Friday, February 20, 2026

ပါရမီဖြည့်သူ


 

❝ ပါရမီဖြည့်သူ ❞
( ဆွေမင်း - ဓနုဖြူ )

( ၁ )

ယုံကြမလားတော့ မသိ ။

မိမိ၏ ဖခင်မျိုးရိုးဘက်၌ ဆိုရိုးစကား တစ်ခွန်း ရှိသည် ။ မျိုးရိုးစဉ်ဆက်တစ်လျှောက် သား ၊ သမီးများ မွေးလျှင် သားယောက်ျားလေး ဘယ်လောက် များပါစေ ။ သမီးမိန်းကလေး တစ်ယောက်တည်းသာ ပါသည် ဟူလို ။

မျိုးဆက်တစ်လျှောက် သမီး ဆိုလျှင် တစ်ယောက်သာ ထွန်းကားသည့် မျိုးရိုးတည်း ။ မိမိ သိတတ်စ အရွယ်မှစ၍ ထို ဆိုရိုးစကား ကြားခဲ့ရသည် ဖြစ်သဖြင့် ဖခင် ဘက်မှ ဆင်းသက်လာသော မျိုးရိုးစဉ်ဆက် ပြန်စေ့ငုံကြည့်သည် ။

မိမိဖခင်တို့၌ ညီအစ်ကို မောင်နှမ ကိုးယောက်ခန့် ထွန်းကား၏ ။ ယောက်ျားလေး ရှစ်ယောက် ။ မိန်းကလေး ကား တစ်ယောက် ။ ယောက်ျားလေး ( ၆ ) ယောက်က ငယ်စဉ်ကတည်းက ဆုံးပါးသွားကြသော်လည်း တစ်ဦးတည်းသော မိန်းကလေး ကား ယခုထိပင် အသက်ရှင် ကျန်ရစ်၏ ။ ထို့ကြောင့် ဖခင်ဘက်မှ မိမိတွင် အဒေါ်ရင်းတစ်ယောက် ရှိသည် ဟူလို ။

ဖခင်တို့ မောင်နှမ သုံးယောက်တွင် ဖခင်က မိမိ အပါအဝင် သားသမီး ငါးယောက်မွေးဖွားခဲ့ရာ မိမိတွင် အစ်ကိုလေးယောက် ရှိပြီး ညီမလေး တစ်ယောက်သာ ပါခဲ့၏ ။ ဖခင်၌ သမီးမိန်းကလေး တစ်ဦးသာ ထွန်းကား၏ ။ ဖခင်ကား သူ့ မျိုးဆက် ဆိုရိုးစကားကို ထိန်းသိမ်းသူပင် ။

ဖခင်၏ ညီမ မိမိ၏ အဒေါ်လေး ကကော ။ သူလည်း သားသမီး ခြောက်ယောက် မွေးဖွားခဲ့ရာ သမီးမိန်းကလေး တစ်ဦးသာ ရှားရှားပါးပါး ပါခဲ့၏ ။ သူသည်လည်း သူ့ မျိုးဆက် ဆိုရိုးစကားကို ထိန်းသိမ်းသူပင် ။

ဖခင်၏ညီ မိမိဦးလေး ကကော သားယောက်ျားလေး နှစ်ယောက် မွေးပြီး ထပ်မရတော့ ။ သူ့ကိုလည်း မျိုးရိုး ဆိုစကားကို ထိန်းသိမ်းသည်ဟု ဆိုသော် ရကောင်း၏ ။

အဘယ်ကြောင့်ဆိုမူ သမီးမိန်းကလေးကို တစ်ဦးထက် ပိုမို မွေးဖွားခဲ့သည်ဟု မျိုးဆက် ဆိုရိုးစကားကို ဖောက်ဖျက်ခဲ့ခြင်း မရှိသော ကြောင့်ပင် ။

သမီးမွေးလည်း တစ်ဦးတည်း ။ မမွေးရင်လည်း အရှင်း ။ တစ်ဦး ထက်တော့ ပိုမို မွေးဖွားခဲ့ခြင်း မရှိသည်ကတော့ အမှန်ပင် ။ ဆိုရိုးစကား မှန်သည် မမှန်သည် ကတော့ မပြောတတ် ။ ဖခင် မျိုးရိုးဘက်၌ တစ်လျှောက်လုံးက သားယောက်ျားလေးတွေ မည်မျှ များများရရ သမီး မိန်းကလေးကတော့ တစ်ယောက်တည်း ထုံးကို နှလုံးမူပြီး ချီတက်ခဲ့ရာမှ .. ။

••••• ••••• ••••• 

( ၂ )

သို့ဖြင့် မိမိတို့ လူလားမြောက်ခဲ့ကြသည် ။ မိမိတို့ ညီအစ်ကို ငါးယောက် ရှိကြ၏ ။ လေးယောက် အိမ်ထောင်ကျသည် ။ မိမိ အစ်ကိုကြီးက သားသမီး သုံးယောက်ထွန်းကား၏ ။ သား နှစ်ယောက် ၊ သမီး တစ်ယောက်တည်း ။ သူကလည်း မိမိ ဖခင်ဘက်မှ မျိုးဆက် ဆိုရိုးကို ထိန်းသိမ်းခဲ့သူပင် ။

မိမိ ကျတော့ကော ။

ပြောချင်သည်မှာ ထိုအကြောင်း ဖြစ်သည် ။ နိဒါန်းချီလာရခြင်း မှာ ထိုကိစ္စကြောင့်ဖြစ်၏ ။ မိမိ ကျမှ သမီး နှစ်ယောက် သား တစ်ယောက် မွေးတော့သည် ။ မိမိကား ဖခင်မျိုးဆက် ဆိုရိုးစကားကို အဦးအစ ချိုးဖျက်ခဲ့သူ ဖြစ်နေပါပကော ။

မိမိ ဖခင်က ပြော၏ ။

“ တို့မျိုးရိုးမှာ သမီးမိန်းကလေးဆို တစ်ယောက်စီပဲ မွေးခဲ့တဲ့ အစဉ်အလာရှိတာ မင်းကျမှ သမီးနှစ်ယောက်မွေးသဟေ့ ...” ဟု သြဘာပေး၏ ။

မတတ်နိုင် ။ ဖခင်ဘက်မှ သမီးမိန်းကလေး တစ်ဦးတည်းသာ ထွန်းကားခဲ့သော အစဉ်အလာသည် မိမိ ကျမှ ပျက်ရတော့သည် ။

မိမိ မိန်းမဘက်ကမူ ထူးဆန်းသည် ။ ညီအစ်မ လေးယောက် ရှိ၏ ။ လုံးဝ ယောက်ျားလေး မပါ ။ မိန်းမ၏ မိဘကား သားယောက်ျားလေး မရ ။ သမီးများသာ လေးယောက်တိတိ ရခဲ့သည် ။

မိမိမိန်းမ နှင့် မိမိ ပေါင်းဖော်သောအခါ သူ့မျိုးရိုး မမျိုးစေ့များက အနိုင်ယူသွားပုံရပါချိမ့် ။

ထားတော့ ။

မိမိ၌ သားတစ်ယောက် နှင့် သမီးနှစ်ယောက် ရှိသည်ဟူလို ။

••••• ••••• •••••

( ၃ )

သားက အလတ် ။

အစ်မ နှင့် ညီမ ကြား ကြားညှပ်နေသည် ။

သားက ယခု ခုနှစ်နှစ် ရှိပြီ ။ သား လေးနှစ်သားက ကိစ္စလေး တစ်ခု ပြောချင်သည် ။

မိမိမိန်းမ၏ မိဘများက အသက်ကြီးလှပြီ ။ ရှစ်ဆယ်နား နီးနီး ။ သူတို့၌ သားယောက်ျားလေး မထွန်းကား ။ ရှင်တစ်ခါမှ မပြုခဲ့ရ ။ မလှူခဲ့ရ ။ ပြီးတော့ သမီးလေးယောက်ကလည်း အငယ်ဆုံး သမီးသာ မိမိ နှင့် အိမ်ထောင်ကျသည် ။ အကြီးများက အပျိုကြီးများ ။ သူ့ မျိုးဆက်မှာ အငယ်ဆုံးသမီး၌သာ ရှိသည် ။ ပြီးတော့လည်း မြေးယောက်ျားလေးက တစ်ဦးတည်း ။

မိမိ၏သား သူတို့၏ မြေးလေးကို အဘိုးအဘွားက ချစ်ရှာသည် ။ ရှင်ပြုအလှူ မလုပ်ခဲ့ရသဖြင့် မြေးကို သင်္ကန်းစီး အလှူ လုပ်ချင်သည် ။

ခက်တာက သားက ငယ်လွန်းသေးသည် ။ သို့သော် အဘိုး အဘွားများက အသက်ကြီးလွန်းပြီ ၊ မှည့်ယွန်းစ ပြုချေပြီ ။

မိမိမိန်းမ ကလည်း သူ့မိဘ သန်သန်မာမာ ရှိတုန်း သား ယောက်ျားလေးကို သာသနာ့အလှူ လှူချင်၏ ။

ဆန့်သောလက် မကွေးမီ ။ ကွေးသောလက် မဆန့်မီ ။ အချိန်ဟူသည် အစိုးမရတတ် မဟုတ်ပါလား ။

သို့ဖြင့် သားလေး လေးနှစ်သား အရွယ်၌ မိမိတို့ ရှင်ပြုအလှူကို လှူဖြစ်ကြတော့သည် ။

••••• ••••• •••••

( ၄ )

မှတ်မှတ်ရရ ဆိုရပါလျှင် ၁၉၉၇ ခုနှစ် ၊ ဧပြီလ ၂၅ရက် ။ မန္တလေးမြို့ မြောက်ပြင် ၊ ထားဝယ်ရပ် နဂါးပရိယတ္တိစာသင်တိုက်၌ မိမိတို့ အလှူလုပ်ရန် စီစဉ်ခဲ့ကြရတော့သည် ။

မိန်းမ၏ အဖေ ( မိမိ၏ ယောက္ခမ ) ပါ ရဟန်းခံမည် ဖြစ်၏ ။ ထိုရောအခါ တောင်းဆိုမှု တစ်ခုက ဖြစ်ပေါ်လာခဲ့ရပြန်ချေသည် တမုံ့ ။

ယင်းမှာ မိမိကိုပါ ရဟန်းခံဖို့ တိုက်တွန်းကြခြင်းပင် ။ မိမိကား တစ်မြန်နှစ်ကပင် ရဟန်းခံခဲ့ပြီး ဖြစ်၏ ။

ပြီးတော့ မိမိက သားလေးဝေယျာဝစ္စ လုပ်ကိုင်ပေးရမှာမို့ သားရှင်ပြု နှင့် တစ်နှစ်တည်း ရဟန်း မခံချင် ။

သို့သော် မိန်းမနှင့် နီးစပ်ရာ ဆွေမျိုးများက သားလေး ဝေယျာဝစ္စ အတွက်ပင် မိမိကို ရဟန်းခံပါ ဟု တိုက်တွန်းကြောင်း ဆိုလာသောအခါ အစဦး၌ မိမိ နားမရှင်း ။

နောက်ကျမှ သားလေး လေးနှစ်သား ရှင်သာမဏေကို သင်္ကန်းဝတ်ကြီးနှင့် ဒီအတိုင်း ပစ်ထား၍ မဖြစ် ။ ငယ်လွန်းသည် ။ သင်္ကန်း မနိုင်ဘဲ ကြုံရာကျပန်း လျှောက်လုပ်နေပါက ငရဲကြီးမည် ။ ပြီးတော့ ဘုန်းကြီးကျောင်းမှာလည်း တစ်ယောက်တည်း ( တစ်ပါးတည်း ) နေမည် မဟုတ် ။ အော်ဟစ်ငိုနေပါက အခက် ။ ညအိပ်ဖို့ ကလည်း ကလေး တစ်ယောက်တည်း ( တစ်ပါးတည်း ) မဖြစ် ရေးချ မဖြစ် ။

သားက ရှင်သာမဏေ ။ မိမိက လူဝတ်ကြီးနှင့် ကလေးကို ထိန်းကျောင်း နေ၍လည်း မသင့်တော် ။ လူဝတ်ကြီး နှင့် ဘုန်းကြီးကျောင်း မှာ နေ့နေ့ညည နေပါကလည်း မဖြစ်နိုင် ။

ထိုအကြောင်းများကြောင့် မိန်းမနှင့် ဆွေမျိုးများက မိမိပါ ရဟန်းဝင်ခံဖို့ တိုက်တွန်းကြောင်း ပြောပြသောအခါ မိမိမှာ ငိုရမလို ရယ်ရမလို ဝမ်းသာရမလို ဝမ်းနည်းရမလို ဘာလိုလို ဖြစ်ရတော့သည် ။

ငြင်းဖို့ အတွက် မဖြစ် ။ သား ရှင်သာမဏေ အတွက် နေရေးထိုင်ရေး ခက်ပေမည် ။ နှစ်ရွှေ့ခိုင်းဖို့ ကလည်း အဘိုးအဘွားတွေက အိုမင်း နေကြပြီ ။

ရှင်ပြုမင်္ဂလာက ရွှေ့မဖြစ် ။

မိမိသာ ရဟန်းခံရန် အခြေအနေ တောင်းဆိုလာ၏ ။ ကောင်းသော မင်္ဂလာပေပဲ ။ သို့ဖြင့် သားနှင့် အတူ မိမိသည် နှစ်ကြိမ်မြောက် ရဟန်းခံခြင်း အမှုကို ပြုရတော့သည်တကား ။

••••• ••••• •••••

( ၅ )

စိတ်တုံးတုံးချ ဆုံးဖြတ်လိုက်သောအခါ ဗုဒ္ဓတရားတော်၏ အေးမြမှုက မိမိ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်သာ ။ သို့နှင့်အမျှ ...

မန္တလေး မြောက်ပြင် ၊ ထားဝယ်ရပ် နဂါးပရိယတ္တိစာသင်တိုက်တွင် သားလေးကို ရှင်သာမဏေ အဖြစ် သွတ်သွင်းခဲ့၏ ။ အဘိုး နှင့် မိမိ ရဟန်းခံဖြစ်ကြသည် ။

ဆံချသောအခါ သားလေး၏ ဦးပြည်းစိမ်းစိမ်းလေး ပေါ်လာ၏ ။ သင်္ကန်းစီးပေးသောအခါ သားလေး၏ ဖြူဝင်းသော အသားအရေ ၊ နီစွန်းသော သင်္ကန်းရောင် ဦးပြည်းစိမ်းစိမ်းတို့ကား မိမိ နှင့် အဘိုးအဘွားတို့၏ စိတ်တွင်းဝယ် ရှုမဝနိုင် ဖြစ်ခဲ့ရတော့သည် ။

အဘိုးအဘွားများကား တစ်ခါမျှ ရှင်ပြုအလှူကို မလှူခဲ့ရဖူးသဖြင့် အလွန်တရာပင် ဝမ်းသာပီတိ ဖုံးလွှမ်းနေတော့၏ ။

သားလေး၏ ဦးပြည့်စိမ်းစိမ်း ။ အဘိုးဖြစ်သူ၏ ရင့်ကျက်တည်ငြိမ်သော အသွင်ကို မြင်ရသောအခါ ပါရမီဖြည့် ရဟန်းဝတ်ခဲ့ရသော မိမိ၏ ရင်ဝယ် ဖော်မပြနိုင်တတ်သော ကြည်နူးချမ်းမြေ့မှုက ဖြစ်ပေါ်လာခဲ့ပါချိမ့် ။

သမီး နှစ်ယောက်က နားထွင်းမင်္ဂလာ ပြုကြသည် ။ ပရိသတ်ကို ဒံပေါက်ထမင်းနှင့် ဧည့်ခံကြ၏ ။ နဂါးပရိယတ္တိစာသင်တိုက်ကြီးက ကျယ်ဝန်းသည် ။ အလှူစားတော်ဆောင်က သန့်ရှင်းသပ်ရပ်၏ ။ ကျောင်းထိုင်ဆရာတော်က အသက်လေးဆယ်ကျော်သာ ရှိသေးသည် ။

ဆရာတော်ကား အနုပညာကိုလည်း တီးခေါက်မိသဖြင့် မိမိနှင့် လေပေးဖြောင့်လှသည် ။

ညနေခင်းကျ ရဟန်းနှစ်ပါး သိမ်ဝင်သည် ။

သိမ်ဝင်သည်မှာ တစ်နာရီ ကြာ၏ ။ သိမ်ထွက်တော့ မိန်းမနှင့် သူ့တပည့်များ ဆွေမျိုးမိတ်သင်္ဂဟများက လှူကြသည် ။

မိမိကား သားလေး ရှင်သာမဏေကို ကြည့်လိုက်တော့ သားကား သင်္ကန်းကို ဖိုသီဖတ်သီနှင့် သူ့မိခင်နား တွယ်ကပ်နေသည် ။ မိခင်ကလည်း မြင့်မြတ်သော သင်္ကန်းကို သူမ ကိုယ်ဝတ်များနှင့် ထိတွေ့ကုန်မည်စိုးသဖြင့် မချီရဲ ။ ရှောင်တိမ်းနေတာ တွေ့ရသည် ။

သားလေး ရှင်သာမဏေကား ကျောင်းပေါ် ခေါ်မရ ။ မိခင်တို့၏ ကားနှင့်သာ အိမ်ပြန် လိုက်သွားသည် ။

ရဟန်းနှစ်ပါးသာ ကျောင်းတော်ပေါ်သို့ စက္ခုဣန္ဒြေကို အသာချခါ ရောက်ခဲ့ရတော့သည် ။

ညချမ်းကျ ဒကာမကြီးတို့ အဖွဲ့ လာကြ၏ ။ အအေး လာကပ်ကြခြင်းပင် ။

“ ကိုရင်လေးကော ” ဟု မိမိ မေးတော့ ... ။

ဒကာမကြီး အဖြေမှာ “ ကိုရင်လေး လူထွက်သွားပြီ ဘုရား ” တဲ့ ။

“ ဟဲ့ ဘယ်လောက် ကြာသေးလို့တုန်း ... ” ဟု မိမိက ပြန် မိန့်ရာ “ နာရီဝက် ဘုရား ... မထွက်လို့ မဖြစ်တော့ဘူး ... အိမ်မှာ သင်္ကန်းကြီးနဲ့ ဟိုဝင်ဒီဝင် ဆော့နေတာ ... ” ဟု ဒကာမကြီးက ပြုံးပြုံးရယ်ရယ် ဖြေ၏ ။

“ တကယ် ၊ ဟင် ... ဒါဆို ဘုန်းကြီးက အဖတ်တင် အဲ ... ဟို အင်း .... ”

မိမိက ယောင်ယမ်း ထွက်သွားသော နှုတ်ကို အမြန် ပြန်ပိတ်ရ ၏ ။ ရဟန်းကြီးက လှမ်းကြည့်လိုက်သောကြောင့် ဖြစ်သည် ။

••••• ••••• •••••

( ၆ )

အစတုန်းကတော့ သား ရှင်သာမဏေ နေရန် မိမိပါ ရဟန်း ဝတ်ခဲ့သည် ။ သားက နာရီဝက်မျှသာ သင်္ကန်းစီးပြီး ပြန်ထွက်သွားသောအခါ မိမိမှာသာ စိတ်တုံးတုံး ချပြီး ဒုလ္လဘရဟန်း သုံးရက်တိတိ ဝတ်ခဲ့ရကြောင်းပါ ။

▢  ဆွေမင်း ( ဓနုဖြူ )
📖 သောကြာ မဂ္ဂဇင်း
      ၂၀၀၀ပြည့် ၊ ဇူလိုင်လ

No comments:

Post a Comment