❝ ပိုင်ပိုင် ❞
ပိုင်ပိုင်ကို တချို့က အိပ်မက်ဆုံရာ ပြိုင်ပွဲနဲ့ တွဲပြီး သိကြတယ် ။ ကျွန်တော် ကတော့ ပိုင်ပိုင့်ကို NYM အခမ်းအနား စီစဉ်တင်ဆက်တဲ့ အဖွဲ့က အကသမား အဖြစ် သိခဲ့တာပါ ။ ပိုင်ပိုင်နဲ့ လူချင်း ထိုင်ပြီး စကားစမြည် ပြောမိကြတော့ သူ့ဘဝ ရည်မှန်းချက်က အဆိုတော်ပါတဲ့ ။ သူကိုယ်တိုင်ကော ၊ သူ့ဘဝကို သူ ဘယ်လို ခံယူထားတာလဲ ။ ပိုင်ပိုင့်ကို ကျွန်တော် မေးပါတယ် ။
“ သမီးက အရင်တုန်းက dancer ( အကမယ် ) ပေါ့ ၊ အိပ်မက်ဆုံရာ ပြိုင်ပြီးတဲ့ အချိန်မှာ နာမည် နည်းနည်းရတယ် ၊ နယ်ရှိုးပွဲတွေမှာ ကမ်းလှမ်းတာ ပိုခံရလို့ အနုပညာလုပ်ငန်းတွေ ပိုလုပ်ရတယ် ”
သူနဲ့ ကျွန်တော်က သိကျွမ်းပါတယ် ။ သူ့ကိုယ်သူ သမီးလို့ နာမ်စား သုံးပြီး စကားပြောတယ် ။
“ သမီးကို dancer လို့ ပြောရမှာလား ၊ အဆိုတော်လို့ ပြောရမှာလား ”
ပိုင်ပိုင်က နည်းနည်း စဉ်းစားလိုက်ပါတယ် ။ ပြီးမှ ပြုံးတယ် ဆိုနိုင်ရုံ ပြုံးလိုက်ပြီး ဆက်ပြောတယ် ။
“ အရင်ကတော့ dancer ၊ အခုတော့ အဆိုတော်ပေါ့ ၊ သမီးကို အဆိုတော် အဖြစ် ငှားကြတာပါ ”
“ ကိုယ်တိုင် တကယ် ဖြစ်ချင်တာက ... ”
ကျွန်တော် မေးခွန်းထုတ်တယ် ။
“ တကယ်ဖြစ်ချင်တာက အဆိုတော်ပါ ၊ ငယ်ငယ်လေး ကတည်းက အဆို ဝါသနာပါတာ ”
သူ့ငယ်ဘဝက အဆိုတော် ဝါသနာပါတဲ့ ‘ ဇ ’ ကို ကျွန်တော်က မေးပါတယ် ။
“ သမီးတို့က ( ရန်ကုန် ) ရွှေပြည်သာမှာ နေတာ ၊ အဖေက လျှပ်စစ်မီး ဆင်တဲ့ အပြင်အလုပ် လုပ်တာ ၊ သမီး ကျောင်းနေတော့ ရွှေပြည်သာ အ.ထ.က ( ၄ ) မှာ ၊ သမီးငယ်ငယ်က သူငယ်ချင်းတွေကို ခေါ် မုန့်ကျွေးပြီး ပရိသတ် လုပ်ခိုင်းတယ် ၊ ပြီးတော့ ခြံထဲက ခုတင်ပေါ်တက် တုတ်ကြီးကို မိုက်လုပ်ပြီး သမီးက အဆိုတော် အနေနဲ့ သီချင်းဆိုတယ် ”
စတိတ်ရှိုးလုပ်တမ်း ကစားနေမယ့် ပိုင်ပိုင်တို့ အဖွဲ့ရဲ့ မြင်ကွင်းက ပျော်စရာပါပဲ ။ သူက ဆက်ပြောတယ် ။
“ ခုတင်က ခုတင်ပျက်ကြီး ၊ ခုတင်ဘေး ကပ်လျက်မှာ ရေချိုးတဲ့ တိုင်ကီပျက်ကြီး ရှိတယ် ၊ သမီးက အဆိုတော် လုပ်ပြီး ခုန်ပေါက် သီချင်းဆိုရင်း ရေတိုင်ကီထဲ ဇောက်ထိုး ပြုတ်ကျတယ် ”
ပိုင်ပိုင်က ပြောနေရင်း ရယ်မောတယ် ။
“ ရေတွေ ရှိလား ”
“ ရေတွေလည်း ရှိတာပေါ့ ၊ ( ရယ်လျက် ) အဲဒါ အမေက နောက်ဖေးမှာ ၊ အုန်းခနဲ အသံလည်း ကြားလိုက်တယ် ၊ ဟိုကလေးမ သီချင်းဆိုသံလည်း မကြားရပါဘူးလို့ ထွက်လာတော့ သမီးက ရေတိုင်ကီထဲမှာ ဇောက်ထိုး ၊ အမေ ကယ်လို့သာပေါ့ ၊ နို့မဟုတ်ရင် ရေနစ်လို့ သေလောက်ပြီ ”
ပိုင်ပိုင်က ပြောရင်း ရယ်နေတယ် ။
“ သမီး အမေနဲ့ အဖေလည်း သီချင်းဆိုတာ ဝါသနာပါတယ် ၊ ရပ်ကွက်ထဲမှာ ဦးဘိုကြည် ထောင်ထားတဲ့ အပျော်တမ်း တီးဝိုင်းလေးနဲ့ အလှူမင်္ဂလာပွဲတွေမှာ ဆိုကြတယ် ၊ ပွဲတစ်ပွဲမှာ ရပ်ကွက်ထဲက ဦးလေးကြီးက သမီး အဆိုဝါသနာပါတာ သိလို့ ဆိုမလားလို့ မေးပြီး မိုက်ထိုးပေးတယ် ”
ပိုင်ပိုင်က ပြုံးလိုက်တယ် ။ ကျွန်တော့် စိတ်ထဲမှာ စူဠလိပ် ရေထဲ လွှတ်သလို နေမှာပဲလို့ တွေးလိုက်တယ် ။
“ အဲဒီခေတ်က ခေတ်စားတာက ကျွန်တော့်မမပုသိမ်သူ သီချင်း ၊ သမီး ဆိုလိုက်တယ် ၊ နောက်ကျ လွတ်လပ်ရေးနေ့တို့ ပွဲလမ်းရှိရင် သမီး လိုက်ဆိုရတယ် ”
“ အိမ်နီးချင်းတွေ ၊ အရပ်ထဲက လူတွေက ကိုယ်သီချင်းဆိုတဲ့ အသံ ကြားတော့ အားပေးသလား ”
“ တချို့ကတော့ ဒီကောင်မလေး အသံကောင်းတယ် ၊ စီးရီးထုတ်ပါလား လို့တော့ ပြောတာပေါ့ ”
ပိုင်ပိုင်က ပြောရင်း ရှက်စနိုး ပြုံးတယ် ။ ပြီးတော့ သူ့စကားကို ဆက်တယ် ။
“ သမီး ခြောက်တန်းနှစ်မှာ ရန်ကုန်သင်္ကြန် မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေဖို့ ခေါ်တော့ သမီးက မြို့နယ် ကိုယ်စားပြု ပါသွားတယ် ၊ ၂၆ ယောက် ရွေးတဲ့ အထဲမှာ ရွှေပြည်သာမြို့နယ် ကိုယ်စားပြု အနေနဲ့ ပါတယ် ”
အကကို စနစ်တကျ သင်ခွင့်စရတဲ့အကြောင်း သူက ဆက်ပြောတယ် ။
“ အကသင်ဖို့ မိုးနတ်သူဇာ ဒေါ်သီတာဝင်း ဆီမှာ အကသင်ဖို့ အပ်ပေးတယ် ၊ ဆရာမ ဆီမှာ အခြေခံအက သင်ရတော့ အကကို ကိုယ် တကယ် ဝါသနာ ပါတာ သိသွားတယ် ၊ မြို့တော်ဝန်မဏ္ဍပ်မှာ သံချပ်တိုင်ဖို့ လူရွေးတော့ သမီး အရွေးခံရတယ် ၊ အဲဒီနှစ်က သမီးတို့အဖွဲ့က ပထမဆု ရတယ် ၊ အဲဒီမှာ ကချင်တဲ့ ပိုး ဝင်သွားတော့တာပဲ ”
ရန်ကုန်သူ မန္တလေးကို ရောက်လာပုံ ကျွန်တော် မေးတယ် ။
“ ခုနစ်တန်းပြီးတဲ့ နှစ်မှာ မန္တလေးက အမျိုးတွေ ခေါ်တော့ မန္တလေးကို မိသားစု ပြောင်းလာကြတယ် ၊ အဖေက ကုမ္ပဏီကား မောင်းတယ် ၊ သမီးကိုလည်း အ.လ.က ( ၁၇ ) မှာ ကျောင်းဆက်ထားတယ် ”
မန္တလေးမှာ ကျောင်းနေရင်း အနုပညာနဲ့ ဆက်စပ်မိလာပုံကို ပိုင်ပိုင်က ဆက်ပြောတယ် ။
“ သမီး ရှစ်တန်းနှစ်မှာ ကျောင်း assembly ( ကျောင်းသူ ၊ ကျောင်းသား အားလုံးစုဆုံ အခမ်းအနား ) မှာ သမီးက နိုင်ငံတော်သီချင်း ၊ မြတ်ဆရာ သီချင်း ဆိုတာတို့ကို ရှေ့က တိုင်ပေးရတယ် ၊ သမီး သီချင်းဆိုတာ ဝါသနာပါမှန်း သိတော့ ကျောင်းက ဆရာမတွေက ဆို ၊ က ၊ ရေး ၊ တီး ဝင်ပြိုင်ပါလား အားပေးကြတယ် ၊ ဆို ၊ က ၊ ရေး ၊ တီး ပြိုင်တော့ မြို့နယ်အဆင့် ၊ တိုင်းအဆင့် အဆင့်ဆင့် ပါသွားတယ် ”
“ အ.ထ.က ( ၂၆ ) က ဆရာဦးတင်အောင်ငြိမ်းက အနုပညာ ဝါသနာ ပါတာကြောင့် မန္တလေးတိုင်းက ပြုလုပ်တဲ့ ပညာရေးဆိုင်ရာ အနုပညာကိစ္စတွေမှာ တာဝန်ပေး ခံရတယ် ။ ပညာရေး စုံညီပွဲတော် ၊ အမျိုးသားကဇာတ်ရုံမှာ ပြဇာတ် ကတော့ ပိုင်ပိုင်က အ.လ.က ( ၁၇ ) ကျောင်းကိုယ်စားပြု ပါလာပြီး နောက်ခံ သီချင်း ဆိုတယ် ။ ဆရာဦးတင်အောင်ငြိမ်း က ပိုင်ပိုင်ရဲ့အသံကို သတိမူမိတယ် ။ ပိုင်ပိုင်ကလည်း ဆရာဦးတင်အောင်ငြိမ်းက ကျောင်းသူ ၊ ကျောင်းသားတွေကို သားသမီးရင်းချာတွေလို ဂရုတစိုက် ဆက်ဆံတာ ၊ ရင်းရင်းနှီးနှီး နေတာ ၊ အနု ပညာ အရည်အသွေး ရှိတာကို သိတော့ တပည့်ခံချင်တယ် ။ ဒါကြောင့် ကိုးတန်း ၊ ၁ဝ တန်းကို ဆရာဦးတင်အောင်ငြိမ်း ရှိတဲ့ အ.ထ.က ( ၂၆ ) မှာ ဆက်တက်ဖို့ ဆုံးဖြတ်လိုက်တယ် ”
“ အ.လ.က ( ၁၇ ) ကျောင်းမှာ တစ်နှစ် တက်ပြီး ဆရာကြီး ဦးတင်အောင်ငြိမ်း ရှိတဲ့ အ.ထ.က ( ၂၆ ) ကို ပြောင်းပြီး ကိုးတန်း ၊ ၁၀ တန်း တက်တယ် ၊ သမီးမွေးနေ့ ကျတော့ ဆရာကြီးကို မုန့်သွားကျွေးတယ် ၊ ပြီးတော့ အနုပညာနဲ့ ပတ်သက်ရင် တခြား တပည့်တွေလိုပဲ သမီးကို သုံးပါလို့ ပြောတယ် ၊ အဲဒီမှာ ရင်းနှီးသွားတယ် ”
ပိုင်ပိုင့်ကို ကိုယ့်တက်လမ်း အတွက် လမ်းထွင်နိုင်စွမ်း ရှိသူ လူငယ်အဖြစ် အသိအမှတ် ပြုလိုက်မိပါတယ် ။
“ ဆရာကြီးကို ဘာကြောင့် မုန့်သွားကျွေးတာလဲ ၊ ပြောပါဦး ”
ပိုင်ပိုင်က ရယ်တယ် ။
“ ဆရာကြီးတို့ကျောင်း ရောက်တော့ ဆရာကြီးကို ခင်ချင်လို့ မုန့်သွားကျွေးတာ ”
သူက မပြောသေးဘဲ ထပ်မံ ရယ်မောနေတယ် ။ ပြီးမှ ရယ်တာရပ်ပြီး ဆက်ပြောပါတယ် ။
“ ဆရာ ဦးတင်အောင်ငြိမ်းက အစိုးရဝန်ထမ်း အဖြစ်က အနားယူလိုက်ပြီး မူကြိုကျောင်း ထူထောင်တယ် ။ NYM အကသင်တန်း ၊ အခမ်းအနား အစီအစဉ် တင်ဆက်သူ အလုပ်တွေ ထူထောင်ပါတယ် ”
“ ကိုးတန်းနှစ်မှာ NYM က ဆရာကြီး ဦးတင်အောင်ငြိမ်း နဲ့ ကိုဖြိုးတို့ဆီ ရောက်သွားတော့ သမီးဘဝက လုံးဝ dancer ဖြစ်သွားပါတယ် ၊ ဆရာတို့ မြေတောင်မြှောက်မှုကြောင့် ပိုင်ပိုင် NYM dancer လို့ လူသိများလာခဲ့တယ် ၊ သမီးက အရင်ဆုံး ဝင်တဲ့ တပည့် ဆိုတော့ အခြားသူတွေကို သင်ပြပေးရတယ် ၊ တချို့အိမ်တွေကို လိုက်သင်စရာ ရှိလည်း ဆရာကြီးတို့က သမီးကို တာဝန်ပေးတယ် ”
အကသင်ပြတဲ့ ဆရာမ အနေနဲ့ သူ ရုန်းကန်ခဲ့ရတဲ့ ဘဝကို သူ ပြောပြတယ် ။
“ သမီးတို့ မိသားစုက ပြည့်စုံတဲ့ မိသားစု မဟုတ်ပါဘူး ၊ မိသားစု တစ်စုက သူတို့သမီး မော်ဒယ်လ် လုပ်နေတဲ့ အိမ့်မှူးခင် ကို အကသင်ပေးဖို့ ကမ်းလှမ်းပါတယ် ၊ သမီးကလည်း သင်ပေးချင်တယ် ၊ ကိုယ့်အတွက်လည်း အနုပညာကြေးလေး ရတယ်ပေါ့ ”
ပိုင်ပိုင်က ပြောလက်စ စကားကို ခဏနားတယ် ။ ပြီးမှ ဆက်ပြောတယ် ။
“ အဲဒီတုန်းက သူများတွေ ဆိုင်ကယ် စီးနေတဲ့ အချိန်မှာ သမီးက စက်ဘီးတောင် မရှိဘူး ၊ သမီးအတွက် သွားရလာရတာ အခက်အခဲ ရှိတယ် ”
သူ ဘယ်မှာ နေတာလဲ ၊ အက သင်ပေးရမယ့် နေရာက ဘယ်မှာလဲ မေးကြည့်တော့ တော်တော်ပဲ အလှမ်းကွာတာကို သိရတယ် ။ ဘတ်စ်ကား စီးရင်လည်း အဆင့်ဆင့် စီးရမယ် ။ အချိန် အများကြီး ကုန်ပြီး လူပင်ပန်းမယ် ။
“ သမီး သူငယ်ချင်း တစ်ယောက်ရဲ့ စက်ဘီးကို ခဏငှားတယ် ၊ ငှားပြီး သွားသင်ပေးတယ် ၊ တစ်လလောက် သူများဘီး ငှားစီးနေရတာ အားနာလာတယ် ၊ အက သင်ပေးရမှာက သုံးလ ၊ သမီးက အနုပညာကြေးကို စက်ဘီးလေးတစ်စီး အရင် ဝယ်ပေးပါလို့ ပြောလိုက်တယ် ၊ သူတို့ကလည်း ဝယ်ပေးလိုက်တယ် ”
သူ့စကားထဲမှာ အဲသည်ကာလက သူ့ လိုအပ်နေမှု ၊ ရိုးသားမှုတွေကို သိမြင်လိုက်ရတယ် ။
“ ဆရာတွေက သမီးကို မြေတောင်မြှောက်မှုနဲ့ သမီးက ခေါင်းဆောင် နေရာမျိုး ရောက်လာရတယ် ”
ကျွန်တော်က အိမ်မက်ဆုံရာ အစီအစဉ်မှာ ပိုင်ပိုင် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွေးချယ်ခံရ ၊ ဆုရတာကို သိထားတာကြောင့် အဲသည်အကြောင်းကို မေးပါတယ် ။
“ အိပ်မက်ဆုံရာ မပြိုင်ခင်ကလေးမှာ သမီးအဖေ ဆုံးသွားတယ် ၊ အဖေ နေမကောင်းလို့ ဆေးရုံတင်ထားရတဲ့ အချိန် သမီးက စိတ်ပူပြီး ဆေးရုံကို ဆိုင်ကယ် နဲ့ အမြန်သွားလိုက်တာ ကားနဲ့ ချိတ်မိပြီး ဆိုင်ကယ်လဲတယ် ၊ သမီးရဲ့ မျက်နှာလည်း စုတ်ပြတ်သွားတာပဲ ၊ နောက်ရက်ကျ အဖေ ဆုံးသွားတယ် ၊ နောက် နှစ်ရက်နေတော့ ပွဲလက်ခံထားတာကို စုတ်ပြတ်နေတဲ့ မျက်နှာကြီးနဲ့ပဲ သွားပြီး သမီး သီချင်း ဆိုတယ် ”
ငိုချင်လျက်နဲ့ ဇာတ်ကွက်ကိုထား ရယ်လိုက်ရတယ် ဆိုတဲ့ အနုပညာသည်ရဲ့ ဘဝကို သတိရမိပါတယ် ။ ပိုင်ပိုင်က သူ့ကျေနပ်မှုကို ဆက်ပြောတယ် ။
“ သမီးရဲ့ အနုပညာကြေးလေးနဲ့ သမီးအဖေကို သင်္ဂြိုဟ်နိုင်ခဲ့တယ် ”
အိပ်မက်ဆုံရာ အစီအစဉ်ကို ပိုင်ပိုင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရ ၊ ဆုရတဲ့ အကျိုးကို သူက ဆက်ပြောပါတယ် ။
“ သမီးအိပ်မက်ဆုံရာ ပြိုင်ပြီးတဲ့နောက် လမ်းကြောင်းပေါ်တော့ ရောက်ပြီပေါ့ ၊ ကြိုးစားမှုနဲ့ ဝီရိယတော့ ရှိရမယ်ပေါ့ ၊ ကိုယ် လိုချင်တဲ့ လမ်းကို ရောက်အောင်တော့ လျှောက်လှမ်းရမယ် ”
ပိုင်ပိုင်ရဲ့ မျက်နှာပေါ်မှာ မျှော်လင့်ချက်တွေနဲ့ တက်ကြွနေတယ် ။ သူ အောင်မြင်မှာပဲလို့ ကျွန်တော်က အကဲဖြတ် နေမိပါတယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

No comments:
Post a Comment