Wednesday, February 25, 2026

မြမေ


 

❝ မြမေ ❞  
( ကိုဦးဆွေ )

မြင်းရိုင်းတစ်ကောင် ဒေါသတကြီး ပြေးလာသလိုမျိုး အပြင်းမောင်းလာတဲ့ ကားကြီးက မြမေ အနားကို ရောက်တော့မှ ပြတင်းမှန်က လျှောခနဲ ပွင့်လာတယ် ။ မြမေ ဖွေးဥနေတဲ့ ချောချောလှလှ မျက်နှာလေးကို မြင်လိုက်ရတယ် ။ ‘ လှလိုက်တာ ’ လို့ အသံမထွက် ညည်းနေတုန်းမှာပဲ အဲဒီ မိန်းကလေးက လက်ကို မြှောက်ပြီး သောက်လက်စ အအေးဘူးခွံကို ကား အပြင်ဘက် လွှင့်ပစ်လိုက်တယ် ။ ပြီးတော့ ကားမှန် တံခါးက လျှောခနဲ ပြန်ပိတ်သွားတယ် ။ လမ်းဘေးမှာ တလိမ့်လိမ့်နဲ့ ကျန်ရစ်ခဲ့တဲ့ အအေးဘူးခွံလေးကို မြမေ ငေးကြည့်နေမိတယ် ။ ခါတိုင်းလို ဝမ်းသာအားရ ပြေးကောက်ပြီး ကျောပိုးထားတဲ့ မြွေရေခွံအိတ်ထဲ ထည့်ဖို့ သတိမရအားဘူး ။ စိတ်တွေက သူနဲ့ ရွယ်တူလောက်ပဲရှိမယ့် ကားပေါ်က မိန်းမလှလေးဆီ ရောက်နေတယ် ။

‘ နတ်သမီးလေးလား ’ အဲဒီလိုပဲ မြမေ ညည်း လိုက်ချင်တော့တယ် ။ ကားမှန်အချ နေရောင်နဲ့ အတွေ့ မှာ ရွှေရောင် ပြိုးပြိုးလက်သွားလေသလား ။ ရွှေမင်းသမီးလေးလေလား ။ မြမေရဲ့ စိတ်က မိန်းမလှလေးရဲ့ အလှဖွဲ့ကနေ သူ့ကိုယ်ဆီ ပြန်ရောက်လာတယ် ။ အို သူ့ ကိုယ်သူတော့ မြမေ ငုံ့တောင် မကြည့်ချင်ပါဘူး ။ စိတ်မှန်းနဲ့တောင် ပုံဖော်လို့ ရပါရဲ့ ။ နေလောင်ထားတဲ့ အသားက ဘယ်လောက်တောင် ညိုမောင်းနေမလဲ ။ မြမေ ငယ်ငယ်တုန်းကတော့ ဖြူဖြူဖွေးဖွေး ချစ်စရာလေးလို့ ပြောကြတယ် ။ အခုတော့ ရာသီမရှောင် လမ်းတကာ လျှောက်သွားနေရတဲ့ မြမေရဲ့ အသားရောင် ဖြူဖူးတယ် ဆိုတာကို ဘုရားစူးစေ့လို့ ကျိန်ရမယ် ထင်ပါရဲ့ ။

ဆီ လုံးဝ မထိဖူးတဲ့ ဆံပင်တွေပေါ်မှာလည်း ဖုန်တွေ ၊ အမှုန်အမွှားတွေ ကပ်နေမှာ ။ မျက်နှာပေါ်က ပါးကွက်ကျားမှာလည်း ချွေးစီးကြောင်းတွေနဲ့ စွန်းထင်းနေမှာ ။ ကိုယ့်ရုပ်ကိုယ် မြမေ မကြည့်ချင်ပါဘူး ။ ခုန ကားပေါ်က နတ်သမီးလေးလို ဆိုရင် မြမေ မှန်ရှေ့က ခွာမှာ မဟုတ် ။

တစ်ခါတလေတော့လည်း သူ မလိုချင်တဲ့ ဘဝကို သူ မရွေးချယ်ဘဲနဲ့ ဘာဖြစ်လို့ ရောက်လာရတာလဲလို့ မြမေ တွေးမိတယ် ။ ‘ ဒန်အိုး ဒန်ခွက်တွေ ဝယ်တယ် ’ လို့ ရပ်ကွက်တကာ ၊ လမ်းတကာလျှောက်နေရတဲ့ မိန်းမတစ်ယောက်နဲ့ လမ်းကြိုလမ်းကြား ၊ အမှိုက်ပုံ အကြိုအကြား လူတွေက အသုံးမဝင်တော့ဘူးလို့ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကို လိုက်ကောက်ရတဲ့ ယောက်ျားတစ်ဦး ဘော်တယ်ကု,လားဆိုင်မှာ ဆုံတွေ့ပြီး နဖူးစာ ရွာလည်ခဲ့ကြတဲ့ ဇာတ်လမ်းမှာ မြမေက ဘုမသိ ဘမသိနဲ့ပဲ လောကထဲကို ရောက်လာရတာ မဟုတ်လား ။

အဲဒီတော့လည်း မြမေ လျှောက်ရတဲ့လမ်းက လရောင်ဆမ်းမနေဘူး ။ လေပြည်တွေလည်း အေးမနေဘူး ။ သာသောင့်သာယာ မရှိတဲ့ ဘဝကြီးက သူ့ ရင်ဘတ်ကြီးကို ဖွင့်ပြီး မြမေ အူဝဲ ဆိုကတည်းက ဝမ်းသာအားရ ထွေးပွေ့ကြိုဆိုခဲ့တာပဲလေ ။

အသက်ရှင် ရပ်တည်ဖို့အတွက် အဖေ ၊ အမေတို့ လျှောက်ခဲ့သလို မြမေလည်း အရွယ်ရောက်တော့ လျှောက်ရတာပေါ့ ။ အဖေ့နောက် အလုပ်သင် အဖြစ် လိုက်ရတယ် ။ အမေ့နောက် အလုပ်သင် အဖြစ် လိုက်ရတယ် ။ နောက်ဆုံးတော့ လမ်းကြိုလမ်းကြားမှာ မြွေရေခွံအိတ်တစ်လုံး ၊ သံစူးတုတ် တစ်ချောင်းနဲ့ မြမေ တစ်ကိုယ်တည်း လုပ်ငန်းခွင် ဝင်ရတော့တယ် ။

တုတ်တစ်ချောင်းနဲ့ မြွေပါးကင်းပါး ၊ ခွေးဆိုး တွေကိုလည်း ရှောင်ရှားတတ်လာတယ် ။ မြွေရေခွံအိတ်ထဲ ဘူးခွံ ၊ ပုလင်းခွံတွေ ပြည့်လာရင် ပျော်တတ်လာတယ် ။

အဲဒီ ရတတ်သမျှလေးနဲ့ ကျေနပ်ပျော်ရွှင်နေတဲ့ မြမေ ဘဝထဲကို သောကတွေ အပုံလိုက် အထွေးလိုက် ချပေးလိုက်သူကတော့ မြမေရဲ့ အမေကိုယ်တိုင်ပဲလေ ။

အမေက အမှိုက်ပုံကြီးဆီကို ရပ်ကွက်ပေါင်းစုံက အမှိုက်တွေ အမြဲလာသွန်တဲ့ အမှိုက်ကားမောင်းတဲ့ လူကြီးနဲ့ပဲ လိုက်ပြေး သလိုလို ၊ ဘော်တယ်ဆိုင်က လူကြီးနဲ့ပဲ ထွက်သွား သလိုလို ။ သေမှန်း မသိ ၊ ရှင်မှန်း မသိ အမေနဲ့ပတ်သက်ပြီး မြမေတို့ အမှိုက်ပုံ တဲအိမ်စုလေးမှာ ဒဏ္ဍာရီလို ရေရေရာရာမရှိ ပြောနေကြသလိုပဲ မြမေတို့ ကိုယ်တိုင်လည်း အမေ ဘယ်ရောက်သွားတယ် ဆိုတာ သေသေချာချာ မသိဘူး ။

အဲဒီနေ့က မြမေ အိမ်ပြန်ရောက်တော့ အမေက ပြန်မရောက်သေးဘူး ။ မြမေ နောက်မှ လူ့လောကထဲကို အမေတို့ ဆွဲခေါ်လာတဲ့ ကံဆိုးသူ မောင်ရှင်လေးက ထမင်းဆာလို့ ဆိုပြီး ငိုနေတယ် ။ အမေ နောက်ကျရင် မြမေ ချက်နေကျမို့ လုပ်စရာရှိတာတွေကို လုပ်နေလိုက်တယ် ။ အချိန်တန်တော့ အမေ ပြန်လာမှာပဲပေါ့ ။ အဲဒီညက စပြီး မြမေ ဘဝထဲကနေ အမေ လုံးဝပျောက်သွားပြီ ဆိုတာ မြမေ မသိနိုင်ခဲ့ဘူး ။

အဖေလည်း မူးရင် ငွေဆိုတဲ့ စကား ပြောတတ်လာတယ် ။ ပိုက်ဆံ ပိုက်ဆံတဲ့ ။ အဖေ ရွတ်တတ်လာတယ် ။ ‘ ပိုက်ဆံမရှိလို့ မိန်းမပစ်သွားတာ ’ လို့လည်း မူးမူးနဲ့ ပြောတယ် ။

မြမေ အဖေ့ကို နားမလည်နိုင်ဘူး ။ ပိုက်ဆံကြောင့် အမေက ပစ်သွားတယ်ဆိုရင်လည်း ပိုက်ဆံ ရှာပါလား ။ ဘာဖြစ်လို့ အရက်ပဲ သောက်နေတာလဲ ။ အဲဒီလောက်လေးပဲ တွေးတတ်ခဲ့ပေမယ့် ပိုက်ဆံက စားဖို့တင်မကဘူး ၊ လူတွေအတွက် တချို့နေရာတွေမှာလည်း အရေးပါပါလားဆိုတာကို အဖေ့ ကြည့်ပြီး မြမေ တွေးတတ်လာတယ် ။

အမေ့ကြောင့် ယိမ်းလှုပ်တုန်ခါသွားတဲ့ ဘဝကို ကျင့်သားကျအောင် လျှောက်တတ်လာခါစမှာပဲ မြမေ ရဲ့ ဘဝထဲကနေ မောင်လေးက ခွဲသွားပြန်တယ် ။ မောင်လေးရဲ့ ခွဲခွာခြင်းက အမေ့ရဲ့ ခွဲခွာခြင်းလို မရေမရာ မဟုတ်ဘူး ။

ဘဝက ရွေးချယ်ခွင့်ကို မြမေတို့ မောင်နှမကို မပေးခဲ့ဘူးဆိုတော့ ထင်းထင်းကြီး ပြဋ္ဌာန်းထားတဲ့ လမ်းကိုပဲ မောင်လေးလည်း မြမေလို လျှောက်ခဲ့ရတာ ။ တစ်ရက်တော့ မောင်လေး သံစူးလာတယ် ။ ထော့နဲ့ ထော့နဲ့ ပြန်လာတယ် ။ ပျောက်သွားမှာပဲ ထင်ခဲ့ပေမယ့် နောက်ဆုံးတော့ မောင်လေးကို မြမေ စွန့်ပစ်ခဲ့ရတယ် ။

မောင်လေး သေပြီးတော့မှ ဖိနပ်လေး တစ်ဖက် ထွက်လာတယ် ။ မောင်လေးက ဖိနပ် အရမ်းစီးချင်တာ ။ အမှိုက်ပုံကို မွှေနှောက်ရင်း အဲဒီဖိနပ်တစ်ဖက် ရလာတော့ နောက်တစ်ဖက် ရမှာပဲ ဆိုတဲ့ မျှော်လင့်ချက် နဲ့ အဲဒီ ဖိနပ်တစ်ဖက်ကို ကု,လားဆီတောင် ပြန်မရောင်းခဲ့ဘူး ။ မြမေ မောင်လေးကို ဖိနပ်တစ်ရန်လောက် ဝယ်ပေးချင်ပေမယ့် ပိုက်ဆံမှ မရှိဘဲ ။

မြမေလည်း အမေ မရှိတဲ့ နောက်ပိုင်း ၊ မောင်လေး မရှိတော့တဲ့ နောက်ပိုင်းမှာ ပိုက်ဆံဆိုတာ ခဏခဏ တွေးတတ်လာတယ် ။ အဖေက မူးပြီး ပိုက်ဆံလို့ ရွတ်ပေမယ့် မြမေက မမူးဘဲနဲ့ ပိုက်ဆံလို့ ရွတ်တတ်လာတယ် ။ ရွတ်ရုံသာ ရွတ်တတ်တာ ။ ပိုက်ဆံကို ဘယ်လို ရှာရမလဲ ဆိုတာတော့ မြမေ မသိဘူး ။ ဘူးတွေ ၊ ခွက်တွေ ၊ ပုလင်းတွေ ကောက်မယ် ။ ဒန်အိုးပေါက် ဒယ်အိုးပေါက်တွေ ဝယ်မယ် ။ ပြီးရင် ဦးဘအေးကြီးဆိုင်မှာ ပြန်ရောင်းမယ် ။ တစ်နေ့ သုံးနိုင်ဖို့အတွက် ငွေစလေး ရမယ် ။ ဒါကလွဲရင် ပိုက်ဆံ ဘယ်လို ရှာရမလဲ ။ မြမေ မသိတတ်ဘူးလေ ။

ခုတစ်လော သံချောင်းကလည်း မြမေကို ပိုက်ဆံစကား ပြောပြောလာတယ် ။ ပိုက်ဆံ ရှာနေတယ်တဲ့ ။

“ ပိုက်ဆံ ဘာလုပ်ဖို့လဲ ”

မြမေ မေးတော့-

“ ငါ နင့်ကို ချစ်တယ် ။ နင့်ကို ယူဖို့အတွက် ပိုက်ဆံစုနေတယ် ”

မြမေ ရယ်လိုက်ချင်ပေမယ့်လည်း သံချောင်းကို စာနာစိတ်နဲ့ အသံထွက်မလာခဲ့ဘူး ။

“ ချစ်တယ် ဆိုတာကို မြမေ နားမလည်ပါဘူး သံချောင်းရယ် ။ ပိုက်ဆံဆိုတာ စုလို့မှ မရဘဲ ။ ပိုက်ဆံ ခုလက်ထဲ ရောက်တာနဲ့ ခုပဲ စားဖို့ကုန်ရတာ မဟုတ်လား ။ တစ်နေ့ ရှာတဲ့ပိုက်ဆံ တစ်နေ့တောင် လောက်တာမှ မဟုတ်ဘဲ ။ စုလို့ ရတမ်းလား ” မြမေက အဲဒီလို တွေတွေ လေးလေး ပြောတယ် ။

“ ငါကတော့ ရအောင် စုတယ် ။ အမေ့ကို အကုန်မပေးဘဲ နည်းနည်းစီ ချန်ထားပြီး စုတယ် ။ အရင်ဆုံး ဆေးလိပ်ဆိုင်လေး ၊ ကွမ်းယာဆိုင်လေးဖွင့် နိုင်တော့ ငါတို့ဆီ လာတဲ့ စည်ပင်က လူတွေကို ရောင်းရတာပေါ့ ”

“ နင်က ဟုတ်တာပေါ့ ။ မြမေ ကတော့ တစ်ယောက်လုပ်စာရယ်ပဲ ရှိတာ ”

မြမေရဲ့ လေယူလေသိမ်းမှာ စိတ်ပျက်အားငယ်သံတွေ မခံစားရဘူး ။ သာမန်ဖြစ်ရိုးဖြစ်စဉ် ကြုံတွေ့ နေရတဲ့အတိုင်း အတက်အကျ ကင်းမဲ့လှတယ် ။ သံချောင်းက သူ့ထက် ဘဝကြမ်းတဲ့ မြမေကို သနားကြင်နာစွာနဲ့ပဲ ငေးနေမိတယ် ။ မောင့် ရင်ခွင်မှာ ခိုလှည့်ပါ ။ အပန်းဖြေပါ မြမေရယ်လို့ ရင်ထဲမှာ ဆွေးဆွေးမြည့်မြည့် ခေါ်နေခဲ့တယ် ။ မြမေက ပြောတယ် ။

“ မြမေ နင်နဲ့ ယူလို့ မဖြစ်ပါဘူး ”

သံချောင်းက အထိတ်တလန့် ကြည့်တယ် ။

“ ဟုတ်တယ် ။ နင်နဲ့ မြမေ ယူလိုက်ရင် နောက်ထပ် မြမေလေးတွေပဲ ၊ နင့်လို သံချောင်းလေးတွေပဲ ၊ မြမေ မောင်လေးတွေလိုပဲ ဒီလောကထဲ ရောက်လာကြဦးမှာ ။ မဖြစ်ပါဘူး သံချောင်းရယ် ”

သံချောင်း ခေါင်းငိုက်စိုက်ချပြီး ပြန်သွားတယ် ။ စိတ်ပျက်သွားပုံ ရပါရဲ့ ။ မြမေလည်း သံချောင်း ကို ကြည့်ရင်း နှုတ်က ‘ ပိုက်ဆံ ’ လို့ပဲ ရွတ်မိပြန်တယ် ။ အဲဒီတုန်းကတော့ ပိုက်ဆံကို ဘယ်လို ရှာရမှန်းမသိတဲ့ မြမေက သူ့ဆီ ပိုက်ဆံတွေ လွယ်လွယ်လေး ဝင်လာလိမ့်မယ်လို့ ဘယ်မှာ တွေးမိမှာလဲ ။

မြမေကို ပိုက်ဆံတွေ လွယ်လွယ်လေး ပေးတာ ဘော်တယ်ဆိုင်က ဦးဘအေးကြီးပဲ ။ ဒန်အိုးပေါက် ဒယ်အိုးပေါက်တွေ ရောင်းလို့ရသလို မြမေရဲ့ ခန္ဓာကိုယ်လည်း ရောင်းလို့ရတယ်ဆိုတာ အဲဒီတော့မှ မြမေ သိတာ ။

မိုးတွေသည်းသည်း ရွာနေတဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ မြမေ သိလိုက်ရတာ ။ အရက်ခိုးဝေနေတဲ့ ဦးဘအေးကြီးက မိုးခိုပါဦးတဲ့ ။ တုန်ယင်နေတဲ့ အသံနဲ့ မြမေကို ပြောတယ် ။ ယောက်ျားတစ်ယောက်ရဲ့ အဲဒီလို မျက်လုံးမျိုးကို မြမေ ပထမဆုံး မြင်ဖူးခြင်းပဲ ။ ယောက်ျားတစ်ယောက်ရဲ့ မူမမှန်တဲ့ ကတုန်ကယင်အသံမျိုးကိုလည်း မြမေ ပထမဆုံး ကြားဖူးခြင်းပဲ ။ မိုးခိုပါဦးတဲ့ ။ မိုးရွာတဲ့ အခန်းဆိုတာ ရုပ်ရှင်တွေထဲမှာတော့ ဇာတ်လိုက်မင်းသား နဲ့ မင်းသမီးတို့ရဲ့ ချစ်ခန်းပဲလေ ။ မြမေက မင်းသမီးမှ မဟုတ်တာ ။ ပြီးတော့ ရုပ်ရှင်ရိုက်နေတာလည်း မဟုတ်ဘူးလေ ။ ဘယ်လိုပဲဖြစ်ဖြစ် မြမေ မိုးခိုခဲ့မိတယ် ။

အပြန်လမ်းမှာတော့ လှိုက်ဖိုတာက လွဲပြီး မြမေမှာ ဘာခံစားချက်မှ ပါမလာဘူး ။ ပိုက်ဆံ ၊ ပိုက်ဆံ ။ အဖေ မူးမူးနဲ့ ရေရွတ်နေတာ ဒီပိုက်ဆံတွေ မဟုတ်လား ။ သံချောင်းက သူ့ကို ယူဖို့ စုနေတယ်ဆိုတာ ဒီပိုက်ဆံတွေ မဟုတ်လား ။ မြမေ ရင်ထဲ ထုံနေတယ် ။ ဘဝကံကြမ္မာက ရိုက်နှက်တာ များလွန်းတော့ အနာလွန်ပြီး ခံစားချက်က မရှိတော့တာလား ။ အပျိုစင်ရဲ့ တန်ဖိုးဆိုတာ မြမေတို့နဲ့ လားလားမှ မဆိုင်ဘဲလေ ။

တစ်ခုတော့ မြမေ စိတ်မကောင်း ဖြစ်ရတယ် ။ ဒီ ပိုက်ဆံတွေသာ ခုထက်စောပြီး မြမေ ရခဲ့ရင် မောင်လေး သေမှာ မဟုတ်ဘူး ။ မောင်လေးကို ဖိနပ်လေးတစ်ရန် ဝယ်ပေးနိုင်ခဲ့မယ် ။ ဒါမှမဟုတ် မောင်လေးကို ရပ်ကွက်ကြီးထိပ်က ဆေးခန်းဆီ သူ ပြနိုင်ခဲ့မှာပဲ ။ မောင်လေး အသက်ကို မြမေ ကယ်နိုင်ခဲ့မှာပေါ့ ။ ဒါဆို မြမေ ဘဝ ခုလို ခြောက်သွေ့ နေမှာ မဟုတ်ဘူး ။

အဲဒီထက်များ ထပ်စောပြီး ရခဲ့ရင် အမေလည်း ခုလို ဒဏ္ဍာရီဆန်ဆန် ပျောက်သွားမှာ မဟုတ်ဘူး ။ အဖေလည်း ခုလို အရက်သမားကြီး ဖြစ်မှာ မဟုတ်ဘူး ။ မြမေရယ် ၊ အမေရယ် ၊ အဖေရယ် ၊ မောင်လေးရယ် ပျော်စရာ ကောင်းနေမှာပဲ ။

မြမေ အဲဒါကိုတော့ ရင်ထဲ မကောင်းဘူး ။ ခုတော့ ဦးဘအေးကြီး ပေးလိုက်တဲ့ ပိုက်ဆံတွေ အဖေ့ အရက်ဖိုး ၊ ဆေးဖိုးက လွဲရင် မြမေ ဘယ်မှာ သုံးရမှာတုံး ။ ပိုက်ဆံကို ဘယ်လို သုံးရမယ်ဆိုတာ မြမေ မှ မသိတတ်ဘဲလေ ။

မြမေ သူကြုံခဲ့ရတဲ့ မိုးခိုအိပ်မက်ကို သံချောင်း ကို ပြန်ပြောပြတော့လည်း မြမေရဲ့ လေမှာ ဝမ်းနည်းတာတွေ ၊ ကြေကွဲသံတွေ ၊ နိမ့်မြင့်ရှိုက်ဖိုတာတွေ ဘာမှ မပါဘူး ။ ခံစားချက်မဲ့လွန်းလှတော့ သံချောင်း အံ့သြရတယ် ။ ပြီးတော့ မြမေက မှတ်ချက်လေးလည်း ပြုလိုက်သေးတယ် ။

“ ယောက်ျားဆိုတဲ့ ဖိုသတ္တဝါတွေ ရှိရင် မြမေတို့ မိန်းမသားတွေ ပိုက်ဆံရှာရလွယ်မှာပဲ ဆိုတာ မြမေ ဒီနေ့ သိခဲ့ပြီ ။ မြမေ အမေလည်း တကယ်တော့ ပိုက်ဆံ ရလွယ်တဲ့ ယောက်ျားနောက် လိုက်သွားတာမဟုတ်လား ”

သံချောင်းက တောက်တစ်ချက် ခေါက်လိုက်ပြီး ငိုတယ် ။ အနားက သစ်ပင်ကို လက်သီးနဲ့ထိုးတယ် ။

မြမေ သံချောင်းကို နားမလည်နိုင်စွာဘဲ ငေးကြည့်နေတယ် ။

••••• ••••• •••••

“ ကောင်မလေးတွေ ထွက်ခဲ့ကြဦးလေ ” ဆိုတဲ့ အန်တီဝင်းရဲ့ အသံချိုချိုနွဲ့ နွဲ့ ကို ကြားတော့မှ အပြင်မှာ ဧည့်သည်ရောက်နေပြီ ဆိုတာ သိရပြီး မြမေ အတွေးထဲက မရုန်းချင်ဘဲ ရုန်းခဲ့ရတယ် ။ ဖြစ်နိုင်ရင်တော့ သက်သောင့်သက်သာရှိတဲ့ စိတ်ကူးလေဟုန် မှာပဲ မြမေ မျောနေချင်တယ် ။ ခုတော့ ထိုင်ရာက မြမေ မထချင်လည်း ထရမှာပဲ ။ မြမေ ဘဝမှာ ခုချိန်ထိ ရွေးချယ်ခွင့်ဆိုတာ မရှိသေးဘူးလေ ။ တစ်ပါးသူရဲ့ ရွေးချယ်ခံဘဝမှာ ရွေးချယ်သူရဲ့ စိတ်အလိုကျ မြမေက နေရတုန်းပဲ ။ ကံကြမ္မာက သူ့အကြိုက်ရွေးချယ်ချထားတဲ့ ဘဝဇာတ်ခုံပေါ်မှာ မြမေ ကနေရတုန်းပဲ ။

တစ်ခါတစ်လေတော့လည်း ကိုယ် ကချင်တဲ့ ကကြိုးကို မြမေ ကလိုက်ချင်တယ် ။ ကိုယ် ဆိုချင်တဲ့ တေးချင်းကို မြမေ ဆိုလိုက်ချင်တယ် ။ တစ်ခါက ကားပြတင်းကနေ ဖြိုးခနဲ ဖျတ်ခနဲ မြင်ခဲ့ရတဲ့ နတ်သမီးလေးလို ရွရွကြွကြွ ဝတ်စားပြီး ဇာတ်ခုံပေါ်မှာ ကကွက်ဆန်းတွေနဲ့ ကပြလိုက်ချင်တယ် ။ လူတွေရဲ့ ချီးကျူးလက်ခုပ်သြဘာသံကို ရယူချင်တယ် ။

မြမေ အခန်းပြင် ရောက်တော့ အန်တီဝင်း လက်ထဲ ပိုက်ဆံတွေထည့်နေတဲ့ ဧည့်သည်ကို တွေ့ရတယ် ။ မြမေနှုတ်က အသံဖွဖွလေး ထွက်ကျလာတယ် ။

“ သံချောင်း ”

သံချောင်းက အန်တီဝင်းကို ပိုက်ဆံ ပေးပြီးတာနဲ့ ကျန်တဲ့ မိန်းကလေးတွေ အကြားကနေ မြမေ လက်ကို ဆွဲပြီး အခန်းထဲ ဝင်လိုက်တယ် ။ အခန်းတံ ခါးကို ချက်ထိုးပြီးတာနဲ့ မြမေ ဘက်လှည့်တယ် ။ မြမေ ဘာတစ်ခုမှ မပြောတတ်နိုင်အားဘဲ သံချောင်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်မိတယ် ။

သံချောင်းရဲ့ မျက်ဝန်းတွေက ဖြူစင်ဝင်းလဲ့နေတယ် ။ ကြေကွဲရိပ်တွေလည်း ယှက်နေတယ် ။ မြမေကို တွေ့ရလို့ ဝမ်းသာမှုနဲ့အတူ ဝမ်းနည်းခြင်းတွေကိုလည်း မြမေ မြင်လိုက်ရတယ် ။ မြမေ မြင်နေကျ တခြားယောက်ျားတွေလို ရမ္မက်ခိုးတွေနဲ့ ပူလောင်ပြင်း ပြမနေဘူး ။ အေးမြနေတယ် ။

သံချောင်းက ပြောတယ် ။ အို - သူ ပြောတာတွေ မြမေ နားမထောင်ချင်ပါဘူး ။ ဒါပေမဲ့ မြမေ ဘဝမှာ ရွေးချယ်ခွင့်မှ မရှိတာဘဲလေ ။

“ ငါ နင့်ကိုတွေ့ချင်လို့ လာတာ ။ ငါ နင့်ကို စကားတွေ ပြောချင်လို့ လာတာ ”

မြမေ ရင်ထဲက လှိုက်လာတယ် ။

“ နင့်အဖေ ဆုံးပြီး နင် ဘယ်ပျောက်သွားတာလဲ ။ ငါ နင့်ကို လိုက်ရှာနေတာ ”

လှိုက်ရာက ဆို့လာတယ် ။ မြမေ နှုတ်တွေ ဆွံ့နေတယ် ။

“ ဦးဘအေးကြီးဆိုင်လည်း သွားမေးတယ် ။ နောက်ဆုံး နင် ဒီအိမ်မှာ ရောက်နေတယ်ဆိုတာ သိရလို့ စုဘူးဖောက်ပြီး လိုက်လာတာ ။ နင် ငါနဲ့ လိုက်ခဲ့ပါ မြမေရယ်နော် ”

သံချောင်းက စကားတွေကို ဆက်တိုက်ပဲ ။ အများကြီးပဲ ။ တစ်ခွန်းပြီးတစ်ခွန်းပဲ ။ တစ်ခုနဲ့ တစ်ခု ဆက်လို့ ပြောနေတယ် ။ ဒါပေမဲ့ မြမေ ရင်ထဲမှာတော့ သံချောင်းကို ပြန်ပြောစရာ စကားလုံးတွေ ခန်းခြောက်နေတယ် ။ ပြီးတော့ သံချောင်းကိုလည်း နားမလည်နိုင်စွာ ကြည့်နေတယ် ။

မြမေ ရင်ထဲလည်း မောလှတယ် ။

▢  ကိုဦးဆွေ
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ၂၀၁၁ ၊ ဒီဇင်ဘာ

No comments:

Post a Comment