❝ ကစားသမား ❞
( ပီမိုးနင်း )
ကစားသမားများ၏ မျက်နှာမှာ ရမ္မက်ဒေါသနှင့် ဝင်းဝင်းတောက်လျက် သရဲသဘက်ပူးသလို ဖြစ်၍နေကြလေ၏ ။ ကစားဝိုင်းရှိ ငွေပုံကြီးများကို လက်နှစ်ဖက်နှင့် ကျုံးကာယူကြသည်မှာ အဖိုးမတန်သော ကျောက်ခဲသလဲများဟု မှတ်ထင်ရလေ၏ ။
ငွေအမှန် ဟုတ်မဟုတ်ကို ဂရုမစိုက် ၊ နိုင်ခြင်း ရှုံးခြင်း၏ အထိမ်းအမှတ် ဖြစ်သော အဖိုးမတန်သော ကြွေပန်းကန်စ အိုးခြမ်းကွဲများလို ဖြစ်နေလေ၏ ။
ကစားသမား ငါးယောက် ၊ ခြောက်ယောက်တို့မှာ စူးစိုက်သော သမာဓိဖြင့် ကစားသောအလုပ်၌သာ စိတ်ဓာတ် ဝင်စား၍ နေကြလေ၏ ။ အနီး၌ စိပ်ပုတီးကို ကိုင်စိပ်ရင်း ၎င်းတို့ကို ကြည့်၍ နေသော ဖြူစင်ခန့်ညားသော အသက် ၅ဝ ခန့် ယောက်ျားကြီးကို မည်သူမျှ သတိမထားမိသဖြင့်လည်း မမြင်ကြပေ ။
ထိုလူကြီးမှာ နှုတ်ခမ်းမွေးကောင်းကောင်း ၊ မုတ်ဆိတ်မွေးလခြမ်းနှင့် စောင်ဖြူကို ပခုံးထက်တင်လျက် ခါးတိုအင်္ကျီနှင့် ပိတ်ဖြူပုဆိုးကို ဝတ်လေ၏ ။ ခေါင်းပေါင်းမှာ နံ့သာရောင် ၊ ကြံရောင်ပိန်းတန်းနှင့် ခန့်ညားသော ပုဂ္ဂိုလ်ကြီး ဖြစ်လေ၏ ။
၎င်းကို ဆိတ်ငြိမ်ရာ အရပ်၌ တစ်ကိုယ်တည်း တွေ့ရလျှင် ရုက္ခစိုးနတ် ၊ ဦးရှင်ကြီးနတ် စသည်ဖြင့် ပြောချင်ရာကို ပြောက ယုံကြည်ဖွယ်သော အသွင် ရှိလေ၏ ။ အသက်ပင်ကြီးပုံ ရသော်လည်း အဆင်းမှာ မအို ၊ စိုပြည် ပြည့်တင်းလျက် ဆံပင်များမှာ အဖြူကို မမြင်ရ ၊ ဆေးကောင်းဝါးကောင်းကို မှီဝဲရသဖြင့် အာယုပေါက်၍ နေသည်ဟု ပြောလျှင် မည်သူမျှ သဲသဲမဲမဲ ငြင်းမည် မဟုတ်ပေ ။
ကစားသမားများကို ကြည့်ပုံမှာ လောဘရမ္မက် ကင်းပျောက်လျက် ကလေးများ ကစားသည်ကို အပျင်းပြေ ကြည့်ပုံ ရှိလေ၏ ။
သို့ ကြည့်၍ နေရာမှ ကလေးအရူးအမိုက်များ မဟုတ်သလို လုပ်နေသဖြင့် ပြုံးသလို ပြုံးပြီးလျှင် ကလေးကို နို့တိုက်ရင်း ဆေးပေါ့လိပ်ကို သောက်ကာ ထဘီရင်ရောက် ၊ ရေချိုးဆင်းမည့် အလာမှာ ခဏထိုင်၍ ကြည့်သလို ကြည့်၍ နေသော မိန်းမလတ် တစ်ယောက် ဘက်သို့ လက်လှမ်းပြီး ၊ “ ဟဲ့ ... မိန်းကလေး ၊ ငွေတစ်ကျပ် ရှိသလား ၊ မှန်းစမ်း ၊ ယူခဲ့စမ်း ” ဟု ပြောလေ၏ ။
ကစားဝိုင်းမှာ ခွေးကတက် ဖြစ်၍ ၎င်းခွေးကတက်မှာ ခြေတင်လျက် ထိုင်နေသော ထိုမိန်းမသည် ကြည်ဖြူခြင်း ၊ အံ့သြခြင်း ရောစပ်လျက် ထ၍ အိမ်အတွင်းဘက်ကို ကလေးခါးထစ်ဝင်၍ သွားပြီး မကြာမီ ငွေတစ်ကျပ်ကို ထိုအဘိုးကြီးအား လာ၍ ပေးလေ၏ ။
အဘိုးကြီးသည် ငွေတစ်ကျပ်ကို ချလိုက်လေ၏ ။ အတန်ကြာသောအခါ မိန်းမအား ငွေနှစ်ကျပ် ပြန်၍ ပေးလိုက်လေ၏ ။
ကျေနပ်သောမိန်းမသည် အဘိုးကြီး အပါးသို့ ပြုံးစနဲ့နဲ့နှင့် ဆေးလိပ်ကို တစောင်းကိုက်ကာ ကပ်၍ လာပြီး ဘကြီး လုပ်စမ်းပါဦး ဟု ပြောလျက် ငွေနှစ်ကျပ်ကို ပေးလေ၏ ။
အဘိုးကြီးက ၎င်းမျက်နှာကို ကြည့်ပြီး ပြုံးလျက် ငြင်းတော့မလို လုပ်ပြီးမှ ၊ အဲလေ ... ဟု ပြောကာ ငွေနှစ်ကျပ် ကို ယူ၍ နှစ်ကျပ်လုံး ကစားဝိုင်းထဲသို့ ချလိုက်လေ၏ ။
အတော်ကလေး ကြာ၍ ငွေများကို သိမ်းကြ ဆွဲကြ ပြီးသောအခါ အဘိုးကြီးသည် မိန်းမအား ငွေလေးကျပ်ကို ပေးလိုက်လေ၏ ။
အနီးအပါးရှိ မိန်းမတစ်ယောက် ကပ်လာပြီး “ ဘကြီး ... ကျွန်မလည်း ” ဟု ပြောကာ ငွေတစ်ကျပ်ကို ပေးလိုက်လေ၏ ။
ပထမမိန်းမလို လေးကျပ် ရသဖြင့် ကျေနပ်လျက် ထွက်သွားလေ၏ ။
ထို့နောက် မိန်းမသုံးလေးယောက် ဤနည်းအတိုင်း ငွေတစ်ကျပ်စီမှ လေးကျပ်စီ ရ၍ သွားကြလေ၏ ။ နောက်တစ်ယောက် လာ၍ ကပ်သောအခါ အနောက်ဘက် ကောင်းကင်ရှိ နေကို လှည့်ကြည့်လေ၏ ။ ထိုနောက် မဖြစ်နိုင်သည့် အတွက် ဝမ်းနည်းသည့်ပုံနှင့် ဦးခေါင်းကို ပြုံးလျက် ခါပြီး “ အချိန်လွန်ပဟဲ့ ကလေးမရဲ့ ၊ မရဘူး ” ဟု ပြော၍ ခပ်ဖြည်းဖြည်း တောင်မြောက်လေးပါးကို ကြည့်ရင်း လမ်းဘက်သို့ ထွက်သွားလေရာ အတန်ငယ်ကြာလျှင် ကစားပွဲ ပြီး၍ သွားလေ၏ ။
နိုင်သော မိန်းမများက ကစားသမား လင်ယောက်ျားများအား ထူးဆန်းသော အဘိုးကြီး အကြောင်းကို ပြောကြရာ ခပ်လှမ်းလှမ်း လမ်းပေါ်၌ တွေ့ကြသဖြင့် မရမက ခေါ်ကြရာ ကစားဝိုင်း ထောင်သော ကာလသား ခေါင်းအိမ်သို့ အဘိုးကြီးမှာ မလိုက်ချင် လိုက်ချင်နှင့် လိုက်၍ လာရလေ၏ ။
“ သွားပြီး အစလုပ်မိတာနဲ့ ခက်နေမှကိုး ။ ဘကြီးကလည်း ခရီးမတ်တတ် ။ ရှေ့ရွာကို နေမဝင်မီ ရောက်အောင် သွားရမယ် ” ဟု ပြောလေ၏ ။
“ ဘကြီး ဟိုရွာကို မိုးချုပ်မှ ရောက်မယ် ။ ဒီမှာပဲ နေတာပေါ့ ဘကြီးရယ် ။ ဒီမှာပဲ တစ်ညအိပ်ပြီး မိုးလင်းမှပဲ သွားတာပေါ့ ”
“ ဘကြီး အခုသွားလို့ ဘယ်နည်းနဲ့မှ ဟိုရွာကို နေမဝင်မီ ရောက်မှာ မဟုတ်ဘူး ”
စသည်ဖြင့် သူတစ်ခွန်း ငါတစ်ခွန်း ပြောကြလေရာ ခရီးသည်အဘိုးကြီးမှာ မလွှဲသာသဖြင့် ကာလသားခေါင်းအိမ်မှာ တည်းခိုရလေရာ ညစာမှာ ကြက် ၊ ဝက် ၊ ဝမ်းဘဲ စသည့် ဟင်းလျာ မျိုးစုံတို့နှင့် ကြီးကျယ်သော ညစာပွဲရံကြီးမှာ မချမ်းသာသော အမူအရာနှင့် ထိုင်ရရှာလေ၏ ။ အကြောင်းမူကား အရေးကြီးသော ကိစ္စမှာ ရှေ့ရွာ၌ ရှိနေလေ၏ ။
ထမင်းစားခိုက်မှာ ဧည့်ခံသော အိမ်သည်များသည် ခေါင်းချင်းရိုက်၍ နေကြလေ၏ ။ အခြားသူများ အပါးသို့ မကပ်ရအောင် နှင်၍ ပစ်ကြလေ၏ ။ ထမင်းစား၍ ပြီးသည့်နောက် အိမ်ရှင် လင်မယားသည် ပုဆစ်တုပ်ကာ ကွမ်းဆေးလက်ဖက်တည်ရာမှ မထဘဲ နေကြလေတော့ သတည်း ။
“ ဘကြီးရယ် .. အရေးမကြီးရင် နက်ဖြန်တစ်နေ့ ဒီမှာ နေပါဦး ဘကြီးရဲ့ ။ ဘကြီးကျေးဇူးကို မမေ့ပါဘူး ။ နက်ဖြန် ဝိုင်းတော်တော် ကောင်းပါလိမ့်မယ် ။ ခရီးသွား ဟန်လွဲ ဆိုသလို မစခဲ့ရင် ဘကြီးမှာ အများကြီး ပင်ပန်း ဝန်လေးဖြစ်ဖို့ မရှိဘဲ ကျွန်တော်တို့မှာတော့ အများကြီး အကျိုးများဖို့ ရှိပါတယ် ” စသည်ဖြင့် တောင်းပန်ကြလေ၏ ။
“ မောင်တို့ဝိုင်းက ငွေဘယ်လောက်များမှာမို့လဲ ” ဟု အားမရှိပုံနှင့် ပြောလေ၏ ။
“ ငွေတစ်ထောင် ထက်တော့ မနည်းဘူးလို့ ထင်ပါတယ် ဘကြီးရဲ့ ”
“ မဖြစ်လောက်ပါဘူးလေ ။ ဘကြီးက သောင်း လောက်မှ ပညာကို ဖြစ်ဖြစ်မြောက်မြောက် သုံးတာပါ ။ အခုတော့ ကလေးမများ မြင်တာနဲ့ ရှေးအကြောင်း ရေစက်ကြောင့် ထင်ပါရဲ့ ။ ပေးချင်ကမ်းချင်စိတ် နည်းနည်းပါးပါး ပေါက်တာနဲ့ လုပ်ပေးလိုက်တာပါ ”
“ ဒီအရပ်မှာတော့ တစ်ထောင်ဟာ အများဆုံးပါပဲ ။ ဒါလည်း မနည်းလှပါဘူး ဘကြီးရယ် ။ တစ်ဆိတ် စောင်မရင် ကျေးဇူး မမေ့ပါဘူး ဘကြီးရဲ့ ”
“ ဘကြီးတော့ တယ်ပြီး အားမရှိဘူး ။ ကလပ်များ ဆိုရင်တော့ ပြောလောက်ဆိုလောက် ၊ အင်း .. မောင်ရင် နက်ဖြန်သဘက် မအားဘူးလား ”
“ အားပါတယ် ဘကြီးရဲ့ ” ဟု အိမ်ရှင်က ပြောလေ၏ ။
“ အားရင် မြို့ကို ဆင်းပါလား ၊ ဘကြီး လိုက်ခဲ့မယ် ။ ကလပ်မှာ ဘယ်နည်းနဲ့မဆို အောက်ထစ် လေး ငါးသောင်းတော့ နာရီဝက် မကြာပါဘူး ။ အေး ... တစ်ခု စိုးရိမ်ရတာပဲ ”
“ ဘာကို စိုးရိမ်ရသလဲ ဘကြီးရဲ့ ”
“ နိုင်ပြီး ပြန်မဆင်းရအောင် အတင်းအဓမ္မ လုပ်ကြမှာ စိုးတာပဲ ”
“ ဒါတော့ စိုးရိမ်စရာ မရှိပါဘူး ။ မြို့က ကလပ်မှာ ကျွန်တော့် လူတွေချည်းပါပဲ ။ ကျွန်တော့် လူစုနဲ့သာ ဆိုရင် အသူရာ တက်တိုက်ရပါစေ ၊ ကြောက်စရာ မရှိပါဘူး ”
“ ဒီလိုဖြင့် အကောင်းသားပဲ ။ ကိုင်း .. ငွေတစ်ထောင်လောက် စုကြ ။ ဘကြီးက အစပြုမိမှ လုပ်ပေးရတာပေါ့လေ ။ ဘကြီး ဒီအလုပ် ပြီးရင်သာ ဆက်ပြီး မတားကြပါနဲ့ ။ ရှေ့ရွာကို သွားစရာရှိတဲ့ ကိစ္စတော့ သန်ဘက် ခါလောက်မှ သွားရင်လည်း ဖြစ်နိုင်ပါတယ် ။ ငွေတစ်ထောင်လောက်နဲ့ တက်မှလည်း အလုပ်ရ မြန်မှာကိုး ”
နောက်တစ်နေ့ ကာလသားခေါင်း လင်မယားနှင့် နီးစပ်ခင်မင်သူများသည် အဘိုးကြီးနှင့်အတူ ကလပ်သို့ ရောက်ကြလေရာ အဘိုးကြီးက ငွေတစ်ထောင် ယူပြီး “ မင်းတို့ ဒီမှာ ခဏ စောင့်ကြဦး ။ ရုန်းရင်းဆန်ခတ် တစ်ခုခု ဖြစ်ရင်သာ ပြေးတက်လာခဲ့ကြ ။ ဘာသံမှ မကြားရင် ၊ စောင့်သာနေ ။ ဘကြီး အရိပ်အကဲ ကြည့်လိုက်ဦးမယ် ။ ရလောက် မရလောက် သိရအောင် ”
“ ကောင်းပါပြီ ဘကြီး ။ ကျွန်တော်တို့ စောင့်နေပါ့မယ် ။ အရေးကြီးရင်သာ ခေါ်လိုက်ပါ ”
“ အေး ... အေး ... နာရီပိုင်းကလေးလည်း လိုသေးတယ် ။ ဒီလ ဘာဆန်းသလဲ ”
“ စနေ .. ဘကြီးရဲ့ ”
“ ဟင် .. ဟန်ကျလိုက်တာ ။ ဆယ့်နှစ်ဖွားလောက်ပဲ ။ မကြာပါဘူး ” ဟု ပြောပြီး အဘိုးကြီး တက်၍ သွားရာ သုံးလေးနာရီ ကြာ၍ ဘာသံမျှ မကြားရသောအခါ တက်၍ ကြည့်ကြလေလျှင် “ ဝတ်ဖြူစင်ကြယ်နဲ့ အဘိုးကြီး တစ်ယောက် နောက်ဖေးပေါက်က ဆင်းသွားတာ သုံးနာရီလောက် ကြာပြီ ။ ကျုပ်တောင် လမ်းပြလိုက်လို့ ငွေတစ်ဆယ် ရလိုက်သေးတယ် ” ဟု အစောင့်တစ်ယောက်က ပြောသဖြင့် အိမ်သား တစ်စုမှာ ကျောကော့၍ ပြန်ခဲ့ကြရလေ၏ ။
နောက်မှ သေချာစွာ စဉ်းစားကြည့်မိရာ မိန်းမများ အတွက် လောင်းသော ကျပ်ပြားများမှာ ကစားဝိုင်းမှ နိုင်၍ ပြန်ရခြင်း မဟုတ် ။ ကစားသမားများမှာ မက်ကြီး၍ နေသဖြင့် တစ်စုံတစ်ရာမျှ သတိမထား ။ အဘိုးကြီးမှာ အဆုံးခံပြီး မိမိ၏ ကိုယ်ပိုင်ငွေများကို နိုင်၍ရသော ငွေလို ဟန်ဆောင်၍ ပေးကြောင်း ရိပ်မိကြလေသတည်း ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment