❝ အရောင်းတတ်သူ ❞
( ပီမိုးနင်း )
“ ဘယ်အလုပ်မှာမဆို ဉာဏ်သစ်ကူရတယ် မိတ်ဆွေ ။ အရိုးခံအတိုင်း လုပ်နေလို့မဖြစ်ဘူး ” ဟု ဘိုးထင်က မိမိနှင့် အတူတူ ဂျပန်ကုန်များကို စပ်တူမှာ၍ ရောင်းချသော ဘိုးသွင်အား ပြော၍ပြလေ၏ ။
“ မင့်ပစ္စည်းက နာရီအဆန်းတွေကိုကွဲ့ ။ ရောင်းလို့ ကုန်လွယ်တာပေါ့ ။ ငါ့ခြောက်လုံးပြူးတွေကိုတော့ ဘယ်လူက ဝယ်မှာလဲ ။ မင်းပဲ စိတ်ကူး စိတ်သမ်းရပြီး ခြောက်လုံးပြူးတွေကို မှာတယ် ။ မဂိုတန်းမှ ဆန်ပွဲစားလုပ် နေတဲ့လူက မင့်ခြောက်လုံးပြူးကို ဘာလုပ်ဖို့ ဝယ်မှာတဲ့တုန်း ”
“ မင်းညံ့လို့ပါ သူငယ်ချင်းရယ် ။ ကိုင်း မင်းက ငါ့ နာရီတွေကို ရောင်း ငါက မင့်ခြောက်လုံးပြူးတွေကို ရောင်းပြမယ် ။ လောကမှာ စိတ်ကူးဉာဏ် ရှိရင် ဘာမဆို ထွက်အောင် ရောင်းနိုင်တာပဲ အရောင်းတတ်ရင် ထမင်း မငတ်နိုင်ဘူးကွဲ့ ။ မည်သူမှာမဆို ရောင်းစရာ တစ်ခုခုတော့ ရှိတာချည်းပဲ ။ သတိမထားကြလို့ပါ ၊ ရောင်းတတ် ဝယ်တတ်တဲ့ လူလောက် အသက်မွေးချောင်တာ ဘာမှ မရှိဘူး ”
“ ကောင်းပါပြီကွယ် ။ မင့်ခြောက်လုံးပြူးတွေကို မင်းပဲ ရောင်းကြည့်ပါဦး ”
“ မင့် ခြောက်လုံးပြူး ယနေ့ည တစ်ဒါဇင် ကုန်အောင် ငါရောင်းပြမယ် ။ မင်း ငါ့နာရီ ဆယ့်နှစ်လုံးကို တနင်္ဂနွေတစ်ပတ် အတွင်း ကုန်အောင် ရောင်းနိုင်ပါ့မလား ”
“ ကောင်းပြီ ။ မင်းသာ ယနေ့ည ခြောက်လုံးပြူး တစ်ဒါဇင်ကုန်အောင် ရောင်းပေးပါ ။ မင်းနာရီ ဆယ်လုံးကို ငါ သုံးရက်နဲ့ ကုန်အောင် ရောင်းမယ် ”
သို့ပြောရင်း ဘိုးထင်က မိမိ၏ နာရီများကို ဘိုးသွင် အား အပ်လေ၏ ။ ဘိုးထင်က ဘိုးသွင်ထံမှ ခြောက်လုံးပြူးတစ်ဒါဇင်ကို ယူလေ၏ ။
ဘိုးထင်က မိမိ၏ ရောင်းစွမ်းကို ပြဖို့ရန် အကြံနှင့် ဘိုးသွင်အား “ ကိုင်း မိတ်ဆွေ ယနေ့ည မင့်ခြောက်လုံးပြူး တစ်ဒါဇင်ကို ကုန်အောင် ငါရောင်းပြမယ် ။ ဘယ်လို ရောင်းတယ်ဆိုတာ မင်း သိရအောင်လိုက်ခဲ့ ။ ‘ ခရုအဆံ လူအကြံ ’ တဲ့ ၊ အကြံကောင်းလို့ အရောင်းတတ်ရင် ဘယ်ပစ္စည်းမဆို မခက်ပါဘူး ။ ငါကျောင်းက ထွက်ကတည်းက လခစား အလုပ်ကို မလုပ်ဘဲ အရောင်းအဝယ် အတတ်ကို သင်လာခဲ့တာ ရှစ်နှစ်ရှိပြီ ။ မထွက်နိုင်ဘူး ။ မစွံနိုင်ဘူးတဲ့ ကုန်ကို ငါရောင်းလိုက် ရရင်စွံတာပဲ ၊ လခစားအလုပ် လုပ်တဲ့ လူတွေဟာ ဒီလို ဉာဏ်မျိုး မရှိလို့ ကျွန်ခံနေကြတာပေါ့ သူငယ်ချင်းရဲ့ ။ မင်းတို့ ငါတို့ အလုပ်မျိုးဟာ အင်မတန် လွတ်လပ်ပြီး အင်မတန် ကျိန်းသေတာပဲ ။ ငါမူးနဲ့ ဝယ် တစ်ကျပ်နဲ့ ရောင်းတဲ့ အတတ်မျိုးလားလကွဲ့ ။ လာ ငါ့အစွမ်းကို မင်း သိချင်ရင် လိုက်ခဲ့ ၊ ဘယ်ကုန်သည် ဘယ်အရောင်းသမားမှ အတွေးမရတဲ့ နည်းမျိုးနဲ့ ငါ ရောင်းပြီးပြမယ် ”
သူငယ် နှစ်ယောက်သည် မကြာမီ ရန်ကုန်မြို့ အပြင်ဘက်သို့ ရောက်သွားကြလေ၏ ။
“ ခြောက်လုံးပြူး သေနတ်ကို ညကြီး လယ်ရောင်းလို့ ဘယ်လူက ဝယ်မှာလဲ သူငယ်ချင်းရဲ့ ”
“ အို မင်း မသိပါဘူး ။ ငါ့အစွမ်းသတ္တိကို မင်း မြင်ရပါလိမ့်မယ် ။ ဘယ်ပစ္စည်း ဘယ်ကုန်မှာ မဆို ဆိုင်ရာ ဆိုင်ရာ သဘောတစ်မျိုးစီ ရှိကြတာကလား ။ သူငယ်ချင်းရဲ့ ။ သည်တော့ ခြောက်လုံးပြူးက ဘယ်လို သဘောရှိတယ် ။ ဘယ်လို အသုံးပြုရတယ် သည့်အတွက် ဘယ်လို ရောင်းရတယ်ဆိုတာ မင်း မြင်ရရင် စိတ်ကူး ပေါက်လာရော မဟုတ်လား ”
“ ကိုင်းပြစမ်းပါဦးလကွယ် ကြည့်ရတာပေါ့ ။ နည်းကောင်းရင်လည်း မှတ်ရတာပေါ့ ”
သို့စကားပြောရင်း သွားကြရာ မိမိတို့ ရှေ့တည့်တည့်က မော်တော်ကားတစ်စီးသည် မနီးမဝေးရှိ အိမ်တစ်အိမ်၏ ရှေ့၌ ရပ်လေ၏ ။ ထိုအိမ်မှာ ခြံနှင့်အိမ်ဖြစ်လျက် အတော်ကလေး အတွင်းကျလေရာ ကားရပ်သော လမ်းမကြီးနှင့် အတော်ပင် ဝေးလေ၏ ။
၎င်းကားရပ်သော နေရာမှာ ကုက္ကိုပင်ကြီး တစ်ပင် ရှိသဖြင့် ခပ်လှမ်းလှမ်းမှ လာသော ဓာတ်မီးရောင်သည် အမှောင်ကို အနည်းငယ်မျှသာ ဖျောက်နိုင်လေသည် ။ ၎င်းကားပေါ်၌ ကားမောင်းသမား တစ်ယောက်သာ ပါလေရာ ကားကို ရပ်ပြီးနောက် ကားမောင်းသမားသည် ကားပေါ်မှ ဆင်းမည်ဟန်ဖြင့် မော်တော်ကားတံခါးကို ဖွင့်လေ၏ ။ ထိုအခါ ဘိုးထင်သည် အခြားသော ကုက္ကိုပင်တစ်ပင်၏ နောက်၌ ရပ်ကာ ကားပေါ်က လူကို ကြည့်လေ၏ ။
သွင် ။ ။ “ ဘာလုပ်မလို့လဲ သွားလေ ”
“ အသာနေပါဦး ။ ရော့ ဒီသားရေအိတ်ကို ယူ ” ဟု ပြောကာ သားရေအိတ်ထဲမှ သေနတ်တစ်လက်ကို ထုတ်ယူပြီး ဘိုးသွင်အား ပေးလေ၏ ။
“ မင်းဘာလုပ်မလို့လဲ ” ဟု ပြောကာ ဘိုးသွင်သည် သားရေအိတ်ကို ယူရင်း ၎င်းကို အံ့အားသင့်သော လက္ခဏာနှင့် ကြည့်လေ၏ ။
“ ငါ သူ့ကို ရောင်းမလို့ ။ မင်း ဒီမှာနေ ကွယ်နေ သူ မမြင်စေနဲ့ ” ဟု ပြောပြီး ဘိုးထင်သည် လမ်းနံဘေး တာမြောင်းအနီးသို့ ဆင်းလေ၏ ။ ဘိုးသွင်သည်ကား ၎င်းကို ကြည့်ကာ ယနေ့ည ဂတ်တဲတော့ ရောက်ဖြစ်တော့ မယ်ထင်တယ် ။ ပြေးမှ တော်မယ်ထင်ပါရဲ့လေ ဒီအကောင်ဟာ ဘာများ သွားပြီး ကြံစည်ပါလိမ့်မလဲ ။ ရိုးရိုး ရောင်းချနေတာ အကောင်းသားနဲ့ အဆန်း လာ ရောင်းတာ ဒုက္ခ ဖြစ်ချင်ပြီ ထင်တယ်ဟု အောက်မေ့ပြီး ထိုနေရာမှ ထွက်ပြေးဖို့ ကြံလေ၏ ။ သို့သော်လည်း ဘိုးထင် အဘယ်ပုံလုပ်မည်ကို မြင်ချင်သောစိတ်က အကြောက်ကို လွှမ်းမိုးသဖြင့် မပြေးသေးဘဲ ကုက္ကိုပင်မှာ ကပ်ကာ စီးကာ ကြည့်၍နေလေ၏ ။
ဘိုးထင်သည် တာမြောင်းထိပ် တစ်လျှောက် ခြောက်လုံးပြူးကို ကိုင်ကာ ကုန်းလျက် ခြံတံခါးဘက်နားသို့ လျှောက်သွားလေ၏ ။
ကားပေါ်က ဆင်း၍ လာသူသည်လည်း ၎င်းအိမ် တံခါးဘက်သို့ ခပ်နှေးနှေး လာနေလေ၏ ။ လမ်းနံဘေး၌ ဒန့်ကျွဲပင်တွေ အတော်ကြီးမြင့် ထူထပ်၍ နေခြင်းကြောင့် တစ်ကြောင်း ၊ ဓာတ်မီးရောင်နှင့် အတော်ဝေးသောကြောင့် တစ်ကြောင်း ဘိုးထင်ကို ကားသမား မြင်ဟန် မတူချေ ။
မကြာမီ ဘိုးထင်သည် ဒန့်ကျွဲတောထဲတွင် ပျောက်၍ သွားလေ၏ ။ ၎င်းပျောက်၍ သွားသောနေရာ အနီးသို့ ကားသမား ရောက်၍ လာလေ၏ ။ မကြာမီ ဒန့်ကျွဲပင်များ သိမ့်သိမ့်ခါ၍ သွားလေ၏ ။ ဘိုးထင်သည် ခြောက်လုံးပြူးကို ကိုင်လျက် ရုတ်တရက် ထ၍ လာလေ၏ ။ ကားသမားသည် အံ့အားသင့်သော အမူအရာနှင့် ရပ်၍ နေလေ၏ ။ ဘိုးထင်သည် ခြောက်လုံးပြူးသေနတ်ကို ပြကာ “ လက်မြှောက်ဆရာ ၊ လက်မြှောက် ၊ မလှုပ်ပါနဲ့ဆရာ ၊ မသွားပါနဲ့ဦး ” ဟု ပြောလေရာ ကားသမားသည် လက်ကို မြှောက်လျက် ရပ်၍ နေလေ၏ ။
ဘိုးသွင်သည် အံ့အားသင့်ကာ ရင်ထဲမှာ အေးချီ တစ်လှည့် နွေးချီ တစ်လှည့် ဖြစ်လျက် နေလေ၏ ။ တစ်ခုခု ဖြစ်လို့ သူ အဖမ်းခံရရင် ငါတော့ ဖနှောင့်နှင့် တင်ပါး တစ်သားထဲ နေအောင် ပြေးမှ တော်မည် ။ မတော်တဆ မိရင် တစ်ကျွန်းနဲ့ ထောင် ၇ နှစ်တော့ ကျိန်းသေနေတဲ့ အလုပ်ကြီးပါကလား ။ ဘိုးထင်လေ ငါ့ကို သေနတ်ရောင်းသွားမယ်လို့ ညာပြီး အနုကြမ်းစီးဖို့ အကြံနဲ့ သူခိုး သေဖော်ညှိ၍ လာတာပါကလားကရို ဟု တွေးကာ ခေါင်းနားပန်း ကြီး၍ နေလေ၏ ။
ဘိုးထင်သည် ခြောက်လုံးပြူးကို ပြလျက် လက်မြှောက်၍ နေသော လူရှိရာသို့ သွားလေ၏ ။ အပါးသို့ ရောက်သောအခါ “ မကြောက်ပါနဲ့ ဆရာ လက်ကို ချလိုက်ပါ ။ ညဉ့် တစ်ယောက်တည်း လက်နက်တစ်စုံ တစ်ရာ မပါဘဲ ခရီးအသွားအလာ ပြုတာများဟာ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ သိရပြီ မဟုတ်လား ။ ကျွန်တော် ခင်ဗျားကို လုဖို့ ၊ ယက်ဖို့ ၊ ဓားပြတိုက်ဖို့ ကြံတာ မဟုတ်ပါဘူး ။ လက်နက် မပါဘဲ ၊ သွားလာတာများဟာ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ သိရအောင် ညွှန်ပြတာပါ ။ သည့်အတွက် လက်နက် တစ်ခုခုကို အမြဲ ဆောင်ဖို့ ဝယ်ထားဖို့ ကောင်းပါတယ် ။ ကျွန်တော် ဒီခြောက်လုံးပြူးသေနတ်ရောင်းတဲ့လူပါ ။ ခြောက်လုံးပြူးအစစ်တော့ မဟုတ်ပါဘူး ဟန်ဆောင် အတုမျှ ဖြစ်ပါတယ် ။ သို့သော်လည်း ကွယ်ကာရန် အတွက် အများကြီး အသုံးဝင်ပါတယ် ။ တစ်ခုမှ ငါးမတ်ပါ ဝယ်ဖို့ အင်မတန် ကောင်းပါတယ် ” ဟု သွက်လက် လျင်မြန်စွာ ရယ်မော ပြောဆို၍ နေလေ၏ ။
ကားသမားလည်း အံ့အားသင့်သော မျက်နှာ ပျောက်ပြီး မျက်လုံးများ ကျယ်ကာ ပြုံးရယ်လျက် အင်္ကျီ အိတ်ထဲသို့ လက်ကို ထိုးစိုက်ပြီး “ ဪခြောက်လုံးပြူး အစစ် မဟုတ်ဘဲကိုး ။ ကျုပ်က အစစ်မှတ်လို့ ဒါဖြင့် ဟောတာက ခြောက်လုံးပြူးအစစ် ” ဟု ပြောကာ အင်္ကျီ အိတ်ထဲက လက်ကို ထုတ်ကာ ကြောက်စရာ ကောင်းသော ပြောင်းဝကလေးနှင့် ဘိုးထင်၏ ရင်ဘတ်ကို ချိန်ပြီး “ လက်မြှောက် မှန်းစမ်း ဘာများပါသလဲ ” ဟု ပြောကာ ဘိုးထင်၏ အပေါ်အင်္ကျီအိတ်များနှင့် ရှပ်အင်္ကျီအိတ်များကို လက်တစ်ဖက်နှင့် ရှာဖွေပြီး ပါရှိသမျှ ငွေငါးဆယ်ကို ယူပြီး ကားရှိရာသို့ နောက်ပြန် သွားလေ၏ ။ ထို့နောက် ကားပေါ်သို့ ရောက်ပြီး ဝီခနဲထွက်၍ သွားလေရာ ဘိုးထင်သည် ခြောက်လုံးပြူးအတု လက်မှ လွတ်၍ကျ သည်ကိုမှ သတိမရဘဲ ငေးမောရပ်တန့်ကာ ပျောက်ကွယ်၍ သွားသော ကားနောက်က မီးနီနီကလေးကို ကြည့်မျှော်ကာ နေရစ်လေသတည်း ။
▢ ပီမိုးနင်း
📖 ဗန္ဓုလဂျာနယ်
သြဂုတ် ၂၂ ၊ ၁၉၂၇
No comments:
Post a Comment