❝ စမ်းရေတိုင်း အေးစေသလား ❞
( ချောအိမာန် - မန္တလေး )
ဒီကနေ့ မနက်အိပ်ရာထ ပြတင်းပေါက်က လိုက်ကာကို အသာလှပ် ကြည့်စဉ်မှာ ...
တစ်ဖက်ခြံထဲက ထူးဆန်းတဲ့ မြင်ကွင်းကြောင့် အံ့သြသွားမိတယ် ။ အမြဲတမ်း လူသူ မရှိသလို တိတ်ဆိတ်နေတဲ့ တစ်ဖက်ခြံထဲမှာ ကျွန်မတို့ ရပ်ကွက်ထဲက လူသုံးလေး ယောက်ကို တွေ့ရတယ် ။ သူတို့တွေက အဲဒီ အိမ်ထဲကို ဘာလာ လုပ်တာလဲ ကြည့်နေဆဲ ၊ ခဏနေတော့ ရပ်ကွက်က နာရေး ပြင်ဆင်ဖို့ ထိုင်ခုံတွေ အမိုးအကာတဲတွေ လာချတော့မှ ကျွန်မ စိတ်ထဲက ထိတ်ထိတ်နဲ့ ခန့်မှန်းမိသွားတော့တယ် ။
ဪ ဖြစ်မှဖြစ်ရလေ ၊ ဆုံးသွားပြီပေါ့ ။ ခံနေရတဲ့ ဝဋ် ကြွေးတွေ အဆုံးသတ်သွားတာပေါ့လို့ တစ်ယောက်တည်း ညည်းမိတယ် ။ မနေ့ညက ကျွန်မ ကြားခဲ့ရတဲ့ အဘွားအိုရဲ့ အသံက ဘာလဲ ၊ မနေ့ည ကတည်းက အော်ရင်း ဆုံးပါးသွားခဲ့တာလား ။ ဒါမှမဟုတ် ရုန်းကန်ရင်း ဆေးရုံ မပို့တာကြောင့် အသက်ရှူရပ်ရင်း ဆုံးသွားတာလား ။ တစ်စုံတစ်ခု ထိခိုက်မိသွားတာလား ။ ဘယ်သူမှ သေချာမသိနိုင် ။ သေချာတိတိကျကျ သိနိုင်တာကတော့ အဘွားအိုနဲ့ အတူနေ သူ့သမီးပင် ဖြစ်လိမ့်မယ် ။
လူတွေ ခြံထဲမှာ တစ်စတစ်စ နည်းနည်းစီ ရောက်လာတယ် ။ လွန်ခဲ့တဲ့ သုံးလေးနှစ် ပြောင်းလာကတည်းက ရပ်ကွက်ထဲက လူတွေနဲ့ ပတ်သက်ရင်းနှီးတာ မတွေ့ရပေမဲ့ နာရေး အိမ်မို့ လာပေးကြတာ ဖြစ်လိမ့်မယ် ။ ကျွန်မလည်း ခဏနေရင်တော့ အိမ်ချင်းကပ်ဆိုတော့ သွားရဦးမယ် ။
အဘွားအိုက တစ်နှစ်ကျော် အတွင်း ဘယ်လို ဝေဒနာတွေ ခံစားသွားခဲ့ရတာလဲ ဆိုတာ သိချင်စိတ် ဖြစ်မိတယ် ။ အဘွားအိုက ဘယ်မှ မထွက်ရ ၊ မသွားလာရနဲ့ လှောင်ချိုင့်ထဲ ပိတ်လှောင်ခံရသလို စိတ်တွင်းဒဏ်ရာ အနာတရများ တော်တော် ခံစားသွားရပုံပေါ်တယ် ။ သူ့သမီးက ဘယ်သူနဲ့မှ အရောအယှက် မပြုဘဲ ခပ်တင်းတင်း မျက်နှာထားနဲ့ နေတတ်တာမို့ လမ်းတွေ့ရင်တောင် နှုတ်မဆက်မိဘူး ။ အဘွားအိုကို အရင်တုန်းက မမြင်ဖူးပါ ။ နောက်ပိုင်း သူ့ကို မွေးခဲ့တဲ့ အမေရင်း ဆိုတာ သိခဲ့ရပြီး သူ့ယောက်ျား ဆုံးမှ အမေရင်း အဘွားအိုကို နယ်မြို့တစ်မြို့ကနေ ဆေးကုသပေးဖို့ ခေါ်လာခဲ့တယ်လို့ သိရတယ် ။ ပေါင်းသင်းဆက်ဆံရေး မပြေပြစ်တဲ့ သူမမှာ အသိုင်းအဝိုင်းလည်း ကြီးကြီးမားမား ရှိပုံမပေါ် ။ ယောက်ျား ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံတွေ ပစ္စည်းတွေနဲ့ ချမ်းသာခဲ့ပြီး ခုလတ်တလောက ချဲ ဒိုင်ကိုင်လိုက်တာ အတော် ထိသွားတယ်လို့ သတင်းထွက်ခဲ့တယ် ။ သိပ်မကြာသေးခင်က ကြွေးရှင်တွေ လာကြတာမို့ အခြားနေရာမှာ နှစ်ပတ်လောက် သွားအောင်းနေသတဲ့ ။
သူ့အမေရင်း ဆိုတဲ့ ဒီ အဘွားအိုက တစ်ချိန်တုန်းက စိန်ကုန်သည် လုပ်ခဲ့ဖူးတယ် ။ နေနိုင်စားနိုင်ပြီး အဆင့်တစ်ခုတော့ ရှိတယ်လို့ ကြားရတယ် ။ အဘွားအိုမှာ ရှေးလက်ဝတ် လက်စားတွေ အများကြီး စုဆောင်းခဲ့ပြီး သူ့သားတစ်ယောက်နဲ့ နယ်မှာ နေတယ် ။ သူ့သားက ဆုံးပြီး ဘယ်သူမှ အားကိုးစရာ မရှိတော့လို့ သူ့ သမီးက သွားခေါ်တာတဲ့ ။
သူတို့အိမ်မှာ အရင် အိမ်ဖော်လုပ်တဲ့ ကောင်မလေးက ကျွန်မတို့ အိမ်က ကောင်မလေးကို ပြောပြလို့ သိရတာ ။ အဲဒီ အိမ်ဖော်လေးကိုလည်း အကြောင်းမရှိ အကြောင်းရှာပြီး အလုပ်ဖြုတ်ပစ်လိုက်တယ် တဲ့ ။ လခကလည်း နည်းနည်းလေး ပေးတာ ၊ အကျင့် မကောင်းဘူး ။ အဘွား အပေါ်လည်း မကောင်းဘူး ။ အဘွားကို သေအောင် တစ်ရက်ပြီး တစ်ရက် နှိပ်စက်နေတာလို့ ပြောတော့ ကျွန်မပင် မယုံနိုင်အောင် အံ့သြခဲ့ရတယ် ။
အသက် ရှစ်ဆယ်ကျော် အဘွားအိုက သူ့ကို ဘာပြန် လုပ်နိုင်မှာလဲ ။ ဘာလို့ နှိပ်စက်တာလဲ ။ အကြောင်းတစ်ခုတော့ ရှိရမယ်လို့ ကျွန်မ ထင်တယ် ။ ကျွန်မ ကြားကြားနေတဲ့ အသံတွေက ဘာပါလိမ့် ။ သေချာတာကတော့ အဘွားမသေခင် မနေ့ညက အော်ဟစ်ဆူပူနေသံတွေက နားထဲက မထွက် ။
“ ငါ့ပစ္စည်းတွေ ပြန်ပေး ၊ မပေးရင် ငါသေတောင် မကျွတ်ဘူး သိလား ၊ နင့်နားပဲ နေမှာ ”
“ ကောင်းတယ် မကျွတ်နဲ့ ၊ ခင်ဗျားက မသေဘူး ၊ ကျုပ်ပဲ အရင်သေမှာ ။ ဘာပစ္စည်းမှ မရှိဘူး ၊ ဥစ္စာရူး ရူး မနေနဲ့ ”
“ လွှတ် ... လွှတ် ... ငါ့ကိုလွှတ် ”
“ မလွှတ်ဘူး ၊ ခင်ဗျားက လူလိုပြောနေတာကို နားမလည်ဘူး ၊ ရိုက်မှ သိတာမလား ”
“ မရိုက်နဲ့ နာတယ် ”
“ နာတယ်ဆို အော်မနေနဲ့ ၊ ခင်ဗျားကြောင့် ကျုပ် စိတ် ဆင်းရဲတယ် ”
“ ဘာ စိတ်ဆင်းရဲတာလဲ ၊ ငါ့ပစ္စည်းတွေ ယူထားပြီးတော့ ”
“ ပြောပြန်ပြီ ၊ ဖြန်း ... ဖြန်း .. ဝုန်း .. ဒုန်း ”
အဘွားအိုနဲ့ သူ့သမီး အပြန်အလှန် အော်ဟစ်ပြော နေကြတာတွေက ထူးဆန်းနေတယ် ။ နောက်ပြီး ကိုယ့်မိခင် ရင်းကို ကိုယ်ထိလက်ရောက် လုပ်နေတာတော့ ဒီမိန်းမ တော်တော်လွန်နေပြီ ။ နောက်ဆုံး အဘွားက အရိုက်ခံပြီး ဇာတ်သိမ်းလိုက်ရပုံရတယ် ။ အိမ်ဖော်မလေး ပြောတာတော့ နောက်ဆုံး သူလည်း မနေချင်တော့ဘူး ၊ အတ္တကြီးပြီး အရမ်းရက်စက်လွန်းတာ ယုံတောင် မယုံနိုင်တော့ဘူးတဲ့ ။ အဘွားကို သနားပေမဲ့ ဝင်ပြောခွင့်မရှိတဲ့ ဘဝမို့ တော်တော် သည်းခံ ချုပ်တည်းရတယ်တဲ့ ။
ကျွန်မအခန်းနဲ့ တန်းလျက် အပေါ်ခန်းက သူမ အခန်း ဖြစ်ပုံရတယ် ။ ညည ဆို အော်သံ အမြဲလိုလို ကြားရတယ် ။ အနောက်အစွန် အခန်းလေး ထဲမှာ အဘွားအိုကို ထားပုံရတယ် ။ အဲဒီ အခန်းထဲက ပုံရိပ်တစ်ခုကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မ မျက်ဝါးထင်ထင် တွေ့ထားတာ ။ စူးစူးဝါးဝါး တစ်ချက်အော်သံကြောင့် ကျွန်မ အိပ်ရာထက်က ထရင်း လက်က အံဆွဲထဲက မှန်ပြောင်းလေးကို ထုတ်ပြီး သေသေချာချာ မြင်ချင်တဲ့ စိတ်ကြောင့် ကြည့်လိုက်မိတယ် ။
“ ဘုရားရေ …… ”
ကျွန်မနှုတ်က တကယ့်ကို ဘုရား တ,မိသွားတယ် ။ အိမ်ဖော်မလေး ပြောတာ မှန် နေပြီပဲ ။ လိုက်ကာ အကွယ် ကနေ နေရာယူ ၊ မှန်ပြောင်း တစ်လက်နဲ့ ကျွန်မ ထိုအချိန် ကစပြီး အလုပ်များခဲ့ပါတယ် ။ အဘွားအိုရဲ့ဆံပင်တွေက ဖွာလန်ကျဲလို့ ။ သူမရဲ့လက်သည်း ချွန်ချွန်တွေနဲ့ အဘွားအိုရဲ့ခေါင်းကို ဘယ်ညာနှစ် ဖက်ကိုင်ပြီး ကုတ်ခြစ်လို့ပါလား ။ ခေါင်းကို ကိုင်ပြီး ဘယ်ညာ ယမ်းလိုက်သေးတယ် ။ ရင်ဘတ်က အင်္ကျီစကို ကိုင်ပြီး ဆောင့်ဆောင့် တွန်းလိုက်တာ နှစ်ချက်သုံးချက် မကတော့ ။ အဘွားအိုက သူ့ရဲ့ လက်သေးသေးလေးနဲ့ ပြန်လုပ်ပေမယ့် မမီ ။ လူကလည်း ယိုင်နဲ့ နေတယ် ။ ကြည့်ရင်းနဲ့ ရင်တွေ တဒိတ်ဒိတ် ခုန်လာခဲ့တယ် ။ စိတ်မကောင်း ။ အဘွားအိုရဲ့ အရိုးပဲ ရှိတဲ့ ခန္ဓာကိုယ်လေးက သူမရဲ့သန်မာတဲ့ လက်တွေနဲ့ ခန္ဓာကိုယ်ကြား နစ်မြုပ်လို့ ငှက်ကလေး တစ်ကောင်ကို ငှက်သမားက ဆုပ်ကိုင်ထားသလိုမျိုးပါပဲ ။
“ ရူးမနေနဲ့ ဥစ္စာရူး ”
“ ဟဲ့ နင့်ကို ငါက မွေးထားတာ ၊ မွေးထားတဲ့ ကျေးဇူးတောင် မသိဘူး ၊ ငါ့ကိုအသေလုပ်တယ် ”
“ ဘာမွေးတာလဲ ၊ ခင်ဗျား ကမြင်းကြောထပြီး ။ တော်ပြီ ထပ်မပြောချင်ဘူး ”
“ ငါ သေမယ် ၊ နင့်ကို စိတ်နာတယ် ၊ ငါ့သားဆီ ပြန်ပို့ ”
“ ခင်ဗျားသားက သေပြီ ၊ မသိဘူးလား ”
“ မသေဘူး … သေပြီလား ၊ ငါ့သား သေပြီလား ”
ခဏနေတော့ မီးမှိတ်ပြီး အသံတွေ တိတ်ဆိတ်သွားတယ် ။ ကျွန်မလည်း မှန်ပြောင်းကို ချရင်း ရင်မောစွာနဲ့ ခုတင်ပေါ် ပက်လက်လှန် အိပ်လိုက်မိပြီး အတွေးများစွာနဲ့ မောနေမိတယ် ။ တစ်စတစ်စ စိတ်ဝင်စားလာတဲ့ အဘွားအိုရဲ့ နှိပ်စက်ခံရခြင်း အပေါ် ဘယ်လိုကူညီပေးနိုင်မလဲလို့ စဉ်းစားပေမဲ့ ဘယ်လိုမှ မပေါ် ။ လမ်းကြောင်း မရှိ ။ အပြင်တောင် ထွက်ခွင့် မရှိ ။ အဘွားအိုကို မသေရုံတစ်မည် ကျွေးပြီး နှိပ်စက်နေပုံရတယ် ။ တစ်နေ့က ကျွန်မအိမ်က ကောင်မလေးယုယု တုပ်ကွေး ကွေး တော့တယ် ။ တော်တော်နဲ့ မပျောက်တာမို့ ဆေးခန်းသွားရတယ် ။ ဆရာဝန်ကလည်း မျက်နှာသိ ဆရာဝန်မို့ ဘာဖြစ်ဖြစ် သူ့ဆီ ပြေးရတာပါ ။ အိမ်က အဘွား ကတော့ ဒီဆရာဝန်က လွဲလို့ ဘယ်သူ့ကိုမှ အပြမခံဘူး ။ ကိုယ့်မှာလည်း အသက်ကြီးကြီး အဘွားရှိတော့ အဘွားအိုကို ကိုယ်ချင်းစာမိတယ် ။ သမီး အရင်းမှ ဟုတ်ရဲ့လား မသိဘူးလို့ တွေးမိတယ် ။
ဆေးခန်းအပြင်မှာ စောင့်နေတုန်း အခန်းထဲက ထွက်လာတာ အဘွားအို ၊ မျက်နှာထား တင်းတင်းနဲ့ သူ့သမီး ၊ ခိုင်းတဲ့ ကောင်မလေး ။ ကျွန်မ ရုတ်တရက် အံ့ဩသွားတယ် ။ ကောင်မလေးက နှုတ်မဆက်ရဲ ။ ယုယု ကို မျက်လုံးလေးနဲ့ တစ်ချက်ကြည့်ရင်း အဘွားအိုလက်ကို တွဲပြီး ထွက်သွားတယ် ။ ဟိုမိန်းမကတော့ ကောင်တာက ဆေးယူပြီး နောက်မှ ထွက်သွားတယ် ။ သူမ ထွက်သွားပြီး ကောင်တာက ဆေးပေးတဲ့ ဆရာမလေးတွေရဲ့ မဲ့မဲ့ရွဲ့ရွဲ့စကားသံက ကျွန်မရဲ့ စိတ်ဝင်စားမှုကို ပိုတွန်းအားပေးလာပါတယ် ။
“ အံ့ပါရဲ့ အေ ၊ သားအမိ နှစ်ယောက် ရုပ်က တစ်ရုပ်တည်း ဖြစ်နေတာကို ဘာမှ မတော်ဘူးလို့ ပြောသေးတယ် ”
“ ခိုင်းတဲ့ ကောင်မလေးကို မေးလိုက်တော့ သားအမိလို့ ပြောတာပဲ ”
“ ဘာဖြစ်လို့ ကိုယ့်အမေကို ဘာမှ မတော်ဘူးလို့ ပြောတာလဲ ။ ဦးနှောက် သိပ်မကောင်းလို့ လာပြတာတဲ့ ”
“ ဟဲ့ အဲဒီအဘွားက အရင်က ဒီလောက် မဟုတ်ဘူး ။ သူ့သမီး တိုက်တဲ့ ဆေးတွေက အရမ်း အန္တရာယ် များတယ်လို့ ဒေါက်တာ ပြောတာကို ငါကြားတယ် ။ ဆရာ ဆိုရင်တော့ ကောင်းကောင်း သိမှာပဲ ”
“ အေး မဖြစ်လို့ ဆေးခန်း လာပြပေးနေတဲ့ ပုံစံပဲ ”
ဆရာမလေးတွေက ပြောရင်း ဆရာဝန် ထွက်လာတာနဲ့ ရပ်သွားတယ် ။ ယုယု ကို ပြပြီး ဆရာဝန်နဲ့ စကား ပြောရင်း မေးမိတယ် ။
“ ဆရာ အဲဒီအဘွားအိုက ကျွန်မအိမ်ဘေးခြံကပါ ။ ဘာရောဂါ ဖြစ်တာလဲဟင် ”
“ အဓိကကတော့ စိတ်ဓာတ်ကျ ၊ စိတ်အားငယ်တဲ့ ရောဂါပဲ ။ ရောဂါကြီးကြီးမားမား မရှိဘူး ။ ဒါပေမဲ့ အံ့ဩတာ တစ်ခုက သူ့သမီးက အိပ်ဆေးဆိုပြီး စိတ်ငြိမ်ဆေးတွေကို နေ့တိုင်း တိုက်ထားတယ် ။ များလွန်းရင် မကောင်းဘူး ၊ လူကလည်း အားရှိနေမှ ။ ခု အဘွားက အားနည်းနေတယ် ၊ စိတ်ငြိမ်ဆေးတွေလည်း များထား တယ် ။ ကျွန်တော် တိုက်တဲ့ ဆေးတွေကို အကုန်ယူခဲ့ပါဆိုမှ သိရတာ ။ ဒါမျိုးရောဂါက စိတ်သိပ်ကျဉ်းကျပ်ပြီး ထွက်ပေါက်မရှိနဲ့ စွဲလမ်းချင်ရာကို စွဲလမ်းနေတတ်တယ် ။ အားရှိ တာလေးကို ပုံမှန်စား ၊ အသက်ရှူ ချောင်အောင် အပြောင်းလဲလေး တစ်ခုခု လုပ်ပေးရင် သက် သာသွားနိုင်တယ် ။ ခုက မသက်သာဘူး ၊ ပိုဆိုးနေတယ် ။ ကျွန်တော်က စိတ်ရောဂါ အထူးကုနဲ့ ပြဖို့ ညွှန်းပေမဲ့ သူ့ သမီးက ခေါင်းမာနေတယ် ”
“ ဆရာ အဲဒါ သူ့သမီး မဟုတ်လား ”
“ ဟုတ်တယ်လေ ၊ မေးစရာတောင် မလိုဘူး ။ သူ့ အမေနဲ့ တစ်ရုပ်တည်းပဲ ”
“ ဆရာ့ဆီ အမြဲလာပြလား”
“ မပြပါဘူး ၊ တစ်လမှ နှစ်ခါ သုံးခါပါ ။ ခက်တာက အဲဒီ အမျိုးသမီးက မြင်းရှေ့က ပြေး ဆိုသလိုပဲ သူက ဆရာ ဝန်ထက် ပိုတတ် ပိုသိပြနေတယ် ။ ကျွန်တော်လည်း သိပ်မပြောချင်ဘူး ”
ဒီလိုနဲ့ ဆရာဝန်နဲ့ ပြောတဲ့ စကားထဲမှာ စိတ်ဝင်စားစရာ အကြောင်းတွေက ပါလာပြန်တယ် ။ စိတ်ငြိမ်ဆေးတွေကို သူ့သဘောနဲ့သူ တိုက်နေတာလား ။ ဘာလို့ တိုက်တာလဲ ။ အင်း အမေရင်း ဆိုတာကို အပြင်မှာ ဘာလို့ ဖုံးကွယ်ချင် ရတာလဲ ။ နောက် အဘွားအို က ပြန်ပေးလို့ တောင်း , တောင်းနေတာက ဘာပစ္စည်းလဲ ။ အရင်က စိန်ကုန်သည် ဆိုတော့ စိန်တွေလားလို့ ကျွန်မ ဆက်တိုက် တွေးနေမိတော့တယ် ။
တစ်နေ့က ကျွန်မ မနက်စာ စားနေတုန်း ယုယုက သတင်းတစ်ခုကို ပြောပါတယ် ။ ဟိုဘက်အိမ်က ကောင်မလေး မနေ့ညနေကပဲ ပြန်သွားပြီတဲ့ ။ အဲဒီ ကောင်မလေးက ယုယု ကို အဲဒီမိန်းမက သမီးအရင်း မှန်တယ် ။ အဘွားရဲ့ ဘိုးဘွား လက်ထက် ကတည်းက စိန် ထည်ပစ္စည်းတွေနဲ့ ရွှေချောင်း တချို့ ထုပ်သိမ်းထားတဲ့ပစ္စည်း တွေကို သူ့သမီးက ခိုးယူ လိုက်တာကြောင့် အဘွားက ပြန်တောင်းနေတာ ။ သတိမေ့ သွားအောင် ဘာဆေးတွေလဲ မသိဘူး အများကြီးတိုက်တယ် ။ ဒီအကြောင်းတွေကို သူက တဖြည်းဖြည်း သိပြီး အပြင်ကို ပေါက်ကြားမှာ စိုးလို့ အလုပ်က နားလိုက် ကြောင်း ၊ အဘွားကတော့ ဒီအတိုင်းဆို သေမှာပဲလို့ ပြော သွားတဲ့ ကောင်မလေးကို ကျေးဇူးတင်မိတယ် ။ ကျွန်မ စိတ်ထဲမှာ ကိုယ်တိုင် မေးချင်နေတဲ့ မေးခွန်းတွေကို ဖြေပေး သွားသလိုပဲ ။
ဒါဆို အဘွားအိုမှာ ရှေး အစဉ်အဆက် ကတည်းက ချမ်းသာခဲ့ပြီး ပါလာတဲ့ပစ္စည်းတွေကို သူ့သမီးက မသိအောင် ယူထားလိုက်တယ် ။ ဒါကို ခဏခဏ ပြောနေ မေးနေတော့ ပိုပြီး စိတ်နောက်အောင် သတိမေ့အောင် ဆေးတွေ တိုက်ထားတယ် ။ မသေခင်မှာ အလိုလောဘကြောင့် ပစ္စည်းတွေ ယူတယ် ။ သူ့အကြွေးရှင် တွေအတွက် Save ဖြစ်အောင် လုပ်ထားတယ်လို့ သဘောပေါက်လိုက်တယ် ။
သမီးဖြစ်သူက အမေရင်းကို အိုနာနေတဲ့ အချိန်မှာ ကောင်းကောင်း ပြုစုပြီး ၊ အဘွားအို သေရင်လည်း ပစ္စည်းတွေ အကုန် ရနိုင်တဲ့ ကိစ္စကို ဘာဖြစ်လို့ အဘွားအိုကို စိတ်ဒဏ်ရာရအောင် နှိပ်စက်နေသလဲ ဆိုတာကိုတော့ ကျွန်မ သိချင်တဲ့ နောက်ဆုံး အချက်ပင် ။ ကျွန်မ မျက်လုံးနဲ့ သေသေချာချာ မြင်ရတဲ့ ပုံရိပ်နဲ့ အသံတွေ ကတော့ ကိုယ့်မျက်လုံးနဲ့ နားကိုပင် မယုံနိုင် ။ ကောင်မလေးက ထွက်သွားပြီ ဆိုတော့ ကျွန်မတို့အတွက် သတင်း သိပ်မကြားခဲ့ရတော့ ။
သိပ်မကြာခင်မှာ အဲဒီ အမျိုးသမီး အိမ်တံခါးတွေ ပိတ်ပြီး ထွက်သွားတာတွေ့ ရတယ် ။ အဘွားအိုတစ် ယောက်တည်းသာ ကျန်ခဲ့ပြီး ဘာလုပ်နေမလဲလို့ တွေးနေ တုန်းမှာ အံ့သြစွာပဲ ခြံထဲက သစ်ပင်တွေနားမှာ လှုပ်လှုပ်နဲ့ အဘွားအိုကို တွေ့လိုက်ရ တယ် ။ အဘွားအိုကို ခြံထဲမှာ တွေ့ရဖို့က မလွယ် ။ အိမ်ပေါ် ကနေ ဆင်းပြေးပြီး အဘွားနဲ့ အနီးဆုံးနေရာကို ခုံနဲ့ တက်ပြီး အဘွားအိုနဲ့ စကားပြောဖို့ ကြိုးစားမိတယ် ။
“ အဘွား ... အဘွား ”
အဘွားအိုက ရုတ်တရက် မော့ကြည့်ပြီး တစ်ချက် ပြုံးလိုက်တယ် ။
“ အဘွား ဘာလုပ်နေတာလဲ ၊ တစ်ယောက်တည်းလား ”
“ အင်း ... သူ တို့က ထွက်သွားပြီ ။ အဘွား အိမ်ပြန်ချင်တယ် ၊ တံခါးဖွင့်ပေးပါ ၊ လိုက်ပို့ပေးပါ ”
“ အဘွားက ဘယ်သွားချင်တာလဲ ”
“ သားဆီ ”
“ ခု အတူနေတာက သမီးလား ”
“ ဟုတ်တယ် သမီး ၊ သူက အဘွားကို ရိုက်တယ် ... ဒီမှာ ...”
အဘွားလက်ကို လှန်ပြတယ် ။ ကုတ်ခြစ်ထားတဲ့ သွေးစို့စို့ ဒဏ်ရာ ခြစ်ရာများ စိတ်ထဲ စစ်ခနဲ နာကျင်သွားမိတယ် ။
“ အဘွားမှာ ဘာပစ္စည်းမှ မရှိတော့ဘူး ။ ပိုက်ဆံလည်း တစ်ပြားမှ မရှိဘူး ”
“ သားက ဘယ်မှာလဲ ၊ အဘွား ဟိုမှာ လာနေပြီ ”
ကျွန်မလည်း ခုံပေါ်ကနေ ချက်ချင်း ဆင်းလိုက်ရတယ် ။ ဟို အမျိုးသမီးက တံခါးဝမှာ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ရောက်လာပြီး ခဏနေတော့ ကျွန်မ စိုးရိမ်မိတဲ့အတိုင်း အော်ဟစ် ဆူပူရိုက်သံတွေနဲ့ အိမ်ထဲကို ကြောင်လေး တစ်ကောင် ခေါ်သွားတဲ့ အတိုင်း ဆွဲပြီး ခေါ်သွားတယ် ။ တံခါးပေါက်တွေကို လုံအောင် ပိတ်ထားပေမဲ့ နောက်ဖေးပေါက် ကနေ အဘွားအိုက ဖွင့်ပြီး ခြံထဲကို ထွက်လာကြောင်း သိတယ် ။ သူမရဲ့ ပြင်းပြင်းထန်ထန် တံခါးပိတ်သံတွေလည်း ကြားရတယ် ။ ကျွန်မ အဘွားအိုနဲ့ တိုက်ရိုက် စကားပြောလိုက်ရတော့ ပိုပြီး စိတ်မကောင်း ဖြစ်လာတယ် ။ သူ့သား သေသွားပြီ ဆိုတာကို မေ့သွားပုံ ရတယ် ။ ဆရာဝန် ပြောတဲ့ စိတ်ကျရောဂါတွေက ပိုဖြစ်အောင် သူ့သမီးက တွန်းပို့နေတာ အသေအချာပါပဲ ။ ကူညီချင်ပေမဲ့ ဘယ်လိုမှ အခြေအနေက မပေး ။ ကြည့်ရ မြင်ရ ကြားရတာတွေက စိတ်မသက်သာ ။ ထိုမိန်းမကို စိတ်ပျက်မိတယ် ။ သေချာတာကတော့ သူ့အပြစ် သူ ခံရမှာပဲ ဆိုပေမဲ့ လတ်တလော အဘွားအိုက စိတ်ဒဏ်ရာတွေ ခံစားနေရပြီ ။
အဲဒီလို တစ်ကြိမ်တည်း အဘွားအိုနဲ့ ဆုံခဲ့ ပြောခဲ့ရတာတွေက နောက်ဆုံးပါပဲ ။ နောက်ဆုံးမှာ အဘွားအိုရဲ့ အကူအညီတောင်းသံနဲ့ မဆုံးခင် ညက ကြားခဲ့ရတဲ့ အဘွားအိုရဲ့ ကြောက်ရွံ့နာကြည်းမှု အော်သံတွေက ကျွန်မ နှလုံးသားပင် ခံနိုင်ရည် မရှိခဲ့ ။
ဘယ်လိုပဲ ဟိုအမျိုးသမီးကို မုန်းမုန်း ၊ အဘွားအိုရဲ့ နောက်ဆုံး နာရေးကို ယုယု နဲ့ သွားဖို့ ပြင်ဆင်လိုက်တယ် ။ ဘွားအိုနဲ့ ပတ်သက်တာတွေ ဘယ်သူများ လာမလဲ ။ ဟို အမျိုးသမီးက ဘယ်လိုဟန်ဆောင် မျက်နှာဖုံးတွေနဲ့ ပြောဆိုနေမလဲ ။ အခြားသူတွေ ဒီဖြစ်စဉ်ကို သိရင် ယုံကြမှာ ဟုတ်ပါဘူး ။ အဘွားအို ဝဋ်ကြွေး ငြိမ်းပြီး ကောင်းရာသုဂတိ ရောက်ပါစေလို့ ဆုတောင်းမိတယ် ။
••••• ••••• •••••
တစ်ခါမှ မရောက်ဖူးတဲ့ ဒီအိမ်ခြံဝင်းမှာ အမှိုက်တွေ ၊ မြက်တွေ အပြည့် ဖုံးအုပ်နေတယ် ။ တချို့ရပ်ကွက်ထဲက လူတွေ အမှိုက်လှည်း ၊ ခုံချနေကြတယ် ။ နှစ်ထပ်တိုက်ကြီး ထဲက ဧည့်ခန်းထဲကို အရောက် မမြင်ဖူးတဲ့ အမျိုးသမီးတစ် ယောက်က ခေါ်တယ် ။ ကျွန်မက အဘွားရဲ့ ရုပ်အလောင်းထားရှိရာ ဇာအုပ်ထားတဲ့ ခုတင်နား အရောက် ပါးစပ်ကို ကိုယ့်လက်နဲ့ ပြန် ပိတ်မိအောင် အံ့သြသွားရပါတယ် ။ ယုယု ကလည်း ကျွန်မ ဘေးနား လိုက်ပါလာတာကြောင့် ကျွန်မလက်ကို ရုတ်တရက် လာကိုင်ပြီး ဆုပ်လိုက်တယ် ။ ဘာမှမပြောနိုင်အောင် ကျွန်မရော ယုယုရော ပါးစပ်အဟောင်းသားနဲ့ အံ့ဩသွားမိတယ် ။ ထိုင်ခုံမှာ ထိုင်ရင်း အိမ်ထဲ ဝှေ့ကြည့်မိတုန်း ဧည့်ခန်းထဲ လူတစ်ယောက် ဝင်လာတယ် ။ သူ့ပုံစံက ဆရာဝန်တစ်ဦးနဲ့ တူတယ် ။
“ ဒေါ်ခက်မာသွေးက ဘယ်လို ဖြစ်သွားတာလဲ ။ သတင်းကြားတော့ ယုံတောင် မယုံဘူး ”
ကျွန်မတို့ကို ဧည့်ခန်းထဲ ခေါ်တဲ့ အမျိုးသမီးက ...
“ ကျွန်မက တိုက်တိုက်ဆိုင်ဆိုင် ဒီအိမ် လာရင်းနဲ့ သိရတာပါ ။ သူ့အခန်းထဲမှာပဲ အသက် မရှိတော့ဘူး ။ အဆက် အသွယ်က သိပ်မရှိပါဘူး ။ ကျွန်မက သူ့အမျိုးသားရဲ့ ညီမဝမ်းကွဲပါ ”
“ ကျွန်တော့်ဆီ လာလာ ပြနေတာ ။ သိပ်တော့ မကြာ သေးပါဘူး ။ သူ့မှာ စိတ် အထီးကျန် အနုစား ရောဂါရှိ နေတယ် ။ ကိုယ်ဖြစ်ချင်တာတွေ စိတ်တိုင်း မကျတော့ရင် စိတ်တွေ ယောက်ယက်ခတ် လာတယ် ။ စိတ်ငြိမ်ဆေးတွေ ပေးရတယ် ။ သွေးတိုးရှိတယ် ဆိုတော့ သွေးဆောင့်တက် သွားပုံရတယ် ။ ဆေးတွေ လည်း စနစ်တကျ မသောက် တတ်ဘူး ။ တစ်ခါတလေ နှစ်ကြိမ် သုံးကြိမ် သောက်မိနေတတ်တယ် ”
“ ဒါတွေလည်း မသိပါဘူး ဆရာ ။ ယောက်ျားနဲ့ကွဲပြီး ယောက်ျားဆုံးသွားတော့ ယောက်ျားအမျိုးတွေက သူ့ စရိုက်ဆိုးတွေကြောင့် မပတ် သက်တော့ဘူး ။ လောင်း ကစားက အရမ်းလုပ်တော့ ဒီအိမ်ကြီးကိုတောင် ပေါင်ထားရတယ် ”
ဒေါ်ခက်မာသွေးရဲ့ ဆရာဝန်လည်း အံ့သြမှုတွေနဲ့ ပြန်သွားပြီး အဘွားအိုနဲ့ သူမရဲ့ ကျွန်မ သိချင်တဲ့ အကြောင်းအရာကို ထိုအမျိုးသမီးနဲ့ ပြောဖြစ်တယ် ။ သဘောကောင်းပုံ ရတဲ့ ထိုအမျိုးသမီးက ..
“ ကျွန်မက အစ်ကိုဆုံး ကတည်းက စိတ်နာလို့ မလာတာ ကြာပြီ ။ အဲဒီနေ့က ဘာလို့မှန်း မသိဘူး အရမ်းလာချင်နေတာနဲ့ လာတာ ။ ညီမတို့က အိမ်ချင်းကပ်ဆိုတော့ သူဆိုးတာ ပိုသိမှာပါ ။ ဒီမှာ ရှိနေတဲ့ အဘွားအိုက အမေရင်းပါ ။ သူက အလကားနေ သူ့ အမေရင်းတောင် စိတ်နာနေတာ ။ သူ့ကို အဖေ မပေါ်ဘဲ မွေးခဲ့လို့တဲ့ ။ သူ့သားက မြောင်မှာ နေတာ ။ ပထမ ယောက်ျားနဲ့ ရတဲ့သားပေါ့ ။ သားက မြွေကိုက်လို့ ဆုံးသွားတာ ။ လူပျိုကြီး ဆိုတော့ အဘွားကို ကြည့်မယ့်သူ မရှိတော့ သွားခေါ်လာတာ ။ အဓိကကတော့ ဆေးကုပေးချင်လို့ မဟုတ်ဘဲ ပစ္စည်းတွေ ယူချင်လို့ပါ ။ အဘွား စိန်ပစ္စည်းတွေကို သူခုတင်ရဲ့အံဝှက် Box ထဲက တွေ့ခဲ့တယ် ။ ကျွန်မကတော့ အဘွားကို ဘိုးဘွားရိပ်သာမှာ သေချာလေး အပ်ပြီး သူလှူ ချင်တာတွေကို အကုန်လိုက် လုပ်ပေးရမှာ ။ ဒီအိမ်ကိုတော့ လူလည်း မရှိတော့ဘူး ဆိုတော့ သူ့ယောက်မတွေ ဘာလုပ်မလဲ မေးရမယ် ။ သူတို့တွေကလည်း နိုင်ငံခြားမှာပဲ အခြေချ နေထိုင်နေတာ ။ ဒီမှာ တယောက်မှ မရှိဘူး ။ ကိစ္စတွေ ပြီးအောင် လုပ်ပေးဖို့ ကျွန်မပဲ ရှိတယ် ”
“ ခု အဘွားကရော ”
“ ထမင်း ကျွေးထားတယ် ။ သူ့သမီး ဆုံးတာတော့ မနက်မှ သိတာ ”
“ ကျွန်မကလေ အမှန် ပြောရရင် အဘွားဆုံးတာ မှတ်နေတာ ”
“ သူ့အပြစ် သူခံရတာ ။ သူ့အမေပေါ် တစ်စက်မှ မကောင်းခဲ့ဘူးလေ ။ အဘွားကတော့ မိခင်ဆိုတော့ မျက်ရည်ကျရင်း ဝဋ်ကြွေးတွေလို့ ပြောတယ် ”
“ ဘယ်လိုပဲဖြစ်ဖြစ် ဒီ အမေက မွေးခဲ့လို့ လူ့လောကထဲ ရောက်လာတာလေ ။ မိခင် စိတ်မရှိဘဲ ဖျက်ချခဲ့ရင် လူ့ ဘဝထဲတောင် ရောက်လာမှာ မဟုတ်ဘူး ။ ဒါကြီးကို တွေး ပြီး မကျေမချမ်းနဲ့ နှိပ်စက် တာက ကံကြီးထိုက်သွား တယ်လို့ ပြောရမလိုပါပဲ ။ အမေဟာ နူနေ ဝဲစွဲနေရင်တောင် အမေက အမေပါပဲ ”
ဒီဘဝမှာ အဆုံးသတ်ပေမဲ့ နောင်ဘဝတွေမှာ အကြွေး ပြန်ဆပ်ရမယ့် ဝဋ်ကြွေးတွေ အတွက် ကြက်သီးထအောင် ကြောက်စရာ ကောင်းလှတယ် ။ အိမ်ပြန်လာချိန်မှာတော့ အိမ်ကို အလည်လာတတ်တဲ့ တူ ၊ တူမတွေကို အဖေနဲ့ အမေက ဒီမှာ စမ်းရေတွေ ရောက်နေတယ်ဟေ့လို့ ပြောတယ် ။
ကလေးတွေကို စမ်းရေလို့ ညွှန်းဖွဲ့တတ်ကြတယ် ။ ဆည်းလည်းသံလေးတွေလို့ တင်စားကြတယ် ။ ဒါတွေက အမြဲ မှန်နိုင်ပါသလား ။ ခေါင်းခါမိတယ် ။ အဘွားအို အတွက်ကတော့ စမ်းရေတွေ အေးမြခဲ့လို့လား ၊ စမ်းရေ တိုင်း အေးစေခဲ့သလား ၊ စမ်း ရေတိုင်း အေးစေခဲ့ပါသလား ။
⎕ ချောအိမာန် ၊ မန္တလေး ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၅ ဖေဖော်ဝါရီ

No comments:
Post a Comment