Monday, February 2, 2026

မိန်းမတစ်ယောက်ရဲ့ လျှို့ဝှက်ချက်


 

❝ မိန်းမတစ်ယောက်ရဲ့ လျှို့ဝှက်ချက် ❞
    ▢  ခိုင်လေး ( ရွှေတောင် )

အချစ်ဆိုတဲ့ ခံစားချက်ဟာ သိပ်ကို ထူးဆန်းလွန်းပါတယ် ။ ဘာကို ချစ်တာလဲ ။ ဘာကြောင့် ချစ်တာလဲလို့ တစ်စုံတစ်ယောက်ကများ မေးလာခဲ့မယ်ဆို တိတိကျကျ ဖြေနိုင်မယ် မထင်ပါ ။ ကျွန်မကို အဲဒီလို မေးခွန်းမျိုး မေးလာခဲ့မယ် ဆိုရင်တော့ သူ့အလိုလို ရင်ထဲကနေ ပေါက်ဖွားလာတဲ့ ခံစား ချက်သက်သက်လို့ ဖြေမိမှာပဲ ။ ဘာလို့လဲ ဆိုတော့ ကျွန်မ ကြုံတွေ့ လိုက်ရတဲ့ အချစ် ဆိုတာ သူ ဘယ်လိုနေနေ ချစ်တယ် ။ ဘာကြောင့်မှန်းမသိကို ချစ်မိတာမျိုး ။ ဘာကြောင့် ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်ကလည်း ကျွန်မမှာ မရှိဘူး ။ ရှိလည်း မရှိသင့်ဘူးလားလို့ ။ အကြောင်းပြချက် တစ်ခုခုကြောင့်သာ ချစ်မိသွားတယ်ဆို ဒါဟာ အချစ် မဟုတ်ဘူး ။ စွဲလမ်းမှု တစ်ခုပဲ ဖြစ်နိုင်တယ် ။ ကျွန်မ သူ့ကို စွဲလမ်းခဲ့တာ မဟုတ်ဘူး ။ ဘာအကြောင်းပြချက်မှ မရှိဘဲကို ချစ်ခဲ့မိတာ ။

ကိုကြီးဆိုတဲ့ သူ့ကို မြင်မြင်ချင်း ချစ်ခဲ့မိတယ် ။ ကိုကြီးနဲ့ ပတ်သက်တဲ့ အလေ့အကျင့် အားလုံးလိုလိုကိုလည်း မြတ်နိုးခဲ့တယ် ။ နောက်ဆုံး ကိုကြီး ဖြတ်သွားလို့ ကျန်နေရစ်ခဲ့တဲ့ ကိုယ်သင်းရနံ့လေးက အစ ရင်ခုန်မိတယ် ။ ကိုကြီးနဲ့ ပတ်သက်မှုတိုင်းကို ရူးရူးမူးမူး ချစ်မိသွားတဲ့ အထိကို ကျွန်မ ဆိုတဲ့ ‘ ရိုးရိုးရှင်းရှင်း ’ က ၊ ကိုကြီးဆိုတဲ့ ‘ ဝန်းရံခ ’ ကို အရမ်းချစ်ခဲ့ပါတယ် ။

ကိုကြီးက အမြဲတမ်း တက်ကြွလန်းဆန်းနေပြီး အစနောက်ကလည်း သန်လွန်းသူပါ ။ အမြဲလိုလို ပျော်ပျော် နေတတ်ပါတယ် ။ အဲဒီလို လူတစ်ယောက်ကို တိတ်တခိုး သဘောကျနေတဲ့ ကျွန်မ ကတော့ အေးအေးဆေးဆေး နေတတ်သူပါ ။ ပန်းရောင်အင်္ကျီတွေကိုပဲ ဒီဇိုင်းအမျိုးမျိုး ပြောင်းပြီး ဝတ်ဆင်တတ်တယ် ။ အဲဒီလို တည်ငြိမ် အေးဆေးစွာနေတတ်တဲ့ ရှင်းလို မိန်းကလေး တစ်ယောက်က အစနောက် သန်ပြီး အငြိမ် မနေတတ်သူ ကိုကြီး ကို တိတ်တခိုး ချစ်နေခဲ့တာ အနည်းငယ်တော့ ထူးဆန်းနေပါတယ် ။

ကိုကြီး နဲ့ ရှင်း က ဥပဒေမေဂျာနဲ့ DAY တက်နေကြသူတွေပါ ။ ကိုကြီး က FINAL ။ ရှင်းက third - year ။ ကိုကြီးကို ချစ်မိနေပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ရှင်း ရင်ထဲက ရှိတာတွေ ကိုကြီး သိအောင် လုပ်ဖို့ မပြောနဲ့ ရေလာမြောင်းပေးတောင် လုပ်ဖို့ တော်တော် မလွယ်တဲ့ အလုပ်ပါ ။ ဒါပေမဲ့ ကိုကြီး ဆီက အချစ်ကိုတော့ ရိုးရှင်းစွာနဲ့ မျှော်လင့် ၊ တောင့်တမိတယ် ။

ကိုကြီး နဲ့ ရှင်း ကြားမှာ မှတ်မှတ်ထင်ထင် ဖြစ်ရပ်လေး တစ်ခုကို ကံတရားက ဖန်တီးပေးခဲ့တယ် ။ အဲဒီ ဖန်တီးမှုလေးက ကိုကြီး အတွက် ကံဆိုးစေမှု တစ်ခု ပေမဲ့ ရှင်း အတွက်တော့ ကံကောင်းမှုလေး တစ်ခု ဖြစ်နေခဲ့ပါတယ် ။ ဘာလဲဆိုတော့ ... ကိုကြီး က FINAL မှာ စာမေးပွဲ ကျပါတယ် ။ ရှင်းက အောင်တော့ ကိုကြီး နဲ့ အတန်းတူတူ ဖြစ်သွားခဲ့တယ် ။ ကိုကြီးက စာမေးပွဲ ကျပေမဲ့ ခပ်ပျော်ပျော်ပါပဲ ။ ကိုကြီး နဲ့ ရှင်း စတင် ပတ်သက်ဖို့ ကံတရားက ရှင်း ကို မျက်နှာသာ ပေးခဲ့တယ်လို့ ဆိုရမှာပဲ ။

အဲဒီနေ့က အခန်းထဲက ခပ်တည်တည်နဲ့ ထွက်လာတဲ့ ရှင်း ကို ကိုကြီး က အားပါးတရ ပြုံးပြနေတော့ ရှင်း အံ့သြသွားခဲ့တယ် ။ သူ အနားရောက်တော့

“ ဟိတ် ... ရိုးရိုးရှင်း .... paper ( 1 ) စာအုပ် ခဏ ငှားပါလား .... မမီလိုက်လို့ပါ ”

“ ဘယ်မီမှာလဲ သူများတွေကို လိုက် စနောက်နေတာကို ”

ပါးစပ်က ပြောလည်းပြော လက်ကလည်း လွယ်အိတ်ထဲက စာအုပ်ကို ယူကာ ပေးပြီး ဖြစ်နေတယ် ။

“ မနက်ဖြန် ရှင်း စာအုပ်ကို မမေ့နဲ့နော် ကိုဝန်းရံခ ”

“ မမေ့ပါဘူး .... စိတ်ချ ။ လိုက်စတယ် ဆိုတာကလည်း ခင်လို့ စတာပါ ။ ဒါနဲ့ ကိုယ်ကို ကိုဝန်းရံခ လို့ မခေါ်ပါနဲ့ ။ ရိုးရိုးရှင်း ထက် ကြီးတယ်လေ ... ကိုကြီး လို့ ခေါ်လေ ... နာမည် အပြည့်စုံ ခေါ်တော့ မောတာပေါ့ ”

“ ဟုတ်ကဲ့ ။ ရှင်းသွားတော့မယ် ”

ဒီနေ့ ရှင်း ဆီက စာအုပ်ငှားတာရော ကိုကြီး နှင့် တရင်းတနှီး စကား ပြောခွင့်ရတဲ့ အတွက်ပါ ရှင်း အရမ်း ပျော်သွားတယ် ။ ရှင်း ရင်ထဲကနေ တိတ်တခိုး ခေါ်နေမိတဲ့ နာမည်လေးက ကိုကြီး ခေါ်ခိုင်းတဲ့ နာမည်လေးနဲ့ ထပ်တူ ကျနေတဲ့ အတွက်ပါ ကြည်နူးနေမိတယ် ။ ဒါ နိမိတ်ကောင်း တစ်ခုလို့ အသားယူ မှတ်ထားပါရစေ ကိုကြီးရယ် ။

တစ်နေ့ ရှင်း အရမ်း အံ့သြသွားခဲ့တယ် ။ အသက်ရှူရပ်သွားပြီလို့ ထင် လိုက်ရတယ် ။ ရင်တွေ အရမ်း ခုန်နေခဲ့ပါတယ် ။ ကြည်နူးလိုက်တာ ။ ရှင်း စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်နေချိန်မှာ ကိုကြီးတို့ သူငယ်ချင်းတစ်စု ရှင်း ဘေးကနေ ဖြတ်သွားကြတယ် ။ အဲဒီအချိန်မှာပဲ ရှင်း စာအုပ်ပေါ်ကို အရမ်းလှတဲ့ နှင်းဆီပန်းအဖြူလေး တစ်ပွင့် ကျလာတယ် ။ ကျလာတဲ့ ပန်းလေးကို တအံ့တသြ ကိုင်လိုက်ပြီးတာနဲ့ မော့ကြည့်လိုက်တော့ ပန်းပွင့်ကလေးရဲ့ ပိုင်ရှင်က ကိုကြီး ဖြစ်နေတယ် ။ ပန်းပွင့်ကလေး တင်ပေးသွားပြီး ခပ်တည်တည် ဆက်လျှောက်သွားပါတယ် ။ ရှင်း က အံ့သြပြီး စိုက်ကြည့်နေချိန် ကိုကြီး ပြန်လှည့်ကြည့်တာနဲ့ အကြည့်ချင်း ဆုံသွားကြတယ် ။ ရှင်း ရင်ထဲ အတိုင်းအဆ မသိ ပျော်ရွှင်ကြည်နူးသွားမိပေမဲ့ ရှင်း မျက်နှာ ပေါ်မှာတော့ အဲဒီ အမူအရာတွေ တစ်ခုမှ မပေါ်အောင် နေပြနိုင်ခဲ့ပါတယ် ။

အဲဒီ နောက်ပိုင်းက စပြီး ကိုကြီး နဲ့ ရှင်း ကို လူတော်တော်များများ သတိ ထားမိသွားကြတယ် ။ ကိုကြီး ရဲ့ အစနောက်သန်မှုနဲ့ ရှင်း ရဲ့အေးဆေးတည်ငြိမ်မှုကလည်း ဆန့်ကျင်ဘက်ကြီး ဖြစ်နေပြန်တော့ လူအများရဲ့ စိတ်ဝင်စားခြင်းကို ပိုခံရတယ် ။ ရှင်း အနေနဲ့ ကိုကြီး ကို ဘယ်လိုနည်းနဲ့ ရှောင်ဖယ်နေနေ ကိုကြီး ကတော့ လုံးဝ နောက်မဆုတ်ပါဘူး ။ ကိုကြီး အပြုအမူတွေက ရှင်း အတွက် ရင်ခုန်လှိုက်မောဖွယ် ကောင်းပေမဲ့ ကိုကြီး ကို ရှင်း အပြည့်အဝ မယုံကြည်ရဲသေးဘူး ။ ညဘက်တွေ ရှင်း ဆီကို ဖုန်းဆက်တာက တစ်မျိုး ။

တစ်နေ့ ကိုကြီး ဆီက ဖုန်းလာပါတယ် ။

“ ဟဲလို ”

“ ရှင်း ကိုကြီးပါ ”

“ ကိုကြီး ရှင်းကို ဘာကိစ္စနဲ့ အတင်း လိုက်ပတ်သက်နေတာလဲ ”

“ ဘာဖြစ်လို့လဲ ရှင်းရဲ့ ။ ကိုကြီး နဲ့ ရှင်းက မေဂျာတူ သူငယ်ချင်းတွေလေ ။ မဟုတ်ဘူးလား ”

“ မေဂျာတူ ဆိုတာတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ သူငယ်ချင်းတွေမှ မဟုတ်တာ ”

“ ကိုကြီးကတော့ သူငယ်ချင်းပဲ ”

“ ရှင်းက ဘယ်သူကိုမှ လွယ်လွယ် မခင်တတ်ဘူး ”

ရှင်း ဘယ်လိုပဲ ပြောပြော ၊ ကိုကြီးက လုံးဝ ဂရုမစိုက်ပါဘူး ။ သူ ဖြစ်ချင်တာ သူ ပြောချင်တာကိုပဲ ဇွတ်တိုး ပူဆာတတ်ပါတယ် ။ ဒါပေမဲ့ ကိုကြီး ရဲ့ စကားသံတွေက ကြင်နာမှု နွေးထွေးမှုတွေ လှိုက်လှိုက်လှဲလှဲ စီးမျောပါဝင်နေတာကိုတော့ ရှင်း မငြင်းနိုင်ပါဘူး ။ ကိုကြီး လို လူတစ်ယောက်က အခုလို ကြည်နူးစရာ ကောင်းတဲ့ ရင်ခုန်မှုမျိုးတွေကို ပေးစွမ်းစေမယ်လို့ လုံးဝ မထင်ခဲ့မိဘူး ။

ဒီလိုနဲ့ စာမေးပွဲ ဖြေဆိုပြီးချိန်မှ ကျောင်းတွေ ပိတ်သွားခဲ့ပါပြီ ။ ရှင်း ကိုကြီးကို လုံးဝ မတွေ့ ရတော့ပါဘူး ။ ကိုကြီးရဲ့ စတတ်နောက်တတ်တဲ့ အလေ့အကျင့်တွေကြောင့် ကိုကြီး အပေါ် မယုံရဲခဲ့တာမို့ ကိုကြီး လိုချင်တဲ့ အဖြေကိုလည်း မပေးခဲ့မိဘူး ။ အခုလို ခွဲရတော့မှ ပိုပြီး လွမ်းတတ်လာခဲ့တယ် ။ ကိုကြီး ကို အရမ်း သတိရတယ် ။ အရမ်း လွမ်းနေတယ် ။ ကိုကြီး ကို အရမ်း ချစ်တယ် ဆိုတာလည်း အခုမှ ပိုပြီး သေချာသွားပါတော့တယ် ။ မိန်းကလေး တစ်ယောက်ရဲ့ ထားသင့်ထားအပ်တဲ့ ဂုဏ်သိက္ခာတွေကို လုံးဝ အပွန်းပဲ့ မခံနိုင်တဲ့အတွက် ရှင်း ဘက်က စပြီး ဆက်သွယ်ဖို့ကိုတော့ လုံးဝ မကြိုးစားပါ ဘူး ။ ကျောင်းတွေ ပိတ်သွားကတည်းက ဖုန်းလေး တစ်ချက်တောင် ဆက်ဖော် မရတဲ့ ကိုကြီး ကို ရှင်းစိတ်ထဲမှာ နာကြည်းနေမိတယ် ။

ရှင်း တစ်ယောက်တည်း အခန်းထဲမှာ ကိုကြီး ကို ကျိတ်လွမ်းနေတုန်း အခန်းထဲကို မေမေ ဝင်လာတယ် ။

“ သမီးရေ ... အောက်မှာ ဧည့်သည်တွေ ရောက်နေတယ် ။ သမီးဖေဖေ က သမီးလေးနဲ့ မိတ်ဆက်ပေးချင်လို့တဲ့ ။ မေမေနဲ့ ခဏ ဆင်းတွေ့ရအောင် ။ အောက်မှာ ဖေဖေလည်း စောင့်နေတယ် ”

“ ဘယ်သူတွေလဲ မေမေ ”

“ သမီးဖေဖေရဲ့ အချစ်ဆုံးသူငယ်ချင်း မိသားစုလေ ။ ပြန်ဆုံကြတာ မကြာသေးဘူး သမီး ရဲ့ ။ ဖေဖေနဲ့ မေမေ သမီးလေးကို ကြိုတောင် မပြော ထားမိဘူး ။ သမီးနဲ့ ပတ်သက်ပြီး ကိစ္စလေးလည်း ရှိနေတယ် ။ ဘာလဲဆိုတော့ ... သမီးဖေဖေရဲ့ သားနဲ့ သမီးလေးကို နေရာချပေးဖို့ ။ ကြိုမပြောဘူး ဆိုတာလည်း မေမေ့ သမီးလေးက မေမေတို့ စကားကို အမြဲနားထောင်နေကြ ဆိုတော့ ။ မေမေတို့ စီစဉ်ပေးမယ့်သူက သမီးအတွက် စိတ်ဆင်းရဲရမယ့် လူမဟုတ်ဘူး ဆိုတာကိုတော့ မေမေရဲရဲကြီး အာမခံပါတယ် ”

မေမေက စကားအရှည်ကြီး ပြောလိုက်ရလို့ မောသွားဟန်ဖြင့် သက်ပြင်းလေးချရင်း ခဏနားပါတယ် ။ ရှင်း ဆီက ပြန်ပြောလာမယ့် အဖြေ စကားကို စောင့်ဆိုင်း နားထောင်နေပါတယ် ။ သမီးအလိမ်မာလေးပီပီ ရှင်း ဘယ်လို အင်အားတွေနဲ့ ငြင်းရက်မှာလဲ ။

“ ဟုတ်ကဲ့ပါ မေမေ ။ သမီး ဆင်းတွေ့ပါ့မယ် ”

“ အို လိမ္မာလိုက်တဲ့ သမီးလေးရယ် ”

မေမေတို့ စိတ်ချမ်းသာမယ်ဆို သမီး ကျေနပ်ပါတယ် ။ ဒါပေမဲ့ မေမေရယ် ... ရှင်း ရင်ထဲမှာတော့ ရင်ကွဲ နေရပါပြီ ။ ဒါပေမဲ့ ရှင်း နှလုံးက ကျမယ့် မျက်ရည်တွေကို မေမေတို့ရဲ့ ပီတိအပြုံးတွေနဲ့ ရှင်း လဲလိုက်ပါ့မယ် ။ ကိုကြီး ရေ တကယ်ကို ဝေးကြရတော့မယ် ။ ရှင်း ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းအောင် အနည်းပါး ပြင်ဆင်ပြီး မေမေနဲ့ အတူ အောက်ထပ်ကို ဆင်းခဲ့လိုက်ပါတော့တယ် ။

ဧည့်သည်မိသားစုက ရှင်း ဆင်းလာမယ့်ဘက်ကို ကျောခိုင်းပြီး ထိုင်နေ ကြပါတယ် ။ ရှင်း ဧည့်ခန်းမှာ ဝင်ထိုင်လိုက်ရင်း အားလုံးကို ခြုံငုံပြီး ပြုံးပြလိုက်ချိန်မှာတော့ ရှင်း အရမ်း အံ့သြသွားခဲ့တယ် ။

“ ဟင် ကိုကြီး ”

“ ဟုတ်တယ် သမီးရေ ။ သမီး ကိုကြီးက ကြိုမပြောပါနဲ့ ဆိုလို့ မေမေ တို့လည်း မပြောရတာ ။ သူက အစနောက်သန်တော့ သမီးက သားကို ကြည့်မရဘူးဆို ။ မောင်ဝန်းရံခ က မေမေတို့ သဘောတူတဲ့ သတို့သား လောင်းပဲ သမီး ။ ကဲ သားနဲ့သမီး သေချာ ဆွေးနွေးကြဦးပေါ့ ”

လူကြီးတွေက ဆွေးနွေးခွင့် ပေးလိုက်တာနဲ့ ရှင်းတို့ နှစ်ယောက် ခြံထဲကို ဆင်းလာခဲ့ပါတယ် ။ တစ်နေရာ အရောက်မှာတော့ ရှေ့က သွားနေတဲ့ ရှင်းကို ကိုကြီး က “ ရှင်း ” လို့ ခပ်တိုးတိုးလေး ကပ်ခေါ်လိုက်ရင်ပဲ ရှင်း ရင်ခုန်သံတွေ ဆူညံနေပါပြီ ။

“ ရှင်း ၊ ကိုကြီးကို စိတ်မဆိုးပါနဲ့နော် ”

“ ရပါတယ် ”

“ ဖြေပုံကလည်း စိတ်ဆိုးနေပုံကြီး ”

“ မဆိုးရဲပါဘူး ၊ လူကြီးတွေက ကိုကြီးဘက်က ရှိနေပြီပဲ ”

“ ဟာကွာ ကိုကြီး ရှင်းလေးကို အရမ်း ချစ်လို့ပါ ။ အဆုံးရှုံး မခံနိုင်လို့ လူကြီးတွေကို အပူကပ်မိတာပါ ”

“ ရှင်း .... ကိုကြီးကို ချစ်လားဟင် .... ကိုကြီးကို ပြန်ချစ်ပါနော် ”

“ ရှင်း မပြောတတ်ဘူး ”

“ ခုမပြောတတ်လဲ ကိုကြီးကို လက်ထပ်ပြီးမှ ပြောနော် ”

“ အံမယ် ကိုကြီးကို ဘယ်သူက လက်ထပ်မယ် ပြောလို့လဲ ”

“ ရှင်း ကသာ ပြောနေ လူကြီးတွေက ဖိတ်စာတောင် ရိုက်တော့မယ်ဗျ ”

“ ဟွန်း မုန်းစရာ ကောင်းလိုက်တာ ”

“ ဘာချစ်စရာ ကောင်းလိုက်တာ ... ဟုတ်လား ”

“ ကိုကြီးနော် ”

“ ဟား .... ဟား ..... ”

ရှင်း ဘာပြောပြော သူကို ပန်းနဲ့ပေါက်တယ်လို့ ကိုကြီးက ထင်နေလေရဲ့ ။ ပြုံးပျော်နေတာပဲ ။ ရှင်း လည်း အရမ်း ပျော်နေပါတယ် ။ ကိုကြီး ထက် အဆပေါင်းများစွာ ပိုပျော်နေရသူပါ ။ ကိုကြီးကို အရင်ဆုံး တိတ်တခိုးစွဲလမ်း ချစ်ခဲ့ရသူ တစ်ယောက်က ရှင်းပါ ကိုကြီးရယ် ။ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်လေးကို မိန်းမတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ မာနနဲ့ သိက္ခာတရား အတွက် လျှို့ဝှက်ထားပါရစေ ။ ကိုကြီး နဲ့ ရှင်းတို့ နှစ်ယောက်လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းလေးဟာ ပျော်ရွှင်ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေမှာပါ ။ ဘာလို့လဲ ဆိုတော့ ....

ကိုကြီး နဲ့ ရှင်း တို့ရဲ့ ချစ်ခြင်းတွေ ထပ်တူညီနေလို့ပေါ့ ။

▢  ခိုင်လေး ( ရွှေတောင် )
📖 ဂန္ဓာရီ မဂ္ဂဇင်း
     ဒီဇင်ဘာ ၊ ၂၀၁၀

No comments:

Post a Comment