❝ စောမောင်မယ် ❞
( ပီမိုးနင်း )
အခန်း ( ၁ )
ကိုစော ကျွန်မ လုပ်ပါရစေ ။ ရှိကြီးခိုးပါရဲ့ ။ စီးတဲ့ ရေဆယ်တဲ့ ကန်သင်းဆိုတဲ့ စကားကို ကျွန်မဖြင့် မယုံချင်ဘူး ၊ ကျွန်မလည်း တစ်ဖက်တစ်လမ်း ရှာဖွေချင်တယ် ။ ကိုစော ရှာတာကို ကျွန်မ ဆယ်ချည်း မနေချင်ဘူးဟု ၊ ပက်လက်ကုလားထိုင်ကြီးပေါ်မှာ ထိုင်လျက် ပက်လက်လှန်ကာ သတင်းစာ ကြည့်၍ နေသော မောင်စော အား ၎င်း၏ မိန်းမဖြစ်သူ မစောက ချောပြောင်ကျယ်ဖြန့်သော ကုလားထိုင် လက်တန်းပေါ်၌ တစောင်း တင်ပလွှဲထိုင်ကာ ။ ယောက်ျားသည်၏ လည်ကို သပ်ကာရပ်ကာ ဦးခေါင်းကို ကိုင်ကာ ပါးနှင့် မေးစေ့ကို နူးညံ့သော လက်ချောင်းကလေးများနှင့် ရိုးရိုးရွရွလုပ်ကာ တတိယမြောက် တောင်းပန်ခြင်းကို ပြုလေ၏ ။
ကိုစောနှင့် မစောသည် ထိမ်းမြားမင်္ဂလာပြုပြီး သည်မှာ ၂ လကျော်ကျော် သုံးလခန့်မျှ ရှိသေး၏ ။ ကိုစောသည် ရန်ကုန်မြို့ ကုန်တိုက်ကြီးတစ်တိုက်၌ လခနှစ်ရာ ရသော စာရေးတစ်ယောက် ဖြစ်လေ၏ ။ မစော မှာမူ ခေတ်ကာလပညာများကိုလည်း ကိုးတန်း ၊ ဆယ်တန်းအောင်အောင် မသင်ခဲ့ရ ။ ချောက်ချီးချောက်ချက် တွက်တတ်ချက်တတ်ရေးတတ် မှတ်တတ်ရုံကလေးမျှ တတ်သဖြင့် မိဘများမှာလည်း လုပ်စား ကိုင်စား ဆင်းရဲသားများ ဖြစ်လေရာ စိတ်သဘော ကောင်းခြင်းနှင့် ရုပ်ချောခြင်းတည်းဟူသော အရေပြား တစ်ထောက် ဂုဏ်သာ ရှိသူ ဖြစ်လေ၏ ။
မိန်းမတို့မှာ အဆင်းသည် ဥစ္စာမည်၏ ဟူသော ရှေးစကားသည် ဟောင်းနွမ်းယိုယွင်း ပျက်စီးခြင်းသို့ ရောက်စပြုသော ဤခေတ်အခါသမယ၌ မျိုးဂုဏ်ဥစ္စာ ဂုဏ်ကို မကြည့် ။ မိမိ၏ မျက်နှာ ကွက်ကွက်ကလေး တစ်ခုကိုသာ ကြည့်ပြီး ကတိသစ္စာတည်ကြည်စွာနှင့် အတည်ကြံကာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းဖို့ သဘောထားနှင့် ဆွေမျိုးမိဘ၏ စကားကို ဖီလာ ဆန့်ကျင်ပြုခဲ့သော ၊ မိမိ၏ လင်ယောက်ျားစာရေးကြီး မောင်စောအပေါ်၌ ကျေးဇူးလည်းတင် ၊ သခင်လို အမှတ်ထား ၊ ချစ်အားသန်သန် အလုပ်မှ သူ ပြန်တိုင်း ၊ ပင်ပန်း၍ လာသည်ကို မြင်ကာ သနားပြီး တစ်ဖက်က တစ်လမ်း ဝင်ပေါက်ကိုရှာရန် မောင်စောကို တောင်းပန်ခဲ့ရာ မောင်စောသည် ခေါင်းကိုသာ ခါလျက် “ ကြက်မ တွန်လို့ မိုးမလင်း မစော မင်း အသာနေ ငါ့မယား မင်း ပင်ပင်ပန်းပန်းရှာတာဖွေတာလုပ်တာ ကိုင်တာကို ငါမကြည့်နိုင်ဘူး ” ဟူ၍သာ ပြောဆို ငြင်းပယ်ခဲ့လေ၏ ။
မစောသည်ကား ရန်ကုန်မြို့မှာ ကြီးသော်လည်း ဇာတိ ပြည်မြို့သူ ဖြစ်လေ၏ ။ မော်လမြိုင်သူများမှာ အချက်အပြုတ်ကောင်းခြင်း၌ ဧတဒဂ်ရ၏ ။ မန္တလေးသူများမှာ အပြုအစုကောင်းခြင်း၌ ကျော်ကြား၏ ။ ရန်ကုန်သူများမှာ အဝတ်အစားစတိုင်များခြင်း တုပြိုင်ဘက်ကင်း၏ ။ ပြည်မြို့သူများမှာ သွားလာကြံစည် လုပ်ကိုင်ရှာ ဖွေငွေရလမ်း အလုပ်၌ ၊ အထူးကျင်လည်သည် ဟူသော တစ်ခုကောင်း အသီးအသီး ရှိကြလေရာ မစော၏ သွေး ထဲ၌ သိမ်ကြီးဈေးကို ခါးစောင်းတင်ချင်စိတ်သည် နှိပ်နယ်ချိုးဖဲ့၍ မရနိုင်အောင် ရှိသည့်ပြင် မိခင် ဖြစ်သူမှာလည်း ၊ သိမ်ကြီးဈေး ရှိသမျှ လောကမှာ ဘာကိုမျှ မကြောက်ဟူသော စိတ်မျိုးနှင့် အတော်ထင်ရှားသော ကွမ်းရွဲဒေါ်ဘုတ်ဆုံ ကိုယ်တိုင် ဖြစ်ခဲ့လေရာ ရောင်းဝယ် ရှာဖွေချင်သောစိတ်သည် မစော၏ သွေးကြောများ၌ ထုတ်ပယ်၍ မရ ရင်းစွဲဖြစ်၍ နေလေသတည်း ။
မောင်စော၏ စိတ်မှာမူကား သားမယားလုပ်စာကို တစ်ပြားတစ်ချပ် စားရမှာလွန်စွာရှက်လျက် မစောကို ယူစဉ်က အလုပ်က ပြန်၍လာရင် အိမ်အဝင်မှာ အမောပြေ ကြည့်ရအောင် သဘောထားရင်း ရှိလေရာ သူ ဈေး ကို သွားပြီး ရှာဖွေလုပ်ကိုင်၍နေရင်း တစ်ခါတလေ ငါ အလုပ်က ပြန်လာတဲ့အခါ သူ့ကို မတွေ့ရမှဖြင့် ရင်ထဲမှာ အမောဆို့ပြီး အသက်များပြို၍ ထွက်လိမ့်မလားဟု တွေးတောကာ အခွင့်မပြုဘဲ နေလေ၏ ။
သို့သော်လည်း ပြောပါများတော့ မစောစကား အောင်လေ၏ ။ မိမိ အလွန်ချစ်သော မယားသည် လုပ်ချင်ရာ မလုပ်ရလျှင် အင်မတန်စိတ်ညစ်၍ နေတော့မှာပဲ ဟု စိတ်ထဲ၌ ဆင်ခြင်ကာ သူ့စိတ်မှ ချမ်းသာပါစေဟု သဘောထားပြီး အလုပ်က အပြန် အိမ်မှာ သူ့မျက်နှာကို မမြင်ရရင် ဈေးကိုပဲ လိုက်ရတော့မှာပဲဟု အောက်မေ့ကာ နောက်ဆုံး၌ အခွင့်ကို မပေးချင် ပေးချင်နှင့်ပင် ပေးလိုက်ရလေသတည်း ။
သို့ဖြစ်သောကြောင့် အိမ်၌ မစော မရှိခိုက်မှာ သိမ်းဖို့ဆည်းဖို့ သုတ်သင်ဖို့ ၊ လှည်းဖို့ ၊ သိုဖို့ ၊ ချက်ဖို့ ၊ ပြုတ်ဖို့ လုပ်ဖို့ ၊ ကိုင်ဖို့ ၊ ခင်းကျင်းဖို့ ဆိုသလို မတင့် ခေါ်သော အဖျောက်သူ အပျိုချောကလေး တစ်ယောက်ကို တစ်လ ၁၅ ကျပ်နှင့် ငှားပြီး ဆယ့်ငါးကျပ် ထွက်သည့်အတွက် ဆယ်ငါးဆယ် ဝင်အောင် ရှာမည်ဟု မစော အကြံပြုလျက် ဆိုင်တစ်ခုကို ဆွဲပြီး ၊ မောင်စော၏ သူငယ်ချင်း တရုတ်ကုန်လက်ကားသူဌေးကြီးထံမှ ကုန်စည်များကို ယူ၍ တင်ကာ အင်ဆိုလ်ဘင် ဒေဝါလီခံဖို့ရန် တစ်စိုးတစီမှ စိတ်အကြံ မပြုဘဲ ။ ဆိုင်ထိုင် စာရေးကြီးကတော် အလုပ်ကို တစ်ခါတည်းစ၍ လုပ်လေသတည်း ။
မောင်စော၏ စိတ်၌ ယောက်ျားများက ရှာ မိန်းမများက ဖွာ ဟူသော အယူမျိုးသည် မရှိ ။ ကိုယ် ရှာရမှ ကိုယ် ဖွာပိုင်မည် ။ သူတို့မှာလည်း ခြေနဲ့ လက်နဲ့ ၊ မျက်စိနဲ့ ၊ ငါတို့မှာလည်း မျက်စိနဲ့ ၊ လက်နဲ့ ၊ ခြေနဲ့ ၊ ပါးစပ်မှာ သူတို့ ထက်တောင်ပို၍ အဆိုရော ၊ အမျိုရော သာသေးသည်ဟု တွေးတောကာ ဒင်းက ၂ဝဝ ကျပ် ရရင် ငါက သုံးရာ ရအောင် ရှာမည် ။ ငါ ရတာ ငါ ဆင်မည် ။ သူ ရတာကို မြင်းပဲလောင်းလောင်း ရှာရင် ရတာပဲဟု သဘောထားလေ၏ ။
သို့လုပ်ကိုင်ရာ ပထမလလောက်မှာ မစောသည် မောင်စော ပြန်အလာ မျက်နှာကို ပြရအောင်လည်းကောင်း နေ့စဉ် ရောင်းချ၍ရသော ငွေကို ပြလိုသောကြောင့်လည်းကောင်း မောင်စော ပြန်မလာမီ အိမ်ကို အရောက်ပြန်ပြီး အိမ်ရှေ့ခန်း၌ မတင့် နှင့် ထိုင်ကာ ငွေများကို ပုံပြီး မိန်းမ တွက်တွက်၍ နေလေ့ရှိ၏ ။
မောင်စော က “ ဘယ်နှယ့်လဲ စောရေ မင်း လာတာ စောပါကလား တော်တော်ရောင်းလို့ ချလို့များ ကောင်းပါရဲ့လား ” ဟု မေးပြီး အင်္ကျီခေါင်းပေါင်းကို ချိတ်၍ ကုလားထိုင်၌ ထိုင်ကာ ဖိနပ်ချွတ်၍ နေသည့်အခါ မစော က မကြားဟန်နှင့် အလေးဂရုမှ မပြုဘဲ မော့ကာ လမ်းဘက်ကိုကြည့်ပြီး “ မတာကြီး ဆပ်တာက ဆယ့်ငါးကျပ် ။ တရုတ်ကိုဘိန်ချောကို ပေးရတာက သုံးဆယ် နေပါဦး မယ်တင့်ရဲ့ ၊ ခုတင်က ညည်း မှတ်ထားတာ ဘယ်လောက်အေ လေးဆယ့်ငါးကျပ် ၊ ဒီကနေ့ ဘာမှ မရောင်း ရပါကလား ။ လေးရာ ဖိုးရယ် ” စသည်ဖြင့် တွက်ချက်၍ နေရာ မောင်စောသည် ၎င်းကို ကြည့်ကာ မျက်လုံးပြူးလျက် ၊ အံ့အားသင့်ပြီး မိမိ ရတာကနည်းနေသဖြင့် ကျိတ်ကာ ရှက်ပြီး ဆက်လက်၍ ကန့်ကွက်ခြင်း ပြုကာ ကြက်မတွန်လို့ မိုးမလင်း ဟူသော စကားကို မသုံးဝံ့အောင် ရှိရှာလေသတည်း ။
နောက်တဖြည်းဖြည်း ဈေးအလုပ်၌ အတော် အကျိုးရှိသဖြင့် အထူး ပိုမိုစိတ်ဝင်စားလေရာ မောင်စော ကို အိမ်က ဆီး၍ မျက်နှာပြဖို့ သတိမရဘဲ မောင်စောက အိမ်ကို အရင်ရောက်သဖြင့် မယားမျက်နှာကို မမြင်ရလျှင် ညစာထက် ပို၍ ဆာလောင်မွတ်သိပ်တတ်သော မောင်စော သည် ဈေးသို့ ပျာယာပျာယာနှင့် လိုက်သွားရလေ၏ ။ အထူးသဖြင့် စနေနေ့များ၌ မောင်စော သည် အိမ်ကို တန်း၍ မပြန်ဘဲ ဈေးကို တန်း၍ သွားလေ၏ ။ ဈေးကို ရောက်သောအခါ မစောက ကွမ်းဆေးလက်ဖက် များနှင့် ဧည့်ဝတ်ကျေစွာ ပျူပျူငှာငှာ ထိုင်ပါစားပါ မောင်မောလာသလား ဘာစားမလဲ ခေါက်ဆွဲစားမလား ဟဲ့ ဆာမိ ခေါက်ဆွဲအကြော် နှစ်ထုပ်သွားဝယ်လိုက် ၊ ရော့ပိုက်ဆံ ဂျာလဘီးအောင်း ကရာနီထမင်းဆာလာတယ် ။ ကျွန်မလည်း ထမင်း မစားတော့ဘူး ။ မတင့် သူ့ဘာသူ စားပေစေ ။ ကျွန်မတို့ ဒီမှာပဲ အပြီး စားသွားကြရအောင်နော် ၊ မောင် ထမင်းစားချင်ရင်လည်း စားလေ ၊ ဆိုင်တွေ အရှိသားပဲ ” ဟု စားရမှန်း မသိ သောက်ရမှန်း မသိ အော်ရောင်းချ၍ ကောင်းနေဟန်တူသော မစော သည် ချိန်ရင်းတွယ်ရင်း အော်ရင်းဟစ်ရင်းနှင့် လင်ကို လည်းကျေနပ်အောင် စကားပြောနိုင်လေ၏ ။
“ စာရေးကြီးက စိတ်မချ ထင်ပါရဲ့တော် ညနေ ညနေကျရင် စာရေးကြီးကတော်ကို ဈေးက ရောင်းသွားမှာစိုးလို့ ထင်ပါရဲ့ တကတဲ ” ဟု အနီးအပါး မိတ်ဆွေဆိုင်သူများက လှောင်ပြောင်ကြလေ၏ ။
ထိုကဲ့သို့ စသည့်အခါ စာရေးကြီးမှာ မျက်နှာပျက်၍ သွားတတ်လေ၏ ။ သို့ဖြစ်၍ လေးကြိမ်ငါးကြိမ် ဈေးသို့ လိုက်၍ ပို့လာပြီးနောက် ဆက်လက်၍ မလိုက်ဘဲ အိမ်မှာသာ စောင့်၍ နေရလေ၏ ။
၎င်းတို့နေသော အိမ်မှာ လမ်းမတော်ရပ် ၊ အိမ်နောက်ဖေး ပန်းခြံကလေးနှင့် လှပသော အိမ်ငယ်ကလေး တစ်ဆောင် ဖြစ်လေ၏ ။ မောင်စော သည် အိမ်သို့ ရောက်သည့်အခါ မစောကို မမြင်ရလျှင် ပန်းခြံကို ပြုပြင်ခြင်းဖြင့် စိတ်ကို ဖျော်ဖြေလေ၏ ။
သို့ပန်းခြံကို ပြုပြင်ရာ၌ မယ်တင့် သည် များစွာ အထောက်အပံ့ ရလေ၏ ။ မယ်တင့် နှင့် အတူတူ ထိုင်ခါ ။ အချို့သော ပန်းပင်များ၌ မြေကို ဆွရင်း ၊ မြက်ကို နှုတ်ရင်း စကားပြောဆိုလုပ်ကိုင်လေ့ ရှိကြလေ၏ ။
အခါများစွာ မယ်တင့် ချက်ပြုတ်သည်ကို သဘောနှင့် ကောင်းစွာမတွေ့သဖြင့် ကိုယ်တိုင် မီးဖိုထဲကို ဝင်ပြီး စီမံလေ့ရှိ၏ ။ မီးဖို၌ မတ်တတ်ရပ်ကာ မောင်စော က ကြည့်ချက်သည့်အခါ မယ်တင့် က အနီး၌ ပန်းကန်များကို ဆေးလေ၏ ။ အခါများစွာ အိပ်ရာခန်း၌ ပြုပြင် သုတ်သင် ရှင်းလင်းရာတွင် မယ်တင့် လုပ်တာကိုင်တာကို အားမရသဖြင့် မယ်တင့် နှင့်အတူ ဝင်၍ လုပ်လေ့ရှိ၏ ။ မယ်တင့် က အိပ်ရာကိုခင်း မောင်စောက အိပ်ရာ ရှင်းလေ့ ရှိ၏ ။
တစ်ရံတစ်ခါ မစော ပြန်၍ လာသောအခါ အိမ်၌ ဘယ်သူ့ကိုမှ မတွေ့ရသဖြင့် နောက်ဖေးသို့ ဝင်ကြည့်ရာ ခြံထဲ၌ နှစ်ယောက်သား တစ်ယောက်က ရေပုံးကိုကိုင်လျက် တစ်ယောက်က တူးရွင်းနှင့် ဆွကာ နေသည်များ ကို တွေ့ရလေ၏ ။
လာစမ်းဟေ့ မစော ။ ငါနဲ့ မယ်တင့်နဲ့ တစ်နေ့က ပျိုးထားတဲ့ ကြက်ဟင်းခါးစေ့ကလေးတွေဟာ အညှောင့် ထိုးကုန်ပြီ လာကြည့်စမ်း ဟု ခေါ်၍ ပြ၏ ။ မစောသည်ကား တစ်အောင့်တစ်နား ငေး၍ နေပြီးမှ သူတို့လုပ်တာ ကိုင်တာကို သွား၍ ကြည့်ပြီး အိမ်ပေါ်သို့ ပြန်ကာ ပိုက်ဆံကို တွက်လေ၏ ။
ထိုကဲ့သို့ ရက်ပေါင်းအတန်ကြာနေသောအခါ ပိုက်ဆံအတွက် အချက်များလည်း အစကလို မမြန်ဘဲ မေ့မေ့လျော့လျော့ ဖြစ်၍ လာစပြုလေ၏ ။ ဈေး၌ ရောင်းရာဝယ်ရာတွင် ပိုက်ဆံကို မှား၍ ပိုမို ပေးမိ၏ ။ ကုန်ကို ချိန်၍ ပိုက်ဆံကို မတောင်းမိဘဲ ၊ စေတနာသုံးတန်ကို မတော်တဆ ဖြစ်မိလေ၏ ။ သကြား အစိတ်သား ဝယ်သူကို ငါးဆယ်သား ချိန်၍ ပေးမိ၏ ။ ကွမ်းသီး ဝယ်သူအား ဖရုံယိုထုပ်ကို ပေးမိ၏ ။ ဝယ်ချင်သူကို စကားပြန်၍ မပြောဘဲ ဆေးပေါ့လိပ်ကို ဖွာရင်းငေး၍ နေသဖြင့် ဟန်ကြီးပန်ကြီး လုပ်သည်ဆိုပြီး မဝယ်ဘဲ ထွက်သွားသူများကို အနီးအပါး ဆိုင်များက ခေါ်၍ ရောင်းရင် “ မစောက ဈေးရောင်းလို့ စိန်နားကပ်တတ်တာနဲ့ တစ်မျိုးဖြစ်တယ်အေ့ ” ဟု မေးငေါ့ ပြောဆိုသူ တစ်ဦး နှစ်ဦး ပေါ်၍လာလေ၏ ။
အိမ်၌ ညဉ့်အခါ အိပ်လို့ မပျော်ဘဲ နဖူးထက်တွင် လက်တင်ကာ ဒီဆိုင်ကို ငါဘယ်နှယ့်လုပ်ပြီး ဖြုတ်ရပါ မလဲ ။ ဒီဆိုင်ကို ဖွင့်မိတာ ကျားမြီး ဆွဲမိသလို ဖြစ်နေတာပဲ ။ ဟိုကောင်မလည်း တစ်မျိုး ဖြစ်နေတယ် ။ ဖြီးလိုက် လိမ်းလိုက်တာ ဘာများ ဖြစ်သလဲ မသိဘူး ။ ကောင်မကို လှတောင်နေတာ ငါ့ထက်တောင် ချောနေတယ် ထင်ပါရဲ့ ။ ကိုစော ကိုတော့ အပြစ်တင်ဖို့ မရှိပါဘူး ။ ငါ မိုက်လို့ ဖြစ်တာပဲ ။ ယောက်ျား ဆိုတာ ဆိတ်ကွယ်ရာမှာ ဖောက်ပြန်တတ်တာမျိုးပဲ ။ ယောက်ျားဆိုတာ သူတို့ကို ပြုတဲ့ စုတဲ့ လူကို ခင်တတ်တာမျိုးပဲ ၊ ငါက မပြုအား ၊ မစုအား ၊ ဆိုင်ကိုချည်း သွားနေလို့ ။ မယ်တင့် ပြုတာစုတာကိုချည်း သူ ခံနေရတော့ ။ မယ်တင့်ကို သူ ခင်နေတာပဲ ။ အခုမှ အိမ်ကိစ္စ တစ်ခုရှိရင် မယ်တင့်သာ အရေးပါနေတာပဲ ။ ငါ့ကိုတောင် သူ မတိုင်ပင်ဘူး ။ နက်ဖြန် ချက်ဖို့ ဟင်းကို လည်း မယ်တင့် ကိုသာ သူ ပြောတာပဲ ။ အိပ်ရာခင်းရင် လည်း မယ်တင့်ပဲ ။ ညက ကြမ်းပိုးကိုက်တာတောင် မယ်တင့် ကို သူတိုင်တယ် ။ တစ်အိမ်လုံး မယ်တင့် လက်ရာချည်း ဖြစ်ကုန်ပြီ ။ ငါ က ဧည့်သည် ထမင်းလခ ပေးစားနေသူ ဖြစ်နေပြီ မယ်တင့်က အိမ်သည် ဖြစ်နေပြီ ။ ဒါဘယ်သူ့ အပြစ်လဲ ။ မယ်တင့် အပြစ်လည်း မဟုတ် ဘူး ။ ငါတော့ အခုမှ အကျပ် တွေ့တော့တာပဲ ။ ကိုယ့် အတက်နဲ့ ကိုယ် စူးဆိုတာ ကျနေပြီ ။ ခြံထဲမှာ သူတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး လုပ်ကိုင်တူးဆွနေတာတွေ ဟာ ငါ ကြည့်ရတာ အင်မတန် ခက်ပါကလား ။ မီးဖိုထဲမှာတော့ လင်မယား ကျနေတာပဲ ။ ဟုတ်လည်း ဟုတ်မှာပါပဲ ၊ လွဲမှာ မဟုတ်ပါဘူး ။ ငါထင်ရင် အင်မတန် မှန်တတ်တယ် ။ ဒီကောင်မကလည်း သူ့ကိုယ်ကို အမြဲသ နေတာပဲ ။ အရင်လာစကနဲ့တောင် မတူဘူး ။ မိန်းမကို မြူးပြီး ၊ ဟီနေတာပဲ ။ မိန်းမကို တစ်ပတ်ရိုက်မယ့် မြင်းလို ကော့နေတာပဲ ။ စိတ်ပျိုရင် ကိုယ်နုတယ် ဆိုတာ အမှန်ပါပဲ ။ သူ့မှာ စာရေးကြီးကတော် ငါက ဈေးသည် အခုမှ ခက်တော့တာပဲ စသည်ဖြင့် တွေးတောကာ နံနက်မိုးလင်း သောအခါ မျက်ချောင်ကျလေ၏ ။ ဆိုင်ကျသောအခါ ဖောက်သည်များက နှိုး၍ ဝယ်ရ၏ ။ အအိပ်ပျက်တော့ အစားပျက်၏ ။ အစားပျက်တော့ ပိန်ချုံးစပြု၏ ။ ရောင်းချခြင်း၌ စိတ်အားမသန် ဒီဆိုင်ကို ဘယ်လို ဖြုတ်ရပါမတုန်း ဟု တွေးကြံလေသတည်း ။
အကယ်၍ ဖြုတ်လျှင် ရောင်းဝယ်၍ ဖောက်သည်တွေနှင့် နေရာတကျဖြစ်ခါမှ ဖြုတ်ရတာ ဘယ်လို အကြောင်းလဲဟု မောင်စောက တွေးတောမှာလည်း မစောသည် စိုးရိမ်၏ ။ ဆေးဆရာဝန် တစ်ယောက်ထံ သွားပြီး ဈေးမရောင်းရ အညောင်းမိ၍ အသက်တိုမည်ဟု ဆရာဝန်က ပြောဆိုတားမြစ်သည်ဆိုပြီး ဆိုင်ကို ပိတ်မှ တော်မည်ဟု စိတ်အကြံပြုလေ၏ ။
မစောသည် ရောင်းချခြင်း အလုပ်ကို မုန်း၍လာ၏ ။ မယ်တင့် ကဲ့သို့ အိမ်မှာနေပြီး မိမိ၏ ယောက်ျားကို မိမိကိုယ်တိုင် ပြုစုရလျှင် အဘယ်လောက်ကောင်းမည်ကို တွေးတောကာ ၊ အိမ်သူမိန်းမပီပီ နေရခြင်း၏ အနှစ် အရသာကို တွေးတောကာ တောင့်တလေ၏ ။
ဒီဆိုင်ကို ပိတ်ပြီးရင် ကိုစောကို အထက်ထက်က မပြုရ မစုရတာတွေကို အတိုးချ၍ ပြုစုလိုက်မယ် ။ အိပ်ရာကို ကိုယ်တိုင် ခင်းမယ် ။ ကြမ်းပိုး တစ်ကောင်မှ မကိုက်ရအောင် လုပ်မယ် ။ ဇာခြင်ထောင်မှာလည်း အပေါက်တွေ ဖြစ်နေတာ မဖာရသေးဘူး ။ ခြင်တစ်ကောင်မှ မဝင်ရအောင် လုပ်မယ် ။ ဟင်းအမျိုးမျိုးကို ချက်ပြီး ဘုန်းကြီးဆွမ်းကျွေးသလို ကျွေးလိုက်မယ် ။ ကိုစောက မကောင်းရင် မစားဘူး ။ ဟိုကောင်မ ချက်ကျွေးတာကို သူ စားနေရတာ အင်မတန် ဆင်းရဲမှာပဲ ၊ ဒီနှစ် သရက်သီးတွေ မရမ်းသီးတွေ ပေါ်ရင် စဥ့်အိုးနဲ့ သနပ်တွေ အပြည့်လုပ်ထားမယ် ။ တညင်းသီးဆားစိမ် စဉ့်အိုး က တစ်လုံး ၊ သရက်သီးဆားစိမ်စဉ့်အိုးကတစ်လုံး ၊ ရှာ လကာရည်က စဉ့်အိုးတစ်လုံး ။ နို့ကိုဥ ၊ သခွားသီး ၊ ဂေါ်ဖီပွင့်တွေကို စိမ်စိမ်ထားမယ် ၊ ပုန်းရည်ကြီးကိုလည်း သူ ကြိုက်တတ်တယ် ။ မကွေးက ကိုမြဘူး တို့ ဆီကို မှာလိုက်မယ် ။ သူက အချဉ်ကလေးနဲ့မှ စားတတ်တယ် ၊ ငါးပိကောင်းကောင်းကိုတော့ တောမှာ ယူရမယ် ၊ နေ့ခင်း ကျရင် ချွတ်ကရားကလေးတစ်ယောက်ကို ငှားထားပြီး အလုပ်တိုက်ကို လက်ဖက်ရည်နဲ့ ပေါင်မုန့်ထောပတ်သုတ်နဲ့ ၊ ငှက်ပျောသီးနဲ့ လင်မနစ်နဲ့ ချောကလက်တော့ အမြဲပါမှ ဖြစ်မယ် ။ သူ လက်ဖက်ရည် သောက်တိုင်း ၊ ချောကလက် စားတတ်တယ် ။ ဩော် ငါမိုက်လိုက်တာ ၊ ဒီကောင်မ မယ်တင့်ကိုလွှဲထားတာ ။ ကိုစော အစားအသောက် အနေအထိုင် သိပ်ပြီး ဆင်းရဲမှာပဲ စသည်ဖြင့် တွေးတောကာ ဆိုင်ပိတ်ရင် ပြုဖို့ဟာတွေကို တင်ကြိုကာ အားဆင်၍ နေလေသတည်း ။
တစ်နေ့နံနက် “ ကိုစော ကျွန်မ ခေါင်းကိုက်ကိုက် နေတာ တစ်လလောက်ကြာပြီ ။ ကိုစော စိတ်မကောင်းမှာ စိုးလို့ ကျွန်မ မပြောဘူး ။ ယနေ့ ဈေးမထွက်တော့ဘူး ။ ဆရာဝန်ဆီကို သွားမယ် ။ ကိစ္စမရှိဘူး ကိုစော အလုပ်ကို သာသွားပါ ။ ကျွန်မ မယ်တင့်နဲ့ သွားမယ် ” ဟု ပြောလေ၏ ။
မောင်စောက မိမိကိုယ်တိုင် လိုက်ပို့ရန်ပြောသော အခါ “ ကျွန်မတို့ မိန်းမဆရာဝန်ဆီကို သွားမယ် ၊ ကိုစော လိုက်ပေမယ့် အလကားပဲ ၊ ဘာလို့ အလုပ်ပျက်ခံမလဲ ။ မယ်တင့် အရှိသားပဲ ။ ဟင့်အင်း ဟင့်အင်း ။ ကိစ္စမရှိဘူး ။ ဒုက္ခ မရှာပါနဲ့ ။ ကိုစော ဘာသာ ကိုစော အလုပ်သွား ” ဟု ပြောလေ၏ ။
ညနေကျသောအခါ ဆရာဝန်က ဈေးမရောင်းရဘူးဟု တားမြစ်ပိတ်ပင်ကြောင်း မောင်စောအား ပြော၍ ပြရာ မောင်စောက အားရဝမ်းသာနှင့် “ ဟုတ်လား မစော ၊ တကယ်လား မစော ၊ ဟုတ်တယ် ၊ ဒါ့ကြောင့် မင်း ဒီလို ပိန်နေတာ ၊ မယ်တင့်လည်း တောက သူ့ရည်းစားလိုက်လာပြီး ခေါ်တယ် ။ မင်းကို ချစ်လည်းချစ် ၊ သနားလည်း သနားတာနဲ့ မသွားရက်ဘဲနေတယ် ။ မင်း စိတ်မကောင်းမှာ စိုးလို့ မပြောပါနဲ့ မှာထားသည့်အတွက် မင်းကို ပြောမပြရဘူး ။ အခု မင်း ဈေးမထွက်ဘူးဆိုရင် မယ်တင့် သူ့ ရည်းစား ခေါ်ရာကို လိုက်ခွင့်ရတော့မှာပဲ ။ သူ့ခမျာ သွားလည်းသွားချင်ရဲ့ ။ မင်းကိုလည်း သနားဖြစ်နေတာကလား ။ သူ့ရည်းစားနဲ့ ဟိုအရင်က တစ်ယောက်ကို တစ်ယောက် အထင်လွဲပြီး ကွဲနေတာ ။ ငါတို့ဆီ သူ ရောက်ပြီး သုံးလလောက် ကြာတော့ လိုက်လာတာပဲ ၊ ဒါကြောင့် မယ်တင့်လည်း မြူးပျော်နေတာကလား ။ လိုက်ချင်လွန်းလို့ ကောင်မလေးဟာ ရူးနေတာပဲ ” ဟု ပြောလေ၏ ။
မစောသည် အံ့အားသင့်၍ နေပြီ ။ မောင်စော၏ ရင်ခွင်ထဲ ပြေးဝင်ကာ “ ကိုစော ကျွန်မ အထင်မှားပြီ ။ သို့သော်လည်း ကိစ္စမရှိဘူး ။ ကျွန်မ မယ်တင့်ထက် ကောင်းကောင်း ပြုစုမယ် ။ မယ်တင့် ကိုလည်း စုထားတဲ့ လခအပြင် အပိုအမို တစ်ရာကိုးဆယ် ပေးပြီး လွှတ်လိုက်တာပေါ့ ။ ကျွန်မ ဝမ်းသာပါတယ် ။ အခု ဆိုင်ရောင်းရတာ ပျင်းလို့ ကျွန်မ ဉာဏ်ဆင်ပြီး ဆိုင်ကို ဖြုတ်ဖို့ ကြံတာပါ ”
“ ဘာပြုလို့ ပျင်းရသလဲစောရဲ့ ” ဟု မောင်စော သည် မိမိ၏ မယားကို မိမိ၏ ရင်ခွင်သို့ ကပ်ကာဆွဲပြီး ကျောကို လက်နှင့် ပွတ်ရင်း ပြောလေ၏ ။
“ ကိုစောကို ကျွန်မ ကောင်းကောင်း တစ်ခါမှ မပြုစုသေးဘူး ၊ ကျွန်မ အားရအောင် ပြုစုချင်တယ် ။ အရင်က မပြုစုရတာတွေကို အတိုးချပြီး ပြုမယ် ” ဟု တိုးတိုးကလေး ပြောလေ၏ ။
“ မင်းဘာကို အထင်လွဲသလဲ ”
“ မယ်တင့်ကိုပေါ့ ”
“ မောင်နဲ့လေ မောင်တို့ နေတာ ... ”
“ ဪ ... ဒီလိုလား ။ အောင်မယ်မင်း မိန်းမရယ် ။ ဖြစ်မှ ဖြစ်ရလေသေး ။ ဟောဒီ မယားမှ တစ်ပါး ကမ္ဘာပေါ် မှာ ဖွဲ့နဲ့သလဲချည်း သဘောထားတယ်လို့ မှတ်လိုက်ပါ ။ မိန်းမ ဒီတစ်သက်မှာ စိတ်သာချတော့ ”
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment