❝ ကားလုပ်သူ ❞
( ပီမိုနင်း )
“ မင်း ဘယ့်နှယ် လုပ်တာလည်းကွဲ့ ၊ ခြောက်လထက် မကြာရပါဘူးဆို ၊ အခု ဘယ်မလဲ ငါ့ကို ချစ်တီးက ပူနေတယ် ”
“ ဦးရယ် ကျွန်တော် မလိမ်ပါဘူး ၊ ပေးပါ့မယ် ၊ ဦး သိတဲ့အတိုင်းပါ ကုသိုလ်က အင်မတန်ဆိုးလို့ အခုလို ဖြစ်ရတာပါ ။ ဟိုအကောင် လိမ်သွားတာ ဦးလည်း အသိသားပဲ ”
“ လိမ်တာ မလိမ်တာနဲ့ မဆိုင်ဘူးကွဲ့ ။ သူ့ငွေကို ဘယ်နေ့ဘယ်ရက်မှာ ပြန်ပေးပါ့မယ် ဆိုပြီး ယူတာ ၊ အပေါင်အနှံ ရှိတာ မဟုတ်ဘူး ။ ငါ့ကို ယုံလို့ မင်းကို ပေးတာ ငါနာမည်ပျက်အောင် မလုပ်ပါနဲ့ ၊ မောင်မင်းကြီးသား ကြံစည်ပြီး လုပ်ဦးမှတော်မယ် ” ဟု ဦးမဲက ပြောလေ၏ ။
မောင်မြ ။ ။ “ လှေမျော လှေနဲ့လိုက်တဲ့ ဦးရဲ့ ငွေမျော ငွေနဲ့လိုက်မှ ဖြစ်တာ ဦး နာမည် မပျက်ချင်ရင် ထပ်ပြီး ခြောက်ထောင် ယူပေးလေ ။ အရင် ငါးထောင်နဲ့ သောင်း တစ်ထောင် သုံးလအတွင်းမှာ ပြန်ပြီး ဆပ်ပါမယ် ။ အခု တော်သလင်းလ ... ဦးရဲ့ ။ သုံးလ ရိုက်လိုက်ရရင် ‘ ဇေယာအောင်ချာ ’ ဟာ ပြီးမှာပဲ ။ ပြီးလို့ ရန်ကုန်မှာ တစ်လ ပြလိုက်ရရင် နှစ်သောင်းတော့ ကျိန်းသေပါဦးရဲ့ ။ သည်တော့ ဦး ငွေသောင်းတစ်ထောင်ဟာ အရေးမကြီးပါဘူး ။ ကျွန်တော် လိမ်တတ်ကောက်တတ်တာ မဟုတ်ဘူး ဆိုတာ ဦး အသိပါ ။ အခုတော့ ဟိုဒါရိုက်တာ ခွေးမသား မတရားလုပ်သွားလို့ အခုလိုကား တစ်ပိုင်း ပြတ် ဖြစ်နေတာပါ ” ဟု ပြောကာ ဆေးပြင်းလိပ်ကို အထက်သို့ မော့ကာ ဖွာထုတ်၍ လွှတ်လိုက်ရာ မီးခိုးများသည် တိမ်ပန်းပြာသာဒ်ဝမှာ တာဝတိံသာ ယာမာ တုဿိတာ ၊ ပရနိမ္မိတ ၊ ဝဿဝတ္တီနတ် တိုင်းပြည်တို့၏ သဏ္ဌာန်ကို ဆောင်ကာ ပျံဝဲ၍သွားကြလေ၏ ။ ဦးမဲ သည်ကား “ ဟင်း ” ဟု နှာခေါင်းရှုံ့ကာ စိတ်ဆိုး၍ နေသော ဖြူကောင်၏ ဆူးများလို ထောင်၍ နေသော နှုတ်ခမ်းမွေးရိုးပြတ်ကို လှုပ်ရှားအောင် မထင်ရှားသော စိတ်ဆိုးခြင်းဖြင့် စကားတစ်လုံးနှစ်လုံးကို ပြောပြီး မျက်နှာကို လွှဲကာ ဆေးလိပ်ကို ဖွာလေ၏ ။
“ ဖွတ်မရ ဓားမဆုံး ” ဆိုတာလို ကျနေအောင် မောင်က လုပ်မလို့လား ။ ဒီလို နေလို့တော့ မဖြစ်ဘူးလကွဲ့ ၊ မင်း တစ်ခုခု လုပ်မှပဲ ငါတော့ စပ်ကြားထဲက နာမည်ပျက် မခံနိုင်ဘူး ”
“ ဘယ်လို လုပ်ရမလဲ ဦးရဲ့ ။ အလုပ်လည်း ဆက်ပြီး မလုပ်နိုင် ပေးစရာလည်း မရှိ ဦး ထပ်ပြီး မမရင် ဦးနာမည် ပျက်မှာပဲ ၊ နာမည် မပျက်ချင်ရင် ထပ်ပြီး ရအောင် ပြောပေး တာရှိတာပဲ ”
“ ချစ်တီး ကတော့ ပေးမှာ မဟုတ်ဘူး ။ မင်း မကြံတတ်ရင် လုပ်စရာ အလုပ်တစ်ခုတော့ ရှိရဲ့ အဲဒါဖြစ်အောင် လုပ်မှ အေးမှာပဲ ”
“ ဘာလဲ ဦးရဲ့ အဲဒီလို အကြံကောင်းကလေးများထဲ ပေးဦးမှပေါ့ ငွေကိုချည်း အတင်းတောင်းနေလို့ ဘာဖြစ်မလဲ ၊ ဘာများ လုပ်ရမလဲ ဦးရဲ့ ”
“ သိုက်တူးတာပေါ့ ၊ တခြား ဘာလုပ်စရာရှိမလဲ ”
“ ကျွန်တော်သိုက်ဆရာမှ မဟုတ်ဘဲ ”
“ ပိုက်ဆံ ရှိတဲ့လူ သမီးတစ်ယောက်ကို မြန်မြန်ရှာယူ ဒါမှ နေရာကျမယ် ”
မောင်မြ သည် ဦးမဲ ကို စိုက်ကာကြည့်လျက် စကား မပြောဘဲ နေလေ၏ ။ ဦးမဲ သည် မောင်မြ ကို မကြည့်ဘဲ နေလေ၏ ။ မောင်မြသည် ဦးမဲ၏ မျက်နှာကို မဟုတ် ၊ နားရွက်ကို ကြည့်ကာ အတန်ငယ်နေပြီး ပြုံးလေ၏ ။ အကြံကောင်းတစ်ခု ပေါ်လာသဖြင့် သဘောကျသော မျက်နှာနှင့် တစ်ကိုယ်တည်း မျက်စပစ်လေ၏ ။ ဦးမဲ လည်း စကား မပြောဘဲ ထ၍သွားလေသတည်း ။
နောက်သုံးရက်လောက် ကြာသောအခါ မောင်မြသည် ပြည်မြို့မှ ရန်ကုန်မြို့ သို့ လာလေ၏ ။ မောင်မြသည် ဒီစကြိတ်နယ်မှ ရုပ်ရှင်ကုမ္ပဏီ အလုပ်ကို လုပ်ပြီး ကားပြီးလျှင် ရန်ကုန်သို့ လာ၍ ပြလေရာ ပထမ “ ဇာပျံကြီး ” ခေါ် ကားမှာ အတော် နာမည်ရခဲ့ပြီး ယခု ဒုတိယ “ ဇေယာအောင်ချာ ” ကားကျကာမှ လှေလှော်ရင်း တက်ကျိုး၍ နေသဖြင့် ရန်ကုန်မြို့ အသိမိတ်ဆွေများထံ ကြံစည်ရန် ထွက်၍လာခြင်း ဖြစ်လေသတည်း ။ သို့သော်လည်း ဘယ်မှမျှ ကြံ၍စည်၍ အပေါက် မတည့်သဖြင့် ရုပ်ရှင်ဇာတ်ရုံတစ်ခု ရှေ့ ၌ရပ်ကာ စဉ်းစား ၍ နေစဉ် မြင်းရထားတစ်စင်း အပါးကို လာ၍ ရပ်ပြီး အလွန်လှသော မိန်းမပျိုကလေး တစ်ယောက်သည် ကျောင်းဆရာမနှင့် သဏ္ဌာန်တူသော အဖော်မိန်းမတစ်ယောက်နှင့် ဆင်း၍ လာသည်ကို မြင်ရသဖြင့် မောင်မြသည် လွန်စွာအံ့အားသင့်၍ နေလေသတည်း ။
“ ဪ ... ကိုမြ ပါကလား ကျွန်မက ဘယ်လူလဲလို့ ”
“ ဪ မတင်ဥ ပါကလား ၊ အောင်မယ်မင်း ငါ့က ဘယ်လူများလဲလို့ ရုပ်ရှင် ကြည့်မလို့လား ”
“ ဟုတ်ကဲ့ ရှင် ဘယ်က ကြည့်မလဲ ကျွန်မတို့တော့ ”
ဆရာမသည် လက်မှတ်ယူရန် လက်ဆွဲသားရေအိတ်ကလေးမှ ပိုက်ဆံထုတ်ဖို့ ဟန်ပြင်ရင်း သွားလေရာ မောင်မြသည် လိုက်၍ သွားပြီး “ နေပါ ဆရာမ ကျွန်တော် ယူမယ် ” ဟု ပြောပြီး ပထမတန်းလက်မှတ် သုံးစောင်ကို ယူလေ၏ ။ မကြာမီ ဇာတ်ရုံထဲသို့ ဝင်သွားကြပြီလျှင် ဆရာမ အနားမှာ မတင်ဥ ၊ မတင်ဥ အနား၌ မောင်မြ နေရာတကျ ထိုင်ကြလေသတည်း ။
မောင်မြသည် ချော့ကလက်များ လိမ္မော်သီးများ ဘင်တိုများကို ဝယ်၍တိုက်လေ၏ ။ မကြာမီ အာဠာဝက ရုပ်ရှင်ကုမ္ပဏီသူဌေး ဖြစ်ကြောင်းကို သိသောအခါ ဆရာမနှင့် အကျွမ်းတဝင် ဖြစ်၍ သွားလေ၏ ။ မတင်ဥ နှင့် မောင်မြ သည် ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်း ဖြစ်ကြလေရာ ၎င်းတို့၏ မိဘများ လည်း ချစ်ခင်သူများ ဖြစ်ကြသဖြင့် မောင်နှမလို ဖြစ်ကြလေရာ ယခုမှာ မောင်မြ မှာ မိဘ မရှိ ၊ မိမိ၏ စီးပွားကို မိမိ ရှာဖွေကြံစည်၍ နေရသူ ဖြစ်လေရာ မတင်ဥ မှာလည်း ကျောင်းသို့ ရောက်၍နေသဖြင့် တစ်ခါသာ တွေ့ကြရလေ၏ ။ ငယ်ငယ်ချစ်ပြီး ပြတ်လျက်ရှိသော ချစ်လက်စကလေးကို ပြန်၍ ဂဟေဆော်ချင်စိတ် ပေါ်၍ လာလေ ၏ ။ သို့ဖြစ်သောကြောင့် ဖန်ခွက်ကို ယူရန် ကု,လားပြန်၍ လာသောအခါ မတင်ဥ၏ လက်က ဖန်ခွက်ကို အယူတွင် မတင်ဥ၏ လက်ချောင်းကလေးများကို မိမိ၏ လက်ချောင်းများနှင့် တမင်သက်သက် ဖိစီးခြင်းပြုလိုက်လေ၏ ။ မောင်မြ၏ စိတ်၌ မတင်ဥသည် ရှေးကထက် ပို၍ လှလာသည်ဟု မှတ်ထင်လေသည် ။
ထိုနေ့ ညနေမြင်လျှင် မြင်ချင်းလည်း မျက်လုံးချင်း ကြိုက်လိုက်ကြသည်ကို နှစ်ယောက်စလုံး အသိဖြစ်လေသတည်း ။
“ ကိုမြ ရုပ်ရှင်အလုပ် ဘယ့်နှယ်လည်းတော်ရဲ့လား ” ဟု မတင်ဥ က အဖိခံရသော လက်ကလေးများကို မဖယ်ဘဲ ချိုကြည်လင်သော ပြုံးခြင်းနှင့် ပြုံးကာ ကြည့်ရင်းမေးလေ၏ ။
“ စောစောက ဒီအလုပ် ကောင်းမှန်းကို မသိလို့ပေါ့ ။ မတင်ဥရယ် ဖေဖေတို့ ရှိတုန်းကများ လုပ်လိုက်ရရင် သိပ်ပြီး အားရကြမှာပဲ ။ ပထမကားမှာ အရင်း တစ်သောင်းတည်းနဲ့ ထုတ်လိုက်တာ ရန်ကုန်မြို့မှာတင် တစ်သိန်း ရတာပဲ ။ အခုလည်း လစဉ်တစ်ထောင်လောက် အမြဲ ဝင်နေတာ ၊ အဲဒီနောက် တာတေး ခေါ်တဲ့ ဇာတ်ကားကြီးတစ်ထုပ်မှာ အရင်းသုံးထောင်လောက်နဲ့ တနင်္ဂနွေ နှစ်ပတ် ရိုက်ပြီး ထုတ်လိုက်တာ တစ်လထဲမှာ ငါးသောင်း ဝင်လာတယ် ။ အခု အဲဒီနောက် သုံးကား ရွက်ကြမ်းရေကျို ခြောက်လ အတွင်း ထုတ်လိုက်တာ ကားတွေကတော့ သင့်ရုံပါပဲ ။ အပြိုင်မရှိတဲ့အတွက် ငွေကလေး နှစ်သိန်း လောက်ဖြစ်လာ ၊ အခုတော့ ပြန်တောင် မကြည့်ရတော့ပါဘူး ။ ဒါရိုက်တာနဲ့ ဓာတ်ပုံဆရာကို လွှဲထားပြီး ငွေလိုတယ် ဆိုမှ ဘဏ်က ထုတ်ပေးလိုက်ရုံပါပဲ ။ ကိုယ့်လူတွေ ကလည်း အင်မတန် ယုံတော့ စိတ်ချရတာပေါ့ကွဲ့ ”
“ ဒီလိုဖြင့် မြာသိပ်ဖြောင့်နေတာပေါ့ ။ ရှင် မိန်းမ မရသေးဘူးလား မင်းသမီးတစ်ယောက်နဲ့ ”
“ မင်းသမီးတွေလား ငါ လက်ဖျားနဲ့တောင် မတို့ဘူး ။ ဒီကောင်မတွေနဲ့ စကားလည်း မပြောပါဘူး မိန်းမတော့ ယူဖို့လည်း စိတ်မကူးပါဘူး တင်ဥရယ် ”
“ တကယ်ပဲလား ရှင့်ဘာပြုလို့လဲ မိန်းမ မယူချင်တဲ့ ရုပ်ဟာ မှန်းစမ်း ဒီရုပ်မျိုးပဲလား ”
မောင်မြသည် ပြုံးလျက် ရှက်သလိုလို အမူအရာနဲ့
“ မယူချင်ဘူးရယ်လို့တော့လည်း ဘယ်ဟုတ်မလဲကွယ် ။ ရတာမလို လိုတာမရ ဆိုတာမျိုးလို ကျနေလို့ပါ ”
“ ဘယ်လိုမိန်းမကို ကိုမြက မှန်းနေလို့လည်း သူဌေးဖြစ်တော့ ရွေးတာပေါ့ရှင် ၊ တော်ရုံလည်း ရွေးရှင့် ”
“ ကိုယ်ရွေးတာတော့ မဟုတ်ပါဘူး ။ ကိုယ်ကြိုက်တဲ့ မိန်းမက ရွေးလို့ အေးနေရတာပါ ”
“ အဲဒီ မိန်းမက တခြား မဟုတ်ပါဘူး ။ ကိုယ့် အရပ် ကပါပဲ ၊ ငယ်ငယ်က ချစ်ဖူးပါရဲ့ နောက်တော့ ဒီက မိဘများ မရှိကတည်းက မျက်နှာငယ်တာနဲ့ တစ်ကြောင်း ၊ မတွေ့ရတာ ကြာတာက တစ်ကြောင်း ဒါနဲ့ သူက မေ့နေလို့ပါ ။ ဒီကတော့ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ ဆိုတာလို .. ”
တင်ဥသည် မောင်မြ၏ မျက်နှာကို သနားသလို အမူအရာနှင့် ကြည့်၍နေလေ၏ ။ ထိုအခိုက် မြူးဇစ်တီးပြီး ဓာတ်မီးများ မှိန်သွားလေ၏ ၊ မောင်မြ၏ ခြေသည် မတင်ဥ၏ ခြေသလုံးကလေးကို ကလီကမာ လုပ်၍နေလေ၏ ။ တင်ဥသည် မသိသလို လုပ်၍ နေလေ၏ ။ မကြာမီ ပထီဂေဇက် ထွက်၍ လာလေ၏ ။ မောင်မြသည် စကရင်ပေါ်၌ ဘာတွေ ပေါ်၍လာသည်ကို မမြင်ရဘဲနေလေ၏ ။ အကြောင်းမူကား ကုတ်ရှူးဖိနပ်ကို ချန်၍ ထားခဲ့သော ခြေထောက်၏ ခြေဖျားသည် မတင်ဥ၏ ချောမွှတ်သောခြေသလုံး ကြွက်သားဖောင်းဖောင်းကလေး၏ထက် ဒူးခေါက်ခွက်နားသို့ ရောက်၍ နေလေ၏ ။ မောင်မြ၏ ခြေသည် မတင်ဥ၏ ခြေသလုံးကလေးကို ကလီကမာ လုပ်၍ နေလေ၏ ။ မတင်ဥ သည်လည်း ကားပေါ်၌ ဘာကိုမှ မမြင်ရ ၊ ရင်ဘတ်ထဲမှာ ကတုန်ကယင် ဖြစ်လှသဖြင့် မွတ်သိပ်သောမျက်နှာနှင့် မောင်မြ မျက်နှာကို ကြည့်ကာ စိတ်ဆိုးသလို အမူအရာနှင့် နှုတ်ခမ်းလေးကို ကိုက်ကာ ကြည့်လေ၏ ။
မောင်မြ၏ လက်သည် မတင်ဥ ထိုင်သော ကုလားထိုင်ပေါ်သို့ ရောက်ကာ တင်ပါးကို ထိလေ၏ ။ မတင်ဥသည် လက်ကို ဖယ်၍ ပစ်လေ၏ ။ တစ်ဖန် ထပ်၍ ထိပြန်၏ ။ မတင်ဥ လက်သည် ဖယ်ရန် ရောက်၍ လာလေ၏ ။ မောင်မြ လက်သည် ထိုလက်ကို ဆီး၍ ဆုပ်လေ၏ ။ မတင်ဥ သည် မရုန်းဘဲ နေသောအခါ ဆက်လျက်ရှိသော လက်နှစ်ခုသည် မတင်ဥ ပေါင်ပေါ်သို့ တင်၍ နေလေ၏ ။ ရင်ဘတ်နှစ်ခုမှာ မော်တာစက်ခုတ်သလို မည် နှလုံးသားများသည် မော်တာစက် လည်သလို လည်ကြ၏ ။
နှစ်ယောက်သား ကားကို မကြည့် ၊ ကားထက် ကြည့်၍ ကောင်းသော တစ်ယောက်၏ မျက်နှာကို တစ်ယောက် ကြည့်၍ နေလေ၏ ။ သို့ဖြစ်၍ ကားပြီးသောအခါ ဇာတ်ရုံမှ ထွက်ကာ ကားပေါ် ရောက်ကြလေ၏ ။ ထိုကဲ့သို့ ကားပေါ်သို့ ရောက်ဖို့ရန်မှာ ဆရာမ နှင့် အတော်ကလေး စကားများရလေသတည်း ။
“ ကျွန်တော် လိုက်ပို့မယ် ဆရာမရဲ့ ၊ မပူပါနဲ့ မတင်ဥ က ကျွန်တော့်နှမတော်ပါ ။ မတွေ့ရတာ ကြာလို့ အင်းလျားကို တစ်ပတ်လောက် လှည့်ချင်လို့ပါ ” ဟု ပြောသော အခါကျမှ ဆရာမက မလိုက်ချင် လိုက်ချင် သူဌေးတစ်ယောက်လုံးက ချစ်စွာ တောင်းပန်သောအခါ မငြင်းနိုင်လိုက်ပါ၍ သွားရလေသတည်း ။
ထိုညသည် လသာလျက် အလွန်အေးချမ်းသော ည ဖြစ်လေရာ မရမ်းကုန်းရွာ ဘက်သို့ ရောက်လျှင် ကားပျက်လေ၏ ။ စက်နှိုးလို့ မရချေ ။ ထိုကဲ့သို့ စက်နှိုးလို့ မရအောင် ကားပျက်ခမှာ အစိတ်ကျော်ကျော် ပေးရလေ၏ ။
ထိုအခါညဉ့်နက်သဖြင့် ကားကြုံလည်း မရှိချေ ။ ထိုအခါ ကားဟွန်းမှုတ်၍ နေခိုက်တွင် သုံးယောက်သား ခြံကြီး တစ်ခုထဲသို့ လှည့်လည်စကား ပြောဆိုနေရာတွင် နှစ်ယောက်၏ အချစ်သည် နစ်သည်ထက် နစ်၍ သွားလေရာ ဆရာမ သိသဖြင့် များစွာ ကန့်ကွက်သော်လည်း မောင်မြက ဆရာမအား “ ဆရာမ ဆရာမ ပေါ်မှာ တာဝန် မကျစေရပါဘူး ” ဟုပြောကာ ဆရာမ လက်ထဲသို့ စက္ကူလိပ် တစ်လိပ်ကို ထိုး၍ ထည့်လေ၏ ။ ဆရာမသည် မယူချင့် ယူချင်နှင့်ယူလေ၏ ။ ထို့နောက် သုံးယောက်သား လျှောက်၍ နေရာမှ ဆရာမက ဒီအကောင်တွေ ဒီည ဒီကားကို စက်နှိုးလို့မှ ရပါတော့မလားဟု ခေါင်းကုတ်ကာ ညည်းပြီး ကားရှိရာသို့ ပြေးလေ၏ ။ သို့ဖြစ်သောကြောင့် တင်ဥ နှင့် မောင်မြသည် ခြံကြီးထဲတွင် နှစ်ယောက်သား နေရာ သုံးနာရီနီးနီး ကြာမှ တစ်အားထုတ်ကာ ကားအလုပ် ပြီးသဖြင့် ကျောင်းသို့ ပြန်ကြရလေသည် ။ နောက်တစ်လ မကြာမီ ကျောင်းပိတ်၍ မတင်ဥ အိမ်သို့ အပြန်တွင် မောင်မြ နှင့် မန္တလေးသို့ ရောက်သွားကြလေသတည်း ။
မတင်ဥ မိဘများမှာ မတင်ဥ မည်သူမည်ဝါနှင့် လိုက်ပြေးသည်ကို မသိသဖြင့် များစွာ စိတ်ပူ၍ နေကြလေ၏ ။ ဆရာမများလည်း အဘယ်အကြောင်းဟူ၍ မသိကြရ ။ မတင်ဥ ကျောင်းပိတ်၍ အိမ်သို့ ပြန်သည်မှ တစ်ပါး တစ်စုံတစ်ရာကိုမျှ မသိကြရချေ ။
ထို့နောက် တစ်လလောက် ကြာ၍ သွားလေ၏ ။ ဦးမဲ နှင့် မောင်မြ ပြည်မြို့၌ တွေ့ကြပြန်လေရာ ဦးမဲက စိတ်ဆိုးမာန်ဆိုးနဲ့
“ ဘယ့်နှယ်လည်း မောင်ချစ်တီးက ပူလှပြီကွဲ့ လုပ်ပါဦး ”
“ ဦးရယ် ဦးမှာ ငွေငါးသိန်းကျော်ကျော် ချမ်းသာပါတယ် ။ ဒါကလေးကို စိုက်ပြီး ပေးမယ်ဆိုရင် ဝန်မလေးပါဘူး ၊ ဦးအခု ကားကလေး ပြီးရင် ကျွန်တော် ပြန်ပေးမှာပါပဲ ”
“ ငါ့မှာ လယ်ဧကတွေသာ ရှိတာကွဲ့ ။ ငွေသား မရှိဘူး ။ မပေးချင်လို့တော့ မဟုတ်ပါဘူး ။ ဘယ်မှာမှ မင်း ကြံလို့ မရဘူးလား ။ မရရင် ငါပြောတာသာ ဖြစ်အောင် လုပ်ပါတော့ မောင်ရယ် ”
“ ဘာလုပ်ရမှာလဲ ဦးလေးရဲ့ ”
“ ပိုက်ဆံရှိတဲ့ မိန်းမတစ်ယောက်ကို ယူရအောင်ကြံ မင်း ရုပ်ရည်လည်း အရှိသားပဲ ”
ထိုအခိုက်တွင် မတင်ဥ ရောက်၍ လာလေ၏ ။ ဦးမဲသည် ကပျာကယာထပြီး “ အောင်မယ်မင်း သမီးရဲ့ ၊ သမီး ဘယ့်နှယ်လုပ်တာလေကွယ် အမယ်လေး လုပ်ရက်ပါပေရဲ့ သမီးရယ် ” ဟုပြောကာ ပျာလောင်ခတ်၍ နေလေ၏ ။ မတင်ဥ၏ မိခင်လည်း သမီးကို ပြေးဖက်၍ ငိုလေ၏ ။
“ သမီး ဘယ်ကို သွားတာလဲ ” ဟု ဦးမဲက ထပ်၍ မေးလေရာ တင်ဥ သည် ခေါင်းငုံ့ကာ “ ကျွန်မ ကိုမြ နဲ့ လိုက်သွားတယ် ” ဟု သမီးဆိုးကလေး အမူအရာနှင့် ပြောလေလျှင် ဦးမဲသည် မျက်လုံး မျက်ဆံ ပြူးလျက် အံ့အား သင့်ကာ မောင်မြ ကို ကြည့်၍နေလေ၏ ။
မောင်မြ က ခေါင်းငုံ့လျက်
“ ငွေအတွက် ပူအားကြီးလို့တော့မဟုတ်ပါဘူး ။ ဦးလေး အကြံပေးလို့လည်း မဟုတ်ပါဘူး ။ ကျွန်တော်တို့ နှစ်ယောက် အဟုတ်တကယ် ချစ်ကြလို့ပါ ဦးရဲ့ ”
ဦးမဲ သည် အတန်ကြာ ကြည့်နေပြီးမှ ပြုံးလျက် “ အင်း ငါ့က အကြံပေးမိတာကိုးကွဲ့ ၊ အင်း ငါ့အကြံနဲ့ ငါ့ကို စူးဆိုတာ ကျနေပေသပေါ့ ။ ကိုင်း မင့်ကား အလုပ်ကိုသာ ထိထိရောက်ရောက် လုပ်ပေတော့ ဖြစ်လာမှ ကိုးကွဲ့ နော် ” ဟု ပြောပြီး ပက်လက်ကုလားထိုင်ကြီးပေါ်မှာ ထိုင်ကာ ပုတီးစိပ်၍ နေလေသတည်း ။
▢ ပီမိုးနင်း
📖 ဗန္ဓုလ ဂျာနယ်
ဇူလိုင် ၄ ၊ ၁၉၂၇
No comments:
Post a Comment