Sunday, February 22, 2026

ငါ့ဝမ်းပူဆာ သူ့ဝမ်းပူဆာ


 

❝ ငါ့ဝမ်းပူဆာ သူ့ဝမ်းပူဆာ ❞    
( ဂျူလိုင်မိုး )

“ ဘုတ် ”

အိမ်၏ သစ်သားကြမ်းခင်းပေါ်သို့ အားနှင့် အပေါက်ခံလိုက်ရသော ကြောင့် စားဖားလေးမှာ တစ်ကိုယ်လုံးတုန်ပြီး ဆန့်ငင်ဆန့်ငင် ဖြစ်နေသည် ။ ဖားကလေးကို ဦးတောက် မကြည့် ။

အခုလို နံနက်ဝေလီဝေလင်းကြီးမှာ သူတစ်ပါးအသက်ကို ရက်ရက်စက်စက် သူ မသ,တ်ဖြတ်ချင်ပါ ။ ဒါပေမဲ့ ကိုယ်က တံငါအလုပ် လုပ်နေပြီ ဆိုတော့လည်း မရှောင်လွှဲနိုင် ၊ ဖားကလေးက ငါးစာလေ ။ ငါးစာရှိမှ ငါးရံ့ ပစ်လို့ရမည် မဟုတ်လား ။

ဒီတော့လည်း ငါးပစ်ထွက်ဖို့ ဖားကလေးတစ်ကောင်ကို စ,သတ်လိုက် ရလေပြီ ။ အကုသိုလ်နှင့်စသော မနက်ခင်း ။ ဪ .... ကိုယ့်ဝမ်းပူဆာ မနေသာတော့လည်း .... ။

••••• ••••• •••••

စားဖားလေးကိုယ်ထည်က သုံးလက်မနီးပါးခန့်ရှိသည် ။ ကြမ်းပြင်ပေါ်မှာ ငြိမ်နေပြီ ၊ သေနေပြီ ။

ဖားကလေးကို ဘယ်လက်ဖြင့် ဦးတောက် ကောက်ယူလိုက်သည် ။ ညာလက်ဖြင့် ကိုင်ထားသော တစ်လက်မခွဲခန့်ရှိ ငါးမျှားကို ဖားကလေး ၏ မေးအောက်ဘက်မှ ခေါင်းအလယ်တည့်တည့်သို့ ဖောက်ထည့်လိုက်သည် ။ ငါးမျှားချိတ်အဖျားဖြင့် ခေါင်းခွံကို ဖောက်၍ ငါးမျှားကို ဆွဲထုတ်လိုက်သည် ။ ပြီးတော့ ကြိုးတန်းလန်းနှင့် ငါးမျှား၏ အကွေးအချွန်ကို စားဖားလေး၏ ပေါင်ရင်းနှစ်ဖက်မှ ကြွက်သားများထဲ ထုတ်ချင်းခတ် ဖောက်လိုက်သည် ။ ခုတော့ ငါးမျှားချိတ်အဖျားက ဖားလေး၏ ဝမ်းဗိုက်အရေပြားနှင့် တစ်ဆက်တည်း ဖြစ်သွားလေပြီ ။ ငါးမျှားနဖားဖြင့် တွဲချည်ထားသည်က ပေါင်ခြောက်ဆယ်နိုင်လွန်ကြိုး ၊ နိုင်လွန်ကြိုးကို ဦးတောက် ဆွဲမလိုက်သည် ။ ငါးမျှားကိုယ်ထည်ချောင်းက ဖားလေး၏ ကျောပြင်မှာ ချပ်ချပ်ရပ်ရပ်လေး ကပ်နေသည် ။ ဖားချိတ်ပြီးသောအခါ နို့ဆီခွက်တွင် ပတ်ထားသော ငါးမျှားကြိုးကို ပလိုင်းထဲသို့ ဦးတောက် ထည့်လိုက်လေသည် ။

••••• ••••• •••••

မိုးရိပ်ကင်းစင်သဖြင့် ရာသီဥတုက ကြည်ကြည်လင်လင် ရှိနေသည် ။ ကန်သာယာကန်ကြီးထဲမှာတော့ ဆောင်းကြွင်းနွေကျန် ငှက်ရိုင်းတချို့က လေလွင့်ကျက်စားနေဆဲ ။ တောဘဲရိုင်း တစ်အုပ်က ရေနက်ပိုင်းဘက်ဆီမှာ တကျီကျီ ဆူဆူညံညံ လုပ်နေကြ၏ ။ ကန်စပ်တွင် ငါးချောင်းသော ဗျိုင်းအောက်ကြီး နှစ်ကောင်ကတော့ ဦးတောက် လျှောက်အလာမှာ လန့်ဖျပ်ပြီး ပျံထွက်သွားကြသည် ။

ဦးတောက် လျှောက်လာခဲ့သော ကန်စပ်ဘက်သည် ကန်သာယာကန်ကြီး၏ အနောက်ဘက်ခြမ်း အရုဏ်ဦးမို့ နေမင်းက ထွက်ပြုစ ။ ကောင်းကင်မှာ ငွေမင်ပုပ်ရောင် တိမ်ဆုပ်ကြီး တချို့ ရှိနေပေမဲ့ ဇွဲကပင်တောင်ထွတ် တစ်ဝိုက်မှာတော့ တိမ်ရှင်းနေသည် ။ ဇွဲကပင်တောင်ကြီးကို ကန်သာယာ ကန်စပ်မှ နေ၍ ဦးတောက် လှမ်းကြည့်လိုက်၏ ။ နေခြည်နုနုကြားမှာ မြူခိုးတွေ ရစ်သိုင်းနေသော ဇွဲကပင်တောင်ကြီး အလှက လွမ်းမောဖွယ်ရာပင် ။ တောင်ထိပ်မှ စေတီလေးကတော့ ရွေ့လျားနေသော မြူထုကြားမှာ ပေါ်လိုက်ပျောက်လိုက်ဖြင့် ဝိုးတဝါး ။ ပင်ငယ်စုစု ချုံနွယ်တောအုပ်ပုလေးတွေကလည်း အမှောင်ထုမှ ရုန်းထွက်၍ ပင်ကိုယ်ရောင် မြရည်လူးနိုင်ဖို့ အားယူ လူးလွန့်နေဆဲ ။

“ အင်း ... ဒီလို ရှုခင်းမျိုးကို စိတ်အေးချမ်းသာနဲ့သာ နေ့တိုင်းငေးမော ကြည့်နေရရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော် ”

ဒါကတော့ ဦးတောက် စိတ်ထဲမှာ ရုတ်တရက် ပေါ်လာသော စိတ်ကူးယဉ် အတွေးပါ ။ ဇွဲကပင်တောင်ကြီးကို လှမ်းကြည့်ကာ အတွေးတွေ အရှိန် လွန်သွားပြီးနောက် ဦးတောက်၏ တံငါမျက်လုံးတွေက ကန်စပ်နှင့် ခပ်လှမ်း လှမ်းရှိ ဗေဒါပင်တွေဆီ ပြန်ရောက်သွားသည် ။ ဗေဒါပင် ပင်စုတွေနှင့် ရေပေါက်ပင်ငယ်လေးတွေကြားမှာ ရေပြင်ကွက်လပ်လေးတွေရှိနေ၏ ။ ကန်ရေ စပ်တစ်လျှောက်မှ ခြေကိုတစ်လှမ်းချင်းဖော့နင်းရင်း ရေ၏ အရိပ်ကို ဦးတောက် ပုံဖော်ကြည့်နေသည် ။ ထိုစဉ်မှာ ဗေဒါပင်များအကြား ရေပေါက်တွင် ထသွားသော လှိုင်းအိလေးကို ဦးတောက် သတိပြုမိလိုက်၏ ။ လှိုင်းအိလေးပေါ် သွားရာနေရာမှာလည်း လေပလုံစီလေး တချို့ ။ မျက်တောင် မခတ် ကြည့်နေရင်းမှ သူ့လက်က ပလိုင်းထဲ ရောက်သွားသည် ။ ငါးမျှားကြိုးခွေကို ဘယ်လက်ဖြင့် ဦးတောက် ထုတ်ယူလိုက်သည် ။ နို့ဆီခွက်တွင် ပတ်ထားသော ငါးမျှားကြိုးအစကို နှစ်ပေခန့် အောက်လျှောချလိုက်သည် ။ ထို့နောက် ချိတ်ထားသော ငါးမျှားကြိုးကို ညာလက်ဖြင့် ကိုင်လိုက်သည် ။

“ ဝှီး ... ဝှီး ... ဝှီး ... ဝှီး ... ”

“ ဖရော ... ဖရော ... ဖရော ... ဖရော ”

“ ဘုတ် ”

ဝှီး ... ဝှီး ... ဝှီး ... ဝှီး ဆိုသည်က ငါးမျှားကြိုးကို လွှဲနေသည့်အသံ ။ ဖရော .. ဖရော .. ဖရော .. ဖရော ဆိုသည့်အသံက ဦးတောက်၏ ငါးမျှားကြိုး ပစ်လိုက်စဉ် ဘယ်ဘက်လက်ဖြင့် ကိုင်ထားသော နို့ဆီခွက်မှ နိုင်လွန်ကြိုးများ ပြေထွက် သွားသံ ။ ဘုတ်ခနဲ ခပ်ဖော့ဖော့ မြည်သွားသည်ကတော့ ပစ်လိုက်သော ငါးစာ ဗေဒါဖုတ်ပေါ် ကျသွားသည့်အသံ ။ လက်ကောက်ဝတ် အားဖြင့် လွှဲပစ်လိုက်သည့် ငါးစာက သူ့စိတ်ထဲမှန်းထားသော ဗေဒါဖုတ်ပေါ် တည့်တည့်ကျသွား၍ ဦးတောက် ကျေနပ်သွားသည် ။ သူနှင့်ဆို ဗေဒါဖုတ်ပင်ထုလေးက ပေနှစ်ဆယ်ကျော် သုံးဆယ်ခန့် ဝေးသည် ။ ဒီလို ကိုယ် လိုရာကို ငါးစာပစ်နိုင်ဖို့ ဆိုသည်က ငါးရံ့ပစ်သည့် အတွေ့အကြုံ အများကြီး လို၏ ။ အထူးသဖြင့် ပထမဆုံး စပစ်လိုက်သော ငါးစာကို ရေထဲ အရှိန်ဖြင့် တည့်တည့်ကြီး မကျသွားဖို့ ဦးတောက် အမြဲသတိထားသည် ။ ရေထဲသို့ ဖားကျသွားသည့် ပလုံသံ ကြီးကြောင့် ငါးလန့်သွားနိုင်သည် ။ ချိတ်ထားသော ငါးစာဖားက ကြီးနေ လျှင်တော့ ဖားရေထဲကျသံ ကျယ်လွန်းလှသဖြင့် ငါးကို ခြောက်ထုတ်လိုက် သလိုပင် ဖြစ်သွားတတ်သည်မို့ ... ။

လျော့ကျနေသော ငါးမျှားကြိုးကို နို့ဆီခွက်တွင် ဦးတောက် ပြန်ရစ်လိုက်၏ ။ ကြိုးတင်းပြီ ဆိုမှ ဗေဒါဖုတ်ပေါ် တင်နေသော ဖားသေလေးကို နို့ဆီခွက်တစ်ပတ်ချင်း ရစ်၍ ရေပေါ် အသာအယာ ဖြတ်ဆွဲသည် ။ ရုတ် တရက် ကြည့်လိုက်လျှင်တော့ ဖားအရှင်ကလေး တစ်ကောင် ဗေဒါပုတ်ပေါ်မှ ရေထဲဆင်းပြီး ကူးနေသယောင်ယောင် ။

ဤသို့ ပစ်... ဆွဲ ... ရစ် ၊ ပစ် ... ဆွဲ ... ရစ် .. လုပ်နေရင်းမှ တစ်ကြိမ်မှာတော့ ... ။

“ ဝုန်း ”

အသံနှင့်အတူ ရေပေါ်မှ ငါးမျှားချိတ် တပ်ထားသော စားဖားလေး ပျောက်သွားသည် ။ နံနက် ဝေလီဝေလင်း အစာချောင်းနေသော ငါးရံ့ကြီးက ရေပေါက်အောက်မှ ထိုးဟပ်လိုက်ခြင်း ... ။ ငါးမျှားကြိုးကို ဦးတောက် လျှော့ပေးထားလိုက်သည် ။

“ ဂျွိ ... ဂျွိ ... ဂျွိ ... ဂျွိ ”

ဒါကတော့ ငါးရံ့ကြီး သူ့အစာကို ငုံပြီး ရေအောက်သို့ ချီယူသွားသည့် ကြိုးသံ ။ ဒီအသံကတော့ အပြင်မှ နားဖြင့် ကြားရတတ်သည့် သာမန်အသံမျိုး မဟုတ်ပါ ။ ငါးရံ့ပစ်သူတွေသာ ခံစားနိုင်သည့် ကြိုးသံ ။ နားထဲ ကြားသည်ဟု သိရသော စိတ်ကူးထဲမှ အသံ ။ ပထမတစ်ကြိမ် ဆွဲသွားပြီး ငါးမျှားကြိုး ခဏရပ်သွားသည် ။ ထို့နောက် နောက်တစ်ကြိမ် ထပ်ဆွဲပြန်သည် ။

“ ဂျွိ ... ဂျွိ ... ဂျွိ ... ဂျွိ ”

ဦးတောက်က ကြိုးကို ဆက်လျှော့ပေးထားသည် ။ အဆွဲ ရပ်သွားတော့ ငါးမျှားကြိုးက ဦးတောက် လက်ထဲမှာ မလျော့မတင်း ခပ်စေးစေးလေး .. ။

“ ဂျု့ ... ဂျု့ ... ဂျု့ ”

ဒီအသံတွေကလည်း အပြင်မှ နားဖြင့် ကြားရသည့် အသံစစ်တွေ မဟုတ်ပါ ။ ငါးရံ့ကြီးက အစာကို သူ အောင်းနေသည့် နေရာသို့ ကိုက်ချီသွား ပြီး စိတ်ချလက်ချဖြင့် မျိုချနေပြီဆိုသည့် အချက်ပြ ကြိုးတုံ့သံ ။ ငါးရံ့ပစ် ဝါရင့်သူတွေသာ အတွေးဖြင့် သိပြီး ကြားတတ်သည့် စိတ်ကူးသံပင် ။

ဦးတောက် အာရုံက ငါးမျှားကြိုးပေါ်မှာ အပြည့် ။ ရေအောက်မှ ငါးရံ့ကြီး အခြေအနေကို ဦးတောက် ခန့်မှန်းမိနေပြီမို့ ခဏထပ်စောင့်နေလိုက် သည် ။ သိပ်ကြာကြာ မစောင့်လိုက်ရပါ ။ ဦးတောက် လက်ထဲတွင် ခပ်စေးစေး ဖြစ်နေသော ငါးမျှားကြိုးက ပြန်တင်းစပြုလာပြန်သည် ။ ဒီတစ်ကြိမ်ကတော့ မထွေးနိုင် မအန်နိုင် ဖြစ်နေသော ငါးရံ့ကြီး ပြေးတော့မည်မို့ ကြိုးတင်းသွားခြင်း ။

ကိုင်ထားသော ငါးမျှားကြိုးကို သူ့ညာလက်ခုံမှာ ဦးတောက် တစ်ပတ် ပတ်ထားလိုက်သည် ။ ကြိုးတင်းပြီး ငါးရံ့ကြီး ထပ်အဆွဲတွင် ငါးမျှားကြိုးအား ခါးကို ရှေ့သို့ ညွတ်၍ လက်တစ်ဖောင်ခန့် ထပ်လျှော့ပေးလိုက်သည် ။ လက်တစ်ဖောင်အဆုံး ကြိုးအတင်းမှာတော့ ဦးတောက် ဆောင့်ဆွဲပစ်လိုက်သည် ။ ငါးမျှားကြိုးက တုံ့ခနဲ ရပ်သွား၏ ။ ဦးတောက် က ရပ်မထား ။ ချက်ချင်းပင် ဘယ်လက်ဖြင့် ကြိုးကို ဆက်ဆွဲသည် ။ ဘယ်ပြီးတော့ ညာ ၊ ညာပြီးတော့ ဘယ် ၊ ဘယ် - ညာ ၊ ဘယ် - ညာ ။

“ ဝုန်း ... ဝုန်း ... ဝုန်း ... ဝုန်း ”

ငါးရံ့ကြီး တဝုန်းဝုန်းဖြင့် ရုန်းရင်း ရေပေါ်ပေါ်လာသည် ။ ကုန်းပေါ် ရောက်သည်အထိ တစ်ချက်ကလေးမှ ကြိုးမနားဘဲ ငါးရံ့ကြီးကို ဦးတောက် ဆွဲတင်ပစ်လိုက်၏ ။ ဒီလို မဆွဲ၍လည်း မရ ။ ထိချက် မပိုင်လို့ နှုတ်ခမ်းသားလေးလောက် ချိတ်ပါလာလျှင် ငါးရံ့ကြီးတွေက ကြိုးအနားမှာ ကျွမ်းထိုးရုန်း ထွက်သွားတတ်သည်လေ ။

ခုတော့ ငါးရံ့ကြီးက ဦးတောက် ထင်ထားသည့်အတိုင်းပင် ၊ ဖားကို အစာအိမ်ထဲအရောက် မျိုချထားသည် ။

“ အပါးပါး ..... နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး ။ နှစ်ပိဿာနီးနီးပဲ ။ အင်း ... ဘယ်လောက်သားရှိမယ် ဆိုတာတော့ ငါးသည် ဒေါ်မငွေ ချိန်ခွင်ထဲ ရောက်မှ အတိအကျ သိရတော့မှာပဲလေ ”

ပီတိဖြာနေသော အတွေးဖြင့် ပုံနေသော ငါးမျှားကြိုးကို ဦးတောက် အေးအေးဆေးဆေး ပြန်ရစ်လိုက်သည် ။ ကန်စပ် မြက်တောထဲတွင် ငါးမျှားကြိုး တန်းလန်းနှင့် ငါးရံ့ကြီး ရုန်းကန်နေသည်ကို ကြည့်ပြီး ဦးတောက် ကျေနပ်စွာ ပြုံးလိုက်၏ ။ ဖားလေးတစ်ကောင်ဖြင့် ငါးရံ့ကြီးတစ်ကောင်ကို ဦးတောက် ရလိုက်ပြီလေ ။

ငါးရံ့ကြီးကတော့ ဖားလေး တစ်ကောင်ကြောင့် ... ။

ဪ ... သူ့ဝမ်းပူဆာ မနေသာတော့လည်း ... ။

▢  ဂျူလိုင်မိုး
📖 ဘားအံမြို့နယ် မဂ္ဂဇင်း
      ၂၀၀၈ ခုနှစ်

No comments:

Post a Comment