❝ အလဲအလှယ် ❞
( မင်းည )
၁ ။
“ မိုးလင်းကတည်းက စဉ်းစားမိတာ စားဖို့ပါပဲ ” တဲ့ ။ ဘယ်က ဘယ်လို လွင့်ပျံ့လာမှန်း မသိသည့် သီချင်းသံက သူ့ကို စောင်းပြီး ဆိုနေတာလားလို့ တောင်မှ မစိန်မြ စိတ်ထဲ ထင်လိုက်မိသေးသည် ။ ဟုတ်သည်လေ ။ တကယ်လည်း မစိန်မြတို့ ဘဝက အဲဒီ သီချင်းထဲက စာသားတွေလို မနက် မိုးလင်း၍ မျက်လုံးတွေကို ဖွင့်လိုက်မိပြီ ဆိုသည်နှင့် စားဖို့အတွက် စ , ပူကြရတော့တာပဲ မဟုတ်လား ။ ဆန်ဝယ်ဖို့ ပိုက်ဆံ မရှိလို့ ပူရ ၊ ဆီဝယ်ဖို့ ပိုက်ဆံ မရှိလို့ ပူရနှင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် ရှင်ဘုရင်တွေ တောင်မှ မစိန်မြတို့လောက် ပူရလိမ့်မယ်လို့ မထင်မိဘူး ။ အခုလည်း မြွေပူရာ ကင်းနှောင့်လို့ ဆိုရ မလား ၊ ဘူးလေးရာ ဖရုံဆင့်တယ်လို့ပဲ ပြောရမလား ၊ စားစရာ မရှိပါဘူး ဆိုမှ နေစရာ ဘုံပါ ပျောက်ရတော့မည့် အဖြစ်မျိုးနှင့် ကြုံနေရပြန်ပါပြီ ။ တခြားတော့ မဟုတ် ။ မစိန်မြတို့ နေထိုင်နေသည့် ရပ်ကွက်ကလေး မကြာခင် ဖျက်ပေးရတော့မည် ဆိုသည့် သတင်းကိစ္စပင် ဖြစ်သည် ။ တကယ်တော့ မစိန်မြတို့ နေနေတာက ကျူးကျော်ရပ်ကွက်ကလေး တစ်ခုမှာ ဖြစ် သည် ။ တိတိကျကျ ပြောရလျှင် အိမ်ခြေ တစ်ရာကျော် လောက်ရှိသည့် တစ်ခုသော ရထားလမ်း ဘေးမှ ကျူးကျော် ရပ်ကွက်ကလေး ဖြစ် သည် ။ ဟိုးအစောပိုင်း ကာလများကတော့ ဆယ်အိမ်ပင် မပြည့်သည့် နေရာလေး ဖြစ်သည် ။ နောက်တော့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ရောက်လာကြရင်း အခု လောက်အထိ အိမ်ခြေများ သွားခဲ့ခြင်း ဖြစ်သည် ။ အိမ်ခြေ များလာတော့ လူတွေ များလာသည် ။ လူတွေ များလာတော့ ပြဿနာ များလာသည် ။ ပြဿနာ များလာတော့ ဘေးနား ဝန်းကျင်မှ ရပ်ကွက်များက ကြည့်မရဖြစ် မျက်စိစပါးမွေး စူးလာကြသည် ။ အဆိုးဆုံးက အနီးအနား ပတ်ဝန်းကျင်မှာ ရှိသည့်ရပ်ကွက်များဆီမှ ပစ္စည်းများ မကြာခဏ အခိုးခံ ပျောက် ဆုံးနေခြင်း ကိစ္စပင် ဖြစ်သည် ။ ဆိုတော့ မြေနိမ့်ရာလှံစိုက် ၊ မရှိခိုးနိုး ဆိုသလို မစိန်မြတို့ရပ်ကွက်က လူတွေ ခိုးသည်ဟု ထင်ကြသည် ။ ထင်ရုံတင်ဆို ပြဿနာမရှိ ၊ အခုဟာက ဖေ့စ်ဘွတ်ခ် ဆိုလား ဘာဆိုလား ဆိုတာကြီးပေါ် တင်ကြသည်ဟု ဆိုသည် ။ ဟိုတိုင်သည်တိုင် ၊ ဟိုစာပို့ သည်စာပို့ လုပ်ကြသည် ။ သည်ကျူးကျော်ရပ်ကွက်ကို သည်အတိုင်း ထားမှာလား ဘာလား ရေးကြသည်ဟု ဆိုသည် ။ သည်တော့ တွန်းတိုက်ပါများတော့ လှုပ်လာတတ်သည့် ထုံးစံအတိုင်း မစိန်မြတို့ နေထိုင်သည့် ရပ်ကွက်ကလေး မကြာမီ ပြောင်းရွှေ့ဖယ်ပေးရတော့မည် ဆိုသည့် သတင်းတစ်ခုက တလှုပ်လှုပ်ဖြင့် ထွက်၍ လာတော့သည် ။ တကယ်တော့ သည်ရပ်ကွက်ကလေး၏ စတင်လာရာက မစိန်မြ တို့က ဟုပင် ပြောရလိမ့်မည် ထင်သည် ။ တကယ်လည်း ဒီရထားလမ်းကြီး ဖောက်လုပ်စဉ်က မိသားစုလိုက် အလုပ် လာလုပ်ကြရင်း သည်အနီးအနားမှာ မစိန်မြတို့ ယာယီတဲကလေးတွေ ထိုး၍ နေခဲ့ကြခြင်း ဖြစ်သည် ။ သည်လိုနှင့် ရထားလမ်းကြီး ပြီးသွားပေမဲ့လည်း မပြန်ဖြစ် ၊ မပြန်ချင်ကြတော့ဘဲ သည်နေရာလေးမှာပင် ဆက်လက်၍ နေနေခဲ့ကြခြင်းဖြစ်သည် ။ အခုတော့ ဆယ်စုနှစ် တစ်ခု မက နေလာသည့် နေရာလေးကနေ ပြောင်းရွှေ့ ပေးရတော့မည် ထင်သည် ။ အတွေးနှင့်ပင် မစိန်မြ၏ ရင်သည် ပူလောင်လွန်းလှနေချေပြီ ။
••••• ••••• •••••
၂ ။
ဘယ်သူ စတင် ယူလာသည့် သတင်းမှန်း ဘယ်သူမျှ အတိအကျ မသိသော်လည်း “ မြေကွက်နေရာ အစားပြန်ရ မည် ” ဆိုသည့် သတင်းကတော့ မစိန်မြတို့ ရပ်ကွက် ကလေးထဲသို့ အလျင်အမြန်ပင် ပျံ့နှံ့ရောက်ရှိ၍ သွား သည် ။ ထို့အတူ အိမ်တစ်လုံးကို ခြံနေရာ တစ်ကွက်ဆိုသည့် စကားကလည်း မစိန်မြတို့ ရပ်ကွက်ထဲက လူတွေ၏ ပါးစပ်ဖျားမှာ ရေပန်းစား နေပြန်၏ ။ သည်လိုဆိုပြန်တော့ လည်း ရပ်ကွက်ကလေး ပြောင်းရွှေ့ပေးရမည် ဆိုသည့် သတင်းက ပျော်စရာကောင်း လို့နေပြန်သည်ဟု မစိန်မြ စိတ်ထဲ ထင်လိုက်မိသည် ။ ဘယ်လိုပဲဖြစ်ဖြစ် သည် အတိုင်း ပြောင်း ဆိုရင်လည်း ဘာမှ မတတ်နိုင် ၊ ပြောင်းပေး ရမည့် အနေအထားမှာ မြေနေရာ အစားပေးမည် ဆိုတော့ ဖြေသာသေးသည်ဟု ထင်သည် ။ ထို့အတူ ကျူးကျော် ဆိုသည့် နာမည်အောက်မှ လွတ်မြောက်ခွင့်ရမည့် အခွင့်အရေးလည်း ဖြစ်ပြန်သည်မို့ သည်သတင်း အမှန်တကယ် ဖြစ်ပါစေလို့လည်း စိတ်ထဲမှာ ကျိတ်၍ ဆုတောင်းနေမိသည် ။ နည်းနည်းတော့ အံ့သြဖို့ ကောင်းသည်ဟု ထင်ပါသည် ။ ပထမ ရပ်ကွက်ကလေး ကနေ ဖယ်ရှားပေးရမည်ဟု ကြားခဲ့စဉ်က ပူဆွေးသောက ရောက်နေကြသည့် သူများ ၊ ထိုသတင်း မမှန်ကန်ပါစေနှင့် ဆုတောင်းနေခဲ့သည့်သူများသည် ယခုအချိန်၌ ထိုပြောင်းရွှေ့ရမည်ဆိုသည့် သတင်းကြောင့်ပင် ပျော်ရွှင်နေကြ ၊ ထိုသတင်း မှန်ပါစေလို့ ဆုတောင်းနေကြပြန်ပါသည် ။ မည်သို့ပင် ဖြစ်စေ သည်သတင်းသာ တကယ် မှန်ကန်မည်ဆိုပါက မစိန်မြတို့အတွက် အကျိုးရှိလာမည် ဆိုတာကတော့ မလွဲ အသေအချာပင် ဖြစ်ပါသည် ။
••••• ••••• •••••
၃ ။
နေ့ချင်းညချင်း တိုးပွားလာသည့် အိမ်ခြေများကို ကြည့်ရင်း မစိန်မြ စိတ်ထဲ အအံ့ဩကြီး အံ့သြနေမိသည် ။ ထို့အတူ လူတို့၏ လောဘစိတ်သည် ကြောက်ဖို့ကောင်း ကြောင်းကိုလည်း များစွာပင် ဆင်ခြင် နေခဲ့မိပါသည် ။ တကယ်လည်း ထိုနေ့ချင်းညချင်း ပေါ်ပေါက်လာသည့် အိမ်အများစုသည် မစိန်မြတို့ ရပ်ကွက် အတွင်းမှ လူများ၏ အိမ်များ မဟုတ် ။ မစိန်မြတို့ ရပ်ကွက်၏ အနီးအနားရှိ ရပ်ကွက်များဆီမှ အချို့သော လူများ၏ အိမ်များသာ ဖြစ်ပါသည် ။ တိတိကျကျ ပြောရလျှင် ခြံနေရာ မြေကွက် ရရှိရန် အတွက် မျက်နှာပြောင် တိုက်ကာ အရေးပေါ် လာရောက် ဆောက်လုပ်သွားသည့် ငွေကြေးတတ်နိုင်သူ တချို့၏ အိမ်များသာ ဖြစ်ပါသည် ။ တောမီး မလောင်ခင်ကပင် လက်ခမောင်း ဝင်ခတ်သွားသည့် တောကြောင်များ ၊ ကျူးကျော်ရပ်ကွက်ကလေးထဲ လာရောက် ကျူးကျော်ကြသည့် ကျူးကျော်သူများ၏ အိမ်များသာ ဖြစ်ပါသည်ဟု ပြောလျှင်တော့ ပိုမှန် လိမ့်မည်ထင်ပါသည် ။ တကယ်တော့ မစိန်မြတို့ အဖြစ်က ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲ ဆိုသည့် အဖြစ်သနစ်ကဲ့သို့ ဖြစ်နေသည်ဟု ထင်ပါ သည် ။ တကယ်လည်း မစိန်မြတို့ တကယ် ကျူးကျော်သူ စစ်စစ်တွေထက် ကျူးကျော်သူ အတုတွေ၏ အိမ်ခြေများက ပို၍ပင် များလို့ နေနေခဲ့ပြီ ဖြစ်ပါသည် ။ များရုံသာမက သည်ရပ်ကွက်က ဖယ်ပေးစေချင်လျှင် ဘယ်လို အခွင့်အရေးမျိုးတွေ ပေးရမည် ၊ ဘယ်လို အချက်တွေ ပြုလုပ်ပေးရမည် ဆိုသည့် အချက်များကိုပင် သူတို့များက ဦးဆောင်ရေရွတ်လို့ နေနေခဲ့ကြပါသေးသည် ။ ထိုအထဲမှာ အဆိုးဆုံးကတော့ ဦးညိုကြီးတို့ လူစုပင် ဖြစ်သည်ဟု မစိန်မြ ထင်မိသည် ။ တကယ်တော့ ဦးညိုကြီးတို့ကို မစိန်မြ မသိပါ ။ မစိန်မြ မှ မဟုတ် ရပ်ကွက်ထဲက အခြားသော သူတွေလည်း ဦးညိုကြီးတို့ကို မသိကြပါ ။ သို့ပါသော်လည်း မိုးပေါ်က ကျလာသလို ရောက်လာကြသည့် ဦးညို ကြီးတို့ အုပ်စုကတော့ မစိန်မြ တို့လို အစကတည်းက သည်နေရာမှာ နေထိုင်လာသူတွေ ထက်ပင် သည်ရပ်ကွက် အရေးအတွက် ပို၍ တက်ကြွ နေခဲ့ကြပါသေးသည် ။ တက်ကြွဆို နေ့ချင်းညချင်း လာ ရောက် ဆောက်လုပ်ထားသည့် သူတို့၏ အိမ်နေရာ ကွက်တွေကလည်း မစိန်မြတို့ ရပ်ကွက်ထဲတွင် လက်ညှိုး ထိုး၍ မလွဲအောင် ရှိနေခဲ့ပြီကိုး ။ တကယ်တော့ မစိန်မြ တို့ ရပ်ကွက်ကလေးဆီ၌သာ မက အခြားသော ကျူးကျော် ရပ်ကွက်ကလေးများ ဆီ၌ လည်း ဦညိုကြီးတို့လို မိုးကျ ရွှေကိုယ် ကျူးကျော်များ မြောက်မြားစွာ ရှိနေခဲ့သည် ဆိုတာ ကိုတော့ မစိန်မြ တစ် ယောက် သိရှိခြင်း လုံးဝမရှိခဲ့ ပေ ။ မည်သို့ပင်ဖြစ်စေ မစိန် မြတို့ ရပ်ကွက်အတွင်းမှ လူ များကတော့ ဦးညိုကြီးတို့၏ မြှောက်ပင့်သွေးထိုး မြှူဆွယ်မှုများကြောင့် နောက်ထပ်ခြံ တစ်ကွက် ပိုင်ဆိုင်ရရှိနိုင်ရေး အတွက် နောက်ထပ် အိမ်များကို သူ့ထက်ငါ အပြိုင် ဆောက်လုပ်စ ပြုနေခဲ့ကြပြီ ဖြစ်ပါသည် ။
••••• ••••• •••••
၄ ။
“ ငါတို့လည်း နောက်ထပ် အိမ်တစ်လုံးလောက် ထပ်ဆောက်ကြရင် ကောင်းမယ်နော် မစိန်မြ ” ဆိုသည့် ခင်ပွန်းသည် ဖြစ်သူ၏ စကားကြောင့် အစကတည်းက ထို အကြောင်းအရာကို စဉ်းစား စိတ်ကူးယဉ် နေမိခဲ့သည့် မစိန်မြ စိတ်ထဲ ပိုလို့ပင် မရိုးမရွ ဖြစ်၍သွားမိသည် ။ တကယ်တော့ အိမ်တစ်လုံးကို ပေ လေးဆယ်,ခြောက်ဆယ် ခြံကွက်တစ်ကွက် အစားပြန်ရမယ် ဆိုသည့် သတင်းကို ရပြီး ကတည်းက မစိန်မြတို့ ရပ်ကွက်ထဲမှာ အိမ်အသစ်လေးတွေ တိုးလာနေခဲ့ခြင်းဖြစ်သည် ။ ယုတ်စွအဆုံး မရှိပါဘူး ၊ မတတ်နိုင်ပါဘူး ဆိုသည့် သူတောင်မှ အနည်းဆုံး နောက်ထပ် အိမ်တစ်လုံးတော့ ပိုင်ဆိုင်လို့ထားကြပြီဖြစ်သည် ။ အမှန်အတိုင်း ဝန်ခံရလျှင် မစိန်မြလည်း နောက်ထပ် အိမ်တစ်လုံးလောက် ထပ်ဆောက်ထားချင်မိသည် ။ ဒါမှလည်း ပြောင်းရရွှေ့ရသည့်အခါ ခြံနှစ်ကွက် ရနိုင်မည်ဖြစ်သည် ။ သို့ပေမဲ့လည်း အိမ်တစ်လုံး ဖြစ်ရုံ ဆောက်မည် ဆိုလျှင်တောင်မှ ကုန်ကျစရိတ်က အနည်းဆုံး တစ်သိန်း အထက်မှာ ရှိနေခဲ့သည် ။ ဆိုတော့ ဆင်ဖိုး ထက် ချွန်းဖိုးက ပို ဆိုသလို ခြံကွက်ရမှာက နောက် လောလောဆယ် အိမ်ဆောက်ဖို့အတွက် ပိုက်ဆံကို အရင်ရှာရမယ့် ကိစ္စက မလွယ်ဆိုသလို ဖြစ်၍ နေရသည် ။ မည်သို့ပင် ဖြစ်စေ နောက်ထပ် အိမ်လေး တစ်လုံးတော့ မရရအောင် ဆောက်မည်ဟု မစိန်မြ စိတ်ထဲ ဆုံးဖြတ်ချက် ချထားလိုက်မိသည် ။ ဆုံးဖြတ်ချက်ချခဲ့သည့်အတိုင်း နောက်ထပ် အိမ်ဆိုရုံ အိမ်လေး တစ်လုံးကို မစိန်မြတို့ ထပ်မံ ဆောက်လုပ်နိုင်ခဲ့ကြပါသည် ။ သို့ပါသော်လည်း ကံကြမ္မာသည် မစိန်မြတို့အား မျက်နှာသာ မပေး ၊ ရေနည်းရာ အရပ်ကိုမှ မိုးထပ်ခေါင်စေခဲ့ပါလေ၏ ။
••••• ••••• •••••
၅ ။
ရာသီစက်ဝန်းတို့ အလီလီလည်ပတ်၍ ရက်မှလ ၊ လမှနှစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်သည် ။ ထို့အတူ ထမင်းလုံးတစ္ဆေ အခြောက်ခံလိုက်ရသည့် မစိန်မြတို့ ရပ်ကွက်ကလေးသည်လည်း ပြန်လည်တည်ငြိမ်စ ပြုနေခဲ့ပြီ ဖြစ်သလို မစိန်မြတို့ ထပ်မံ ဆောက်လုပ်ထားသည့်အိမ်ကလေးပင် လေ ၊ မိုးတို့၏ ဒဏ်ကြောင့် ဆွေးမြည့်ယိုင်လဲ ၊ ယိုယွင်းစ ပြုနေခဲ့ပြီ ဖြစ်သည် ။ ဒါတင်မက မစိန်မြတို့၏ ရပ်ကွက် အရေးကို မစိန်မြတို့ ထက်ပင် တက်ကြွပြခဲ့ကြသည့် ဦးညိုကြီးတို့ လူစုသည် နေရောင် လာ၍ ပျောက်ဆုံးသွားကြသည့် နှင်းစက်များလို မစိန်မြတို့ ရပ်ကွက်ကလေးဆီမှ ပျောက်ကွယ်သွားကြပြီဖြစ်သည် ။ သို့ပါသော်လည်း နောက်ထပ် အိမ်တစ်လုံး ဆောက်လုပ်နိုင်ရန်အတွက် သုံးလစာ ကြိုငွေဖြင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ပို့ထားခံခဲ့ရသည့် ဆယ့်တစ်နှစ်အရွယ် မစိန်မြ၏ သားလေး ဖိုးလုံး တစ်ယောက်ကတော့ မစိန်မြတို့ အိမ်ဆီသို့ ယခုအချိန်အထိ ပြန်လည် ရောက်ရှိလာနိုင်ခဲ့ခြင်း မရှိ ၊ လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးနေရမြဲပင် ဖြစ်ပါတော့သည် ။
⎕ မင်းည
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၉

No comments:
Post a Comment