Wednesday, February 25, 2026

ဆရာကြီး ( ၂ )

 

ဆရာကြီး ( ၂ )
  〇 ပီမိုးနင်း

မောင်စန္ဒနှင့် မောင်ဟန်ဘတို့သည် ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်သူ နှစ်ယောက် ဖြစ်ကြ၏ ။ မောင်စန္ဒမှာ မောင်ဟန်ဘ၏ မိဘများ အိမ်၌ ကျွဲနွားကျောင်းသော အလုပ်ကို လုပ်၍ နေရ၏ ။

မောင်ဟန်ဘ၏ မိဘများသည် မောင်စန္ဒ၏ ဦးလေး ၊ အဒေါ်ရင်းများဖြစ်ကြသော်လည်း ၎င်းအား သူစိမ်းကဲ့သို့ ခိုင်းစေကြလေ၏ ။

မောင်ဟန်ဘမှာ ဘုန်းကြီးကျောင်း၌ သဒ္ဒါ ၊ သင်္ဂြိုဟ် တက်ခဲ့၍ မိဘများက သား ဟန်ဘကို များစွာပင် ဂုဏ်တင်မြှောက်စား ပရိသတ်လူစုများ၌ သင်္ဂြိုဟ်စကား ၊ သဒ္ဒါစကားများကို အပြော ခိုင်းကြလေ၏ ။ ဟန်ဘ ကလည်း ကျက်၍ ထားသော စကားများကို ကြက်တူရွေး သာလိကာ မျှမက သွက်သွက်ကြီး ပြောတတ်လေ၏ ။

ဟန်ဘ၏ မိဘများမှာ လယ်သူကြီးများ ဖြစ်ကြသဖြင့် သုံးတုံးထွန်လယ်ကြီးကို လုပ်ကြသောကြောင့် အများအားဖြင့် မိမိတို့ထက် ဆင်းရဲသော ရွာသူရွာသားများထက် ဂုဏ်ကြီးလေရာ ၎င်းတို့၏သား ဟန်ဘကို ၎င်းတို့၏ ရှေ့၌ ချီးမွမ်းကြလေ၏ ။ စန္ဒ မှာကား သင်ပုန်းကြီး ကုန်ရုံသာ သင်ရသဖြင့် ရေးတတ်ဖတ်တတ်ရုံ အနိုင်နိုင်မျှ စာကို သိသူဖြစ်ရာ ကျွဲကျောင်း ၊ နွားကျောင်း ၊ ရေခပ် ၊ ထင်းခုတ် အလုပ်လောက်သာ တော်သည် ၊ ပညာပါရမီ မရှိဟု သဘောထားကာ အသက်မွေးမှုပညာ တစ်ခုခုကိုမျှ သင်၍ မပေးကြပေ ။

ဟန်ဘ ကိုယ်တိုင်ကလည်း စန္ဒကို ကျေးကျွန်ပမာ လူရာ မဝင်ဟု သဘောထားလျက် လူရှေ့သူရှေ့ မရှောင် ပြောဆိုမောင်းမဲလေ့ ရှိ၏ ။

ဟန်ဘ၏ မိဘများသည် ဟန်ဘ အတွက် ပိုးသား လုံချည် ၊ သက္ကလတ်အင်္ကျီ တိုက်ထွက်ဘွတ်ခြေနင်း အဝါရောင်ကို ဝယ်၍ ပေးပြီး အရိပ်ကြည့်၍ အားမရဘဲ နေကြလေ၏ ။ ဟန်ဘ မှာလည်း မိဘမြှောက်စားသဖြင့် ဆံပင်တိုကို ပန်းစည်းကြိုးပတ်ကာ အရိုးနားတောင်း အနက်ကလေးမှာ တောက်ပြောင်အောင် ဆီသုတ်လျက် ရှပ်အင်္ကျီလက်မာ ၊ ပိုးသားလုံချည် တရှဲရှဲနှင့် သာရေး နာရေး ပွဲလမ်းသဘင်များမှာ တဝင့်ဝင့် နေသည့်အခါ ပလေကပ်လုံချည်နှင့် စွပ်ကျယ်လက်တိုကို ဝတ်ရသော စန္ဒ မှာ မထင်မရှား တော်ရာ၌ ကိုယ်ပျောက်အတတ်ကို လေ့ကျင့်၍ နေရလေ၏ ။

ဟန်ဘ၏ မိဘများသည်ကား ဟန်ဘကို မိမိတို့ ကဲ့သို့ လယ်အလုပ်ဖြင့် အသက်မွေးစေရန် အကြံမပြု ။ ပညာပါရမီရှိသူ တစ်ယောက် ဖြစ်ရကား ပညာနှင့် နူးနူးညံ့ညံ့ အသက်မွေးစေဖို့ရန် အကြံပြုကြလေ၏ ။ အဘိဓမ္မာ သဒ္ဒါကိုးကြောင်း မှ စ၍ ရှေးမြန်မာ လူမျိုးတို့ တတ်ကောင်းသော အတတ်များကို တတ်သူဖြစ်ရာ ဆရာသမားအလုပ်နှင့် တော်မည်ဟု သဘောရကြသဖြင့် အထက်အရပ် ဆွေမျိုးဉာတိရှိရာ ဆရာကောင်း ၊ သမားကောင်းများရှိကြောင်း သတင်းကြားရ သဖြင့် အသက်မွေးမှု ဆေးဝါးဗေဒင် စသည်တို့ကို သင်စိမ့်သောငှာ လွှတ်ကြလေလျှင် စန္ဒ မှာ ကျွဲ ၊ နွား များနှင့် တစ်ကိုယ်တည်း ကျန်ရစ်ရှာလေ၏ ။

စန္ဒ၏ စိတ်၌ကား တစ်သက်လုံး နွားကျောင်း၍ နေရန် စိတ်မရှိပေ ။ သို့သော်လည်း မိမိ၏ အလုပ် တာဝန်ရှိသမျှ ရေသယ် ၊ ထင်းပေါက်အလုပ်များကို မိုးလင်းလျှင်လင်းချင်း ပြီးစီးအောင်လုပ်ပြီး နွားများ ၊ ကျွဲများနှင့် နွားစားကျက်တောသို့ ထမင်းထုပ်နှင့် သွားလေ့ရှိ၏ ။

စန္ဒမှာ များစွာ စိတ်မချမ်းမသာ မဖြစ်ပေ ။ အောက်ကျနောက်ကျ နေရသော်လည်း အမြဲတေးဆိုကာ ရာသီအသစ် ပြောင်းတိုင်း အလိုလို ပျော်ရွှင်၍နေသူ ဖြစ်လေ၏ ။

အခါများစွာ ဟန်ဘ၏ မိဘများ ရက်စက်ပုံကို တွေးမိ၏ ။ သူတို့သား ကိုတော့ အသက်မွေးမှုပညာ တတ်အောင် အထက်သို့ လွှတ်ထားကြတယ် ။ ငါ့ကိုတော့ ဘယ်လိုဖြစ်ဖြစ်လို့ သဘောထားကြတာပဲ စသည်ဖြင့် တွေးမိ၏ ။

သို့သော်လည်း ငါ့မှာ မိဘ မရှိ ။ သူတို့ ခိုင်းစေ ကျွေးမွေးထားလို့ အခုလို အေးအေးနေရတာပဲ ။ ငါ လုပ်ရတဲ့ အလုပ်ဟာ ဘာပင်ပန်းလောက်သလဲဟူသော အတွေးဖြင့် စိတ်ကို ဖြေရှာလေ၏ ။

တစ်နေ့ မန်ကျည်းပင် တစ်ပင်အောက်၌ ပက်လက်လှန်ကာ တွေးတောစဉ်းစားနေစဉ် မန်ကျည်းသီးတစ်ပြွတ်သည် အပင်ပေါ်၌ လေထဲတွင် ယမ်း၍ နေသည်ကို မြင်ရလေရာ ပူအိုက်သောနေ့တစ်နေ့ဖြစ်၍ မွတ်သိပ် ဆာလေခိုက်လည်း ကြုံသဖြင့် ထိုမန်ကျည်းသီးများကို များစွာ စားလိုသောကြောင့် ခံတွင်းများ စို၍ လာလေ၏ ။

စန္ဒမှာ ခြေတစ်ဖက် ကောင်းစွာ မသန်သဖြင့် မန်ကျည်းပင်ကို မတက်နိုင်ရှာပေ ။ ငါ့ခြေတစ်ဖက်များ အကောင်းဖြစ်ရင် ငါ တက်နိုင်မှာပဲဟု တွေးလေ၏ ။

သို့တွေးရင်း ပက်လက် နေရာမှ ထတည့်၍ ပုစွန် ကျစ်စာခဲများကို ကောက်ကာ မန်ကျည်းသီးကို ပစ်လေရာ သုံးကြိမ် အပစ်မှာ မန်ကျည်းသီးများကို ထိမှန်၍ ကျလေ၏ ။

မန်ကျည်းသီးများမှာ ဝမ်းပျဉ်းမို့ စားလိုက်သောအခါ အထူးပင် အရသာရှိလေ၏ ။

သို့စားရင်း ငါကိုယ်တိုင် မန်ကျည်းသီးဆီကို တက်၍ မယူနိုင်သည့် အတွက် ဒီမန်ကျည်းသီးကို ငါ့ ထံသို့ ဆင်းလာရအောင် လုပ်ယူရတာပဲ ။ ငါ၏ညီ ဟန်ဘ တော့ ပညာရှိတဲ့ အရပ်ကို သွားတာပဲ ။ ငါ့မှာ သူ့လို မသွားနိုင်ပါကလား ။ ပညာတွေကို ငါ့ဆီ ရောက်အောင် ခေါ်ယူရရင် ဖြစ်ဖို့လမ်းတော့ ရှိတာပဲ ။ ဘာမဆို လူကြံရင် ဖြစ်တယ်လို့ ဆရာဘုန်းကြီး ပြောဖူးတာပဲ ။ ပညာတွေကို ငါ့ဆီ ရောက်လာအောင် ဘယ်လို ကြံရပါ့မလဲ စသည်ဖြင့် တွေးလေ၏ ။

ထိုအခိုက် လူတစ်ယောက် ကြိမ်လုံးကလေးကို ကိုင်လျက် လျှောက်၍ လာရာ အပါးသို့ ဖြတ်အသွားတွင် ဆရာ ၊ မန်ကျည်းသီး ကြက်ဆူတွေ ချိုကချိုသနဲ့ စားကြည့်စမ်းပါ ခင်ဗျာ ဟု ရှိရင်းစွဲ စေတနာအတိုင်း ခေါ်လေရာ ခရီးသည်သည် မန်ကျည်းသီးများကို ကြည့်ကာ ပြုံးလေ၏ ။ ထို့နောက် အင်း ... နေပူပူမှာ ကြက်ဆူ မန်ကျည်း စားမငြီး ဟုပြောကာ ရပ်ကြည့်ရာမှ ထိုင်၍ စားလေ၏ ။

“ ဆရာ စာစပ်ပေစပ် အကောင်းသားပဲ ” ဟု စန္ဒက ပြောလေ၏ ။

“ အင်း ... စာပေလေ့လာတော့ စပ်တတ်ဟပ်တတ်တာပေါ့ ”

“ ဘာစာများကို လေ့လာပါသလဲ ခင်ဗျား ” 

“ ဆေးကျမ်း ဝါးကျမ်းကလေးများပါပဲ ။ စာကြီးပေကြီးတော့ မဟုတ်ပါဘူး ။ ဟောဒီမှာ ” ဟု ပြောကာ ပေရေ စုတ်ပြတ်နေသော ဒွာဒရာသီဓာတ်ကျမ်းကို ထုတ်၍ပြရာ လွန်စွာ ဖတ်၍ ကောင်းသော စာကဗျာများကို တွေ့ရသဖြင့် အင်းဟင်း .. ငါ စိတ်ကူးလိုက်တာနဲ့ ငါ့ဆီကို ပညာရောက်ပါကလား ။ ပထမ ပေါ်လာတဲ့ လာဘ်ပဲ ။ နိမိတ်ကောင်းပဲ ။ ဆုပ်မိ မလွှတ်နဲ့လို့ လူကြီးများ ပြောဖူးတာပဲ ။ ဧကန်ဒိဋ္ဌ ငါ ပညာရဖို့ နိမိတ်ပြတာပဲဟု တွေးပြီး “ ဆရာ ဒီကျမ်းကို ကျက်သလား ” ဟု မေးလေ၏ ။

“ မောင် ဘယ်နံပါတ်ကို လှန်မေးမေး အလွတ်ရပါတယ် ”

ဟု ခရီးသည်က ဖြေလေ၏ ။

“ မေးဖို့ မလိုပါဘူးခင်ဗျာ ။ စာအုပ်ကို မြင်တာနဲ့ အတော်ပင် လေ့ကျက်ခဲ့ကြောင်း သိရပါတယ် ။ အလွတ် ရရင် ဒီစာအုပ်ကလေးကို မငှားနိုင်ဘူးလား ဆရာ ” 

“ ဆရာက ဒီအရပ်က မဟုတ်လို့ မငှားနိုင်ဘူး ။ သို့သော်လည်း ဆရာ ရပြီးမို့ အပိုင်တော့ ပေးနိုင်ပါတယ် ။ တကယ် ကျက်မှာဖြင့် ပညာပါရမီ အတွက် ပေးဖို့ ဝန်မလေးပါဘူး ” ဟု ပြောလေ၏ ။

စန္ဒသည် ခရီးသည်ကို အတင်းဆွဲ၍ လှဲလေ၏ ။ ခရီးသည်က ထိတ်လန့်တကြားနှင့် ရုန်းပြန်လေ၏ ။ စန္ဒ ကလည်း မလွှတ်ဘဲ အားနှင့် လှဲလေရာ အားချင်း မမျှသဖြင့် ခရီးသည် ပက်လက်လဲလေရာ စန္ဒက ခြေသလုံးများ ၊ ပေါင်များကို ဆုပ်ကိုင်နှိပ်နယ်ပေးလေ၏ ။

ခရီးသည်က “ အမယ်မင်း ... ဟဲ့လူ .. ဆရာက ဘာများလုပ်မလဲလို့ ကြောက်သွားတယ် ။ တော်ပါမောင် ၊ ကိစ္စမရှိပါဘူး ။ ဆရာက ညောင်းတတ်တဲ့လူစား မဟုတ်ဘူး ။ ဆရာ့မှာ ဆေးကောင်းရှိပါတယ် ” ဟု ပြောလေရာ စန္ဒက လွှတ်လိုက်လေ၏ ။

“ အဲဒီ ဆေးကလေး မရနိုင်ဘူးလား ဆရာ ” ဟု မေးလေ၏ ။

“ မောင့်စာအုပ်ကျောမှာ ဆေးနည်း ရှိပါတယ် ။ အဲဒီ ဆေးဟာ အညောင်းအညာသာ မဟုတ်ဘူး ။ ၉၆ ပါး ဘာမဆို ရေလဲနဲ့ မှီဝဲရပါတယ် ။ ဖော်ရတာလည်း မခက် ပါဘူး ” ဟု ပြောသဖြင့် စာအုပ်၌ ကြည့်ရာ ဆေးနည်းကို တွေ့ရလေ၏ ။

နောက်အတန်ကြာ စကားပြောရာ စန္ဒက ပညာ လိုလားကြောင်း အခု အဒေါ်အိမ်မှာ ကျွန်ခံနေရသည့် အတွက် ပညာကို မသင်ရကြောင်းနှင့် ပြောလေ၏ ။

ထိုအခါ ထိုဆရာက မိမိ အညာက အောက်ကို ဆင်းလာသော ဆရာဖြစ်ကြောင်း ၊ မိမိ ရှေ့နှစ်ခါကျလျှင် ဤနေရာသို့ တစ်ပတ်လှည့် အလာမှာ ဤဆေးကျမ်းကို နှုတ်ငုံရပြီးသား တွေ့ရလျှင် ဆရာကြီးတစ်ဆူ ဖြစ်အောင် ပညာပေးမည့်အကြောင်း ပြောဆိုရာ စန္ဒက တပည့်ခံလိုကြောင်း စိတ်အားထက်သန်စွာ ပြောလေ၏ ။

၎င်းဆရာ ထွက်သွားသောအခါ စန္ဒ၏ စိတ်၌ အကြံတစ်ခု ပေါ်လာလေ၏ ။ သို့အကြံ ပေါ်သဖြင့် ရွာသို့ ပြန်ကာ ရေအိုးတစ်လုံးမှာ ရေအပြည့် ထည့်လေ၏ ။ နှီးခွက် တစ်ခုကို အိမ်မှ တောင်းယူ၏ ။ ထို့နောက် မိမိ ရရှိထားသော ခဲတံတိုတစ်ချောင်းနှင့် လက်ရေးစာအုပ် အဟောင်းကလေး တစ်ခုကိုယူပြီး ဆားတစ်ထုပ်ကို စက္ကူ နှင့်ထုပ်ကာ ရေအိုးကို ထမ်းလျက် ကျွဲစားကျက်သို့ ပြန်ခဲ့လေ၏ ။

၎င်းနောက် တောထဲ၌ ရှိသော ဇီးဖြူ ဖန်ခါး မန် ကျည်းသီးများကို ဆွတ်ခူး၍ ဖက်ကြီး ၊ ဖက်ငယ်နှင့် မိမိနေရာ သစ်ပင်ရိပ်တွင် ဆိုင်ခင်းသလို ခင်း၍ ထားလေ၏ ။

ထိုနေ့ နေမဝင်မီ ခရီးသည်ပေါင်း သုံးလေးယောက်အား ရေကို တိုက်ရ၏ ။ အသီးများကို ကျွေးရ၏ ။ တစ်ယောက်မှာ အနှိပ်ခံသွားရ၏ ။

လက်ရေးစာအုပ်မှာလည်း တကယ့် လက်တွေ့ နည်းကောင်း ခြောက်မျိုးလောက်ကို ရေးမှတ်ရရှိလိုက်၏ ။

နောက် များမကြာမီ ရွာထဲ၌ ရောဂါဝေဒနာ အခက်အခဲ ကြုံသည့်အခါ စန္ဒ ထံသို့ ပြေး၍ လာကြလေရာ စန္ဒမှာ ဟန်ဘ သွားပြီးနောက် အခါလည် မတိုင်မီ ကျွဲ ကျောင်းသားဘဝမှ လွတ်၍ ရွာပေါ်တွင် ဆရာတစ်ဆူ ဖြစ်လျက် နေလေ၏ ။

သုံးနှစ်ကြာ၍ ဟန်ဘ ပြန်လာသောအခါ ရွာ၌ များစွာ ကျော်ကြားလေ၏ ။ သို့သော်လည်း ကျော်ကြားရုံသာ ကျော်ကြား၍ စန္ဒ၏ တပ်ကို မတိုးနိုင်သဖြင့် စန္ဒမှာ ထိုရွာနှင့်တကွ ပတ်ဝန်းကျင် ရွာအားလုံးတို့၏ ကိုးကွယ် ဆည်းကပ်ခြင်း ခံရလျက် အခြေကျကျ ဆရာကြီး ဖြစ်၍ နေလေ၏ ။ ၎င်းရွာ၌ မတိုးနိုင်သောကြောင့် အခြားအရပ်သို့ ပြေးရရှာလေတော့သတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၂ )

No comments:

Post a Comment