ် အောက်မေ့နေတာ ”

အငွေ့ တထောင်းထောင်းနှင့် ခေါက်ဆွဲဖတ် ဖွေးဖွေးထက် ပဲလိပ်ပြာရွက်လေးတွေ ရေနွေးဖြောထည့် လိုက်သည် ။ ရေနွေးဖြင့် ချဲထားသော ကြာညို့ရည်ကို ခပ်ပါးပါးဆမ်းရင်း တစ်ချိန်က မြင်ကွင်းတစ်ခုကို အမှတ်မထင် သတိရမိသည် ။

“ ကဲ ရပြီ သမီးလေး ၊ အချဉ်လေး ပိုထည့်ပေးထားတယ်နော် ဟုတ်လား ”

“ ဟုတ် ဒေါ်ကြီး ၊ ပိုတာ မနက်ဖြန်မှ ယူလိုက်တော့မယ်နော် ”

ပြောရင်း လက်ထဲကို တစ်ထောင်တန်နှစ်ရွက် ရောက်လာသည် ။ အချင်းချင်းတွေမို့ သည်လိုပင် လိုတာပိုတာ နောက်မှ ရှင်းမြဲဖြစ်သည် ။

“ အမှန်က ဒီဆိုင်ကို မဖွင့်သင့်တော့ဘူးဗျ ။ ဒေါ်ကြီး သားသမီးတွေ အကုန်လုံး အလုပ်ကိုယ်စီနဲ့ဟာ အသာ ထိုင်စားလို့ ရပါပြီဗျာ ။ ခက်တာက ကျွန်တော်တို့ကလည်း ဒေါ်ကြီးလက်ရာကို မစားရ မနေနိုင်ဘူးဗျ ”

“ ဒေါ်ကြီး သိပါတယ် မောင်မျိုးအောင်ရယ် ။ နို့ပေမဲ့ ဒါလေးက ဒေါ်ကြီးဝါသနာလေးလည်းဖြစ် ၊ ပင်ပန်းတာလည်း မဟုတ်ဘူးလေ ။ မနက်ပိုင်းလေးပဲဆိုတော့ လုပ်ရကိုင်ရတာ ကျန်းမာရေးနဲ့တောင် ညီညွတ်ပါသေးရဲ့ကွယ် ။ မဟုတ်လည်း ဒေါ်ကြီး ထိုင်မနေတတ်ပေါင် ။ အညောင်းမိသလိုလိုပဲကွဲ့ ။ တစ်ချိန်က ခြေတိုအောင် လျှောက်လာရတာဆိုတော့ အကျင့်က ပါလာတာပေါ့ကွယ် ”

လက်ကျန်လေး ရောင်းရင်း တောက်တိုမည်ရလေးတွေ သိမ်းပြီး ရပ်ကွက်ထဲက မောင်မျိုးအောင်နှင့် စကား ပြောမိသည် ။

ဒီကလေးက ဆိုင်မှာ စားနေကျ ။ အိပ်ရာထတာနှင့် ဆိုင်ကို အလုပ်ရောက်လာတတ်သည် ။ မင့်နှယ်ကွယ် ၊ နေ့တိုင်းကြီးဆိုတော့ စားရတာ ရိုးအီ မနေဘူးလား ဆိုတော့ ...

“ ဟာ ဒေါ်ကြီးကလည်း ကျွန်တော်က ရှမ်းဆို သိပ်ကြိုက်တာဗျ ။ လက်ရာမကောင်းတဲ့ ရှမ်းတောင် မစားရရင် တစ်ခုခု လိုသလိုပဲ ။ ဒေါ်ကြီးလက်ရာ ဆိုတော့ ဘယ်တော့မှကို မမုန်းနိုင်အောင်ပဲဗျာ ။ ပြောသာပြောရတာ ဒီဆိုင်ကလေး ပိတ်ပစ်လိုက်မှာတောင် ကျွန်တော်က စိုးရိမ်နေတာဗျ ”

မောင်မျိုးအောင် စကားဆုံးတော့ တစ်ချိန်က မိမိ သုံးခဲ့သော စကားလုံးအချို့ကို ကြားယောင်လာမိပြန် သည် ။ မိမိသည်လည်း မမုန်း ၊ ရှမ်းခေါက်ဆွဲကို ကြိုက်လိုက်သည်မှာ အဖိတ်ဆန် မထွက်ရသည့်ရက်များမှာပင် ဟာတာတာကြီး ဖြစ်နေခဲ့ရသည် ။ ဩော် သည်အစားစာနှင့် မိမိသည် ရေစက်ကြီးလေစွ ။

စိတ်တွင်းမှ တွေးရင်း မိုးကာထီးတိုင်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်လေးဆီ အကြည့်ရောက်မိသည် ။

“ ကုမ္မာရီ ရှမ်းခေါက်ဆွဲ ”

ဒေါ်ကြီးညိုက သက်ပြင်းကို မှုတ်ထုတ်လိုက်သည် ။ ဒီနေ့ကျမှ ပိုပင်ပန်းသလို ထင်မိသည် ။ ကိုယ်တိုင် ရှမ်းခေါက်ဆွဲ ရောင်းနေပါလျက် စက်မှု မြို့သစ်မှ ရှမ်းခေါက်ဆွဲဆို စားချင်လာသည်မှာ ခြောက်နေသည့် နှုတ်ခမ်းကို တံတွေးနှင့် ဆွတ်မိသည်အထိ ဖြစ်သည် ။ သို့သော် မဖြစ်နိုင်ပါ ၊ အချိန်တွေသည် ဆယ်နှစ်မဟုတ် ။ ဆယ့်လေးငါးနှစ်မက အနှစ်နှစ်ဆယ်ကျော် ကြာခဲ့ပြီဖြစ်သည် ။ ပြန်တွေးရသည်ပင် ခပ်ဝါးဝါး ။ ခေါက်ဆွဲဖတ်ကို ရေနွေးအိုးတွင်း ထည့်နေကျ မိမိလက်တွေသည်ပင် အကြောပြိုင်းပြိုင်း ထနေကြပေပြီ ။ အဟောင်းကို မှတ်မိသမျှက ရှမ်းခေါက်ဆွဲတစ်မျိုးသာ ထင်ထင်ရှားရှား ။ သီလရှင်ကြီးညာဏ ဆုံးမဖူးသော အင်မတန်အပြစ်ကင်းသည့် အလုပ်မျိုးကို မိမိ စွန့်ခဲ့သည် မှာလည်း ကြာပြီ ။ ယခု မိမိသည် အမယ်အို ။ အမယ်အို ရောင်းသော ရှမ်းခေါက်ဆွဲတွေသည်ပင် ဘဝတဏှာတွေ ပါနေသေးကြောင်း မိမိသာ အသိဆုံးဖြစ်သည် ။ အခြား သူများထက် မိမိသာ အသိဆုံး ဖြစ်လေသည် ။

▢  ဆောင်းခနှင်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      သြဂုတ် ၊ ၂၀၁၇

 

No comments:

Post a Comment