Tuesday, February 3, 2026

ဖြစ်တတ်ပါတယ်


 

❝ ဖြစ်တတ်ပါတယ် ❞
       ( ကျော်ထူး )

သင်ခန်းစာက ဒီတစ်သက် ယူလို့ ကုန်တော့မယ် မထင်ပါဘူးဗျာ ။ ကျွန်တော် သည်လောက်ထိ သတိထားနေတဲ့ ကြားထဲကမှ ခံဖြစ်အောင် ခံလိုက်ရသေးတယ် ။ မူဆယ် မှာ စီစဉ်သူ ကိုဗညား က ထွက်ပြေးသွားလို့ လူရွှင်တော် ၊ မင်းသမီး ၊ ဆိုင်းဆရာ စသည်ဖြင့်ပေါ့လေ ။ တစ်ပြုံတစ် မကြီး ကြုံသလို ထား ၊ ကြုံသလို ဖြစ်ခဲ့ရသလို မိဘမဲ့ရန်ပုံငွေ ခေါင်းစဉ်နဲ့ လုပ်စားသွားခဲ့တဲ့ ကျောက်မြောင်းက မိန်းမလည် သိန်းကြွယ် လူလည်မကြီး သုံးယောက်ရဲ့ လှည့်ကွက်ထဲမှာ ကျွန်တော် အပါအဝင် ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော် ၊ အငြိမ့်မင်းသမီး ၊ တီးဝိုင်းဆရာ ၊ မီး ၊ ကား ၊ အသံ ၊ ဆက်တင် ၊ ဟိုက်ဝေးပြေးတဲ့ ကားသမားတွေပါ စုပေါင်းစပ်ပေါင်း ခံလိုက်ရပြန်ရောဗျ ။

သူတို့ အပိုင် ရပ်ကွက်အုပ်ချုပ်ရေးရုံး ကလည်း အင်းမလုပ် ၊ အဲမလုပ် နဲ့ သူတို့ အပိုင် ရဲစခန်းမှာ RB ဆရာနဲ့ အမှုသွားဖွင့်တော့လည်း ကျိုက်ထိုမှာ ဖြစ်တဲ့ ပြဿနာ ကျိုက်ထိုရဲစခန်း နဲ့ပဲ ဆိုင်တယ်ဆိုပြီး ပုတ်လွှတ် လိုက်တယ် ။ ကျွန်တော် စဉ်းစားကြည့်မိလိုက်ပါတယ် ။ ဥပမာ - ကျိုက်ထို ကလူ ရန်ကုန်မှာ ဓားထိုးခံရရင် ကျိုက်ထိုစခန်းမှာပဲ ဓားတန်းလန်းနဲ့ အမှုပြန် ဖွင့်ရမလားပဲ ။ ဘယ်တိုင်း ၊ ဘယ်ပြည်နယ် ၊ ဘယ်မြို့မှာ နေနေ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် နီးစပ်ရာမှာ အကြောင်းကြား အကူအ ညီတောင်းလို့ မရဘူးလား မသိပါဘူးနော် ။

ဟိုတလောလေးကလည်း ကျွန်တော်တို့အဖွဲ့ နယ်မြို့လေးတစ် တစ်မြို့ကို ဖျော်ဖြေရေးခရီး ထွက်ခဲ့ပါ တယ် ။

“ ဟာ ... လာပြီ ၊ လာပြီ အာစရိ ကိုကျော်ထူးရယ် စောင့်လိုက်ရတာ ”  

“ ကားဆရာ ခဏနော် ၊ အာစရိတို့ အဖွဲ့ ဘာစားကြဦးမလဲ ” 

“ မစားတော့ပါဘူးဗျာ ၊ ကားလမ်းတွေပိတ်နေလို့ နည်းနည်း နောက်ကျသွားတယ် ”

“ ရပါတယ် ၊ ဒါမျိုးက ဖြစ်တတ်ပါတယ် ။ လူစုံရင် ကားပေါ်တက်တော့ ဆရာရေ ၊ ထွက်လို့ရပြီနော် ”

ခရီးကပန်း ၊ လမ်းကကြမ်းနဲ့ ခုနက ကားဂိတ်မှာ တွေ့လိုက်ရတဲ့ လူက ကားရဲ့ အတက်အဆင်း ပေါက်နားမှာ မတ်တတ်ရပ်ပြီး -

“ ပေါက်တော နည်းနည်းထုတ်ရပြီနော် ”

“ မှေးထား မှေးထား ကားကြီးတွေ လာတယ် ” 

“ ဆင်းမယ့်နေရာလေးတွေ ကြိုပြောနော် ”

သူ့ရဲ့ အသံတွေကို ကြားတစ်ချက် မကြားတစ်ချက် ငိုက်မျဉ်းသွားလို့ သွားနေတာကိုး ။ ရန်ကုန် ပြန်ရောက်ရင် ရိုက်ရမည့် ဇာတ်ကားမှာ လူ လိမ်ကား ။ သည်တော့ ခေါင်းထဲမှာ မိမိဘာသာ တစ်ယောက်တည်း စ ဉ်းစားလိုက် ၊ ငိုက်လိုက် ၊ ဇာတ်ညွှန်းရေးလိုက်နဲ့ ပေါ့ ။

“ ကိုကျော်ထူး ၊ ကိုငွေတောင် အပေါ့သွားမယ် ၊ ကျန်းမာရေးတဲ့ ”

ဘယ်နေရာ ရောက်လို့ ဘယ်နေရာမှန်း မသိ ။ မှောင်ထဲမည်းထဲ တောင်းပန်တိုးလျှိုးပြီး အပေါ့ သွားလိုက်တယ် ။

“ စီးကရက် ရှိသေးရင် တစ်လိပ်လောက် ”

“ အဟဲ ... မီးခြစ်လေးပါ ခဏနော် ”

ကားစပယ်ယာက တောင်းလိုက်သည် ။ ကျွန်တော် ဘောင်းဘီထဲမှ ထုတ်ပေးလိုက်သည် ။ ရန်ကုန် အဝေးပြေးဂိတ်မှာ ကတည်းက တစ်လိပ်ပြီးတစ်လိပ် တောင်းသောက်လာသည်မှာ ယခုအချိန်ထိ ။

“ ကွမ်းတစ်ရာ စားမယ်နော် ”

ကားဒရိုင်ဘာ ယာဉ်မောင်းသူရဲ့ ကွမ်းလည်း မနေရ ။

“ ကဲ ... ကားပေါ်ပြန်တက်ကြတော့လေ ၊ ခရီးက လိုသေးတယ်ဟ ”  

ပြန်မောင်းထွက်ခဲ့ပါပြီ ။ မိုးကလည်း ရွာ ၊ လမ်းကလည်း ဆိုးနဲ့ တစ်ချက်လေး ငိုက်သွားချိန် -

“ ကိုကျော်ထူးရေ ခဏနားမယ်တဲ့ ”

“ အဖွဲ့တွေ အကုန်ဆင်း ၊ ကားက တံခါးပိတ်မှာ ”

သည်လိုနဲ့ စားသောက်ဆိုင်မှာ စားကြသောက်ကြပေါ့ ။

“ ကိုကျော်ထူး ဘာလိုသေးလဲ ။ ဟေ့ ... ချာတိတ် ဘီယာတစ်ဂျား ၊ လက်ဖက်သုပ် ”

ကားစပယ်ယာက ဝိုင်းမှာ ပေးပြီးတော့ သောက်ပေါ့ ။ ပိုက်ဆံရှင်းချိန်မှာတော့ ခုနက ပုဂ္ဂိုလ် ဘယ်ရောက်နေသည် မသိ ။ နောက် နံနက် မိုးမလင်းတလင်းလေး နားချိန်မှာလည်း လက်ဖက်ရည် ၊ မုန့် ၊ စီးကရက်တွေကို ထုံးစံအတိုင်း ဝင်ရောပြီး ဒိုင်ဗင်ထိုးပြန်ရော ။ နည်းနည်းတော့ ကျော် လာပြီလို့ ကျွန်တော် ထင်ပါတယ် ။ အေးလေ ... ကားစပယ်ယာ ဆိုတော့ ပိုက်ဆံက သိပ်ရမှာမှ မဟုတ်ဘဲ ။ အလှူလို့ သဘောထားလိုက်တယ် ။

“ ကိုကျော်ထူးတို့ ကားဂိတ်ကို လိုက်မှာလား ။ လမ်းမှာ ဆင်းမှာလား ”

ဒရိုင်ဘာ ယာဉ်မောင်းရဲ့ အသံကြောင့် လန့်နိုးသွားသည် ။

“ ရှေ့မီးသတ်နား ရောက်ရင် လာကြိုမယ့်သူတွေ ရှိပါတယ် ။ အဲဒီမှာပဲ ရပ်ပေးပါ ။ ကားဆရာ ခင်ဗျားရဲ့ စပယ်ယာကို ပစ္စည်းတွေ ဝိုင်းသယ်ပေးပါဦးလို့ ပြောပေးပါ ”

“ ဗျာ ”

ကားဒရိုင်ဘာ ယာဉ်မောင်းက ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေတယ် ။

“ ခင်ဗျား စပယ်ယာလို့ ပြောတာ ၊ ဟိုချာတိတ်လေ ”

“ ကျွန်တော့် စပယ်ယာ မပါပါဘူး ။ နေမကောင်းလို့ ခွင့်ယူထားတယ် ”

“ ဟင် ... ဒါဆို ခုနက အပေါက်ဝမှာ တွယ်စီးလာတဲ့ ချာတိတ်က ” 

“ မသိဘူးလေ ၊ ခင်ဗျားတို့ အဖွဲ့ထဲက မဟုတ်ဘူးလား ” 

“ ဘယ်ကလာ ကျုပ်တို့ အဖွဲ့ထဲကရမှာလဲ ”

“ မသိပါဘူးဗျာ ၊ ခင်ဗျားတို့နဲ့ တရင်းတနှီး နေပြီး တစ်ဝိုင်းတည်း ထိုင်သောက်နေတော့ ခင်ဗျားတို့ရဲ့ လူပဲ မှတ်နေတာ ”

သိလိုက်ပါပြီ ၊ ကားသမားဘက်ကို လိုလို ၊ ကျွန်တော်တို့ အဖွဲ့ဘက်က လိုလိုနဲ့ ။ ကမန်းကတန်း ပစ္စည်းတွေ ပြန်စစ်လိုက်တော့ အိုကေ တော်ပါသေးရဲ့ ။

“ သူက ဘယ်မှာ ဆင်းသွားတာလဲဗျ ”

“ ကျွန်တော်တောင် မသိလိုက်ဘူး ။ တွယ်စီးရတာ ညောင်းလို့ နောက်ဘက်ခုံတွေမှာ ဝင်အိပ်နေတယ် မှတ်တာ ”

ကားပေါ်ပါလာသည့် ခရီးသည်တွေက ဝါးခနဲပါပဲ ။ ပြက်လုံးတောင် ဒီလောက် ရယ်မယ် မထင်ဘူး ။

ထူးသခင်ရဲ့ မျက်နှာလေးကို ပြေးမြင်ယောင်လိုက်ပါတယ် ။ တော်ပါသေးရဲ့ ၊ တစ်သောင်း မကျော်လို့  ။ သည်လောက် အရပ်ရှစ်မျက်နှာ ခ ရီးသွားလာနေတဲ့ လူရွှင်တော် ခံလိုက်ရပြန်ပါပြီ ။ ကိုင်း  .. မျက်နှာအေး မသွားဘူးလား ။ ကျွန်တော့်နည်းတူ ရှေ့က လူရွှင်တော်ကြီး ဦးဥဩ လည်း ထိုနည်း၎င်း ခံရဖူးပါသည် တဲ့  ။ ဘီယာတွေ ၊ လက်ဖက်သုပ်တွေထဲ မှာ ဘာဆေးမှ မခပ်သွားလို့သာပေါ့ ။ ခံပေတော့ မစဉ်းစားနဲ့ ခံပေတော့ ငါ့အလှည့်ကျ ဒါမျိုးကြီးပဲ အဲဒါနဲ့ပဲ အဲဒါနဲ့ပဲပေါ့ဗျာနော် ။

သင်ခန်းစာတွေ ထပ်မံစုဆောင်းပါဦးမည်ဟု ... ။

▢  ကျော်ထူး
📖 Pop News Journal
      Vol.1,No.28
      17 July 2013

No comments:

Post a Comment