❝ တောင်ထိပ်ပေါ်က နတ်သျှင်နောင်၏ မော်တော်ဆိုင်ကယ် ❞
( ဇော်ဇော်အောင် )
အပျက်အစီးများ တစ်မျှော်တစ်ခေါ် ကြဲပြန့်ရှုပ်ပွနေသည့် လွင်ပြင်၏ အဆုံး ၊ မိုးကုတ်စက်ဝိုင်းနှင့် ထိကပ်လျက် ၊ တဖိတ်ဖိတ်လက်နေသော အရာတစ်ခု ရှိနေ၏ ။ ထိုအရာသည် တောင်တစ်လုံး ဖြစ်သည် ။ ထိုတောင်သည် ကျွန်တော်၏ ချစ်လှစွာသော မနှင်းဆီ ကဲ့သို့ပင် ။ ကျွန်တော် ရှိရာ သူ မလာ၍ ၊ သူ ရှိရာသို့ ကျွန်တော် သွားရ၏ ။ တောင်ဝန်းကျင်သည် ညို မှောင်ရီဝေနေသည် ။ တောင်ခိုးနှင့်တိမ် ရောယှက်လိမ်၍ ၊ တိမ်နှင့် တောင်ခိုး တောင်ကိုမိုးသည် ။ မိုးမမြင် ... ခေတ်စမ်းကဗျာကဝိကြီး ကျန်းမာပါစေ ။ မြူခိုးများ ဝေ့ဝဲနေသည် ။ ညိုမှောင်ဝေရီ ဖိတ်ဖိတ်လက် ။ တောင်ခြေမှာ ကျွန်တော်ရှိသည် ။ ဇော်ဇော်အောင် ရှိသည် ။ သူလည်း ရှိနေသည် ။ တောင်ခါးပန်း အဆင့်ဆင့်မှာ ကွေ့ဝိုက်ဝန်းပတ် ဖောက်လုပ်ထားသော လှေကားရှိ၏ ။ လှေကားထစ်များကို ကျောက်ဖြူသားဖြင့် လုပ်ထား၏ ။ လှေကားလက်ရန်းတို့ကို အင်္ဂတေခြူးပန်းခြူးနွယ် အဆန်းတကြယ်လုပ်ထား၏ ။ ရတနာကိုးပါး မြှုပ်သွင်းစီခြယ်ထားသည် ။ ဘယ်သူ ခိုးယူသွားလည်း မသိပါ ။ အနီရောင်နှင့် အစိမ်းရောင်ကျောက် မြှုပ်ထားသော နှစ်နေရာတွင် အင်္ဂတေသား ဟောက်ပက်ဖြစ်နေသည် ။ ပြဿနာက လှေကား ဆိုသော အရာသည် တက်ရသော အရာလား ၊ ဆင်းရသော အရာလား မကွဲပြားခြင်း ဖြစ်၏ ။ ဤလောကတွင် အမြင့်သို့ တက်သော လှေကား အနိမ့်သို့ဆင်းသော လှေကားဟု ကွဲကွဲပြားပြား ဖြစ်အောင် ဆိုင်းဘုတ် ချိတ်ထားသင့်ပါသည် ။ ယခု သူက တက်ချင်သည် ။ ဇော်ဇော်အောင်က ဆင်းချင်သည် ။ ကျွန်တော်က ဝေခွဲမရ ။ ဟိုအဝေးမှ မိုးချုန်းသံ သဲ့သဲ့ ။
ထို့နောက် ကျွန်တော်တို့ တက်ခဲ့ကြသည် ။ တောင်ခါးပန်းက မြူခိုးတွေ ကြားမှာ ဇော်ဇော်အောင် ပထမဆုံး ပျောက်သွား၏ ။ ကျွန်တော် ရှာကြည့်သောအခါ သူ့ကိုသာ တွေ့ရ၍ ကျွန်တော့် ခေါ်သံသာ ကျွန်တော် ပြန်ကြားနေရသည် ။ မှိုင်းများ သိပ်သည်းလွန်းလှ၏ ။ တောင်ထိပ်မှာ အိမ်တစ်လုံးကို သူ ဝမ်းသာအားရ တွေ့လိုက်သည် ။ ထိုအိမ် လေးဘက်လေးတန် နံရံများ အပိတ် ။ အိမ်ခေါင်မိုးမှာ ထူးဆန်းစွာ ဝင်ပေါက်တံခါး တပ်၍ ထား၏ ။ အိမ်ထဲမှာ သူ ထိုင်နေသည် ။ သူ့နောက်က နံရံပေါ်မှာ နှစ်ဆယ့်သုံးသိန်းတန် ဟာလေးဒေးဗစ်ဆင် မော်တော်ဆိုင်ကယ်ကြီးတစ်စင်း ချိတ်ဆွဲထားသည် ။ ထို ဆိုင်ကယ်သည် တောင်ငူဘုရင် နတ်သျှင်နောင် စီးခဲ့သော မော်တော်ဆိုင်ကယ်ကြီး ဖြစ်နေကြောင်း စာရေး မကပ်ထားသော်လည်း ကျွန်တော် အလိုလို သိနေသည် ။ အပြင်ဘက်မှာ မြူတွေပြာ ၊ ကျွန်တော် တောင်ခြေမှာ ရှိနေ၏ ။ ဘယ်တုန်းကလည်း ကျွန်တော် မမှတ်မိ ။ မမှတ်မိခြင်းသည် မေ့နေခြင်းနှင့် အတူတူပဲလား ။ ကျွန်တော် မမှတ်မိ ၊ မေ့နေ၏ ။ လှေကားသည် လှေကားသာ ဖြစ်ကြောင်း ကျွန်တော် မမေ့ ။ တက်သော လှေကား ၊ ဆင်းသော လှေကား ဟူ၍ ဤလောကမှာ မရှိပါ ။ တက်သူနှင့် ဆင်းသူတို့ ပြုမူ ဆောင်ရွက်ချက်များသာ ကွဲပြားပါသည် ။ ခုနေခါ ရွှေမင်းဝံတောင်ပေါ် ရိုးမှာ မြူခိုးတွေ ဝေ့နေရော့မည် ။ ဈေးချိုဟောင်းက လွဲခဲ့ရသော ချစ်သူဟောင်းကို သတိရသည် ။ အမှန်စင်စစ် အချိန်ကသာ ဟောင်းသွားခြင်း ဖြစ်ပါသည် ။ တောင်ပေါ်သို့ တက်သော လှေကားကို အင်္ဂတေပန်းခြူးနွယ်တို့ ဖြင့် တန်ဆာဆင်ထား၏ ။ တန်ဆာဆင်ခြင်းကို အချို့က အလင်္ကာ ဟု ခေါ်ကြသည် ။ အရှေ့အရပ်က မေးရိုးလှ၍ မျက်နက်ဝန်းရွှန်းလဲ့သော ငွေလမင်းကို သီချင်းဆို၍ ကြိုကြပါ ။
••••• ••••• •••••
စိန်မြရံခြယ် အောင်ပင်လယ် တာအနီးက ကြာပင်အိုင်ကြီးကို ကျွန်တော် ချစ်သည် ။ ခင်မောင်ရင် ထံ ပန်းချီကား တစ်ချပ် အပ်နှံရေးဆွဲစေပြီးမှ သူ့ကို မွေးနေ့လက်ဆောင် ပေးမည် ။ သန့်စင်ကြည်လဲ့မှုများ ပျောက်ဆုံးသွားသည်မှာ အတော်ကြာပြီ ။ လီယိုနာဒိုဒါဗင်ချီ ဆီမှာ ဘိုင်စကယ်အစုတ် တစ်စီး ရှိသည်ကို ယုံ ။ မိုနာလီဇာ၏ အပြုံးသည် အသက်မပါ ။ ဂမ္ဘီရ၏ အဓိပ္ပာယ်ကို လူအချို့ နားမလည်ကြ ။ အစ်မရယ် ... ရောင်းကာသာ ဆပ်လိုက်ပါတော့ ရွာရှေ့က ယာတစ်ခင်း ။
မှတ်ချက် ။ ။ ဤ၀တ္ထုမှာ သင်္ကေတနှင့် နိမိတ်ပုံများ လုံးဝ မပါ ။ အဘယ်ကြောင့်ဆိုသော် ဝတ္ထုတိုရေးသူသည် သင်္ကေတ နှင့် နိမိတ်ပုံကို အလွန်မုန်းသောကြောင့် ဖြစ်ပါသည် ။
▢ ဇော်ဇော်အောင်
📖 သရဖူ မဂ္ဂဇင်း
အမှတ် ၁၈
၁၉၉၆ ခုနှစ်

No comments:
Post a Comment