Tuesday, February 17, 2026

ကြယ်တစ်စင်း၏ အလင်းသံစဉ်

 

❝ ကြယ်တစ်စင်း၏ အလင်းသံစဉ် ❞
( ဥဩ - ချယ်ရီမြေ )

၁ ။

မိုးကောင်းကင်ထဲ၌ လင်းလက်နေကြသည့် ကြယ်များကို ငေးမောနေမိသည် ။ ကြယ်တို့၏ အလင်းသည် သေးငယ်သော်လည်း စူးရှလျက်ရှိပါသည် ။ ကြယ်အစင်းပေါင်း များစွာ လင်းလက်နေသော ကောင်းကင်သည် ကြယ်စင်များ၏ အလင်းသံစဉ်ကြောင့် တောက်ပလျက် ရှိနေခဲ့သည် ။ ကြယ်များ၌ ရှိနေခဲ့ကြသည့် အလင်းသံစဉ်ကို သူ့ကိုယ်ထဲ ပြောင်းထည့်ချင်မိသည် ။ ဒီလိုသာဆိုလျှင် သူလည်း လင်းလက်တောက်ပသည့် ကြယ်လေးတစ်စင်း ဖြစ်သွားလိမ့်မည်ဟု ဖြူဖြူနွယ် ထင်မိသည် ။

••••• ••••• •••••

၂ ။

ဒီနေ့မနက်သည် သူ့ဘဝ အတွက် အရေးကြီးသည့် အခိုက်အတန့် ကာလတစ်ခု ဖြစ်နေခဲ့သည် ။ ရင်ခုန် လှုပ်ရှားနေသည့် စိတ်ကို ငြိမ်သက်အောင် ထိန်းနေခဲ့ရသည် ။ သူနှင့် အပါးတို့ စာသင်ကျောင်း ရှေ့သို့ ရောက်သည့်အခါ လူများ စုရုံးလျက် ရှိနေကြပေပြီ ။ အောင်စာရင်းစာရွက်သည် သူ့ဘဝကို အတိုင်းအတာ တစ်ခုအထိ ပြဋ္ဌာန်းပေးနိုင်သည့် အာဏာရှိသည် ။ အထက ( ၁ ) ကျောင်း၌ အောင်စာရင်းများ မကပ်သေးသည်မို့ ဘေးနားက အုတ်ခုံမှာ ထိုင်ကာ စောင့်နေမိသည် ။ ဘေးပတ်ဝန်းကျင်၌ အုပ်စုလိုက် အောင်စာရင်း စောင့်မျှော်လျက်ရှိကြသည် ။ လှုပ်ရှားနေသည့် စိတ်ကို ငြိမ်အောင် ထိန်းရင်း မိုးကောင်းကင်သို့ ကြည့်မိသည့်အခါ လမင်းသည် နေမင်းထွက် အလာကို ငံ့လင့်နေဟန်ရှိ သည် ။ နေမင်းနှင့် လမင်း တာဝန်လွှဲပြောင်းမှုအတွက် သက်သေခံရန် စောင့်ဆိုင်းနေ ခဲ့ကြသည့် ကြယ်ကလေးများ က သူ့ကို ငုံ့ကြည့်နေကြသည် ဟု ခံစားလိုက်ရသည် ။ မကြာခင်မှာ သူသည် ကြယ်တစ်စင်း ဖြစ်သွားနိုင်ပါသည် ။ သို့မဟုတ် အဲဒီ “ သို့မဟုတ် ” ဆိုသည့် စကားလုံး၏ နောက် ဆက်တွဲသည် သူ့အတွက် ရှေ့မဆက်ရဲသည့် အိပ်မက်ဆိုး ဖြစ်ခဲ့သည် ။ အိပ်မက်ဆိုးမှ နိုးထနိုင်အောင် သူ အစွမ်း ကုန် ကြိုးစားခဲ့သော်လည်း ရလဒ်အဖြေသည် သူ့ဘက်မှာ ရှိနေ ၊ မရှိနေ သေချာမသိနိုင်ခဲ့ပါ ။

သည်နှစ် အောင်ချက် မကောင်းဘူးဆိုသည့် သတင်း ကလည်း ဆယ်တန်းကျောင်း သားများ၏ ရင်ကို ထိအောင် ပစ်ခတ်နိုင်သည့် မြားချက် ဖြစ်နေခဲ့သည် ။ စာတော်ကြ သည့် သို့မဟုတ် ဘော်ဒါ ကောင်းကောင်း ၊ ပုဂ္ဂလိက ကျောင်းကောင်းကောင်းတွင် နေခွင့်ရသည့် ကျောင်းသားများအတွက် အောင်စာရင်းသည် ဂုဏ်ထူးဘယ်နှလုံးပါ ကြောင်း သိရှိရန် အတွက်သာ ဖြစ်ပါလိမ့်မည် ။ စာမတော်သည့် သို့မဟုတ် ဆင်းရဲနွမ်း ပါးကာ စာမလိုက်နိုင်ကြသည့် သူတို့လို ကျောင်းသားများ အတွက်မူ အောင်စာရင်းသည် အမည်ဝှက်တမ်း ကစားတတ်သည့် စာရွက် ဖြစ်နေခဲ့သည် ။ အထူးသဖြင့် သူ့အတွက်တော့ အဖြူရောင် အောင်စာရင်း စာရွက်ထဲမှ အနက်ရောင် စာလုံးလေးများသည် သည်းထိတ်ရင်ဖိုစရာ ကောင်းနေခဲ့ပါသည် ။ ပြင်ဦးလွင် လို မြို့မှာ ဆယ်တန်း အောင်ရုံအတွက် စိတ်မောစွာ စောင့်မျှော်နေကြရသူများ ရှိနေခြင်းသည် မြို့၏ ဂုဏ်သိက္ခာကို တစ်နည်းတစ်ဖုံ ထိခိုက်စေနိုင်သလိုပင် ။ နှစ်တိုင်း အောင်ချက် ရာခိုင်နှုန်း ကောင်းသည့် ဆယ်တန်း အောင်စာရင်းစာရွက် ထဲမှ အမည် အများစုသည် ပြင်ဦးလွင် မှ မဟုတ်ကြကြောင်းကို သိနေခဲ့သည့် သူ့အတွက်တော့ ကိုယ့်ဝမ်းနာ ကိုယ်သာ သိနေခဲ့ရသည် ။ ပြင်ဦးလွင်မြို့မှ မွေးထုတ်ပေးနေခဲ့သည့်အစွမ်းကုန် စူးရှလင်းလက် တောက်ပနေခဲ့ကြသည့် ကြယ်စင်များထဲတွင် သူ မပါနိုင်ခဲ့လျှင်တောင် ခပ်ဝေးဝေး၌ မှိန်မှိန်လေး တောက်ပနေခဲ့သည့် ကြယ်လေးတစ်လုံးတော့ ဖြစ်ချင်မိပါသည် ။ ကြယ်တစ်စင်းအဖြစ် အလင်းများနှင့်အတူ တောက်ပခွင့် ရချင်မိပါသည် ။

••••• ••••• •••••

၃ ။

မိသားစုထဲ၌ အကြီးဆုံး သမီး ဖြစ်ခဲ့သည်မို့ မိသားစုတာဝန် ထမ်းဆောင်ရသည်ကို ဖြူဖြူနွယ် စိတ်မပျက်ခဲ့ပါ ။ ဆွယ်တာဆိုင် တစ်ဆိုင်၌ အချိန်ပိုင်း အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့ရသည့် ဘဝ ကိုလည်း စိတ်မပျက်ခဲ့ပါ ။ တကယ်လို့သာ သူသာ စိတ်ပျက်လွယ်သည့် ကလေးတစ်ယောက် ဖြစ်ခဲ့လျှင် ဆယ်တန်း အထိပင် ရောက်လာနိုင်မည် မဟုတ်ခဲ့ပါ ။ ဘဝမှာ စိတ်ပျက်အားငယ်စရာတွေ ကြုံတွေ့လာသည့် အခါတိုင်း ဖြူဖြူနွယ်သည် ညမိုးကောင်းကင်သို့ ငေးမောနေမိတတ်သည် ။ မိုးသား တိမ်လိပ်တို့ ဖုံးအုပ်နေသည့် အခါမျိုးမှ အပ သူမြင်ချင်သည့် ကြယ်ကလေးများကို အမြဲတမ်း မြင်တွေ့ခဲ့ရပါသည် ။ ထိုသို့ မြင်တွေ့ခဲ့ရသည့်အခါတိုင်းလည်း ကျနေသည့် စိတ်တို့က မြင့်တက်လာရသည် ။ ပျက်နေသည့် စိတ်တို့က ပြန်လည် ကောင်း မွန်လာခဲ့ရသည် ။

ဆယ်တန်း ပထမနှစ် စာမေးပွဲကျသည့်အခါ ဖြူဖြူနွယ်၏ ကြယ်ပွင့်အိပ်မက် ပျက်ပြယ်တော့မလို ဖြစ်ခဲ့ရသည် ။ အထူးသဖြင့် အပါး နှင့် အကြိတ်အနယ် အချေအတင် ဆွေးနွေးရသည် ။ အပါးက သူ့ကို ကျောင်းဆက် တက်ခွင့် မပေးချင်တော့ပေ ။ နောက်ထပ် တစ်နှစ်တော့ တက်ခွင့်ပေးပါရန် အပါးကို မျက်ရည်များဖြင့် အသနားခံ ခဲ့ရသည် ။ မိသားစု အခြေ အနေနှင့် သူ့ဘဝကို သူ နားလည်ခဲ့ပါသည် ။ မိသားစု အတွက် အလုပ်လုပ်ရန် အတွက်လည်း ဝန်မလေးခဲ့ပါ ။ သို့သော် သူ့အိပ်မက်ကို အလွယ်တကူ လက်မလျှော့ချင်ပါ ။ အနည်းဆုံး နောက် ထပ် တစ်နှစ်တော့ ကြိုးစား ခွင့် ရချင်မိသည် ။ သူသည် မာလာလာ မဟုတ်ပေမဲ့ ပညာကို ချစ်မြတ်နိုးသူတော့ ဖြစ်နေပါသေးသည် ။ နောက်ဆုံးမှာတော့ သမီးဖြစ်သူ၏ ဆန္ဒကို အပါးက လိုက်လျောခဲ့သည် ။ သို့သော် ဒုတိယအကြိမ် ကျရှုံးခဲ့မည် ဆိုပါက သူ၏ ကြယ်ပွင့်အိပ်မက်ကို အပြီးတိုင် စွန့်လွှတ်ပါ့မည်ဟု ကတိပေးခဲ့ရသည် ။ အပါးကို အနူးအညွတ် တောင်းဆိုနိုင်ခဲ့သော်လည်း ဆယ်တန်းကို နောက်တစ်နှစ် ထပ်မံ ဖြေဆိုနိုင်ရန် အခက်အခဲများစွာ ရှိနေခဲ့သည် ။ အပါးက ဆယ်တန်းအတွက် ကျောင်းစရိတ် ထောက်ပံ့နိုင်မည် မဟုတ်ကြောင်း ပြောလာခဲ့ သော်လည်း သူ စိတ်မပျက်ခဲ့ပါ ။ မိသားစု၏ ဘဝအခြေ အနေအရ အပါးကို သူ နားလည်ပါသည် ။

ကျောင်းပိတ်နေတုန်း အခိုက် ဆွယ်တာဆိုင်တွင် အချိန်ပြည့် အလုပ်ဝင်ကာ ပိုက်ဆံစုခဲ့သည် ။ သို့သော် သူ၏ လစာသည် ပညာ ရွှေအိုးကို တစ်စက်မျှပင် ပြည့်စေနိုင်လိမ့်မည် မဟုတ်မှန်းလည်း သိနေခဲ့သည် ။ ကျောင်းပြန်ဖွင့်ချိန် ရောက်ခဲ့သော်လည်း သူများတွေလို ကျူရှင် မတက်နိုင်သည့်အပြင် အချိန်ပိုင်းလည်း အလုပ် ဝင်နေခဲ့ရသည် ။ နှစ်တိုင်း ဘာသာစုံ ဂုဏ်ထူးရှင် ၊ မြန်မာနိုင်ငံ၏ တော့ပ်တင်းန် စာရင်းဝင် ထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးနေခဲ့သည့် ပုဂ္ဂလိက ဘော်ဒါကြီးများ၏ ကြော်ငြာဆိုင်းဘုတ်ကြီးများ ရှေ့မှ ဖြတ်လျှောက်မိသည့် အခါတိုင်း သူ့တစ်ကိုယ်လုံး သိမ်ငယ်မှုဖြင့် မြေကြီးထဲသို့ ကျုံ့ ဝင်သွားသလို ခံစားရသည် ။ တကယ်လို့သာ သူတို့လို ကျောင်းသူကျောင်းသားများလည်း အဲဒီလို ကျောင်း ကောင်းကောင်းမျိုး၌သာ တက်ခွင့်ရခဲ့မည် ဆိုလျှင် ၊ တကယ်လို့သာ သူလည်း ဘာသာစုံ ဂုဏ်ထူးထွက်သူများထဲမှ တစ်ယောက်ဖြစ်ခဲ့ မည်ဆိုလျှင်ဟူသော အတွေးများသည် ဆပ်ပြာပူဖောင်းများလို သူ့အာရုံထဲ၌ တဖျပ်ဖျပ် ပေါက်ကွဲနေခဲ့ကြသည် ။ ဒီနှစ် စာမေးပွဲ အောင်မြင်ရေး သည် သူ့အတွက် သေရေး ရှင်ရေးပမာ အရေးကြီးနေခဲ့သည် ။ စာမေးပွဲ မအောင်ပါက ညအခါတိုင်း မိုးကောင်းကင်သို့ သူ မော့ကြည့်ဝံ့တော့မည် မဟုတ်ပါ ။

••••• ••••• •••••

၄ ။

ကံဆိုးခြင်းများနှင့် ပြည့် နေသော သူ့ဘဝ အတွက် အလင်းရောင်ခြည်တစ်စကို ထိတွေ့ခွင့်ရခဲ့သည် ။ သူနှင့် တစ်တန်းတည်း ဖြစ်ပြီး မနှစ်က စာမေးပွဲ အောင်သွားခဲ့ သည့် မယဉ်မေ က သူ့မျှော် လင့်ချက်ကို အသက်သွင်း ပေးခဲ့သည် ။ ပထမတော့ မယဉ်မေ ပြောနေသည့် စကားကို မယုံရဲခဲ့ပေ ။ “ နင် အဲဒီ ကျောင်းကိုသာ သွားလိုက်ပါ ။ ဆယ်တန်းအောင်ကို အောင်လိမ့်မယ် ” ဟူသော စကားက သူ့ကို နောက်နေခဲ့သည်လို့ပဲ မှတ်ထင်နေခဲ့မိသည် ။ နောက်တစ်ပတ် အကြာတွင် မယဉ်မေ နှင့် အတူ “ လမင်းတစ်ရာ အခမဲ့ ပညာဒါန သင်တန်းကျောင်း ” သို့ ရောက်ခဲ့ရစဉ်မှာတော့ ထို စကားက သူ့ မျှော်လင့်ချက်ကို အားဖြည့် ကူညီပေးသည့် လက်ဆောင်ကောင်းဖြစ်ကြောင်း နားလည်ခဲ့ရသည် ။ အခမဲ့ ပညာသင်ကျောင်းသည် ပြင်ဦးလွင်မြို့မှ ဆင်းရဲ နွမ်းပါးသည့် ဒေသခံကျောင်း သူ ကျောင်းသားများကို သင် ကြားပေးသည့်ကျောင်းဖြစ် သည် ။

“ လမင်းတစ်ရာ အခမဲ့ ပညာဒါန သင်တန်းကျောင်း ” သည် ဗုဒ္ဓဘာသာဝင်များ ဖွင့်လှစ်ထားသည့် စာသင်ကျောင်း ဖြစ်သော်လည်း လူမျိုးမရွေး ၊ ဘာသာမရွေး တက်နိုင်သဖြင့် သူ့အတွက် အဆင်ပြေခဲ့ပါသည် ။ အပါးက အစ ပထမပိုင်းတွင် သိပ်မတက်စေချင်သော်လည်း နောက်ဆုံးတွင် သမီးဖြစ်သူ၏ ဆန္ဒကို လိုက်လျောကာ ကိုယ်တိုင် လိုက်အပ်ပေးပါသည် ။ သင်တန်းကျောင်းကို အခမဲ့ ဖွင့်လှစ်ပေးသည့် ဘဘ ကိုယ်တိုင်က ဤသင်တန်းသည် ပညာကုသိုလ်ဖြစ် ဖွင့် လှစ်ထားခြင်းသာ ဖြစ်ပြီး ဘာသာရေး သင်တန်းမျိုး မဟုတ်ကြောင်း ရှင်းပြခဲ့ပါသည် ။ နောက်ဆုံး၌ ဖြူဖြူ နွယ်သည် လမင်းတစ်ရာ၏ ၅၂ ယောက်မြောက် ကျောင်းသူ ဖြစ်လာခဲ့ပါသည် ။ ထို ၅၂ ယောက်ထဲ၌ အစ္စလာမ် ဘာသာဝင်က တစ်ယောက် ၊ ခရစ်ယာန်ဘာသာဝင်က နှစ်ယောက် ၊ ကျန်သူများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည် ။ လမင်းတစ်ရာ အခမဲ့ စာသင်ကျောင်းသည် နေ့ခင်းပိုင်း၌ ဖွင့်လှစ်သော သင်တန်း ဖြစ်ပြီး ဆရာများက စေတနာ အပြည့်ဖြင့် သင်ကြားပို့ချပေးကြပါသည် ။ သူတို့ အတွက် ဆရာများက မိဘသဖွယ်ပင် ။ ကျောင်းသား ကျောင်း သူများ၏ ပညာရေး အတွက် သာမက တစ်ခါတစ်ရံ ကျောင်းသား ကျောင်းသူ များ၏ မိဘများ နေထိုင် မကောင်းပါကလည်း ထောက်ပံ့ ကူညီပေးကြပါသည် ။ သူ့ကို လမ်းညွှန်ပေးသည့် သူငယ်ချင်း မယဉ်မေ နှင့် စိတ်ရင်းစေတနာ ကောင်းမွန်စွာ သင်ကြားပေးနေခဲ့ကြသည့် ဆရာများကို အတိုင်းမသိ ကျေးဇူးတင်မိခဲ့ပါသည် ။ အခုတော့ နေမင်းကြီးနှင့် လွဲခဲ့ရပေမဲ့ သူ့အနား၌ လမင်းကြီး၏ အလင်းရောင်က ရှိနေခဲ့ပြီလေ ။

“ လမင်းတစ်ရာ အခမဲ့ ပညာဒါန သင်တန်းကျောင်း ” ၌ တက်ရောက်နေကြသူများ သည် ဆင်းရဲနွမ်းပါးကြသူ များ ဖြစ်ကြပါသည် ။ အများစုက သူ့လို ဆယ်တန်းနှစ်ကျ သမားများ ဖြစ်ခဲ့ကြပါသည် ။ ဆရာများက သူများလက် လျှော့ကာ စွန့်ပစ်ထားခဲ့သည့် ကျောက်ရိုင်းတုံးလေးများကို အဖိုးတန်သည့် ကျောက်ကောင်းများ ဖြစ်လာကြစေရန် စနစ်တကျ သွေးပြီး အရောင်တင် ပေးခဲ့ကြပါသည် ။ အခုတော့ ကောင်းကင်ထက်မှ ကြယ်စင်များသည် ပိုပြီး အဓိပ္ပာယ် ရှိရှိ လင်းလက်နေကြသည်ဟု ခံစားမိသည် ။ ရွှင်လန်းတက် ကြွသော စိတ်တို့ဖြင့် အပတ် တကုတ် သင်ယူဆည်းပူးနေသည့် သူ့ကို ဆရာများက ချီးကျူးကြသည် ။ အခမဲ့ ပညာသင်ကျောင်း ဖွင့်လှစ်ခဲ့သည့် သုံးနှစ်တာ ကာလ အတွင်း၌ နှစ်တိုင်း ကျောင်းသူ ကျောင်းသား ငါးဆယ် ဝန်းကျင် တက်ရောက်ကြပြီး ရှစ်ယောက်ခန့် အောင်မြင် လေ့ရှိသည်ဟု ဆိုရာ ထိုရှစ် ယောက်ထဲမှာ သူလည်း ပါဝင်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည် ။

တခြားသူများအတွက် ဆယ်တန်းစာမေးပွဲ အောင်မြင်ခြင်းနှင့် မအောင်ခြင်း၏ ကြား၌ ခြားနားချက် ကြီးကြီးမားမား ရှိချင်မှ ရှိနိုင်သော်လည်း သူ့အတွက်တော့ မိုး နှင့် မြေလို ကွာခြား နေခဲ့ပါသည် ။ ဆယ်တန်းအောင်ခြင်းသည် သူ့အတွက်တော့ ဘဝအတွက် နောက်တစ်ဆင့် တက်ရန် လှေကားတစ်ထစ် ပွင့်ခြင်းပဲ ဖြစ်ပါသည် ။ သူ ငယ်ငယ် ကတည်းက အိပ်မက်ခဲ့ရသည့် အလင်းရောင် တောက်ပသည့် ကြယ်ကလေး ဖြစ်နိုင်ရန်အတွက် လမ်းစ ဖြစ်သည် ။ ဆယ်တန်းအောင်သည့်အခါ ဘွဲ့ရအောင် ဆက်တက်နိုင်သည် ။ ဘွဲ့ရသည့်အခါ ဆရာမ သို့မဟုတ် တခြား သင့်လျော်သည့် အလုပ်တစ်ခုကို ဆက်လုပ်နိုင်သည် ။ ဆယ်တန်း မအောင်ခဲ့လျှင် သူ့ဘဝသည် သာမန်မျှသာ ပြီးဆုံးသွားရမှာ သေချာပါသည် ။ သူ တောင့်တမိသည်က မိုးကောင်းကင်ထဲ၌ တင့်တယ်လင်းလက်နေသည် ကြယ်စင်တစ်ပွင့် ဖြစ်ခွင့်သာ ဖြစ်ပါသည် ။ ထို့အတွက်ကြောင့် ဆယ်တန်းသည် သူ့အတွက် ဆွဲဖွင့်ကို ဖွင့်ရမည် တံခါးတစ်ချပ် ဖြစ်နေခဲ့ပါသည် ။

••••• ••••• •••••

၅ ။

အချိန်ကာလများ၏ ဝါးမျိုမှုကို မိုးတစ်လှည့် ၊ ဆောင်းတစ်လှည့် ခံယူပြီးသည့်အခါ နွေဦးသည် ဥဩသံတို့ဖြင့် သာမောဖွယ် ကောင်းလှစွာ ရောက်ရှိလာခဲ့ပါသည် ။ သူ့အတွက်တော့ ဥဩသံသည် အရေးကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အချက်ပေးချက်သာ ဖြစ်ခဲ့ပါသည် ။ ဖေဖော်ဝါရီလ အတွင်း၌ ကျောင်းစာကိုသာ အာရုံစိုက် နေခဲ့သည့် ကြားမှ တစ်ပတ်ခန့် ဖျားလိုက်သေးသည် ။ သို့ သော် ဆရာများက ဂရုတစိုက် သင်ကြားပေးခဲ့ကြသည်မို့ စာမေးပွဲဖြေဆိုနိုင်ရန် သူ့ အတွက် အခက်အခဲ မရှိခဲ့ပါ ။ နွေဦးသည် နွေပီသလာလေလေ သူ့အတွက် ချောက်ချားရလေလေပဲ ဖြစ်ခဲ့သည် ။ နောက်ဆုံးမှာတော့ ဆယ်တန်း စာမေးပွဲကြီးနှင့် ဒုတိယ အကြိမ်မြောက် ထိပ်တိုက် တိုးရပါတော့သည် ။ ပုံမှန် ကျက်မှတ်ထားသည်မို့မေးခွန်းလွှာတိုင်းကို ဖြေနိုင်ခဲ့ သော်လည်း အားရအောင်တော့ မဖြေဆိုနိုင်ခဲ့ကြောင်း ဝန်ခံရပေမည် ။ ပိုဆိုးသည်က ဒီနှစ်မှာ စာမေးပွဲ မေးခွန်းက သတ်ခဲ့သည် ။ ပုံမှန် မေးနေကျ မေးခွန်းများကို မမေးဘဲ အသစ်များကို ထည့်မေးထားသည့်အတွက် သူအပါအဝင် တော်တော်များများက ထို အပုဒ်များကို မဖြေဆိုနိုင်ကြပေ ။ သို့သော် အောင်မှတ်ရအောင် ဖြေနိုင်ခဲ့သည် ဟုတော့ ထင်မိသည် ။

နွေရာသီကျောင်းပိတ် ရက်သည် သူ့အတွက် ရှည်လျားလွန်းခဲ့ပါသည် ။ သူ မျှော်လင့်ထားခဲ့သည့် ဘဝ အတွက် လှေကား တစ်ထစ်ကို ဆွဲဖွင့်ပေးမည့် တံခါး တစ်ချပ်သည် သူ့အတွက် ပွင့်လာပါ့မလားဆိုသည့် စိုးရိမ်ပူပန်မှုဖြင့် အမြဲ ကြည့်နေကျ ညမိုးကောင်းကင်သို့ပင် မော့မကြည့်ရဲခဲ့ပေ ။ အကယ်၍ သူ ဖြစ်ချင်သည့် ကြယ်ကလေးတစ်စင်းသာ ဖြစ်ခွင့်မရခဲ့ဘူး ဆိုလျှင် သူ့ဘဝသည် အလင်းများ ပျောက်ကွယ်နေလိမ့်မည် ။ သူ မသေခင်မှာတော့ “ သို့တပြီးကား ၊ သင် သေသွားသော် ၊ သင်ဖွားသောမြေ ၊ သင်တို့မြေသည် ၊ အခြေတိုးမြင့် ၊ ကျန်ကောင်းသင့်၏ ” ဆိုသည့် အမျိုးသား စာဆိုကြီး ဆရာ ဇော်ဂျီ၏ ကဗျာစာသားထဲကလို သူ့ မိသားစုအတွက် ၊ သူ့နိုင်ငံ အတွက် နိုင်ရာတာဝန်များ ထမ်းရွက်သွားချင်ပါသေး သည် ။ နိုင်ငံတော်သည် မိုး ကောင်းကင် ဆိုပါက နိုင်ငံသားများ ဖြစ်ကြသော သူတို့သည် ကြယ်ကလေးများ သို့မဟုတ် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ဖြစ်ကြပါလိမ့်မည် ။ ကြယ်ကလေးများ ဖြစ်ခွင့်ရလျှင် နိုင်ငံတော်တည်း ဟူသော မိုးကောင်းကင်ကြီး လှပလင်းလက်နေစေရန် အတွက် သူတို့၏ အလင်းများ ဖြင့် စုစည်းအားဖြည့် ကူညီ ပေးနိုင်လိမ့်မည် ဖြစ်သော် လည်း အလင်း မရှိသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ဖြစ်ခဲ့ပါကမူ ထိရောက်စွာ ကူညီပေး နိုင်လိမ့်မည်ဟု သူ ခံစားမိ သည် ။ ကြယ်စင်များ၏ အလှနှင့် အသက်သည် အလင်းများ ဖြစ်ကြသည်ဟု သူ ဆင်ခြင်မိခဲ့သည် ။ လင်းလက် တောက်ပနေသည့် ကြယ်စင် များလေလေ မိုးကောင်းကင် အတွက် အကျိုးရှိလေလေပဲ ဖြစ်လိမ့်မည်ဟု သူ ယုံကြည် မိပါသည် ။ ထို့အတွက် သူ သည် ကိုယ်ပိုင်အလင်းနှင့် ကြယ်ကလေးတစ်စင်း ဖြစ်ချင်နေမိခဲ့သည် ။

စာမေးပွဲ အောင်စာရင်း ထွက်ခါနီးလေလေ သူ ရင်ခုန်စိတ်လှုပ်ရှားရလေလေပဲ ဖြစ်ပါသည် ။ သူတို့နှင့် အတူ စိတ်လှုပ်ရှားကြရသူများက သူတို့၏ ဆရာများပဲ ဖြစ်ကြပါသည် ။ တကယ်တော့ “ လမင်းတစ်ရာ ” သည် သူတို့လို ကျောင်းသားများ အတွက် တကယ်ပဲ ပညာအလင်းများကို ထွန်းလင်းပေးနေသည့် လမင်းပေါင်း တစ်ရာ ဖြစ်ပါသည် ။ “ လမင်းတစ်ရာ ” သည် ပညာအလင်း ကိုသာ ထွန်းညှိပေးထားခြင်း မဟုတ်ပါ ။ စာပေအလင်းကိုပါ ထွန်းညှိပေးထားပါသည် ။ “ လမင်းတစ်ရာ ” ၌ မည်သူမဆို လာရောက် ငှားရမ်း ဖတ်ရှုနိုင်သည့် စာကြည့်တိုက်လည်းရှိရာ သူတို့ အတွက် အဆင်ပြေလှပါ သည် ။ တစ်ခါတစ်ရံ စာသင် ပြီးသည့် အချိန်များတွင် စာကြည့်တိုက်ထဲ၌ စာအုပ် များကို ဖတ်ရှုခွင့်ရသည် ။ သူ့ အတွက်တော့ “ လမင်းတစ်ရာ ” သည် ပညာအလင်း ၊ စာပေအလင်း ၊ စေတနာမေတ္တာအလင်းများ ထွန်းလင်းပေး နေခဲ့သည့် သက်တံကြီး ဖြစ်ပါသည် ။ သူတို့လို အလေ့ကျ ပေါက်နေခဲ့သည့် ပန်းရိုင်းလေးများစွာ ဖူးပွင့်ဝေဆာခွင့် ရအောင် ပျိုးထောင်ပေးနေသည့် ဥယျာဉ်သာလည်း ဖြစ် ပါသည် ။ သူ့စိတ်ထဲ၌ မေတ္တာလှသည့် အခမဲ့စာသင် ကျောင်းလေးနှင့် ဆရာများ၏ ဂုဏ်ကျေးဇူးကို တန်ဖိုးထားကာ လေးစားမိပါသည် ။

••••• ••••• •••••

၆ ။

ဖြူဖြူနွယ် တစ်ယောက် အိပ်မက်ထဲမှာလိုလို ခံစားနေခဲ့ရသည် ။ အပါးက အောင်စာရင်းတွေ ကပ်နေပြီ ဟု ဆိုသည် ။ လှမ်းကြည့် လိုက်ရာ လူများ ကြိတ်ကြိတ် တိုးနေကြသောကြောင့် အောင်စာရင်းစာရွက် ကပ်ထားသည့် ဘုတ်ပြားပင် ပျောက်ကွယ်နေခဲ့သည် ။ ဆူညံပွက်လောရိုက် နေသည့် အသံများနှင့်အတူ သူ့နှလုံးခုန်သံတို့က တစ်ဖန် ဆူညံ အသက်ဝင် လာခဲ့သည် ။ လူများပြားလွန်းလှသည်က တစ်ကြောင်း ၊ အောင်စာရင်းစာရွက်ကို မကြည့်ဝံ့သေးသည်က တစ်ကြောင်းမို့ ခေတ္တမျှ စောင့်ဆိုင်းနေမိသည် ။ ကျောင်းသားများနှင့် ကျောင်းသား မိဘများသည် အောင်စာရင်း စာရွက်ကို ကြည့်ပြီးသည့်အခါ စိတ်ခံစားချက်အမျိုးမျိုးဖြင့် မျက်နှာများ ပြောင်းလဲ သွားခဲ့ကြသည်ကို အရုဏ်ဦး အလင်းပါးပါး၏ အောက်၌ မြင်တွေ့နေရသည် ။ တချို့ စိတ်မထိန်းနိုင်ကြသူများ၏ ဟာခနဲ ၊ ဟင်ခနဲ အသံများက သူ၏ လှုပ်ရှားနေသော စိတ်ကို ပိုပြီး ပူလောင်လာစေခဲ့သည် ။

အောင်စာရင်း ကြည့်သူ အတန်ငယ် ပါးသွားသည့် အခါမှ သူနှင့် အပါးတို့ အောင်စာ ရင်းစာရွက်နား ချဉ်းကပ်သွားခဲ့ကြသည် ။ အပါးကတော့ မသိ ၊ သူကတော့ မရဲတရဲဖြင့် လျှောက်လှမ်းနေမိသည် ။ စိတ်ထဲ၌လည်း အားငယ်လာ သလိုလို ၊ ဝမ်းနည်းလာသလို လို ခံစားမိသည် ။ အောင်စာ ရင်းကို ဆက်မကြည့်တော့ဘဲ လှည့်ထွက်သွားလို စိတ်ပင် ဖြစ်လာမိသည် ။ တော်သေးသည်က သူနှင့် သိသူများကို မတွေ့မိခြင်းပင် ဖြစ်သည် ။ တကယ်လို့သာ သူတို့ ဆီမှ ‘ နင် အောင်တယ် ’ သို့မဟုတ် ‘ နင်ကျတယ် ’ ဟူသော ရုတ်ခြည်း အဖြေတစ်ခုခုကို သာ ကြားလိုက်ရမည် ဆိုပါက သူ ရှော့ခ် ရသွားနိုင်ပါသည် ။ အောင်စာရင်း ကပ်ထားသည့် အနား ရောက်သည့်အခါ သူ ရှေ့ဆက် မသွားရဲတော့သည့် အတွက် ရပ်နေမိသည် ။ အပါးကတော့ လူများကြားထဲသို့ တိုးဝင်သွားခဲ့သည် ။ အောင်စာရင်းစာရွက်များကို ကြည့်ကာ အပါးက သူ့ ခုံနံပါတ်ကို အသည်းအသန် လိုက်ရှာနေခဲ့သည် ။

သူကတော့ လှုပ်ရှားနေသည့် စိတ်ကို ငြိမ်သက်အောင် ထိန်းနိုင်သမျှ ထိန်းရင်း မကြာခင် အပါးထံမှ ကြားသိရတော့မည့် အဖြေကို မရဲတရဲ စောင့်မျှော်နေမိသည် ။ မိနစ်ပိုင်းမျှ အချိန်အတွင်း သူ့ နှလုံးခုန်သံ တမ်ပိုသည် မြင့် သထက် မြင့်လာခဲ့သည် ။ အပါးသည် တစ်နေရာပြီး တစ်နေရာ ကြည့်နေခဲ့သည် ။ အပါး ကြည့်နေသည့် အချိန်က ကြာမြင့်လာခဲ့ပြီမို့ သူ့နာမည်ကို မတွေ့လို့များလား ဆိုသည့် အတွေးဖြင့် မျက်နှာ ပျက်ချင်လာသည် ။ မိုးကောင်းကင်ထက်သို့ မော့ကြည့်မိသည့်အခါ ကြယ်များ က ပျောက်ကွယ်စ ပြုနေခဲ့ပေ ပြီ ။ နေ့သည် လင်းသထက် လင်းလာခဲ့ချေပြီ ။ အပါးသည် အောင်စာရင်းစာရွက် ဆီမှ မျက်နှာကို ခွာလျက် သူ့ဘက် လှည့်လာခဲ့ချေပြီ ။ သိုသိပ်လျှို့ဝှက်လွန်းသော အပါး၏ မျက်နှာက အကဲခတ်ရခက်ပေစွ ။ တဖြည်းဖြည်းချင်း လျှောက်လာသည့် အပါး၏ ခြေလှမ်းများသည် သူ့အတွက် ချောက်ချားစရာ ကောင်းလှသည် ။ အပါး၏ နှုတ်မှ ထွက်မည့် စကားသံကို နားထောင်ရန် ကြောက်နေခဲ့မိသည် ။

အနားသို့ ရောက်လာသည့်အခါ အပါးက သူ့လက်ကို လှမ်းကိုင်လိုက်သည် ။ အပါး၏ လက်တို့သည် ချောက်ချားစရာ ကောင်းလှအောင် အေးစက်နေခဲ့၏ ။ အပါးနှုတ်မှ  အဖြေတစ်ခုခု မထွက်ခင်မှာပင် အပါးမျက်နှာကို သူ ဖတ်မိသွားခဲ့သည် ။ အပါး၏ ‘ သမီးနာမည် မတွေ့ ဘူး ’ ဆိုသည့် စကားသံသည် သူ၏ နားစည်ဝသို့ ပြင်းထန်စွာ လာရောက်ရိုက်ခတ်ခဲ့ သည် ။ တဒင်္ဂအတွင်းမှာ သူသည် အိပ်မက်ထဲက လူသားတစ်ယောက်လို ယောင်ကန်းကန်း ဖြစ်သွားခဲ့သည် ။ ကောင်းကင်တစ်ခုလုံး သူ့ အပေါ်သို့ ပြိုကျလာနေသလို ခံစားလိုက်ရသည် ။ ‘ အင့် ’ ခနဲ ဟူသော ရှိုက်သံသည် သူ့ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည် ။

••••• ••••• •••••

၇ ။

မိုးကောင်းကင်သည် နိုင်ငံတော်ဖြစ်မည် ဆိုလျှင် ကြယ်များသည် နိုင်ငံသူနိုင်ငံ သား လူ့စွမ်းအား အရင်း အမြစ်များ ဖြစ်ကြလိမ့်မည်ဟု ဖြူဖြူနွယ် ယုံကြည်ပါသည် ။ ထိုအခါ ကြယ်များ၏ အလင်းစွမ်းအင်သည် ပညာ၏ နိမိတ်ပုံ ဖြစ်ပြီး ကြယ်များ၏ သံစဉ် သည်ကား သာတူညီမျှမှု လူ့အခွင့်အရေး၏ သင်္ကေတ ဖြစ်ကြပေလိမ့်မည် ။ မိုး ကောင်းကင်ထဲ၌ ကြယ်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အလင်းသံစဉ်များကို ထွန်းညှိခွင့် ရှိပါသည် ။ ကြယ်တစ်စင်း၏ အလင်းသံစဉ်မှနေ ကြယ်အစင်းစင်း၏ စုစည်း ညီညွတ်မှု အလင်းသံစဉ်များ အထိသည် အနာဂတ်မိုး ကောင်းကင်ကြီးကို ပိုမိုလင်း လက်တောက်ပစေလျက် သာယာတင့်မောစေလိမ့်မည်သာ ဖြစ်ပါသည် ။ ဖြူဖြူနွယ်သည် ကြယ်ရောင်လင်းလက်နေသည့် မိုးကောင်းကင်ကြီးထဲသို့ ရွှင်လန်း အားတက်စွာ ငေးမောရင်း မနှစ်က အဖြစ်အပျက်ကို ပြန်စဉ်းစားနေမိသည် ။ အပါးသည် စိတ်တို့ လွင့်မျောနေခဲ့သည့် သူ၏ ပခုံးကို လက်ဖြင့် အသာအယာ ပုတ်လိုက်သည် ။ ထိုအခါကျမှ မနှစ်က ကျရှုံးမှုဆီ၌ နစ်မြုပ်နေခဲ့သည့် စိတ် ခံစားမှုမှ သူ ရုန်းထွက်နိုင်ခဲ့သည် ။ အပါး၏ မျက်နှာ ထက်၌ အလွယ်တကူအနက်ဖော်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်ထွန်းနေခဲ့သည် ။ ထိုအရာသည် အပြုံး ဖြစ်သည် ။ တိတိကျကျ ပြောရမည်ဆိုလျှင် ဝမ်းသာပျော်ရွှင်မှုဖြင့် ကြည်နူးပီတိ ဖြစ်နေခဲ့သည့် အပြုံး ဖြစ်သည် ။ ဒီထက် ပိုပြီး တိတိကျကျ ပြောရမည်ဆိုလျှင် သူ့အိပ်မက်ကို အသက်ဝင်စေသည့် အပြုံး ဖြစ်သည် ။ ဖြူဖြူနွယ် သည် ဝမ်းသာပျော်ရွှင်မှုဖြင့် အလ္လာရှင်မြတ်၏ ကျေးဇူးတော်ကို ထုတ်ဖော်မိခဲ့သည် ။

ယခုအခါ သူသည် ကြယ်တစ်စင်း အဖြစ် သူ၏ ကိုယ်ပိုင် အလင်းသံစဉ်ကို အောင်မြင်စွာ ထွန်းညှိနိုင်ခဲ့ပြီဖြစ်သည် ။

( ဤဝတ္ထုအတွက် အဖြစ်အပျက် ကုန်ကြမ်းကို ပြောပြပေးခဲ့ကြပါသော ဆရာ ဦးလှမင်း ( ဆင်ဖြူကျွန်း ) ၊ ဆရာ မောင်သင်းထုံ ( ကျောက်မဲ ) နှင့် ဆရာ သက်နိုင် ( ပြင်ဦးလွင် ) တို့ကို ကျေးဇူးတင်ရှိပါသည် ။ )

⎕ ဥသြ ၊ ချယ်ရီမြေ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း    
     ဒီဇင်ဘာ ၂၀၁၇


No comments:

Post a Comment